အခန်း (၈၂၅-၈၂၆)
Vol. 83 Ch. 825-826
အပိုင်း (၈၂၅) စူပါမီးနဂါးအတတ် ၊ ကြောက်မက်ဖွယ်ရာ အစွမ်း ၊ ဝှက်ဖဲ
ထိုစဉ်မှာပင်...
ယခင်က သူနှင့် စကားလက်ဆုံ ကျကျနက်နက် ပြောဆိုခဲ့ဖူးသော တာအိုကျင့်ကြံသူ လူငယ်လေးသည် သူ၏ရှေ့မှောက်တွင် ရုတ်တရက် လေထဲမှ ပေါ်ထွက်လာတော့သည်။ ဤမျှနီးကပ်သော အကွာအဝေးတွင် လီယန်ချူသည် သူ၏ နတ်ဘုရားခြေလှမ်း အတတ်ကို စိတ်သွားတိုင်း ကိုယ်ပါနိုင်အောင် အသုံးချလိုက်ခြင်းပင်။
သူသည် နှစ်ပေါင်းနှစ်ထောင်ရှိသော တာအိုကျင့်ကြံမှု စွမ်းအားများကို နှိုးဆော်လိုက်ပြီး သုံးရောင်ခြယ် မီးလျှံကို အားပြင်းစွာ မှုတ်ထုတ်လိုက်သည်။ ယခုတစ်ကြိမ် မီးလျှံမှာ ယခင်ကထက် ပိုမိုကျယ်ပြော ခန့်ညားလှသည်။ ထက်မြက်လှသော မီးတောက်များက ကောင်းကင်ယံ တစ်ခုလုံးကို နီရဲသွားစေပြီး လေထုမှာပင် ပုံပျက်ရှုံ့တွသွားသယောင် ရှိတော့သည်။
ကော်မျိုးနွယ်ဘိုးဘေးမှာ မမျှော်လင့်ဘဲ အလစ်အငိုက် မိသွားကာ ထိုမီးလျှံပင်လယ်ကြီးအတွင်း ဝါးမြိုခံလိုက်ရတော့သည်။
"အားးးးးးးးးးးးးးးးးးးး"
ခဏချင်းမှာပင် သူသည် လီယန်ချူ၏ မီးလျှံများအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားရရှာသည်။
ချူမျိုးနွယ်ဘိုးဘေးမှာ ရန်သူကြီးနှင့် ရင်ဆိုင်လိုက်ရသလို ခံစားလိုက်ရသည်။ လီယန်ချူ၏ အေးစက်လှသော မျက်လုံးများက သူ့ထံသို့ ကျရောက်လာသည်ကို မြင်သောအခါ သူသည် မအောင့်နိုင်ဘဲ ဒေါသတကြီး ဟောက်လိုက်တော့သည်။
"စစ်ဗျူဟာ ခင်းကြ"
ချူမျိုးနွယ် ကျင့်ကြံသူများသည် ခြေလှမ်းများကို စနစ်တကျ လှမ်းလိုက်ကြပြီး မိမိတို့ ဘိုးဘေး၏ နောက်ကွယ်တွင် စစ်အစီအရင်တစ်ခုကို တည်ဆောက်လိုက်ကြသည်။ တစ်ဦးနှင့်တစ်ဦး စွမ်းအင်ချင်း ချိတ်ဆက်ထားလိုက်ကြရာ သေချာစွာ ကြည့်မည်ဆိုပါက သူတို့၏ အသက်ရှူနှုန်းမှာ တစ်ချက်၊ နှစ်ချက်အတွင်းမှာပင် ထူးဆန်းစွာ တစ်သားတည်း ဖြစ်သွားကြတော့သည်။
ထိုအခိုက်အတန့်တွင် ချူမျိုးနွယ်ဘိုးဘေး၏ အရှိန်အဝါမှာ မျက်စိတစ်မှိတ်အတွင်း အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားရုံသာမက ပို၍ပင် တိုးတက်လာခဲ့သည်။ လီယန်ချူမှာ မီးနိုင်ခြင်း ဟူသော အတတ်ကို ကျင့်ကြံအောင်မြင်ထားသူ ဖြစ်သည်။ ၎င်းမှာ မီးအတွင်းဝင်သော်လည်း ဒဏ်ရာမရရုံသာမက မီးစွမ်းအင်ဆိုင်ရာ အတတ်ပညာများတွင်လည်း ပါရမီကို မြှင့်တင်ပေးသည်။ နောက်ပိုင်းတွင် ချင်းယွဲ့ထန် အတွင်းရှိ မီးနတ်ဘုရား ၏ အမွေအနှစ်ကိုလည်း ဆက်ခံထားနိုင်ခဲ့သည်။
မီးစွမ်းအင်ဆိုင်ရာ အတတ်ပညာများတွင် သူ၏ ပါရမီမှာ အထွတ်အထိပ်သို့ ရောက်နေပြီဟု ဆိုနိုင်သည်။
ယခု ကော်နှင့် ချူမျိုးနွယ် ဘိုးဘေးနှစ်ဦးနှင့် တိုက်ခိုက်ရခြင်းက လီယန်ချူအား တာအိုအတတ်ပညာများအပေါ် အမြင်သစ်များ ရရှိစေသည်။ အချို့သောအရာများသည် ကြိုးစားကျင့်ကြံရုံဖြင့် မရနိုင်ဘဲ လက်တွေ့တိုက်ပွဲများ၏ စမ်းသပ်မှုကို ခံယူရမှသာ သိမြင်နိုင်ခြင်းပင်။
ယခုတွင်မူ ချူမျိုးနွယ်ဘိုးဘေးသည် ကျင့်ကြံသူများနှင့်အတူ စစ်အစီအရင်ဖြင့် တိုက်ခိုက်ရန် လာနေပြီဖြစ်သည်။ တစ်ကိုယ်လုံးမှာ အိမ်မြှောင်မှ ထွက်လာသော ရတနာဓားတစ်စောင်ကဲ့သို့ ထက်ရှလှပြီး မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်မည့် အရှိန်အဝါမျိုး ရှိနေသည်။ သူ၏ ကိုယ်ပတ်လည်တွင်လည်း စွမ်းအင်များက လည်ပတ်ကာ အကာအကွယ် ပေးထားသည်။ သူသည် ကော်မျိုးနွယ်ဘိုးဘေးကဲ့သို့ အဖြစ်မျိုး မကြုံလိုပေ။
လီယန်ချူက လက်ကို အသာအယာ မြှောက်လိုက်သည်။
ဟင်းလင်းပြင်ထဲတွင် ဧရာမ မီးနဂါးကြီးတစ်ကောင် ပေါ်ထွက်လာသည်။ အစောပိုင်းက အော်ယန်ယွမ်ဖေး အသုံးပြုခဲ့သော မီးနဂါးအတတ်နှင့် ယှဉ်လျှင် ဤနဂါးကြီးမှာ အလွန်ပင် ခန့်ညားထည်ဝါပြီး ရဲရင့်လှသည်။ နဂါးခြေသည်း၊ နဂါးဦးခေါင်းသာမက နဂါးအကြေးခွံများ၏ အသေးစိတ်မှာပင် ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရသည်။
အော်ယန်ယွမ်ဖေးမှာ မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေမိသည်။
"ဒါက... မီးနဂါးအတတ် ဟုတ်လို့လား"
လီယန်ချူသည် ဤမှော်အတတ်ကို သင်ယူခဲ့ဖူးခြင်း မရှိပေ။ ယခု ကော်နှင့် ချူမျိုးနွယ်စုတို့နှင့် တိုက်ခိုက်ရင်း ယခင်က နားမလည်ခဲ့သော မှော်အတတ် အသုံးအနှုန်းများကို သိမြင်နားလည်သွားကာ တစ်ခုကို သိလျှင် အကုန်သိသွားခြင်း ပင် ဖြစ်သည်။ ချူမျိုးနွယ်ဘိုးဘေးသည်လည်း အလွန်ပင် အံ့အားသင့်သွားရသည်။ အစပိုင်းတွင် သူက မီးနဂါးအတတ်လေး ပဲဟု အထင်သေးခဲ့သော်လည်း ခဏချင်းမှာပင် မျက်လုံးများ ပြူးသွားရတော့သည်။
ဒါက မီးနဂါးအတတ်လား... ဒါကြီးက... ဒါကြီးက အရမ်းကြီးလွန်းနေပြီ။
မီးနဂါးအတတ် တစ်ချက် ထွက်ပေါ်လာပြီးနောက်...
ချူမျိုးနွယ်ဘိုးဘေးနှင့် ကျင့်ကြံသူများ အားလုံးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။ ချူမျိုးနွယ်ဘိုးဘေးသည် သေသည်အထိ နားမလည်သွားသည်မှာ... အဘယ်ကြောင့် သာမန်မီးနဂါးအတတ်သည် ဤတာအိုဆရာလေး၏ လက်ထဲတွင် ဤမျှ အစွမ်းထက်နေရသနည်း ဟူသည်ပင်။
ထိုနေ့တွင်...
ရှေးဟောင်းမျိုးနွယ်စုကြီး နှစ်ခုဖြစ်သော ကော်နှင့် ချူမျိုးနွယ်စုတို့မှာ ယန်ဝိညာဉ် အဆင့် ၃ ဘိုးဘေးများနှင့် မျိုးနွယ်စုမှ ပညာရှင်များ အတူတကွ လောကထဲသို့ ထွက်လာခဲ့သော်လည်း အော်မေတောင်ထိပ်တွင် အကုန်လုံး ဇာတ်သိမ်းသွားခဲ့ရလေသည်။
လီယန်ချူသည် မှော်အတတ်များကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူ၏ ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပျောက်ကွယ်သွားပြီး နူးညံ့သိမ်မွေ့သော ကျောက်စိမ်းကဲ့သို့ ခန့်ညားချောမောသည့် တာအိုဆရာလေးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသည်။
ဤတိုက်ပွဲမှ သူသည် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ ထူးခြားသော သိမြင်မှုများအပြင် တာအိုအတတ် သက်သက်ဖြင့် မိမိနှင့် အဆင့်တူ ပုဂ္ဂိုလ်နှစ်ဦးကို ပထမဆုံးအကြိမ် နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သဖြင့် ဘဝ၏ အောင်မြင်မှုအသစ် တစ်ခုကို ရရှိလိုက်ခြင်းလည်း ဖြစ်သည်။
လီယန်ချူနှင့် ဖန့်ချင်းလန်တို့မှာ ပုခုံးချင်းယှဉ်ကာ တောင်အောက်သို့ ဆင်းလာခဲ့ကြသည်။ အော်မေတောင်ထိပ်တွင် နတ်ပြည်တက်လှမ်းခြင်း အလင်းတန်းများ ပေါ်ထွက်လာခဲ့ပြီးနောက် ထျန်းစု လျှို့ဝှက်နယ်မြေ ပေါ်လာခဲ့သည်။ ကော်နှင့် ချူမျိုးနွယ်စုကြီး နှစ်ခုမှာ လောကထဲသို့ ဝင်ရောက်လာပြီး လူ့အသက်ကို မြက်ပင်သစ်ပင်ကဲ့သို့ မှတ်ယူကာ မောက်မာစွာ ပြုမူခဲ့ကြသည်။ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသော အဖြစ်အပျက်များသည် ထိုနေရာရှိ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ ကျင့်ကြံသူများနှင့် သိုင်းလောကသားများကို များစွာ တုန်လှုပ်စေခဲ့သည်။
သူတို့၏ အကြည့်များသည် လီယန်ချူထံသို့ ကျရောက်နေပြီး အလွန်ပင် အံ့အားသင့်နေကြသည်။ အထူးသဖြင့် လီယန်ချူ၏ ဘေးတွင် အလွန်လှပပြီး အေးစက်စက်ရှိသော အမျိုးသမီး တစ်ဦး ရှိနေသဖြင့် သူတို့နှစ်ဦး ပုခုံးချင်းယှဉ် လျှောက်လှမ်းလာပုံမှာ ကောင်းကင်မှ နတ်သက်ကြွလာသော နတ်ဘုရားမောင်နှံအလားပင်။
အချို့က တောင်အောက်သို့ ဆင်းရန် ပြင်ကြပြီး အချို့မှာမူ တောင်ပေါ်တွင် ဆက်နေကြသည်။ အကြောင်းမှာ အစောပိုင်းက ယန်ဝိညာဉ် အဆင့် ပုဂ္ဂိုလ် သုံးဦး တိုက်ခိုက်ခဲ့သဖြင့် ကျန်ရှိနေသော ကျင့်ကြံခြင်း အနှစ်သာရများကို သိမြင်ခံစားလိုကြသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ဓားကျင့်ကြံသူများနှင့် မီးစွမ်းအင် ကျင့်ကြံသူများအတွက်မူ ဟင်းလင်းပြင်ထဲတွင် ကျန်ရှိနေသော 'ဓားချီ' နှင့် 'မီးစွမ်းအင် တာအိုအငွေ့အသက်' များမှာ အလွန်ပင် တန်ဖိုးရှိလှသည်။ မကြာမီ ဤနေရာသည် နတ်ပြည်တက်လှမ်းခြင်းအလင်းတန်းကြောင့် မဟုတ်ဘဲ လီယန်ချူ၏ မှော်အတတ်များကြောင့် အသစ်ပေါ်ပေါက်လာသော 'တာအိုသိမြင်ရာ နယ်မြေ' တစ်ခု ဖြစ်လာပေတော့မည်။
ရုတ်တရက်...
လူအပေါင်းတို့မှာ အလွန်ပင် ပြင်းထန်လှသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ အစောပိုင်းက လီယန်ချူနှင့် ချူ၊ ကော်ဘိုးဘေးတို့၏ အဆင့် ၃ တိုက်ပွဲကို သူတို့ မြင်တွေ့ခဲ့ရသော်လည်း ယခုပေါ်ထွက်လာသော အရှိန်အဝါမှာ ထိုထက်ပင် ပိုမို အစွမ်းထက်နေသည်။ ဤအရှိန်အဝါအတွင်း၌ ဆန်းကြယ်သော စွမ်းအားတစ်ခု ပါဝင်နေပြီး ရှန်းဟော့ နှင့် ဆင်တူသော်လည်း အနည်းငယ် ကွဲပြားနေသည်။
ထိုစဉ် ကောင်းကင်ယံတွင် ကြာပန်းတစ်ပွင့် တဖြည်းဖြည်း ပွင့်အာလာသည်။ ၎င်းမှာ ကြာပန်းဖြူ တစ်ပွင့်ပင် ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကြာပန်းကြီးသည် အော်မေတောင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ အလွန်ပင် ကြီးမားလှပေစွ။
အော်မေတောင်ပေါ်မှ ကျင့်ကြံသူများသာမက တောင်အောက်ရှိ ဘုရားကျောင်းများတွင် ဝတ်ပြုနေသော ဘုရားဖူးများပါ မော့ကြည့်မိကြပြီး အံ့ဩနေကြသည်။ အကယ်၍ ဤမြင်ကွင်းကို အစောပိုင်းကသာ မြင်ရပါက သူတို့သည် ဒူးထောက်ဝပ်စတွားကာ နတ်ဘုရားကိုယ်ထင်ပြတော်မူပြီဟု အော်ဟစ်ကြပေလိမည်။
သို့သော် အစောပိုင်းက တောင်ပေါ်တွင် မြေငလျင်လှုပ်သကဲ့သို့ တုန်ခါမှုများကြောင့် လူတို့မှာ ကြောက်ရွံ့နေကြသဖြင့် ယခု ကြာပန်းဖြူကြီးကို မြင်သောအခါ သန့်ရှင်းမွန်မြတ်သည်ဟု ခံစားရသော်လည်း စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြသည်။
"ဒါ... ဒါ ဘာကြီးလဲ။ ဒီကြာပန်းက ဘယ်က ရောက်လာတာလဲ"
"ထူးခြားတဲ့ အငွေ့အသက်တွေကို ခံစားနေရတယ်၊ ဒါက နတ်ဘုရားတွေ ပေါ်လာတာလား"
"ကြာဖြူ... ကြာဖြူ ဒါ... ကြာပန်းဖြူဂိုဏ်း များလား"
တောင်ပေါ်တောင်အောက်ရှိ ကျင့်ကြံသူများနှင့် သာမန်လူများမှာ အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်။ အော်မေတောင်မှာ ကြာပန်းဖြူကြီးတစ်ခုလုံး၏ လွှမ်းခြုံမှုကို ခံထားရပြီး ပတ်ဝန်းကျင်မှ လောကစွမ်းအင်များမှာလည်း ချုပ်နှောင်ခြင်း ခံလိုက်ရသည်။
လီယန်ချူက ထိုကြာပန်းဖြူကြီးကို မော့ကြည့်လိုက်ရာ မျက်ဝန်းများအတွင်း မှော်အလင်းတန်းများ လျှပ်ခနဲ ဖြစ်သွားသည်။ ဤသည်မှာ သာမန်မှော်အတတ် မဟုတ်ဘဲ နည်းလမ်းပေါင်းစုံကို ပေါင်းစပ်ထားသော ဆန်းကြယ်သည့် အတတ်တစ်ခုပင် ဖြစ်သည်။ သူသည် ခါးကြားမှ ကြေးနီတံဆိပ်ပြားကို သိုေလှာင်အိတ် ထဲသို့ ပြန်ထည့်လိုက်သည်။
"ငါက ငါးကြီးတစ်ကောင်ကို မျှားမလို့ ကြံထားတာ၊ အသုံးမဝင်တော့ဘူး ထင်တယ်"
အကြောင်းမှာ ရောက်လာမည့်သူသည် ငါးကြီးတင်မကဘဲ ဝေလငါးကြီး တစ်ကောင် ဖြစ်နေနိုင်သောကြောင့်ပင်။ လီယန်ချူ ခန့်မှန်းထားသည့်အတိုင်းပင်... အော်မေတောင်အောက်မှနေ၍ ခန့်ညားထည်ဝါသော တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် သူတို့ရှိရာ တောင်ထိပ်သို့ တဖြည်းဖြည်း လျှောက်လာနေသည်။
ထိုအမျိုးသမီးသည် ခြေဗလာဖြင့် ဖြစ်ပြီး မျက်နှာတွင် သနားကြင်နာသော အမူအရာ ရှိသည်။
လက်ကောက်ဝတ်တွင် ပုတီးတစ်ကုံး ရှိကာ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် ကြာပန်းများ ပွင့်ထွက်လာသည်။ အသက်ရှူရုံမျှသော အချိန်အတွင်းမှာပင် ထိုအမျိုးသမီးသည် လီယန်ချူ၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။
"တာအိုဆရာက ပါရမီ အရမ်းထူးတာပဲ၊ နောက်ထပ် နှစ်အနည်းငယ်လောက်သာ အချိန်ရရင် မြေပြင်နတ်ဘုရား အဆင့်ကို သေချာပေါက် ရောက်မှာပဲ"
ထိုအမျိုးသမီးသည် ခြေလှမ်းကို ရပ်လိုက်ပြီး လီယန်ချူကို ခဏမျှ စိုက်ကြည့်ကာ သက်ပြင်းချရင်း ဆိုလိုက်သည်။ သူမက လီယန်ချူကို အလွန် အထင်ကြီးနေပုံရသည်။ မြေပြင်နတ်ဘုရား ဆိုသည်မှာ နှစ်ပေါင်းများစွာအတွင်း ပေါ်ထွက်လာခြင်း မရှိတော့သော အဆင့်ပင်။
လီယန်ချူက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။
"ခင်ဗျား... ရူးနေတာလား"
ထိုအမျိုးသမီး၏ သန့်ရှင်းမွန်မြတ်ပြီး သနားကြင်နာတတ်သော အရှိန်အဝါနှင့် ယှဉ်လျှင် လီယန်ချူ၏ စကားလုံးမှာ အလွန်ပင် ရိုးရှင်းပြတ်သားလှသည်။ ကြာပန်းဖြူမယ်တော်မှာ အနည်းငယ် အံ့အားသင့်သွားပုံရသည်။ ဤမျှ ငယ်ရွယ်သော တာအိုဆရာလေးတစ်ဦးထံမှ နတ်ဘုရားကဲ့သို့ တည်ငြိမ်မှုမျိုး မဟုတ်ဘဲ သာမန်သိုင်းလောကသားတစ်ဦးကဲ့သို့ ရိုင်းစိုင်းသော စကားမျိုး ထွက်လာလိမ့်မည်ဟု သူမ မထင်ထားမိပေ။
သူမသည် လီယန်ချူ၏ စကားကြောင့် မည်သို့ပြန်ပြောရမည်ကိုပင် ခဏမျှ ဝေခွဲမရ ဖြစ်သွားသည်။
ဗုဒ္ဓဘာသာသည် တရားဆွေးနွေးခြင်းနှင့် ပဟေဠိစကား ပြောခြင်းတွင် ကျွမ်းကျင်သည်။ ထိုအမျိုးသမီးသည် ခဏမျှ အံ့ဩသွားပြီးနောက် ပြုံးကာ စကားပြောရန် ပြင်လိုက်သော်လည်း လီယန်ချူက လက်မြှောက်ကာ တားလိုက်သည်။
"စကားတွေ အများကြီး မပြောနဲ့တော့၊ ခင်ဗျားက တိုက်ဖို့ လာတာ မဟုတ်လား"
ကြာပန်းဖြူမယ်တော်၏ မျက်လုံးများမှာ ပြူးကျယ်သွားရသော်လည်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ တည်ငြိမ်သွားတော့သည်။
"စစ်မှန်သော အိမ်ဂေဟာ ၊ မွေးဖွားခြင်းကင်းသော မယ်တော်မြတ်... ယခုတစ်ကြိမ် လာရခြင်းမှာ ဒါယိကာမင်းကို သံသရာထဲ ပို့ဆောင်ပေးဖို့ပါပဲ"
ကြာပန်းဖြူမယ်တော်၏ ကိုယ်ပေါ်မှ တောက်ပသော အလင်းဖြူများ ဖြာထွက်လာသည်။ ထိုအလင်းမှာ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသကဲ့သို့ ဖြစ်နေပြီး အပေါ်ယံရှိ ကြာပန်းဖြူကြီးနှင့် အပေးအယူ တည့်နေသည်။ ထိုအလင်းဖြူ၏ ရှေ့တွင် မည်သည့် မှော်ရတနာမဆို မိမိ၏ အစွမ်းများ ပျောက်ကွယ်သွားကာ ဖိနှိပ်ခြင်း ခံရမည်ကဲ့သို့ပင်။
လီယန်ချူသည် ခါးကြားမှ ကျန့်ကျောင်းဓား ၊ ရင်ဘတ်ထဲမှ ရှစ်ခွင်မှန် နှင့် ကျောက်စိမ်းပေတံ တို့ကို အာရုံခံကြည့်လိုက်ရာ အားလုံးမှာ ယာယီအားဖြင့် ဖိနှိပ်ခြင်း ခံလိုက်ရကြောင်း သိလိုက်ရသည်။ တစ်ဖက်လူသည် ကြိုတင်ပြင်ဆင်မှု အပြည့်ဖြင့် လာခြင်းပင်။
လီယန်ချူသည် ထိုအမျိုးသမီး၏ အလင်းဖြူမှာ သူ၏ ရွှေအမြုတေ နှင့် အနှစ်သာရချင်း ဆင်တူသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူမ၏ အလင်းမှာ မှော်ရတနာများကို ပစ်မှတ်ထားခြင်း ဖြစ်ပြီး သူ၏ ရွှေအမြုတေမှာ မှော်အတတ်များကို ဖိနှိပ်ခြင်း ဖြစ်သည်။ သို့သော် လီယန်ချူ၏ ရွှေအမြုတေမှာ ဤမျှ ကျယ်ပြန့်သော နယ်ပယ်ကို မလွှမ်းခြုံနိုင်သေးပေ။ ၎င်းမှာ ယန်ဝိညာဉ် နှောင်းပိုင်းအဆင့်သို့ ရောက်မှ သို့မဟုတ် နှစ်ပေါင်းငါးထောင်ရှိသော ကျင့်ကြံမှု စွမ်းအားများဖြင့် အတင်းအဓမ္မ မြှင့်တင်မှသာ ရနိုင်ပေမည်။
လီယန်ချူက လက်ကို မြှောက်လိုက်ရာ လက်ချောင်းများကြားတွင် မီးလျှံလေးတစ်ခု ပေါ်လာသည်။ ထိုမီးလျှံမှာ ချက်ချင်းပင် နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး ကြာပန်းဖြူမယ်တော်ထံသို့ ပြေးဝင်သွားတော့သည်။ ၎င်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် ရေငွေ့များမှာ ချက်ချင်းပင် ခန်းခြောက်ကုန်သည်။ ကြာပန်းဖြူမယ်တော်သည် နောက်သို့ တရစပ် ဆုတ်ခွာသွားရသည်။ မီးနဂါးမှာ အလွန်ပင် ရဲရင့်ပြင်းထန်လှသည်။ သူမသည် မြေကျုံ့အတတ် ကို ဆယ်ကြိမ်တိုင်တိုင် အသုံးပြုမှသာ ရှောင်တိမ်းနိုင်ခဲ့သည်။
ဝုန်း
လီယန်ချူ၏ ကိုယ်ပေါ်မှ သွေးချီစွမ်းအင်များမှာ မီးခိုးတိုင်ကြီးအလား ကောင်းကင်သို့ ထိုးတက်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ နီရဲသွားတော့သည်။
"နောက်ဆုံးတော့ တိုက်လို့ရမယ့်လူ တစ်ယောက် ရောက်လာပြီပဲ"
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သံကဲ့သို့ ဟိန်းထွက်သွားပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ပြင်းထန်လှသော သွေးချီများမှာ ဧရာမ လက်သီးဆန္ဒအဖြစ် ပြောင်းလဲသွားကာ မိုးကြိုးများစွာ တုန်ခါနေသကဲ့သို့ပင်။ ကြာပန်းဖြူမယ်တော်၏ မျက်နှာ အရောင်ပြောင်းသွားသည်။ သိုင်းနတ်ဘုရား လမ်းစဉ်၏ သွေးချီစွမ်းအင်မှာ သူမ ထင်ထားသည်ထက် ပို၍ ပြင်းထန်နေသည်။ သူမက လက်ညှိုးဖြင့် တစ်ချက် ညွှန်လိုက်ရာ ရေနဂါးတစ်ကောင် ပေါ်ထွက်လာသည်။ ကောင်းကင်နှင့် မြေကြီးမှာ ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားကာ လေပြင်းများစွာ တိုက်ခတ်လာတော့သည်။ ပြင်းထန်လှသော လေပြင်းများမှာ အရာအားလုံးကို ခြေမွပစ်တော့မည့်အလား လီယန်ချူ၏ လက်သီးဆန္ဒနှင့် ထိပ်တိုက် တိုးမိသွားတော့သည်။
ဝုန်း ဝုန်း
ကောင်းကင်နှင့် မြေကြီးအကြားတွင် အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ လီယန်ချူက ခြေတစ်လှမ်း လှမ်းလိုက်ရာ မြေငလျင် လှုပ်သွားသကဲ့သို့ပင်။ ထို့နောက် နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ကြာပန်းဖြူမယ်တော်၏ ရေနဂါးမှာ ပျက်စီးသွားရသည်။ သို့သော် ၎င်းမှာ မိုးရေများအဖြစ် ပြောင်းလဲသွားပြီး ခဏချင်းမှာပင် မိုးရေဓားများနှင့် ဓားမြှောင်များအဖြစ် ပြောင်းလဲကာ လီယန်ချူထံသို့ ပြေးဝင်လာပြန်သည်။
လီယန်ချူ၏ ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာသည်။ ရွှေအမြုတေ တစ်ခုက မှော်အတတ်ပေါင်းစုံကို ဖြိုခွဲလိုက်ခြင်းပင်။ မိုးရေများအတွင်းရှိ ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏ အနီးသို့ ရောက်သောအခါ အလိုအလျောက် ပျောက်ကွယ်ကုန်သည်။
တစ်ချိန်တည်းမှာပင် လီယန်ချူသည် ကြာပန်းဖြူမယ်တော်၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားပြီး နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။ ဤလက်သီးမှာ အရာအားလုံးကို ခြေမွဖျက်ဆီးနိုင်သော အစွမ်းရှိကာ သွေးချီများမှာ ပင်လယ်ပြင်ကြီး ပွက်ပွက်ဆူနေသကဲ့သို့ပင်။ ကြာပန်းဖြူမယ်တော်မှာ ပင်လယ်ပြင်ကြီးအလယ်ရှိ လှေငယ်လေးတစ်စင်းအလား ခံစားလိုက်ရသည်။ မိုးရေများမှာ ဧရာမ ရေကာရံကြီးအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ အထူ သုံးတောင်ခန့်သာ ရှိသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ အဆုံးမရှိ ကျယ်ပြောလှသည်။
လီယန်ချူ၏ လက်သီးမှာ ရေကာရံကြီးကို ဖောက်ထွက်သွားသော်လည်း ၎င်းမှာ ချက်ချင်းပင် ပြန်လည် စုစည်းသွားသည်။ သို့သော် ကြာပန်းဖြူမယ်တော်၏ ရင်ဘတ်အတွင်း သွေးများမှာ ဆူဝေသွားရသည်။ ဤလက်သီးမှာ အလွန်ပင် ပြင်းထန်လှသဖြင့် သူမပင်လျှင် အကုန်လုံးကို မခုခံနိုင်ပေ။ အဓိကမှာ လီယန်ချူ၏ ကိုယ်ပေါ်ရှိ ရွှေအမြုတေ အလင်းမှာ သူမ၏ မှော်အတတ်များကို ဖြိုခွဲနိုင်သောကြောင့်ပင်။ ခဏမျှ တိုက်ခိုက်ပြီးနောက်တွင် ကြာပန်းဖြူမယ်တော်သည် လီယန်ချူ၏ အစွမ်းကို အကဲခတ်မိသွားသည်။ တကယ်ကို တိုက်နိုင်ခိုက်နိုင်သူပင်။
"ဆရာတော်... ဘာလို့ အခုထိ မလှုပ်ရှားသေးတာလဲ၊ ဘယ်အချိန်အထိ စောင့်နေမှာလဲ"
ကြာပန်းဖြူမယ်တော်က တည်ငြိမ်စွာ ဆိုလိုက်သည်။ သူမ၏ အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း တစ်လောကလုံးသို့ ပဲ့တင်ထပ်သွားသည်။ လီယန်ချူက မျက်မှောင်ကြုတ်လိုက်မိသည်။ ကြာပန်းဖြူမယ်တော်၏ အဆင့်မှာ ယန်ဝိညာဉ် နှောင်းပိုင်းအဆင့် ဖြစ်ပြီး ဆန်းကြယ်သော မှော်အတတ်များ ရှိနေသည်။ သူမက ဤမျှ တည်ငြိမ်စွာ ပြုမူနေပြီး အဖော်ပင် ခေါ်ထားသေးသည်လား။
ရဟန်းအိုကြီး တစ်ပါး ရုတ်တရက် ပေါ်လာသည်။ ကြည့်ရသည်မှာ သာမန်ပင် ဖြစ်သော်လည်း သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှပြီး ကြာပန်းဖြူမယ်တော်ထက်ပင် သာလွန်နေသယောင် ရှိသည်။
"ဒါယိကာမ စိတ်ချပါ၊ ငါက ကတိဖျက်မယ့်လူ မဟုတ်ပါဘူး"
ရှန်ယွင်ဆရာတော်က အေးအေးဆေးဆေး ဆိုလိုက်သည်။ သူ၏ ကိုယ်ပေါ်မှ ရွှေရောင် ဗုဒ္ဓအလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားတော့သည်။ ကြာပန်းဖြူမယ်တော်၏ အလင်းဖြူနှင့် ရှန်ယွင်၏ အလင်းရွှေတို့ ပေါင်းစပ်သွားကာ လီယန်ချူ၏ ရွှေအမြုတေကိုပင် ကိုယ်တွင်းသို့ ပြန်လည် တွန်းပို့လိုက်တော့သည်။
ပတ်ဝန်းကျင်ရှိ လောကစွမ်းအင်များမှာ လုံးဝ ပိတ်ဆို့ခြင်း ခံလိုက်ရသည်။ ဆိုလိုသည်မှာ လီယန်ချူသည် ပြင်ပမှ မည်သည့် စွမ်းအင်ကိုမျှ ရယူနိုင်တော့မည် မဟုတ်ဘဲ ကိုယ်တွင်းရှိ မှော်အင်အားဖြင့်သာ တိုက်ခိုက်ရတော့မည် ဖြစ်သည်။ ထို့ပြင် သူ၏ သိုေလှာင်အိတ်မှာလည်း သူတို့နှစ်ဦး၏ မှော်အတတ်များကြောင့် ဖိနှိပ်ခြင်း ခံထားရသဖြင့် မဖွင့်နိုင်တော့ပေ။ ဆိုလိုသည်မှာ စွမ်းအင်ပြန်ဖြည့်ပေးမည့် ဆေးလုံးများကိုလည်း အသုံးမပြုနိုင်တော့ခြင်းပင်။
လီယန်ချူက မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ဖက်လူမှာ ပေါ်လာသည်နှင့် သူ၏ မှော်ရတနာများကို ဖိနှိပ်လိုက်ခြင်းမှာ အလွန်ပင် စနစ်ကျလှသည်။ သူတို့ ကြောက်သည်မှာ အစောပိုင်းက ခဏမျှ မြင်လိုက်ရသော ကျောက်စိမ်းပေတံ မဟုတ်ပေ။ ကျောက်စိမ်းပေတံမှာ မှော်ရတနာများကိုသာ ရိုက်ချနိုင်ပြီး မှော်အတတ်များကို မတုံ့ပြန်နိုင်သဖြင့် ဤမျှအထိ စိုးရိမ်စရာ မလိုပေ။
"ဒါယိကာမင်းက အော်မေတောင်ပေါ်မှာ သတ်ဖြတ်မှုတွေ အရမ်းများခဲ့ပြီ၊ ဗုဒ္ဓတရားတော်တွေနဲ့ ဖြေဖျောက်ဖို့ လိုအပ်နေပြီ။ ငါ့ရဲ့ တရားတော်တွေကို နာကြားပြီး သံသရာထဲ မဝင်ရအောင် လုပ်တာ ပိုကောင်းပါလိမ့်မယ်"
ရဟန်းအိုကြီးက ပြုံးကာ ဆိုလိုက်သည်။ ဤတာအိုဆရာလေး မည်မျှပင် အစွမ်းထက်ပါစေ၊ ယခု ကြာပန်းဖြူ လျှို့ဝှက်အတတ်နှင့် ဗုဒ္ဓဘာသာ မှော်အတတ်တို့၏ နှစ်ထပ်ပိတ်ဆို့မှုကို ခံထားရသဖြင့် သူ၏ တာအိုလက်နက်များကို အသုံးမပြုနိုင်တော့ပေ။ သူနှင့် ကြာပန်းဖြူမယ်တော်တို့၏ အစွမ်းဖြင့် ပူးပေါင်းလိုက်လျှင် ဤတာအိုဆရာလေးကို မနှိမ်နင်းနိုင်စရာ အကြောင်းမရှိပေ။ သာမန် ယန်ဝိညာဉ် နှောင်းပိုင်း ပုဂ္ဂိုလ်များမှာ သူတို့နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
ဤရဟန်းအိုကြီးမှာ မိုးမခခက်ဖြင့် မိမိ၏ ကိုယ်ပွားကို ဖန်တီးနိုင်သူ မဟုတ်ပါလား။ ရှန်ယွင်ဆရာတော်သည် ယခုအခါ အောင်ပွဲမှာ မိမိလက်ထဲတွင် ရှိနေပြီဟု ခံစားနေရသည်။ တာအိုဆရာလေး၏ ဘေးမှ အမျိုးသမီးမှာ အဆင့်မြင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ယခု အခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိပေ။ ဖန့်ချင်းလန်က လီယန်ချူနှင့် ပုခုံးချင်းယှဉ် ရပ်လိုက်ပြီး လက်ထဲတွင် ရှေးဟောင်းဓားတစ်စောင်ကို ကိုင်ထားသည်။
"ကျွန်မ ဓားတစ်ချက် ထုတ်နိုင်တယ်။ အဲ့ဒီနောက်မှာ ကျွန်မ သေရင်သေမယ်၊ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်တော့ သေချာပေါက် သေရမယ်"
ဖန့်ချင်းလန်က တည်ငြိမ်စွာ ပြောလိုက်သည်။ လီယန်ချူက သူမကို တစ်ချက်ကြည့်ကာ အံ့ဩသွားသည်။
"ဒီလောက် မိုက်တဲ့ စကားကို ဒီလောက်ကြီး တည်ငြိမ်အောင် မပြောစမ်းပါနဲ့"
တစ်ဖက်မှ ရှန်ယွင်ဆရာတော်က ဖန့်ချင်းလန်ကို စိုက်ကြည့်လိုက်သည်။ ဓားတစ်ချက်တည်းဖြင့် မိမိကို သတ်နိုင်မည့်သူ မရှိနိုင်ပေ။ လုံးဝ မဖြစ်နိုင်တာ။ ကြာပန်းဖြူမယ်တော်သည် ဗေဒင်တွက်ချက်ကြည့်သော်လည်း ထိုအမျိုးသမီး၏ အနာဂတ်မှာလည်း လီယန်ချူကဲ့သို့ပင် ဘာမှမမြင်ရဘဲ ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။
လီယန်ချူက အေးဆေးစွာ ဆိုလိုက်သည်။
"နှစ်ယောက်နဲ့ တစ်ယောက်ဆိုရင်တော့ အနိုင်ရဖို့ မသေချာဘူးပေါ့၊ ဒါပေမဲ့ သူ့ကို ရင်ဆိုင်ပေးမယ့်သူ ရှိပါတယ်"
ရှန်ယွင်ဆရာတော်က ပြုံးကာ ဆိုလိုက်သည်။
"အော်မေတောင်ပေါ်မှာ ဒီတိုက်ပွဲထဲ ဝင်ပါနိုင်မယ့်သူ မရှိပါဘူး။ အဲ့ဒီ စာပေပညာရှိ လည်း မတတ်နိုင်ဘူး"
လူအုပ်ထဲမှ လူလတ်ပိုင်း စာပေပညာရှိ မှာ မိမိအမည် အပြောခံလိုက်ရသဖြင့် စိတ်ထဲတွင် လေးလံသွားရသည်။ သို့သော် လီယန်ချူမှာ သူပြောသော စာပေပညာရှိ မှာ မည်သူမှန်း မသိပေ။ ဤရဟန်းအိုကြီးများ ပဟေဠိစကား ပြောနေသည်ကို သူ ဂရုမစိုက်တော့ပေ။ သူသည် ရှန်ယွင်၏ နက်နဲလှသော အပြုံးကို ကြည့်ကာ ပြုံးလိုက်ပြီး...
"ထွက်လာခဲ့တော့... ပီကာချူး"
ဤစကား ထွက်လာသည်နှင့် ရှန်ယွင်၊ ကြာပန်းဖြူမယ်တော်နှင့် ဖောင်ချင်းလန်တို့ပါ အံ့ဩသွားကြသည်။ ပီကာချူး ဆိုသည်မှာ မည်သူနည်း။
ဟိန်းးးးးးးးးးးးးးးးးးး
ကောင်းကင်နှင့် မြေကြီးအကြားတွင် ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ဧရာမ မျောက်ဖြူကြီးတစ်ကောင် ပေါ်လာသည်။ အရှိန်အဝါမှာ ကောင်းကင်သို့ ထိုးတက်နေပြီး ကိုယ်ပေါ်တွင် အဆုံးမရှိသော စွမ်းအားများ ရှိနေသကဲ့သို့ပင်။
ဟိန်းးးးးးးးးးးးးးးးးးး
နောက်ထပ် တစ်ကြိမ် ဟိန်းဟောက်လိုက်ရာ ကြာပန်းဖြူ လျှို့ဝှက်အတတ်ဖြင့် တည်ဆောက်ထားသော နယ်ပယ်မှာပင် တုန်ခါသွားရသည်။ ကြာပန်းဖြူမယ်တော်၏ မျက်နှာ အရောင်ပြောင်းသွားသည်။ ရဟန်းအိုကြီးမှာလည်း မျက်မှောင်များကို ကြုတ်လိုက်ပြီး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်မိသည်။
"မဖြစ်နိုင်တာ... ဒါ မဖြစ်နိုင်ဘူး"
ရှေးဟောင်းအရှိန်အဝါများ ရှိနေသော မျောက်အိုကြီးမှာ ရှန်ယွင်ဆရာတော်ကို ကြည့်ကာ သွားဖြဲပြလိုက်သည်။
"မြေးလေး... မထင်ထားဘူး မဟုတ်လား"
သူ၏ အသံမှာ မိုးကြိုးပစ်သံကဲ့သို့ ဟိန်းထွက်သွားပြီး လေထဲတွင် လှိုင်းလုံးများ ထသွားစေသည်။ မျောက်အိုကြီး၏ ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါ်ထွက်လာသည်။ ရှန်ယွင်နှင့် ကြာပန်းဖြူမယ်တော်တို့ပင်လျှင် ရန်သူကြီးနှင့် တွေ့သလို ခံစားလိုက်ရသည်။ ဤအော်မေတောင်မှ မျောက်ကြီး၏ အစွမ်းမှာ ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်လောက်သည်။ ယခုခေတ်၏ အထွတ်အထိပ် ယန်ဝိညာဉ် ပုဂ္ဂိုလ်များပင်လျှင် ကြောက်ရွံ့သွားရသည်။ တောင်ကြီးကဲ့သို့ ခိုင်မာပြီး ကောင်းကင်နှင့် ယှဉ်နိုင်သော ဤအရှိန်အဝါမှာ လူကို ထိတ်လန့်စေသည်။
ထိုစဉ် ဤအရှိန်အဝါကြီးမားလှသော မျောက်အိုကြီးသည် လီယန်ချူဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ပီကာချူး ဆိုတာ ဘယ်သူလဲ"
လီယန်ချူက ခဏမျှ စဉ်းစားပြီး အလေးအနက် ဆိုလိုက်သည်။
"အရမ်းလန်းတဲ့ မျောက်တစ်မျိုးပေါ့"
အော်မေတောင်မှ မျောက်အိုကြီးမှာ မျက်လုံးများ တောက်ပသွားပြီး "ဒီနာမည် မဆိုးဘူးပဲ" ဟု ဆိုကာ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရှန်ယွင်ဆရာတော်ထံသို့ တိုက်ရိုက်ပင် လက်သီးဖြင့် ပစ်သွင်းလိုက်တော့သည်။
ဝုန်းးးးးးးးးးးးးးးးးးး
ရှန်ယွင်ဆရာတော်မှာ ချက်ချင်းပင် အဝေးသို့ လွင့်ထွက်သွားတော့သည်။ သူသည် ဝူကျိကဲ့သို့ အဆင့် ၃ နှောင်းပိုင်း ကိုယ်ပွားကို ဖန်တီးနိုင်သူ ဖြစ်ရာ သူ၏ ကျင့်ကြံဆင့်မှာ မသေးလှပေ။ သို့သော် ဤအော်မေတောင် မျောက်အိုကြီးမှာ အလွန်ပင် ပြင်းထန်လှသဖြင့် အသက်ရှူရုံမျှသော အချိန်အတွင်းမှာပင် ရှန်ယွင်ဆရာတော်မှာ အန္တရာယ်ကြီးစွာ ကြုံတွေ့လိုက်ရပြီး တစ်ဖက်သတ် ဖိနှိပ်ခြင်းကို ခံလိုက်ရတော့သည်။
လီယန်ချူက သက်ပြင်းချရင်း ဆိုလိုက်သည်။
"မျောက်အိုကြီးက တကယ်ကို ကြမ်းတာပဲ"
အမှန်တော့ သူ အမှန်အတိုင်း မပြောခဲ့ပေ။ ပီကာချူး ဆိုသည်မှာ... ကြွက် ဖြစ်သည်။ အကယ်၍ မျောက်အိုကြီးသာ သိသွားပါက သူ့ကို အရင်လှည့်တိုက်ပေလိမ့်မည်။ မျောက်အိုကြီးသည် ယခုအခါ မကြာမီ ပျောက်ကွယ်တော့မည့် သူ၏ စိတ်ဆန္ဒ အကြွင်းအကျန်ကို လောင်ကျွမ်းစေကာ မသေခင်မှာ တစ်ခါလောက် ဟန်ရေးပြနေခြင်းပင်။ ယခင် ဂူအတွင်း လီယန်ချူနှင့် တိုက်ခိုက်စဉ်က သူ၏ စွမ်းအား အနည်းငယ်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယခုမှသာ မျောက်အိုကြီး၏ အထွတ်အထိပ် အချိန်ပင်။ သူ၏ အစွမ်းမှာ မူလအတိုင်း မဟုတ်သေးသော်လည်း ရဟန်းအိုကြီးကို ခြေမွပစ်ရန်မှာမူ ပြဿနာ မရှိပေ။
"ဒီကောင်စုတ် နေ့တိုင်းလာပြီး ငါ့ကို လာရှုပ်နေတယ်၊ ဒါမေးလိုက် ဟိုမေးလိုက်နဲ့... မင်းကို အသေသတ်ပစ်မယ်"
မျောက်အိုကြီး၏ အသံမှာ ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်နေတော့သည်။
ရှန်ယွင်ဆရာတော် : "........................"
သူသည် ပြန်မတိုက်နိုင်ဘဲ တရစပ် နောက်ဆုတ်နေရသည်။
"ဒါယိကာမ... မြန်မြန် တိုက်စမ်းပါ။ သူက စိတ်ဆန္ဒ အကြွင်းအကျန်ပဲ၊ အကြာကြီး မခံနိုင်ဘူး"
ရှန်ယွင်ဆရာတော်က အခြေအနေကို မှန်ကန်စွာ သုံးသပ်ပြီး ကြာပန်းဖြူမယ်တော်ကို အော်ဟစ် အကူအညီ တောင်းလိုက်သည်။ သို့သော် ကြာပန်းဖြူမယ်တော်မှာ မလှုပ်ရှားနိုင်ပေ။ အကြောင်းမှာ သူမ၏ ရှေ့တွင် တာအိုဆရာလေး တစ်ဦး ရပ်နေသောကြောင့်ပင်။
လီယန်ချူက တည်ငြိမ်စွာ ဆိုလိုက်သည်။
"ရူးနေတဲ့ မိန်းမ၊ ငါက ခင်ဗျားအမေကို မသိပေမယ့်...
"
"ခင်ဗျားအမေတောင် ခင်ဗျားကို မမှတ်မိနိုင်တော့တဲ့အထိ ငါ တိုက်ပေးမယ်"
ကြာပန်းဖြူမယ်တော် : "........................"
စကားဆုံးသည်နှင့် သူမသည် လီယန်ချူ၏ လက်သီးချက်ကို ကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ခံလိုက်ရတော့သည်။ ကျယ်ပြောလှသော လက်သီးဆန္ဒမှာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားပြီး ရှောင်တိမ်းရန် နေရာမရှိပေ။ ကြာပန်းဖြူမယ်တော်မှာ သုံးချက်မျှ တိုက်ခိုက်ခံရပြီးနောက် အကာအကွယ် ပျက်စီးသွားကာ သွေးတစ်ငုံ အန်လိုက်ရသည်။ သူမသည် ကြာပန်းဖြူ လျှို့ဝှက်အတတ်ကို ထိန်းသိမ်းထားရသည်။ ၎င်းမှာ အော်မေတောင်ကို လွှမ်းခြုံထားရရုံသာမက လီယန်ချူ၏ မှော်ရတနာများကိုပါ ဖိနှိပ်ထားရသဖြင့် လီယန်ချူ၏ သွေးချီစွမ်းအင်များကို ခုခံရန် အင်အား မလောက်မငှ ဖြစ်နေခြင်းပင်။
ကြာပန်းဖြူမယ်တော်၏ မျက်နှာမှာ သနားကြင်နာသော အမူအရာ ပျောက်ကွယ်သွားပြီး ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။
"တပည့် ချန်ကျိ မှ မွေးဖွားခြင်းကင်းသော မယ်တော်မြတ် ၏ နတ်ဘုရားကိုယ်ထည် ကို ပင့်ဖိတ်အပ်ပါသည်"
ဤအတိုင်း ဆက်တိုက်နေပါက သူမသည် ကြာပန်းဖြူ၏ စွမ်းအားကို မဖြစ်မနေ အသုံးပြုရတော့မည်ကို သိရှိသည်။ ကြာပန်းဖြူ၏ စွမ်းအားကို သုံးလိုက်သည်နှင့် လီယန်ချူ၏ တာအိုလက်နက်များမှာ ချုပ်နှောင်ခြင်းမှ လွတ်မြောက်သွားပေလိမည်။ ထိုအခါ အခြေအနေမှာ ပို၍ ဆိုးရွားသွားပေလိမည်။ ကြာပန်းဖြူမယ်တော်၏ နောက်ကွယ်တွင် ခန့်ညားထည်ဝါသော အရှိန်အဝါရှိသော နတ်ဘုရားကိုယ်ထည်ကြီး တစ်ခု ပေါ်လာသည်။ ၎င်းတွင် မှော်ရတနာများစွာနှင့် အလင်းတန်းများစွာ ရှိနေသည်။ ကြာပန်းဖြူမယ်တော်ကဲ့သို့ပင် သနားကြင်နာသော အမူအရာ ရှိသဖြင့် မြင်ရသူတိုင်းမှာ ဒူးထောက်ဝပ်စတွား ဦးခိုက်ချင်စိတ်များ ဖြစ်ပေါ်လာစေသည်။
မွေးဖွားခြင်းကင်းသော မယ်တော်မြတ် ...
၎င်းမှာ ကြာပန်းဖြူဂိုဏ်းက ကိုးကွယ်သော နတ်ဘုရားဖြစ်ကာ အဆုံးမရှိသော ကိုးကွယ်ခြင်းစွမ်းအား များ စုစည်းနေခြင်းပင်။ ပေါ်လာသည်နှင့်ပင် ကျော်လွှားနိုင်စွမ်းမရှိသော ဖိအားကို ပေးစွမ်းနေသည်။ လီယန်ချူက အေးစက်စွာ ပြုံးလိုက်ပြီး လက်ကွက်ကို နှိုးဆော်လိုက်ရာ သူ၏ နောက်ကွယ်တွင်လည်း ကျယ်ပြောလှသော နတ်ဘုရားကိုယ်ထည်ကြီး တစ်ခု ပေါ်ထွက်လာတော့သည်။
ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် ကိုယ်ပတ်လည်တွင် ထူထပ်သော ကောင်းကင်မီးလျှံ များ လွှမ်းခြုံထားပြီး ခြေဖဝါးအောက်တွင် မီးနဂါးများကို နင်းထားသည်။ လက်ထဲတွင်လည်း ကျောက်ထျန်းတံဆိပ် ၊ နဂါးငါးကောင်စက်ဝိုင်း ၊ မီးကျီးကန်းတစိသောင်းအိုး ၊ မီးလျှံဓား နှင့် မီးမြှား ဟူသော ဒဏ္ဍာရီလာ မီးစွမ်းအင်သုံး လက်နက် ငါးမျိုးကို ကိုင်ဆောင်ထားသည်။
၎င်းမှာ မီးနတ်ဘုရား ၏ နတ်ဘုရားကိုယ်ထည်ပင် ဖြစ်ပါတော့သည်။
အပိုင်း (၈၂၆) ခန့်ညားထည်ဝါသော နတ်ဘုရားကိုယ်ထည်
မက်မွန်သား တံဆိပ်ပြား သည် နတ်ဘုရားကိုယ်ထည်ကို ပင့်ဖိတ်နိုင်သည့် သက်သေခံရတနာတစ်ခု ဖြစ်သည်။ သို့သော် လီယန်ချူတွင် မီးနတ်ဘုရားဂါထာေတာ ်ရှိသည့်အပြင် နတ်ဘုရားပင့်ဖိတ်ခြင်း အတတ်ကိုလည်း ကျွမ်းကျင်သဖြင့် မက်မွန်သားတံဆိပ်ပြား မလိုဘဲ မီးနတ်ဘုရား ၏ နတ်ဘုရားကိုယ်ထည်ကို ပင့်ဖိတ်နိုင်ပေသည်။
မီးနတ်ဘုရား ၏ ကိုယ်ထည်ကြီး ဆင်းသက်လာသည်နှင့် မွေးဖွားခြင်းကင်းသော မယ်တော်မြတ် ၏ နတ်ဘုရားကိုယ်ထည်မှာ ချက်ချင်းပင် ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။ မီးနတ်ဘုရား သည် ကောင်းကင်ဘုံ၏ ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်ပြီး မီးအပေါင်းကို အုပ်ချုပ်ကာ ဘေးရန်အပေါင်းကို နှိမ်နင်းသူဖြစ်သည်။ မွေးဖွားခြင်းကင်းသော မယ်တော်မြတ် သည် နတ်သက်ကြွေသူ တစ်ဦး ဖြစ်သော်လည်း နတ်ဘုရားအဆင့်အတန်း မရှိပေ။ မီးနတ်ဘုရား နှင့် ယှဉ်လျှင် ကွာခြားချက်မှာ အနည်းအကျဉ်းမျှ မဟုတ်ပေ။
ကြာပန်းဖြူမယ်တော် ၏ မျက်နှာတွင် အမူအရာများ ပြောင်းလဲသွားသည်။ ယနေ့တွင် သူမသည် ဤတာအိုဆရာလေး၏ ဖိနှိပ်ခြင်းကို အရာရာတွင် ခံနေရသည်။ တစ်ပါးသူ၏ ခြေဖဝါးအောက်တွင် ရောက်နေရသကဲ့သို့ ခံစားချက်ကြောင့် သူမ၏ အစဉ်အမြဲ တည်ငြိမ်နေသော စိတ်နှလုံးမှာ အလွန်ပင် မသက်မသာ ဖြစ်နေတော့သည်။
ယခုတစ်ကြိမ် လီယန်ချူ ပင့်ဖိတ်လိုက်သော မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်မှာ ယခင် မည်သည့်အချိန်ကထက်မဆို ပိုမိုအစွမ်းထက်နေသည်။ ဖြစ်နိုင်သည်မှာ... တစ်ဖက်တွင် မွေးဖွားခြင်းကင်းသော မယ်တော်မြတ် ၏ နတ်ဘုရားကိုယ်ထည် ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
ဝုန်း ဝုန်း
မီးနတ်ဘုရား ၏ ကိုယ်ပတ်လည်တွင် မီးလျှံများ လွှမ်းခြုံထားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက အပြင်သို့ လျှံထွက်နေကာ မီးပင်လယ်ကြီး တစ်ခု ပေါ်ထွက်လာသည်။ ကြာပန်းဖြူမယ်တော်၏ ကိုယ်ပေါ်ရှိ အလင်းဖြူများအတွင်းသို့ မီးအလင်းတန်းများ ကျူးကျော်ဝင်ရောက်သွားသည်။ အော်မေတောင်ကို လွှမ်းခြုံထားသော ကြာပန်းဖြူကြီးသည်ပင် မီးနတ်ဘုရား ၏ ခန့်ညားထည်ဝါလှသော အရှိန်အဝါကို ခံစားလိုက်ရပြီး မသိမသာ နောက်ဆုတ်လိုစိတ်များ ဖြစ်ပေါ်နေသည်။
ကြာပန်းဖြူမယ်တော်သည် တစ်စုံတစ်ဦး၏ ကျူးကျော်စော်ကားမှုကို ခံနေရသကဲ့သို့ ခံစားနေရသည်။ ဤအတိုင်းသာ ဆက်သွားပါက သူမသည် အစောဆုံး ရှုံးနိမ့်သွားပေလိမည်။
"မိစ္ဆာအပေါင်းတို့... သေစေ "
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သံကဲ့သို့ ဟိန်းထွက်သွားသည်။ သူ၏ မျက်ဝန်းအတွင်း ခရမ်းရွှေရောင် အလင်းတန်းများ ပေါ်ထွက်လာပြီး ကိုယ်ပေါ်တွင်လည်း တောက်ပသော အလင်းတန်းများ ဝန်းရံနေကာ အရှိန်အဝါမှာ အလွန်ပင် ထူထပ်လှသည်။
မီးနတ်ဘုရား က လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်း နှစ်စောင် ကျဆင်းလာပြီး ကောင်းကင်နှင့် မြေကြီးအကြားတွင် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။ ကြာပန်းဖြူမယ်တော် ဖန်တီးထားသော ကြာပန်းဖြူလျှို့ဝှက်နယ်မြေသည် ဤမျှ ပြင်းထန်သော စွမ်းအားကို မတောင့်ခံနိုင်တော့ပေ။ မွေးဖွားခြင်းကင်းသော မယ်တော်မြတ် ၏ နတ်ဘုရားကိုယ်ထည်သည်လည်း ဓားအလင်းတန်းကြောင့် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်သွားသည်။ နတ်ဘုရားကိုယ်ထည်ဖြစ်သဖြင့် သွေးထွက်ခြင်းမရှိဘဲ မှော်အင်အားများသာ ပတ်ဝန်းကျင်သို့ လွင့်စင်ထွက်သွားသည်။
ကြာပန်းဖြူမယ်တော်၏ မျက်နှာမှာ ဖြူလျော့သွားသည်။ မွေးဖွားခြင်းကင်းသော မယ်တော်မြတ် က လက်ချောင်းကို လှုပ်ရှားကာ လေပြင်းကို ခေါ်ယူပြီး မိုးကို ရွာစေသည်။ ထက်ရှလှသော လေပြင်းများမှာ ထက်မြက်သော ဓားများကဲ့သို့ မီးနတ်ဘုရား ထံသို့ ပြေးဝင်သွားပြီး မိုးရေစက်များသည်လည်း ထက်ရှသော မြှားများအဖြစ် ပြောင်းလဲသွားသည်။ ခဏချင်းမှာပင် တစ်လောကလုံးမှာ သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။
ဝုန်း
မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်က လေးကို တင်ပြီး မြှားကို ပစ်လိုက်သည်။ မိုးတိမ်အလင်းတန်း သည် ရဲရဲနီသော မီးကြယ်တံခွန်အလား ပြောင်းလဲသွားပြီး မွေးဖွားခြင်းကင်းသော မယ်တော်မြတ် ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားသည်။
သူ့တွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိသဖြင့် ကျောက်ထျန်းတံဆိပ်၊ နဂါးငါးကောင်စက်ဝိုင်း၊ မီးကျီးကန်းတစ်သောင်းအိုး၊ မီးလျှံဓား နှင့် မီးမြှား တို့ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်သည်။ ကြာပန်းဖြူ၏ စွမ်းအားက ကျင့်ကြံသူများ၏ မှော်ရတနာများကို ဖိနှိပ်ထားနိုင်သော်လည်း နတ်ဘုရားကိုယ်ထည်က ထိန်းချုပ်ထားသော ဒဏ္ဍာရီလာ မီးစွမ်းအင်သုံး လက်နက်များကိုမူ မဖိနှိပ်နိုင်ပေ။
ဝုန်း ဝုန်း
မိုးတိမ်အလင်းတန်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဟင်းလင်းပြင်ကြီး ဖြစ်ပေါ်သွားပြီး ပြင်းထန်လှသော လေပြင်းများနှင့် ရေစွမ်းအင်များမှာ ထိတွေ့လိုက်သည်နှင့် ပျောက်ကွယ်သွားရသည်။
ဒုန်း
မွေးဖွားခြင်းကင်းသော မယ်တော်မြတ် နတ်ဘုရားကိုယ်ထည်သည် နောက်သို့ တစ်လှမ်း ဆုတ်သွားရပြီး ကိုယ်ပေါ်မှ မှော်အင်အားများမှာ တုန်ခါနေကာ လက်မောင်း တစ်ဖက်မှာ ပေါက်ကွဲပျက်စီးသွားသည်။ သို့သော် ခဏအကြာတွင် စွမ်းအင်များ၏ လည်ပတ်မှုကြောင့် ပြန်လည်ကောင်းမွန်လာသည်။
မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်၏ လက်မောင်းတစ်ဖက်မှာ ကျောက်ထျန်းတံဆိပ် ကို မြှောက်ကိုင်ထားသည်။
ဟူး
ကျောက်ထျန်းတံဆိပ် မှ တောက်ပသော နတ်ဘုရားမီးလျှံများ ထွက်ပေါ်လာပြီး နေမင်းက ကောင်းကင်ကို လောင်ကျွမ်းစေသကဲ့သို့ တစ်လောကလုံးမှ မိုးရေများကို ခန်းခြောက်စေသည်။ ခေါင်းသုံးလုံး လက်ခြောက်ဖက်ဖြင့် မီးစွမ်းအင် လက်နက်များကို အသုံးပြုခြင်းမှာ အလွန်ပင် ကျွမ်းကျင်လှသည်။ မီးကျီးကန်းတစ်သောင်းအိုး အတွင်းမှ တောက်ပလှပသော မီးကျီးကန်း ကုဋေပေါင်းများစွာ ထွက်ပေါ်လာပြီး မွေးဖွားခြင်းကင်းသော မယ်တော်မြတ် နတ်ဘုရားကိုယ်ထည်ထံသို့ အလုံးအရင်းနှင့် ပြေးဝင်သွားသည်။
နဂါးငါးကောင်စက်ဝိုင်း အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်နေသည့် မီးနဂါးငါးကောင်သည် နတ်ဘုရားအရှိန်အဝါများဖြင့် တောက်ပနေပြီး မီးနတ်ဘုရား ၏ ကိုယ်ပတ်လည်တွင် လည်ပတ်နေသဖြင့် လေပြင်း၊ ရေစွမ်းအင်နှင့် သတ်ဖြတ်ခြင်း အရှိန်အဝါ မည်သည့်အရာမျှ အနားသို့ မကပ်နိုင်ပေ။
ဝုန်း ဝုန်း ဝုန်း ဝုန်း
မွေးဖွားခြင်းကင်းသော မယ်တော်မြတ် နတ်ဘုရားကိုယ်ထည်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများစွာ ပေါ်ထွက်လာသည်။
ရှူး
သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ ထက်ရှလှသော ဓားချီတစ်ခု ဟင်းလင်းပြင်ကို ဖြတ်သန်းထွက်ပေါ်လာသည်။ ဤဓားသည် ရွှေရောင်နတ်ဘုရားအလင်းများ တောက်ပနေသော်လည်း တကယ်တမ်းတွင်မူ ဝိညာဉ်ကို ဖြတ်တောက်မည့် စိတ်ဝိညာဉ်ဓား ပင် ဖြစ်သည်။ သူမသည် ဤ မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်ကို လူ့လောကတွင် အပြီးတိုင် ချုပ်နှောင်ထားရန် ကြံရွယ်ထားခြင်း ဖြစ်သည်။
မီးနတ်ဘုရား ၏ မျက်ဝန်းအတွင်း နတ်ဘုရားအလင်းများ တောက်ပနေပြီး ကောင်းကင်ယံထက်မှ မိုးကြိုးများ တုန်ခါနေသကဲ့သို့ပင်။ မီးလျှံဓား ကို ခုတ်ချလိုက်ရာ လျှပ်စီးတန်း နှစ်ခုသည် နဂါးများအလား ယှက်နွယ်သွားပြီး ဝိညာဉ်ဖြတ် စိတ်ဝိညာဉ်ဓားကိုပင် တားဆီးလိုက်တော့သည်။
ကြာပန်းဖြူမယ်တော်၏ မျက်လုံးများ ပြောင်းလဲသွားသည်။ မီးနတ်ဘုရား အဆင့်ရှိသော နတ်ဘုရားသည် သူ၏ အတတ်ပညာများကို အမှတ်မထင် အသုံးပြုလိုက်ရုံမျှဖြင့်ပင် အဆုံးမရှိသော စွမ်းအားများ ထွက်ပေါ်လာသည်။ မီးလျှံဓား ကို လီယန်ချူ၏ လက်ထဲတွင် ရှိစဉ်နှင့် မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်၏ လက်ထဲတွင် ရှိစဉ်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
ဖျန်း
နတ်ဘုရားဓားက မွေးဖွားခြင်းကင်းသော မယ်တော်မြတ် ၏ လက်မောင်းတစ်ဖက်ကို ဖြတ်တောက်လိုက်သည်။ အခြား မီးလျှံဓား တစ်စောင်က ဘေးတိုက်ဝှေ့ယမ်းကာ သူမ၏ လည်ပင်းသို့ တိုက်ရိုက် ဦးတည်သွားသည်။ မွေးဖွားခြင်းကင်းသော မယ်တော်မြတ် က လက်နှစ်ဖက်ကို ယှက်ကာ ဗုဒ္ဓဘာသာ၏ အမြင့်ဆုံးအတတ်ဖြင့် ရွှေကိုယ်ထည်ကို နှိုးဆော်လိုက်သည်။
ဒေါင်
တစ်လောကလုံးတွင် ဧရာမ ခေါင်းလောင်းကြီးကို တီးခတ်လိုက်သကဲ့သို့ အသံကြီး ပဲ့တင်ထပ်သွားသည်။ မွေးဖွားခြင်းကင်းသော မယ်တော်မြတ် ၏ ရွှေကိုယ်ထည်ပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာပြီး မီးနတ်ဘုရား ၏ နဂါးငါးကောင်စက်ဝိုင်း ဖြင့် ရိုက်နှက်ခံလိုက်ရသောအခါ တိုက်ရိုက်ပင် ပျက်စီးသွားရတော့သည်။
သူမက လက်ကွက်ကို နှိုးဆော်လိုက်ရာ ထူထပ်သော အလင်းဖြူများ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ထိုအလင်းဖြူများ၏ အောက်တွင် မီးနတ်ဘုရား ၏ မီးစွမ်းအင်လက်နက် ငါးမျိုးစလုံးမှာ ခေတ္တမျှ အစွမ်းမဲ့သွားရသည်။
ဟူး
မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်က ပါးစပ်ကို ဟကာ မီးလျှံတစ်ခုကို မှုတ်ထုတ်လိုက်သည်။ ထိုမီးလျှံမှာ နေမင်းက ကောင်းကင်ကို လောင်ကျွမ်းစေသကဲ့သို့ပင် မွေးဖွားခြင်းကင်းသော မယ်တော်မြတ် ကို ချက်ချင်းပင် ဝါးမြိုလိုက်တော့သည်။ သူမ မည်မျှပင် ရုန်းကန်စေကာမူ ထိုမီးထဲမှ ထွက်မလာနိုင်တော့ပေ။ သူမ၏ ခန့်ညားထည်ဝါသော နတ်ဘုရားကိုယ်ထည်မှာ ဤမီးလျှံအတွင်းတွင် တဖြည်းဖြည်းနှင့် ပျောက်ကွယ်နေတော့သည်။
ဝုန်း
မွေးဖွားခြင်းကင်းသော မယ်တော်မြတ် ၏ ကိုယ်ပေါ်တွင် ပိုမိုထူထပ်သော အလင်းဖြူများ ပေါ်ထွက်လာပြီး တစ်ချိန်တည်းမှာပင် လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာကာ မီးလျှံများကို ဖြတ်တောက်ပြီး အပြင်သို့ ထွက်လာသည်။
ကြာပန်းဖြူမယ်တော်၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားသည်။ ဤတာအိုဆရာလေးသည် မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်ကို လူ့လောကသို့ ပင့်ဖိတ်နိုင်ရုံသာမက ဤမျှ များပြားလှသော နတ်ဘုရားစွမ်းအားများကိုပါ ပင့်ဖိတ်နိုင်လိမည်ဟု သူမ မထင်ထားခဲ့ပေ။ သူမသည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်ကြည့်သော်လည်း ၎င်းတို့မှာ ဝေဝါးနေပြီး ရှုပ်ထွေးနေသည်ကိုသာ တွေ့ရကာ သူမ၏ စိတ်ဝိညာဉ်မှာလည်း အဆက်မပြတ် သတိပေးချက်များ ထွက်ပေါ်နေသည်။
မွေးဖွားခြင်းကင်းသော မယ်တော်မြတ် က လက်ကွက်ကို နှိုးဆော်လိုက်ရာ ခဏချင်းမှာပင် သူမသည်လည်း ခေါင်းသုံးလုံး လက်ခြောက်ဖက် နတ်ဘုရားပုံသဏ္ဌာန်သို့ ပြောင်းလဲသွားသည်။ သို့သော် မီးနတ်ဘုရား ၏ ရဲရင့်သော ပုံသဏ္ဌာန်နှင့် ယှဉ်လျှင် သူမ၏ ပုံသဏ္ဌာန်မှာ သန့်ရှင်းမွန်မြတ်ပြီး သနားကြင်နာသော အသွင် ဆောင်နေသည်။
ရှူး ရှူး ရှူး
သူမ၏ လက်များထဲတွင် ရတနာအိုး၊ ရတနာပုတီးနှင့် ရတနာတံဆိပ်များ ပေါ်ထွက်လာပြီး တောက်ပသော အလင်းတန်းများ ဖြာထွက်လာကာ မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်ကို နှိမ်နင်းရန် ကြိုးစားတော့သည်။
"ဒီနေ့ မင်းက မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်ကို ပင့်ဖိတ်နိုင်ခဲ့ရင်တောင် ငါက မင်းကို ဒီမှာတင် သတ်ပစ်မယ် "
ကြာပန်းဖြူမယ်တော်က အေးစက်စွာ ပြောလိုက်သည်။
"နင့်လိုကောင်မကများ"
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သံကဲ့သို့ ဟိန်းထွက်သွားသည်။
ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးထဲမှ ဧရာမ နတ်ဘုရားစွမ်းအားကြီးတစ်ခု ဆင်းသက်လာသည်။ မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်၏ ပုံသဏ္ဌာန်မှာ ပိုမိုခိုင်မာလာပြီး ကိုယ်ပေါ်ရှိ သံချပ်ကာများမှာလည်း နတ်ဘုရားအလင်းများ တောက်ပနေသည်။
ဝုန်း ဝုန်း ဝုန်း
မွေးဖွားခြင်းကင်းသော မယ်တော်မြတ် နတ်ဘုရားကိုယ်ထည်မှာ မိုးကုပ်စက်ဝိုင်းအထိ ကျယ်ပြန့်သော မီးပင်လယ်ကြီးအတွင်း ဝါးမြိုခံလိုက်ရသည်။ အဆုံးမရှိသော နတ်ဘုရားစွမ်းအားများက ခဏချင်းမှာပင် သူမ လက်ထဲရှိ မှော်ရတနာများနှင့် ခေါင်းသုံးလုံး လက်ခြောက်ဖက် ပုံသဏ္ဌာန်ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်တော့သည်။
"လာစမ်း"
လီယန်ချူက ဟောက်လိုက်သည်။
မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အားပြင်းစွာ ထိုးချလိုက်သည်။
ဝုန်း ဝုန်း ဝုန်း
ကောင်းကင်ယံတွင် ရုတ်တရက် ဒီရေလှိုင်းကြီးကဲ့သို့သော လှိုင်းအဟုန်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ကြာပန်းဖြူဖြင့် တည်ဆောက်ထားသော လျှို့ဝှက်နယ်မြေတစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ပြိုလဲလုနီးပါး ဖြစ်သွားရတော့သည်။ ထိုအချိန်တွင် မွေးဖွားခြင်းကင်းသော မယ်တော်မြတ် နတ်ဘုရားကိုယ်ထည်မှာလည်း နတ်ဘုရားစွမ်းအားများ၏ အောက်တွင် လုံးဝ ဖိနှိပ်ခြင်း ခံလိုက်ရသည်။ နတ်ဘုရားစွမ်းအားမှာ အလွန်ပင် လေးလံလှပြီး အထူးသဖြင့် မီးအပေါင်းကို အုပ်ချုပ်ကာ ဘေးရန်များကို နှိမ်နင်းသည့် မီးနတ်ဘုရား ကဲ့သို့သော ရှေးဟောင်းနတ်ဘုရား၏ စွမ်းအားဖြစ်သဖြင့် ပို၍ပင် ပြင်းထန်လှသည်။
မွေးဖွားခြင်းကင်းသော မယ်တော်မြတ် နတ်ဘုရားကိုယ်ထည်မှာ ရိုက်ခွဲခံလိုက်ရပြီး အလင်းဖြူတစ်ခုအဖြစ် ပြောင်းလဲကာ ထိုကြာပန်းဖြူကြီးအတွင်းသို့ လွင့်စင်ဝင်ရောက်သွားတော့သည်။
ဖျန်း
ကြာပန်းဖြူမယ်တော်မှာ သွေးတစ်ငုံ အန်လိုက်ရပြီး မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူလျော့သွားသည်။ သူမ နားမလည်နိုင်သည်မှာ လီယန်ချူ ပင့်ဖိတ်ထားသော နတ်ဘုရားကိုယ်ထည်မှာ အဘယ်ကြောင့် ရုတ်တရက် နတ်ဘုရားစွမ်းအားများ ပေါက်ကွဲထွက်လာရသနည်း ဟူသည်ပင်။
အမှန်တကယ်တွင်မူ ၎င်းမှာ နားလည်ရန် လွယ်ကူလှသည်။ ကြာပန်းဖြူဂိုဏ်းက ကိုးကွယ်သော နတ်ဘုရားမှာ နတ်ဘုရားအဆင့်အတန်းပင် မရှိဘဲ မီးနတ်ဘုရား ၏ နတ်ဘုရားကိုယ်ထည်ကို နှိမ်နင်းရန် ကြိုးစားခြင်းမှာ မသိမသာဖြင့် ကောင်းကင်ဘုံ၏ စည်းကမ်းကို ထိပါးမိသွားခြင်းပင် ဖြစ်သည်။ အခြားသူ ပင့်ဖိတ်သော နတ်ဘုရားကိုယ်ထည်ဆိုပါက ဤမျှအထိ ခိုင်မာသော ဆက်သွယ်မှုမျိုး မရနိုင်သော်လည်း လီယန်ချူတွင် မီးနတ်ဘုရား ဂုဏ်ပြုကျမ်း ရှိသဖြင့် ကောင်းကင်ဘုံ မီးဌာန၏ မိသားစုဝင်တစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။
ထို့ကြောင့် မီးနတ်ဘုရား က ဧရာမ နတ်ဘုရားစွမ်းအားများကို ပေးအပ်ကာ မွေးဖွားခြင်းကင်းသော မယ်တော်မြတ် ၏ နတ်ဘုရားကိုယ်ထည်ကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်ခြင်း ဖြစ်သည်။
မင်းက ဘာအဆင့်မို့လို့... ငါနဲ့ ပုံစံတူ ခေါင်းသုံးလုံး လက်ခြောက်ဖက် ပုံစံကို သုံးရဲတာလဲ
အလင်းဖြူ၏ ဖိနှိပ်မှု မရှိတော့သဖြင့် မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်က လေးကို တင်ကာ မြှားကို ပစ်လိုက်သည်။ မီးမြှား သည် မီးကြယ်တံခွန်အလား ထိုကြာပန်းဖြူကြီးကို တည့်တည့် ထိမှန်သွားတော့သည်။
ဝုန်း ဝုန်း ဝုန်း
ဂွမ်း
ကြာပန်းဖြူကြီးပေါ်တွင် အက်ကွဲကြောင်းကြီးတစ်ခု တိုက်ရိုက်ပင် ပေါ်ထွက်သွားသည်။ ကြာပန်းဖြူမယ်တော်၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားသည်။ ဤကြာပန်းဖြူမှာ ကြာပန်းဖြူဂိုဏ်း၏ မျိုးဆက်ဆင့်ကဲ လက်ဆင့်ကမ်းလာသော အမြင့်မြတ်ဆုံး ရတနာဖြစ်သည်။ အကယ်၍ မိမိ၏ စစ်မှန်သော ဝိညာဉ်ကို ၎င်းပေါ်တွင် တင်ရှိထားပါက သေခြင်းနှင့် ရှင်ခြင်း၏ နယ်နိမိတ်ကို ကျော်လွှားနိုင်ပြီး ဝမ်ချွမ်းမြစ် အတွင်းသို့ ရောက်ရှိလျှင်ပင် ဝိညာဉ် ပျက်စီးမည် မဟုတ်ပေ။ လက်ဆင့်ကမ်းလာသည့် သမိုင်းတစ်လျှောက်တွင် ပြင်းထန်သော တိုက်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ရသော်လည်း မည်သည့်အခါမျှ ထိခိုက်ဒဏ်ရာ မရခဲ့ဖူးပေ။
ကြာပန်းဖြူမယ်တော်က လက်ကွက်များကို အလျင်အမြန် နှိုးဆော်လိုက်ရာ ထိုကြာပန်းဖြူကြီးမှာ သူမ၏ အနားသို့ ပျံသန်းလာပြီး သူမ၏ မျက်ခုံးနှစ်ခုအကြားသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားတော့သည်။
အော်မေတောင်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါများမှာ ရုတ်တရက် ပျောက်ကွယ်သွားသော်လည်း ကြာပန်းဖြူမယ်တော်၏ ကိုယ်ပေါ်မှ အရှိန်အဝါမှာမူ တစ်ခဏချင်းမှာပင် အလွန်ထူထပ်လာသည်။ သူမ၏ တည်ငြိမ်လှသော စိတ်အခြေအနေမှာ ပြန်လည်ကောင်းမွန်လာပြီး မျက်နှာမှာလည်း ပိုမို သနားကြင်နာသော အသွင် ဆောင်လာပြန်သည်။
မီးနတ်ဘုရား ၏ အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှပြီး ကြောက်မက်ဖွယ်ကောင်းသော စစ်မှန်သောမီး သည် မိစ္ဆာအပေါင်းကို လောင်ကျွမ်းစေသည်။ အဆုံးမရှိသော ကိုးကွယ်ခြင်းစွမ်းအားများ စုစည်းနေသည့် ကြာပန်းဖြူမှာ ကြာပန်းဖြူမယ်တော်၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်ကို မြင်သောအခါ မီးနတ်ဘုရား က လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက်တော့သည်။
တစ်ခဏချင်းမှာပင် ကြာပန်းဖြူမယ်တော်မှာ စစ်မှန်သောမီး များအကြား ဝါးမြိုခံလိုက်ရသည်။ ကြာပန်းဖြူမယ်တော်က မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ လီယန်ချူ ပင့်ဖိတ်ထားသော နတ်ဘုရားကိုယ်ထည်မှာ ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"မဟုတ်ဘူး သူက ဘာလို့ ဒီလောက် အစွမ်းထက်တဲ့ နတ်ဘုရားကိုယ်ထည်ကို ပင့်ဖိတ်နိုင်ရတာလဲ"
ကြာပန်းဖြူမယ်တော်၏ စိတ်ထဲတွင် လေးလံသွားပြီး အတွေးတစ်ခု ချက်ချင်းပင် လျှပ်ခနဲ ပေါ်လာသည်။
ဖြစ်နိုင်သည်မှာ... ဤလီယန်ချူသည် မီးနတ်ဘုရား ဝင်စားသူ ဖြစ်နေနိုင်ပြီး သူ ပင့်ဖိတ်နေသည်မှာ သူ၏ ယခင်ဘဝမှ နတ်ဘုရားကိုယ်ထည် ဖြစ်နေနိုင်သည်
ကြာပန်းဖြူမယ်တော်မှာ ရုတ်တရက် နောင်တရမိသွားသည်။
သူမသည် ကောင်းကင်လျှို့ဝှက်ချက်များကို တွက်ချက်ခြင်းတွင် ကျွမ်းကျင်ပြီး ကျင့်ကြံဆင့်မှာလည်း အလွန်မြင့်မားလှသဖြင့် လောကဓာတ်များ ပြတ်တောက်နေသော ဤခေတ်တွင်ပင် မြေပြင်နတ်ဘုရား အဆင့်၏ တံခါးဝသို့ ရောက်ရှိနေသူဖြစ်သည်။ သို့သော် ယနေ့တွင်မူ သူမ၏ လုပ်ဆောင်ချက်မှာ အနည်းငယ် အလျင်စလို ဖြစ်သွားသည်ဟု ခံစားနေရသည်။
သူမတွင် ကြာပန်းဖြူ၏ အကာအကွယ် ရှိသော်လည်း ပတ်ဝန်းကျင်မှ စစ်မှန်သောမီး များက ကောင်းကင်နှင့် မြေကြီးကို ဖြတ်တောက်ကာ သူမကို ဝါးမြိုထားသည်။ အကယ်၍ သူမ၏ စွမ်းအားများ ကုန်ဆုံးသွားပါက ကြာပန်းဖြူမှာ ထိခိုက်မှု မရှိနိုင်သော်လည်း သူမ၏ စိတ်ဝိညာဉ်မှာမူ ပြာအဖြစ်သို့ ပြောင်းလဲသွားပေလိမည်။
ကြာပန်းဖြူမယ်တော်သည် ကြာပန်းဖြူကို အစွမ်းကုန် နှိုးဆော်လိုက်သည်။ ယနေ့ တိုက်ပွဲမှာ ယန်ဝိညာဥ်အဆင့် တိုက်ပွဲ မဟုတ်တော့ဘဲ နတ်ဘုရားကိုယ်ထည်များ၏ တိုက်ပွဲ ဖြစ်နေပြီဖြစ်သည်။ ပတ်ဝန်းကျင်ရှိ စစ်မှန်သောမီး များက သူမ၏ စွမ်းအားများကို အဆက်မပြတ် လောင်ကျွမ်းစေသဖြင့် သူမ၏ မှော်အင်အား ကုန်ဆုံးမှုမှာ အလွန်ပင် မြန်ဆန်လှသည်။
ထို့ကြောင့် ကြာပန်းဖြူမယ်တော်သည် ကိုယ်ယောင်ဖျောက်အတတ် ကို အသုံးပြုကာ ထွက်ခွာရန် ကြံစည်လိုက်သည်။ သို့သော် မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်က အသုံးပြုထားသော ကြီးမြတ်လှသော နတ်ဘုရားအတတ်မှာ မည်သည့် ကိုယ်ယောင်ဖျောက်အတတ်ကိုမဆို ဖြတ်တောက်ထားနိုင်သည်။
ကြာပန်းဖြူမယ်တော်သည် သူမ၏ စွမ်းအားများ စတင်ခန်းခြောက်လာသည်ကို ခံစားလိုက်ရသည်။ ကြာပန်းဖြူ၏ အလင်းရောင်မှာလည်း ပိုမိုသေးငယ်လာပြီး ယခုအခါ သူမ၏ ကိုယ်ကိုသာ အနိုင်နိုင် ကာကွယ်ထားနိုင်သည်။
ထိုစဉ်မှာပင်...
ပတ်ဝန်းကျင်ရှိ စစ်မှန်သောမီး များမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထို ခန့်ညားလှသော မီးနတ်ဘုရား ၏ ပုံရိပ်မှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။
ကြာပန်းဖြူမယ်တော်မှာ ခေတ္တမျှ အံ့ဩသွားပြီးနောက် အခြေအနေကို နားလည်သွားကာ အလွန်တောက်ပစွာ ပြုံးလိုက်တော့သည်။
သေဘေးမှ လွတ်မြောက်လိုက်ရသည့် ခံစားချက်ပင်
နတ်ဘုရားကိုယ်ထည်သည် လူ့လောကတွင် ရှိနေရန် ကန့်သတ်ချက်များ ရှိသည်။ သူမ ပင့်ဖိတ်ခဲ့သော မွေးဖွားခြင်းကင်းသော မယ်တော်မြတ် သည် အမွှေးတိုင် နှစ်တိုင်စာခန့် ကြာမြင့်သော်လည်း တစ်ဖက်လူ ပင့်ဖိတ်ထားသော ကြီးမြတ်လှသည့် မီးနတ်ဘုရား မှာမူ အချိန် ပိုမိုတိုတောင်းပေလိမည်။
ကြာပန်းဖြူမယ်တော်သည် ပြုံးလျက် သူမ၏ ခြေဖဝါးအောက်တွင် မင်္ဂလာတိမ်တိုက်များ ပေါ်ထွက်လာပြီး ကိုယ်ပတ်လည်တွင်လည်း ထူထပ်သော ကိုးကွယ်ခြင်းစွမ်းအားများ လွှမ်းခြုံထားသည်။ သူမသည် လေထဲတွင် ရပ်တန့်ကာ လီယန်ချူကို ငုံ့ကြည့်လိုက်သည်။ ကြာပန်းဖြူ ရှိနေသရွေ့ သူမ၏ ကုန်ဆုံးသွားသော မှော်အင်အားများမှာ အလျင်အမြန် ပြန်လည်ပြည့်ဖြိုးလာပေလိမည်။ ထို့ပြင် ကြာပန်းဖြူအတွင်းရှိ အဆုံးမရှိသော ကိုးကွယ်ခြင်းစွမ်းအားများကို အသုံးပြုလိုက်လျှင် အစွမ်းမှာ ပို၍ပင် ကြီးမားလှသည်။
ဤတိုက်ပွဲတွင်... ကောင်းကင်၏ အလိုဆန္ဒမှာ ငါ့ဘက်မှာ ရှိနေပြီ
ကြာပန်းဖြူမယ်တော်၏ စိတ်ထဲတွင် ပြင်းထန်လှသော တိုက်ပွဲဝင်လိုစိတ်များ ပေါ်ထွက်လာသည်။
"........................"
လီယန်ချူမှာလည်း ခေတ္တမျှ ကြောင်အသွားမိသည်။ ယခင်က သူ နတ်ဘုရားကိုယ်ထည် ပင့်ဖိတ်စဉ်ကလည်း အချိန်ကန့်သတ်ချက် ရှိဖူးသော်လည်း ထိုအချိန်အတွင်းမှာပင် ရန်သူကို အပြတ်အသတ် နှိမ်နင်းနိုင်ခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်က ဟင်းလင်းပြင်ကြီးထဲမှ ဧရာမ နတ်ဘုရားစွမ်းအားများကို ဆင်းသက်စေကာ မွေးဖွားခြင်းကင်းသော မယ်တော်မြတ် ကို ရိုက်ခွဲခဲ့ရသည့်အပြင် ကြာပန်းဖြူ၏ ကန့်သတ်ချက်များကိုပါ ဖြိုခွဲခဲ့ရသဖြင့် အချိန်မှာ အလွန်ပင် တိုတောင်းသွားခြင်း ဖြစ်သည်။
မူလက သူသည် မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည်ကို အသုံးပြုကာ ကြာပန်းဖြူမယ်တော်ကို အပြီးတိုင် လောင်ကျွမ်းစေပြီးနောက် အော်မေတောင် မျောက်အိုကြီးနှင့် တိုက်ခိုက်နေသော ရဟန်းအိုကြီးကိုပါ တစ်ခါတည်း နှိမ်နင်းရန် ကြံရွယ်ထားခြင်း ဖြစ်သည်။
သို့သော် မီးနတ်ဘုရား က ယခုတစ်ကြိမ်တွင် နတ်ဘုရားစွမ်းအားများ ပိုမိုအသုံးပြုခဲ့ရသဖြင့် အချိန်မှာ များစွာ လျော့နည်းသွားခဲ့ရသည်။
ကြာပန်းဖြူမယ်တော်က အေးဆေးစွာ ဆိုလိုက်သည်။
"ဒါယိကာမင်းက ပြင်းထန်တဲ့ နတ်ဘုရားစွမ်းအားကို တောင့်ခံနိုင်တာ ချီးကျူးစရာပါပဲ၊ ဒါပေမဲ့ ကံမကောင်းတာက တစ်ကွက် လိုသွားတာပါပဲ..."
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာလည်း အလွန်ပင် နှမြောတသ ဖြစ်နေကြသည်။ သူတို့သည် မီးနတ်ဘုရား က ဤကြာပန်းဖြူမိစ္ဆာမကို အပြီးတိုင် လောင်ကျွမ်းစေရန် မျှော်လင့်ခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ကြာပန်းဖြူမယ်တော်၏ စွမ်းအားများ ပြန်လည်ပြည့်ဖြိုးသွားပါက အော်မေတောင်ပေါ်ရှိ ကျင့်ကြံသူအားလုံးမှာ သူမ၏ လက်ထဲတွင် သေဆုံးသွားရပေလိမည်။ မဟုတ်သေး... အော်မေတောင်ပေါ်ရှိ သက်ရှိအားလုံးမှာပင် သူမ၏ ဝါးမြိုခြင်းကို ခံရပေလိမည်။
လီယန်ချူ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း မျက်ဝန်းအတွင်း၌မူ အေးစက်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ရှိနေသည်။ သူက ကြာပန်းဖြူမယ်တော်ကို အေးစက်စွာ ပြုံးပြလိုက်ပြီး လက်ကို ကျန့်ေကျာင်းဓား ၏ ကိုယ်ပေါ်သို့ တင်လိုက်သည်။ ဓားအိမ်အတွင်းမှ နဂါးဟိန်းသံကဲ့သို့သော ကြည်လင်လှသည့် ဓားသံတစ်ခု ထွက်ပေါ်လာပြီးနောက် အလင်းဖြူတစ်ခုက ဓားအိမ်အတွင်းမှ ထိုးထွက်သွားကာ ကောင်းကင်ယံသို့ ရောက်ရှိပြီး တိမ်တိုက်များကို ရိုက်ခွဲပစ်လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ကြာပန်းဖြူမယ်တော်၏ နောက်ကွယ်သို့ ရောက်ရှိသွားကာ သူမ၏ လည်ပင်းကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
"အားးးးးး"
ကြာပန်းဖြူမယ်တော်မှာ အော်ဟစ်လိုက်ရပြီး သူမ၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းမှာ ပြတ်တောက်သွားကာ တိမ်တိုက်များပေါ်မှ ပြုတ်ကျသွားတော့သည်။ အလင်းဖြူမှာ လျှပ်ခနဲ ပေါ်ပြူလာပြီး ဓားအိမ်မှာ အနည်းငယ် တုန်ခါသွားသည်။ ကျန့်ေကျာင်းဓား သည် ကောင်းကင်ယံသို့ ပျံတက်ကာ လူသတ်ပြီး ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ကြာပန်းဖြူ ဖန်တီးထားသော လျှို့ဝှက်နယ်မြေ ပျက်စီးသွားပြီ ဖြစ်သဖြင့် လီယန်ချူသည် ယခုအခါ နဂါးသတ်ဓား ကို အသုံးပြုနိုင်ပြီဖြစ်သည်။ သူ၏ ဝှက်ဖဲမှာ မီးနတ်ဘုရား နတ်ဘုရားကိုယ်ထည် တစ်ခုတည်း မဟုတ်ပေ။
ကြာပန်းဖြူမယ်တော်၏ ယန်ဝိညာဉ်မှာ အလောင်းပေါ်မှ ပျံထွက်လာသော်လည်း ဝိညာဉ်၏ လည်ပင်းတွင်လည်း ပါးလွှာသော အစင်းကြောင်းတစ်ခု ရှိနေသည်။ အစောပိုင်းက ဓားချက်မှာ ခန္ဓာကိုယ်ကိုသာ ဖြတ်တောက်ခဲ့ခြင်း မဟုတ်ဘဲ သူမ၏ ဝိညာဉ်ကိုပါ ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။
လီယန်ချူသည် ဤအမျိုးသမီးနှင့် စကားအများကြီး ပြောရန် အစီအစဉ်မရှိပေ။ အဓိကမှာ သူမ၏ အတတ်ပညာများမှာ အလွန်ပင် အစွမ်းထက်လှသောကြောင့် ဖြစ်သည်။ သူ၏ လက်ထဲတွင် ရှစ်ခွင်မှန် ပေါ်ထွက်လာပြီး ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ရှစ်ခွင်မှန် အတွင်းမှ တောက်ပသော နတ်ဘုရားအလင်းများ ထွက်ပေါ်လာပြီး ကြာပန်းဖြူမယ်တော်၏ ဝိညာဉ်ကို တည့်တည့် ထိမှန်သွားတော့သည်။
"မလုပ်နဲ့"
ကြာပန်းဖြူမယ်တော်က အော်ဟစ်လိုက်ရသည်။
အကယ်၍ သူမ၏ ဝိညာဉ်သည် ခန္ဓာကိုယ်အတွင်းမှာသာ ရှိနေပါက ရှစ်ခွင်မှန် ကို ခံနိုင်ရည် ရှိကောင်းရှိနိုင်သော်လည်း ယခုအခါ သူမ၏ ဝိညာဉ်မှာ အပြင်သို့ ရောက်နေသဖြင့် ရှစ်ခွင်မှန် ကြောင့် တိုက်ရိုက်ပင် ရိုက်ခွဲခံလိုက်ရတော့သည်။
ထိုကြာပန်းဖြူသည် ကြာပန်းဖြူမယ်တော်နှင့် စိတ်ချင်း ဆက်သွယ်ထားသဖြင့် သူမ သေဆုံးသွားသည်ကို ခံစားလိုက်ရပြီး တောက်ပသော ရတနာအလင်းတန်းများ ထွက်ပေါ်လာသည်။ ရိုက်ခွဲခံလိုက်ရသော ကြာပန်းဖြူမယ်တော်၏ ဝိညာဉ်မှာ လူပုံသဏ္ဌာန်အဖြစ် ပြန်လည်စုစည်းလာပြန်သည်။
သို့သော် သူမ၏ မျက်နှာတွင် သနားကြင်နာသော အမူအရာများ မရှိတော့ဘဲ ထိတ်လန့်တုန်လှုပ်မှုများသာ ရှိနေတော့သည်။ အကယ်၍ သူမအနေဖြင့် ဤမျှ များပြားလှသော စွမ်းအားများကို အသုံးမပြုခဲ့ပါက ဤတာအိုလက်နက် နှစ်မျိုးကို ခုခံနိုင်စွမ်း ရှိပေလိမည်။
သို့သော် သူမသည် မွေးဖွားခြင်းကင်းသော မယ်တော်မြတ် နတ်ဘုရားကိုယ်ထည်ကို အသုံးပြုစဉ်က စွမ်းအား အလွန်အကျွံ ကုန်ဆုံးခဲ့ရသည့်အပြင် နတ်ဘုရားကိုယ်ထည်မှာ သူမ၏ ဝိညာဉ်နှင့် ဆက်သွယ်ထားသဖြင့် ၎င်းပျက်စီးသွားသောအခါ သူမလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအခါ လီယန်ချူ၏ တာအိုလက်နက်များကို မည်သို့မျှ မတတ်နိုင်တော့ပေ။
"တာအိုမိတ်ဆွေ... မင်းက မှော်ရတနာတွေရဲ့ အစွမ်းကိုပဲ အားကိုးနေတာလား"
ကြာပန်းဖြူမယ်တော်က ဟောက်လိုက်သည်။
"ဆူညံလိုက်တာ"
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သံကဲ့သို့ ဟိန်းထွက်သွားသည်။
ရှစ်ခွင်မှန် က နောက်ထပ် နတ်ဘုရားအလင်းတစ်ခုကို ထုတ်လွှတ်လိုက်ရာ ကြာပန်းဖြူမှာ ကြာပန်းဖြူမယ်တော်၏ ဦးခေါင်းပေါ်တွင် လွင့်ပျံနေသည်။
ဒုန်း
သူမ၏ ဝိညာဉ်မှာ နောက်တစ်ကြိမ် ရိုက်ခွဲခံလိုက်ရပြန်ပြီး ကြာပန်းဖြူပေါ်တွင် ကပ်နေသော စစ်မှန်သော ဝိညာဉ် အစက်အလေးတစ်ခုသာ ကျန်ရှိတော့သည်။ လူတိုင်းမှာ နတ်ဘုရားဝင်စားခြင်း ကဲ့သို့သော အသက်ပြန်ရှင်နိုင်သည့် နည်းလမ်းများ ရှိနေသည် မဟုတ်ပေ။
ဖုန်းဖေး သည် ကြာပန်းဖြူမယ်တော်၏ ပြိုင်ဘက် မဟုတ်သော်လည်း အသက်ပြန်ရှင်ခြင်း အတတ်တွင်မူ ကြာပန်းဖြူမယ်တော်သည် ဖုန်းဖေး ၏ နတ်ဘုရားသွေးသားကို မမှီပေ။ လီယန်ချူသည် သူမ၏ ကျင့်ကြံဆင့်များကို ရိုက်ခွဲပစ်လိုက်ပြီ ဖြစ်သည်။ အကယ်၍ သူမသည် မြေပြင်နတ်ဘုရား အဆင့်၏ တံခါးဝသို့ ရောက်မနေပါက ဤစစ်မှန်သော ဝိညာဉ်အစက်လေးပင်လျှင် ကျန်ရှိလိမ့်မည် မဟုတ်ပေ။
"မိုးကြိုးငါးသွယ်အတတ်က လက်ထဲမှာ ရှိတယ်၊ မြေပြင်ကို ခွဲပြီး ကောင်းကင်ကို တုန်ခါစေတယ် မိစ္ဆာအပေါင်းနဲ့ တွေ့ဆုံရင် ခဏချင်းမှာ ပြာအဖြစ် ပြောင်းလဲစေမယ် မိုးကြိုးငါးသွယ်လက်ဝါးအတတ် အမိန့်တော်အတိုင်း အမြန်ဖြစ်စေ "
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သံကဲ့သို့ ဟိန်းထွက်သွားသည်။
ဝုန်း ဝုန်း ဝုန်း
မိုးကြိုးငါးသွယ်မှာ ဦးခေါင်းပေါ်သို့ ကျရောက်လာတော့သည်။
လက်သီးနှင့် လက်ဝါးများကို ဝှေ့ယမ်းလိုက်ရာ မိုးကြိုးငါးသွယ်လက်ဝါးအတတ်က ကြာပန်းဖြူကို ထိမှန်သွားသည်။ ကြာပန်းဖြူဂိုဏ်း၏ ဤအမြင့်မြတ်ဆုံး ရတနာကို မထိခိုက်စေနိုင်သော်လည်း ၎င်းပေါ်တွင် ကပ်နေသော ကြာပန်းဖြူမယ်တော်၏ စစ်မှန်သော ဝိညာဉ်အစက်လေးကိုမူ သူက လုံးဝ ရိုက်ခွဲပစ်လိုက်တော့သည်။ မိုးကြိုးသည် အထွတ်အထိပ် ယန်စွမ်းအင် ဖြစ်သဖြင့် ကြာပန်းဖြူပေါ်တွင် ကပ်နေသော ဝိညာဉ်မှာ မည်သို့မျှ မခုခံနိုင်ပေ။
လီယန်ချူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကျယ်ပြောလှသော စွမ်းအားများက ဧရာမ နယ်မြေအကျဉ်းထောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြာပန်းဖြူကို တိုက်ရိုက်ပင် ချုပ်နှောင်လိုက်တော့သည်။ ကြာပန်းဖြူမယ်တော်သည် ဤရတနာ၏ စွမ်းအားကို ဆယ်ပုံတစ်ပုံမျှသာ အသုံးပြုနိုင်ခဲ့သည်ဟု သူ ခံစားလိုက်ရသည်။ သို့သော် ထိုကြာပန်းဖြူမှာ အသက်ရှိသကဲ့သို့ပင် အဆက်မပြတ် လည်ပတ်နေပြီး လီယန်ချူ၏ စွမ်းအားများကို ရိုက်ချပစ်နေသည်။
ထိုစဉ်မှာပင်...
အဘိုးအိုတစ်ဦး၏ ပုံသဏ္ဌာန်မှာ တဖြည်းဖြည်းနှင့် ပေါ်ထွက်လာသည်။ ကောင်းကင်နှင့် မြေကြီးအကြားတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ဆင်းသက်လာသည်။ ၎င်းမှာ ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေသော အဘိုးအိုတစ်ဦးဖြစ်ပြီး တရားထိုင်နေသော ပုံစံဖြင့် ရှိနေသည်။ သူက မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်ပြီး အကြည့်ကို လီယန်ချူထံသို့ ပစ်လွှတ်လိုက်သည်။
ထိုတစ်ချက်တည်းဖြင့်ပင် လီယန်ချူသည် သူ၏ ကိုယ်တွင်းရှိ မှော်အင်အားများ ချုပ်နှောင်ခြင်း ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ၏ ဝိညာဉ်အတွင်းရှိ ခရမ်းရွှေရောင် အလင်းတန်းများနှင့် မီးနတ်ဘုရား ဂါထာတော် က လည်ပတ်သွားပြီး ထိုချုပ်နှောင်မှုကို ပယ်ဖျက်ပေးလိုက်သည်။
ထိုအဘိုးအိုမှာ တည်ငြိမ်နေသည်။ အစောပိုင်းက အကြည့်မှာ အမှတ်မထင် ကြည့်လိုက်ခြင်းသာ ဖြစ်ပြီး မည်သည့် အတတ်ပညာကိုမျှ အသုံးမပြုခဲ့ပေ။ သို့သော် ၎င်းကပင် အဘိုးအို၏ ကျင့်ကြံဆင့် မည်မျှ မြင့်မားသည်ကို ပေါ်လွင်စေသည်။
"ငါ့တပည့်ကို သတ်ရုံတင်မကဘဲ ငါ့ရဲ့ ရတနာကိုပါ လုယူချင်နေတာလား၊ အခုခေတ် လူငယ်တွေဟာ တကယ့်ကို စည်းကမ်းမရှိတော့တာပဲ"
ဆံပင်ဖြူ မုတ်ဆိတ်ဖြူနှင့် အဘိုးအို၏ အသံ ထွက်ပေါ်လာသည်။ ၎င်းမှာ မိုးကြိုးပစ်သံကဲ့သို့ ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်သွားသည်။
အော်မေတောင်ပေါ်တွင် ပိတ်မိနေသော ကျင့်ကြံသူများအကြားရှိ လူလတ်ပိုင်း စာပေပညာရှိ မှာ မျက်လုံးများ ပြူးကျယ်သွားရပြီး
"အမေရေ ကြာပန်းဖြူဂိုဏ်းချုပ် အိုကြီးက အခုထိ မသေသေးဘူးလား " ဟု ရေရွတ်လိုက်မိသည်။
စာပေပညာရှိမှာ သူ၏ အရှိန်အဝါကို အမြန်ဆုံး ဖုံးကွယ်လိုက်ပြီး တစ်ဖက်လူက သူ့ကို သတိမပြုမိစေရန် ငြိမ်သက်စွာ နေလိုက်တော့သည်။
ကောင်းကင်ယံထက်တွင် အဘိုးအို၏ အကြည့်မှာ အေးစက်နေသည်။ ဆံပင်နှင့် မုတ်ဆိတ်များမှာ လေထဲတွင် လွင့်ပျံနေပြီး ပုံသဏ္ဌာန်မှာ အလွန်ပင် ရဲရင့်လှသည်။ သူ၏ မျက်ဝန်းအတွင်းမှ အဆုံးမရှိသော အလင်းတန်းများ ကျဆင်းလာသည်။ ဤသည်မှာ ယန်နှင့်ယင် ပြောင်းပြန်လှန်ခြင်း ဟူသော ကြီးမြတ်လှသည့် နတ်ဘုရားအတတ်တစ်ခုပင် ဖြစ်သည်။
ကျင့်ကြံသူ၏ စိတ်ဝိညာဉ်သည် ၎င်းအတွင်းသို့ ကျရောက်သွားပါက သေခြင်းနှင့် ရှင်ခြင်းကို မခန့်မှန်းနိုင်တော့ပေ။ စိတ်အတွင်းရှိ အားနည်းချက်များမှာ အဆမတန် ကြီးမားလာပြီး ၎င်းအတွင်းတွင် ထာဝရ နစ်မြုပ်သွားပေလိမည်။
ဝုန်း
လီယန်ချူသည် သူ၏ ဝိညာဉ်ကို ပြင်းထန်သော စွမ်းအားတစ်ခုက လာရောက် တိုက်ခိုက်နေသည်ကို ခံစားလိုက်ရသည်။ သို့သော် သူ၏ ဝိညာဉ်အတွင်း၌ တောက်ပသော အလင်းတန်းများ၏ အကာအကွယ် ရှိနေသဖြင့် မည်သည့် ထိခိုက်မှုမျှ မရှိပေ။ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ရှားသွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
"ခွေးအိုကြီး... မင်း ဘာကို ကြည့်နေတာလဲ"
ကြာပန်းဖြူဂိုဏ်းချုပ် သည် လီယန်ချူ ဘာမှမဖြစ်သည်ကို မြင်သောအခါ ခေတ္တမျှ ကြောင်အသွားမိသည်။ သူက လက်ချောင်းများကို တွက်ချက်ကြည့်ပြီးနောက် အကြောင်းရင်းကို သိရှိသွားတော့သည်။
ဤအဘိုးအို ပေါ်လာသည်နှင့် အော်မေတောင်ပေါ်ရှိ လူများသာမက ငှက်များ၊ သားရဲများနှင့် ကျင့်ကြံသူအားလုံးမှာ ထိုပြင်းထန်လှသော အရှိန်အဝါကို ခံစားလိုက်ရသည်။ တိုက်ခိုက်နေကြသော အော်မေတောင် မျောက်အိုကြီးနှင့် ရှန်ယွင်ဆရာတော် တို့သည်ပင် မနေနိုင်ဘဲ ရပ်တန့်သွားကြရသည်။ ကြာပန်းဖြူဂိုဏ်းချုပ် ၏ အရှိန်အဝါမှာ အလွန်ပင် ကြီးမားလှသည်။
ရှန်ယွင်ဆရာတော် ၏ မျက်နှာတွင်လည်း ထိတ်လန့်မှုများ ပေါ်ထွက်လာသည်။ ကြာပန်းဖြူဂိုဏ်းချုပ် မသေသေးသည်ကို သူ မထင်ထားခဲ့ပေ။ အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှပြီး ၎င်းမှာ စိတ်ဆန္ဒ အကြွင်းအကျန် မဟုတ်ဘဲ စွမ်းအား၏ ပုံရိပ်လွှာ တစ်ခုသာ ဖြစ်သည်။
အော်မေတောင် မျောက်အိုကြီးက သွားဖြဲပြကာ ကြာပန်းဖြူဂိုဏ်းချုပ် ကို ကြည့်ပြီး ဟိန်းဟောက်လိုက်သည်။ ကြာပန်းဖြူဂိုဏ်းချုပ် က သူ့ကို ကြည့်လိုက်ပြီး
"မင်းလည်း ထွက်လာတာပဲ..." ဟု ဆိုလိုက်သည်။
သူနှင့် ဤမျောက်အိုကြီးမှာ ယခင်ကတည်းက သိကျွမ်းသူများ ဖြစ်ကြပုံရသည်။
ကြာပန်းဖြူဂိုဏ်းချုပ် သည် သူ၏ စိတ်ဝိညာဉ် အပိုင်းအစတစ်ခုကို ကြာပန်းဖြူပေါ်တွင် တင်ရှိထားခြင်း ဖြစ်ပြီး ၎င်းကို အသုံးပြုကာ စွမ်းအားပုံရိပ်လွှာတစ်ခုအဖြစ် ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ယနေ့တွင် သူ၏ တပည့် သေဆုံးသွားရသည်မှာ နှမြောစရာပင်... ထိုသို့သော အဆင့်မြင့် စွမ်းအင်ဖြည့်တင်းသည့် ကိုယ်ထည် မျိုးမှာ ရခဲလှသည်။
သူသည် အော်မေတောင် မျောက်အိုကြီးကို တစ်ချက်ကြည့်ပြီးနောက် အကြည့်ကို ပြန်လည်ရုပ်ရှိမ်းကာ လီယန်ချူကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ဤလူငယ်သည် သူ၏ အစီအစဉ်များကို ဖျက်ဆီးခဲ့သဖြင့် သေသင့်ပေသည်။ သို့သော် ဤလူသည် မည်သည့် 'မိစ္ဆာအိုကြီး' ၏ ဝင်စားသူ ဖြစ်နေသနည်း... သူ၏ ကိုယ်ပေါ်တွင် အစွမ်းထက်လှသော ရတနာများစွာ ရှိနေသည့်အပြင် ဤမျှအထိလည်း စည်းကမ်းမရှိ မိုက်ရိုင်းလှပေသည်။