အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း (၁၀၃)
ဘွန်ဆိုင်းပင် မီးလောင်ခြင်း
"ရှေးဟောင်းနယ်မြေ ပြိုကျကုန်ပြီ..." ဟူသော အော်ဟစ်သံများကို ကြားလိုက်ရချိန်တွင် ရွှီပေါ်အန်းမှာ လန့်ဖြန့် သွားပြီး စကားတစ်ခွန်းမှ မပြောဘဲ လှည့်ပြေးလေတော့သည်။
လျှိုချွမ်မှာ အံ့အားသင့်သွားခဲ့လေသည်။ သူ၏ သစ္စာရှိမှုကို ဖော်ပြရန် စကားလုံးများကို ပြင်ဆင်နေဆဲမှာပင် အထွေထွေမန်နေဂျာရွှီက ရုတ်တရက် ပြေးထွက်သွားခဲ့ခြင်း ဖြစ်လေသည်။
ရုတ်တရက် ဆီးသွားချင်စိတ် ပေါ်လာခြင်းများလောဟု တွေးလိုက်မိလေသည်။
လူလတ်ပိုင်းအရွယ်များတွင် ဆီးခဏခဏသွားခြင်း၊ ဆီးသွားချင်စိတ် ချက်ချင်းဖြစ်ပေါ်ခြင်းနှင့် ဆီးမကုန်ခြင်း တို့ ဖြစ်တတ်သည်မှာ နားလည်ပေးနိုင်သော ကိစ္စပင် ဖြစ်ပေသည်။
ကျွန်တော့်ယောက္ခမအိမ်ကို သွားပြီး သူ့ရဲ့ တရုတ်တိုင်းရင်းဆေးဆရာဝန်ကြီးကို တရုတ်ဆေးမြစ် ဆေးညွှန်းတစ် ခု ပြင်ဆင်ပေးဖို့ အကူအညီတောင်းရမယ်...။ အထွေထွေမန်နေဂျာရွှီနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေး တည်ဆောက် နိုင်ဖို့ အဲဒါကို သူ့ဆီ ပေးရမယ်...။
လျှိုချွမ်တစ်ယောက် လှပသော အနာဂတ်တစ်ခုကို စိတ်ကူးယဉ်နေစဉ်မှာပင် သတင်းပို့နေသော စိတ်လှုပ်ရှား နေသည့် လူများ၏ အနှောင့်အယှက်ပေးခြင်းကို ရုတ်တရက် ခံလိုက်ရလေသည်။
"ရှေးဟောင်းနယ်မြေ ပြိုကျကုန်ပြီ.... လူတွေကို ကယ်ဆယ်ဖို့ အားလုံး မြန်မြန်လာခဲ့ကြပါ...။ အထွေထွေမန် နေဂျာရွှီ ကိုယ်တိုင် ရှေ့တန်းကို သွားနေပြီ...။"
လျှိုချွမ် လန့်ဖြတ်သွားပြီး ထိုအခါမှသာ ရွှီပေါ်အန်း ရုတ်တရက် ထွက်ခွာသွားခြင်းမှာ ထိုလူလတ်ပိုင်းနှင့် သက်ကြီးရွယ်အို ရောဂါများကြောင့် မဟုတ်ကြောင်း သူ နားလည်သွားခဲ့လေတော့သည်။
*ဘုရားရေ... ဒါက လူတွေကို မနာလိုဖြစ်စေတာပဲ...။*
*ငါတို့က အသက်တူတူပဲကို ဘာလို့ ရွှီအိုကြီးရဲ့ အကြားအာရုံက ငါ့ထက် အများကြီး ပိုကောင်းနေရတာလဲ...။*
မှန်ပေသည်၊ ယင်းမှာ ရွှီပေါ်အန်းသည် အမွှေးတိုင် ပူဇော်မှု စွမ်းအားဖြင့် သူ၏ ခန္ဓာကိုယ် စွမ်းရည်များကို မြှင့်တင်ထားခဲ့သောကြောင့်ပင် ဖြစ်လေ၏။
ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် စွမ်းအင်များသာမက အခြားသော လုပ်ငန်းဆောင်တာ အစိတ်အပိုင်း အသီးသီးသည်လည်း များစွာ တိုးတက်ကောင်းမွန်နေခဲ့ပြီ ဖြစ်ပေသည်။
ရွှီပေါ်အန်းသည် ရှေးဟောင်းနယ်မြေဘက်မှ အော်ဟစ်သံများကို ချက်ချင်း ကြားလိုက်ရပြီးနောက် စကား တစ်ခွန်းမှ မဆိုဘဲ ပြေးသွားကာ ရှေးဟောင်းသုတေသန ကျွမ်းကျင်သူများနှင့် ၎င်းတို့၏ အဖွဲ့သားများနှင့်အတူ ရှေးဟောင်းနယ်မြေအတွင်းသို့ ဝင်ရောက်သွားခဲ့လေတော့သည်။
အတွင်းသို့ ဝင်ရောက်သွားသောအခါ ပြိုကျမှုမှာ ယခင်က တွေ့ရှိခဲ့သော ရှေးဟောင်း တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်း၌ ဒုတိယအကြိမ် မြေကျွံကျမှုကြောင့် ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။
တောင်စောင့်နတ်မင်း နတ်ကွန်းထဲရှိ နတ်ဘုရားရုပ်တု ရှိခဲ့ဖူးသော ယဇ်ပလ္လင်၏ အနောက်ဘက်တွင် ယခုအခါ အောက်ခြေမရှိသော လိုဏ်ဂူမည်းကြီးတစ်ခု ဖြစ်ပေါ်နေခဲ့လေသည်။
အဝေးမှ တိုက်ခတ်လာသော ကြောက်မက်ဖွယ် လေပြင်းကို ရွှီပေါ်အန်း ခံစားမိနိုင်ပြီး အတွင်းဘက်မှ ဝံပုလွေ များ အူနေသကဲ့သို့ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်နေပုံရလေ၏။ ကူညီရန် အောက်သို့ဆင်းမည်ဟု တွေး လိုက်ကာ မူလက ဘေးတွင် ရပ်နေခဲ့ကြသော အလုပ်သမားများမှာလည်း အနည်းငယ် ထိတ်လန့်သွားကြပြီး မည်သူမျှ အောက်သို့ မဆင်းရဲကြတော့ပေ။
သမိုင်းဝင်နယ်မြေ အတွင်းရှိ ဧရိယာမှာ မသေးငယ်လှဘဲ စတုရန်းမီတာ ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့် ရှိပုံရလေသည်။
ဒုတိယအကြိမ် ပြိုကျသွားသော နေရာမှာ စတုရန်းမီတာ ဆယ်မီတာခန့်သာ ရှိလေ၏။
ရှေးဟောင်းသုတေသန ကျွမ်းကျင်သူများသည် အမည်းရောင် တွင်းပေါက်ကြီးနားသို့ သတိထား၍ မှီကာ သူတို့ သုံးဦး လက်ချင်းချိတ်ထားပြီး ရှေ့ဆုံးမှလူက အတွင်းသို့ ချောင်းကြည့်နေလေသည်။
ရှေ့ဆုံးမှ လူက အမည်းရောင် တွင်းပေါက်ကြီးထဲသို့ သတိကြီးစွာဖြင့် အော်ခေါ်လိုက်လေသည်။
"လောင်လျန်... လောင်လျန်...။"
လိုက်ပါလာသော ဝန်ထမ်းများမှာလည်း တင်းမာနေပုံရလေ၏။ သတိထား၍ လျှောက်သွားပြီးနောက် ၎င်းတို့ အနက်မှ တစ်ဦးက မေးလိုက်လေသည်။
"ဘာဖြစ်သွားတာလဲ...၊ လောင်လျန် ပြုတ်ကျသွားတာလား...။"
"လျန်အဘိုးကြီးက ရုပ်တုရဲ့ အနောက်ဘက် နေရာကို လေ့လာကြည့်ရှုဖို့ လုပ်နေတုန်းမှာပဲ လှေကားထစ်ကို နင်းမိသွားပြီး နေရာကြီးက ကျယ်လောင်တဲ့ အသံကြီးနဲ့အတူ ပြိုကျသွားတာပဲ...။ ဒီနေရာမှာက အလင်းရောင် အားနည်းနေပြီသားဆိုတော့ အောက်ဘက်မှာ အမှောင်အတိ ကျနေတာပဲ.... ဒါကြောင့် ကျွန်တော်တို့ ဘာကိုမှ မမြင်ရသလို ဘယ်လောက်နက်လဲဆိုတာလည်း လုံးဝ မသိနိုင်ပါဘူး...။"
"အကူအညီ ချက်ချင်း ခေါ်လိုက်ပါ...။"
"အရေးပေါ်ကို ဖုန်းခေါ်ထားပြီးပါပြီ ပါမောက္ခဝမ်...။ အခု ကျွန်တော်တို့ ဘာလုပ်ရမလဲ...။"
"ငါလည်း မသိဘူးလေ...။ အခုလိုမျိုး ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ...။ ပရော်ဖက်ဆာလျန်ကို ကျွမ်းကျင်သူအဖြစ် ဖိတ်ကြားဖို့ ငါတို့ အများကြီး ကြိုးစားအားထုတ်ခဲ့ရတာ...။ သူ့ကို ဘာမှ အဖြစ်ခံလို့ မရဘူးနော်...။"
အသက် လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ်ခန့်ရှိ ထိပ်ပြောင်ပြောင်နှင့် ပါမောက္ခဝမ်သည် သူ၏ လုပ်ဖော်ကိုင် ဖက်များကို စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း မည်သူကမျှ သူ့ကို ပြန်လည် မတုံ့ပြန်ကြချေ။
ဤကဲ့သို့သော ကိစ္စမျိုးတွင် မည်သူကမျှ အကြံဉာဏ်ကို တလွဲမပေးရဲကြပေ။
ရွှီပေါ်အန်းသည် မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။
"ဒီလိုလုပ်ပါ... ခေါင်းစွပ်မီးအိမ်ကို ကျွန်တော့်ဆီ ပေးပါ...။ အခြေအနေကို အရင်ဆင်းကြည့်လိုက်ပါ့မယ်...။"
"အထွေထွေမန်နေဂျာရွှီ... ဒါက... ဖြစ်ပါ့မလား...။"
ပါမောက္ခဝမ်နှင့် အခြားသူများသည် ရွှီပေါ်အန်းကို ယခင်က တွေ့ဖူးပြီး သူ၏ အဆင့်အတန်းကို သိထားကြလေ သည်။
ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်ပြီး သူ၏ ခါးပတ်ကို တင်းကျပ်စွာ စည်းနှောင်လျက် ပြောလိုက်လေသည်။
"ကျွန်တော်တို့ ထပ်ပြီး အချိန်ဆွဲနေလို့ မရတော့ဘူး...။ စောင့်နေတဲ့ မိနစ်တိုင်းက အောက်က လူအတွက် အန္တရာယ်ရှိတယ်...။"
ပါမောက္ခဝမ်က နှုတ်ခမ်းကို စေ့ကာ ပြောလိုက်လေသည်။
"ဒါဆိုရင် ခင်ဗျားကိုပဲ အပ်လိုက်တော့မယ်...။ ကျွန်တော်တို့ဆီမှာ လျှော်ကြိုးတချို့လည်း ပါတယ်ဆိုတော့ အာမခံချက် တစ်ခုအနေနဲ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်မှာ ချည်နှောင်ထားဖို့ အဆင်ပြေသွားတာပေါ့...။"
ရွှီပေါ်အန်း ခေတ္တမျှ ဆွံ့အသွားခဲ့လေသည်။
*ဘုရားရေ... ခင်ဗျားတို့မှာ ပစ္စည်းကိရိယာတွေ အစုံအလင် ပါနေလျက်နဲ့ ဘာလို့ ခင်ဗျားတို့ ကိုယ်တိုင် မဆင်း ကြတာလဲ...။*
သို့သော် ရွှီပေါ်အန်းသည် အခြေအနေကို နားလည်သဘောပေါက်လေ၏။
ရှေးဟောင်းသုတေသနအဖွဲ့မှာ ပျမ်းမျှအားဖြင့် အသက် ငါးဆယ်ကျော်အရွယ်များ ဖြစ်ကြပြီး ၎င်းတို့အထဲတွင် အမျိုးသမီး နှစ်ဦး ပါဝင်ကာ အသက် နှစ်ဆယ် သို့မဟုတ် သုံးဆယ်အရွယ် လူငယ်နှစ်ဦးလည်း လိုက်ပါလာခဲ့ကြ လေသည်။
သို့သော် ၎င်းတို့၏ စကားဝိုင်းမှ အချက်အလက်အချို့ကို ရွှီပေါ်အန်း ကြားဖြတ် နားထောင်မိခဲ့လေ၏။
ဤလူများမှာ တစ်လလျှင် ယွမ် သုံးထောင်ပင် မပြည့်သော လစာဖြင့် ကာယလုပ်ငန်းအချို့နှင့် ကားမောင်းသည့် အလုပ်များကိုသာ လုပ်ကိုင်နေကြသော အလုပ်သမားများသာ ဖြစ်ကြသည်။ သူတို့က သင့်အတွက် အသက်ကို ပေးဆပ်ကာ အလုပ်လုပ်ပေးလိမ့်မည်ဟု မျှော်လင့်နေခြင်းမှာ လက်တွေ့မကျလှပေ။
သို့သော် ပါမောက္ခဝမ်၏ စကားများက ရွှီပေါ်အန်းကို သတိပေးလိုက်လေသည်။
သတိထားခြင်းသည် အမြဲတမ်း အကောင်းဆုံးဖြစ်၏။ လိုအပ်သော လုံခြုံရေး ကြိုတင်ကာကွယ်မှုများကို ဦးစွာ လုပ်ဆောင်သင့်ပေသည်။
ထိုအချိန်တွင် လျှိုချွမ် ရောက်ရှိလာပြီး ရှေးဟောင်းနယ်မြေ တစ်ဝိုက်တွင် အလုပ်သမား အများအပြား ကြည့်ရှု နေကြသည်ကို မြင်သောအခါ သူ မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
"အထွေထွေမန်နေဂျာရွှီ ဘယ်မှာလဲ...။"
အလုပ်သမားတစ်ဦးက အောက်သို့ လက်ညှိုးထိုးပြလိုက်လေ၏။
"အထွေထွေမန်နေဂျာရွှီ အောက်ကို ဆင်းသွားပြီ...။"
လျှိုချွမ်က အလျင်စလို ပြောလိုက်လေသည်။
"မင်းတို့အားလုံး ဘာလို့ ရပ်ကြည့်နေကြတာလဲ...၊ အောက်ဆင်းပြီး ကူညီကြလေ...။"
"ခေါင်းဆောင်... ဒီအထဲက ငိုကြွေးသံတွေနဲ့ အူသံတွေက အရမ်းကို ကြောက်စရာကောင်းတယ်...။ ဘယ်သူက သွားရဲမှာလဲ...။"
ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အလုပ်သမားများသည် စီမံကိန်းဌာန၏ ရုံးခန်းတွင် ထိုင်နေသူများကို ယေဘုယျ အားဖြင့် "ခေါင်းဆောင်များ" ဟု ခေါ်ဆိုလေ့ရှိကြလေသည်။
လျှိုချွမ်သည် အောက်သို့ဆင်းကာ သူ၏ သစ္စာရှိမှုကို ပြသချင်ခဲ့သော်လည်း သူ ခေါင်းပြူကြည့်လိုက်သည်နှင့် အေးစက်သော လေပြင်းတိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး သူ၏ စိတ်များ ဗလာကျင်းသွားကာ မျက်ရည် များ ကျလာခဲ့လေသည်။
သူ ချက်ချင်းပင် လန့်ဖြတ်သွားပြီး လိုဏ်ဂူအဝင်ဝတွင် စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိ လေတော့သည်။
ရုတ်တရက် ရှေးဟောင်းအပျက်အစီးများ၏ အောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
"အပေါ်မှာ ဘယ်သူရှိလဲ...၊ လျှိုချွမ်လား...။ လုံခြုံရေးကြိုး တစ်ခွေလောက် ယူလာပြီး အောက်ကို ပစ်ချပေးစမ်း ပါ...။ ပြီးတော့ ရောင်ပြန်အင်္ကျီနဲ့ နှာခေါင်းစည်း တစ်ခုပါ ယူခဲ့ပေး...။"
ရွှီပေါ်အန်း၏ အသံကို ကြားလိုက်ရချိန်တွင် လျှိုချွမ်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ပြန်ဖြေလိုက် လေသည်။
"ဟုတ်ကဲ့ အထွေထွေမန်နေဂျာရွှီ... အခုချက်ချင်း လာခဲ့ပါ့မယ်...။"
ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် လုံခြုံရေးကြိုးများနှင့် အန္တရာယ်ကင်း ဦးထုပ်များမှာ လုံးဝ ပြတ်လပ်နေ ခြင်းမျိုး မရှိပေ။
လျှိုချွမ်သည် လူတစ်ဦးအား လုံခြုံရေးကြိုး တစ်ခွေ ယူလာရန် အမြန်အမိန့်ပေးလိုက်လေသည်။ ၎င်းကို အောက် သို့ ပစ်ချတော့မည့်ဆဲဆဲတွင် သူ အံကြိတ်လိုက်ပြီး လုံခြုံရေးကြိုးကို လည်ပင်းတွင် ရစ်ပတ်ကာ ယခုလေးတင် ထောင်ထားသော လှေကားအတိုင်း ရဲဝံ့စွာ ဆင်းသွားလေတော့သည်။
လျှိုချွမ် ဦးဆောင်သွားသည်ကို မြင်သောအခါ စီမံကိန်းမှ လူငယ်ဝန်ထမ်း အချို့လည်း အောက်သို့ ဆင်းလာကြ လေသည်။
လျှိုချွမ် ဆင်းလာသည်ကို မြင်သောအခါ ရွှီပေါ်အန်း အတော်လေး အံ့အားသင့်သွားခဲ့ပြီးနောက် သဘောတူလက် ခံသော အမူအရာကို ပြသကာ သူ၏ ပခုံးကို ပုတ်လျက် လုံခြုံရေးကြိုးကို ယူလိုက်လေ၏။
"အထွေထွေမန်နေဂျာရွှီ... ဘာလုပ်မလို့လဲ...။"
"လူတစ်ယောက် ပြုတ်ကျသွားလို့ ငါ အောက်ဆင်းပြီး စစ်ဆေးကြည့်ရမယ်...။ လာ...၊ လုံခြုံရေးကြိုးကို တင်းကျပ်အောင် ကူချည်ပေးဦး...။"
ထိုစကားကို ကြားသောအခါ လျှိုချွမ် မှင်တက်သွားခဲ့ပြီးနောက် သူ၏ မျက်လုံးများ ကလယ်ကလယ် ဖြစ်သွား ကာ သူ့နောက်မှ လိုက်ဆင်းလာသူများကို ပြောလိုက်လေသည်။
"အထွေထွေမန်နေဂျာရွှီ... ခင်ဗျားက အသက်အရွယ်လည်း ရနေပြီဆိုတော့ အောက်ကို ဘယ်လိုလုပ် ဆင်းခိုင်း လို့ ရပါ့မလဲ....။ မင်းတို့ လူငယ်တွေထဲမှာ ဘယ်သူက ပိုသွက်လက်လဲ...။"
မည်သူကမျှ စကားတစ်ခွန်းမှ မဆိုကြချေ။
မွေးကင်းစ နွားပေါက်လေးက ကျားကို မကြောက်ဘူးဆိုသည်မှာ မှန်သော်ငြားလည်း မည်သူကမျှ လူမိုက်များ မဟုတ်ကြပေ။
ထိုအမှောင်ထုဖုံးလွှမ်းနေသော ဟောင်းလောင်းပေါက် တွင်းကြီးမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ မည်သူက ထိုအန္တရာယ်ကို စွန့်စားဝံ့ပါမည်နည်း။
ရွှီပေါ်အန်းက လက်ကာပြလိုက်ပြီး ပြောလိုက်လေ၏။
"ကဲပါ... အဓိပ္ပါယ်မရှိတာတွေ ပြောနေဖို့ အချိန်မရှိဘူး...။ ငါ့အတွက် လုံခြုံရေးကြိုးကို တင်းတင်းကျပ်ကျပ် ကိုင်ထားပေးဖို့ သေချာပါစေ...။"
ထိုသို့ပြောပြီးနောက် ရွှီပေါ်အန်းသည် ခိုင်ခံ့ပုံရသော တိုင်တစ်တိုင်တွင် အသေချည်ထားသော အစွန်းကို ကိုယ် တိုင် လော့ချလိုက်ပြီး လူများအနေဖြင့် လုံခြုံရေးကြိုးကို ကူညီကိုင်ထားပေးရန် ထပ်မံ အလေးအနက် မှာလိုက် လေသည်။
ထိုအခါမှသာ သူသည် ဒုတိယအကြိမ် ပြိုကျသွားသော အပေါက်မှတစ်ဆင့် အောက်သို့ လျှောဆင်းသွားခဲ့ လေတော့သည်။
မီတာ ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာခန့် အောက်သို့ ဆင်းသွားပြီးနောက်မှသာ မြေကြီးပေါ်သို့ ခြေချလိုက်ရ ကြောင်း ရွှီပေါ်အန်း ခံစားလိုက်ရလေသည်။
ရွှီပေါ်အန်း လက်လှမ်းကာ လုံခြုံရေးကြိုးကို အားကုန်ဆွဲလိုက်ပြီး အော်ပြောလိုက်လေ၏။
"အိုကေ... ငါရောက်ပြီ... စိတ်မပူကြနဲ့...။"
ထို့နောက် သူသည် လောင်လျန်ကို ရှာဖွေရန် သူ၏ ခေါင်းစွပ်မီးအိမ်ကို အလျင်အမြန် အသုံးပြုလိုက်လေသည်။
ထိုနေရာ တစ်ဝိုက်တွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေပြီး ရွှီပေါ်အန်း၏ ခေါင်းစွပ်မီးအိမ်မှ အလင်းရောင် ဖြတ်သန်းသွား ရာ နေရာတိုင်းတွင် အလင်းရောင်ထဲ၌ လွင့်မျောနေသော ဖုန်မှုန့်လေးများကို မြင်တွေ့နိုင်လေသည်။
ယခုလေးတင် ပြုတ်ကျလာသော ရုပ်တုကြီးမှာ မြေကြီးပေါ်တွင် ရှိနေဆဲဖြစ်ပြီး မြေပြင်မှာ ရွှံ့ဗွက်များ ထနေ ခဲ့လေသည်။ ရေများ မည်သည့်နေရာမှ ရောက်လာသည်ကိုတော့ မသေချာလှချေ။
ရွှီပေါ်အန်းသည် မသိစိတ်မှပင် ရုပ်တုဆီသို့ လျှောက်သွားလိုက်လေသည်။ လျန်အဘိုးကြီးသည် ရုပ်တုဘေးရှိ လှေကားထစ်ကို နင်းမိပြီး ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ပါမောက္ခဝမ်နှင့် အခြားသူများ ယခုလေးတင် ပြော ထားခဲ့သည်ဖြစ်ရာ သူသည် ရုပ်တုအနီးတွင် ရှိနေသင့်ပေသည်။
အပေါ်ထပ်မှ အကြိမ်ကြိမ် အော်ခေါ်ခဲ့ပြီး အောက်ဆင်းလာရာတွင်လည်း ဆူညံသံများ ထွက်ပေါ်နေခဲ့သော် လည်း လျန်အဘိုးကြီးထံမှ မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ခြင်းမှာ သတင်းကောင်းတစ်ခုတော့ မဟုတ်ပေ။
ရွှီပေါ်အန်း ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ပြုတ်ကျလာသော နတ်ဘုရားရုပ်တုဘေးသို့ ရောက်ရှိ သွားခဲ့လေသည်။
ရုပ်တုမှာ အထူးတလည် ကြီးမားခြင်း သို့မဟုတ် သေးငယ်ခြင်းမျိုး မရှိဘဲ တံခါးနှစ်ပေါက်ပါ ဗီရိုတစ်လုံး အရွယ် အစားခန့် ရှိလေ၏။ ရွှီပေါ်အန်းသည် ၎င်း၏ ပတ်လည်တွင် လမ်းလျှောက်ရှာဖွေကြည့်သော်လည်း လောင်လျန် ကို မတွေ့ရသဖြင့် အံ့အားသင့်သွားခဲ့ရလေသည်။
*သေချာတာကတော့ သူ... ရုပ်တုအောက်မှာ ဖိမိနေတာမျိုးတော့ မဖြစ်နိုင်ပါဘူး...။*
ရွှီပေါ်အန်း၏ မျက်နှာအမူအရာမှာ အရုပ်ဆိုးသွားခဲ့လေ၏။
အကယ်၍ သာမန် ပြုတ်ကျမှုတစ်ခုသာ ဖြစ်မည်ဆိုလျှင် အန္တရာယ်ရှိသော်ငြားလည်း အနည်းဆုံးတော့ အသက်ရှင်နိုင်မည့် မျှော်လင့်ချက် အချို့ ရှိနေနိုင်သေးသည်။
ဤမျှ လေးလံသော ကျောက်ရုပ်တုကြီး၏ ဖိမိခြင်းကို ခံရမည်ဆိုလျှင်တော့ သေချာပေါက် သေဆုံးသွားမည် ဖြစ်ပြီး ကြီးမြတ်သော နတ်ဘုရားတစ်ပါးပင်လျှင် ကယ်တင်နိုင်မည် မဟုတ်ချေ။
ရွှီပေါ်အန်းသည် ကျောက်ရုပ်တုဆီသို့ သတိထား၍ လျှောက်သွားကာ သူ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို စပ်စုလိုစိတ်ဖြင့် လေ့လာစောင့်ကြည့်နေလေ၏။
ပထမအချက်အနေဖြင့် လျန်အဘိုးကြီးကို ရှာဖွေနေခြင်း ဖြစ်ပြီး ဒုတိယအချက်မှာ ပတ်ဝန်းကျင် အခြေအနေကို အမှန်တကယ် စပ်စုလိုစိတ်ကြောင့် ဖြစ်ပေသည်။
အခန်းထဲတွင် မှိုနံ့များ ထောင်းထောင်းထနေလေ၏။ နှာခေါင်းစည်း တပ်ဆင်ထားသော ရွှီပေါ်အန်းပင် ထိုအနံ့ကို ရနိုင်သည်ဆိုခြင်းက ယင်းမှာ မည်မျှအထိ ဆိုးရွားကြောင်း ပြသနေလေသည်။
ကံကောင်းထောက်မစွာဖြင့် အောက်ဘက်တွင် အောက်ဆီဂျင် အလွန်အမင်း နည်းပါးမနေခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက လောင်လျန်၏ အသက်ရှင်နိုင်ခြေမှာ ပို၍ပင် နိမ့်ကျသွားမည် ဖြစ်လေ၏။
ရွှီပေါ်အန်း ဤသို့ တွေးနေစဉ်မှာပင် သူ၏ ခြေအောက်မှ တုန်ခါမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီးနောက် သူ၏ ခြေချော်သွားကာ နောက်ထပ် ပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့လေတော့သည်။
ကံကောင်းထောက်မစွာဖြင့် ရွှီပေါ်အန်းသည် လုံခြုံရေးကြိုးကို ဝတ်ဆင်ထားခဲ့သဖြင့် ချက်ချင်း ဆွဲတင်ခံလိုက် ရကာ လေထဲတွင် တွဲလောင်းလွင့်မျောနေခဲ့လေသည်။
သူ၏ ခေါင်းစွပ်မီးအိမ်မှ အလင်းရောင်ကို အသုံးပြု၍ ရွှီပေါ်အန်းသည် လွတ်နေသော နေရာထဲသို့ ငုံ့ကြည့်လိုက် ရာ နတ်ဘုရားရုပ်တုကြီးသည် နေရာသစ်တစ်ခုသို့ ကျရောက်သွားပုံရသည်ကို မြင်လိုက်ရလေသည်။
ရုပ်တုကြီးကို အလွန် ထူးဆန်းသော နေရာတစ်ခုတွင် မြေကြီးထဲသို့ စောင်းလျက် ချထားသော်လည်း ၎င်းမှာ ယိမ်းယိုင်နေပြီး အချိန်မရွေး လဲကျသွားနိုင်ချေရှိပေ၏။
ရုပ်တု၏ ဘေးဘက် လဲကျတော့မည့် အရပ်မျက်နှာတွင် ခြေထောက် ဒဏ်ရာရထားပုံပေါ်သော ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးသည် မြေကြီးပေါ်တွင် ထိုင်လျက် သူ၏ ခြေထောက်ကို ခဲခဲယဉ်းယဉ်း ဆွဲယူကာ ပြိုကျတော့ မည့် ရုပ်တုနှင့် ဝေးရာသို့ သွားရန် ကြိုးပမ်းနေခဲ့လေသည်။
အလင်းရောင် ထိုးကျလာသည်ကို မြင်သောအခါ ထိုအမျိုးသားက လက်ကိုမြှောက်ကာ ရွှီပေါ်အန်းထံသို့ အကြိမ် အနည်းငယ် ဝှေ့ယမ်းပြလိုက်လေသည်။
"လောင်လျန်... ခင်ဗျားလား...။"
ရွှီပေါ်အန်းက ကျယ်လောင်စွာ အော်မေးလိုက်လေသည်။
ထိုအမျိုးသားက တစ်စုံတစ်ရာ ပြောလိုက်ပုံရပြီးနောက် ခေါင်းညိတ်ပြလေ၏။
ရွှီပေါ်အန်း အပေါ်သို့ ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။
"လောင်လျန်ကို တွေ့ပြီ... လုံခြုံရေးကြိုး အောက်ချပေး...။ မြန်မြန်ချပေး...။"
ရုပ်တုကြီး၏ ယိမ်းယိုင်မှုမှာ ပို၍ပို၍ သိသာထင်ရှားလာသော်လည်း လောင်လျန်မှာ အလွန် နှေးကွေးစွာ ရွေ့လျား နေရလေသည်။
ရုတ်တရက် ရုပ်တုကြီးသည် တစ်ဖက်သို့ ပြင်းထန်စွာ စောင်းသွားပြီး လဲကျတော့မည့်ဆဲဆဲတွင် ရွှီပေါ်အန်း အောက်သို့ ဆင်းသက်လာခဲ့လေသည်။
သူသည် လောင်လျန်ကို ဆွဲဖမ်းလိုက်ပြီး အဝေးသို့ ရုတ်တရက် ခုန်ထွက်သွားလေတော့သည်။
"ဝုန်း…။"
ရုပ်တုကြီး ပြိုကျသွားပြီး မြေပြင်မှာလည်း ထပ်မံ ပြိုကျသွားပြန်လေသည်။
ရွှီပေါ်အန်းသည် လျန်အဘိုးကြီးကို ပွေ့ဖက်ထားလျက် လေထဲတွင် တွဲလောင်းလွင့်မျောနေခဲ့လေ၏။
မသိစိတ်မှ အောက်သို့ ငုံ့ကြည့်လိုက်ရာ ရုပ်တုကြီးသည် ပိုမိုနက်ရှိုင်းသော မြေလွှာတစ်ခုသို့ ကျရောက်သွားပုံရ သည်ကို မြင်လိုက်ရလေသည်။
*ဘုရားရေ... ဤရှေးဟောင်း အဆောက်အအုံက အတိအကျ ဘာကြီးလဲ...။*
*အစက တောင်စောင့်နတ်မင်း နတ်ကွန်းတစ်ခုလို့ ငါထင်ခဲ့တာ...။ ဒါပေမဲ့ အောက်ဘက်မှာ မတူညီတဲ့ နေရာ အများကြီး ရှိနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး...။*
*ဘာလို့ ဒီအရာက မျှော်စင်တစ်ခုလို တည်ဆောက်ထားရတာလဲ...။ မျှော်စင်ရဲ့ အထပ်တိုင်းက မတူညီတဲ့ နတ်ဘုရားတစ်ပါးစီအတွက် ရည်စူးထားတာများလား...။*
ရွှီပေါ်အန်း ဘေးသို့ ကြည့်လိုက်ရာ သေချာပေါက်ပင် ဤအထပ်ရှိ သူ၏ အရှေ့တွင် စိမ်းသက်နေပြီး ကြင်နာ တတ်ပုံပေါ်သော အဘိုးအိုတစ်ဦး၏ ရုပ်တုတစ်ခုကို မြင်လိုက်ရလေသည်။
ရုပ်တုမှာ မူလက အနီရောင်ဖြစ်သော်လည်း ဓာတ်တိုးမှုကြောင့် မြေကြီးရောင်သို့ လျင်မြန်စွာ ပြောင်းလဲသွား ခဲ့ခြင်းဖြစ်ပေသည်။
ရွှီပေါ်အန်းမှာ နှမြောတသစွာဖြင့် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး လောင်လျန်ကို တင်းကျပ်စွာ ပွေ့ဖက်ကာ လုံခြုံရေးကြိုးကို နှစ်ချက် စောင့်ဆွဲလိုက်လေသည်။
သို့သော် မကြာမီမှာပင် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့လေ၏။
"ဒုက္ခပါပဲ..."
ရွှီပေါ်အန်း မနေနိုင်တော့ဘဲ ရေရွတ်လိုက်လေသည်။
"ဟင်... ဘာဖြစ်လို့လဲ...။"
လောင်လျန်က ခက်ခက်ခဲခဲဖြင့် မေးလိုက်လေ၏။
ရွှီပေါ်အန်း ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
"ငါ အခုလေးတင် လုံခြုံရေးကြိုးကို နှစ်ချက် ဆွဲလိုက်တယ်...။ အဲဒါက ငါတို့ အပေါ်တက်မယ့် အချက်ပြမှုပဲ...။ ယုတ္တိတန်တန် တွေးကြည့်ရင် ငါ ကြိုးကို နှစ်ချက်ဆွဲလိုက်ရင် သူတို့ ငါတို့ကို အပေါ်ဆွဲတင်ရမှာ...။ ဒါပေမဲ့ အခု ကြိုးက တင်းနေပြီး ဘာတုံ့ပြန်မှုမှ လုံးဝ မရှိဘူး...။"
"ကြိုးမှာ တစ်ခုခု မှားယွင်းနေတယ်လို့ မင်း ဆိုလိုတာလား...။"
လောင်လျန်မှာ ထက်မြက်သူတစ်ဦး ဖြစ်ရာ ပြဿနာကို သူ ချက်ချင်း နားလည်သွားခဲ့လေ၏။
ရွှီပေါ်အန်း ခေါင်းညိတ်လိုက်ပြီး သူ၏ ဖုန်းကို ထုတ်ကာ တစ်ချက်ကြည့်လိုက်လေသည်။ သေချာပေါက်ပင် မည်သည့် လိုင်းမှ မရှိနေပေ။
"ဟူး... ကြိုးက တစ်နေရာရာမှာ ငြိနေတာ ဖြစ်မယ်...။ ဖုန်းလိုင်းလည်း မရှိဘူး...။ ငါတို့ ဘာလုပ်ကြမလဲ...။"
လောင်လျန် စကားပြောတော့မည့်ဆဲဆဲတွင် အနံ့အသက်ဆိုးများကြောင့် မနေနိုင်ဘဲ သီးသွားကာ အဆက်မပြတ် ချောင်းဆိုးလေတော့၏။ ရုတ်တရက် သူ ကျယ်လောင်စွာ ချောင်းဆိုးလိုက်ပြီး သတိလစ်သွားခဲ့လေသည်။
ရွှီပေါ်အန်း၏ မျက်နှာအမူအရာ တင်းမာသွားခဲ့လေ၏။ အကယ်၍ အခြေအနေများ ဤအတိုင်း ဆက်သွားနေ မည်ဆိုလျှင် ကိစ္စများ ရှုပ်ထွေးသွားနိုင်ပေသည်။
အပေါ်တက်ရန် သို့မဟုတ် အောက်ဆင်းရန် နည်းလမ်းတစ်ခုကို စဉ်းစားရမည် ဖြစ်လေသည်။
ရွှီပေါ်အန်း အပေါ်သို့ ကြည့်လိုက်ရာ မီတာ ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာခန့် ကွာဝေးလေ၏။ အပေါ်သို့ တက် ခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သော်ငြားလည်း လျန်အဘိုးကြီးကို ပွေ့ချီထားရသဖြင့် တကယ်ကို အဆင်မပြေလှချေ။
*ငါ့ခြေအောက်မှာ တွင်းပေါက်ကြီးတစ်ခု ရှိနေပေမဲ့ တွင်းနှုတ်ခမ်းနဲ့ဆို သုံးမီတာလောက်ပဲ ကွာတော့တယ်...။*
*အကယ်၍ ငါ လွှဲနိုင်မယ်ဆိုရင် ဟိုဘက်ကို ခုန်ကူးဖို့ အခွင့်အရေး ကောင်းကောင်း ရှိသေးတယ်...။*
*ချက်ချင်း စလုပ်ကြတာပေါ့...။*
ရွှီပေါ်အန်းသည် သူ၏ လက်မောင်းကို တစ်ဖက်သို့ အစွမ်းကုန် လိမ်ချိုးလိုက်သော်လည်း သူ အလွန်အမင်း တွေးတောလွန်နေခဲ့ကြောင်းကိုသာ နားလည်လိုက်ရလေ၏။
အကယ်၍ သူ့ကို တွန်းအားပေးနိုင်မည့် အထောက်အပံ့ပေးရာ အမှတ်တစ်ခု ရှိမည်ဆိုလျှင် လွှဲရမည့် အတိုင်း အတာမှာ သဘာဝကျကျ ပိုမို ကြီးမားလာမည် ဖြစ်လေသည်။
၎င်းသည် လေထဲတွင် လိမ်ကောက်သွားနိုင်ပြီး လွှဲရန် မဖြစ်နိုင်သည်တော့ မဟုတ်သော်လည်း အလွန်တရာ နှေးကွေးလွန်းလှပေသည်။
*လောင်လျန် အချိန်ကြာကြာ တောင့်ခံမထားနိုင်မှာကို စိုးရိမ်ရတယ်...။*
ရွှီပေါ်အန်း မျက်မှောင်ကြုတ်ကာ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ရုတ်တရက် သူ၏ မျက်လုံးများ အရောင် လက်သွားခဲ့လေ၏။
*ဟုတ်ပြီ...*
*ငါတို့ရဲ့ မှော်လက်နက်အဖြစ် ဘွန်ဆိုင်းကို လိုအပ်နေတုန်းပဲ...။*
ရွှီပေါ်အန်းသည် သူ၏ သိစိတ်ပင်လယ်အတွင်းရှိ တောင်စောင့်နတ်မင်း နတ်ကွန်း၏ ဘွန်ဆိုင်းကမ္ဘာအပေါ် ချက်ချင်း အာရုံစိုက်လိုက်လေတော့သည်။
တောင်စောင့်နတ်မင်း နတ်ကွန်း၏ ရုပ်တုရှေ့ရှိ နံ့သာတင်စင်ကြီးမှာ ငါးမီတာကျော် ရှည်လျားလေ၏။
အကယ်၍ အောက်ခံအုတ်မြစ်ကို ယခုလေးတင် ပြိုကျသွားသော မြေပြင်ပေါ်တွင် ချထားမည်ဆိုလျှင် ရွှီပေါ်အန်း သည် လျန်အဘိုးကြီးကို အလွယ်တကူ သယ်ဆောင်သွားနိုင်ပေမည်။
လျန်အဘိုးကြီးကို ကောင်းစွာ ပြုစုစောင့်ရှောက်ပြီးသည်နှင့် ရွှီပေါ်အန်း၏ လက်ရှိ ခန္ဓာကိုယ် အခြေအနေအရ အပေါ်သို့ ပြန်တက်ရန် များစွာ ပိုမိုလွယ်ကူလာမည် ဖြစ်လေသည်။
ရွှီပေါ်အန်းသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ နံ့သာတင်စင်ကို ဖမ်းဆုပ်ရန် ရုပ်တု၏ အမြင်အာရုံ ထင်ယောင်ထင်မှား ဖြစ်မှုကို အသုံးပြုကာ ဘွန်ဆိုင်းကမ္ဘာရှိ တောင်စောင့်နတ်မင်း နတ်ကွန်းမှ လက်တွေ့ကမ္ဘာဆီသို့ အလျင်အမြန် ယူဆောင်လာခဲ့လေသည်။
ပထမဆုံး ထုတ်ယူလိုက်ချိန်တွင် လက်ဖဝါးတစ်ဖက်စာမျှသာ ရှည်လျားသော နံ့သာတင်စင်ကို ရွှီပေါ်အန်း၏ ခြေထောက်နှစ်ချောင်းကြားတွင် ခဲခဲယဉ်းယဉ်း ညှပ်ထားရလေသည်။
ရွှီပေါ်အန်း ဆန္ဒရှိသည့်အတိုင်း ခုံတန်းမှာ ငါးမီတာ သို့မဟုတ် ခြောက်မီတာခန့်အထိ လျင်မြန်စွာ ကြီးထွားလာခဲ့ လေသည်။
ရွှီပေါ်အန်းသည် အောက်ဘက်ရှိ ပြိုကျမှုကြောင့် ပေါ်ထွက်လာသော အပေါက်ကို ချိန်ရွယ်ကာ ညင်သာစွာ ပစ်ချလိုက်လေသည်။
နံ့သာတင်စင်ကို လိုဏ်ဂူအဝင်ဝတွင် တံတားတစ်စင်းကဲ့သို့ ကန့်လန့်ဖြတ် ချထားလိုက်လေသည်။
ရွှီပေါ်အန်းသည် လောင်လျန်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားတစ်ဖက်ဖြင့် လုံခြုံရေးကြိုးကို ဖြုတ်လိုက်လေသည်။
ပြုတ်ကျလာသော အရှိန်ဖြင့် ရွှီပေါ်အန်းသည် သူ၏ ဦးတည်ရာကို ချိန်ညှိကာ နံ့သာတင်စင်ပေါ်သို့ အံဝင်ခွင်ကျ ဆင်းသက်လိုက်လေသည်။
ရွှီပေါ်အန်း စက္ကန့်ဝက်မျှပင် အချိန်ဆွဲမနေခဲ့ချေ။ နင်းမိသည်နှင့် တစ်ပြိုင်နက် နောက်ထပ် ပြိုကျမှု မဖြစ်စေရန် လိုဏ်ဂူအဝင်ဝမှ ချက်ချင်း ခုန်ထွက်သွားခဲ့လေသည်။
လျန်အဘိုးကြီးကို မြေကြီးပေါ်တွင် သတိထား၍ ချထားပြီးနောက် ရွှီပေါ်အန်းသည် ပိုမို ကျယ်ဝန်းသော နေရာ တစ်ခုကို ရှာဖွေကာ လေထဲတွင် တွဲလောင်းကျနေသော လုံခြုံရေးကြိုးဆီသို့ ထပ်မံ ပြေးသွားလိုက်လေသည်။
ပြေးသွား... ခုန်လိုက်... ဖမ်းဆုပ်လိုက်...
ရွှီပေါ်အန်း လုံခြုံရေးကြိုးကို အောင်မြင်စွာ ဖမ်းဆုပ်နိုင်ခဲ့လေသည်။
ထို့နောက် လုံခြုံရေးကြိုးပေါ်သို့ တွယ်တက်သွားရာ လုံခြုံရေးကြိုး ငြိနေသော နေရာကို မြင်လိုက်ရလေသည်။
၎င်းမှာ အပေါ်ပိုင်း ပြိုကျမှု၏ အစွန်းဖြစ်ပြီး ငေါထွက်နေသော သစ်သားတန်းတစ်ခုတွင် လုံခြုံရေးကြိုး အကြိမ် အနည်းငယ် ရစ်ပတ်နေကာ အထုံးတစ်ခုနီးပါး ဖြစ်ပေါ်နေလေသည်။ ၎င်းကို ဆွဲရန် မဖြစ်နိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။
ရွှီပေါ်အန်းသည် အပေါ်မှ လုံခြုံရေးကြိုးကို ဖယ်ရှားလိုက်ပြီး အားကုန် ဆွဲလိုက်ရာ လုံခြုံရေးကြိုး ပြန်လည် ကျဆင်းလာခဲ့လေ၏။
ထို့နောက် ရွှီပေါ်အန်းသည် လျန်အဘိုးကြီးကို ထပ်မံ ပွေ့ချီကာ နံ့သာတင်စင်ကို ပြန်ထားလိုက်ပြီး လုံခြုံရေးကြိုး ကို နောက်ထပ် နှစ်ချက် ဆွဲချလိုက်လေသည်။
မကြာမီမှာပင် ရွှီပေါ်အန်းနှင့် လောင်လျန်တို့ အပေါ်သို့ ဆွဲတင်ခံလိုက်ရလေတော့သည်။
လိုဏ်ဂူအဝင်ဝတွင် လူနာတင်ယာဉ်များနှင့် ကယ်ဆယ်ရေးယာဉ်များ ရပ်နားထားပြီး ဖြစ်လေသည်။ လူတစ်ဦး ထွက်လာသည်နှင့် တစ်ပြိုင်နက် အဖြူရောင် ကုတ်အင်္ကျီဝတ် အမျိုးသမီး ဆရာဝန်တစ်ဦး အပြေးရောက် လာခဲ့လေသည်။
ရွှီပေါ်အန်း တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် အံ့သြတကြီး ရေရွတ်လိုက်လေသည်။
"ဘုရားရေ... ငါ သရဲများ မြင်နေရတာလား...။"
*ဒါက အခုလေးတင် ငါ တွေ့ခဲ့တဲ့ ကောင်းကင်ဘုံက လျှိုရိဖေးနဲ့ အလွန်တရာ ဆင်တူတဲ့ တရားဥပဒေစိုးမိုးရေး ကပ္ပတိန် ပိုင်ရှန်းရှန်း မဟုတ်ဘူးလား...။ ဘယ်လိုလုပ်ပြီး ဤမျှ အချိန်တိုလေးအတွင်းမှာ အဖြူရောင် ကုတ် အင်္ကျီ လဲဝတ်ပြီး ဆရာဝန် ပြန်ဖြစ်သွားရတာလဲ...။*
*ဇာတ်ကောင် ဝင်စားတာလား...။ ဒါပေမဲ့ ဒါက အတော်လေးကို မယုံကြည်လောက်စရာ ကောင်းနေတယ်...။ ဒီအမူအရာတွေနဲ့ လှုပ်ရှားမှုတွေက မယုံနိုင်လောက်အောင်ကို ပရော်ဖက်ရှင်နယ် ပီသနေတယ်လေ...။*
*မင်းသမီးတစ်ယောက်သာ အခုလို သရုပ်ဆောင်နိုင်မယ်ဆိုရင် လျှိုရိဖေးက သူမကို လူစားထိုးအဖြစ် သေချာပေါက် လိုအပ်လိမ့်မယ်...။*
"လူနာက ဘယ်တုန်းက သတိလစ်သွားတာလဲ..."
သူနာပြုက ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။
ရွှီပေါ်အန်း ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။
"လွန်ခဲ့တဲ့ ငါးမိနစ်လောက်ကပါ...။ ညစ်ညမ်းနေတဲ့ လေကြောင့် အပြင်းအထန် ချောင်းဆိုးပြီးနောက်မှာ သတိ လစ်သွားတာ ဖြစ်နိုင်ပါတယ်...။"
သူနာပြုက ခေါင်းညိတ်လိုက်ပြီး သူမ၏ ဘယ်ဘက်လက်ကို ညာဘက်လက်အပေါ်တွင် တင်ကာ လက်နှစ်ဖက် ကို ဆုပ်ကိုင်လျက် လောင်လျန်၏ ရင်ဘတ်အလယ်သို့ ညာဘက်လက်ဖဝါးရင်းဖြင့် ဖိချကာ လျင်မြန်အားပါးစွာ ဖိနှိပ်ပေးလိုက်လေ၏။
မကြာမီမှာပင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ အကူအညီဖြင့် လျန်အဘိုးကြီး ချောင်းဆိုးလာကာ သတိပြန် လည်လာခဲ့လေတော့သည်။
"အဆင်ပြေရဲ့လား...။"
သူနာပြုက စိုးရိမ်တကြီး မေးလိုက်လေ၏။
လောင်လျန်က မဖြေချေ။ ထို့အစား သူသည် ပါမောက္ခဝမ်နှင့် အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်လေ သည်။
"မြန်မြန်... ပြည်နယ်ဌာနကို ဖုန်းဆက်လိုက်...။ အမြန်ဆုံး လာရောက်နိုင်မယ့် စွမ်းဆောင်ရည်ရှိတဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဖို့ သူတို့ကို ပြောလိုက်...။ ဒီသမိုင်းဝင်နယ်မြေက ငါတို့ စိတ်ကူးထားတာထက် ပိုပြီး ကြီးကျယ်ခမ်းနား တယ်...။ ပိုပြီး ကြွယ်ဝတယ်...။ ပြီးတော့ ပိုပြီး တန်ဖိုးရှိတယ်...။"
"ဟုတ်ကဲ့... နားလည်ပါပြီ...။ ပရော်ဖက်ဆာလျန် ခင်ဗျား ဘယ်လိုနေသေးလဲ...။ စောစောက ခင်ဗျားကို ကျွန်တော်တို့ ခေါ်နေခဲ့သေးပေမဲ့ ခင်ဗျားက ပြန်မဖြေတော့ ကျွန်တော်တို့ အရမ်းစိုးရိမ်သွားတာပဲ...။"
ပါမောက္ခဝမ်က စိုးရိမ်တကြီး ပြောလိုက်လေ၏။
"ငါ အဆင်ပြေပါတယ်.... အောက်ကို ပြုတ်ကျသွားတုန်းက ရုပ်တု ဖိတာကို ခံလိုက်ရရုံပါ...။ ကံကောင်းချင် တော့ အောက်ဘက်မှာ နောက်ထပ် အလွှာတစ်ခု ရှိနေတော့ ငါ တန်းပြီး ပြုတ်ကျသွားတာပဲ...။ ထူထဲတဲ့ မြေကြီးလွှာပေါ် ကျသွားလို့ တော်သေးတယ်.... မဟုတ်ရင် ရုပ်တုအောက် ဖိမိပြီး မသေရင်တောင် ပြုတ်ကျတဲ့ အရှိန်နဲ့တင် သေလောက်တယ်...။"
ဤရှေးဟောင်းနယ်မြေသည် မြေအောက်တွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့ပြီး ၎င်းအတွင်းသို့ မြေကြီး အမြောက်အမြား ကျရောက်နေခဲ့လေသည်။
ပိုမိုကြီးမားသော ကွက်လပ်များရှိသည့် အချို့နေရာများတွင် မြေကြီးများ ကျရောက်သွားကာ အောက်ခြေ မြေပြင်ပေါ်တွင် ထူထဲသော မြေကော်ဇောတစ်ခုအဖြစ် ဖြစ်ပေါ်နေခဲ့၏။ ယခုအချိန်တွင် ၎င်းမှာ အသက်ကယ် ရတနာတစ်ပါး ဖြစ်လာခဲ့လေပြီ။
အဖြူရောင်ဝတ် သူနာပြုက တည်ကြည်စွာ ပြောလိုက်လေသည်။
"ကောင်းပါပြီ ရှင်... အခုက စကားပြောဖို့ အဆင်မပြေသေးဘူး...။ ကျေးဇူးပြုပြီး ခန္ဓာကိုယ် အပြည့်အစုံ စစ်ဆေးမှု ခံယူဖို့ ကျွန်မတို့နဲ့ လိုက်ခဲ့ပါ...။"
လောင်လျန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
"မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်...။"
ထို့နောက် သူက ပါမောက္ခဝမ်နှင့် အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ချက်ချင်း ဖုန်းဆက်လိုက်...၊ အချိန်မဆွဲနဲ့...။ သမိုင်းဝင်နယ်မြေ အတွင်းက ရှေးဟောင်းပစ္စည်းတွေက အလွန် လျင်မြန်စွာ ဓာတ်တိုးနိုင်တယ်...။ ငါတို့ အချိန်လုပြီးလုပ်ရမယ်...။"
အဖြူရောင်ဝတ် သူနာပြုသည် အခြားသူနာပြုများအား လျန်အဘိုးကြီးကို လူနာတင်ယာဉ်ပေါ်သို့ တင်ရန် ကူကယ်ရာမဲ့စွာ ညွှန်ကြားလိုက်ပြီးနောက် ရွှီပေါ်အန်းကို ကြည့်ကာ ပြောလိုက်လေ၏။
"ရှင်ရော ဘယ်လိုနေလဲ...၊ အဆင်ပြေရဲ့လား...။ ခန္ဓာကိုယ် အပြည့်အစုံ စစ်ဆေးမှု ခံယူဖို့ ကျွန်မတို့နဲ့အတူ ဆေးရုံကို လိုက်ခဲ့ဖို့ အကြံပြုချင်ပါတယ်..။"
ရွှီပေါ်အန်းက အနည်းငယ် တွေဝေသွားလျက် မေးလိုက်လေသည်။
"မင်း... ငါ့ကို မမှတ်မိဘူးလား...။"
သူနာပြုက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေ၏။
"ရှင် ရည်းစားစကား ပြောတဲ့နည်းက အနည်းငယ် ခေတ်နောက်ကျနေပြီ...။ ရှင့်ရဲ့ စွမ်းအင်ကို ကြည့်ရတာ ရှင် ဆေးရုံသွားဖို့ လိုမယ် မထင်ပါဘူး...။"
သူတို့နောက်ရှိ လူနာတင်ယာဉ်ထဲမှ သူနာပြုတစ်ဦးက ကိုယ်ကို ကိုင်းထွက်ကာ အော်ပြောလိုက်လေသည်။
"ဒေါက်တာပိုင်... လူနာက ရေသောက်ချင်တယ်တဲ့...။ သူ အဆင်ပြေရဲ့လား...။"
သူနာပြုက ရွှီပေါ်အန်းအား မထီမဲ့မြင် တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ကာ လူနာတင်ယာဉ်ထဲသို့ ဝင်သွား လေတော့၏။
*ဒေါက်တာပိုင် ဟုတ်လား...။*
*ကြည့်ရတာ သူမက ပိုင်ရှန်းရှန်း မဟုတ်လောက်ဘူး...။ ဒါပေမဲ့ အဲဒီလောက်ကြီးတော့ တိုက်ဆိုင်နေနိုင်မှာ မဟုတ်ဘူး...။ သူတို့က အမြွှာညီအစ်မတွေ ဖြစ်ရမယ်...။*
"အထွေထွေမန်နေဂျာရွှီ... အဆင်ပြေရဲ့လား...။"
လျှိုချွမ်က အနီးသို့ ချဉ်းကပ်လာရင်း သတိထား၍ မေးလိုက်လေသည်။
ရွှီပေါ်အန်း ခေါင်းခါလိုက်ပြီး ပြောလိုက်လေ၏။
"ကိစ္စမရှိပါဘူး... ဒါပေမဲ့ ငါ နည်းနည်း ညစ်ပတ်နေပြီဆိုတော့ ရေချိုးဖို့ လိုတယ်...။"
လျှိုချွမ်က လက်ခုပ်တီးလိုက်ပြီး ပြောလိုက်လေသည်။
"အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်...။ ဧည့်ဂေဟာက ရေပူစက်အသစ်က သေချာပေါက် ကောင်းကောင်း အလုပ် လုပ်မှာပါ...။"
အနည်းငယ် ကြီးမားသော ဆောက်လုပ်ရေး စီမံကိန်းတိုင်းလိုလိုတွင် ဧည့်ဂေဟာ တစ်ခု ပါဝင်လေ့ရှိသည်။
အမှန်တကယ်တော့ အခန်း အနည်းငယ် သို့မဟုတ် တစ်ဒါဇင်ခန့်သာ ရှိပြီး ယေဘုယျအားဖြင့် စစ်ဆေးရေး အတွက် ခရီးမသွားနိုင်သော အထက်လူကြီးများကို တည်းခိုစေရန်နှင့် အားလပ်ရက်များတွင် ဆွေမျိုးများ လာရောက်လည်ပတ်ရန် ယာယီအိမ်ရာအဖြစ် အသုံးပြုလေ့ရှိကြ၏။
ရွှီပေါ်အန်း ခေါင်းညိတ်လိုက်လေသည်။ လျှိုချွမ်သည် ပြည်တွင်းရေးရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတော်လေး ကျွမ်းကျင်လေ၏။ ထိုအမျိုးသမီး လျှိုဝေ၏ နေရာတွင် အစားထိုးရန် သူ့ကို ပြန်လည်ခေါ်ယူ ခြင်းမှာ သင့်လျော်ပေလိမ့်မည်။
ပါမောက္ခဝမ်နှင့် အခြားသူများသည် လူနာတင်ယာဉ် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် ရွှီပေါ်အန်း၏ ဘေးတွင် ဝိုင်းအုံလာကြလေသည်။
"အထွေထွေမန်နေဂျာရွှီ... ကျေးဇူးအများကြီး တင်ပါတယ်...။ ခင်ဗျားသာ မရှိရင် ဒီနေ့ ကျွန်တော်တို့ ဘာလုပ် ရမှန်း သိမှာမဟုတ်ပါဘူး...။"
ရွှီပေါ်အန်း ပြုံးကာ ပြောလိုက်လေ၏။
"ပါမောက္ခဝမ်... ခင်ဗျားက သိပ်သဘောကောင်းလွန်းပါတယ်...။ ကျွန်တော်တို့ တွေ့ဆုံကြတာ ရေစက်ကြောင့် ပါ...။ ဒါ့အပြင် အဖြစ်အပျက်က ကျွန်တော့်ရဲ့ မြေပေါ်မှာ ဖြစ်ပွားခဲ့တာဆိုတော့ ကျွန်တော် လျစ်လျူရှုထားလို့မှ မရတာ...။"
ပါမောက္ခဝမ်က နှုတ်ခမ်းကို စေ့ကာ သူ၏ အိတ်ကပ်ထဲမှ လိပ်စာကတ်တစ်ခုကို ထုတ်ယူပြီး ရွှီပေါ်အန်းထံသို့ ကမ်းပေးကာ ပြောလိုက်လေ၏။
"အထွေထွေမန်နေဂျာရွှီ... ကျွန်တော် အရမ်းကို ကျေးဇူးတင်ပြီး ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါ ဘူး...။ ကျွန်တော်က တစ်သက်လုံး ဆရာတစ်ယောက်အဖြစ် နေလာခဲ့တာပါ...။ ဒါက ကျွန်တော့်ရဲ့ လိပ်စာကတ် ပါ...။ တစ်ခုခု လိုအပ်ရင်သာ ပြောပါ...။ ကျွန်တော် ခင်ဗျားကို မိတ်ဆွေဖွဲ့ဖို့ ဆုံးဖြတ်လိုက်ပါပြီ...။"
ရွှီပေါ်အန်း လိပ်စာကတ်ကို ယူလိုက်ပြီး အတော်လေး အံ့အားသင့်သွားခဲ့လေသည်။
သူ၏ အရှေ့တွင် ရပ်နေသော ပါမောက္ခဝမ်မှာ အမှန်တကယ်တော့ ကျန်းကျိုး ဆောက်လုပ်ရေးတက္ကသိုလ်၏ ဒုတိယကျောင်းအုပ်ကြီး ဖြစ်နေခဲ့လေသည်။
ကျန်းကျိုး ဆောက်လုပ်ရေးတက္ကသိုလ်ကို ထိပ်တန်း တက္ကသိုလ်တစ်ခုအဖြစ် မသတ်မှတ်ထားနိုင်သော်ငြား လည်း၊ ၎င်းမှာ နိုင်ငံတစ်ဝန်းရှိ ထိပ်တန်း တက္ကသိုလ် တစ်ရာစာရင်းတွင် မပါဝင်ဘဲ သာမန် ပထမအဆင့် တက္ကသိုလ်တစ်ခုသာ ဖြစ်လေသည်။
သို့သော် ကျန်းကျိုး ဆောက်လုပ်ရေးတက္ကသိုလ်သည် နိုင်ငံတစ်ဝန်းရှိ ဆောက်လုပ်ရေး အင်ဂျင်နီယာ နယ်ပယ် တစ်ခုလုံးတွင် နာမည်ကျော်ကြားလှပေသည်။
အခြားအရာများကို ဘေးဖယ်ထားလိုက်လျှင်ပင် စာရင်းအင်း အချို့အရ ကျန်းကျိုး ဆောက်လုပ်ရေးတက္ကသိုလ် မှ ဘွဲ့ရကျောင်းသားများသည် ယခုအခါ နိုင်ငံတစ်ဝန်းရှိ အင်ဂျင်နီယာ ကုမ္ပဏီကြီးများ၏ အလယ်အလတ်နှင့် အထက်တန်း စီမံခန့်ခွဲမှု ရာထူးများ၏ ဆယ်ရာခိုင်နှုန်းကို ရယူထားကြောင်း ပြသနေလေ၏။
ဤသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အချိုးအစား တစ်ခုပင် ဖြစ်လေသည်။
ကျန်းကျိုးပြည်နယ်နှင့် အနီးတစ်ဝိုက်ရှိ ပြည်နယ်များနှင့် မြို့များစွာရှိ ဆောက်လုပ်ရေး ကုမ္ပဏီများ၏ ခေါင်းဆောင်မှု အဖွဲ့များကြားတွင် ကျန်းကျိုး ဆောက်လုပ်ရေးတက္ကသိုလ်မှ ဘွဲ့ရသူများမှာ သုံးဆယ်ရာခိုင်နှုန်း အထိ ရှိနေပေသည်။
ရွှီပေါ်အန်း ပြုံးကာ ပါမောက္ခဝမ်၏ လိပ်စာကတ်ကို ဝှေ့ယမ်းလျက် ပြောလိုက်လေ၏။
"တောင်းပန်ပါတယ်... ကျွန်တော့် လိပ်စာကတ် ယူလာဖို့ မေ့သွားလို့ပါ...။ ဖုန်းဆက်လိုက်ပါ့မယ်...၊ ကျေးဇူးပြု ပြီး မှတ်ထားပေးပါဦး...။"
ရွှီပေါ်အန်းသည် သူ၏ လိပ်စာကတ်များကို ယူလာရန် မေ့သွားခဲ့ခြင်းတော့ သေချာပေါက် မဟုတ်ချေ။ အမှန် တော့ ယခင်က သူသည် ထိုအရာများနှင့် မထိုက်တန်ခဲ့ခြင်း ဖြစ်လေသည်။ ယခု နောက်ဆုံးတွင် ဒုတိယ အင်ဂျင် နီယာချုပ် ဖြစ်လာခဲ့ချိန်တွင်လည်း သူသည် အမည်ခံသက်သက်သာ ဖြစ်နေပြီး လိပ်စာကတ်များ ရယူရန် စိတ် မဝင်စားခဲ့ပေ။
သူ အင်ဂျင်နီယာချုပ် ဖြစ်လာခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး ရုတ်တရက် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သော ကြောင့် သူ၏ ရုံးခန်းမှာ သူ၏ လိပ်စာကတ်များကို ပြင်ဆင်ရန် အချိန်ပင် ရလိုက်မည်မဟုတ်သည်မှာ သေချာ လှပေသည်။
ပါမောက္ခဝမ်က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ကိစ္စမရှိပါဘူး... သေချာပေါက် မှတ်ထားပါ့မယ်...။"
ပါမောက္ခဝမ်၏ ဖုန်းနံပါတ်ကို နှိပ်နေရင်း ရွှီပေါ်အန်းက ဆက်ပြောလိုက်လေ၏။
"အစကတော့ ခင်ဗျားကို ရှေးဟောင်းသုတေသန ကျွမ်းကျင်သူလို့ ကျွန်တော် ထင်ထားခဲ့တာ ပါမောက္ခဝမ်...။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော်တို့ ဆောက်လုပ်ရေး နယ်ပယ်ရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်နေမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး...။"
ပါမောက္ခဝမ်က ရှင်းပြလိုက်လေသည်။
"ကျွန်တော့်ရဲ့ အထူးပြု ဘာသာရပ်က ရှေးဟောင်း အဆောက်အအုံ သုတေသနပါ...။ လွန်ခဲ့တဲ့ နှစ်ရက်လောက် က ကျန်းကျိုးမှာ သုတေသန စီမံကိန်းတစ်ခုအတွက် ပရော်ဖက်ဆာလျန်နဲ့ လိုက်ပါသွားတုန်း ဒီကိစ္စ ဖြစ်လာတာ နဲ့ ကျွန်တော်တို့ အတူတူ လာခဲ့ကြတာပါ...။"
ရွှီပေါ်အန်း စပ်စုလိုစိတ်ဖြင့် မေးလိုက်လေ၏။
"ဒါနဲ့ လောင်လျန်က ဘယ်သူလဲ...။"
ပါမောက္ခဝမ်က ခေါင်းခါလိုက်ပြီး အားနာဟန်ဖြင့် ပြောလိုက်လေသည်။
"နောက်မှ သူ ကိုယ်တိုင် ပြောပြပါလိမ့်မယ်...။ သူ့ခွင့်ပြုချက် မရှိဘဲ ကျွန်တော် ဘာမှ ပြောလို့မရလို့ပါ...။ တောင်းပန်ပါတယ်ဗျာ...။"
ဤစကားကို ကြားသောအခါ ရွှီပေါ်အန်း မျက်ခုံးပင့်လိုက်ပြီးနောက် ရင်ထဲမှလှိုက်ကာ ရယ်မောလိုက်လေ၏။
"ခင်ဗျားကတော့ သဘောကောင်းလွန်းပါတယ်...။ ကျွန်တော် နားလည်ပါပြီ...၊ ခင်ဗျားတို့ အလုပ်ဆက်လုပ် ကြပါဦး... ကျွန်တော်...။"
ရွှီပေါ်အန်း စကားပြော၍ မဆုံးသေးမီမှာပင် ဘွန်ဆိုင်းကမ္ဘာအတွင်းမှ လန့်ဖြတ်တကြား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"မီး... မီးလောင်နေပြီ...။ ကယ်ကြပါဦး...၊ မီးလာငြှိမ်းကြပါဦး...။"
အခန်း (၁၀၄)
ထူးဆန်းသော မီးငြှိမ်းသတ်နည်း
*ဘွန်ဆိုင်းအလှပင် မီးလောင်နေတာလား…။*
ထိုစကားကို ကြားလိုက်ရသောအခါ ရွှီပေါ်အန်း၏ ရင်ထဲ၌ ထိတ်လန့်သွားခဲ့လေ၏။
ဘွန်ဆိုင်းကမ္ဘာအတွင်း မြင်တွေ့ရသော ဧရိယာအများစုမှာ သစ်တောများ ဖုံးလွှမ်းနေခြင်း ဖြစ်လေသည်။ နှစ်ပေါင်းများစွာ မိုးခေါင်ရေရှားဖြစ်ပြီးနောက် မရေမတွက်နိုင်သော သစ်ပင်သေများ ကျန်ရစ်နေခဲ့သဖြင့် ၎င်းတို့မှာ မီးလောင်လွယ်လှပြီး ကြီးမားကျယ်ပြန့်သော တောမီးလောင်ကျွမ်းမှုကို ဖြစ်စေရန် အလွန်ပင် လွယ်ကူလှပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်ငြားလည်း အချိန်တိုအတွင်း ရွာသွန်းခဲ့သော မိုးရေမှာ ပြင်းထန်သော မိုးခေါင်ရေရှားမှုကို ဖြေရှင်းရန် လုံလောက်မှု မရှိခဲ့ချေ။
ထို့အပြင် ရွှီပေါ်အန်းက ခေါင်ရှန်းရွာမှ ရွာသားများအား ပေးသနားထားသော နေအိမ်များမှာ သစ်သား တူလို မြေနံရံအိမ်ရာများ ဖြစ်လေသည်။ ၎င်းတို့ကို ပြုပြင်မွမ်းမံထားပြီး ပွန်းပဲ့ခြင်းနှင့် ဆွေးမြည့်ခြင်းတို့ကို ခံနိုင်ရည် ရှိသော်လည်း မီးသည် သစ်သားပစ္စည်းများ၏ ထာဝရရန်သူ ဖြစ်နေဆဲပင်။
အကယ်၍ ဤနေရာတွင် မီးလောင်ကျွမ်းသွားပါက တိုးတက်စည်ပင်သော ဖွံ့ဖြိုးရေးလမ်းကြောင်းအကြောင်းကို မည်သို့ ပြောနိုင်ပါမည်နည်း။ လုံးဝ ပြောင်သလင်းခါနေသော မြေရိုင်းပြင်ကြီးနှင့် ရင်ဆိုင်ရမည်မှာ သေချာသ လောက်ပင် ဖြစ်လေ၏။
တစ်ဖက်တွင် ရှိနေသော ပါမောက္ခဝမ်သည် ရွှီပေါ်အန်း စကားပြောရင်း တစ်ဝက်တစ်ပျက်ဖြင့် ရုတ်တရက် ရပ်တန့်သွားကာ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်လေသည်။
ပါမောက္ခဝမ်က စိုးရိမ်တကြီးဖြင့် ပြောလာခဲ့လေသည်။
"မစ္စတာရွှီ... နေကောင်းရဲ့လား...၊ ကျွန်တော် ထင်တာတော့ ခင်ဗျား ဆေးရုံသွားပြီး စစ်ဆေးကြည့်သင့်တယ်...။"
ရွှီပေါ်အန်းက လက်ကာပြလိုက်ပြီး စကားပြောလိုက်လေသည်။
"တောင်းပန်ပါတယ်... ကျွန်တော် အမူအရာပျက်သွားတယ်...။ ဒါက ကျွန်တော့်ရဲ့ ရောဂါဟောင်းပါ...။ အလုပ် များလွန်းလို့ ခေါင်းနည်းနည်း မူးသွားတာပါ... ။ ခဏနားလိုက်ရင် ကောင်းသွားမှာပါ...။"
ပါမောက္ခဝမ်က စိုးရိမ်တကြီးဖြင့် ကမန်းကတန်း ပြောလာပြန်လေသည်။
"အို... ဒါဆိုရင် ကျွန်တော် ခင်ဗျားကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး...။ ခင်ဗျား ခဏလောက် နားသင့်တယ်... ။ အရမ်း ပင်ပန်းနေမှာပဲ...၊ ကျွန်တော်တို့ နောက်နေ့မှ ဆက်ပြောကြတာပေါ့...။ အချိန်မရွေး ဆက်သွယ်လိုက် ပါ...။"
ရွှီပေါ်အန်းက ပြုံး၍ ယဉ်ကျေးစွာ နှုတ်ဆက်စကား အနည်းငယ် ဆိုပြီးနောက် အလျင်အမြန် ထွက်ခွာလာခဲ့လေ သည်။ သူသည် စီမံကိန်း ဧည့်ရိပ်သာသို့ သွားကာ အခန်းတစ်ခန်း တောင်းပြီး တံခါးကို သော့ခတ်၍ ဘွန်ဆိုင်းကို ဆင့်ခေါ်လိုက်လေသည်။
ဘွန်ဆိုင်းအတွင်း၌ အရာအားလုံးသည် ပုံမှန်အတိုင်းပင် ဖြစ်နေသဖြင့် ရွှီပေါ်အန်း သက်ပြင်းချကာ စိတ်အေး သွားခဲ့ရလေသည်။
ထို့နောက် သူသည် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် စတင် လေ့လာကြည့်လေတော့၏။
ထိုလူပုလေးသည် အော်ဟစ်ဆူညံနေခဲ့ရာ သူ့ကို နှလုံးရောဂါရလုမတတ် ဖြစ်စေခဲ့လေသည်။
အမှန်တကယ်တော့ ရွှီပေါ်အန်းသည် တောင်စောင့်နတ်မင်း၏ တောင်လှန်တံဆိပ်တုံး မှော်အတတ်ကို အသက် သွင်းပြီးနောက် ဘွန်ဆိုင်းကို ဆင့်ခေါ်ခြင်း မပြုဘဲနှင့်ပင် ဘွန်ဆိုင်းထဲရှိ လူပုလေးများနှင့် ကျွမ်းကျင်စွာ ဆက်သွယ်နိုင်နေပြီ ဖြစ်ပေသည်။
သို့သော် ဘွန်ဆိုင်းကို ကိုယ်တိုင် မျက်စိဖြင့် ကြည့်ရှုလေ့လာလေ့ရှိသော ရွှီပေါ်အန်းအတွက်မူ တစ်ချက်လောက် ကြည့်လိုက်ရမှသာ ပို၍ စိတ်သက်သာရာရမည်ဟု ထင်မှတ်နေဆဲပင်။
ထို့အပြင် တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းရှိ နေရာမှလွဲ၍ ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာကို ဝင်ရောက် စွက်ဖက်လိုပါက ကိုယ်တိုင် လုပ်ဆောင်ရမည်သာ ဖြစ်လေ၏။
တစ်နေ့တွင် ဘွန်ဆိုင်းကို ဆင့်ခေါ်စရာမလိုဘဲ တောင်စောင့်နတ်မင်း နတ်ကွန်းကဲ့သို့ပင် ဘွန်ဆိုင်းကမ္ဘာတစ်ခုလုံး ကို သူ၏ စိတ်ထဲတွင် မြင်ယောင်နိုင်မည်ဆိုပါက အလွန် အဆင်ပြေပေလိမ့်မည်။
တောင်စောင့်နတ်မင်း နတ်ကွန်းအကြောင်းကို တွေးနေစဉ်မှာပင် ရွှီပေါ်အန်း၏ အာရုံသည် မသိမသာ ထိုနေရာသို့ စူးစိုက်သွားခဲ့လေသည်။
နောက်တစ်ခဏတွင် ရွှီပေါ်အန်းသည် တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းရှိ မြင်ကွင်းကို တွေ့လိုက်ရလေ၏။
ထို့နောက် ရွှီပေါ်အန်း အလန့်တကြားဖြစ်ကာ ထခုန်မိမတတ် လန့်သွားခဲ့လေသည်။
နတ်ကွန်းသည် မီးတိမ်များ လွှမ်းခြုံနေသော ကြည်လင်သည့် နွေရာသီ ညနေခင်းကဲ့သို့ နီရဲကာ မီးဟုန်းဟုန်း တောက်လောင်နေခဲ့လေ၏။
*ဘုရားရေ...။ မီးလောင်နေသော နေရာမှာ အမှန်တကယ်တော့ သူ၏ တောင်စောင့်နတ်မင်း နတ်ကွန်းပင် ဖြစ်နေချေသည်…။*
ရွှီပေါ်အန်း၏ အမြင်အာရုံတွင် မီးတောက်များသည် သူ၏ နှာခေါင်းထိပ်ကိုပင် လောင်ကျွမ်းလုနီးပါး ဖြစ်နေခဲ့ လေ၏။
၎င်းမှာ မဖြစ်နိုင်မှန်း သူ သိထားသော်လည်း ရွှီပေါ်အန်းမှာ အလွန်တရာ ထိတ်လန့်နေဆဲဖြစ်ပြီး ချွေးစေးများပင် ပျံလာခဲ့လေသည်။
တကယ့် မီးလောင်ပြင်ထဲတွင် ရောက်နေသကဲ့သို့ ခံစားလိုက်ရလေ၏။
ဤအချိန်တွင် နတ်ကွန်းမှာ မီးကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
တံခါးများနှင့် ပြတင်းပေါက်များမှတစ်ဆင့် နတ်ကွန်းခြံဝင်းအတွင်း လောင်ကျွမ်းနေသော မီးကို ငြှိမ်းသတ်ရန် ရုန်းကန်နေကြသည့် လီချိန်းရှီနှင့် အခြား လူပုလေးတစ်ယောက်ကို ရွှီပေါ်အန်း ဝိုးတဝါး မြင်လိုက်ရလေသည်။
သေချာစွာ ကြည့်လိုက်သောအခါ အခြားတစ်ယောက်မှာ ဝံပုလွေများ၏ လျက်ခြင်းကို ခံခဲ့ရသော နှာခေါင်းပိုင် ရှင် ရွာမှ မုဆိုးအိုကြီး လီဝူးဖူ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
ထိုသူနှစ်ဦးသည် အဝတ်စုတ်များနှင့် သစ်သားဇလုံများကို ကိုင်ဆောင်ကာ ရေများပက်၍ မီးကို ရိုက်ချငြှိမ်းသတ် ရန် ကြိုးပမ်းနေကြလေသည်။
မီးသည် တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းရှိ အဝတ်ကုလားကာများနှင့် စက္ကူပြတင်းပေါက်များကို အဓိက လောင်ကျွမ်းနေခြင်း ဖြစ်လေ၏။
ထို့အပြင် အချို့သော ကောက်ရိုးဖျာများနှင့် ဆုတောင်းပတ္ထနာပြုရာ အခင်းများမှာ ပြာအဖြစ်သို့ ပြောင်းသွား သည်မှာ ကြာပြီဖြစ်ကာ နတ်ကွန်းကို ထောက်မထားသော တိုင်လုံးကြီးအချို့ပင် တစ်စိတ်တစ်ပိုင်း လောင်ကျွမ်း နေခဲ့လေပြီဖြစ်သည်။
ဤသည်မှာ လုံးဝကို မယုံနိုင်စရာပင်... မည်သို့များ မီးလောင်ရသနည်း။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီပေါ်အန်းမှာ စိုးရိမ်တကြီးဖြစ်သွားပြီး တောင်စောင့်နတ်မင်း နတ်ကွန်း၏ မြင်ကွင်းမှ အလျင်အမြန် ဆုတ်ခွာလိုက်လေသည်။
ဘေးဘက်တွင် ထားရှိသော မီးသတ်ဘူးကို မြင်သောအခါ ရွှီပေါ်အန်းက အလိုအလျောက် လှမ်းယူလိုက်မိပြီးမှ ဤဘွန်ဆိုင်းကမ္ဘာ၏ ထူးခြားချက်များကို သတိရသွားခဲ့လေ၏။
အကယ်၍ မီးသတ်ဆေးများ သူတို့အပေါ် ပန်းကျသွားပါက လူပုလေးများ ဒုက္ခကြီးစွာ ရောက်ပေလိမ့်မည်။
သူ၏ အကြည့်များ ရွေ့လျားသွားပြီး တီဗွီစင်ပေါ်ရှိ ပက်ပစီ၊ လယ်သမားစမ်းရေနှင့် ဝါဟားဟား ဒိန်ချဉ်တို့ကို သတိပြုမိလိုက်သောအခါ သူ၏ မျက်လုံးများ အရောင်လက်သွားလေတော့သည်။
မူလက ဧည့်ရိပ်သာတွင် ရေသန့်ဘူးနှင့် အသင့်စားခေါက်ဆွဲများကိုသာ ထားရှိပေးသော်လည်း လက်ရှိ ရုံးခန်း၏ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ လျှိုဝေ၏ ဦးလေးသည် အချိုရည် လက်ကားဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်ထားသည် ဟု ဆိုလေ၏။
ထို့ကြောင့် ဧည့်ရိပ်သာတွင် လွန်ခဲ့သော လအနည်းငယ်အတွင်း အချိုရည်နှင့် ဒိန်ချဉ်အမျိုးမျိုးကို ဖြည့်တင်းထား ခဲ့လေသည်။
ဆိုဖွယ်ရာပင် မရှိတော့...။ ကန်တင်းတွင် နေ့လယ်စာနှင့် ညစာအတွက် ဟင်းချိုကျွေးခြင်းကိုပင် ရပ်နားလိုက်ပြီး အချိုရည်များဖြင့် အစားထိုးလိုက်သည်ဟုပင် ကြားသိရလေသည်။
ရာသီဥတု ပူနွေးလာသောအခါ တာ့ယောင်၊ ပင်းဖုန်း၊ တာ့ပိုင်လီနှင့် ပေပင်းယန်စသည့် အချိုရည် အမျိုးမျိုးက အလှည့်ကျ ရောက်ရှိလာလေသည်။ ရာသီဥတု ဆိုးရွားသောအခါတွင်မူ ကိုလာနှင့် ဂျင်းပြုတ်ရည်ကို သောက်သုံး ကြရလေသည်။
ကိုလာကို မြင်လိုက်ရသောအခါ ရွှီပေါ်အန်း၏ စိတ်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြတ်သန်းသွားခဲ့ လေသည်။
ကုမ္ပဏီမှ မီးသတ်ကျွမ်းကျင်သူတစ်ဦးကို ဖိတ်ခေါ်၍ ဟောပြောပွဲ ပြုလုပ်စဉ်က မီးသတ်ဘူး မရှိပါက မီးငြှိမ်း သတ်ရန် ကိုလာကို အသုံးပြုနိုင်ကြောင်း ထိုကျွမ်းကျင်သူက ပြောပြခဲ့ဖူးလေသည်။
ရွှီပေါ်အန်းသည် ဘာမျှမတွေးတော့ဘဲ ဆိုဒါဘူးတစ်ဘူးကို ကောက်ကိုင်ကာ ပြင်းပြင်းထန်ထန် လှုပ်ခါလိုက်ပြီး ဘူးအဖုံးကို အလျင်အမြန် လှည့်ဖွင့်ကာ တောင်စောင့်နတ်မင်း နတ်ကွန်းဆီသို့ ပန်းထုတ်လိုက်လေတော့၏။
...
ဘွန်ဆိုင်းကမ္ဘာ အတွင်း၌ကား...
လီချိန်းရှီနှင့် လီဝူးဖူတို့သည် မူလက နတ်ကွန်းကို သန့်ရှင်းရေးလုပ်ရန် ဤနေရာသို့ တက်လာရန် စီစဉ်ထားခဲ့ကြ ခြင်း ဖြစ်လေသည်။
သူတို့သည် ကမ်းပါးယံကို တွယ်တက်၍ တောင်စောင့်နတ်မင်း နတ်ကွန်း၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်လိုက် သည်နှင့် ပြတင်းပေါက်များမှ အရပ်မျက်နှာ အနှံ့အပြားသို့ မီးတောက်များ လွင့်ပျံနေသည်ကို တွေ့လိုက်ကြရလေ သည်။
သူတို့နှစ်ဦးမှာ အလွန်တရာ ထိတ်လန့်သွားကြပြီး အဝတ်စုတ်များနှင့် ရေပုံးများကို အလျင်အမြန် ကောက်ကိုင် ကာ ခြံဝင်းအတွင်းရှိ ရေအိုင်များထဲမှ ကျန်ရှိနေသော ရေများကို အသုံးပြု၍ မီးကို ငြှိမ်းသတ်နေကြလေသည်။
သို့သော် မီးမှာ လျော့ပါးသွားမည့် အရိပ်အယောင်မျှပင် မပြခဲ့ချေ။
အခြေအနေ မဟန်သည်ကို မြင်သောအခါ လီဝူးဖူက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
"မီးကို ငြှိမ်းသတ်မယ်ဆိုရင် အပြီးအပိုင် ငြှိမ်းသတ်ရမယ်... ။ ငါတို့ အခုလုပ်နေတာ အချိန်ဖြုန်းနေတာပဲ... ။ ဒီအတိုင်း ဆက်သွားရင် တောင်စောင့်နတ်မင်းကြီးရဲ့ နတ်ကွန်းတော့ မီးလောင်သွားလိမ့်မယ်...။ ကျောက်တုံး လေး... သွားပြီး အကူအညီခေါ်ချေ...။ ဒီနေရာက မီးတောက်တွေကို ငါ ထိန်းထားလိုက်မယ်...။"
လီချိန်းရှီကလည်း အခြေအနေများ ဤအတိုင်း ဆက်သွား၍ မဖြစ်နိုင်ကြောင်းကို သဘောပေါက်လိုက် လေသည်။
မည်သို့ပင်ဖြစ်စေ ဤတောင်စောင့်နတ်မင်း နတ်ကွန်းသည် အတော်အတန် ကြီးမားလှပေသည်။ မီးငြှိမ်းသတ်ရာ တွင် သူတို့နှစ်ဦး လွှမ်းခြုံနိုင်သော ဧရိယာမှာ တံခါးနှစ်ချပ်စာခန့်သာ ရှိလေ၏။ မီးကို ငြှိမ်းသတ်ရန်မှာ ပင်လယ် ထဲသို့ ရေတစ်စက် ချသကဲ့သို့သာ ဖြစ်နေလေသည်။
လီချိန်းရှီသည် အပြင်ဘက်ရှိ ကမ်းပါးယံဆီသို့ ကမန်းကတန်း ပြေးသွားပြီး တောင်အောက်သို့ အကျယ်ကြီး အော်ဟစ်လိုက်လေ၏။
သို့သော် လီချိန်းရှီမှာ မကြာမီမှာပင် စိတ်ပျက်သွားခဲ့ရသည်။ အကွာအဝေးမှာ အလွန် ဝေးကွာလွန်းသဖြင့် တောင်ခြေရှိ လူများသည် သူ၏ အသံကို လုံးဝ မကြားနိုင်ကြပေ။
လီချိန်းရှီသည် မီးငြှိမ်းသတ်ရန် အကူအညီရှာဖွေရန် တောင်အောက်သို့ ဆင်းပြီးမှ ပြန်တက်လာချင်သော်လည်း အချိန် လုံလောက်မှု မရှိနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် လီဝူးဖူ တစ်ယောက်တည်းဖြင့် အရှေ့အနောက် ပြေးလွှားကာ မီးပြန့်ပွားမှုကို မည်သို့မျှ ထိန်းချုပ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်လေသည်။ မီးမှာ ပို၍ပို၍ ကြီးမားလာနိုင်ပြီး သူ ပြန်မတက်လာနိုင်မီ မှာပင် တောင်စောင့်နတ်မင်း နတ်ကွန်းကြီး မီးလောင်ပြာကျသွားနိုင်ပေသည်။
မတတ်သာသည့်အဆုံး လီချိန်းရှီ ပြန်လာပြီး လီဝူးဖူနှင့်အတူ မီးကို ဝိုင်းငြှိမ်းရင်း ပြောလိုက်လေသည်။
"ဘာမှ အသုံးမဝင်ဘူး ဦးလေးဝူးဖူ...။ တောင်အောက်က လူတွေ ကျွန်တော်တို့ အသံကို လုံးဝ မကြားနိုင်ကြဘူး ...။"
လီဝူးဖူသည် အံကို တင်းတင်းကြိတ်ကာ သူ ယခုလေးတင် ခပ်ယူလာသော ရေတစ်ဇလုံကို မီးပင်လယ်ထဲသို့ အားကုန်ခဲ၍ ပက်ထည့်လိုက်ရင်း ပြောလေ၏။
"မဖြစ်ဘူး... တောင်စောင့်နတ်မင်းကြီးက ငါ့အသက်ကို ကယ်တင်ခဲ့တာ.... တောင်စောင့်နတ်မင်းကြီးရဲ့ နတ်ကွန်း ပြာကျသွားတာကို ငါ လက်ပိုက်ကြည့်မနေနိုင်ဘူး...။"
ရေပက်ရင်းဖြင့် လီချိန်းရှီကလည်း အကူအညီမဲ့စွာ ပြောလာခဲ့လေသည်။
"ဟုတ်တယ်...။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်တို့ ဘာလုပ်နိုင်မှာလဲ...။ တောင်စောင့်နတ်မင်းကြီး အချိန်မီ ကိုယ်ထင်ပြမှပဲ ရတော့မယ်...။"
သူ၏ ပါးစပ်မှ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အရိပ်တစ်ခုက နတ်ကွန်းပတ်ဝန်းကျင်ကို ရုတ်တရက် လွှမ်းခြုံ သွားလေတော့သည်။
လီချိန်းရှီနှင့် လီဝူးဖူတို့သည် လောင်မြိုက်နေသော နေရောင်အောက်ရှိ မီးလောင်ပြင်တွင် အချိန်အတန်ကြာ အလုပ်လုပ်နေခဲ့ကြရာ ချွေးများဖြင့် ရွှဲရွှဲစိုနေခဲ့ပြီ ဖြစ်သည်။ ရုတ်တရက် အေးမြသော အရိပ်အာဝါသကို ခံစားလိုက်ရသဖြင့် မသိမသာ မော့ကြည့်လိုက်ကြရာ အံ့အားသင့်သွားကြလေတော့၏။
တိမ်တိုက်နှင့်လည်းတူ ရေပူဖောင်းနှင့်လည်းတူသော ထူးဆန်းသည့် အရာတစ်ခု လေထဲတွင် ပေါ်လာခဲ့လေ သည်။
ထို့နောက် ပူဖောင်းနှင့်တူသော တိမ်တိုက်များသည် တိမ်လွှာများထဲမှ ရုတ်တရက် တည့်မတ်စွာ ကျဆင်းလာခဲ့ ပြီး ပြင်းထန်သော တုန်ခါမှုလှိုင်းတစ်ခု ချက်ချင်း ချဉ်းကပ်လာခဲ့လေ၏။
လီချိန်းရှီနှင့် လီဝူးဖူတို့သည် သူတို့အပေါ်သို့ အေးမြသော လေပြေများ တိုက်ခတ်လာသည်ကို ခံစားလိုက်ရသော် လည်း သူတို့ ဘာမျှမလုပ်နိုင်မီမှာပင် တိမ်တိုက်ကြီးတစ်ခုက ပြင်းထန်စွာ ဝင်တိုက်သွားလေတော့သည်။
ထို့နောက် သူတို့နှစ်ဦးသည် ခန္ဓာကိုယ်ထဲသို့ အအေးဓာတ်တစ်ခု စိမ့်ဝင်သွားသည်ကို ရုတ်တရက် ခံစားလိုက် ရပြီး နောက်တစ်ခဏတွင် သူတို့၏ အမြင်အာရုံများ ဝေဝါးသွားခဲ့လေ၏။
သူတို့နှစ်ဦး မျက်လုံးများ ပြန်ဖွင့်ကာ အမြင်အာရုံများ ပြန်လည် ကြည်လင်လာသောအခါ မြေပြင်အနှံ့တွင် ရေများနှင့် ပူဖောင်းများကို တွေ့လိုက်ကြရလေသည်။
တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းရှိ မီးတောက်များလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ ထင်ရှားစွာပင် မီးငြိမ်းသွားခဲ့ပြီ ဖြစ်လေ၏။
လီချိန်းရှီနှင့် လီဝူးဖူတို့သည် တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြရာ နှစ်ယောက်စလုံး အရိုးထဲ ထိ စိမ့်ဝင်မတတ် ရွှဲရွှဲစိုနေကြလေပြီ။
"ကျောက်တုံးလေး...ဒါက ဘာကြီးလဲ...။"
လီချိန်းရှီက ခေါင်းယမ်းလိုက်ပြီး ဆိုလေသည်။
"ကျွန်တော် မသိဘူး...။ ဒါပေမဲ့ ဒါက တောင်စောင့်နတ်မင်းကြီးရဲ့ တန်ခိုးပြာဋိဟာပဲ ဖြစ်ရမယ်...။ သာမန်လူ တစ်ယောက်က ဘယ်လိုလုပ် ဒီလို ပြင်းထန်တဲ့ စွမ်းအားကို ဆင့်ခေါ်နိုင်မှာလဲ...။"
လီဝူးဖူက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကာ နှုတ်ခမ်းကို သပ်ရင်း ပြောလိုက်လေသည်။
"နတ်ဘုရားတွေဆီက အရာတွေက အတော်လေး ချိုတာပဲ...။ အရင်က ရေလည်း ချိုတယ်...။ အခု ဒီတိမ်တိုက် တွေကလည်း ချိုနေပြန်ပြီ...။"
လီချိန်းရှီလည်း အလျင်အမြန် လျက်ကြည့်လိုက်ရာ တကယ်ပင် အလွန်တရာ ချိုမြိန်သော အရသာက သူ၏ အရသာခံအာရုံများကို နိုးဆွပေးသွားလေ၏။
"ဘုရားရေ... နတ်ဘုရားတွေရဲ့ ကမ္ဘာက ဘယ်လိုမျိုးများ ဖြစ်နေမလဲ...။ သေချာပေါက် အများကြီး သာယာ ကြည်နူးစရာ ကောင်းနေမှာပဲ...။"
လီဝူးဖူက သူ၏ အဝတ်အစားများမှ ရေကို ညှစ်ချလိုက်ပြီး အလျင်အမြန် ပြောလိုက်လေသည်။
"ကဲပါ... နတ်ကွန်းထဲကို အရင်ဝင်ပြီး ဘာတွေဖြစ်နေလဲ သွားကြည့်ကြရအောင်...။ ဒီအဝတ်အစားတွေက နည်းနည်း စေးကပ်နေပြီ...။"
လီချိန်းရှီကမူ ဂရုစိုက်ပုံ မပေါ်ချေ။ သူသည် နှုတ်ခမ်းကို ထပ်လျက်လိုက်ပြီး ကျေနပ်စွာဖြင့် သက်ပြင်းချကာ လီဝူးဖူ၏ နောက်မှ လိုက်ဝင်သွားလေတော့သည်။
ရွှီပေါ်အန်း၏ အကြည့်များမှာ တောင်စောင့်နတ်မင်း နတ်ကွန်းဆီသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားခဲ့လေ သည်။
တောင်စောင့်နတ်မင်း နတ်ကွန်းမှာ ဖရိုဖရဲ ဖြစ်နေခဲ့လေသည်။
အဝတ်ကုလားကာများနှင့် ကောက်ရိုးဖျာများမှာ ပြာအဖြစ်သို့ ပြောင်းသွားသည်မှာ ကြာပြီဖြစ်သည်။
တိုင်လုံးကြီး နှစ်တိုင်မှာလည်း မီးလောင်ထားသကဲ့သို့ လုံးဝ မည်းနက်နေခဲ့လေသည်။
နံ့သာပူဇော်ရာ စားပွဲမှာမူ မူလအရွယ်အစား၏ ထက်ဝက်ခန့်သာ ကျန်ရှိသည်အထိ လောင်ကျွမ်းသွားခဲ့လေပြီ။
တံခါးများနှင့် ပြတင်းပေါက်များပေါ်ရှိ စက္ကူများမှာလည်း လောင်ကျွမ်းသွားခဲ့သည်မှာ ကြာပြီဖြစ်ကာ အတော် လေး အထီးကျန်ဆန်ပုံပေါ်သော ဗလာကျင်းနေသည့် အနက်ရောင် အကြွင်းအကျန်များကိုသာ ချန်ရစ်ထားခဲ့လေ တော့သည်။
"တောင်စောင့်နတ်မင်းကြီး... ကျွန်တော်မျိုး လီဝူးဖူက အရှင်မင်းကြီးရဲ့ နတ်ကွန်းကို သေချာ မကာကွယ်နိုင်ခဲ့လို့ မီးလောင်သွားရတာပါ...။ အရှင်နတ်မင်းကြီးရဲ့ ရုပ်ပွားတော်တောင် မီးခိုးတွေကြောင့် မည်းနက်သွားခဲ့ရပါပြီ...။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ တောင်စောင့်နတ်မင်းကြီး...။"
ရွှီပေါ်အန်းသည် အသံလာရာဘက်သို့ ကြည့်လိုက်ရာ လီဝူးဖူတစ်ယောက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ မျက်ရည်များ စီးကျလျက် နာကျင်စွာဖြင့် အကြိမ်ကြိမ် ဦးချနေသည်ကို တွေ့လိုက်ရလေတော့သည်။
သူ၏ မျက်နှာတစ်ပြင်လုံး အနက်ရောင် ပြာများ ပေကျံနေပြီး မျက်ရည်များ စီးကျနေသဖြင့် အရောင်များမှာ အဖြူနှင့် အနက် ရောထွေးနေခဲ့လေသည်။
သူ၏ အတော်အတန် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာမှာ ပို၍ပင် ကြောက်စရာကောင်းလာခဲ့ပြီး ရွှီပေါ်အန်း ကိုပင် အနည်းငယ် လန့်သွားစေခဲ့လေသည်။
*သူက သိပ်ကို သနားဖို့ကောင်းတဲ့ လူပါလား...။ သူ့ကို ကူညီပေးချင်လိုက်တာ...။*
ရွှီပေါ်အန်းသည် အမွှေးတိုင် ပူဇော်မှု စွမ်းအား၏ အတက်အကျ အပြောင်းအလဲများကို မခံစားနိုင်သဖြင့် သူ၏ စိတ်ကူးကို အကောင်အထည်ဖော်ရန် အနည်းငယ် ခက်ခဲနေသည့်ပုံပေါ်လေသည်။
"ကဲပါ လီဝူးဖူ...၊ ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ပါဘူး...။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့တော့...၊ ထပါ...။"
ရွှီပေါ်အန်းက ညင်သာစွာ ပြောလိုက်ပြီး လီဝူးဖူကို ထူမရန် လက်လှမ်းလိုက်လေ၏။
လီဝူးဖူသည် မမြင်ရသော စွမ်းအားတစ်ခုက သူ့ကို ချက်ချင်း မတင်လိုက်သည်ကို ခံစားလိုက်ရပြီး တောင်စောင့် နတ်မင်းကြီး၏ စကားကို ကြားသောအခါ သူသည် ပို၍ပင် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်တော်မျိုး လီဝူးဖူ ကျိန်ဆိုပါတယ်...။ ကျွန်တော်မျိုး အရှင်နတ်မင်းကြီး အတွက် ရွှေရောင်ရုပ်ပွားတော် သွန်းလုပ်ပြီး တစ်လအတွင်း နတ်ကွန်းတစ်ခု တည်ဆောက်ပေးပါ့မယ်...။"
လီချိန်းရှီကလည်း မနေနိုင်တော့ဘဲ ဝင်ပြောလိုက်လေ၏။
"ကျွန်တော့်ကိုပါ ထည့်တွက်ပေးပါ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ အရှင်နတ်မင်းကြီးရဲ့ ကျေးဇူးကို ကျွန်တော် ဘယ်တော့မှ ပြန်မဆပ်နိုင်ခဲ့ပါဘူး...။ ဒီနေ့ ဦးလေးဝူးဖူနဲ့ ကျွန်တော်က အရှင်မင်းကြီးရဲ့ နတ်ကွန်းကို ပြန်ဆောက်ပြီး ရွှေရောင်ရုပ်ပွားတော်ကို ပြန်လည်သွန်းလုပ်ပေးမယ်လို့ ကျိန်ဆိုပါတယ်...။"
ရွှီပေါ်အန်းက သက်ပြင်းချကာ ပြောလိုက်လေသည်။
"ကောင်းပြီလေ...၊ ဒီကိစ္စက အရေးမကြီးသေးပါဘူး...။ ဒီ မီးလောင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့နှစ်ယောက် ဘယ်လိုထင်လဲလို့ ငါ မေးချင်တယ်...။ ဒီနေရာက ဘယ်လိုလုပ် ရုတ်တရက် မီးလောင်သွားရတာလဲ...။"
လီချိန်းရှီက ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး... လွန်ခဲ့တဲ့ နာရီဝက်လောက်က ကျွန်တော်တို့ ဒီနေရာကို တက်လာတဲ့အချိန် မှာ မီးလောင်နေနှင့်ပြီ...။ မီးလောင်တဲ့နေရာကို ကျွန်တော်တို့ မစစ်ဆေးရသေးပါဘူး...။"
လီဝူးဖူက မနီးမဝေးရှိ ဆီမီးခွက်ကို ကြည့်လိုက်ပြီး ပြောလေသည်။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး... ဒီမီးလောင်ရတဲ့ အကြောင်းရင်းက ဆီမီးခွက်ကြောင့်လို့ ကျွန်တော်မျိုး သံသယရှိပါတယ်...။"
ရွှီပေါ်အန်း အံ့အားသင့်သွားပြီးနောက် ခါးသက်သက် ပြုံးလိုက်မိလေသည်။
*အရာရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ ငါတကယ်ပဲ အခြေအနေတွေထဲမှာ အရမ်း နစ်မြုပ်နေခဲ့တာပဲ...။*
လီချိန်းရှီကမူ နားမလည်နိုင်သေးဘဲ ဝေခွဲမရစွာဖြင့် မေးလိုက်လေသည်။
"ဦးလေးဝူးဖူ...၊ ဘာဖြစ်လို့ ဆီမီးခွက်လဲ...။"