← Chapters

မျှော်လင့်မထားသော အဖြစ်အပျက်အပြောင်းအလဲ

Vol. 12 Ch. 1132

မျှော်လင့်မထားသော အဖြစ်အပျက်အပြောင်းအလဲ

Vol. 12 Ch. 1132

ချောင်ပိတ်ခံရသည့်အချိန်မှသာ ပိုင်ရှောင်ချန်းမှာ မီးကို မီးဖြင့် တိုက်ခိုက်ရန် တွေးလိုက်မိသည်။ ထိုမျှသာမက သူသည် အာကာသအောက်လမ်းဆရာတစ်ယောက်ဖြစ်ခြင်းမှ ပေးသော ဝိညာဥ်များကို နားလည်ခြင်းနှင့်အတူ ချက်ကျလက်ကျစဥ်းစားသုံးသပ်ပြီးမှသာ ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည်။

မီးတောက်ဖန်တီးသော နေ့ရက်များတုန်းက သူသည် ရံဖန်ရံခါ တစ်ကောင်နှင့်တစ်ကောင် ဝါးမျိုကြသော ဝိညာဥ်များကို မြင်ခဲ့ဖူးသည့်တိုင် သူ၏ဗျူဟာနှင့်ပတ်သက်၍ လုံးလုံးလျားလျား မသေချာခဲ့ပေ။ သို့သော် သရဲမျက်နှာကြီး၏ စိတ်လှုပ်ရှားနေသောအမူအရာကို မြင်ပြီး သူ၏ကြွေးကြော်သံကို ကြားသောအခါ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီးနောက် စိတ်သက်သာရာကာ သက်ပြင်းချလိုက်သည်။ တခဏအကြာ သူက ကဝေမများအတွက် အတန်ငယ်စိတ်မကောင်းဖြစ်သွားလေသည်။

" ဒီသရဲမျက်နှာကြီး နှစ်တစ်သောင်းလောက် ငတ်နေတာဖြစ်ရမယ်... "

သရဲမျက်နှာကြီးက စိတ်လှုပ်ရှားစွာအော်ဟစ်၍ ရှေ့ခုတ်တက်လိုက်စဥ် လှပသော ညတုတုကဝေမတစ်ကောင်က သူ့ကို ရွှန်းလဲ့နေသော မျက်ဝန်းကလေးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူတို့က ထွက်ပြေးမည့်အစား အမှန်တကယ်ပင် သူ့ထံ အပြေးအလွှားပြေးလာကြပြီး ဝိုင်းလိုက်ကြ၏။

ပိုင်ရှောင်ချန်းမှာ သရဲမျက်နှာကြီးလား၊ ကဝေမများလား၊ မည်သူပထမဆုံးလှုပ်ရှားမည်ကို မသေချာဘဲ မှင်တက်လျက် ကြည့်နေသည်။ ဝိညာဥ်အုပ်ကြီးကား သဲသဲကွဲကွဲမမြင်ရတော့သည်အထိ မြူများအကြားထဲ လုံးထွေးသွားကြလေသည်။

စိတ်လှုပ်ရှားစွာအော်သံများ၊ ဟစ်ကြွေးသံများ ပဲ့တင်ထပ်လာရာ ပိုင်ရှောင်ချန်းမှာ မည်သည်တို့ဖြစ်ပျက်နေသည်နှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးလာတော့သည်။

" သရဲမျက်နှာကြီး ကိုင်တွယ်နိုင်ပါ့မလား... "

သူက တွေးလိုက်သည်။ အစောပိုင်းက သူသည် ကဝေမများအတွက် စိတ်မကောင်းဖြစ်နေသော်လည်း ယခုတွင် ဘာတွေးရမည်ကို တကယ် မသိတော့ပေ။ ဤအခိုက်အတန့်တွင် သူသည် သူ၏ဝိညာဥ်ကို ဆွဲငင်နေသော သူတို့၏စွမ်းအားများကို ခံစားနိုင်သေးသည်။ ထိုစွမ်းအားများက ရောက်နေသည်ထက်ပို၍ များပြားလာနိုင်သည်ကို သိထားသည် ဖြစ်ရာ အံတင်းတင်းကြိတ်ပြီး တင်ပျဥ်ခွေကာ ဖြစ်ပျက်နေသမျှအားလုံးကို ဥပေက္ခာ ပြု၍ တရားအားထုတ်ရာတွင် အာရုံစိုက်လိုက်သည်။

ပိုင်ရှောင်ချန်းက ဖြစ်ပျက်နေသည်များကို လျစ်လျူရှုနိုင်သော်လည်း အစောင့်အရှောက်ဝိညာဥ်မှာတော့ မရှုနိုင်ပေ။ သူက မည်သည်တို့ ဖြစ်ပျက်နေသည်ကိုကြည့်ရန် မြူတိမ်များအတွင်း အမောတကောဆင်းသွားပြီးနောက် ... ပြန်ထွက်မလာတော့ပေ။

နှစ်နာရီကုန်လွန်သွား၏။ နောက်ဆုံးတွင် သရဲမျက်နှာကြီးသည် သူ့ကိုယ်သူအလွန်ကျေနပ်ကာ တဆတ်ဆတ်တုန်ယင်လျက် ပေါ်လာလေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံက ပုံမှန်နီးပါး ပြန်ဖြစ်သွားလေပြီ။ ပိုင်ရှောင်ချန်းထံ ပြန်လာပြီးနောက် သူက ပိုင်ရှောင်ချန်းကို အချိန်အတော်ကြာ စိုက်ကြည့်ပြီး တစ်ခုခုလုပ်ရန် အလေးအနက်တွေးလိုက်သည်။ သို့သော် သူ၏ကျင့်ကြံခြင်းအခြေခံကို ပြန်ရသွားလျှင်တောင်မှ ပိုင်ရှောင်ချန်းက သူ၏နှလုံးသားထဲတွင် အရိပ်မည်းကြီးတစ်ခု ထားရစ်ခဲ့ပြီဖြစ်၍ တစ်ယောက်တည်း ရေရွတ်ပြီးနောက် ပိုင်ရှောင်ချန်းကို မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူက ပိုင်ရှောင်ချန်း၏ အိတ်ထဲ တိတ်ဆိတ်စွာ ပြန်ဝင်သွားလေသည်။

မြူထဲမှ ထွက်လာသည့် နောက်တစ်ယောက်က အစောင့်အရှောက်ဝိညာဥ်ဖြသ်သည်။ သူ၏အမူအရာမှာ ကြောက်လန့််ခြင်း၊ မယုံကြည်နိုင်ခြင်းများနှင့် အံ့သြတုန်လှုပ်ခြင်းတို့ ရောယှက်နေလျက် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ပြီး အထူးသဖြင့် သူ၏အိတ်ကို ဖြစ်သည်။

" သောက်ကျိုးနည်း … အဲဒီလို ဝိညာဥ်ကောင်မျိုး ဘယ်လိုတောင် တည်ရှိနေတာတုန်း... "

အစောင့်အရှောက်ဝိညာဥ်သည် စိတ်ကူးဖြင့်ပင်မှန်းဆ၍မရနိုင်သော ထိုးနှက်ချက်တစ်ခုကို ခံစားခဲ့ရပုံပေါ်ပြီး ယခုလောလောဆယ်တွင် ပြန်လည်သက်သာသေးဟန် မတူပေ။ မြူများအတွင်း သူ မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရသောအရာကို ပြန်တွေးကာ ရုတ်တရက် အတန်ငယ် အော်ဂလီဆန်သွားလေသည်။

ထိုအခိုက်အတန့်တွင် သတိပေးမှုတစ်စုံတစ်ရာမရှိပဲ သရဲမျက်နှာကြီးက ပိုင်ရှောင်ချန်း၏အိတ်ထဲမှ ပြန်ထွက်လာသည်။

" နေဦး ငါ နည်းနည်းလောက် ထပ်လိုသေးတယ်... "

သူက နှုတ်ခမ်းကိုသပ်၍ မြူများအတွင်း တဟုန်ထိုးပြေးဝင်သွားပြန်သည်။

အစောင့်အရှောက်ဝိညာဥ်မှာ တဆတ်ဆတ်တုန်ယင်သွားပြီး ငိုချင်စိတ်များအား ဖိနှိပ်လိုက်ရတော့သည်။ လူအများအတွက် ဤနေရာသည် ငရဲဘုံဖြစ်သော်လည်း သရဲအိုကြီးအတွက်မူ သုခရိပ်မြုံဖြစ်နေတော့သည်။

အစောင့်အရှောက်ဝိညာဥ်မှာ သရဲမျက်နှာကြီးဆက်လုပ်နေပါက ဖြစ်ပျက်လိမ့်မည်နှင့်ပတ်သက်၍ မစိုးရိမ်ဘဲ မနေနိုင်တော့ပေ။ သူသည် သဘောတရားအရ အဆင့်တစ်ခုလုံးကို ဖျက်စီးပစ်နိုင်ပြီး မိုးမြေဧကရာဇ် ချန်ရစ်ခဲ့သည့် ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုအနှစ်သာရ၏ နောက်ဆုံးလက်ကျန် လုံးဝကုန်ခမ်းသွားနိုင်သည်။

" သေချင်းဆိုး ပိုင်ရှောင်ချန်း။ အရှက်မရှိတဲ့ လူလိမ်ကောင်။ မင်းနဲ့ မင်းနဲ့အတူ အလုပ်လုပ်နေတဲ့သူတွေအကုန်လုံး လုံးဝလုံးဝ အရှက်မရှိဘူး "

သူက အားကိုးရာမဲ့စွာ အံကြိတ်၍ ပိုင်ရှောင်ချန်းအား အဆင့်ကို ဖြတ်သန်းခွင့်ပေးရန်သာ ရွေးချယ်လိုက်လေသည်။ သူက မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ တည်နေရာရွှေ့ပြောင်းခြင်းအလင်းတစ်ခု ပေါ်ပေါက်လာ၏။ တခဏလေးပင် မစောင့်ရဲတော့ဘဲ သူက ပိုင်ရှောင်ချန်းနှင့် သရဲအိုကြီးကို အဆင့်၏အပြင်သို့ ချက်ချင်းပို့ပစ်လိုက်တော့သည်။

သူတို့က ယပ်တောင်အရိုးကြီးတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သရဲမျက်နှာကြီးက တအံ့တသြဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် အော်ဟစ်မြည်တမ်းလိုက်တော့သည်။

" မဖြစ်ဘူး။ ငါအခုထက်ထိ မပြေသေးဘူးလေကွာ… "

သူ့အတွက် ဝမ်းနည်းဖွယ်ကောင်းစွာ သူ မည်မျှကြိုးစားစေကာမူ အဆင့်ထဲ မဝင်ရောက်နိုင်ပေ။

ပိုင်ရှောင်ချန်းအတွက်မူ အပြင်ဘက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ဝိညာဥ်ကို ဆွဲငင်နေသော အခိုးအငွေ့များ ပျောက်ကွယ်သွားလေသည်။ သူ့ကိုယ်အတွင်းရှိအပူများ ပျောက်ကွယ်သွား၍ သူက မျက်လုံးဖွင့်ကြည့်လိုက်ရာ သွပ်သွပ်ခါနေသော သရဲမျက်နှာကြီးကို မြင်လိုက်သည်။ ထိုအချိန်တွင် သူ၏အံ့သြခြင်းများကား ပျော်ရွှင်မှုများအသွင် ပြောင်းလဲသွားတော့သည်။

" ဟားဟားဟား … ငါက ပြစ်ချက်မရှိအောင် တကယ့်ကို ဖြူစင်သန့်ရှင်းတာပဲ။ ဒီထက်ပိုပြီး မရိုးသားနိုင်တော့ဘူး။ ငါ့လို ဉာဏ်ကြီးရှင်တစ်ယောက်ပဲ မီးကိုမီးနဲ့ တိုက်ဖို့ စဥ်းစားမိမှာ။ ဒီလောက်ခက်တဲ့အဆင့်တစ်ခုကတောင် ကျော်ဖြတ်ရတော်တော်လွယ်လိုက်တာ"

သူက တုန်ရီကာ သုန်မှုန်နေသော သရဲမျက်နှာကြီးကို ကြည့်လိုက်ရာ ရုတ်တရက် ယခင်ထက်ပို၍ ဆွဲဆောင်မှုရှိကြောင်း တွေ့လိုက်ရသည်။ သူက သရဲမျက်နှာကြီးကို ဂုတ်မှဆွဲ၍ မြောက်ပိုင်း၏မဟာဓါးထဲ ပြန်ထည့်လိုက်သည်။ အမှန်ပင် သရဲမျက်နှာကြီးမှာ မပျော်ပိုက်သော်လည်း သူ့အပေါ် ဝိညာဥ်တံဆိပ်တော်ကြောင့် ရုန်းပင် မရုန်းကန်နိုင်ပေ။

ပိုင်ရှောင်ချန်းသည် အလွန်ကျေနပ်ကာ အခြေအနေတစ်ရပ်လုံးကို ထပ်မံစဥ်းစားပြီးနောက် အစောင့်အရှောက်ဝိညာဥ် နိုးနေလောက်သောကြောင့် အဆင့်က လွန်စွာအန္တရာယ်များခဲ့ရခြင်းဖြစ်ကြောင်း သုံးသပ်လိုက်သည်။ အစောင့်အရှောက်ဝိညာဥ်က လောလောဆယ်တွင် သူ့ကို ကြည့်နေသည်ဟု ယူဆ၍ သူက လည်ချောင်းကိုရှင်းပြီး ကျယ်လောင်စွာ ပြောသည်။

" ဟေး ဝိညာဥ်လေး။ မင်းရဲ့ အားထုတ်မှုအားလုံးအတွက် ကျေးဇူးတင်ပါတယ်ကွာ။ မင်းသိလား ။ ခုခံနေလို့ အကျိုးမရှိဘူးကွ။ ကြီးမြတ်မြင့်မြတ်တဲ့ ကိုယ်တော်ပိုင်က မင်းကို လက်အောက်ခံအဖြစ် ဘယ်လိုသွတ်သွင်းမလဲ စောင့်သာကြည့်လိုက်"

ထို့နောက် သူက အတွေးတစ်စပို့လွှတ်ပြီး ယပ်တောင်အစုတ်ကြီးထံမှ ပျောက်ကွယ်သွားလေသည်။

သူ ထွက်သွားသောအခါ အစောင့်အရှောက်ဝိညာဥ်သည် ရုန့်ရင်းကြမ်းတမ်းစွာ လိမ်ဖယ်ရှုံ့တွနေသော မျက်နှာထားဖြင့် လုံးလုံးလျားလျား အောင့်သက်သက်ဖြစ်လျက် ပေါ်လာသည်။ သိသာထင်ရှားစွာပင် ပိုင်ရှောင်ချန်း၏ နှုတ်ဆက်စကားလုံးများက သူ့အတွက် တော်တော်လေးစိတ်တိုစရာကောင်းလေသည်။

" အရှက်မရှိတဲ့ ကလိမ်ကကျစ်ကောင်။ ငါ မင်း အဆုံးရောက်ဖို့ ဘယ်တော့မှ ခွင့်မပြုဘူးကွ။ နောက်တစ်ကြိမ်ကျရင် မင်းကို သေချာပေါက် ဖျက်စီးပစ်မယ်။ ဖျက်စီးပစ်မယ်ကွ ကြားလား။ ဖျက်စီးပစ်မယ်"

ဒေါသတကြီးဟိန်းဟောက်သံတစ်သံကား ယပ်တောင်စုတ်ကြီးတွင် လူးလာခေါက်ပြန် ပဲ့တင်ထပ်နေတော့သည်။

အစောင့်အရှောက်ဝိညာဥ်မှာ အကြိမ်ဖန်များစွာ ပိုင်ရှောင်ချန်း၏ အနိုင်ယူခြင်း ခံခဲ့ရ၍ ရူးခါနေတော့သည်။ အမှန်တကယ်ပင် ဤအချိန်တွင် သူသည် ပိုင်ရှောင်ချန်းကို ဒုက္ခပေးရန်အတွက် နည်းလမ်းရှာဖွေရန် နောက်ပိုင်းအဆင့်များအားလုံးကို ပြန်လည်တွေးတောလိုက်သည်။

ပိုင်ရှောင်ချန်းသည် ယခုလေးတင် ယွမ်ဟိုင်စီရင်စုကို ပြန်ရောက်လာခဲ့ပြီး ထိုနေရာနှင့် သိပ်မဝေးလှသောနေရာတွင် ထူးဆန်းသောအရာတစ်ခုခု ဖြစ်ပွားနေပြီဖြစ်သည်။ ယွမ်ဟိုင်စီရင်စုနှင့် နယ်နိမိတ်ထိစပ်သည့် မြောက်ပိုင်းစီရင်စုများအနက် တစ်စုသည် မိစ္ဆာဧကရာဇ်နိုင်ငံတော် အုပ်ချုပ်သော ရွှမ်ပေ့ စီရင်စုဖြစ်သည်။ ရွှမ်ပေ့ စီရင်စု၏အစပ်နား၊ ယွမ်ဟိုင်စီရင်စုနှင့်ထိစပ်နေသည့်နေရာတွင် ရွှမ်ကျုံး ပြည်နယ်ဟူသော နာမည်ဖြင့် ပြည်နယ်တစ်ခုရှိလေသည်။

ရွှမ်ပေ့စီရင်စုတွင် စုစုပေါင်း ပြည်နယ်ဆယ့်ငါးခုရှိပြီး သုံးခုက ယွမ်ဟိုင်စီရင်စုနှင့် ထိစပ်နေ၍ ရွှမ်ကျုံးပြည်နယ်က ထိုပြည်နယ်သုံးခုအနက် တစ်ခုသာဖြစ်သည်။ လောလောဆယ်တွင် ညနေစောင်းဖြစ်၍ ပြည်နယ်တစ်ခုလုံ ပျားပန်းခတ်မျှ လှုပ်ရှားမှုများဖြင့် ယောက်ယက်ခတ်နေလိမ့်မည်ဟူ၍ ထင်မှတ်ထားကြပေလိမ့်မည်။

ပြည်နယ်တစ်ခုလုံးတွင် အသက်ရှိသောအရာတစ်ခုမှမရှိ။ အရှိန်အဝါတစ်ခုလေးပင် စစ်ဆေးကြည့်၍ မရချေ။ တိရစ္ဆာန်များမှသော်လည်းကောင်း၊ ကျင့်ကြံသူများမှလည်းကောင်း မည်သည့်အသံတစ်စုံတရာလည်း မကြားရပေ။ ထိုမျှသာမက ရွှမ်ကျုံးပြည်နယ်တွင် ထူထဲသော ပင့်ကူအိမ်များဖြင့် ပြည့်နှက်နေ၏။

ပင့်ကူအိမ်များ များပြားလွန်းသဖြင့် ပြည်နယ်၏ အဝင်အထွက်ဦးတည်နေသော လမ်းကြောင်းများမှာ လုံးဝဖြတ်သန်းသွား၍ မရပေ။ နတ်ဘုရားအတတ်များသာမက မှော်သိုင်းများဖြင့်ပင် ပင့်ကူမျှင်များအား မဖျက်စီးနိုင်ချေ။ မည်သည့်ပျက်စီးမှုမဆို ချက်ချင်း ပြန်ပြင်ပြီးသား ဖြစ်သည်။

ရွှမ်ကျုံးပြည်နယ်၏ အရှေ့မြောက်ထောင့်တွင်ကား နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိေသာ တင်းမာခက်ထန်သောအမူအရာများဖြင့် အဘိုးအိုနှစ်ယောက်ရှိသည်။

" ဒီပင့်ကူအိမ်တွေက လွန်ခဲ့တဲ့ သုံးရက်တုန်းက ပေါ်လာခဲ့တာ။ ရက်ပိုင်းပဲရှိသေးတယ် ပြည်နယ်တစ်ခုလုံး ပြည့်သွားပြီ။ အခုကျုပ်တို့ရှေ့က ဒီနေရာက လွဲလို့ ကျန်တာအားလုံးကို လုံးဝပိတ်လှောင်ထားတာ။ အထဲမှာ တော်တော်အန္တရာယ်များလောက်တဲ့ပုံပဲ။ ဘယ်သူမှလဲ ထွက်မလာသလို အထဲက ဘာစာမှလဲမရဘူး။ ကျုပ်တို့ အထဲဝင်သင့်လား နောင်ကြီးချန် "

" ကောင်းကင်ဧကရာဇ် သရဲမယ်တော်က ကျုပ်တို့ကို သွားစစ်ဆေးဖို့ အမိန့်ပေးခဲ့တာပဲ။ ကျုပ်တို့ အတွင်းထဲထိ သိပ်မဝင်ဘဲ တစ်နေရာလောက်ကပဲ နေရင် အဆင်ပြေလောက်မှာပါ။ သဲလွန်စနည်းနည်းပါးပါးရှာပြီး ပြန်ထွက်ကြတာပေါ့ "

သူတို့က အကြည့်ချင်းဖလှယ်လိုက်ကြကာ ရိပ်ခနဲလှုပ်ရှား၍ ရွှမ်ကျုံးပြည်နယ်ထဲ ဂရုတစိုက်ဝင်သွားလေသည်။

တစ်နာရီကြာပြီးနောက် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်၏ အရိပ်အယောင်ပင် မမြင်ရတော့ပေ။ သူတို့မှာ သမုဒ္ဒရာထဲကျသွားသော ခဲတစ်လုံးကဲ့သို့ ပျောက်ချင်းမလှပျောက်သွားတော့သည်။ လှိုင်းတစ်လုံးဖြစ်စေ၊ ဂယက်တစ်ခုဖြစ်စေ မည်သည့် အရိပ်အယောင်မှ ပေါ်ထွက်မလာပေ။ မှော်သိုင်းများမှာ အခိုးအငွေ့တစ်ခုမှ မရှိသည့်အပြင် အသံတစ်သံမှလည်း မကြားရပေ။

နာရီအနည်းငယ်ထပ်မံကုန်ဆုံးသွားပြီး ပင့်ကူအိမ်များက သူတို့ဝင်ရောက်ခဲ့သည့်နောက်ဆုံးအပေါက်လေးကို စတင်ဖုံးအုပ်လာတော့သည်။

ထိုအပေါက်က နေရာလပ်မကျန် ပိတ်တော့ခါနီးဆဲဆဲ အထဲမှ ခေါင်းတစ်လုံးထွက်လာ၏။ ၄င်းကား စောစောက အဘိုးအိုတစ်ယောက်ဖြစ်ပြီး သူ၏အမူအရာမှာ ကြောက်လန့်တုန်ရီနေသည့်ပုံဖြစ်သည်။

" ကောင်းကင်ဧကရာဇ်သရဲမယ်တော် ကျွန်တော့်ကို ကယ်ပါ..."

သူက စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ သူ ပင့်ကူအိမ်အတွင်းမှ လွတ်ခါနီးဆဲဆဲမှာပင် တစ်စုံတခုက သူ့ကို အနောက်မှ ဖမ်းဆွဲပြီး ပြန်ဆွဲခေါ်သွားလေသည်။

" မဟုတ်ဘူး "

ထို့နောက် အပေါက် ပိတ်သွားပြီး ထိုလူ၏အော်သံကား တစတစလွင့်ပျယ်သွားတော့သည်။ အမှန်တကယ်ဆိုရလျှင် အဝေးမှကြည့်ပါက ၄င်းသည် ဧရာမဥအိတ်ကြီးအလားပင်။

All Chapters