အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
အခန်း (၁၂၁) တရားသူကြီး၏စုတ်တံ အရိုက်ခံရခြင်းနှင့် ကျန်းဝမ်ချန်၏ ဖရဲသီး
ယွင်ဟွား၏ မျက်နှာထက်မှ အပြုံးကို မြင်လိုက်ရသောအခါ ကျန်းဝမ်ချန်မှာ ငိုချင်စိတ်ပေါက်သွားလေ၏။
သူတော့ ပြီးဆုံးသွားလေပြီ။
သူ၏ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော လျှို့ဝှက်ချက်ကြီး ဖော်ထုတ်ခံရတော့မည် ဖြစ်သည်။
"ပန်းကလေး... ငါတို့ သူ့ကို ရှင်းထုတ်ပြီး သူ့နေရာကို ယူမယ်လို့ အရင်က ပြောခဲ့ကြတယ် မဟုတ်လား..."
သေခြင်းရှင်ခြင်းစာအုပ်က အနည်းငယ် နှမြောတသဖြစ်သွားသည်။ သူက အရာရှိကောင်းတစ်ဦး ဖြစ်နေလေ၏။
ယွင်ဟွားမှာ တိတ်တဆိတ် စိတ်လှုပ်ရှားနေမိသည်။ တရားရေးဝန်ကြီး ရာထူးကို ရယူရန် ယခုအခါ အနည်းငယ် ခက်ခဲသွားသော်လည်း သူမကို ကူညီရန် အခြားသူများကို ရှာဖွေကြည့်နိုင်သေးသည်။
မည်သို့ပင်ဖြစ်စေ စစ်ဆေးရေးမှူး ရာထူးမှာ သူမ၏ ရွေးချယ်စရာစာရင်းထဲတွင် ရှိနေဆဲပင် ဖြစ်၏။
သေခြင်းရှင်ခြင်းစာအုပ်သည် ပန်းကလေး၏ အတွေးများကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်သွားပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
"ပန်းကလေး... သူက ဧကရာဇ်ရဲ့ ဦးလေးတော်စပ်ပြီး နင့်ရဲ့ မိတ်ဆွေဟောင်းရဲ့ မောင်လည်းဖြစ်တယ်..."
ထိုစကားများ ထွက်ပေါ်လာလေ၏။
ယွင်ဟွားသည် ထိုအတွေးကို ချက်ချင်းပင် ဖယ်ရှားလိုက်လေသည်။ ထိုသို့ဆိုလျှင် သူက မယ်တော်ကြီး၏ ဆွေမျိုးဖြစ်နေသည်။ ထိုမျှ ချစ်စရာကောင်းသော အဘွားအို၏ မိသားစုသည်လည်း ကောင်းမွန်ရပေမည်။
“... ဒါဆိုရင်လည်း ထားလိုက်ပါတော့... ငါတို့ စစ်ဆေးရေးမှူး ရာထူးအတွက် စဉ်းစားမှာ မဟုတ်တော့ဘူး..."
တရားသူကြီး၏စုတ်တံက ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်လိုက်ပြီး ယွင်ဟွားကို တစ်ချက်ကြည့်ကာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ကျန်းဝမ်ချန်ကို ကြည့်လိုက်ရင်း သူ၏ လက်သီးဆုပ်လေးများကို တင်းကျပ်စွာ ဆုပ်ထားလေ၏။
"ဟွားဟွား... ပေပေ့ အထင်တော့ သူ အသက်ရှင်ရတာ လုံလောက်ပြီထင်တယ်... ဟွားဟွားအတွက် နေရာရအောင် သူ့ကို အခုပဲ အဆုံးသတ်ပေးလိုက်မယ်..."
ကျန်းဝမ်ချန်မှာ အလွန်တုန်လှုပ်သွားလေ၏။
သူသည် တုန်ယင်နေသော လက်များဖြင့် အိတ်ကပ်ထဲမှ နှလုံးဆေးလုံး တစ်လုံးကို ဆွဲထုတ်လိုက်လေသည်။ ဤသည်မှာ ဤမိန်းကလေးက သူ့အား စတင်မျက်စိကျခဲ့သည့် ပထမဆုံးနေ့ကတည်းက သူ ပြင်ဆင်ထားခဲ့သော အသက်ကယ်ဆေးလုံးပင် ဖြစ်၏။
သေခြင်းရှင်ခြင်းစာအုပ်က ပြစ်ဒဏ်ရေးချတော့မည့် တရားသူကြီး၏စုတ်တံကို ရိုက်ချလိုက်ပြီး မျက်လုံးများကို ဒေါသတကြီး ပြူးကျယ်ထားကာ…
"နင် သေချင်နေတာလား... ကိစ္စတွေကို ခိုးကြောင်ခိုးဝှက် မလုပ်ဖို့နဲ့ လူတွေရဲ့ သက်တမ်းကို ရမ်းသန်းပြီး မမှတ်သားဖို့ ငါ နင့်ကို ပြောထားတယ် မဟုတ်လား..."
"အဲ့အဘိုးကြီးက လူကောင်းတစ်ယောက်ပဲ... ငါတို့မှာ စည်းမျဉ်းစည်းကမ်းတွေ ရှိရမယ်... ရှောင်ဟွားဟွားကို ပြဿနာရှာပြီး ဆိုးရွားတဲ့ ပြစ်မှုတွေ ကျူးလွန်ထားတဲ့ သူတွေရဲ့ သက်တမ်းကိုပဲ လျှော့ချရမှာ..."
"ဒါ့အပြင် နင့်ရဲ့ မူလပုံစံကို အသုံးပြုပြီး ကံကြမ္မာကို ပြောင်းလဲတာက လူတစ်ယောက် နှစ်ယောက်အတွက်ဆို အဆင်ပြေပေမယ့် အရမ်းများသွားရင် ယမမင်းက တစ်ခုခု မှားယွင်းနေမှန်း သတိထားမိသွားလိမ့်မယ်... ထိုအခါကျရင် ငါတို့ သုံးယောက်လုံး ဒုက္ခရောက်ကုန်လိမ့်မယ်..."
"ဝါး..."
တရားသူကြီး၏စုတ်တံသည် ယွင်ဟွား၏ ပါးပြင်ကို ဖက်တွယ်ကာ နှလုံးကွဲကြေမတတ် ငိုကြွေးလေတော့သည်။
"ဟွားဟွား... ရှူးရှူးက ငါ့ကို အနိုင်ကျင့်တယ်... သူက ငါ့ကို ရိုက်တယ်... ပြီးတော့ ငါ့ကိုလည်း အော်တယ်... ငါ သူနဲ့ ဆက်မကစားချင်တော့ဘူး..."
"မငိုနဲ့... မငိုနဲ့တော့... ရှောင်ရှူးရှူး ပြောတာ မှန်တယ်... ငါတို့ အဲ့လိုထပ်လုပ်လို့ မရဘူး..."
စောစောက သူမ အမှန်တကယ်ပင် အလွန်ကြောက်လန့်သွားခဲ့ရသည်။
အမတ်ကျန်းမှာ သူ၏ အသက်ကို ဆုံးရှုံးရလုနီးပါး ဖြစ်သွားခဲ့သည် မဟုတ်ပါလား။
တရားသူကြီး၏စုတ်တံမှာ ငိုရှိုက်နေရာမှ ရပ်တန့်သွားပြီး သူ၏ မျက်နှာလေးမှာ ပို၍ပင် ဝမ်းနည်းကြေကွဲနေဟန် ပေါ်လာလေသည်။
"ဟွားဟွား... နင်က ဘာလို့ ငါ့ဘက်က မပြောပေးရတာလဲ... နင်နဲ့ ငါက အချစ်ဆုံးသူငယ်ချင်းတွေလေ... ငါတို့ ရှူးရှူးနဲ့ ဆက်မကစားကြရအောင်..."
ယွင်ဟွားမှာ ဆွံ့အသွားလေ၏။
သူမမှာ အလွန်ပင် အကျပ်ရိုက်နေရသည်။
"ငါနဲ့ ဟွားဟွားကြားကို သွေးခွဲရဲတယ်ပေါ့လေ နင်က... ဒီနေ့ နင့်ရဲ့ အစ်မရှူက ငါတို့ သုံးယောက်ကြားက အဆင့်သတ်မှတ်ချက်ကို ပြသပေးမယ်..."
သေခြင်းရှင်ခြင်းစာအုပ်က သူ၏ စကားများကြောင့် အလွန်ဒေါသထွက်သွားကာ ဟိန်းဟောက်သံနှင့်အတူ စုတ်တံလေးအပေါ်သို့ ခုန်အုပ်လိုက်ရာ ကလေးငယ်နှစ်ဦးမှာ တစ်ဖန် ပြန်လည် ရန်ဖြစ်ကြပြန်လေ၏။
သေခြင်းရှင်ခြင်းစာအုပ်၏ သိုင်းပညာစွမ်းရည်မှာ ယွင်ဟွားထံမှ သင်ယူထားခြင်းဖြစ်ရာ သူသည် တရားသူကြီး၏စုတ်တံကို နာကျင်စွာ အော်ဟစ်ရသည်အထိ ရိုက်နှက်လေတော့သည်။
ဘေးတွင် ရပ်နေသော ကျန်းဝမ်ချန်ကမူ တိတ်တဆိတ် ဆုတောင်းနေမိသည်။
*ရိုက်... ပြင်းပြင်းထန်ထန်ကို ရိုက်... ညီလာခံ ပြီးဆုံးသွားတဲ့အထိ ရိုက်ရင် ပိုကောင်းမယ်…*
သေခြင်းရှင်ခြင်းစာအုပ်၏ နောက်ဆုံးတောင်ပံက တရားသူကြီး၏စုတ်တံကို ရိုက်ထုတ်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် လက်ညှိုးထိုးကာ…
"နင် ဒါကို မှတ်ထား... ပန်းကလေးက ပထမ... ငါက ဒုတိယ... ပြီးတော့ နင်က တတိယပဲ..."
"အထူးသဖြင့် သက်တမ်းတွက်ချက်မှုတွေနဲ့ ပတ်သက်ရင် နင် ပြောလို့ရတယ်... ဒါပေမယ့် တကယ်တမ်းကျရင် ငါနဲ့ ရှောင်ဟွားဟွားရဲ့ ညွှန်ကြားချက်တွေကိုပဲ လိုက်နာရမယ်... ကျန်တဲ့ကိစ္စတွေ အားလုံးအတွက်တော့ နင် သဘောကျသလို လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်..."
"ပြီးတော့ ဟွားဟွားကို ငါနဲ့ ဆက်မကစားအောင် နင်က သရော်တာပဲဖြစ်ဖြစ် ယုတ်မာတဲ့ စကားတွေ ပြောတာပဲဖြစ်ဖြစ် ထပ်လုပ်ဖို့ ကြိုးစားရင် နင့်ကို ထပ်ရိုက်ဦးမယ်..."
စုတ်တံလေး ပေပေ့သည် ယွင်ဟွား၏ ပခုံးပေါ်သို့ ချက်ချင်း မှီချလိုက်ပြီး နှလုံးကွဲကြေမတတ် ငိုကြွေးလေတော့သည်။
ရှူးရှူးက အရမ်း ရက်စက်လွန်းသည်ာ သူမ ရိုက်လိုက်သောအခါ အလွန်ပင် နာကျင်ရလေ၏။
"အစ်မရှူး မေးနေတယ်လေ... နင် ကြားလား..."
သေခြင်းရှင်ခြင်းစာအုပ်က သူ၏ တောင်ပံများကို ဆွဲဆန့်လိုက်လေသည်။
"နင် ဘာမှမပြောဘူးဆိုရင် ငါ ဆက်လုပ်မှာနော်..."
သေခြင်းရှင်ခြင်းစာအုပ်သည် သူ့အား နောက်ထပ် သင်ခန်းစာတစ်ခု ပေးရန် လိုအပ်နေသေးသည်ဟု ခံစားလိုက်ရသည်။ သူက ထိုသနားစရာကောင်းသော အသွင်အပြင်ဖြင့် မည်သူ့ကို ဆွဲဆောင်ရန် ကြိုးစားနေသနည်း။
ပန်းကလေးနှင့် အတူရှိနေချိန်တွင် ခက်ထန်ကြမ်းတမ်းရန်သာ လိုအပ်ပြီး ငိုယိုနေတတ်သူ တစ်ဦး မဖြစ်သင့်ပေ။
"အင်း... ငါ နားလည်ပါပြီ..."
တရားသူကြီး၏စုတ်တံသည် မျက်ရည်များအားလုံးကို ယွင်ဟွား၏ ကိုယ်ပေါ်သို့ သုတ်လိုက်ပြီး မတရားခံရသည်ဟု ခံစားနေရကာ စုတ်တံထဲသို့ ပြန်ဝင်ပြေးသွားလေသည်။
သူသည် နေ့တစ်ပိုင်းလုံး အပြင်သို့ မထွက်ရန် စီစဉ်ထားလေ၏။
ယွင်ဟွားမှာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
နန်းတွင်းအရာရှိများနှင့် စစ်သူကြီးများမှာလည်း သက်ပြင်းကိုယ်စီ ချလိုက်ကြ၏။
အနည်းဆုံးတော့ သူတို့၏ သက်တမ်းများ အချိန်မရွေး ဖြတ်တောက်ခံရမည်ကို စိုးရိမ်ရန် မလိုအပ်တော့ပေ။
ရန်ပွဲ အဆုံးသတ်သွားပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်က ယွင်ဟွား၏ ခေါင်းပေါ်တွင် ထိုင်လိုက်ပြီး ယခင်အကြောင်းအရာကို ဆက်လက်ပြောဆိုလေသည်။
"ပန်းကလေး... ကျန်းဝမ်ချန်က ဖြောင့်မတ်တဲ့သူတစ်ယောက်ဖြစ်ပြီး အရာရှိတွေအားလုံးကို ကြီးကြပ်တဲ့နေရာမှာလည်း အရမ်းကို စေတနာပါလွန်းတယ်... သူက တကယ်ကို ရှားပါးလှတဲ့ အရာရှိကောင်းတစ်ယောက်ပဲ..."
ကျန်းဝမ်ချန်သည် ရင်ကို ကော့လိုက်လေသည်။ သေခြင်းရှင်ခြင်းစာအုပ်ကပင် သူ့အား အရာရှိကောင်းတစ်ဦးအဖြစ် ချီးကျူးနိုင်ပါက သူ၏ ဘဝမှာ တန်ဖိုးရှိလှပြီဖြစ်၏။
ဧကရာဇမင်းမြတ်၏ ရှေ့မှောက်တွင် မည်သူကမျှ သူ့အား အခက်အခဲဖြစ်စေရန် သို့မဟုတ် အပြစ်ရှာရန် ကြိုးစားလာမည်ကိုလည်း သူ စိုးရိမ်စရာ မလိုတော့ပေ။
ထင်ထားသည့်အတိုင်းပင် မယ်တော်ကြီး၏ မိသားစုမှာ အမှန်တကယ်ပင် အလွန်ကောင်းမွန်လှပေသည်။
သေခြင်းရှင်ခြင်းစာအုပ်သည် ဘေးတွင် တည်ငြိမ်စွာ ရပ်နေသော ကျန်းဝမ်ချန်ကို လျှို့ဝှက်ဆန်းကြယ်စွာ တစ်ချက်ကြည့်လိုက်ပြီး ရူးသွပ်စွာ ရယ်မောလိုက်လေ၏။
ကျန်းဝမ်ချန်သည် သူ၏ နတ်ဆိုးဆန်သော ရယ်သံကို နားထောင်ရင်း သူ၏ အိုမင်းနေသော ခြေထောက်များမှာ အလိုအလျောက် တုန်ယင်လာလေတော့သည်။
လဆန်းတစ်ရက်နေ့ကို ရှောင်လွှဲနိုင်လျှင်တောင် ဆယ့်ငါးရက်နေ့ကို ရှောင်လွှဲ၍ မရနိုင်ပေ။ လာမည့်အရာက လာမည်သာ ဖြစ်၏။
သေခြင်းရှင်ခြင်းစာအုပ်၏ ရယ်မောသံများမှာ လုံလောက်သွားလေပြီ။
"ပန်းကလေး... ငါ နင့်ကို ပြောပြမယ်... အမတ်ကျန်းက သူ့ရဲ့ နိုင်ငံရေး စွမ်းဆောင်ရည်တွေမှာ ဘာအမှားမှ မလုပ်ခဲ့ပေမယ့် သူ့ရဲ့ ကိုယ်ပိုင်ဘဝမှာတော့..."
သူမ၏ အတင်းအဖျင်း နားထောင်လိုစိတ်ကို မထိန်းချုပ်နိုင်သော ယွင်ဟွားက ချက်ချင်း ဝင်ပြောလိုက်လေသည်။
“သူက မယားငယ် ထားနေလို့လား..."
ကျန်းဝမ်ချန်မှာ နေရာမှ ခုန်ထလုနီးပါး ဖြစ်သွားလေ၏။
သူမက သူ့အား အသရေဖျက်နေခြင်းပင်။ သူ့အား စွပ်စွဲနေခြင်းပင် ဖြစ်၏။
သူက စစ်ဆေးရေးမှူးတစ်ယောက်ဖြစ်ရာ မည်သို့လုပ်၍ နာမည်ပျက် ရှိနိုင်မည်နည်း။
လူတိုင်းသည် နားစွင့်လိုက်ကြပြီး သူတို့၏ နှလုံးသားများမှာ စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်နေကြလေသည။ သူတို့သည် ကျန်းဝမ်ချန်၏ အမြဲတစေ စောင့်ကြည့်မှုကို ခံနေရသူများဖြစ်ရာ ဤသည်မှာ သူ၏ စိတ်ဝင်စားဖွယ် အတင်းအဖျင်းများကို သိရှိနိုင်မည့် အခွင့်အရေးတစ်ခုပင် ဖြစ်၏။
ဧကရာဇ်ဝမ်ရွှမ်းသည် ဤအချိန်တွင် တိုင်းရေးပြည်ရာများကို မဆွေးနွေးတော့ဘဲ ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လာလေသည်။
သူတို့၏ ကိုယ်ပိုင်အသံများကို မကြားနိုင်သော ထိုအရာရှိများမှာမူ ကြောင်တောင်တောင်ဖြင့် ရပ်နေကြလေ၏။
အဘယ်ကြောင့်နည်း။
အဘယ်ကြောင့် လူတိုင်း တိတ်ဆိတ်နေသည့် အခြေအနေသို့ ရောက်သွားရသနည်း။ သူတို့အချင်းချင်း ကိုယ်ပိုင်နည်းလမ်းဖြင့် ဆက်သွယ်နိုင်ကြသည်လား။
"မဟုတ်ဘူး... သူက အရမ်းအိုမင်းနေပြီလေ... သေချာတာကတော့ သူ့ရဲ့ ခွန်အားတွေက အရင်ကလို မဟုတ်တော့ဘူး... မယားငယ်ထားလည်း အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး..."
ယွင်ဟွားက ရုတ်တရက် သဘောပေါက်သွားလေသည်။
"ဒါကြောင့်ကိုး... သူက အမတ်ချန်လိုပဲ အမြဲတမ်း ခေါင်းမူးနေတတ်တာ... ကျောက်ကပ်အားနည်းလို့ ဖြစ်ရမယ်..."
ကျန်းဝမ်ချန်မှာ တွေးလိုက်မိ၏။ သူမသည် ကောလာဟလများကို ဖြန့်နေဆဲပင် ဖြစ်၏။
ချန်ကျဲဟန်သည် သူ၏ အင်္ကျီလက်များကို ခေါက်တင်လိုက်ပြီး ပြောလိုက်သည်။
"အဘိုးကြီးယွင်... ငါ့ကို ဆွဲမထားနဲ့... ငါ... ငါ..."
ယွင်ရှောင်ထျန်းသည် ချန်ကျဲဟန်၏ ရှေ့တွင် သူ၏ လက်များကို ဆန့်ထုတ်ကာ သက်သေပြလိုက်လေသည်။
"ငါ မဆွဲထားပါဘူး..."
"မင်းက ငါ့သမီး မင်းရဲ့ အတိတ်တွေကို ဆက်ပြီး တူးဆွနေမှာကို မကြောက်ဘူးဆိုရင်လည်း ရှေ့ဆက်ပြီး လုပ်လိုက်လေ..."
ချန်ကျဲဟန်သည် ရှေ့သို့ လှမ်းထားသော ခြေထောက်ကို တိတ်ဆိတ်စွာ ပြန်ရုပ်လိုက်ပြီး ယွင်ရှောင်ထျန်းကို စူးရဲစွာ ကြည့်ကာ ပြောလိုက်လေသည်။
“မင်းက ငါ့ကို ပြန်ဆွဲထားတဲ့ပုံစံလေးတောင် ဟန်မဆောင်ပေးနိုင်ဘူးလား... ငါတို့က ဆွေမျိုးတွေဖြစ်နေတုန်းပဲ မဟုတ်ဘူးလား..."
ဤအချိန်တွင် မင်းသားစုက ခိုးကြောင်ခိုးဝှက် ကပ်လာပြီး ပြောလိုက်လေသည်။
"မဟုတ်ဘူး... ကလေးနှစ်ယောက်က စေ့စပ်ထားတာတောင် မဟုတ်သေးဘူး... ဘယ်လိုလုပ် ဆွေမျိုးတွေ ဖြစ်ရမှာလဲ..."
ချန်ကျဲဟန်မှာ နောင်တရသွားလေ၏။
သူသာ မနေ့က သိခဲ့လျှင် ယွင်ရှောင်ထျန်းကို ဘေးသို့ဆွဲခေါ်ပြီး သူ့အား ပြင်းပြင်းထန်ထန် ရိုက်နှက်ခွင့် မပြုခဲ့သင့်ပေ။
သေခြင်းရှင်ခြင်းစာအုပ်က ခေါင်းညိတ်လိုက်လေသည်။ သာမန်လူသားများအားလုံးမှာ အားနည်းသူများသာ ဖြစ်၏။
"ပန်းကလေး... ငါ နင့်ကို ပြောပြမယ်... သူ အလေးစားဆုံးသူက နင့်ရဲ့ အဘိုးပဲ... လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူက နင့်အဘိုးရဲ့ လက်ရေးလှစာလုံးတွေအတွက် နင့်အဘိုးနောက်ကို တကောက်ကောက် လိုက်တာတွေ... သူ့ရဲ့ ဝါသနာတွေကို မှတ်တမ်းတင်တာတွေလိုမျိုး မိုက်မဲတဲ့ အလုပ်တွေ အများကြီး လုပ်ခဲ့ဖူးတယ်..."
"သူက နင့်အဘိုး အကြိုက်ဆုံး ဟင်းလျာတွေကိုတောင် ကိုယ်တိုင် ချက်ပြုတ်ခဲ့ပြီး နင့်အဘိုးကို မြည်းစမ်းကြည့်ဖို့ အတင်းအကျပ် တောင်းဆိုဖို့ နေ့တိုင်း လူလွှတ်ပြီး လမ်းပိတ်ခိုင်းခဲ့တယ်... ထိုအရာက နင့်အဘိုးကို အရမ်း ကြောက်လန့်သွားစေခဲ့လို့ အချိန်အတိုင်းအတာ တစ်ခုအထိ အပြင်တောင် မထွက်ရဲတော့ဘူး..."
"ပြီးတော့ သခင်မကျန်းကလည်း သူ မယားငယ် ထားနေတယ်လို့ ယုံကြည်ပြီး သူ့ကို နေ့တိုင်း လက်ပူးလက်ကျပ် မိဖို့ သန္နိဋ္ဌာန် ချထားသေးတယ်..."
လူတိုင်းမှာ ဆွံ့အသွားကြလေသည်။
ကျန်းဝမ်ချန်က သူ့အပေါ်သို့ ကျရောက်နေသော သူတို့၏ အကြည့်များကို ခံစားလိုက်ရသဖြင့် သူ၏ မျက်လုံးများကိုသာ မှိတ်ထားလိုက်လေတော့၏။
*သေလိုက်ပါတော့…*
*ငရဲကိုသာ သွားလိုက်ပါတော့..*
အခန်း (၁၂၂) အမတ်ကျန်း၏ ဝါသနာ၊ ငါ့အစ်ကိုကြီးတွင် ဇနီးရှိလာပြီ
ယွင်ရှောင်ထျန်းသည် အပျော်အပါးနှင့် ပွဲလမ်းသဘင်များကို နှစ်သက်သော သူ၏ ဖခင်ဖြစ်သူသည် တစ်ချိန်က အိမ်တော်အတွင်း၌ လဝက်ကျော်ခန့် အပြင်မထွက်ဘဲ အောင်းနေခဲ့ဖူးသည်ကို ပြန်လည်သတိရသွား၏။ ထို့ကြောင့်ပင် ဖြစ်လေသည်။
ယွင်ဟွားသည် ရယ်ချင်နေသော်လည်း တစ်ကိုယ်လုံး တုန်ယင်လာသည်အထိ မနည်းအောင့်အီးထားရလေသည်။
“ပန်းကလေး... သည်းခံထား... ကျန်သေးတယ်..”
ယွင်ဟွားသည် မျက်နှာကို တည်ငြိမ်စွာထားလျက် စိတ်ထဲမှနေ၍ တိုက်တွန်းလိုက်သည်။
“စိတ်မပူပါနဲ့... ငါ အောင့်ထားနိုင်ပါတယ်... ရှောင်ရှူးရှူး... ဆက်ပြောပါဦး..”
သေခြင်းရှင်ခြင်းစာအုပ်သည် လည်ချောင်းတစ်ချက် ရှင်းလိုက်၏။
“နင့်အဘိုးရဲ့ လက်ရေးကို သဘောကျသွားပြီးတဲ့နောက်မှာ သူက တခြားလူတွေရဲ့ လက်ရေးတွေကို အပြစ်ရှာတော့တာပဲ... အထူးသဖြင့် ဧကရာဇ်ရဲ့ လက်ရေးကိုပေါ့... သူက အရမ်းကို အထင်သေးပြီး အိမ်တော်ထဲမှာ အမြဲတမ်း ညည်းညူနေတတ်သလို ဧကရာဇ်ရဲ့ လက်ရေးက ကလေးဆန်တယ်လို့လည်း ဝေဖန်တတ်တယ်..”
“ကံကောင်းလို့ ဧကရာဇ်က မသိတာ... မဟုတ်ရင်တော့ ဧကရာဇ်က သူ့ကို သေချာပေါက် အခက်တွေ့အောင် လုပ်မှာပဲ..”
ဧကရာဇ်ဝမ်ရွှမ်းသည် ဝတ်ရုံလက်အိတ်အတွင်းမှ လက်များကို တင်းကျပ်စွာ ဆုပ်ထားလိုက်လေသည်။ ကောင်းပြီလေ။ ယခုမူ သူ သိသွားခဲ့ပြီ ဖြစ်၏။
ကျန်းဝမ်ချန်က အသက်ကယ်ဆေးလုံး နောက်တစ်လုံးကို ထုတ်ယူကာ မျိုချလိုက်လေသည်။ သူသည် မယ်တော်ကြီး၏ အစ်မဖြစ်သူကို သွားရောက်ရှာဖွေပြီး သူမ၏ အကာအကွယ်ကို တောင်းခံရပေတော့မည်။ သူတို့သည် အမှန်တကယ်ပင် ဒုက္ခရောက်နေကြပြီဖြစ်ကြောင်း လူတိုင်းက ဆိုကြလေသည်။
“ဟားဟား... ရှောင်ရှူးရှူး... တခြားကိစ္စတွေ ရှိသေးလား... သူ့အကြောင်း အတင်းအဖျင်းတွေ ကျန်သေးလား..”
ယွင်ဟွားသည် ခေါင်းလှည့်ကာ မျက်လုံးမှိတ်လျက် အနားယူနေသော ကျန်းဝမ်ချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“ရှိတာပေါ့..”
“ပန်းကလေး... နောက်တစ်ခုက နည်းနည်းတော့..”
“ဘာဖြစ်လို့လဲ..”
လူအုပ်ကြီးမှာမူ ပို၍ပင် စိတ်လှုပ်ရှားလာကြလေသည်။
ကျန်းဝမ်ချန်သည် ပိုပို၍ စိုးရိမ်ပူပန်လာ၏။ အကယ်၍ ဤလျှို့ဝှက်ချက်သာ ပေါက်ကြားသွားပါက သူ၏ လုပ်ဖော်ကိုင်ဖက်များသည် သူ့အား သေချာပေါက် လှောင်ပြောင်ရယ်မောကြမည်သာ ဖြစ်သည်။
သေခြင်းရှင်ခြင်းစာအုပ်သည် တမင်သက်သက် ရပ်တန့်လိုက်ပြီး ယွင်ဟွား၏ မျက်လုံးများ အရောင်လက်သွားသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ဆိုလိုက်၏။
“ပန်းကလေး... သူက အပ်ချုပ်အလုပ်နဲ့ ပန်းထိုးတာကို နှစ်သက်တယ်... သူ့ရဲ့ ကျွမ်းကျင်မှုက နင့်ရဲ့ တတိယအစ်မထက်တောင် ပိုသာသေးတယ်... သူ ထိုးထားတဲ့ ပစ္စည်းတွေက အသက်ဝင်နေသလိုပဲ…”
“သူ့အခန်းထဲမှာ ပန်းထိုးတဲ့ ပစ္စည်းတွေနဲ့ ပြီးစီးသွားတဲ့ လက်ရာမြောက်များစွာ ပြည့်နှက်နေတဲ့ အမှောင်ခန်းလေးတစ်ခု ရှိတယ်..”
“လွန်ခဲ့တဲ့ နှစ်အတော်ကြာက မြို့တော်မှာ အခန်းကန့်တစ်ခုကို လေလံတင်ရောင်းချခဲ့ပြီး ဈေးနှုန်းက မိုးထိအောင် မြင့်မားခဲ့တယ်... အဲ့တာကို သူ ကိုယ်တိုင် ထိုးထားခဲ့တာပဲ..”
လူတိုင်းသည် ကျန်းဝမ်ချန်ကို လှည့်ကြည့်လိုက်ကြပြီး အားလုံးမှာ အံ့အားသင့်သွားကြလေသည်။ စစ်ဆေးရေးမှူးကြီးကဲ့သို့သော ယောက်ျားကြီးတစ်ဦးက အမျိုးသမီးများထက်ပင် သာလွန်သော ပန်းထိုးလက်ရာများကို ဖန်တီးနိုင်နေသည် မဟုတ်ပါလား။
ကျန်းဝမ်ချန်၏ မျက်နှာသည် နီရဲသွားပြီး အကယ်၍ မြေကြီးတွင် အက်ကွဲကြောင်းသာ ရှိနေပါက ထိုအထဲသို့ ချက်ချင်း တိုးဝင်ပုန်းကွယ်သွားချင်စိတ် ပေါက်သွားလေသည်။
ဤအရာကိုကြားပြီးနောက် ယွင်ဟွားသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း များမကြာမီ အနည်းငယ် တည်ငြိမ်သွားလေသည်။
“ပန်းကလေး... နင်က ဘာလို့ မရယ်တာလဲ…”
သေခြင်းရှင်ခြင်းစာအုပ်က အနည်းငယ် နားမလည်နိုင်ဖြစ်ကာ ခေါင်းကို ကုတ်လိုက်၏။
“အမတ်ကျန်းက အလကား အချိန်ဖြုန်းနေတာမှ မဟုတ်တာ…အဲ့တာက ဝါသနာသေးသေးလေးတစ်ခုပဲလေ... သူ အဲ့လောက် ကောင်းမွန်စွာ ပန်းထိုးနိုင်ခြင်းက သူ ဘယ်လောက်တောင် ကြိုးစားအားထုတ်ထားသလဲဆိုတာကို ပြသနေတာပဲ..”
“အနည်းဆုံးတော့ သူက တာဝန်ထမ်းဆောင်ရာမှာ အမှားအယွင်း တစ်စုံတစ်ရာမှ မရှိဘူးလေ... ပြီးတော့ သူ ပန်းထိုးတာကို နှစ်သက်တာက ဘာအမှားမှ မရှိပါဘူး..”
သေခြင်းရှင်ခြင်းစာအုပ်က ပါးစပ်ဟသွားပြီး ပန်းကလေး ပြောသည်မှာ မှန်ကန်နေသကဲ့သို့ ခံစားလိုက်ရသည်။
တင်းကျပ်စွာ မှိတ်ထားသော ကျန်းဝမ်ချန်၏ မျက်လုံးများက ရုတ်တရက် ပွင့်လာလေသည်။
ယွင်ဟွားသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဆက်လက်ပြောဆိုလိုက်၏။
“စာအုပ်လေး... ဒီညီလာခံထဲက အမတ်များစွာမှာ သူတို့ရဲ့ ကိုယ်ပိုင် ထူးဆန်းတဲ့ အကျင့်လေးတွေ ရှိနေမယ်လို့ ငါ လောင်းရဲတယ်... အချို့ဆိုရင် သူတို့ ဇနီးသည်တွေရဲ့ အတွင်းခံတွေကို ဝတ်ဆင်ရတာကိုတောင် သဘောကျနေနိုင်တယ်..”
အမတ်တစ်ဦးက နောက်သို့ တွန့်ဆုတ်သွားလေသည်။
“အချို့ဆိုရင် မိန်းမလျာတွေလို ဝတ်ဆင်တတ်ပြီး တိတ်တဆိတ် မိတ်ကပ်လိမ်းကာ အမျိုးသမီးတွေလို ဝတ်စားဆင်ယင်တတ်ကြတယ်..”
အခြားအမတ်တစ်ဦး၏ မျက်နှာမှာမူ နီရဲသွား၏။
“အနံ့ဆိုးတဲ့ ခြေအိတ်တွေ ဒါမှမဟုတ် အနံ့ဆိုးတဲ့ အတွင်းခံတွေကို စုဆောင်းရတာ နှစ်သက်တဲ့ စုဆောင်းသူတွေလည်း ရှိသေးတယ်... အော် ဟုတ်သားပဲ... ကျောက်ခဲတွေကို လျက်တာတို့... သစ်ခေါက်တွေကို စားတာတို့... နှာခေါင်းထဲက အညစ်အကြေးတွေကို စားတာတို့လို ထူးဆန်းတဲ့ စားသောက်မှုအကျင့် ရှိတဲ့သူတွေအကြောင်းကိုလည်း ငါ ကြားဖူးတယ်..”
ယခုမူ ပို၍များပြားသော အရာရှိများ၏ မျက်နှာများမှာ နီရဲလာကြလေပြီ။
"အမတ်ငယ်ယွင်... ကျေးဇူးပြု၍ ဆက်မပြောပါနှင့်တော့..." ဟု အရာရှိများက စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ကြသည်။
“ပန်းကလေး... ရပ်လိုက်ပါတော့…”
သေခြင်းရှင်ခြင်းစာအုပ်သည် အနည်းငယ် တုန်ယင်သွား၏။
“အဲ့ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အမတ်ကျန်းက ပန်းထိုးတာကို နှစ်သက်တာက ရယ်စရာ မဟုတ်တော့ဘူး... အနည်းဆုံးတော့ အဲ့တာက ပုံမှန်ပဲလို့ ထင်ရတယ်..”
ယွင်ဟွားက ခေါင်းညိတ်လိုက်လေသည်။
“ရှောင်ရှူးရှူး... ငါတို့တွေ ပြန်လည်မွေးဖွားခြင်းရေတွင်းရှေ့မှာ ထိုင်ပြီး တခြားကမ္ဘာတစ်ခုက အတင်းအဖျင်းတွေကို တိတ်တဆိတ် ခိုးကြည့်ခဲ့ကြတာကို မှတ်မိသေးလား... အဲ့ဒီမှာ အပ်ချုပ်တဲ့ အမျိုးသား တော်တော်များများ ရှိခဲ့ပြီး သူတို့က အရမ်းကို နာမည်ကြီးကြတယ်... သူတို့ရဲ့ အဝတ်အစားတွေကလည်း မယုံနိုင်လောက်အောင်ကို လှပကြတယ်..”
“ပန်းကလေး... နင် ပြောတာ မှန်တယ်... ဒီခေတ်မှာက အမျိုးသားတွေနဲ့ အမျိုးသမီးတွေအပေါ်မှာ ကန့်သတ်ချက်တွေ အရမ်းများလွန်းတယ်..”
သေခြင်းရှင်ခြင်းစာအုပ်က သက်ပြင်းချလိုက်၏။
ရုတ်တရက်... သေခြင်းရှင်ခြင်းစာအုပ်၏ မျက်လုံးများ အရောင်လက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။
“ပန်းကလေး... ငါတို့ ဒီကမ္ဘာကြီးကို ပြောင်းလဲလိုက်ရင်ရော ဘယ်လိုလဲ..”
ယွင်ဟွားသည် သီးသွားပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်အား 'နင် ဘယ်လိုထင်နေလို့လဲ' ဟူသော နက်နဲသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
ဤသည်မှာ မတူညီသော ခေတ်ကာလနှစ်ခုဖြစ်ပြီး နက်ရှိုင်းစွာ အမြစ်တွယ်နေသော အတွေးအခေါ်များကို
ညတွင်းချင်း ပြောင်းလဲပစ်ရန် မဖြစ်နိုင်ပေ။
သို့မဟုတ်ပါက အမတ်ကျန်းသည် တိတ်တဆိတ် ပန်းထိုးနေမည် မဟုတ်ပေ။
သေခြင်းရှင်ခြင်းစာအုပ်က စကားမှားသွားမှန်း သိလိုက်ရသဖြင့် လျှာကို ထုတ်လိုက်လေသည်။
ဤအချိန်တွင် နန်းတွင်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများသည် ကျန်းဝမ်ချန်ထံမှ သူတို့၏ အာရုံကို လွှဲလိုက်ကြ၏။ အမတ်ငယ်ယွင်ကိုယ်တိုင်ကပင် သူ့အတွက် စကားပြောပေးထားပြီးဖြစ်ရာ သူတို့သည် သူ့အား ဆက်လက် လှောင်ပြောင်ရယ်မောဝံ့ခြင်း မရှိကြတော့ပေ။
မည်သို့ပင်ဖြစ်စေ... သူတို့ကိုယ်တိုင်တွင်လည်း မရိုးသားသော ဝါသနာများ ရှိနေကြသည် မဟုတ်ပါလား။
ကျန်းဝမ်ချန်သည် မတ်မတ်ထိုင်လိုက်ပြီး ယွင်ဟွားအား ချစ်ခင်မြတ်နိုးသော အမူအရာဖြင့် ကြည့်လိုက်လေသည်။
မယ်တော်ကြီးက သူမကို အလွန်သဘောကျနေသည်မှာ အံ့သြစရာ မဟုတ်ပေ။ သူလည်း သူမကို သဘောကျလေသည်။
သူက ပန်းထိုးခြင်းကို နှစ်သက်နေတော့ကော ဘာဖြစ်သနည်း။ သူ၏ ပန်းထိုးလက်ရာများသည် လေလံပွဲတွင် မိုးထိအောင် မြင့်မားသော ဈေးနှုန်းများ ရရှိနိုင်သည် မဟုတ်ပါလား။
နောက်တစ်နေ့ကျရင် ဤပစ္စည်းတွေ အားလုံးကို ဤမိန်းကလေးဆီ ပေးလိုက်ဦးမည်... ဟု သူက တွေးလိုက်၏။
ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ ဦးလေးဖြစ်သူအား ကြည့်ရန်ပင် အလွန် ရှက်ရွံ့နေခဲ့၏။ ယခင်ကဆိုလျှင် ဖော်ထုတ်ခံရခြင်းမှ ရှောင်ရှားနိုင်ရန် သတိလစ်ဟန်ဆောင်နေခဲ့မည့်သူမှာ သူပင် ဖြစ်သော်လည်း ယခုမူ ဤမိန်းကလေးက သူ့အတွက် စကားပြောပေးလိုက်သောအခါ သူသည် ချက်ချင်းပင် တက်ကြွလာလေသည်။
“ပန်းကလေး... အဲ့ဒါဆိုရင် ငါတို့ သူ့ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးလိုက်ကြရအောင်…ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ အကြီးဆုံးမြေးမလေး ကျန်းစီကျင်းက နင့်အစ်ကိုရဲ့ အနာဂတ်ဇနီးလောင်းပဲလေ..”
ဤစကားများ ထွက်ပေါ်လာသောအခါ…
ကျန်းဝမ်ချန်မှာ အံ့အားသင့်သွားလေသည်။
ယွင်ရှောင်ထျန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။
ချန်ကျဲဟန်က သွားတစ်ချက် စုပ်သပ်လိုက်သည်။ နောက်ထပ် ဆွေမျိုးတစ်ယောက် အဖွဲ့ထဲ ဝင်လာပြန်ပြီ ဖြစ်၏။
မင်းသားစုမှာမူ စိတ်ထဲတွင် တိတ်တဆိတ် ငိုကြွေးနေလေသည်။ ဤကောင်စုတ်လေး... ယခုအချိန်တွင် မင်းက သူ့ကို တစ်ချက်လေးတောင် မမြင်ရသေးဘဲ သူ၏ ဆွေမျိုးများအဖွဲ့ထဲသို့ တိုးဝင်ရန်မှာ မဖြစ်နိုင်သေးပေ။
ဖခင်ဖြစ်သူ ကျန်းဝမ်ချန်၏ အနီးတွင် ရှိနေသော ထုံးတမ်းစဉ်လာရေးရာဌာန၏ လက်ဝဲဒုတိယဝန်ကြီး ကျန်းကျိယန်မှာမူ လုံးဝ အံ့အားသင့်သွားလေသည်။
*သူ ဘာကို ကြားလိုက်ရတာလဲ…*
*သူ့ရဲ့အကြီးဆုံးသမီးက တကယ်ပဲ ယွင်ရှောင်ထျန်းရဲ့ ချွေးမ ဖြစ်လာမည်လား…*
သူသည် ယွင်ရှောင်ထျန်း၏ အကြီးဆုံးသားကို ယခင်က မြင်ဖူးသကဲ့သို့ ရှိ၏။ သူသည် ရုပ်ရည်ချောမောကာ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးပျူငှာသူဖြစ်သည်။ အံ့မခန်းဖွယ် ပါရမီများရှိပြီး ကျူးရန်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
သူသည် ထိပ်တန်းပညာတတ်ဘွဲ့ကို ဆွတ်ခူးနိုင်ရန်အတွက် နောက်နှစ်တွင် ကျင်းပမည့် ပြည်နယ်နှင့် နန်းတွင်း စာမေးပွဲများကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်၏။
ထို့အပြင် သူ သိထားသလောက်ဆိုလျှင် ဤလူငယ်လေးသည် အလွန်ကို ဝိုင်းဝိုင်းလည်နေပြီး နေရာအနှံ့မှ သခင်မများနှင့် မိန်းမငယ်လေးများက ဤအရည်ရွှမ်းသော အသားတုံးလေးကို မျက်စိကျနေကြခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ ဤကဲ့သို့ အကျိုးအမြတ်များသော အခွင့်အရေးကြီးက သူ၏ အိမ်တော်ထဲသို့ ကျရောက်လာခဲ့လေသည်။
*ဟားဟားဟား..*
သူသည် နောက်ဆုံးတွင် အမတ်ငယ်ယွင်၏ အစွမ်းထက်သော ကျောထောက်နောက်ခံကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်၏။
ညီလာခံအပြီးတွင် ဤကောင်းမွန်သော ဖူးစာကို မဖျက်ဆီးမိစေရန်အတွက် သူ၏ သမီးဖြစ်သူအား မည်သည့် ထိမ်းမြားလက်ထပ်မှုမျိုးကိုမျှ စီစဉ်မပေးရန် သူ၏ ဇနီးကို သတိပေးရပေတော့မည်။
“ငါ... ငါ့အစ်ကိုကြီးရဲ့ ဇနီးတဲ့လား..”
ယွင်ဟွားသည် ဤသတင်းကြောင့် ဆွံ့အသွားလေသည်။ သူမ အစ်ကိုကြီး၏ ချစ်သူက ဤမျှမြန်ဆန်စွာ ရောက်လာခဲ့ပြီ မဟုတ်ပါလား။
“ဟုတ်တယ်..”
သေခြင်းရှင်ခြင်းစာအုပ်ပင်လျှင် အံ့အားသင့်နေခဲ့၏။ ကျန်းဝမ်ချန်၏ မြေးမလေးက ရှောင်ဟွားဟွား၏ အနာဂတ် ယောင်းမဖြစ်လာလိမ့်မည်ဟု ၎င်းက တစ်ခါမှ မတွေးထားခဲ့ဖူးပေ။
လူတိုင်းက ကျန်းမိသားစုမှ သားအဖနှစ်ဦးအား မနာလိုစွာဖြင့် စိုက်ကြည့်နေကြလေသည်။
အမတ်ငယ်ယွင်နှင့် အခြားသူများသည် ဤအရာကို အိပ်မက်ပင် မမက်ရဲကြပေ။ မည်သို့ပင်ဆိုစေကာမူ မင်းသားစုသည် သူတို့အား သားကောင်ကို ကြည့်သည့် အကြည့်မျိုးဖြင့် စောင့်ကြည့်နေသည် မဟုတ်ပါလား။
သို့သော် ယွင်မိသားစုတွင် အိမ်ထောင်မပြုရသေးသော သခင်မလေး နှစ်ဦး ကျန်ရှိနေသေးသည်။
မဖြစ်သေးပေ။ သူတို့က အရင်ဆုံး လက်ဦးမှု ရယူရပေမည်။
နန်းတွင်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများသည် ဧကရာဇ်အား မျှော်လင့်ချက်အပြည့်ပါသော မျက်လုံးများဖြင့် ကြည့်လိုက်ကြရာ "ညီလာခံ ပြီးဆုံးပါပြီ" ဟူသော သတင်းစကားကို ရှင်းလင်းစွာ ဖော်ပြနေလေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် ထိုကဲ့သို့သော အကြည့်များကို မခံစားနိုင်တော့သဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။
"ညီလာခံ ရပ်နားပြီ..."
လူအုပ်ကြီးက သူတို့၏ ဝတ်ရုံများကို မကာ ခွေးများထက်ပင် မြန်ဆန်စွာ ပြေးထွက်သွားကြလေသည်။
"ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ... ပွဲကောင်း တစ်ခုခုများ ဖြစ်တော့မှာလား..."
ယွင်ဟွားသည် အမြဲတမ်း အတင်းအဖျင်းများ၏ ရှေ့တန်းတွင် ရှိနေတတ်သူဖြစ်ရာ သူတို့အားလုံး ပြေးထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူမသည်လည်း စကားတစ်ခွန်းမျှ မဆိုဘဲ သူမ၏ ဝတ်ရုံကို မကာ နောက်မှ လိုက်သွားလေသည်။
သူမသည် ညီလာခံခန်းမကြီးထဲမှ ထွက်ထွက်ချင်းပင် ကြီးမားသော လက်တစ်ဖက်က သူမ၏ ခေါင်းပေါ်သို့ ဖိချလာ၏။
"တူမလေး... မင်းက ဘာလို့ ပြေးနေတာလဲ..."