ဝေးဝေးသွားစမ်း ... မြေခွေးမတွေ
Vol. 12 Ch. 1130
ကျိုးရီရှင်းအတွက်မူ ဘဝကိုပြောင်းလဲပေးနိုင်မည့် အခိုက်အတန့်တစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းအပေါ်ထားရှိသော သူ၏သဘောထား ပြောင်းလဲသွားခဲ့ပြီး ယွမ်ဟိုင်စီရင်စုနယ်မြေထဲတွင် ကြုံတွေ့ရမည့် အရာများကို သူ မျှော်လင့်စောင့်စားနေတော့သည်။
လက်ရှိ သူ ပျော်မွေ့နေသော ဘဝကြီးကို လွမ်းမိမည်ဖြစ်သော်လည်း အမှန်တကယ်တော့ ရာထူးကောင်းကောင်းတစ်ခု ရထားသည့်တိုင်အောင် အမြဲတမ်း တစ်ယောက်ထဲဖြစ်နေခဲ့သည်ဟု သူ ခံစားနေခဲ့ရသည်။ ညဥ့်နက်သောအချိန်သို့ရောက်လျှင် ဤနယ်မြေများမှာ ကောင်းကင်တံတားနယ်မြေနှင့် လုံးဝမတူညီပဲ ထူးဆန်းနေကြောင်း တွေးတော၍ သက်ပြင်းချခဲ့ရသည့် အကြိမ်များမှာလည်း မနည်းတော့ပေ။
ယခု အိမ်ပြန်ရတော့မည်ဟူသော စကားကို သူ ကြားလိုက်ရသောအခါ သူ၏နှလုံးသားနှင့် အသိစိတ်များမှာ တုန်ရီသွားပြီး ပိုင်ရှောင်ချန်းနောက်သို့ အပြေးလိုက်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ ယခင်ကတည်းက ကျိုးရီရှင်းအား သူ့အတွက် ကံကောင်းစေသောကြယ်ပွင့်လေးတစ်ပွင့်အဖြစ် မှတ်ယူခဲ့သည်ဖြစ်ပြီး အမှန်တကယ် ကံကောင်းခြင်းများကို ဆောင်ကျဥ်းပေးခဲ့သည်သာ ဖြစ်သည်။ နောက်တစ်နေ့နံနက် ရောင်နီပျို့ချိန်တွင် ကုန်းစွန်းဝမ်အာနှင့် ညှိနှိုင်းမှုများမှာလည်း ချောချောမွေ့မွေ့နှင့် ပြီးဆုံးသွားသည်။
သူမသည် ကုန်သွယ်ဖောက်ကားရေးကို ခွင့်ပြုမည်သာမက သူမ၏လက်အောက်ရှိ စီရင်စုနယ်မြေတိုင်း၏ နေရာတစ်စိတ်တစ်ပိုင်းကို ယွမ်ဟိုင်စီရင်စုနယ်မြေ တိုက်ရိုက်စီးပွားရေးပြုလုပ်နိုင်မည့် နေရာအဖြစ် သတ်မှတ်ပေးမည်လည်း ဖြစ်သည်။ သူတို့အားလုံးမှာ ကုန်းစွန်းဝမ်အာ၏ ကြီးကြပ်မှုအောက်တွင် ရှိနေမည်ဖြစ်ပြီး သူမက အမြတ်အစွန်းများစွာ ရရှိမည်ဖြစ်သည်။
သူတို့ရရှိမည့် အကျိုးအမြတ်မှာ အစပိုင်းတွင် သိသာမည်မဟုတ်ပေ။ သို့သော် ကုန်သွယ်မှုတိုးတက်လာသည်နှင့်အမျှ ယွမ်ဟိုင်စီရင်စုနယ်မြေမှာ အမှန်တကယ်ပင် ကိုယ်ပိုင်လမ်းကို ဖောက်နိုင်မည်သာ ဖြစ်သည်။ သိပ်မကြာခင် မဟာကောင်းကင်သခင်၏ နောက်ဆုံးအကြံအစည် အထမြောက်သွားမည်ဖြစ်ပြီး သူတို့ ဂုဏ်သတင်းကျော်ဇောလာမည်သာ ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ အရာအားလုံးကို အလွန်ကျေနပ်နေ၏။ သူသည် ကုန်းစွန်းဝမ်အာနှင့် ကူးသန်းရောင်းဝယ်ခြင်း ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့သည်သာမက ကျိုးရီရှင်းကိုပါ ပြန်ခေါ်လာနိုင်ခဲ့သည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ ယွမ်ဟိုင်စီရင်စုနယ်မြေသို့ ပြန်သွားကြသည်။ ကျိုးရီရှင်းအတွက်မူ ယွမ်ဟိုင်စီရင်စုနယ်မြေထဲရှိ အရာအားလုံးမှာ အသစ်အဆန်းဖြစ်နေသည်။ သို့သော် သူ ယွမ်ဟိုင်စီရင်စုနယ်မြေသို့ ရောက်သွားသည်နှင့် မြေရိုင်းဒေသမှ သူ၏မိတ်ဆွေဟောင်းများကို ပြန်တွေ့လိုက်ရသဖြင့် အလွန်အမင်း ပျော်ရွှင်ဝမ်းမြောက်သွားတော့သည်။ ယခုအချိန်မှာ မိတ်ဆွေများနှင့် ပြန်လည်ဆုံဆည်းရမည့်အချိန်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိသဖြင့် ကျိုးရီရှင်းအား ထားခဲ့လိုက်ပြီး သူ၏စံအိမ်သို့ တစ်ယောက်ထဲပြန်သွားကာ မဟာကောင်းကင်သခင်နှင့် တွေ့ဆုံလိုက်သည်။
ပိုင်ရှောင်ချန်းမှာ သူ၏အောင်မြင်မှုကို ဂုဏ်ယူဝင့်ကြွားစွာ အသေးစိတ် ပြန်ပြောပြနေချိန်တွင် မဟာကောင်းကင်သခင်မှာ အနည်းငယ် မျက်မှောင်ကြုတ်နေ၏။ ပိုင်ရှောင်ချန်း စကားပြောပြီးသွားစေရန် စောင့်ဆိုင်းလိုက်ပြီးနောက် သူကမေးလိုက်သည်။
" အရှင်နဲ့ ကုန်းစွန်းဝမ်အာကြားက ဆက်ဆံရေးရော ဘယ်လိုရှိလဲ။ တိုးတက်မှုရှိခဲ့လား။ သူ့စီမံရေးနန်းတော်မှာ အရှင် ညအိပ်ခဲ့လား "
ပိုင်ရှောင်ချန်းမှာ မဟာကောင်းကင်သခင် ဆိုလိုချင်သည့် အဓိပ္ပါယ်ကို ကောင်းကောင်းသိသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူသည် ကုန်းစွန်းဝမ်အာနှင့် နီးစပ်ရန် လုံးဝလုပ်မည်မဟုတ်ပေ။
" တိုးတက်မှုဟုတ်လား ... အာ... အဲ့လိုပြောလို့တော့ ရတယ်ထင်တာပဲ။ ဒါပေမဲ့ ဘာလို့ကျုပ်က သူ့ရဲ့ စီမံရေးနန်းတော်မှာ နေရမှာတုန်း။ မြို့တော်ထဲမှပဲ နေခဲ့တာပေါ့ "
ထိုအခါ မဟာကောင်းကင်သခင်မှာ သက်ပြင်းချလိုက်တော့သည်။ အမှန်တွင် ပိုင်ရှောင်ချန်းအား ကုန်းစွန်းဝမ်အာဆီသို့ သွားတွေ့စေသည့် သူ၏ရည်ရွယ်ချက်အစစ်အမှန်မှာ ကုန်သွယ်ဖောက်ကားရေးနှင့် နည်းနည်းမျှ မသက်ဆိုင်ပေ။ သူတို့နှစ်ဦးစလုံးအတွက် အကျိုးဖြစ်ထွန်းမည့် စီးပွားရေးဆိုင်ရာ အကြံပြုချက်ကို သူမသည် မည်သည့်နည်းနှင့်မျှ ငြင်းဆိုမည် မဟုတ်ပေ။ သူ အမှန်တကယ် အလိုရှိသည်မှာ ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြိုက်မိသွားစေရန်ဖြစ်သည်။
အကယ်၍ ပိုင်ရှောင်ချန်းသာ သူမ၏ စီမံရေးနန်းတော်ထဲတွင် ညအိပ်ခဲ့မည်ဆိုပါက မဟာကောင်းကင်သခင်သည် မိစ္ဆာဧကရာဇ်အား သူမကို ပို၍ ယုံကြည်မှုကင်းမဲ့သွားစေမည့် ကောလာဟလများ ပျံ့နှံ့သွားစေရန် စီစဥ်နိုင်မည်ဖြစ်သည်။ သူသည် ပိုင်ရှောင်ချန်းနှင့် ကုန်းစွမ်းဝမ်အာတို့ ကလေးအနည်းငယ် မွေးဖွားစေရန်အတွက် ခြောက်ဆယ်ရာခိုင်နှုန်းအထိ သေချာနေသည့် နောက်ပိုင်းဖြစ်ရပ်များစွာကိုပါ ကြိုတင်စီစဥ်ထားခဲ့သည်။ ထိုသို့ဖြစ်သွားသည်နှင့် ထာဝရအင်မော်တယ်နယ်မြေထဲရှိ ပိုင်ရှောင်ချန်း၏ အခြေခံအုတ်မြစ်မှာ ယခင်ကထက်ပင် ပို၍ခိုင်မာသွားမည်ဖြစ်သည်။
သို့သော် သူ မည်မျှပြင်ဆင်ခဲ့စေကာမူ ပိုင်ရှောင်ချန်းမှာ ထိုသို့လုပ်ရန် ဆန္ဒလုံးဝမရှိပေ...
မြေရိုင်းဒေသထဲတွင်သာ ထိုကဲ့သို့ဖြစ်ပျက်ခဲ့ပါက မဟာကောင်းကင်သခင်မှာ ဒေါသများထွက်ပြီး ပိုင်ရှောင်ချန်းအား သူ၏အမိန့်အတိုင်း လိုက်လုပ်ရန် အတင်းအကြပ် ခိုင်းစေမည်သာဖြစ်သည်။ သို့သော် ယခုတွင် သူတို့၏ အခြေအနေများမှာ ပြောင်းပြန်ဖြစ်နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ဤတိုင်းပြည်၏ အုပ်ချုပ်သူဖြစ်ပြီး မဟာကောင်းကင်သခင်မှာ သူ၏မှူးမတ်များထဲမှ တစ်ယောက်ဖြစ်နေသည်။ ထို့ကြောင့် သူသည် သက်ပြင်းသာချလိုက်ရပြီး ပိုင်ရှောင်ချန်း၏ အမူအကျင့်နှင့် ကိုက်ညီစေမည့် အကြံအစည်အသစ်တစ်ခု ထွက်ပေါ်လာစေရန် ကြိုးစားလိုက်ရတော့သည်။ နောက်ပိုင်း အခါအခွင့်သင့်သောအခါတွင် ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာ ပေါင်းစည်းသွားစေရန် သူ ကြိုးစားလိုပါက ကြိုးစားနိုင်မည်ဖြစ်သည်။
သို့သော်လည်း အကြံအစည်တစ်ခု စဥ်းစားရသည်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။ သူသည် အတွေးပေါင်းစုံနှင့် ချာလပတ်လည်နေပြီဖြစ်၍ နှာခေါင်းကိုပွတ်၍ ရှုံ့မဲ့ကာ ထွက်ခွာသွားတော့သည်။
အကယ်၍ ကုန်းစွန်းဝမ်အာသာ ယွမ်ဟိုင်စီရင်စုနယ်မြေထဲတွင် ဉာဏ်များသောမြေခွေးအိုကြီးတစ်ကောင်က သူမကို ယခုကဲ့သို့ မကောင်းကြံနေသည်ဖြစ်ကြောင်း သိခဲ့မည်ဆိုပါက သူမသည် အသက်ပေးရမည်ဆိုလျှင်ပင် သူ့အားလိုက်ဖမ်း၍ အသေသတ်မည်သာဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ မဟာကောင်းကင်သခင် ထွက်ခွာသွားသည်ကိုကြည့်၍ သက်ပြင်းချလိုက်သည်။ ထိုလူကြီးတွေးနေသည့်အရာကို သူက သိထားပြီး သူလုပ်သမျှအရာတိုင်းမှာ ကောင်းကင်တံတားနယ်မြေ ကောင်းစားရေးအတွက်သာ ဖြစ်ကြောင်းကိုလည်း သူက သိသည်။ သူသည် ပိုင်ရှောင်ချန်းအား ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်စေလိုသည်သာ ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ထိုအကြံအစည်ကို တားဆီးရန်မှတစ်ပါး အခြားမတတ်နိုင်ပေ။ ၎င်းမှာ သူဆောင်ရွက်လေ့ရှိသည့် ပုံစံမျိုးမဟုတ်ပေ။
" အာ ဘာပဲဖြစ်ဖြစ်ပါ။ စိတ်အရှုပ်ခံမနေတော့ဘူး။ အခုလောလောဆယ် အရေးကြီးဆုံးက ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံကို တိုးတက်အောင်လုပ်ဖို့ပဲ "
သူသည် စိုးရိမ်မှုများကို ဖျောက်ဖျက်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ သူ၏ကိုယ်ပိုင်အခန်းထဲသို့ ပြန်သွားလိုက်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကိုမြှင့်တင်နိုင်မည့် အဓိက သော့ချက်များမှာ ယပ်တောင်အစုတ်ကြီးထံမှ ဆုလာဘ်များဖြစ်ကြောင်း သူကသိသည်။ သူသည် အဆင့်သုံးဆယ်မှ ဆေးလုံးအနည်းငယ်ရရှိခဲ့သည့်အပြင် အခြားအဆင့်များမှလည်း ဆုလာဒ်များစွာ ရရှိခဲ့သေးသည်။ ထို့အပြင် ယခုတွင် သူသည် လောကနတ်ဘုရားအဆင့် ဝိညာဥ်တစ်ခုကို ပိုင်ဆိုင်ထားပြီလည်းဖြစ်သည်။
သူ တစ်ချက်လောက် တွေးလိုက်ရုံနှင့် ဟင်းလင်းပြင်ကြီးထဲရှိ ယပ်တောင်အစုတ်ကြီးပေါ်သို့ ပြန်ရောက်သွားသည်။ လောကနတ်ဘုရားအဆင့် ဝိညာဥ်နှင့် ပတ်သတ်သည့် ဖြစ်ရပ်ကြီးပြီးနောက် သူသည် ယပ်တောင်၏မျက်နှာပြင်ထဲရှိ အခြားပုံရိပ်များကို ရယူဖို့ရာကြိုးစားရန် တွေးမိခဲ့သေးသည်။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။
ထိုအချင်းအရာကြောင့် သူ အတန်ငယ် စိတ်ပျက်သွားခဲ့ရပါသော်လည်း အချိန်ထပ်ဖြုန်းမနေခဲ့ပေ။ သူသည် ချက်ချင်းပင် အဆင့်များစွာကို စိန်ခေါ်ခဲ့သည်။ အခက်အခဲအဆင့်အတန်းမှာ တဖြည်းဖြည်းဆက်၍ မြင့်မားလာပါသော်လည်း သူက အခြေအနေများကိုသုံးသပ်၍ ဗျူဟာအသစ်များကို တွေးတောစဥ်းစားရသည်ကို နှစ်ခြိုက်နေတော့သည်။ သူ ကျရှုံးပါက ထပ်၍ကြိုးစားကြည့်သည်။ ထပ်၍ကျရှုံးပါက တတိယအကြိမ်ထပ်၍ ကြိုးစားပြန်သည်။ ရက်အနည်းငယ်အတွင်း သူသည် အဆင့်သုံးဆယ့်တစ်မှ အဆင့်သုံးဆယ့်ကိုးအထိ ရောက်သွားသည်။
သို့သော် အဆင့်သုံးဆယ့်ကိုးမှာ အိပ်မက်ဆိုးကြီး တစ်ခုအလားပင်...
ကောင်းကင်နှင့် မြေပြင်အပါအဝင် တစ်ကမ္ဘာလုံး ပန်းရောင်သန်းနေသည်။ လေထုထဲရှိ မြူခိုးများပင် ပန်းရောင်သန်းနေသည်။ ထို့နောက် ပိုင်ရှောင်ချန်းမှာ ထိုမြူခိုးများထဲမှနေ၍ သူ့ဆီသို့ ဦးတည်၍လျှောက်လှမ်းလာနေသည့် လူရိပ်များကို သတိထားမိလိုက်သည်။
ထိုလူရိပ်များ ရှင်းလင်းပြတ်သားစွာ ပေါ်လာသောအခါ သူသည် စွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကောက်ကြောင်းများကို မြင်တွေ့လိုက်ရသည်။ တစ်ယောက်...နှစ်ယောက်...သုံးယောက်...လေးယောက်...ငါးယောက်... ။
အသက်ရှူကြိမ်အနည်းငယ်အတွင်း သူ့ကို ချောမောလှပသောအမျိုးသမီးတစ်ရာကျော်က ဝန်းရံနေသည်ဖြစ်ကြောင်း သိလိုက်ရသည်။
မိန်းကလေးတိုင်းက တစ်ယောက်တစ်မျိုးစီ ရင်သက်ရှုမောဖွယ်ကောင်းလောက်အောင် ဆွဲဆောင်မှုရှိလွန်းလှသည်။ အချို့မှာ စုန့်ကျင်းဝမ်နှင့် သခင်မလေးဟုန်ချိန်တို့ထက်ပင် ပို၍ ညှို့ယူအားပြင်းသည်။ သို့သော် သူတို့မှာ အတုအယောင် ပုံရိပ်များဖြစ်နေသောကြောင့်သာ ထိုသို့ညှို့ယူအားပြင်းနေဟန်တူသည်။ သူတို့၏ အိပ်မက်ဆန်လွန်းလှသော အငွေ့အသက်များကြောင့် သူတို့ကို စကားလုံးများနှင့် ပုံဖော်ရန်ပင် မဖြစ်နိုင်ပေ။
သူတို့မှာ လှုပ်ရှားမှုကင်းမဲ့သည့် ပုံရိပ်ယောင်များ မဟုတ်ပေ။ သူတို့က မြူခိုးများကိုဖြတ်၍ လှုပ်ရှားလိုက်သောအခါ သူတို့၏ ညင်သာသော ရယ်မောသံလေးများက သံစုံခေါင်းလောင်းသံများကဲ့သို့ ခပ်လွင်လွင် ထွက်ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်အသွင်အပြင်များကြောင့်ဖြစ်စေ၊ သူတို့၏အသံများကြောင့်ဖြစ်စေ၊ အနှီမိန်းမလှလေးများမှာ တုဖက်ကင်းလောက်အောင် စွဲမက်ဖွယ်ကောင်းနေတော့သည်။
ပန်းရောင်မြူခိုးများမှာလည်း ကျင့်ကြံသူများ၏ ဆန္ဒများကို နှိုးဆွပေးပြီး စဥ်းစားတွေးခေါ်နိုင်စွမ်းများကို အခက်တွေ့အောင် လုပ်နေကြသည်။ ပိုင်ရှောင်ချန်းမှာ ၎င်းကို အာရုံခံမိလိုက်ပြီး သူ၏ပတ်ပတ်လည်ရှိ အရာရာတိုင်းကို မြင်လိုက်ရသောအခါ မျက်လုံးပြူးသွားတော့သည်။
" မင်းမေဘ… ဒါဘယ်လို အဆင့်ကြီးတုန်း "
သူ တုန်ရီနေစဥ် ထိုအမျိုးသမီးများမှာ အနားသို့ကပ်လာသဖြင့် သူတို့အား ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး တချိန်ထဲမှာပင် သူတို့၏အလှအပများမှာ ပို၍ပင် ညှို့ယူအားပြင်းလာတော့သည်။
သူ၏ မျက်ဝန်းများတဖျတ်ဖျတ် လက်သွားပြီး သူက နောက်သို့ဆုတ်ကာ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်သည်ဖြစ်၍ မှော်အတတ်တစ်ခု၏ တုန်ခါမှုလှိုင်းများ ပြန့်ထွက်သွားသည်။ သို့သော် ၎င်းမှာ ထိုအမျိုးသမီးများအပေါ် သက်ရောက်မှုလုံးဝမရှိပေ။ သူတို့က အသာအယာသာ ရယ်မောလိုက်ပြီးနောက် တချို့မှာသူတို့၏ နှုတ်ခမ်းကိုလျှာဖြင့်လျက်နေကြပြီး တချို့မှာ သူတို့၏လက်ချောင်းများကိုစုပ်လျက် တဖြည်းဖြည်းအနားသို့ ကပ်လာကြတော့သည်။
" ဝေးဝေးသွားစမ်း မြေခွေးမတွေ "
သူက အော်ဟစ်လိုက်သည်။ သူသိသလောက်ဆိုပါက ဤအဆင့်မှာ ဆန္ဒကိုတွန်းလှန်နိုင်စွမ်းအား စစ်ဆေးခြင်းပင်ဖြစ်သည်။
" ကြည့်ရတာ မင်းတို့က ပိုင်ရှောင်ချန်းကို လျှော့တွက်လိုက်တာပဲ။ ငါကဒီအဆင့်ကို အလွယ်တကူကျော်ဖြတ်နိုင်တယ်ကွ "
သူက အေးစက်စက်ရယ်မောလိုက်ပြီး သံေယာဇဥ်မဲ့ဆေးလုံးတစ်လုံးကိုထုတ်၍ သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် သူသည် ထိုအမျိုးသမီးများ သူ့အနားသို့ လျှောက်လှမ်းလာသည်ကို အသာအယာ ကြည့်နေတော့သည်။
သူတို့မည်သို့ပင် လှုပ်ရှားနေစေကာမူ ပိုင်ရှောင်ချန်း၏ စိတ်နှလုံးမှာ လှုပ်ရှားမှုမရှိပေ။ သို့သော် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ခန့် ကြာပြီးသွားသောအခါ ခပ်လှမ်းလှမ်းတွင် တင့်တယ်လှပစွာ ကခုန်နေသည့် မိန်းမပျိုတစ်ဦး ပေါ်လာသည်။ ထို့နောက် အခြားမိန်းမပျိုများမှာလည်း စတင်ကခုန်လိုက်ကြတော့သည်။
ဤကကွက်မှာ မြင့်မြတ်သောတာအိုတစ်ခုခု၏ ဖုံးကွယ်နေသောစွမ်းအားများ ကိန်းအောင်းနေသည့်အလား တစ်နည်းတစ်ဖုံ စွဲမက်ဖွယ်ကောင်းနေသည်။ ချက်ချင်းပင် ပိုင်ရှောင်ချန်းမှာ နှလုံးခုန်နှုန်းများမြန်ဆန်လာပြီး သံေယာဇဥ်မဲ့ဆေးလုံး၏ အစွမ်းများ လွင့်ပြယ်သွားတော့သည်။
" သောက်ကျိုးနည်း ဒါဘယ်လို အကကြီးတုန်း "