အခန်း (၁၈၇-၁၈၈)
Vol. 19 Ch. 187-188
187
စုချန်နှင့် ယဲ့ချင်တို့ ဇနီးမောင်နှံသည် နံနက်မိုးမလင်းမီအချိန်၌ပင် ကျေးလက်ဒေသမှ ယုံမြစ်မြို့သို့ ဦးတည်သည့် အစောဆုံး ဘတ်စ်ကားကို စီးနင်းလိုက်ကြသည်။
“အိုး သေပါပြီ၊ ဟင်းသီးဟင်းရွက်တွေ ပြုတ်ကျကုန်ပြီ၊ ဟင်းသီးဟင်းရွက်တွေ"
ယဲ့ချင်မှာ စုချန်ကို လှမ်း၍ ဆူပူကြိမ်းမောင်းလိုက်သည်။
“ရှင်ဟာလေ အထုပ်အပိုးကို သေသေချာချာ မကြည့်ဘူးလား၊ ဟင်းသီးဟင်းရွက်အကောင်းတွေတော့ ပျက်စီးကုန်ပြီ”
စုချန်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် မုန်လာထုပ်ကို အားမလိုအားမရ ပြန်လည်ကောက်ယူရင်း ငြီးတွားလိုက်သည်။
“ငါပြောသားပဲ အထုပ်အပိုးတွေ အများကြီး မသယ်ပါနဲ့ဆိုတာ ခြင်းတောင်းထဲမှာတောင် မဆံ့ဘူး၊ စုဟယ်ကလည်း ဒါတွေ သိပ်စားတာ မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက်အများကြီး သယ်လာရတာလဲ”
ယဲ့ချင်သည် မုန်လာထုပ်ပေါ်ရှိ ဖုန်များကို စုချန် ဝတ်ထားသည့် အင်္ကျီနှင့်ပင် ခပ်တည်တည် သုတ်ပစ်လိုက်ပြီး သူ့ကို မျက်စောင်းခဲကာ ပြန်ပြောလိုက်သည်။
“အော် အခုတော့ ဖျက်သိမ်းရေး လျော်ကြေးရတော့မယ်ဆိုတာ သိသွားလို့ ရှင်က ဘဝင်မြင့်ပြနေတာလား၊ စုဟယ်က ဘာလို့ ဒါတွေ မကြိုက်ရမှာလဲ သူ မကြိုက်ရင်တောင် ကျွန်မတို့ စားလို့ရတာပဲ”
စုချန်မှာ မုန်လာထုပ်နှင့် အာလူးများပေါ်တွင် ပေကျံနေသည့် ရွှံ့များကို တစ်ချက်ကြည့်ကာ တိုးတိုးလေး ပြန်လည်ရေရွတ်မိသည်။
“အခု တည်းခိုခန်းမှာ စုဟယ် တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ၊ ဒီလောက် အထုပ်အပိုးတွေ အများကြီးနဲ့ဆိုရင် သူများတွေ လှောင်တာ ခံရဦးမယ်”
ယဲ့ချင်မှာ သူ့ကို လှမ်း၍ ဆွဲစိတ်တော့မည်ကို မြင်လိုက်ရသဖြင့် စုချန်သည် အမြန်ပင် ရှေ့သို့ ပြေးထွက်လိုက်ပြီး အော်ပြောလိုက်သည်။
“ကားလာပြီ၊ ကား ကားစီးကြမယ်”
အထုပ်အပိုးကြီးငယ်များကို ထိုင်ခုံနားတွင် နေရာချပြီး ယဲ့ချင်အတွက် နေရာဦးပေးလိုက်တော့သည်။ ယဲ့ချင် ထိုင်လိုက်သည်ကို မြင်မှပင် စုချန်သည် ဘေးအန္တရာယ်မှ လွတ်မြောက်သွားပြီဟု သိလိုက်ရကာ သက်ပြင်းချနိုင်တော့၏။ သို့သော် စုချန်၏ ရင်ထဲ၌မူ ခါးသီးမှုအချို့ ကိန်းအောင်းလျက် ရှိနေပါသည်။ မနေ့က ဖျက်သိမ်းမည့် သတင်းကို ကြားသိရပြီးနောက် သူသည် ခဏတဖြုတ်တော့ ကျေနပ်နေခဲ့မိသည်။ လျော်ကြေးငွေကိုသာ လက်ခံမည်ဆိုပါက မည်မျှအထိ ရရှိမည်ကိုလည်း ဂဏန်းပေါင်းစက်ဖြင့် တိတ်တဆိတ် တွက်ချက်ကြည့်ခဲ့သေး၏။ ထိုသို့ တွက်ချက်မှုကြောင့်ပင် သူ၏ မျက်နှာထက်မှ အရေးအကြောင်းများမှာ ပျော်ရွှင်မှုကြောင့် ဖုံးဖိမရအောင် ပေါ်လွင်နေခဲ့ခြင်းဖြစ်သည်။ တစ်စတုရန်းမီတာလျှင် လျော်ကြေးငွေ ယွမ်သုံးသောင်းနှင့် အခြားသော ထောက်ပံ့ကြေးများ ပေါင်းစပ်လိုက်ပါက သူတို့မိသားစုသည် ချက်ချင်းပင် သန်းကြွယ်သူဌေး ဖြစ်သွားမည် မဟုတ်ပါလား။ သူသည် သန်းဂဏန်းတွင် သုည မည်မျှပါသည်ကို လက်ချောင်းလေးများဖြင့် ရေတွက်နေစဉ်မှာပင် ယဲ့ချင်မှာ ရိပ်မိသွားခြင်းဖြစ်သည်။
“ရှင်က ငွေသားယူဖို့ စဉ်းစားနေတာလား၊ ကျွန်မပြောလိုက်မယ်နော် ဒီကိစ္စမှာ ကျွန်မတို့ သမီးပြောတာကိုပဲ နားထောင်ရမယ် ငွေသားယူလို့ မဖြစ်ဘူး မြေကိုပဲ ယူမယ် ပြီးရင် တည်းခိုခန်း နောက်တစ်ခု ထပ်ဖွင့်မယ်၊ အေးအေးဆေးဆေး စီးပွားရေးလုပ်တာက အရာအားလုံးထက် ပိုကောင်းတယ်”
ယဲ့ချင်သည် စုချန်၏ လောဘဇောတက်နေသော ပုံစံကို ကြည့်မရပေ။ သူတို့ ဇနီးမောင်နှံ ငယ်စဉ်က ပင်ပင်ပန်းပန်း ကြိုးစားခဲ့ကြစဉ်တွင် တည်းခိုခန်းမှ ငွေအနည်းငယ် ရလာသည့်အခါ စုချန်သည် မျက်နှာလုပ်လိုသဖြင့် ညီအစ်ကို မိတ်ဆွေဆိုသူများကို ငွေများ ထုတ်ချေးခဲ့ဖူးသည်။ ဆယ်စုနှစ်တစ်ခုကျော် ကုန်လွန်သွားသည့်တိုင် ထိုသူများထံမှ ငွေတစ်ပြားတစ်ချပ်မျှ ပြန်မရခဲ့ဘဲ ဆုံးရှုံးသွားသော အကြွေးများသာ ဖြစ်ခဲ့ရသည်။ ထိုအတွေ့အကြုံကြောင့် ယဲ့ချင်မှာ အမျိုးသားများမှာ ငွေမကိုင်သင့်ဟု ခံယူထားခြင်းဖြစ်၏။ တစ်ညတည်းနှင့် ချမ်းသာသွားပြီးနောက် မိသားစု ပြိုကွဲသွားရသူများ၏ သာဓကကို ယဲ့ချင် အများအပြား မြင်တွေ့ဖူးသည်။ ငွေအမြောက်အမြား ရလာသည့်အခါ လူအချို့မှာ ဘဝင်မြင့်သွားတတ်ကြသလို လောင်းကစားနှင့် မကောင်းမှုများထဲသို့ ဖြားယောင်းခြင်း ခံရကာ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးသွားတတ်သည်ကို သူမ သိရှိထား၏။ သူမသည် လုံလောက်သော ငွေရှိလျှင်ပင် ကျေနပ်သူဖြစ်သဖြင့် ဖျက်သိမ်းရေး အခွင့်အရေးကို အသုံးပြု၍ သမီးဖြစ်သူနှင့်အတူ ပိုမိုကြီးမားသော တည်းခိုခန်းကို တည်ထောင်လိုသည့် ဆန္ဒရှိသည်။ သမီးဖြစ်သူကိုလည်း ဘာအလုပ်မှမလုပ်ဘဲ စားသောက်နေရုံသက်သက်ဖြစ်သည့် ဒုတိယမျိုးဆက်သူဌေး ဘဝမျိုးသို့ မရောက်စေချင်ပေ။ တည်ငြိမ်သော အလုပ်အကိုင်ရှိခြင်းမှာသာ ကျန်းမာပျော်ရွှင်သော လူနေမှုဘဝကို ရရှိစေမည်ဟု သူမ ယုံကြည်ထားသည်။ စုချန်အနေဖြင့် သမီးဖြစ်သူကို လမ်းမှားရောက်အောင် ဆွဲခေါ်ဖို့ လုံးဝ မစဉ်းစားသင့်ပေ။
စုချန်မှာမူ သူသည် လျော်ကြေးငွေပမာဏကို စိတ်ကူးနှင့် တိတ်တဆိတ် တွက်ချက်ကြည့်ရုံသာ ရှိသေးသော်လည်း ယဲ့ချင်မှာ သူ့ကို ဤမျှအထိ တင်းကျပ်စွာ စောင့်ကြည့်နေခြင်းအပေါ် ခါးသီးစွာ ခံစားနေရသည်။ စုချန်သည် အလုပ်ကြိုးစားသူ ဖြစ်သော်လည်း ရံဖန်ရံခါတွင် သူ့ကို ထိန်းကျောင်းပေးရန် လိုအပ်သည်ဟု ယဲ့ချင် ယူဆထားသဖြင့် သူ့ကို မျက်ခြေမပြတ်စောင့်ကြည့်နေခြင်းဖြစ်၏။ စုချန်သည် သူ့အထုပ်အပိုးများကို မြဲမြဲကိုင်ထားပြီ ဖြစ်သည်ကို မြင်မှပင် ယဲ့ချင်သည် သူ့ကို လွှတ်ပေးလိုက်ကာ သမီးဖြစ်သူ စုဟယ်အကြောင်းကို စတင် စဉ်းစားနေမိတော့သည်။ စုဟယ်သည် သူမတို့ အိမ်နှင့် ဝေးကွာနေသည့် အချိန်အတောအတွင်း တည်းခိုခန်းကို ဘယ်လိုများ ပြောင်းလဲလိုက်သနည်း။ ယနေ့ခေတ် လူငယ်များမှာ အရင်လူတွေထက် အတွေးအခေါ် ပိုမြင့်မားကြသည်။ လိုက်ဖ်လွှင့်ခြင်းနှင့် ဗီဒီယိုတိုများ ရိုက်ကူးခြင်း စသည်တို့ကို ယဲ့ချင်တို့ကဲ့သို့ လူကြီးများ မလုပ်တတ်သဖြင့် မျိုးဆက်သစ်လူငယ်များကိုသာ အားကိုးရတော့မည်။
ဘတ်စ်ကားပေါ်မှ ဆင်းလိုက်သည်နှင့် ယဲ့ချင်သည် တည်းခိုခန်းရှေ့၌ စုဝေးနေသည့် လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ လူအများအပြားမှာ တန်းစီစောင့်ဆိုင်းနေကြပုံရရာ သူမ၏ စိတ်ထဲ၌ ထူးဆန်းနေမိ၏။ ခြင်းတောင်းနှင့် အထုပ်အပိုးများ သယ်ဆောင်လျက် ဆင်းလာသည့် စုချန်သည်လည်း ဟဲယဲ့တည်းခိုခန်းကို ကြည့်ကာ မှင်တက်သွားရသည်။ ဒါ ဒါက သူ့မိသားစုရဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ တည်းခိုခန်းလေး ဟုတ်ရဲ့လား။ စုချန်သည် တည်းခိုခန်း အဝင်ဝ၌ ရပ်နေရင်း မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်မှာ အနည်းငယ် ဟလျက် တစ်စုံတစ်ခုကို ပြောရန် ကြိုးစားသော်လည်း ရှေ့မှ မြင်ကွင်းကြောင့် ဆွံ့အလျက် ရှိနေတော့သည်။ သူ့မျက်လုံးကို သူပင် မယုံနိုင်အောင် ဖြစ်နေရ၏။ သူ မှတ်မိနေသည့် တိတ်ဆိတ်ငြိမ်သက်သော တည်းခိုခန်းလေးသည် ယခုအခါ အလွန်ပင် စည်ကားပြီး အလုပ်များနေတော့သည်။ တည်းခိုခန်း၏ အပြင်ဘက်ပိုင်းမှာ သိပ်မပြောင်းလဲသေးဘဲ အပြင်ဘက်နံရံမှ ဆေးသားများ ကွာကျနေဆဲ လှေကားထစ်များမှာလည်း ပဲ့နေဆဲပင် ဖြစ်သည်။ သို့သော် ထိုအလင်းပေါက် မှန်ချပ်ကြီးက ဘာလဲ။ ကုန်စုံဆိုင်ရော ဘယ်ရောက်သွားသလဲ။ ဒီလူတွေအားလုံးက ဟဲယဲ့တည်းခိုခန်းအတွက် လာကြတာလား။ တည်းခိုခန်းရဲ့ စီးပွားရေးက ဒီလောက်အထိကောင်းသွားတာလား။ စုချန်၏ခြေလှမ်းများမှာ တုံ့ဆိုင်းလာရသည်။ ရှေ့သို့ဆက်သွားသင့်၊ မသွားသင့်ကိုပင် သူဝေခွဲမရ ဖြစ်နေတော့သည်။
188
"အဖေ၊ အမေ အထဲကို မြန်မြန်ဝင်ကြလေ၊ ဘာလို့ အပြင်မှာ ရပ်နေတာလဲ "
စုဟယ်သည် သူမ၏မိဘများ လာမည်ကို သိထားသဖြင့် ဧည့်ကြိုကောင်တာတွင် စောစောစီးစီးစောင့်ကြိုနေခဲ့ခြင်းဖြစ်သည်။ ရှောင်ရှီးကို ရိုက်ကူးရေးပို့ရန် အရေးကြီးသည့်တာဝန်ကိုပင် ဆရာကြီးဝေဖုန်းယီထံ အပ်နှံခဲ့ရ၏။ သမီးဖြစ်သူကို မြင်လိုက်ရမှသာ ယဲ့ချင်နှင့် စုချန်တို့မှာ တည်းခိုခန်းထဲသို့ လှမ်းဝင်ရဲတော့သည်။ စုချန်သည် တည်းခိုခန်းထဲသို့ ဝင်ဝင်ချင်းတွင် ဧည့်ကြိုကောင်တာမှာ ဟောင်းနွမ်းစုတ်ပြတ် မဟုတ်သေးပေ။ အရင်အတိုင်း ဖြစ်နေသည်ကို မြင်လိုက်ရမှသာ သူ၏ရင်ထဲတွင် ဖြစ်ပေါ်နေသော စိမ်းသက်မှုများမှာ ပျောက်ကွယ်သွားတော့သည်။
'ဒါမှပေါ့ ငါ့တည်းခိုခန်းက ဒီလောက်အထိ ဘယ်လိုလုပ် ပြောင်းလဲသွားမှာလဲ၊ ဒါက ငါရင်းနှီးနေတဲ့ ဟဲယဲ့တည်းခိုခန်း အစစ်ပဲ'
သူတွေးလိုက်မိသည်။
"အမေ အဖေ၊ အရင်ဆုံး အခန်းထဲသွားရအောင်၊ အမေတို့ အခန်းမှာ ခဏလောက် အနားယူလိုက်ဦးလေ"
စုဟယ်မှာ သူမ၏မိဘများကို အခန်းဘက်သို့ တွန်းပို့လိုက်သည်။ ယဲ့ချင် သူမသယ်လာသည့် ပစ္စည်းများကို ချလိုက်ပြီး သမီးဖြစ်သူအား ဟိုကြည့်ဒီကြည့်ဖြင့် အစစ်အဆေးလုပ်နေ၏။ စုဟယ်မှာ ဝိတ်ကျမသွားဘဲ ပါးဖောင်းဖောင်းလေး ဖြစ်နေသေးသည်ကို တွေ့မှသာ စိတ်အေးသွားတော့သည်။ သို့သော်လည်း ခဏအကြာတွင် သူမ၏ မျက်နှာပေးမှာ ချက်ချင်းပြောင်းလဲသွားသည်။
"ဆိုင်ထဲမှာ ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ၊ စီးပွားရေးက ဒီလောက်တောင် ကောင်းနေတာလား နင်ကတော့ တကယ့်ပဲ ပါးစပ်ကလည်း တော်တော်လုံတယ် ငါတို့ကို ဘာလို့ တစ်ခွန်းမှ မပြောခဲ့တာလဲ "
ယဲ့ချင်မှာ စုဟယ်ကို သေသေချာချာ စစ်မေးတော့မည့် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ စုဟယ်မှာတော့ ရှင်းပြရန် အစောကတည်းက ဇာတ်လမ်းတစ်ပုဒ် ပြင်ဆင်ထားပြီးသားဖြစ်၏။
"ဒီမှာကြည့်ပါဦး အမေ အဖေ၊ ဒါက သမီးတို့ တည်းခိုခန်းရဲ့ အကောင့်တွေလေ၊ ကြည့် ဖော်လိုဝါ ဘယ်လောက်တောင် များလဲလို့"
စုဟယ် 'စာအုပ်စိမ်းလေး' နှင့် Douyin အကောင့်များကို ဖွင့်ပြလိုက်သည်။ ယဲ့ချင်မှာ ဖုန်းကို အနည်းငယ် ဝေးဝေးသို့ ပို့ကာ မျက်မှောင်ကြုတ်၍ ရေတွက်ကြည့်သည်။
"အို ဖော်လိုဝါ တစ်သိန်းကျော်တောင် ရှိတာပဲ၊ အံ့ဩစရာပါလား"
စုဟယ် မျက်နှာမပျက်ဘဲ အကြောင်းရင်းကို လိုသလို လှည့်ပတ်ကာ မဟုတ်မမှန်တွေ ပြောတော့သည်။
"ဟုတ်တယ်အမေ၊ ပလက်ဖောင်းတစ်ခုစီမှာ တစ်သိန်းကျော်စီ ရှိတာဆိုတော့ အားလုံးပေါင်းရင် သုံးသိန်းကျော်တာပေါ့၊ သမီးက အွန်လိုင်းဆယ်လီ တစ်ယောက်အနေနဲ့ ဒီတည်းခိုခန်းကို ဧည့်သည်တွေ လာတည်းအောင် ဆွဲဆောင်ခဲ့တာလေ "
အမှန်စင်စစ် ဤအကောင့်နှစ်ခုမှာ ကွားကော၏ "ဖော်ထုတ်ချက်" ဆိုသည်ကို တည်းခိုခန်းဘက်က ရှင်းလင်းပြီးနောက်တွင်မှ ဖော်လိုဝါများ ရုတ်တရက် တိုးပွားလာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် စုဟယ်မှာ ရှောင်ရှီးနှင့် သရုပ်ဆောင်များ၏ ရိုက်ကူးရေး ဓာတ်ပုံများကို ရံဖန်ရံခါ တင်ပေးလေ့ရှိသောကြောင့် ဖော်လိုဝါ တစ်သိန်းကို မနည်းကျော်အောင် တွန်းတင်ထားခဲ့ခြင်းဖြစ်၏။ စုဟယ်သည် အင်တာနက်အကြောင်း သိပ်မသိရှာသော ယဲ့ချင်နှင့် စုချန်ကို ဆက်လက်၍ ပြောပြလိုက်သည်။
"အရင်က အမေတို့ကို မပြောပြတာက တည်းခိုခန်းရဲ့ စီးပွားရေးတော်တော်များများမှာ သာမန်လောက်ပဲ ရှိလို့ပါ၊ မကြာသေးခင်ကမှ အကောင့်မှာ လူတွေ ပိုများလာလို့ စီးပွားရေးက ဖြည်းဖြည်းချင်း ပြန်တက်လာတာ၊ ပြီးတော့ သမီးက မဟုတ်တာတွေ လုပ်နေတယ်လို့ အမေတို့ ဆူမှာလည်း ကြောက်လို့လေ"
ယဲ့ချင်မှာ အနည်းငယ် သံသယရှိနေသေးသော်လည်း စုချန်မှာတော့ သမီးဖြစ်သူအတွက် ပျော်ရွှင်နေပြီဖြစ်သည်။
"အိုး ငါ့သမီး ရှောင်ဟယ်က တကယ့်ကို တော်တာပဲ၊ တက္ကသိုလ်ကျောင်းသူလို့ မပြောရဘူး ဒါဆို အခု သမီးက အွန်လိုင်းဆယ်လီလို့ ခေါ်လို့ရတာပေါ့"
စုဟယ် စိတ်မလုံစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ယဲ့ချင်မှာတော့ မယုံတဝက်ယုံတဝက် ဖြင့်မေးလိုက်သည်။
"ဒါဆို သမီးက ငွေတွေ အများကြီး ရှာနိုင်ခဲ့တယ်လို့ ပြောတာလား "
စုချန်မှာ သိတတ်သည့်ဟန်ဖြင့်ဝင်ပြောသည်။
"အွန်လိုင်းဆယ်လီတွေ ငွေရတာပေါ့ မိန်းမရာ၊ နွားပိုင်ရှင်နျူဒန်ရဲ့ သမီးကို ကြည့်လေ သူမက အွန်လိုင်းမှာ လိုက်ဖ်လွှင့်တဲ့သူ မဟုတ်လား၊ သူမ အဖေကို ကားတစ်စီးတောင် ဝယ်ပေးနိုင်ခဲ့တာ၊ အစက ရွာမှာလူတွေအားလုံးက နျူဒန်ရဲ့သမီးကို စာမတော်ဘူး တက္ကသိုလ်မတက်နိုင်ဘူးဆိုပြီး အထင်သေးခဲ့ကြတာလေ၊ အခုတော့ သူမက အရမ်းကောင်းတဲ့ ဘဝမှာ နေနေရတာ မဟုတ်လား၊ လွန်ခဲ့တဲ့ နှစ်ရက်ကတောင် နျူဒန်က ရွာထဲမှာ မြေကွက်တစ်ကွက် ဝယ်ပြီး ဗီလာ ဆောက်တော့မယ်လို့ ပြောနေသေးတယ်လေ၊ အဲဒါတွေ အကုန်လုံးက သူ့သမီးဆီကရတဲ့ ငွေတွေပေါ့"
စုဟယ် ယဲ့ချင်၏လက်ကို ကိုင်လိုက်သည်။
"အမေနဲ့ အဖေလည်း သိတာပဲ၊ တည်းခိုခန်းဖွင့်တယ်ဆိုတာ ပင်ပင်ပန်းပန်းနဲ့ ငွေရှာရတာလေ၊ သမီးက ဆိုင်ကို ပြန်ပြင်ဖို့နဲ့ ဓာတ်လှေကားတပ်ဖို့အတွက် ငွေတွေလုံလုံလောက်လောက် စုနိုင်ခဲ့တာက အွန်လိုင်းဆယ်လီလုပ်ပြီး ငွေရှာခဲ့လို့ပါ၊ သမီးတို့က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းထားတာလေ၊ မွေ့ရာတစ်လုံးကို ယွမ် (၆၀၀၀၀) နဲ့ ရောင်းပေးရင် ပိုင်ရှင်က သမီးတို့ကို ကော်မရှင် (၂၀) ရာခိုင်နှုန်း ပေးတယ် အဲ့ကနေ ယွမ် (၁၂၀၀၀) ရတာပေါ့ အဲဒီလိုမျိုးနဲ့ ငွေရှာတာပါ၊ အိုး ပြီးတော့ ဆိုင်မှာ အသားဖြူဆပ်ပြာတွေလည်းရောင်းသေးတယ်၊ အဓိကကတော့ ပစ္စည်းရောင်းပြီးငွေရှာတာပါ"
စုဟယ်သည် မျက်တောင်မခတ်ဘဲ လိမ်ညာပြောဆိုလိုက်သည်။ ဘေးနားရှိ စုချန်မှာ သူ့ပေါင်ကိုပုတ်ကာ ဝင်ပြော၏။
"ဒါက လိုက်ဖ်လွှင့်ပြီး ပစ္စည်းရောင်းတာလေ အဖေ သိတာပေါ့၊ မင်းအမေတောင် အဲဒီဘယ်သူ့လိုက်ဖ်မှာလဲ မသိဘူး ပစ္စည်းတွေ ဝယ်ခဲ့သေးတာ၊ ငါကတော့ လိုက်ဖ်မှာရောင်းတဲ့ ပစ္စည်းတွေက ပိုဈေးကြီးတယ်လို့ပြောပေမဲ့ မင်းအမေက မယုံဘူးလေ၊ ကြည့် အခုတော့ သမီးတောင်ပြောနေပြီ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ပစ္စည်းရောင်းပေးရင် ကော်မရှင်ရတယ်တဲ့၊ မင်းဝယ်ခဲ့တဲ့ ပစ္စည်းတွေကို စဉ်းစားကြည့်လေ ငွေတွေ အများကြီးကို အဲဒီ ဘယ်သူလဲ ဆိုတဲ့သူက ရသွားပြီပေါ့၊ ပစ္စည်းတွေက ဘယ်ဈေးပေါမှာလဲ၊ အဲဒီ ဘယ်သူဆိုတဲ့သူက စိတ်မချရပါဘူး"
ယဲ့ချင် စုချန်ကို ပါးစပ်ပိတ်ရန် ခြေထောက်ဖြင့် ကန်လိုက်သည်။ ယခုမူ ယဲ့ချင်မှာ ယုံကြည်သွားပြီဖြစ်၏။ သူမ စုဟယ်ကို ပုတ်ကာ ဆိုသည်။
"အို အမေလည်း ဒါတွေကို နားမလည်ပါဘူး သမီး မှန်တယ်ထင်တာကိုသာ ဆက်လုပ်ပါ၊ ငွေရှာနိုင်သရွေ့တော့ တော်ပါပြီ မဟုတ်ရင် သမီးက မြေကိုယူပြီး အိမ်ဆောက်ဖို့ ငွေမရှိမှာကို အမေက စိုးရိမ်နေတာ၊ အဖေနဲ့ အမေက သမီးအတွက် နောက်ကွယ်ကနေပဲ ကူညီပေးပါ့မယ်၊ စိတ်ပူစရာမလိုဘဲ သမီးရဲ့ အိမ်မက်တွေကိုသာ ဆက်ပြီး အကောင်အထည်ဖော်ပေါ့"
ယဲ့ချင်သည် အလွန်ပင် ပွင့်လင်းမြင်သာသူ ဖြစ်သည်။ သူမသည် သားသမီးများကို ကိုယ်ပိုင်လွတ်လပ်ခွင့် ပိုပေးချင်ပြီး လူကြီးများ ဝင်မစွက်ဖက်သင့်ဟု ယူဆထား၏။ သူမ၏ မိဘများ လုံးလုံးလျားလျား ယုံကြည်သွားသည်ကို မြင်ရသောအခါ စုဟယ်မှာ များစွာ စိတ်သက်သာရာရသွားပြီး ရင်ထဲတွင်လည်း လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရသည်။ သူမ၏ မိဘများသည် ပညာတတ်များ မဟုတ်သော်လည်း သူမကို အမြဲတမ်း ယုံကြည်ပေးကြ၏။ သူမ အလုပ်ရှာမရသည့် အချိန်တွင်ပင် သူတို့သည် တည်းခိုခန်းကို စွန့်ခွာကာ ကျေးလက်သို့ ပြန်သွားခဲ့ကြပြီး သူမကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးခဲ့ကြသည်။
"အမေ အဖေ အခု တည်းခိုခန်းက ဝန်ထမ်းတွေအကြောင်း ပြောပြမယ်၊ အစ်မကျန်း ကတော့ အရင်က ယာယီအလုပ်သမား အစ်မကျန်းလေ အမေတို့ သိမှာပါ၊ ပြီးတော့လည်း"
စုဟယ် သူမမိဘများကို ခေါ်ဆောင်သွားကာ အခြေအနေများကို မိတ်ဆက်ပေးလိုက်သည်။ ဖျက်သိမ်းရေးရုံးနှင့် ရပ်ကွက်ရုံးမှလူများ ရောက်ရှိလာသည့်အချိန်တွင် စုချန်နှင့် ယဲ့ချင်တို့သည် ဆိုင်ရှိဝန်ထမ်းသစ်များအားလုံးနှင့် မိတ်ဆက်ပြီးကာစပင်ရှိသေး၏။ ရပ်ကွက်ရုံးမှလာသူမှာ လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ စုဟယ်အတွက် သူသည် အနည်းငယ် ရင်းနှီးနေသလို ခံစားရသော်လည်း စုချန်နှင့် ယဲ့ချင်တို့မှာမူ ချက်ချင်းပင် ရှေ့သို့တိုးသွားကာ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
"ညွှန်ကြားရေးမှူးဝူ ကြိုဆိုပါတယ် ကြိုဆိုပါတယ်၊ လာထိုင်ပါဦး ခဏလောက် ထိုင်ပါဦး"
စုချန်နှင့် ယဲ့ချင်တို့မှာ လမ်းဟောင်းပေါ်ရှိ အဓိကစီးပွားရေးလုပ်သူများဖြစ်ကြပြီး ညွှန်ကြားရေးမှူးဝူကျဲသောက် သည်လည်း ဤလမ်းဟောင်းရှိစီးပွားရေးလုပ်သူများထံသို့ အကြိမ်ပေါင်းများစွာ လာရောက်လည်ပတ်ခဲ့ဖူးသဖြင့် နှစ်ဦးနှစ်ဖက်လုံး ရင်းနှီးနေကြခြင်းဖြစ်သည်။ ဝူကျဲသောက်မှာ အလွန်စွမ်းဆောင်ရည်ရှိသူ ဖြစ်၏။ သူသည် အောက်ခြေလူတန်းစားများထံသို့ မကြာခဏ သွားလေ့ရှိပြီး စည်းရုံးနိုင်စွမ်းလည်း ကောင်းမွန်သည်။ စုချန်နှင့် ယဲ့ချင်တို့ကို လက်ဆွဲနှုတ်ဆက်ပြီးနောက် သူစိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုစကား ဆိုလိုက်သည်။
"ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်၊ နေရာသစ်ပြောင်းရွှေ့ရမှာမို့ ဂုဏ်ယူပါတယ်ခင်ဗျာ "
"ဒါ ဖျက်သိမ်းရေးရုံးက ညွှန်ကြားရေးမှူး ချန်ချန်းပါ"
ဝူကျဲသောက်မှာ သူနှင့်အတူပါလာသော လက်ဆွဲအိတ်ကိုကိုင်ထားပြီး ပြတ်သားသည့်ပုံစံရှိသည့် လူလတ်ပိုင်း အမျိုးသမီးကို မိတ်ဆက်ပေးလိုက်သည်။ ညွှန်ကြားရေးမှူးချန်ချန်းမှာ စကားအပိုမပြောဘဲ တိုက်ရိုက်ပင် အကြောင်းအရာထဲသို့ ဝင်လိုက်၏။ သူမသည် လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်း အမျိုးမျိုးကို ထုတ်ယူလိုက်သည်။ ထိုစာရွက်စာတမ်းများတွင် အသေးစိတ် ဖျက်သိမ်းရေး အစီအစဉ်၊ လျော်ကြေးပေးမည့် စီမံချက်နှင့် နောက်ဆက်တွဲ ပြန်လည်နေရာချထားရေး အစီအမံများ ပါဝင်သည်။ သူမသည် ထိုစာရွက်စာတမ်းများကို တက်ရောက်လာသူတိုင်းကို တစ်စောင်စီ ဝေငှပေးလိုက်ရာ စုမိသားစု သုံးဦးစလုံး သတင်းအချက်အလက်များကို အညီအမျှ ရရှိခဲ့ကြ၏။
"ဒီစာရွက်စာတမ်းတွေက အရမ်းအသေးစိတ်ပါတယ်၊ ကျွန်မ ရှင်းပြနေတုန်းမှာ ရှင်တို့ ဖတ်ကြည့်လို့ ရပါတယ်"
ညွှန်ကြားရေးမှူး ချန်ချန်းမှာ ဆိုသည်။
"ဖျက်သိမ်းရေးဆိုတာဟာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွားအတွက် ဖြစ်ပါတယ်၊ လုပ်ငန်းစဉ်တစ်ခုလုံး တရားမျှတမှုရှိဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့၊ လူတိုင်းရဲ့ တရားဝင် ရပိုင်ခွင့်တွေနဲ့ အကျိုးစီးပွားတွေကို အပြည့်အဝ ထည့်သွင်းစဉ်းစားပေးဖို့ ကျွန်မတို့ အာမခံပါတယ်"
ညွှန်ကြားရေးမှူးချန်ချန်း၏ အသံမှာ ပြတ်သားပြီး အားပါလှရာ စကားလုံးတိုင်းမှာ တက်ရောက်လာသူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။ သူမသည် ချဲ့ကားသော စကားလုံးများကို မသုံးဘဲ ရိုးရှင်းပြီး တိကျသော စကားလုံးများဖြင့်သာ လက်ရှိအခြေအနေကို တိုက်ရိုက် ရှင်းပြခဲ့၏။ ထို့နောက် သူမမှာ အချက်တစ်ချက်ချင်းစီကို ရှင်းပြသည်။ လျော်ကြေးစံနှုန်းများ၊ ပြောင်းရွှေ့စရိတ် ထောက်ပံ့မှုများ၊ ပြန်လည်နေရာချထားရေး ရွေးချယ်မှုများ၊ ဥပဒေရေးရာ အကူအညီများ၊ ကြားဖြတ်စီစဉ်မှုများနှင့် ရေရှည်စီမံကိန်းများ အပါအဝင် ဖြစ်သည်။ ညွှန်ကြားရေးမှူး ချန်ချန်း၏ မိတ်ဆက်မှာ ပြည့်စုံသလို တိကျမှုလည်း ရှိသဖြင့် စုမိသားစုအနေနှင့် ဖျက်သိမ်းရေး လျော်ကြေးနှင့် ပတ်သက်၍ ရှင်းလင်းစွာ နားလည်သွားကြသည်။ ညွှန်ကြားရေးမှူး ချန်ချန်းမှာ အသံကို အနည်းငယ် လျှော့ကာ ညင်သာသော လေသံဖြင့် မေးလိုက်၏။
"ဒီအစီအစဉ်တွေအပေါ် ရှင်တို့ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ "
သူမမှာ သူတို့ကို အလောတကြီးမလုပ်ခိုင်းသလို ဖိအားလည်းမပေးပေ။ လူတိုင်း စဉ်းစားချင့်ချိန်နိုင်ရန် လုံလောက်သော အချိန်နှင့် နေရာကို ပေးထားပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အမှန်စင်စစ် ချန်ချန်းမှာ များစွာ ဖိအားများနေခဲ့၏။ ဟဲယဲ့တည်းခိုခန်း၏ တည်နေရာမှာ အလွန်ပင် အရေးကြီးလွန်းလှသည်။ ဟဲယဲ့တည်းခိုခန်းသည် ဆန်းကျုံးဘုရားကျောင်းတော်နှင့် တည့်တည့်တွင် ရှိနေသလို မြေအောက်ရထားလိုင်း အမှတ် (၉) ၏ ဘူတာအဝင်အထွက်အဖြစ် လျာထားသည့် နေရာလည်း ဖြစ်၏။ ထို့အပြင် ၎င်း၏ မြေဧရိယာမှာလည်း အကျယ်ဆုံးဖြစ်သည်။ ဟဲယဲ့တည်းခိုခန်း၏ မြေဧရိယာမှာ လူနေအဆောက်အဦး တစ်ခုလုံးနီးပါးနှင့်အတူတူပင်ဖြစ်ပြီး ပို၍ပင်ကျယ်ဝန်းလှသည်။ တကယ်လို့ ဟဲယဲ့တည်းခိုခန်းဘက်မှ ဈေးနှုန်းကို အဆမတန် တောင်းဆိုလာမည်ဆိုပါလျှင် ဖျက်သိမ်းရေးရုံး၏ အလုပ်မှာ များစွာ ခက်ခဲသွားလိမ့်မည်ဖြစ်၏။
နောက်ကွယ်ရှိ ဒေသခံများမှာလည်း မျက်စိဒေါက်ထောက် ကြည့်နေကြသည်။ တကယ်လို့ ဟဲယဲ့တည်းခိုခန်းမှာ လက်ရှိ ဖျက်သိမ်းရေး အစီအစဉ်ကို လက်မခံဘူးဆိုလျှင် နောက်ကွယ်ရှိ ဒေသခံများမှာလည်း ထိုအတိုင်းပင် လိုက်လုပ်ကြလိမ့်မည်ဖြစ်ရာ စုပေါင်း၍ ဖျက်သိမ်းရေးကို ငြင်းဆန်ကြသည်အထိ ဖြစ်သွားနိုင်၏။ ချန်ချန်းသည် စုမိသားစုသုံးဦးကို အကဲခတ်နေပြီး သူတို့မျက်နှာအမူအရာများမှတစ်ဆင့် အရိပ်အယောင်တစ်ခုခုကို သိရှိနိုင်ရန် မျှော်လင့်နေခဲ့သည်။