← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃) အံ့သြတုန်လှုပ်ဖွယ်သတင်းနှင့် ကိုယ်လုပ်တော်လီနောက်သို့ လိုက်ခြင်း

"ဦးလေး... ဦးလေး..."

ယွင်ဟွားသည် ဒေါသတကြီးဖြင့် သူ၏လက်ကို ရိုက်ဖယ်လိုက်ပြီး အမတ်များနောက်သို့ ဆက်လက်လိုက်လံရန် လှည့်ထွက်သွားလေသည်။

"ရပ်လိုက်စမ်း..."

ဤတစ်ကြိမ်တွင် ချွေ့ရှီယန်က သူမ၏ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်သဖြင့် သူမမှာ မလှုပ်ရှားနိုင်တော့ပေ။

ယွင်ဟွားက အချည်းနှီး ရုန်းကန်လိုက်ပြီးနောက် ခါးထောက်လျက် သူမ၏ ဦးလေးကို ဒေါသတကြီး စူးရဲစွာ ကြည့်လိုက်၏။

“တခြားသူတွေရဲ့ အတင်းအဖျင်းတွေကို ဖျက်ဆီးမယ်ဆိုရင် သတိထား... ငါ အဒေါ်ဆီသွားပြီး ဦးလေးကို ဒုက္ခရောက်အောင် လုပ်မယ်... ကြမ်းပြင်ပေါ်မှာ အိပ်ရလိမ့်မယ်..”

“ပန်းကလေး ပြောတာ မှန်တယ်... ဒီတစ်ကြိမ် နင့်ဦးလေး သူ့ရဲ့ လျှို့ဝှက်ပိုက်ဆံတွေကို ဘယ်မှာ ဝှက်ထားလဲဆိုတာ ကြည့်ရအောင်... အကုန်လုံးကို ရှာဖွေပစ်မယ်…”

“ဟုတ်တယ်... ရှာကြမယ်…”

တရားသူကြီး၏စုတ်တံက လူကို ခွဲခြားသိမြင်ရန် ခေါင်းပြူထွက်လာပြီးနောက် အလျင်အမြန်ပင် ပြန်ဝင်သွားလေသည်။

ချွေ့ရှီယန်က စိတ်ပျက်လက်ပျက်ဖြင့် ရယ်မောလိုက်လေသည်။

သူ၏ လျှို့ဝှက်ပိုက်ဆံများ ရှာဖွေတွေ့ရှိခံရသည်မှာ သုံးကြိမ်တိုင်တိုင် ရှိနေပြီ ဖြစ်၏။

ထိုအချိန်မှစ၍ သူ၏ ပိုက်ဆံအိတ်သည် သူ့မျက်နှာထက်ပင် ပို၍ ပြောင်စင်နေတော့သည်။

ချွေ့ရှီယန်က ကောင်မလေး၏ ပါးကို ဆွဲညှစ်လိုက်သည်။ ယွင်ရှောင်ထျန်းမှာ ကျန်းမိသားစု သားအဖ၏ တားဆီးခြင်းကို ခံထားရသဖြင့် သူသည် ဤကောင်မလေးကိုသာ လာရှာနိုင်တော့သည်။

"ကဲ... နှုတ်ခမ်းဆူမနေနဲ့တော့..."

ယွင်ဟွားက အံကြိတ်ထားသည့်ပုံစံသို့ ပြောင်းလဲသွား၏။

"ဖူး..."

ချွေ့ရှီယန်မှာ အသံထွက်အောင် ရယ်မောမိသွားပြီး

"အံမကြိတ်ပါနဲ့... မနေ့က မင်းရဲ့ အဘွားဆီက စာတစ်စောင် ရခဲ့တယ်... သူတို့ အလွန်ဆုံး ဆယ်ရက်အတွင်း မြို့တော်ကို ပြန်ရောက်လာလိမ့်မယ်... နောက်မှ အိမ်ပြန်ရောက်ရင် မင်းအမေကို ပြန်ပြောပြဖို့ မှတ်ထားဦး..."

ဤသည်ကို ကြားလိုက်ရချိန်တွင် ယွင်ဟွားခမျာ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရလေသည်။

သူမ၏ အသံမှာ အနည်းငယ် တုန်ယင်နေပြီး နှုတ်ခမ်းများလည်း တုန်လှုပ်နေကာ အချိန်အတော်ကြာမှသာ စကားတစ်ခွန်းကို ထွက်ကျလာ၏။

"အဘိုး... အဘိုးလည်း အဘွားနဲ့အတူ ပြန်လာတာလား..."

"မဟုတ်လို့လား..."

ချွေ့ရှီယန်က ပြန်မေးလိုက်ရာ ကောင်မလေး၏ မျက်နှာပေါ်ရှိ စိတ်ဝင်စားဖွယ် ပြောင်းလဲမှုများကို မြင်တွေ့လိုက်ရသည်။

ဤကောင်မလေးသည် ကောင်းကင်နှင့် မြေကြီးကိုပင် မကြောက်တတ်သော်လည်း သူမ၏ အဘိုးကိုမူ ကြောက်ရွံ့လေသည်။

နင်းအန်းနယ်စားပင်ဖြစ်၏။

ထိုစေ့စပ်သေချာလှသော အဘိုးကြီးသည် ရှောင်ဟွားဟွားကို ကိုင်တွယ်ရန် နည်းလမ်းတစ်ခုတည်းသာ လိုအပ်သည်။ ၎င်းမှာ လက်ရေးလေ့ကျင့်ခြင်းပင် ဖြစ်၏။

သူမ၏လက်ရေး သပ်ရပ်လှပစေရန်အတွက် သူမ၏ ဖခင်သည် လက်ရေးလေ့ကျင့်ခန်းစာအုပ် တစ်သေတ္တာလုံးကို စုဆောင်းရန် အလွန်ပင် ကြိုးပမ်းခဲ့ရသည်။

ဤဘဝတွင် သူ၏ တစ်ခုတည်းသော ဆန္ဒမှာ ရှောင်ဟွားဟွား၏ လက်ရေးနှင့် အဆုံးတိုင်အောင် တိုက်ပွဲဝင်ရန်ပင် ဖြစ်လေသည်။

"မင်း... မင်း တစ်မျက်နှာမှ မရေးရသေးဘူး မဟုတ်လား..."

ချွေ့ရှီယန်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

ယွင်ဟွား၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး ရင်ဘတ်ကို ဖက်ထားကာ ယိုင်နဲ့နဲ့ ဖြစ်သွားလေသည်။

“ဒါဆိုရင်... ဒါဆိုရင် မင်းကိုယ်မင်းသာ ဆုတောင်းနေလိုက်တော့..."

ချွေ့ရှီယန်က သူမ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် ရလဒ်ကို ခန့်မှန်းမိလိုက်သည်။

သူ၏ ဖခင်နှင့် မိခင်တို့သည် လွန်ခဲ့သော နှစ်ဝက်ခန့်က ဘိုးဘွားများကို ဂါရဝပြုရန် ဇာတိရွာသို့ ပြန်သွားခဲ့ကြပြီး ခရီးထွက်ရန် အခွင့်အရေးကိုလည်း ယူခဲ့ကြသည်။

မထွက်ခွာမီ သူသည် ယွင်အိမ်တော်သို့ သွားကာ ရှောင်ဟွားဟွားအား တစ်ရက်လျှင် လက်ရေးတစ်မျက်နှာ လေ့ကျင့်ရန် တာဝန်ပေးခဲ့၏။ အပေးအယူ အနည်းငယ် လုပ်ပြီးနောက်တွင်မူ တာဝန်မှာ နှစ်ရက်လျှင် တစ်မျက်နှာသို့ ပြောင်းလဲသွားခဲ့သည်။

နှစ်ဝက်ဆိုသည်မှာ ရက်ပေါင်း ၁၈၀ ခန့်ဖြစ်ပြီး လက်ရေးလေ့ကျင့်ခန်း ၉၀ ရွက် ဖြစ်သည်။

ကောင်မလေး... မင်း ညတစ်ညလုံး ငိုပြီး အိမ်စာတွေကို ပြီးအောင် လုပ်ရတော့မည်သာ ဖြစ်၏။

"ဦးလေး... ဒါက မမှန်ဘူးလို့ သမီးကို ပြောပါ... အဘိုးက အဲ့လောက်အမြန် ပြန်မလာလောက်ပါဘူးနော်..."

သူတို့ ပြန်မလာမီ တစ်နှစ်ခန့် ခရီးထွက်မည်ဟု သူမ၏ အဘွား ပြောခဲ့သည်ကို သူမ မှတ်မိနေသည်။

ချွေ့ရှီယန်က သူမ၏ ပခုံးကို ပုတ်ကာ ခွန်အားပေးလိုက်ပြီး "ဆက်ကြိုးစားပါ... မင်း ဆယ်ရက်အတွင်း အိမ်စာတွေ ပြီးနိုင်မယ်လို့ ဦးလေး ယုံကြည်တယ်... တခြားသူကို အကူအညီတောင်းဖို့တောင် မတွေးနဲ့... တစ်ယောက်ယောက်က မင်းရဲ့ လက်ရေးကို အတုခိုးပြီး ရုပ်ဆိုးအောင် ရေးပေးရင်တောင် မင်းအဘိုးရဲ့ မျက်လုံးတွေက ပေတံလို စူးရှနေတော့ ချက်ချင်း သိသွားလိမ့်မယ်..."

"လိမ်ညာခြင်းရဲ့ အကျိုးဆက်တွေကို စဉ်းစားကြည့်ပါ...အဲ့တာက နှစ်ဆ အပြစ်ပေးခံရမှာနော်..."

ယွင်ဟွားက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ချွေ့ရှီယန်၏ အဝတ်အစားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။

"ဦးလေး... သမီးကို နည်းလမ်းတစ်ခုလောက် စဉ်းစားပေးပါဦး..."

ဆယ်ရက်အတွင်း အပုဒ်ကိုးဆယ် ရေးရမည်ဆိုလျှင် သူမ၏ လက်များ ပျက်စီးသွားပေတော့မည်။

"တူမလေး... ဦးလေးက မကူညီချင်လို့ မဟုတ်ပါဘူး... ဒါပေမယ့် မင်းရဲ့ လက်ရေးက တကယ်ကို ပြိုင်ဘက်ကင်းနေလို့ပါ..."

"ဦးလေးကို အခက်တွေ့အောင် မလုပ်ပါနဲ့..."

ချွေ့ရှီယန်သည် ယွင်ဟွား၏ လက်သေးသေးလေးများကို ခွာချလိုက်ပြီး ထိုနေရာမှ ချက်ချင်း ထွက်ပြေးသွားလေသည်။

အခြားတစ်ဖက်တွင်မူ ယွင်ရှောင်ထျန်းသည် ကျန်းမိသားစု သားအဖထံမှ နောက်ဆုံးတွင် လွတ်မြောက်လာခဲ့ပြီး သူ၏ သမီးလေး စိတ်အားငယ်စွာ ရပ်နေသည်ကို မြင်လိုက်ရသဖြင့် စူးစမ်းလိုစိတ်ဖြင့် သူမထံသို့ သွားလိုက်သည်။

"ဘာဖြစ်လို့လဲ... ဘယ်သူက သမီးကို အနိုင်ကျင့်တာလဲ... အဖေ ကလဲ့စားချေပေးမယ်..."

"အဘိုး..."

ယွင်ဟွားက ပြန်ဖြေလိုက်၏။

ယွင်ရှောင်ထျန်းသည် သူ အကြားအာရုံ မှားယွင်းသွားသည်ဟု သံသယဝင်ကာ အနီးသို့ တိုးကပ်သွားပြီး မသေချာစွာဖြင့် ထပ်မေးလိုက်သည်။

"ဘယ်သူလို့ ပြောလိုက်တာလဲ..."

သို့သော် နောက်တစ်စက္ကန့်တွင် ယွင်ဟွား၏ ငိုကြွေးသံက သူ၏ နားများကို နာကျင်သွားစေသည်။

"အဖေ..."

"အဘိုး ပြန်လာတော့မယ်... သူ ဘာလို့ အဲ့လောက်အမြန် ပြန်လာရတာလဲ..."

ယွင်ရှောင်ထျန်းမှာ အံ့အားသင့်သွားလေသည်။

ထို့နောက် သူသည် အနည်းငယ်မျှ ညှာတာမှုမရှိဘဲ အသံထွက်အောင် ရယ်မောလိုက်တော့သည်။

"ကောင်မလေး... သမီးတော့ ပြဿနာကြီးကြီး တက်ပြီ..."

"အရင်တုန်းက ဆော့ဖို့လောက်ပဲ ဂရုစိုက်ပြီး အခုတော့ ညလုံးပေါက် အိပ်ရေးပျက်ခံပြီး လုပ်ရတော့မယ်လို့ ဘယ်သူကများ ပြောထားလို့လဲ..."

ထို့နောက် ယွင်ရှောင်ထျန်းက သူ၏ သမီးလေး၏ ပခုံးကို တံတောင်ဆစ်ဖြင့် နောက်ပြောင်သည့်ဟန်ဖြင့် တွတ်လိုက်ပြီး

"အဖေက သမီးကို တကယ် ကူညီချင်ပါတယ်... ‌ဒါပေမယ့် သမီးရဲ့ အဘိုးက အရမ်းအစွမ်းထက်တော့ အဖေတို့ သူ့ကို မနိုင်နိုင်ဘူးလေ..."

"‌ဒါ့ကြောင့် ကောင်မလေး... ဖြတ်လမ်းကနေ သွားဖို့ မတွေးတာ ပိုကောင်းမယ်..."

ယွင်ဟွားသည် သူမ၏ ဖခင်ကို စူးရဲစွာ ကြည့်လိုက်ပြီး နန်းတော်တံခါးဆီသို့ ဒေါသတကြီး ပြေးသွားလေသည်။

ယွင်ရှောင်ထျန်းသည် ဗိုက်နာသည်အထိ ရယ်မောနေမိပြီး နောက်ဆုံးတွင် သူမအား တစ်ကြိမ်ခန့် မျက်နှာပျက်စေရန် အောင်မြင်သွားခဲ့သည်။

သူ နန်းတော်တံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသောအခါ ဒေါသထွက်လွန်း၍ အံကြိတ်ထားမိလေသည်။

ထိုစက်ဆုပ်ဖွယ်ကောင်းသော ကလေး။

သူတို့က သူ့ကို ထပ်ပြီး စွန့်ပစ်သွားကြပြန်ပြီ။

မြင်းလှည်းအတွင်း၌။

"စတုတ္ထသခင်မလေး... အရသာရှိတဲ့ အစားအစာလေးတွေ စားလိုက်ရင် ဒေါသမထွက်တော့ဘူးပေါ့..."

ထောင်ကျီက မျက်လုံးများ နီရဲနေသော သူမ၏ သခင်မလေးအတွက် ရင်နာစွာဖြင့် ယွင်ဟွားကို ဆက်တိုက် ခွံ့ကျွေးနေလေသည်။

"သခင်ကြီးက တကယ်ပါပဲ... သခင်မလေးကို နှစ်သိမ့်မပေးတဲ့အပြင် ဒုက္ခရောက်နေချိန်မှာ ထပ်ပြီး နှိပ်ကွပ်နေသေးတယ်... သူ သဘောမကောင်းတာပါ..."

ယွင်ဟွားသည် ကြက်ပေါင်ကို အကြီးကြီး တစ်ကိုက် ကိုက်လိုက်ပြီး

"ဟုတ်တယ်... ဟုတ်တယ်... ငါ့ကို နည်းလမ်းရှာပေးမယ့်အစား သူတို့က လှောင်ပြောင်နေကြတယ်..."

"ဒီနေ့ကစပြီး အဘိုးကြီးယွင်နဲ့ သားအဖပတ်သက်မှုကို တစ်ရက်တိတိ ဖြတ်တောက်လိုက်တယ်လို့ ကြေညာတယ်..."

ထောင်ကျီ : …

“ပန်းကလေး... ဘယ်လိုပဲဖြစ်ဖြစ် အဆက်အသွယ်ဖြတ်ပြီးပြီဆိုတော့ အဆုံးထိ သွားကြရအောင်... ဒီနေ့ည နင့်အဘိုးကို သွားရှာပြီး မိသားစုမှတ်တမ်းကနေ နင့်အဖေရဲ့ နာမည်ကို ထုတ်ပစ်ဖို့ ပြောကြမယ်..”

စောစောက အလွန်ပင် ဒေါသထွက်စရာ ကောင်းလှသည်။ အကယ်၍ ထိုအဘိုးကြီးက ၎င်း၏ ပန်းကလေးကို နှိုးလိုက်ခြင်းသာ မဟုတ်လျှင် ၎င်း၏ လက်သည်းများဖြင့် သူ၏ မျက်နှာကို ကုတ်ခြစ်ပစ်မည်သာ ဖြစ်၏။

“မလုံလောက်သေးဘူး”

တရားသူကြီး၏စုတ်တံသည် စိတ်အနှောင့်အယှက် မဖြစ်တော့ဘဲ ချက်ချင်း ထွက်ပေါ်လာကာ ရက်စက်ကြမ်းကြုတ်ဟန်ဖြင့်

“ဟွားဟွား... နင့်အဖေကို အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေမှာ သွားအိပ်ခိုင်းပြီး သေလောက်အောင် ခြောက်လှန့်ပစ်လိုက်မယ်…”

“ဒီအကြံပြုချက်နှစ်ခုလုံး ကောင်းတယ်... နှစ်ခုလုံး ငါ့ရဲ့ ရွေးချယ်စရာစာရင်းထဲမှာ ပါတယ်..”

ယွင်ဟွား၏ မျက်လုံးများတွင် လောဘများ တောက်ပသွားပြီး ပြောလိုက်လေသည်။

“ပြီးတော့ ငါ့ဦးလေးလည်း ငါ့ကို မကူညီခဲ့ဘူး... သူလည်း အတူတူပဲ…”

“ပြောင်းရွှေ့မယ်…”

သေခြင်းရှင်ခြင်းစာအုပ်က ထောက်ခံလိုက်သည်။

“ပြောင်းရွှေ့မယ်…”

တရားသူကြီး၏စုတ်တံကလည်း ထောက်ခံလိုက်သည်။

ထောင်ကျီ : ...

သို့မဟုတ် ဤညတွင် သူမ မအိပ်သင့်ဘဲ ပျော်ပွဲဝင်ဆင်ရန် အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေသို့ သွားသင့်ပေသည်။

ထိုဒေါသကြီးသူ သုံးဦးသည် တစ်စုံတစ်ယောက်အား မည်သို့ ကျီစားရမည်ကို ကြံစည်နေဆဲတွင် မြင်းစီးနေသော ရှောင်ထောင်ဟွာက ရင်းနှီးနေသော ကျောပြင်တစ်ခုကို စူးရှစွာ စိုက်ကြည့်လိုက်လေသည်။

သူမ၏ မျက်နှာကို ဖုံးအုပ်ထားသော်လည်း ကိုယ်ရံတော်တစ်ဦးအနေဖြင့် သူမ ဘယ်သူဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သေးသည်။

"ဝိုး..."

ရှောင်ထောင်ဟွာသည် မြင်းလှည်းတံခါးကို တွန်းဖွင့်လိုက်ရာ သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် တည်ကြည်နေ၏။

"သခင်မလေး... ကိုယ်လုပ်တော်လီက အစေခံမလေးတွေမပါဘဲ တခြားလမ်းဆီကို ခိုးကြောင်ခိုးဝှက် သွားနေတာကို ကျွန်မ အခုလေးတင် မြင်လိုက်တယ်... ပြီးတော့ သူမက ရုပ်ဖျက်ထားသေးတယ်..."

"ကိုယ်လုပ်တော်လီ..."

"တတိယအစ်မရဲ့ အရင်းအချာမိခင်..."

ယွင်ဟွားသည် ကိုယ်လုပ်တော်လီမှ သူမ၏ သခင်အပေါ် သစ္စာဖောက်မည်ဟု ဘယ်သောအခါမှ သံသယမဝင်ခဲ့ပေ။ သူမသည် အလွန်နူးညံ့သိမ်မွေ့သူဖြစ်ပြီး မည်သို့ သင့်လျော်စွာ ပြုမူနေထိုင်ရမည်ကို သိရှိကာ ဟင်းချက်ရာတွင်လည်း အလွန်ကျွမ်းကျင်သည့်အပြင် သူမ၏ မိခင်ကို အိမ်မှုကိစ္စအချို့တွင်ပင် ကူညီပေးသေးသည်။

အကယ်၍ သူမသည် မကောင်းကြံတတ်သူ တစ်ဦးသာ ဖြစ်မည်ဆိုပါက သူမ၏ စာအုပ်လေး၏ စစ်မှန်သော ပုံစံကို လျှို့ဝှက်ချက်တစ်ခုအဖြစ် မည်သို့ သိမ်းဆည်းထားနိုင်မည်နည်း။ သူမကိုယ်တိုင်ပင်လျှင် သူမအား အချိန်ကြာမြင့်စွာကတည်းက တင်းကျပ်စွာ ချုပ်နှောင်ထားမည်သာ ဖြစ်၏။

"ဘာတွေဖြစ်နေလဲဆိုတာကို သိရအောင် သူတို့နောက်ကို လိုက်သွားကြစို့... ကိုယ်လုပ်တော်ကို အနိုင်ကျင့်ခံရအောင် အဖြစ်ခံလို့ မရဘူး..."

ယွင်ဟွားက သေချာပေါက် မသင်္ကာစရာ တစ်ခုခု ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

သူမသည် မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး သခင်နှင့် အစေခံနှစ်ဦးတို့သည် ခြေဖျားထောက်ကာ ဂရုတစိုက်ဖြင့် နောက်မှ လိုက်သွားကြလေသည်။

လမ်းသွယ်လေးတစ်ခုထဲသို့ ကွေ့ဝင်ရန် ပြင်လိုက်စဉ်မှာပင်။

ကံမကောင်းစွာဖြင့် လူတစ်ဦးနှင့် အပြင်းအထန် တိုက်မိသွားလေသည်။

"တတိယအစ်မ..."

"ညီမလေး..."

"ဒီနေရာကို ဘယ်လိုရောက်လာတာလဲ..."

ထိုနှစ်ဦးမှာ တစ်ပြိုင်နက်တည်း စကားပြောလိုက်မိပြီးနောက် အချင်းချင်း၏ ပါးစပ်များကို ရုတ်တရက် အုပ်လိုက်ကြလေသည်။

အခန်း (၁၂၄) ဩဇာအာဏာကြီးမားသော ကိုယ်လုပ်တော်နှင့် ထူးဆန်းသော ဇနီးမောင်နှံ

သူမ၏ အဒေါ်ဖြစ်သူ ကိုယ်လုပ်တော်လီမှာ အမြင်အာရုံမှ ပျောက်ကွယ်လုနီးပါးဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ယွင်ဝေသည် ယွင်ဟွားကို ဆွဲကာ ချက်ချင်းပင် သူမနောက်သို့ လိုက်သွားလေသည်။

"လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက အဒေါ်က ထူးဆန်းနေတယ်... ဒါပေမယ့် ဘာမှတော့ မပြောဘူး... ဘာတွေဖြစ်နေလဲဆိုတာ သိချင်လို့ သူမကို စောင့်ကြည့်နေရင်း ရုပ်ဖျက်ပြီး ထွက်သွားတာကို မြင်လိုက်ရတော့ နောက်ကနေ လိုက်လာခဲ့တာ..."

ယွင်ဟွားက "တိုက်ဆိုင်လိုက်တာ..." ဟု ပြောလိုက်၏။

"တတိယအစ်မ... ညီမလည်း အစ်မနဲ့ အတွေးတူတယ်... ကိုယ်လုပ်တော် ထူးဆန်းနေတာကို သတိထားမိလို့ ဒီနေရာအထိ တိတ်တဆိတ် လိုက်လာခဲ့တာ..."

ထိုနှစ်ဦးက အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် အတင်းအဖျင်းစပ်စုလိုစိတ်များကို သတိပြုမိလိုက်ကြသည်။

ကိုယ်လုပ်တော်လီသည် ဘယ်ညာလှည့်ပတ်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားလေသည်။

ယွင်ဟွားနှင့် အခြားသူများသည် နံရံဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ကြပြီး တစ်ဦးစီက ခေါင်းပြူကာ ချောင်းကြည့်လိုက်ကြ၏။

ကိုယ်လုပ်တော်လီ၏ အရှေ့တွင် သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦး ရပ်နေကြသည်။

အဘွားအိုမှာ စူးရှပြီး ယုတ်မာမည့်ပုံစံရှိသည်။

အဘိုးအို၏ မျက်လုံးများမှာ နောက်ကျိနေပြီး မျက်နှာပေါ်တွင် တွက်ကပ်တတ်သည့် အမူအရာရှိနေ၏။

အဘွားအိုသည် ကိုယ်လုပ်တော်လီကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူမ၏ တွန့်လိမ်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာလေသည်။

"ငါ့သမီးလေး... နင့်မျက်နှာနဲ့ နင့်လက်တွေကို ကြည့်စမ်းပါဦး... နင့်ကိုယ်နင် တကယ်ကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ထားတာပဲ... နင့်အမေလို မဟုတ်ဘူး... ငါက အသက်လည်း ကြီးနေပြီ တချို့အချိန်တွေဆို ငတ်မွတ်နေရသေးတယ်..."

ထိုသို့ပြောပြီးနောက် သူမက ရှေ့သို့ တိုးလာကာ ကိုယ်လုပ်တော်လီ၏ လက်ကို ဆွဲကိုင်လိုက်လေသည်။

ကိုယ်လုပ်တော်လီ၏ မျက်နှာအမူအရာမှာ ရေခဲတမျှ အေးစက်နေပြီး အသံတစ်ချက်မျှ မထွက်ဘဲ နောက်သို့ တစ်လှမ်း ဆုတ်လိုက်၏။

"ပြောစမ်း... ရှင်တို့ အတိအကျ ဘာလိုချင်တာလဲ..."

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူမ၏ မိဘအရင်းများက သူမကို တွေ့ချင်ကြောင်း ရေးသားထားသည့် ထူးဆန်းသော စာတစ်စောင်ကို သူမ ရရှိခဲ့သည်။

ပထမတော့ ၎င်းမှာ နောက်ပြောင်ခြင်းသာဖြစ်မည်ဟုထင်ကာ သူမ လျစ်လျူရှုထားခဲ့၏။

နှစ်ရက်ကြာပြီးနောက် ထိုစာမျိုးကို ထပ်မံရရှိခဲ့ပြီး ဤတစ်ကြိမ်တွင်မူ သူမအပေါ် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို ရှင်းလင်းစွာ မှတ်တမ်းတင်ထားလေသည်။

ယခုအခါတွင်မူ သူမသည် ဤကိစ္စကို အလေးအနက်မထားဘဲ မနေနိုင်တော့ပေ။

သူမ ဘယ်သောအခါမှ မေ့ဖျောက်နိုင်မည်မဟုတ်သည့် ဤမျက်နှာနှစ်ခုကို မြင်လိုက်ရချိန်တွင် အင်္ကျီလက်စွပ်အတွင်း တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သူမ၏ လက်များမှာ ဖြူရော်သွားလေသည်။

မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ယွင်ဟွားနှင့် ယွင်ဝေတို့က ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကြ၏။

သူတို့သည် တကယ်ပင် ကိုယ်လုပ်တော်လီ၏ မိဘအရင်းများပင် ဖြစ်လေသည်။

ကိုယ်လုပ်တော်လီ၏ အေးစက်မှုကို မြင်လိုက်ရသဖြင့် အဘွားအို၏ အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

"ဘာလဲ... နင်က ငါ့ကို ခုလိုမျိုး စကားပြောရတာလား..."

"မေ့မပစ်နဲ့... နင်က ငါ့ဗိုက်ထဲကနေ ထွက်လာခဲ့တာ..."

"နင် ကိုယ်လုပ်တော်တစ်ယောက် ဖြစ်နေပြီမို့ အခုဆို အတော်လေး အဆင်ပြေနေတယ်လို့ ငါ ကြားတယ်... ငါ အများကြီး မတောင်းဆိုပါဘူး... ငွေတုံး သောင်းဂဏန်းလောက်ဆိုရပါပြီ..."

"ငွေတုံးသောင်းဂဏန်းတဲ့လား..."

ကိုယ်လုပ်တော်လီသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူမက ငွေတုံး သောင်းဂဏန်းခန့် တောင်းဆိုသည်ကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာကို တံတွေးဖြင့် ထွေးပစ်ချင်စိတ်မှလွဲ၍ အခြားမရှိတော့ပေ။

အဘွားအိုက ခေါင်းညိတ်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ကပ်နေသော ဆံပင်အနည်းငယ်က လောဘကြီးသော အမူအရာကို ပို၍ ပေါ်လွင်စေသည်။

"နင့်အိမ်တော်မှာ အတော်လေး လှပပြီး ရာထူးကြီးတဲ့ အရာရှိတစ်ယောက်ဖြစ်နေတဲ့ မျက်နှာသာပေးခံရတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်လို့လည်း ငါ ကြားတယ်... သူမကို နင့်တူနဲ့ မိတ်ဆက်ပေးလိုက်ပါ... လက်ထပ်ပြီးသွားရင် သူမရဲ့ ရာထူးကို သူမယောက်ျားဆီ လွှဲပေးခိုင်းလိုက်... မိန်းမတစ်ယောက်က အိမ်မှာနေပြီး လင်ယောက်ျားနဲ့ သားသမီးတွေကို ပြုစုစောင့်ရှောက်ရမယ့်အစား လူလုံးထွက်ပြနေတာက တကယ့်ကို ကိုယ်ကျင့်တရားမဲ့တာပဲ..."

ဤစကားများကို ပြောလိုက်လေသည်။

လူတိုင်းမှာ အံ့အားသင့်သွားကြ၏။

ကိုယ်လုပ်တော်လီ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။

“သူမလား... သူမက ငါ့ကို ပစ်မှတ်ထားနေတာလား…”

ယွင်ဟွားက သူမ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူမ၏ လက်သေးသေးလေးများကို အသံမြည်သည်အထိ အားရပါးရ ဆုပ်ကိုင်ထားလိုက်လေသည်။

“အဲ့စုန်းမကြီးက ဘယ်ကနေ ရောက်လာတာလဲ... တကယ့်ကို အကျည်းတန်တာပဲ... သူမက ငါ့ရဲ့ ပန်းကလေးကိုတောင် တပ်မက်ဝံ့တယ်ပေါ့... သူမကို သတ်လိုက်..”

သေခြင်းရှင်ခြင်းစာအုပ်က မျက်လုံးများကို ပြူးကျယ်ထားလျက် သွားများပေါ်အောင် ဖြဲကာ အဘွားအိုအား ဆဲရေးတိုင်းထွာမှုများကို အဆက်မပြတ် ရေရွတ်လိုက်လေသည်။

တရားသူကြီး၏စုတ်တံသည် နှုတ်ခမ်းများကို စုခဲထားလျက် အော်ဟစ်နေလေသည်။

“ဟုတ်တယ်... သူမကို သတ်လိုက်... သတ်လိုက်... သူမရဲ့ မျက်လုံးတွေကို အရင် ဖောက်ထုတ်ပြီးမှ နှလုံးသားကို ကန်ကျောက်လိုက်…”

ထိုရင်းနှီးနေသော အသံနှစ်ခုကို ကြားလိုက်ရချိန်တွင် ကိုယ်လုပ်တော်လီ၏ ရေခဲတမျှ အေးစက်နေသော မျက်နှာအမူအရာမှာ ချက်ချင်း ပြိုကွဲသွားပြီး သူမ၏ နှုတ်ခမ်းထောင့်များက အချစ်ပိုနေသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

အဘွားအိုဘေးရှိ အဘိုးအိုသည် ကိုယ်လုပ်တော်လီ၏ မျက်နှာအမူအရာကို ဆက်တိုက် အကဲခတ်နေ၏။

အဘွားအို စကားပြောအပြီးတွင် သူမက တကယ်ပင် ပြုံးလိုက်သည်ကို မြင်လိုက်ရသဖြင့် ဤကိစ္စအတွက် မျှော်လင့်ချက်ရှိသည်ဟု သူ ခံစားလိုက်ရသည်။

သူသည် ဝင့်ကြွားစွာဖြင့် ရှေ့သို့ လျှောက်သွားကာ မတ်မတ်ရပ်လိုက်ပြီး ပြုံးဖြီးဖြီး လုပ်လိုက်လေသည်။

သူ ပါးစပ်ဟလိုက်သောအခါ ဝါကြန့်နေသော သွားအချို့ကို မြင်လိုက်ရပြီး ပျို့အန်ချင်စရာကောင်းသော အနံ့ဆိုးများ ထွက်ပေါ်လာ၏။

"ငါ့သမီးလေး... နင်က အခု သခင်မတစ်ယောက်လို ဖြစ်နေပြီဆိုတော့ နင့်အမေနဲ့ ငါ့ကို ဝန်ကြီးချုပ်အိမ်တော်မှာ အေးချမ်းတဲ့ဘဝလေး ခံစားရအောင် ခေါ်မသွားသင့်ဘူးလား... ဘာပဲဖြစ်ဖြစ် ငါက ဝန်ကြီးချုပ်ရဲ့ ယောက္ခမပဲ မဟုတ်လား..."

ကိုယ်လုပ်တော်လီ၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားလေသည်။

တစ်ယောက်က သခင်မလေးယွင်ကို ပစ်မှတ်ထားပြီး နောက်တစ်ယောက်က သခင်ကြီးကို ပစ်မှတ်ထားနေကြသည်။

"ရှင်တို့က... အိပ်မက်မက်နေကြတာလား..."

ကိုယ်လုပ်တော်လီသည် သူ့အား ရွံရှာဖွယ်ကောင်းစွာဖြင့် အထက်အောက် ကြည့်လိုက်ပြီး လက်ပိုက်ကာ ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်၏။

"ကိုယ့်ကိုယ်ကိုယ် ဘာလဲဆိုတာ မသိဘူးလား... သခင်ကြီးမှာ နင်းအန်းနယ်စားဆိုတဲ့ တကယ့်ကို သင့်လျော်တဲ့ ယောက္ခမတစ်ယောက် ရှိပြီးသားပဲ..."

"ရှင်တို့လို ချေးတစ်ပုံလောက်တောင် အသုံးမကျတဲ့သူတွေက သခင်ကြီးရဲ့ ယောက္ခမလို့ ဘယ်လိုလုပ် သုံးနှုန်းရဲရတာလဲ..."

ကိုယ်လုပ်တော်လီသည် သူမ၏ မိဘအရင်းများကို သေသည်အထိ မုန်းတီးလေသည်။

သူမသည် အလွန်ငယ်ရွယ်စဉ်ကတည်းက အရိုက်ခံ၊ အဆဲခံခဲ့ရသည်။ အကယ်၍ ရွာသူကြီးကသာ သူမကို မကယ်တင်ခဲ့ပါက သူမသည် အချိန်ကြာမြင့်စွာကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်၏။

သူမ အနည်းငယ် ကြီးပြင်းလာသောအခါ သူမ၏ မိဘများသည် ငွေအတွက် အသက်ဆယ့်သုံးနှစ်အရွယ်မျှသာ ရှိသေးသော သူမကို ပြည့်တန်ဆာရုံသို့ ရောင်းစားခဲ့ကြသည်။ သူမ မည်မျှပင် တောင်းပန်ခဲ့သော်လည်း သူမ၏ မိဘများမှာ ဂရုမစိုက်ဘဲ ကြိုးတုပ်ကာ ထိုနေရာသို့ ပို့ဆောင်ခဲ့ကြလေသည်။

သခင်မလေးနှင့် သခင်ကြီးတို့ ပေါ်လာမှသာလျှင် သူမသည် ပြည့်တန်ဆာခေါင်းမ၏ လက်တွင်းမှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။

"နင့်အဖေကို ခုလိုစကားမျိုး ပြောရဲတယ်ပေါ့လေ..."

အဘိုးအိုက ဒေါသတကြီးဖြင့် တံတွေးထွေးချလိုက်သည်။

"ဘာလဲ... နင် အခု ဘဝကောင်းလေး ရနေတော့ နင့်ရဲ့ ကိုယ်ပိုင်မိဘတွေကို မေ့သွားပြီလား... အဲ့ဒီတုန်းကသာ ငါတို့ နင့်ကို ပြည့်တန်ဆာရုံကို မပို့ခဲ့ရင် နင့်ကို ချမ်းသာတဲ့ မိသားစုက သခင်မလေးတစ်ယောက် တွေ့ပြီး ခေါ်သွားမှာ မဟုတ်ဘူး... နင် အခုလို ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး..."

"ကျေးဇူးကန်းတဲ့ ကောင်မ... ငါကတော့ ဝန်ကြီးချုပ်အိမ်တော်မှာ သွားနေမှာပဲ... အကယ်၍ နင် သဘောမတူရင် ဝန်ကြီးချုပ်က ငါ့သမီးကို လက်ထပ်ပြီး ငါ့ကို ယောက္ခမအဖြစ်တောင် အသိအမှတ်မပြုတဲ့ ကျေးဇူးကန်းသူဆိုတာ မြို့တော်တစ်ခုလုံး သိအောင် ရုတ်ရုတ်သဲသဲ လုပ်ပစ်မယ်..."

"ရုတ်ရုတ်သဲသဲလုပ်မယ် ဟုတ်လား..."

ကိုယ်လုပ်တော်လီက လှောင်ပြောင်လိုက်ရာ သူမ၏ သတ်ဖြတ်လိုသော အငွေ့အသက်များ ပိုမို ပြင်းထန်လာလေသည်။

"ရှင်တို့ ငါ့ကို ပြည့်တန်ဆာရုံထဲ ရောင်းစားလိုက်တဲ့ အချိန်ကစပြီး ငါနဲ့ ရှင်တို့နဲ့ ဘာမှမပတ်သက်တော့ဘူး..."

"အခု ရှင်တို့က ငါ့မိဘတွေလို့ ခေါ်ရဲသေးတယ်ပေါ့... အဲ့လိုလုပ်ဖို့ ရှင်တို့ကို ဘယ်သူက သတ္တိပေးလိုက်တာလဲ..."

ထိုသို့ပြောပြီးနောက် ကိုယ်လုပ်တော်လီက ရင်ဘတ်ထဲမှ ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ လက်ထဲတွင် ကစားနေလိုက်၏။

ဓားသွားထိပ်မှ ရောင်ပြန်ဟပ်နေသော အေးစက်စူးရှသည့် အလင်းရောင်ကြောင့် ထိုဇနီးမောင်နှံမှာ နောက်သို့ တစ်လှမ်း ဆုတ်သွားကြလေသည်။

"ဘာ... ဘာလုပ်ချင်လို့လဲ..."

အဘွားအို၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု လင်းလက်သွားလေသည်။

သို့သော်လည်း အဘိုးအိုကမူ ၎င်းကို အလေးအနက် မထားပေ။ သူ၏ ခန္ဓာကိုယ် သေးငယ်သော်လည်း နှစ်ပေါင်းများစွာ ကြမ်းတမ်းသော အလုပ်များကို လုပ်ကိုင်လာခဲ့သဖြင့် အလွန် သန်မာနေဆဲ ဖြစ်သည်။

အထူးသဖြင့် သူတို့ဘက်တွင် လူနှစ်ယောက်ရှိနေပြီဖြစ်ရာ အလိုလိုက်ခံထားရသော ကိုယ်လုပ်တော်တစ်ယောက်ကို ဘာကြောက်စရာရှိမည်နည်း။

"နင့်အဖေကို ခြောက်လှန့်ရဲတယ်ပေါ့လေ... ဒီနေ့ နင့်ကို ပညာပေးရမယ်..."

အဘိုးအိုသည် ပို၍ ကြမ်းကြုတ်လာသော အကြည့်များဖြင့် ကိုယ်လုပ်တော်လီထံသို့ လျှောက်သွားလေသည်။

ယွင်ဟွားမှာ အနည်းငယ် စိတ်လှုပ်ရှားနေ၏။

သူ ခြေနှစ်လှမ်းသာ လှမ်းရသေးချိန်တွင် ကိုယ်လုပ်တော်လီက ပြုံးစစလုပ်ကာ လေထဲတွင် လှည့်ပတ်ကန်ကျောက်လိုက်ရာ သူ့ကို မြေပြင်ပေါ်သို့ လဲကျသွားစေလေသည်။

"အကွက်လှလိုက်တာ..."

"ကောင်းတယ်..."

ယွင်ဟွားနှင့် ယွင်ဝေတို့သည် လက်ခုပ်တီးရန်ပင် မစောင့်နိုင်တော့ပေ။

ထောင်ကျီနှင့် ရှောင်ထောင်ဟွာတို့မှာ အံ့အားသင့်စွာဖြင့် မျက်လုံးပြူးကာ ကြည့်နေကြလေသည်။

ကိုယ်လုပ်တော်လီကို သူမ၏ မိခင်က နယ်စားအိမ်တော်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း ယွင်ဟွားသည် ရှင်ခြင်းသေခြင်းစာအုပ်ထံမှ အချိန်အတော်ကြာကတည်းက သိရှိထားခဲ့သည်။ သူမ၏ ပထမဆုံး တောင်းဆိုချက်မှာ သူမကိုယ်သူမ ကာကွယ်နိုင်ရန်နှင့် အနိုင်ကျင့်မခံရစေရန် သိုင်းပညာအချို့ သင်ယူရန်ပင် ဖြစ်သည်။

"အဘိုးကြီး..."

အဘွားအိုသည် အဘိုးအိုကို ကူညီရန် အပြေးအလွှား သွားလိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ ဒေါသထွက်နေလျက် ပြောလိုက်၏

“"နင့်အဖေကို ဘယ်လိုတောင် ကန်ရဲရတာလဲ..."

မြေပြင်ပေါ်သို့ ကန်ချခံလိုက်ရသော အဘိုးအိုက ကိုယ်လုပ်တော်လီကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ရင်ဘတ်ကို ဖက်ကာ ချောင်းဆိုးလိုက်လေသည်။

ကိုယ်လုပ်တော်လီက သူတို့ကို ရွံရှာဖွယ်ကောင်းစွာ တစ်ချက်ကြည့်လိုက်ပြီး လက်ထဲရှိ ဓားမြှောင်ကို မှုတ်လိုက်လေသည်။

"ငါ အသိအမှတ်မပြုသရွေ့ သူက ဘာမှမဟုတ်ဘူး..."

"ငါ လီအယ်ကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ တကယ်ထင်နေတာလား... ယုံချင်ယုံ မယုံချင်နေ ရှင်တို့ ဒီနေရာကနေ အသက်ရှင်လျက် ဘယ်တော့မှ ထွက်မသွားနိုင်စေရဘူး..."

သူမ စကားပြောအပြီးတွင်…

အဘွားအိုမှာ တုန်ရီသွားလေသည်။ သူမသည် သူတို့ မှတ်မိနေသော ကြောက်ရွံ့တတ်သည့် မိန်းကလေးနှင့် လုံးဝ ကွဲပြားနေလေပြီ။

အဘိုးအို၏ မျက်လုံးများထဲတွင် ရက်စက်ယုတ်မာသည့် အရိပ်အယောင်တစ်ခု ပေါ်လာ၏။

"ကောင်းပြီလေ... နင် လုပ်နိုင်တယ်ပေါ့... ငါ့ကို ဒီနေရာကနေ ထွက်မသွားနိုင်အောင် နင် လုပ်မယ်ပေါ့လေ... ယုံချင်ယုံ မယုံချင်နေ... မနက်ဖြန်ကျရင် အဲ့ဒီဝန်ကြီးချုပ်က သူ့ရာထူးကနေ ကျသွားပြီး လူတိုင်းရဲ့ ကျိန်ဆဲမှုကို ခံရစေရမယ်..."

ကိုယ်လုပ်တော်လီမှာ ခဏတာမျှ မှင်တက်သွားလေသည်။

ယွင်ဟွားသည် သူမ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အတွေးထဲ နစ်မြောသွားပုံရသည်။

All Chapters