← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

191

ယဲ့ချင်နှင့် စုချန်တို့သည် ရေသန့်ဘူးများ ထည့်ထားသည့် သေတ္တာများကို ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသို့ သယ်ဆောင်လာကြသည်။ ယဲ့ချင် နဖူးပေါ်မှ ချွေးများကို သုတ်လိုက်၏။ ရာသီဥတုမှာ အေးမြလာပြီဖြစ်သော်လည်း လုပ်ငန်းခွင်ထဲတွင် ခဏတဖြုတ် အလုပ်ကူလုပ်လိုက်ရုံနှင့် သူမ တစ်ကိုယ်လုံး ပူလောင်အိုက်စပ်လာရသည်။ စုချန်မှာ လှုပ်ရှားသက်ဝင်နေသည့် ဆောက်လုပ်ရေးခွင်ကို ကြည့်ကာ အံ့ဩတကြီး ရေရွတ်လိုက်၏။

“အမလေး ဒီမသန်စွမ်းသူတွေက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ၊ အလုပ်လည်း အရမ်းကြိုးစားကြသလို အလုပ်လုပ်တာလည်း မြန်မှမြန်ပဲ"

ယဲ့ချင်မှာ သူ့ကို အမြန်ပင် ပါးစပ်ပိတ်ရန် သတိပေးလိုက်သည်။

“ရှင် ဘာတွေပြောနေတာလဲ သူတို့သာ ကြားသွားရင် ဘယ်လောက် စိတ်မကောင်းဖြစ်လိုက်မလဲ၊ ဒါက သူတို့ကို ခွဲခြားဆက်ဆံရာ မကျဘူးလား၊ ရှောင်ဟယ် ပြောထားတယ်လေ သူတို့ကို အားနည်းတဲ့သူတွေလို မကြည့်ပါနဲ့ အားလုံးကို တန်းတူညီမျှ ဆက်ဆံပါဆိုတာ မေ့သွားပြီလား”

စုချန် အနည်းငယ် အားမလိုအားမရ ဖြစ်သွားပုံဖြင့် ပြန်ပြောသည်။

“ငါလည်း တန်းတူညီမျှ ဆက်ဆံနေတာပါပဲ ဒါပေမဲ့ သူတို့က အလုပ်လုပ်တာ မြန်လွန်းလို့ပါ၊ အဆောက်အဦးရဲ့ အခြေခံအုတ်မြစ်ကို တစ်ရက်တည်းနဲ့ တူးလို့ပြီးသွားပြီလေ ဘယ်လိုတောင် မြန်တဲ့နှုန်းလဲ ဒါက ဒါက"

မှင်စာအင်ဂျင်နီယာများ၏ အလုပ်လုပ်နှုန်းမှာ အမှန်တကယ်ပင် မှင်သက်ဖွယ် ကောင်းလှသည်။ သူတို့သည် အရပ်အမောင်း သေးငယ်ကြသော်လည်း ထူးကဲသော သွက်လက်ချက်ချာမှုနှင့် ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ ကြည့်ရှုမှုအောက်တွင် ကြီးမားလှသော မြေတူးစက်များနှင့် တူးဖော်ရေးစက်ယန္တရားကြီးများမှာ သက်ရှိများအလား လှုပ်ရှားလာပြီး မြေပြင်ကို တိကျမြန်ဆန်စွာ တူးဆွနေကြ၏။ စက်ကိရိယာများ၏ ဟိန်းဟောက်သံနှင့်အတူ မြေကြီးနှင့် ကျောက်တုံးများမှာ လျင်မြန်စွာ ဖယ်ရှားခံလိုက်ရပြီး ခိုင်ခံ့သော အုတ်မြစ်နေရာကြီး ပေါ်ထွက်လာတော့သည်။

မနေ့က မွန်းလွဲပိုင်းအထိ ဤနေရာမှာ ပျက်စီးယိုယွင်းနေသော အဆောက်အဦး အကြွင်းအကျန်များသာ ရှိခဲ့သော်လည်း ယခုအခါ၌မူ အလွန်ပင် စည်ကားနေသော မြင်ကွင်းအဖြစ် ပြောင်းလဲသွားသည်ကို စုချန်နှင့် ယဲ့ချင်တို့ ကောင်းကောင်းမှတ်မိနေသည်။ ထို့အပြင် ဤအလုပ်သမားများမှာ အလုပ်တွင်ရုံတင် မဟုတ်ဘဲ အင်ဂျင်နီယာပိုင်းဆိုင်ရာ အရည်အသွေးကိုလည်း အလွန်ပင် တင်းကျပ်စွာ စစ်ဆေးကြ၏။ အဖွဲ့ခေါင်းဆောင်သည် အုတ်မြစ်၏ အနက်နှင့် အကျယ်မှာ အဆောက်အအုံ စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို အသေးစိတ် ဂရုတစိုက် စစ်ဆေးလေသည်။

စုချန်မှာမူ စုဟယ်သည် ငယ်ရွယ်သူဖြစ်သဖြင့် ဆောက်လုပ်ရေးအဖွဲ့၏ လိမ်လည်လှည့်ဖြားမှုကို ခံရမည်စိုး၍ ယဲ့ချင်ကိုပါ အတင်းအကျပ် ခေါ်ဆောင်ကာ လုပ်ငန်းခွင်သို့ လာရောက်ကူညီခြင်း ဖြစ်သည်။ သို့သော်လည်း မထင်မှတ်ထားသည်မှာ ဤအလုပ်သမားများမှာ အလွန်ပင် ရိုးသားကြခြင်းဖြစ်၏။ အလုပ်စလုပ်သည်နှင့် မနားတမ်း လုပ်ကိုင်ကြသဖြင့် စုချန်နှင့် ယဲ့ချင်တို့မှာပင် အားနာစိတ် ဖြစ်လာရသည်။ ထို့ကြောင့် စုဟယ်မှာ ဤအလုပ်သမားများသည် သူတို့ဘာသာ စားသောက်ကြလိမ့်မည်ဟု ပြောထားသော်လည်း သူတို့ဇနီးမောင်နှံမှာ ရေသန့်သေတ္တာများကို သွားရောက်ဝယ်ယူလာခဲ့ကြခြင်း ဖြစ်သည်။ စုချန် ရေသန့်သေတ္တာများကို တစ်ဖက်တွင် ပုံလိုက်ပြီး အော်ပြောလိုက်၏။

“ဆရာတို့ ဒီမှာ သောက်ရေ ရှိပါတယ်၊ လိုသလောက် သောက်ကြပါ"

ထိုသို့ပြောပြီးနောက် သူသည် အရိပ်ရသည့် နေရာတစ်ခုသို့ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။ သူသည် ဆောက်လုပ်ရေးခွင်ထဲသို့ တစ်ဖန်ပြန်ဆင်းရန် မဝံ့တော့ပေ။ ယနေ့နံနက်က စုချန်သည် ဆောက်လုပ်ရေးခွင်ထဲတွင် အလုပ်သမားများနှင့် စကားစမြည်ပြောရန် ကြိုးစားခဲ့သော်လည်း သူ ဆင်းသွားသည်နှင့် တစ်ပြိုင်နက် ဝိုင်းစက်နေသော မျက်လုံးကြီးများမှာ သူ့ကို စူးစိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသည်။ ထို့အပြင် ထိုအလုပ်သမားများ တိုးတိုးတိတ်တိတ် ပြောဆိုနေသံများကိုလည်း ကြားလိုက်ရ၏။

“ဘာမူယြေဝါ်ဟောဝ်ဟောဝ်သျှီစျိထျန်းထျန်းရှန့်ရှန့်”

“ကွမ်းလုံပုဖန်ပုဖျင် ရှီထိုက်ချောင်းကျိ"

စုချန်သည် တစ်လုံးမှနားမလည်ပေ။ ဤအလုပ်သမားများ ပြောဆိုနေသည့် ဒေသန္တရစကားမှာ အလွန်ပင်ခက်ခဲလွန်းလှသည်။ သို့သော် ထိုအလုပ်သမားများမှာ သူ့အကြောင်းကို ပြောနေကြသည်ဟု သူအမြဲတမ်း ခံစားနေရ၏။ ၎င်းမှာ စုချန်ကို အလွန်ပင် နေရခက်စေသဖြင့် သူသည် လူမိသွားသော ပုံစံဖြင့် မြေပြင်ပေါ်သို့ ခပ်မြန်မြန် ပြန်တက်လာခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ စုချန်နှင့် ယဲ့ချင်တို့မှာ အပြင်ဘက်မှသာ ရပ်၍ ကြီးကြပ်နေနိုင်တော့သည်။ ကြီးကြပ်သည်ဆိုသည်မှာလည်း အဆင့်တစ်ခုပြီးတိုင်း ပုံစံထုတ်ထားသည့် ဒီဇိုင်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို သူတို့နှစ်ဦးမှာ တိုက်ဆိုင်စစ်ဆေးနေခြင်းသာ ဖြစ်သည်။ သူတို့နှစ်ဦးသည် စင်ပေါ်တွင် ရပ်နေရင်း အလုပ်သမားလေးများ ဟိုဟိုဒီဒီ သွက်လက်စွာ ကူးသန်းနေကြသည်ကို ကြည့်နေကြ၏။ စုချန်သည် အလုပ်သမားတစ်ဦး ကျောက်တုံးတစ်ခုပေါ်တွင် ခလုတ်တိုက် လဲကျသွားသည်ကို ဝေဝါးစွာ မြင်လိုက်ရသည်။ ထိုအခါ ထိုသူ့တစ်ကိုယ်လုံးမှာ နဂိုထက် သုံးပုံတစ်ပုံခန့် ပို၍သေးငယ်သွားသည် မဟုတ်ပါလား။

‘အို ဘုရားရေ၊ သူ ဘယ်လောက်တောင် ခပ်ပြင်းပြင်းလဲကျသွားတာလဲ၊ ခြေထောက်တော့ကျိုးသွားပြီထင်တယ် မဟုတ်ရင် လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး သုံးပုံတစ်ပုံလောက် ပုဝင်သွားရမှာလဲ’

စုချန်မှာ အောက်သို့အပြေးအလွှား ဆင်းသွားရန် ပြင်လိုက်သော်လည်း ထိုအလုပ်သမားမှာ ဘာမှမဖြစ်သကဲ့သို့ ဘောင်းဘီကိုခါလိုက်ကာ ဦးထုပ်ကို ပြန်ဆောင်း၍ ဖိနပ်ကြိုးကိုပြန်ချည်ပြီး ထွက်သွားသည်ကို မြင်လိုက်ရသည်။ စုချန်မှာ မျက်လုံးကိုပွတ်ကြည့်လိုက်ရတော့၏။ သူတကယ်ပဲ အိုသွားလို့ မျက်စိမှုန်ပြီး မှားမြင်တာလားဟု သံသယဝင်မိသည်။ ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့်နေစဉ်မှာပင် အလုပ်သမားများ အလုပ်ဆင်းချိန်သို့ ရောက်ရှိသွား၏။ ဤအလုပ်သမားများသည် အလုပ်စလုပ်လျှင်လည်း မြန်ဆန်သကဲ့သို့ အလုပ်ဆင်းလျှင်လည်း ပို၍ပင် မြန်ဆန်ကြသေးသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဦးထုပ်ဆောင်းထားသော အလုပ်သမားအားလုံးသည် နှစ်ထပ်ဘတ်စ်ကားကြီးပေါ်သို့ တက်ကာ ချက်ချင်းပင်ထွက်ခွာသွားကြတော့၏။ ထိုအလုပ်သမားများနှင့် ထိတွေ့ပြီးနောက် စုချန်သည် သူတို့၏အကြောင်းပြချက်ကိုနားလည်လာသည်။ ဤအလုပ်သမားများ အလုပ်ကို ဇောက်ချလုပ်ကိုင်နေခြင်းမှာ နံနက် (၈) နာရီမှ ညနေ (၅) နာရီအထိ အချိန်တိကျစွာ လုပ်ကိုင်ပြီး အိမ်သို့ စောစောပြန်ချင်သောကြောင့်ဖြစ်လိမ့်မည်ဟု သူကတွေးမိ၏။ စုချန်သည် သူတို့ဘဝအပေါ်ထားရှိသော သဘောထားကို ပို၍ပင်လေးစားလာမိသည်။

သို့သော် စုချန်နှင့် ယဲ့ချင်တို့မသိလိုက်သည်မှာ ဘတ်စ်ကားကြီး မောင်းထွက်သွားပြီးနောက် နာရီဝက်ခန့်အကြာတွင် မူလနေရာသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ထိုမှင်စာအင်ဂျင်နီယာများမှာ ညဆိုင်းကိုဆက်လက်လုပ်ကိုင်ရဦးမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စနစ်မှာ စီမံကိန်းတစ်ခုလုံးကို မှင်စာအင်ဂျင်နီယာများထံ တိုက်ရိုက် လွှဲအပ်ထားခြင်းဖြစ်ရာ သီအိုရီအရ သူတို့အလုပ်မြန်မြန်ပြီးလေ ငွေပိုရလေ ဖြစ်သည်။ အမြဲတမ်းခြိုးခြံချွေတာတတ်သော မှင်စာအင်ဂျင်နီယာများသည် ဆောက်လုပ်ရေးကာလကို ကြန့်ကြာအောင် မလုပ်ကြပေ။ ထို့ပြင် ဤစီမံကိန်းကို အမြန်ဆုံးအပြီးသတ်ကာ နောက်စီမံကိန်းအသစ်တစ်ခုကို စောစောစီးစီးလက်ခံနိုင်ရန်သာ သူတို့ ဆန္ဒရှိကြသည်။

ညအချိန်ရောက်၍ မှောင်ရီပျိုးလာသည့်အခါ ဆောက်လုပ်ရေးခွင်၌ မီးထွန်းထားခြင်းမရှိပေ။ ထို့ပြင် မှင်စာအင်ဂျင်နီယာများမှာ လူပုံဖျက်ထားသည်များကို ဖယ်ရှားလိုက်သည့်အခါ အရပ်မှာတစ်မီတာခန့်သာရှိတော့ပြီး အသားအရည်မှာလည်း မည်းနက်နေသဖြင့် မီးအိမ်နှင့်လိုက်ရှာလျှင်ပင် သူတို့ကိုတွေ့ရှိရန် ခက်ခဲလှသည်။ ထို့ကြောင့် မှင်စာအင်ဂျင်နီယာများသည် လွတ်လပ်စွာ လှုပ်ရှားနိုင်ကြတော့၏။ နေ့ခင်းဘက်တွင် လေးလံ‌နှေးကွေးသည်ဟု ထင်ရသော မြေတူးစက်ကြီးများသည် ညအချိန်၌မူ သွက်လက်လာကြသည်။ မြေတူးစက်၏ ကိုယ်ထည်မှာ စတင်အသွင်ပြောင်းလာပြီး မူလ စက်လက်တံတစ်ခုတည်းမှ နောက်ထပ် လက်တံငါးခု ရုတ်တရက် ထွက်ပေါ်လာ၏။ ဤလက်တံခြောက်ခုသည် အလွန်ပင် သွက်လက်စွာ လှုပ်ရှားနေကြပြီး တစ်ပြိုင်နက်တည်း အလုပ်လုပ်ကြသဖြင့် အလွန်ပင် ထိရောက်မှု ရှိလှသည်။ မြေတူးခြင်း၊ မြေတင်ခြင်း၊ မြေညှိခြင်း အလုပ်အားလုံးကို လက်တံခြောက်ခု၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ခဏချင်း ပြီးမြောက်စေသည်။ စက်တစ်လုံးတည်းမှ စက်ခြောက်လုံးစာ ခွန်အားကို ထုတ်ပေးနေခြင်းဖြစ်၏။ နေ့ခင်းဘက်က အမှတ်မထင် ခလုတ်တိုက် လဲကျခဲ့သော မှင်စာအင်ဂျင်နီယာမှာ စုဟယ်၏ မိတ်ဆွေဟောင်း မှင်စာအင်ဂျင်နီယာ (၀၃၆) ပင်ဖြစ်သည်။ သူ၏ ကိုယ်ထည်ပတ်လည်တွင် မှိန်ပျပျ အလင်းတန်းလေးတစ်ခု ဝန်းရံနေပြီး မြေပြင်ပေါ်၌ ကမ္ဘာ့ဆွဲအားမှ လွတ်မြောက်နေသကဲ့သို့ လွင့်မြောနေသည်။ သူသည် လေထဲတွင် လွတ်လပ်စွာ လွင့်မြောရင်း ကြီးမားလှသော ဖျန်းစက်ပိုက်ကြီးကို ကိုင်ကာ ကွန်ကရစ်လောင်းခြင်း လုပ်ငန်းကို ထိန်းချုပ်နေ၏။ သူ့ခြေထောက်နှစ်ဖက်မှာ အလွန်တိုလှသည်။ နေ့ခင်းဘက်တွင် ထိုခြေထောက်တိုလေးများဖြင့် မောဟိုက်နေအောင် လမ်းလျှောက်ခဲ့ရသည်မှာ သူ့အတွက် တကယ်ပင် ပင်ပန်းလှသည်။

သို့သော် သူ့အရည်အချင်းမှာ မပြည့်စုံသေးသဖြင့် (၀၃၆) ဟူသော နံပါတ်ကိုသာ ရရှိထားခြင်း ဖြစ်သည်။ သို့သော် သူ့နံပါတ်မှာ (၀၃၆) ဖြစ်နေပြီး ဂဏန်းနှစ်လုံးဖြစ်နေသောကြောင့် မြေတူးစက် မောင်းနှင်သည့် အလုပ်ကိုမရရှိခဲ့ပေ။ ထို့ကြောင့် အရပ်မြင့်စေသော ဖိနပ်များနှင့် ဦးထုပ်အမြင့်ကြီးများကို ခက်ခက်ခဲခဲဝတ်ဆင်ကာ လူယောင်ဆောင်နေရခြင်းဖြစ်သည်။ (၀၃၆) ဝမ်းနည်းစွာ သက်ပြင်းချလိုက်သော်လည်း မကြာမီမှာပင် ပြန်လည်ပျော်ရွှင်သွား၏။ မြေပြင်ပေါ်တွင် အလုပ်လုပ်ရလျှင် တွေ့ရှိသမျှ ဆောက်လုပ်ရေး အညစ်အကြေးများမှာ သူ့ပိုင်ဆိုင်မှု ဖြစ်လာမည်ဖြစ်ရာ သံတိုသံစများ ရောင်းခြင်းဖြင့် ငွေပိုရနိုင်သည်မဟုတ်ပါလား။ ယနေ့ နေ့ခင်းဘက်က ကျောက်တုံးကြီးတစ်ခုထဲတွင် သံချောင်းတစ်ချောင်းကို သူမြင်လိုက်ရသည်။ ထိုသံချောင်းကို သူအလွန်ပင် မက်မောသွားသဖြင့် သွားကောက်သည့်အချိန်တွင် ခြေလှမ်းကို သတိမထားမိဘဲ လဲကျသွားခဲ့ခြင်းဖြစ်၏။

ကွန်ကရစ်လောင်းခြင်းနှင့် အုတ်မြစ်ညှိခြင်းလုပ်ငန်း ပြီးဆုံးသွားပြီးနောက် (၀၃၆) သည် နောက်ထပ်အလုပ်တစ်ခုဆီသို့ အပြေးအလွှားသွားရောက်ရပြန်သည်။ မှင်စာအင်ဂျင်နီယာများ၏ လုပ်ခလစာခွဲဝေမှုမှာလည်း 'အလုပ်ပိုလုပ်လေ၊ ငွေပိုရလေ' ဟူသော စနစ်ပေါ်တွင် အခြေခံထားခြင်းဖြစ်၏။ သူသည် နောက်ထပ်အလုပ်တစ်ခုဆီသို့ အမြန်သွားရပေမည်။ မဟုတ်လျှင်မူ အလုပ်ကောင်းများကို သူများဦးသွားပေလိမ့်မည်။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် သဘာဝကျကျ ပုံဖျက်နိုင်ရန်နှင့် စုချန်တို့ ဇနီးမောင်နှံကို စိတ်အေးစေရန်အတွက် ဆောက်လုပ်ရေးတွင် လိုအပ်သော ဘိလပ်မြေ၊ သဲ၊ ကျောက်နှင့် သံချောင်းများကို ထောင့်တစ်နေရာတွင် ပုံထားပြီးသားဖြစ်သည်။ (၀၃၆) သည် ယခုအခါ အင်္ဂတေစပ်ရန်အတွက် ဘိလပ်မြေအိတ်အသစ် တစ်အိတ်ကို သွားယူရန် လိုအပ်၏။ ပစ္စည်းများ သိုလှောင်ထားသည့် နေရာမှာ သူရှိသည့် နေရာနှင့် အတန်ငယ် ဝေးကွာလှသည်။ (၀၃၆) မှာဘယ်သူမှ မရှိသည့်အချိန်တွင် ဤပစ္စည်းအချို့ကို သူ့ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ အရင်ထည့်ထားလိုက်မည်ဟု တွေးလိုက်၏။ ထိုသို့ဆိုလျှင် ပစ္စည်းယူရန် ခေါက်တုံ့ခေါက်ပြန် သွားနေစရာမလိုတော့ပေ။ အချိန်ကုန်သက်သာပြီး အလုပ်ပိုလုပ်နိုင်မည်ဟု (၀၃၆) ပျော်ရွှင်စွာ တွေးတောနေမိသည်။ သူ ပစ္စည်းပုံနားသို့ ရောက်ခါနီးတွင် လူရိပ်တစ်ခုကို လှမ်းမြင်လိုက်ရလေတော့၏။

192

နက်ရှိုင်းလှသော ညဉ့်နက်သန်းခေါင်ယံအချိန်သည် အကောင်းဆုံး ဖုံးကွယ်မှုကို ပေးစွမ်းနိုင်၏။ မှောင်မိုက်နေသော အမှောင်ထုသည် မှင်စာ (၀၃၆) ကို ဖုံးကွယ်ထားသလို ဘိလပ်မြေနှင့် ကျောက်ခဲပုံများဘေးတွင် ဝပ်နေသော လူရိပ်တစ်ခုကိုလည်း ဖုံးကွယ်ပေးထားသည်။ (၀၃၆) သည် အနည်းငယ် စိုးရိမ်စိတ်ဝင်နေမိ၏။ သူသည် သူ၏ ဘေးကင်းလုံခြုံရေး ဦးထုပ်ကို ပြန်ပြင်ချင်သော်လည်း စုချန်နှင့် ယဲ့ချင်တို့ ပြန်သွားပြီးနောက်တွင် အလွန်လေးလံလှသော ဦးထုပ်နှင့် ဖိနပ်အမြင့်ကြီးများကို ချွတ်ထားခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။ ယခုအခါ သူသည် လူပုံဖျက်မထားတော့ပေ။ အကယ်၍ အပြင်လူတစ်ယောက်ယောက်က တွေ့သွားခဲ့လျှင် ဘယ်လိုလုပ်မလဲ။ ထူးခြားမှုတစ်စုံတစ်ရာကို တစ်ဖက်လူ သိရှိသွားပါက စနစ် မှ အလွန်စျေးကြီးသော သဲလွန်စဖျောက်ခ များကို ကောက်ခံပေလိမ့်မည်။ (၀၃၆) သည် မိမိ၏ လုပ်ခလစာများကို အဆုံးရှုံးမခံလိုပေ။ ထို့ကြောင့် သူသည် တစ်ဖက်တွင် ကပ်၍ ဝပ်နေရင်း ဘာဆက်လုပ်ရမည်ကို မဝေခွဲနိုင်ဘဲ ဖြစ်နေသည်။

ထိုစဉ်မှာပင် ကျောက်ခဲပုံဘေးမှ လူရိပ်မှာ စတင်လှုပ်ရှားလာသည်။ ထိုလူသည် အနက်ရောင် အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးထုပ်အနက်ကို ဆောင်းကာ မျက်နှာကိုလည်း နှာခေါင်းစည်း ဖြင့် အုပ်ထားသဖြင့် ညအမှောင်တွင် အရိပ်တစ်ခုအလား ထင်မှတ်ရ၏။ သူ၏ လှုပ်ရှားမှုများမှာ သွက်လက်လွန်းလှသဖြင့် (၀၃၆) ပင် သူမည်သည့်အချိန်ကတည်းမှ ခိုးကြောင်ခိုးဝှက် ရောက်နေမှန်း မသိလိုက်ပေ။ သို့သော်လည်း ထိုလူမှာ အလွန်အမင်း ဂရုတစိုက်ရှိပုံရသည်။ သူသည် ခြေသံကို အတတ်နိုင်ဆုံး လျှော့၍ ဖွဖွနင်းလျှောက်နေပြီး နားကို စွင့်ကာ ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသမျှ အသံများကို အကဲခတ်နေ၏။ ရံဖန်ရံခါတွင်လည်း ခေါင်းကို ရုတ်တရက် လှည့်ကြည့်တတ်သေးရာ အသေးအဖွဲ ကိစ္စလေးများမှာပင် သူ့ကို လန့်သွားစေပုံရသည်။ ကံကောင်းထောက်မစွာဖြင့် (၀၃၆) သည် လူသားတို့၏ အပြုအမူကို ကောင်းစွာ နားမလည်သောကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် ထိုလူ၏ ရုတ်တရက် လှုပ်ရှားမှုများကြောင့် (၀၃၆) ပါ လန့်သွားနိုင်ပါသည်။

ကျူးတာ့ထိုဆိုသူမှာ ဤမြို့သစ် ဧရိယာတွင် ကျင်လည်ကျက်စားနေသည်မှာ ကြာပြီဖြစ်သည်။ သူသည် ဖုန်တထောင်းထောင်း ထနေသော ဆောက်လုပ်ရေးခွင်များကြားတွင် အလွန်ပင် သွက်လက်ပြီး ကျွမ်းကျင်လှသူ ဖြစ်၏။ သာမန်လူများအတွက်မူ ဤနေရာသည် ဆူညံပူလောင်ပြီး ရှုပ်ထွေးလှသည့် နေရာတစ်ခုသာ ဖြစ်သော်လည်း ကျူးတာ့ထိုအတွက်မူ ရတနာများ ရှာဖွေနိုင်သည့် နေရာတစ်ခုပင်။ သူ၏ မျက်လုံးများမှာ ထက်မြက်လှပြီး ရှုပ်ပွနေသော အပျက်အစီးများကြားတွင် လူများ လျစ်လျူရှုထားသည့် ရတနာများကို အမြဲ ရှာတွေ့တတ်သည်။ ကွေးနေသော သံချောင်းများ၊ ကြိုးစအပြတ်များ၊ တစ်ခါတစ်ရံတွင်မူ အကောင်းအတိုင်း ရှိနေသေးသော ကေဘယ်ကြိုးလိုင်းများကိုပင် သူက ကောက်ရတတ်သေး၏။ ကျူးတာ့ထိုသည် ဆောက်လုပ်ရေးခွင်၏ ထောင့်များကို သွက်လက်စွာ ကူးသန်းသွားလာရင်း မြေကြီးတစ်လက်မချင်းစီကို ရှာဖွေသည်။ တန်ဖိုးရှိသော အရာတစ်ခုခုကို တွေ့လိုက်တိုင်း သူ၏ မျက်နှာထက်တွင် အောင်နိုင်သူတစ်ယောက်၏ အပြုံးမျိုး ပေါ်လာတတ်ပြီး ထိုပစ္စည်းများကို ကျွမ်းကျင်စွာ သိမ်းဆည်းသယ်ဆောင်သွားလေ့ရှိ၏။ ယနေ့သည် သူ၏ ကံကောင်းသောနေ့ ဖြစ်မည်မှာ သေချာလှသည်။ ပြန်လည်နေရာချထားရေး အိမ်ရာဆောက်လုပ်ရေးခွင်မှ လွှင့်ပစ်ထားသော သံချောင်းအနည်းငယ်ကိုသာ သူ ကောက်ရခဲ့သဖြင့် ယနေ့တော့ ကံဆိုးပြီဟု တွေးနေစဉ်မှာပင် မြို့သစ်အတွင်း၌ ဆောက်လုပ်ရေးခွင် အသစ်တစ်ခုကို မထင်မှတ်ဘဲ တွေ့လိုက်ရခြင်းဖြစ်၏။ ထို့ကြောင့် သူသည် ဤနေရာတွင် ကံစမ်းရန် ဆုံးဖြတ်လိုက်သည်။

ထင်သည့်အတိုင်းပင်၊ ဤဆောက်လုပ်ရေးခွင်သစ်၏ ပိုင်ရှင်မှာ မြို့သစ်၏ ဓလေ့ထုံးစံကို နားမလည်သူ ဖြစ်ရမည်။ သံချောင်းထုပ်များကို အပြင်ဘက်တွင် ဒီအတိုင်း ပုံထားပြီး ခွေးတစ်ကောင်တောင် ချည်မထားသည်ကို တွေ့ရ၏။ ကျူးတာ့ထိုမှာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရာ ဘယ်သူမှ မရှိသည်ကို သိလိုက်ရသဖြင့် သူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ တဖွားဖွား ပေါ်ပေါက်လာသည်။ ဤသံချောင်းများအားလုံးသည် သူ၏ ပိုင်ဆိုင်မှုများ ဖြစ်တော့မည်။ သူသည် သံချောင်းများကို မြေပြန့်သည့် နေရာသို့ အရင်ဆွဲထုတ်သွားပြီးမှ သူ၏ ကားလေးကို မောင်းလာကာ သယ်သွားရန် စီစဉ်လိုက်သည်။ ကျူးတာ့ထိုသည် အလွန်အတွေ့အကြုံ ရှိသူဖြစ်ရာ ဤသံချောင်းများမှာ လေးလံသဖြင့် တစ်ကြိမ်တည်းနှင့် အကုန်မသယ်နိုင်သည်ကို သူသိ၏။ တစ်ပတ်လျှင် အနည်းငယ်စီ ခွဲသယ်မည်ဆိုပါက ဆောက်လုပ်ရေးခွင်ဘက်မှ သိလိုက်မည်ပင် မဟုတ်ပေ။

ကျူးတာ့ထိုသည် သံချောင်းများဆီသို့ လက်လှမ်းလိုက်ပြီး သူ၏ 'အလုပ်' ကို စတင်ရန် ပြင်လိုက်စဉ်မှာပင်၊ ရုတ်တရက် တစ်စုံတစ်ဦး တိုးတိုးတိတ်တိတ် ရေရွတ်နေသံကဲ့သို့ ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရသည်။ သူသည် ထိတ်လန့်တကြား ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း ဘာမှ မတွေ့ရပေ။ ဆောက်လုပ်ရေးခွင်ကြီးမှာ ပိတ်ပိတ်မှောင်နေဆဲဖြစ်ပြီး မည်သည့်အရာမှ ရှိမနေပေ။ ကျူးတာ့ထို သူ့ကိုယ်သူ ပြန်၍ ကျိန်ဆဲလိုက်သည်။ ပစ္စည်းကောင်းကောင်း မတွေ့ရသည်မှာ ကြာပြီဖြစ်၍ လက်ရည်ကျသွားပြီး အခုလို သူရဲဘောကြောင်နေခြင်းမှာ သူနှင့် မတူလှပေ။ စိတ်ကို ပြန်လည်စုစည်းပြီး ကျူးတာ့ထို သူ့အလုပ်ကို ဆက်လုပ်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုတိုးတိတ်သော အသံမှာ သူ့နားသို့ တစ်စထက်တစ်စနီးကပ်လာ၏။ ကျူးတာ့ထို၏ တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ ထသွားတော့သည်။ ခုနက အသံမှာ သူ စိတ်ထင်သည် မဟုတ်ဘဲ တစ်ခုခု ရှိနေသည်ကို သူ အသေအချာ သိလိုက်ရပြီ။ အသံမှာ သူ့နားနားလေးတွင် ရှိနေသလိုလို အဝေးတစ်နေရာမှ ပဲ့တင်သံလိုလိုနှင့် ဝေခွဲမရနိုင်ပေ။ ကျူးတာ့ထို၏ နှလုံးခုန်သံမှာ မြန်ဆန်လာပြီး မေးလိုက်သည်။

“ဘယ်သူလဲ ငါက လမ်းကြုံလို့ ဝင်လာတာပါ၊ မင်းက ဘယ်သူလဲ”

သူသည် အသံလာရာကို လိုက်ရှာသော်လည်း ဘာမှမတွေ့ရပေ။ အသံမှာ သူနှင့်အတူ လိုက်ပါလှုပ်ရှားနေသကဲ့သို့ပင်။ တစ်ခါတစ်ရံ အဝေးသို့ရောက်သွားလိုက် တစ်ခါတစ်ရံ နီးကပ်လာလိုက် တစ်ခါတစ်ရံ ဘယ်ဘက် တစ်ခါတစ်ရံ ညာဘက်နှင့်ဖြစ်နေသည်။ သူ ဘယ်လောက်ပဲကြည့်ကြည့် ဘာမှကို မတွေ့ရခြင်းဖြစ်၏။ ကျူးတာ့ထိုသည် တံတွေးကို အနိုင်နိုင် မြိုချလိုက်ပြီး သတ္တိကို မွေးကာ ခြေလှမ်းများကို ဂရုတစိုက် ရွှေ့လိုက်သည်။ ခြေလှမ်းတိုင်းမှာ ဂွမ်းပေါ်တွင် နင်းနေရသကဲ့သို့ ပေါ့ပါးလွင့်မြောနေပြီး သူ၏ ခြေထောက်များမှာလည်း ပျော့ခွေနေပြီဖြစ်သည်။ ‘မကောင်းမှု မလုပ်ဖူးရင် သရဲတံခါးခေါက်တာကို မကြောက်နဲ့’ ဆိုသည့် စကားရှိသော်လည်း၊ ပြဿနာမှာ သူက မကောင်းမှု လုပ်နေခြင်းပင်။ အသံမှာ ပို၍ နီးကပ်လာပြီး ပို၍လည်း ရှင်းလင်းလာရာ ကျူးတာ့ထိုသည် သူ၏ ခြေဖျားမှ ဦးခေါင်းအထိ စိမ့်တက်သွားသော အအေးဓာတ်ကို ခံစားလိုက်ရသည်။ ရုတ်တရက်ဆိုသလို အသံမှာ သူ၏ နောက်ကျောတည့်တည့်မှ ထွက်ပေါ်လာပြီး သူ၏ ခြေထောက်ကို တစ်စုံတစ်ခုက လာထိလိုက်သလို ခံစားလိုက်ရသည်။ ကျူးတာ့ထိုသည် မြို့သစ်တွင် ပြောစမှတ်ပြုကြသော ကောလာဟလတစ်ခုကို ရုတ်တရက် သတိရသွား၏။ ဤနေရာသည် ယခင်က လူသေအလောင်းများကို အစုလိုက်အပြုံလိုက် မြှုပ်နှံခဲ့သည့် နေရာဟောင်း ဖြစ်သည်တဲ့။ သူများ သင်္ချိုင်းကုန်း သို့မဟုတ် ဂူဗိမာန် တစ်ခုခုပေါ်ကို နင်းမိသွားခြင်းလား။ သူ ထပ်ပြီး ထိန်းမထားနိုင်တော့ဘဲ အော်ဟစ်ကာ လှည့်ပြေးတော့သည်။

သို့သော်လည်း ကျူးတာ့ထိုသည် မိမိရောက်နေသည်မှာ ကျောက်ခဲပုံများရှိပြီး မြေပြင်မညီညာသော ဆောက်လုပ်ရေးခွင်ထဲ၌ ဖြစ်သည်ကို မေ့သွားခဲ့သည်။ သူ ခြေချော်သွားပြီး ဘောလုံးတစ်လုံးကဲ့သို့ လိမ့်သွားကာ အုတ်ခဲအကျိုးများနှင့် ခေါင်းကို ဆောင့်မိသွားတော့၏။ သူ၏ နဖူးကွဲသွားပြီး သွေးများ စီးကျလာသည်။ သို့သော် ကျူးတာ့ထို မရပ်ဝံ့ပေ။ သူ၏ သွေးထွက်နေသော ခေါင်းကို စမ်းကြည့်လိုက်စဉ်မှာပင် ခြေထောက်တွင် တစ်စုံတစ်ခု ထပ်မံ လှုပ်ရှားသွားသည်ကို ခံစားလိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူ သတ္တိမွေး၍ ငုံ့ကြည့်လိုက်ရာ သူ၏ ခြေမျက်စိနားတွင် မည်းမှောင်နေသော အရိပ်တစ်ခုကို တွေ့လိုက်ရ၏။ ထိုအရိပ်မဲမှာ လုံးဝိုင်းပြီး ဖောင်းကားနေကာ သူ၏ ခြေထောက်မှ ခံစားချက်မှာ ပို၍ ထင်ရှားလာသည်။ သူ၏ ခြေထောက်မှာ ရေခဲတမျှ အေးစိမ့်နေပြီး ရိုးတွင်းခြင်ဆီအထိ ချမ်းစိမ့်သွားစေသည်။

'ဤပုံစံ၊ ဤလှုပ်ရှားမှုမျိုးသည်. သေချာပေါက် သရဲပဲ ဖြစ်ရမည် သရဲက သူ့ခြေထောက်ကို ဆွဲပြီး ငရဲကို ခေါ်သွားတော့မှာပဲ'

ကျူးတာ့ထို၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး အော်ပင် မအော်နိုင်တော့ပေ။ သူသည် တုန်တုန်ရင်ရင်ဖြင့် ထိတ်လန့်စရာ သရဲလက်မှ လွတ်မြောက်ရန် မြေပြင်ပေါ်တွင် ကုတ်ကပ်၍ ရှေ့သို့ ပြေးထွက်တော့သည်။

“ဝူးဝူးဝူး ကျွန်တော့်နောက်ကို မလိုက်ပါနဲ့၊ ခင်ဗျားဂူကိုတူးတာ ကျွန်တော် မဟုတ်ပါဘူး၊ ဟို ဆောက်လုပ်ရေးခွင် ပိုင်ရှင်ဆီကိုပဲ သွားရှာပါ ”

ကျူးတာ့ထိုသည် မျက်ရည်များ ဝေဝါးနေသည့်ကြားမှ ရှေ့သို့ အသည်းအသန် ကုတ်ကပ်သွားရာ နောက်ဆုံးတွင် လမ်းမကြီးပေါ်သို့ ရောက်ရှိသွားသည်။ သူသည် အဝေးမှ လမ်းမီးရောင်များကို လှမ်းမြင်လိုက်ရသောအခါ အသက်ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ အားကိုးတကြီး ပြေးသွားတော့၏။ ရဲအရာရှိဝူသည် သူ့ဆိုင်ကယ်ဖြင့် မြို့သစ်အတွင်း ကင်းလှည့်နေသည်။ မကြာသေးမီက သူတို့ရဲစခန်းသို့ မြို့သစ်ရှိဆောက်လုပ်ရေးခွင်များမှ ကေဘယ်ကြိုးများနှင့် သံချောင်းများအခိုးခံရကြောင်း တိုင်ကြားစာများစွာ ရောက်ရှိနေခဲ့၏။ မြို့သစ်မြေအောက်ရထားဘူတာမှ သံချောင်းများပင် အခိုးခံလိုက်ရသေးသည်။ သူခိုးများမှာ တစ်နေ့ထက်တစ်နေ့ သတ္တိပိုကောင်းလာကြပြီး အစိုးရစီမံကိန်းများကိုပင် ခိုးယူဝံ့ကြသည်။

သို့သော်လည်း မြို့သစ်တွင် ကင်မရာများ သိပ်မရှိသေးသဖြင့် ရိုးရှင်းသော အမှုများမှာပင် ကိုင်တွယ်ရခက်ခဲနေသည်။ ရဲစခန်းအနေဖြင့် ကင်းလှည့်သည်ကိုသာ တိုးမြှင့်နိုင်ပြီး အထူးသဖြင့် ညဘက်များတွင် ရဲအရာရှိဝူမှာ ဆိုင်ကယ်ဖြင့် ဟိုဟိုဒီဒီ သွားလာနေကာ ဆောက်လုပ်ရေးခွင်ပိုင်ရှင်များကိုလည်း လုံခြုံရေး ဂရုစိုက်ရန် လိုက်လံ အသိပေးနေခြင်းဖြစ်၏။ ရဲအရာရှိဝူသည် သူဘယ်ဆောက်လုပ်ရေးခွင်တွေကို အသိပေးဖို့ ကျန်သေးသလဲဟု တွက်ချက်နေစဉ်မှာပင် လမ်းဘေးမှ လူတစ်ယောက် ရုတ်တရက် ပြေးထွက်လာသည်။ အရာရှိဝူသည် ဘရိတ်ကို အမြန်အုပ်လိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်၏။

“မင်း သေချင်နေတာလား ညကြီးမင်းကြီး လမ်းကို သေသေချာချာမလျှောက်ဘဲ ဘာလို့ ပြေးထွက်လာတာလဲ”

ကျူးတာ့ထိုသည် လူသားတစ်ယောက်အသံကို ကြားလိုက်ရသောအခါ အသက်ဘေးမှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အနိုင်နိုင်ထရပ်ကာ ရဲအရာရှိဝူဆီသို့ အားကိုးတကြီး ပြေးကပ်လိုက်ပြီး အော်ဟစ်လိုက်၏။

“ဝူးဝူးဝူး ကျွန်တော့်ကို ကယ်ပါဦး”

ရဲအရာရှိဝူသည် ကျူးတာ့ထိုတစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး စိတ်လွတ်ကိုယ်လွတ်ဖြစ်‌နေသည်ကို မြင်သောအခါ သူ့နောက်ကျောမှ ရဲလက်ကိုင်တုတ်ကို အသင့်ပြင်ထားလိုက်သည်။ အမှုကြီးသော ရာဇဝတ်မှုတစ်ခုခု ဖြစ်ပွားခဲ့ပြီလား။

“ငါက ရဲအရာရှိပါ မင်းကို တစ်စုံတစ်ယောက်က ခြိမ်းခြောက်နေတာလား၊ အဲဒီလူ ဘယ်မှာလဲ”

ရဲအရာရှိဝူမှာ တည်ကြည်လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။ ကျူးတာ့ထိုမျက်လုံးထဲတွင် ရဲယူနီဖောင်း ဝတ်ထားသည့် ရဲအရာရှိဝူသည် တရားမျှတမှု၏ပြယုဂ်ပင်။ မကောင်းမှုသည် ကောင်းမှုကို မနိုင်နိုင်သလို ထိုသရဲများသည်လည်း တရားဥပဒေကို စောင့်ထိန်းသည့် ရဲအရာရှိများကို အကြောက်ဆုံး ဖြစ်လိမ့်မည်။ ကျူးတာ့ထိုသည် ရဲအရာရှိဝူကို ပို၍ တင်းကျပ်စွာ ဖက်ထားရင်း အော်ငိုလိုက်သည်။

“အရာရှိကြီး ကျေးဇူးပြုပြီး ကျွန်တော့်ကို ခေါ်သွားပေးပါ၊ ကျွန်တော် ရဲစခန်းကို သွားချင်တယ်၊ ရဲစခန်းကိုသာ ခေါ်သွားပေးပါ ကျွန်တော့်နောက်ကို သရဲ လိုက်နေလို့ပါ ”

ရဲအရာရှိဝူသည် နားကို စွင့်လိုက်သည်။ ဤ “သရဲ” ဆိုသူမှာ ကျူးလွန်သူဖြစ်ရမည်။ ထိုကျူးလွန်သူကို တရားဥပဒေ ရှေ့မှောက်သို့ ပို့ဆောင်ရန် သူ ဆုံးဖြတ်လိုက်သည်။

“မကြောက်နဲ့၊ ငါ့ကို လိုက်ပြဦး”

ရဲအရာရှိဝူမှာ ကျူးတာ့ထိုကို နှစ်သိမ့်လိုက်သည်။ ကျူးတာ့ထိုသည် ထိုနေရာသို့ ပြန်သွားရမည်ဟု ကြားလိုက်သည်နှင့် ပို၍ပင် အသည်းအသန် ငိုကြွေးတော့၏။

“အရာရှိကြီး ကျေးဇူးပြုပြီး ကျွန်တော့်ကို အမြန်ခေါ်သွားပေးပါ၊ ကျွန်တော်က သူခိုးပါ ကျွန်တော်က သူခိုးပါဗျာ ”

All Chapters