← Chapters

ဆယ့်နှစ်ကြိုးကဝေမ

Vol. 12 Ch. 1131

ဆယ့်နှစ်ကြိုးကဝေမ

Vol. 12 Ch. 1131

" ကဝေမ ကကွက်ပဲ " အဆင့်သုံးဆယ့်ကိုး၏အထက်ရှိ လေပေါ်တွင် ကောင်လေးတစ်ယောက်အသွင်ဖြင့် ရှိနေသော အစောင့်အရှောက်ဝိညာဥ်က ဆိုလိုက်သည်။ သူသည် နိုးနေသည်မှာ အတော်အတန်ကြာနေပြီဖြစ်သော်လည်း အခက်အခဲအဆင့်အား မြှင့်တင်မည်ဆိုလျှင်တောင် ဤအရှက်မရှိသော ပိုင်ရှောင်ချန်းကို နှေးကွေးသွားအောင် မလုပ်နိုင်မည်စိုးသဖြင့် ပြီးခဲ့သည့်အဆင့််များတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။

အနိုင်ရရှိရန် အကောင်းဆုံးနေရာဟု သူ သတ်မှတ်ထားသော အဆင့်သုံးဆယ့်ကိုးသို့ ပိုင်ရှောင်ချန်း ရောက်ရှိသွားမည့်အချိန်ကို စိတ်ရှည်လက်ရှည်နှင့် သူ စောင့်ဆိုင်းနေခဲ့သည်။

အဆင့်သုံးဆယ့်ကိုးမှာ စိန်ခေါ်သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို စစ်ဆေးသော အဆင့်ဖြစ်သည်။

စိတ်ဓာတ်ကြံ့ခိုင်မှုဟု ဆိုရာဝယ် ကဏ္ဍများစွာရှိသည်။ ဥပမာဆိုရပါက အချို့လူများသည် အကျိုးအမြတ်ကို တပ်မက်ကြသည်။ သူတို့၏ ရှေ့တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ တန်ဖိုးကြီး ရတနာများကို ခင်းကျင်းထားမည်ဆိုပါက သူတို့၏ လိုအင်ဆန္ဒများမှာ အလွန်အမင်း ယောက်ယက်ခတ်သွားတတ်ကြသည်။ အခြားလူများဆိုလျှင်လည်း အမျိုးမျိုးသော သွေးဆောင်းဖျားယောင်းမှုများနောက်သို့ ပါတတ်ကြသည်။

စိတ်ခံစားချက် ခုနစ်ပါးနှင့် အာရုံခြောက်သွယ်တို့ကို ဖြတ်တောက်ထားနိုင်သူသာ ဤအဆင့်သုံးဆယ့်ကိုး၏ လွှမ်းမိုးခြင်းထံမှ လွှတ်မြောက်နိုင်မည် ဖြစ်သည်။

ပိုင်ရှောင်ချန်း မြင်နေရသည့် အမျိုးသမီးများမှာ ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုအနှစ်သာရကြောင့် ရုပ်လုံးပေါ်လာရသည့် ဝိညာဥ်ပုံရိပ်များသာဖြစ်သည်။ သို့သော် သူတို့သည် အလွန်ခေတ်ရှေ့ပြေးသော လူ့အဖွဲ့အစည်းတစ်ခုမှ ရောက်လာကြခြင်းဖြစ်သည်။ ဟင်းလင်းပြင်ကြီးမှာ ယခင်က အမြဲတမ်း မည်းမှောင်နေခဲ့ခြင်း မဟုတ်ပေ။ ကြီးမားသော ကပ်ဘေးကြီးမတိုင်ခင်က ကဝေမ ဟူ၍ခေါ်သော လူမျိုးစုတစ်စု အုပ်ချုပ်ခဲ့သည့် အမျိုးသမီးကြီးစိုးသော ကမ္ဘာတစ်ခု ရှိခဲ့ဖူးသည်။

ထိုကဝေမများမှာ နယ်ချဲ့များဖြစ်ကြသည်။ သူတို့သည် အခြားကမ္ဘာတစ်ခုကို သိမ်းပိုက်ပြီးနောက် ၎င်းကမ္ဘာထဲရှိ အမျိုးသမီးအားလုံးကိုသတ်၍ အမျိုးသားများအားလုံးကို အကျဥ်းချပြီး နေ့စဥ်ရက်ဆက် နှိပ်စက်ညှဥ်းပန်းကြသည်။ အမျိုးသားကျင့်ကြံသူတစ်ယောက် မသေခင် သူ၏သက်စောင့်အားကို ဝိညာဥ်သစ်စေ့တစ်စေ့အသွင်ပြောင်းလဲပြီး ကဝေမများက ထိုသစ်စေ့ကိုအသုံးပြု၍ သူတို့၏မျိုးဆက်ကို ဆက်ပွားကြသည်။

နောက်ဆုံးတွင် မည်သူမှမကြုံဖူးသော စွမ်းအားများကို ပိုင်ဆိုင်ထားသည့် ဆယ့်နှစ်ကြိုးကဝေမတစ်ပါး ပေါ်ထွက်လာခဲ့သည်။ သူမသည် အားအင်စိုက်ထုတ်စရာမလိုပဲ မည်သည့်သက်ရှိတိုင်းကိုမဆို သူမအား မသိစိတ်ထဲမှ တပ်မက်သွားစေရန် စွမ်းဆောင်နိုင်သည်။

အဆင့်သုံးဆယ့်ကိုးထဲတွင် နောက်ဆုံးပေါ်ထွက်လာမည့် အမျိုးသမီးကို ပဝါပါးဖြင့် လွှမ်းခြုံထားမည်ဖြစ်ပြီး သူမ၏စွဲမက်ဖွယ် ကိုယ်လုံးကိုယ်ပေါက်ကိုသာ ဖော်ပြထားမည် ဖြစ်သည်။ သူမကား … ဆယ့်နှစ်ကြိုးကဝေမပင် ဖြစ်သည်။

သူမပေါ်ထွက်လာသည်နှင့် တစ်ပြိုက်နက် ပိုင်ရှောင်ချန်းမှာ ရူးသွပ်သွားတော့မည့်အလား ခံစားလိုက်ရသည်။ သူ၏သံယောဇဥ်မဲ့ဆေးလုံးများပင် သူ၏ခန္ဓာကိုယ်ထဲရှိ မသိစိတ်အာရုံကို ချုပ်တည်းခြင်းငှာ မစွမ်းသာတော့ပေ။

ပိုင်ရှောင်ချန်း၏အမူအရာများ ပြောင်းလဲနေသည်ကို မြင်လိုက်ရသောအခါ အစောင့်အရှောက်ဝိညာဥ်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ဆက်ဖြစ်မည့် အချင်းအရာများကို မစောင့်ဆိုင်းနိုင်လောက်အောင် ဖြစ်သွားသည်။ သူသည် ဤအဆင့်သို့ ရောက်လာစေရန် အချိန်အတော်အတန်ကြာအောင် စောင့်ဆိုင်းခဲ့ရသည်ဖြစ်ပြီး ဤအဆင့်တွင် ကြုံတွေ့ခံစားရမည့် မျှော်လင့်ချက်ပျက်သုဥ်းခြင်းများကို ရှုစားချင်နေသည်။

" သူ့ ကျော့ကွင်းထဲကို မင်းတစ်ချက်လောက်ဝင်သွားတာနဲ့ ဆက်တိုက်ဆက်တိုက် ဝင်သွားသလိုခံစားရအောင်လုပ်ဖို့ ငါ့မှာနည်းလမ်းတွေ အများကြီးရှိတယ်ကွ။ မင်းရဲ့ လိုအင်ဆန္ဒတွေကြားမှာ မင်းထာဝရပိတ်မိပြီး မင်းရဲ့ခန္ဓာရောဝိညာဥ်ပါ ဇီဝိန်ချုပ်ခံရတဲ့အချိန်မှပဲ မင်းအသိစိတ်ပြန်လည်လာတော့မယ် "

ကောင်လေးမှာ ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။ အမှောင်သမားေတာ်များကမ္ဘာမှာ သူရခဲ့သည့်သင်ခန်းစာကြောင့် ပိုင်ရှောင်ချန်းကို သူ လုံးဝလျှော့မတွက်တော့ပေ။

သာမန်ဆိုလျှင် ဆယ့်နှစ်ကြိုးကဝေမမှာ ဤအဆင့်တွင် ပေါ်ပေါက်လာစရာအကြောင်း လုံးဝမရှိပေ။ သို့သော် သူသည် သေချာစေရန်အတွက် အခက်အခဲအဆင့်ကို အမြင့်ဆုံးသို့ မြှင့်တင်ခဲ့သည်။ ထိုသို့ပြုလုပ်ပြီးသည့်တိုင်အောင် သူ အနည်းငယ်စိုးရိမ်နေဆဲဖြစ်သဖြင့် အခက်အခဲအဆင့်ကို ၎င်း၏ယခင် သတ်မှတ်ချက်ထက် ကျော်လွန်အောင် မြှင့်တင်နိုင်ရန်အတွက် လအနည်းငယ်အိပ်စက်၍ စွမ်းအားများကို စုဆောင်းနေခဲ့သေးသည်။

ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူထိန်းချုပ်နိုင်ရန် ရုန်းကန်နေရစဥ် သူ၏ပတ်ပတ်လည်တွင် ကခုန်နေသော အမျိုးသမီးများအားလုံးမှာ ... ဆယ့်နှစ်ကြိုးကဝေမများအသွင်သို့ ပြောင်းလဲသွားကြတော့သည်။

သူ၏စိတ်ဓာတ်ကြံ့ခိုင်မှုကို စုပ်ယူနေသည့် စွမ်းအားကြီးက ရုတ်တရက် ယခင်ကထက် အဆတစ်ရာခန့် ပို၍မြင့်တက်သွားသည့်ပုံပေါ်ပြီး ပန်းရောင်မြူခိုးများမှာလည်း လူးလွန့်နေကာ လျှို့ဝှက်ဆန်းကြယ်သော အားတစ်ခုကလည်း သူ့ကိုထိုးနှက်နေတော့သည်။

သူ၏မျက်လုံးများမှာ ချက်ချင်းပင် နီမြန်းသွားပြီး သူ၏အသက်ရှူသံများမှာလည်း မြန်ဆန်ကျယ်လောင်လာသည်။ သူ၏နှလုံးသားမှာလည်း ရင်ဘတ်ထဲမှ ပေါက်ကွဲထွက်လုမတတ် ခုန်နေပြီဖြစ်သည်။ သူ့ထံတွင် ကျန်ရှိနေသေးသော ထိန်းချုပ်မှုအနည်းငယ်ကို အသုံးချလိုက်ပြီး ရှိသမျှ သံယောဇဥ်မဲ့ဆေးလုံးအားလုံးကိုထုတ်၍ သူ၏ပါးစပ်ထဲသို့ ထည့်သွင်းလိုက်တော့သည်။ ထိုအခါမှသာ သူ၏ခန္ဓာကိုယ်ထဲရှိ ပြင်းထန်လှသော အပူရှိန်ကြီးကို ငြှိမ်းသက်နိုင်လိုက်သည်။

" မင်းေမဘ … တော်တော်ကိုခက်တာပဲ "

ဤအမျိုးသမီးများအားလုံးမှာ သူ၏ဝိညာဥ်အပေါ် အကျိုးသက်ရောက်မှုရှိနေကြောင်း သူ ရုတ်တရက် အာရုံခံမိလိုက်သည်။ သူ၏စိတ်ထဲရှိ လိုအင်ဆန္ဒများမှာ မည်သည့်အခါမှ ငြိမ်းသက်သွားခြင်းမရှိမည့် တဖြည်းဖြည်းတောက်လောင်နေသော မီးတောက်များအလားပင်။ တဟုန်းဟုန်းတောက်နေသော မီးတောက်များဆိုလျှင် အလျင်အမြန် ငြိမ်းသက်သွားနိုင်သောကြောင့် ယခု သူကြုံတွေ့နေရသည်မှာ အရိုင်းဆန်သည့် ငရဲမီးကဲ့သို့ ဖြစ်နေပါက ပို၍ပင်ကောင်းနေဦးမည်။ သို့သော် ဤကဲ့သို့ ဖြည်းဖြည်းချင်းတောက်လောင်နေသည့် မီးတောက်မှာမူ အချိန်နှင့်အမျှ အားပို၍ ကောင်းလာသည်။

အကယ်၍ သူသာ ထိန်းချုပ်မှုလွတ်သွားပါက သူ၏ဝိညာဥ်ကိုဆုံးရှုံးလိုက်ရမည်ဖြစ်သည်။ ထိုသို့သာဖြစ်သွားပါက ဆက်လက်ကြုံတွေ့ရမည့် ဖြစ်ရပ်များကိုတွေး၍ သူ တုန်ရီနေ၏။ သူသည် ဤအဆင့်၏အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းရန် ဆုံးဖြတ်လိုက်ပါသော်လည်း တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအင်မှာ အလုပ်မလုပ်ကြောင်း သိလိုက်ရသဖြင့် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။

" ငါ့ချီးတဲ့မှ … သေချာတယ် ဒါ အစောင့်အရှောက်ဝိညာဥ် ဇယားလိုက်ရှုပ်နေတာပဲ ဖြစ်မှာ "

သံယောဇဥ်မဲ့ဆေးလုံးအားလုံးကို ဝါးမျိုလိုက်သဖြင့် တစ်ခဏမျှ အေးချမ်းသွားရပါသော်လည်း သူသည် ယခင်ကထက်ပင် ပို၍စိုးထိတ်နေတော့သည်။

" သူတို့က ငါ့ဝိညာဥ်အပေါ် အကျိုးသက်ရောက်မှုရှိတာပဲ... ဒီနေရာကလည်း အခြေခံအားဖြင့်ဆို အတုအယောင်နေရာတစ်ခုပဲဆိုတော့ ... ဒီအမျိုးသမီးတွေက ဝိညာဥ်တစ်မျိုးမျိုး ဖြစ်နေနိုင်တယ်လို့ ငါပြောရဲတယ် "

သူသည် အာကာသအောက်လမ်းဆရာတစ်ယောက် ဖြစ်သောကြောင့် သူ၏ယူဆချက်မှာ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ မှန်ကန်နိုင်ကြောင်း သိလိုက်ရသည်။

" သူတို့ကသာ ဝိညာဥ်တွေဆိုရင် ... ငါ့မှာ ဝိညာဥ်တွေကို ရင်ဆိုင်ဖို့နည်းလမ်းအများကြီး ရှိနေတာပဲ "

အချိန်သည် အသက်တမျှ အရေးကြီးနေပြီဖြစ်ကြောင်း သူက သိသဖြင့် သူ၏ထည့်စရာအိတ်ထဲမှ ဝိညာဥ်စုစည်းဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး လှမ်းပစ်လိုက်သည်။

ထိုဆေးလုံး ပေါက်ကွဲသွားသောအခါ ဖောက်ခနဲ အသံတစ်သံပေါ်ထွက်လာပြီး ၎င်းမှာ ဘေးနားတစ်ဝိုက်ရှိ ဝိညာဥ်အချို့အပေါ် အကျိုးသက်ရောက်မှုရှိသွားပါသော်လည်း များများစားစားတော့ မဟုတ်ပေ။ ဆယ့်နှစ်ကြိုးကဝေမများမှာ စုစည်းခြင်းနေရာသို့ ဆွဲငင်ခံလိုက်ရသော်လည်း သူတို့၏မျက်လုံးများမှာ အရောင်လက်သွားပြီး သူတို့၏အသံများထဲရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကိုအသုံးပြု၍ ထိုဆွဲငင်အားကြီးကို ချေဖျက်လိုက်သည်။

ထိုအချင်းအရာကြောင့် ပိုင်ရှောင်ချန်းမှာ နှလုံးခုန်နှုန်းပိုမြန်သွားရပါသော်လည်း တချိန်ထဲမှာပင် သူ၏ယူဆချက် မှန်ကန်ကြောင်း သိသွားတော့သည်။

" သူတို့က တကယ်ဝိညာဥ်တွေပဲ "

သူသည် စိတ်ကြည်လင်နေစေရန် သူ၏လျှာကို ခပ်နာနာကိုက်ချလိုက်ပြီး သူ၏ထည့်စရာအိတ်ကို မွှေနှောက်ကာ မြေရိုင်းဒေသထဲတွင်ရှိနေခဲ့စဥ်က သူ၏သရုပ်အမှန်ကို ဖုံးကွယ်ပေးခဲ့သည့် ရတနာပစ္စည်းဖြစ်သော မျက်နှာဖုံးကို ထုတ်ယူလိုက်သည်။ ထိုမျက်နှာဖုံးမှာ ထိုတစ်ဝိုက်ရှိ ဝိညာဥ်များက သူ့ကို မမြင်ရအောင် ပြုလုပ်ပေးနိုင်သည်။ ယခုအချိန်တွင် သူသည် ထိုသို့စမ်းကြည့်ရန်သာ တွေးတောမိလိုက်သည်။

ထိုမျက်နှာဖုံးကို သူ တပ်လိုက်သည်နှင့် ကဝေမများမှာ ကခုန်နေခြင်းကို ရပ်တန့်လိုက်ကြပြီး အစောပိုင်းက ပိုင်ရှောင်ချန်း ရှိနေခဲ့သည့်နေရာကို အူကြောင်ကြောင်ဖြင့် လှမ်းကြည့်နေကြတော့သည်။

သူ ဝမ်းမြောက်သွားပြီး နောက်သို့ဆုတ်သွားတော့သည်။ သို့သော် ဤအမျိုးသမီးများထံမှ သူ ပုန်းကွယ်နိုင်ပါသော်လည်း သူတို့၏စွမ်းအားများထံမှ ပုန်းကွယ်၍ မရကြောင်း သိလိုက်သည်။ ယခု သူက အချိန်အနည်းငယ်မျှသာ ဆွဲထားနိုင်လိုက်ခြင်း ဖြစ်သည်။

အစောင့်အရှောက်ဝိညာဥ်မှာမူ ဖြစ်ပျက်နေသမျှအရာအားလုံးကို အတိအကျ မြင်လိုက်ရသည်။ သူ၏လက်ကျန်စွမ်းအားကိုအသုံးချ၍ ထိုဆယ့်နှစ်ကြိုးကဝေမများကို ထပ်မံကခုန်စေလိုက်သောကြောင့် ဝိညာဥ်အငွေ့အသက်များ အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားပြန်သည်။

" ဆေးလုံးဖော်စပ်ဖို့ အချိန်မရှိတာ ဆိုးတာပဲ "

ပိုင်ရှောင်ချန်းက တွေးလိုက်သည်။

" ဖော်လို့သာ ရလို့ကတော့ ငါ့ရဲ့လက်ရှိ ဝိညာဥ်စုစည်းဆေးလုံးထက် ပိုပြီးစွမ်းတဲ့ ပုံစံအသစ်တစ်ခုကို ဖန်တီးလို့ရရင်ရမှာ။ ဒါပေမဲ့ ငါ့မှာကလည်း လိုအပ်တဲ့ပစ္စည်း လုံလုံလောက်က မရှိပြန်ဘူး "

ထိုသို့ဖြင့် သူသည် သူ၏ဦးနှောက်ကို အိတ်သွန်ဖာမှောက်စဥ်းစားကာ ဤအခြေအနေအား ဖြေရှင်းနိုင်မည့်နည်းလမ်းကို ကြိုးစားရှာဖွေနေတော့သည်။ သို့သော်လည်း သတ်မှတ်ချက်များမှာ အလွန်များပြားနေပြီး ခက်ခဲမှုအဆင့်အတန်း မြင့်မားလွန်းနေသည်။ မည်သို့သော အကြံအစည်ကို သူ တွေးတောနိုင်စေကာမူ ၎င်းတို့မှာ ပြည့်စုံမှုမရှိပေ။

ဆယ့်နှစ်ကြိုးကဝေမများ ကခုန်နေစဥ် သူသည် သူ၏ဝိညာဥ်တုန်ခါလာသည်ကို ခံစားမိလိုက်ပြီး သူ၏နှလုံးသားမှာလည်း တဖြည်းဖြည်းနှင့် မတည်မငြိမ်ဖြစ်လာတော့သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ အပူရှိန်ကြီး မြင့်တက်လာပြီး တခဏအကြာတွင် သူ၏လျှာကို ကိုက်ထားခြင်းပင် အသုံးမဝင်တော့ပေ။

" သောက်ကျိုးနည်း … ကြည့်ရတာ ကောက်ကျစ်တဲ့ကောင်ကို ကောက်ကျစ်တာနဲ့ ပြန်တိုက်ရတော့မှာပဲ။ သူတို့က ရာဂစိတ်တွေကို ထကြွနိုင်စေတဲ့ ဝိညာဥ်တွေပဲမလား။ မဖြစ်မနေ လုပ်မှရမယ်ဆိုရင်တော့ ငါလည်း မြောက်ပိုင်းရဲ့ဓားကြီးထဲက သရဲအိုကြီးကိုခေါ်ထုတ်ပြီး သူ့ရဲ့မျိုးနွယ်တူတွေကို ရင်ဆိုင်ဖြေရှင်းခိုင်းရမှာပဲ "

ယခုတွင် သူ အမှန်တကယ် အကြံအိုက်နေပြီဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းမှဓားကြီးကို လျင်မြန်စွာထုတ်ယူလိုက်ပြီး အတွင်းထဲသို့ သူ၏နတ်ဘုရားအာရုံကိုစေလွှတ်လိုက်ကာ မျက်စိတစ်မှိတ်အတွင်း ယခင်က သရဲမယ်တော်၏ သင်္ဘောပေါ်ရှိအလံထဲတွင် နေထိုင်ခဲ့သည့် ကောင်းကင်ဧကရာဇ်အထွတ်အထိပ်အဆင့်သို့ ရောက်နေသော သရဲကြီးကို ဆင့်ခေါ်လိုက်တော့သည်။ ထိုသရဲမျက်နှာကြီးမှာ အပြင်သို့ ပေါ်ထွက်လာသောအခါ အူကြောင်ကြောင်နှင့် ဘေးဘီဝဲယာကိုကြည့်လိုက်သည်။

" ဟေး သရဲအိုကြီး... "

ပိုင်ရှောင်ချန်းက လှမ်းခေါ်လိုက်သည်။ အစတွင် သူသည် ထိုသရဲမျက်နှာကြီးနှင့် အနည်းငယ် ညှိနှိုင်းရဦးမည်ဟုပင် တွေးထားခဲ့သည်။ သို့သော် သူ မည်သည့်စကားမှ ဆက်မပြောနိုင်ခင်မှာပင် သရဲမျက်နှာကြီးမှာ တုန်ရီသွားပြီး သူ၏မျက်လုံးများမှာ ယခင်ကနှင့်မတူလောက်အောင် လင်းလက်သွားတော့သည်။

" ကဝေမ တွေပါလား။ ငါ့လခွမ်း … တကယ့်ကဝေမ အစစ်တွေပဲ။ အကုန်လုံးက ဆယ့်နှစ်ကြိုးကဝေမတွေ ဖြစ်နေတာ ငါ့ဖြင့်မယုံနိုင်လောက်အောင်ပဲ။ ဒီအငွေ့အသက်... ဒီနေရာမှာ တာအိုအနှစ်သာရတစ်ခုရဲ့ အငွေ့အသက်ရှိနေတာပဲ "

ယခုတွင်မူ ထိုသရဲမျက်နှာကြီးမှာ မျှော်လင့်ချက်များစွာနှင့်အတူ အသားများ တဆတ်ဆတ် တုန်ရီနေပြီဖြစ်သည်။

" ကဝေမ တွေရဲ့ အရသာကို ငါမမြည်းစမ်းရတာ တော်တော့်ကိုကြာနေပြီ "

သရဲမျက်နှာကြီးမှာ ပိုင်ရှောင်ချန်းထံမှ မည်သည့်အမိန့်ကိုမှ မလိုပေ။ သူသည် ဆာလောင်မွတ်သိပ်နေသည့် ဝံပုလွေတစ်ကောင်အလား အနီးဆုံးရှိ ဆယ့်နှစ်ကြိုးကဝေမတစ်ကောင်အပေါ်သို့ ခုန်အုပ်လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ ဆွံ့အနေပါသော်လည်း အစောင့်အရှောက်ဝိညာဥ်လောက်တော့ ဆွံ့အမနေသေးပေ။

All Chapters