← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅)

ဘွန်ဆိုင်းထဲသို့ ပျံသန်းဝင်ရောက်သွားသော ခြင်ကလေး

*မင်းကတော့ တကယ့် ငတုံးပဲ...။*

​ရွှီပေါ်အန်းသည် လီဝူးဖူ၏ စကားကို ကြားလိုက်ရချိန်တွင် စိတ်ထဲ၌ မသိမသာ ကျိန်ဆဲမိသွားခဲ့လေသည်။ လီဝူးဖူ ကမူ ဘာမှမသိဘဲ ဟိတ်ဟန်မရှိ ပွင့်ပွင့်လင်းလင်းပင် ပြောနေခဲ့သေး၏။

“ဘာလို့လဲဆိုတော့ ဒီမှာက မီးရနိုင်တဲ့ တစ်ခုတည်းသော အရင်းအမြစ်က ဆီမီးခွက်ပဲ ရှိတာကိုး...။”

ထိုအခါမှ လီချိန်းရှီသည် ရုတ်တရက် သတိဝင်လာဟန်ဖြင့် နောင်တရသလို ရေရွတ်လိုက်လေသည်။

“ဟုတ်သားပဲ...၊ ငါ ဒါကို ဘာလို့ ကြိုမတွေးမိပါလိမ့်...။”

လီဝူးဖူက ခေါင်းကို ခါယမ်းလိုက်ရင်း ဆက်လက် ရှင်းပြနေပြန်၏။

“သီအိုရီအရတော့ ဒါက မှန်တာပေါ့။ ကြည့်လေ...၊ ဆီမီးခွက်ရဲ့ ကျန်နေတဲ့ မီးစာက ဒီတဲအောက် တည့်တည့်မှာ ရှိနေတာ။ ဆီမီးခွက်ကနေ တဲကို မီးကူးပြီးမှ ဒီမီးလောင်မှုကြီး ဖြစ်သွားတာ ဖြစ်နိုင်ခြေ အများဆုံးပဲ။ ဒါပေမဲ့ ငါ တစ်ခုတော့ နားမလည်နိုင်သေးဘူး...။”

“ဟင်... ဘာများလဲ...။”

လီချိန်းရှီက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။

လီဝူးဖူက ဘေးနားရှိ အမွှေးတိုင် စားပွဲဆီသို့ ညွှန်ပြရင်း...၊

“ငါ ထူးဆန်းနေတာက... ဒီဆီမီးခွက်ဟာ တောင်စောင့်နတ်မင်းကြီး ရုပ်ပွားတော်အောက်က အမွှေးတိုင် စားပွဲ ပေါ်မှာ ရှိနေရမှာလေ။ ဒါက ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရုတ်တရက်ကြီး ပြုတ်ကျလာရတာလဲ။ ဟိုမျောက်တွေ ကများ လုပ်လိုက်တာလား...။”

ထိုစကားကို ကြားသောအခါ လီချိန်းရှီကလည်း ချက်ချင်းပင် ထောက်ခံလိုက်လေတော့သည်။

“ဟုတ်တယ်... အဲ့ဒါ ဖြစ်နိုင်တယ်….။ ငါတို့ မသိအောင် ဒီအပေါ်ထိ တက်နိုင်တာဆိုလို့ ဒီမျောက်တွေပဲ ရှိတာ။ ဟွန်း... ဒီကောင်တွေ…။ တောင်စောင့်နတ်မင်းကြီးအပေါ်ကို ဒီလောက်တောင် ရိုင်းစိုင်းရသလား။ နောက်တစ်ခါ တွေ့လို့ကတော့ ငါတော့...။”

လီချိန်းရှီ စကားမဆုံးခင်မှာပင် ရွှီပေါ်အန်းက လောလောဆယ်ပင် ဝင်ရောက် ဟန့်တားလိုက်ရလေသည်။

“ကဲ... တော်ကြတော့။ ဒီကိစ္စကို နောက်ထပ် ထပ်မပြောကြနဲ့တော့။ ဒါက အရေးကြီးတဲ့ ကိစ္စကြီး မဟုတ်ပါဘူး။ ဒီအတိုင်းပဲ လွှတ်ထားလိုက်ကြစို့...။”

ထိုအချိန်တွင် တောအုပ်ထဲ၌ ပျော်ပါးနေကြသော မျောက်တစ်အုပ်ထဲမှ မျောက်အချို့မှာ တစ်ပြိုင်နက်တည်း နှာချေလိုက်ကြလေသည်။ မျောက်ခေါင်းဆောင်က နှာတရှုံ့ရှုံ့လုပ်ရင်း အမိန့်ပေးလိုက်လေသည်။

“နေမကောင်းဖြစ်တော့မယ် ထင်တယ်။ ကဲ... ညီအစ်ကိုတို့၊ ငါ့နောက်ကို လိုက်ခဲ့ကြ။ မြောက်ဘက်တောင်ဆီ သွားပြီး စားလို့ရတဲ့ ဆေးမြစ်တွေ သွားရှာကြမယ်...။”

တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်း၌မူ ရွှီပေါ်အန်း၏ စကားကို ကြားပြီးနောက် လီချိန်းရှီက ကြည်ညိုစွာ ပြောလိုက်လေသည်။

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက တကယ်ကို သဘောထားကြီးမားတာပဲ...။”

ရွှီပေါ်အန်းမှာမူ တစ်ချက် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရ၏။

သဘောထား ကြီးသည် မကြီးသည်ကိုတော့ မသိ၊ သို့သော်လည်း ဤမီးမှာ ရွှီပေါ်အန်း ကြောင့် စတင်လောင် ကျွမ်းခဲ့ခြင်း ဖြစ်ရာ ထိုမျောက်များကို အပြစ်ပုံချရန်မှာ မတရားသလို ဖြစ်နေသောကြောင့်ပင်။

စောစောက ရွှီပေါ်အန်းသည် ရှေးဟောင်းနေရာခြေရင်းတွင် ရှိနေသော ပရော်ဖက်ဆာလျန်ကို ကယ်တင်ရန် အတွက် စိတ်ကူးပေါက်ကာ နတ်ကွန်းထဲမှ အမွှေးတိုင် စားပွဲကို ခေတ္တမျှ ဆွဲယူခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အရေး ပေါ် အခြေအနေတွင် ရွှီပေါ်အန်းမှာ အစစအရာရာ မတွေးနိုင်ဘဲ စားပွဲကိုသာ အလျင်အမြန် ဆွဲထုတ်လိုက်ရ၏။

ထိုအချိန်၌ အမွှေးတိုင် စားပွဲပေါ်မှ ဆီမီးခွက်မှာ ပြုတ်ကျသွားခဲ့သည်မှာ အသေအချာပင်။ သာမန်အားဖြင့်ဆို လျှင် ပဲစေ့ခန့်သာ ရှိသော ထိုမီးတောက်သည် မြေကြီးပေါ် ကျသွားသည်နှင့် ငြိမ်းသွားရမည် ဖြစ်သော်လည်း ရွှီပေါ်အန်းမှာ ကံခေစွာပင် ဆီမီးခွက် ပြုတ်ကျသွားသောအခါ မီးစာမှာ လိုက်ကာစ၏ အနားသတ်အောက်တည့် တည့်သို့ ကျသွားခဲ့လေသည်။ ထိုမှတစ်ဆင့် လိုက်ကာကို မီးကူးပြီး နတ်ကွန်းအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ရ ခြင်းပင်ဖြစ်ချေ၏။

ရွှီပေါ်အန်းမှာ အဖြစ်မှန်ကို သိနေသော်ငြား လီချိန်းရှီတို့အား ရှင်းပြနေရန် မလိုအပ်ဟု ယူဆမိလေသည်။ ထို့ကြောင့်ပင် သူသည် သဘောထားကြီးဟန်ဆောင်ကာ လီချိန်းရှီတို့၏ မျောက်များကို အပြစ်တင်နေမှုကို ရပ်တန့်စေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူ၏ ထိုလုပ်ရပ်မှာ လီချိန်းရှီ၏ စိတ်ထဲတွင် တောင်စောင့်နတ် မင်းကြီး၏ ပုံရိပ်ကို ပိုမိုခန့်ညား ထည်ဝါသွားစေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

လီဝူးဖူကလည်း ဆက်လက်၍၊

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ဒီတောင်တောကြီးတစ်ခုလုံးကို အုပ်စိုးတာလေ။ ပန်းပင်တွေ၊ သစ်ပင်တွေ၊ လူတွေ၊ တိရစ္ဆာန်တွေ၊ ငါးတွေနဲ့ ပိုးမွှားတွေကိုပါ စောင့်ရှောက်တာ။ မျောက်တွေတင် ဘယ်ကမလဲ...၊ အိမ်သာ ထဲက လောက်ကောင်တွေကိုတောင် တောင်စောင့်နတ်မင်းကြီးက စောင့်ရှောက်တာပဲ...။ ဟတ်... ဟတ်..ချိုး...။”

ရွှီပေါ်အန်းမှာ တစ်ယောက်တည်း ကျိတ်၍ ရယ်မိသွားတော့သည်။ ထိုနှာချေသံမှာ အချိန်ကိုက်ပင်။ အကယ်၍ လီဝူးဖူသာ ဆက်ပြောနေဦးမည်ဆိုလျှင် သူ ပျို့အန်မိတော့မည် မဟုတ်ပါလား။

ထို့နောက်တွင်လည်း လီဝူးဖူမှာ ဆက်တိုက်ဆိုသလို နှာချေနေလေတော့သည်။ ရွှီပေါ်အန်းက စောင့်ကြည့်နေရင်း လီဝူးဖူမှာ စောစောက သူ၏ ပက်စီအမြှုပ်များ စင်သွားခဲ့သဖြင့် အအေးပတ်သွားခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းမိ လိုက်လေသည်။

ထိုသို့ တွေးမိသည်နှင့် ရွှီပေါ်အန်းသည် အခန်းတွင်းရှိ ပစ္စည်းများကို ဝေ့ဝဲကြည့်လိုက်သည်။ အသင့်စား ခေါက်ဆွဲ ဘူး၊ ကြက်ဥပြုတ်၊ ဝက်အူချောင်းနှင့် ရှေးဦးသူနာပြုသေတ္တာငယ်လေးတစ်ခုက သူ၏ မြင်ကွင်းထဲသို့ ဝင်လာခဲ့ လေသည်။

“လီဝူးဖူ...၊ လီချိန်းရှီ...၊ မင်းတို့နှစ်ယောက် ဒီနေ့ တောင်စောင့်နတ်မင်း နတ်ကွန်းကို ကာကွယ်ပေးခဲ့တဲ့အတွက် တော်တော်လေး ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့ကြတာပဲ။ ဒါတွေက မင်းတို့အတွက် ဆုလာဘ် တွေပဲ...။”

ပြောပြောဆိုဆိုပင် ရွှီပေါ်အန်းသည် ဝက်အူချောင်းတစ်ခုကို ဖောက်လိုက်ပြီး သွားကြားထိုးတံဖြင့် အနည်းငယ် ခွာယူကာ ထိုနှစ်ယောက်၏ ရှေ့တွင် ချပေးလိုက်လေသည်။

“အရသာရှိတဲ့ အသားပါလား…။ ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။”

လီချိန်းရှီနှင့် လီဝူးဖူတို့မှာ အလွန်အမင်း ဝမ်းသာသွားကြခဲ့ကြလေသည်။ ဤအရာသည် တစ်ရွာလုံးတွင် ရေပန်း အစားဆုံး အစားအစာပင် ဖြစ်လေသည်။

ထို့နောက် ရွှီပေါ်အန်းသည် ရှေးဦးသူနာပြုသေတ္တာထဲမှ ပန်းလန်ကန်း ဆေးထုပ်ကို ဖောက်၍ ဆေးခဲလေးနှစ်ခဲကို ယူကာ လီချိန်းရှီနှင့် လီဝူးဖူတို့အား ပေးလိုက်လေသည်။

“ဒီအရာက ဆေးတစ်မျိုး ဖြစ်တယ်။ စားသုံးတဲ့အခါ အနည်းငယ် ခြစ်ယူပြီး ရေနွေးနဲ့ သောက်သုံးနိုင်တယ်။ ဒါက အအေးမိခြင်း၊ အဖျားတက်ခြင်း၊ လည်ချောင်းနာခြင်း၊ အဖုအပိမ့်ထွက်ခြင်းနှင့် အခြားသော ရောဂါဝေဒနာများ ကို ထိရောက်စွာ ကုသပေးနိုင်လိမ့်မယ်...။”

“အို... အံ့ဖွယ်ဆေးပါလား…ဒီအံ့ဖွယ်ဆေးကို ပေးသနား တဲ့အတွက်...။ ကျေးဇူးတင်ပါတယ် တောင်စောင့်နတ် မင်းကြီး...။”

“ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းကြီး...။”

လီဝူးဖူနှင့် လီချိန်းရှီတို့မှာ တစ်ပြိုင်နက်တည်း မဟုတ်သော်လည်း အံ့ဩသွားကြသည့် အမူအရာမှာမူ ထပ်တူ ပင်။ ၎င်းတို့သည် မိမိတို့လက်ထဲမှ ခြောက်သွေ့နေပုံရသော်လည်း မွှေးပျံ့သော ရနံ့ရှိသည့် ဆေးခဲကို စိုက်ကြည့် နေကြလေသည်။

မသေဆေး…..။

ဤသည်မှာ တောင်စောင့်နတ်မင်းကြီး ပေးသနားသော နတ်ဆေးပင် ဖြစ်သည်။ သာမန်လူတစ်ယောက်အနေဖြင့် ဤမျှ အဖိုးတန်သော အရာကို ရရှိချိန်တွင် မည်သို့ ရင်မခုန်ဘဲ နေနိုင်ပါမည်နည်း။

ဝက်သားမှာ မည်မျှပင် အရသာရှိပါစေ၊ လျှာအလိုကိုသာ ဖြည့်ဆည်းပေးနိုင်သည်။ သို့သော် ဤနတ်ဆေးမှာမူ သေခါနီးလူကိုပင် ပြန်လည် အသက်ဆက်ပေးနိုင်သည့် အံ့ဖွယ်ရတနာ ဖြစ်ပေသည်။ တောင်စောင့်နတ်မင်းကြီး ပြောပြသော ဆေးစွမ်းများကို ကြားရသည်မှာ အသက်ကို ဆွဲဆန့်ပေးနေသကဲ့သို့ပင်။

ဤရတနာကို သေချာ သိမ်းဆည်းထားရပေမည်။ အရေးကြုံလာပါက အသက်ကယ်ဆေး ဖြစ်လာနိုင်ပေသည်။

ရွှီပေါ်အန်းမှာမူ ၎င်းတို့၏ အတွေးကို မသိဘဲ ဆက်လက်၍ မှာကြားနေခဲ့လေ၏။

“လီဝူးဖူ...၊ မင်း အခုလို ဖြစ်နေတာက ငါ မီးငြှိမ်းသတ်လိုက်တုန်းက ဆိုဒါရည်တွေကြောင့် အအေးပတ်သွားတာ ဖြစ်နိုင်တယ်။ ပြန်ရောက်ရင် ဆေးကို အမြန်သောက်ပြီး ရက်နည်းနည်းလောက် အနားယူလိုက်ဦး။ နေမကောင်း ဖြစ်ပြီး ကျန်းမာရေး ထိခိုက်မခံနဲ့...။”

လီဝူးဖူက ခေါင်းကို အကြိမ်ကြိမ် ညိတ်ရင်း...၊

“တောင်စောင့်နတ်မင်းကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်...။ ဒါပေမဲ့ ဝူးဖူ တစ်ခုတော့ သိချင်မိ တယ်...။ တောင်စောင့်နတ်မင်းကြီးရဲ့ နတ်စွမ်းအားက ထွက်ပေါ်လာတဲ့ တိမ်တိုက်တွေက ဘာလို့ ဒီလောက် တောင် ချိုမြိန်နေရတာလဲ...။”

ပြောရင်းဆိုရင်း လီဝူးဖူမှာ မသိမသာပင် လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်မိလေသည်။ လီချိန်းရှီမှာလည်း စောစောက မြည်းစမ်းခဲ့ရသော ထူးခြားသည့် အချိုဓာတ်ကို ပြန်လည် ခံစားမိရင်း လျှာဖြင့် လိုက်သပ်နေမိ လေသည်။

၎င်းမှာ သကြားလုံးကဲ့သို့ ရိုးရိုးချိုရုံတင်မကဘဲ။ အေးမြလန်းဆန်းသော ခံစားမှုကိုပါ ပေးစွမ်းနိုင်ခြင်း ဖြစ်လေ သည်။

ရွှီပေါ်အန်းက ပြုံး၍ ရှင်းပြလိုက်လေသည်။

“ဒါကို ဆိုဒါရည်လို့ ခေါ်တယ်...။ ဘာလို့လဲဆိုတော့ အထဲမှာ လေဖိအားတွေ အများကြီး ပါဝင်နေလို့ပဲ။ မင်းတို့က အရသာရှိတယ်လို့ ထင်ရင် ငါ နည်းနည်း ပေးပါ့မယ်...။”

ပြောပြောဆိုဆိုပင် ရွှီပေါ်အန်းသည် လက်ထဲမှ တစ်ဝက်ခန့် ကျန်နေသေးသော ပက်စီပုလင်းကို အမြှုပ်များ ပြန် မထွက်လာစေရန် ဂရုတစိုက် ဖွင့်လိုက်လေသည်။ ထို့နောက် ပုလင်းအဖုံးထဲသို့ ရေကို ဂရုတစိုက် လောင်းထည့် လိုက်လေသည်။

သို့သော် ရွှီပေါ်အန်းသည် ဤအရာကို လီချိန်းရှီနှင့် လီဝူးဖူတို့အား တိုက်ရိုက် မပေးသနားခဲ့ပေ။ ဤသည်မှာ လူသိရှင်ကြား ကြေညာရန် အကောင်းဆုံး အခွင့်အရေး ဖြစ်လေသည်။ စနစ်တကျ စည်းကမ်းသတ်မှတ်ရန်နှင့် ကိုယ်ကျင့်တရားကို ထိန်းကျောင်းရန်အတွက် ထိရောက်သော ဝါဒဖြန့်မှုမှာ လိုအပ်သည် မဟုတ်ပါလား။

ရွှီပေါ်အန်းက ကျယ်လောင်သော အသံဖြင့် ကြေညာလိုက်လေ သည်။

“ခေါင်ရှန်းရွာသား လီချိန်းရှီနှင့် လီဝူးဖူတို့သည် တောင်စောင့်နတ်မင်း နတ်ကွန်းကို ကာကွယ်ရာတွင် ကောင်းမှု ကုသိုလ် ပြုခဲ့ကြလေသည်။ ထို့အတွက်ကြောင့် ခေါင်ရှန်းရွာအား 'ကြည်နူးလန်းဆန်းစေသော ပွက်ပွက်ဆူ ရေစင်' တစ်ကန်ကို ဆုလာဘ်အဖြစ် ပေးသနားတော်မူခဲ့လေသည်...။”

ပြောရင်းဆိုရင်း ရွှီပေါ်အန်းသည် ပုလင်းဖုံးထဲတွင် အပြည့်ဖြည့်ထားသော ကိုကာကိုလာရေများကို ခေါင်ရှန်းရွာရှိ မြေနံရံအိမ်ရာကြီး၏ ခြံတံခါးရှေ့တွင် ဂရုတစိုက် ချထားပေးလိုက်လေတော့သည်။

မကြာမီမှာပင် ရွာသားများမှာ စုပြုံရောက်ရှိလာကြတော့သည်။

“ဟေး... ကျောက်တုံးလေးနဲ့ ဝူးဖူက နတ်ကွန်းကို သွားပြီး သန့်ရှင်းရေး လုပ်တာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ကောင်းမှုတွေ လုပ်နိုင်သွားတာလဲ...။”

“အို... နှမြောစရာကြီးပဲ။ မနေ့က ဝူးဖူနဲ့ တွေ့တုန်းက ငါလည်း လိုက်မယ်လို့ စဉ်းစားထားတာ...။ ဒါပေမဲ့ ဒီနေ့ အိပ်ပျော်သွားလို့ မထနိုင်လိုက်ဘူး...။”

“ဟားဟား... မိတ်ဆွေဟောင်းကြီးရာ...။ တောင်စောင့်နတ်မင်းကြီးရဲ့ ချီးကျူးမှုကို ခံရဖို့ဆိုတာ ဂုဏ်ယူစရာ ကြီးပဲ။ မင်းမှာ ကံမပါဘူးလို့ပဲ မှတ်လိုက်ပါတော့...။”

“ရွာလူကြီး….၊ ရွာလူကြီး လာပြီ...။ အားလုံး ငြိမ်ကြစမ်း...။”

လီခန့်ရှန်းသည် လူအုပ်ကြားမှ တိုးထွက်လာပြီး ပုလင်းဖုံး၏ အနီးဆုံးနေရာသို့ ရောက်ရှိလာသည်။ သူသည် တောင်စောင့်နတ်မင်း နတ်ကွန်းရှိရာဘက်သို့ ကြည်ညိုစွာ ကြည့်ရင်း ကျယ်လောင်စွာ ပြောလိုက်လေသည်။

“ရွာသားတို့... အားလုံးပဲ တောင်စောင့်နတ်မင်းကြီးကို အတူတူ ကျေးဇူးတင်ကြစို့...။”

ထို့နောက် သူကိုယ်တိုင် ဦးဆောင်၍ ဝတ်ပြု ရှိခိုးလေတော့သည်။

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ ကောင်းချီးပေးမှုအတွက် ကျေးဇူးတင်ပါတယ်...။”

မကြာမီ ခေါင်ရှန်းရွာသားများမှာ တစ်ပြိုင်နက်တည်း ဒူးထောက် ရှိခိုးကြလေတော့သည်။

...

မလှမ်းမကမ်းရှိ ကွန်ကရစ်မြို့ရိုးပေါ်တွင်မူ ဓားပြများမှာ ရပ်ကြည့်နေရင်း ခေါင်ရှန်းရွာအတွင်းရှိ စည်ကားသာ ယာနေသော မြင်ကွင်းကို မနာလိုစွာ ကြည့်နေကြလေသည်။

“ခေါင်းဆောင်... ဒီကောင်တွေကတော့ ကံကောင်းလှချေလား...။”

“ဟွန်း... လူတိုင်းမှာ ကိုယ့်ကံနဲ့ကိုယ် ရှိတာပဲ။ စိတ်မပူနဲ့... ငါ ဒုတိယခေါင်းဆောင်ကို အစားအစာတွေ သွားဝယ် ခိုင်းထားတယ်။ ခဏနေရင် အားလုံး ဗိုက်ဝအောင် စားရမှာပါ...။”

ထိုသို့ ပြောပြီးမှ မျက်လုံးတစ်ဖက်လပ်ခေါင်းဆောင်က ခေါင်းစဉ်ပြောင်းကာ တစ်ယောက်တည်း ရေရွတ်လိုက် ပြန်သည်။

“အော်... ငါ မေ့သွားတယ်၊ ဒုတိယညီလေးကို ဟိုလူတွေရဲ့ နောက်ကြောင်း စုံစမ်းခိုင်းဖို့ မေ့သွားတယ်...။”

လက်ပါးစေတစ်ဦးက ဖားသည့်အနေဖြင့်၊

“ခေါင်းဆောင်... ဒုတိယခေါင်းဆောင်ရဲ့ လူတွေထဲက ကောက်ရှန့် ပြောတာတော့...၊ ဒုတိယခေါင်းဆောင် နေမကောင်းဖြစ်လို့ မနေ့က ကင်းလှည့်တဲ့အထဲမှာ မပါဘူးတဲ့...။”

“ဟင်... တောက်…။ မင်းတို့ကောင်တွေ ဒါကို ဘာလို့ စောစောက မပြောတာလဲ။ ငါ သွားကြည့်မှ ဖြစ်တော့ မယ်...။”

မျက်လုံးတစ်ဖက်လပ်ခေါင်းဆောင်ကသည် ထိုလက်ပါးစေကို မျက်စောင်းထိုးကာ အလျင်အမြန် ထွက်ခွာသွား ခဲ့လေသည်။ ထိုလက်ပါးစေမှာမူ မကျေမနပ်ဖြင့်...၊

“ခေါင်းဆောင်က အိပ်ရာနိုးခါစဆိုရင် စိတ်တိုတတ်တာကို ဘယ်သူက လာပြောရဲမှာလဲ...။” ဟု တီးတိုး ရေရွတ်နေခဲ့လေသည်။

မကြာမီ မျက်လုံးတစ်ဖက်လပ်ခေါင်းဆောင်ကသည် မြို့ရိုးအောက်ရှိ အခန်းသို့ ရောက်ရှိသွားခဲ့လေသည်။ ခုတင် ပေါ်တွင် လဲလျောင်းနေသော ယွီတောက်ချွမ်သည် မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်ကို မြင်သောအခါ အားယူ၍ ထထိုင်လိုက်လေသည်။

“အစ်ကိုကြီး... ရောက်လာပြီလား...။”

မျက်လုံးတစ်ဖက်လပ်ခေါင်းဆောင်က အမြန်လျှောက်လာပြီး...၊

“မထနဲ့... မထနဲ့... ဒီအတိုင်းပဲ လဲနေစမ်းပါ။ ညီလေး... မင်း ဘာဖြစ်တာလဲ...။”

ယွီတောက်ချွမ်သည် မျက်နှာဖြူဖျော့လျက် နှစ်ချက်ခန့် ချောင်းဆိုးလိုက်ပြီး ပါးစပ်ကို လက်ဖြင့် အသာအုပ်ကာ အားယူ၍ ပြုံးလိုက်လေသည်။

“ဘာမှမဟုတ်ပါဘူး...၊ နည်းနည်း အအေးပတ်သွားတာ ထင်တယ်...။”

မျက်လုံးတစ်ဖက်လပ်ခေါင်းဆောင်က သက်ပြင်းရှည်ကြီး ချလိုက်ရင်း...၊

“ဒီလို နတ်ဘုရား စွန့်ပစ်ထားတဲ့ နေရာမျိုးမှာ လေတိုက်တာကလည်း ကြမ်းလှချေလား။ ညီအစ်ကိုတွေ တကယ် ဒုက္ခရောက်နေကြတာပဲ...။”

ယွီတောက်ချွမ်၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ရှားသွားပြီး၊

“အစ်ကိုကြီး... ကျွန်တော် ခေါင်ရှန်းရွာက လာတဲ့လူတွေနဲ့ စကားပြောထားပြီးပြီ။ သူတို့ကို အစားအစာနဲ့ အထုပ် အပိုးတွေ သယ်ပေးဖို့ လူလွှတ်လိုက်မယ်။ ရက်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်...။”

မျက်လုံးတစ်ဖက်လပ်ခေါင်းဆောင်က အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်လေသည်။

“ညီလေး... ဒီလိုမျိုးကြီးပဲ ဆက်သွားလို့ မရဘူးနော်...။”

“အစ်ကိုကြီးက ဘာကို ဆိုလိုတာလဲ...။”

ယွီတောက်ချွမ်က စကားမဆက်နိုင်ဘဲ တုံ့ဆိုင်းသွားခဲ့လေသည်။

မျက်လုံးတစ်ဖက်လပ်ခေါင်းဆောင်က လက်ကိုမြှောက်၍ အထက်သို့ ညွှန်ပြကာ လက်ချောင်းနှစ်ချောင်းဖြင့် ရှေ့တိုးနောက်ငင် အမူအရာ ပြလိုက်လေသည်။ သိသာလှသည်မှာ အထက်လူကြီးများ သတိမထားမိခင် ဤ နေရာမှ ထွက်ပြေးကြရန်ပင် ဖြစ်လေသည်။

ယွီတောက်ချွမ်က ခါးသီးစွာ ပြုံးလိုက်မိသည်။ အမှန်ပင် မျက်လုံးတစ်ဖက်လပ်ခေါင်းဆောင်ကတွင် ထိုသို့သော အတွေးများ ရှိနေခဲ့သည်ပင်။

တောင်စောင့်နတ်မင်းကြီးက ထိုနေ့ကတည်းက မျက်လုံးတစ်ဖက်လပ်ခေါင်းဆောင်က၏ သစ္စာဖောက်မည့် အကြံအစည်ကို သတိထားရန် သူ့ကို သတိပေးခဲ့သည်ကို သူ မသိလေသလော။ ထို့အပြင် ယွီတောက်ချွမ်မှာ ထိုစဉ်က သတိထားကြည့်မိရာ သူ၏ ညီအစ်ကို အချို့မှာလည်း ရုတ်တရက် အမူအရာ ပြောင်းသွားပြီးမှ ပြုံးရွှင်သွားကြသည်ကို တွေ့ခဲ့ရလေသည်။

ဖြစ်နိုင်သည်မှာ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးသည် အခြားသော ညီအစ်ကိုများကိုပါ ထိုအတိုင်းပင် မှာကြား ခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ရှေ့မှောက်ရှိ မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင် တစ်ယောက်သာလျှင် ဤသည်ကို မသိဘဲ ရှိနေခြင်း ဖြစ်နိုင်သည်။

“ဟင်း...၊ ငါ ရွေးချယ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ကတော့ တကယ့်ကို ရိုးအလိုက်တာ။ လူနဲ့တိုက်ရတာက ပျော်စရာ ကောင်းပေမဲ့...။ နတ်ဘုရားနဲ့ ယှဉ်တိုက်ဖို့ ကြိုးစားတာကတော့ ကိုယ့်သေတွင်းကိုယ် တူးတာပဲ...။”

ထို့အပြင် သူ့တွင် လုပ်ဆောင်ရမည့် ကြီးမားသော တာဝန်တစ်ခု ရှိနေသေးရာ ဤအခွင့်အရေးကို သူ အဆုံးရှုံး မခံနိုင်ပေ။ ထိုသို့ တွေးမိသည်နှင့် ယွီတောက်ချွမ်က လက်ကာပြရင်း...၊

“အစ်ကိုကြီး...၊ ကျွန်တော့် ခန္ဓာကိုယ်က...။ အား... မခံနိုင်တော့ဘူး ထင်တယ်...။ အဟွတ်... အဟွတ်...။”

ယွီတောက်ချွမ်၏ ဖျားနာနေသော ပုံစံကို မြင်သောအခါ မျက်လုံးတစ်ဖက်လပ်ခေါင်းဆောင်ကမှာ ဘာမှ ထပ်မပြောတော့ပေ။

“ကဲ... ထားလိုက်ပါတော့…။ မင်း အရင်နားလိုက်ဦး၊ ငါ ဆေးမြစ်တချို့ သွားရှာကြည့်လိုက်ဦးမယ်...။”

မျက်လုံးတစ်ဖက်လပ်ခေါင်းဆောင်က ထွက်သွားပြီး မကြာမီမှာပင် ယွီတောက်ချွမ်သည်လည်း အားယူ၍ အပြင် သို့ ထွက်လာခဲ့လေသည်။ ကောင်းကင်ကို ခေတ္တမျှ ကြည့်ပြီးနောက် သူ သက်ပြင်းတစ်ချက်ချကာ လက်သန်း ခန့်ရှိသော သစ်သားတိုလေးတစ်ခုကို ပါးစပ်တွင်တပ်၍ အားကုန် မှုတ်လိုက်လေတော့သည်။ ထူးဆန်းသည်မှာ မည်သည့်အသံမျှ ထွက်မလာခြင်းပင်။

ခဏအကြာတွင် ကောင်းကင်ယံ၌ သိန်းငှက်တစ်ကောင် ပျံသန်းသွားသည်ကို မြင်လိုက်ရ၏။ ယွီတောက်ချွမ်မှာ ထိုအရာကို မြင်သောအခါ ဝမ်းသာအားရ ပြုံးလိုက်မိလေတော့သည်။

ဘွန်ဆိုင်းအပြင်ဘက်တွင်မူ ရွှီပေါ်အန်းသည် လူပုလေးများကို ကိုကာကိုလာ တိုက်ထားပြီးနောက် ၎င်းတို့ ပျော်ရွှင်စွာ သောက်သုံးနေသည်ကို ကြည့်ကာ သဘောကျနေခဲ့လေသည်။

ထိုစဉ် အနက်ရောင် အရိပ်လေးတစ်ခုမှာ သူ၏ မျက်စိရှေ့မှ ဖြတ်ပျံသွားခဲ့လေ၏။

“စိတ်ရှုပ်စရာ ခြင်တွေ...၊ ငါ့ရဲ့ စိတ်ကူးကို လာဖျက်နေပြန်ပြီ...။”

ရွှီပေါ်အန်းသည် ဂရုမစိုက်ဟန်ဖြင့် ခြင်ကို အသာအယာ လက်ဖြင့် ယမ်းလိုက်လေသည်။

သို့သော်လည်း ထိုခြင်ကလေးမှာ ရွှီပေါ်အန်း၏ လက်ဝါးမှ ထွက်ပေါ်လာသော လေတိုးနှုန်းကြောင့် လမ်းကြောင်း ပြောင်းသွားကာ ဘွန်ဆိုင်းထဲသို့ ရုတ်တရက် ပျံသန်းဝင်ရောက်သွားခဲ့လေတော့သည်။

အခန်း (၁၀၆)

မကြာမီ လာပြီ

လက်တွေ့ကမ္ဘာရှိ အရွယ်ရောက်ပြီးသူ တစ်ဦး၏ အရွယ်အစားနှင့် နှိုင်းယှဉ်လျှင် ခြင်တစ်ကောင်၏ အရွယ် အစားမှာ လုံးဝ ပမွှားလေးမျှသာ ဖြစ်လေ၏။

နားနားကပ်၍ တဝီဝီ မြည်မနေလျှင် သတိပင်မထားမိနိုင်လောက်အောင် သေးငယ်လွန်းလှရာ လုံးဝကို လျစ်လျူ ရှုထားနိုင်သည့် အနေအထားပင် ဖြစ်လေသည်။

ရွှီပေါ်အန်းသည် ခြင်ကို မောင်းထုတ်ရန် လက်ကို ပေါ့ပေါ့ပါးပါး ယမ်းလိုက်ပြီး ထိုခြင်ကလေး မည်သည့်နေရာသို့ ပျံသန်းသွားသည်ကို သိပ်ပြီး ဂရုမစိုက်မိလိုက်ချေ။

သို့သော် ရွှီပေါ်အန်း မထင်မှတ်ထားသည်မှာ နောက်တစ်စက္ကန့်၌ ထိုခြင်ကလေးသည် သူ၏ မျက်စိရှေ့မှောက်ရှိ ဘွန်ဆိုင်း၏ အစွန်းဘက်သို့ ပျံသန်းဝင်ရောက်သွားခဲ့ခြင်းပင် ဖြစ်လေသည်။

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာကို အလွန်တရာ ထက်မြက်စွာ သိမြင်နိုင်စွမ်း ရှိသော်လည်း သူ ဆန္ဒရှိပါက လက်ရှိ မြင်တွေ့နိုင်သော ဘွန်ဆိုင်းကမ္ဘာ၏ မည်သည့်နေရာကိုမဆို အသေးစိတ် ကြည့်ရှုနိုင်လေသည်။

သို့ရာတွင် ထိုသို့ကြည့်ရှုနိုင်ရန် သူ၏ အာရုံစူးစိုက်မှု လိုအပ်ပေသည်။

ထိုအချိန်၌ သူသည် ခေါင်ရှန်းရွာသားများ ပထမဆုံးအကြိမ် ကိုကာကိုလာ သောက်သုံးနေကြသည့် ပုံစံကို ပျော်ရွှင်စွာ စောင့်ကြည့်နေခဲ့သဖြင့် ခြင်ဝင်ရောက်သွားသည်ကိုပင် သတိမထားမိခဲ့ချေ။

ခြင်ကလေးသည် ဘွန်ဆိုင်းအတွင်း လှည့်လည်ပျံသန်းနေပြီး မကြာမီမှာပင် ရွှီပေါ်အန်း မြင်တွေ့နိုင်သော ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ အောက်ခြေထောင့်တစ်နေရာမှ ပျောက်ကွယ်သွားလေတော့သည်။

ရွှီပေါ်အန်းမှာမူ ခြင်တစ်ကောင် ဝင်ရောက်သွားသည်ကို လုံးဝ သိမနေခဲ့ပေ။

တောင်စောင့်နတ်မင်း နတ်ကွန်းအပြင်ဘက်။

ဖုန်နှင့် ရွှံ့များ ပေကျံနေသော လီချိန်းရှီနှင့် လီဝူးဖူတို့သည် တောင်စောင့်နတ်မင်းကြီး ပေးသနားတော်မူသော မွှေးရနံ့သာအသားနှင့် နတ်ဆေးကို သယ်ဆောင်ကာ တောင်အောက်သို့ အလျင်အမြန် ဆင်းလာခဲ့ကြလေသည်။

၎င်းတို့ ထိုမျှလောက် အလျင်လိုနေရခြင်းမှာ မျက်နှာသစ်ရန်ပင် အချိန်မရသောကြောင့် ဖြစ်လေသည်။

ပထမအချက်မှာ တောင်စောင့်နတ်မင်း နတ်ကွန်းရှိ ရေအရင်းအမြစ်မှာ တန်ဖိုးကြီးလှပြီး တောင်ခြေမှ ရေသယ် ရသည်မှာ အလွန် ခက်ခဲသောကြောင့် ဖြစ်သည်။ မိုးရွာချလိုက်သဖြင့် နတ်ကွန်းခြံဝင်းအတွင်း ရေအနည်းငယ် စုဝေးသွားခဲ့သော်လည်း အချို့ကို မီးငြှိမ်းသတ်ရာတွင် အသုံးပြုခဲ့ပြီးဖြစ်ရာ မျက်နှာသစ်ရန် သုံးစွဲလိုက်ခြင်းသည် ဖြုန်းတီးရာကျနေပေလိမ့်မည်။

ပြင်းထန်သော မိုးခေါင်ရေရှားသည့် နှစ်များတွင် ရေသည် လူတို့၏အမြင်၌ အသက်ကယ်ရတနာ တစ်ပါးပင် ဖြစ်လေ၏။

ဒုတိယအချက်အနေဖြင့် တောင်စောင့်နတ်မင်းကြီးက တောင်အောက်ရှိရွာတွင် ကြည်နူးလန်းဆန်းစေသော ပွက်ပွက်ဆူ ရေစင်ဟုခေါ်သော အရသာရှိလှသည့် သောက်စရာ တစ်ကန်လုံးကို ဆုလာဘ်အဖြစ် ပေးသနား လိုက်သည်ဟု သူတို့နှစ်ဦးလုံး ကြားသိခဲ့ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးမှာ အမြန်ဆင်းပြီး ထိုရေစင်ကို တတ်နိုင်သမျှ မြန်မြန် သောက်သုံးသင့်သည်ဟု တွေးတောမိကြခြင်း ဖြစ်၏။

လီဝူးဖူသည် ရွှီပေါ်အန်း ယခင်က ကျောက်ဆောင်နံရံပေါ်တွင် တပ်ဆင်ပေးထားခဲ့သော သံကွင်းများဖြင့် ပြုလုပ် ထားသည့် လှေကားကို အသုံးပြု၍ ကမ်းပါးယံမှ ဆင်းလာစဉ် အမောတကောဖြင့်...၊

"ဟေ့... ကျောက်တုံးလေး... တောင်စောင့်နတ်မင်းကြီးက ဒီကြည်နူးလန်းဆန်းစေသော ပွက်ပွက်ဆူ ရေစင်ကို တောင်ပေါ်မှာပဲ ချထားပေးခဲ့ရင် သိပ်ကောင်းမှာပဲနော်...။ ဒါဆို ငါတို့လည်း နည်းနည်းလောက် မြည်းစမ်းကြည့် လို့ ရတာပေါ့...။"

လီချိန်းရှီမှာ လူငယ်ပီပီ တည်ငြိမ်စွာ ဆင်းလာရင်း ပြုံးလျက်...၊

"ဦးလေးဝူးဖူ... တောင်စောင့်နတ်မင်းကြီး ပြောတာကို မကြားလိုက်ဘူးလား...။ အဲ့ဒီ ကြည်နူးလန်းဆန်းစေသော ပွက်ပွက်ဆူ ရေစင်ကို တစ်ကန်လုံး ပေးသနားလိုက်တာလေ...။ တကယ်လို့ တောင်ပေါ်မှာသာဆိုရင် ငါတို့နှစ် ယောက်တည်း အောက်ကို သယ်သွားလို့နိုင်မှာ မဟုတ်ဘူးလေ...။"

"ဒါလည်း ဟုတ်တာပဲ...။ ဒီမွှေးရနံ့သာအသားနဲ့ နတ်ဆေးကပဲ ငါတို့ သယ်ဖို့ လုံလောက်နေပါပြီ...။"

လီဝူးဖူက ရယ်မောလိုက်ပြီး သူ၏ ကျောပိုးခြင်းထဲရှိ မွှေးရနံ့သာအသားနှင့် နတ်ဆေးတို့ကို ကျေနပ်စွာ လှမ်းကြည့်လိုက်လေသည်။

မိမိကျောပေါ်တွင် ဘာမှ မမြင်ရသော်ငြားလည်း ထိုအကြောင်းကို တွေးလိုက်ရုံမျှဖြင့် စိတ်ထဲတွင် အလွန်တရာ ကျေနပ်ပီတိ ဖြစ်နေရလေသည်။

လီဝူးဖူက လူပျိုကြီးဘဝသည်ပင် တော်တော်လေး ကောင်းမွန်သည်ဟု ခံစားနေမိသည်။ ဤအဖိုးတန်ပစ္စည်းများ အားလုံးသည် သူတစ်ဦးတည်းပိုင် ဖြစ်ပြီး သူ့ကို ချုပ်ချယ်မည့် ဇနီးသည်လည်း မရှိသည်မို့ သူ၏စိတ်ထဲတွင် သဘောကျနေမိလေသည်။

သူတို့နှစ်ဦး တောင်အောက်သို့ ရောက်ရှိချိန်တွင် ရွာသားများမှာ တောင်စောင့်နတ်မင်းကြီးထံ ဆုတောင်းပတ္ထနာ ပြုမှု ပြီးဆုံးသွားကြလေပြီ။

ရွာလူကြီး လီခန့်ရှန်းသည် ဝါးခွက်များ အသုံးပြု၍ ရွာသားများအား ကိုကာကိုလာ ဝေငှပေးရန် စီစဉ်နေလေ သည်။

လူတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်ကျေနပ်သော အပြုံးများ ပြည့်နှက်နေခဲ့လေသည်။

စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှ ရွှေများကို လေ့လာရန် ကျန်ရစ်ခဲ့သော ပန်းထိမ်ဆရာ ကျိုးရှန်းရှန်းနှင့် သူနှင့်အတူ ပါလာသော တပည့်အချို့ပင် တစ်ယောက်တစ်ခွက်စီ ရရှိရန် ကံကောင်းခဲ့ကြလေသည်။

ခေါင်ရှန်းရွာသားများမှာ တော်တော်လေး သဘောထားကြီးကြလေသည်။

ကျိုးရှန်းရှန်းသည် ဂရုတစိုက်ဖြင့် နည်းနည်းလေး မြည်းစမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများ ပြူးကျယ်သွား ပြီး ခေါင်းကို နောက်သို့မော့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေတော့သည်။

သူက သာယာသော သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း...၊

"ကျွတ် ကျွတ်...၊ နတ်ဘုရားတွေ ပေးသနားတဲ့ အင်မော်တယ်ကျောက်စိမ်းရေစင်ဆိုတာ အံ့သြစရာ မရှိပါဘူး လေ...။ ငါ ကျိုးအိုကြီး ဒီလောက် နှစ်ပေါင်းများစွာ နိုင်ငံတစ်ဝန်း ခရီးလှည့်လည်ခဲ့တာတောင် ဒီလောက် မှော်ဆန်ပြီး အရသာရှိတဲ့ သောက်စရာမျိုးကို တစ်ခါမှ မမြည်းစမ်းဖူးခဲ့ဘူး...။"

သူ၏ ဘေးရှိ တပည့်ဖြစ်သူကလည်း အလျင်အမြန် ဝင်ပြောလိုက်လေသည်။

"ဟုတ်တယ် ဆရာ...၊ ဒီအရာက ချိုရုံတင်မကဘူး...။ လျှာပေါ်မှာ ပွက်ပွက်ဆူနေတဲ့ ခံစားမှုကိုပါ ပေးစွမ်းနိုင် တယ်...။ တကယ့်ကို အရသာရှိလွန်းပါတယ်...။"

ပြောရင်းဆိုရင်း ထိုတပည့်ငယ်လေးသည် နောက်ထပ် ကိုကာကိုလာ တစ်ခွက်ကို မော့သောက်လိုက်ပြန်လေ၏။

လီချိန်းရှီသည်လည်း အပြေးအလွှား သွားကာ တစ်ခွက် သွားယူလိုက်လေသည်။ တစ်ငုံ သောက်ပြီးနောက် သူသည် ကျေနပ်စွာ သက်ပြင်းချလိုက်ပြီး သူ၏ဘေးရှိ ကျိုးရှန်းရှန်းအား နောင်တရနေသော အမူအရာဖြင့်..၊

"သခင်မလေး ဝေဝေသာ ဒီမှာ ရှိနေသေးရင် သိပ်ကောင်းမှာပဲ...။ သူမ ဒီလောက် အရသာရှိတဲ့ အစားအစာကို လက်လွတ်သွားရတာ နှမြောစရာပဲ...။ ဆရာကျိုး... သခင်မလေး ဝေဝေ ဘယ်တော့လောက် ပြန်လာမလဲ...။"

ကျိုးရှန်းရှန်းသည် ခေါင်းငုံ့ကာ ကိုကာကိုလာကို နောက်ထပ်တစ်ငုံ သောက်လိုက်ပြီး လေချဉ်တက်လိုက်ပြီး ခေါင်းယမ်းရင်း...၊

"သခင်မလေးက အိမ်ကနေ စာပို့ခိုနဲ့ သတင်းရပြီးပြီးချင်း ထွက်သွားတာလေ...။ သခင်ကြီးရဲ့ ကိစ္စတွေကို ငါတို့ ဝင်စွက်ဖက်ဖို့ မသင့်တော်ပါဘူး...။"

ထိုစကားကို ကြားသောအခါ လီချိန်းရှီ၏ မျက်ဝန်းများ မှေးမှိန်သွားပြီး အတော်လေး စိတ်ပျက်သွားသည့်ဟန် ပေါ်လာခဲ့လေသည်။

လီချိန်းရှီ၏ မျက်နှာပေါ်ရှိ စိတ်ပျက်မှုများကို မြင်သောအခါ ကျိုးရှန်းရှန်းက ထပ်ပြောလိုက်လေသည်။

"ဒါပေမဲ့ စိတ်မပူပါနဲ့...၊ မင်းရဲ့ ရွှေတုံးကြီးက ဒီမှာ ရှိနေသေးတယ်လေ...။ သခင်ကြီးက ဒီကိစ္စကို သခင်မလေးက တာဝန်ယူရမယ်လို့ မှာကြားထားတယ်...။ သူမ အလုပ်တွေ ပြီးတာနဲ့ သေချာပေါက် ပြန်လာပါလိမ့်မယ်...။"

ထိုအခါမှ လီချိန်းရှီသည် ပျော်ရွှင်သော အမူအရာ ပြသလိုက်ပြီး...၊

"ဆရာကျိုး... သခင်မလေး ဝေဝေ လာမယ်ဆိုတဲ့ သတင်းကို ကြိုရခဲ့ရင် ကျွန်တော့်ကို ကြိုပြောပေးပါဦးနော်...။"

ကျိုးရှန်းရှန်းက ပြုံးလျက် ခေါင်းညိတ်ကာ...၊

"လူငယ်လေး... မင်း ငါတို့ သခင်မလေးကို စိတ်ဝင်စားနေတာ ငါ သိပါတယ်...။ ငါ မင်းကို အားပေးပါတယ် ကွာ...။"

ဤစကားကို ကြားသောအခါ လီချိန်းရှီ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားပြီး အလျင်အမြန် ရှင်းပြလေတော့ သည်။

"ဆရာကျိုး... ကျေးဇူးပြုပြီး မဟုတ်ကဟုတ်ကတွေ မပြောပါနဲ့...။ ကျွန်တော်က ဝေဝေနဲ့အတူ ကြီးပြင်းလာတာ ဆိုတော့ သူမကို ဂရုစိုက်ရုံ သက်သက်ပါ...။ ပြီးတော့ ကျွန်တော်က တောသားတစ်ယောက်ပဲလေ...၊ သခင်မ လေး ဝေဝေလို ချမ်းသာတဲ့ မိန်းကလေးမျိုးနဲ့ ဘယ်လိုလုပ်...၊ ဘယ်လိုလုပ်ပြီး မျှော်လင့်ရဲပါ့မလဲ...။"

ကျိုးရှန်းရှန်းက လက်ကာပြရင်း...၊

"လူငယ်လေး... မင်း မှားနေပြီ... ငါက အတွေ့အကြုံရှိတဲ့ လူအိုကြီး တစ်ယောက်ပါ...။ မင်းတို့ရဲ့ အရသာရှိတဲ့ သောက်စရာကို သောက်ရတဲ့ ကျေးဇူးရှိနေတော့ ငါ မင်းကို အကြံဉာဏ် အနည်းငယ်လောက် ပေးပါရစေ...။ ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်တယ်လို့ မထင်ဘူး မဟုတ်လား...။"

လီချိန်းရှီသည် ပလုတ်တုတ်တစ်ခုကဲ့သို့ ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်ပြီး အလျင်အမြန် ဆိုလိုက်လေ သည်။

"ဆရာကျိုး... ခင်ဗျားက သဘောကောင်းလွန်းပါတယ်...။ ဆရာ လာတဲ့အတွက် ကျွန်တော် အများကြီး ကျေးဇူး တင်နေတာပါ...။"

ကျိုးရှန်းရှန်းသည် ကိုကာကိုလာ တစ်ငုံ သောက်လိုက်ပြီး ဆက်ပြောလေသည်။

"ကောင်းပြီ... ဒါဆို ငါ မပြောသင့်တာလေးတွေ နည်းနည်း ပြောပြမယ်...။ တခြားကိစ္စတွေ ဘေးဖယ်ထားလိုက် ရင်တောင် မင်းက သာမန် တောသားလေး မဟုတ်ဘူး...။ မင်းတို့ရွာက တောင်စောင့်နတ်မင်းကြီးရဲ့ ကောင်းချီး ပေးတာကို ခံရတာလေ...။ ဒါက လူတွေ အိမ်မက်ထဲမှာတောင် မက်ရဲတဲ့ ကံကောင်းမှုမျိုး မဟုတ်ဘူး...။"

"ချမ်းသာတဲ့ သခင်မလေးတွေကို ထားလိုက်ပါအုန်း...။ အရာရှိမိသားစုက သမီးပျိုလေးတွေတောင် မင်းနဲ့ ထိုက်တန်ပါတယ်...။ ဒါ့အပြင် နတ်ဘုရားတွေ ပေးသနားထားတဲ့ ဒီရွှေတွေက ငါ့တစ်သက်မှာ မြင်ဖူးသမျှ အကောင်းဆုံး အရည်အသွေးတွေပဲ...။ အသန့်စင်ဆုံး ရွှေတွေဆိုတာ အကောင်းဆုံး အဆင့်တွေဖြစ်ပြီး ရွှေစင် တစ်ထောင်လောက်မကဘူး...၊ သောင်းဂဏန်းလောက်ကို တန်ဖိုးရှိတာ...။ မင်းရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ဆိုရင် မိန်းမတစ်ထောင်လောက် ယူဖို့တောင် လုံလောက်နေပါပြီ...။"

ထိုစကားကို ကြားသောအခါ လီချိန်းရှီ၏ ရင်ထဲတွင် ဒိန်းခနဲ ခုန်သွားခဲ့လေသည်။ သူက အခက်တွေ့စွာ ရယ်မောလိုက်ပြီး...၊

"ဆရာကျိုးကတော့ မြှောက်ပြောနေပါပြီ... ခင်ဗျားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်...။ ဒါပေမဲ့ ဒီလိုကိစ္စ မျိုး တွေ နောက်ထပ် မပြောပါနဲ့တော့...။ ဒါက ရွာအတွက် ကောင်းချီးတစ်ခုပါ...။ ကျွန်တော် တစ်ယောက်တည်း အတွက် မဟုတ်ပါဘူး...။ ဆရာကျိုး... ဆက်သောက်ပါဦး...။ ကျွန်တော် တခြားကိစ္စတွေ သွားလုပ်လိုက်ပါဦး မယ်...။"

ထိုသို့ပြောပြီးနောက် လီချိန်းရှီသည် အလျင်အမြန် ထွက်ခွာသွားလေတော့သည်။

ကျိုးရှန်းရှန်းသည် ကိုကာကိုလာကို နောက်ထပ်တစ်ငုံ သောက်လိုက်ပြီး လက်ထဲရှိ ဝါးခွက်ကို လှည့်ကာ လီချိန်းရှီ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်နေခဲ့၏။ သူ၏ နှုတ်ခမ်းထက်တွင် အဓိပ္ပာယ်ပါသော အပြုံး တစ်ခု ပေါ်လာခဲ့လေသည်။

ထိုအချိန်တွင် လီလောင်ဆန်း လျှောက်လာပြီး ကျိုးရှန်းရှန်း၏ ပခုံးကို ပုတ်ကာ...၊

"ဆရာကျိုး...။"

အတွေးထဲ နစ်မြောနေသော ကျိုးရှန်းရှန်းမှာ ရုတ်တရက် အနှောင့်အယှက် ခံလိုက်ရသဖြင့် လန့်သွားပြီး သူ၏ လက်ထဲရှိ ခွက်မှာ လက်မောင်းနှင့်အတူ ပြင်းထန်စွာ တုန်ယင်သွားခဲ့လေသည်။

"အာ... အို... လီအိုကြီးပါလား...၊ တောင်းပန်ပါတယ်...။ ကျွန်တော် အတွေးလွန်နေမိလို့ပါ...။"

ကျိုးရှန်းရှန်းသည် စွန်းမိသားစု ငွေပန်းထိမ်ဆိုင်၏ ထိပ်တန်း လက်မှုပညာရှင် ဖြစ်လေသည်။

သူသည် စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှ ဝန်ထမ်းတစ်ဦး ဖြစ်သော်ငြားလည်း သူ၏ အဆင့်အတန်းမှာ မနိမ့်ကျလှပေ။

သူ့အား တစ်နှစ်ပတ်လုံး ခစားနေသော တပည့် ဆယ်ယောက်ကျော်ရှိပြီး သခင်ကြီးရော မန်နေဂျာကပါ သူ့ကို အလွန် လေးစားကြလေသည်။ ထို့ကြောင့် လီလောင်ဆန်းကလည်း သူ့အပေါ် တော်တော်လေး ယဉ်ကျေးပျူ ငှာစွာ ဆက်ဆံခဲ့လေသည်။

လီလောင်ဆန်းက အနည်းငယ် အားနာသောဟန်ဖြင့်...

"ကျွန်တော်ကသာ အားနာရမှာပါ... ခင်ဗျားကို လန့်သွားစေမိပြီ...။"

ကျိုးရှန်းရှန်းက ရယ်မောလျက်...၊

"ဟားဟား... ရပါတယ်ဗျာ...။ ကံကောင်းလို့ ခွက်ထဲမှာ နတ်ရေစင် သိပ်မကျန်တော့လို့ပေါ့...။ မဟုတ်ရင် ဖိတ်စင်သွားခဲ့ရင် တောင်စောင့်နတ်မင်းကြီးရဲ့ စေတနာကို စော်ကားရာရောက်ပြီး အပြစ်ကြီး သွားလိမ့်မယ်...။"

"ဟုတ်တယ်... ဟုတ်တယ်...။ ကံကောင်းလို့ပါ...။"

လီလောင်ဆန်းက ထောက်ခံလိုက်ပြီးနောက်...၊

"ဆရာကျိုး... ခင်ဗျားကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ...။ ခင်ဗျားအတွက် မြို့ကို ပစ္စည်းတချို့ ယူသွားပေးဖို့ အဆင်ပြေနိုင်မလား...။"

မည်သို့ပင်ဆိုစေကာမူ လီလောင်ဆန်းသည် သူ၏သခင်ကြီးနှင့် ယောက္ခမတော်စပ်ပြီး သခင်မလေး၏ အဘိုး ဖြစ်နေသောကြောင့် ကျိုးရှန်းရှန်း အနေဖြင့် ငြင်းဆန်၍ မရခဲ့ပေ။ သူက ပြုံးလျက်...၊

"ရပါတယ်... ရပါတယ်...။ ဒါပေမဲ့ အဘိုးလီက ဘာများ ယူသွားခိုင်းချင်လို့လဲ...။"

လီလောင်ဆန်းက ရယ်မောရင်း...၊

"တောင်စောင့်နတ်မင်းကြီး ပေးသနားထားတဲ့ အံ့ဖွယ်ဆေးပါ...။ ဝေဝေနဲ့ သူ့အမေ ပြန်သွားတုန်းက သူတို့ မိသားစုထဲမှာ တစ်ယောက်ယောက် နေမကောင်းဘူးလို့ ပြောသံ ကြားလိုက်ရတယ်...။ ဒီအံ့ဖွယ်ဆေးက အစွမ်း ထက်တယ်လို့ ကြားဖူးလို့ ဆရာကျိုးရဲ့ တပည့်တစ်ယောက်ယောက် မြို့ကို ပြန်သွားရင် ဒီဆေးလေး နည်းနည်းပါ ယူသွားပေးဖို့ တောင်းဆိုချင်လို့ပါ…။ ဒါက ကျွန်တော့်ရဲ့ စေတနာ အနည်းငယ်ပါ...။"

နတ်ဆေးများ ရှိနေသည်ကို အံ့သြသွားဟန်ဖြင့် ကျိုးရှန်းရှန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲ သွားခဲ့လေသည်။

ထို့နောက် သူက ပြုံးလျက်...၊

"ကိစ္စမရှိပါဘူး...၊ ဒီလောက် အရေးကြီးတဲ့ ကိစ္စဆိုတော့ ချက်ချင်းပဲ လူတစ်ယောက်ကို အပြန်ခိုင်းလိုက်ပါ့ မယ်...။"

လီလောင်ဆန်းသည် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်ပြီး ဂျုံမှုန့်စစ်စစ်ဖြင့် ပြုလုပ်ထားသော မုန့်ပြားအထပ်လိုက်ကို ထုတ်ယူကာ...၊

"ဒါဆိုရင် ဆရာကျိုးကို ဒုက္ခပေးရတော့မယ်...။ ကျွန်တော်တို့ လူအိုကြီးတွေမှာ ပေးစရာ သိပ်မရှိပါဘူး...။ ဒီကျက်ကာစ မုန့်ပြားလေးတွေက လူလေးတို့ လမ်းခရီးမှာ စားဖို့ပါ...။"

ကျိုးရှန်းရှန်းက ထိုအရာကို မြင်သောအခါ ရယ်မောလိုက်ပြီး...၊

"ဒါက ထိပ်တန်းအရည်အသွေးရှိတဲ့ ဂျုံမှုန့်စစ်စစ်တွေပဲ...။ ငါ့ရဲ့ ဆိုးသွမ်းတဲ့ တပည့်တွေသာ ဒီအကြောင်းကို သိသွားရင် ဒီအလုပ်ကို လုပ်ဖို့ လုယက်နေကြလိမ့်မယ်...။"

ရွှီပေါ်အန်းသည် အပြင်ဘက်မှနေ၍ ဘွန်ဆိုင်းကို ကြည့်ကာ မည်မျှ စိတ်ဝင်စားစရာ ကောင်းကြောင်း ရေရွတ် လိုက်မိလေသည်။

ထိုအချိန်အတောအတွင်း သူသည် လီချိန်းရှီကို အနီးကပ် စောင့်ကြည့်နေခဲ့လေသည်။

လီလောင်ဆန်း လက်ထဲရှိ နတ်ဆေးဆိုသည်မှာ အမှန်တော့ ရွှီပေါ်အန်းက လီချိန်းရှီအား ပေးထားခဲ့သော ပန်းလန်ကန်း ဆေးခဲပင် ဖြစ်လေသည်။

မည်သည့်ဆေးမဆို ဘေးထွက်ဆိုးကျိုး ရှိနိုင်သည်ကို စိုးရိမ်သဖြင့် ရွှီပေါ်အန်းသည် လီချိန်းရှီနှင့် လီဝူးဖူတို့အား ဆေးအများကြီး မပေးရဲခဲ့ပေ။

သူတို့သည် သေးငယ်ပြီး အစာအိမ်လည်း သေးငယ်သောကြောင့် တစ်ယောက်ကို ဆေးတစ်ခဲသာ ပေးခဲ့ခြင်း ဖြစ်ကာ ဤဆေးပမာဏမှာ သူတို့အတွက် နည်းပါးလှသည် မဟုတ်ပေ။

ထို့အပြင် ရွှီပေါ်အန်းအတွက် အလွန်သေးငယ်သည်ဟု ထင်ရသော်လည်း လီချိန်းရှီတို့၏ အမြင်တွင်မူ ၎င်းသည် လက်သီးဆုပ်နှစ်လုံးခန့် အရွယ်အစား ရှိလေသည်။

ဆေးကိုရရှိပြီးနောက် တောင်အောက်သို့ ဆင်းလာချိန်တွင် လီချိန်းရှီသည် မြေနံရံအိမ်ရာရှိ သူ၏အခန်းသို့ ပြန်သွားကာ ပန်းလန်ကန်း ဆေးခဲကို ချက်ချင်းပင် လေးပုံတစ်ပုံ ခွဲလိုက်ပြီးနောက် လီလောင်ဆန်းထံသို့ တစ်ပုံ သွားရောက် ပေးအပ်ခဲ့ခြင်း ဖြစ်လေသည်။

ဤရည်ရွယ်ချက်မှာ စွန်းဝေဝေအတွက် ဖြစ်နိုင်ခြေ အများဆုံးဖြစ်ပြီး ဝေဝေ၏ အဘိုးအပေါ် သားသမီးဝတ္တရား ကျေပွန်စေရန် ကူညီပေးခြင်းဟုလည်း ရှုမြင်နိုင်ပေသည်။

ရွှီပေါ်အန်းသည် လီချိန်းရှီ၏ နေရာတွင် သူ၏ ငယ်ဘဝကို ပြန်လည် မြင်ယောင်လာသကဲ့သို့ ခံစားလိုက်ရ၏။ ချစ်ရသူအတွက် တစ်ကိုယ်လုံး အပ်နှင်းထားပြီး မိသားစုအတွက် စိတ်ရောကိုယ်ပါ အလုပ်လုပ်ပေးခဲ့ခြင်း။

*ဟင်း...၊ လီချိန်းရှီရဲ့ နောက်ဆုံး ကံကြမ္မာက ငါ့လို မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ...။*

ရွှီပေါ်အန်း ဤသို့ တွေးတောနေစဉ်မှာပင် သူ၏ လက်ကိုင်ဖုန်း မြည်လာခဲ့လေသည်။

သူ၏ မိခင် ထန်ရုံကျီထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်ကြောင်း မြင်သောအခါ ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို သိမ်းဆည်း လိုက်ပြီး ဖုန်းကို ဖြေကြားလိုက်လေ၏။

"ဟယ်လို... အမေ...။"

ဖုန်းတစ်ဖက်စွန်းရှိ မိခင်ဖြစ်သူမှာ တုံ့ဆိုင်းနေဟန်ရှိသည်။ ထန်ရုံကျီက တွန့်ဆုတ်စွာဖြင့်...၊

"ပေါ်အန်း... အင်း... သား အလုပ်မှာလား..."

ရွှီပေါ်အန်းက ပြုံးလျက် တစ်ခုခုများ မှားယွင်းနေသလားဟု မိခင်အား မေးရန် ပြင်လိုက်စဉ်မှာပင် ဆူညံနေသော တစ်ဖက်စွန်းမှ ရိုင်းစိုင်းသော အသံတစ်သံကို ကြားလိုက်ရလေသည်။

"ဟေ့... မင်း အဖွားကြီး... အကူအညီ ခေါ်နေတာလား...။ ငါ ဒီမှာပဲ မင်းကို စောင့်နေတယ်...၊ မင်း ငါ့ကို ဘာလုပ်နိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့...။"

ရွှီပေါ်အန်း၏ အကြည့်များမှာ အေးစက်သွားပြီး လွတ်နေသော ဘယ်ဘက်လက်က စကျင်ကျောက်အတု ကော်ဖီ စားပွဲကို မသိမသာ ရိုက်ချလိုက်မိလေ၏။

"ဝုန်း" ခနဲ အသံနှင့်အတူ ကော်ဖီစားပွဲမှာ ချက်ချင်းပင် ကွဲကြေသွားလေတော့သည်။

ရွှီပေါ်အန်းသည် အတော်လေး အံ့အားသင့်စွာဖြင့် သူ၏ လက်ဝါးကို ပြန်လည် ကြည့်ရှုမိလိုက်လေသည်။

၎င်းမှာ ခြစ်ရာတစ်ခု သို့မဟုတ် နာကျင်မှု တစ်စုံတစ်ရာမျှ မရှိဘဲ လုံးဝ အကောင်းပကတိ ဖြစ်နေခဲ့လေ၏။

ဤအဖြစ်အပျက်မှာ ရွှီပေါ်အန်း၏ အာရုံကို လွှဲပြောင်းပေးလိုက်ပြီး သူ့ကို အများကြီး ပိုမို တည်ငြိမ်သွားစေခဲ့ လေသည်။

"အမေ... သား အခုလေးတင် အလုပ်ဆင်းပြီ...။ အမေ ဘယ်မှာလဲ... သား အခုချက်ချင်း လာခဲ့မယ်...။"

All Chapters