← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅) ညီအစ်မများ တိုက်ခိုက်ခြင်းနှင့် နောက်ကွယ်မှလူ

ကိုယ်လုပ်တော်လီသည် သူမ၏ မိခင်နှင့်အတူ ဆယ်ကျော်သက်အရွယ်ကတည်းက ရှိနေခဲ့ပြီး ယခုအခါတွင် အိမ်တော်မှ ထွက်ခဲလှပေသည်။ ဤဇနီးမောင်နှံက ကိုယ်လုပ်တော်လီ ဝန်ကြီးချုပ်အိမ်တော်တွင် ရှိနေသည်ကို မည်သို့ သိရှိခဲ့သနည်း။ ထို့အပြင် သူမသည် ဖခင်၏ ကိုယ်လုပ်တော်ဖြစ်ကြောင်းကို မည်သို့ သိရှိခဲ့သနည်း။

ထိုမျှမက သူမ၏ဖခင် အရာရှိဆက်မလုပ်နိုင်အောင် လုပ်မည်ဟုပင် ရဲတင်းစွာ ပြောဆိုဝံ့သေးသည် မဟုတ်ပါလား။

နေရာတိုင်းတွင် ထူးဆန်းမှုများ ပြည့်နှက်နေလေသည်။

သတိပြန်လည်လာပြီးနောက် ကိုယ်လုပ်တော်လီသည်လည်း ဤမေးခွန်းကို စဉ်းစားမိလေသည်။

"ပြောစမ်း... ငါ ဝန်ကြီးချုပ်အိမ်တော်မှာ ရှိနေတယ်ဆိုတာ ရှင်တို့ ဘယ်လို သိတာလဲ..."

သူမ၏ မူလဇာတိမှာ မြို့တော်မှ ခုနစ်ရက်၊ ရှစ်ရက်ခန့် ခရီးကွာဝေးသော ချင်းလုမြို့နယ်တွင် ဖြစ်သည်။ သူမကို သခင်မလေး ခေါ်ဆောင်သွားပြီးနောက်တွင် ထိုသခင်မလေးမိသားစု၏ အစစ်အမှန် နောက်ခံကို သူတို့ လုံးဝ မသိရှိခဲ့ကြပေ။

အဘိုးအို၏ သူငယ်အိမ်များမှာ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး လည်ပင်းကို မတ်ထားကာ ခွန်းတုံ့ပြန်လိုက်၏။

"ငါ ဘယ်လိုသိလဲဆိုတာက ဘာအဓိပ္ပာယ်လဲ... ငါ နင့်ကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့ပြီး ဒီနေရာအထိ စုံစမ်းလာခဲ့တာ... နင်က အဲ့လောက် ကျေးဇူးကန်းပြီး ကိုယ့်ရဲ့ မိဘတွေကိုတောင် လက်ပါဝံ့မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..."

ထိုခွေးမလေးသည် တကယ်ပင် စွမ်းရည်အချို့ ရှိနေလေသည်။ စောစောက အကန်ခံလိုက်ရမှုကြောင့် သူ၏ ရင်ဘတ်ထဲတွင် ပြင်းထန်စွာ နာကျင်နေဆဲ ဖြစ်၏။

"ဘာပဲဖြစ်ဖြစ် နင် ငါတို့ရဲ့ အိုမင်းစွမ်းရဲချိန်မှာ ထောက်ပံ့ပေးပြီး ငွေပေးရမယ်... မဟုတ်ရင် ငါ့ဘက်က ဆုံးရှုံးစရာ ဘာမှမရှိတဲ့အတွက် လူတိုင်းသိသွားအောင် ဝန်ကြီးချုပ်အိမ်တော်မှာ သွားပြီး ရုတ်ရုတ်သဲသဲ လုပ်ပစ်မယ်... အဲ့အခါကျရင် သူလည်း မြို့တော်မှာ ဆက်နေဖို့ မျက်နှာရှိတော့မှာ မဟုတ်ဘူး..."

ယွင်ဟွား၏ လက်များမှာ ဝင်ရောက်လုပ်ကိုင်ချင်စိတ်ဖြင့် ယားယံနေပြီဖြစ်ပြီး ယွင်ဝေမှာလည်း သူမ၏ အင်္ကျီလက်များကို ခေါက်တင်ထားပြီး ဖြစ်လေသည်။

ကိုယ်လုပ်တော်လီသည် သူ့အား အလောင်းကောင်တစ်လောင်းကို ကြည့်သကဲ့သို့ စိုက်ကြည့်နေပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။

"ရှင် တကယ်ပဲ ဒီနေရာမှာ သေချင်နေပုံရတယ်..."

"နင့်အဖေကို တကယ် သတ်ရဲတယ်ပေါ့လေ... မိုးကြိုးပစ်ခံရမှာကို မကြောက်ဘူးလား..."

အဘိုးအိုမှာ တုန်ရီသွားလေသည်။ သူသည် သူမ၏ လက်ထဲရှိ ဓားမြှောင်ကို တစ်ချက် ကြည့်လိုက်ပြီး ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသည်။

"နင့်ကို ငါ မကြောက်ပါဘူး..."

ယွင်ဟွားသည် ထောင့်ချိုးမှ ချက်ချင်း ခုန်ထွက်လာပြီး သူ၏ ကျန်ရှိနေသေးသော သွားအနည်းငယ်ကို ရိုက်ချလိုက်ကာ သူ့ကို မြေပြင်ပေါ်သို့ ကန်ချလိုက်လေသည်။

"ငါ ဒီနေရာမှာ ရှိနေသရွေ့ ငါ အကုန်တာဝန်ယူတယ်..."

ဤလောကတွင် မိမိ၏ မိဘများကို သတ်ဖြတ်ခြင်းသည် မိုးကြိုးပစ်ခံရသည့် ပြစ်ဒဏ်နှင့် ထိုက်တန်သည်မှာ အမှန်ပင် ဖြစ်သော်လည်း မိမိနှင့် မိမိ၏ မိဘများကြားရှိ သံယောဇဉ်ကြိုး လုံးဝ ပြတ်တောက်သွားပါက မိုးကြိုးပစ်ခံရမည် မဟုတ်ပေ။

ကိုယ်လုပ်တော်လီနှင့် သူတို့ကြားရှိ အဆက်အသွယ် ပြတ်တောက်သွားခြင်း ရှိ၊ မရှိကို သူမ မသိနိုင်ပေ။

သို့သော် သူမသည် ကိုယ့်လူများကို အမြဲ ကာကွယ်ပေးတတ်သူ ဖြစ်သည်။ အကယ်၍ ထိုပတ်သက်မှုများ မပြတ်တောက်သေးလျှင်တောင်မှ သူမ ကာကွယ်ပေးရန် ရှိနေသဖြင့် မိုးကြိုးပစ်ခံရရုံမျှသာ မဟုတ်ပါလား။

သူမ လူအသွင်ပြောင်းစဉ်က မိုးကြိုးအကြိမ် လေးဆယ့်ကိုးကြိမ်တိုင်တိုင် အပစ်ခံခဲ့ရသည်လေ။

“ပန်းကလေး... ကောင်းလိုက်တာ... ဒီခွေးအိုကြီးက သေအောင် အရိုက်ခံရဖို့ ကောင်းတယ်..”

“စိတ်မပူပါနဲ့ ဟွားဟွား... ပေပေ့မှာ ကောင်းကင်မိုးကြိုးတွေကို ခံနိုင်ရည်ရှိတဲ့ ပစ္စည်းကောင်းတစ်ခု ရှိတယ်…”

တရားသူကြီး၏စုတ်တံက ၎င်း၏ ခေါင်းသေးသေးလေးကို ဂုဏ်ယူဝင့်ကြွားစွာ မော့ထားလေသည်။

သေခြင်းရှင်ခြင်းစာအုပ်သည် တစ်ဖန် မနာလိုစိတ်များဖြင့် ပြည့်နှက်သွားပြန်၏။ ဤစုတ်တံအကျိုးလေးက ငရဲပြည်၏ ရတနာများကို မည်သို့ လုယူနိုင်ခဲ့သနည်း။

၎င်းသည် ငရဲမင်း၏ သိုလှောင်နယ်မြေထဲမှ ပစ္စည်းနှစ်ခုကို လုယူရန်အတွက် မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်သန်းခဲ့ရသည်။

အကာအကွယ်ပစ္စည်းတစ်ခု၊ အသုံးမဝင်သော ရေကြေးမုံတစ်ခုနှင့် နောက်ထပ် ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲတို့ဖြစ်ပြီး ထိုအုတ်ခဲမှာ ထိုကျောက်တုံးအကျိုးလေး ကိုယ်တိုင်က ၎င်းထံသို့ လာပို့ပေးခဲ့ခြင်း ဖြစ်၏။

၎င်းမှာ အလွန်ပင် ဒေါသထွက်နေလေပြီ။

၎င်းသည် ထိုစုတ်တံအကျိုးလေး၏ ဖုံးကွယ်ခြင်းကို ခံလိုက်ရလေသည်။

ကိုယ်လုပ်တော်လီသည် ခဏတာမျှ ရပ်တန့်သွားပြီးနောက် မှိန်ဖျော့ဖျော့ ပြုံးလိုက်လေသည်။

ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့သော ဘဝ၏ ပထမထက်ဝက်မှ အခက်အခဲများသည် ဒုတိယထက်ဝက်တွင် ပျော်ရွှင်မှုများကို ယူဆောင်လာပေးခဲ့သည်။

ယွင်မိသားစုတစ်ခုလုံးက သူမကို မိသားစုဝင်တစ်ဦးလို ဆက်ဆံခဲ့ကြသည်။

သူမတွင် ချစ်စရာကောင်းသော သမီးလေးတစ်ဦး ရှိနေသည်ကို ပြောစရာပင် မလိုတော့ပေ။

ရုတ်တရက် လူတစ်ယောက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ အဘွားအိုမှာ လန့်ဖျပ်သွားလေသည်။ သူမ၏ ခင်ပွန်းဖြစ်သူ ထပ်မံကန်ထုတ်ခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် သူမသည် ညစ်ပတ်နေသော လက်များကို ဆန့်တန်းကာ ယွင်ဟွားကို ကုတ်ခြစ်ရန် ကြိုးစားလိုက်၏။

"ငါ့ညီမလေးနဲ့ ငါ့အဒေါ်ကို အနိုင်ကျင့်ရဲတယ်ပေါ့လေ... စုန်းမကြီး... နင့်ကိုပါ သတ်ပစ်မယ်..."

ယွင်ဝေသည် မှောင်မိုက်နေသော မျက်နှာဖြင့် ဟိန်းဟောက်ကာ ပြေးထွက်လာပြီး အဘွားအိုကို သူမ၏ ခန္ဓာကိုယ်ဖြင့် တိုက်ထုတ်လိုက်လေသည်။

ကံကောင်းထောက်မစွာဖြင့် သူမက အဘိုးအို၏ အပေါ်သို့ တည့်တည့်ကျသွားလေသည်။

“အောင်မလေး.."

ထိုနှစ်ဦးလုံးမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

ကိုယ်လုပ်တော်လီသည် သူမ၏ သမီးဖြစ်သူပါ ဤနေရာတွင် ရှိနေလိမ့်မည်ဟု ဘယ်သောအခါမှ မထင်ထားခဲ့ပေ။

သူမသည် နောက်သို့ လှည့်ကြည့်လိုက်ရာ စတုတ္ထသခင်မလေး၏ အနီးရှိ ရှောင်ထောင်ဟွာနှင့် ထောင်ကျီတို့ပါ ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရလေသည်။

ယွင်ဟွားနှင့် ယွင်ဝေတို့သည် အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီးနောက် နှစ်ဦးစလုံးက လက်သီးများကို မြှောက်ကာ ထုထောင်းကန်ကျောက်ကြလေတော့သည်။

"ငါ့အဒေါ်ကို အနိုင်ကျင့်ရဲတယ်ပေါ့လေ..."

"ငါ့ကို မှန်းရဲတယ်ပေါ့လေ..."

"ငါ့အဖေရဲ့ ယောက္ခမ ဖြစ်ချင်တယ်ပေါ့လေ… သေစမ်း..."

"ငါ့နေရာကို လုရဲတယ်ပေါ့လေ... နင့်ကို သွေးထွက်သံယိုဖြစ်အောင် ရိုက်ပစ်မယ်... ဒီအဘွားကြီးယွင်ရဲ့ အရာရှိဝတ်စုံကို ချွတ်ပစ်နိုင်မယ်လို့ ထင်နေတာလား... ဒါက ငါလုပ်ရမယ့် အလုပ်ပဲ..."

အခြားသုံးဦးမှာ ဆက်မကြည့်ရက်နိုင်တော့ပေ။ ထိုညီအစ်မနှစ်ဦး၏ မျက်နှာပေါ်တွင် တူညီသော ကြမ်းကြုတ်သည့် အမူအရာများ ရှိနေကြလေသည်။

“ပန်းကလေး... ချ... ပြင်းပြင်းသာ ချ... ဘယ်ဘက်ကို... ဘယ်ဘက်ကို နောက်ထပ် တစ်ချက် ထိုးလိုက်…”

သေခြင်းရှင်ခြင်းစာအုပ်က အထက်အောက် ပျံသန်းနေပြီး တစ်စုံတစ်ခု မညီမညာဖြစ်နေပါက ချက်ချင်းပင် ပန်းကလေးကို ညွှန်ပြလေသည်။

အလျှော့မပေးလိုသော တရားသူကြီး၏စုတ်တံသည်လည်း အသံကုန်ဟစ်ကာ အော်ဟစ်နေလေသည်။

“ဟွားဟွား... ဆွဲဆိတ်လိုက်... အဲ့အဘွားကြီးရဲ့ ရင်ဘတ်ကို ဆွဲဆိတ်လိုက်... ပြီးတော့ ဆံပင်တွေကိုလည်း ဆွဲဆိတ်ပစ်... သူမရဲ့ ဆံပင်တွေ အကုန်လုံးကို ဆွဲနှုတ်ပစ်လိုက်…”

လူသုံးဦးမှာ : …

"အား…”

“အောင်မလေးဗျ..."

အော်ဟစ်သံများသည် လမ်းသွယ်လေးထဲတွင် ပဲ့တင်ထပ်သွားပြီး အပြင်ဘက် လမ်းမကြီးပေါ်ရှိ လမ်းသွားလမ်းလာများကို တုန်ရီသွားစေကာ ခေါင်းငုံ့လျက် အမြန် လျှောက်သွားစေသည်။

ဤသည်မှာ ဒေသခံ လူမိုက်အချို့ လူများကို အနိုင်ကျင့်နေသည့် အခြားကိစ္စတစ်ခုများ ဖြစ်နေမလား။

ယွင်ဝေသည် အဘွားအိုအား လက်သီးတစ်ချက်တည်းဖြင့် သတိလစ်သွားစေခဲ့သည်။

ယွင်ဟွားသည် အဘိုးအို၏ ခြေသလုံးကို ခြေတစ်ဖက်ဖြင့် နင်းလိုက်ရာ "ခွပ်" ဟူသော အသံတစ်သံနှင့်အတူ ထိုအမျိုးသားမှာ နာကျင်မှုကြောင့် သတိလစ်သွားလေသည်။

"ရှောင်ထောင်ဟွာ..."

"အစေခံ ရှိနေပါတယ်..."

ယွင်ဟွားသည် မြေပြင်ပေါ်ရှိ လူနှစ်ဦးကို အေးစက်စွာ အကဲခတ်ကြည့်လိုက်၏။

"သူတို့ကို နင့်ဆီ အပ်ခဲ့မယ်... ဒီမြို့တော်ကြီးက ဝင်ရောက်ဖို့ အဲ့လောက်မလွယ်ကူဘူးဆိုတာကို သူတို့ သဘောပေါက်အောင် သေချာလုပ်လိုက်စမ်း..."

"ဟုတ်ကဲ့ပါ..."

ရှောင်ထောင်ဟွာသည် ထိုသူနှစ်ဦး၏ အင်္ကျီကော်လာများကို ဆွဲကိုင်လိုက်ပြီး သူမ၏ ခြေဖျားများကို ဖွဖွလေး ထောက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

သခင်မလေး၏ ရက်စက်ကြမ်းကြုတ်မှုကို ကြည့်ရလျှင် သူမသည် ဤလူနှစ်ဦးအား ဘဝတစ်သက်တာလုံး အိပ်ရာထဲမှ မထနိုင်အောင် အကြောသေသွားစေရန် ရည်ရွယ်ထားပုံရသည်။

ရှောင်ထောင်ဟွာ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ယွင်ဟွားသည် ကိုယ်လုပ်တော်လီကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

"ကိုယ်လုပ်တော်လီ... အကယ်၍ ခုလိုမျိုး ထပ်ဖြစ်ခဲ့ရင် အဖေ ဒါမှမဟုတ် အမေ့ကို ပြောပြရမယ်... ဒါမှမဟုတ်ရင်လည်း အိမ်တော်က အစောင့်တွေကို ခေါ်သွားပေါ့... တစ်ယောက်တည်း သွားတွေ့တော့ကော ဘာဖြစ်လဲ... သမီးတို့က အရေအတွက်နဲ့ အင်အားဘက်မှာ တစ်ဖက်လူကို လွှမ်းမိုးထားသင့်တာပေါ့..."

"မေ့မပစ်နဲ့... ကိုယ်လုပ်တော်ကလည်း ယွင်မိသားစုဝင်တစ်ယောက်ပဲ..."

ယွင်ဝေသည်လည်း သူမ၏ အဒေါ်ဖြစ်သူ၏ အန္တရာယ်များသော အပြုအမူကို နားမလည်နိုင်ဘဲ ခါးထောက်လိုက်လေသည်။

"ညီမလေး ပြောတာ မှန်တယ်... အန္တရာယ်ကို သတိထားဖို့ လိုတယ်... ကံကောင်းလို့ အဲ့လူနှစ်ယောက်က သိပ်မသန်မာလို့ပေါ့... ပြီးတော့ ကံကောင်းလို့ ညီမလေးနဲ့ သမီး အချိန်မီ ရောက်လာခဲ့လို့ပေါ့..."

ညီအစ်မနှစ်ဦး၏ ဆုံးမစကားများကို ကြားရသောအခါ ကိုယ်လုပ်တော်လီမှာ ရှက်ရွံ့ခြင်းထက် နွေးထွေးမှုကို ခံစားလိုက်ရပြီး အရှုံးပေးသည့်အနေဖြင့် လက်များကို အကြိမ်ကြိမ် မြှောက်ကာ

"ငါ့အမှားပါ... ပြစ်ဒဏ်ကို လက်ခံပါတယ်... ဒီနေ့ညစာအတွက် မင်းတို့အတွက် ဗုဒ္ဓနံရံကျော်ဟင်းပွဲ ချက်ပေးရင်ကော ဘယ်လိုလဲ..."

ယွင်ဟွားသည် ပွစိပွစိပြောနေသော သူမ၏ ပါးစပ်ကို ပိတ်လိုက်ပြီး တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။

“ကောင်းပြီလေ... ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်... ဒါပေမယ့် နောက်တစ်ကြိမ်ဆိုရင်တော့ သုံးရက် သုံးညတိတိ ဆက်တိုက် ပြောဆိုနေမှာ သေချာတယ်..."

ဆောင်းဦးလေသည် အေးစက်နေသော်လည်း ကိုယ်လုပ်တော်လီ၏ နှလုံးသားမှာမူ နွေးထွေးနေလေသည်။

အပြန် မြင်းလှည်းပေါ်တွင် ယွင်ဟွားသည် သူမအား အနှောင့်အယှက်ဖြစ်စေသော မေးခွန်းကို သေခြင်းရှင်ခြင်းစာအုပ်အား နောက်ဆုံး၌ မေးလိုက်လေသည်။

"ရှောင်ရှူးရှူး... အဲ့လင်မယားကို ဘယ်သူ လွှတ်လိုက်တာလဲ..."

လူတိုင်းက နားစွင့်လိုက်ကြပြီး သေခြင်းရှင်ခြင်းစာအုပ်မှာမူ ယွင်ဟွား၏ ခေါင်းပေါ်တွင် ထိုင်နေလေသည်။

“ပန်းကလေး... နင် သိချင်မှာ မဟုတ်ဘူးလို့ ငါ ထင်နေတာ…”

ယွင်ဟွားသည် မျက်လုံးများကို လှန်ပြလိုက်၏။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူမ၏ မိသားစု အနိုင်ကျင့်ခံရတာကို ဘယ်လိုလုပ် လွှတ်ထားလို့ ရမှာလဲ...။

သူမသည် တစ်ဖက်လူ၏ ဘိုးဘွားသင်္ချိုင်းများကို တူးဆွရန် ဆုံးဖြတ်ချက်ချထားလေသည်။

သေခြင်းရှင်ခြင်းစာအုပ်သည် ပဟေဠိဆန်ဆန် မပြောတော့ဘဲ ကြေညာလိုက်လေသည်။

“သူက မင်ယွမ်နယ်စားပဲ…”

ယွင်ဟွားမှာ တစ်ဖန် ရှုပ်ထွေးသွားပြန်သည်။

“မင်ယွမ်နယ်စားဆိုတာ ဘယ်သူလဲ..”

ယွင်ဟွား၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ သေခြင်းရှင်ခြင်းစာအုပ်သည် ၎င်း၏ ပန်းကလေးက အစားအစာနှင့် ရွှေများကိုသာ မှတ်မိပြီး တစ်ရေးအိပ်ပြီးနောက် အခြားအရာအားလုံးကို မေ့သွားတတ်ကြောင်း သိလိုက်လေသည်။

“သူနဲ့ သူ့ချွေးမက ဝါးတောထဲမှာ ဖောက်ပြန်နေကြတာလေ... ပြီးတော့ သူ့သားကလည်း ‌မိန်းမလျာလေ... သူက မင်ယွမ်နယ်စားပဲ..”

ယွင်ဟွားက ရုတ်တရက် သဘောပေါက်သွားလေသည်။

နောက်တစ်စက္ကန့်တွင် သူမ၏ မျက်နှာမှာ မယုံနိုင်လောက်အောင် မှောင်မိုက်သွားလေသည်။

“သူ ရူးနေတာလား... ဘာလို့ ငါတို့ ယွင်မိသားစုအပေါ် ရန်ငြိုးထားနေရတာလဲ…”

သေခြင်းရှင်ခြင်းစာအုပ်မှာ အလွန်ဒေါသထွက်နေပြီး တစ်ယောက်ပြီးတစ်ယောက် ၎င်း၏ ပန်းကလေးကို စတင် အနိုင်ကျင့်နေကြသည်။

“ပြီးခဲ့တဲ့ ဖောက်ပြန်မှုကို ဖမ်းမိတဲ့ကိစ္စက သူ့ကို မျက်နှာပျက်စေခဲ့တော့ လူတွေရဲ့ အာရုံစိုက်မှုကနေ ရှောင်ဖို့ သူ ခွင့်ယူလိုက်တယ်... ဒါပေမယ့် အဲ့အရာတွေအကုန်လုံးကို နင့်အပေါ် အပြစ်ပုံချနေတာ…”

“သူက ယွင်မိသားစုကို ဖြုတ်ချချင်ပေမယ့် သူတို့အပေါ် ဘာအားနည်းချက်မှ မရှာနိုင်တော့ နင့်ကို ပစ်မှတ်ထားလိုက်တာ... သူက ကိုယ်လုပ်တော်လီရဲ့ အတိတ်ကို စုံစမ်းပြီး သူမရဲ့ မိဘတွေကို မြို့တော်ကို ခေါ်လာခဲ့တာ... နင့်ကို ဒုက္ခပေးဖို့ သို့မဟုတ် နင့်အဖေ အမှားလုပ်မိအောင် ရုတ်ရုတ်သဲသဲဖြစ်အောင် ရည်ရွယ်ထားတာ..”

ကောင်းပြီလေ... ယခုအခါ သူမ၏ လက်သီးများမှာ ပို၍ပင် မာကျောလာလေပြီ။

အခန်း (၁၂၆) ယွင်ဟွား ပြည့်တန်ဆာအိမ်သို့ ဝင်ရောက်ခြင်း

ယွင်ဟွားသည် အေးစက်စွာ နှာမှုတ်လိုက်၏။

"ပန်းကလေး... ဒါတင်ပဲ မဟုတ်သေးဘူး..."

သေခြင်းရှင်ခြင်းစာအုပ်က ဆက်လက်၍ ဖွင့်ချလိုက်လေသည်။

"သူက နင့်ရဲ့ အစ်ကိုကြီးနောက်ကို လူလွှတ်ပြီး နေ့စဉ်သွားလာလှုပ်ရှားမှုတွေကို စုံစမ်းခိုင်းထားတယ်... ပြီးတော့ သူ့ခြေထောက်တွေကို ရိုက်ချိုးပြီး ဆေးခတ်ကာ ယောကျ်ားအတော်များများနဲ့ အတူတူ ပျော်ပါးဖို့ ကြံစည်ထားသေးတယ်..."

သေခြင်းရှင်ခြင်းစာအုပ်၏ စကားဆုံးသည်နှင့် "ဝုန်း" ဟူသော အသံတစ်သံကို အားလုံးကြားလိုက်ရပြီး ယွင်ဟွားသည် ရထားလုံးပြတင်းပေါက်မှ သစ်သားပြားကြီးတစ်ခုကို အားကုန်သုံး၍ ဆွဲဖြုတ်လိုက်လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအရာက အမှုန့်ဖြစ်သွားလေ၏။

ထိုအချိန်တွင် ယွင်ဟွား၏ မျက်လုံးများ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ လက်လာပြီး သူမ၏ ခန္ဓာကိုယ်အတွင်းမှ သောင်းကျန်းနေသော ယင်စွမ်းအင်များကို အစွမ်းကုန် ဖိနှိပ်ထားလိုက်သည်။ အားလုံးမှာ ကြက်သီးမွေးညင်းများ ထသွားကြ၏။

မင်ယွမ်နယ်စားသည် ထိုက်ဆွေ့နတ်မင်း၏ အမျက်ဒေါသကိုပင် ဆန့်ကျင်ဝံ့လေသည်။ သူတော့ ဇာတ်သိမ်းပြီသာ မှတ်လိုက်တော့၏။

ယွင်ဟွားသည် မျက်လုံးများကိုမှိတ်ကာ သူမ၏ အသက်ရှူနှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းညှိလိုက်သည်။

"ရှောင်ရှူးရှူး... ဒီနေ့ည ဖခင်နဲ့ ဦးလေးကို အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီ ပို့မယ့်အစား နယ်စားအိမ်တော်ကို သွားပြီး သူ့ကို အရင်သတ်ပစ်ကြရအောင်..."

သူမ၏ အစ်ကိုကြီးကို ဖျက်ဆီးချင်နေသည်ပေါ့... ကောင်းပြီလေ... မင်ယွမ်နယ်စား... သူက တကယ်ကို အသက်ရှင်ရတာ ငြီးငွေ့နေပြီ ဖြစ်၏။

"ဟွားဟွား... ပေပေ့ရဲ့ မူလပုံစံက အမြဲတမ်း အသင့်ရှိတယ်... အမိန့်သာပေးလိုက်... နောက်ဘဝအထိပါ သူသေနိုင်မယ့် နည်းလမ်းတစ်ရာလောက်ကို ငါရေးချလိုက်မယ်..."

စုတ်တံလေးက နှာမှုတ်လိုက်၏။ ဟွားဟွားကို အလိုမကျဖြစ်စေမည်ဆိုလျှင် သူတို့ထဲမှ မည်သူ့ကိုမျှ လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။

သေခြင်းရှင်ခြင်းစာအုပ်ကလည်း ရက်စက်စွာဖြင့် ထောက်ခံလိုက်သည်။

"ဒါဆိုရင် ဒီနေ့ည ငါတို့သုံးယောက် သူ့ကို သနားညှာတာမှုကင်းကင်းနဲ့ နှိပ်စက်ကြမယ်... သေတဲ့အထိ နှိပ်စက်မယ်... အပိုင်းပိုင်းအစစဖြစ်တဲ့အထိ နှိပ်စက်ကြမယ်..."

အားလုံးမှာ... ဆွံ့အသွားကြလေသည်။

ရထားလုံးသည် ယွင်အိမ်တော်၏ တံခါးဝသို့တိုင်အောင် တောက်လျှောက် မောင်းနှင်လာခဲ့သည်။ ယွင်ဟွားတို့ ရထားလုံးပေါ်မှ ဆင်းဆင်းချင်းမှာပင် အိမ်တော်ထိန်းကျင်းသည် မျက်နှာထား တင်းမာစွာဖြင့် အစိမ်းနှင့် အနီရောင် ဝတ်ဆင်ထားသော လူတစ်စုအား အိမ်တော်ထဲမှ မောင်းထုတ်ရန် အစေခံများကို ညွှန်ကြားနေသည်ကို မြင်လိုက်ရ၏။

ယွင်ဟွားသည် စူးစမ်းလိုစိတ်ဖြင့် ရှေ့သို့ လျှောက်သွားလိုက်သည်။

"အိမ်တော်ထိန်းကျင်း... သူတို့က ဘယ်သူတွေလဲ..."

သူတို့ကို လွှတ်လိုက်ပြီးနောက် အိမ်တော်ထိန်းကျင်းသည် ချက်ချင်းပင် သက်ပြင်းတစ်ချက်ချကာ ပြန်ဖြေလေသည်။

"စတုတ္ထသခင်မလေး... သူတို့က အောင်သွယ်တော်တွေပါ... ဘာတွေဖြစ်နေလဲတော့ မသိဘူး... ဒါပေမယ့် သူတို့အားလုံးက ဒုတိယသခင်မလေးနဲ့ တတိယသခင်မလေးတို့အတွက် ဒီနေ့ လာရောက် ကမ်းလှမ်းကြတာပါ..."

"သခင်မကြီးကို တကယ် ဒေါသထွက်စေခဲ့တာပဲ..."

အိမ်တော်ထိန်းကျင်းသည်လည်း အိမ်ထောင်ဖက်ကမ်းလှမ်းမှုများအားလုံး တစ်ချိန်တည်းမှာပင် ရောက်လာသည်ကို ထူးဆန်းနေမိလေသည်။ ထို့အပြင် သခင်မကြီးက ဒုတိယနှင့် တတိယ သခင်မလေးတို့၏ အိမ်ထောင်ရေးကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ဘဲ စတုတ္ထသခင်မလေးကသာ အဆုံးအဖြတ်ပေးမည်ဟု ချက်ချင်း ကြေညာလိုက်လေသည်။

ထိုအချိန်က အောင်သွယ်တော်များအားလုံး၏ မျက်နှာများသည် ဝမ်းချုပ်နေသကဲ့သို့ အလွန် အရုပ်ဆိုးနေကြ၏။

ယွင်ဝေသည် ဤစကားကို ကြားလိုက်ရလေသည်။ အိမ်ထောင်ပြုရမည်လား။ ဟွန့်... သူမ မလုပ်ချင်ပါချေ။

သူမသည် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်။ ဤဘဝတွင် သူမ၏ ညီမလေး ဘယ်နေရာမှာရှိနေပါစေ၊ သူမ လိုက်သွားမည် ဖြစ်၏။ သူမ၏ ညီမလေး အိမ်ထောင်ကျသွားလျှင်ပင် ညီမလေး၏ အိမ်တော်ထိန်းအဖြစ် သွားရောက်လုပ်ကိုင်မည်သာ ဖြစ်သည်။

ယွင်ဟွားသည် အိမ်တော်ထိန်း၏ စကားများထဲမှ အဓိကကျသော စကားစုတစ်ခုကို ကောက်နုတ်လိုက်မိသည်။

"ဒုတိယအစ်မ... တတိယအစ်မ... ငါ့ကိုကော လာမတောင်းရမ်းကြဘူးလား..."

သူမက အံ့အားသင့်စွာ မေးလိုက်သည်။

"ငါက အရပ်လည်း ပိုရှည်လာပြီး ပိုလည်း ပိန်လာပြီလေ... ဝတုတ်တုတ် ကောင်မလေး မဟုတ်တော့ဘူး... ယုတ္တိတန်တန် တွေးကြည့်ရင် ငါက တော်တော်လေး လူကြိုက်များသင့်တာပေါ့..."

ယွင်ဟွားသည် သူတို့က သူမအား အလွန်အမင်း အနိုင်ကျင့်နေသည်ဟု ခံစားလိုက်ရ၏။

အိမ်တော်ထိန်းက ပါးစပ်ဟလိုက်ပြီး

"စတုတ္ထသခင်မလေး... အဲ့အမတ်တွေက သခင်မလေးကို ကြောက်နေကြတာ ဖြစ်ပါလိမ့်မယ်..."

သူမ၏ ခေါင်းပေါ်တွင် သေခြင်းရှင်ခြင်းစာအုပ်က ထိုင်နေစဉ် အံကြိတ်ထားလေ၏။

"ဟွန့်... မျက်ကန်းတွေ..."

"ငါ့ရဲ့ ပန်းကလေးက မယုံနိုင်လောက်အောင် လှပပြီး ရဲရင့်ပြတ်သားတဲ့ အသွင်အပြင်လည်း ရှိတယ်... အံ့မခန်းနိုင်တဲ့ နောက်ခံကိုလည်း ဖုံးကွယ်ထားသေးတယ်... ဒါ့အပြင် သူမကို ကူညီပေးမယ့် ငါတို့ နတ်ဘုရားနှစ်ပါးလည်း ရှိသေးတယ်လေ..."

"မျှော်လင့်ထားတဲ့အတိုင်း သာမန်လူတွေက သာမန်လူတွေပါပဲ... သူတို့မှာ ဘာအကဲဖြတ်နိုင်စွမ်းမှ မရှိဘူး..."

"ပန်းကလေး... ငါ့အမြင်ကို ပြောရရင် ငါတို့ အတူတူ ကမ္ဘာကြီးကို သိမ်းပိုက်ကြမယ်... ပြီးတော့ အဲ့ယောကျ်ားတွေအားလုံးကို နင့်ခြေရင်းမှာ ဝပ်တွားစေပြီး နင့်ကို မော်ကြည့်စေရမယ်..."

စုတ်တံလေးကလည်း အားတက်သရော ခေါင်းညိတ်လိုက်သည်။

"ရှောင်ရှူးရှူး ပြောတာ မှန်တယ်... ငါတို့ ဓားဆွဲထုတ်တဲ့အခါ ယောကျ်ားတွေက ငါတို့ကို နှေးကွေးစေရုံပဲ ရှိလိမ့်မယ်... ဟွားဟွားက သူ့ဘာသာသူ လှပပြီး သန်မာနေမှာပဲ..."

ယွင်ဟွားသည် လက်သီးကို ဆုပ်လိုက်၏။

"တုံလင်ရဲ့ နယ်ချဲ့ဗိုလ်ကျသူအဖြစ် နာမည်အရင် တည်ဆောက်ကြစို့..."

"ဟုတ်တယ်... သူတို့ကို မောင်းထုတ်လိုက်..."

သေခြင်းရှင်ခြင်းစာအုပ်မှာ စိတ်လှုပ်ရှားနေလေသည်။

"သူတို့ကို လွှင့်ပစ်လိုက်..."

စုတ်တံလေးကလည်း နောက်မှ လိုက်ပြောလေ၏။

ယွင်အိမ်တော်မှ လူများက ဤသည်မှာ ပုံမှန်ကိစ္စတစ်ခု ဖြစ်လာပြီဟု ပြောကြလေသည်။ မျက်လုံးများ အရောင်လက်နေသော ယွင်ဝေမှလွဲ၍ပေါ့။ ဤအခိုက်အတန့်တွင် သူမသည် သူမ၏ ညီမလေးအား ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုချင်နေမိလေသည်။

လေပြင်းများတိုက်ခိုက်နေသော အမှောင်ယံညသည် မကောင်းမှုများ ပြုလုပ်ရန် အကောင်းဆုံးအချိန်ပင်ဖြစ်၏။

ရှောင်ထောင်ဟွာမှာ ပြန်မရောက်သေးပေ။ ထောင်ကျီသည် သူမ၏ ဘေးတွင်ရပ်နေကာ သူမ၏ သခင်မလေးကို နှမြောတသဖြစ်နေသော အမူအရာဖြင့် ကြည့်နေလေသည်။ သူမသည် ယောကျ်ားလေးဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး ခွေးဝင်ပေါက်မှတစ်ဆင့် တိတ်ဆိတ်စွာ တွားသွားထွက်ခွာလာခဲ့၏။ သူမ သက်ပြင်းချလိုက်သည်။ စတုတ္ထသခင်မလေးသည် လက်စားချေရန်အတွက် ပြည့်တန်ဆာအိမ်သို့ သွားမည်ဖြစ်ရာ သူမလည်း အမှန်တကယ် လိုက်သွားချင်မိလေသည်။

သို့သော် သခင်မလေးက သူမအား ရှောင်ထောင်ဟွာ ပြန်လာသည်ကို စောင့်ရန်နှင့် လိုအပ်ပါက ညွှန်ကြားချက်များပေးရန် မှာကြားခဲ့လေသည်။

"ရှောင်ရှူးရှူး... မင်ယွမ်နယ်စားက အခု ပြည့်တန်ဆာအိမ်မှာ ရှိနေတာ သေချာရဲ့လား..."

ယွင်ဟွားက ရှုပ်ထွေးသွားဟန်ဖြင့် ခေတ္တရပ်ကာ ဆက်ပြောလေသည်။

"အဲ့အချိန်တုန်းက ငါ အော်ဟစ်လိုက်တာကို သူ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားတယ်လို့ နင် ပြောခဲ့တာကို ငါ မှတ်မိနေသလိုပဲ..."

ထိုအရာက အလုပ်မလုပ်တော့တာတောင်မှ သူက ပြည့်တန်ဆာအိမ်တွေကို သွားပြီး ပျော်ပါးနိုင်သေးတာပဲ... ကာမရာဂနဲ့ ပတ်သက်လာရင် သူက တကယ့်ကို ပြုပြင်မရတော့တာပဲ... အထင်ကြီးစရာပါပဲလား.။

"ဟားဟားဟား..."

သေခြင်းရှင်ခြင်းစာအုပ်မှာ မတ်တပ်ပင် ဖြောင့်ဖြောင့်မရပ်နိုင်တော့သည်အထိ ရယ်မောလေသည်။

"ပန်းကလေး... သူ ပန်းသေနေပြီဆိုတာကို သိလိုက်ရတဲ့အချိန်မှာ သူ ရူးမတတ်ဖြစ်သွားခဲ့တာ..."

"ဆေးဝါးရော အပ်စိုက်ကုသမှုကိုပါ အကျိုးမရှိဘဲ စမ်းသပ်ပြီးနောက်မှာ သူက ရုပ်ဖျက်ပြီး ပြည့်တန်ဆာအိမ်ကို သွားခဲ့တယ်... ပြီးတော့ မိန်းကလေးတွေကို သူ့ကို အစွမ်းကုန် မြှူဆွယ်ဖို့ ခိုင်းခဲ့တာ... အောင်မြင်တဲ့သူတိုင်းကို ငွေတုံးတစ်သောင်း ဆုချမယ်လို့ ပြောထားတယ်..."

ငွေတုံးတစ်သောင်းလား... ယွင်ဟွားသည် မင်ယွမ်နယ်စားအား ငွေဖြုန်းတီးတတ်သူဟု ထင်လိုက်လေသည်။

"သူက တော်တော်လေး ရက်ရက်ရောရော သုံးစွဲရဲတာပဲ..."

"ပန်းကလေး... ငါတို့ လုပ်နိုင်တာ ဘာမှမရှိပါဘူး... သူ့သားက အကြောသေနေပြီလေ... ပြီးတော့ အဲ့တရားမဝင်ကလေးကလည်း မျိုးနွယ်စုအကြီးအကဲတွေ ဖြေရှင်းတာ ခံလိုက်ရပြီ... အကယ်၍ သူသာ နဂိုအတိုင်း ပြန်ဖြစ်ဖို့ နည်းလမ်းမရှာနိုင်ဘူးဆိုရင် နယ်စားအိမ်တော်မှာ တကယ့်ကို အမွေဆက်ခံမယ့်သူ ရှိမှာမဟုတ်တော့ဘူး..."

မြို့တော်တွင် အကျော်ကြားဆုံးဖြစ်သော "ကျွေ့ရှန်မျှော်စင်" ဟူသည့် ဆိုင်းဘုတ်ကို မော့ကြည့်လိုက်ရင်း ယွင်ဟွားသည် အေးစက်စွာ ပြုံးလိုက်လေသည်။ ပြည့်တန်ဆာအိမ်၏ ပင်မတံခါးကြီးကို ကြက်သွေးရောင် သုတ်လူးထားပြီး ရွှေရောင်ခြယ်သထားရာ တောက်ပကာ မျက်စိပသာဒဖြစ်လှ၏။ အမိုးအောက်တွင် အနီရောင် မီးပုံးတန်းများကို ချိတ်ဆွဲထားပြီး တစ်ဖက်တစ်ချက်ရှိ တံခါးတိုင်များပေါ်တွင် ထွင်းထုထားသော ပီယိုနီပန်းများမှာ အသက်ဝင်လှသည်။

ပြည့်တန်ဆာအိမ်တစ်ခုလုံးသည် အလင်းရောင်နှင့် အရောင်အသွေးများဖြင့် တောက်ပနေပြီး ဖယောင်းတိုင်အလင်းရောင်အောက်တွင် အခြားကမ္ဘာတစ်ခုဆီသို့ သွားရာ တံခါးပေါက်တစ်ခုကဲ့သို့ ဆွဲဆောင်မှုရှိကာ ညှို့ငင်နေလေသည်။

တံခါးရှေ့ ဧရိယာသည် အသံဗလံများဖြင့် စည်ကားနေပြီး ပျော်ရွှင်မှုကို ရှာဖွေနေကြသော လူများနှင့် ပြည့်နှက်နေ၏။ သူတို့သည် အထက်တန်းလွှာ မိသားစုများ သို့မဟုတ် ချမ်းသာကြွယ်ဝသော အိမ်ထောင်စုများမှ ဖြစ်ကြပြီး မိမိကိုယ်ကို ပညာတတ်များဟု ယူဆသော ပညာရှိများလည်း သုံးယောက်တစ်စု ငါးယောက်တစ်စုဖြင့် ဝင်ရောက်လာကြလေသည်။

ယွင်ဟွားသည် အံ့ဩတကြီးဖြင့် လျှာသပ်လိုက်လေသည်။ ဤပြည့်တန်ဆာအိမ်သည် ယောကျ်ားများအတွက်တော့ အမှန်တကယ် နိဗ္ဗာန်ဘုံပင် ဖြစ်၏။

ယွင်ဟွားက သူမ၏ ခေါက်ယပ်တောင်ကို ဖြန့်လိုက်ပြီး ရင်ကိုကော့ထားကာ အလွန် ရဲရင့်သော အသွင်ကို ဆောင်လေသည်။

"သွားကြစို့... ဒီပန်းကလေးက ဒီနေ့ နင်တို့နှစ်ယောက်ကို အမြင်ကျယ်အောင် ခေါ်သွားပေးမယ်... ပြီးတော့ မင်ယွမ်နယ်စားကိုလည်း မေ့မရနိုင်တဲ့ ညတစ်ညကို ပေးရမယ်..."

သေခြင်းရှင်ခြင်းစာအုပ်သည် ယွင်ဟွား၏ ခေါင်းပေါ်တွင် ထိုင်နေပြီး စုတ်တံလေးက သူမ၏ ပခုံးပေါ်တွင် မှီနွဲ့နေကာ သူမ၏ မျက်လုံးနှစ်လုံးမှာ တောက်ပစွာ အရောင်လက်နေလေသည်။

"အိုး... ဒီသခင်လေးက ဘယ်ကနေ ရောက်လာတာပါလိမ့်..."

အဝတ်အစား ဟိုတစ်ကွက်ဒီတစ်ကွက် ဝတ်ဆင်ထားသော မိန်းမတစ်ဦးသည် လက်ကိုင်ပဝါကို ဝှေ့ယမ်းရင်း ယွင်ဟွားဆီသို့ လျှောက်လာလေသည်။ သူမသည် မရေမတွက်နိုင်သော လူများကို သိကျွမ်းဖူးရာ တစ်ချက်ကြည့်ရုံဖြင့် ယောကျ်ားလား မိန်းမလား ဆိုသည်ကို ခွဲခြားသိနိုင်၏။ သူမ၏ မျက်နှာလေးမှာ တို့ဟူးကဲ့သို့ နူးညံ့ချောမွေ့နေရာ ထိုကြမ်းတမ်းသော ယောကျ်ားများနှင့် မည်သို့များ နှိုင်းယှဉ်နိုင်မည်နည်း။

ရှင်းနေတာပဲ... အခြားလုပ်စရာမရှိလို့ ငွေကို ရေလိုသုံးပြီး ကာမဂုဏ်ခံစားရတဲ့ ဘဝမျိုးက ဘယ်လိုမျိုးလဲဆိုတာ လာကြည့်တဲ့ သူဌေးသမီးတွေ၊ ဒါမှမဟုတ် တစ်ယောက်ယောက် ဖောက်ပြန်နေတာကို လာဖမ်းတဲ့သူတွေပေါ့...။

ယောကျ်ားများကလည်း ဤနည်းအတိုင်း ငွေရှာသလို မိန်းမများကလည်း ဤနည်းအတိုင်း ငွေရှာကြလေသည်။ ညဉ့်ငှက်မလေးများမှာမူ သူတို့ဆီ လာသူတိုင်းကို လက်ခံကြသည်သာ ဖြစ်၏။

သူမ အနားသို့ ရောက်လာသည်နှင့် မိတ်ကပ်နှင့် အရက်နံ့ ပြင်းပြင်းက ယွင်ဟွားဆီသို့ ပျံ့လွင့်လာလေသည်။ ယွင်ဟွားသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အသံမထွက်ဘဲ ခြေတစ်ဝက်ခန့် နောက်ဆုတ်လိုက်၏။

ထို့နောက် သူမသည် ငွေထုပ်ငယ်တစ်ခုကို ရက်ရက်ရောရော ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။

"ရှုခင်းကောင်းကောင်းမြင်ရတဲ့ နေရာတစ်ခု ရှာပေးစမ်း..."

အမျိုးသမီးသည် ၎င်းကို လက်ထဲတွင် ချိန်ဆကြည့်လိုက်ရာ အလေးချိန်ကြောင့် သူမ၏ မျက်လုံးများ တောက်ပသွားလေသည်။ သူမသည် လက်ကိုင်ပဝါဖြင့် ပါးစပ်ကိုအုပ်ကာ ပြုံးလိုက်ပြီး

"သခင်လေး... ကျေးဇူးပြုပြီး ကျွန်မနဲ့အတူ ဒီဘက်ကို ကြွခဲ့ပါ..."

ယွင်ဟွားသည် ခန်းမထဲသို့ ခြေချလိုက်သည်နှင့် ကြိုးတပ်တူရိယာနှင့် လေမှုတ်တူရိယာ အသံများက လေထုထဲတွင် ပြည့်နှက်သွားလေသည်။ အမျိုးသမီးများသည် ယောကျ်ားများကို အရိုးမရှိသကဲ့သို့ မှီတွယ်နေကြပြီး ရယ်မောသံများနှင့် ဝိုင်ခွက်ချင်း တိုက်ခတ်သံများ ရောယှက်နေ၏။

ယောကျ်ားများမှာလည်း သူတို့၏ ရင်ခွင်ထဲရှိ နူးညံ့မွှေးပျံ့သော အရာများကြောင့် မျက်နှာများ နီမြန်းလာသည်အထိ သောက်စားနေကြလေသည်။

ယွင်ဟွားသည် အစောပိုင်းက အမျိုးသမီးနှင့်အတူ ဒုတိယထပ်တွင် ထိုင်လိုက်ရာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ခန်းမတစ်ခုလုံးကို မြင်တွေ့နိုင်လေသည်။

"သခင်လေး... ဒီနေရာက အဆင်ပြေရဲ့လား..."

All Chapters