← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

181

"ကျေးဇူးတင်ပါတယ် အစ်မမီနာ"

လီရှီ ဆိုလိုက်သည်။ သူသည် လက်ဆောင်တစ်ခုထက်ပို၍ ကိုယ်တိုင်ဖန်တီးထားသည့် လက်လုပ်ပစ္စည်းတစ်ခုကို ရရှိလိုက်သဖြင့် တကယ်ပင် အံ့အားသင့်ဝမ်းသာသွားရသည်။ လီရှီသည် သူ၏ ကျေးဇူးတင်မှုကို ပြသသည့်အနေဖြင့် ထိုအင်္ကျီကို ချက်ချင်းပင် ဝတ်ကြည့်လိုက်၏။ သူသည် အတွင်းမှ အသားကပ်အင်္ကျီတစ်ထည် ဝတ်ထားပြီးသား ဖြစ်သည်။

ဤအဖြူရောင် လည်ဝိုင်းတီရှပ်မှာ ကြည့်လိုက်လျှင် ထူးခြားပုံမရသော်လည်း သူဝတ်ဆင်လိုက်သည့် ခဏမှာပင် သိသိသာသာ ထူးခြားသွားတော့သည်။ ဤလက်ရှည် လည်ဝိုင်းအဖြူရောင် တီရှပ်၏ ပုံစံမှာ အလွန်ပင် ကောင်းမွန်လှ၏။ မီနာသည် လီရှီအတွက် သီးသန့်ရည်ရွယ်၍ ချုပ်လုပ်ထားခြင်း ဖြစ်သဖြင့် သူ၏ ကိုယ်လုံးကိုယ်ပေါက်ကို အပြည့်အဝ ထည့်သွင်းစဉ်းစားထားရာ အင်္ကျီ၏ အစိတ်အပိုင်းတိုင်းမှာ လီရှီ၏ ခန္ဓာကိုယ်အချိုးအစားနှင့် ကွက်တိကျနေတော့သည်။ တီရှပ်၏ ပုခုံးလိုင်းများမှာ ချောမွေ့နေပြီး လက်မောင်းနှင့် ဆက်ထားပုံမှာလည်း အလွန်ပင် သင့်တော်လှသည်။ ကျပ်လွန်းခြင်း သို့မဟုတ် ချောင်လွန်းခြင်း မရှိဘဲ သဘာဝအတိုင်း ကျကျနန ရှိနေ၏။ လက်မောင်း အကျယ်မှာလည်း အနေတော် ဖြစ်သဖြင့် လက်မောင်း လှုပ်ရှားမှုအတွက် လုံလောက်သော နေရာရရှိစေပြီး ဖောင်းကြွနေခြင်းမျိုးမဟုတ်ဘဲ လက်မောင်းလိုင်းများကို ပိုမိုသွယ်လျသွားစေသည်။ အင်္ကျီ၏ ခါးနှင့်အောက်အနားတို့ကိုလည်း စေ့စပ်သေချာစွာ ပုံဖော်ထားရာ ခန္ဓာကိုယ်နှင့် ချပ်ကပ်နေသော်လည်း လုံလောက်သော ချောင်ချိမှုကို ချန်ထားသဖြင့် လီရှီ၏ ခန္ဓာကိုယ်လှိုင်းကို ပေါ်လွင်စေပြီး သဘာဝအတိုင်း လှုပ်ရှားသွားလာမှုကိုလည်း အဟန့်အတား မဖြစ်စေပေ။ ဤကဲ့သို့ စေ့စပ်သော ချုပ်လုပ်မှုကြောင့် အလွန်ရိုးရှင်းသော အဖြူရောင် တီရှပ်လေးပင်လျှင် ခန့်ညားထည်ဝါသော အငွေ့အသက်ကို ဆောင်ကြဉ်းပေးနေသည်။

အင်္ကျီကို ဝတ်ဆင်ပြီး မှန်ထဲတွင် မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်သည့်အခါ လီရှီသည် သူ၏ ကိုယ်နေဟန်ထား တစ်ခုလုံး ပိုမိုမတ်ဖြောင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လည်ဝိုင်းဒီဇိုင်းမှာ ရိုးရှင်းပြီး သိမ်မွေ့ကာ လည်ပင်းလိုင်းကို ရှည်လျားစေသဖြင့် သူ၏ လည်ပင်းကို ပိုမိုသွယ်လျပုံ ပေါက်စေ၏။ အချိုးကျလှသော အနေအထားကြောင့် အင်္ကျီမှာ မလိုအပ်ဘဲ ခေါက်တွန့်နေခြင်းမျိုး မရှိဘဲ သန့်ရှင်း သေသပ်နေသည်။ ရပ်နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ တီရှပ်မှာ သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှုနှင့်အတူ သဘာဝအတိုင်း လိုက်ပါစီးဆင်းနေသည်။ ဤတီရှပ်တွင် ခန္ဓာကိုယ်၏ အားနည်းချက်များကို ပြုပြင်ပေးနိုင်သော အားသာချက်လည်း ရှိနေပြန်ရာ လီရှီ၏ ပုခုံးလျှောခြင်းကဲ့သို့သော အားနည်းချက်လေးများကို ပါးနပ်စွာ ဖုံးကွယ်ပေးထားသည်။ အသေးစိတ်အချက်အလက်များကို ဤမျှ ဂရုစိုက်ထားခြင်းမှာ ရိုးရှင်းလှသော အဖြူရောင် တီရှပ်လေးသည် လူတစ်ဦး၏ ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် ခေတ်မီဆန်းသစ်သော အသုံးအဆောင်တစ်ခု ဖြစ်လာစေသည်။ သို့သော်လည်း မီနာမှာမူ အားမရသေးပေ။ သူမသည် နှုတ်ခမ်းကို စေ့ထားရင်း လီရှီ၏ ကိုယ်လုံးကို မျက်လုံးဖြင့် တိုင်းတာကြည့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် လီရှီကို လက်ဖြင့် သေသေချာချာ မတိုင်းတာခဲ့ရသဖြင့် ဤတီရှပ်၏ ခါးနေရာတွင် နောက်ထပ် အနည်းငယ် ပို၍ ချုပ်ယူနိုင်သေးသည်ဟု ယူဆနေသောကြောင့် ဖြစ်၏။ လီရှီမှာမူ မည်သည့်အပြစ်အနာအဆာကိုမျှ သတိမပြုမိဘဲ အင်္ကျီအောက်နားကို စမ်းကြည့်နေမိသည်။ အတွင်းတွင် အင်္ကျီတစ်ထည် ထပ်ဝတ်ထားသော်လည်း အသားချင်း ထိတွေ့နေသော နေရာများတွင် ထိုအင်္ကျီ၏ သက်သောင့်သက်သာရှိမှုကို ခံစားနေရသည်။ အင်္ကျီအသစ်ဖြစ်ပြီး လျှော်မထားရသေးသော်လည်း လုံးဝ ယားယံခြင်း မရှိပေ။

"ဟင်"

လီရှီသည် သူ ထိတွေ့မိသောနေရာတွင် အပြာရောင် အစွန်းအချို့ကို သတိပြုမိသွားသည်။ သူ့ရင်ထဲထိတ်ခနဲဖြစ်သွားပြီး သူ၏ လက်ကို အမြန်ကြည့်လိုက်၏။ သွားပြီ အပြာရောင်ဘောပင်မှာ မှင်ယိုနေသဖြင့် သူ့လက်တွင် မှင်များ ပေကျံနေခဲ့ခြင်းဖြစ်သည်။ ရှေ့နှစ်ကြိမ် ထိတွေ့တုန်းတွင် မှင်ပေနေသော နေရာကို မထိမိသဖြင့် သူ သတိမထားမိခဲ့ပေ။ ယခုမူ သူအင်္ကျီအောက်နားကို အားစိုက်ပြီး ညှစ်မိလိုက်သဖြင့် အပြာရောင်မှင်မှာ အင်္ကျီပေါ်တွင် ထင်ကျန်သွားတော့သည်။ လီရှီ အတော်လေး စိုးရိမ်သွားရ၏။ ဘောပင်မှ အပြာရောင်မှင်မှာ လျှော်၍ လုံးဝမပြောင်နိုင်မှန်း သူ သိသည်။ သူ၏ကျောင်းဝတ်စုံဟောင်းမှာ ထိုကဲ့သို့သော အစွန်းများဖြင့် ပြည့်နှက်နေခဲ့သည် မဟုတ်ပါလား။ သွားပါပြီ အစ်မမီနာပေးထားတဲ့ အင်္ကျီအသစ်လေး ပေသွားပြီ။ လီရှီသည် ပေကျံနေသော လက်ချောင်းကို အမြန်ရုပ်သိမ်းလိုက်ပြီး တခြားလက်ချောင်း တစ်ချောင်းနှင့် အစားထိုးကာ အင်္ကျီကို ဂရုတစိုက် စစ်ဆေးလိုက်သည်။ သို့သော် သူ ခုနက မြင်လိုက်ရသော အပြာရောင်မှင်ကွက်ကြီးမှာ တဖြည်းဖြည်း သေးငယ်သည်ထက် သေးငယ်သွားသည်ကို တွေ့လိုက်ရ၏။ လီရှီမှာ သူ့လက်ချောင်းဖြင့် အသာပြန်ပွတ်ကြည့်လိုက်ရာ အပြာရောင် အစွန်းမှာ အင်္ကျီပေါ်မှ ပျောက်ကွယ်သွားပြီး သူ့လက်ပေါ်သို့သာ ပြန်လည် ရောက်ရှိလာတော့သည်။ ရိုးသားလှသော လီရှီမှာမူ ဤထူးခြားမှုကို ဘောပင်မှင်မခြောက်သေးခြင်းကြောင့်ဟုသာ မှတ်ယူလိုက်၏။

"အစ်မမီနာ အင်္ကျီအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ပြန်တော့မယ်နော်"

လီရှီသည် ပေနေသောလက်ကို တစ်ရှူးဖြင့် ပတ်လိုက်ပြီး အင်္ကျီကိုချွတ်ကာ အိတ်ထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။ သူသည် ဤအင်္ကျီကိုမြတ်နိုးတန်ဖိုးထားပြီး နောက်ထပ်မပေစေချင်တော့ပေ။ လီရှီ ထွက်ခွာသွားသည်ကို ကြည့်ရင်း မီနာသည် အလုပ်ခွင်သို့ပြန်ဝင်လာကာ သူမမှတ်တမ်းစာအုပ်ကို ထုတ်ပြီး ယနေ့ သင်ယူခဲ့ရသည်များကို ပြန်လည်သုံးသပ်၍ ဝီရိယရှိရှိ လေ့လာနေတော့သည်။ ညဘက်တွင်မူ တည်းခိုခန်း ဧည့်ခန်းကောင်တာမှာ ချက်ချင်းပင် တိတ်ဆိတ်သွား၏။ ညနေပိုင်းတွင် အလုပ်ဝန်ထုပ်ဝန်ပိုးမှာ များစွာ လျော့ပါးသွားလေ့ရှိသည်။ ဆရာကြီးဝေမှာမူ ခြွင်းချက်ဖြစ်ပြီး ခြောက်ထပ်ရှိ သူ၏ စာသင်ခန်းမှာ ထပ်မံ၍ ပြည့်နေပြန်ပြီဖြစ်ရာ စုဟယ်ပင်လျှင် အပေါ်ထပ်သို့ တက်၍ ကူညီပေးနေရ၏။ ဧည့်ကြိုကောင်တာတွင် ထိုင်နေရင်း မီနာသည် ဖုန်းကို ထုတ်မကြည့်ပေ။ ယင်းအစား သူမသည် ကောင်တာစားပွဲအောက်ရှိ ဗီရိုထဲမှ တစ်ဝက်တစ်ပျက် ပြီးစီးနေသော အဝတ်အထည်တစ်ခုကို ထုတ်လိုက်သည်။ ၎င်းသည်လည်း အဖြူရောင် လည်ဝိုင်းလက်ရှည် အင်္ကျီတစ်ထည်ပင် ဖြစ်၏။ မီနာသည် ရင်ဘတ်နေရာတွင် ပန်းထိုးကွင်း ကို တပ်ဆင်ထားပြီး ထိုနေရာတွင် ကြာရွက်ပုံစံ ပန်းထိုးရန် စီစဉ်ထားသည်။ သူမသည် ပန်းထိုးပညာကို မကြာသေးမီကမှ စတင်လေ့လာခဲ့ခြင်း ဖြစ်သော်လည်း ရက်ကန်းရက်ခြင်းမှ ရရှိထားသော လိုင်းများနှင့် အစများအပေါ် သူမ၏ အာရုံခံစားမှုမှာ ထိုအတတ်ပညာ၏ အနှစ်သာရကို လျင်မြန်စွာ ဆုပ်ကိုင်နိုင်စေခဲ့၏။ မီနာ၏ လက်ချောင်းများသည် ပန်းထိုးအပ်ကို အသာအယာ ကိုင်ထားပြီး အပ်ဖျားမှ ငွေရောင်များမှာ လက်လက်ထနေသည်။ အရောင်စုံ ချည်မျှင်များမှာ သူမ၏ လက်ချောင်းများတွင် ပတ်နွယ်နေပြီး သူမ၏ လှုပ်ရှားမှုနှင့်အတူ အသာအယာ ယိမ်းနွဲ့နေ၏။ သူမ၏ နည်းပညာမှာ ကျွမ်းကျင်လှပြီး ချုပ်ချက်တိုင်းမှာ တိကျကာ စည်းချက်ညီလှသည်။ သူမ၏ အသက်ရှူသံမှာ မှန်မှန်နှင့် စည်းချက်ကျနေပြီး သူမ၏ လက်ထဲရှိ အပ်နှင့် ချည်မျှင်တို့အကြား တိတ်ဆိတ်သော ပေါင်းစပ်ညှိနှိုင်းမှုတစ်ခုကို ဖြစ်ပေါ်စေသည်။ မီနာ ပန်းထိုးနေသော ကြာရွက်ပုံစံမှာ အင်္ကျီပေါ်တွင် စတင်ပေါ်ပေါက်လာပြီဖြစ်၏။ တစ်ဝက်တစ်ပျက်သာ ရှိသေးသော်လည်း ၎င်း၏ သက်ဝင်လှုပ်ရှားနေသော အနေအထားကို မြင်တွေ့နိုင်ပြီ ဖြစ်သည်။ တောက်ပသော အစိမ်းရောင်မှာ အဖြူရောင်အသားပေါ်တွင် ထင်ရှားနေပြီး ရိုးရှင်းလှသော အဖြူရောင် တီရှပ်လေးကို တက်ကြွသော အရောင်အသွေးတစ်ခု ပေါင်းထည့်ပေးထားသည်။ သူမ ထိုးထားသော ကြာရွက်လိုင်းများမှာ စီးဆင်းမှုရှိပြီး အရောင်များမှာလည်း ကွဲပြားထင်ရှားကာ ကြာရွက်၏ နူးညံ့မှုနှင့် သုံးဖက်မြင် ခံစားချက်တို့ကိုပါ ရရှိစေ၏။

မီနာသည် ခေတ္တမျှ ရပ်နားကာ သူမ၏ လက်ရာကို ဂရုတစိုက် စစ်ဆေးပြီးနောက် ပန်းထိုးကွင်း၏ ထောင့်ကို အနည်းငယ် ချိန်ညှိကာ ပန်းဆက်ထိုးနေပြန်သည်။ ရံဖန်ရံခါတွင် မီနာသည် အဝေးသို့ မျှော်ကြည့်ရင်း ရပ်နားတတ်သေး၏။ ပန်းထိုးခြင်းမှာ မျက်စိကို အတော်လေး ပင်ပန်းစေသည် မဟုတ်ပါလား။ ထိုသို့သော အချိန်မျိုးတွင် သူမသည် မျက်စိကို မှေးကာ ခေတ္တအနားပေးတတ်ပြီး မကြာမီမှာပင် သူမ၏ ပန်းထိုးအလုပ်ထဲသို့ ပြန်လည် နစ်မြုပ်သွားပြန်သည်။ မီနာသည် အကြီးကျယ်ဆုံးသော တီထွင်မှုမှာ လျှပ်စစ်မီးသီး ဖြစ်သည်ဟု ခံစားရသည်။ သူမ၏ အမြင်တွင် လျှပ်စစ်မီးသီးသည် နည်းပညာဆိုင်ရာ တီထွင်မှုတစ်ခုသာမကဘဲ သူမ၏ ဘဝထောင့်စွန်းတိုင်းကို လင်းထိန်စေသည့် ပြယုဂ်တစ်ခုလည်း ဖြစ်သည်။ အတိတ်တွင် သူမသည် ဖယောင်းတိုင်မီးဖြင့်သာ ပန်းထိုးခြင်းနှင့် ရက်ကန်းရက်ခြင်းကို ပြုလုပ်ခဲ့ရ၏။ ထိုမှိန်ဖျော့လှသော အလင်းရောင်မှာ သူမ၏ မျက်လုံးများကို မကြာခဏ ပင်ပန်းစေခဲ့ပြီး ဖယောင်းတိုင်၏ လင်းအားမှာ သူမ၏ အသေးစိတ်အလုပ်များအတွက် လုံးဝ မလုံလောက်ခဲ့ပေ။ ဖယောင်းတိုင်မီး၏ မတည်ငြိမ်မှုမှာလည်း သူမ၏ ညဘက်အလုပ်များကို ခက်ခဲစေခဲ့သည်။ အနည်းငယ် အာရုံလွတ်သွားရုံဖြင့် သူမ၏ ရက်လုပ်မှုနှင့် ပန်းထိုးမှုတို့၏ အရည်အသွေးနှင့် တိကျမှုကို ထိခိုက်စေနိုင်သည် မဟုတ်ပါလား။

ထို့အပြင် ဖယောင်းတိုင်မှာ အလွန်ပင် ဈေးကြီးလှသည်။ ရက်ကန်းရက်စဉ် ဖယောင်းတိုင် ထွန်းထားခြင်းမှာ ကုန်ကျစရိတ်ကို မြင့်တက်စေပြီး မီနာ၏ ဝင်ငွေမှာ ပို၍ပင် နည်းသွားမည် ဖြစ်ရာ သူမ၏ ဗိုက်ကို မာကျောခြောက်သွေ့သော ပေါင်မုန့်များဖြင့်သာ ဖြည့်တင်းနိုင်တော့မည်ဖြစ်၏။ ထို့ကြောင့် တစ်ခါတစ်ရံတွင် မီနာမှာ အလုပ်လုပ်ရန် အမှောင်ထဲတွင်ပင် စမ်းတဝါးဝါး လုပ်ခဲ့ရဖူးသည်။ ယခုမူ ညမည်မျှ နက်သည်ဆိုစေ အခန်းထဲတွင် နေ့ခင်းဘက်ကဲ့သို့ အမြဲ လင်းထိန်နေသည်။ လျှပ်စစ်မီးများ ရှိနေသဖြင့် သူမသည် ညဘက်တွင် မည်သည့် အဟန့်အတားမျှ မရှိဘဲ သူမ၏ ဖန်တီးမှုများကို ဆက်လက် လုပ်ဆောင်နိုင်ပြီး အလင်းရောင်ကြောင့် ကန့်သတ်ခံရခြင်း မရှိတော့ပေ။ လျှပ်စစ်မီးမှ ထွက်ပေါ်လာသော အလင်းရောင်မှာ တည်ငြိမ်ပြီး နူးညံ့လှရာ သူမ၏ ပန်းထိုးထည်ပေါ်ရှိ အသေးစိတ် အချက်အလက်တိုင်းကို ရှင်းလင်းစွာ မြင်တွေ့စေရုံတင်မကဘဲ သူမ၏ မျက်စိပင်ပန်းမှုကိုလည်း များစွာလျော့ပါးစေသည်။ ထိုကဲ့သို့ လင်းထိန်သော ပတ်ဝန်းကျင်တွင် မီနာသည် သူမ၏ ပန်းထိုးခြင်းနှင့် ရက်ကန်းရက်ခြင်း အလုပ်များကို ပိုမိုအာရုံစိုက်ပြီး ထိရောက်စွာ ပြီးမြောက်စေနိုင်၏။

သူမသည် ဤအင်္ကျီကို စုဟယ်အား လက်ဆောင်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထိုနေ့က စုဟယ်သည် သူမကို နေရာချပေးပြီး မကြာမီမှာပင် ရက်ကန်းစင်၊ ချည်ငင်စက်နှင့် ဂွမ်းထုတ်ကြီးတစ်ထုတ်ကို ယူဆောင်လာပေးခဲ့၏။ ယွမ်ဒန်းချူး နှင့် ဝေဖုန်းယီတို့အကူအညီဖြင့် မီနာ၏ အခန်းထဲရှိ လက်ဖက်ရည်စားပွဲ၊ ကုလားထိုင်များနှင့် အလှဆင်ပစ္စည်းအချို့ကို ဖယ်ရှားလိုက်ပြီး ကုတင်ကို ထောင့်တစ်နေရာသို့ ရွှေ့လိုက်ကြသည်။ နေရာအများစုကို ရက်ကန်းစင်ထားရှိရန် အသုံးပြုလိုက်၏။ ရင်းနှီးသော ကိရိယာများ ဘေးနားတွင် ရှိနေသဖြင့် မီနာ၏ အရင်က စိုးရိမ်ပူပန်နေသော နှလုံးသားမှာ လုံးဝ တည်ငြိမ်သွားခဲ့ရသည်။ အမှန်အတိုင်း ပြောရလျှင် သူမသည် ‘ကတ်ဇာတ်ကောင်’ သို့မဟုတ် ‘ခေတ်သစ်လူ့အဖွဲ့အစည်း’ ဆိုသည်မှာ ဘာကို ဆိုလိုသလဲဆိုသည်ကို လုံးဝအပြည့်အဝ နားမလည်ခဲ့ပေ။ အရင်တုန်းက သူမ သိထားသည်မှာ ရက်ကန်းရက်ခြင်းသာ ဖြစ်သည်။ သူမသည် အသက်မွေးရန်အတွက် အထည်များကို ရက်လုပ် ရောင်းချခဲ့သည်။ ထို့နောက် လျှော်မျှင်များကို ပြန်ဝယ်ကာ အထည်များ ထပ်မံ ရက်လုပ်၏။ သူမ၏ ဘဝတစ်ခုလုံးမှာ ရက်ကန်းစင်ရှေ့မှာပင် ကုန်ဆုံးခဲ့ရသကဲ့သို့ ရှိသည်။ ယခုမူ ရက်ကန်းစင် ရှိနေပြီဖြစ်ရာ သူမသည် ဤတည်းခိုခန်းတွင် ပိုမိုကောင်းမွန်သော ဘဝတစ်ခုဖြင့် ရှင်သန်နိုင်ပြီ ဖြစ်သည်။ ၎င်းမှာ နေရာအသစ်တစ်ခုသို့ ရက်ကန်းရက်ရန် ပြောင်းလာခဲ့ရသကဲ့သို့ပင်။ မီနာသည် သူမလက်ထဲရှိ အင်္ကျီကိုကြည့်ရင်း သူမနှုတ်ခမ်းဖျားတွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လွင်လာခဲ့သည်။

182

လီရှီသည် ယနေ့တွင် မီနာပေးထားသော အင်္ကျီကို ဝတ်ဆင်ထားသည်မှာ သုံးရက်ရှိသွားပြီ ဖြစ်သည်။ အဖြူရောင် အဝတ်အစားများမှာ အရောင်ဖျော့သဖြင့် ဧည့်ကြိုကောင်တာတွင် အလုပ်လုပ်နေသော လီရှီအဖို့ မှတ်တမ်းတင်ရန်အတွက် ဘောပင်ကို မလွဲမသွေ အသုံးပြုရသလို လက်နှစ်ဖက်ဖြင့် စာရိုက်သည့်အခါမျိုးတွင်လည်း သူ၏ အင်္ကျီလက်များမှာ စားပွဲပေါ်ရှိ ဖုန်မှုန့်များနှင့် ပွတ်တိုက်မိတတ်၏။ သို့သော်လည်း ဤအဖြူရောင် အင်္ကျီမှာ သုံးရက်ကြာသည်အထိ သစ်လွင်သန့်ရှင်းနေဆဲပင်။

“နိဟောင်”

ဘေးနားမှ ထူးဆန်းသော လေယူလေသိမ်းဖြင့် တရုတ်နှုတ်ဆက်သံတစ်ခု ထွက်ပေါ်လာသည်။ လီရှီ မော့ကြည့်လိုက်ရာ နိုင်ငံခြားသားနှစ်ဦးကို တွေ့လိုက်ရ၏။ သူတို့ တည်းခိုခန်းကို နိုင်ငံခြားသားတွေ လာတာလား။ လီရှီမှာ သူတတ်သမျှ အင်္ဂလိပ်စကား အနည်းငယ်ထဲမှ တစ်ခုကို ထစ်ထစ်ငေါ့ငေါ့ ပြန်ပြောလိုက်သည်။

“Hello”

သို့သော်လည်း မီနာနှင့် အတူတူအလုပ်လုပ်ခဲ့ရသည့် အတွေ့အကြုံများကြောင့် လီရှီမှာ ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ နိုင်ငံခြားသား နှစ်ဦးကို ရင်ဆိုင်ရသည့်အခါ သိပ်ပြီး မတုန်လှုပ်တော့ပေ။

“ဒီမှာ ဒီမှာ ဒါလေး ပြပေးပါဦး”

လီရှီမှာ ခြေဟန်လက်ဟန်များဖြင့် ထိုနိုင်ငံခြားသား ဧည့်သည်နှစ်ဦးကို သူတို့၏ အချက်အလက်များနှင့် ဖုန်းနံပါတ်များကို ပြသရန် တောင်းဆိုလိုက်သည်။ ဧည့်သည်နှစ်ဦးမှာလည်း အနည်းငယ် နားလည်သွားပုံရပြီး သူတို့ဖုန်းများကို ထုတ်ကာ လီရှီအား ကမ်းပေးကြ၏။ လီရှီမှာမူ အင်္ဂလိပ်စာသားများဖြင့် ပြည့်နှက်နေသော ဖုန်းမျက်နှာပြင်ကို ကြည့်ကာ ခေါင်းပင် ကိုက်သွားရသည်။ ထိုစဉ်မှာပင် ဧည့်သည်တစ်ဦးထံ ပစ္စည်းသွားပို့ရန် အပေါ်ထပ်သို့ တက်သွားသော မီနာပြန်ရောက်လာ၏။ လီရှီသည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ မီနာကို အမြန်ပင် လှမ်းခေါ်လိုက်သည်။

“အစ်မမီနာ၊ မြန်မြန်လာပါဦးဗျ”

နိုင်ငံခြားသားနှစ်ဦးမှာလည်း မီနာကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားသွားကြပြီး သူမဘက်သို့လှည့်ကာ စကားပြောကြတော့သည်။ မီနာမှာ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ထိုနိုင်ငံခြားသားနှစ်ဦးနှင့် စတင်ဆက်သွယ်ပြောဆို၏။ သူမ အခန်းစာရင်းသွင်းခြင်း လုပ်ငန်းစဉ်များကို ကူညီပေးပြီးနောက် လှည့်ကြည့်လိုက်ရာ လီရှီမှာ သူမကို အထင်ကြီး လေးစားသော အကြည့်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“အစ်မမီနာက တကယ်တော်တာပဲ”

လီရှီသည် ကျောင်းတက်ချိန်တွင် စာညံ့သဖြင့် တက္ကသိုလ်မတက်ခဲ့ရသူ ဖြစ်သည်။ သူ၏ဘာသာစကားအမှတ်များမှာလည်း အတော်လေး ဆိုးဝါးခဲ့ရာ ယခုတွင် မီနာ နိုင်ငံခြားသားများနှင့် ကျွမ်းကျင်စွာ စကားပြောနေသည်ကို မြင်ရသည့်အခါ သူ၏ မျက်လုံးများမှာ ကြယ်ပွင့်လေးများသကဲ့သို့ အရောင်တောက်ပလာတော့သည်။ မီနာမှာမူ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားရ၏။ အတိတ်တွင် သူမသည် ရက်ကန်းရက်ရန်နှင့် ချည်ငင်ရန်အတွက် နေရာအနှံ့အပြားသို့ ခရီးလှည့်လည်ခဲ့ဖူးပြီး ဒေသအများအပြားသို့ ရောက်ရှိခဲ့သည်။ ထိုသို့ သွားလာရင်း ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကြောင့် တခြားဒေသများမှ ဘာသာစကားအချို့ကို သူမသင်ယူတတ်မြောက်ခဲ့ခြင်းဖြစ်၏။ ဂျာမန်နှင့် အင်္ဂလိပ်စကားအပြင် မီနာသည် စပိန်နှင့် ပေါ်တူဂီစကားများကိုပါ ပြောဆိုနိုင်သည်။ သူမ၏အတိတ်မှ အတွေ့အကြုံများမှာ ယခုကဲ့သို့ အသုံးဝင်လာလိမ့်မည်ဟု သူမ တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။

“ဒီဧည့်သည်နှစ်ယောက်က ကနေဒါက လာတာပါ၊ ကျွန်မ သူတို့ကို တည်းခိုခန်းရဲ့ ထူးခြားချက် တချို့အကြောင်း ရှင်းပြထားတယ်၊ ညဘက် (၆) ထပ်မှာ လက်ရေးလှ သင်တန်းရှိတာနဲ့ နေ့ခင်းဘက် ထိုက်ချီ ဝန်ဆောင်မှုတွေရှိတာကိုပေါ့၊ သူတို့ နှစ်ယောက်လုံး ပါဝင်ကြလိမ့်မယ်၊ ဪ ဒါနဲ့ ဒီပုံတွေကို ဘယ်သူ့ဆီပို့ရမလဲ"

မီနာ ဧည့်သည်နှစ်ဦး၏ပတ်စပို့များကို ဓာတ်ပုံရိုက်ထားသော သူမဖုန်းကို ကိုင်ကာ မေးလိုက်သည်။ မိမိ ကျွမ်းကျင်ရာ နယ်ပယ်သို့ ပြန်ရောက်သွားသည့်အခါ လီရှီမှာ ပို၍ ယုံကြည်မှုရှိလာ၏။

“သာမန်ဧည့်သည်တွေကတော့ မှတ်ပုံတင် စစ်ဆေးရုံပါပဲ၊ နိုင်ငံခြားသား ဧည့်သည်တွေဆိုရင်တော့ ပတ်စပို့ကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ဖို့အတွက် ရပ်ကွက်ရဲစခန်းကအရာရှိမာ ဆီကို ပို့ပေးရတယ်၊ မီနာ အဲဒီပတ်စပို့ပုံတွေကို ကျွန်တော့်ဆီ ပို့လိုက်ပါ၊ ကျွန်တော့်ဖုန်းကနေ အရာရှိမာဆီကို တစ်ဆင့်ပို့လိုက်မယ်၊ ကျွန်တော်တို့ တည်းခိုခန်းမှာ နိုင်ငံခြားသား ဧည့်သည်လာတည်းတာ ဒါပထမဆုံးပဲ၊ ဒီဧည့်သည် နှစ်ယောက်က ဘယ်လိုလုပ်ပြီး တည်းခိုခန်းအခန်းကို ယူနိုင်ခဲ့ပါလိမ့်”

လီရှီ စဉ်းစားမရဘဲ ရေရွတ်လိုက်သည်။ ဂျေကော့နှင့် အယ်လန်တို့သည် ဓာတ်လှေကားထဲသို့ ဝင်လိုက်ကြပြီး မှော်ဆန်လှသော ထိုဓာတ်လှေကားကို အံ့အားသင့်စွာ စိုက်ကြည့်နေကြ၏။ ဤဓာတ်လှေကားမှာ တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။ ၎င်းမှာ အစိမ်းရောင်ဖြစ်နေပြီး ပတ်ဝန်းကျင်နှင့် လွန်စွာလိုက်လျောညီထွေရှိမည့်ပုံ ပေါက်နေ၏။ ဂျေကော့သည် သူ့ဖုန်းကို ထုတ်ကာ ဓာတ်လှေကား ပတ်ပတ်လည်ကို အဆက်မပြတ် ဗီဒီယို ရိုက်နေသည်။ ယခုတစ်ခေါက် သူတို့၏ တရုတ်ပြည်ခရီးစဉ်မှာ အလွန်ပင် စိတ်ဝင်စားဖို့ ကောင်းလိမ့်မည်ဟု သူ ကြိုတင် ခံစားနေရသည်။ ဂျေကော့နှင့် အယ်လန်တို့သည် တရုတ်ပြည်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်၏။ သူတို့သည် တရုတ်ပြည်၏ “နာရီ (၁၄၄) ကြာ ဗီဇာမဲ့ ခရီးဖြတ်သန်းခွင့်” မူဝါဒကို မြင်ပြီးနောက် လာရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“နာရီ (၁၄၄) ကြာ ဗီဇာမဲ့ ခရီးဖြတ်သန်းခွင့်” ဆိုသည်မှာ နိုင်ငံခြားသား ဧည့်သည်များ အဆင်ပြေစေရန် တရုတ်ပြည်မှ အကောင်အထည်ဖော်ထားသော မူဝါဒသစ်တစ်ခု ဖြစ်သည်။ အကယ်၍ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များတွင် တရုတ်ပြည်သို့ လာမည့် လေယာဉ်လက်မှတ်နှင့် တတိယနိုင်ငံသို့ ဆက်လက်ထွက်ခွာမည့် လေယာဉ်လက်မှတ် ရှိပါက ဗီဇာမလိုဘဲ တရုတ်ပြည်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ရာ အလွန်ပင် အဆင်ပြေလှ၏။ မကြာသေးမီတွင် ဗီဇာမဲ့ ခရီးဖြတ်သန်းမှုမှာ YouTube ပေါ်တွင် ရေပန်းစားနေသော ခေါင်းစဉ်တစ်ခု ဖြစ်နေပြီး လူများစွာမှာ သူတို့၏ blog များကို တင်ထားကြသည်။ အယ်လန်နှင့် ဂျေကော့တို့သည် ထိုဗီဒီယိုများကို ကြည့်ပြီးနောက် သွားချင်စိတ်များ ပေါ်ပေါက်လာခဲ့ကြခြင်းဖြစ်၏။ သူတို့သည် ကျောင်းပြီးသည်မှာ မကြာသေးဘဲ ဆပ်ရန်ရှိသော ကျောင်းသားချေးငွေများ ရှိနေသေးသည်။ ငွေလဲနှုန်း ပြောင်းလဲလိုက်သည့်အခါ တရုတ်ပြည်ရှိ ကုန်ဈေးနှုန်းများမှာ နှိုင်းယှဉ်ချက်အရ သက်သာလှ၏။ ဘလော့ဂါအချို့ တင်ထားသော ဗီဒီယိုများနှင့် ပေါင်းစပ်လိုက်သည့်အခါ သူတို့သည် တရုတ်ပြည်သို့ လာရန် ဆုံးဖြတ်လိုက်ကြတော့သည်။

လူကြိုက်များသော ရှန်ဟိုင်းနှင့် ဟန်ကျိုးသို့ သွားမည့် လေယာဉ်လက်မှတ်များမှာ အလွန်ပင် ဈေးကြီးလှသဖြင့် ပါးနပ်သော ဂျေကော့နှင့် အယ်လန်တို့သည် ယုံကျန်း သို့ သွားမည့် အသက်သာဆုံး လေယာဉ်လက်မှတ်များကို ဝယ်ယူခဲ့ကြသည်။ သူတို့သည် ယုံကျန်းတွင် တစ်ရက်နေထိုင်ပြီးနောက် ဟန်ကျိုးမှတစ်ဆင့် ရှန်ဟိုင်းအထိ ခရီးဆက်ရန် စီစဉ်ထားကြ၏။ နိုင်ငံခြား ဝဘ်ဆိုက်များတွင် ယုံကျန်းမြို့နှင့် ပတ်သက်သော လမ်းညွှန်ချက် များမှာ လုံးဝနီးပါးမရှိသလောက်ပင်။ ဂျေကော့နှင့် အယ်လန်တို့မှာ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ရောက်လာကြခြင်းဖြစ်သည်။ “ဟဲယဲ့တည်းခိုခန်း” ကို အွန်လိုင်းမှတစ်ဆင့် ဘိုကင်တင်ခဲ့ခြင်း ဖြစ်၏။ သူတို့ အွန်လိုင်း ဘိုကင်ပလက်ဖောင်းကို ဖွင့်လိုက်သည်နှင့် တည်းခိုခန်းတွင် နောက်ဆုံးတစ်ခန်းသာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း ဘိုကင်တင်လိုက်ကြသည်။ ဂျေကော့နှင့် အယ်လန်တို့သည် ဟဲယဲ့တည်းခိုခန်းမှာ မည်မျှအထိ လူကြိုက်များလှသည်ကို လုံးဝမသိရှိကြပေ။ သူတို့ အခန်းရလိုက်ခြင်းမှာ ကံကောင်းခြင်းကြောင့်သာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အချိန်ကွာခြားချက်အရ တရုတ်ပြည်ရှိ တစ်စုံတစ်ဦးမှာ ညနက်ပိုင်းတွင် ဘိုကင်ကို ဖျက်သိမ်းလိုက်ချိန်၌ သမုဒ္ဒရာ တစ်ဖက်ကမ်းရှိ ဂျေကော့နှင့် အယ်လန်တို့က အချိန်ကိုက် လုယူနိုင်ခဲ့ခြင်းကြောင့်ပင်။

“အယ်လန် ဒီဓာတ်လှေကားက အရမ်းမှော်ဆန်တာပဲ၊ နောက်တစ်ခေါက် ထပ်စီးရအောင်”

ဂျေကော့ သေချာမစီးရသေးခင်မှာပင် သွားရမည့်အထပ်သို့ ရောက်ရှိသွားသည်။ ဂျေကော့မှာ အားမရသေးသကဲ့သို့ ခံစားနေရ၏။

“ဂျေကော့ ခဏနေရင် ငါတို့ ဓာတ်လှေကားနဲ့ ပြန်ဆင်းလို့ ရတာပဲ၊ ငါ တကယ် အံ့ဩသွားတယ် ဘာသာစကား ပြဿနာအတွက် စိုးရိမ်နေတာ၊ ဒါပေမဲ့ ဒီတည်းခိုခန်းမှာ တရုတ်လူမျိုးမဟုတ်တဲ့ ဧည့်ကြိုကောင်တာ ဝန်ထမ်းရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ တကယ် ကောင်းတာပဲ အဲဒီ ဝန်ထမ်းကို လည်ပတ်စရာ နေရာတွေအကြောင်း မေးလို့ရမယ် ထင်တယ်၊ ငါတို့ အပြင်ထွက်ပြီး လေ့လာကြည့်ရအောင်လား ”

အယ်လန်မှာ သူ့ခရီးဆောင်အိတ်များကို ညွှန်ပြကာ ထိုပစ္စည်းများကို အရင်ချထားချင်ကြောင်း ပြောလိုက်သည်။ ဂျေကော့သည် သူ၏အာဖရိကစတိုင် ဆံပင်များကို လက်ဖြင့် သပ်လိုက်ရင်း အယ်လန်ကို သဘောတူလိုက်၏။

“အိုကေ ဒီည ဒီမှာ တရုတ်လက်ရေးလှ သင်တန်းလည်း ရှိတယ်တဲ့၊ ညစာစားပြီးရင် အဲဒါကို သေချာပေါက် စမ်းကြည့်ချင်တယ်၊ ဪ မနက်ဖြန်မနက်ကျရင် တရုတ်ကွန်ဖူးလည်း ရှိသေးတယ် ”

သူသည် တကယ်ပင် မျှော်လင့်စောင့်စားနေမိသည်။ မလာခင်ကတည်းက သူသည် တရုတ်ကွန်ဖူးကို လေ့လာခံစားရန်အတွက် အချက်အလက်များကို စိတ်အားထက်သန်စွာ ရှာဖွေခဲ့ခြင်းဖြစ်ရာ မတော်တဆ ဘိုကင်တင်လိုက်မိသော တည်းခိုခန်းလေးတွင် ဤမျှ ကောင်းမွန်သော လှုပ်ရှားမှုများ ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

“အယ်လန် ငါတို့ရဲ့ ကင်မရာတွေကို အားအပြည့် သွင်းထားဖို့ လိုမယ်၊ ပြီးရင် ဒီဗီဒီယိုတွေကို YouTube ပေါ် တင်မယ်၊ လူကြိုက်နှုန်းအများကြီး ရမှာ သေချာတယ် ”

ဂျေကော့တွင်လည်း YouTube အကောင့်တစ်ခု ရှိသော်လည်း ဖော်လိုဝါ များစွာ မရှိပေ။ သူ၏ ဖော်လိုဝါ အများစုမှာ သူ၏ ရင်းနှီးသော သူငယ်ချင်းများနှင့် မိသားစုဝင်များသာ ဖြစ်သည်။

“အကြံကောင်းပဲ ငါတို့ အခန်းကဒီမှာ ထင်တယ်”

အယ်လန်က အခန်းကတ်ကို တစ်ချက် ကြည့်လိုက်သည်။ သူတို့နှစ်ဦး တံခါးကို တွန်းဖွင့်လိုက်သည့်အခါ သန့်ရှင်းသေသပ်သောအခန်းကို တွေ့လိုက်ရပြီး ကြမ်းပြင်ပေါ်သို့ နေရောင်ခြည်များ ဖြာကျနေသဖြင့် အခန်းမှာ လင်းထိန်ပြီး ကျယ်ဝန်းလှ၏။ ဂျေကော့နှင့် အယ်လန်တို့မှာ (၁.၉) မီတာ အထိ အရပ်ရှည်သော လူငယ်နှစ်ဦး ဖြစ်သည်။ အခန်းမှာ မည်မျှ ကျယ်ဝန်းသည်ကို မြင်လိုက်ရသည့်အခါ သူတို့ ပို၍ပင် ကျေနပ်သွားကြသည်။ သူတို့ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာရန် နေရာအလုံအလောက် ရှိနေသည် မဟုတ်ပါလား။

“အို အယ်လန် လာကြည့်စမ်း၊ ငါ ဘာတွေ့လဲ၊ ကြည့်ဦး ဒါတွေက အလကားကျွေးတဲ့ တရုတ်မုန့်တွေဟ ”

ဂျေကော့သည် စပရိန်တစ်ခုကဲ့သို့ စားပွဲဆီသို့ ခုန်ပေါက်သွားတော့သည်။

All Chapters