← Chapters

အခန်း (၈၂၁-၈၂၂)

Vol. 83 Ch. 821-822

အခန်း (၈၂၁-၈၂၂)

Vol. 83 Ch. 821-822

အပိုင်း (၈၂၁) နှင်ထုတ်ခြင်း၊ ဝမ်ချွမ်ပါ့ယဲ့၊ လုံဟူ ရှန်း၏ လောကလှည့်လည်သူနှင့် ဂူအတွင်းရှိ တားမြစ်ထားသော တည်ရှိမှု

ဗလတောင့်တောင့်နှင့် သန်မာလှသော ထိုလူကြီးသည် နောက်သို့ လှည့်ကြည့်လိုက်ရာ ဝမ်းဗိုက်ရွှဲရွှဲနှင့် အရှိန်အဝါ အလွန်ကောင်းမွန်သော ဝတ်စုံဖြူဝတ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူမှာ အလွန်ပင် ဝဖြိုးလှသော်လည်း သူ့ထံမှ ထွက်ပေါ်နေသော ဝိညာဉ်အရှိန်အဝါမှာမူ ဖိအားပေးနိုင်စွမ်း ရှိလှပေသည်။

ဗလတောင့်တောင့်လူကြီးမှာ ဤသူကို သိသည်။ သူသည် ရှေးဟောင်းမျိုးနွယ်စုကြီး နှစ်ခုအနက်မှ တစ်ခုဖြစ်သော ကော်မိသားစုဝင် တစ်ဦးဖြစ်သည်။ အစောပိုင်းကပင် ဤသူသည် လက်တစ်ချက် လှုပ်ရုံဖြင့် ဖူဟုဘုရားကျောင်းမှ အစွမ်းထက်သော ရဟန်းတော်တစ်ပါးကို ဒဏ်ရာရအောင် ပြုလုပ်ခဲ့ဖူးသည်။

မည်သည့်အတတ်ပညာကို အသုံးပြုသွားသည်ကိုပင် မမြင်လိုက်ရဘဲ မျက်စိတစ်မှိတ်အတွင်း၌ပင် ထိုရဟန်းတော်မှာ သွေးအန်ကာ လွင့်ထွက်သွားခဲ့ရခြင်း ဖြစ်သည်။

ဗလတောင့်တောင့်လူကြီး၏ မျက်ခုံးအစုံမှာ တွန့်ချိုးသွားသည်။ တစ်ဖက်လူ၏ မျက်ဝန်းများမှာ စေတနာမရှိကြောင်း သိသာလှသည်။

"ဘာဖြစ်လို့လဲ"

သူသည် အမူအရာအတိုင်း ခပ်ကြမ်းကြမ်းပင် မေးလိုက်သည်။ အတည်ပေါက် မေးမြန်းနေခြင်း ဖြစ်သော်လည်း ရန်ဖြစ်တော့မည့် ပုံစံမျိုး ပေါက်နေသည်။

ကော်မျိုးနွယ် ကျင့်ကြံသူက နှာခေါင်းရှုံ့လျက် လှောင်ပြုံးပြုံးလိုက်သည်။

"မင်းက စကားများလွန်းတယ်"

သိသာသည်မှာ အစောပိုင်းက လူကြီး ပြောဆိုခဲ့သော မောက်မာသည့် စကားလုံးများမှာ ဤကျင့်ကြံသူ၏ နားထဲသို့ ရောက်သွားခဲ့ခြင်းပင် ဖြစ်သည်။

စကားလည်း ဆုံးရော ဗလတောင့်တောင့်လူကြီးမှာ အသက်ရှူရ ခက်ခဲလာပြီး အဆုတ်ထဲတွင် ပူလောင်လာတော့သည်။ ပတ်ဝန်းကျင်ရှိ လေထုမှာ အပြင်သို့ အတင်းအဓမ္မ ညှစ်ထုတ်ခံလိုက်ရသလို ခံစားရပြီး မမြင်ရသော လက်တစ်ဖက်က သူ၏ ကလီစာများကို တိုက်ရိုက်ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ မျက်စိရှေ့တွင် မှောင်အတိကျလာပြီး ခန္ဓာကိုယ်ထဲမှ အင်အားများမှာလည်း ဆုတ်ယုတ်ကုန်သည်။

ဒါ... သွားပြီပဲ

ဖူဟုဘုရားကျောင်းမှ ရဟန်းတော် အဘယ်ကြောင့် ချက်ချင်း သွေးအန်ကာ လွင့်ထွက်သွားရသည်ကို သူ အခုမှ နားလည်လိုက်တော့သည်။ တစ်ဖက်လူသည် ရန်သူ၏ ကလီစာများကို တိုက်ရိုက်ဆုပ်ကိုင်နိုင်သည့် အတတ်ရှိခြင်းပင် ထိုရဟန်းတော်မှာ သွေးအန်ရုံသာ ဖြစ်သော်လည်း ယခုအခါ ဤသူမှာ သူ၏ အသက်ကိုပါ နှုတ်ယူရန် ကြံစည်နေပုံရသည်။

ဗလတောင့်တောင့်လူကြီးမှာ ချွေးစေးများ ထွက်လာပြီး မျက်နှာတစ်ခုလုံး နီမြန်းလာသည်။ သို့သော် ရုတ်တရက် သူ၏ ကိုယ်ပေါ်ရှိ ဖိအားများမှာ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။ လူငယ်တာအိုဆရာလေး တစ်ဦးသည် သူ၏ ရှေ့တွင် လက်ကို အသာအယာ မြှောက်ကာ ကာကွယ်ပေးထားခြင်း ဖြစ်သည်။ သူသည် အစောပိုင်းက စကားပြောခဲ့သော ထို ကောင်ချော လေး... မဟုတ်ပါ၊ ခန့်ညားထည်ဝါလှသော တာအိုဆရာလေးပင် ဖြစ်သည်။

လီယန်ချူက မျက်မှောင်ကြုတ်ကာ

"စကားလေး နည်းနည်းပြောမိတာနဲ့တင် လူသတ်ချင်ရသလား " ဟု မေးလိုက်သည်။

ကော်မျိုးနွယ် ကျင့်ကြံသူ၏ အကြည့်မှာ အေးစက်သွားသည်။

"မင်းက ဘယ်သူလဲ ကော်မျိုးနွယ်ရဲ့ ကိစ္စကို ဘာလို့ ဝင်ပါတာလဲ"

လီယန်ချူက သူ့ကို စိုက်ကြည့်ကာ အတည်ပေါက် ထပ်မေးပြန်သည်။

"ငါ့မေးခွန်းကို မင်း မဖြေရသေးဘူး၊ စကားလေး နည်းနည်းပြောတာနဲ့ လူသတ်ရသလားလို့ "

ကော်မျိုးနွယ် ကျင့်ကြံသူမှာ မျက်မှောင်ကြုတ်သွားပြီး ဤလူငယ်မှာ ဦးနှောက်တွင် တစ်ခုခု ချို့ယွင်းနေသလားဟု တွေးမိသွားသည်။ လီယန်ချူက အစောပိုင်းက သူ၏ အတတ်ပညာကို အလွယ်တကူ ခြေဖျက်နိုင်ခဲ့ခြင်း မရှိပါက သူသည် စိတ်ရှည်လက်ရှည် ဖြေရှင်းနေမည် မဟုတ်ပေ။

"ကော်မျိုးနွယ်ကို ကွယ်ရာမှာ စော်ကားတဲ့အတွက် သူ့ကို ငါက နည်းနည်း ဆုံးမတာပဲ၊ အစွမ်းမရှိလို့ သေသွားရင်လည်း ဘာအရေးလဲ "

လီယန်ချူသည် ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး

"အင်း... ဒါကတော့ လူဆိုးပဲ"

ကော်မျိုးနွယ် ကျင့်ကြံသူ : "................."

ရုတ်တရက် သူသည် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ ကျင့်ကြံထားသော ကော်မျိုးနွယ်၏ ဂမ္ဘီရအတတ်မှာ အန္တရာယ်ရှိကြောင်း အချက်ပြလာပြီး နှလုံးခုန်သံမှာလည်း မိုးချုန်းသံကဲ့သို့ ကျယ်လောင်လာသည်။ သို့သော် တစ်ခဏအတွင်းမှာပင် ထိုခံစားချက်မှာ ပျောက်ကွယ်သွားသည်။

ဟင် ခုနက ဘာဖြစ်တာလဲ ငါ့ရဲ့ ကျင့်စဉ်မှာ ပြဿနာရှိလို့လား

ကော်မျိုးနွယ် ကျင့်ကြံသူမှာ ဇဝေဇဝါ ဖြစ်သွားသည်။ ထိုခံစားချက်မှာ လျင်မြန်စွာ ပေါ်လာပြီး ပျောက်ကွယ်သွားသဖြင့် သူ၏ စိတ်က ထင်ယောင်ထင်မှား ဖြစ်သွားခြင်းဟုပင် ထင်လိုက်မိသည်။ အကယ်၍ ထိုခံစားချက်က အနည်းငယ်မျှသာ ဖြစ်ပါက တာအိုဆရာလေးက သူ့ကို သတ်ချင်နေသည်ဟု ယူဆနိုင်သော်လည်း သူ၏ ကျင့်စဉ်က ဤမျှအထိ ပြင်းထန်စွာ သတိပေးလာသည်မှာ တာအိုဆရာလေး၏ အစွမ်းနှင့် မကိုက်ညီဟု သူက တွေးလိုက်မိခြင်းပင်။

"ငါ မင်းရဲ့ မေးခွန်းကို ဖြေပြီးပြီ၊ အခု မင်းက ဘယ်သူလဲဆိုတာ ပြောရမှာ မဟုတ်လား"

လီယန်ချူသည် ထိုကျင့်ကြံသူကို လက်သီးဖြင့် တစ်ချက်တည်း ထိုးသတ်ပစ်ချင်သော်လည်း၊ ချူမျိုးနွယ်နှင့် ကော်မျိုးနွယ်တို့ အဘယ်ကြောင့် အော်မေတောင်ကို လာရောက်သိမ်းပိုက်ရသလဲဆိုသည်ကို သူက သိချင်နေသည်။ ထို့ပြင် ယခုအချိန်တွင် ကိစ္စများ မရှုပ်ထွေးစေရန်နှင့် တစ်ယောက်ကို သတ်လိုက်လျှင် နောက်ထပ် လူကြီးများ ရောက်လာမည့် သံသရာထဲသို့ မဝင်ချင်သဖြင့် သူက လှောင်ပြုံးပြုံးလိုက်ပြီး

"ငါ့ကိုတောင် မသိဘူးလား... ငါက လုံဟူရှန်း ရဲ့ လောကလှည့်လည်သူ (ပါရမီရှင်ကိုပြောတာ )ဝမ်ချွမ်ပါ့ယဲ့ ပဲ"

"အနာဂတ်ရဲ့ နတ်ဘုရားဆရာ ရာထူးကို ဆက်ခံမယ့်သူပဲ၊ ဘယ်လိုလဲ ဒီအဆင့်အတန်းက မင်းတို့ ကော်မျိုးနွယ်ထက် မသာဘူးလား "

သူ၏ အရှိန်အဝါမှာ အလွန်ပင် ကြီးမားလှသဖြင့် ကော်မျိုးနွယ် ကျင့်ကြံသူမှာ မသိလိုက်ဘဲ နောက်သို့ ဆုတ်မိသွားသည်။ လုံဟူရှန်း... နတ်ဘုရားဆရာ ဆက်ခံသူ... ကျင့်ကြံသူ၏ မျက်နှာမှာ ပျက်သွားတော့သည်။ တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် စကားလုံးများမှာ ထွက်မလာတော့ပေ။

လုံဟူရှန်း ဆိုသည်မှာ လောကရှိ တာအိုဂိုဏ်းများတွင် ဦးဆောင်သူဖြစ်ပြီး ထိုလူငယ်မှာ အနာဂတ်၏ နတ်ဘုရားဆရာ ဆက်ခံသူ ဖြစ်နေပါက သူ၏ အဆင့်အတန်းမှာ ကော်မျိုးနွယ်ဝင် တစ်ယောက်ထက် အဆပေါင်းများစွာ မြင့်မားနေလေပြီ။

"ဟွန့်" ကော်မျိုးနွယ် ကျင့်ကြံသူမှာ ဒေါသတကြီး လှည့်ထွက်သွားတော့သည်။

"မကျေနပ်ရင် လုံဟူရှန်းကို လိုက်လာပြီး ငါ့ကို လာရှာလှည့်"

လီယန်ချူက အနောက်မှ လှမ်းအော်ကာ လှောင်လိုက်သေးသည်။

ထိုကျင့်ကြံသူ၏ ခြေလှမ်းများမှာ တုံ့ကနဲ ဖြစ်သွားပြီး ကိုယ်လုံးမှာ တောင့်တင်းသွားသည်။ သို့သော် ဒေါသကို မြိုသိပ်ကာ အမြန်ဆုံး ထွက်ခွာသွားတော့သည်။ ယခုအခါ ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်မှာလည်း လီယန်ချူထံသို့ ရောက်ရှိလာသည်။ လုံဟူရှန်း၏ လောကလှည့်လည်သူ ဆိုသည်မှာ အလွန်ပင် အဆင့်မြင့်လှသော ရာထူးဖြစ်ပြီး၊ အနာဂတ်တွင် နတ်ဘုရားဆရာ ဖြစ်လာနိုင်ခြေ ရှိသူများပင် ဖြစ်သည်။

လီယန်ချူကတော့ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဒီမျိုးနွယ်စုဝင်တွေက... ဒီလောက် လိမ်ရတာ လွယ်တာလား သူတို့က တကယ်ပင် ဦးနှောက်မရှိတာလား သို့မဟုတ် ဤတစ်ယောက်တည်းက ထူးခြားနေတာလား မသိသော်လည်း ဤအပြုအမူကြောင့် သူသည် ကော်မျိုးနွယ်အပေါ် အထင်အမြင် အတော်လေး သေးသွားတော့သည်။

ဗလတောင့်တောင့်လူကြီးမှာ လက်ယှက်၍ ဂါရဝပြုကာ

"တာအိုဆရာရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ဒီကျေးဇူးကို ကျွန်တော် အိုယန်ယွင်ဖေး တစ်သက်လုံး မှတ်ထားမှာပါ "

လီယန်ချူမှာ ခေတ္တ ကြောင်သွားသည်။ အိုယန်ယွင်ဖေး နာမည်က အလွန်ပင် ခန့်ညားလှသော်လည်း ထိုလူကြီး၏ ကြမ်းတမ်းလှသော မျက်နှာပေးနှင့်တော့ အနည်းငယ် လွဲနေသလိုပင်။

"အိုယန်အကိုကြီး၊ အားမနာပါနဲ့"

ဖန့်ချင်းလန်မှာ ဘေးမှနေ၍ မအောင့်နိုင်ဘဲ တိုးတိုးလေး ရယ်မောလိုက်သည်။ လီယန်ချူက သူမကို လှည့်ကြည့်လိုက်သောအခါ သူမသည် ချက်ချင်းပင် တည်တည်တံ့တံ့နှင့် အေးစက်စက် မျက်နှာထားကို ပြန်ဖမ်းလိုက်ပြန်သည်။

"ငါက မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး မင်းကို လာရှာတာကို ဘာလို့ ဒီလောက် အေးစက်နေရတာလဲ"

လီယန်ချူက ပြုံးကာ မေးသည်။

ဖန့်ချင်းလန်က အေးဆေးပင် ပြန်ဖြေသည်

"ကျွန်မက လာရှာပါလို့ မခိုင်းမိဘူးထင်တယ်"

ဤရင်းနှီးနေသော ခံစားချက်ကြီးကြောင့် လီယန်ချူမှာ ရယ်မောလိုက်ပြီး ဖန့်ချင်းလန်၏ ပြောင်လက်နေသော နဖူးပြင်လေးကို လက်ဖြင့် တောက်လိုက်သည်။ မထင်မှတ်ထားသဖြင့် ဖန့်ချင်းလန်မှာ "အ" ဟု အော်လိုက်မိပြီး လီယန်ချူကလည်း

"လက်ချော်သွားလို့..." ဟု ပြုံးလျက် ဆိုသည်။

ဖန့်ချင်းလန်မှာ ဒေါသထွက်သွားတော့သည်။ ထို့ကြောင့် တောင်ထိပ်မှ မောင်းထုတ်ခံထားရသော ကျင့်ကြံသူများမှာ အလွန်ပင် စိတ်ဝင်စားစရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ခန့်ညားချောမောသော တာအိုဆရာလေးတစ်ဦးကို အရပ်ရှည်ရှည် အေးစက်စက် နတ်မိမယ်တစ်ဦးက ဓားကိုင်ကာ တောင်ပေါ်ပတ်၍ လိုက်လံခုတ်နေခြင်းပင်။

ဗလတောင့်တောင့်လူကြီးမှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးပြူးနေတော့သည်။

ဖန့်ချင်းလန်သည် ဓားပျံစီးလျက် တောတောင်များကြားတွင် လေဟုန်စီးနေသည်မှာ နတ်သမီးလေးတစ်ပါးအလား လှပလွန်းလှသည်။

လီယန်ချူမှာမူ တိမ်စီးကာ လိုက်ပါလာသည်။ အစပိုင်းတွင် နှစ်ဦးသားမှာ မြေပြင်ပေါ်၌သာ ပြေးလွှားနေခဲ့သော်လည်း ဖန့်ချင်းလန်က ဓားစာတစ်ချက် ပစ်လွှတ်လိုက်သောအခါ လီယန်ချူက ချောက်ကမ်းပါးထဲသို့ ခုန်ချကာ ခြေဖဝါးအောက်တွင် တိမ်များ ဖန်တီးလိုက်ခြင်း ဖြစ်သည်။

ဖန့်ချင်းလန်က ဓားပျံစီးကာ လိုက်လာသည်ကို မြင်သောအခါ လီယန်ချူက အံ့ဩသွားသည်။

တတိယအဆင့် ရောက်နေပြီလား

နှစ်ဦးသား ကောင်းကင်ယံတွင် လိုက်တမ်းပြေးတမ်း ကစားနေကြစဉ် လီယန်ချူက တိမ်စီးခြင်းသည် ဓားပျံစီးခြင်းလောက် အရှိန်မမြန်ကြောင်း သတိထားမိလိုက်ပြီး နောက်နောင်တွင် ပိုမိုမြန်ဆန်သော ပျံသန်းခြင်းအတတ်ကို သင်ယူရန် ဆုံးဖြတ်လိုက်သည်။

ရုတ်တရက်

သူသည် ထူးခြားသော အရှိန်အဝါတစ်ခုကို အာရုံခံလိုက်မိသည်။ ချောက်ကမ်းပါးအောက် မီတာတစ်ရာခန့်တွင် ချောမွေ့နေသော ကျောက်တောင်နံရံတစ်ခု ရှိသည်။ လီယန်ချူသည် သူ၏ ဝိညာဉ်မျက်စိအတတ်ဖြင့် ကြည့်လိုက်ရာ မြူထုကို ဖောက်ထွင်းမြင်လိုက်ရပြီး ကျောက်နံရံနောက်တွင် ဂူတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

"ခဏနေဦး" လီယန်ချူက အော်လိုက်သည်။

ဖန့်ချင်းလန်က ဒေါသထွက်နေဆဲဖြစ်ရာ ဂရုမစိုက်ဘဲ ဆက်လိုက်လာသဖြင့် လီယန်ချူက လက်မြှောက်ကာ

"ရပ်" ဟု အမိန့်ပေးလိုက်သည်။

ဖန့်ချင်းလန်၏ ကိုယ်မှာ တုံ့ကနဲ ဖြစ်သွားသော်လည်း တစ်ခဏအတွင်းမှာပင် ထို ချုပ်နှောင်ခြင်းအတတ် ကို ဖြည်ချလိုက်သည်။

တကယ်ပဲ တတိယအဆင့်ကို တက်သွားတာပဲ လီယန်ချူက စဉ်းစားလိုက်သည်။

"အဲ့ဒီ ကျောက်နံရံက ထူးဆန်းနေတယ်၊ တစ်ခုခုတော့ ရှိမယ် ထင်တယ်"

လီယန်ချူက ပြောလိုက်သောအခါမှ ဖန့်ချင်းလန်က ရပ်တန့်ကာ ကြည့်လိုက်သည်။

"ဘယ်မှာလဲ ဂူက"

"ဒီနေရာမှာ ပုံရိပ်ယောင်အတတ် တွေ သုံးထားတာ၊ ပြီးတော့ တားမြစ်ချက် လည်း အတော်ပြင်းတယ်၊ အတင်းဖြိုခွင်းရင် လူတွေ သိကုန်လိမ့်မယ်"

လီယန်ချူက ရှင်းပြသည်။

ဖန့်ချင်းလန်က

"ဒါဆို ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်သည်။

သူမသည် ဤအမျိုးသားနှင့် တွေ့လျှင် အမြဲတမ်း အလိုလိုပင် အကြံဉာဏ် တောင်းမိတတ်သည်။

လီယန်ချူက သူ၏ အတတ်ပညာဖြင့် ကျောက်နံရံကို လမ်းဖွင့်ပေးလိုက်ရာ လမ်းတစ်ခု ပေါ်ထွက်လာသည်။ နှစ်ဦးသား ထိုလမ်းမှတစ်ဆင့် ဂူအတွင်းသို့ ဝင်ရောက်သွားကြပြီးနောက် လမ်းမှာ အလိုလို ပြန်လည်ပိတ်ဆို့သွားသည်။

ဂူအတွင်းမှာ အလွန်ပင် နက်ရှိုင်းပြီး တိတ်ဆိတ်လှသည်။ လီယန်ချူက ရွှေရောင်အလင်းတန်းတစ်ခုကို ဖန်တီးကာ အထဲသို့ လွှတ်လိုက်သော်လည်း ထိုအလင်းတန်းမှာ မီတာအနည်းငယ်အကြာ၌ပင် စုပ်ယူခံလိုက်ရသည်။

"ဒီနေရာမှာ အလင်းရောင်ကို နှိမ်ထားတဲ့ အစီရင် ရှိနေပုံပဲ"

သူသည် သူ၏ ရှစ်ခွင်မှန် ကို ထုတ်လိုက်ရာ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ဂူတစ်ခုလုံး လင်းထိန်သွားတော့သည်။ ထိုစဉ်...

ရုတ်တရက်

မီးအိမ်ကဲ့သို့ နီမြန်းနေသော အလင်းတန်းနှစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးတစ်ကောင်၏ မျက်လုံးများပင် ဖြစ်သည်။ ရှစ်ခံင်မှန်၏ အလင်းရောင်အောက်တွင် မြင်တွေ့လိုက်ရသည်မှာ... ဧရာမ မျောက်ဝံကြီး တစ်ကောင်ပင်။

၎င်းမှာ အလွန်ပင် အိုမင်းနေသော မျောက်အိုကြီးဖြစ်ပြီး သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ရှေးဟောင်းခေတ်ဆန်ကာ လေးလံလှပေသည်။

ဂူတစ်ခုလုံး တိတ်ဆိတ်သွားပြီး မျောက်အိုကြီး၏ မျက်ဝန်းထဲတွင်လည်း အံ့ဩမှုများ ရှိနေသည်။ လီယန်ချူက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ရာ ထိုမျောက်အိုကြီးထံမှ ထွက်နေသော မိစ္ဆာအရှိန်အဝါ မှာ လက်တွေ့ကျလွန်းလှသဖြင့် ဤသူမှာ အနည်းဆုံး တတိယအဆင့် ထိပ်တန်း မိစ္ဆာဘုရင် သို့မဟုတ် မိစ္ဆာနတ်ဘုရား တစ်ဦး ဖြစ်နိုင်ကြောင်း သိလိုက်ရသည်။

ဒါ ငါ့ကိုယ်ငါ သေတွင်းထဲ လာပို့လိုက်တာလား လီယန်ချူက တွေးမိသွားသည်။ မိစ္ဆာနတ်ဘုရား ဆိုသည်မှာ မြေပြင်နတ်ဘုရားများနှင့် အစွမ်းတူသူများ ဖြစ်သည်။

မျောက်အိုကြီးက စတင် စကားပြောလာသည်

"မင်းတို့က ဘယ်သူလဲ"

သူ၏ အသံမှာ နှစ်ပေါင်းများစွာကို ဖြတ်သန်းလာသကဲ့သို့ အလွန်ပင် အက်ရှကာ လေးလံလှသည်။

"ကျွန်တော်တို့က ခရီးသွားတွေပါ၊ မှားဝင်လာတာပါ"

လီယန်ချူက ရယ်မောလျက် ပြန်ဖြေသည်။

မျောက်အိုကြီးမှာ ခေတ္တ ငြိမ်သက်သွားပြီးမှ လီယန်ချူနှင့် ဖန့်ချင်းလန်ကို စစ်ဆေးကြည့်ကာ

"သိုင်းပညာရှင် တာအိုဆရာလေးနဲ့၊ လှည့်လည်သွားလာနေတဲ့ နတ်သမီးလေးတစ်ပါးပါလား၊ စိတ်ဝင်စားစရာပဲ"

သူသည် ဖန့်ချင်းလန်ကို ကြည့်ကာ မျက်လုံးများ ပြောင်းလဲသွားပြီး

"မဟုတ်ဘူး သာမန် နတ်သမီး မဟုတ်ဘူး၊ ဒီခံစားချက်က..."

ဟု ရေရွတ်ရင်း စဉ်းစားခန်း ဝင်နေပြန်သည်။

လီယန်ချူက ဝိညာဉ်မျက်စိဖြင့် ထပ်မံကြည့်ရှုလိုက်သောအခါ ဤမျောက်အိုကြီးသည် ခန္ဓာကိုယ်မရှိတော့ဘဲ ဝိညာဉ်အစအန မျှသာ ကျန်ရှိတော့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ဝိညာဉ်အစအနလေးကပင် ဤမျှ ဖိအားပေးနိုင်ပါက သူ၏ အသက်ရှင်စဉ်က မည်မျှ အစွမ်းထက်မည်ကို ခန့်မှန်းကြည့်နိုင်သည်။

ဖန့်ချင်းလန်က ရုတ်တရက်

"ရှင်က အော်မေတောင်က အဲ့ဒီမျောက်လား အဲ့ဒီအရာက ရှင့်လက်ထဲမှာ ရှိနေတာလား "

ဟု မေးလိုက်သည်။

မျောက်အိုကြီး၏ အကြည့်မှာ ချက်ချင်း ပြောင်းလဲသွားပြီး

"မင်းလည်း အဲ့ဒီအရာအတွက် လာတာပဲ"

ဟု အော်ဟစ်ကာ ဒေါသတကြီးဖြင့် လီယန်ချူတို့ဆီသို့ ခုန်အုပ်လာတော့သည်။

လီယန်ချူက ဖန့်ချင်းလန်၏ ရှေ့မှ ကာကွယ်လိုက်ပြီး

"စိတ်အေးအေးထားပါဦး၊ ရှင့်ရဲ့ ဒီဝိညာဉ်အစအနက သိပ်ခံမှာ မဟုတ်ဘူးနော်"

ဟု သတိပေးလိုက်သည်။ သို့သော် ထိုစကားက မျောက်အိုကြီးကို ပို၍ ဒေါသထွက်စေကာ တိုက်ခိုက်မှုများ စတင်လာတော့သည်။

လီယန်ချူသည် တစ်ဖက်လူမှာ ဝိညာဉ်အစအနမျှသာ ဖြစ်သဖြင့် ထိပ်တိုက်ရင်ဆိုင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဧရာမ မျောက်ဝံကြီး၏ လက်သီးချက်များမှာ အလွန်ပင် ပြင်းထန်လှသဖြင့် လီယန်ချူမှာ နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရပြီး ကလီစာများပင် တုန်ခါသွားရသည်။

"စိတ်ဝင်စားစရာပဲ"

လီယန်ချူက စိတ်လှုပ်ရှားစွာဖြင့် သူ၏ အစီရင်ဝတ်စုံ ကို ဝတ်ဆင်ကာ တောင်မခြင်းအတတ် ကို အသုံးပြုလျက် ပြန်လည်ထိုးနှက်လိုက်သည်။

ထိုအခါ မျောက်အိုကြီးမှာ နောက်သို့ လွင့်ထွက်သွားတော့သည်။ ဂူတစ်ခုလုံးမှာ အစွမ်းထက်သော အစီရင်များ ရှိနေသဖြင့် မည်သည့် ကျောက်စိုင်မျှ ကွာကျခြင်း မရှိပေ။

လီယန်ချူက ဆက်လက်၍ မျောက်အိုကြီးကို ရိုက်နှက် ပေးလိုက်သောအခါ မျောက်အိုကြီးက လက်ကာပြကာ

"နေဦး၊ နေဦး ငါက လူနဲ့ မတွေ့ရတာ ကြာလို့ စကားပြောချင်လို့ပါ"

ဟု ချက်ချင်းပင် အမူအရာ ပြောင်းသွားတော့သည်။

လီယန်ချူ : "................."

ဒီမျောက်က ငါ့ကို လာနောက်နေတာလား။

မျောက်အိုကြီးက ရယ်မောကာ

"ငါ အိုသွားလို့ ဦးနှောက်က သိပ်မကြည်တော့ဘူး။ မင်းက သိုင်းလမ်းစဉ်ကို လိုက်စားတဲ့သူ ဆိုတော့ ဟို အဘိုးကြီး ရဟန်းနဲ့တော့ တစ်အုပ်စုတည်း မဟုတ်လောက်ပါဘူး"

လီယန်ချူက ဇဝေဇဝါဖြင့် မေးလိုက်သည်

"ဘယ်က အဘိုးကြီး ရဟန်းလဲ"

အပိုင်း (၈၂၂) ရတနာခုနှစ်ပါး ရွှေစေတီ ၊ ပျံလွန်တော်မူခြင်း၏ လျှို့ဝှက်ချက် ၊ ထျန်းစု နယ်မြေ တံခါးပွင့်ပြီ ၊ အတင်းကျပ်ဆုံးသော စမ်းသပ်မှု

ကြီးကျယ်ခမ်းနားလှသော အရှိန်အဝါပိုင်ရှင် မျောက်အိုကြီးက နှာခေါင်းရှုံ့လျက်

"အရူးတစ်ယောက်ပဲ... နတ်ဘုရားဖြစ်ချင်ဇောနဲ့ ရူးသွပ်နေတဲ့ အရူးတစ်ယောက်ပေါ့"

ဟု အေးစက်စက် ဆိုလိုက်သည်။

လီယန်ချူက မျက်မှောင်ကြုတ်သွားသည်။ ဤမျောက်အိုကြီးသည် စကားပြောလျှင် အစအဆုံးမပြောဘဲ ဝှက်ဖဲချန်ထားတတ်သည်ကို သူ သဘောမကျပေ။ ဒီမျောက်အိုကို နောက်ထပ် လက်သီးနှစ်ချက်လောက် ထပ်ကျွေးလိုက်ရင် ကောင်းမလား ဟုပင် သူ တွေးလိုက်မိသည်။

မျောက်အိုကြီးသည် ဖန့်ချင်းလန်ကို ကြည့်ကာ

"မင်းရှာနေတဲ့ အဲ့ဒီအရာက ငါ့လက်ထဲမှာ မရှိဘူး။ အဲ့ဒါက ထျန်းစု နယ်မြေထဲက ကျင်းဟွာ နန်းတော် ထဲမှာ ဝှက်ထားတာ"

ဟု ပြောလိုက်သည်။

အကယ်၍ ဤစကားကို ဖူဟုဘုရားကျောင်းရှိ လျှို့ဝှက်ဆန်းကြယ်သော ရဟန်းအိုကြီး 'ရှန်ယွင်' သာ ကြားလိုက်ရပါက အလွန်ပင် တုန်လှုပ်သွားပေလိမ့်မည်။ သူသည် ထိုသတင်းအချက်အလက်ကို ရရှိရန်အတွက် နှစ်ပေါင်းမည်မျှ စောင့်ဆိုင်းခဲ့ရသည်ကို သူကိုယ်တိုင်ပင် မသိတော့ပေ။ သို့သော် ထိုမျောက်အိုကြီးသည် မည်သို့ပင် မေးမြန်းစေကာမူ နှုတ်ဆိတ်နေခဲ့သည်။

သူသည် အိမ်သာထဲက ကျောက်ခဲကဲ့သို့ပင် အလွန်တရာ ခေါင်းမာလွန်းလှသည်။ သူသည် အနီရောင်ဖင်နှင့် ချီခူ မျောက်မျိုးနွယ်ဖြစ်ပြီး လင်မင်းကျောက်မျောက်မျိုးနွယ်လည်း မဟုတ်ဘဲနှင့် ယခုကဲ့သို့ လူငယ်နှစ်ဦးကို တွေ့သည်နှင့် အမှန်တရားကို ဖွင့်ဟပြောကြားလိုက်ခြင်းမှာ အံ့ဩစရာပင်။ ကံမကောင်းသည်မှာ ဤနေရာရှိ တားမြစ်ချက်များကို ရှန်ယွင်က စီရင်ထားခြင်း မဟုတ်သဖြင့် ဂူအတွင်း၌ ဘာတွေဖြစ်ပျက်နေသည်ကို သူ သိရှိနိုင်စွမ်း မရှိပေ။

ဖန့်ချင်းလန်က ခေါင်းညိတ်လိုက်ပြီး

"ရှင် မပြောလည်း ကျွန်မတို့က ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာလို့ အခုမှ လွယ်လွယ်ကူကူ ပြောပြရတာလဲ"

ဟု မေးမြန်းလိုက်သည်။

မျောက်အိုကြီးက ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးနေသည်။ သူ၏ အကြည့်များမှာ ထိုလူငယ်နှစ်ဦး၏ မျက်နှာပေါ်တွင် ဝေ့ဝဲနေပြီး အလွန်ပင် နက်နဲဆန်းကြယ်သော အဓိပ္ပာယ်များ ကိန်းအောင်းနေပုံရသည်။

လီယန်ချူက စပ်စုချင်စိတ်ဖြင့်

"အဲ့ဒါက တကယ်တော့ ဘာပစ္စည်းမလို့လဲ" ဟု မေးလိုက်သည်။

ဖန့်ချင်းလန်က တိုးတိုးလေး ရှင်းပြသည်

"အဲ့ဒါက ဗုဒ္ဓဘာသာရဲ့ အထွတ်အထိပ် ရတနာတစ်ခုဖြစ်တဲ့ ရတနာခုနှစ်ပါး ရွှေစေတီ ပဲ"

လီယန်ချူမှာ မှင်တက်သွားတော့သည်။ ဖန့်ချင်းလန်က ဆက်လက်၍

"ဒီရတနာမှာ အံ့မခန်း အသုံးဝင်ပုံတွေ အများကြီး ရှိတယ်။ ကြားဖူးတာတော့ အဲ့ဒီ ရွှေစေတီထဲမှာ ကောင်းကင်ဘုံကို ပျံတက် နိုင်မယ့် ကြီးမားတဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေသတဲ့"

ပျံတက်ခြင်း

လီယန်ချူ၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားရတော့သည်။

အော်မေတောင်ထိပ်

ကောင်းကင်ယံထက်တွင် တောက်ပလှသော အလင်းတန်းကြီးတစ်ခု ပေါ်ထွက်လာပြီး ရွှေရောင်တံတားကြီးတစ်ခုအလား ကန့်လန့်ဖြတ် သွယ်တန်းသွားတော့သည်။ အော်မေတောင်ထိပ်ရှိ ကျင့်ကြံသူများအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။

"ပျံတက်ခြင်း ရောင်ခြည်တော် ပေါ်လာပြီ "

"ဒါက ပျံတက်ခြင်း ရောင်ခြည်တော်လား တကယ်ကို ဆန်းကြယ်လှပါပေတယ် "

ယခုအချိန်တွင် အော်မေတောင်ထိပ်ကို ရှေးဟောင်းမျိုးနွယ်စုကြီး နှစ်ခုကသာ စိုးမိုးထားသည်။ ကော်မျိုးနွယ်စု၏ ဘိုးဘေးဖြစ်သူမှာ အေးစက်စက် မျက်နှာထားနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။

သူသည် ဤရောင်ခြည်တော်ကို ကြည့်ကာ အေးဆေးပင် တည်ငြိမ်နေသည်။ သူ့အတွက်မူ ဤအလင်းတန်းမှ ရရှိမည့် အသိဉာဏ်မှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း မျိုးနွယ်စု၏ နောက်မျိုးဆက်များအတွက်မူ ကြီးမားသော အခွင့်အရေး ဖြစ်လာနိုင်သည်။

ရှေးယခင်က ဤနေရာတွင် ကျင့်ကြံခဲ့သော အဆင့်မြင့် ကျင့်ကြံသူကြီးသည် ဤရောင်ခြည်တော်ထဲတွင် သူ၏ အမွေအနှစ်အချို့ကို ချန်ထားရစ်ခဲ့ပုံရသည်။ သို့သော် သူသည် ဤအလင်းတန်းထက် ပိုမိုအရေးကြီးသော အခြားအရာတစ်ခုကိုသာ အာရုံစိုက်နေသည်။

တစ်ဖက်ရှိ မြင်းရထားထဲမှ ချူမျိုးနွယ်စု၏ ဘိုးဘေးမှာလည်း အလားတူပင် တည်ငြိမ်နေသည်။ သူသည် နှုတ်ခမ်းနီနီ၊ သွားဖြူဖြူနှင့် အစိမ်းရောင် ဝတ်စုံဝတ် လူငယ်လေးတစ်ဦး၏ ပုံစံရှိသည်။ ရုတ်တရက် ချူမျိုးနွယ်ဘိုးဘေး၏ မျက်ဝန်းများ တုန်လှုပ်သွားသည်။ သူသည် ဖော်ပြမရသော အရှိန်အဝါတစ်ခုကို အာရုံခံလိုက်မိခြင်းပင်။

"လမ်းကြောင်း ပွင့်တော့မှာလား"

ချူမျိုးနွယ်ဘိုးဘေးမှာ စိတ်ဝင်စားသွားတော့သည်။

ဝုန်း ဝုန်း

အော်မေတောင်ထိပ်တွင် ကျောက်ပြာသာဒ် တံခါးကြီးတစ်ခု ထိုးထွက်လာသည်။ ထိုတံခါး၏ အထက်တွင် ထျန်းစု ဟူသော ရှေးဟောင်းစာလုံးကြီး နှစ်လုံးကို ရေးထိုးထားသည်။ ထိုတံခါး ပေါ်လာသည်နှင့် တပြိုင်နက် တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး နတ်သက်ကြွေသံကဲ့သို့သော တေးသံများ ပတ်ဝန်းကျင်တွင် ပျံ့လွင့်လာတော့သည်။

"ထျန်းစု နယ်မြေ က ဒီလိုအချိန်မှာ ပွင့်လာလိမ့်မယ်လို့ မထင်ထားမိဘူး "

ချူမျိုးနွယ်ဘိုးဘေးနှင့် ကော်မျိုးနွယ်ဘိုးဘေးတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ

"မင်းတို့အားလုံး ဒီနေရာမှာပဲ ပျံတက်ခြင်း ရောင်ခြည်တော်ကို လေ့လာကြ၊ ဘယ်သူ့ကိုမှ အထဲပေးမဝင်စေနဲ့ "

ဟု အမိန့်ပေးလိုက်သည်။

ချူမျိုးနွယ်တပည့်များက "အမိန့်တော်အတိုင်းပါ" ဟု ပြိုင်တူ ထူးလိုက်ကြသည်။

ထို့နောက် ချူမျိုးနွယ်ဘိုးဘေးမှာ မြေပြင်မှ ကြွတက်ကာ တံခါးအတွင်းသို့ တစ်လှမ်းချင်း ဝင်ရောက်သွားတော့သည်။ တစ်ဖက်တွင်လည်း ကော်မျိုးနွယ်ဘိုးဘေးသည် ကောင်းကင်ထက်သို့ ပျံတက်ကာ ဝင်သွားလေသည်။

တတိယအဆင့် ကျင့်ကြံသူများ ဝင်ရောက်နိုင်သော လျှို့ဝှက်နယ်မြေ ပေါ်လာသည်ကို မြင်လိုက်ရသော ကျင့်ကြံသူများနှင့် တာအို၊ ဗုဒ္ဓဘာသာဝင်များမှာ မျက်လုံးပြူးသွားကြသည်။ သို့သော် ချူနှင့် ကော်မျိုးနွယ်စုတို့မှာ အလွန်ပင် အစွမ်းထက်လှသဖြင့် မည်သူမျှ မလှုပ်ရဲကြပေ။

ထိုစဉ် လူရိပ်တစ်ခုသည် တောအုပ်ထဲမှ လေအဟုန်ဖြင့် ပြေးထွက်လာသည်။ သူသည် လေစီးအတတ် ကို ကျွမ်းကျင်သော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထျန်းစု နယ်မြေ ပွင့်လာသည်ကို မြင်သောအခါ သူ မအောင့်နိုင်တော့ဘဲ အတင်းတိုးဝင်ရန် ကြိုးစားလိုက်သည်။ သူ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသော်လည်း ကော်မျိုးနွယ် တပည့်များ၏ ရှေ့သို့ ရောက်သည်နှင့် သူ၏ ကိုယ်လုံးမှာ ကောင်းကင်ယံထက်တွင် တုံ့ကနဲ ဖြစ်သွားကာ နာကျင်စွာ အော်ဟစ်လျက် သွေးအန်ပြီး ပြုတ်ကျလာတော့သည်။

မည်သည့် အရိပ်အယောင်မျှ မပြဘဲ ဖြစ်သွားခြင်းပင် သူ၏ မျက်လုံးများ ပြူးကျယ်ကာ မျက်နှာမှာလည်း နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။

"ဒီနေရာကို ကျူးကျော်တဲ့သူ ဘယ်သူမဆို အသေသတ်မယ်"

ဟု ကော်မျိုးနွယ်မှ သက်လတ်ပိုင်း ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်သည်။

ဤမျှ ရက်စက်သော အပြုအမူကြောင့် လူများမှာ မျက်မှောင်ကြုတ်ကုန်ကြသည်။ ဤရှေးဟောင်းမျိုးနွယ်စုဝင် တစ်ဦးချင်းစီ၏ အစွမ်းမှာ ဂိုဏ်းကြီးတစ်ခုလုံးနှင့် ယှဉ်နိုင်လောက်ပေသည်။ အစောပိုင်းက တိုက်ခိုက်လိုက်သော လူငယ်မှာ အသက် (၃၅) နှစ်မျှသာ ရှိသေးသော်လည်း ဒုတိယအဆင့် နောက်ဆုံးပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လူအုပ်ထဲတွင် မျက်နှာညှိုးငယ်နေသော လူငယ်တစ်ဦးက သက်ပြင်းချလိုက်သည်။

"ဟူး... အားလုံး အထဲဝင်ပြီး ကံစမ်းကြရင် ကောင်းသားပဲ။ ဒီမျိုးနွယ်စုတွေက တကယ့်ကို အနိုင်ကျင့်လွန်းတယ် "

"ငါ့ရဲ့ ဝှက်ဖဲတစ်ခုကို သုံးလိုက်ရမလား ဒါပေမဲ့ ဝင်ပေါက်အတွက်နဲ့ သုံးလိုက်ရမှာကတော့ နှမြောစရာပဲ"

မျက်နှာညှိုးငယ်နေသော ထိုလူငယ်၏ အမည်မှာ ရှုထိုက်ဖိန် ဖြစ်သည်။ သူသည် မြို့တော်ရှိ တရားရုံးချုပ် မှ လာသူဖြစ်ပြီး တရားရုံးချုပ်၏ အကြီးအကဲ ဝမ်အာ ကိုယ်တိုင် ရှာဖွေတွေ့ရှိထားသော ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။ သို့သော် သူသည် လူတစ်ဝက် မိစ္ဆာတစ်ဝက်ဖြစ်သော ကျန်းလီသို့မဟုတ် မွေးရာပါ ဓားခန္ဓာပိုင်ရှင် ဝေဟန် တို့နှင့် မတူပေ။ သူသည် မဟာကံတရား ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

မည်သို့သော ဒုက္ခနှင့် ကြုံတွေ့ရသည်ဖြစ်စေ သူသည် ကံကောင်းစွာဖြင့် အမြဲတမ်း လွတ်မြောက်တတ်သည်။ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်သာ ဖြစ်သော်လည်း သူ၏ လက်ထဲတွင် မည်မျှသော ဝှက်ဖဲများ ရှိသည်ကို အကြီးအကဲ ဝမ်အာပင် မသိနိုင်ပေ။ သူသည် လမ်းလျှောက်ရင်း ရတနာကောက်ရနိုင်သော ကံကောင်းခြင်း၏ သားတော်ပင် ဖြစ်သည်။

ထိုစဉ် ဆူညံသံများ ထွက်ပေါ်လာသဖြင့် ရှုထိုက်ဖိန်တို့ အုပ်စု မော့ကြည့်လိုက်ရာ မျက်လုံးများ ပြူးသွားရပြန်သည်။ ကော်မျိုးနွယ် တပည့်များက ဟင်းလင်းပြင်ကို ဆုပ်နယ်ရုံဖြင့် လူ၏ ကလီစာများကို ဖျက်ဆီးနိုင်သော်လည်း ချူမျိုးနွယ်မှာမူ ဓားပျံအတတ်ကို ကျွမ်းကျင်ကြသည်။ ခဏအတွင်းမှာပင် ကောင်းကင်ယံထက်၌ ဓားပျံပေါင်းများစွာ ဝဲပျံလာတော့သည်။

ထိုစဉ် အစိမ်းရောင် တာအိုဝတ်စုံဝတ် လူငယ်တစ်ဦးသည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ဓားပျံအစီရင်ကို ဖျက်ဆီးပစ်လိုက်သည်။ ဓားပျံများမှာ မိုးရေစက်များအလား မြေပြင်ပေါ်သို့ တဖွဲဖွဲ ပြုတ်ကျကုန်သည်။ သူသည် တိမ်စီးကာ လာနေခြင်းဖြစ်ပြီး အလွန်ပင် ခန့်ညားလှပေသည်။ သူသည် ပတ်ဝန်းကျင်ရှိ ထက်မြက်လှသော ဓားပျံများကို ဂရုမစိုက်ဘဲ ဆက်လက် တိုးဝင်လာသည်။

လီယန်ချူ သည် တောင်ထိပ်ထက်သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ သူ၏ ဘေးတွင်လည်း လောက၌ ပြိုင်ဘက်ကင်းသော အလှပိုင်ရှင် ဖန့်ချင်းလန်က ဓားပျံစီးကာ လိုက်ပါလာသည်။ သူမ၏ ခြေဖဝါးအောက်ရှိ ဓားမှာ နန်မင်လီဟော့ဓား ဖြစ်ပြီး အနောက်ဘက် ရွှေစင်နှင့် တောင်ဘက် မီးလျှံတို့ဖြင့် သွန်းလုပ်ထားသော မိစ္ဆာနှိမ်နင်းရေး ရတနာပင် ဖြစ်သည်။

နှစ်ဦးသားသည် လူအုပ်၏ ခေါင်းပေါ်တွင် ရပ်တန့်လိုက်ကြသည်။ လီယန်ချူသည် ကော်နှင့် ချူမျိုးနွယ်စုဝင်များကို အေးစက်စက် ကြည့်လိုက်ပြီး သူ၏ ဝတ်ရုံစကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ မမြင်ရသော အင်အားတစ်ခုမှာ လှိုင်းလုံးကြီးအလား ဖြာထွက်သွားတော့သည်။ မျိုးနွယ်စုဝင် ကျင့်ကြံသူအားလုံးမှာ မြေပြင်ပေါ်သို့ လွင့်စင် ပြုတ်ကျကုန်ကြသည်။

"ဟက်... အမှိုက်တွေ"

လီယန်ချူက ထိုစကားတစ်ခွန်းကို ချန်ထားရစ်ခဲ့ပြီး ဖန့်ချင်းလန်နှင့်အတူ ထျန်းစု နယ်မြေထဲသို့ ဝင်ရောက်သွားတော့သည်။ လူအားလုံးမှာ မှင်တက်ကျန်ရစ်ခဲ့ကြသည်။ ရှုထိုက်ဖိန်မှာလည်း မျက်လုံးပြူးလျက်

"တကယ့်ကို အရှိန်အဝါ ကြီးမားလွန်းတယ် "

ဟု ရေရွတ်လိုက်မိသည်။

ထျန်းစု နယ်မြေအတွင်း

လီယန်ချူနှင့် ဖန့်ချင်းလန်တို့သည် မျက်စိတစ်မှိတ်အတွင်း၌ပင် ထူးဆန်းသော ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားကြသည်။ ဤနေရာမှာ အလွန်ပင် ကျယ်ဝန်းလှပြီး လေအေးလေးများ တိုက်ခတ်နေကာ ဝိညာဉ်စွမ်းအင် များမှာလည်း အလွန်ပင် ထူထပ်လှသည်။

"ဒါက ထျန်းစု နယ်မြေလား" ဟု လီယန်ချူက တွေးလိုက်မိသည်။

လောကရှိ နတ်ဘုရားနယ်မြေအများစုမှာ ပျက်စီးကာ နယ်ပယ်ပြင်ပ မိစ္ဆာများ၏ ကျူးကျော်မှုကို ခံခဲ့ရသော်လည်း ဤနေရာတွင်မူ မိစ္ဆာရိပ်ပင် မတွေ့ရပေ။ လီယန်ချူက သူ၏ ဝိညာဉ်အာရုံ ကို ဖြန့်ကျက်လိုက်ရာ ရှေးဟောင်းနန်းတော်ကြီးတစ်ခုကို တွေ့ရှိသွားသည်။ ထိုနန်းတော်ဘေးတွင် ဖီးနစ်ပင် တစ်ပင် ရှိသည်။

"ကျင်းဟွာ နန်းတော်ရဲ့ တည်နေရာကို တွေ့ပြီ"

လို့ လီယန်ချူက ပြောလိုက်တဲ့အခါ ဖန့်ချင်းလန်က

"ဒီလောက် မြန်မြန်လား"

လို့ အံ့ဩတကြီး မေးလာပါတယ်။ လီယန်ချူရဲ့ ဝိညာဉ်အာရုံက သာမန်ကျင့်ကြံသူတွေထက် အဆပေါင်းများစွာ ပိုမိုအားကောင်းတာကြောင့် တခဏအတွင်းမှာပဲ ရှာတွေ့သွားတာပါ။

နှစ်ဦးသား ကျင်းဟွာ နန်းတော်ရှေ့သို့ ရောက်ရှိလာကြသည်။ ဤနန်းတော်တွင် အစီရင်များ ရှိနေသဖြင့် လီယန်ချူ၏ အာရုံခံစားမှုမှာ အတွင်းသို့ မပေါက်ရောက်နိုင်ပေ။ သူတို့သည် ရဲရဲဝံ့ဝံ့ပင် အတွင်းသို့ ဝင်ရောက်သွားကြသည်။ အတွင်းပိုင်းတွင် ထူးထူးခြားခြား တားမြစ်ချက်များ မရှိသဖြင့် အလွယ်တကူပင် ဝင်နိုင်ခဲ့သည်။

နန်းတော်၏ အနက်ရှိုင်းဆုံးနေရာတွင် အဝိုင်းပုံ စင်မြင့်တစ်ခု ရှိပြီး ၎င်းအပေါ်တွင် ခေါင်းတလား တစ်ခု တင်ထားသည်။ ကော်မျိုးနွယ်ဘိုးဘေးနှင့် ချူမျိုးနွယ်ဘိုးဘေးတို့မှာ ထိုနေရာတွင် ဘေးချင်းယှဉ် ရပ်နေကြသော်လည်း ထူးဆန်းသည်မှာ မည်သူမျှ ရှေ့သို့ မတိုးရဲကြခြင်းပင်။

"ကော်အကိုကြီး၊ ဒီခေါင်းတလားထဲမှာ ရှိနေတာက ကျင်းဟွာနန်းတော်ရဲ့ အရှင်သခင် ယွမ်ချဲ့ ပဲ။ သူရဲ့ ထျန်းဟဲကျန်ကျဲ့ ကျမ်းစာက ဒီထဲမှာပဲ ရှိမှာ သေချာတယ်။ အကိုကြီး အရင်ကြည့်ပါဦး"

ဟု ချူမျိုးနွယ်ဘိုးဘေးက ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။

ကော်မျိုးနွယ်ဘိုးဘေးက အေးစက်စက် ပြုံးကာ

"ချူအကိုကြီးက ဒီလောက် စေတနာကောင်းနေတာလား ဒီလို ကြီးမားတဲ့ အခွင့်အရေးကို ငါကတော့ မယူရဲပါဘူး။ ငါက ဗဟုသုတရအောင် လာကြည့်တာပဲ ရှိတာ၊ မင်းအရင် သွားပါ"

ဟု ပြန်ပြောလိုက်သည်။

နှစ်ဦးသားမှာ ခေါင်းတလားထဲရှိ လူကို ကြောက်ရွံ့နေကြခြင်းပင်။ ကျင်းဟွာနန်းတော် အရှင်သခင် ယွမ်ချဲ့ သည် ရှေးဟောင်း မဟာရှ ခေတ်က အလွန်ပင် ကျော်ကြားလှသော ကျင့်ကြံသူကြီး ဖြစ်သည်။ သူသည် ပျံတက်ရန် ကြိုးစားရင်း ရှုံးနိမ့်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

သူ၏ ထျန်းဟဲကျန်ကျဲ့ ကျမ်းစာမှာ နတ်ဘုရားကျမ်းစာ တစ်ခုဖြစ်ပြီး နတ်ဘုရားအဆင့် အောက်တွင် ပြိုင်ဘက်ကင်းသည်ဟု ဆိုစမှတ် ပြုခဲ့ကြသည်။

ထို့ပြင် ယွမ်ချဲ့တွင် အစွမ်းထက် ရတနာနှစ်ခု ရှိသည်။ တစ်ခုမှာ ရတနာခုနှစ်ပါး ရွှေစေတီ ဖြစ်ပြီး နောက်တစ်ခုမှာ အလွန်ပင် ထက်မြက်လှသော မိုရှဲဓား ဖြစ်သည်။ ထိုဓားကို သူ၏ တစ်ဦးတည်းသော တပည့်ထံသို့ ပေးအပ်ခဲ့သည်ဟု ဆိုသော်လည်း ထိုတပည့်မှာ မည်သူဖြစ်ကြောင်း မည်သည့်မှတ်တမ်းတွင်မျှ မပါရှိပေ။

ယခုအခါ ခေါင်းတလားထဲတွင် သူ၏ ရုပ်အလောင်း ရှိနေခြင်းမှာ အလွန်ပင် ထူးဆန်းနေသည်။ ရှေးဟောင်း ကျင့်ကြံသူကြီးများတွင် ဆန်းကြယ်သော အတတ်များ ရှိတတ်ရာ သူတို့ ရှေ့သို့ တိုးသွားပါက ခန္ဓာကိုယ် အသိမ်းခံရခြင်း သို့မဟုတ် အခြား အန္တရာယ်တစ်ခုခုနှင့် ကြုံရမည်ကို စိုးရိမ်နေကြခြင်းပင်။

ထိုစဉ် လီယန်ချူနှင့် ဖန့်ချင်းလန်တို့ ရောက်ရှိလာသဖြင့် ဘိုးဘေးနှစ်ဦးမှာ အံ့ဩသွားကြသည်။ လီယန်ချူက ခေါင်းတလားနှင့် ထိုလူနှစ်ဦးကို ကြည့်ကာ ဝိညာဉ်မျက်စိဖြင့် စစ်ဆေးလိုက်ရာ ထိုသူနှစ်ဦးမှာလည်း တစ်ခုခုကို ကြောက်ရွံ့နေကြောင်း ရိပ်မိလိုက်သည်။

ရုတ်တရက် ခေါင်းတလား၏ ထောင့်လေးထောင့်တွင် နဂါးပြာ၊ ကျားဖြူ၊ လိပ်နက်နှင့် ဖီးနစ်နီ ဟူသော နတ်တိရစ္ဆာန် လေးပါး၏ ပုံရိပ်ယောင်များ ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ဖြာထွက်လာတော့သည်။

ခေါင်းတလား၏ အထက်တွင် ဝတ်စုံဖြူဝတ် လူငယ်တစ်ဦး၏ ပုံရိပ် ပေါ်လာသည်။ သူသည် အလွန်ပင် ချောမောလှပလွန်းသဖြင့် မိန်းကလေးတစ်ဦးနှင့်ပင် ဆင်တူနေသော်လည်း သူ့ထံမှ ထွက်နေသော ဖိအားမှာမူ အလွန်ပင် ပြင်းထန်လှသည်။

"နောက်ဆုံးတော့ လူတွေ ရောက်လာကြပြီပဲ"

ထိုလူငယ်က ပြုံးလျက် ဆိုသည်

"ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ၊ ငါ့နာမည်က ယွမ်ချဲ့ ပါ၊ ဒီနန်းတော်ရဲ့ အရှင်သခင်ပေါ့"

"မစိုးရိမ်ကြပါနဲ့။ ငါက အသိစိတ် တစ်ခုမျှသာ ဖြစ်ပြီး ဝိညာဉ်တောင် မဟုတ်ပါဘူး။ မင်းတို့ထဲက ကံထူးရှင်ကို ထျန်းဟဲကျန်ကျဲ့ ကျမ်းစာ ပေးအပ်ဖို့ စောင့်နေတာပါ။ ဒါပေမဲ့... မင်းတို့ လေးယောက် ရောက်လာတဲ့အထဲက တစ်ယောက်ပဲ ဒီကျမ်းစာကို ရလိမ့်မယ်။ ငါပေးတဲ့ စမ်းသပ်မှုကို အောင်မြင်ဖို့ လိုတယ်"

လီယန်ချူသည် ထိုလူငယ်၏ စကားပြောပုံမှာ တစ်နေရာရာတွင် ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ချူမျိုးနွယ်ဘိုးဘေးက စိတ်လှုပ်ရှားစွာဖြင့်

"စီနီယာ၊ ဘယ်လို စမ်းသပ်မှုမျိုးလဲဆိုတာ သိပါရစေ" ဟု မေးမြန်းလိုက်သည်။

သူသည် အတွေ့အကြုံများစွာ ရှိသဖြင့် မည်သို့သော ခက်ခဲသည့် စမ်းသပ်မှုမျိုးကိုမဆို ရင်ဆိုင်ရန် အသင့်ရှိနေသည်။

သို့သော် ထိုလူငယ် ယွမ်ချဲ့က ခေါင်းယမ်းလိုက်ပြီး ပြုံးလျက်

"အစကတော့ အဲ့ဒီလိုပါပဲ၊ ဒါပေမဲ့ အခုတော့ ငါ စိတ်ပြောင်းသွားပြီ"

ဟု ဆိုကာ လီယန်ချူကို လက်ညှိုးထိုးပြလိုက်သည်။

"ငါ့ရဲ့ အမွေအနှစ်အားလုံးကို ဒီလူငယ်လေးကိုပဲ ပေးတော့မယ်"

ချူမျိုးနွယ်ဘိုးဘေးမှာ မျက်လုံးပြူးသွားပြီး

"ဘာလို့လဲ" ဟု ဒေါသတကြီး မေးလိုက်သည်။

ယွမ်ချဲ့က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး

"ငါ့ကို အလုပ်လုပ်ပုံ လာသင်နေတာလား"

ဟု အေးစက်စက် ပြောလိုက်ရာ ချူမျိုးနွယ်ဘိုးဘေးမှာ ချက်ချင်းပင် ချွေးစေးများ ထွက်ကာ ဖိအားကြောင့် တုန်လှုပ်သွားရတော့သည်။

ဤသည်မှာ နတ်ဘုရားအဆင့် ၏ အစွမ်းလော အသိစိတ်လေးတစ်ခုကပင် ဤမျှ ဖိအားပေးနိုင်ပါသလော ချူမျိုးနွယ်ဘိုးဘေးမှာ အကြောက်အလန့် ဖြစ်သွားသော်လည်း မကျေနပ်သေးဘဲ

"ကျွန်တော်မျိုး မရိုမသေ လုပ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာ သိချင်လို့ပါ"

ဟု ဂါရဝပြုလျက် မေးလိုက်သည်။

ယွမ်ချဲ့၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး

"အကြောင်းရင်းက ရိုးရိုးလေးပါ... မင်းက အသက် ရာနဲ့ချီ နေပြီဖြစ်ပါလျက်နဲ့ လူငယ်လေးတစ်ယောက်လို ဟန်ဆောင်နေလို့ပဲ။ ငါက လူငယ်ဟန်ဆောင်တဲ့သူတွေကို သိပ်မကြိုက်ဘူး"

ဟု ပြောလိုက်သည်။

ချူမျိုးနွယ်ဘိုးဘေး : "................"

မင်း ကိုယ်တိုင်လည်း လူငယ်ပုံစံနဲ့ပဲ မဟုတ်ဘူးလား

သူသည် စိတ်ကို ထိန်းချုပ်ကာ မေးလိုက်ပြန်သည်

"ဒါဆို... ဟို သက်လတ်ပိုင်း အမျိုးသားကိုရော ဘာလို့ မရွေးတာလဲ"

သူက ကော်မျိုးနွယ်ဘိုးဘေးကို လက်ညှိုးထိုးပြလိုက်ခြင်းပင်။

All Chapters