← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

183

ဟိုတယ်အများစုသည် ရေသန့်နှင့် ကော်ဖီလောက်ကိုသာ ဝန်ဆောင်မှုပေးလေ့ ရှိကြသည်။ အယ်လန်သည် ဈေးကြီးသော ဟိုတယ်များတွင် တည်းခိုဖူးသည့် အတွေ့အကြုံရှိသဖြင့် ထိုသို့သော ဟိုတယ်များ၌ သစ်သီးဗန်းများနှင့် နေ့လယ်ခင်း လက်ဖက်ရည်ဝိုင်းများ ပြင်ဆင်ပေးထားတတ်သည်ကို သိရှိထားသူဖြစ်၏။ သို့သော် ယခုတွင် သူတို့ရှေ့၌ ရှိနေသည့် မုန့်များသည် အလွန်ပင် လက်ရာမြောက်လှရာ ဈေးကြီးသော ဟိုတယ်များမှ နေ့လယ်ခင်းလက်ဖက်ရည်ဝိုင်းထက်ပင် ပို၍ကောင်းနေသေးသည်။ အယ်လန်သည် မနေနိုင်တော့ဘဲ ဖုန်းကို ထုတ်ကာ အဆက်မပြတ် ဓာတ်ပုံရိုက်နေမိတော့၏။

“ကဲ တော်ပြီ တော်ပြီ၊ အခုပဲ မြည်းကြည့်ကြရအောင်"

ဂျေကော့မှာ စိတ်မရှည်တော့သည့်ဟန်ဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ သူသည် အမွှေးအမျှင်များဖြင့် သန်မာလှသော လက်ကြီးကို ဆန့်ထုတ်ကာ မုန့်တစ်လုံးကို ကောက်ကိုင်လိုက်၏။ အနံ့မှာ အလွန်ပင် မွှေးပျံ့လှသည်။ မုန့်ရနံ့သည် နှာခေါင်းဝတွင် သင်းပျံ့နေသဖြင့် လေထုထဲမှ ချိုမြိန်သော ရနံ့ကို အားရပါးရ ရှူသွင်းလိုက်သည့်အခါ သူ၏ နှာခေါင်းများမှာသိသိသာသာ လှုပ်ရှား ဖြစ်သွားသည်။ အစားအစာအတွက် မျှော်လင့်ချက်များ ပြည့်နှက်နေသဖြင့် သူ၏ နှုတ်ခမ်းထောင့်များမှာလည်း ထိန်းမနိုင်သိမ်းမရ ပြုံးယောင်သန်းလာတော့၏။ မုန့်သားနှင့် နှုတ်ခမ်းတို့ ထိတွေ့လိုက်သည့် ခဏ၌ ဂျေကော့သည် အာရုံခံစားမှု အားလုံးကို ထိုအရသာအပေါ်၌သာ စုစည်းထားလိုသည့်နှယ် မျက်လုံးများကို အလိုအလျောက် မှေးစင်းလိုက်မိ၏။ အရသာရှိသော အစားအစာအပေါ် တိုက်ရိုက်တုံ့ပြန်မှုအဖြစ် သူ၏ မျက်နှာထက်တွင် စိတ်ကျေနပ်မှု အရိပ်အယောင်များ တဖြည်းဖြည်း ထင်ဟပ်လာသည်။

သူက ညင်သာစွာ ဝါးစားလိုက်သည့်အခါ မုန့်သား၏အလွှာမှာ ပါးစပ်ထဲ၌ တဖြည်းဖြည်းချင်း ပွင့်လာသည်။ အီမသွားသော အချိုဓာတ်ရှိသည့် အစာနှင့် နူးညံ့လှသော မုန့်သားအပေါ်ယံလွှာတို့မှာ အပေးအယူတည့်လှသော ပေါင်းစပ်မှုတစ်ခုအဖြစ် တည်ရှိနေ၏။ သူ့မျက်လုံးများ ပြန်ပွင့်လာသည့်အခါတွင်မူ အံ့အားသင့်မှုများဖြင့် ဝင်းလက်နေပြီး ပြောလိုက်သည်။

“ဒါက တကယ်ကို အံ့ဩစရာပဲ”

မမျှော်လင့်ထားသည့် အရသာထူးကြောင့် သူ့နဖူးပေါ်တွင်ပင် အရေးအကြောင်းလေးများ ထင်သွားရ၏။ ဤအရသာကို အချိန်ဆွဲ၍ ခံစားလိုသဖြင့် သူ့လှုပ်ရှားမှုများမှာ နှေးကွေးလာပြီး အသေးစိတ်ကျလာ၏။ အရသာ အကြွင်းအကျန်လေးကိုပင် လက်လွတ်မခံချင်သည့်နှယ် သူသည် ခေတ္တရပ်နားကာ လက်ဖဝါးပေါ် ကျနေသည့် မုန့်အစအနလေးများကို အားမလိုအားမရ ပြန်ကောက်စားရင်း သူတို့၏ အရသာခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းနေတော့သည်။ မြည်းစမ်းနေသည့် တစ်လျှောက်လုံးတွင် သူ၏ မျက်နှာအမူအရာမှာလည်း စပ်စုလိုစိတ်မှသည် အံ့အားသင့်မှု၊ ထိုမှတစ်ဆင့် အလွန်အမင်း စိတ်ကျေနပ်မှုများအဖြစ် အဆက်မပြတ် ပြောင်းလဲနေ၏။ သိမ်မွေ့လှသော အမူအရာတိုင်းမှာ ထိုမုန့်များအပေါ် သူ မည်မျှအထိ နှစ်သက်တန်ဖိုးထားသည်ကို ဖော်ပြနေခြင်းပင်။ ဂျေကော့ ရပ်လိုက်သည့် အချိန်၌ မုန့်ဘူးထဲတွင် နောက်ဆုံးတစ်လုံးသာ ကျန်ပါတော့သည်။

“နေဦး အယ်လန်၊ ဒါက ငါ့အတွက် ချန်ထားရမှာ မဟုတ်လား”

ဂျေကော့မှာ အယ်လန်၏ လက်ကို အမြန်ပင် လှမ်းဖိလိုက်သည်။ အယ်လန် အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်၏။

“ငါ အခုလေးတင် သေချာရေလိုက်တာ၊ မင်းက ငါ့ထက် တစ်လုံး ပိုစားထားတာလေ”

ဂျေကော့ မျက်နှာပျက်သွားရသည်။ သူ စိတ်ထဲမှပြန်ရေကြည့်လိုက်ရာ တကယ်ပင် တစ်လုံး ပိုစားထားမိခြင်းဖြစ်၏။ သူ့မှာ အားရပါးရ စားကောင်းနေတုန်းပင်။ ဘယ်လိုဖြစ်၍ ကုန်သွားရသနည်း။ သူသည် အချိုကြိုက်သူ တစ်ဦးဖြစ်ပြီး အချိုပွဲ အမျိုးမျိုးကို နှစ်သက်သူ ဖြစ်ရာ ပိုချိုလေ ပို၍ စိတ်ကျေနပ်မှု ရလေဖြစ်သည်။ ယခု တရုတ်မုန့်မှာ အရမ်းမချိုလှသော်လည်း သူ့ကို ဆွဲဆောင်ထားသည့် ချိတ်တစ်ခုကဲ့သို့ ဖြစ်နေပြီး အချိုဓာတ်ကို ထပ်ကာထပ်ကာ ထုတ်ယူစားသုံးချင်နေအောင် မျှားခေါ်နေတော့၏။ ဂျေကော့သည် အယ်လန်ကို ဝမ်းနည်းပက်လက် အကြည့်များဖြင့် ကြည့်နေမိသည်။ သို့သော် အယ်လန်မှာမူ ထိုအကြည့်များအောက်မှာပင် နောက်ဆုံးမုန့်လုံးကို စားပစ်လိုက်၏။ တကယ်ပင် အရသာရှိလှပါပေသည်။ တရုတ်ပြည်၌ ပထမဆုံး မြည်းစမ်းရသည့် အစားအစာမှာ ဤမျှ ကောင်းမွန်နေခြင်းသည် သူ၏ ခရီးစဉ်အပေါ် မျှော်လင့်ချက်ကို ပို၍ မြင့်တက်စေသည်။

မုန့်များ စားပြီးသည့်နောက်တွင် ဂျေကော့သည် နာကျင်သွားသော သူ၏ စိတ်ဝိညာဉ်လေးကို နှစ်သိမ့်ရန် နူးညံ့လှသော ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်။ ကုတင်ပေါ်၌ လဲလျောင်းလိုက်သည့် ခဏ၌ပင် တစ်ကိုယ်လုံးကို နှိပ်နယ်ပေးလိုက်သလို ခံစားရ၏။ သူ၏ ကြွက်သားများ ပျော့ခွေသွားပြီး တစ်ကိုယ်လုံးကို ဆန့်လိုက်ကာ အိမ်မက်ကမ္ဘာထဲသို့ ကျွံဝင်သွားပါတော့သည်။ မုန့်စားပြီးနောက်တွင် အယ်လန်မှာ ခရီးဆောင်အိတ်များကို နေရာချကာ တစ်ကိုယ်လုံးမှ ချွေးများကို သုတ်၍ အပြင်ထွက်ရန် ပြင်ဆင်လိုက်၏။ ကုတင်ပေါ်၌ ဘာကိုမျှ ဂရုမစိုက်ဘဲ အိပ်မောကျနေသည့် ဂျေကော့ကို မြင်ချိန်တွင် အယ်လန် ခေါင်းခါလိုက်မိသည်။ ထို့နောက် ဂျေကော့၏ တင်ပါးကို မညှာမတာပင် လက်သီးဖြင့် တစ်ချက် ထိုးလိုက်လေ၏။ ဂျေကော့မှာ မျက်လုံးများကို မှေးစင်းလျက် ကုတင်ပေါ်မှ ထလာပြီး မေးသည်။

“အို ဘုရားရေ၊ ဘယ်နှနာရီ ရှိပြီလဲ၊ မှောင်သွားပြီလား”

“နာရီဝက်ပဲ ရှိသေးတယ် သွားကြစို့၊ မင်းသာ ဆက်အိပ်နေရင်တော့ တကယ် မှောင်သွားလိမ့်မယ်”

အယ်လန်မှာ ကျောပိုးအိတ်နှင့် ကင်မရာကို ကိုင်ရင်း ပြောလိုက်၏။ ဂျေကော့ ပျင်းရိပျင်းတွဲဖြင့် အကြောဆန့်လိုက်ပြီး ဆိုသည်။

“ခဏလေး လဲလိုက်ရတာ တကယ်ကို သက်သောင့်သက်သာ ရှိတာပဲ၊ တစ်နေ့ခင်းလုံး အိပ်လိုက်ရသလို ခံစားရတယ်၊ အခုတော့ ငါ တကယ် လန်းဆန်းသွားပြီ”

ထိုသို့ပြောကာ ဂျေကော့သည် ကုတင်ပေါ်မှ လိမ့်ဆင်း၍ ဖိနပ်ကို ကောက်စီးကာ အယ်လန်၏ ပခုံးကို ဖက်လျက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

“အခု ငါ့မှာ အင်အားတွေ ပြည့်နေပြီ မာရသွန်တောင် ပြေးလို့ရတယ်၊ သွားကြစို့ ငါတို့ ခရီးစဉ်ကို စလိုက်ရအောင်"

ဂျေကော့မှာ စိတ်လှုပ်ရှားစွာဖြင့် အယ်လန်ကို ဓာတ်လှေကားဆီသို့ ဆွဲခေါ်သွားတော့သည်။ မှော်ဆန်သော ဓာတ်လှေကားကို နောက်တစ်ကြိမ် စီးလိုက်ရသည့်အခါ ဂျေကော့သည် အလွန်ပင် ကျေနပ်သွား၏။ ဓာတ်လှေကားထဲမှ ထွက်လာသည်နှင့်မီနာကို ချက်ချင်း မြင်လိုက်ရသည်။

“ဟဲလို ကျွန်တော်တို့ အပြင်ထွက်ပြီး ပျော်ပျော်ပါးပါး လည်ပတ်ချင်လို့ပါ၊ ဘယ်နေရာတွေကို သွားဖို့ အကြံပေးချင်လဲ”

ဂျေကော့ မီနာကို လှိုက်လှိုက်လှဲလှဲပြုံးပြလိုက်သည်။ မီနာမှာ ပတ်ဝန်းကျင် အခြေအနေကို ကောင်းစွာမသိသဖြင့် လီရှီထံသို့ အကြည့်ပို့လိုက်ရာ လီရှီမှာ ခဏမျှစဉ်းစားပြီးနောက် သူတို့အတွက် ထူးခြားသော လမ်းကြောင်းတစ်ခုကို စီစဉ်ပေးလိုက်၏။ မီနာမှ ဘာသာပြန်ပေးလိုက်သည်။

“အရင်ဆုံး အနားမှာရှိတဲ့ ဆန်းကျုံးဘုန်းကြီးကျောင်းကို သွားလည်လို့ရပါတယ်၊ အဲဒါက အရမ်းနာမည်ကြီးတဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းတစ်ခုပါ၊ အဲဒီကအပြန်မှာတော့ ဆုန့်မင်းဆက်ခေတ်က ကျောက်ဆစ်လက်ရာတွေ အများကြီးရှိတဲ့ တောင်ဘက်ဥယျာဉ် ကို သွားလို့ရပါတယ်၊ ညဘက်ကျရင်တော့ ဒေသထွက်စားသောက်ဖွယ်ရာ‌များကို မြည်းစမ်းရင်း ညရှုခင်းကို ခံစားလို့ရမယ့် စည်မျှော်စင်ကို သွားနိုင်ပါတယ်၊ ညစာစားပြီးရင်တော့ တည်းခိုခန်းကိုပြန်လာပြီး လက်ရေးလှသင်တန်းတက်လို့ရသလို အနားယူလို့လည်း ရပါတယ်ရှင့်”

အယ်လန်သည် ဤကဲ့သို့တရုတ်ဟန်အပြည့်ရှိသော လည်ပတ်စရာနေရာများကို အလွန်သဘောကျ၏။ မီနာနှင့် လီရှီတို့က လမ်းကြောင်းများနှင့် စားသောက်ဆိုင်များကို အသေးစိတ် စာရင်းပြုလုပ်၍ သူတို့ဖုန်းထဲသို့ပို့ပေးလိုက်သည်။ လမ်းညွှန်ချက်အတိုင်း လိုက်နာသွားလာရင်း အယ်လန်နှင့် ဂျေကော့တို့သည် သူတို့၏ ခရီးစဉ်ကို အပြည့်အဝ ခံစားခဲ့ကြသည်။

“အို စည်မျှော်စင်က အရမ်းလှတာပဲ၊ ပြီးတော့ အဲဒီအမဲသားခေါက်ဆွဲဆိုင်ကလည်း အရသာရှိလိုက်တာ တကယ်ကို အရသာရှိတာ၊ အဲဒီ အသားခြောက်ကလည်း စားလို့ကောင်းတယ်”

ဂျေကော့မှာ အရသာရှိသော အစားအစာများနှင့် လှပသော ရှုခင်းများထဲ၌ နစ်မျောနေဆဲဖြစ်သဖြင့် ခေါင်းတခါခါနှင့် ပြောနေမိတော့သည်။ အယ်လန်မှာမူ အနည်းငယ် ပင်ပန်းနေပုံရသော်လည်း သူ၏ ကင်မရာကိုမူ လက်မှ မချချင်သေးဘဲ ယုံမြစ် ၏ လှပသော ရှုခင်းအားလုံးကို မှတ်တမ်းတင်ထားချင်နေ၏။

“ဒီနေ့ မင်းမှာ ဘယ်လိုဖြစ်ပြီး အင်အားတွေ ဒီလောက်ရှိနေလဲဆိုတာ ငါ တကယ် စဉ်းစားမရဘူး၊ ငါကတော့ နည်းနည်း ပင်ပန်းနေပြီ”

“အယ်လန် မင်းလည်း ငါ့လိုမျိုး တည်းခိုခန်းမှာ ခဏလောက် အနားယူခဲ့သင့်တာ၊ တည်းခိုခန်းက ကုတင်က တကယ်ကို သက်သောင့်သက်သာရှိလွန်းလို့ ငါ့ရဲ့ အင်အားတွေကို အပြည့်အဝ ပြန်ဖြည့်ပေးလိုက်သလိုပဲ၊ သွားကြစို့ လက်ရေးလှသင်တန်းမစခင် အချိန်လေး ရှိသေးတယ်၊ ပြန်သွားပြီး ခဏလောက် လှဲနေကြတာပေါ့”

ဂျေကော့ အချိန်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်၏။ အခန်းထဲသို့ ပြန်ရောက်သည့်အခါ အယ်လန်သည် နူးညံ့သော ကုတင်ကို တစ်ချက်ကြည့်၍ နှမြောတသစွာဖြင့် အကြည့်လွှဲလိုက်သည်။ ကုတင်ပေါ်သို့ တိုက်ရိုက် လှဲလျောင်းရန်မှာမူ သူ လက်မခံနိုင်သေးပေ။ သူ ရေချိုးရန် လိုအပ်၏။ ကံကောင်းသည်မှာ ဂျေကော့နှင့်သူသည် ကုတင်တစ်လုံးတည်း အတူအိပ်ရခြင်း မဟုတ်သဖြင့်သာ မဟုတ်လျှင်မူ သူ ရူးသွားမှာ သေချာလှသည်။ ရေချိုးခန်းထဲတွင် ရေနွေးငွေ့များ ဝေ့ဝဲနေသည်။ အယ်လန်သည် သူ၏ ဆံပင်များကို နောက်သို့ လှန်သပ်လိုက်ပြီး နံရံကပ်ဗူးထဲမှ ရေချိုးဆပ်ပြာရည်ကို ညှစ်ထုတ်လိုက်၏။ ဤရေချိုးဆပ်ပြာရည်မှာ တည်းခိုခန်းမှပင် သီးသန့်ထုတ်လုပ်ထားခြင်းဖြစ်လိမ့်မည်ဟု တရုတ်စာလုံးများနှင့် QR ကုဒ်ကို ကြည့်ကာ အယ်လန် ခန့်မှန်းလိုက်မိသည်။ ရေချိုးနေစဉ်မှာပင် ထူးခြားသော ဆေးဖက်ဝင် အပင်ရနံ့က သူ့ကို စတင်ဆွဲဆောင်လိုက်၏။ ၎င်းမှာ သဘာဝ အပင်အဆီအနှစ် အမျိုးမျိုးကို ပေါင်းစပ်ထားသည့် နက်ရှိုင်းသော ရနံ့တစ်ခုဖြစ်ပြီး ပူစီနံ၏ လန်းဆန်းမှုနှင့် ဆေးဖက်ဝင်အပင်တို့၏ ယဉ်ကျေးသိမ်မွေ့သော ရနံ့တို့ ရောယှက်နေခြင်း ဖြစ်သည်။ ထိုရနံ့များမှာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကာ လူကို မိန်းမောသွားစေမည့် သဘာဝရနံ့တစ်ခု ဖြစ်လာ၏။

ရေချိုးဆပ်ပြာရည်မှာ နူးညံ့ချောမွေ့သော အထိအတွေ့ ရှိ၏။ လက်ဖဝါးထဲသို့ ထည့်၍ စိုစွတ်နေသော အရေပြားပေါ်၌ ညင်သာစွာ ပွတ်လိုက်သည့်အခါ ဆေးဖက်ဝင်အပင်ရနံ့များနှင့်အတူ များပြားလှသော အမြှုပ်လေးများ ပျံ့နှံ့သွားသဖြင့် သဘာဝရနံ့များ ပြည့်နှက်နေသည့် လျှို့ဝှက်ဥယျာဉ်တစ်ခုထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ ညင်သာစွာ နှိပ်နယ်ပေးလိုက်သည့်အခါ ရေချိုးဆပ်ပြာထဲရှိ ဆေးဖက်ဝင်အပင် အစိတ်အပိုင်းများမှာ စတင်အလုပ်လုပ်ပြီး ချွေးပေါက်တိုင်းကို နက်ရှိုင်းစွာ သန့်စင်ပေးကာ တစ်နေ့တာလုံးမှ ပင်ပန်းနွမ်းနယ်မှုများနှင့် ချွေးများကို ဆေးကြောပေးလိုက်လေသည်။ ရေဆေးချပြီးသည့်နောက်တွင် သူ၏ တစ်ကိုယ်လုံးမှ ချွေးနံ့များ လုံးဝ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် သူအံ့ဩသွားရ၏။ အယ်လန်တွင် ကိုယ်ပေါ်၌ အမွှေးအမျှင်များ များပြားပြီး ကိုယ်နံ့မှာလည်း အတော်လေး ပြင်းထန်သဖြင့် သူသည် အမြဲတမ်း ရေမွှေးကို အနားတွင် ဆောင်ထားရသူ ဖြစ်သည်။ သို့သော် ယခုမူ ကိုယ်နံ့များ ပျောက်ကွယ်သွားပြီး သိမ်မွေ့၍ မွှေးပျံ့သော ဆေးဖက်ဝင်အပင် ရနံ့လေးနှင့် အစားထိုးဝင်ရောက်သွားတော့၏။ ထိုရနံ့သည် သူ၏ စိတ်ကို လန်းဆန်းစေရုံတင်မကဘဲ အရေပြားကိုလည်း ကျန်းမာသော အရောင်အဝါများ ထွက်ပေါ်လာစေသည်။ သူ၏ လက်ဖြင့် အရေပြားကို ညင်သာစွာ ပွတ်သပ်ကြည့်လိုက်သည့်အခါ တစ်ခါမျှ မခံစားဖူးသော ချောမွေ့နူးညံ့မှုကို ခံစားလိုက်ရ၏။ အထိအတွေ့မှာ အနုစိတ်ဆုံး ပိုးသားကဲ့သို့ ချောအိနေပြီး မူလမှာပင် ဖြူဖွေးသော သူ၏ အသားအရေမှာ ပို၍ပင် ဝင်းလက်နေတော့သည်။ ဒါဟာ ဒဏ္ဍာရီထဲမှ မှော်ဆန်သည့် တရုတ်ဆေးဖက်ဝင် အပင်တွေများလား။

184

ဆရာကြီးဝေ၏ လက်ရေးလှသင်တန်းတွင် နိုင်ငံခြားသား နှစ်ဦး တိုးလာခဲ့သည်။ စာသင်ခန်းထဲသို့ ဝင်လာကြသော ကျောင်းသားများသည် ထိုနိုင်ငံခြားသား နှစ်ဦးကို မကြည့်ဘဲ မနေနိုင်ကြပေ။ ဒါဟာ တကယ့်ကို ထူးဆန်း‌သော မြင်ကွင်းတစ်ခု မဟုတ်ပါလား။ အခုဆိုရင် နိုင်ငံခြားသား ကျောင်းသားတွေတောင် လာတက်နေပြီလား။ သူတို့ တကယ်ကော နားလည်နိုင်ပါ့မလား။

အယ်လန်နှင့် ဂျေကော့တို့သည် တရုတ်စကားကို နားမလည်ကြသည်မှာ အမှန်ပင်။ သို့သော်လည်း ဂျေကော့မှာမူ မီနာအား လက်ရေးလှပညာရပ်ဆိုင်ရာ ဗဟုသုတအချို့ကို ဘာသာပြန်ပေးရန် ပူဆာနေတော့သည်။ ဂျေကော့သည် သူ သေချာပေါက် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေ၏။ စားပွဲတွင် ထိုင်နေသော ဂျေကော့သည် ယုံကြည်မှုများ ပြည့်နှက်နေသည်။ သူ၏ ဘေးချင်းကပ်ထိုင်နေသော အယ်လန်ကို ကြည့်ကာ ရွှင်ရွှင်ပျပျဖြင့် ကိုယ်ကိုကိုင်းကာ ပြောလိုက်သည်။

"အယ်လန်၊ မင်းကို ငါသင်ပေးရမလား "

အယ်လန်မှာ အနည်းငယ် ရွံရှာသလို ကြည့်လိုက်သည်။

"ငါ့နားက ထွက်သွားစမ်းပါ မင်းဆီက အနံ့ဆိုးတွေ ထွက်နေတယ်၊ ငါကမင်းထက် အများကြီးပိုတော်တာမို့လို့ မင်းကိုယ်မင်း အရင်ဂရုစိုက်စမ်းပါ"

ဂျေကော့မှာ သူ့နှာခေါင်းကို ပွတ်လိုက်ရင်း ပြောလိုက်သည်။

"ငါ့ဆီက အနံ့နံလို့လား ငါတော့ အဆင်ပြေပါတယ်လို့ ထင်တာပဲ၊ မင်းကမှ အရမ်းမွှေးနေတာ အယ်လန်၊ ရေမွှေးတွေ ဆွတ်ထားသလိုပဲ "

"ငါ ရေမွှေးမဆွတ်ထားပါဘူး၊ ဒါ ငါ့ရဲ့ သဘာဝရနံ့ပဲ"

အယ်လန် ပြန်ပက်လိုက်သည်။ ရေချိုးပြီးခါစဖြစ်သဖြင့် အယ်လန်သည် သူ၏ကိုယ်နံ့အပေါ် အလွန်ကျေနပ်နေခြင်းဖြစ်၏။ ဂျေကော့မှာ အနည်းငယ် ရွံသလိုမျိုး ပြောသည်။

"အို မင်းကတော့ အရမ်းနွဲ့တာပဲ "

သူတို့နှစ်ဦးသည် ဆရာကြီးဝေ စာသင်ခြင်း မစတင်မီအထိ တစ်ဦးကိုတစ်ဦး အပြန်အလှန် စောင်းမြောင်း ပြောဆိုနေကြပြီး စာသင်ခန်းစသည့်အခါမှသာ ရန်ဖြစ်ခြင်းကို ရပ်တန့်လိုက်ကြသည်။ အယ်လန်သည် ခါးကို မတ်မတ်ဆန့်ထိုင်ကာ စခရင်အကြီးကြီးကို စိုက်ကြည့်နေ၏။ ဆရာကြီးဝေ ပြောနေသည်များကို သူ နားမလည်သော်လည်း လိုက်လုပ်ကြည့်၍တော့ ရသည် မဟုတ်ပါလား။ အယ်လန်၏ မျက်လုံးများမှာ စင်မြင့်ပေါ်ရှိ ဆရာကြီးဝေထံတွင် စွဲထင်နေသည်။ ဘာသာစကား အခက်အခဲကြောင့် ဆရာကြီးဝေ၏ ရှင်းလင်းချက်များကို နားလည်ရန် ခက်ခဲနေသော်လည်း ၎င်းမှာ လက်ရေးလှပညာရပ်အပေါ် သူ၏ စူးစမ်းလိုစိတ်နှင့် ထက်သန်မှုကို လျော့ပါးသွားစေခြင်း မရှိပေ။ သူသည် ဆရာကြီးဝေ၏ လှုပ်ရှားမှုတိုင်း၊ စုတ်ချက်တစ်ခုချင်းစီ၏ အကူးအပြောင်းနှင့် အဆုံးသတ်တို့ကို အာရုံစူးစိုက်ကာ ကြည့်ရှုနေသည်။ ဆရာကြီးဝေ၏ လက်ဟန်ခြေဟန်များမှတစ်ဆင့် ထိုရှေးဟောင်းအနုပညာ၏ လျှို့ဝှက်ချက်များကို အဖြေရှာရန် ကြိုးစားနေသကဲ့သို့ပင်။ ဆရာကြီးဝေ၏ လက်ထဲရှိ စုတ်တံသည် စက္ကူဖြူပေါ်တွင် ကခုန်နေပြီး စုတ်တံဖျား၏ လှုပ်ရှားမှုနှင့်အတူ မင်ရည်များမှာ တဖြည်းဖြည်း ပျံ့နှံ့သွားကာ လှပသော တရုတ်စာလုံးများကို ပုံဖော်ပေးနေ၏။

အယ်လန်သည် ဆရာကြီးဝေ၏ သရုပ်ပြမှုကို လိုက်ကြည့်ကာ စုတ်တံလှုပ်ရှားမှုများကို စတင်အတုယူသည်။ သူသည် စုတ်တံလက်ကိုင်ကို လက်မနှင့် လက်ညှိုးကြားတွင် အသာအယာကိုင်ကာ လက်ခလယ်နှင့် လက်သူကြွယ်တို့ဖြင့် အနည်းငယ် ထိန်းထားပြီး၊ လက်သန်းကို အနည်းငယ်မြှောက်ကာ တည်ငြိမ်သော အနေအထားဖြင့် ကိုင်ရန် သင်ယူသည်။ သူ၏လှုပ်ရှားမှုများမျာ အနည်းငယ် တောင့်တင်းနေပြီး စုတ်တံကို မကြာခဏ လွှတ်ကျတတ်သဖြင့် စက္ကူပေါ်သို့ ပြုတ်ကျသွားလေ့ရှိသော်လည်း အယ်လန်မှာ အလွန်ပင် တည်ငြိမ်အာရုံစိုက်နေ၏။ စုတ်တံကို အတည်တကျ ကိုင်ပြီးနောက် အယ်လန်သည် အသက်ကို ပြင်းပြင်းတစ်ချက်ရှူကာ စုတ်တံကို မင်ရည်များဖြင့် တို့လိုက်သည်။ ထို့နောက် စုတ်တံအဖျားကို စက္ကူပေါ်သို့ ဖြည်းညှင်းစွာ ချလိုက်၏။ အစပိုင်းတွင် သူ၏လှုပ်ရှားမှုများမှာ အနည်းငယ် တုန်ယင်နေသော်လည်း မကြာမီမှာပင် တည်ငြိမ်သွားသည်။ ထို့နောက် ဆရာကြီးဝေ၏ စုတ်ချက်အစီအစဉ်အတိုင်း တစ်ချက်ချင်း လိုက်၍ ရေးဆွဲတော့၏။ လှုပ်ရှားမှုများ မှန်ကန်စေရန်အတွက် သူသည် ရံဖန်ရံခါ ဆရာကြီးဝေ၏ သရုပ်ပြမှုကို မော့ကြည့်လိုက်ပြီး ပြန်ငုံ့ကာ လေ့ကျင့်လိုက်နှင့် အလုပ်ရှုပ်နေသည်။ သူ၏ စုတ်ချက်များမှာ တဖြည်းဖြည်း ချောမွေ့လာပြီး စက္ကူပေါ်ရှိ မင်ရည်များမှာလည်း သူ၏ ဖိအားနှင့် စည်းချက်အပြောင်းအလဲများကြောင့် အရောင်အနုအရင့် အမျိုးမျိုး ထင်ကျန်ရစ်၏။ လေ့ကျင့်လေလေ အယ်လန်၏ လှုပ်ရှားမှုများမှာ ပို၍ ကျွမ်းကျင်လာလေလေ ဖြစ်သည်။ သူ၏ လက်ကောက်ဝတ်မှာ လိုက်လျောညီထွေ လှုပ်ရှားလာပြီး စုတ်တံဖျားမှာ စက္ကူပေါ်တွင် ကခုန်ရင်း တရုတ်စာလုံးများ၏ ပုံသဏ္ဌာန်ကို ဖော်ဆောင်လာ၏။ အယ်လန်သည် စာလုံးများ၏ အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်သော်လည်း သူ၏ ကြိုးစားမှုနှင့် တိုးတက်မှုအပေါ် ကျေနပ်နေသည့် အပြုံးတစ်ခု သူ့မျက်နှာတွင် ထင်ဟပ်နေသည်။ အယ်လန်သည် သင်ယူခြင်းထဲတွင် တဖြည်းဖြည်း နစ်မျောသွားတော့သည်။ သူသည် လက်ရေးလှပညာ၏ စည်းချက်ကို စတင်ခံစားမိလာပြီး စုတ်တံဖျားနှင့် စက္ကူတို့ ထိတွေ့လိုက်သည့် သိမ်မွေ့သော ခံစားချက်ကို မြည်းစမ်းမိလာ၏။ သူသည် ဤအနုပညာ၏ ဖမ်းစားမှုကို အပြည့်အဝ ခံလိုက်ရပြီ ဖြစ်သည်။

လက်ရေးလှသင်တန်းခန်းမထဲတွင် မင်ရည်နံ့များ ပြည့်နှက်နေပြီး ဆရာကြီး၏အသံနှင့် စက္ကူပေါ်တွင် စုတ်တံပွတ်ဆွဲသံတို့သည် လှပသော တေးသံစဉ်တစ်ခုအဖြစ် ပေါင်းစပ်နေသည်။ ဤခဏတွင် အယ်လန်၏ စိတ်ဝိညာဉ်မှာ သန့်စင်သွားသကဲ့သို့ ခံစားရပြီး ဟွာကော် ၏ ရိုးရာယဉ်ကျေးမှုအပေါ် သူ၏ လေးစားမှုနှင့် ချစ်မြတ်နိုးမှုမှာ ပိုမိုနက်ရှိုင်းလာခဲ့၏။ အတန်းပြီးဆုံးသွားသည့်အခါ အယ်လန်သည် သူရေးထားသော စက္ကူအထူတစ်ထပ်ကို ဂုဏ်ယူစွာ ကိုင်ထားသည်။ ဒါတွေအားလုံးသည် သူ့၏ ဖန်တီးမှုများပင် မဟုတ်ပါလား။ အခြားတစ်ဖက်တွင်မူ ဂျေကော့မှာတော့ အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်။ သူ၏လက်များမှာ အရမ်းကြီးလွန်းသဖြင့် စုတ်တံကို တည်ငြိမ်အောင် မကိုင်နိုင်ဘဲ မင်ရည်အချို့မှာ မျက်နှာပေါ်အထိ စင်နေသည်။ သို့သော်လည်း ဂျေကော့မှာတော့ ဂရုမစိုက်ဘဲ တဟီးဟီးနှင့် ပြုံးနေဆဲပင်။

"အို အယ်လန် ငါ အခု တရုတ်စကား နားလည်သွားပြီ ထင်တယ်၊ ဒီတစ်တန်းလုံး ငါ တစ်ချက်ကလေးတောင် ပျင်းမသွားဘူး၊ ငါက တကယ့် ပါရမီရှင်ပဲ"

ဂျေကော့သည် တွေးလေ တွေးလေ သူ့ကိုယ်သူ အထင်ကြီးလေ ဖြစ်နေသည်။ ဒီသင်တန်းတစ်ခုလုံးကို သူ ဘယ်လိုများ အဆုံးအထိ နားထောင်နိုင်ခဲ့ပါလိမ့်ဟု သူ့ကိုယ်သူပင် အံ့ဩနေမိ၏။ အယ်လန်မှညတော့ ဒီငတုံးကို ဆက်မပြောချင်တော့ပေ။

"ပြန်ရအောင်၊ မင်းဆီက အချဉ်နံ့တွေ ထွက်လာပြီ"

အခန်းထဲ ပြန်ရောက်သည့်အခါ အယ်လန်သည် သူ၏ လက်ရာများကို သေသေသပ်သပ် သိမ်းဆည်းပြီး ခရီးဆောင်အိတ်ထဲ ထည့်လိုက်သည်။ သူသည် ယင်းတို့ကို အမှတ်တရပစ္စည်းအဖြစ် သိမ်းထားချင်၏။ စောစောက ရေချိုးထားပြီး ဖြစ်သဖြင့် အယ်လန်သည် အမြန်ပင် အဝတ်အစားလဲကာ ကုတင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းလိုက်သည်။

"အင်း ဂျေကော့က ရှားရှားပါးပါး အမှန်တစ်ခု ပြောတတ်သားပဲ၊ ဒီကုတင်က တကယ်ကို သက်သောင့်သက်သာ ရှိတာပဲ"

အယ်လန် ကျေနပ်စွာ ရေရွတ်လိုက်သည်။

"ဒုန်း"

ရေချိုးခန်းထဲမှ လူတစ်ယောက် ဝုန်းကနဲ ထွက်လာသည်။ ဂျေကော့သည် ဆပ်ပြာတုံးတစ်တုံးကို ကိုင်ထား၏။ အကယ်၍သာ အယ်လန်မှာ ဂျေကော့၏ လိင်စိတ်တိမ်းညွတ်မှုကို မသိခဲ့ပါလျှင် ဤကြမ်းတမ်းသော မျောက်ဝံကို ကန်ထုတ်လိုက်မိမှာ သေချာသည်။

"အယ်လန်၊ ဒီမှာ QR ကုဒ်တစ်ခုရှိတယ်ဟ၊ မြန်မြန် စကင်ဖတ်စမ်းပါ၊ ဒါ သုံးလို့ အရမ်းကောင်းတာပဲ"

ဂျေကော့မှာ ရေချိုးတဘက်ကိုပတ်လျက် အပြေးအလွှား ထွက်လာခြင်း ဖြစ်သည်။ အယ်လန် သူ့ကို စိုက်ကြည့်လိုက်ပြီး မလိုလားသော်လည်း ကုဒ်ကို စကင်ဖတ်ပေးလိုက်၏။ ထို့နောက် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"ပစ္စည်း ပြတ်နေပြီဟ၊ ဒီပလက်ဖောင်း ထဲမှာ ဒီပစ္စည်းက မီးခိုးရောင်ပြနေပြီ "

အယ်လန်မှာ ပစ္စည်းအရောင်းစာရင်းကို ကြည့်လိုက်ရာ ကုတင်များတွင်သာ နောက်ဆုံး၌ သုညများစွာ ပါဝင်သော ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရနိုင်သေးပြီး ကျန်ရှိသော ပစ္စည်းများအားလုံးမှာ မီးခိုးရောင် ပြောင်းနေသည် (ရောင်းကုန်သွားသည်) ကို တွေ့လိုက်ရသည်။

"အင်းလေ ဒါဆိုရင်တော့ ဒီဆပ်ပြာကို ချွေတာသုံးပြီး ကနေဒါအထိ သယ်သွားရတော့မှာပေါ့"

ဂျေကော့ တတွတ်တွတ် ညည်းညူနေသည်။ အယ်လန်သည် ဂျေကော့ကို ဆက်ပြီး စကားမပြောချင်တော့ဘဲ စောင်ကို ဆွဲခြုံကာ အိပ်ပျော်သွားတော့၏။ အယ်လန် ပြန်နိုးလာသည့်အခါ သူသည် အားအင်သစ်များ ပြည့်ဝနေသကဲ့သို့ ခံစားရပြီး မနေ့က ခရီးစဉ်ကြောင့် ပင်ပန်းနွမ်းနယ်မှုများ အားလုံးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် အဝတ်အစားများ ဝတ်ဆင်ကာ ဂျေကော့ကိုကန်ပြီး နှိုးလိုက်၏။

"မြန်မြန်ထ၊ ငါတို့ ထိုက်ချိသွားလေ့ကျင့်ရအောင်"

"ထိုက်ချိ ထိုက်ချိ"

ဂျေကော့သည် ဖရိုဖရဲဖြစ်နေသော သူ့ဆံပင်များကို ပွတ်သပ်ရင်း အပြေးအလွှား ထွက်လာသည်။ သူနှင့် အယ်လန်တို့သည် မနေ့ညက အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသဖြင့် နှိုးစက်ပေးရန်ပင် လုံးဝ မေ့သွားခဲ့ကြခြင်းဖြစ်၏။ ကံကောင်းသည်မှာ ဟဲယဲ့တည်းခိုခန်းသည် ဧည့်သည်များအတွက် VIP နေရာများကို သီးသန့် ဖယ်ထားပေးတတ်သဖြင့် အယ်လန်နှင့် ဂျေကော့တို့ နောက်ကျပြီးမှ ရောက်လာသော်လည်း နေရာကောင်းများ ရရှိခဲ့ကြသည်။

"ဝါး ဟွားကော် ကွန်ဖူး "

ယွမ်ဒန်းချူးကို မြင်လိုက်ရသည့်အခါ ဂျေကော့မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ဝင်းပသွားသည်။ ယွမ်ဒန်းချူးသည် သူ့စိတ်ကူးထဲက ကွန်ဖူးဆရာကြီးအတိုင်းပင်။ သူ၏အရပ်အမောင်း၊ တည်ငြိမ်သော ခြေလှမ်းများ၊ သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ယုံကြည်မှုနှင့် တည်ငြိမ်အေးဆေးမှုတို့မှာ ဂျေကော့အား ကွန်ဖူးရုပ်ရှင်ထဲမှ ထွက်ပေါ်လာသော ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားရစေ၏။ ဂျေကော့သည် ဟွားကော်ကွန်ဖူး၏ မှော်ဆန်မှုနှင့် စွမ်းအားများကို ရုပ်ရှင်များနှင့် စာအုပ်များတွင် အကြိမ်ကြိမ်တွေ့မြင်ဖူးခဲ့သည်။ နံရံပေါ် ပြေးတက်ခြင်းနှင့် အားပါသော လက်သီးချက်များမှာ သူ့ကိုဖမ်းစားထားခဲ့သည် မဟုတ်ပါလား။ ယခုမူ သူသည် ဟွာကော်ကွန်ဖူးကို ကိုယ်တိုင် သင်ယူရတော့မည်။

"ဟ"

"ယား"

ဂျေကော့နှင့် အယ်လန်တို့သည် စိတ်အားထက်သန်စွာဖြင့် လိုက်အော်ကာ လှုပ်ရှားမှုများကို အတုယူရင်း ယွမ်ဒန်းချူး၏ရှေ့တည့်တည့်အထိ ကပ်သွားချင်လောက်အောင်ပင် ရှေ့သို့တိုးပြီး လေ့ကျင့်နေကြတော့သည်။

All Chapters