← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

189

စုချန်နှင့် ယဲ့ချင်တို့ ဇနီးမောင်နှံသည် တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြပြီး သမီးဖြစ်သူ စုဟယ်ကိုသာ ဆုံးဖြတ်ချက်ချရန် လွှဲပေးထားလိုက်ကြသည်။ ညွှန်ကြားရေးမှူးချန်ချန်းသည် သူမရှေ့မှ မြင်ကွင်းကို တိတ်တဆိတ် အကဲခတ်နေရင်း ထိုင်ပုံထိုင်နည်းကို အနည်းငယ် ပြင်လိုက်ကာ မိန်းကလေးငယ် စုဟယ်အပေါ် ပိုမိုအာရုံစိုက်လိုက်သည်။ ဤသည်မှာ တကယ်ပင် ရှားပါးလှသည်ဟု သူမတွေးမိ၏။ အိမ်ထောင်ဦးစီးဖြစ်သူ အမျိုးသားသာ ဦးဆောင်ဆုံးဖြတ်လိမ့်မည်ဟု သူမ အစကထင်ထားခဲ့ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ ကျွန်မတို့အနေနဲ့ အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်၊ ဒါပေမဲ့"

စုဟယ်သည် စကားကို ခဏရပ်လိုက်ပြီး သူမ၏ စိုးရိမ်ပူပန်မှုများကို ဖော်ပြရန် သင့်တော်မည့် စကားလုံးများကို ရှာဖွေနေပုံရသည်။

"ကျွန်မတို့မှာလည်း လက်တွေ့ကျတဲ့ အခက်အခဲတွေနဲ့ ထည့်သွင်းစဉ်းစားစရာတွေရှိနေလို့ အစိုးရဘက်က ပိုပြီး ငဲ့ညှာပေးစေချင်သလို ကူညီပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်"

ညွှန်ကြားရေးမှူးချန်၏ လက်ချောင်းများမှာ တင်းခနဲ ဖြစ်သွားသည်။

'လာပြီလေ ဒဏ္ဍာရီလာ ဒါပေမဲ့ ဆိုတာကြီး ရောက်လာပြီ'

ဖျက်သိမ်းရေးအလုပ်ဆိုတာ လုံးဝကို မရိုးရှင်းဘူးဆိုတာ သူမ သိနေခဲ့သည်။ ညွှန်ကြားရေးမှူးချန်မှာ အသက်ရှူနှုန်း မြန်လာပြီး အသင့်ပြင်ထားလိုက်၏။ ဒီအိမ်ထောင်စုမှာ ဘယ်လိုတောင်းဆိုမှုမျိုးတွေ လုပ်လာမလဲဆိုတာကို သူမသိချင်မိသည်။ သူမ ညွှန်ကြားရေးမှူး လုပ်လာသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ရာ ဘယ်လို အခြေအနေမျိုးကိုမဆို ကြုံဖူးပြီးသားဖြစ်၏။ အစိုးရဆီမှ အဆမတန် လျော်ကြေးငွေ တောင်းတဲ့သူများ၊ လျော်ကြေးအပြင် အသက် (၉၀) အရွယ် အဖွားအိုအပါအဝင် မိသားစု (၆) ယောက်လုံးအတွက် အစိုးရဌာနဆိုင်ရာ အလုပ်အကိုင်တောင်းတဲ့သူများ၊ နောက်ဆုံး အိမ်ဖျက်မည့်နေ့ကျမှ အိမ်ရှေ့မှာ ခေါင်းတလားနဲ့ ပိတ်ပြီး ဈေးတင်တောင်းသည့်အထိ အစုံကြုံဖူးသည်။ ညွှန်ကြားရေးမှူး ချန်သည် သူမရှေ့မှ မိန်းကလေးမှာ ဘယ်လိုလူစားမျိုးလဲဆိုသည်ကို သိလိုစိတ်ဖြင့် စူးစိုက်ကြည့်နေမိသည်။

စုဟယ်သည် သူမ၏ခေါင်းကို ကုတ်လိုက်ပြီး အနည်းငယ် အနေရခက်ပုံရသော်လည်း သူမ၏ တောင်းဆိုချက်ကို ပြတ်သားစွာ ဖော်ပြလိုက်၏။ သူမ၏ စကားလုံးများထဲတွင် စိတ်ရင်းမှန်နှင့် မျှော်လင့်ချက်များ ကိန်းအောင်းနေသလို မိသားစုလုပ်ငန်းအပေါ် တန်ဖိုးထားမှုနှင့် အနာဂတ်အတွက် စီမံကိန်းများကိုလည်း ထင်ဟပ်နေစေသည်။

"ညွှန်ကြားရေးမှူးချန် ရှင်မြင်တဲ့အတိုင်းပါပဲ၊ ကျွန်မတို့ မိသားစုက တည်းခိုခန်း ဖွင့်ထားတာပါ"

စုဟယ် သူမလက်ထဲမှ စာရွက်စာတမ်းတွေကို ညွှန်ပြရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"ဒါကြောင့် ဒီမြေနေရာက တော်တော်လေး ကျယ်ဝန်းပြီး သီးခြား အဆောက်အဦး တစ်ခုလုံး ဖြစ်နေတာပါ၊ ကျွန်မတို့ ဒီမှာ လုပ်ကိုင်လာတာ ဆယ်စုနှစ်နဲ့ချီနေပါပြီ၊ ဒီတည်းခိုခန်းက ကျွန်မတို့ရဲ့အိမ်တင်မကဘဲ မိသားစုရဲ့ ဝမ်းစာရှာဖွေရာ နေရာလည်းဖြစ်ပါတယ်"

ညွှန်ကြားရေးမှူးချန်၏ ရင်ထဲတွင် လမ်းစတစ်ခုကို အနည်းငယ် တွေ့သွားသလို ခံစားလိုက်ရသည်။

'လာပြီလေ သူတို့က လျော်ကြေးငွေ အများကြီး လိုချင်နေပုံရတယ်'

ငွေလိုချင်တဲ့သူတွေမှာ အလုပ်အကိုင် တောင်းသည့်သူများထက်စာရင် ကိုင်တွယ်ရ ပိုလွယ်ကူပါသေးသည်။ ငွေမှာတော့ ညှိနှိုင်းလို့ရသော်လည်း အလုပ်အကိုင်မှာတော့ လုံးဝ ညှိနှိုင်းလို့ မရနိုင်ပေ။

"ကျွန်မတို့ရဲ့ လျော်ကြေးပေးမယ့် စီမံချက်ကို အစိုးရက သေချာစုံစမ်းစစ်ဆေးပြီးမှ ရေးဆွဲထားတာပါ၊ ပေးမယ့် လျော်ကြေးပမာဏကလည်း တကယ်ကို မြင့်မားနေပါပြီ"

ညွှန်ကြားရေးမှူးချန်မှာ လျော်ကြေးပမာဏကို အလျှော့မပေးဘဲ ကိုင်ထားလိုက်သည်။ ဒါ နောက်ပြောင်နေတာ မဟုတ်ဘူးလေ။ သူမသာ ချက်ချင်း လျှော့ပေးလိုက်မယ်ဆိုရင် ညွှန်ကြားရေးမှူး ဖြစ်လာခဲ့တာ အလကား ဖြစ်သွားမှာပေါ့။ စုဟယ်မှာ သူမလက်ကို ခါယမ်းလိုက်ပြီး ပြောလိုက်သည်။

"မဟုတ်ဘူး မဟုတ်ဘူး ညွှန်ကြားရေးမှူးချန်၊ ကျွန်မတို့ငွေကိုလည်း မလိုချင်သလို အိမ်ကိုလည်း မလိုချင်ပါဘူး၊ ကျွန်မတို့သိချင်တာက မြေကွက်တစ်ကွက်ပြန်ရနိုင်မလား ဆိုတာပါပဲ "

ညွှန်ကြားရေးမှူးချန်နှင့် ဝူကျဲသောက်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ညွှန်ကြားရေးမှူးချန် ထပ်မေး၏။

"မြေကွက်တစ်ကွက် ဟုတ်လား"

"ဟုတ်ကဲ့ ညွှန်ကြားရေးမှူးချန်၊ ကျွန်မတို့က မြေကွက်တစ်ကွက် လိုချင်တာပါ"

စုဟယ် သူမမျက်ဝန်းများထဲတွင် ပြတ်သားသည့် အရိပ်အယောင်များဖြင့် ဆက်ပြောသည်။

"ကျွန်မတို့ရဲ့ ဟဲယဲ့တည်းခိုခန်းဆိုတာ အစထဲက ကျွန်မမိဘတွေ ဒီမြေအသုံးပြုခွင့်ကိုဝယ်ယူပြီး သူတို့ဘာသာ တည်ဆောက်ခဲ့တဲ့ (၆) ထပ် အဆောက်အဦးလေ၊ ဒါကပိုင်ဆိုင်မှု သက်သက်တင် မဟုတ်ပါဘူး၊ ကျွန်မတို့မိသားစု မျိုးဆက်နှစ်ဆက်ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အမှတ်တရတွေ ပေါင်းစပ်နေတာပါ"

သူမသည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူမမျှော်လင့်ချက်များကို ဆက်လက်ဖော်ပြသည်။

"ဖျက်သိမ်းပြီးသွားရင်လည်း ကျွန်မတို့ရဲ့ တည်းခိုခန်းလုပ်ငန်းကို ဆက်လုပ်ကိုင်သွားချင်ပါတယ်၊ ဒါကြောင့် သင့်တော်တဲ့ မြေကွက်တစ်ကွက်ရရှိဖို့ မျှော်လင့်မိတာပါ၊ အဲဒီမြေပေါ်မှာ ကျွန်မတို့ဘာသာ 'ဟဲယဲ့တည်းခိုခန်း အသစ်' ကို ပြန်တည်ဆောက်ချင်ပါတယ်၊ အစိုးရရဲ့စည်းမျဉ်းစည်းကမ်းတွေ၊ လျော်ကြေးစံနှုန်းတွေအတိုင်း ညှိနှိုင်းဖို့ အဆင်သင့်ပါပဲ၊ ကျွန်မတို့ရဲ့ မိသားစုလုပ်ငန်းလေး ဆက်လက်ရှင်သန်ခွင့်ရဖို့ မျှော်လင့်ချက်တစ်ခုပဲ လိုချင်တာပါရှင်"

ညွှန်ကြားရေးမှူးချန်သည် စုဟယ်၏စကားများကို အသေအချာ နားထောင်နေသည်။ စုဟယ်သည် စိတ်ရင်းမှန်ဖြင့် ပြောနေခြင်းဖြစ်ပြီး လျော်ကြေးငွေ ပိုရအောင် လှည့်ပတ်ပြောဆိုနေခြင်း သို့မဟုတ် မတန်တဆ တောင်းဆိုနေခြင်း မဟုတ်ကြောင်း သူမ ခံစားလိုက်ရ၏။

"ဟုတ်ပါပြီ၊ ရှင်တို့မှာ တောင်းဆိုပိုင်ခွင့် ရှိပါတယ်"

ညွှန်ကြားရေးမှူးချန် ဆိုသည်။

"ဟဲယဲ့တည်းခိုခန်းက စီးပွားရေးလုပ်ငန်းသုံး မြေနေရာဖြစ်တဲ့အတွက် ဒါဟာ လုပ်ငန်းစု ဖျက်သိမ်းရေး အောက်မှာ အကျုံးဝင်ပါတယ်၊ လျော်ကြေးခတွေကို အဓိကအားဖြင့် အဆောက်အဦး လျော်ကြေး၊ လုပ်ငန်းခေတ္တရပ်နားမှုကြောင့် ဆုံးရှုံးနစ်နာမှု လျော်ကြေး၊ ပြောင်းရွှေ့စရိတ်နဲ့ ဂုဏ်ပြုဆုကြေးတွေဆိုပြီး ခွဲခြားထားပါတယ်၊ ဒါဟာ လူနေအိမ် လျော်ကြေးထက် အများကြီး ပိုများပါလိမ့်မယ်၊ ရှင်တို့က ငွေလျော်ကြေးကို မယူဘဲ မြေနေရာလဲလှယ်ဖို့ တကယ်ပဲ သေချာရဲ့လား "

ညွှန်ကြားရေးမှူးချန်မှာ စုဟယ်ကို ထပ်မံအတည်ပြုသည်။ စုဟယ် ပြတ်ပြတ်သားသား ခေါင်းငြိမ့်ပြ၏။

"ဟုတ်ကဲ့ သေချာပါတယ်ရှင်"

ညွှန်ကြားရေးမှူးချန်သည် သူမ၏အိတ်ထဲမှ စာရွက်စာတမ်းအသစ်တစ်ခုကို ထုတ်လိုက်သည်။

"မြေနေရာလဲလှယ်ဖို့အတွက်ဆိုရင်တော့ ဒီရွေးချယ်စရာတွေ ရှိပါတယ်၊ မြေပုံကို ကြည့်လို့ရပါတယ်၊ လမ်းဟောင်း ကနေ မြို့သစ် ကို လဲလှယ်မှာဖြစ်လို့ ဈေးကွက်ပေါက်ဈေးတွေအရဆိုရင် ဟဲယဲ့တည်းခိုခန်းအတွက် ရမယ့် မြေဧရိယာက အခုထက် ပိုပြီး ကျယ်ဝန်းမှာ သေချာပါတယ်"

ဝူကျဲသောက်သည် စိတ်ဝင်တစားဖြင့် ကြားဖြတ်မေးလိုက်သည်။

"ဟို စုချန် ခင်ဗျားက ဘယ်နှစ်ထပ်လောက်ဆောက်ဖို့ စိတ်ကူးထားလို့လဲ၊ မြို့သစ်မှာတော့ အမြင့်ကန့်သတ်ချက်မရှိတာ သေချာတယ်၊ ခင်ဗျား အရင်တုန်းက ရပ်ကွက်ရုံးကို အကြိမ်ကြိမ် လာပြီး တည်းခိုခန်းကို (၈) ထပ်အထိ မြှင့်ဆောက်ချင်တယ်လို့ ပြောခဲ့ဖူးတယ်လေ၊ မြို့သစ်မှာဆိုရင် (၈) ထပ်ဆောက်ဖို့က ပြဿနာမရှိပါဘူး "

စုချန်မှာ သမီးဖြစ်သူကို ညွှန်ပြလိုက်ရင်း ပြောလိုက်သည်။

"ဟားဟား ဒါတွေ အားလုံးကို သမီးဖြစ်သူကပဲ တာဝန်ယူထားတာလေ"

စုဟယ် ရှက်ပြုံးလေးပြုံးလိုက်ပြီး ပြောသည်။

"ကျွန်မတို့ (၁၆) ထပ်ဆောက်ဖို့ စိတ်ကူးထားပါတယ်ရှင့် "

ဝူကျဲသောက်မှာ ထိုင်နေရင်းမှ ဆတ်ခနဲဖြစ်သွားပြီး လဲကျလုနီးပါးဖြစ်သွားသည်။ ညွှန်ကြားရေးမှူးချန်၏လက်များမှာလည်း ပြင်းထန်စွာ တုန်ယင်သွားပြီး သူမ ကိုင်ထားသည့် စာရွက်စာတမ်းများမှာ ကြမ်းပြင်ပေါ်သို့ ဖရိုဖရဲ ပြုတ်ကျသွားတော့၏။

"(၁၆) ထပ် ဟုတ်လား"

ညွှန်ကြားရေးမှူးချန်၏အသံမှာ အံ့ဩလွန်းသဖြင့် အက်ကွဲသွားသည်။

"ဘာလို့လဲဟင် ဆောက်လို့မရဘူးလားရှင့်"

စုဟယ် ရိုးရိုးသားသားလေးပြန်မေးလိုက်သည်။ ညွှန်ကြားရေးမှူးချန်မှာ အလေးအနက် ပြန်မေး၏။

"(၁၆) ထပ် အဆောက်အဦးတစ်ခု ဆောက်ဖို့ ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲဆိုတာ သိရဲ့လား"

စုဟယ် ခေါင်းငြိမ့်ပြလိုက်သည်။ သူမ သေချာပေါက် သိတာပေါ့။ အနည်းဆုံး ယွမ် သန်း (၁၀၀)မရှိဘဲနှင့်တော့ ဒါမဖြစ်နိုင်ပေ။ စနစ်မှ ပေးထားသည့် ဒီဇိုင်းဆိုလျှင် ထိုဈေးနှုန်းထက် အဆပေါင်းများစွာ ပိုကုန်ပေလိမ့်မည်။ သို့သော် သူမ ဘာလုပ်နိုင်မည်နည်း။ စနစ်မှာ သူမကိုခြိမ်းခြောက်ထားသည်‌လေ။ ဘယ်သူကများ သူမကိုကယ်နိုင်မှာတဲ့လဲ။ မနေ့ည၌ စုဟယ်သည် စနစ်နှင့် အသေးစိတ်ဆွေးနွေးတိုင်ပင်ခဲ့ပြီးသားဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ စနစ်မှာ သဘောကောင်းလှစွာဖြင့် စုဟယ်ကို ငွေကြေးဆိုင်ရာ အထောက်အပံ့ပေးမည်ဟု ဆိုထား၏။ သို့သော် စနစ်မှာ အလကားလုပ်ပေးသည်တော့ မဟုတ်‌ပေ။ တည်းခိုခန်းအသစ် ဆောက်ပြီးသွားသည့်အခါ တည်းခိုခန်း၏ပိုင်ဆိုင်မှု (၇၀) ရာခိုင်နှုန်းမှာ စနစ်လက်ထဲတွင်ရှိနေမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဟဲယဲ့တည်းခိုခန်း၏ အနာဂတ်ဝင်ငွေနှင့် အမြတ်အစွန်း (၇၀)ရာခိုင်နှုန်းကို စနစ်နှင့်ခွဲဝေရမည်ဖြစ်သည်။

အကယ်၍ အမြတ် (၃၀၀) ရလျှင် စနစ်မှာ (၂၁၀) ယူမည်ဖြစ်သည်။ ထို (၇၀) ရာခိုင်နှုန်းဆိုသည်မှာလည်း စုဟယ်နှင့် စနစ်တို့ အကြာကြီးဈေးဆစ်ပြီးမှရရှိလာသည့် ပမာဏဖြစ်၏။ အခြားနည်းလမ်းမရှိပေ။ စုဟယ်အနေဖြင့် ထိုမျှများပြားသော ငွေကြေးကို ရှာဖွေနိုင်စွမ်း မရှိသောကြောင့်ဖြစ်သည်။ မူလက စနစ်သည် ကတ်ဇာတ်ကောင်များကြောင့်ရရှိသည့် အမြတ်များကိုပင် (၇၀) ရာခိုင်နှုန်းခွဲယူရန် တောင်းဆိုခဲ့သည်။ စုဟယ် သူမအခွင့်အရေးအတွက် အပြင်းအထန်ငြင်းခုံခဲ့သောကြောင့်သာ လွတ်မြောက်ခဲ့ခြင်းဖြစ်၏။ မဟုတ်လျှင်တော့ စုဟယ်သည် စနစ်အတွက် အလုပ်လုပ်ပေးရသည့် အလုပ်သမား သက်သက်သာဖြစ်သွားပေလိမ့်မည်။ စုဟယ်သည် ကတ်ဇာတ်ကောင်များနှင့် ပူးပေါင်းကာ ငွေများများရှာပြီး စနစ်ထံမှ တည်းခိုခန်း ရှယ်ယာအချို့ကို ပြန်လည်ဝယ်ယူရန်လည်း စိတ်ကူးထားသည်။ စုချန်နှင့် ယဲ့ချင်တို့မှာတော့ အတော်လေးတည်ငြိမ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ ကြားထားရသည့် ဗားရှင်းမှာ - ချမ်းသာသော သူဌေးကြီးတစ်ဦးမှ သူတို့တည်းခိုခန်းနှင့် ပူးပေါင်းချင်ကြောင်း၊ မြို့သစ်တွင် အခန့်ညားဆုံးနှင့် အိမ်မက်ဆန်ဆုံး တည်းခိုခန်းကြီးတစ်ခုဖြစ်အောင် ရင်းနှီးမြှုပ်နှံလိုကြောင်း သမီးဖြစ်သူပြောပြထားသောကြောင့်ဖြစ်သည်။ ထိုသူဌေးကြီးမှာ ဝင်ငွေ၏ (၉၀)ရာခိုင်နှုန်းကို ယူမည်ဖြစ်သော်လည်း စုဟယ်ကို ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ဦးအဖြစ် ခန့်အပ်ကာ လုပ်ငန်းလည်ပတ်မှုအပေါ် မူတည်ပြီး အမြတ်ဝေစုများပေးမည်ဟု ဆိုထားသည်။ (၁၆) ထပ်ပါသော ယဲ့ဟယ်တည်းခိုခန်း ဒီဇိုင်းပုံစံကိုမြင်ပြီးနောက်မှာတော့ စုချန်တို့ဇနီးမောင်နှံမှာလည်း ဘာမှကန့်ကွက်စရာမရှိတော့ပေ။ ထိုဒီဇိုင်းမှာ အလွန်ပင်ခန့်ညားထည်ဝါလွန်းလှ၏။ မိသားစု သုံးဦးစလုံး ကန့်ကွက်ရန်မရှိသည်ကို မြင်ရသည့်အခါ ညွှန်ကြားရေးမှူးချန်လည်း ကန့်ကွက်စရာ မရှိတော့ပေ။ မြို့သစ်မှာတော့ မြေမှလွဲလို့ တခြားဘာမှမရှိသည်ပင်။ ညွှန်ကြားရေးမှူးချန်သည် တံတွေးအသာမျိုချလိုက်ပြီး ပြောလိုက်သည်။

"ကောင်းပါပြီ ရှင်တို့သေသေချာချာ စဉ်းစားပြီးပြီဆိုရင်တော့ မြေနေရာလဲလှယ်မယ့် အစီအစဉ်ကို ဆက်ပြီး ဆွေးနွေးကြတာပေါ့"

190

စုဟယ်သည် ဘတ်စ်ကားလေးဆင့်တိုင်တိုင် ပြောင်းစီးပြီးနောက် နောက်ဆုံးတွင် မြို့သစ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ သူမ ကားပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်မှုန့်တစ်လုပ်ကို အားရပါးရ မြိုချလိုက်ရတော့၏။ စုဟယ်သည် ဘတ်စ်ကားမှတ်တိုင် ဆိုင်းဘုတ်အောက်တွင် ရပ်နေရင်း သူမ၏ ခရီးစဉ်အသစ်ကို စတင်တော့မည့် ဤမြို့သစ်ကို ကြည့်ကာ ရင်ထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များဖြင့် ပြည့်နှက်နေမိသည်။ တစ်နာရီကြာအောင် ခရီးနှင်ခဲ့ရသည့်အပြင် ကားကို လေးကြိမ်တိုင်တိုင် ပြောင်းစီးခဲ့ရသည်အထိ ဤနေရာမှာ ဝေးလံလှသည်။

သို့သော်လည်း ဤမြို့သစ်ဆိုသည်မှာ သစ်လွင်လွန်းနေသဖြင့် ဘတ်စ်ကားမှတ်တိုင်မှလွဲလျှင် ငှက်တစ်ကောင်တောင် နားစရာနေရာ မရှိပေ။ သူမ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ခြောက်ကပ်နေသော မြင်ကွင်းနှင့် အပျက်အစီးများကိုသာ တွေ့ရတော့သည်။ ဤနေရာသည် ယခင်က စက်ရုံဧရိယာ ဖြစ်ခဲ့သော်လည်း မြို့ပြစီမံကိန်း လိုအပ်ချက်များကြောင့် ထိုစက်ရုံများအားလုံးကို ဖျက်သိမ်းထားပြီးဖြစ်ရာ ယခုအခါ ပြိုပျက်နေသော နံရံများနှင့် အကြွင်းအကျန်များသာ ကျန်ရစ်တော့၏။ စုဟယ် ဤနေရာသို့ လာရခြင်းမှာ အစိုးရနှင့် ညှိနှိုင်းထားသော မြေကွက်ကို ကြည့်ရှုရန်ဖြစ်သည်။ ဆယ်ရက်ကျော်တိုင်တိုင် အပြန်အလှန် ဆွေးနွေးငြင်းခုံမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင်မှ သူမသည် ဤမြေကွက်ကို အသုံးပြုပိုင်ခွင့်ကို နောက်ဆုံးတွင် ရရှိခဲ့ခြင်းဖြစ်၏။ ဟဲယဲ့တည်းခိုခန်းအတွက် နောက်ဆုံးသတ်မှတ်လိုက်သည့် တည်နေရာမှာ မြို့သစ်မြေအောက်ရထားဘူတာမှ (၅) မိနစ်ခန့် လမ်းလျှောက်ရုံနှင့် ရောက်နိုင်ပြီး မြို့သစ်၏ သဘာဝအလျောက် ဖြစ်ပေါ်နေသော ပန်းခြံနှင့်လည်း (၁၀ )မိနစ်ခန့်သာ လမ်းလျှောက်ရတော့သည်။

သို့သော်လည်း မြေအောက်ရထားဘူတာမှာ ဖွင့်လှစ်ထားခြင်း မရှိသေးဘဲ ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း ဆောက်လုပ်ရေးခွင်ကြီး ဖြစ်နေသောကြောင့် စုဟယ်တစ်ယောက် ဖုန်မှုန့်တွေကို တဝကြီး မြိုချခဲ့ရခြင်းပင်။ သူမရှေ့မှ ဖုန်တထောင်းထောင်းထနေသော ဆောက်လုပ်ရေးခွင်ကို ကြည့်ရင်း စုဟယ်တစ်ယောက် စိတ်မအေးသလို ခံစားလိုက်ရသည်။ မြေအောက်ရထား စီမံကိန်းကြီးမှာတော့ တစ်ပိုင်းတစ်စနဲ့ ရပ်တန့်မသွားလောက်ပါဘူးနော်။ ပြီးတော့ ယုံမြစ်အစိုးရအဖွဲ့မှာလည်း နောင်မှာ ဒီကို ပြောင်းလာမည်လို့ ပြောကြသည် မဟုတ်ပါလား။ သို့သော်ယခုအဝေးမှာရှိသည့် ပြန်လည်နေရာချထားရေး အိမ်ရာဆောက်လုပ်ရေးခွင်မှလွဲလို့ တခြား ဘာဆောက်လုပ်ရေးခွင်မှ စတင်နေတာကို သူမ မတွေ့ရသေးပေ။ ယုံမြစ်အစိုးရအဖွဲ့မှာ နောက်ထပ် အနှစ် (၂၀) ကြာမှ မြို့သစ်ကို ပြောင်းလာမှာလား။ စုဟယ်သည် သူမ မျှော်လင့်ထားသည့် အင်းအိုင်ပန်းခြံဆိုသည်ကို တွေ့ရနိုးနိုးဖြင့် ရှေ့သို့ အနည်းငယ် ဆက်လျှောက်သွားလိုက်သည်။ ထင်သည့်အတိုင်းပင်၊ အင်းအိုင်ပန်းခြံမှာလည်း သဘာဝအတိုင်း ရှိနေဆဲဖြစ်ပြီး ပတ်ဝန်းကျင်တွင်လည်း သစ်ပင်သစ်တော သို့မဟုတ် အထောက်အကူပြု အဆောက်အဦးများ လုံးဝမရှိဘဲ ရေကန်ကြီး တစ်ခုသာ ဖြစ်နေ၏။ ငါးဖမ်းသမား အနည်းငယ်သာ မတ်တတ်ရပ်ရင်း ရေပြင်ကို စိုက်ကြည့်ကာ သူတို့၏ အားလပ်ချိန်ကို အာရုံစိုက် နေကြ၏။ စုဟယ် တစ်ချက်ကြည့်လိုက်မိရာ ငါးဖမ်းသမားများ၏ ငါးခြင်းများမှာလည်း ဗလာဖြစ်နေသည်။ ဤနေရာတွင် ငါးတောင် မရှိဘူးပဲ။

သူမသည် ဤကဲ့သို့သော မြို့သစ်တွင် တည်းခိုခန်းတစ်ခု ဆောက်ရတော့မည် ဖြစ်သည်။ စုဟယ်၏ နောင်တမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။ သို့သော်လည်း ယခုအခါ မြေနေရာလဲလှယ်ရေး စာချုပ်ကို လက်မှတ်ထိုးပြီးပြီ ဖြစ်သလို တည်နေရာမှာလည်း အတည်ဖြစ်သွားပြီဖြစ်၏။ နောက်ထပ် ခြောက်လအတွင်း ဟဲယဲ့တည်းခိုခန်းဟောင်းမှာလည်း ဖျက်သိမ်းခံရတော့မည် ဖြစ်ရာ ခြောက်လအတွင်း တည်းခိုခန်းအသစ်ကြီးကို အပြီးသတ် တည်ဆောက်နိုင်ရန် အစွမ်းကုန် ကြိုးစားရတော့မည်ဖြစ်သည်။ ခြောက်လအတွင်း (၁၆) ထပ် အဆောက်အဦးကြီးကို ဆောက်လုပ်ဖို့ဆိုတာ ခက်ခဲနိုင်သော်လည်း မှင်စာအင်ဂျင်နီယာ များ၏ အကူအညီဖြင့်ဆိုပါက အတွင်းပိုင်း အလှဆင်ခြင်း အပါအဝင် အစမှ အဆုံးအထိ တည်ဆောက်ရန် လုံလောက်သော အချိန်ပင် ဖြစ်သည်။

မြို့သစ်မြေကွက်ကို ကြည့်ပြီးနောက်တွင်တော့ စုဟယ်၏ စိုးရိမ်နေသော နှလုံးသားမှာ မျှော်လင့်ချက် လုံးဝ မရှိတော့သလို လက်လျှော့လိုက်ရတော့သည်။ နောက်ပိုင်းကာလများတွင် သူမသည် အလွန်အမင်း အလုပ်ရှုပ်သွားတော့၏။ အကယ်၍ သူမ၏ မိဘများသာ ကူညီမပေးခဲ့ပါက သူမတစ်ယောက် ပင်ပန်းလွန်းသဖြင့် မေ့လဲသွားနိုင်ပါသည်။ စုဟယ်သည် ဟဲယဲ့တည်းခိုခန်းအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်များထဲတွင် သူမ၏ အင်အားရှိသမျှကို ပုံအောလိုက်တော့သည်။ သူမ၏ ဘဝမှာ ပုံမှန်ထက် ပို၍ အလုပ်ရှုပ်လာပြီး အချိန်များကို မရေမတွက်နိုင်သော အပိုင်းအစလေးများအဖြစ် ခွဲခြမ်းစိတ်ဖြာထားသလို မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာလည်း အစီအစဉ်များဖြင့် ပြည့်နှက်နေသည်။ သူမသည် အစိုးရဌာနများနှင့် ဆက်သွယ် ညှိနှိုင်းရုံသာမက လက်ရှိ မြေဧရိယာ အကျယ်အဝန်းအပေါ် မူတည်ပြီး ဒီဇိုင်းပုံစံများကို စနစ် နှင့်အတူ ပြန်လည်ညှိနှိုင်းကာ ဒီဇိုင်းပုံစံများအတိုင်း တကယ်တမ်း ချောချောမွေ့မွေ့ အကောင်အထည်ဖော်နိုင်ရန် သေချာအောင် လုပ်ဆောင်ရ၏။

ဟဲယဲ့တည်းခိုခန်း ဆောက်လုပ်ရေးလုပ်ငန်း ချောချောမွေ့မွေ့ စတင်နိုင်ရန် စုဟယ်သည် အစိုးရဌာန အတော်များများသို့ ပြေးလွှားရပြီး လျှောက်လွှာစာရွက်စာတမ်း တစ်ခုပြီးတစ်ခု တင်ပြကာ ခွင့်ပြုချက် လုပ်ငန်းစဉ် တစ်ဆင့်ပြီးတစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ရသည်။ သူမ ကိုင်တွယ်ဖြေရှင်းရသော စာရွက်စာတမ်း လုပ်ငန်းစဉ်များနှင့် ခွင့်ပြုချက် တောင်းခံမှုများမှာ ငြီးငွေ့စရာကောင်းပြီး ရှုပ်ထွေးလှ၏။ ၎င်းတို့တွင် ရေဆိုးထုတ်လွှတ်ခွင့် ခွင့်ပြုချက်၊ ဆောက်လုပ်ရေး အညစ်အကြေး စွန့်ပစ်ခွင့် ခွင့်ပြုချက်၊ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် လက်မှတ် စသည်ဖြင့် များစွာ ပါဝင်သည်။ အလုပ်တစ်ခုစီတိုင်းအတွက် သူမအနေဖြင့် အချိန်နှင့် အင်အားများစွာ ရင်းနှီးမြှုပ်နှံခဲ့ရသော်လည်း သူမ၏ အိမ်မက်ကို အကောင်အထည်ဖော်ရန် လိုအပ်သော အဆင့်များဖြစ်သဖြင့် သူမမှာ မည်သည့် ညည်းညူခြင်းမှ မရှိခဲ့ပေ။ ဤလုပ်ငန်းစဉ်များတွင် စုချန်နှင့်ယဲ့ချင်တို့မှာ သူမကို ဝိုင်းဝန်းကူညီခဲ့ကြသည်။ သူတို့သည် သူမကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးကူညီရုံသာမက လက်တွေ့အလုပ်များတွင်လည်း သူမ၏ ဖိအားများကို ဝေမျှပေးခဲ့ကြ၏။ စာရွက်စာတမ်းများကို စုစည်းပေးခြင်း၊ သက်ဆိုင်ရာ ဌာနများနှင့် ဆက်သွယ်ပေးခြင်းတို့ကို ကူညီပေးခဲ့ကြသဖြင့် သူမအနေဖြင့် ပိုမိုအရေးကြီးသော ကိစ္စရပ်များကို ကိုင်တွယ်ရန် အချိန်နှင့် အင်အားများ ရရှိခဲ့သည်။ သူမ၏ မိဘများ၏ အကူအညီကြောင့် စုဟယ်မှာ များစွာ ကျေးဇူးတင်မိပါသည်။ သူတို့သာ မရှိခဲ့ပါလျှင် ဤမျှ လေးလံသော အလုပ်များကို သူမ တစ်ယောက်တည်း ရုန်းကန်ရန် ခက်ခဲမည်မှာ သေချာလှ၏။ ကံကောင်းထောက်မစွာဖြင့် ဖျက်သိမ်းရေးရုံးမှ ညွှန်ကြားရေးမှူး ချန်ချန်းနှင့် ရပ်ကွက်ရုံးမှ ညွှန်ကြားရေးမှူး ဝူကျဲသောက်တို့၏ အကူအညီကြောင့် မြို့သစ်ဟဲယဲ့တည်းခိုခန်းကို ယခုလအတွင်းမှာပင် စတင်ဆောက်လုပ်နိုင်ခဲ့သည်။

မနက်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်း ခွင့်ပြုချက်ကို ရရှိခဲ့ပြီး၊ မွန်းလွဲပိုင်းတွင် မှင်စာအင်ဂျင်နီယာ ဆောက်လုပ်ရေးအဖွဲ့ ရောက်ရှိလာခဲ့သည်။ စနစ်အးမှာ မှင်စာ အင်ဂျင်နီယာများကို လူပုံဖျက်ထားပေးသေးသဖြင့်သာ တော်တော့သည်။ မဟုတ်လျှင် လူတွေ အံ့ဩထိတ်လန့်သွားကြပေလိမ့်မည်။ ဒါတောင်မှ ဖိနပ်အထူကြီးတွေ စီးထားပြီး ဘေးကင်းလုံခြုံရေး ဦးထုပ် အမြင့်ကြီးတွေ ဆောင်းထားသည့်တိုင်အောင် ဤ 'အာလူးမဲလေးများ' မှာ အရပ် (၁.၄) မီတာထက် မကျော်ကြပေ။ စုဟယ်သည် ဆောက်လုပ်ရေးခွင် အစွန်းတွင် ရပ်ရင်း အလုပ်ရှုပ်နေကြသော ဆောက်လုပ်ရေးအဖွဲ့၏ ပုံရိပ်များကို ကြည့်နေမိသည်။ ကူညီရန် လိုက်လာကြသော စုချန်နှင့် ယဲ့ချင်တို့မှာမူ အနည်းငယ် စိုးရိမ်နေပုံရ၏။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့ရှေ့မှ အခြေအနေကို ရှင်းရှင်းလင်းလင်း နားမလည်နိုင် ဖြစ်နေကြသည်။ စုချန်မှာ မနေနိုင်တော့ဘဲ မျက်မှောင်ကြုတ်လျက် စုဟယ်ကို မေးလိုက်သည်။

"ရှောင်ဟယ် အဲဒီ ရင်းနှီးမြှုပ်နှံတဲ့ သူဌေးကြီးက တကယ်ရော ဟုတ်ရဲ့လား ဒီဆောက်လုပ်ရေး အဖွဲ့က ကြည့်ရတာ တစ်မျိုးကြီးပဲ"

ယဲ့ချင်မှာလည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော အသံဖြင့် ဝင်ပြောသည်။

"ဟုတ်တယ် ဒီလူတွေကို ကြည့်ပါဦး အားလုံးက အရမ်းပုနေကြတာပဲ၊ အမေတို့ တစ်ခါမှ ဒီလိုဆောက်လုပ်ရေးအဖွဲ့မျိုး မမြင်ဖူးဘူး၊ အဲဒီသူဌေးကြီးက ဘာလို့ ဒီလိုအဖွဲ့မျိုးကို ငှားခဲ့တာလဲ "

စုဟယ်သည် မြင့်မြတ်သော ကိုယ်ကျင့်တရား ခုံတန်းပေါ်သို့ တက်ကာ တည်တည်ကြည်ကြည်ဖြင့် ချေပလိုက်သည်။

"အမေ အဖေ ကြည့်ပါဦး၊ သူဌေးကြီးက တကယ့်သူဌေးအစစ်ဖြစ်မှာပေါ့၊ မဟုတ်ရင် သမီးမှာ ဆောက်လုပ်ရေးအဖွဲ့ကိုငှားဖို့ ငွေဘယ်ကရှိမှာလဲ၊ ပြီးတော့ အခုဆောက်လုပ်ရေးက စတော့မှာလေ၊ လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်လိုမျိုး သေးသေးမွှားမွှားကိစ္စတွေအပေါ် သံသယမဝင်သင့်ဘူးမဟုတ်လား"

ယဲ့ချင် ချက်ချင်းပင်ပြန်ရှင်းပြသည်။

"အမေတို့က ခွဲခြားဆက်ဆံတာမဟုတ်ပါဘူး"

သို့သော်လည်း သူမမှာ စိတ်မအေးနိုင်သေးဘဲ ထပ်မေးသည်။

"ဒါပေမဲ့ ဒီဆောက်လုပ်ရေးအဖွဲ့ထဲက လူတွေက ဘာလို့ ဒီလောက်တောင်ပုနေရတာလဲ၊ ပြီးတော့ ဘာလို့ဒီလောက်တောင် မဲနေရတာလဲ၊ ကြည့်ရတာ တရုတ်လူမျိုးတွေနဲ့ လုံးဝမတူဘူး၊ အမေ တကယ်ကို ဒီလိုမျိုးတစ်ခါမှ မမြင်ဖူးလို့ပါ"

စုဟယ်မှာ စိတ်ကူးတစ်ခု ရုတ်တရက်ရသွားပြီး အကြောင်းပြချက်တစ်ခုကို ဖန်တီးလိုက်သည်။

"အဲဒါ မသန်စွမ်းသူတွေကိုငှားရမ်းတာက အခွန်လျှော့ပေါ့မှုရနိုင်လို့ပါ၊ ပြီးတော့ ဒီသူဌေးကြီးက အရမ်းကြင်နာတတ်တဲ့သူလေ၊ သူက ဒီမသန်စွမ်းသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးချင်လို့ပါ၊ အမေနဲ့ အဖေမြင်တဲ့အတိုင်းပဲ ဒီဆောက်လုပ်ရေးဝန်ထမ်းတွေက အရပ်နည်းနည်းပုနေကြပေမဲ့ သူတို့ကကျွမ်းကျင်လုပ်သားတွေချည်းပဲ၊ အထူးသဖြင့် သူတို့အရပ်အမောင်းက သေးငယ်တဲ့အတွက် ကျဉ်းမြောင်းတဲ့နေရာတွေထဲအထိဝင်ပြီး ဂဟေဆော်တာမျိုးတွေ လုပ်နိုင်ကြတယ်၊ ဒါသူတို့ရဲ့ အားသာချက်ပဲလေ၊ ပြီးတော့ သူတို့အသားမဲနေတာကလည်း မှန်တာပေါ့ ဆောက်လုပ်ရေးခွင်မှာ ဘိလပ်မြေတွေနဲ့ အလုပ်လုပ်နေရတာ မဲမသွားဘဲဘယ်နေပါ့မလဲ "

စုဟယ်၏ရှင်းပြချက်ကြောင့် သူမမိဘများမှာ ရုတ်တရက် နားလည်သွားကြသည်။ စုချန် ခေါင်းငြိမ့်ကာပြော၏။

"ဪ ဒါကြောင့်ကိုး၊ ဒါက ဟိုမသန်စွမ်းသူတွေကို အလုပ်ခန့်ပေးတဲ့ စိတ်ရင်းကောင်းတဲ့ ပြည်တွင်းကုမ္ပဏီတွေလိုမျိုးပေါ့၊ ကြည့်ရတာ ဒီသူဌေးကြီးက တကယ့်လူကောင်းတစ်ယောက်ပဲ"

ယဲ့ချင်လည်း စိတ်အေးသွားတော့သည်။ သူမ ပြုံးကာပြော၏။

"ဪ အခုမှပဲ နားလည်တော့တယ်၊ ဒါဆိုရင်တော့ အမေ စိတ်အေးသွားပါပြီ၊ ရှောင်ဟယ် ပြောတာမှန်ပါတယ်၊ လူတွေကို အပြင်ပန်းကြည့်ပြီး မဆုံးဖြတ်သင့်ဘူးလေ"

စုဟယ်သည် စိတ်အေးသွားကြသော သူမမိဘများကို ကြည့်ရင်း ရင်ထဲတွင် တိတ်တဆိတ် ဆုတောင်းပေးနေမိသည်။

'အမေနဲ့ အဖေ ရှေ့လျှောက် စိုးရိမ်စရာတွေ ကြုံရဦးမှာ'

မှင်စာအင်ဂျင်နီယာ ဆောက်လုပ်ရေးအဖွဲ့မှာ လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်သွားပြီဖြစ်ရာ နောက်ပိုင်းတွင် ထူးဆန်းသော ကိစ္စရပ်များ သေချာပေါက် ဖြစ်လာတော့မည်ဖြစ်သည်။ သူမ ပင်ပင်ပန်းပန်းဖန်တီးထားသော အကြောင်းပြချက်များကို သူမမိဘများ ဆက်ယုံကြည်ပေးကြဖို့သာ သူမမျှော်လင့်မိပါတော့၏။

All Chapters