← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

185

ဂျေကော့နှင့် အယ်လန်တို့သည် သူတို့၏လက်ထဲတွင် စာရွက်များကို ကိုင်ထားရင်း မီနာနှင့် လီရှီတို့ကို မခွဲနိုင်မခွာနိုင်သော အမူအရာဖြင့် လက်ပြနှုတ်ဆက်နေကြသည်။ လီရှီမှာ အလွန်ပင် စေတနာထက်သန်လှ၏။ သူသည် နိုင်ငံခြားသား ဧည့်သည်နှစ်ဦးအတွက် ယုံကျန်းမြို့မှ ဟန်ကျိုး၊ ထိုမှတစ်ဆင့် ရှန်ဟိုင်းအထိ သွားရမည့် လမ်းကြောင်းမြေပုံကို အသေးစိတ် ဆွဲပေးခဲ့သည်။ ထိုမြေပုံထဲတွင် သွားလာရေးယာဉ်များ၊ တည်းခိုရန်ဟိုတယ်များ၊ လည်ပတ်စရာနေရာများနှင့် ဒေသထွက် အစားအစာများအကြောင်း အစုံအလင် ပါဝင်၏။ မီနာမှာလည်း လီရှီ၏ လမ်းညွှန်ချက်များကို နိုင်ငံခြားဘာသာစကားသို့ ပြန်ဆိုပေးကာ ကူညီပေးခဲ့သည်။ ဂျေကော့မှာ သူ၏မျက်လုံးများကို ဟန်‌ဆောင်ပန်ဆောင်နှင့်ပွတ်သပ်လိုက်ရင်း ညည်းညူလိုက်သည်။

"အို အယ်လန် ငါ ဒီကနေ တကယ်မထွက်သွားချင်ဘူး၊ လာမယ့်ရက်တွေအတွက် တည်းခိုခန်းက အခန်းတွေ အကုန်ပြည့်နေတာ တကယ်နှမြောဖို့ကောင်းလိုက်တယ်၊ မဟုတ်ရင် ငါတို့ ဒီမှာ တစ်သက်လုံးနေလို့ရမှာ၊ ငါ ဆရာကြီးယွမ်ဆီက ကွန်ဖူးကွက်တွေကို တစ်ဝက်ပဲ သင်ရသေးတယ်"

အယ်လန်မှာလည်း ဗိုက်ကို ပွတ်သပ်ရင်း မွှေးပျံ့သည့် မက်မွန်ဂျယ်လီကို ဝါးရင်းနှင့် အားရပါးရ ထောက်ခံလိုက်သည်။

"ဟုတ်တယ်၊ သူတို့သာ နေ့လယ်စာနဲ့ ညစာပါ ရောင်းမယ်ဆိုရင်၊ ဒါမှမဟုတ် ငါ့ကို ဒီဆန်ပြုတ်ပဲ သုံးနပ်လုံး ကျွေးမယ်ဆိုရင်တောင် ငါစားနိုင်တယ်၊ တကယ်ကို ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိတာ"

သူတို့နှစ်ဦးသည် ဟဲယဲ့တည်းခိုခန်းမှ မခွဲချင်ခွဲချင်ဖြင့် ထွက်ခွာလာခဲ့ကြသည်။ မီနာနှင့် လီရှီတို့မှာ သူတို့အတွက် အမြန်ရထားလက်မှတ်များကို ဝယ်ပေးခဲ့၏။ ရထားစီးရသည်မှာ မယုံနိုင်လောက်အောင်ပင် ငြိမ့်ညောင်းလှသဖြင့် စားပွဲပေါ်တွင် တင်ထားသော အဖုံးမပါသည့် ခွက်ထဲမှ ရေတစ်စက်ပင် ဖိတ်စင်ခြင်းမရှိပေ။ ဂျေကော့နှင့် အယ်လန်တို့မှာ နောက်တစ်ကြိမ် ထပ်မံအံ့ဩရပြန်ပြီး စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားရန် အတော်လေး အချိန်ယူလိုက်ရသည်။ မနေ့ညက သူတို့နှစ်ဦး အိပ်ရေးဝဝ အနားယူထားကြ၏။ ခေတ္တမျှ ရှုခင်းများကို ကြည့်ရှုပြီးနောက် သူတို့၏ စက်ပစ္စည်းများကို ထုတ်ကာ ဗီဒီယိုတည်းဖြတ်ရန် ပြင်ကြတော့သည်။ သူတို့သည် တရုတ်ပြည်တွင် (၁၄၄) နာရီကြာ နေထိုင်မည်ဖြစ်ရာ ဂျေကော့မှာ နေရာသစ်တစ်ခု ရောက်တိုင်း ဗီဒီယိုတစ်ခုစီ တည်းဖြတ်ပြီးတင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

"ဝါး ဒီအရသာရှိတဲ့ မုန့်လေးတွေရဲ့ ဗီဒီယိုဖိုင်ကိုတော့ သေချာပေါက် ထည့်ရမယ်၊ ငါတို့ တန်းစီပြီး ဝယ်ခဲ့ရတာတွေကိုလည်း ပါအောင်ထည့်၊ ဒီလှပတဲ့ ရှုခင်းတွေကလည်း ကျန်ခဲ့လို့ မဖြစ်ဘူး၊ ငါတို့ ထိုက်ချီနဲ့ လက်ရေးလှ သင်ယူနေတဲ့ အခန်းတွေကိုလည်း ထည့်ဦးမှ၊ အရသာရှိတဲ့ မနက်စာကိုလည်း မေ့လို့မဖြစ်ဘူးနော်၊ ပြီးတော့ တကယ်ကို အံ့ဩဖို့ကောင်းတဲ့ ဆပ်ပြာနဲ့ ရေချိုးဆပ်ပြာရည်၊ ဟုတ်သားပဲ သက်သောင့်သက်သာရှိတဲ့ မွေ့ရာကြီးကိုလည်း ထည့်ရမယ်"

ဂျေကော့သည် တစ်ခုချင်း ရွေးချယ်နေသော်လည်း မည်သည့် ဗီဒီယိုဖိုင်ကိုမျှ မဖျက်နိုင်ဘဲ အားလုံးကို သိမ်းထားမိသည်။ အယ်လန်မှာ တစ်နာရီကြာမြင့်မည့် ဗီဒီယိုကို ကြည့်ပြီး ခေါင်းကိုက်သွား၏။

"ဂျေကော့၊ ဒါက တည်းဖြတ်ထားတာမှ မဟုတ်တာ အကုန်ထည့်ထားတာပဲ၊ ဒီလောက်ရှည်တဲ့ ဗီဒီယိုကို ဘယ်သူက ကြည့်ချင်မှာလဲ "

ဂျေကော့ သူ၏ အာဖရိကစတိုင်ဆံပင်များကို ကုတ်ရင်း ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ ဒါတွေက ငါတို့ရဲ့ အံ့ဩစရာကောင်းတဲ့ အမှတ်တရတွေလေ၊ ဗီဒီယိုအဖြစ် လုပ်ထားလိုက်ရင် နောက်မှ ဒီခရီးစဉ်အကြောင်း ပြန်ကြည့်လို့ရတာပေါ့၊ ပြီးတော့ ငါ့အမေက ငါ့အကောင့်ကို ဖော်လိုလုပ်ထားတာ ငါ တရုတ်ပြည်မှာ ဘာတွေကြုံတွေ့ခဲ့လဲဆိုတာ သူသိချင်မှာပဲ။"

အယ်လန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လိုက်လျောလိုက်သည်။ တကယ်လည်း ဂျေကော့ပြောသလိုပင် သူတို့ချန်နယ်၏ ဖော်လိုဝါ အများစုမှာ သူငယ်ချင်းများနှင့် မိသားစုဝင်များသာ ဖြစ်သဖြင့် ဤဗီဒီယိုမှာ ခရီးသွားမှတ်တမ်းတစ်ခုအနေဖြင့် အသုံးဝင်နိုင်ပါသည်။ အယ်လန်မှာ စိတ်လျှော့လိုက်ပြီး ပြော၏။

"ဒါဆိုလည်း ဗီဒီယိုထဲမှာ စာတန်းထိုးနဲ့လမ်းညွှန်မြေပုံတွေကိုပါ ထည့်လိုက်ပေါ့၊ တခြားလူတွေအတွက်လည်း ညွှန်းစရာ ဖြစ်သွားတာပေါ့"

ဂျေကော့ အလွန်သဘောကျသွားသည်။

"အယ်လန် ဒါတကယ်ကို ကောင်းတဲ့အကြံပဲ၊ မင်း ဒီလောက် ဉာဏ်ကောင်းတာ ငါတစ်ခါမှမတွေ့ဖူးဘူး။"

အယ်လန်မှာ သူ့ကို အမြင်ကတ်သလို ကြည့်လိုက်သော်လည်း ဗီဒီယိုလုပ်ရာတွင် ဂျေကော့ကို ဝိုင်းကူပေးခဲ့သည်။ ဂျေကော့မှာ မည်သည့်ဗီဒီယိုဖိုင်ကိုမှ မဖြတ်ချင်သဖြင့် တည်းဖြတ်ရန် (၁၀) မိနစ်သာ အချိန်ပေးခဲ့သော်လည်း လမ်းကြောင်းမြေပုံများ၊ လည်ပတ်စရာနေရာများနှင့် အခြားလမ်းညွှန်ချက်များကို ထည့်သွင်းရာတွင် နာရီဝက်ခန့် ကြာသွားပြီး ရထားပေါ်မှ ဆင်းခါနီးမှပဲ အပြီးသတ်နိုင်ခဲ့၏။

"ကဲ ကဲ ငါတို့ ဗီဒီယိုကတော့ ပြီးပြည့်စုံသွားပြီ၊ ဒီအတိုင်းပဲ တင်လိုက်ကြရအောင်"

ဂျေကော့ ကိုယ်လက်ဆန့်ရင်း ဆက်ပြီး မလှုပ်ချင်တော့သလို ပြောလိုက်သည်။ အယ်လန်မှာလည်း ဟန်ကျိုးခရီးစဉ်ကို စတင်ခံစားချင်နေပြီ ဖြစ်၏။ သူတို့နှစ်ဦး သဘောတူညီမှု ရသွားပြီးနောက် တည်းဖြတ်ထားသော ဗီဒီယိုကို YouTube ပေါ်သို့ တင်လိုက်ကြတော့သည်။ ဟန်ကျိုး၏ တောင်တန်းနှင့် ရေကန်ရှုခင်းများမှာ လွန်စွာ လှပလှသည်။ မီနာနှင့် လီရှီတို့၏ လမ်းညွှန်ချက်များကြောင့် အယ်လန်နှင့် ဂျေကော့တို့သည် ဟန်ကျိုးမြို့အနှံ့ကို သေချာ လည်ပတ်နိုင်ခဲ့ကြ၏။ တရုတ်ပြည်တွင် အင်တာနက် အသုံးပြုရသည်မှာ သိပ်မလွယ်ကူသဖြင့် သူတို့နှစ်ဦး ဟန်ကျိုးမှ ထွက်ခွာပြီးနောက် ဟန်ကျိုးခရီးသွား ဘလော့ဂ်ကို YouTube ပေါ် တင်သည့်အခါမှသာ ဂျေကော့သည် အစောပိုင်းက တင်ထားသော ဗီဒီယိုကို ပြန်စစ်ရန် သတိရတော့သည်။ အံ့ဩစရာကောင်းသည်မှာ ထိုတစ်နာရီကြာ ဗီဒီယိုလေးသည် ကြည့်ရှုသူ (၄) သိန်း အထိ ရှိနေခြင်းဖြစ်၏။ YouTube ကဲ့သို့ နေရာမျိုးတွင် ဤပမာဏမှာ နည်းပါးလှသော်လည်း ဂျေကော့အတွက်မူ အလွန်ပင် အံ့အားသင့်စရာ ဖြစ်နေသည်။ ၎င်းမှာ သူ၏ချန်နယ်တွင် ကြည့်ရှုသူ အများဆုံး ဗီဒီယို ဖြစ်လာသောကြောင့်ပင်။

ဂျေကော့ကို ကျေနပ်မှု အပေးနိုင်ဆုံး အချက်မှာ လူများစွာသည် သူ၏ ဗီဒီယိုကို သိမ်းဆည်းထားကြပြီး သူ့လမ်းညွှန်ချက်အတိုင်း တရုတ်ပြည်သို့ လာရောက်လည်ပတ်မည်ဟု ကွန်မန့်များ ရေးထားခြင်းဖြစ်သည်။ အချို့မှာလည်း ဂျေကော့ပြောသော ဟဲယဲ့တည်းခိုခန်းမှာ အခန်းများ အကုန်ပြည့်နေသော်လည်း ဘိုကင်ရသည်နှင့်တစ်ပြိုင်နက် တရုတ်ပြည်သို့ ချက်ချင်း ပျံသန်းလာမည်ဟု ဆိုကြ၏။ သူတို့၏ ဗီဒီယိုမှာ လူတချို့ကို တကယ်ပဲ အထောက်အကူ ဖြစ်စေခဲ့သည်။ ဂျေကော့မှာ အလွန်စိတ်လှုပ်ရှားနေ၏။ ကြည့်ရှုသူ (၄) သိန်းထဲတွင် သူ့လမ်းညွှန်ချက်အတိုင်း တရုတ်ပြည်သို့ တကယ်လာမည့်သူမှာ တစ်ယောက်တည်း ဖြစ်နေပါစေဦး ၎င်းမှာပင် လုံလောက်နေပြီ မဟုတ်ပါလား။ ဂျေကော့မှာ အယ်လန်ကို တံတောင်နှင့် တို့လိုက်ကာ ကွန်မန့်ကဏ္ဍကို ကြည့်ရန် အချက်ပြလိုက်သည်။

"ကြည့်စမ်း အယ်လန် မင်းရဲ့ အကြံက တကယ်ကောင်းတာပဲ၊ ငါတို့ရဲ့ အတွေ့အကြုံက တခြားလူတွေကို တကယ် အကူအညီ ဖြစ်စေခဲ့တယ်"

အယ်လန်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။

"အွန်လိုင်း အသုံးပြုသူတွေ ပိုပြီး အဆင်ပြေပြေ တိုက်ရိုက် ကြည့်လို့ရအောင် ခရီးသွားလမ်းညွှန်ကို စာသားအနေနဲ့ မှတ်ချက်ကဏ္ဍမှာ ထပ်ရေးပေးရင် ကောင်းမယ် ထင်တယ်"

"လုပ်လိုက်လေ"

ဂျေကော့သည် တက်ကြွစွာဖြင့် ပြောလိုက်သည်။

'နံရံပေါ်က ပန်းတွေ ပွင့်ရင် အိမ်ထဲမှာလည်း ရနံ့တွေ ပြည့်နှက်သွားတတ်သည်' ဆိုသလိုပင် စာတန်းထိုးအဖွဲ့များနှင့် ဗီဒီယိုချန်နယ် အများအပြားမှာ YouTube ပေါ်မှ ဗီဒီယိုများကို ပြန်တင်ရန် နှစ်သက်ကြပြီး "နိုင်ငံခြားသားများ တရုတ်ပြည်ကို မည်သို့မြင်သလဲ" ဆိုသော အကြောင်းအရာမှာ အမြဲတမ်း ရေပန်းစားနေတတ်သည်။ ဂျေကော့ တင်လိုက်သော ဗီဒီယိုမှာလည်း Station C ပေါ်သို့ ပြန်လည်ရောက်ရှိသွားပြီး အချို့မှာမူ "ချောမောသော နိုင်ငံခြားသားက တရုတ်မုန့်များကို ချီးကျူးခန်းဖွင့်ခြင်း" နှင့် "နိုင်ငံခြားသူငယ်ချင်းများ တရုတ်ပြည်ရှုခင်းကြောင့် ထပ်မံအံ့ဩရပြန်ခြင်း" စသည့် ခေါင်းစဉ်တိုလေးများဖြင့် Douyin ပေါ်သို့ တင်လိုက်ကြသည်။

ယခုအခါ ဗီဒီယိုချန်နယ်များအကြား ယှဉ်ပြိုင်မှုမှာ ပြင်းထန်လှသည်။ အနည်းငယ် နာမည်ကြီးသော နိုင်ငံခြားဗီဒီယိုတစ်ခုကို ချန်နယ်အများအပြားမှာ ပြိုင်တူ ပြန်တင်ကြသဖြင့် အချို့ချန်နယ်များမှာ ဂျေကော့၏ ဗီဒီယိုအောက်မှ ကွန်မန့်များကို ဘာသာပြန်ပေးခြင်းဖြင့် နယ်ပယ်သစ်ကို ထိုးဖောက်လာကြ၏။ ဗီဒီယိုချန်နယ်များ၏ ပြန်လည်မျှဝေမှုများကြောင့် ဂျေကော့၏ ဗီဒီယိုမှာ ဝက်စ်ဆိုက်အမျိုးမျိုးသို့ ပျံ့နှံ့သွားပြီး ပလက်ဖောင်းတိုင်းတွင် ကြည့်ရှုသူ အမြောက်အမြား ရရှိခဲ့သည်။ Station C သည် အဓိကအားဖြင့် ဗီဒီယိုအရှည်များကို အလေးပေးသော်လည်း ပြီးခဲ့သော နှစ်နှစ်အတွင်း ဗီဒီယိုအတိုများ၏ လွှမ်းမိုးမှုကြောင့် ဗီဒီယိုများမှာ တိုတောင်းလာခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် ချန်နယ်တစ်ခုမှ တစ်နာရီကြာ ဗီဒီယိုကို ဘာသာပြန်ကာ တင်လိုက်သည့်အခါ အင်တာနက် အသုံးပြုသူ အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သည်။

"ဝါး တစ်နာရီတောင် ကြာတဲ့ ဗီဒီယိုပဲ ထမင်းစားရင်း ကြည့်ဖို့ အတော်ပဲ"

"ကြည့်လို့ ပြီးသွားပြီ တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲ၊ ဒီနိုင်ငံခြားသားနှစ်ယောက်က တည်းခိုခန်းရဲ့ အကူအညီကို ရလိုက်တာ တကယ် ကံကောင်းတာပဲ၊ သူတို့စားခဲ့တဲ့ မုန့်တွေနဲ့ သွားခဲ့တဲ့ နေရာတွေက တကယ့်ဒေသထွက်စစ်စစ်တွေပဲ"

"အို ဘုရားရေ နိုင်ငံခြားသားတွေပဲ မဟုတ်ဘူး၊ တရုတ်လူမျိုးဖြစ်တဲ့ ငါတောင် သွားချင်စိတ် ပေါက်လာပြီ၊ ဒီတည်းခိုခန်းက နိုင်ငံခြားသားတွေကို ဖမ်းစားဖို့ ထောင်ချောက်တစ်ခုပဲ၊ လက်ရေးလှ သင်ယူလို့ရတယ် ထိုက်ချီ လေ့ကျင့်လို့ရတယ် နောက်ပြီး အရသာရှိတဲ့ အစားအသောက်တွေလည်း ရှိသေးတယ်၊ ဒီတည်းခိုခန်းကတော့ တစ်မူထူးခြားနေတာပဲ၊ ဒီနိုင်ငံခြားသားလေးက ဟိုတယ်ရှာတာ ငါ့ထက်တောင် ပိုတော်နေသေးတယ်"

"စပ်စုချင်တာနဲ့ ဒီနိုင်ငံခြားသား တင်ထားတဲ့ လင့်ခ်ကို နှိပ်ကြည့်လိုက်တာ၊ ဒီတည်းခိုခန်းမှာ အခန်းတွေ အကုန်ပြည့်ကုန်နေပြီဗျ"

"အပေါ်ကလူ မသိဘူးလား ဟဲယဲ့တည်းခိုခန်းက အခုနောက်ပိုင်း အင်တာနက်မှာ အရမ်းနာမည်ကြီးနေတဲ့ တည်းခိုခန်းလေ၊ ယုံကျန်းကို သွားရင် သေချာပေါက် တည်းခိုရမယ့်နေရာအဖြစ် ရွေးချယ်ခံထားရတာ၊ ပြီးခဲ့တဲ့ရက်ပိုင်းကတင် ရေပန်းစားတဲ့ ရှာဖွေမှုတွေ ထဲမှာ ပါခဲ့သေးတယ်"

"ဘာမှ ထပ်မပြောပါနဲ့တော့ ဒါ ငါ့ရဲ့ ရတနာတည်းခိုခန်းလေးပါ၊ ငါလည်း နေ့တိုင်း ဘိုကင်ရဖို့နဲ့ ပစ္စည်းတွေ လုဝယ်ဖို့ စောင့်နေရတာ၊ အခုတော့ လူတွေ ပိုသိကုန်ကြပြီ ဟီးဟီးဟီး"

ဂျေကော့၏စရိုက်မှာ တက်ကြွလန်းဆန်းလှပြီး သူ့ရယ်သံများမှာ ဗီဒီယိုတစ်ခုလုံးတွင် ပြည့်နှက်နေသည်။ အယ်လန်မှာမူ ပို၍တည်ငြိမ်ကာ အနုပညာအမြင်ရှိသဖြင့် လှပသော ဗီဒီယိုဖိုင်များကို ရိုက်ကူးပေးနိုင်ခဲ့၏။ ဤစိတ်ဝင်စားစရာကောင်းသော ဗီဒီယိုလေးသည် ကြည့်ရှုသူများကို ပိုမိုဆွဲဆောင်နေတော့သည်။ ဂျေကော့၏ ဟန်ကျိုးနှင့် ရှန်ဟိုင်း ခရီးစဉ် ဗီဒီယိုများကိုလည်း ဆက်တိုက် တင်နေသဖြင့် ရေရှည်အကျိုးသက်ရောက်မှုမှာ အလွန်ပင် ကြီးမားနေတော့၏။

186

"မီနာ ဒီဖုန်းလေးတစ်ချက်လောက်ဖြေပေးပါဦး"

လီရှီမှာ ဖုန်းကို မီနာ့ထံ ကမ်းပေးလိုက်သည်။ ၎င်းမှာ လာရောက်စုံစမ်းမေးမြန်းသည့် အခြားနိုင်ငံခြားဧည့်သည်တစ်ဦး၏ ဖုန်းခေါ်ဆိုမှုပင် ဖြစ်၏။ ဂျေကော့နှင့် အယ်လန်တို့ သူတို့၏ဗီဒီယိုများကို အင်တာနက်ပေါ်သို့ တင်ခဲ့သည်မှာ အချိန်အားဖြင့် လဝက်ခန့် ကုန်လွန်ခဲ့ပြီဖြစ်သည်။ ထိုဗီဒီယိုများကြောင့် ဟဲယဲ့တည်းခိုခန်းသို့ နိုင်ငံခြားဧည့်သည်များ တကယ်ပင် အခန်းဘိုကင်တင်လာကြ၏။ ဟဲယဲ့တည်းခိုခန်းသည် ရက်ချိန်းသစ်များအတွက် အခန်းအရေအတွက်ကို တစ်လကြိုတင်၍ နေ့စဉ် သန်းခေါင် (၀၀:၀၀) နာရီတိတိတွင် ဖွင့်ပေးလေ့ရှိသည်။ အချိန်မှာ ဟွာကော် စံတော်ချိန်အရ ညဉ့်နက်ပိုင်းဖြစ်သော်လည်း၊ အခြားစံတော်ချိန်ရှိသည့် နိုင်ငံခြားဧည့်သည်များအတွက်မူ ထိုအချိန်သည် အခန်းလုရန် သိသိသာသာ ပို၍ အဆင်ပြေနေခဲ့၏။ ထို့ကြောင့်ပင် ဟွာကော်ဧည့်သည်များကို ကျော်ဖြတ်ကာ နိုင်ငံခြားဧည့်သည် တော်တော်များများမှာ အခန်းများကို လုနိုင်ခဲ့ကြခြင်းဖြစ်သည်။ ဧည့်သည်များကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ဟဲယဲ့တည်းခိုခန်းသည် မျက်နှာစစ်ဆေးသည့်စက်ကိုလည်း အဆင့်မြှင့်တင်ထားသည်။ ယခုအခါ ထိုစက်သည် နိုင်ငံကူးလက်မှတ်များပေါ်ရှိ ချစ်ပ်ပြားများကိုပါ ဖတ်ရှုနိုင်ပြီဖြစ်ရာ လီရှီနှင့် မီနာတို့အနေဖြင့် နိုင်ငံခြားဧည့်သည်များကို အခန်းအပ်နှံ သည့်အခါ အရာရှိမာ ကို ဒုက္ခပေးရန် မလိုတော့ပေ။

"မီနာ၊ ဒီတစ်ခါ ဘယ်နိုင်ငံက ဧည့်သည်တွေ လာမှာလဲ "

လီရှီသည် မီနာမှာ သူမ၏ မှတ်စုစာအုပ်ထဲတွင် မှတ်တမ်းတင်နေသည်ကို မြင်သောအခါ အမြန်ပင် အနားသို့ တိုးကပ်ကြည့်လိုက်သည်။ မီနာ သူမ၏မှတ်စုစာအုပ်ထဲတွင် သေသေချာချာ မှတ်တမ်းတင်လိုက်၏။

"နောက်လ (၆) ရက်နေ့မှာ နီယွန် (ဂျပန်) က ဇနီးမောင်နှံနှစ်ဦး သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ကို ဆင်နွှဲဖို့ လာကြလိမ့်မယ်၊ ဂုဏ်ပြုအခမ်းအနားတစ်ခုလည်း လိုအပ်တယ်တဲ့၊ သူတို့က နှစ်ယောက်အိပ် ကုတင်ခန်းကို ဘိုကင်ယူထားတယ်"

လီရှီ စကားထပ်ပြောချင်သေးသော်လည်း တံခါးမှ လူတစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ စုဟယ် ပင်ဖြစ်၏။

"သူဌေးမ ပြန်လာပြီလား ရှောင်ရှီးကော ရိုက်ကူးရေး ပြီးသွားပြီလား "

အမွှေးကိုအရောင်ဆိုးထားသည့် ရှောင်ရှီးကိုကြည့်ရင်း လီရှီစပ်စုကာ မေးလိုက်သည်။

"ကြယ်ယာတော်နှစ်ပါး ဒဏ္ဍာရီ " ဇာတ်လမ်းမှာ လက်ရှိတွင် ထုတ်လွှင့်နေပြီး ရှောင်ရှီး၏အခန်းများမှာလည်း ပြသပြီးဖြစ်သည်။ လီရှီသည် ရှောင်ရှီး၏သရုပ်ဆောင်မှုကို ကြည့်ရှုခဲ့ပြီး တကယ်ပင် ကောင်းမွန်သည်ဟု တွေးမိ၏။ ဇာတ်လမ်း၏ ကျော်ကြားမှုကြောင့် ရှောင်ရှီး၏ နာမည်ကြီးမှုမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ မကြာသေးမီက အချို့သော ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များမှာ ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ အဖွဲ့သားများမှတစ်ဆင့် ရှောင်ရှီးအတွက် သရုပ်ဆောင်ကမ်းလှမ်းမှုအသစ်များကိုပင် ပေးပို့လာကြသည်။ ရှောင်ရှီးမှာလည်း သဘာဝအတိုင်းပင် ပျော်ရွှင်နေ၏။ လက်ရှိတွင် ရှောင်ရှီး၌ သရုပ်ဆောင်စာချုပ် နှစ်ခုရှိနေသည်။ တစ်ခုမှာ ယုတ်မာသော လူသတ်သမား ကျီးကန်းအဖြစ် သရုပ်ဆောင်ရန်ဖြစ်ပြီး၊ နောက်တစ်ခုမှာ အဝါရောင်နှင့် အစိမ်းရောင် ရောယှက်နေသော ကြက်တူရွေးအဖြစ် သရုပ်ဆောင်ရန်ဖြစ်သည်။ ရိုက်ကူးရေးအတွက် ရှောင်ရှီးမှာ အလွန်ပင် စိတ်အားထက်သန်လှပြီး သူ၏ အမွှေးအတောင်များကို အဝါရောင်နှင့် အစိမ်းရောင်သို့ ဆိုးထားခဲ့၏။ သူ့သရုပ်ဆောင်စွမ်းရည်မှာလည်း သိသိသာသာ တိုးတက်လာခဲ့ပြီး သူ့တတိယမြောက်ခြေထောက်ကိုလည်း ကျွမ်းကျင်စွာ ဖုံးကွယ်ထားနိုင်ပြီ ဖြစ်သည်။

"တည်းခိုခန်းမှာ အားလုံး အဆင်ပြေရဲ့လား"

စုဟယ် ရှောင်ရှီးကိုလွှတ်လိုက်ရာ ရှောင်ရှီးမှာ ပတ်ချာလည် ပျံသန်းရင်း ဟင်းသီးဟင်းရွက်ဥယျာဉ်လေးဆီသို့ ဦးတည်သွားတော့သည်။ သူသည် ဝက်သစ်ချပင်ကြီးအား သူ၏ တောက်ပသော အနာဂတ်အကြောင်း သွားရောက်ကြွားလုံးထုတ်တော့မည်ဖြစ်၏။ လီရှီ ခေါင်းခါပြလိုက်သည်။

"ထူးထူးခြားခြားတော့ မရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ဦးလေးကတော့ အလောတကြီး ရောက်လာသေးတယ်"

စုဟဲ ခေါင်းငြိမ့်ပြလိုက်သည်။

"ကောင်းပြီ၊ ငါ သူ့ဆီ သွားလိုက်ဦးမယ်"

ဦးလေးလီ၏ မြေအိုးစားသောက်ဆိုင်အထဲသို့ ဝင်လိုက်သည်နှင့် စုဟယ်သည် ဆိုင်ထဲတွင် ခေါင်းပြောင်ကို ပွတ်သပ်ရင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေသော ဦးလေးလီကို တွေ့လိုက်ရသည်။ ဝမ်ရဲ့ ဘဲကင်ဆိုင်မှ အစ်မဝမ်လည်း ထိုနေရာတွင် ရှိနေ၏။ စုဟယ်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ အစ်မဝမ်နှင့် ဦးလေးလီတို့ ဈေးမရောင်းဘဲ အတူရှိနေကြသည်မှာ ကိစ္စတစ်ခုခု ကြီးကြီးမားမား ရှိပုံရသည်။

"ရှောင်စု ရောက်လာပြီလား၊ မြန်မြန် လာထိုင်ဦး"

ဦးလေးလီ ထိုင်ခုံတစ်ခုကို ဆွဲပေးလိုက်သည်။ စုဟယ် အားနာမနေဘဲ ထိုင်လိုက်၏။

"ဦးလေးလီ အစ်မဝမ်၊ ဘာဖြစ်လို့လဲဟင် "

ဦးလေးလီ သက်ပြင်းတစ်ချက်ချကာ စုဟယ်ကို ကြည့်လိုက်သည်။ ထို့နောက် နောက်ထပ် သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြန်သဖြင့် စုဟယ်၏ရင်ခုန်သံမှာ ပိုမိုမြန်ဆန်လာ၏။ အစ်မဝမ်မှ စတင်ပြောကြားလိုက်သည်

"ရှောင်စုရေ ငါတို့ရဲ့ ဒီဧရိယာကို ဖျက်သိမ်းတော့မယ်တဲ့၊ ကြေညာချက်ကို မနက်ဖြန် ကပ်လိမ့်မယ်၊ ရပ်ကွက်ရုံးနဲ့ ဖျက်သိမ်းရေးရုံးက လူတွေ အိမ်တိုင်းကို မနက်ဖြန် လာကြလိမ့်မယ်၊ မင်းမိဘတွေကိုလည်း မြန်မြန်လှမ်းခေါ်ထားလိုက်ဦး"

စုဟယ်မှာ ထိုင်ခုံမှ ဝုန်းကနဲထရပ်လိုက်မိပြီး မျက်လုံးများပြူးသွားသည်။

"ဖျက်သိမ်းမယ် တစ််ကယ်ကြီးအဖျက်ခံရတော့မှာလား"

အစ်မဝမ် ရှင်းပြသည်။

"ငါတို့ ဒီနေရာမှာ မြေအောက်ရထားဆောက်မှာတဲ့၊ မြေအောက်ရထားလိုင်းအမှတ် (၉) ရဲ့ လမ်းကြောင်းမြေပုံလည်း ထွက်လာပြီ၊ ဒီတစ်ပြင်လုံးကို ဖျက်မယ် တစ်စိတ်တစ်ပိုင်းက မြေအောက်ရထားအတွက်၊ နောက်တစ်စိတ်တစ်ပိုင်းကိုတော့ အိမ်ခြံမြေကုမ္ပဏီတွေကို လေလံတင်ရောင်းပြီး အဆောက်အဦးအသစ်တွေ ဆောက်မှာတဲ့"

အစ်မဝမ်မှာ အချိန်ဇယားနှင့် ရည်ရွယ်ချက်များကိုပါ အတိအကျ ပြောကြားနေသဖြင့် ဤကိစ္စမှာ ဆွေးနွေးညှိနှိုင်းရန် နေရာမရှိတော့ကြောင်း ထင်ရှားနေသည်။

"ငါ နည်းနည်း စုံစမ်းကြည့်ထားတာတော့ မနက်ဖြန် ဖျက်သိမ်းရေးရုံးက လူတွေလာပြီး လျော်ကြေးကိစ္စ ဆွေးနွေးကြလိမ့်မယ်၊ တစ်စတုရန်းမီတာကို ယွမ် (၃၀,၀၀၀) ပေးမလား၊ ဒါမှမဟုတ် အိမ်ရာလဲလှယ်မလားဆိုတာပဲ"

အစ်မဝမ်မှာ သတင်းအချက်အလက် အလွန်စုံလင်လှသည်။ ဦးလေးလီမှာ သူ၏ ခေါင်းပြောင်ကြီးကို ပွတ်ရင်း ဝေခွဲမရဖြစ်နေ၏။

"အိမ်ရာလဲမယ်ဆိုရင် အိမ်ကမြို့သစ်မှာ ရမှာတဲ့၊ အဲဒါနည်းနည်း ဝေးလွန်းတယ်"

မြို့သစ်ကို စဉ်းစားကြည့်လျှင် ကောင်းမွန်သော်လည်း အရာအားလုံးမှာ တည်ဆောက်ဆဲ အဆင့်တွင်သာ ရှိသေးပြီး တည်နေရာမှာလည်း အလှမ်းဝေးလှသည်။ ဦးလေးလီ နောက်ထပ် သက်ပြင်းတစ်ချက် ထပ်ချလိုက်၏။ မြို့ဟောင်းမှာ အနည်းငယ် ယိုယွင်းနေပြီဖြစ်သော်လည်း ဤနေရာမှ အရာအားလုံးမှာ အဆင်ပြေပြီး ခြေကျင်သွားလာသူ မှာလည်း ပုံမှန်ရှိနေသည်။ စုဟယ်သည် စိတ်ကို အနည်းငယ် ပြန်လည်ထိန်းချုပ်လိုက်ပြီး မေးလိုက်၏။

"ဒါဆို ဦးလေးလီက အိမ်ရာလဲဖို့ စီစဉ်ထားတာလား"

ဦးလေးလီမှာ အဘိုးကြီးလီမြေအိုးစားသောက်ဆိုင်ကို လက်ညှိုးထိုးပြလိုက်သည်။

"ငါ့ဆိုင်ကဟောင်းနေပေမဲ့ တစ်ဦးတည်းပိုင်အဆောက်အဦးလေ၊ ငါကတော့ ကုန်သွယ်ရေးတိုက်ခန်းနဲ့ မလဲချင်ဘူး၊ အစ်မဝမ်စုံစမ်းထားတာကတော့ အိမ်အစားမြေအသုံးပြုခွင့်နဲ့ လဲလို့ရတယ်တဲ့၊ ဒါပေမဲ့ အိမ်ကိုတော့ ကိုယ့်ဘာသာကိုယ် ငွေကုန်ကြေးကျခံ ဆောက်ရမယ်၊ မြေကတော့ သေချာပေါက် ပိုကျယ်မှာပေါ့၊ ဒါပေမဲ့ ကိုယ့်ဘာသာဆောက်ရမှာကတော့ အသုံးစရိတ် မနည်းဘူး၊ ဒါပေမဲ့လည်း ငါ့ဆိုင်ကို ငါ မခွဲနိုင်ဘူး၊ ပြီးတော့ ငါ့မိန်းမကလည်း တိုက်ခန်းမှာ နေရတာ မကြိုက်ဘူး၊ ငါတို့နှစ်ယောက်လုံးက ခြံဝင်းလေးနဲ့ တစ်ဦးတည်းပိုင်အိမ်မှာပဲ နေသားကျနေကြတာ"

ဦးလေးလီမှာ တွေးလေလေ ပိုပြီး စိတ်ရှုပ်လေလေ ဖြစ်နေသည်။ အစ်မဝမ်မှာ ဖျောင်းဖျလိုက်၏။

"ကောင်းကျိုးတွေလည်း ရှိပါတယ်ဦးလေးရဲ့၊ မြို့သစ်က အရာအားလုံး တိုးတက်နေတာလေ ကြားတာတော့ မြို့တော်အစိုးရရုံးလည်း အဲဒီကို ပြောင်းမှာဆိုတော့ ပိုပိုပြီးတော့ ကောင်းလာမှာပါ၊ မနက်ဖြန် ဖျက်သိမ်းရေးရုံးက လူတွေကိုပဲ မေးကြည့်လိုက်ပါဦး တကယ်လို့ အဆင်မပြေရင် မြေကွက်အသေးလေးယူပြီး ကျန်တာကို ငွေသားယူပေါ့"

"မနက်ဖြန်အထိပဲ စောင့်ရတော့မှာပေါ့ "

ဦးလေးလီ သက်ပြင်းချသည်။

"ငါ့သားကတော့ အခု အရွယ်ရောက်နေပြီ ငါလည်း ဆိုင်မဖွင့်တော့ဘူး၊ ငါကတော့ ငွေသားကိုပဲ တိုက်ရိုက်ယူပြီး မြို့ဟောင်းဘက်မှာ တိုက်ခန်းအချို့ ဝယ်ဖို့ပဲ စီစဉ်ထားတယ်၊ ရှောင်စု မင်းရော ဘာလုပ်ဖို့စိတ်ကူးထားလဲ"

အစ်မဝမ်မှာ စုဟယ်ကိုကြည့်ကာ မေးလိုက်သည်။ စုဟယ်၏အတွေးများမှာ ရှုပ်ထွေးနေစဉ်မှာပင် စနစ်၏ မျက်နှာပြင်က ရုတ်တရက် ဝုန်းကနဲ ပေါ်လာပြီး တစ်ဖျတ်ဖျတ် လင်းလတ်လာ၏။

စနစ်၏ သတိပေးချက် : အရေးပေါ် တာဝန် ကစားသမားအနေဖြင့် နာမည်ကျော် တည်းခိုခန်းတစ်ခုကို တည်ဆောက်ပြီး ဟဲယဲ့တည်းခိုခန်းကို ကမ္ဘာ့အဆင့်မီ တည်းခိုခန်းတစ်ခုအဖြစ် ဆက်လက်တိုးချဲ့ပါ။

တာဝန်ဆုလာဘ်- ကတ်လှည့်ခွင့် (၃) ကြိမ်

စနစ်၏ သတိပေးချက် : တာဝန်ကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ပါက စနစ်နှင့် ချိတ်ဆက်မှုပြတ်တောက်သွားမည်ဖြစ်ပြီး ရရှိထားသော ကတ်အားလုံးကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်သည် ကစားသမားအနေဖြင့် သေချာစွာ စဉ်းစားပါ၊ ကစားသမားကို ကူညီရန်အတွက် စနစ်မှ ဤတာဝန်အတွက် အဆောက်အဦး ပုံစံထုတ်ချက် ကို ပံ့ပိုးပေးပါမည်။

စနစ်၏ သတိပေးချက် : အဆောက်အဦး ပုံစံထုတ်ချက် (၁) ခုကို သင်၏ ပစ္စည်းသိုလှောင် ထဲသို့ ထည့်သွင်းပေးလိုက်ပါပြီ။

"ရှောင်စု ရှောင်စု"

စုဟယ်၏တုံ့ပြန်မှု နောက်ကျနေသည်ကိုမြင်သောအခါ အစ်မဝမ်မှာ နောက်တစ်ကြိမ် ခေါ်လိုက်သည်။ စုဟယ်သည် သူမခံစားချက်များကို ဖုံးကွယ်ရန် မျက်လွှာချလိုက်ပြီး ပြန်၍မော့ကြည့်လိုက်သည့်အခါ သူမမျက်နှာတွင် မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရတော့ပေ။

"အစ်မဝမ်၊ ဦးလေးလီ ကျွန်မ မြေကိုပဲ ယူပါ့မယ်၊ ကျွန်မ တည်းခိုခန်းကို ဆက်ပြီးဖွင့်ချင်တယ်လေ"

"ကောင်းတယ် ရှောင်စုရေ၊ ဒါဆိုရင် ငါတို့ နောက်တစ်ကြိမ် အိမ်နီးချင်းပြန်ဖြစ်ကြတာပေါ့၊ ဟုတ်တယ် မင်းကငယ်သေးတယ်၊ ငါလည်း လုပ်နိုင်ကိုင်နိုင်ပါသေးတယ်၊ ငါတို့ အစွမ်းကုန်ကြိုးစားကြည့်ကြတာပေါ့"

ဦးလေးလီမှာ ပြုံးလိုက်သည်။ ဦးလေးလီနှင့် အစ်မဝမ်တို့ကို နှုတ်ဆက်ပြီးနောက် စုဟယ်သည် သူမအခန်းသို့ ပြန်လာကာ ပစ္စည်းသိုလှောင်ထဲရှိ အဆောက်အဦး ပုံစံထုတ်ချက်ကို ဖွင့်ကြည့်လိုက်၏။ ၎င်းမှာ အလွန်ပင် ပြည့်စုံလှသော တည်းခိုခန်း အဆောက်အဦး ပုံစံထုတ်ချက်ဖြစ်သည်။ (၁၆) ထပ်မြင့်သော အဆောက်အဦး၊ ခမ်းနားသော ဧည့်ခန်းမဆောင် နှင့် ဇိမ်ခံစားသောက်ဆိုင်တစ်ခုပါဝင်‌နေ၏။ စုဟယ်သည် အစပိုင်းတွင် စနစ်၏ တာဝန်ကြောင့်သာ တည်းခိုခန်းကို ဆက်လက်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း ယခု ဤပုံစံကိုမြင်လိုက်ရသည့်အခါ သူမရင်ထဲတွင် စိတ်လှုပ်ရှားမှုများမှာ မီးဟုန်းဟုန်းတောက်လာခဲ့သည်။

လက်ရှိ ဟဲယဲ့တည်းခိုခန်းမှာ အနည်းငယ် သေးငယ်လွန်းနေသေးသည်။ (၆) ထပ် အဆောက်အဦးမှာ အကန့်အသတ် များလွန်းလှပြီး ဧည့်သည်များမှာလည်း တည်းခိုခန်း၌ အခန်းများပိုမိုရရှိနိုင်ရန် နေ့စဉ် ဖုန်းဆက်ပြီး မေးမြန်းနေကြ၏။ တည်းခိုခန်းမှာ (၁၆) ထပ်အထိ ရှိလာမည်ဆိုလျှင် သူမအနေဖြင့် အများကြီး လုပ်ဆောင်နိုင်မည် မဟုတ်ပါလား။ သူမသည် ဟုန်လျန်အတွက် သူမစွမ်းရည်များကို အပြည့်အဝပြသနိုင်ရန် ပိုမိုကျယ်ဝန်းသော မီးဖိုချောင်တစ်ခု ပြင်ဆင်ပေးချင်သည်။ ဟဲယဲ့တည်းခိုခန်း၏စားဖွယ်စုံများကို အမှတ်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲရန် စားဖွယ်စုံစားဖိုမှူးအဖွဲ့တစ်ဖွဲ့ကို ခေါ်ယူရန်လည်း စူးစမ်းနိုင်မည်ဖြစ်၏။ ဝေဖုန်းယီအတွက် ကျောင်းသားများ ပိုမိုဆံ့မည့် ပိုကျယ်သော စာသင်ခန်းတစ်ခု လိုအပ်သည်။ ဝက်သစ်ချပင်ကြီးကိုလည်း မက်မွန်ပင်များနှင့် ကျပ်ညှပ်မနေစေဘဲ ပိုမိုကျယ်ဝန်းသော ဥယျာဉ်ထဲတွင် စိုက်ပျိုးနိုင်သည်။ ဟဲယဲ့တည်းခိုခန်း အသစ်တွင် မစ္စကျိ အနေဖြင့် ပိုမိုခမ်းနားသော အခမ်းအနားများ ကျင်းပနိုင်ရန်ပိုကျယ်သောစင်မြင့် သို့မဟုတ် ရေပန်းပါသော ဝရန်တာတစ်ခု လိုအပ်လိမ့်မည်ဖြစ်ပြီး စိုက်ပျိုးရေးအတွက် မြေကွက်အချို့လည်း သေချာပေါက် လိုအပ်၏။ ယွမ်ဒန်းချူး၏ ဓာတ်ခွဲခန်းမှာလည်း လက်ရှိတွင် အလွန်ပင်ကျပ်သိပ်နေသည်။ အသားဖြူဆပ်ပြာနှင့် ရေချိုးဆပ်ပြာရည် ဖော်မြူလာများမှာ အဆက်မပြတ်အဆင့်မြှင့်တင်နေရပြီး ယွမ်ဒန်းချူးအနေဖြင့် စမ်းသပ်ပစ္စည်းများ သိမ်းဆည်းရန် နေရာပိုမို လိုအပ်သည်။ မီနာ၏အခန်းမှာလည်း ရက်ကန်းစင်ထားရှိပြီးနောက် အနည်းငယ် သေးငယ်သွား၏။ နောင်တွင် တည်းခိုခန်းရှိ ဧည့်သည်များပါ ရက်ကန်းရက်ခြင်းကို အတွေ့အကြုံယူနိုင်မည့် အပြန်အလှန်လှုပ်ရှားမှုနယ်မြေတစ်ခု ဖန်တီးရန် စဉ်းစားနိုင်သည်။ ယခုအခါ ဧည့်သည်အများအပြားမှာ တည်းခိုခန်းတွင် ကိုယ်ပိုင်စားသောက်ဆိုင်ရှိလာရန် မျှော်လင့်နေကြသည်။ စုဟယ်သည် တာဝန်ဆုလာဘ်ကို တစ်ချက်ကြည့်လိုက်သည်။ နောက်တစ်ကြိမ် ကတ်ဆွဲသည့်အခါ ကျွမ်းကျင်စားဖိုမှူးတစ်ဦး ရလာနိုင်မလား။ (၁၆) ထပ်ရှိသော ဟဲယဲ့တည်းခိုခန်းအသစ်သည် အကန့်အသတ်မရှိသော ဖြစ်နိုင်ခြေများကို ပိုင်ဆိုင်ထားသည်။ ဤအချက်မှာ သူမကို မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မည်နည်း။ စိတ်ကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီးနောက် စုဟယ်သည် ဖုန်းခေါ်လိုက်သည်။

"အဖေ၊ အမေ မြန်မြန်ပြန်လာကြတော့၊ တည်းခိုခန်းက အဖျက်ခံရတော့မယ်၊ ဟုတ်ကဲ့ ဒါပေမဲ့ သမီးကမြေကိုပဲ ယူချင်တယ်၊ အဆင်ပြေမလားဟင် ကျွန်မတို့မိသားစု ဒီတည်းခိုခန်းကို ဆက်ဖွင့်ကြမယ်လေ၊ အဲဒီအခါ အဖေတို့လည်း လာကူပေးလို့ရတာပေါ့"

ဖုန်း၏အခြားတစ်ဖက်တွင် စုချန်နှင့် ယဲ့ချင်တို့မှာ လယ်လုပ်နေကြခြင်းဖြစ်သည်။ စုဟယ်၏စကားများကို ကြားသောအခါ သူတို့မှာ မှင်တက်သွားကြ၏။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ သမီးဖြစ်သူအတွက် ဝမ်းသာသွားကြသည်။ သူတို့သမီးသည် သူမ လျှောက်လှမ်းချင်သောဘဝလမ်းကြောင်းကို တွေ့ရှိသွားပြီမဟုတ်ပါလား။

"ကောင်းပြီလေ ဘာလို့ မရမှာလဲ ငါတို့မိသားစုကိစ္စကို သမီးပဲ ဦးဆောင်ပေါ့၊ မင်းအမေနဲ့ ငါ မနက်ဖြန် တက်လာခဲ့မယ်"

စုချန် ရွှင်ပျပျဟန်ဖြင့်ပြောလိုက်သည်။ သူနှင့် ယဲ့ချင်တို့ ကျေးလက်သို့ ပြန်သွားကြသည့်အခါ သမီးဖြစ်သူအတွက် အမြဲစိုးရိမ်ခဲ့ကြ၏။ တည်းခိုခန်းကို ထားခဲ့ရခြင်းမှာလည်း အလုပ်ရှာမရသော သမီးဖြစ်သူအနေဖြင့် တည်းခိုခန်းတွင် သူမစွမ်းရည်များကိုပြသနိုင်ရန် မျှော်လင့်ခဲ့သောကြောင့် ဖြစ်သည်။ ယခုကြည့်ရသည်မှာ သမီးဖြစ်သူမှာ သူမလုပ်နေသော အလုပ်အပေါ် အလွန်ပျော်ရွှင်နေသဖြင့် တည်းခိုခန်းကို ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိနေခြင်းဖြစ်ပေလိမ့်မည်။

"ငါတို့သမီးလေးလည်း အရွယ်ရောက်လာပြီပဲ"

စုချန်နှင့် ယဲ့ချင်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသည်။ စုဟယ်သည် ဖုန်းချလိုက်ပြီး အခန်းထဲမှ ထွက်ကာ သူမရှေ့ရှိ ဟဲယဲ့တည်းခိုခန်းကို ကြည့်လိုက်၏။ ဤအရာအားလုံးမှာ သူမနှင့် ကတ်ဇာတ်ကောင်များမှ တစ်စတစ်စချင်း တည်ဆောက်ခဲ့ကြသည်များ မဟုတ်ပါလား။ မှော်ပဲစေ့ ဓာတ်လှေကား၊ သက်သောင့်သက်သာရှိသော ကုတင်များ၊ နွေးထွေးသော အခန်းများ ဤသည်တို့မှာ သူတို့၏ကြိုးစားအားထုတ်မှု ရလဒ်များပင် ဖြစ်သည်။ ယခုမူ သူတို့သည် ခရီးစဉ်အသစ်တစ်ခုကို စတင်တော့မည် ဖြစ်၏။ သူတို့သည် ဟဲယဲ့တည်းခိုခန်းကို ကမ္ဘာ့အဆင့်မီ တည်းခိုခန်းတစ်ခုအဖြစ် တည်ဆောက်ကြတော့မည်။ ဤသည်မှာ သူမနှင့် စနစ် နောက်ပြီး ကတ်ဇာတ်ကောင်အားလုံး၏ရည်မှန်းချက်ပင် ဖြစ်သည်။ သူတို့အားလုံး ဤခရီးစဉ်အသစ်တွင် အတူတကွ ကြိုးစားသွားကြမည်ဖြစ်သည်။

All Chapters