← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

199

နှစ်ပတ်လည် အစည်းအဝေးပြီးဆုံးသွားသဖြင့် လူအုပ်ကြီးမှာ တဖြည်းဖြည်းလူစုကွဲသွားကြသည်။ စုဟယ်နှင့် ရော့စ်တို့သည် ဟိုင်ဖန်းဟိုတယ်ပင်မဝင်ပေါက်မှ အတူတူထွက်လာခဲ့ကြ၏။ ရော့စ်မှာ ကိုယ်တိုင်ကားမောင်းလာခဲ့ခြင်းဖြစ်သဖြင့် စုဟယ်ကို လိုက်ပို့ရန် ကမ်းလှမ်းလိုက်သည်။ ရော့စ်၏ပြိုင်ကားပေါ်သို့ ရောက်ပြီးနောက် စုဟယ်သည် ဟိုတယ်ဝင်ပေါက်တွင် စုရုံးနေကြသော အသင်းဝင်များကို ကြည့်ရင်း ရုတ်တရက် သက်ပြင်းတစ်ချက်ချလိုက်မိသည်။

“ဘာဖြစ်လို့လဲ၊ မင်းရဲ့ အတွေ့အကြုံ မျှဝေတဲ့ အပိုင်းက တော်တော်လေး ကောင်းခဲ့တာပဲ မဟုတ်လား”

ရော့စ်သည် သူ့အလှည့်ပြီးဆုံးပြီးနောက် စုဟယ်၏ဟောပြောမှုကို သွားရောက်နားထောင်ခဲ့ခြင်းဖြစ်သည်။ စုဟယ် ပြောသွားသည့် အကြောင်းအရာများမှာ ကျားဖန့်၏ စကားများထက် အဆပေါင်းများစွာ ပို၍ စိတ်ဝင်စားဖို့ကောင်းသည်ဟု သူထင်မြင်မိ၏။

“အစည်းအဝေးကိစ္စကြောင့် စိတ်မကောင်းဖြစ်နေတာ မဟုတ်ပါဘူး”

အခြားသူများက မည်သို့ပင် ထင်မြင်ယူဆစေကာမူ အနည်းဆုံးတော့ သူမ ပြင်ဆင်ထားသည့် အကြောင်းအရာများကို အပြည့်အစုံ ရှင်းလင်းစွာ တင်ပြနိုင်ခဲ့သဖြင့် စုဟယ်သည် သူမ၏ စွမ်းဆောင်ရည်အပေါ် အတော်လေး ကျေနပ်နေမိသည်။ စုဟယ်သည် လက်ချောင်းထိပ်လေးများဖြင့် ကားမှန်ကို ခေါက်ရင်း အပြင်ဘက်သို့ ကြည့်ရန် ရော့စ်ကို အချက်ပြလိုက်၏။

“ကြည့်ဦး သူတို့အားလုံး ကားစောင့်နေကြတာ”

ဟိုင်ဖန်းဟိုတယ်ဝင်ပေါက်တွင် ကားစောင့်နေကြသော အသင်းဝင်များကို စုဟယ် လက်ညွှန်းထိုးပြလိုက်သည်။ အသင်းဝင်အများစုမှာ အတော်လေး ကြွယ်ဝချမ်းသာကြသူများဖြစ်ပြီး ယခုမူလုပ်ငန်းကိစ္စဖြင့် လာရောက်ခြင်းဖြစ်သဖြင့် အတွင်းရေးမှူးများနှင့် ဒရိုင်ဘာများမှ ကားမောင်းပို့ကြခြင်းဖြစ်၏။ သို့သော်လည်း ဟိုင်ဖန်းဟိုတယ်မှာ အတော်လေး လူသူဝေးရာအရပ်တွင်ရှိနေပြီး အသင်းဝင်အများစု၏ဒရိုင်ဘာများမှာ လမ်းခုလတ်တွင်သာ ရှိနေကြသေးသည်။ ထို့ကြောင့် ကိုယ်တိုင်ကားမောင်းလာပြီး ထွက်ခွာသွားသူများမှအပ ကျန်ရှိသော အသင်းဝင်အများစုမှာ ဟိုတယ်ဝင်ပေါက်တွင် သူတို့ဒရိုင်ဘာများကို စောင့်ဆိုင်းနေကြရခြင်းပင်။ စုဟယ်သည် သူမဖုန်းကို ထုတ်ကာ ဓာတ်ပုံအချို့ ရိုက်လိုက်သည်။

“ဟိုင်ဖန်းဟိုတယ်က တရားဝင် လည်ပတ်နေတာ နှစ်နှစ်ရှိပြီ ဒါပေမဲ့ သွားလာရေးပြဿနာကို အခုထိမဖြေရှင်းနိုင်သေးဘူး၊ ဟိုင်ဖန်းဟိုတယ်မှာ တိုက်ရိုက်လာတဲ့ ရထားလမ်း ဒါမှမဟုတ် ဘတ်စ်ကားလိုင်းတွေ မရှိဘူး၊ ကမ်းခြေနဲ့ နီးတာကြောင့်လည်း တက္ကစီအရေအတွက်က အတော်လေးနည်းတယ်၊ ဟိုင်ဖန်းဟိုတယ်က ဒရိုင်ဘာပါတဲ့ ကားဝန်ဆောင်မှုပေးတယ်ဆိုပေမဲ့ ကားအရေအတွက်နဲ့ ဒရိုင်ဘာက အကန့်အသတ် ရှိနေတုန်းပဲ”

ဝင်ပေါက်တွင် အသင်းဝင်များသည် အုပ်စုလေးများဖွဲ့ကာ အစည်းအဝေးမှ ရရှိသည့် အသိအမြင်များကို ဆွေးနွေးရင်းဖြစ်စေ အတူတူဆေးလိပ်သောက်ရင်းဖြစ်စေ အချိန်ဖြုန်းနေကြသည်။ ထိုအုပ်စုထဲတွင် အသင်းဝင်တစ်ဦးမှာမူ အတော်လေး စိတ်တိုနေပုံရ၏။ သူသည် ဝရန်တာ၏တစ်ဖက်တွင် ရပ်လျက် တံခါးတိုင်ကို ကန်နေသည်။ လက်တစ်ဖက်မှာ ဖုန်းကို နားတွင် ကပ်ထားပြီး ကျန်လက်တစ်ဖက်မှာမူ သူ့လက်ကောက်ဝတ်မှ ရွှေနာရီကို မကြာခဏ ကြည့်နေ၏။ သူ အတော်လေး စိတ်မရှည်ဖြစ်နေသည်မှာ သိသာလှသည်။ စုဟယ်သည် ရော့စ်၏ကားထဲတွင်ထိုင်ရင်း ထိုစိတ်တိုနေသော အသင်းဝင်ကို စိုက်ကြည့်နေမိသည်။ သူမ တိုးညှင်းသောအသံဖြင့်ဆိုလိုက်၏။

“နှစ်နှစ်တောင်ရှိပြီ၊ ဟိုင်ဖန်းဟိုတယ်က ဒီပြဿနာကို မဖြေရှင်းနိုင်သေးဘူးပဲ”

ရော့စ်မှာ စုဟယ်ဘက်သို့ လှည့်လိုက်ပြီး သူမ ဆက်ပြောမည့် စကားကို စောင့်ဆိုင်းနေသည်။ စုဟယ် သက်ပြင်းချရင်း ရှင်းပြလိုက်၏။

“ကျွန်မတို့ရဲ့ တည်းခိုခန်းအသစ်က မြို့သစ်စီမံကိန်းထဲမှာ ဆောက်နေတာ၊ အခြေအနေက ဟိုင်ဖန်းဟိုတယ်နဲ့ တော်တော်လေး ဆင်တူတယ်၊ ဘူတာရုံ ဒါမှမဟုတ် လေဆိပ်ကနေ လာမယ်ဆိုရင် အများပြည်သူသုံး သွားလာရေးယာဉ်တွေကို အနည်းဆုံး နှစ်ဆင့်လောက် စီးရလိမ့်မယ်၊ ဒါမှမဟုတ် တက္ကစီခ ယွမ် (၅၀) ကျော်လောက် ပေးရလိမ့်မယ်၊ ဒါက ဧည့်သည်တွေအတွက် တကယ့်ကို အဆင်မပြေဘူး”

သူမ ခဏမျှ ရပ်လိုက်ပြီးမှ ဆက်ပြောသည်။

“ဟိုင်ဖန်းဟိုတယ်ရဲ့ အခန်းခက ခရီးသွားရာသီမဟုတ်ချိန်မှာတောင် ယွမ် (၁၀၀၀) ကနေ စတာ၊ သူတို့ဆီလာတဲ့ ဧည့်သည်တွေက ငွေကြေးအင်အား တောင့်တင်းသူတွေဖြစ်ပြီး များသောအားဖြင့် ဒရိုင်ဘာတွေ၊ အတွင်းရေးမှူးတွေ ပါလာတတ်ကြတယ်၊ ဒါကြောင့် သွားလာရေးပြဿနာက သူတို့ကို သိပ်ပြီး မထိခိုက်စေဘူး၊ ဒါပေမဲ့ ဟဲယဲ့တည်းခိုခန်းရဲ့ အခန်းခက အဲဒီလောက်အထိမြင့်မှာ မဟုတ်ဘူး၊ ကျွန်မတို့ရဲ့ပစ်မှတ်က ပိုပြီးကျယ်ပြန့်တယ်၊ ဒါကြောင့် တည်းခိုခန်းကိုလာမယ့် ဧည့်သည်အများစုမှာ ဒရိုင်ဘာတွေ အတွင်းရေးမှူးတွေပါလာမှာ မဟုတ်ဘူး၊ ဆိုလိုတာက သူတို့က သူတို့ သွားလာရေးပြဿနာကို ဖြေရှင်းရလိမ့်မယ်၊ ဒါက ဧည့်သည်တွေရဲ့အတွေ့အကြုံအတွက် စိန်ခေါ်မှုအကြီးကြီးပဲ”

ရော့စ်သည် စုဟယ်၏စကားများကို နားထောင်ရင်း သူ့လက်ထဲမှ ကားစတီယာရင်ကို ကြည့်လိုက်သည်။ ကျင်းရှန်းစားသောက်ဆိုင်မှာ ဧရိယာကျယ်ဝန်းပြီး မြို့လယ်နှင့် အတော်လေး ဝေးသော်လည်း ဧည့်သည် (၈၅) ရာခိုင်နှုန်းခန့်မှာ ဒေသခံများဖြစ်ကြ၏။ ယခုခေတ်တွင် ကားများမှာ ပေါများလှသဖြင့် ဒေသခံအများစုမှာ ကိုယ်ပိုင်ကား ရှိကြသည်။ သို့သော် ဟိုတယ်များမှာမူ မြို့ပြင်မှလာသော ဧည့်သည်များကို ဆွဲဆောင်ရခြင်းဖြစ်သည်။ ယုံမြစ်သို့ ကိုယ်တိုင်ကားမောင်းလာကြသူများမှာ လူနည်းစုသာ ရှိသေးသည်။ ဒါက တကယ့်ကို ပြဿနာပင်။ ရော့စ်ခဏမျှ စဉ်းစားပြီး သူ့အကြံပြုချက်ကို ပြောလိုက်သည်။

“ဒီပြဿနာကိုတော့ မဖြစ်မနေ ဖြေရှင်းရမှာပဲ၊ တည်းခိုခန်းကနေ ကြိုပို့ယာဉ် စီစဉ်ပေးတာမျိုး ဒါမှမဟုတ် ဒေသခံ တက္ကစီကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ဈေးလျှော့ပေးတဲ့ ကြိုပို့ဝန်ဆောင်မှု ပေးတာမျိုးကို စဉ်းစားကြည့်လို့ ရမလား၊ နေဦး ခဏ ကျွန်တော်မှတ်မိသလောက်ဆိုရင် မြို့သစ်စီမံကိန်းမှာ မြေအောက်ရထား ရှိတယ်မဟုတ်လား”

ရော့စ်မှာ စကားပြောရင်း မြို့သစ်စီမံကိန်းရဲ့ အစီအစဉ်တွေကို သတိရသွားသည်။ ယုံမြစ်ရဲ့ အားစိုက်တိုးချဲ့မည့် ဧရိယာသစ်ဖြစ်သည့် မြို့သစ်စီမံကိန်းတွင် မြေအောက်ရထားပါဝင်သည်ကို သူမှတ်မိနေ၏။ စုဟယ်သည်လည်း အနည်းငယ် မတတ်သာသော အမူအရာဖြင့် ပြောလိုက်သည်။

“မြေအောက်ရထား ရှိတော့ရှိပေမဲ့ ဆောက်နေတုန်းပဲလေ၊ တရားဝင်ဖွင့်ဖို့ဆိုရင် အနည်းဆုံး တစ်နှစ်လောက်လိုဦးမှာ၊ ဒါပေမဲ့ ကျွန်မတို့က မြေအောက်ရထားဖွင့်တဲ့အထိ ထိုင်စောင့်နေလို့မရဘူး မဟုတ်လား”

ထို့အပြင် ခန့်မှန်းခြေဖွင့်မည့်အချိန်မှာ အပြောင်းအလဲရှိပြီး နောက်ကျသွားခဲ့လျှင် ဟဲယဲ့တည်းခိုခန်းမှာ ပို၍ပင် အကျပ်ရိုက်သွားပေလိမ့်မည်။ ရော့စ်သည်လည်း အခြားအဖြေကို မစဉ်းစားနိုင်တော့ဘဲ သူမကို အားပေးလိုက်ရုံသာ တတ်နိုင်သည်။

“သူဌေးမစု တည်းခိုခန်းရဲ့ စီးပွားရေးက ဒီလောက်အထိ အောင်မြင်နေတာပဲ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး၊ တကယ်လို့ ဘာမှ အဆင်မပြေဘူးဆိုရင်တော့ ကျွန်တော့်ရဲ့ ညီအစ်ကိုတွေကို မင်းနဲ့ မိတ်ဆက်ပေးမယ်လေ”

စုဟယ်သည် ရော့စ်၏စေတနာကို လက်ခံလိုက်သည်။ ရော့စ်၏သူဌေးသား ဒုတိယမျိုးဆက် ညီအစ်ကိုများမှာ တကယ့်ကို ရက်ရောကြသူများဖြစ်ပြီး ယခုအခါ ဟဲယဲ့တည်းခိုခန်း၏ ဖောက်သည်ဟောင်းများ ဖြစ်နေကြပြီဖြစ်၏။

“ကောင်းပါပြီ ဒါဆိုရင်တော့ ကျွန်မပိုပြီး ကြိုးစားရတော့မှာပေါ့၊ ဟဲယဲ့တည်းခိုခန်း အသစ်ကတော့ ရှင်တို့ အားလုံးကို ပိုပြီးစိတ်ကျေနပ်စေမှာ သေချာပါတယ်”

ရော့စ်သည် သူ့ပြိုင်ကားကို ဟဲယဲ့တည်းခိုခန်းရှေ့တွင် ဖြည်းညှင်းစွာရပ်လိုက်သည်။ သူသည် ကားမှန်ထဲမှ ခေါင်းပြူထွက်ကာ တည်းခိုခန်း၏အပြင်ဘက်နံရံကို ဝေ့ကြည့်လိုက်၏။ ရက်အနည်းငယ်ကြာ ရွာသွန်းခဲ့သောမိုးကြောင့် မြို့ကြီးမှာ စိုထိုင်းနေပြီး ဟဲယဲ့တည်းခိုခန်း၏ ဟောင်းနွမ်းနေသော အပြင်နံရံမှာလည်း ပို၍ပင်မှိုတက်နေသကဲ့သို့ဖြစ်နေသည်။ ရော့စ် မအောင့်နိုင်ဘဲ ရေရွတ်လိုက်၏။

“ဒီနေရာက တည်နေရာကောင်းပေမဲ့ အသစ်တော့ ပြန်ဆောက်သင့်နေပြီပဲ”

သူ့အသံတွင် နှမြောတမ်းတမှုများ ပါဝင်နေပြီး တည်းခိုခန်း၏အပြင်ပန်း အမြင်အပေါ် အားမလိုအားမရဖြစ်နေသည်မှာ သိသာလှသည်။

“တကယ်လို့ ကျွန်တော်သာ ဒီနေရာရဲ့ တန်ဖိုးကိုမသိဘူးဆိုရင် ဒီလို ယိုယွင်းနေတဲ့ အပြင်ဘက်ကို မြင်တာနဲ့တင် လှည့်ပြန်သွားမိမှာ အသေအချာပဲ”

ထိုအချိန်က သူသည် ဟဲယဲ့တည်းခိုခန်း၏မှော်ဆန်သော မှန်အကြောင်းကို ကြားသိခဲ့ရပြီး မိမိကိုယ်တိုင်လည်း ပြဿနာ အကြီးအကျယ်တက်နေသဖြင့် “သေမထူး နေမထူး” ဆိုသည့် စိတ်ဖြင့် တစ်ယောက်တည်း ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် ရော့စ်သည် ဟဲယဲ့တည်းခိုခန်းတွင် မည်သည့်နည်းနှင့်မျှ တည်းခိုလိမ့်မည်မဟုတ်ပေ။ သူ့သူဌေးသား သူငယ်ချင်းများမှာလည်း သူအပြင်းအထန် တိုက်တွန်းမှုကြောင့်သာ ယုံကြည်ပြီး လာခဲ့ကြခြင်းဖြစ်သည်။ တစ်ခါတရံမှာ အပြင်ပန်း အသွင်အပြင်သည် တကယ့်ကို အရေးကြီးလှသည်။ ဟဲယဲ့တည်းခိုခန်းမှာ ပိုမိုခန့်ညားထည်ဝါသော အဆောက်အအုံတစ်ခု လိုအပ်နေပြီဖြစ်၏။ ပြိုင်ကားလေး ပြန်လည်ထွက်ခွာသွားခဲ့သည်။ စုဟယ်သည် ဟဲယဲ့တည်းခိုခန်းရှေ့တွင်ရပ်လျက် ရော့စ်ထွက်သွားသည်ကို ကြည့်နေမိသည်။ မထွက်ခွာမီက သူမသည် လက်ဗလာဖြင့် နှစ်ပတ်လည် အစည်းအဝေးသို့ သွားခဲ့ခြင်းဖြစ်သော်လည်း ပြန်လာသည့်အခါတွင်မူ လက်ဗလာဖြင့် မဟုတ်တော့ပေ။ စုဟယ်သည် ထူထဲသောမှတ်စုစာအုပ်တစ်အုပ်နှင့် အကျဉ်းချုပ်ထားသော စီမံခန့်ခွဲမှု လက်စွဲစာအုပ်နှစ်အုပ်ကို ယူဆောင်လာခဲ့သည်။ အပြင်တွင် သွားရောက်လေ့လာခဲ့ပြီးနောက် ယခုအခါ စုဟယ်သည် သူမကိုယ်သူမ စွမ်းအင်များပြည့်ဝနေသည်ဟု ခံစားနေရ၏။ သူမသည် စွမ်းဆောင်ပြရန် အဆင်သင့်ဖြစ်နေပြီပင်။

200

“လူခေါ်မလို့လားဗျ"

စုဟယ် ပြန်ရောက်ရောက်ချင်း အပြေးအလွှား လူသစ်ခေါ်ယူဖို့ ပြင်ဆင်နေတာကိုကြားလိုက်ရတဲ့ လီရှီတစ်ယောက် အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရပါတယ်။

“သူဌေး ဘယ်လိုလူတွေကို ခေါ်မှာလဲ"

လီရှီက သူ့စိတ်ထဲက သိချင်စိတ်ကို မအောင့်နိုင်ဘဲ မေးလိုက်မိသည်။ ဟဲယဲ့တည်းခိုခန်း၏ ဝန်ထမ်းဟောင်းတစ်ဦးအနေဖြင့် လီရှီသည် ဤနေရာအပေါ် သံယောဇဉ် အလွန်နက်ရှိုင်း၏။ သူသည် ဦးလေးလီ၏ မိတ်ဆက်ပေးမှုဖြင့် ဝင်ရောက်လာသူဖြစ်ပြီး မိမိ၏ ပညာအရည်အချင်းနှင့် အတွေ့အကြုံပိုင်းတွင် အားနည်းချက်များရှိနေသည်ကို ကိုယ်တိုင်သိရှိသည်။ ထို့ကြောင့် သူ၏ သိချင်စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်အချို့ ရော‌ထွေးနေ၏။ အကယ်၍ လူသစ်များမှာ သူ့ထက် ပိုတော်နေခဲ့လျှင် အလုပ်ပြုတ်သွားနိုင်မလားဆိုသည့် စိုးရိမ်စိတ်ကလည်း ရှိနေသည်။ ထို့အပြင် လီရှီသည် သူ၏ အထက်လူကြီးအသစ် ဖြစ်လာမည့်သူအပေါ်တွင်လည်း စိုးရိမ်နေမိ၏။ ယခင်က အင်တာနက်ကဖေးတစ်ခုတွင် အလုပ်လုပ်စဉ်မှာ အဲဒီက မန်နေဂျာကို သူ အတော်လေး မုန်းတီးခဲ့ဖူးပြီး ထိုအတွေ့အကြုံသည် သူ့အတွက် မကောင်းသော မှတ်ဉာဏ်များ ချန်ထားခဲ့သည်။ ယခုအခါ ဟဲယဲ့တည်းခိုခန်း၏ စီမံခန့်ခွဲမှုပုံစံမှာ အထက်အောက် အဆင့်ဆင့်မဟုတ်ဘဲ အားလုံး တန်းတူညီတူရှိသည့် ပုံစံမျိုးဖြစ်သည်။ သူသည် သူဌေးနှင့် တိုက်ရိုက်ပြောဆိုနိုင်ပြီး စုဟယ်မှာလည်း စိတ်သဘောထား ကောင်းမွန်သူဖြစ်သဖြင့် သူတို့ကြား ဆက်ဆံရေးမှာ အတော်လေး အဆင်ပြေလှ၏။ စုဟယ်သည် လီရှီ၏ ဖုံးကွယ်ထားသော စိုးရိမ်ပူပန်မှုများကို သတိပြုမိလိုက်သည်။ သူမ ပြုံးလျက် ဤသို့ နှစ်သိမ့်လိုက်သည်။

“လီရှီ ဘာမှမစိုးရိမ်နဲ့၊ နင်က ငါတို့တည်းခိုခန်းရဲ့ တော်တဲ့ဝန်ထမ်းတစ်ယောက်ပါ၊ ငါတို့ လူခေါ်တယ်ဆိုတာ တည်းခိုခန်း တိုးတက်ဖို့အတွက်ပဲ၊ နင့်နေရာမှာ အစားထိုးဖို့ မဟုတ်ပါဘူး၊ ငါတို့အဖွဲ့ထဲမှာ လူတွေ ပိုများလာပြီး ဟဲယဲ့တည်းခိုခန်းကို အခုထက် ပိုကောင်းအောင် အားလုံးစုပေါင်းလုပ်ဆောင်ကြဖို့ပဲ ငါမျှော်လင့်တယ်”

လူသစ်ခေါ်ယူခြင်းမှာ လစ်လပ်နေရာများကို ဖြည့်ဆည်းရန်သာမက အကြံဉာဏ်သစ်များနှင့် တက်ကြွမှုများကိုပါ ယူဆောင်လာရန်ဖြစ်သည်။ ထို့အပြင် လက်ရှိဝန်ထမ်းများအတွက်လည်း ရာထူးတိုးရန်နှင့် တိုးတက်ရန် အခွင့်အလမ်းများ ပေးအပ်နိုင်မည်ဖြစ်၏။ လက်ရှိတွင် ဟဲယဲ့တည်းခိုခန်း၌ ကတ်ထဲက ဇာတ်ကောင်များအပြင် သာမန်ဝန်ထမ်း (၅) ဦးသာ ရှိသေးသည်။ စုဟယ်မှာ သူတို့အားလုံးကို ကြီးကြပ်‌ရေးမှုးရာထူး ပေးလိုက်လျှင်ပင် အဓိပ္ပာယ်ရှိလှမည် မဟုတ်ပေ။ ထို့အပြင် ဟဲယဲ့တည်းခိုခန်း၏ ဆုံးဖြတ်ချက်အားလုံးကို စုဟယ်တစ်ဦးတည်းကသာ ချမှတ်နေရပြီး လောလောဆယ်တွင် ရှင်းလင်းသော စည်းမျဉ်းစည်းကမ်းများလည်း မရှိသေးပေ။ အခုအချိန်မှာ အဆင်ပြေနေပုံရသော်လည်း ရေရှည်အတွက်မူ မည်သို့မျှ ဖြစ်နိုင်မည်မဟုတ်။ လူတွေကို စီမံခန့်ခွဲဖို့ စနစ်တစ်ခု ရှိကိုရှိရပါမည်။

စုဟယ်သည် ဟဲယဲ့တည်းခိုခန်းကို မိသားစုလုပ်ငန်းလေးအဆင့်မှ တရားဝင်လုပ်ငန်းကြီးတစ်ခုအဖြစ် ပြောင်းလဲလိုပြီး ယင်းအတွက် ကျွမ်းကျင်သူများ၏ အကူအညီလိုအပ်ပေသည်။ ကျားဖန့်နှင့် ပိုင်ဖေးတို့ ပေးခဲ့သော ဟိုတယ်စီမံခန့်ခွဲမှု လက်စွဲစာအုပ်မှာ အကျဉ်းချုပ်ထားသော မိတ္တူမျှသာ ဖြစ်သော်လည်း ဟိုတယ်လောကသို့ အသစ်ရောက်လာသူ စုဟယ်အတွက်မူ အတော်လေး အတွေးအမြင်များ ရရှိစေခဲ့၏။ လက်စွဲစာအုပ်အရ တရားဝင် ဟိုတယ်တစ်ခုတွင် အရှေ့တန်းဧည့်ကြိုဌာန၊ အခန်းထိန်းသိမ်းရေးဌာန၊ စားသောက်ကုန်ဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန နှင့် ဘဏ္ဍာရေးဌာန စသည်ဖြင့် ဌာနများစွာ ရှိရမည်ဖြစ်ပြီး ဟိုတယ်တစ်ခု လည်ပတ်နိုင်ရန် ဝန်ထမ်းအင်အား အမြောက်အမြား လိုအပ်သည်ကို သိရှိလာခဲ့သည်။ လောလောဆယ်တွင် ဆောက်လုပ်ဆဲဖြစ်သော ဟဲယဲ့တည်းခိုခန်း၌ စနစ် မှ ကြီးကြပ်ပေးနေပြီး ဒီဇိုင်းပုံစံများကိုလည်း စနစ်မှပင် ပေးထားခြင်း ဖြစ်သော်လည်း လူသားကိုယ်တိုင် ဆုံးဖြတ်ရမည့် အလုပ်များစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် လိုက်ကာအရောင်၊ ပရိဘောဂပုံစံ နှင့် စားသောက်ဆိုင်သုံး ပန်းကန်များ၏ ဒီဇိုင်းအထိ သူမကိုယ်တိုင် ရွေးချယ်ရမည် ဖြစ်၏။ ဤအသေးစိတ် အချက်အလက်များမှာ ဟိုတယ်တစ်ခု၏ ပုံစံကို ပုံဖော်ပေးမည်ဖြစ်သည်။

ဦးဆောင်မည့်သူ တစ်ဦးတော့ လိုအပ်နေပြီ ဖြစ်သည်။ စုဟယ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က ဟိုင်ဖန်းဟိုတယ်တွင် လေ့လာနေခဲ့သော်လည်း ညတိုင်း သူမ၏ မိဘများနှင့် ဆောက်လုပ်ရေးဆိုဒ် အခြေအနေကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းလေ့ရှိသည်။ မှင်စာ အင်ဂျင်နီယာများ၏ ဆောက်လုပ်ရေး အရှိန်မှာ ပိုမို မြန်ဆန်လာသဖြင့် လူခေါ်ယူရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်၏။ လီရှီသည် ဟဲယဲ့တည်းခိုခန်း၏ စာရင်းအချို့ကို ကိုင်တွယ်နေသူ ဖြစ်သဖြင့် စုဟယ်မှာ သူ့ကို အမျိုးမျိုးသော ပလက်ဖောင်းများပေါ်တွင် လူခေါ်စာ တင်ခိုင်းလိုက်သည်။

“ဟဲယဲ့တည်းခိုခန်းမှ အထွေထွေမန်နေဂျာတစ်ဦးကိုစိတ်ရင်းဖြင့် ဖိတ်ခေါ်အပ်ပါသည်၊ ဟိုတယ်လည်ပတ်ရေးနှင့် စီမံခန့်ခွဲမှုပိုင်းကို အပြည့်အဝ တာဝန်ယူရမည် ဖြစ်သည်၊ အခြေခံ နှစ်စဉ်လစာ ယွမ် (၁) သန်းမှ စတင်မည်ဖြစ်ပြီး နှစ်ကုန်တွင် အမြတ်ဝေစုခံစားခွင့်ရှိမည်၊ စိတ်ပါဝင်စားသူများ ကိုယ်ရေးရာဇဝင် ပေးပို့နိုင်ပါသည်”

မက်ဆေ့ဂျ်ပို့ပြီးနောက် လီရှီမှာ တံတွေးကိုမျိုချလိုက်မိသည်။

“နှစ်စဉ်လစာ ယွမ် (၁) သန်းလား၊ အဲဒါ အရမ်းများလွန်းမနေဘူးလား သူဌေး”

ဆန့်ကျင်ဘက်အနေဖြင့် စုဟယ်မှာမူ ထိုငွေပမာဏမှာနည်းတောင်နည်းနေသေးသည်ဟု ခံစားရသည်။ သူမသည် နှစ်ပတ်လည် အစည်းအဝေးတွင် အခြားဟိုတယ်ပိုင်ရှင်များနှင့် အနည်းငယ် ဆွေးနွေးကြည့်ခဲ့ဖူး၏။ အခြားသူများကို ထားလိုက်ဦး။ ရော့စ်၏ကျင်းရှန်းစားသောက်ဆိုင်ကိုပင် ရော့စ်မိဘများမှ နှစ်ပေါင်းများစွာ ဦးစီးခဲ့သဖြင့် စနစ်မှာ အတော်လေးခိုင်မာနေပြီ ဖြစ်သည်။ ထိုသို့ပင် ဖြစ်လင့်ကစား ကျင်းရှန်းစားသောက်ဆိုင်၏ အထွေထွေမန်နေဂျာ၏ အခြေခံနှစ်စဉ်လစာမှာ (၆) သိန်းဖြစ်ပြီး အခြားအမြတ်ဝေစုများပါပေါင်းလျှင် တစ်နှစ်လျှင် အနည်းဆုံး (၈) သိန်းခန့်ရရှိကြသည်။

စုဟယ်သည် ကျားဖန့်နှင့် ပိုင်ဖေးတို့နှင့် သိပ်မရင်းနှီးသဖြင့် သူတို့မှာ စုဟယ်ကို အမှန်အတိုင်းပြောပြမည် မဟုတ်ပေ။ သို့သော်လည်း ဟိုတယ်လုပ်ငန်းစု သုံးခုပိုင်ဆိုင်သော ဒေသခံသူဌေးတစ်ဦးမှာမူ စုဟယ်ကို ဒေသခံအချင်းချင်းဖြစ်သဖြင့် ခင်မင်စွာဖြင့်ပြောပြခဲ့သည်။ သူ့ဟိုတယ်မန်နေဂျာများ၏ နှစ်စဉ်လစာမှာ (၄) သိန်းဖြစ်သည်ဟု ဆိုသည်။ ထိုသူဌေးမှာပင် စုဟယ်ကို ပြောပြသည်မှာ နာမည်ကြီးလုပ်ငန်းစုကြီးများဖြစ်လျှင် လစာပို၍ပင် များလိမ့်မည်ဟူ၍ ဖြစ်၏။ ထိုလုပ်ငန်းစုကြီးများမှာ လုပ်ငန်းနယ်ပယ် ကျယ်ဝန်းပြီး ရာထူးတိုးလမ်းကြောင်းလည်း ပို၍ ရှင်းလင်းသည်။ သူတို့၏ အခန်းကဏ္ဍဆိုင်ရာ ကြီးကြပ်ရေးမှုးတစ်ဦး၏ လစာမှာပင် တစ်နှစ်လျှင် ယွမ် (၄) သိန်း ရှိနေပြီဖြစ်ပြီး ဒေသဆိုင်ရာ အထွေထွေမန်နေဂျာ ၏ လစာမှာ ယွမ် (၇) သိန်းဝန်းကျင် ရှိတတ်၏။ ဟဲယဲ့တည်းခိုခန်းကဲ့သို့ နာမည်မရှိသေးသော တည်းခိုခန်းလေးတစ်ခုအနေဖြင့် အရည်အချင်းရှိသူများကို ဆွဲဆောင်နိုင်ရန် လစာကို မြင့်မြင့်ပေးမှသာ ရပေလိမ့်မည်။ ထို့အပြင် ဟဲယဲ့တည်းခိုခန်း၏ အထွေထွေမန်နေဂျာမှာ တာဝန်အလွန်ကြီးမားပြီး အစမှ ပြန်စရမည် မဟုတ်ပါလား။

စုဟယ်၏စကားများကို ကြားပြီးနောက် စောစောက လစာများလှပြီဟု ထင်ခဲ့သော လီရှီမှာ ခေါင်းကိုသာကုတ်နေမိတော့သည်။ အကယ်၍ သူသာထိုမျှ အရည်အချင်းရှိလျှင် နာမည်ကြီးသော ဟိုတယ်ကိုသာ ရွေးချယ်မိပေလိမ့်မည်။ ဟဲယဲ့တည်းခိုခန်း၏လူမှုကွန်ရက် အကောင့်များတွင် များသောအားဖြင့် တည်းခိုခန်းရှိလှပပြီး အရသာရှိသော စားသောက်ဖွယ်ရာ ဓာတ်ပုံများ၊ တစ်ခါတစ်ရံ ယွမ်ဒန်ချူး ထိုက်ချီကစားနေသည့် ပုံများ သို့မဟုတ် ဆရာကြီးဝေလက်ရေးလှနေသည့် ပုံများကိုသာ တင်လေ့ရှိသည်။ အကြောင်းအရာများမှာ ဖျော်ဖြေရေးသက်သက်သာဖြစ်၏။ ယခုကဲ့သို့ တရားဝင် အလုပ်ခေါ်စာတင်လိုက်ခြင်းမှာ ရှားပါးလှသဖြင့် မှတ်ချက်ကဏ္ဍတွင် ချက်ချင်းပင် လူအများအပြား ရောက်လာကြသည်။

“ဝါး ဒါကတော့ ကျွန်မ လှမ်းမမှီတဲ့ အလုပ်ပဲ၊ ရှဲပေးလိုက်တယ်နော်”

“လူသစ်တွေ ခေါ်ပြီးရင် အခန်းတွေ ပိုစီစဥ်ပေးလို့ရမလား၊ ကျွန်တော်တို့မှာ တစ်ခန်းတောင် လုမရလို့ပါ”

“ပင်ပန်းနေပြီ၊ မက်မွန်ဂျယ်လီလေးတွေ စားချင်တယ်၊ ပစ္စည်းလေးတွေ မြန်မြန် အရောင်းတင်ပေးပါဦး တစ်ပတ်ရှိပြီ တစ်ခါမှ လုမရဘူး၊ လူတွေခေါ်ပြီးရင် ထုတ်လုပ်မှုနှုန်း မြန်မြန်မြှင့်ပေးပါ”

အချို့မှာလည်း မှတ်ချက်တွင် ဤသို့ ရေးကြသည်။

“ကျွန်တော် ကိုယ်ရေးရာဇဝင်တင်လိုက်ပြီ၊ အလုပ်ရသွားရင် အားလုံးအတွက် လက်ဆောင်ပစ္စည်းလေးတွေရအောင် လုပ်ပေးမယ်”

“တကယ်လား ကျွန်တော်တို့ရဲ့ မှတ်ချက်ကဏ္ဍထဲမှာ တကယ့်ပညာရှင်ကြီးတစ်ယောက် ရှိနေတာလား”

“လစာကတော့ တကယ့်ကို အထင်ကြီးစရာပဲ၊ ဒါပေမဲ့ သတ်မှတ်ချက်တွေကလည်း အရမ်းမြင့်တယ်၊ ကျွန်တော်တော့ မမီဘူး”

လီရှီသည် တည်းခိုခန်း၏လူမှုကွန်ရက်များတွင်သာမက အဓိက အလုပ်အကိုင် ရှာဖွေရေး ဆော့ဖ်ဝဲလ်များတွင်ပါ ဟဲယဲ့တည်းခိုခန်းအတွက် အထွေထွေမန်နေဂျာရာထူးကို တင်လိုက်သည်။ သို့သော် ရက်အနည်းငယ် ကြာပြီးနောက် ရလဒ်မှာမပြောပလောက်ပေ။ အီးမေးလ်ထဲတွင် ကိုယ်ရေးရာဇဝင် (၁၀) စောင်ကျော်လောက်သာ ရောက်လာသည်။ ထိုအစောင် (၁၀) ကျော်ထဲတွင် (၇) စောင်မှာ အဓိပ္ပာယ်မရှိဘဲ အသုံးမဝင်သော အစောင်များဖြစ်ပြီး ကျန်ရှိသည့် (၅) စောင်ထဲမှ (၃) စောင်မှာ သတ်မှတ်ချက်နှင့် မကိုက်ညီပေ။ ကျန်ရှိသည့် (၂) စောင်မှာသာ အရည်အချင်း အနည်းငယ်ပြည့်မီသည်။ သို့သော် စုဟယ်မှာ အင်တာဗျူးရန်ခေါ်လိုက်သောအခါ အလုပ်ရှာဖွေသူများမှာ သူတို့၏အတွေ့အကြုံနှင့် ပတ်သက်၍ ဝေဝေဝါးဝါးဖြစ်နေပြီး မေးခွန်းများကိုလည်း မဖြေနိုင်ကြပေ။ ၎င်းမှာ ကိုယ်ရေးရာဇဝင် အလိမ်အညာများသာဖြစ်ပြီး သူတို့မှာ စုဟယ်လောက်ပင် နားမလည်ကြချေ။ လီရှီသည် အလုပ်ခေါ်ရေး ဆော့ဖ်ဝဲလ်ကို နေ့တိုင်းစစ်ဆေးသော်လည်း ကိုယ်ရေးရာဇဝင်တင်သူ အလွန်နည်းပါးလှသည်။ အချို့အလုပ်ရှာဖွေသူများမှာ ကိုယ်ရေးရာဇဝင် ကောင်းမွန်သော်လည်း ဟဲယဲ့တည်းခိုခန်းမှာ လူသူဝေးသည့်နေရာမှ တည်းခိုခန်းလေးတစ်ခု ဖြစ်သည်ဟု ကြားသောအခါ ပျောက်သွားကြပြီး လီရှီကို ပြန်လည် မဖြေကြားလိုကြတော့ပေ။

“သူဌေး လူခေါ်ရတာ တကယ်ခက်တာပဲ”

လီရှီမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုပင် ပျောက်ဆုံးလာသည်။ ဟဲယဲ့တည်းခိုခန်းက တကယ်ပဲ အဲဒီလောက်အထိ ညံ့နေလို့လား။

“တင်း တောင်"

အထူးသတိပေးချက် တပ်ထားသော အီးမေးလ်သံ ထွက်ပေါ်လာသည်။ လီရှီ မျှော်လင့်ချက်အပြည့်ဖြင့် အီးမေးလ်ကို ဖွင့်ကြည့်လိုက်သော်လည်း လီရှီမှာ သက်ပြင်းချရင်း ပြောလိုက်၏။

“ဟာ ကိုယ်ရေးရာဇဝင် မဟုတ်ပြန်ဘူး”

“ဒါက အရောင်းမြှင့်တင်ရေးပါ”

စုဟယ်မှာ ခေါင်းကိုက်သွားရသည်။ အလုပ်ခေါ်တဲ့ အီးမေးလ်ထဲကိုတောင် ဘယ်လိုလုပ် ကြော်ငြာတွေပို့ရဲကြတာလဲ။

“ဘာတွေ လာရောင်းတာလဲ”

စုဟယ်က အားမပါသောအသံဖြင့် မေးလိုက်သည်။ လီရှီမှာ အီးမေးလ်ကို ကလစ်နှိပ်လိုက်ပြီး ဖတ်ပြလိုက်၏။

“ဒါက လူရှာပေးတဲ့ ကုမ္ပဏီတစ်ခုကပါ၊ သူတို့က ကျွန်တော်တို့နဲ့ သင့်တော်မယ့်သူတွေကို ရှာပေးနိုင်တယ်လို့ပြောတယ်၊ ဒါပေမဲ့ သူတို့က အဲဒီရာထူးရဲ့ နှစ်စဉ်လစာရဲ့ (၂၀) ရာခိုင်နှုန်းကို တောင်းတယ်”

“(၂၀) ရာခိုင်နှုန်း အဲဒါ ယွမ် (၂)သိန်းကြီးများတောင်"

လီရှီ ခေါင်းကိုခါယမ်းလိုက်သည်။ အဲဒါ အရမ်းဈေးကြီးလွန်းသည်။ ယွမ် (၂) သိန်းဆိုလျှင် အခြားဝန်ထမ်းတစ်ယောက်ကို တစ်နှစ်စာ အလုပ်ခန့်ထားလို့ရသည် မဟုတ်ပါလား။

“သူဌေး ဒါကိုပဲ လက်လျှော့လိုက်ကြမလား”

လီရှီမှာ ဘယ်လိုပဲတွက်တွက် အရှုံးပေါ်နေသည်ဟု ခံစားရသည်။ သို့သော် စုဟယ်မှာမူ အံကြိတ်ကာဆုံးဖြတ်လိုက်၏။

“စမ်းကြည့်ကြတာပေါ့၊ ယွမ် (၂) သိန်းဆိုလည်း ပေးလိုက်မယ်”

ယခုအချိန်တွင် လူရဖို့မှာ ပထမဦးစားပေးဖြစ်သည်။ ယုံကြည်စိတ်ချရသူတစ်ယောက်မရှိဘဲနှင့်တော့ လူခေါ်လျှင်လည်း အောင်မြင်မည်မဟုတ်ပေ။

All Chapters