← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

193

စုဟယ်သည် သူမမိဘနှစ်ပါး ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ထပ်မံသွားရန် ပြင်နေကြသည်ကို မြင်သောအခါ တားမြစ်လိုက်သည်။

“မေမေ ဖေဖေ ဟိုမှာ ဆောက်လုပ်ရေးအဖွဲ့ရှိနေတာပဲဟာ နေ့တိုင်း ဒီလောက်ကြီး ပင်ပန်းခံနေဖို့ မလိုပါဘူး၊ တည်းခိုခန်းမှာပဲ အေးအေးဆေးဆေး နားနေကြပါလားဟင်”

ယဲ့ချင်မှာ အပြင်းအထန် ငြင်းဆန်လိုက်သည်။

“အေးအေးဆေးဆေး နားဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်မှာလဲ၊ သမီးမသိသေးလို့ပါ မြို့သစ်က ဆောက်လုပ်ရေးခွင်တွေမှာ သူခိုးတွေ သောင်းကျန်းနေတာ"

“ဟုတ်တယ်သမီးရဲ့၊ ဘေးက ဆောက်လုပ်ရေးခွင်ကလူတွေ ပြောတာကြားတာတော့ အဲဒီသူခိုးတွေက တော်တော်လေးကို အတင့်ရဲတာတဲ့၊ မြို့သစ်ထဲက ဆောက်လုပ်ရေးခွင်ပေါင်းများစွာကို လိုက်ခိုးနေတာလေ၊ သူခိုးတစ်ယောက်ဆိုရင် တန်ဖိုးယွမ် (၉၀၀၀၀) ဖိုးရှိတဲ့ ကေဘယ်ကြိုးတွေကို ယွမ် (၂၀၀၀၀) တည်းနဲ့ ရောင်းစားပစ်တာတဲ့၊ သံချောင်းဆိုရင်လည်း တန်နဲ့ချီပြီး အခိုးခံရတာ၊ တော်သေးတာက မနေ့ညကမှ ရဲတွေက အမိဖမ်းလိုက်နိုင်လို့ ကြားတာတော့ ထောင်ဒဏ် တစ်နှစ်လောက် ချမှတ်ခံရမယ် ထင်တယ်”

စုချန် သက်ပြင်းချရင်း ပြောပြသည်။ ဤခေတ်ကြီးထဲတွင် သူခိုးရှိနေသေးလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။ သူတို့မိသားစု၏ ဆောက်လုပ်ရေးခွင်မှာ အမှန်တကယ်ပင် ကံကောင်းလှသည်။ အလုပ်စလုပ်သည်နှင့် မြို့သစ်ထဲမှ သူခိုးတွေ အဖမ်းခံလိုက်ရသည် မဟုတ်ပါလား။ စုဟယ်လည်း စိုးရိမ်စိတ် အနည်းငယ် ဝင်သွားမိသည်။ ယခုခေတ်တွင် ဆောက်လုပ်ရေးခွင်များမှ ပစ္စည်းများကို ဗြောင်ကျကျ ခိုးယူဝံ့သူများ ရှိနေသေးသည်ကို သူမ မယုံနိုင်အောင် ဖြစ်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့၏ လုပ်ငန်းခွင်မှာ ထိခိုက်မှု မရှိခဲ့ပေ။

“ဒါကြောင့်လည်း သမီးဖေဖေနဲ့ မေမေက ဆောက်လုပ်ရေးခွင်ကို သွားပြီး စစ်ဆေးနေရတာပေါ့၊ ငါတို့သာ ကံမကောင်းလို့ လူမရှိဘူးဆိုတာသာ တစ်ယောက်ယောက်က သိသွားလို့ကတော့ သံတစ်ချောင်းတောင် ကျန်မှာမဟုတ်ဘူး၊ ကြားတာတော့ အဲဒီသူခိုးက နည်းနည်းစိတ်‌ရောဂါဖြစ်နေပုံပဲ၊ တခြားသူတွေကတော့ ထောင်ဒဏ်လျှော့ပေါ့ဖို့ ကြိုးစားကြတာပေါ့၊ သူကတော့ ရဲတွေကိုပဲ ဖက်ထားပြီး မခွာဘူးတဲ့၊ ဒီခေတ်ကြီးထဲမှာ ထူးထူးဆန်းဆန်းတွေ အကုန်ဖြစ်နေတာပဲ”

ယဲ့ချင်မှာ စိုးရိမ်တကြီး ပြောသည်။ ထိုသူခိုးမှာ ရူးနေလောက်မည်ဟု သူမ ထင်မိ၏။ အရူးတစ်ယောက်သည် သာမန်သူခိုးထက် ပို၍ပင် အန္တရာယ်ရှိသည် မဟုတ်ပါလား။ သူမသည် ဆောက်လုပ်ရေးခွင်ကို ဆက်လက်ကြီးကြပ်ရန် လိုအပ်နေသေးသည်။ ယဲ့ချင်သည် အလုပ်များနေသော အမူအရာဖြင့် စုချန်ကို ဆွဲကာ ဆောက်လုပ်ရေးခွင်သို့ အပြေးအလွှား ထွက်ခွာသွားတော့၏။ ယဲ့ချင်သည် ထွက်မသွားမီမှာပင် တစ်ခုကို သတိပေးရန် မမေ့ခဲ့ပေ။

“ညွှန်ကြားရေးမှူးဝူ ပြောထားတဲ့ကိစ္စကို စာရင်းသွင်းဖို့ မမေ့နဲ့ဦးနော်”

စုဟယ် ဝေဝါးစွာဖြင့်ပင် ထူးလိုက်သည်။ မကြာသေးမီက သူမ နားထဲတွင် အသံပေါင်းများစွာ ကြားနေရသဖြင့် သေသေချာချာ စဉ်းစားရန် လိုအပ်နေ၏။ ဟဲယဲ့တည်းခိုခန်း သည် ဖျက်သိမ်းရေး သဘောတူညီချက်ကို ပထမဆုံး အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့သည့် အိမ်ထောင်စုတစ်စုအနေဖြင့် အထက်လူကြီးများ၏ အာရုံစိုက်မှုကို ရုတ်တရက် ရရှိခဲ့ပြီး မူဝါဒဆိုင်ရာ ထောက်ပံ့မှုအချို့ကိုလည်း ရရှိခဲ့သည်။ ဖျက်သိမ်းရေးရုံးနှင့် လမ်းညွှန်ရုံးတို့သည် ဟဲယဲ့တည်းခိုခန်းကို လက်မှတ်ရေးထိုးသည့် စံပြကိုယ်စားလှယ်အဖြစ် အသုံးချကာ အခြားအိမ်ထောင်စုများနှင့် ညှိနှိုင်းရာတွင် ကိစ္စရပ်များမှာ များစွာ ပိုမိုချောမွေ့သွားခဲ့၏။

“ဒီလောက် အဆောက်အဦးအကြီးကြီးတောင် ဖျက်သိမ်းရေးကို သဘောတူလိုက်တာပဲ၊ ခင်ဗျားတို့ အိမ်ထောင်စု သေးသေးလေးက ဘာလို့ ဒီလောက် ခေါင်းမာပြီး လက်မခံနိုင်ဖြစ်နေရတာလဲ”

“ဟဲယဲ့တည်းခိုခန်းတောင် ဒီဖျက်သိမ်းရေးအစီအစဉ်အတိုင်း လုပ်တာပဲ၊ လျော်ကြေးဈေးနှုန်းကို တကယ်ပဲ ထပ်တိုးပေးလို့ မရတော့ပါဘူး”

ဟဲယဲ့တည်းခိုခန်းမှာ ပထမဆုံး အရှုံးပေးလိုက်ခြင်းကြောင့် ဖျက်သိမ်းရေးကို စောင့်ဆိုင်းနေကြသော အခြားနေထိုင်သူအချို့မှာ ဟဲယဲ့တည်းခိုခန်းအပေါ် အဆိုးမြင်မှုအချို့ ရှိနေကြသည်။ စုဟယ်သည် လွန်ခဲ့သည့်ရက်အနည်းငယ်တွင် လှောင်ပြောင်သရော်သံများစွာကို ကြားခဲ့ရ၏။

“လူငယ်တွေရဲ့ အတွေးအခေါ်က တကယ့်ကိုမြင့်တာပဲ”

“ဒီလောက် စုတ်ပြတ်နေတဲ့ တည်းခိုခန်းလေးကို ဆက်ဖွင့်နေတာက ရယ်စရာပဲ”

“ကောင်မလေးက အတွေ့အကြုံမရှိသေးလို့ ကိစ္စတွေကို မကိုင်တွယ်တတ်တာ”

“ဖျက်သိမ်းရေးနဲ့သာမတိုးခဲ့ရင် ဒီတည်းခိုခန်းက သေချာပေါက် အရှုံးပေါ်ပြီး ပိတ်လိုက်ရမှာ”

စုဟယ်သည် ထိုစကားများကို စိတ်ထဲ မထားပေ။ ဖျက်သိမ်းရေး လုပ်ငန်းစဉ်များ ပြီးဆုံးသွားပါက ထိုနေထိုင်သူများနှင့် ပြန်လည်ဆုံတွေ့နိုင်ခြေမှာ အလွန်ပင် နည်းပါးလှသည်။ အထူးသဖြင့် ဟဲယဲ့တည်းခိုခန်း၏ လိပ်စာအသစ်နှင့် ပြန်လည်နေရာချထားရေး အိမ်ရာများမှာ တစ်ခုနှင့်တစ်ခု အတော်လေးအလှမ်း‌ဝေးတွင် ရှိနေသောကြောင့် ဖြစ်၏။ စုဟယ်သည် ဟိုတယ်အသစ် ဆောက်လုပ်နေစဉ်အတွင်း အေးအေးဆေးဆေး အနားယူရန် ရည်ရွယ်ထားသော်လည်း သူမနှင့် စနစ် ထက်ပင် ပို၍ စိတ်ပူနေသူတစ်ယောက် ရှိနေသည်။ ညွှန်ကြားရေးမှူးဝူ မှာအလွန်အမင်း ထက်သန်လွန်းနေ၏။ တစ်ခါတစ်ရံတွင် သူမကို ထူးချွန်လုပ်ငန်းရှင် ထောက်ပံ့ကြေး လျှောက်ထားရန် တိုက်တွန်းနေသလို တစ်ခါတစ်ရံတွင် ကျောင်းသားလုပ်ငန်းရှင် ထောက်ပံ့ကြေး လျှောက်ထားရန် ကူညီပေးနေပြန်သည်။ ယခုအခါတွင်မူ ဟဲယဲ့တည်းခိုခန်း တက်ရောက်ရန်အတွက် 'ယုံမြစ်စားသောက်ကုန်နှင့် ဟိုတယ်လုပ်ငန်းရှင်များ နှစ်ပတ်လည် နှီးနှောဖလှယ်ပွဲ' ဖိတ်ကြားလွှာကိုပင် ပေးပို့လာခဲ့သည်။

စုဟယ်သည် ကနဦးက ထိုလုပ်ငန်းအသင်းအဖွဲ့ ရှိနေသည်ကိုပင် မသိခဲ့ပေ။ အင်တာနက်တွင် ရှာဖွေကြည့်လိုက်သည့်အခါမှ ဤလုပ်ငန်းအသင်း၏ အဖွဲ့ဝင်များမှာ နှစ်စဉ် ပြောင်းလဲနေကြောင်း သိလိုက်ရ၏။ နှစ်စဉ် ဝင်ငွေ ဆယ်သန်း ကျော်ရှိသည့် စားသောက်ကုန်နှင့် ဟိုတယ်လုပ်ငန်းရှင်များသာ အသင်းသို့ ဝင်ရောက်နိုင်ပြီး နှစ်ပတ်လည် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်နိုင်ရန်အတွက်မူ လုပ်ငန်း၏ နှစ်စဉ်ဝင်ငွေမှာ သန်းတစ်ရာ ထိ ရောက်ရှိရန် လိုအပ်သည်။ ညွှန်ကြားရေးမှူးဝူမှာ အမှန်တကယ်ပင် အလေးထား စဉ်းစားပေးသူဖြစ်သည်။ သူသာ မရှိခဲ့လျှင် စုဟယ်သည် ဤကဲ့သို့သော လုပ်ငန်းအသင်းအဖွဲ့ ရှိနေသည်ကိုပင် သိလိမ့်မည်မဟုတ်သလို နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်နိုင်ရန်လည်း စိတ်ကူးမိမည် မဟုတ်ပေ။ ယဲ့ချင်၏ အဆိုအရ ဤအခွင့်အရေးမှာ ညွှန်ကြားရေးမှူးဝူမှ ကြိုးစားအားထုတ်ပေးထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဟယ်ယဲ့တည်းခိုခန်း၏ ဟိုတယ်လုပ်ငန်းသက်သက်မှ ရရှိသော နှစ်စဉ်ဝင်ငွေမှာ ဆယ်သန်း စံနှုန်းသို့ မမီသေးသောကြောင့် ဖြစ်သည်။ သို့သော်လည်း ဟယ်ယဲ့တည်းခိုခန်းသည် (၆) ထပ်ရှိသော တည်းခိုခန်းလေးအဖြစ်မှ (၁၆) ထပ်ရှိသော ဟိုတယ်ကြီးအဖြစ်သို့ အဆင့်မြှင့်တင်ရန် ပြင်ဆင်နေပြီဖြစ်၏။ ထို့ကြောင့် ဟယ်ယဲ့တည်းခိုခန်း၏ တန်ဖိုးမှာ ယခင်နှင့် နှိုင်းယှဉ်၍ မရနိုင်တော့သလို ညွှန်ကြားရေးမှူးဝူ၏ ကြိုးပမ်းအားထုတ်မှုကြောင့်လည်း ဟယ်ယဲ့တည်းခိုခန်းသည် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်နိုင်ရန် သတ်မှတ်ချက်ကို ပြည့်မီသွားခဲ့ခြင်းဖြစ်သည်။

စုဟယ် တွန့်ဆုတ်နေရသည့် အကြောင်းရင်းမှာ ဤနှစ်ပတ်လည် အစည်းအဝေးသည် အဖွဲ့ဝင်များ စားသောက်ရန်နှင့် ပေါင်းသင်းဆက်ဆံရန် သက်သက်အတွက်သာ မဟုတ်ဘဲ၊ အဖွဲ့ဝင်များအနေဖြင့် စင်ပေါ်သို့ တက်ကာ မိမိတို့၏ အတွေ့အကြုံများကို မျှဝေကြရန် လိုအပ်သောကြောင့် ဖြစ်သည်။ ဒါက ကျောင်းတုန်းက တင်ပြချက် လုပ်ရတာနဲ့ မတူဘူးလား။ စုဟယ်သည် အတိတ်မှ ကြိုးစားလုပ်ခဲ့ရသည့် အရိပ်အယောင်များ သူမအပေါ် ပြန်လည် လွှမ်းမိုးလာသကဲ့သို့ ခံစားလိုက်ရသည်။ ဒါပေမဲ့ သူမက လူတိုင်းကို ဘာတွေ မျှဝေပေးနိုင်မှာလဲ။

ဟဲယဲ့တည်းခိုခန်း၏ ယခုအချိန်အထိ ခရီးလမ်းမှာ စနစ်၏ ကူညီမှုနှင့် ကတ်ပြားထဲမှ ဇာတ်ကောင်များ၏ အားကောင်းသော ထောက်ပံ့မှုများကြောင့်သာ ဖြစ်သည်။ ဟဲယဲ့တည်းခိုခန်း၏ လုပ်ငန်းရှင်တစ်ဦးအနေဖြင့် သူမသည် စနစ်၏ တွန်းပို့မှုကြောင့်သာ ရှေ့သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ စုဟယ်သည် ဟဲယဲ့တည်းခိုခန်း၏ ဧည့်ကြိုကောင်တာတွင် တိတ်ဆိတ်စွာ ရပ်နေမိ၏။ သူမ၏ အကြည့်များသည် သေသေချာချာ အလှဆင်ထားသည့် လက်ဖက်ရည်နှင့် မုန့်ဆိုင်ခန်းများ၊ စားသောက်ခန်းမနှင့် ဓာတ်လှေကား ဧရိယာတို့ဆီသို့ ဝေ့ဝဲသွားသော်လည်း၊ သူမကိုယ်တိုင်အတွက် နေရာတစ်ခုကို ရှာမတွေ့နိုင်သကဲ့သို့ ခံစားနေရသည်။ ဤတည်းခိုခန်း၏ ပိုင်ရှင်ဖြစ်သော်လည်း သူမ၏ ရင်ထဲမှ မရေရာမှုများကြောင့် တည်းခိုခန်းကို ပိုမိုတောက်ပသော အနာဂတ်သို့ ဦးဆောင်လမ်းပြပေးနိုင်ရန် ခက်ခဲနေမိသည်။

သူမ၏ နေ့စဉ်ဘဝမှာ အခန်းကြိုတင်မှာယူမှုများကို ကိုင်တွယ်ခြင်းမှသည် အခန်းသန့်ရှင်းရေးကို စစ်ဆေးခြင်းနှင့် ဖောက်သည်များနှင့် ဆက်သွယ်ခြင်း စသည့် ထပ်တလဲလဲ ဖြစ်နေသော သာမန်အလုပ်များဖြင့်သာ ပြည့်နှက်နေသည်။ အလုပ်တစ်ခုချင်းစီတိုင်းမှ သူမ၏ အချိန်နှင့် ခွန်အားများကိုများစွာ ဖြည့်စွမ်းပေးနေရ၏။ သူမသည် ဝီရိယရှိပြီး တာဝန်ကျေပွန်သူ ဖြစ်သော်လည်း အရာအားလုံးမှာ သာမန်ဆန်လွန်းလှသည်။ စုဟယ်သည် မိမိကိုယ်ကိုယ် ပိုင်ရှင်တစ်ယောက်ကဲ့သို့ တကယ်မခံစားရဘဲ အကူအညီ လိုအပ်သည့်နေရာတိုင်းသို့ သွားရောက် ကူညီပေးနေရသော ‘မီးသတ်သမား’ တစ်ဦးကဲ့သို့သာ မြင်မိသည်။ ဤကဲ့သို့ သာမန်လူတစ်ယောက်မှာ နှစ်ပတ်လည် အစည်းအဝေး စင်မြင့်ပေါ်တွင် ရပ်ပြီး “အခန်းတွေကို ပိုမိုသန့်ရှင်းစေမယ့် နည်းလမ်း (၅) ချက်” ဒါမှမဟုတ် “ဧည့်သည်တွေကို ပြန်လည်ဖြေကြားရာမှာ သုံးနိုင်တဲ့ ဝါကျ (၁၀) ခု” ဆိုတာတွေကို ဘယ်လိုများ မျှဝေပေးနိုင်ပါမည်နည်း။

လက်ရှိတွင် တည်းခိုခန်း၏ လည်ပတ်မှုမှာ အလွန်ပင် တည်ငြိမ်နေသည်။ အစပိုင်းတွင် လီရှီ ၊ အစ်မကျန်းနှင့် အခြားသူများသည် တည်းခိုခန်း ဖျက်သိမ်းပြီးနောက် သူတို့ ဘာဖြစ်သွားမလဲဆိုသည်ကို အနည်းငယ် စိုးရိမ်ခဲ့ကြသည်။ သို့သော် ဟိုတယ်အသစ် ဆောက်လုပ်နေပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါတွင်မူ သူတို့ စိတ်မပူတော့ပေ။ နေရာအသစ်တွင် တူညီသောအလုပ်ကို ဆက်လုပ်ရုံသာ ဖြစ်သဖြင့် သူတို့သည် မိမိတို့၏ အလုပ်ထဲတွင် ပြန်လည် နစ်မြောသွားကြသည်။ ဝီရိယရှိပြီး အလုပ်ကြိုးစားသော ဝန်ထမ်းများ ရှိနေခြင်းကြောင့် စုဟယ်သည် တည်းခိုခန်း၏ အလုပ်များမှ ရုတ်တရက် လွတ်မြောက်သွားသကဲ့သို့ ဖြစ်နေသည်။ လီရှီနှင့် မီနာ တို့သည် ဧည့်ကြိုကောင်တာတွင် ရှိနေကြ၏။ မီနာသည် ဧည့်ကြိုတာဝန်များအပြင် ယခုအခါတွင် အမြဲတမ်း ရက်ကန်းရက်နေတတ်သည်။ တည်းခိုခန်းအသစ် မပြီးမီအတွင်း အိပ်ယာခင်းများနှင့် စောင်စွပ်များကို အမြောက်အမြား ရက်လုပ်ထားချင်သည်ဟု လီရှီမှ ပြော၏။ ထိုသို့ဆိုလျှင် တည်းခိုခန်းအသစ်တွင် သူမကိုယ်တိုင် ပြုလုပ်ထားသော အိပ်ယာခင်းများကို သုံးနိုင်လိမ့်မည် မဟုတ်ပါလား။

မစ္စကျိ၏ အချိန်ဇယားမှာမူ အလွန်ပင် ပြည့်နှက်နေသည်။ မ္စကျိသည် အဆင့်နှစ်သို့ တက်လှမ်းပြီးနောက် “နတ်ဘုရားကောင်းချီး - ဆန္ဒများ ပြည့်ဝနိုင်ခြေ ၅ ရာခိုင်နှုန်း တိုးလာခြင်း” ဟူသော အထူးစွမ်းရည်ကို ရရှိခဲ့ရာ မစ္စကျိ၏ ဖျော်ဖြေမှုများမှာ ပိုမို၍လူကြိုက်များလာသည်။ သူမသည် နံနက်စောစောထ၍ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း၊ ဟုန်လျန် ကို လက်ဖက်ရည်မုန့်များ ပြုလုပ်ရာတွင် ကူညီပေးခြင်း၊ မွန်းလွဲပိုင်းတွင် ဖျော်‌ဖြေမှုအတွက် ပြင်ဆင်ခြင်းနှင့် ညနေပိုင်းတွင် ဖျော်ဖြေခြင်း လုပ်ငန်းများကို လုပ်ကိုင်ရင်း အလုပ်ရှုပ်နေတော့သည်။ ယွမ်ဒန်ချူးမှာမူ မကြာသေးမီက အတွေးသစ်များ ရရှိနေ၏။ နံနက်ပိုင်း ထိုက်ချီ လေ့ကျင့်ခန်းကို ဦးဆောင်ပေးပြီးနောက်တွင် သူသည် ကျန်ရှိသော အချိန်အားလုံးကို ဓာတ်ခွဲခန်းထဲတွင်သာ ကုန်ဆုံးစေသည်။

ဆရာဝေမှာမူ နေ့စဉ်မပြတ်တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်နေဆဲဖြစ်သည်။ ယခုအခါ သူ့ထုတ်လွှင့်မှုများကို ကြည့်ရှုသူပိုမိုများပြားလာသဖြင့် ဆရာဝေမှာ ပို၍ပင်အလုပ်ရှုပ်လာသည်။ ထုတ်လွှင့်မှုများအပြင် သူသည် ရံဖန်ရံခါတွင် ရှန့်ရှီကိုကူညီသောအားဖြင့် ယုံကျန်းစာပေနှင့် ပန်းချီအသင်းအတွက် လက်ရာအချို့ကို ရေးသားပေးတတ်သည်။ သူသည် ဆုရရှိခဲ့ပြီးနောက်တွင် သူ့လက်ရေးမူများကို လာရောက်တောင်းခံသူများမှာ မကုန်နိုင်မခမ်းနိုင်ရှိနေ၏။ ကံကောင်းထောက်မစွာဖြင့် ရှန့်ရှီမှာရှေ့သို့တက်လှမ်းလာပြီး ဆရာဝေအတွက် ထိုကဲ့သို့သော လူမှုရေးကိစ္စရပ်များကို ကူညီ ကိုင်တွယ်ပေးနေသည်။ ဟုန်လျန်မှာမူ မကြာသေးမီက စိတ်ကူးသစ်များရရှိနေသဖြင့် နံနက်ပိုင်းတွင် လက်ဖက်ရည်မုန့်များ ပြုလုပ်ပြီး၊ မွန်းလွဲပိုင်းတွင် မုန့်ပုံစံသစ်များကို စမ်းသပ်ပြုလုပ်ရင်း အချိန်ကုန်ဆုံးစေသည်။ သူမသည်အရှေ့တိုင်းနှင့် အနောက်တိုင်းပုံစံ ပေါင်းစပ်ထားသည့် လက်ဖက်ရည်မုန့်များကို စမ်းသပ်ပြုလုပ်ချင်နေ၏။ ရှောင်ရှီးမှာမူ သရုပ်ဆောင်ခြင်းထဲတွင် နစ်မြောနေပြီး ဝက်သစ်ချပင်ကြီးမှာမူ နောက်ဖေးခြံထဲတွင် ငြိမ်သက်စွာရှိနေဆဲဖြစ်သည်။

ဖျက်သိမ်းရေး သဘောတူညီချက်ပြီးနောက်တွင် အရာအားလုံး ပြောင်းလဲသွားသကဲ့သို့ရှိသော်လည်း အမှန်တကယ်တွင် ဘာမှပြောင်းလဲမသွားပေ။ လူတိုင်းတွင် ရှင်းလင်းသော ပန်းတိုင်များရှိနေကြပြီး တည်းခိုခန်းမှာလည်း ချောမွေ့စွာ လည်ပတ်နေသည်ကို မြင်ရသောအခါ စုဟယ်သည် သူမမိဘများ အဘယ်ကြောင့် ဆောက်လုပ်ရေးခွင်သို့ ထိုမျှလောက် သွားချင်နေကြသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သေချာသည်မှာ သူမကိုယ်တိုင်လည်း တစ်ခုခုကိုရှာဖွေလုပ်ကိုင်ရန် လိုအပ်နေပြီဖြစ်၏။ စုဟယ်၏အကြည့်များသည် ညွှန်ကြားရေးမှူးဝူပေးပို့ထားသော နှစ်ပတ်လည် အစည်းအဝေး ဖိတ်ကြားလွှာဆီသို့ နောက်တစ်ကြိမ် ကျရောက်သွားလေတော့သည်။

194

စုဟယ်သည် ဖိတ်ကြားလွှာကို ကိုင်ဆောင်ထားရင်း သူမရှေ့တွင် ခန့်ညားထည်ဝါသော ကြယ် (၆) ပွင့်အဆင့်ရှိ ဟိုင်ဖန်းဟိုတယ်ကို ငေးမောကြည့်နေမိသည်။ ယခင်က ဟိုတယ်များတွင် ကြယ် (၅) ပွင့်အဆင့်အထိသာ ရှိသည်ဟု သူမ အမြဲတွေးထင်ခဲ့ဖူး၏။ သို့သော်လည်း လူသားတို့၏ တိုးပွားလာသော ရုပ်ဝတ္ထုနှင့် ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်များကို ကြယ် (၅) ပွင့်ဟိုတယ်များ ဖြည့်ဆည်းပေးနိုင်စွမ်း မရှိတော့သည်မှာ သိသာလှသည်။ ထို့ကြောင့်ပင် မကြာသေးမီနှစ်များအတွင်း အဆင့်မြင့်ကြယ်ပွင့်ဟိုတယ်ကြီးများမှာ ပိုမိုခေတ်စားလာခဲ့ခြင်း ဖြစ်သည်။ ဟိုင်ဖန်းဟိုတယ်သည် ယုံမြစ်တစ်လျှောက်တွင် အလွန်ပင် ကျော်ကြားလှသော ကြယ် (၆) ပွင့်အဆင့်ဟိုတယ်ကြီးတစ်ခု ဖြစ်သည်။

ဤဟိုတယ်သည် နူးညံ့ချောမွေ့သော သဲသောင်ပြင်အသွယ်သွယ်နှင့် ဆက်စပ်နေပြီး ဖြူလွင်သောကမ်းခြေနှင့် ပြာလဲ့နေသော ပင်လယ်ပြင်တို့မှာ တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနေကာ ဧည့်သည်များအတွက် အေးချမ်းသည့် ကောင်းကင်ဘုံတစ်ခုသဖွယ် ဖြစ်နေသည်။ ၎င်းမှာ ဟိုင်ဖန်းဟိုတယ်၏ ကိုယ်ပိုင်ကမ်းခြေပင် ဖြစ်၏။ ဟိုတယ်အဆောက်အဦးမှာ အသစ်စက်စက်ဖြစ်ပြီး နိုင်ငံတကာတွင် ကျော်ကြားသော ဗိသုကာပညာရှင်အဖွဲ့မှာ ငါးနှစ်တိုင်တိုင် အသေးစိတ် စိတ်တိုင်းကျ တည်ဆောက်ခဲ့ခြင်း ဖြစ်ရာ အဆောက်အဦးကိုယ်ထည်မှာပင် အနုပညာလက်ရာတစ်ခုကဲ့သို့ ဖြစ်နေသည်။ ဟိုင်ဖန်းဟိုတယ်၏ ဒီဇိုင်းမှာ လှပချောမွေ့သော မျဉ်းကွေးများဖြင့် တည်ဆောက်ထားပြီး အဓိကအားဖြင့် ဖန်နှင့်စတီးတည်ဆောက်ပုံများကို အသုံးပြုထားသည်။ သာယာကြည်လင်သော နေ့ရက်များတွင် ပင်လယ်ပြင်၏ တလက်လက်တောက်ပနေသော ရေမျက်နှာပြင်ကို ဟိုတယ်နံရံများမှ ပြန်လည်ရောင်ပြန်ဟပ်ပေးနေကာ ပတ်ဝန်းကျင်ရှိ သဘာဝရှုခင်းများနှင့် သဟဇာတဖြစ်စွာ ရောယှက်နေသည်။

ညချမ်းအချိန်သို့ ရောက်ရှိလာသောအခါ ဟိုတယ်၏ ပြင်ပအလှဆင်မီးရှိုးများ စတင်လာပြီး အရောင်အသွေးစုံလင်သော အလင်းနှင့် အရိပ်တို့မှာ ပင်လယ်ပြင်ထက်တွင် ကခုန်နေကြရာ အိပ်မက်ဆန်သော မြင်ကွင်းတစ်ခုကို ဖန်တီးပေးထားသည်။ ဟိုတယ်၏ ဧည့်ခန်းမကြီး ထဲသို့ လှမ်းဝင်လိုက်သည်နှင့် အမြင့်မား‌သောမျက်နှာကြက်နှင့် ရေတံခွန်များအလား အဆင့်ဆင့်စီးကျနေသော ကြီးမားလှသည့် ဖန်မီးဆိုင်း ကြီးများကို အရင်ဆုံး မြင်တွေ့လိုက်ရသည်။ ၎င်းတို့သည် မျက်စိကျိမ်းမတတ် တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်ပေးနေ၏။ ဧည့်ခန်းမထဲတွင် အီတလီနိုင်ငံမှ တင်သွင်းသော သားရေဆိုဖာများနှင့် လက်ဖြင့် ရက်လုပ်ထားသော ပါရှန်းကော်ဇောများကို ခင်းကျင်းထားသည်။ အလှဆင်ပစ္စည်းတိုင်းမှာလည်း သေချာစွာ ရွေးချယ်ထားခြင်း ဖြစ်သဖြင့် ခမ်းနားထည်ဝါမှုကို အသံတိတ် ဖော်ပြနေသကဲ့သို့ ရှိသည်။

စုဟယ်သည် ဟိုင်ဖန်းဟိုတယ်၏ ဆွဲဆောင်မှုရှိသော ဧည့်ကြိုကောင်တာကို အကဲခတ်နေစဉ်မှာပင် အရပ် ခြောက်ပေနီးပါး မြင့်သော တံခါးစောင့်ဝန်ထမ်း တစ်ဦး ချဉ်းကပ်လာသည်။ သူသည် သေသပ်လှပသော ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ပခုံးတံဆိပ်နှင့် လက်ကောက်ဝတ်များရှိ အသေးစိတ် ဒီဇိုင်းများမှယပင် ဤဟိုတယ်၏ အဆင့်မြင့်မားမှုကို ဖော်ပြနေ၏။ ထိုဝန်ထမ်းသည် ရပ်တန့်လိုက်ပြီးနောက် ဖော်ရွေသော အပြုံးဖြင့် မတ်မတ်ရပ်လိုက်သည်။ စုဟယ်၏ ဖိတ်ကြားလွှာကို စစ်ဆေးပြီးနောက်တွင် နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

“ကြိုဆိုပါတယ် မစ္စစုဟယ်”

သူ၏ အသံမှာ ညင်သာကြည်လင်လှပြီး စုဟယ်၏ မျက်လုံးကို တည့်တည့်ကြည့်ကာ လေးစားမှုနှင့် အာရုံစိုက်မှုအပြည့် ရှိနေသည်။

“မင်းကို ဒီမှာ တွေ့ရတာ ကျွန်တော်တို့ တကယ် ဝမ်းသာပါတယ်၊ ကျေးဇူးပြုပြီး မင်းရဲ့ ခရီးဆောင်အိတ်ကို ကျွန်တော့်ကို ပေးပါ”

သူ၏ လှုပ်ရှားမှုများမှာ စေ့စပ်သေချာသော်လည်း အားပါလှသည်။ စုဟယ်၏ လက်ထဲမှ အိတ်ကို အဖိုးတန်ပစ္စည်းတစ်ခုကဲ့သို့ ညင်သာစွာ လှမ်းယူလိုက်၏။ ထို့နောက် တံခါးစောင့်ဝန်ထမ်းသည် ယဉ်ကျေးသော အမူအရာဖြင့် စုဟယ်ကို အတွင်းဘက်သို့ လမ်းပြပေးပြီး တစ်ပြိုင်နက်တည်းမှာပင် ကြိုးမဲ့ဆက်သွယ်ရေးကိရိယာကို အသုံးပြု၍ စုဟယ် ရောက်ရှိလာကြောင်း ဧည့်ကြိုကောင်တာသို့ အကြောင်းကြားလိုက်သည်။ ၎င်းမှာ ဝန်ဆောင်မှု ပေးအပ်ရာတွင် အချိတ်အဆက် မိစေရန် ဆောင်ရွက်ခြင်းပင် ဖြစ်၏။ ဧည့်ကြိုကောင်တာသို့ သွားရာလမ်းတစ်လျှောက်တွင် တံခါးစောင့်ဝန်ထမ်းသည် ဟိုတယ်၏ ထူးခြားချက်များနှင့် အသုံးအဆောင်ပစ္စည်းများကို စုဟယ်အား တိုးညှင်းစွာ ရှင်းပြပေးသည်။ သူ၏ ရှင်းပြချက်မှာများလွန်းခြင်း မရှိသလို အရေးကြီးသော အချက်အလက်များကိုလည်း ချန်လှပ်ထားခြင်း မရှိပေ။ တကယ့်ကို ကျွမ်းကျင်ပိုင်နိုင်လှသည်။

တံခါးစောင့်ဝန်ထမ်း၏ ဦးဆောင်မှုဖြင့် စုဟယ်သည် ခမ်းနားထည်ဝါစွာ အလှဆင်ထားသော ဧည့်ကြိုဧရိယာသို့ ရောက်ရှိလာသည်။ ဤနေရာတွင် အဆင့်မြင့် ဧည့်ကြိုတာဝန်ခံ တစ်ဦးက သေသပ်သော ယူနီဖောင်းနှင့် ကျွမ်းကျင်သောအပြုံးဖြင့် စောင့်ကြိုနေ၏။ တံခါးစောင့်ဝန်ထမ်းသည် သူတစ်ပါး အာရုံစိုက်မခံရစေဘဲ စုဟယ်ကို တာဝန်ခံထံ လွှဲပြောင်းပေးအပ်လိုက်ပြီးနောက် အလွန်ပင် သဘာဝကျပြီး နှိမ့်ချသော အမူအရာဖြင့် သူ၏ မူလနေရာသို့ ပြန်သွားကာ ဧည့်သည်များကို ဆက်လက်ကြိုဆိုနေတော့သည်။ ဤကဲ့သို့ တိတ်ဆိတ်ပြီး ချောမွေ့လှသော လွှဲပြောင်းမှု လုပ်ငန်းစဉ်မှာ ဟိုင်ဖန်းဟိုတယ် ဝန်ဆောင်မှုအဖွဲ့၏ အချိတ်အဆက်မိမှုနှင့် ကျွမ်းကျင်မှုကို သက်သေပြနေသည်။ ဧည့်ကြိုတာဝန်ခံသည် ဝန်ဆောင်မှုကို ချက်ချင်းပင် ဆက်လက် တာဝန်ယူလိုက်သည်။ သူသည် စုဟယ်၏ ဧည့်စာရင်းသွင်းခြင်း လုပ်ငန်းစဉ်ကို ကူညီပေးသည်။ လုပ်ငန်းစဉ် ပြီးဆုံးအောင် စောင့်ဆိုင်းနေစဉ်အတွင်း စုဟယ် ဟိုတယ်သို့ မည်သို့လာရောက်ခဲ့ကြောင်းကို ဖော်ရွေစွာ မေးမြန်းပြီး သူမတွင် အထူးလိုအပ်ချက် သို့မဟုတ် နှစ်သက်မှုများ ရှိ၊ မရှိကိုလည်း ဦးစွာ မေးမြန်းရှာသည်။

“မစ္စစုဟယ် မင်းရဲ့ တာဝန်ခံတစ်ယောက်အနေနဲ့၊ မင်း ဒီမှာ တည်းခိုနေတဲ့ အချိန်တစ်လျှောက်လုံးရဲ့ အတွေ့အကြုံတွေအတွက် ကျွန်တော်က အပြည့်အဝ တာဝန်ယူသွားမှာပါ၊ တစ်ခုခု အကူအညီ လိုအပ်တာ ဒါမှမဟုတ် မေးစရာရှိတာ ရှိခဲ့ရင် ဘယ်အချိန်မဆို ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်”

ဧည့်ကြိုတာဝန်ခံမှာ ပြောရင်း စုဟယ်ကို သူ၏ ဆက်သွယ်ရန် လိပ်စာကတ်ပြား ပေးအပ်လိုက်သည်။ ထိုကတ်ပြားတွင် ကုမ္ပဏီသုံး WeChat အပါအဝင် ဆက်သွယ်ရန် အချက်အလက်များ ပါဝင်သဖြင့် စုဟယ်အတွက် သူ့ကို ဆက်သွယ်ရန် အလွန်ပင် လွယ်ကူသွား၏။ ဧည့်စာရင်းသွင်းပြီးနောက်တွင် တာဝန်ခံမှာ စုဟယ်ကို ကိုယ်တိုင်လိုက်ပါ ပို့ဆောင်ပေးပြီး ဟိုတယ်တွင် ကျင်းပမည့် နှစ်ပတ်လည် အစည်းအဝေး အစီအစဉ်များကို အသေးစိတ် ရှင်းပြပေးသည်။ သူသည် ပွဲ၏ အချိန်ဇယားနှင့် အဓိကအချက်များကိုသာမက စုဟယ် စိတ်ဝင်စားနိုင်မည့် အပိုင်းအချို့ကိုပါ စေ့စေ့စပ်စပ် ပြောပြပေးခဲ့၏။

စုဟယ်သည် ဟိုတယ်လုပ်ငန်းရှင် တစ်ဦးဖြစ်သဖြင့် ရုပ်ရည်ချောမောသော တံခါးစောင့်နှင့် တာဝန်ခံတို့ကို အာရုံသိပ်မရပေ။ ထိုအစား သူမသည် ဟဲယဲ့တည်းခိုခန်းနှင့် ဟိုင်ဖန်းဟိုတယ်ကိုသာ အကြိမ်ကြိမ် နှိုင်းယှဉ်နေမိသည်။ ဟိုင်ဖန်းဟိုတယ်ထဲသို့ လှမ်းဝင်လိုက်သည့် အချိန်မှစ၍ ဝန်ထမ်းများ၏ တာဝန်ခွဲဝေမှုမှာ အလွန်ပင် ရှင်းလင်းသည်ကို စုဟယ် သတိပြုမိသည်။ တံခါးစောင့်ဝန်ထမ်းသည် ဧည့်သည်ကို ကြိုဆိုခြင်း၊ အိတ်များကို သယ်ယူပေးခြင်းနှင့် ဧည့်ကြိုကောင်တာသို့ မြန်ဆန်ယဉ်ကျေးစွာ လမ်းပြပေးခြင်းတို့ကို တာဝန်ယူ၏။ တာဝန်ခံမှာမူ ဧည့်သည်၏ ကိုယ်ရေးကိုယ်တာလက်ထောက်ကဲ့သို့ ဆောင်ရွက်ပြီး ဟိုတယ်၏ လှုပ်ရှားမှုများနှင့် ဝန်ဆောင်မှုများကို အသေးစိတ် ပြောပြကာ ဧည့်သည်၏ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးသည်။ တစ်ဖက်တွင်လည်း ဧည့်ကြိုဝန်ထမ်းများသည် ဧည့်သည်များ ဝင်ရောက်တည်းခိုမှုကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးကြပြီး၊ ထိုအချိန်အတွင်းမှာပင် ခရီးဆောင်အိတ် သယ်ယူသူမှာ တစ်ခြားဧည့်သည် သတိမထားမိစေဘဲ စုဟယ်၏ အိတ်များကို သူမ၏ အခန်းထဲသို့ အသံတိတ် ပို့ဆောင်ပေးပြီး ဖြစ်နေသည်။ ဤကဲ့သို့ ဝန်ဆောင်မှုပေးခြင်းမှာ ဟိုင်ဖန်းဟိုတယ်၏ အသေးစိတ် ဂရုစိုက်မှုကို ဖော်ပြနေခြင်းပင်။

ဟိုင်ဖန်းဟိုတယ်နှင့် နှိုင်းယှဉ်ပါက ဟဲယဲ့တည်းခိုခန်း၏ ဝန်ဆောင်မှုမှာ အခြေခံဆန်လွန်းပြီး သာမန်ကာလျှံကာ ဖြစ်နေသည်ကို စုဟယ် သိမြင်လာခဲ့သည်။ အဆင့်မြင့် ဧည့်ကြိုတာဝန်ခံကို ထားလိုက်ဦး၊ လက်ရှိ ဟဲယဲ့တည်းခိုခန်းတွင် တံခါးစောင့်ဝန်ထမ်းပင် မရှိပေ။ ဧည့်ကြိုကောင်တာမှ လီရှီနှင့် မီနာတို့မှာ ဖော်ရွေကြသော်လည်း သူတို့၏ ဝန်ဆောင်မှုမှာ ပုဂ္ဂိုလ်ရေးအရ အသေးစိတ် ဂရုစိုက်မှုနှင့်ထိရောက်မှု အားနည်းနေသည်။ ရိုးရှင်းသော ကြိုဆိုမှုနှင့် ဧည့်စာရင်းသွင်းမှုအဆင့်တွင်သာ ရပ်တန့်နေပြီး ထပ်ဆောင်း အချက်အလက်များ သို့မဟုတ် အကူအညီများကို ထပ်မံ၍ မပေးအပ်နိုင်ကြပေ။ ဟဲယဲ့တည်းခိုခန်း ရင်ဆိုင်နေရသော ပြဿနာမှာ ဝန်ဆောင်မှု ကဏ္ဍအချို့ လိုအပ်နေခြင်းသက်သက် မဟုတ်ဘဲ ပို၍ အရေးကြီးသည်မှာ စီမံခန့်ခွဲမှု ပုံစံ မရှိခြင်းဖြစ်ကြောင်း စုဟယ် အလေးအနက် သဘောပေါက်သွားသည်။ ဟိုင်ဖန်းဟိုတယ်နှင့် နှိုင်းယှဉ်ပါက ဟဲယဲ့တည်းခိုခန်းတွင် ပြည့်စုံပြီး စံသတ်မှတ်ထားသော စီမံခန့်ခွဲမှုပုံစံ မရှိခြင်းမှာ ဝန်ဆောင်မှု အရည်အသွေးနှင့် ဖောက်သည်များ၏ အတွေ့အကြုံကို တိုက်ရိုက် ထိခိုက်နေခြင်း ဖြစ်သည်။

ဝေဝါးနေသော တာဝန်ဝတ္တရား သတ်မှတ်ချက်များနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အားနည်းချက်များကို ခဏဖယ်ထားဦး၊ လက်ရှိ ဟဲယဲ့တည်းခိုခန်းတွင် စံသတ်မှတ်ထားသော ဝန်ဆောင်မှု လုပ်ငန်းစဉ်များပင် မရှိပေ။ အရာအားလုံးကို ဝန်ထမ်းများ၏ ဆင်ခြင်တုံတရားပေါ်တွင်သာ မူတည်နေသဖြင့် "လူတစ်ထောင် မျက်နှာတစ်ထောင်" ဆိုသကဲ့သို့ ဧည့်သည်တစ်ဦးချင်းစီအပေါ် ဝန်ဆောင်မှုပေးသည့် အဆင့်မှာ ကွာခြားနေသည်။ သူတို့ စိတ်ကြည်နေလျှင် ဧည့်ကြိုကောင်တာမှ စကားအနည်းငယ် ပိုပြောပေးမည် သို့မဟုတ် လှုပ်ရှားမှုများကို ပိုမိုရှင်းပြပေးမည် ဖြစ်သော်လည်း အလုပ်များနေလျှင်မူ မြန်မြန်ဆန်ဆန် ပြီးမြောက်ဖို့ကိုသာ ဦးစားပေးလိမ့်မည်။ ထို့အပြင် ဟိုင်ဖန်းဟိုတယ် ဝန်ထမ်းများကဲ့သို့ မြင့်မားသော ကျွမ်းကျင်မှုကို ပြသနိုင်ရန်အတွက် နောက်ကွယ်တွင် စနစ်တကျ သင်တန်းပေးမှုများနှင့် တင်းကျပ်သော စံနှုန်းများ ရှိနေရမည်မှာ သေချာလှသည်။ ဟဲယဲ့တည်းခိုခန်းတွင်မူ ထိုအရာများ တစ်ခုမှ မရှိပေ။ စုဟယ်သည် ဟိုင်ဖန်းဟိုတယ်သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ၏ "အရှိန်အဝါဖြင့် ဖိနှိပ်ခြင်း" ကို ခံလိုက်ရပြီး သူမ၏သေးငယ်လှသော ဂုဏ်ယူမှုလေးများ အားလုံးမှာလည်း ပျောက်ကွယ်သွားရလေတော့သည်။

All Chapters