← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

195

ဟိုင်ဖန်းဟိုတယ်သည် စားသောက်ကုန်နှင့် ဟိုတယ်လုပ်ငန်းရှင်များ နှစ်ပတ်လည် အစည်းအဝေးကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းထားပြီး အသေးစိတ်ကိစ္စရပ်များအထိ စေ့စပ်သေချာစွာ ပြင်ဆင်ထားခဲ့သည်။ စုဟယ်သည် အခန်းထဲသို့ ဝင်ရောက်တည်းခိုသည်နှင့် တစ်ပြိုင်နက် မိမိ၏ အခန်းကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်မိစ။ ဟိုင်ဖန်းဟိုတယ်၏ အခန်းများမှာ တစ်ကိုယ်ရေသန့်ရှင်းမှု အဆင့်အတန်း မြင့်မားရုံသာမက သတိမမူမိတတ်သည့် ထောင့်စွန်းနေရာများဖြစ်သော ကုတင်နှင့် နံရံကြားရှိ ကွက်လပ်ကလေးများပင်လျှင် ဖုန်တစ်စမရှိဘဲ စင်ကြယ်နေသည်။ ထို့အပြင် အခန်းတွင်း ပစ္စည်းများ ခင်းကျင်းပုံမှာလည်း အလွန်ပင် ဆန်းသစ်လှ၏။ အလှဆင်ပစ္စည်းတိုင်းနှင့် လက်ဖက်ရည်သောက် အသုံးအဆောင်တိုင်းကို အမြင်လှပစေရုံသာမက အသုံးပြုရာတွင်လည်း အဆင်ပြေစေမည့် နေရာများတွင် အတိအကျ ထားရှိထားသည်။

နှစ်ပတ်လည် အစည်းအဝေးပင် မစတင်သေးသော်လည်း စုဟယ်၏ မှတ်စုစာအုပ်ထဲတွင်မူ သူမ၏ အလုပ်အတွက် အကြံဉာဏ်ရနိုင်မည့် အချက်အလက်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ အပြင်ထွက်၍ လေ့လာသင်ယူခြင်းမှာ အမှန်တကယ်ပင် အမြင်ကျယ်စေသည့် အခွင့်အရေးတစ်ခုပင်။ ဤပွဲ၏ အချိန်ဇယားမှာ အလွန်ပင် ကျပ်တည်းလှသည်။ မွန်းလွဲပိုင်းတွင် စီးပွားရေးပညာရှင်များကို ဖိတ်ကြား၍ စားသောက်ကုန်နှင့် ဟိုတယ်လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို ဟောပြောမည့် လုပ်ငန်းခွင် အတွေ့အကြုံဖလှယ်ပွဲ အစီအစဉ် ရှိနေသည်။ စုဟယ်မှာ ထိုအစီအစဉ်ကို အတော်လေး စိတ်ဝင်စားသဖြင့် ပွဲကျင်းပရာ နေရာသို့ စောစောစီးစီး ရောက်ရှိကာ စောင့်ဆိုင်းနေခဲ့သည်။ စုဟယ်သည် ထိုင်ခုံနေရာပြ မြေပုံရှေ့တွင် ရပ်၍ သူမ၏ ထိုင်ခုံကို ရှာဖွေနေစဉ်မှာပင် မထင်မှတ်ထားသော အသိဟောင်းတစ်ယောက်နှင့် ဆုံလိုက်ရသည်။

"ရော့စ်"

စုဟယ်မှာ သူမရှေ့မှ ရင်းနှီးနေသော ကျောပြင်ကို လှမ်းခေါ်လိုက်သည်။ ယနေ့တွင် ရော့စ်မှာ ဝတ်စုံပြည့်ကို သပ်ရပ်စွာ ဝတ်ဆင်ထားရာ သူသည် ကျင်းရှန်းစားသောက်ဆိုင်၏ စားပွဲထိုးဘဝမှ စားသောက်ဆိုင်၏ ကိုယ်စားလှယ်တစ်ဦးအဖြစ် ရာထူးတိုးသွားပြီဖြစ်ကြောင်း သိသာလှ၏။

“သူဌေးမ စုဟယ်”

ရော့စ်သည်လည်း အသိဟောင်းတစ်ယောက်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ရော့စ်မှာ သူ၏ မိဘများသည် လေ့လာသင်ယူရန် ဤနှစ်ပတ်လည် အစည်းအဝေးသို့ အတင်းအကျပ် လွှတ်လိုက်ခြင်းဖြစ်သည်။ သူသည် ဟိုတယ်ထဲတွင် သုံးရက်တိုင်တိုင် တစ်ယောက်တည်း ပိတ်မိနေတော့မည်ဟု ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း အခုတော့ အနည်းဆုံးတော့ စကားပြောဖော် အသိတစ်ယောက်ရှိသွားပြီ ဖြစ်သဖြင့် အခြေအနေမှာ မဆိုးတော့ပေ။ သူတို့နှစ်ဦး မဆုံဖြစ်သည်မှာ ကြာပြီဖြစ်သောကြောင့် ထောင့်တစ်နေရာသို့ လမ်းလျှောက်သွားရင်း ဟဲယဲ့တည်းခိုခန်းနှင့် ကျင်းရှန်းစားသောက်ဆိုင်တို့၏ အခြေအနေများကို စကားစမြည် ပြောဖြစ်ကြသည်။ ကျင်းရှန်းစားသောက်ဆိုင်မှာ နှစ်၊လ ကြာရှည် ရပ်တည်လာသည့် အဆင့်မြင့် စားသောက်ကုန်လုပ်ငန်းတစ်ခု ဖြစ်သဖြင့် နှစ်စဉ်ဝင်ငွေ သန်းတစ်ရာ ကျော်ရန်မှာ ပြဿနာမဟုတ်ပေ။ စုဟယ်မှာလည်း သိလိုသော မေးခွန်းအချို့ ရှိနေသဖြင့် မေးမြန်းနေမိသည်။ သူတို့ စကားပြောနေစဉ်မှာပင် နောက်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာ၏။

“ဥက္ကဋ္ဌကျား၊ မတွေ့တာ ကြာပြီနော်”

ရွှင်ပျပျရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ လာသူမှာ ခန့်ညားထည်ဝါသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။

“သူဌေးပိုင်၊ မင်္ဂလာပါ မင်္ဂလာပါ”

မုတ်ဆိတ်မွေးနှင့် ခပ်တည်တည်ပုံစံရှိသော အမျိုးသားတစ်ဦးမှာ ပြန်လည်ပြေကြားလိုက်သည်။ ပိုင်ဖေးဟုခေါ်သော ထိုအမျိုးသမီး၏အသံမှာ ကျယ်လောင်ပြီး တက်ကြွလှ၏။ ရိုးရှင်းသော နှုတ်ဆက်စကားများ ပြောပြီးနောက် သူမအကြည့်မှာ ထိုင်ခုံနေရာပြ မြေပုံဆီသို့ ကျရောက်သွားသည်။ သူမ လက်ညှိုးဖြင့် ခပ်ဖွဖွလေးတို့ကြည့်လိုက်ရင်း မျက်နှာပေါ်က အပြုံးမှာ ပို၍ပင် တောက်ပလာသည်။

“ဂုဏ်ယူပါတယ် ဥက္ကဋ္ဌကျား"

ပိုင်ဖေး၏စကားထဲတွင် မြှောက်ပင့်လိုသော အရိပ်အယောင်များ ပါဝင်နေသည်။

“ဒီနှစ် ကျွန်မတို့ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်တဲ့ အဖွဲ့ဝင်တွေ ပိုပိုများလာတာက ဥက္ကဋ္ဌကျားဖန့်ရဲ့ ကြိုးပမ်းမှုတွေကြောင့်ပါပဲ”

ဥက္ကဋ္ဌကျားဖန့် ဘာမှပြန်မပြောဘဲ ပြုံးနေသော်လည်း စာရင်းကို တစ်ချက် ကြည့်လိုက်သည်။ ပိုင်ဖေး၏အကြည့်မှာ ထိုင်ခုံနေရာပြမြေပုံကို ဝေ့ဝဲကြည့်လိုက်ရာ သူမမျက်လုံးထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ပေါ်လာ၏။ စာရင်းထဲတွင် မျက်နှာသစ်အချို့နှင့် သူမတစ်ခါမှ မကြားဖူးသော ဟိုတယ်အမည်များကို တွေ့လိုက်ရသောအခါ သူမသည် မသိစိတ်ဖြင့် မျက်ခုံးပင့်လိုက်မိပြီး အသံမှာလည်း လှောင်ပြောင်သရော်သည့် လေသံ ပေါ်လာတော့သည်။

“တကယ်ပဲ ဒီနှစ် အဖွဲ့ဝင်တွေ ပိုများလာတာပဲ၊ ကျွန်မတစ်ခါမှ မကြားဖူးတဲ့ ဟိုတယ်တွေတောင် ပါသေးတယ် ဟားဟား ဒါက ဥက္ကဋ္ဌကျားဖန့်အတွက် တော်တော်လေး ခက်ခဲမှာပဲနော်”

ပိုင်ဖေး၏စကားလုံးများမှာ အဖွဲ့ဝင်အသစ်အချို့အပေါ် အထင်အမြင်သေးခြင်းများ ပါဝင်နေသည်။ ဥက္ကဌကျားဖန့်မှာတော့ အေးအေးဆေးဆေးပင် ပြုံးလျက် ပြောလိုက်၏။

“အထက်ကပေးတဲ့ အလုပ်ကို ပူးပေါင်းဆောင်ရွက်ရတာပါပဲ”

ပိုင်ဖေးမှာ ထိုမျှနှင့် ရပ်မည့်ပုံ မပေါ်ပေ။

“ဟုတ်လို့လား ကျွန်မကြားတာတော့ အဲဒါက ဖျက်သိမ်းရေးကြောင့် ကံကောင်းသွားတဲ့လူတစ်ယောက်တဲ့၊ ဒီဘက်ခေတ်မှာ ဘယ်သူမဆို ဟိုတယ်ဖွင့်နိုင်တာပဲနော်၊ ဟုတ်ရဲ့လား သူတို့က တကယ်ပဲ ဟိုတယ်ဖွင့်တာကို လယ်တောထဲက အိမ်လေးတစ်လုံးဖွင့်သလို ဧည့်သည်တွေအိပ်ဖို့ ကုတင်တစ်လုံးပေးလိုက်ရုံနဲ့ရပြီလို့ ထင်နေတာလား"

ပိုင်ဖေးမှာပြောရင်း ခေါင်းကို ခါယမ်းလိုက်သည်။ ဥက္ကဋ္ဌကျားဖန့် မှာတော့ အသေးအဖွဲကိစ္စတစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်နေဆဲပင်။

“အဖွဲ့ဝင်တွေဆိုတာကတော့ အမြဲတမ်း အပြောင်းအလဲ ရှိနေတာပဲလေ၊ နောက်နှစ်မှာ ဘာဖြစ်မလဲဆိုတာ ပြောရခက်ပါတယ်”

ပိုင်ဖေး အားရပါးရရယ်မောလိုက်သည်။

“ဥက္ကဋ္ဌကျား ဆိုတဲ့အတိုင်းပဲ၊ အမြင်က တကယ့်ကို ကျယ်တာပဲ”

ထို့နောက် ပိုင်ဖေးမှာ စကားလမ်းကြောင်းကို အဖွဲ့ဝင်သစ်တစ်ဦးဆီသို့ ပြောင်းလဲလိုက်သည်။

“ဒါနဲ့ အဲဒီ ဖျက်သိမ်းရေးသမားက မြို့သစ်ဧရိယာမှာ နေရာချပေးခံရတာလို့ ကြားတယ်၊ အဲဒီမြို့သစ်က ဥက္ကဋ္ဌကျား စီမံခန့်ခွဲတဲ့ ကိုယ်ပိုင်ကမ်းခြေရှိတဲ့ ဟိုင်ဖန်းဟိုတယ်လို မဟုတ်ဘူးလေ၊ အဲဒီနေရာက ဘာမှမရှိတဲ့မြေရိုင်းပြင်ကြီးလိုပဲ၊ သွားရေးလာရေးလည်း မလွယ်သလို ဘာအပန်းဖြေစရာမှလည်း မရှိဘူး”

ပိုင်ဖေးသည် ဟဲယဲ့တည်းခိုခန်းအတွက် စိုးရိမ်နေသယောင် ဟန်ဆောင်ကာ ခေါင်းကို ခါယမ်းပြသည်။ ထို့နောက် သူမသည် ဥက္ကဋ္ဌကျား လျှောက်ထားနေသော အထူးဘတ်စ်ကားဝန်ဆောင်မှုအကြောင်းကို မသိမသာ ထည့်ပြောလိုက်သည်။

“ဒါနဲ့ စကားမစပ် ဥက္ကဋ္ဌကျားကဘူတာရုံနဲ့ လေဆိပ်ကနေ ဟိုင်ဖန်းဟိုတယ်အထိ ပြေးဆွဲမယ့် အထူးဘတ်စ်ကားလိုင်းဖွင့်ဖို့ လျှောက်ထားနေတယ်လို့ ကြားတယ်၊ အခြေအနေ ဘယ်လိုရှိလဲ၊ ကျွန်မမှာတော့ ကူညီပေးနိုင်မယ့် သူငယ်ချင်းအချို့ရှိတယ်နော်”

ဥက္ကဋ္ဌကျားဖန့်မှာ ပြုံးနေဆဲဖြစ်သော်လည်း သူ့မျက်နှာတွင် အနည်းငယ် တောင့်တင်းသွားသည်ကို ဖုံးကွယ်ရန် ခက်ခဲသွားသည်။ ဟိုင်ဖန်းဟိုတယ်သည် ဝန်ဆောင်မှုနှင့် အသုံးအဆောင်များ ကောင်းမွန်မှုကြောင့် လုပ်ငန်းခွင်တွင် ချီးကျူးခံရသော်လည်း ပိုင်ဖေးထောက်ပြလိုက်သကဲ့သို့ပင် ၎င်း၏တည်နေရာမှာ သိသာထင်ရှားသော အားနည်းချက်တစ်ခုဖြစ်နေ၏။ ဟိုင်ဖန်းဟိုတယ်သည် မြို့နှင့် ဝေးကွာသော ကမ်းခြေတစ်ခုတွင် တည်ရှိပြီး ကိုယ်ပိုင်ကမ်းခြေမှာ ပို၍ပင် ဝေးကွာလှသဖြင့် နယ်ဝေးမှ ခရီးသွားများ အပန်းဖြေရန် လာရောက်ဖို့မှာ အလွန်ပင် အဆင်မပြေလှပေ။ ထို့ကြောင့် ဟိုင်ဖန်းဟိုတယ်မှာ ကြယ် (၆) ပွင့်အဆင့်ရှိသော်လည်း လူအများစုမှာ သွားရေးလာရေး အခက်အခဲကြောင့် တည်းခိုရန် စိတ်ကူးကို လက်လျှော့လိုက်ကြရသည်။

“အော် စကားမစပ် မြို့ထဲက ကျွန်မတို့ဆီမှာတော့ ရှုခင်းကနည်းနည်းညံ့ပေမဲ့ သွားရေးလာရေးကတော့ တကယ့်ကို အဆင်ပြေတယ်နော်”

ပိုင်ဖေး လှောင်ပြောင်သောလေသံဖြင့် ပြောလိုက်သည်။ ဥက္ကဋ္ဌကျားဖန့်မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲပေါ်သွား၏။ သူသည် ဟိုင်ဖန်းဟိုတယ်တည်နေရာနှင့် ပတ်သက်သော ပိုင်ဖေး၏ရန်စမှုကို တိုက်ရိုက်မတုံ့ပြန်ဘဲ စကားလမ်းကြောင်းကို ပါးနပ်စွာလွှဲလိုက်သည်။

“ဟုတ်ပါတယ် မြို့ထဲကတော့ ပိုပြီး အဆင်ပြေတာပေါ့၊ ဒါပေမဲ့ ကံမကောင်းတာက မြို့ထဲမှာ မြေနေရာတွေကပြည့်နေပြီဆိုတော့ ဝင်ဖို့ကမလွယ်တော့ဘူးလေ”

ထို့နောက် သူလေသံကိုပြောင်းလိုက်သည်။

“ဒါပေမဲ့ သူဌေးပိုင်ကတော့ အမြော်အမြင် ရှိတာပဲ၊ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်ကတည်းက မြို့ထဲမှာ ဖိလီအပြည်ပြည်ဆိုင်ရာဟိုတယ် ကို တည်ထောင်ခဲ့တာ၊ အဲဒါက ကျွန်တော်တို့မြို့ရဲ့ နာမည်ကြီး ရှေးဟောင်းကြယ် (၅) ပွင့်ဟိုတယ်ကြီးပေါ့၊ ဒါနဲ့ အခုဆို အနှစ် (၂၀) ကျော်တောင် ရှိပြီလား ”

ပိုင်ဖေးမျက်နှာမှာ အနည်းငယ်ပျက်သွားပြီးဖြေလိုက်သည်။

“(၂၆) နှစ် ရှိပါပြီ”

သူမစိတ်ထဲတွင် တည်ငြိမ်မှုမရှိတော့သည်မှာ သိသာလှသည်။ လွန်ခဲ့သော (၂၆) နှစ်အတွင်း အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ပြီးနောက် ဖိလီအပြည်ပြည်ဆိုင်ရာ ဟိုတယ်သည် တစ်ချိန်ကမြို့၏ ဂုဏ်ဆောင်ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ အချိန်ကာလမှာ ဟိုတယ်၏ အသုံးအဆောင်များနှင့် အလှဆင်မှုများအပေါ်တွင် ဖျောက်ဖျက်၍မရသော အမှတ်အသားများကို ထားရစ်ခဲ့ပြီဖြစ်သည်။ တစ်ချိန်က လှပခမ်းနားခဲ့သော အလှဆင်မှုများမှာ ယခုအခါ ခေတ်နောက်ကျနေသလိုဖြစ်နေပြီး အချို့သော အသုံးအဆောင်များမှာလည်း ဟောင်းနွမ်းလာကာ ဖောက်သည်များ၏မြင့်မားလှသော တောင်းဆိုချက်များကို မဖြည့်ဆည်းပေးနိုင်တော့ပေ။ ပိုင်ဖေးသည် ဖိလီ အပြည်ပြည်ဆိုင်ရာ ဟိုတယ်ကို အလုံးစုံပြုပြင်မွမ်းမံပြီး အဆင့်မြှင့်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေနေခဲ့သော်လည်း ရန်ပုံငွေရှာဖွေရန်မှာ မလွယ်ကူလှပေ။ ပိုင်ဖေးသည် ဥက္ကဋ္ဌကျားနှင့်စကားပြောရာတွင် အသာမရသဖြင့် စကားလမ်းကြောင်းကို ဟဲယဲ့တည်းခိုခန်းဆီသို့ ပြန်လှည့်လိုက်ပြန်သည်။

“အဲဒီ ဖျက်သိမ်းရေးသမားက ဘယ်ကသူဌေးကြီးဆီက ရင်းနှီးမြှုပ်နှံမှု ရလာတာလဲ မသိဘူး၊ (၁၆) ထပ် ဟိုတယ်ကြီးတဲ့လေ ဟွန့်"

ပိုင်ဖေးစကားထဲတွင် မနာလိုမှုများ အထင်အရှား ပါဝင်နေသည်။ ဖိလီ အပြည်ပြည်ဆိုင်ရာ ဟိုတယ်တွင် (၁၂) ထပ်သာ ရှိသောကြောင့် ဖြစ်၏။ ဥက္ကဋ္ဌကျားဖန့် သည်လည်းအတော်လေး စိတ်ဝင်စားနေသည်။ လက်ရှိဈေးနှုန်းများအရ (၁၆) ထပ်ရှိသော ဟိုတယ်တစ်လုံး ဆောက်လုပ်ရန်အတွက် အနည်းဆုံး ယွမ်သန်းတစ်ရာခန့် ကုန်ကျမည် ဖြစ်ရာ ၎င်းမှာ အလွန်ပင် များပြားလှသော ပမာဏဖြစ်သည်။

“ကြားတာတော့ အဲဒါက လူငယ်တစ်ယောက်ပဲတဲ့”

“လူငယ်တွေကတော့ အင်တာနက်ပေါ်မှာ နာမည်ကြီးဖို့ပဲ ကြိုးစားကြတာပါပဲ”

ပိုင်ဖေးမှာ လူငယ်မျိုးဆက်များ၏ ယဉ်ကျေးမှုအပေါ် အထင်အမြင်သေးသော လေသံဖြင့်ပြောလိုက်သည်။

“အဲဒီ ဖျက်သိမ်းရေးသမားကလည်း အင်တာနက်ပေါ်က အချက်အလက်တွေကို ကစားပြီး လူစည်ကားနေသလိုမျိုး လုပ်ပြနေတာပါ၊ တကယ်တမ်းတော့ အဲဒါတွေက အတုအယောင်တွေချည်းပါပဲ”

ပိုင်ဖေး၏အသံတွင် သူတစ်ပါး ပျက်စီးသည်ကို ဝမ်းသာသည့်လေသံ ပါဝင်နေသည်။

“ရင်းနှီးမြှုပ်နှံတဲ့ သူဌေးကြီးကတော့ တကယ်ပဲ တွက်ချက်မှု မှားသွားတာပဲ၊ အခုခေတ်အင်တာနက်မှာ နာမည်ကြီးတယ်ဆိုတာ ခဏတာပဲလေ၊ ကျွန်မကြည့်ရတာတော့ အဲဒီသူဌေးကြီးကတော့ အကုန်လုံး ဆုံးရှုံးရတော့မှာပဲ”

စုဟယ်နှင့် ရော့စ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရော့စ်မှာ သူမကို နှစ်သိမ့်လိုက်၏။

“ဒါတွေကို စိတ်ထဲမထားပါနဲ့၊ ဒီကိုလာတဲ့လမ်းမှာတောင် ကျွန်တော့်ကို အသုံးမကျတဲ့ သူဌေးသားတစ်ယောက် ဒီနှစ်ပတ်လည် အစည်းအဝေးကို ရောက်လာတယ်ဆိုပြီး ပြောနေကြတာ ကျွန်တော် ကြားခဲ့သေးတယ်”

196

လူငယ်များ အထူးသဖြင့် လုပ်ငန်းခွင်ထဲ အသစ်ဝင်လာသူတွေဟာ ဘယ်နေရာသွားသွား အထင်အမြင်သေးတာကို ခံရစမြဲပင်။ စုဟယ်သည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ဥက္ကဋ္ဌကျား နှင့် ပိုင်ဖေးတို့မှာ ဤမျှအထိ ဗြောင်ကျကျ လက်ညှိုးထိုးလှောင်ပြောင်ကြလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ သို့သော်လည်း ဥက္ကဋ္ဌကျားဖန့် နှင့် ပိုင်ဖေးတို့မှာလည်း တစ်ဦးနှင့်တစ်ဦး ထိုမျှလောက် သဟဇာတဖြစ်နေကြသည်တော့ မဟုတ်ပေ။ နာမည်ကြီး ရှေးဟောင်း ကြယ် (၅) ပွင့်ဟိုတယ်နှင့် အရှိန်အဟုန်ဖြင့် တက်လာနေသော ကြယ် (၆) ပွင့်ဟိုတယ်တို့အကြား သဘာဝကျလှသော ပြိုင်ဆိုင်မှုများ ရှိနေကြသည်။ စုဟယ်သည်လည်း သူတို့၏ စကားလုံးများထဲ၌ ပါဝင်နေသော သိမ်မွေ့လှသည့် အပြန်အလှန် ရန်စချက်များကို ရိပ်မိလိုက်သည်။ စုဟယ်သည် မိမိ၏ ဒေါသကို မျိုသိပ်ထားရန် အစီအစဉ် လုံးဝမရှိပေ။ သူမသည် ထောင့်ချိုးလေးထဲမှ လှမ်းထွက်လာပြီး ကျားဖန့်၏ ဟန်ဆောင်အပြုံးမျိုးကို အတုယူကာ ပြုံးပြလိုက်ရင်း နှုတ်ဆက်လိုက်သည်။

“ဥက္ကဋ္ဌကျား ပိုင်ဖေး မင်္ဂလာပါ မင်္ဂလာပါ၊ ကျွန်မကတော့ အသစ်စက်စက် ဖျက်သိမ်းရေးသမား အော် မဟုတ်ပါဘူး၊ အဖွဲ့ဝင်သစ် စုဟယ်ပါ”

ကျားဖန့်နှင့် ပိုင်ဖေးတို့သည် ထောင့်ချိုးထဲတွင် လူတစ်ယောက်ရှိနေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ကြပေ။ ယခင်နှစ်များတွင် အဖွဲ့ဝင်များသည် ဟောပြောပွဲစခါနီးမှသာ ရောက်လာတတ်ကြသည်။ ကျားဖန့်သည် အသင်း၏ဥက္ကဋ္ဌဖြစ်သဖြင့် ပွဲကျင်းပမည့်နေရာ အခြေအနေကို ကြိုတင်အတည်ပြုရန် လိုအပ်သောကြောင့်ဖြစ်ပြီး ပိုင်ဖေးမှာမူ ယခင်ဥက္ကဋ္ဌဟောင်းဖြစ်ကာ ယခုထက်တိုင် ထိုရာထူးကို မက်မောနေဆဲဖြစ်ရာ ကျားဖန့်ထက် သာလွန်ကြောင်း ပြသနိုင်ရန် စောစောရောက်လာခဲ့ခြင်းဖြစ်၏။ သူတို့နှစ်ဦးစလုံးမှာ ယခုနှစ်တွင် တစ်စုံတစ်ယောက် ဤမျှအထိ တက်ကြွစွာ စောစောရောက်နေပြီး သူတို့၏ စကားဝိုင်းကို ခိုးနားထောင်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ရော့စ်မှာလည်း သူ၏နှာခေါင်းကို ပွတ်သပ်ရင်း ထောင့်ထဲမှ လှမ်းထွက်လာကာ နှုတ်ဆက်လိုက်သည်။

“ဥက္ကဋ္ဌကျား ပိုင်ဖေး မင်္ဂလာပါ၊ ကျွန်တော်ကတော့ အသုံးမကျတဲ့ သူဌေးသား ဒုတိယမျိုးဆက်ပါ”

လေထုထဲတွင် မသိမသာ တင်းမာမှုများ ပြည့်နှက်သွားသည်။ ဥက္ကဋ္ဌကျား နှင့် ပိုင်ဖေးတို့မှာ သူတစ်ပါးကွယ်ရာ အတင်းပြောနေစဉ် လူမိသွားသဖြင့် အနည်းငယ် အနေရခက်သွားကြပြီး သူတို့၏ မျက်လုံးများမှာလည်း အတွင်းစိတ်ထဲမှ ထိတ်လန့်မှုကို ဖုံးကွယ်ရန် ကြိုးစားရင်း ဟိုဟိုဒီဒီ ဝေ့ဝဲနေကြ၏။ နောက်ဆုံးတွင် ဥက္ကဋ္ဌကျားဖန့်၏ အဆင့်အတန်းမှာ ပိုမိုမြင့်မားလှသည်။ သူသည် နှစ်ရှည်လများ ရရှိထားသော လူမှုဆက်ဆံရေး အတွေ့အကြုံနှင့် တည်ငြိမ်သော အမူအရာကို အသုံးချကာ စိတ်ခံစားချက်ကို လျင်မြန်စွာ ပြန်လည်ထိန်းညှိလိုက်၏။ သူသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး အခြေအနေကို ပြန်လည်ဖာထေးရန် ပြောလိုက်သည်။

“ကျွန်တော်တို့ အသင်းက ဒီနှစ်တော့ တကယ့်ကို ထူးခြားတာပဲ၊ ထူးချွန်ထက်မြက်တဲ့ လူငယ်အစွမ်းအစရှိသူ နှစ်ယောက်တောင် ဝင်လာတာကိုး”

ပိုင်ဖေးသည်လည်း သူမ၏တည်ငြိမ်မှုကို လျင်မြန်စွာ ပြန်လည်ရရှိလာသည်။ သူမက ပြုံးလိုက်ပြီး ဥက္ကဋ္ဌကျား၏ စကားကို ထောက်ခံသည့်အနေဖြင့် ဖြည့်စွက်ပြောလိုက်၏။

“ဟုတ်ပါရဲ့ အခွင့်အရေးရရင် ကျွန်မတို့ အချင်းချင်း ပိုပြီးဆက်သွယ်ပြောဆိုကြပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် လုပ်ကြရမှာပေါ့”

“အတိအကျပါပဲ အတိအကျပါပဲ၊ ကျွန်တော်တို့ရဲ့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပရတဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်တွေ အချင်းချင်း ပိုမိုဆက်သွယ် ပြောဆိုကြဖို့၊ အပြန်အလှန် နားလည်မှုတွေ တိုးတက်စေဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက်အကြား ဖြစ်ပေါ်နေတဲ့ အထင်အမြင်လွဲမှားမှု တွေကို လျှော့ချဖို့ပဲလေ”

ကျားဖန့် ထပ်မံပြောကြားလိုက်ပြီး ဤဖြစ်ရပ်ကို နှစ်ဖက်ကြားမှ အထင်အမြင်လွဲမှားမှု တစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်လိုက်သည်။ သူသည် ဤကိစ္စကို ပိုမိုကြီးထွားမသွားစေလိုသည်မှာ သိသာလှ၏။ စုဟယ်သည် ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး တောက်ပစွာ ပြုံးလျက်ပြောလိုက်သည်။

“ကျွန်မမှာလည်း ဥက္ကဋ္ဌကို မေးချင်တဲ့ မေးခွန်းအချို့ရှိနေတာနဲ့ အတော်ပဲ၊ ဥက္ကဋ္ဌ အချိန်ပေးနိုင်မလား မသိဘူးရှင့်”

ကျားဖန့်အနေဖြင့် ငြင်းပယ်နိုင်ပါမည်လား။ သူကိုယ်တိုင်မှာပင် အချင်းချင်း ပိုပြီး ဆက်သွယ်ပြောဆိုသင့်သည်ဟု ပြောခဲ့ပြီးကာမှ ယခု စုဟယ်ကို ငြင်းပယ်လိုက်လျှင် မိမိမျက်နှာကို မိမိပြန်ရိုက်သလို ဖြစ်နေမည် မဟုတ်ပါလား။ ဤကဲ့သို့ လူပုံအလယ်တွင် ကျားဖန့်မှာ အံကြိတ်၍သာ သူ၏အသံကို တည်ငြိမ်အေးဆေးပြီး ဖော်ရွေဟန်ပေါက်အောင် ကြိုးစားရင်း ဆိုလိုက်သည်။

“ဒါပေါ့ အချိန်ရပါတယ်၊ မင်း သိချင်တာမှန်သမျှ မေးနိုင်ပါတယ်၊ ကျွန်‌တော်လည်း တတ်နိုင်သမျှ အကောင်းဆုံး ဖြေပေးပါ့မယ်”

စုဟယ်မှာတော့ အားနာခြင်းမရှိဘဲ မေးခွန်းများကို တရစပ် ရွတ်ဆိုတော့သည်။

“ဥက္ကဋ္ဌကျား ဟိုင်ဖန်းဟိုတယ်အနေနဲ့ ဝန်ဆောင်မှုလုပ်ငန်းစဉ်တွေမှာ စံသတ်မှတ်ချက်နဲ့ ဧည့်သည်တွေရဲ့ လိုအပ်ချက်အလိုက် ပြုပြင်ပြောင်းလဲပေးမှုတို့အကြား ဟန်ချက်ညီအောင် ဘယ်လိုဆောင်ရွက်ပါလဲ၊ ရှင်တို့ ဟိုတယ်မှာ ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှုနဲ့ ဝန်ဆောင်မှု တုံ့ပြန်နိုင်တဲ့ အချိန်စတဲ့ ဝန်ဆောင်မှု အရည်အသွေး ညွှန်းကိန်းတွေကို ဘယ်လိုမျိုး တိုင်းတာပြီး စောင့်ကြည့် စစ်ဆေးပါသလဲ၊ ဥက္ကဋ္ဌကျား ဝန်ဆောင်မှု စံနှုန်းတွေနဲ့ ပတ်သက်ပြီး သီးခြားသတ်မှတ်ထားတဲ့ KPI (အဓိက စွမ်းဆောင်ရည် ညွှန်းကိန်း) အချို့ကိုလည်း မျှဝေပေးနိုင်မလားရှင့်”

ဥက္ကဋ္ဌကျားဖန့်၏တောင့်တင်းနေသော အပြုံးမှာ စုဟယ်၏မေးခွန်းများကို ကြားလိုက်ရသည့် ခဏမှာပင် မျက်နှာပေါ်၌ လုံးဝအေးခဲသွားတော့သည်။ ဤစုဟယ်ဆိုသည်မှာ ဖျက်သိမ်းရေးသမားတစ်ယောက် မဟုတ်ပါလား။ သူမမေးခွန်းများက အဘယ်ကြောင့် ဤမျှအထိ ကျွမ်းကျင်ပိုင်နိုင်လွန်းနေရသနည်း။ ဥက္ကဋ္ဌကျားဖန့် မှာ မိမိ၏ထိန်းမရသော မျက်နှာအမူအရာကို ဖုံးကွယ်ရန် ချောင်းတစ်ချက်ဟန့်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူသည် စကားလုံးများကို မည်သို့ မသိမသာ ဖုံးကွယ်ပြောရမလဲဟု အတွေးများကို အသည်းအသန် စုစည်းလိုက်သည်။ ၎င်းမှာ နောက်ပြောင်နေရမည့် ကိစ္စမဟုတ်ပေ။ စုဟယ်၏မေးခွန်းများမှာ ဟိုတယ်လည်ပတ်မှု၏ အဓိကအနှစ်သာရကို တိုက်ရိုက်ထိမှန်နေသဖြင့် ဤကဲ့သို့သော သတင်းအချက်အလက်များကို သူ အလွယ်တကူ ထုတ်မပေးနိုင်ပေ။ သူ့ဦးနှောက်မှာ အသည်းအသန်အလုပ်လုပ်နေသည်။

“မင်းရဲ့ မေးခွန်းတွေက တကယ့်ကို ထိုးထွင်းသိမြင်မှု ရှိတာပဲ၊ ဒီမေးခွန်းတွေရဲ့အဖြေက တော်တော်လေးကို ရှုပ်ထွေးနက်နဲတယ်"

စုဟယ် ထိုသို့သောအဖြေမျိုးကို ကြိုတင်တွက်ဆထားသည့်ပုံပင်။ သူမမျက်နှာတွင် နောက်ပြောင်လိုသော အရိပ်အယောင် ပေါ်လာပြီးနောက် ပိုမို၍ ချဲ့ကားကာ စိတ်လှုပ်ရှားသွားသည့်လေသံဖြင့် ဆိုလိုက်သည်။

“အော် ဒါဆိုရင်တော့ ဥက္ကဋ္ဌကျားကို ကြိုတင်ကျေးဇူးတင်ထားပါရစေ၊ ရှုပ်ထွေးတဲ့ မေးခွန်းတွေက ရှင်းပြဖို့ အချိန်အများကြီး ယူရမှာဆိုတော့ ကျွန်မကို ဟိုတယ်စီမံခန့်ခွဲမှုလက်စွဲစာအုပ်သာ ပေးလိုက်ပါ၊ ကျွန်မဘာသာပဲ ဖတ်လိုက်ပါ့မယ်”

ထို့နောက် သူမ စိတ်လှုပ်ရှားနေသော အမူအရာကိုလုပ်ပြရင်း ပြောလိုက်သည်။

“ဥက္ကဋ္ဌကျားက ဒီလောက်အထိ အလေးထား စဉ်းစားပေးလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး၊ အစကတော့ ကျွန်မတို့လိုတည်းခိုခန်းလေးတွေကို အထင်သေးတယ်လို့ ထင်ခဲ့မိတာ၊ ကျွန်မကပဲ အတွေးအခေါ် ကျဉ်းမြောင်းခဲ့တာပဲ၊ ဥက္ကဋ္ဌကျားက တကယ့်ကို သဘောထားကြီးတာပဲရှင်”

ကျားဖန့်မှာ စကားပြောမထွက်နိုင်အောင် ဆို့သွားသည်။ ဥက္ကဋ္ဌကျား စကားမပြောနိုင်ခင်မှာပင် စုဟယ် ပိုင်ဖေးဘက်သို့ လှည့်လိုက်ပြန်၏။

“ပိုင်ဖေး ရှင့်ရဲ့ ဖိလီအပြည်ပြည်ဆိုင်ရာ ဟိုတယ်က မြို့ထဲမှာ တကယ့်ကို နာမည်ကြီးတာပဲနော်”

စုဟယ်မှာ အထင်ကြီးလေးစားနေသော အမူအရာကိုလုပ်ပြရင်း ပြောလိုက်သည်။

“ဖိလီ ဟိုတယ်က နိုင်ငံခြားဟိုတယ်တွေရဲ့ အဆင့်မြင့်အတွေးအခေါ်တွေကို အသုံးချထားတယ်လို့ ကျွန်မကြားဖူးပါတယ်၊ ဒီနယ်ပယ်က အတွေ့အကြုံလေးတွေကို မျှဝေပေးလို့ရမလားရှင့်၊ ဖိလီ ဟိုတယ်က အပြည်ပြည်ဆိုင်ရာ ဟိုတယ်တစ်ခုဖြစ်တဲ့အတွက် ဖောက်သည်တွေရဲ့ သစ္စာရှိမှုကိုမြှင့်တင်ဖို့နဲ့ ပုဂ္ဂိုလ်ရေးအရဝန်ဆောင်မှုတွေပေးဖို့ CRM (ဖောက်သည် ဆက်ဆံရေး စီမံခန့်ခွဲမှု) စနစ်ကိုရော အသုံးချပါသလား၊ လို့ဆန်းဟိုတယ်သင်တန်းကျောင်းဆိုတာ အရည်အသွေးမြင့်ပညာရေးနဲ့ ဟိုတယ်လုပ်ငန်းခွင်က ခေါင်းဆောင်တွေကို မွေးထုတ်ပေးရာမှာ ကမ္ဘာကျော်တဲ့ ကျောင်းတစ်ခုလေ၊ ရှင်တို့ဟိုတယ်အနေနဲ့ လူသားစွမ်းအား ဖွံ့ဖြိုးတိုးတက်မှုအတွက် လို့ဆန်း ဟိုတယ်ပုံစံကို အခြေခံပါသလား၊ ဘယ်လိုမျိုး အသုံးချသလဲဆိုတာ သိပါရစေ”

ပိုင်ဖေးမျက်လုံးများမှာ မသိစိတ်ဖြင့် ဘေးသို့ ဝေ့ဝဲသွားမိသည်။ ထိုစုဟယ်ဆိုသည်မှာ ဤမျှအထိကျွမ်းကျင်ပြီး ပညာရပ်ဆိုင်ရာဆန်သော မေးခွန်းများကို ဘယ်ကနေ ရလာရသနည်း။

“ဒီမေးခွန်းတွေကလည်း ချက်ချင်းရှင်းပြဖို့ အများကြီးရှုပ်ထွေးနေတာလားဟင်၊ ရပါတယ် ပိုင်ဖေးရယ် ဒါဆိုရင်လည်း ကျွန်မကို ဟိုတယ်စီမံခန့်ခွဲမှု လက်စွဲစာအုပ်တစ်စောင်သာ ပေးလိုက်ပါတော့၊ ကျွန်မ သေချာဖတ်ကြည့်ပြီး နားမလည်တာရှိရင် ထပ်မေးပါ့မယ်၊ ကျွန်မတို့က အချင်းချင်းပိုပြီးဆက်သွယ်ပြောဆိုကြရမှာမဟုတ်လား ”

စုဟယ်မှာ ပိုင်ဖေးအတွက် ထွက်ပေါက်တစ်ခုကို အလိုက်တသိ ပေးလိုက်သည်။ သူတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး အကျပ်ရိုက်နေစဉ်မှာပင် ဆူဆူညံညံခြေသံများ ချဉ်းကပ်လာ၏။ ၎င်းမှာ ဟောပြောပွဲနားထောင်ရန်လာကြသော အသင်းဝင်များ ဖြစ်သည်။ အဖွဲ့ကိုဦးဆောင်လာသော ဗိုက်ရွှဲရွှဲနှင့်လူကြီးမှာ ထိုင်ခုံနေရာပြ မြေပုံရှေ့တွင် ရပ်နေသော လူလေးယောက်ကို မြင်လိုက်ရသည်။ သူလေးယောက်စလုံးကို ဝေ့ကြည့်လိုက်ပြီး ၎င်းတို့အထဲတွင် ဥက္ကဋ္ဌကျားကိုပါ တွေ့လိုက်ရသဖြင့် မျက်ခုံးများ အနည်းငယ် ပင့်သွားကာ အံ့အားသင့်သည့်ပုံစံဖြင့် မေးလိုက်၏။

“အော် ဥက္ကဋ္ဌကျား ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ"

စုဟယ် လျင်မြန်စွာပင် ဥက္ကဋ္ဌကျား၏ ရှေ့မှ ဖြတ်၍ပြန်ဖြေလိုက်သည်။

“ဥက္ကဋ္ဌကျားနဲ့ ပိုင်ဖေးတို့က ကျွန်မတို့ လူငယ်နှစ်ယောက်ကို သူတို့ရဲ့ အတွေ့အကြုံတွေ မျှဝေပေးနေတာပါ၊ အချို့မေးခွန်းတွေက ချက်ချင်းရှင်းပြဖို့ ရှုပ်ထွေးလွန်းတယ်ဆိုပြီး ကျွန်မတို့ကို လေ့လာဖို့အတွက် ဟိုတယ်စီမံခန့်ခွဲမှုလက်စွဲစာအုပ်တွေပေးမယ်လို့ ပြောနေကြတာပါ"

ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဥက္ကဋ္ဌကျားဖန့်နှင့်ပိုင်ဖေးတို့မျက်နှာများမှာ သိသိသာသာပျက်သွားပြီး ထိတ်လန့်သွားသော အရိပ်အယောင်များ ပေါ်လာတော့သည်။ သူတို့ ခုနကဘာတွေကို သဘောတူလိုက်မိသနည်း။ ဟိုတယ်တစ်ခု၏အတွင်းပိုင်း စီမံခန့်ခွဲမှု လက်စွဲစာအုပ်တွင် ပုံမှန်အားဖြင့် လုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဉ်များ၊ ဝန်ဆောင်မှု စံနှုန်းများ၊ ဝန်ထမ်းသင်တန်းပေးမှုနှင့် ဖောက်သည် ဆက်ဆံရေး စီမံခန့်ခွဲမှုကဲ့သို့သော အဓိက သတင်းအချက်အလက်များ ပါဝင်နေ၏။ ထိုအရာများအား သူတစ်ပါးကိုပေးမည်ဟု သူတို့မည်သည့်အချိန်တွင် ပြောခဲ့မိပါသနည်း။

All Chapters