အခန်း (၈၂၃-၈၂၄)
Vol. 83 Ch. 823-824
အပိုင်း (၈၂၃) ငြင်းပယ်လို့မရတဲ့ အကြောင်းပြချက် ၊ ကောင်းကင်တုန်ဟီးမည့် ဒေါသမာန် ၊လွတ်လပ်ပေါ့ပါးသော အငွေ့အသက်
ချောမောလှပသော လူငယ် (ယွမ်ချဲ့) သည် ကော်မျိုးနွယ်ဘိုးဘေးကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာပင် ဆိုလိုက်သည်။
"သူက ပိုတောင် မဖြစ်နိုင်သေးတယ်"
သူ၏လေသံမှာ ပြတ်သားလွန်းလှသည်။
ကော်မျိုးနွယ်ဘိုးဘေးမှာ ကြောင်အသွားပြီး
"ဘာလို့လဲ" ဟု မေးလိုက်မိသည်။
သူနှင့် ချူမျိုးနွယ်ဘိုးဘေးတို့မှာ အဖြေရှာမရဘဲ ဝေခွဲမရ ဖြစ်နေကြသည်။
"မင်းက ဘာအဆင့်အတန်းမလို့ ငါနဲ့တူတဲ့ အင်္ကျီကို ဝတ်ထားတာလဲ"
ဟု ထိုလူငယ်က နှာခေါင်းရှုံ့လျက် ဆိုလိုက်သည်။
ကော်မျိုးနွယ်ဘိုးဘေး : "................"
"ဒါဆို... ဒီအမျိုးသမီးကိုရော"
"ငါ့ရဲ့ အမွေအနှစ်က အမျိုးသားတွေကိုပဲ ပေးတာ"
"........."
ချောမောသောလူငယ်သည် လီယန်ချူကို လက်ညှိုးထိုးကာ ဆက်ပြောသည်။
"ဒီလူကို ကြည့်စမ်း၊ အသက် (၂၀) တောင် မပြည့်သေးခင်မှာ ဒီလိုအဆင့်ကို ရောက်နေပြီဆိုတာ တကယ့်ကို ပါရမီထူးခြားလွန်းလို့ ခေတ်တစ်ခေတ်ကိုတောင် လွှမ်းမိုးထားနိုင်မယ့်သူပဲ။ နောက်ပြီး သူ့ရဲ့ ဒီလိုချောမောတဲ့ မျက်နှာကို ကြည့်ဦး၊ ငါ့ထက်တောင် မလျော့ဘူး။
ဒီလို မျက်နှာမျိုးက လှည့်စားဖို့ သိပ်ကောင်းတာ။ လောကမှာ ကျင့်ကြံသူတွေရဲ့ တစ်ဝက်က အမျိုးသမီးတွေလေ၊ ဒီလိုမျက်နှာမျိုးနဲ့ လောကအနှံ့ လျှောက်သွားမယ်ဆိုရင် ဘယ်နေရာမဆို အဆင်ပြေမှာပဲ။ ငါ့ရဲ့ အမွေအနှစ်ကို သူ့ကိုပေးလိုက်ရင်တော့ တကယ့်ကို တိုးတက်ပြန့်ပွားသွားမှာ သေချာတယ်"
လီယန်ချူက အေးဆေးစွာ ပြုံးလိုက်ပြီး
"ကျွန်တော်လို အချောလေးရဲ့ ထူးခြားချက်ကို တစ်ချက်ကြည့်ရုံနဲ့ သိမြင်နိုင်တဲ့ စီနီယာကတော့ ပထမဆုံးပါပဲ၊ လေးစားမိပါတယ် "
ချူမျိုးနွယ်ဘိုးဘေး : "........."
ကော်မျိုးနွယ်ဘိုးဘေး : "........."
ဖန့်ချင်းလန်ကလည်း ခပ်ဖွဖွ ပြုံးလိုက်သည်။ ချူမျိုးနွယ်ဘိုးဘေးမှာမူ မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ ဒီတာအိုကျင့်ကြံသူက တကယ်ပဲ ဒီလောက်အထိ ငယ်တာလား။
ကျင်းဟွာနန်းတော် အရှင်သခင်သည် လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အလင်းလုံးတစ်ခုမှာ လီယန်ချူ၏ လက်ထဲသို့ ကျရောက်လာသည်။
"ထျန်းဟဲကျန်ကျဲ့ ကျမ်းစာက ရေဓာတ်ကျင့်စဉ်နဲ့ စတင်တာဖြစ်ပြီး ကျင့်စဉ်နဲ့ မှော်အတတ်တွေ အများကြီး ပါဝင်တယ်။ ကြိုးကြိုးစားစား ကျင့်ကြံဖို့ မျှော်လင့်တယ်"
"နောက်ပြီး... မင်းသာ တစ်နေ့မှာ တက်လှမ်း နိုင်ခဲ့ရင်၊ တက်လှမ်းခြင်းကို တာဝန်ယူထားတဲ့ အဲ့ဒီ မြေးမသားကို ငါ့ကိုယ်စား မေးပေးပါဦး။ ဘာလို့ ငါ့ကို ဒီလောက်ကြီးတဲ့ မိုးကြိုးလုံးကြီးတွေနဲ့ ပစ်ရတာလဲလို့ "
ကျင်းဟွာနန်းတော် အရှင်သခင်သည် ထိုအကြောင်းကို တွေးမိသည်နှင့် ဒေါသထွက်လာပုံရသည်။
ထိုအလင်းလုံးမှာ အလွန်ဆန်းကြယ်လှသည်။ လီယန်ချူသည် ထိုအထဲတွင် ကျမ်းစာတစ်စောင်နှင့်အတူ အလံကဲ့သို့သော ရတနာတစ်ခု ပါဝင်နေသည်ကို ခံစားမိသည်။ ၎င်းမှာ မိစ္ဆာနှိမ်နင်းရေး အထွတ်အထိပ်ရတနာ ရတနာခုနှစ်ပါး ရွှေစေတီ ပင် ဖြစ်သည်။
အလင်းလုံးမှာ လီယန်ချူ၏ ဝတ်ရုံလက်ထဲသို့ တိုးဝင်သွားသည်။ လီယန်ချူက ပြုံးလိုက်ပြီး
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်"
လီယန်ချူ၏ စိတ်ထဲတွင် အနည်းငယ် စပ်စုချင်စိတ် ဖြစ်ပေါ်နေသည်။ ကျင်းဟွာနန်းတော် အရှင်သခင်၏ စကားပြောပုံနှင့် ထိုလွတ်လပ်ပေါ့ပါးသော အငွေ့အသက်မှာ သူနှင့် တစ်နေရာရာတွင် သိကျွမ်းဖူးသလို ခံစားနေရခြင်းပင်။
"ငါ့မှာ မူလက မိုရှဲဓား တစ်စောင်ရှိတယ်၊ ဒါပေမဲ့ အစီရင်တွေ ထည့်ပြီး တပည့်ဖြစ်သူကို ပေးလိုက်မိတယ်။ မဟုတ်ရင် မင်းကို တစ်ခါတည်း ပေးလိုက်မှာ"
မိုရှဲဓား... လီယန်ချူမှာ ခေတ္တမျှ ကြောင်သွားသည်။
"ဟူး... အဲ့ဒီကောင်က ငါ့ထက်တောင် ပိုပြီး စည်းကမ်းမဲ့တာ၊ တစ်သက်လုံး ဒီဓားရဲ့ တကယ့်စွမ်းအားကို သုံးနိုင်မှာ မဟုတ်သလို အစီရင်ကိုလည်း ဖြည်နိုင်မှာ မဟုတ်ဘူး"
လီယန်ချူသည် စိတ်ထဲမှ တစ်ခုခုကို သတိရသွားကာ လက်ကို ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်းဓားတစ်စောင် ပေါ်လာသည်။ ထိုဓားမှာ အလွန်ပင် ထက်မြက်လှပြီး ထူးခြားသော အရှိန်အဝါရှိသည်။
"ဒါက မိုရှဲဓားလား"
ကျင်းဟွာနန်းတော် အရှင်သခင်သည် မိမိတပည့်ကို သတိရနေစဉ် ဤဓားကို မြင်လိုက်ရသဖြင့် မှင်တက်သွားသည်။ သူသည် ဓားကို လှမ်းယူကာ မေးလိုက်သည်။
"ဒီဓားက ဘာလို့ မင်းလက်ထဲ ရောက်နေတာလဲ ငါ့တပည့်ကော ဘယ်လိုဖြစ်သွားပြီလဲ "
လီယန်ချူက သက်ပြင်းချလိုက်သည်
"ကျွန်တော် ဒါကို လုံချွမ်ကျိရင် ရဲ့ ဂူသင်္ချိုင်းထဲမှာ တွေ့ခဲ့တာပါ။ သူကတော့ အရိုးစုဖြစ်ပြီး ပျံလွန်တော်မူသွားပါပြီ။ ဂူထဲမှာ ဘာအစီရင်မှ မရှိဘူး၊ ကျွန်တော်လည်း ယူမလာချင်ပါဘူး။ ဒါပေမဲ့ ဒီဓားက သူချန်ထားခဲ့တဲ့ အသံလွှင့်ချက်အရ ဂူထဲကို ဝင်လာတဲ့သူကို လက်ဆောင်ပေးဖို့ သတ်မှတ်ထားလို့ပါ"
ကျင်းဟွာနန်းတော် အရှင်သခင်သည် ထိုစကားကို ကြားသောအခါ တိတ်ဆိတ်သွားသည်။ ခေတ္တအကြာတွင် သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။
"လုံချွမ်... ဟုတ်တာပေါ့၊ သူပဲ။ ဒါက သူ့စိတ်ဓာတ်မျိုးပဲ"
ကျင်းဟွာနန်းတော် အရှင်သခင်သည် လီယန်ချူကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။
"ဒီလို ရေစက်မျိုး ရှိလိမ့်မယ်လို့ မထင်ထားမိဘူး"
သူသည် လက်ဖြင့် ဓားသွားကို အသာအယာ ပွတ်သပ်လိုက်ရာ ရှေးဟောင်းဓားထက်တွင် တောက်ပသော အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး နဂါးဟိန်းသံကဲ့သို့ သာယာသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုထက်မြက်လှသော အရှိန်အဝါကြောင့် ချူမျိုးနွယ်နှင့် ကော်မျိုးနွယ် ဘိုးဘေးနှစ်ဦးမှာ မသိမသာ နောက်ဆုတ်သွားကြရသည်။
"နောက်နောင် တစ်ပါးသူကို ပညာသင်ပေးရင် အစီရင်တွေ ဘယ်တော့မှ မထည့်တော့ဘူး။ အခု ဒီဓားရဲ့ အစီရင်ကို ဖြည်ပေးလိုက်ပြီ၊ အမှတ်တရအနေနဲ့ သိမ်းထားလိုက်ပါတော့"
ကျင်းဟွာနန်းတော် အရှင်သခင်သည် ထိုစကားကို ပြောပြီးနောက် စိတ်ပျက်အားလျော့သွားပုံရကာ ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်သည်။
"သွားကြတော့"
ထို့နောက် လူလေးဦးစလုံးသည် မိမိတို့ကိုယ်ပေါ်တွင် အလင်းတန်းတစ်ခု ဖြာထွက်လာသည်ကို ခံစားလိုက်ရပြီးနောက် ထျန်းစုနယ်မြေ၏ အပြင်ဘက်သို့ ပြန်ရောက်သွားကြသည်။
နယ်မြေအပြင်ဘက်တွင် စောင့်ဆိုင်းနေသော ကော်နှင့် ချူမျိုးနွယ်စုဝင်များသည် ပြန်လည်ပေါ်လာသော တာအိုကျင့်ကြံသူနှင့် အလှပိုင်ရှင် အမျိုးသမီးကို မြင်သောအခါ ရန်သူကို ရင်ဆိုင်ရသလို အသင့်ပြင်လိုက်ကြသည်။
"ဒီလောက် မြန်မြန်ကြီး ပြန်ထွက်လာတာလား"
သို့သော် သူတို့၏ ဘိုးဘေးများကို မြင်လိုက်ရသောအခါမှ စိတ်အေးသွားကြသည်။ ချူမျိုးနွယ်ဘိုးဘေးနှင့် ကော်မျိုးနွယ်ဘိုးဘေးတို့၏ မျက်နှာမှာမူ အလွန်ပင် မှိုင်နေပြီး ကြည့်ရဆိုးလှသည်။ အထူးသဖြင့် လျှို့ဝှက်နယ်မြေ စမ်းသပ်မှုများတွင် ကျွမ်းကျင်သည်ဟု နာမည်ကျော်သော ချူမျိုးနွယ်ဘိုးဘေးမှာ ပို၍ပင်။
ယခုအခါ ထျန်းစုနယ်မြေ၏ ကျောက်ပြာသာဒ်တံခါးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဤသည်မှာ သူကြုံဖူးသမျှ အတိုတောင်းဆုံးနှင့် ဘာမှမလုပ်လိုက်ရဆုံးသော နယ်မြေတစ်ခုပင်။ အနည်းဆုံးတော့ သူ့အတွက် ထိုသို့ ဖြစ်နေခြင်းပင်။
သို့သော် ထိုတာအိုကျင့်ကြံသူအတွက်မူ အမြတ်ကြီးစား ရလိုက်ခြင်းပင် ဖြစ်သည်။ ထိုအလင်းလုံးထဲတွင် ထျန်းဟဲကျန်ကျဲ့ ကျမ်းစာသာမက ရတနာခုနှစ်ပါး ရွှေစေတီ လည်း ပါဝင်နေမည်ကို သူ သံသယရှိနေသည်။ ၎င်းအပြင် အစီရင်ဖြည်ပြီးသား မိုရှဲဓား ကိုလည်း ရလိုက်သေးသည်။
တောက် သူများတွေက နယ်မြေထဲဝင်ရင် ကံစမ်းရတာ၊ ဒီတာအိုကျင့်ကြံသူကျမှ အထဲရောက်တာနဲ့ အကောင်းဆုံး ရတနာတွေကို တန်းယူသွားရုံတင်မကဘူး... ဒါက မွေးရာပါ အလှအပကြောင့် ရွေးချယ်ခံရတာတဲ့လား။
ချူမျိုးနွယ်ဘိုးဘေး၏ မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်နေပြီး လီယန်ချူကို အေးစက်စက် ကြည့်လိုက်သည်။ လီယန်ချူကမူ ယဉ်ကျေးသောသူပီပီ ချူမျိုးနွယ်ဘိုးဘေးကို ပြုံးပြလိုက်သည်။ ချူမျိုးနွယ်ဘိုးဘေးမှာ ဒေါသအထွတ်အထိပ် ရောက်သွားတော့သည်။
"တောက် အဲ့ဒီကျမ်းစာကို ငါ့ဆီမှာ ထားခဲ့စမ်း"
ချူမျိုးနွယ်ဘိုးဘေးသည် ကျင်းဟွာနန်းတော် အရှင်သခင်၏ လှောင်ပြောင်မှုကို ခံလိုက်ရသဖြင့် သူ၏ ဒေါသအားလုံးကို ဤတာအိုကျင့်ကြံသူအပေါ်သို့ ပုံချလိုက်တော့သည်။ လောကကြီးတစ်ခုလုံး လေပြင်းများ တိုက်ခတ်လာပြီး တိမ်မည်းများ ဖုံးလွှမ်းသွားကာ ကောင်းကင်ယံထက်တွင် မိုးခြိမ်းသံများ ဟိန်းထွက်လာသည်။
တတိယအဆင့် ယန်ဝိညာဉ် ကျင့်ကြံသူတစ်ဦး၏ ဒေါသတကြီး တိုက်ခိုက်မှုမှာ မြစ်ရေလျှံတက်လာသကဲ့သို့ ပြင်းထန်လှပြီး မြေကြီးပင် တုန်ခါသွားစေသည်။ ပေပေါင်းများစွာ ရှည်လျားသော ဓားကြီးတစ်စောင်သည် ကောင်းကင်ယံ၌ ပေါ်ထွက်လာပြီး လီယန်ချူထံသို့ ချက်ချင်းပင် ခုတ်ပိုင်းချလိုက်တော့သည်။ ထိုအရှိန်အဝါကြောင့် တောင်အောက်သို့ မောင်းချခံရသော ကျင့်ကြံသူများပင် မျက်နှာပျက်ကုန်ကြသည်။
ဒါက တတိယအဆင့် ယန်ဝိညာဉ်ရဲ့ အစွမ်းလား
ကော်မျိုးနွယ်ဘိုးဘေးနှင့် ချူမျိုးနွယ်ဘိုးဘေးကို ယှဉ်လျှင် ကော်မျိုးနွယ်ဘိုးဘေးက ပို၍ ရက်စက်ကြမ်းကြုတ်သော်လည်း ယခုအချိန်တွင် အမျက်အထွက်ဆုံးမှာ ချူမျိုးနွယ်ဘိုးဘေး ဖြစ်နေသည်။ ဤကဲ့သို့ လူရွေးထားပြီးသား နယ်မြေမျိုးကို သူ တစ်ခါမျှ မကြုံဖူးပေ။
ဝုန်း
လီယန်ချူက လက်ကို လှန်လိုက်ရာ ချီစွမ်းအားဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ဝါးကြီးတစ်ခု ပေါ်လာပြီး ထိုဓားကြီးနှင့် ထိပ်တိုက် တိုးမိသွားသည်။ ခဏအတွင်းမှာပင် ဓားကြီးမှာ ပျောက်ကွယ်သွားပြီး အင်အားပြင်းသော လေလှိုင်းများ ပတ်ဝန်းကျင်သို့ ပြန့်လွင့်သွားတော့သည်။ အနီးနားရှိ ကျင့်ကြံသူ အချို့မှာ ထိုလေလှိုင်းဒဏ်ကြောင့် သွေးအန်ကုန်ကြသည်။
လူအုပ်ထဲရှိ မျက်နှာညှိုးငယ်သော ရှုထိုက်ဖိန်မှာလည်း အံ့အားသင့်နေမိသည်။ ဒီနယ်မြေက ဘာလို့ ဒီလောက်မြန်မြန် ပျောက်သွားတာလဲ သူသည် မဟာကံတရားပိုင်ရှင် ဖြစ်သဖြင့် ယခင်က မည်သည့်နယ်မြေထဲဝင်ဝင် ရတနာရစမြဲ ဖြစ်သည်။ သို့သော် ယနေ့တွင်မူ အထဲတောင် မဝင်ရသေးဘဲ နယ်မြေပိတ်သွားသည့်အပြင် ယန်ဝိညာဉ်တိုက်ပွဲကြားထဲသို့ပင် ရောက်နေရသည်။
"ငါ့ရဲ့ ကံတရားက ဘာဖြစ်သွားတာလဲ"
ရှုထိုက်ဖိန် စိုးရိမ်သွားသည်။ သူသည် မိမိကိုယ်မိမိ ကာကွယ်ရန် လက်ထဲရှိ ကျောက်စိမ်းပြားကို ခွဲလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် အဝေးသို့ ပြေးထွက်သွားတော့သည်။ ဤနေရာတွင် ဆက်မနေသင့်တော့ပေ။
ဖူဟု ဘုရားကျောင်းအတွင်း
ရဟန်းအိုကြီး ရှန်ယွင်သည် မိမိ၏ တရားခန်းထဲတွင် ရှိနေပြီး သူ၏ရှေ့၌ အပြင်ဘက်မှ တိုက်ပွဲမြင်ကွင်းကို ဖော်ပြနေသော အလင်းမျက်နှာပြင်တစ်ခု ရှိသည်။
"ဒီလူငယ်က အော်မေတောင်ကို နောက်တစ်ခါ ပြန်ရောက်လာတာလား သူ ဘာလုပ်ချင်နေတာလဲ"
ရှန်ယွင်သည် လီယန်ချူကို ချက်ချင်းပင် မှတ်မိလိုက်သည်။ အထူးသဖြင့် ခါးတွင် ချိတ်ထားသော ရှေးဟောင်းဓားမြှောင်နှင့် သူ၏နက်နဲလှသော ကျင့်ကြံဆင့်တို့ကြောင့်ပင်။ လီယန်ချူသည် လက်ဝါးတစ်ချက်ဖြင့်ပင် ချူမျိုးနွယ်ဘိုးဘေး၏ ဓားအတတ်ကို ဖျက်ဆီးနိုင်ခြင်းမှာ အံ့မခန်းပင်။
"သူက ဘယ်အင်အားစုကလဲ သူ့နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ "
ရဟန်းအိုကြီး စိုးရိမ်လာသည်။ လီယန်ချူမှာ အင်အားကြီးဂိုဏ်းတစ်ခုခု၏ ကိုယ်စားလှယ် သို့မဟုတ် ရှေးဟောင်းပုဂ္ဂိုလ်တစ်ဦး၏ လူဝင်စား ဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိသည်။
ချူမျိုးနွယ်ဘိုးဘေးသည် ကောင်းကင်ထက်၌ ရပ်တန့်နေပြီး သူ၏ဝတ်ရုံမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ လူငယ်လေးတစ်ဦး၏ ပုံစံရှိသော်လည်း သူ၏ မျက်ဝန်းများမှာ လောကကြီးကို စိုးမိုးလိုသော အငွေ့အသက်များ ပြည့်နေသည်။
"တကယ်ပဲ တတိယအဆင့် ယန်ဝိညာဉ်ပဲ။ ကျင်းဟွာနန်းတော် အရှင်သခင် ပြောသလို ဒီအသက်အရွယ်နဲ့ ဒီအဆင့်အထိ ရောက်နေတာက တကယ့်ကို ကြောက်စရာကောင်းတယ် "
ချူမျိုးနွယ်ဘိုးဘေးသည် လီယန်ချူ၏ လက်ထဲရှိ ကျမ်းစာနှင့် မိုရှဲဓားတို့ကို မရမက လိုချင်နေသည်။ သူသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ချူမျိုးနွယ်တပည့်များ၏ လက်ထဲရှိ ဓားများအားလုံး အိတ်အတွင်းမှ ထွက်လာပြီး ကောင်းကင်ယံ၌ ဝဲပျံလာတော့သည်။
လီယန်ချူကမူ တည်ငြိမ်နေဆဲပင်။ သူသည် ဤလူ၏ ဓားပျံအတတ်ကို စိတ်ဝင်စားနေမိသည်။ သို့သော် ဓားအရေအတွက် နည်းနေသေးသည်ဟု သူ တွေးလိုက်မိသည်။ ဓားပေါင်း ထောင်ချီ၊ သောင်းချီမှသာ တကယ့် "ဓားနတ်ဘုရား" ၏ အငွေ့အသက်ကို ရရှိမည် မဟုတ်ပါလား။
ရှူး ရှူး ရှူး
ဓားပျံများသည် နဂါးတစ်ကောင်အလား လီယန်ချူထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ ၎င်းတို့မှာ သာမန်ဓားများ မဟုတ်ဘဲ အစီရင်များဖြင့် ဖွဲ့စည်းထားသော ဓားအစီရင်ကြီး ဖြစ်သည်။ လီယန်ချူသည် ခြေလှမ်းတစ်ချက် ပြင်လိုက်ရာ သူ၏ ခြေဖဝါးအောက်တွင် အဖြူနှင့် အမည်း နှစ်ရောင်ခြယ် ယင်ယန် ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး ပေရာပေါင်းများစွာအထိ ပြန့်နှံ့သွားတော့သည်။
လီယန်ချူသည် ထိုရေဆေးပန်းချီကဲ့သို့သော ယင်ယန်နယ်ပယ်အတွင်း၌ ရပ်နေရင်း လေထဲတွင် လွင့်မျောနေသော အရှိန်အဝါများမှာ နဂါးကြီးများအလား သူ့ကို ဝန်းရံထားသည်။ သူ၏ ခန့်ညားသော မျက်နှာနှင့် လေထဲတွင် တဖျတ်ဖျတ်လွင့်နေသော တာအိုဝတ်စုံတို့မှာ ပေါင်းစပ်လိုက်သောအခါ လွတ်လပ်ပေါ့ပါးသော အထက်တန်းကျသည့် အငွေ့အသက်ကို ပေးစွမ်းနေသည်။
"လုံဟူရှန်းရဲ့ ယင်ယန်အတတ်"
ဘေးမှ ကြည့်နေသော ကျင့်ကြံသူများက အံ့ဩတကြီး အော်ဟစ်လိုက်ကြသည်။ ဓားပျံနဂါးကြီးမှာ လီယန်ချူ၏ နယ်ပယ်ထဲသို့ ရောက်သည်နှင့် ရေဆေးရောင်အငွေ့အသက်များနှင့် တိုက်မိကာ တစ်စစချင်း ပြုတ်ကျကုန်တော့သည်။
လူအုပ်ထဲရှိ အချို့ကမူ လီယန်ချူကို ဝမ်ချွမ် တာအိုဆရာ ဟုပင် ထင်မှတ်ကာ အားပေးနေကြသည်။ ယခင်က လီယန်ချူနှင့် စကားပြောဖူးသော လူများမှာလည်း မိမိတို့သည် ယန်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်ကြီးနှင့် စကားပြောခဲ့ရသဖြင့် ဂုဏ်ယူနေကြသည်။
ဓားပျံများမှာ တစ်စစချင်း ပျက်စီးကုန်ပြီး ကောင်းကင်ယံ၌ ခုနစ်စောင်၊ ရှစ်စောင်ခန့်သာ ကျန်တော့သည်။ ချူမျိုးနွယ်ဘိုးဘေးသည် မျက်လုံးကို မှိတ်လိုက်ရာ သူ၏ မျက်ဝန်းများအတွင်းမှ ထက်မြက်သော ဓားဆန္ဒ များ ထွက်ပေါ်လာပြီး ဓားပျံများမှာ အသက်ဝင်လာကာ လီယန်ချူ၏ ယင်ယန်အငွေ့အသက်များကို ဖောက်ထွက်ပြီး တိုးဝင်လာတော့သည်။
"ဓားဆန္ဒနဲ့ စေခိုင်းတာပဲ ချူမျိုးနွယ်ဘိုးဘေးက တကယ့်ကို မွေးရာပါ ဓားခန္ဓာ ပိုင်ရှင်ပဲ "
လူအုပ်ထဲရှိ စာပေပညာရှိပုံစံ လူငယ် (ယခင်က လီယန်ချူနှင့် တိုက်ခိုက်ဖူးသူ) မှာ အံ့အားသင့်သွားသည်။ ဓားပျံများသည် အဟန့်အတားများကို ဖျက်ဆီးကာ လီယန်ချူထံသို့ ရောက်ရှိလာသည်။
လီယန်ချူ၏ ဝမ်းဗိုက်နေရာမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့ကို ဝန်းရံလိုက်ရာ ဓားပျံများအားလုံးမှာ သူတို့၏ အရှိန်အဝါများ ပျောက်ကွယ်သွားပြီး သာမန်သံတိုသံစများအလား မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျကုန်တော့သည်။
ချူမျိုးနွယ်ဘိုးဘေး၏ မျက်နှာ ပျက်သွားသည်
"ရွှေအမြုတေ "
တစ်ချက်တည်းနှင့် မှော်အတတ်ပေါင်းစုံကို ဖြိုခွဲနိုင်သည့် အစွမ်းပင်။ သူ၏ မျက်နှာသည် လူငယ်ပုံစံမှ သက်လတ်ပိုင်းပုံစံသို့ အနည်းငယ် ပြောင်းလဲသွားကာ လက်ထဲသို့ ဓားတစ်ချောင်းကို လှမ်းယူလိုက်ပြီး လက်ဖြင့် တောက်လိုက်ရာ နဂါးဟိန်းသံကဲ့သို့သော အသံမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ဟီးသွားစေတော့သည်။
"ဒီလို ဓားအတတ်မျိုးက တကယ့်ကို အံ့မခန်းပါပဲ၊ ဘိုးဘေးရဲ့ အစွမ်းက တကယ့်ကို နက်နဲလွန်းလှတယ် "
ဟု ဘေးမှ ချူမျိုးနွယ်ဝင်များက ရင်ခုန်စွာဖြင့် ကြည့်နေကြတော့သည်။
အပိုင်း (၈၂၄) တာအိုပညာကို လေ့ကျင့်ချောမွေ့စေခြင်း ၊ တိုက်ပွဲအတွင်းမှ သိမြင်နားလည်မှု ၊ ကြာဖြူမယ်တော်
ချူမျိုးနွယ်စုမှ ထိုကျင့်ကြံသူသည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကြည်ညိုလေးစားသွားမိသည်။
ချူမျိုးနွယ်ဘိုးဘေးသည် မွေးရာပါ ဓားခန္ဓာပိုင်ရှင်ဖြစ်သည့်အပြင် ရှေးဟောင်းမျိုးနွယ်စုကြီး၏ ကျင့်ကြံခြင်းအရင်းအမြစ်များကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားသူ မဟုတ်ပါလား။ သူ ကျင့်ကြံထားသော ဓားသိုင်းအတတ်မှာ အလွန်ပင် အစွမ်းထက်လှသည်။
သာမန်ဓားပျံတစ်စောင်သည် မြေပြင်မှ ကြွတက်သွားပြီးနောက် တစ်ေချာင်း မှ နှစ်ချောင်း၊ နှစ်ချောင်း မှ လေးချောင်း ၊ လေးချောင်း မှ ရှစ်ချောင်း... အစရှိသဖြင့် အဆင့်ဆင့် ပွားများသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထူထပ်သိပ်သည်းလှသော ဓားအစောင်ပေါင်း ရာနှင့်ချီ၍ ဖြစ်ပေါ်လာသည်။
ချူမျိုးနွယ်ဘိုးဘေးသည် လက်ညှိုးနှင့် လက်ခလယ်ကို ဓားသဏ္ဌာန်ပူးကာ လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ရာနှင့်ချီသော ဓားများသည် ထောင်နှင့်ချီသော ဓားများအဖြစ် ပြောင်းလဲသွားပြီး စီရီသိပ်သည်းလှသော "ဓားတောင်ကုန်း" ကြီးတစ်ခုသဖွယ် ဖြစ်တည်သွားတော့သည်။ ၎င်းမှာ ခန့်ညားထည်ဝါပြီး လေးလံလှသော်လည်း ထက်ရှသော သတ်ဖြတ်ခြင်းအငွေ့အသက်များကို ဆောင်ကြဉ်းထားသည်။
ဧရာမ ဓားတောင်ကြီး ပေါ်ထွက်လာသည်ကို မြင်သောအခါ ဘေးမှနေ၍ ကျားနှစ်ကောင်သတ်သည်ကို အသာကြည့်ကာ အမြတ်ထုတ်ရန် ပြင်နေသော ကော်မျိုးနွယ်ဘိုးဘေးပင် အံ့အားသင့်သွားရသည်။
"သူက ဒီလို ဓားသိုင်းအတတ်မျိုးကို ကျင့်ကြံထားလိမ့်မယ်လို့ မထင်ထားဘူး "
ကော်မျိုးနွယ်ဘိုးဘေး၏ မျက်နှာမှာ တည်တံ့လေးနက်သွားသည်။ လီယန်ချူသည်လည်း ထိုဓားတောင်ကြီးကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ ထိုဓားတောင်ထံမှ ထွက်ပေါ်နေသော ထူးခြားသည့် ဓားဆန္ဒကို သူ ရှင်းလင်းစွာ ခံစားနေရသည်။
ချူမျိုးနွယ်ဘိုးဘေးက ကော်မျိုးနွယ်ဘိုးဘေးဘက်သို့ လှည့်ကာ ရယ်မောရင်း ဆိုလိုက်သည်။
"အစ်ကိုကြီးကော် ၊ ဒီဓားက မူလက ခင်ဗျားအတွက် ပြင်ထားတာ၊ အခုတော့ သေသေချာချာ ကြည့်ထားလိုက်တော့"
ကော်မျိုးနွယ်ဘိုးဘေး : "........................"
ဝုန်း
ချူမျိုးနွယ်ဘိုးဘေးသည် ဓားတောင်ကို နှိုးဆော်လိုက်ရာ ၎င်းမှာ လီယန်ချူထံသို့ တဖြည်းဖြည်းချင်း တိုးကပ်သွားတော့သည်။ အစောပိုင်းက လျှပ်စီးကဲ့သို့ မြန်ဆန်လှသော ဓားပျံများနှင့် ယှဉ်လျှင် ဤဓားတောင်၏ ရွေ့လျားမှုမှာ အလွန်ပင် နှေးကွေးနေသည်ဟု ထင်ရသည်။
ထိုအချိန်တွင် လီယန်ချူသည် ပြင်းထန်လှသော စိတ်ဆန္ဒတစ်ခုက သူရှိနေသော ဤကမ္ဘာလောက အစိတ်အပိုင်းကို ချုပ်နှောင်ထားသလို ခံစားလိုက်ရသည်။ ထိုဓားတောင်သည် သူ့ကို ပစ်မှတ်ထားပြီးသား ဖြစ်နေကာ တစ်လှမ်းချင်း ရှေ့တိုးလာပြီး သူ့ကို ဓားတောင်အောက်တွင် အမှုန့်ခြေဖျက်ပစ်တော့မည့်အလား ရှိနေသည်။
ထိုက်ကျိ ယင်ယန် လျှို့ဝှက်အတတ်ဖြင့် တည်ဆောက်ထားသော ရေဆေးပန်းချီကဲ့သို့ နယ်ပယ်မှာ ထိုခန့်ညားထည်ဝါလှသော ဓားတောင်ကြီးကို လုံးဝ ခုခံနိုင်ခြင်း မရှိတော့ဘဲ တဖြည်းဖြည်းချင်း အက်ကွဲပျက်စီးလာတော့သည်။
ချူမျိုးနွယ်ဘိုးဘေးမှာ မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်ရှိနေသည်။ ဤဓားအတတ်မှာ သူသည် ရှေးဟောင်းဂူသင်္ချိုင်းကြီးတစ်ခုမှ ရရှိခဲ့သော အမွေအနှစ်ဖြစ်ပြီး မိမိဘာသာ သိမြင်နားလည်မှုများကိုပါ ပေါင်းစပ်ထားသဖြင့် အစွမ်းမှာ အလွန်ပင် ကြီးမားလှသည်။ ဓားအတတ်၏ ဆန်းကြယ်မှုများမှာ ထိုအထဲတွင် ကိန်းအောင်းနေသည်။
ထိုကြီးမားလှသော ဓားတောင်ကြီးကို မြင်ရသော ချူမျိုးနွယ်တပည့်များမှာလည်း မိမိတို့ဘိုးဘေးအပေါ် မော့ကြည့်၍ပင် မမီနိုင်သော အထင်ကြီးလေးစားစိတ်များ ဖြစ်ပေါ်နေကြသည်။ ဓားပျံစေခိုင်းသည့်အတတ်ကို ဤအဆင့်အထိ အသုံးပြုနိုင်ခြင်းမှာ တကယ့်ကို ထိတ်လန့်ဖွယ်ရာပင်။
လီယန်ချူ၏ ရွှေအမြုတေ မှာ ဆန်းကြယ်စွာ လည်ပတ်နေပြီး တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။
ရှပ် ရှပ် ရှပ်
ဓားတောင်ထက်မှ ဓားပျံအချို့မှာ ပြုတ်ကျကုန်ပြီး မြေပြင်ပေါ်သို့ ရောက်သည်နှင့် လုံးဝ အရည်ပျော် ပျောက်ကွယ်သွားတော့သည်။ မှော်အတတ်၏ ဆန်းကြယ်မှုမှာလည်း မှင်တက်ဖွယ်ပင်။ သို့သော် ချူမျိုးနွယ်ဘိုးဘေး၏ ဓားတောင်မှာ ဓားများ အရည်ပျော်သွားပြီးနောက်တွင် အသစ်များဖြင့် ချက်ချင်း ပြန်လည်ဖြည့်တင်းလိုက်သဖြင့် ဓားတောင်၏ ခန့်ညားထည်ဝါမှုမှာ တည်ငြိမ်စွာပင် ရှိနေဆဲဖြစ်သည်။
ချူမျိုးနွယ်ဘိုးဘေးက အေးစက်စက် ပြုံးလိုက်သည်။ ဤဓားသိုင်းကို သူ နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံလာခဲ့ခြင်းဖြစ်ရာ ဤမျှလွယ်လွယ်နှင့် အဖျက်ခံရဖို့ မဖြစ်နိုင်ပေ။
မင်းရဲ့ ရွှေအမြုတေအတတ်က ဘယ်လောက်ပဲ ဆန်းကြယ်နေပါစေ၊ ငါ့ရဲ့ ဓားတောင်ကို တစ်ခဏချင်းမှာ ဖြိုခွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။
သို့သော် လီယန်ချူ၏ ကိုယ်တွင်းရှိ ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောလှသော စွမ်းအား များမှာ ရုတ်တရက် လှုပ်ခတ်လာပြီး ရွှေအမြုတေထံမှ တောက်ပလွန်းသော အလင်းတန်းများ ပေါက်ကွဲထွက်လာတော့သည်။
၎င်းမှာ ရွှေအမြုတေတစ်ခုနှင့် မတူတော့ဘဲ ထွန်းလင်းတောက်ပနေသော နေမင်းကြီးတစ်စောင်နှင့်ပင် တူနေတော့သည်။ ဝင်းလက်တောက်ပလှပေစွ
ရွှေအမြုတေတွင် မှော်အတတ်များကို ဖြိုခွဲနိုင်သော အစွမ်းရှိရာ ဓားတောင်ပေါ်သို့ ကျရောက်သွားသောအခါ ဓားတောင်မှာ နှင်းတောင်ကြီး နေပူခံလိုက်ရသလို အရည်ပျော်ကျသွားပြီး ခဏချင်းမှာပင် သုံးပုံတစ်ပုံခန့် ပျောက်ကွယ်သွားတော့သည်။
ချူမျိုးနွယ်ဘိုးဘေး၏ မျက်နှာ အရောင်ပြောင်းသွားသည်။ ထိုတာအိုကျင့်ကြံသူလေး၏ ရွှေအမြုတေသည် ဤမျှအဆင့်အထိ ရောက်နေလိမ့်မည်ဟု သူ မထင်ထားမိပေ။
သူသည် ကိုယ်တွင်းမှ သွေး တစ်ငုံကို ဓားသွားပေါ်သို့ ထွေးထုတ်လိုက်သည်။ ဓားတောင်မှာ နဂိုအတိုင်း ပြန်မဖြစ်လာသော်လည်း ၎င်း၏ အရှိန်အဝါမှာမူ ရုတ်တရက် ပေါက်ကွဲထွက်လာမတတ် ပြင်းထန်လာတော့သည်။
ရှည်လျားသော ဓားများသည် တုန်ခါနေကာ ပြိုကွဲတော့မည့်အလား ထင်ရသော်လည်း အမှန်တကယ်တွင်မူ အဆုံးမရှိသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ကိန်းအောင်းနေခြင်းပင်။ ဘေးမှ ကော်မျိုးနွယ်ဘိုးဘေးသည် မျက်လုံးများကို မှေးကြည့်လိုက်သည်။ ထိုဓားတောင်နှင့် တာအိုကျင့်ကြံသူလေး ထိပ်တိုက်တွေ့ချိန်သည် သူ ဝင်ရောက်တိုက်ခိုက်ရမည့် အချိန်ပင်
ကျားနှစ်ကောင်သတ်သည်ကို အသာကြည့်သည်ဆိုရာ၌ အနိုင်အရှုံးပေါ်မှ တိုက်ခိုက်ရမည်ဟု မဆိုလိုပေ။
အရေးကြီးသော အခိုက်အတန့်တွင် ပြိုင်ဘက်ကို အသေသတ်နိုင်မည့် ဒဏ်ချက်ကို ပေးနိုင်ဖို့ကသာ အဓိကဖြစ်သည်။
သူ၏ ဝတ်ရုံမှာ လေမတိုက်ဘဲ လွင့်နေကာ အရှိန်အဝါမှာ ထူထပ်လေးလံလာပြီး မျက်ဝန်းများထဲတွင် အေးစက်လှသော သတ်ဖြတ်လိုစိတ်များ ယှက်သန်းနေသည်။ အော်မေတောင်ပေါ်ရှိ ကျင့်ကြံသူများအားလုံးမှာ အသက်ရှူရန်ပင် မေ့လျော့နေကြသည်။ ဓားတောင်၏ ခန့်ညားလှသော အရှိန်အဝါကြောင့် သူတို့၏ စိတ်ထဲတွင် အတိုင်းအဆမရှိသော ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေရသည်။ တစ်ချက်မျှ ကြည့်လိုက်ရုံနှင့်ပင် မိမိတို့၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်မှာ အပိုင်းပိုင်း အဖြတ်ခံလိုက်ရသလို ခံစားနေရခြင်းပင်။
ဤဓားအတတ်မှာ အစဉ်အလာအရ ဓားနတ်ဘုရားတို့၏ လွတ်လပ်ပေါ့ပါးသော ဓားအတတ်မျိုး မဟုတ်သော်လည်း အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်း အစွမ်းကို ပြသနေသည်။
လူအပေါင်းတို့က ထိုတာအိုကျင့်ကြံသူလေးသည် ဤဓားဒဏ်ကြောင့် သေချာပေါက် ဒဏ်ရာရလိမ့်မည်ဟု ထင်နေကြစဉ်မှာပင် တာအိုကျင့်ကြံသူလေးက လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး ထိုဓားတောင်ကြီးကို လက်တစ်ဖက်တည်းဖြင့်ပင် ထိန်းထားလိုက်တော့သည်။
တောင်ကိုမခြင်း
ချူမျိုးနွယ်ဘိုးဘေး မျက်မှောင်ကြုတ်သွားသည်။ ထိုတာအိုကျင့်ကြံသူမှာ ဤမျှလောက်များပြားလှသော အတတ်ပညာများကို တတ်မြောက်ထားပါသလား။ သူသည် ဓားတောင်ကို အောက်သို့ ဖိချလိုက်ပြီး လီယန်ချူကို ဓားတောင်အတွင်း ပိတ်လှောင်ကာ အရပ်မျက်နှာအသီးသီးမှ ဓားဆန္ဒများဖြင့် အပိုင်းပိုင်း ခုတ်ဖြတ်သတ်ပစ်ရန် ကြိုးစားလိုက်သည်။
သို့သော် ဓားတောင်မှာ မြူတစ်မှုံစာမျှပင် လှုပ်ရှားခြင်း မရှိပေ ထိုတာအိုကျင့်ကြံသူလေးသည် ဓားတောင်တစ်ခုလုံးကို လက်တစ်ဖက်တည်းဖြင့် မထားသလိုမျိုး အေးဆေးတည်ငြိမ်စွာပင် ထိန်းထားနိုင်လေသည်။
"ဒါ... ဒါ မဖြစ်နိုင်ဘူး"
ချူမျိုးနွယ်ဘိုးဘေး အသံထွက်၍ပင် အော်ဟစ်လိုက်မိသည်။ သူ၏ လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ရာ ဓားတောင်မှာ ရုတ်တရက် ပြန့်ကျဲသွားပြီး လီယန်ချူကို ဝန်းရံပိတ်ဆို့လိုက်သည်။ ချူမျိုးနွယ်ဘိုးဘေး၏ အရှိန်အဝါမှာလည်း အနည်းငယ် ကျဆင်းသွားရသည်။ ထို အတတ်ကို အတင်းအဓမ္မ နှိုးဆော်ရခြင်းမှာ သူ့အတွက်လည်း ဝန်ထုပ်ဝန်ပိုး တစ်ခုပင်။
ရုတ်တရက်
ဓားတောင်ထဲမှ လူရိပ်တစ်ခုမှာ ရုန်းထွက်လာပြီး ဓားတောင်တစ်ခုလုံးမှာ ဝုန်းခနဲ ပြိုကွဲပျက်စီးသွားတော့သည်။ ၎င်းမှာ အမြင့်ပေ တစ်ရာခန့်ရှိသော ဧရာမ ဘီလူးကြီးတစ်ဦးပင် ဖြစ်သည်။ လက်တစ်ချက်ဝှေ့၊ ခြေတစ်ချက်လှမ်းရုံဖြင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ရှိနေသည်။
ဖားထျန်းရှန်းတီ
ချူမျိုးနွယ်ဘိုးဘေး၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးသွားသည်။ မှော်အတတ် ဆိုသည်မှာ သာမန်အတတ်ပညာများနှင့် မတူပေ။ မှော်အတတ်တစ်ခုကို အထွတ်အထိပ်အဆင့်အထိ ရောက်အောင် ကျင့်ကြံဖို့မှာ အလွန်ပင် ခက်ခဲလှသည်။ ယန်ဝိညာဉ် အဆင့် ပုဂ္ဂိုလ်ကြီးများပင်လျှင် မှော်အတတ် တစ်ခု သို့မဟုတ် နှစ်ခုလောက်သာ တတ်မြောက်ထားကြခြင်း ဖြစ်သည်။ အကြောင်းမှာ သူတို့၏ အဓိက စွမ်းအင်များကို ကျင့်စဉ်များ ကျင့်ကြံခြင်း သို့မဟုတ် အသက်ရှည်စေမည့် ဆေးလုံးများ ရှာဖွေခြင်းတွင်သာ အသုံးပြုရသောကြောင့် ဖြစ်သည်။
သို့သော် အစောပိုင်းကစ၍ ဤတာအိုကျင့်ကြံသူလေးသည် ထိုက်ကျိ ယင်ယန် လျှို့ဝှက်အတတ်၊ ရွှေအမြုတေ ၊ ဖားထျန်းရှန်းတီ နှင့် တောင်ကိုမခြင်း ဟူသော အတတ်ပညာ လေးမျိုးစလုံးကို အသုံးပြုခဲ့ပြီး အားလုံးမှာလည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေကြသည်။
"ဒီလူကများ... လုံဟူရှန်း က ကျိရင် ( အမှန်တရားကို သိမြင်သော တာအိုပညာရှင်) တစ်ယောက်ယောက်ရဲ့ လူဝင်စားများလား "
ချူမျိုးနွယ်ဘိုးဘေး တွေးလေလေ ဖြစ်နိုင်ခြေ ပိုရှိလေလေပင်။ လုံဟူရှန်းတွင် ကောင်းကင်နတ်ဆရာကြီး လေးပါးသာမက တောင်နောက်ဘက်တွင် တိတ်တဆိတ် ကျင့်ကြံနေသော ကျိရင်များလည်း ရှိသေးသည်။ တာအိုပညာရှင်များသည် ရုပ်နာမ်ကို ကျင့်ကြံကြရာ ထိုတိတ်တဆိတ် ကျင့်ကြံနေသော အဖိုးကြီးများ၏ အဆင့်မှာ အတိုင်းအဆမရှိ နက်နဲလှသည်။ သူတို့သည် တိုက်ခိုက်ခြင်းတွင် မကျွမ်းကျင်သော်လည်း ကျင့်ကြံခြင်းတွင် ထူးချွန်ကြပေမည်။ သို့သော် ရံဖန်ရံခါ လောကထဲသို့ ထွက်လာသောသူများမှာမူ တိုက်ခိုက်ရေးဆိုင်ရာ အတတ်ပညာ အနည်းငယ်ကို အထူးကျွမ်းကျင်သော လူကြမ်းကြီးများသာ ဖြစ်ကြပေမည်။
လီယန်ချူ၏ ဖားထျန်းရှန်းတီ ကိုယ်ရောင်ကိုယ်ဝါမှာ ယခုအခါ အရှိန်အဝါ အလွန်ပြင်းထန်နေကာ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။ ထိုလက်ဝါးချက်သာ ကျရောက်သွားပါက ချူမျိုးနွယ်စုမှ ကျင့်ကြံသူများအားလုံး ဤနေရာမှာတင် သေဆုံးကုန်ကြပေလိမည်။
ချူမျိုးနွယ်ဘိုးဘေးက အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
"ဟေ့"
သူ၏ ခြေဖဝါးအောက်မှနေ၍ ကောင်းကင်သို့ ထိုးတက်သွားသော ဓားချီ တစ်ခု ပေါ်ထွက်လာသည်။ အဝေးမှကြည့်လျှင် ရှေးဟောင်း ဧရာမဓားကြီးတစ်စောင်အလား ထင်ရကာ ထိုပြင်းထန်လှသော မှော်အင်အားနှင့် ထိပ်တိုက် တိုးမိသွားတော့သည်။
ဝုန်း
တိမ်ပင်လယ်ကြီးမှာ တလိမ့်လိမ့် လှုပ်ခတ်သွားသည်။
ဖုန်း
လီယန်ချူ၏ ဖားထျန်းရှန်းတီ လက်ဝါးချက်မှာ အတားအဆီးခံလိုက်ရသော်လည်း ထိုဓားချီမှာမူ တိုက်ရိုက်ပင် ပျက်စီးသွားရသည်။ ချူမျိုးနွယ်ဘိုးဘေးမှာ စွန်လွှတ်သီး ပြတ်ကျသွားသလို နောက်သို့ လွင့်ထွက်သွားတော့သည်။
"ဘိုးဘေးကြီး"
ချူမျိုးနွယ် ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထိုအချိန်တွင် ချူမျိုးနွယ်ဘိုးဘေးမှာ တောင်နံရံအတွင်းသို့ ရိုက်သွင်းခံလိုက်ရကာ ကျောက်တုံးများ ပြိုကျပြီး သူ၏ ကိုယ်ခန္ဓာကို လုံးဝ ဖုံးလွှမ်းသွားတော့သည်။
ဝုန်း
နောက်တစ်စက္ကန့်တွင် ချူမျိုးနွယ်ဘိုးဘေးသည် အပျက်အစီးများကြားမှ ပျံထွက်လာသည်။ သူ၏ ကိုယ်ပေါ်တွင် ထူထပ်သော စွမ်းအင်များ လည်ပတ်နေဆဲ ဖြစ်သည်။ သူသည် ကောင်းကင်ယံမှ ဖားထျန်းရှန်းတီ ကိုယ်ရောင်ကိုယ်ဝါကြီးကို အလွန်ပင် လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ အစောပိုင်းက လက်ဝါးချက်မှာ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးလုံးကို ပါးစပ်ထဲငုံ၍ ဒဏ်ရာများကို ကုသလိုက်နိုင်ခြင်း မရှိပါက အသက်အန္တရာယ်ပင် စိုးရိမ်ရပေမည်။
"ကော်ရှုန်း ၊ ဒီတာအိုကျင့်ကြံသူက အရမ်းကို ရက်စက်တာပဲ။ ခင်ဗျားသာ အခုမှ ဝင်မတိုက်ရင် နောက်တစ်ယောက် အတိုက်ခံရမှာက ခင်ဗျားပဲ "
ချူမျိုးနွယ်ဘိုးဘေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ကော်မျိုးနွယ်ဘိုးဘေး၏ မျက်နှာ အရောင်ပြောင်းသွားသည်။ အစောပိုင်းက သူသည် လီယန်ချူ၏ မှော်အတတ်များကို ငေးမောကြည့်နေမိသဖြင့် ဝင်မတိုက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါမှာမူ ခေတ်ပျက်ကြီးအတွင်း ရှေးဟောင်းမျိုးနွယ်စုများ လောကထဲသို့ ပြန်လည်ဝင်ရောက်လာချိန် ဖြစ်သည်။ ဤတာအိုတရားများ ပြတ်တောက်နေသော ခေတ်တွင် သူတို့ကသာ အရင်းအမြစ်များကို ပိုမိုသိမ်းပိုက်ပြီး လောကသားတို့ကို ကြောက်ရွံ့စေရမည် မဟုတ်ပါလား။
ကော်မျိုးနွယ်ဘိုးဘေးသည် အေးစက်လှသော မျက်နှာထားဖြင့် မျက်ဝန်းများမှာ လျှပ်စီးကဲ့သို့ တောက်ပနေသည်။ သူ နင်းထားသော ကျောက်ပြားများမှာ အက်ကွဲကုန်ကာ ထိုကြီးမားလှသော အရှိန်အဝါကို မခံနိုင်တော့ပုံရသည်။
မှော်အတတ်တစ်ခု ထွက်ပေါ်လာတော့သည်
လီယန်ချူ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ ကလီစာငါးပါး ခြောက်ပါးစလုံးကို တစ်စုံတစ်ယောက်က ညှစ်ထားသလို ခံစားလိုက်ရသည်။ မမြင်ရသော လက်တစ်ဖက်က သူ့ကိုယ်တွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာခြင်းပင်။ သူသည် ဖားထျန်းရှန်းတီ မှော်အတတ်ကို ပြန်သိမ်းလိုက်သည်။ တောက်ပလှသော ရွှေရောင်အလင်းတန်းများက တစ်ကိုယ်လုံးကို လွှမ်းခြုံထားလိုက်ရာ ထိုခံစားချက်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ကော်မျိုးနွယ်ဘိုးဘေးက အံ့ဩသွားသည်။
"ဟင်"
အစောပိုင်းက သူ အသုံးပြုလိုက်သည်မှာ ကော်မျိုးနွယ်၏ လျှို့ဝှက်အတတ် ဖြစ်သည်။ သို့သော် ထိုသူ့ကို ဖမ်းဆုပ်လိုက်သောအခါ ကျောက်တုံးကျောက်ခဲကို ဆုပ်မိသလိုမျိုး လုံးဝ လှုပ်ခါ၍ မရနိုင်ကြောင်း သိလိုက်ရသည်။
"မဖြစ်နိုင်တာ... ကလီစာငါးပါး ခြောက်ပါးက ဘယ်လိုလုပ် ဒီလောက်အထိ ကြံ့ခိုင်နေရတာလဲ "
ကော်မျိုးနွယ်ဘိုးဘေး မတုံ့ပြန်နိုင်သေးခင်မှာပင် လီယန်ချူ၏ မျက်နှာမှာ အေးစက်သွားသည်။ သူသည် ပါးစပ်ကို ဟလိုက်ရာ သုံးရောင်ခြယ် မီးလျှံတစ်ခု ထွက်ပေါ်လာတော့သည်။ တစ်ခဏအတွင်းမှာပင် ကောင်းကင်တစ်ခုလုံး နီရဲသွားကာ မီးလျှံပင်လယ်ကြီးတစ်ခု ဖြတ်သန်းသွားတော့သည်။
ကော်မျိုးနွယ် ကျင့်ကြံသူ ဆယ်ဂဏန်းခန့်မှာ ထိုမီးလျှံပင်လယ်ကြီးအတွင်းသို့ ပါသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သေဆုံးသွားကြပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။ အစောပိုင်းက လီယန်ချူနှင့် စကားပြောခဲ့သော ကော်မျိုးနွယ်ကျင့်ကြံသူမှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားရရှာသည်။ ဤကော်မျိုးနွယ်စုဝင်များသည် အလွန်ပင် မောက်မာရိုင်းစိုင်းကြကာ သူတို့၏ ကိုယ်ပေါ်တွင်လည်း မကျေနပ်ချက် ဝိညာဉ်များစွာ ကပ်ငြိနေကြသဖြင့် သေသင့်သေထိုက်သူများသာ ဖြစ်ကြသည်။
ကော်မျိုးနွယ်ဘိုးဘေး၏ စွမ်းအားများမှာ တစ်ခဏချင်းမှာပင် ထက်ဝက်ကျော် လောင်ကျွမ်းသွားရကာ မျိုးနွယ်စုဝင်များ အသတ်ခံလိုက်ရသည်ကို မြင်သောအခါ အလွန်ပင် ဒေါသထွက်သွားတော့သည်။
"ဒီကောင်စုတ် "
သူသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး လက်ထဲတွင် အနက်ရောင်အလံ တစ်ခု ပေါ်လာသည်။ ၎င်းကို အနည်းငယ် လှုပ်ယမ်းလိုက်ရာ လေထုမှာ ပြောင်းလဲသွားပြီး အေးစက်သော ယင်ချီ များ ထူထပ်လာတော့သည်။ အနက်ရောင်အလံမှာ ပေပေါင်းများစွာအထိ ကြီးမားလာကာ လီယန်ချူကို ဝါးမြိုပစ်ရန် ကြိုးစားလိုက်သည်။
လီယန်ချူသည် စိတ်၊ ဝိညာဉ်နှင့် စွမ်းအင်တို့ကို တစ်သားတည်း ဖြစ်စေလိုက်သည်။ သုံးရောင်ခြယ် မီးလျှံများဖြင့် မိမိ၏ ရုပ်ခန္ဓာကို သန့်စင်ထားသဖြင့် တစ်သားတည်း ဖြစ်နေခြင်းပင်။ မဟုတ်ပါက အစောပိုင်းက ကော်မျိုးနွယ်ဘိုးဘေး၏ လျှို့ဝှက်အတတ်ကြောင့် ဒဏ်ရာရသွားပေလိမည်။ သူသည် မူလက တာအိုအတတ်များ၏ အစွမ်းကို စမ်းသပ်လိုသော ရည်ရွယ်ချက်ရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူ၏ စိတ်ထဲတွင် ကျေနပ်အားရမှုများ ဖြစ်ပေါ်နေသည်။ သူ တတ်မြောက်ထားသော တာအိုအတတ်များမှာ ဤမျှအထိ အစွမ်းထက်နေပါသလား။ ထူးချွန်ပေစွ။
ထိုအနက်ရောင်အလံကြီး လိပ်တက်လာသည်ကို မြင်သောအခါ လီယန်ချူ၏ ကိုယ်ပေါ်မှ အရောင်ငါးမျိုးရှိသော အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ထိုအလံကြီးကို တိုက်ရိုက်ပင် ရိုက်ချလိုက်တော့သည်။
"တိုက်ခိုက်ရင် တိုက်ခိုက်ပေါ့၊ ဘာလို့ မှော်ရတနာတွေကိုပဲ အားကိုးချင်နေတာလဲ "
အမြဲတမ်း မှော်ရတနာတွေကိုပဲ အားကိုးနေတတ်တဲ့ တာအိုဆရာ လီက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
ကော်မျိုးနွယ်ဘိုးဘေး : ".................."
(ကြည့်ရတာ သူကပဲ လူကြီးမင်းမဆန်တဲ့သူ ဖြစ်နေသလိုမျိုးပါပဲ။)
ဖူဟု ဘုရားကျောင်း
မှော်အတတ်ဖြင့် လီယန်ချူ၏ အခြေအနေကို စောင့်ကြည့်နေသော ရှန်ယွင် မှာ ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။
"ကျောက်စိမ်းပေတံ"
"ဒါကြောင့်မို့လို့ နတ်ဘုရားချည်ကြိုး က သူ့ကို မဖမ်းနိုင်တာကိုး။ ဒီရတနာက သူ့လက်ထဲ ရောက်နေတာပဲ"
ရဟန်းအိုကြီး တွေးလိုက်မိသည်။
ကျောက်စိမ်းပေတံ ဆိုသည်မှာ အလွန်ထူးခြားသော ရတနာဖြစ်သည်။ သတ်ဖြတ်ခြင်း အစွမ်းလည်းမရှိ၊ ကာကွယ်ခြင်း အစွမ်းလည်း မရှိပေ။ ၎င်း၏ တစ်ခုတည်းသော ဂုဏ်သတ္တိမှာ သူတစ်ပါး၏ မှော်ရတနာများကို ရိုက်ချနိုင်ခြင်းပင် ဖြစ်သည်။
နားထောင်ရသည်မှာ အလွန်အစွမ်းထက်သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ အချို့နေရာများ၌ သုံးမရသော ရတနာ သာ ဖြစ်သည်။ အကြောင်းမှာ ၎င်းသည် လက်နက်များကို ရိုက်မချနိုင်သလို၊ မှော်အတတ် များကိုလည်း မတုံ့ပြန်နိုင်သောကြောင့် ဖြစ်သည်။
မှော်အတတ် သို့မဟုတ် ကျင့်ကြံဆင့်ဖြင့်သာ ဖိနှိပ်လိုက်ရုံပင်။ ဤခေတ်သည် မှော်ရတနာ တစ်ခုတည်းကိုသာ အားကိုးသော ခေတ်မဟုတ်တော့ပေ။ ထို့ပြင် တိုက်ပွဲတစ်ခုလုံးကို ပြောင်းလဲနိုင်သော အစွမ်းထက် ရတနာများကို ပိုင်ဆိုင်ထားသူမှာ အနည်းငယ်သာ ရှိသည်။
ထိုအချိန်တွင် အလင်းမျက်နှာပြင်ပေါ်၌ အပြောင်းအလဲတစ်ခု ဖြစ်လာပြန်သည်။ လီယန်ချူသည် သုံးေရာင်ခြယ်မီးလျှံများကို နှိုးဆော်ကာ ကော်မျိုးနွယ်ဘိုးဘေးကို မီးလျှံပင်လယ်ဖြင့် ဝါးမြိုရန် ကြိုးစားနေသည်။
ကော်မျိုးနွယ် ကျင့်ကြံသူများသည် မိမိတို့၏ မှော်ရတနာများကို ထုတ်ဖော်ကာ လျှို့ဝှက်အတတ်များကို သုံးကြသော်လည်း လီယန်ချူ၏ မီးလျှံများအတွင်း အားလုံး ဝါးမြိုခံလိုက်ရတော့သည်။ ခဏချင်းမှာပင် ကော်မျိုးနွယ်ဘိုးဘေးမှာ ပြင်းထန်သော ဒဏ်ရာများကို ထပ်မံရရှိသွားပြီး လူ့အသက်ကို မြက်ပင်သစ်ပင်ကဲ့သို့ မှတ်ယူကြသော ကော်မျိုးနွယ် ကျင့်ကြံသူများအားလုံး ပြာဖြစ်သွားကြလေသည်။
ကော်မျိုးနွယ်ဘိုးဘေးမှာ မျက်လုံးများအတွင်းမှ မီးပွင့်မတတ် ဒေါသထွက်နေတော့သည်။
"ဒီသုံးယောက်စလုံးက ကျင့်ကြံဆင့် အလယ်အလတ်အဆင့် မှာ ရှိနေကြတာပဲ။ ကော်မျိုးနွယ်ရဲ့ လျှို့ဝှက်အတတ်တွေက ကာကွယ်ဖို့ ခက်ပေမယ့် ဒီတာအိုကျင့်ကြံသူကိုတော့ မယှဉ်နိုင်ဘူး။ ဒီတာအိုကျင့်ကြံသူလေးက နှစ်ပေါင်းများစွာ ကျင့်ကြံလာပြီး လျှို့ဝှက်အတတ်တွေ ပိုင်ဆိုင်ထားတဲ့ အဆင့်တူ ပြိုင်ဘက်တွေကို ရင်ဆိုင်နေရတာတောင် တာအိုအတတ်တွေကိုပဲ စမ်းသပ်လေ့ကျင့်ဖို့ တွေးနေသေးတာပဲ။ ဒီလို စိတ်ဓာတ်မျိုးက အဆင့်တူမှာ အနှိုင်းမဲ့တဲ့ အငွေ့အသက်မျိုးပဲ"
ရှန်ယွင်ဆရာတော်သည် မိမိ၏ ကိုယ်ပွားတစ်ခု အသတ်ခံလိုက်ရသော်လည်း ယခုအချိန်တွင်မူ အခြေအနေကို မျှတစွာ သုံးသပ်နေခြင်းပင်။ လီယန်ချူ ပြသနေသော ပါရမီမှာ တကယ့်ကို အံ့မခန်းလှသည်။ ဖုန့်ဖေးနှင့် ဝူကျိတို့မှာ အဆင့် ၃ နှောင်းပိုင်း ဖြစ်သော်လည်း လီယန်ချူ၏ လက်ထဲတွင် သေဆုံးခဲ့ရရာ ဤကော်နှင့် ချူမျိုးနွယ်နှစ်ခုမှာလည်း လွတ်မြောက်နိုင်ခြေ နည်းပါးလှသည်။
သို့သော် ရဟန်းအိုကြီး မထင်ထားသည်မှာ ဤတာအိုကျင့်ကြံသူလေးသည် တာအိုအတတ်သက်သက်ဖြင့်သာ ဖိနှိပ်ရန် ကြိုးစားနေခြင်းပင်။ ကျန်းရှို့ယီ ပေးပို့ထားသော သတင်းများအရ ဤလူငယ်သည် သိုင်းပညာလမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်ပြီး ကိုယ်တွင်းမှ သွေးချီစွမ်းအင်များမှာ ကောင်းကင်တုန်မတတ် ပြင်းထန်ကာ ရုပ်ခန္ဓာမှာလည်း အလွန်ပင် ကြံ့ခိုင်လှသည်။
"နှမြောစရာပဲ၊ ဒီတာအိုကျင့်ကြံသူလေးကိုသာ ဖမ်းမိရင် သူ့ဆီကနေ လျှို့ဝှက်ချက်တွေ အများကြီး သိရမှာပဲ"
ရဟန်းအိုကြီးသည် လီယန်ချူ၏ တက်ကြွလှပသော မျက်နှာကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
ရုတ်တရက်
သူသည် ထူးခြားသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ သူ တရားထိုင်နေစဉ်တွင် တောင်ပေါ်မှ လေတိုက်မိုးရွာခြင်း၊ လှိုင်းတံပိုးထခြင်းများကို ဂရုမစိုက်သော်လည်း ပတ်ဝန်းကျင်ကို အာရုံစိုက်လိုက်သည်နှင့် မြက်ပင်သစ်ပင် တစ်ပင်ချင်းစီ၏ အပြောင်းအလဲကိုပင် သိရှိနိုင်စွမ်းရှိသည်။
ရဟန်းအိုကြီးသည် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ အလင်းမျက်နှာပြင်ပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ ခန့်ညားထည်ဝါသော တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။ သူမ၏ လက်ကောက်ဝတ်တွင် ပုတီးတစ်ကုံးရှိပြီး ဖြူဖွေးနုနယ်လှသော လက်ကောက်ဝတ်နှင့် လိုက်ဖက်စွာပင် ဆန်းကြယ်သော အငွေ့အသက်ကို ပေးစွမ်းနေသည်။ သူမသည် ခြေဗလာဖြင့် တောင်ပေါ်သို့ တက်လာခြင်းပင်။
သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် ကြာပန်းများ ပွင့်ထွက်လာသည်။ သူမသည် အမြန်ကြီး လျှောက်နေခြင်း မဟုတ်သော်လည်း ခြေလှမ်းတစ်လှမ်းချင်းစီ၏ အကွာအဝေးမှာမူ အလွန်ပင် ဝေးကွာလှသည်။
ဗုဒ္ဓဘာသာ၏ အတတ်ပညာပင်
"ဗုဒ္ဓကြာဖြူမယ်တော် ... သူ ဘာလို့ ရောက်လာတာလဲ"
ရဟန်းအိုကြီး၏ မျက်လုံးများထဲတွင် အံ့ဩရိပ်များ ဖြတ်သန်းသွားသည်။
ထိုခန့်ညားထည်ဝါလှသော တာအိုဝတ်စုံဝတ် အမျိုးသမီးသည် ဉာဏ်ပညာကြီးမားပြီး အေးချမ်းတည်ငြိမ်သော ခံစားချက်ကို ပေးစွမ်းသည်။ သူမသည် ခေါင်းကို အနည်းငယ် မော့ကြည့်ကာ လေသံညင်းညင်းလေးဖြင့် ဆိုလိုက်သည်။
"ဆရာတော်... ဘာလို့ လူကိုယ်တိုင် ထွက်မတွေ့တာလဲ ကျွန်မမှာ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိလို့ပါ"
ဤအမျိုးသမီးသည် ရှန်ယွင်ဆရာတော်၏ စောင့်ကြည့်မှုကိုပင် သိရှိနိုင်စွမ်း ရှိနေသည်။ ရှန်ယွင်ဆရာတော်သည် ခဏမျှ စဉ်းစားပြီးနောက် ရွှမ်ကွမ်း မှော်အတတ်ကို ရုပ်သိမ်းလိုက်ကာ အခန်းထဲမှ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ထိုအမျိုးသမီး၏ ဘေးတွင် ပြန်လည်ပေါ်လာတော့သည်။
"အမိတာဘ... ကြာဖြူဒါယိကာမ၊ ငါ့ကို ဘာကိစ္စနဲ့ ရှာတာလဲ"
ရှန်ယွင်ဆရာတော်သည် တည်ငြိမ်အေးချမ်းသော မျက်နှာထားဖြင့် မေးလိုက်သည်။
ထိုအမျိုးသမီးက ပြုံးလိုက်ပြီး
"ဆရာသခင် ရှိနေသေးသရွေ့ ကျွန်မက ကြာဖြူဆိုတဲ့ အမည်ကို မသုံးရဲပါဘူး၊ ဆရာတော်က ကျွန်မကို ချန်ကျိ လို့ပဲ ခေါ်ပါ"
ဟု ဆိုလိုက်သည်။
သူမ၏ အသံမှာ အလွန်ပင် ကြည်လင်လှပြီး လောကီအညစ်အကြေးများ ကင်းစင်နေသကဲ့သို့ပင်။
"ကောင်းလေစွ... မင်းရဲ့ ဆရာသခင် ပျောက်ကွယ်သွားတာ နှစ်ပေါင်း ရာနှင့်ချီနေပြီ၊ ဝမ့်ချွမ်း မြစ် ထဲမှာ သံသရာလည်နေလောက်ပါပြီ။ ကြာဖြူဒါယိကာမလို့ပဲ ခေါ်ပါရစေ"
ရှန်ယွင်ဆရာတော်က ရယ်မောရင်း ဆိုလိုက်သည်။
ဗုဒ္ဓကြာဖြူမယ်တော်သည် ကြာပန်းဖြူဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်ဖြစ်ကာ နှစ်ပေါင်းများစွာ လျှို့ဝှက်စွာ နေထိုင်လာခဲ့သူ ဖြစ်သည်။ သို့သော် ရှန်ယွင်ဆရာတော်ကဲ့သို့ အဆင့်ရှိသောသူများအတွက်မူ သူမ ဘာတွေလုပ်နေသည်ကို ရှင်းလင်းစွာ သိရှိကြသည်။ သူမသည် မြေပြင်နတ်ဘုရား အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ယခု မည်သည့်အဆင့်သို့ ရောက်နေသည်ကိုမူ မသိရပေ။
သူမ၏ ဆရာဖြစ်သူ ကြာပန်းဖြူဂိုဏ်းချုပ်မှာမူ သေချာပေါက် သံသရာထဲ ရောက်သွားပြီ သို့မဟုတ် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ပေလိမည်။
ကြာဖြူမယ်တော်နှင့် တောက်ယန့် တို့မှာ ကြာပန်းဖြူဂိုဏ်း၏ အထွတ်အထိပ် ပညာရှင် နှစ်ဦးပင် ဖြစ်သည်။ တောက်ယန့်မှာ အဆင့် ၃ အလယ်အလတ် ဖြစ်သော်လည်း သူ၏ ပါရမီမှာ အလွန်ပင် အံ့မခန်းလှသဖြင့် သာမန်အဆင့် (၃) နှင့် မနှိုင်းယှဉ်အပ်ပေ။
ကြာဖြူမယ်တော်က ပြုံးလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ဘဲ တိုက်ရိုက်ပင် ဆိုလိုက်သည်။
"ကျွန်မ ဒီကိုလာတာက တောင်ပေါ်က ကျင့်ကြံသူအားလုံးကို ကယ်တင် ပေးပြီး သံသရာထဲ ဝင်နိုင်အောင် ကူညီပေးဖို့ပါ"
ရှန်ယွင်ဆရာတော်၏ မျက်လုံးများမှာ တည်ငြိမ်နေဆဲပင်။
"ဒါယိကာမရဲ့ အစွမ်းနဲ့ဆိုရင် ဒါက လွယ်လွယ်လေးပဲလေ၊ ဘာလို့ ငါ့ကို လာရှာတာလဲ"
ကြာဖြူမယ်တော်သည် တောင်ပေါ်သို့ လှမ်းကြည့်လိုက်ရာ ဟင်းလင်းပြင်လွှာများကို ဖောက်ထွက်မြင်နိုင်သကဲ့သို့ပင်။
"ဒီတာအိုကျင့်ကြံသူလေးရဲ့ ကိုယ်ပေါ်မှာ ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတယ်၊ ဒါပေမဲ့ ကျွန်မ အနည်းငယ်တော့ တွက်ချက်နိုင်ပါတယ်။ စိတ်ထဲမှာလည်း ကြိုတင်သတိပေးချက်တွေ ခံစားနေရလို့ ဆရာတော်နဲ့ ပူးပေါင်းဖို့ လာဖိတ်ခေါ်တာပါ"
ရှန်ယွင်ဆရာတော်က မသိသလို ဟန်ဆောင်ကာ ဆိုလိုက်သည်။
"ဒီတာအိုကျင့်ကြံသူက ချူနဲ့ ကော်တို့လိုပဲ အဆင့် (၃) အလယ်အလတ်ပဲလေ၊ ကြာဖြူဒါယိကာမက သူ့ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား "
ကြာဖြူမယ်တော်က ပြုံးရင်း ဆိုလိုက်သည်။
"အော်မေတောင်ပေါ်မှာ ဆရာတော် မသိနိုင်တဲ့ အရာရှိလို့လား ဒီတာအိုကျင့်ကြံသူက သိုင်းနတ်ဘုရား လမ်းစဉ်ကို လျှောက်နေတာ၊ ကိုယ်ပေါ်မှာလည်း သတ်ဖြတ်ခြင်း အထွတ်အထိပ် ရတနာတွေ ရှိနေတယ်။ ဆရာတော်က ဒီလို မရေမရာ ပြောနေတာ... ကျွန်မကိုများ သံသရာထဲ ပို့ချင်နေတာလား "
ရှန်ယွင်ဆရာတော်က ရယ်မောလိုက်သည်။
"ကြာဖြူဒါယိကာမရဲ့ ဗေဒင်တွက်ချက်မှုက တကယ့်ကို နက်နဲတာပဲ၊ ငါ လေးစားပါတယ်။ ဒါပေမဲ့ ငါက မင်းကို ဘာလို့ ကူညီရမှာလဲ "
ကြာဖြူမယ်တော်က သူ့ကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ဆိုလိုက်သည်။
"ကျွန်မက ဝူကျဲ့ရိုဟန့် ရဲ့ ရှဲလီးကျိ ( ဓာတ်တော်) ကို ပေးပါ့မယ်၊ ဒါက ဆရာတော်ကို ကုသိုလ်အထွတ်အထိပ် ရောက်အောင် ကူညီပေးနိုင်မှာပါ"
ရှန်ယွင်ဆရာတော်သည် ကြာဖြူမယ်တော်ကို ရုတ်တရက် လှည့်ကြည့်လိုက်မိသည်။
"မင်း... ဓာတ်တော် ဘယ်မှာရှိလဲဆိုတာ သိတာလား"
အော်မေတောင်ထိပ်
ကောင်းကင်ယံမှာ အရောင်အသွေး စုံလင်လှပနေကာ ပြင်းထန်လှသော မှော်အတတ်ပေါင်းစုံ ပေါ်ထွက်နေသည်။ ဓားချီများသည် သက်တန့်များအလား ဖြတ်သန်းနေသည်။ လီယန်ချူ၏ မျက်နှာမှာ အေးစက်တည်ငြိမ်နေကာ သူ၏ တာအိုဝတ်စုံမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ ပြင်းထန်လှသော စွမ်းအားများက ဧရာမ လက်ဝါးကြီးအဖြစ် ဖွဲ့စည်းကာ ရိုက်ချလိုက်တော့သည်။
ဝုန်း
ချူမျိုးနွယ်ဘိုးဘေးမှာ တောင်အတွင်းသို့ နောက်တစ်ကြိမ် ရိုက်သွင်းခံလိုက်ရပြန်သည်။ ကော်မျိုးနွယ်ဘိုးဘေးမှာ လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရာ သူ၏ ကိုယ်ပေါ်တွင် အနက်ရောင်မီးလျှံများ ခဏမျှ လျှပ်ခနဲ ပေါ်လာတော့သည်။ သူ၏ အရှိန်အဝါမှာလည်း ပို၍ ထူထပ်လေးလံလာသည်။ သူသည် ချူမျိုးနွယ် ကျင့်ကြံသူ နှစ်ဦးကို လက်ဖြင့် လှမ်းဖမ်းလိုက်သည်။
"အားးးးးးးးး"
ချူမျိုးနွယ် ကျင့်ကြံသူများသည် ခဏချင်းမှာပင် အရေပြားများ ခန်းခြောက်သွားကာ အရိုးစုများအဖြစ် ပြောင်းလဲသွားတော့သည်။ ကော်မျိုးနွယ်ဘိုးဘေး၏ အရှိန်အဝါမှာ ပို၍ပင် ပြင်းထန်လာပြန်သည်။
"ဒီခွေးသား မင်းက ငါ့ရဲ့ ချူမျိုးနွယ် မျိုးဆက်တွေကို သတ်ရဲတယ်ပေါ့"
ချူမျိုးနွယ်ဘိုးဘေးသည် တောင်အတွင်းမှ ပျံထွက်လာပြီး ထိုမြင်ကွင်းကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မိုက်မဲလိုက်တာ ဒီတာအိုကျင့်ကြံသူကို သတ်ဖို့ နည်းလမ်းမရှာရင် ဒီနေ့ ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး"
ကော်မျိုးနွယ်ဘိုးဘေးက ဟိန်းဟောက်လိုက်ပြီး ချူမျိုးနွယ် ကျင့်ကြံသူ နောက်ထပ် နှစ်ဦးကို ထပ်မံ သတ်ပစ်လိုက်ပြန်သည်။ ထိုချူမျိုးနွယ် ကျင့်ကြံသူ နှစ်ဦးမှာ အစွမ်းထက်လှပြီး ဝိညာဉ်မှာလည်း ခိုင်မာသူများ ဖြစ်ကြရာ ကျင့်ကြံခြင်းလောကတွင် ထိပ်တန်းပညာရှင်များ ဖြစ်ကြသည်။ သို့သော် ကော်မျိုးနွယ်ဘိုးဘေး၏ ရှေ့တွင်မူ လုံးဝ ခုခံနိုင်ခြင်း မရှိဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် အနှစ်သာရများ အစုပ်ခံလိုက်ရကာ အရိုးစုများ ဖြစ်သွားကြရရှာသည်။
ချူမျိုးနွယ်ဘိုးဘေးက ဒေါသတကြီး ဆဲဆိုလိုက်သည်။
" သာမန်ကျင့်ကြံသူ တွေ ဒီလောက်အများကြီးရှိတာကို မသတ်ဘဲ ငါ့လူတွေကို အရင်သတ်ရသလား "
သူသည် ချူမျိုးနွယ်ဝင်များကို သတ်ဖြတ်နေသော ကော်မျိုးနွယ်ဘိုးဘေးကို တိုက်ခိုက်နှိမ်နင်းလိုက်သည်။
ကော်မျိုးနွယ်ဘိုးဘေးက ခြေတစ်ချက်စောင့်လိုက်သည်။
"ဒီအချိန်မှာ ဒါတွေကို အရေးလုပ်နေတုန်းလား"
သူသည် ဝတ်ရုံကို ဖြန့်လိုက်ကာ ဘေးမှ ကြည့်နေသော ဗုဒ္ဓဘာသာ၊ တာအိုဘာသာ ကျင့်ကြံသူများနှင့်သိုင်း လောကသားများရှိရာသို့ သတ်ဖြတ်ရန် ဦးတည်လိုက်တော့သည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ သူ၏ ကိုယ်ပေါ်မှ ပျံ့နှံ့လာတော့သည်။ ကော်မျိုးနွယ်၏ ကျင့်စဉ်မှာ ကျောက်တုံးကို ဝါးမြိုကာ ရွှေကို အရည်ပျော်စေနိုင်ပြီး သူတစ်ပါး၏ ကျင့်ကြံခြင်းအဆင့်ကို လုယူနိုင်စွမ်းရှိသည်။
ယခုအချိန်တွင် လီယန်ချူနှင့် တိုက်ခိုက်ခဲ့သဖြင့် မှော်အင်အားများစွာ ကုန်ဆုံးသွားသော်လည်း ချူမျိုးနွယ်ဝင် လေးဦးကို စုပ်ယူလိုက်ပြီးနောက်တွင် ကော်မျိုးနွယ်ဘိုးဘေး၏ အရှိန်အဝါမှာ ချက်ချင်းပင် ပြန်လည် ထူထပ်လာတော့သည်။
ဧရာမ လူသန်ကြီး အော်ယန်ယွမ်ဖေးမှာ ဘေးမှနေ၍ ယန်ဝိညာဉ်တိုက်ပွဲကို အကဲခတ်နေခြင်းပင်။ ဤကဲ့သို့ အထွတ်အထိပ် ပညာရှင်များ၏ တိုက်ပွဲမှာ သူ့အတွက် အတွေ့အကြုံများစွာ ရစေသည်။ မှော်အတတ်များကို အသေးစိတ် အသုံးပြုပုံမှာ အလွန်ပင် ပညာရလှသည်။
သို့သော် သူ ရပ်နေသော နေရာမှာ ကံမကောင်းစွာပင် ကော်မျိုးနွယ်ဘိုးဘေးနှင့် အလွန်နီးကပ်နေတော့သည်။
"တောက် ငါ့ကိုများ လပျော့လို့ ထင်နေတာလား"
အော်ယန်ယွမ်ဖေးမှာ ကြောက်မပြေးဘဲ လက်ကို မြှောက်ကာ မီးနဂါးအတတ် တစ်ခုကို ထုတ်ဖော်လိုက်သည်။ မီးလျှံများသည် နဂါးတစ်ကောင်အသွင် ပြောင်းလဲကာ ဟိန်းဟောက်နေတော့သည်။ ၎င်းမှာ စစ်မှန်သော တာအိုအတတ် ပင် ဖြစ်သည်။
ဤလူသည် အလွန်ပင် ထွားကြိုင်းလှပြီး ကြွက်သားများဖြင့် ပြည့်နှက်နေသော်လည်း တကယ်တမ်းတွင်မူ တာအိုကျင့်ကြံသူတစ်ဦး ဖြစ်နေသည်မှာ အံ့ဩစရာပင်။ ဤမီးနဂါးအတတ်၏ အစွမ်းမှာလည်း အလွန်ပင် ကြီးမားလှသဖြင့် အော်မေတောင်ထိပ်ရှိ ကျင့်ကြံသူများအကြားတွင် ထိပ်တန်းအဆင့်၌ ရှိပေသည်။
ဖုန်း
ကော်မျိုးနွယ်ဘိုးဘေးမှာ ဂရုပင်မစိုက်ဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပြင်းထန်လှသော မှော်အင်အားများက ထိုမီးနဂါးကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူသည် အော်ယန်ယွမ်ဖေးထံသို့ သတ်ဖြတ်ရန် ဦးတည်လာတော့သည်။ အော်ယန်ယွမ်ဖေးသည် မိမိ၏ ကိုယ်တွင်းမှ သွေးချီစွမ်းအင်များမှာ ထိန်းချုပ်မရဘဲ လှုပ်ရှားလာကာ တစ်ကိုယ်လုံး ကော်မျိုးနွယ်ဘိုးဘေး၏ လက်ထဲသို့ ဆွဲခေါ်ခံလိုက်ရတော့သည်။
ထိုအခါမှသာ သူ သိလိုက်ရတော့သည်။ အစောပိုင်းက မောက်မာလှသော ချူမျိုးနွယ် ဓားကျင့်ကြံသူများသည် ကော်မျိုးနွယ်ဘိုးဘေးနှင့် ရင်ဆိုင်ရသောအခါ ဘာကြောင့် ခုခံနိုင်စွမ်း မရှိရသနည်းဟူသည်မှာ ဤခဏအတွင်းမှာပင် မည်သည့်စွမ်းအားကိုမျှ အသုံးမပြုနိုင်တော့ခြင်းကြောင့်ပင် ဖြစ်ပါတော့သည်။