← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃) စုလီယန် သူမ၏အတိတ်ဘဝတွင် ဘာတွေလုပ်ခဲ့သနည်း

ဤအခိုက်အတန့်တွင် စုလီယန်က အလွန်ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။

သူမ၏ယောကျ်ားကို တင်းကြပ်စွာဖက်ထားရင်း သူမက လှပသောမျက်နှာလေးကို အနည်းငယ်မော့ကာ ပြောလိုက်သည်။

“ကျွန်မယောကျ်ားက မိသားစုအတွက် ပစ္စည်းကောင်းတွေ အများကြီးဝယ်လာတယ်။ အားလုံးက လှည်းပေါ်မှာချည်းပဲ...”

သူတို့နှစ်ယောက်သည် မပြန်မီ မနက်ပိုင်းတွင် တိုင်နင်းမြို့၌ ထပ်မံလည်ပတ်ခဲ့ကြသေးသည်။

လုယွမ်က အဝတ်အစားသစ်များ ဆေးလိပ်နှင့် အရက်တို့ကို ဝယ်ပေးခဲ့သည်။

ထိုအရာများကို ဝယ်ယူစဉ်က စုလီယန်တစ်ယောက် အလွန်နှမြောတသဖြစ်ခဲ့ရသော်လည်းပေ။

ယခုအချိန်တွင်မူ သူမက မကြွားလုံးထုတ်ဘဲ မနေနိုင်တော့ပေ။

ဤခေတ်ဤအခါ၌ သမက်ဖြစ်သူက အိမ်ပြန်လာချိန်တွင် မည်သူက ဤမျှများပြားသော ပစ္စည်းများကို ယူဆောင်လာပါမည်နည်း။

ကိုယ့်ကိုချစ်သော ယောကျ်ားကသာ ဤကဲ့သို့ ပြုမူလိမ့်မည်ဖြစ်သည်။

စုလီယန်၏ မိဘများ သူမ၏ ဒုတိယဦးလေးနှင့် တတိယဦးလေးအပြင် ချန်လျိုရွာမှ ရွာသူရွာသားများအားလုံး လုံးဝကြက်သေသေသွားခဲ့ရသည်။

*ဟင်... အဲ့လောက်အများကြီး ဝယ်လာခဲ့သေးတာလား…*

လူအုပ်ကြီးက အိမ်ဝင်းထဲသို့ ခမ်းနားကြီးကျယ်စွာ ဝင်ရောက်လာခဲ့ကြသည်။

စုလီယန်လည်း လုံးဝဆွံ့အသွားခဲ့ရသည်။ ဤခြံဝင်းတစ်ခုလုံး ပစ္စည်းများနှင့် ပြည့်နှက်နေပေသည်။

ထောင့်တစ်နေရာတွင်လည်း ဝက်များနှင့် သိုးများကို ချည်နှောင်ထားသေးသည်။

အနီရောင်အဝတ်များ ဖုံးအုပ်ထားသော အရက်အိုးများသည် နံရံထက်ပင် မြင့်မားစွာ စီထပ်ထားလေသည်။

လုံးဝကြက်သေသေနေသော စုလီယန်က ခြံဝင်းထဲသို့ဝင်သွားပြီး အလွန်အမင်းအံ့အားသင့်နေသော အမူအရာဖြင့် သူမယောကျ်ား၏ လက်မောင်းကို လွှတ်လိုက်သည်။

သူမက မိဘများ၏ အခန်းထဲသို့ အလျင်အမြန်ဝင်သွားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

အခန်းထဲတွင်လည်း အပြည့်အကျပ်ဖြစ်နေပြီး အနီရောင်အဝတ်များနှင့် အခြားပစ္စည်းများကို မိဘများ၏ ကုတင်ဖုံးလုနီးပါးအထိ ပုံထားလေသည်။

ဤသည်ကတော့...

တစ်ချိန်တည်းမှာပင် လုယွမ်က လင်းဖူရှင်းအား လှည်းပေါ်မှ ပစ္စည်းများကို ချရန် ညွှန်ကြားလိုက်သည်။

ထို့နောက် စုလီယန်၏မိခင်က သားဖြစ်သူကို မြန်မြန်လာကူရန် ခေါ်လိုက်သည်။

လုယွမ်က လှည်းပေါ်မှ ဆေးလိပ်အထုပ်နှစ်ဆယ်ကို အရင်ထုတ်လိုက်သည်။

ထိုအရာက ရွာထဲရှိ အမျိုးသားများစွာ၏ မျက်လုံးများကို အရောင်လက်သွားစေခဲ့သည်။

“ဘုရားရေ ဒါက ကျုံးထျန်းအမှတ်တံဆိပ်ဆေးလိပ်တွေပဲ...”

“တစ်ဘူးကို ကြေးပြားငါးဆယ်တောင်ပေးရတယ်။ အဘူးနှစ်ဆယ်ဆိုရင် ငွေစင်တစ်ပြားလောက် ကျသင့်မှာပဲ...”

“ဟစ်... အဘူးနှစ်ဆယ်က...”

ရွာမှ အမျိုးသားများ၏ အံ့အားသင့်နေသော အကြည့်များကြားတွင် လုယွမ်က ဆေးလိပ်အထုပ်အနည်းငယ်ကို ခွဲထုတ်လိုက်သည်။

ထိုအရာများကို ဒုတိယဦးလေးနှင့် တတိယဦးလေးတို့အား ပေးလိုက်သည်။

သူ၏ဇနီးက သူမတွင် ဆိုးသွမ်းသောဆွေမျိုးများမရှိကြောင်းနှင့် မိသားစုရှိ ဆွေမျိုးများအားလုံးက ကောင်းမွန်ကြောင်း ပြောဖူးသည်။

အထူးသဖြင့် သူမ၏ ဒုတိယဦးလေးပင်ဖြစ်သည်။ သူမ၏ဒုတိယဦးလေး၌ ဟင်းချက်ကျွမ်းကျင်မှုရှိကာ အခြားသူများ၏ ပွဲလမ်းသဘင်များမှ အစားအသောက်များကို တိတ်တဆိတ်ယူဆောင်လာနိုင်ခြင်း မရှိခဲ့ပါက သူမသည် ထိုနှစ်များအတွင်း အသက်ရှင်နိုင်ခဲ့မည်မဟုတ်ပေ။

ဒုတိယဦးလေးနှင့် တတိယဦးလေးတို့ နှစ်ဦးစလုံးမှာ ရိုးသားပြီး ကြင်နာတတ်သော စစ်မှန်သည့် လယ်သမားများဖြစ်ကြသည်။

လုယွမ်က သူတို့အား ဤမျှကောင်းမွန်သော ဆေးလိပ်များကို ရုတ်တရက် ပေးလိုက်သောအခါ သူတို့နှစ်ဦးစလုံးက လက်မခံရဲကြပေ။

လုယွမ်က ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်တို့တွေက မိသားစုဝင်တွေပဲလေ။ အားနာနေစရာမလိုပါဘူး...”

“ပြောရမယ်ဆိုရင် ဒုတိယဦးလေးကို ကျေးဇူးတင်ရမှာပါ။ လီယန်ပြောတာကို ကျွန်တော်ကြားဖူးတယ်။ ဒုတိယဦးလေးရဲ့ အကူအညီသာမပါရင် အငတ်ဘေးကြုံရတဲ့ နှစ်တွေမှာ အသက်ရှင်နိုင်ခဲ့မှာမဟုတ်ဘူးလို့ ပြောတယ်...”

“ဒုတိယဦးလေးကို ကျေးဇူးတင်ရမှာပါ။ အဲ့လိုမဟုတ်ရင် ခုလိုကောင်းမွန်ပြီး ကံကောင်းစေတဲ့ ဇနီးမျိုးကို ဘယ်မှာရှာတွေ့နိုင်ပါ့မလဲ...”

အိမ်ထဲမှ ထွက်လာသော စုလီယန်သည် ထိုစကားများကို ကြားလိုက်ရသောအခါ လုံးဝအရည်ပျော်ကျသွားခဲ့ရသည်။

ဤခေတ်ဤအခါ၌ အမျိုးသမီးတစ်ဦးအတွက် အကောင်းဆုံးချီးမွမ်းစကားမှာ သူမ၏ခင်ပွန်းအတွက် ကံကောင်းမှုများ ယူဆောင်လာပေးခြင်းပင် ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် သမက်ဖြစ်သူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရသော ယောက္ခမဖြစ်သူကလည်း သူ့အား ပို၍ချစ်ခင်သဘောကျလာခဲ့သည်။

သူမ၏သမက်က အလွန်အပြောချိုပြီး စကားပြောကောင်းပေသည်။

အနီးနားရှိ ရွာသူရွာသားများကလည်း ထိုနည်းတူ ခံစားခဲ့ရသည်။ ချမ်းသာသော မိသားစုမှ သခင်လေးဖြစ်နေသည်မှာ မဆန်းပေ။ သူ၏ စကားပြောစွမ်းရည်က အလွန်ကောင်းမွန်လှသည်။

“စကားပြောတာ တော်တော်ကောင်းတာပဲ။ သူမက ကံကောင်းစေတဲ့ ဇနီးတစ်ယောက်ရော ချွေးမကောင်းတစ်ယောက်ပါ ဖြစ်နေတာပဲ...”

ဒုတိယဦးလေးနှင့် တတိယဦးလေးတို့က အနည်းငယ် ရိုးအစွာပြုံးလိုက်ပြီး သူတို့၏အဝတ်အစားများတွင် လက်ကိုသုတ်ကာ ပစ္စည်းများကို လက်ခံလိုက်ကြသည်။

ပွဲတော်အတွက် မင်္ဂလာအရက်နှင့် ဆေးလိပ်များ လိုအပ်မည်ဖြစ်သောကြောင့် လုယွမ်က ကျန်ရှိနေသည့်အရာများကို ယောက္ခထီးဖြစ်သူအား ပေးလိုက်သည်။

အိမ်တွင် သိမ်းထားပါက တစ်စုံတစ်ယောက် အလည်လာသောအခါ ဝေမျှပေးနိုင်သည်။

စုမိသားစုမှ ညီအစ်ကိုသုံးဦးစလုံးမှာ ရိုးသားဖြောင့်မတ်ပြီး စကားပြောမကျွမ်းကျင်ကြပေ။ ထို့ကြောင့် စုလီယန်၏ဖခင်က နောက်ဆုံးတွင် ၎င်းတို့ကို လက်ခံလိုက်သည်။

သမက်ဖြစ်သူကို လာကြည့်ကြသော ရွာသူရွာသားများအတွက်မူ လုယွမ်က ဆေးလိပ်အလွတ်အနည်းငယ်ကို ထုတ်ယူကာ တစ်ဦးချင်းစီ ဝေငှပေးလိုက်သည်။

အချို့လူများက ချက်ချင်းမသောက်ဘဲ မနေနိုင်ကြပေ။

အချို့ကမူ မသောက်ရက်ကြဘဲ သူတို့၏နှာခေါင်းဝတွင်တေ့ကာ နမ်းကြည့်ကြပြီး အချို့ကမူ နားရွက်နောက်တွင် ညှပ်ထားလိုက်ကြသည်။

ထို့နောက် လုယွမ်က လှည်းပေါ်မှ ပစ္စည်းအများအပြားကို ထုတ်ယူလိုက်သည်။

ဆောင်းရာသီ နီးကပ်လာပြီဖြစ်၍ လုယွမ်က မိသားစုဝင်အားလုံးအတွက် ဝါဂွမ်းထည့်ချုပ်ထားသော အဝတ်အစားများ ဘောင်းဘီများနှင့် ဖိနပ်များကို ဝယ်လာခဲ့သည်။

အထူးသဖြင့် စုချန်းလျန်က စာရေးစာဖတ်တတ်ကြောင်း လုယွမ် သိထားသောကြောင့် စုချန်းလျန်အတွက် စုတ်တံနှင့် မှင်အစုံကို ဝယ်လာခဲ့သည်။

၎င်းတို့အားလုံးကို သေသပ်လှပသော သေတ္တာများထဲတွင် ထည့်ထားပြီး တန်ဖိုးကြီးမားကာ အဖိုးတန်သည့်အရာများနှင့် တူပေသည်။

ယောက္ခမဖြစ်သူအတွက်မူ လုယွမ်က သဘာဝကျစွာပင် သူမကို မမေ့ခဲ့ပေ။

“အမေ... လီယန်ပြောတာကြားရသလောက် အမေက မဟာတံတိုင်းကြီးရဲ့တစ်ဖက်ကနေ လာတယ်ဆို... အဲ့နေရာမှာ ဆောင်းရာသီဆိုရင် သားမွေးအင်္ကျီတွေ ဝတ်ကြတယ်တဲ့။ ဒါ့ကြောင့် ကျွန်တော် အမေ့အတွက်လည်း တစ်ထည်ဝယ်လာတယ်...”

လုယွမ်က ထိုသို့ပြောရင်း အနက်ရောင်ဝတ်ရုံတစ်ထည်ကို ထုတ်ယူလိုက်သည်။

ဤအရာကို ဝယ်ယူ၍မရနိုင်ပေ။ လုယွမ်သည် ၎င်းကို ကျောက်ချောင်အာထံမှ ရရှိခဲ့ခြင်းဖြစ်သည်။

ကျောက်ချောင်အာက သူမ ဤနှစ်တွင်ဝယ်ထားပြီး မဝတ်ရသေးကြောင်းနှင့် အသစ်စက်စက်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် လုယွမ်က ယူလာခဲ့ခြင်းဖြစ်သည်။

ထိုအရာက ကျောက်ချောင်အာအား ရယ်မောကာ ဆူပူစေခဲ့သည်။ သူက မိမိမိသားစု၏ အကောင်းဆုံးပစ္စည်းများကို အသုံးပြုကာ ယောက္ခမဖြစ်သူအား သဘောကျစေရန် လုပ်ဆောင်နေပြီး ယခုအခါတွင် သူသည် သူမ၏ တူကောင်းလေး အမှန်တကယ်ဖြစ်နေပြီဟု ပြောခဲ့သည်။

စုလီယန်၏မိခင်က အနက်ရောင်ဝတ်ရုံကို မြင်လိုက်ရသောအခါ သူမ၏မျက်လုံးများ အရောင်လက်သွားခဲ့သည်။

မဟာတံတိုင်းကြီး၏ ပြင်ပဒေသများတွင် အရာရှိများ၏ ဇနီးများနှင့် သခင်မများသာလျှင် ဤကဲ့သို့သောအရာများကို ဝတ်ဆင်နိုင်စွမ်းရှိကြသည်။

သူမအနေဖြင့် တစ်နေ့တွင် ဤအရာကို ပိုင်ဆိုင်ရလိမ့်မည်ဟု ဘယ်သောအခါကမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

ထိုအရာက စုလီယန်၏မိခင်ကို အလွန်အမင်း ပျော်ရွှင်သွားစေခဲ့သည်။

စောင့်ကြည့်နေသူများကလည်း အံ့ဩတကြီးဖြင့် တသသဖြစ်နေကြသည်။

ယုတ္တိတန်တန်တွေးကြည့်မည်ဆိုလျှင် စုမိသားစု၏သမက်သည် ဤကဲ့သို့ဖြစ်မနေသင့်ပေ။

မည်သို့ပင်ဆိုစေကာမူ စုလီယန်၏မိသားစုမှာ ချမ်းသာသော မိသားစုမဟုတ်ဘဲ သာမန်လယ်သမားများသာ ဖြစ်ကြသည်။

ရိုးရိုးသားသားပြောရလျှင် သူတို့ပြန်လာပြီး ပွဲတော်ကျင်းပပေးလိုခြင်းကပင် ကြီးမားသော ကျေးဇူးတရားတစ်ခု ဖြစ်ပေသည်။

ဤသည်မှာ လယ်သမားမိသားစုမှ သမီးတစ်ဦးနှင့်တူပြီး သူမ အိမ်ထောင်ကျသွားသည်နှင့် ပြီးဆုံးသွားပြီဖြစ်သည်။ ပွဲတော်ကျင်းပရန်မဆိုထားနှင့် နှစ်နှစ် သို့မဟုတ် သုံးနှစ်လျှင်တစ်ကြိမ် မိဘများထံ လာရောက်လည်ပတ်ကာ လက်ဆောင်အချို့ ယူဆောင်လာပေးနိုင်လျှင်ပင် ကံကောင်းလှပြီဖြစ်သည်။

ရလဒ်အနေဖြင့် စုမိသားစု၏ သမက်ဖြစ်သူက ပွဲတော်အတွက်ရော ဤအခြားပစ္စည်းများကိုပါ ပြင်ဆင်ပေးခဲ့ရသည်။

ဤသည်ကတော့…

ဤသည်မှာ သူမခင်ပွန်း၏မိသားစုက စုလီယန်ကို အလေးအနက်ထားပြီး သူတို့၏ချွေးမအဖြစ် သတ်မှတ်ထားခြင်းကြောင့် ဤသို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

စုလီယန်က တကယ်ပဲ ထိုမျှလောက် မျက်နှာပန်းလှနေတာလား။ လူတိုင်း စိတ်ရှုပ်ထွေးသွားကြသည်။

လုယွမ်က ပစ္စည်းများ ဝေငှပြီးသွားသောအခါ စုလီယန်ကလည်း အိမ်ထဲမှ ထိုင်ခုံပုလေးတစ်လုံးကို ယူဆောင်လာခဲ့သည်။

သူမက ယောကျ်ားဖြစ်သူအတွက် ချထားပေးပြီးနောက် ရေသွားခပ်ပေးလေသည်။

ဤမြင်ကွင်းကို ကြည့်ပြီး လူတိုင်းက စုလီယန်တစ်ယောက် လူများကို မည်သို့ပြုစုရမည်ကို ကောင်းစွာသိကြောင်း မတွေးဘဲ မနေနိုင်ကြပေ။

ခဏအကြာတွင် ရွာထဲရှိ အမျိုးသမီးများက ပြုံးကာ မပြောဘဲ မနေနိုင်ကြတော့ပေ။

“အိုး... လီယန်က နောက်ဆုံးတော့ အိမ်ထောင်ကျသွားပြီး အခုဆို သူများဇနီး ဖြစ်နေပြီပဲ...”

“သူမက သူမရဲ့ယောကျ်ားကိုပဲ စဉ်းစားတော့တယ်။ ဖခင်အတွက်တောင် ထိုင်ခုံတစ်လုံး မယူပေးဘူး...”

ဤရွာရှိ လူများသည် အမြဲတမ်း ခနဲ့တဲ့တဲ့နှင့် အဆိပ်ပါသော စကားများကို ပြောဆိုလေ့ရှိကြသည်။

ကံကောင်းစွာဖြင့် စုလီယန်၏ဖခင်က ရိုးသားပြီး ဥပဒေကို လေးစားသူဖြစ်သော်လည်း သူမကို ချက်ချင်း စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဟေး... မင်းက မနက်ကတည်းက အိမ်မှာ ထိုင်နေတာပဲလေ။ အခု ထပ်မထိုင်ချင်တော့ဘူးလား။ ဘာဖြစ်လို့လဲ...”

သူက ထိုသို့ပြောပြီးနောက် ဝန်းကျင်ရှိလူတိုင်းက ရယ်မောလိုက်ကြပြီး ထိုအကြောင်းကို ဆက်မပြောကြတော့ပေ။

သို့သော် မကြာမီတွင် ရွာထဲမှ အမျိုးသမီးတစ်ဦးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“သခင်လေးလု... ရှင့်ရဲ့ မိဘတွေကရော... သူတို့တွေ ဘာအလုပ်လုပ်ကြသလဲ...”

လုယွမ်၏မိသားစုက ဤမျှချမ်းသာကြွယ်ဝပါလျက်နှင့် လူတစ်ပိုင်း နတ်ဆိုးမတစ်ပိုင်း အမျိုးသမီးတစ်ဦးကို လက်ထပ်ခဲ့သည်။ လုယွမ်၏ မိဘများက ဤသည်ကို သဘောတူခဲ့ပါသလား။

စုလီယန်၏ ယောက္ခမများက အဘယ်ကြောင့် ဤလူတစ်ပိုင်း နတ်ဆိုးမတစ်ပိုင်း ချွေးမကို ဤမျှမြတ်နိုးကြသနည်း။

ဤကိစ္စကို ဆွေးနွေးခြင်းမှာ မှားယွင်းမှုမရှိသဖြင့် လုယွမ်က ချက်ချင်းဆိုသလို ပြောလိုက်သည်။

“ကျွန်တော့်မိဘတွေက လွန်ခဲ့တဲ့နှစ်တွေတုန်းက တောင်ဘက်မှာ ကုန်သွယ်မှုလုပ်ခဲ့တယ်။ ဒါပေမဲ့ ဓားပြတွေရဲ့ တိုက်ခိုက်ခြင်းခံရပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး... ကျွန်တော်က အခု တစ်ဦးတည်းသောသားပါ...”

ထိုစကားကို ကြားလိုက်ရသောအခါ ရွာထဲရှိ အမျိုးသမီးများက တစ်ယောက်ကိုတစ်ယောက် ကြောင်အမ်းအမ်းဖြင့် ကြည့်လိုက်ကြသည်။

*ဟစ်... ဒီသမက်က ရုပ်ချောတယ် စကားပြောကောင်းတယ် ပြီးတော့ ချမ်းသာတယ်…*

*အရေးအကြီးဆုံးက... သူ့မှာ မိဘတွေတောင် မရှိဘူးလား…*

စုလီယန်က မိသားစုထဲသို့ အိမ်ထောင်ကျပြီးနောက် ယောက္ခမများကို ပြုစုစရာမလိုတော့သလို သူမကို ဂရုစိုက်ရန် ယောက္ခမများလည်း ရှိမည်မဟုတ်ပေ။

မိမိယောကျ်ားနှင့် အရာအားလုံးကို ဆွေးနွေးထားမည်ဆိုလျှင် အရာအားလုံးက အဆင်ပြေနေမည်မဟုတ်ပါလား။

တစ်ခဏမျှ ရွာထဲရှိ အမျိုးသမီးများက အမှန်တကယ်ပင် မနာလိုဖြစ်သွားကြသည်။

စုလီယန် သူမ၏အတိတ်ဘဝတွင် ဘာတွေလုပ်ခဲ့သနည်း။

ဤဘဝတွင် အဘယ်ကြောင့် သူမက ဤမျှကောင်းမွန်စွာ အိမ်ထောင်ကျခဲ့ရသနည်း။

အခန်း (၄၄) ဤအမေဖြစ်သူက သားသမီးကို မည်မျှကောင်းစွာ သွန်သင်ဆုံးမခဲ့သလဲဆိုသည့် အချက်အပေါ်တွင်သာ မူတည်သည်...

ဤရွာရှိ အမျိုးသမီးများအားလုံး ဤအကြောင်းကို သိကြသည်။

အမျိုးသမီးအချင်းချင်းသာလျှင် အခက်တွေ့အောင် လုပ်တတ်ကြလေ့ရှိသည်။

အိမ်ရှိ ယောက္ခမဖြစ်သူ ယောကျ်ားက ပြဿနာများစွာ မရှာတတ်သော်လည်း ယောက္ခမဖြစ်သူ မိန်းမကမူ အလိုလိုက်ရန် အခက်ခဲဆုံးဖြစ်သည်။

ဤအရာက မဖြစ်ဘူး၊ ထိုအရာက မမှန်ဘူး စသည်ဖြင့် သူတို့က အမြဲတမ်း အပြစ်ရှာနေတတ်ကြသည်။

အကယ်၍ ဤမိသားစုတွင် ယောက္ခမဖြစ်သူ မိန်းမသာ မရှိခဲ့လျှင်...

မိမိ၏ ယောကျ်ားကိုသာ ပြုစုလုပ်ကျွေးရမည်ဆိုလျှင် ထိုအရာက…

စုလီယန်သည် ဤမျှကြီးမားသော ကံကောင်းခြင်းများကို ခံစားရတော့မည်ဖြစ်သည်။

တစ်ခဏတာမျှ ရွာထဲရှိ အမျိုးသမီးများအားလုံးက အလွန်အမင်း မနာလိုဖြစ်သွားကြလေသည်။

မူလက လူတိုင်း စုဝေးကာ တစ်စုံတစ်ရာပြောဆိုချင်နေကြသော်လည်း စုလီယန်က သူမ၏ ယောကျ်ားအတွက် စိတ်မကောင်းဖြစ်ကာ ပြောလိုက်သည်။

“အမေ ယောကျ်ားက တစ်ညလုံးအလုပ်ရှုပ်နေတော့ မအိပ်ရသေးဘူး... စုချန်းလျန်ရဲ့အခန်းကို ရှင်းပေးလိုက်မယ်လေ သူ နည်းနည်းလောက် အိပ်နိုင်အောင်လို့...”

စုလီယန်က ထိုသို့ပြောလိုက်ခြင်းတွင် အခြားရည်ရွယ်ချက် ဘာမှမရှိပေ။

သို့သော်လည်း ရွာသူရွာသားများကမူ အခြားတစ်မျိုး ကောက်ချက်ချလိုက်ကြသည်။

တစ်ခဏအတွင်းမှာပင် လူတိုင်း၏မျက်နှာထက်တွင် အပြုံးများ တောက်ပသွားခဲ့သည်။

စုလီယန်လည်း သတိဝင်လာပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားရလေသည်။

သို့သော် စဉ်းစားကြည့်ပြီးနောက် ထိုအရာက သိပ်အရေးကြီးသော ကိစ္စမဟုတ်ကြောင်းကို သဘောပေါက်သွားသည်။ အကယ်၍ ထိုအကြောင်းပြချက်ကြောင့် တကယ်ဖြစ်နေလျှင်ရော ဘာဖြစ်သနည်း။ ဤသည်မှာ သဘာဝကျသောကိစ္စသာ ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် စုလီယန်၏ မိခင်ကလည်း စတင်၍ တွေးတောနေလေသည်။

ထိုကောင်မလေးသည် ဤမနက်မှသာ ပြန်ရောက်လာခြင်းဖြစ်သည်။

သူမက ခေါင်းကို ဆက်တိုက်ညိတ်ပြလိုက်ပြီး စုချန်းလျန်ကိုကြည့်ကာ ပြောလိုက်သည်။

“မြန်မြန် အိမ်ထဲက စောင်အသစ်တွေ ထုတ်လာခဲ့ပြီးတော့ နင့်အစ်မနဲ့အတူ သားမက်အတွက် အိပ်ရာဝင်ခင်းပေးလိုက်စမ်း...”

စုချန်းလျန်က ခေါင်းကို အဆက်မပြတ်ညိတ်ပြပြီးနောက် အိပ်ရာအသစ်များကို သယ်ယူရန် အိမ်ထဲသို့ ဝင်သွားလေသည်။

ထို့နောက် စုလီယန်၏ မိခင်က ဆူညံနေသော အိမ်ဝင်းထဲသို့ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မွန်းတည့်တော့မယ်... အားလုံးပဲ အိမ်မြန်မြန်ပြန်ပြီး ထမင်းဟင်း သွားချက်ကြပါတော့...”

“ဝက်သား၊ သိုးသား သတ်မယ့်သူတွေက မနက်ဖြန်ကျရင် ကူညီဖို့ ထပ်လာကြလိမ့်မယ်... ပြီးရင် အားလုံးကို စားသောက်ပွဲနဲ့ ဧည့်ခံပေးမယ်...”

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း ထွက်သွားကြလေသည်။

လုယွမ်က အနည်းငယ် ရှက်ရွံ့နေသော်လည်း ယောက္ခမအိမ်သို့ ရောက်ရောက်ချင်း သူပထမဆုံးလုပ်ခဲ့သည့်အရာမှာ တန်း၍ အိပ်ရာဝင်ခြင်းပင် ဖြစ်သည်။

သို့သော်လည်း သူက မနေ့ညက တစ်ညလုံး မအိပ်ဘဲ နေခဲ့ရသည် မဟုတ်ပါလား။

အပြန်လမ်းတွင်လည်း မြင်းလှည်းက ဆောင့်နေသည့်အတွက် ကောင်းကောင်း မအိပ်ခဲ့ရပေ။

မြင့်မြတ်သောခန္ဓာကိုယ်ရှိနေလျှင်တောင်မှ အနည်းငယ် အိပ်ချင်နေဆဲဖြစ်သည်။

လုယွမ်က ငြင်းဆန်ခြင်းမရှိပေ။ သူက အရင်ဆုံး တစ်ရေးအိပ်ရန် ဆုံးဖြတ်လိုက်ပြီး ညနေနိုးလာသောအခါမှ ယောက္ခမဖြစ်သူနှင့် ဦးလေးနှစ်ယောက်တို့ အတူတကွ ကောင်းကောင်းမွန်မွန် သောက်စားရန် တွေးလိုက်သည်။

...

မွန်းလွဲ နှစ်နာရီ၊ သုံးနာရီခန့် အချိန်တွင်ဖြစ်သည်။

အိမ်ဝင်းတစ်ခုလုံးက တိတ်ဆိတ်လျက်ရှိသည်။

အမျိုးသမီးအချို့က အိမ်ဝင်းအတွင်းရှိ ခွေးခြေခုံငယ်များပေါ်တွင် ထိုင်ကာ ကတ်ကြေးနှင့် စက္ကူနီများကို ကိုင်ဆောင်လျက် "ပျော်ရွှင်ခြင်း" ဟူသော စာလုံးကို ညှပ်နေကြသည်။

စုလီယန်၏ မိခင်က သမီးဖြစ်သူအတွက် အနီရောင် မျက်နှာဖုံးပုဝါကို ချုပ်လုပ်နေလေသည်။

တစ်ချိန်တည်းမှာပင် အိမ်ထဲရှိ ယောကျ်ားများက ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ်သောက်ရင်း စစ်တုရင် ကစားနေကြသည်။

ယုတ္တိတန်စွာ စဉ်းစားကြည့်ပါက ယခုအချိန်တွင် ဝက်နှင့် သိုးများကို သတ်ရန် ပြင်ဆင်နေသင့်ပြီဖြစ်သည်။

သို့သော် သားမက်ဖြစ်သူက အိမ်ထဲတွင် အိပ်ပျော်နေသောကြောင့် ဝက်သတ်သည့် ဆူညံသံက သူ့ကို နိုးသွားစေမည်ကို စိုးရိမ်ရသည်။

သားမက်ဖြစ်သူ နိုးလာသည်အထိ စောင့်ပြီးမှ ထိုအကြောင်းကို ဆက်ပြောကြရမည်ဖြစ်သည်။

“လီယန် နင့်မိသားစုက အရမ်းချမ်းသာတာပဲ... နေ့တိုင်း ဘာတွေစားလေ့ရှိသလဲ...”

“ဂျုံဖြူနဲ့ အသားတွေကိုပဲ နေ့တိုင်းစားကြတာလား...”

ကူညီရန်ရောက်လာကြသော ရွာများမှ အမျိုးသမီးအချို့သည် "ပျော်ရွှင်ခြင်း" စာလုံးကို ညှပ်နေရင်း ဘေးတွင်ရှိသော စုလီယန်ကို စပ်စုချင်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

စုလီယန်က ခေါင်းညိတ်လိုက်ပြီး ပြုံးကာ…

“ယောကျ်ားက အစားအသောက် အရမ်းရွေးတယ်... သူက ခေါက်ဆွဲရောတာတွေ ဒါမှမဟုတ် အဲဒါမျိုးတွေကို မကြိုက်ဘူးလေ... ဂျုံဖြူနဲ့ အသားပဲဖြစ်နေပါစေ ချက်တာမကောင်းဘူးဆိုရင် သူက သိပ်မစားဘူး...”

“ဒီတစ်ခေါက် ပြန်လာတာက ယောကျ်ားအတွက် အိမ်ပြန်ရောက်တဲ့အခါ ချက်ပေးနိုင်ဖို့ ဒုတိယဦးလေးဆီကနေ ပညာတစ်ခုလောက် သင်ယူရဦးမယ်...”

အစ်ကိုကြီးနှင့် တတိယညီဖြစ်သူတို့ စစ်တုရင်ကစားနေသည်ကို မလှမ်းမကမ်းရှိ ထောင့်တစ်နေရာမှ ဆောင့်ကြောင့်ထိုင်ကြည့်နေသော ဒုတိယဦးလေးကလည်း စုလီယန်ကို ရိုးသားပွင့်လင်းသော အမူအရာဖြင့် ပြုံးပြလိုက်ပြီး…

“ဒုတိယဦးလေးက နင့်ကို အရမ်းကောင်းတဲ့ ဟင်းပွဲတချို့ သင်ပေးမယ်လေ...”

ပတ်ဝန်းကျင်ရှိ အမျိုးသမီးများက ထိုစကားကို ကြားသောအခါ သဘောမကျစွာဖြင့် စုပ်သပ်လိုက်ကြသည်။

*ကြည့်စမ်း... ခေါက်ဆွဲရောတာတောင် အရသာမရှိဘူးတဲ့လား…*

ချန်လျိုရွာတွင် လူများသည် တရုတ်နှစ်သစ်ကူးကာလအတွင်း၌သာ ဂျုံရောခေါက်ဆွဲကို စားနိုင်ကြခြင်းဖြစ်သည်။

“ဘာလို့ ပစ္စည်းတွေ အများကြီး ဝယ်လာရတာလဲ... ချမ်းသာနေရင်တောင်မှ ခုလိုမျိုး ပိုက်ဆံတွေကို ဖြုန်းတီးပစ်လို့ မရဘူးလေ...”

စကားပြောရန် အောင့်ထားခဲ့သော စုလီယန်၏ မိခင်က ရုတ်တရက် ဤစကားကို ပြောထွက်လာခဲ့သည်။

သူမက ဤအကြောင်းကို ပြောချင်နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း မြိုသိပ်ထားခဲ့ခြင်းဖြစ်သည်။ ယခုတော့ ဆက်ပြီး သည်းမခံနိုင်တော့ပေ။

ဤအတွက် စုလီယန်က နှုတ်ခမ်းကို စူလိုက်ပြီး မပြောဘဲ မနေနိုင်တော့ဘဲ…

“ယောကျ်ားက အဲ့လောက်အများကြီး ဝယ်လာမယ်ဆိုတာ မသိခဲ့ဘူး... သူက တခြားလူကိုလွှတ်ပြီး ဝယ်ခိုင်းလိုက်တာ...”

“အမေ... စားသောက်ပွဲအတွက် ဂျုံနဲ့ အသားတွေ ပိုတယ်ဆိုရင်တော့ သမီး နည်းနည်း ပြန်ယူသွားရလိမ့်မယ်...”

“အားလုံးကို ဒီနေရာမှာ ထားခဲ့လို့ မရဘူးလေ...”

မူလက စုလီယန်၏ မိခင်သည် သမီးဖြစ်သူအား အိမ်ထောင်ကို မည်သို့ စီမံခန့်ခွဲရမည်ကို မသိခြင်းနှင့် အကြံပေးရန် မသိခြင်းတို့အတွက် ဆူပူရန် တွေးတောနေခဲ့သည်။

အင်း... တကယ်လည်း ဤအတိုင်း ဖြစ်လာခဲ့သည်ပဲ။ ငါ ကျွေးမွေးပြုစုပျိုးထောင်လာခဲ့တာ အလကားမဖြစ်ဘူးပဲ။

ချက်ချင်းပင် သူမက သမီးဖြစ်သူကို မျက်စောင်းထိုးကာ မပြောဘဲ မနေနိုင်တော့ဘဲ…

“နင့်အမေက နင့်ဆီကနေ ဘယ်လိုလုပ် အခွင့်အရေးယူမှာလဲ...”

အနီးနားတွင် ရပ်နေကြသော ရွာမှ အဒေါ်များကလည်း တိတ်တိတ်လေး ရယ်မောလိုက်ကြပြီး…

“လီယန် နင်က ကိုယ့်မိသားစုအပေါ် အငြိုးထားနေတုန်းပဲလား...”

သို့သော်လည်း စုလီယန်ကမူ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူဆသော အမူအရာဖြင့်…

“ယောကျ်ားက အစားရွေးတယ်လို့ ပြောပြီးပြီ မဟုတ်လား... သူက တခြားအစားအစာတွေကို အသားမကျဘူးလေ...”

တံခါးပေါက်ဘောင်တွင် ဆောင့်ကြောင့်ထိုင်နေသော စုချန်းလျန်က ရုတ်တရက်...

“အစ်မ ချန်ထားခဲ့ပါဦး... ကျွန်တော်လည်း အသားစားချင်သေးတယ်...”

ထိုအချိန်တွင် စုချန်းလျန်၏ လက်ထဲ၌ ပြောင်းဖူးမုန့်ပြားတစ်ခုကို ကိုင်ထားလေသည်။

ထိုမုန့်ပြားက အေးစက်နေပြီး ကျောက်တုံးတစ်တုံးကဲ့သို့ မာကျောနေသော်လည်း စုချန်းလျန်ကမူ အရသာရှိရှိ စားသုံးနေဆဲဖြစ်သည်။

သူတို့ တတ်နိုင်တာ ဘာမှမရှိပေ။

ယောက်ဖဖြစ်သူက အိမ်ထဲတွင် အိပ်ပျော်နေသောကြောင့် မိခင်ဖြစ်သူက နေ့လယ်စာကို ရိုးရိုးရှင်းရှင်းပင် မချက်ခဲ့ပေ။

သားမက်ဖြစ်သူ နိုးလာသည့်အချိန်မှသာ ဟင်းချက်ပြီး အတူတူစားကြမည်ဟု သူမက ပြောခဲ့သည်။

စုချန်းလျန်က ဗိုက်ဆာနေသောကြောင့် မာကျောနေသော မုန့်ပြားတစ်ချပ်ကိုသာ စားနိုင်ခဲ့သည်။

စုချန်းလျန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် စုလီယန်က လှည့်ကာ သူ့အား စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး ဒေါသတကြီးဖြင့်…

“နင် ဘာတွေ စားနေတာလဲ...”

“နင့်မုန့်ကို သွားစားစမ်း...”

စုလီယန်က ထိုမျှ ဒေါသတကြီး ပြောလိုက်သောအခါ စုချန်းလျန်က နောက်တွန့်သွားပြီး စကားတစ်ခွန်းမျှ မဟရဲတော့ပေ။

ဘယ်လောကမှာပဲဖြစ်ဖြစ် ဤအစ်မကြီးက သူမ၏ မောင်လေးကို အမြဲတမ်း ရိုက်နှက်ဆုံးမလေ့ရှိသည်မှာ သေချာပေသည်။

စုချန်းလျန်သည် ငယ်စဉ်ကတည်းက စုလီယန်၏ ရိုက်နှက်ခြင်းကို များစွာခံခဲ့ရကြောင်း သိသာထင်ရှားလှသည်။

ညနေ လေးနာရီ၊ ငါးနာရီခန့် နေဝင်မည့်အချိန်တွင် ဖြစ်သည်။

လုယွမ် အိပ်နေသော အခန်းထဲမှ ဆူညံသံအချို့ ထွက်ပေါ်လာခဲ့သည်။

လုယွမ် နိုးလာခဲ့သည်။

ယုတ္တိတန်စွာ ပြောရလျှင် တစ်ရက်နှင့် တစ်ည၊ ပြီးတော့ မနက်ခင်းပါ မအိပ်ရသေးသော လုယွမ်သည် နောက်တစ်နေ့အထိ အိပ်ပျော်နိုင်သင့်ပေသည်။

သို့သော် ဤနေရာက သူ၏ ကိုယ်ပိုင်အိမ် မဟုတ်သည့်အပြင် စိတ်ထဲတွင်လည်း တွေးစရာများ ရှိနေသောကြောင့် အချိန်အကြာကြီး မအိပ်ခဲ့ရပေ။

လုယွမ် ထလာသောအခါ စုလီယန်၏ မိခင်က လှုပ်ရှားသံကို ပထမဆုံး ကြားလိုက်ရသည်။

ထိုအသံကို ကြားလိုက်ရသောအခါ သူမက အစပိုင်းတွင် အံ့သြသွားခဲ့ပြီးနောက် မျက်မှောင်ကြုတ်လိုက်ကာ ဘေးတွင် ကုန်းပြီး "နှစ်ဆတိုးပျော်ရွှင်ခြင်း" စာလုံးကို ညှပ်နေသော စုလီယန်ကို ကြည့်ကာ ပြောလိုက်သည်။

“နင်က နားပင်းနေတာလား...”

“နင့်ယောကျ်ား နိုးလာတာကို နင်မကြားဘူးလား...”

“အခုချက်ချင်း သွားပြီး မပြုစုပေးတော့ဘူးလား...”

“ကျေးဇူးကန်းတဲ့ကောင်မ... နင့်ယောကျ်ားက နင့်ကို အလိုလိုက်ထားတာ အလကားဖြစ်သွားပြီပဲ...”

ဤစကားလုံးများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် စုလီယန်က နောက်ထပ် တစ်ခွန်းမျှ မပြောရဲတော့ဘဲ ကတ်ကြေးကို အမြန်ချကာ သူမ၏ ယောကျ်ားအခန်းဆီသို့ ပြေးသွားလေသည်။

အနီးနားတွင် ရပ်နေကြသော အမျိုးသမီးများက တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်လိုက်ကြသည်။

“ယောင်းမ...”

“ဒါက... ဒါက မဖြစ်သင့်ပါဘူး... လီယန့်ကို အရမ်းကြီး တင်းကျပ်နေသလိုပဲ...”

စုလီယန်၏ ဒုတိယအဒေါ်က တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။

အရင်က ယောင်းမက စုလီယန်ကို တော်တော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်။

ဘာဖြစ်လို့ ယနေ့ သူမ၏ မျက်နှာထားက တစ်မျိုးဖြစ်နေသလို ခံစားရတာလဲ။

စုလီယန်က ဂျုံဖြူနဲ့ အသားတချို့ကို ပြန်ယူသွားချင်တယ်လို့ ပြောလိုက်တဲ့အတွက် ဒေါသထွက်သွားတာများလား။

*မဖြစ်နိုင်ပါဘူး... ပစ္စည်းတွေက အများကြီးဆိုတော့ တချို့ကို ပြန်ယူသွားတာက နားလည်ပေးလို့ ရပါတယ်..*

*ယောင်းမက အဲ့လောက်ထိ သဘောထားသေးသိမ်သောသူ မဟုတ်ပါဘူး…*

စုလီယန်၏ မိခင်က လက်ထဲတွင် အပ်ကို ကိုင်ထားရင်း ဆံပင်ကို ပွတ်သပ်ကာ အေးဆေးစွာ ပြောလိုက်သည်။

“ဒီလောကမှာ ဆုပ်ကိုင်ရ အခက်ဆုံးအရာက အလယ်အလတ်ကျင့်စဉ်ပဲ...”

“သားမက်က ကြည့်ရတာ သဘောကောင်းပြီး ဂရုစိုက်တတ်တဲ့သူမျိုးပဲ...”

“အဲ့လိုလူမျိုးနှင့် အချိန်အကြာကြီး နေထိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး အခွင့်အရေးယူဖို့ သေချာပေါက် ဖြစ်လာလိမ့်မယ်...”

“အကယ်၍ သားမက်ကို စော်ကားမိပြီး နှင်ထုတ်ခံရရင် အဲ့တာက တကယ့်ကို ခက်ခဲသွားလိမ့်မယ်...”

“အထူးသဖြင့် ငါ့သမီးမှာ ဆုံးမမယ့် ယောက္ခမမရှိတော့ အမေဖြစ်တဲ့ ငါက သူ့ကို မဆုံးမရင် ဘယ်သူက ဆုံးမမှာလဲ...”

“ငါ့သားမက်ကိုပဲ ဥပမာထားကြည့်... သူက ရုပ်ရည်လည်း ပြေပြစ်တယ် ပြီးတော့ သူ့မိသားစုကလည်း ချမ်းသာတယ်လေ...”

“အကယ်၍ ငါ့သမီးသာ ဇနီးကောင်းတစ်ယောက် မဖြစ်ချင်ဘူးဆိုရင်တောင် ဇနီးကောင်းဖြစ်ချင်တဲ့ တခြားမိန်းမတွေ အများကြီးရှိတယ်...”

“အဲ့အချိန်ကို တကယ်ရောက်လာရင် တောင်ကြီးပြိုကျမတတ် ပြန်လာပြီး ငိုနေရင်တောင်မှ ဘာမှအသုံးဝင်မှာ မဟုတ်ဘူး...”

အနီးနားတွင် ရပ်နေကြသော အမျိုးသမီးများသည် စုလီယန်၏ မိခင်ပြောလိုက်သော ရှည်လျားပြီး အဓိပ္ပာယ်ပြည့်ဝလှသည့် စကားများကြောင့် မှင်သက်သွားကြလေသည်။

အဓိပ္ပာယ်ကို သေသေချာချာ စဉ်းစားကြည့်ပြီးနောက် လူတိုင်းက မလေးစားဘဲ မနေနိုင်အောင် သက်ပြင်းချလိုက်ကြသည်။

စုလီယန်တစ်ယောက် အိမ်ထောင်ကျပြီးနောက် ဤမျှလောက် ချစ်ခင်မြတ်နိုးခံရသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

သူတို့က သူမအတွက် စားသောက်ပွဲတွေ ကျင်းပပေးတယ်... ပြီးတော့ ပစ္စည်းမျိုးစုံဝယ်ပေးပြီး အဖိုးတန်ရတနာတစ်ခုလို ဆက်ဆံကြတယ်လေ။

ဤအရာအားလုံးက ဤအမေဖြစ်သူက သားသမီးကို မည်မျှကောင်းစွာ သွန်သင်ဆုံးမခဲ့သလဲဆိုသည့် အချက်အပေါ်တွင်သာ မူတည်ပေသည်။

All Chapters