← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

197

ဗိုက်ရွှဲရွှဲနှင့် လူကြီးမှာ လေထုထဲရှိ နေရခက်စရာ အခြေအနေကို သတိမထားမိဘဲ သူတို့လေးဦးမှာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနေကြသည်ဟု အမှန်တကယ် ယုံကြည်သွားပုံရသည်။ သူသည် ဥက္ကဋ္ဌကျားနှင့် ပိုင်ဖေးတို့အနားသို့ လျှောက်လှမ်းလာပြီး ချီးကျူးစကားဆိုလိုက်၏။

“ဥက္ကဋ္ဌကျားနဲ့ သူဌေးမပိုင်တို့ကတော့မျှော်လင့်ထားတဲ့အတိုင်းပဲ၊ အမြဲတမ်း ကူညီဖို့ အသင့်ရှိနေတာ ကိုယ့်အတွေ့အကြုံတွေကို တစ်ပါးသူအတွက် မနှမြောဘဲ ဝေမျှပေးတာ တကယ့်ကို မွန်မြတ်တဲ့ စိတ်ထားပဲဗျာ”

ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဥက္ကဋ္ဌကျားနှင့် ပိုင်ဖေးတို့မှာ ပြန်လှည့်မရသည့် အခြေအနေသို့ ရောက်သွားတော့သည်။ ဥက္ကဋ္ဌကျားသည် သူ၏ တည်ငြိမ်အေးဆေးသော အမူအရာကို ပြန်လည်ထိန်းညှိလိုက်၏။ သူ ခေါင်းကို အနည်းငယ် ညိတ်ပြရင်း နှိမ့်ချသော်လည်း ခန့်ညားသော ဟန်ပန်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

“အော် အဲဒါက ဘာမှမဟုတ်ပါဘူးဗျာ၊ ကျွန်တော်တို့ တတ်နိုင်သလောက်လေး ကူညီပေးတာပါ၊ အသင်းတိုးတက်ဖို့ဆိုတာ လူတိုင်းရဲ့ စုပေါင်းအားထုတ်မှု လိုအပ်တာပဲမဟုတ်လား”

ပိုင်ဖေးသည်လည်း အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ယဉ်ကျေးသော အပြုံးတစ်ခုကို ဖန်တီးကာဆိုလိုက်သည်။

“ဒါပေါ့ လူတိုင်းက ဒီနှစ်ပတ်လည် အစည်းအဝေးကို လာကြတာ အကြံဉာဏ်တွေ ဖလှယ်ဖို့ပဲလေ၊ အတူတူ တိုးတက်ကြတာပေါ့”

“ကဲ ဒီဘက်က ထိုင်ခုံတွေမှာ နေရာယူပေးကြပါဦး”

ဥက္ကဋ္ဌကျားက လက်ဟန်ပြလျက် အသင်းဝင်များကို သူတို့၏ ထိုင်ခုံနေရာများဆီသို့ လမ်းညွှန်ပေးလိုက်သည်။ စုဟယ်နှင့် ရော့စ်တို့ ဝင်ထိုင်လိုက်ကြစဉ် ကျားဖန့်မှာ သူတို့နှစ်ဦးကို အဓိပ္ပာယ်ပါပါ စူးစိုက်ကြည့်လိုက်သည်။ အခြားသူများ ထွက်သွားပြီးနောက် ပိုင်ဖေးမှာ မျိုးဆက်သစ်လူငယ်‌များ၏ အကွက်ထဲသို့ ရောက်သွားရသဖြင့် အတော်လေး ဒေါသထွက်နေပုံရ၏။ သူမ မျက်မှောင်ကြုတ်လျက် ဒေါသသံ အနည်းငယ် ပါဝင်နေသော လေသံဖြင့် မေးလိုက်သည်။

“ရှင် တကယ်ပဲ သူ့ကို စီမံခန့်ခွဲမှု လက်စွဲစာအုပ် ပေးတော့မှာလား”

“ပေးမှာပေါ့၊ ဘာလို့ မပေးရမှာလဲ”

ကျားဖန့် အခန်းထဲသို့ ဝင်လာသမျှ အသင်းဝင်တိုင်းကို နွေးထွေးစွာ ပြုံးပြနေရင်း ပိုင်ဖေးကို တိုးတက်စွာ ပြန်ဖြေလိုက်သည်။ ပိုင်ဖေး၏ မျက်နှာမှာ ပို၍ပင် ပျက်သွားပြီး အသက်ရှူသံများပါ ပြင်းထန်လာ၏။ သူမသည် ဒေါသကို မထိန်းနိုင်ဘဲ ပေါက်ကွဲတော့မည့်ဆဲဆဲ ဖြစ်နေသည်။ ကျားဖန့်မှာ ပိုင်ဖေးကို တစ်ချက်ကြည့်လိုက်ပြီး စိတ်အေးအေးထားရန် အချက်ပြလိုက်သည်။ ထို့နောက် သာမန်ကာလျှံကာ လေသံဖြင့် ပြောလိုက်၏။

“ဘာတွေ အလောတကြီး ဖြစ်နေတာလဲ ဘယ်လောက် ပေးမလဲ၊ ဘာတွေ ပေးမလဲဆိုတာက ငါတို့အပေါ်မှာပဲ မူတည်တာလေ”

ပိုင်ဖေးနှုတ်ခမ်းများမှာ အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ သူမ နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။ အမှန်တကယ်ပင် ကျားဖန့်တစ်ယောက် ပြောင်းလဲသွားပြီဟု သူမ ထင်ခဲ့မိခြင်းပင်။ သူသည် အခြေအနေများကို ထိန်းချုပ်ကာ အာဏာကစားပွဲကို ကျွမ်းကျင်စွာ ကစားတတ်သည့် ဟန်ဆောင်ကောင်းသူတစ်ဦးအဖြစ် ရှိနေမြဲပင်။ ပိုင်ဖေးမျက်လုံးများမှာ တစ်ချက် ဖျတ်ခနဲ လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် စဉ်းစားမိသွားပုံရသည်။ သူမမျက်နှာမှာ ယခင်က မကျေမနပ်ဖြစ်နေသော အမူအရာမှ ပရိယာယ်များသည့် အပြုံးတစ်ခုအသွင်သို့ ပြောင်းလဲသွား၏။ သူမ ကျားဖန့်ကို ပြောလိုက်သည်။

“ဒါနဲ့ စကားမစပ် အဲဒီဖျက်သိမ်းခံရတဲ့တစ်‌ယောက်ကလည်း ဒီနေ့ စကားပြောရမှာမဟုတ်လား၊ ဥက္ကဋ္ဌကျားအနေနဲ့ လူငယ်တွေကို သူတို့ကိုယ်သူတို့ပြသနိုင်ဖို့ အခွင့်အရေး ပိုပေးသင့်တယ်နော်”

ကျားဖန့်သည် ပိုင်ဖေး၏ရည်ရွယ်ချက်ကို ချက်ချင်းပင် သဘောပေါက်သွားသည်။ သူက ပိုင်ဖေးကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလျက် ပြောလိုက်၏။

“ဟုတ်တယ် လူငယ်တွေက ကောင်းကောင်း စွမ်းဆောင်ပြနိုင်ဖို့ လိုတာပေါ့၊ သူ့ကို နောက်ဆုံးမှ စကားပြောမယ့်သူအဖြစ် ထည့်ပေးလိုက်မယ်”

ကျားဖန့်သည် ရာထူးကြီးမြင့်သူတစ်ဦး ဖြစ်သဖြင့် မိမိဂုဏ်သိက္ခာကို အလေးအနက်ထားပြီး လောကီစည်းစိမ်နှင့် အာဏာကို မက်မောခြင်းမရှိသူအဖြစ် မိမိကိုယ်မိမိ ပုံဖော်ထားရသည်ကို အလွန်နှစ်သက်သူဖြစ်သည်။ သိသာလှသည်မှာ စုဟယ်၏လူမှုဆက်ဆံရေး အတွေ့အကြုံမရှိမှုနှင့် သူ့ကိုဗြောင်ကျကျ ဖော်ထုတ်လိုက်သည့် အပြုအမူမှာ သူ့အာဏာကို စိန်ခေါ်လိုက်ခြင်းဖြစ်သဖြင့် ကျားဖန့်ကို မကျေမနပ်ဖြစ်သွားစေ၏။ သူသည် စုဟယ်ကို တိုက်ရိုက် အရေးယူ၍မရသော်လည်း အသင်း၏ နှစ်ပတ်လည် အစည်းအဝေးဥက္ကဋ္ဌတစ်ဦးအနေဖြင့် စကားပြောရမည့် အစီအစဉ်ကို ပြောင်းလဲနိုင်သည့် အာဏာရှိပေသည်။ ထိုမှတစ်ဆင့် စုဟယ်ကို လူအများအကြည့်အောက်တွင် အရှက်ကွဲပြီး အခက်တွေ့သွားအောင်လုပ်ရန် သူ ကြံစည်လိုက်ခြင်းပင်။ လူငယ်တွေဆိုတာ နှိမ့်ချတတ်ဖို့ လိုသေးသည်။ ထောင်လွှားလွန်းခြင်းမှာ တိုးတက်မှုအတွက် အထောက်အကူ မဖြစ်ပေ။ စုဟယ်အနေဖြင့် ဤသင်ခန်းစာကို မှတ်သားသွားပြီး လူကြီးတွေ၏ လောကတွင် ကစားပွဲ၏ စည်းမျဉ်းများကို လေးစားနားလည်လာလိမ့်မည်ဟု ကျားဖန့်မျှော်လင့်နေသည်။

ထိုအချိန်မှာပင် ရော့စ်မှာ အခြားအဖွဲ့ဝင်တစ်ဦးနှင့် နေရာချင်းလဲကာ စုဟယ်၏ ဘေးတွင် လာထိုင်သည်။ ရော့စ်၏ မျက်နှာတွင် ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေ၏။ သူ့မျက်လုံးများထဲတွင် လူငယ်တို့၏ ထူးခြားသော တက်ကြွမှုနှင့် တိုက်ပွဲဝင်လိုစိတ်တို့ဖြင့် တောက်ပနေသည်။ သူ့အတွက်မူ ထိုကဲ့သို့ မာန်တက်ပြီး အထက်စီးဆန်နေသော အာဏာရှိသူများကို ပြန်လည် တုံ့ပြန်ခွင့်ရခြင်းမှာ ဟောင်းနွမ်းနေသော အစဉ်အလာဟောင်းကို စိန်ခေါ်ရသည့် ပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည်။

“ဒါနဲ့ မင်း အဲဒီမေးခွန်းတွေကို ဘယ်လို စဉ်းစားမိတာလဲ”

ရော့စ်သည် မေးခွန်းများကိုကြားလိုက်ရချိန်တွင် ဥက္ကဋ္ဌကျားနှင့် ပိုင်ဖေးတို့၏ မျက်နှာများ ပြာနှမ်းသွားပုံကို ပြန်လည် မြင်ယောင်လာကာ မရယ်ဘဲ မနေနိုင်တော့ပေ။ စုဟယ် ပခုံးတွန့်ပြလိုက်ရင်း ပြောလိုက်သည်။

“ဒါက တက္ကသိုလ်ကျောင်းသားတိုင်း တတ်ထားရမယ့် အရည်အချင်းပဲ မဟုတ်လား ”

“CNKI (တရုတ်ပညာရပ်ဆိုင်ရာ ဒေတာဘေ့စ်) ကို ဖွင့်၊ ဟိုတယ် နဲ့ ဟိုတယ်စီမံခန့်ခွဲမှု ဆိုတဲ့ သော့ချက်စကားလုံးတွေကို ရိုက်ရှာ၊ ပြီးရင် ကိုးကားချက် နဲ့ ဒေါင်းလုဒ်အကြိမ်ရေအလိုက် စီလိုက်၊ ထိပ်ဆုံးက စာတမ်း (၁၀) စောင် ဒါမှမဟုတ် (၂၀) လောက်ကို ထုတ်ယူ၊ အဲဒီစာတမ်းတွေရဲ့ မာတိကာ၊ နိဒါန်းနဲ့ နိဂုံးတွေကို တစ်ချက်ကြည့်လိုက်ရင် ရပြီ၊ အကယ်၍ စိတ်ဝင်စားစရာ ကောင်းတာတွေ့ရင် အကြောင်းအရာကို သေချာဖတ်၊ ဒါဆိုရင် အဲဒီနယ်ပယ်ရဲ့အခြေခံကို ရှင် ကောင်းကောင်းသိသွားလိမ့်မယ်”

စုဟယ် အတွေ့အကြုံရှိလှစွာပြောပြလိုက်သည်။ သူမ၏စာတမ်းများကိုလည်း ဤနည်းအတိုင်း ရေးခဲ့ခြင်းဖြစ်၏။ နိုင်ငံခြားတွင် ကျောင်းတက်ခဲ့ပြီး ပြည်တွင်းတက္ကသိုလ်များတွင် စာတမ်းကို ပင်ပင်ပန်းပန်းမရေးခဲ့ရသည့် ရော့စ်မှာ စုဟယ်ကို လက်မထောင်ပြလိုက်ရင်း ချီးကျူးလိုက်သည်။

“လန်းတယ်ဗျာ”

စင်ပေါ်တွင် စီးပွားရေးပညာရှင်မှ ဟောပြောပွဲ စတင်လိုက်သည်။ စုဟယ်မှာ စကားပြောချင်နေသော ရော့စ်ကို ဂရုမစိုက်ဘဲ မတ်မတ်ထိုင်ကာ အာရုံစိုက်လိုက်၏။ သူမသည် ပညာရှင်၏ ဟောပြောမည့် အကြောင်းအရာကို အတော်လေး စိတ်ဝင်စားနေမိသည်။ စုဟယ်သည် ခန်းမထဲတွင်ထိုင်ရင်း လက်ထဲမှ ဘောပင်ဖြင့် သူမမှတ်စုစာအုပ်ထဲတွင် သေသေချာချာ မှတ်သားနေသည်။ လူတစ်ဦး၏ ငွေကြေးအင်အားပေါ် မူတည်၍ ဆုံးဖြတ်တတ်သော ကျားဖန့်၏သဘောထားမှာ လက်တွေ့ဆန်လွန်းပြီး အကျိုးအမြတ်ကိုသာ ဦးစားပေးလွန်းသည်ဟုထင်ပြီး သူမ စိတ်ထဲမှ မနှစ်မြို့သော်လည်း ကျားဖန့်၏စီးပွားရေးနှင့် ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာ အရည်အချင်းကိုမူ သူမအရှိကို အရှိအတိုင်း အသိအမှတ်ပြုရပေမည်။ ဟိုင်ဖန်းဟိုတယ်သည် ကြယ် (၆) ပွင့်အဆင့် သတ်မှတ်ခံရခြင်းမှာ ကျားဖန့်၏ နောက်ကွယ်မှ ကောင်းမွန်လှသော စီမံခန့်ခွဲမှု မဟာဗျူဟာများကြောင့် ဖြစ်ရပေမည်။

စုဟယ်သည် ဤအသင်း၏ နှစ်ပတ်လည်အစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်သော်လည်း စီစဉ်ထားသောလှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် ကျားဖန့်မှာ များစွာအားစိုက်ထုတ်ထားကြောင်း တွေ့ရသည်။ အစည်းအဝေးအစီအစဉ်များ ချမှတ်ပုံမှစ၍ တက်ရောက်လာသူများကို ဧည့်ခံကျွေးမွေးပုံအထိ အသေးစိတ် အချက်အလက်တိုင်းမှာ စနစ်တကျရှိလှပြီး ဟိုင်ဖန်းဟိုတယ်၏ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းမှာလည်း မျှော်မှန်းထားသည့်အတိုင်း စွမ်းဆောင်နိုင်သည်ကို တွေ့ရ၏။ ကျားဖန့်သည် သူ့လူမှုကွန်ရက်ကို အပြည့်အဝ အသုံးချကာ နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် နာမည်ကျော်ပုဂ္ဂိုလ်များစွာကိုလည်း ဖိတ်ကြားထားခဲ့သည်။ ထိုကဲ့သို့သော နာမည်ကြီးပုဂ္ဂိုလ်များ ရောက်ရှိလာခြင်းမှာ နှစ်ပတ်လည် အစည်းအဝေး၏ အဆင့်အတန်းကို မြှင့်တင်ပေးရုံသာမက အဖွဲ့ဝင်များအတွက်လည်း လေ့လာသင်ယူရန်နှင့် အတွေ့အကြုံဖလှယ်ရန် ရှားပါးသော အခွင့်အရေးများကို ရရှိစေသည်။

စုဟယ်မှာလည်း ထိုအခွင့်အရေးကို လက်လွှတ်မခံပေ။ သူမသည် ဆွေးနွေးပွဲများတွင် တက်ကြွစွာပါဝင်ပြီး ဗဟုသုတအသစ်များကို အစဉ်တစိုက် သင်ယူနေသည်။ နှစ်ပတ်လည် အစည်းအဝေး စတင်လာသည်နှင့်အမျှ စုဟယ်၏မှတ်စုစာအုပ်မှာလည်း အမျိုးမျိုးသော မှတ်စုများ၊ ဇယားများနှင့် အတွေးအမြင်များဖြင့် တဖြည်းဖြည်း ပြည့်နှက်လာခဲ့၏။ အစပိုင်းတွင် အေးအေးဆေးဆေးသာ ဖြတ်သန်းရန်စီစဉ်ထားသော ရော့စ်မှာလည်း စိတ်ဝင်တစားရှိလာပြီး သူ့ထိုင်ဟန်မှာလည်း တဖြည်းဖြည်းမတ်လာခဲ့သည်။ နောက်ဆုံးနေ့မှာတော့ အသင်းဝင်များ အတွေ့အကြုံဖလှယ်သည့်နေ့ဖြစ်ပြီး အသင်းဝင်တစ်ဦးစီမှာ စင်ပေါ်သို့ တက်ရောက်၍ မျှဝေဆွေးနွေးကြရမည် ဖြစ်၏။ ဤဆွေးနွေးပွဲကို စားသောက်ကုန်နှင့် ဟိုတယ်ဟူ၍ နေရာနှစ်ခု ခွဲထားသည်။ ရော့စ်မှာမူ သဘာဝကျစွာပင် စားသောက်ကုန် ကဏ္ဍတွင် ရှိနေသည်။ သူ မျှဝေရန် ပြင်ဆင်ထားသည့် အကြောင်းအရာများကို ကျင်းရှန်းစားသောက်ဆိုင်မန်နေဂျာမှ ကူညီပြင်ဆင်ပေးထားခြင်းဖြစ်သဖြင့် သူ့မှာ စင်ပေါ်တက်၍ စာရွက်အတိုင်း ဖတ်ရုံသာဖြစ်၏။ ရော့စ်မှာ လာမည့် စကားပြောခန်းအတွက် အတော်လေး စိတ်အေးလက်အေးရှိနေပုံရသည်။ သူသည် စုဟယ်ကိုရှာဖွေပြီး သူမ မည်သည့်အချိန်တွင် စကားပြောရမည်ကို စပ်စုမေးမြန်းလိုက်သည်။

“ကျွန်တော်က မနက်ပိုင်းမှာ ပထမဆုံး စကားပြောရမှာ စင်ပေါ်တက်ပြီး ဖတ်လို့ပြီးတာနဲ့ မင်းဆီကို လာနားထောင်မယ်၊ ဒါနဲ့ မင်းက ဘယ်နှစ်ယောက်မြောက်လဲ”

သူက စုဟယ်၏အစည်းအဝေး အချိန်ဇယားကို ဝေ့ကြည့်လိုက်ရင်း အနားသို့ တိုးကပ်လာသည်။ သူ့မျက်လုံးများ ပြူးသွား၏။

“နောက်ဆုံးလူ၊ မမှားဘူးမလား ပုံမှန်ဆိုရင် ဥက္ကဋ္ဌက နောက်ဆုံးမှစကားပြောတာ မဟုတ်ဘူးလား၊ အခုတော့ မင်းက ကျားဖန့်ရဲ့နောက်မှာ ရောက်နေပါလား”

နောက်ဆုံးမှ စကားပြောရခြင်းမှာ ဝေဖန်မှုပိုမိုခံရနိုင်ပြီး မျှော်လင့်ချက် မြင့်မားမှုများကို ရင်ဆိုင်ရခြင်းကို ဆိုလိုသည်။ ရော့စ် မျက်မှောင်ကြုတ်လျက် စိုးရိမ်သောလေသံဖြင့် ပြောလိုက်၏။

“ငါ မင်းနဲ့အတူ သွားမေးပေးရမလား အစီအစဉ်ကို ပြန်လဲခိုင်းဖို့လေ”

စုဟယ် ခေါင်းခါပြလိုက်သည်။ ထိုစကားပြောရမည့် အစီအစဉ်မှာ တိုက်ဆိုင်မှုမဟုတ်ကြောင်း အမှန်တကယ်ပင် သိသာလှပေ၏။

198

စုဟယ် တွက်ဆထားသည့်အတိုင်းပင်။ စကားပြောရမည့်သူများစာရင်းကို ကြေညာပြီးနောက် ကျားဖန့်မှာ သူမထံသို့ လျှောက်လှမ်းလာခဲ့သည်။ သူ့အမူအရာမှာ လူငယ်တစ်ဦးကို ဂရုတစိုက်ရှိလှသော လူကြီးလူ‌ကောင်းတစ်ဦးကဲ့သို့ပင်။

“ရှောင်စု မနက်ဖြန် မင်းအလှည့်ကျရင် အတွေ့အကြုံတွေ ဝေမျှပေးရမှာနော်၊ အရမ်း စိတ်မလှုပ်ရှားနဲ့ဦး”

“ရော့ ဒါကတော့ မင်းကြည့်ချင်တယ်ဆိုတဲ့ စီမံခန့်ခွဲမှုလက်စွဲစာအုပ်တွေပဲ၊ ငါနဲ့ ပိုင်ဖေးတို့ သေသေချာချာ ပြန်စီစဉ်ပေးထားတာ၊ မင်းအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်”

ဤသို့ပြောရင်း ကျားဖန့် စုဟယ်၏ ပခုံးကို ပုတ်လိုက်သည်။ သူ၏ အပြုအမူမှာ အလွန်ပင် သဘာဝကျလှပြီး အသင်းဥက္ကဋ္ဌတစ်ဦးအနေဖြင့် တာဝန်ကျေပွန်စွာ ဂရုစိုက်ပြနေသယောင်ပင်။ စုဟယ်၏ ပခုံးမှာ ရုတ်တရက် နိမ့်ဆင်းသွားရသည်။ ထိုသို့ ပုတ်လိုက်သည့် အားမှာလည်း မသေးလှပေ။ ဤအဖြစ်အပျက် အလုံးစုံမှာ အစည်းအဝေးခန်းမကြီးထဲတွင် ဖြစ်ပျက်နေခြင်း ဖြစ်သည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးတွင် အသင်းဝင်အများစုမှာ ဥက္ကဋ္ဌကျားကို မျက်နှာသာပေးလိုကြ၏။ အချင်းချင်း ယဉ်ကျေးပျူငှာသည့် စကားအချို့ ပြောဆိုခြင်းမှာ ဘာမှအရှုံးမရှိသည် မဟုတ်ပါလား။ လူအများမှာ သူ့ကို ဝိုင်း၍ ချီးကျူးလိုက်ကြသည်။

“ဥက္ကဋ္ဌကျားဆိုတဲ့အတိုင်းပါပဲ”

“ဥက္ကဋ္ဌ ကျားကတော့ လူငယ်တွေကို မြေတောင်မြှောက်ပေးဖို့ အမြဲတမ်း စိတ်အားထက်သန်နေတုန်းပဲနော်”

စုဟယ်လည်း မငြင်းဆန်ဘဲ ကျားဖန့်၏ လက်ဆောင်ကို ယဉ်ကျေးစွာ လက်ခံလိုက်ပြီး ကျေးဇူးတင်စကားပြန်ပြောလိုက်သည်။ ကျားဖန့် ထွက်သွားပြီးနောက် ခန်းမထဲမှ ဆူညံသံများ တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း ရော့စ်မျက်နှာမှာမူ အတော်လေး အထင်အမြင်သေးနေသည့်ပုံပေါက်နေ၏။ သူက နှုတ်ခမ်းကို တွန့်လိုက်ပြီး မျက်လုံးထဲတွင် သံသယအရိပ်အယောင်များဖြင့် ကျားဖန့် ပေးသွားသော စီမံခန့်ခွဲမှု လက်စွဲစာအုပ် ဆိုသည်ကို လက်လှမ်း၍ လှန်လှောကြည့်လိုက်သည်။ ရော့စ်မှာ စာမျက်နှာ အနည်းငယ်မျှပင် မလှန်ရသေးမီမှာပင် ပြဿနာကို ရှာတွေ့သွားတော့သည်။

“ငါ ထင်သားပဲ သူက ဒီလောက်အထိ ဘယ်လိုလုပ် စိတ်ကောင်းရှိပါ့မလဲ၊ ကြည့်စမ်း ဟိုင်ဖန်းဟိုတယ်ရဲ့ဓာတ်ပုံတွေနဲ့ပဲ ပြည့်နေတာ”

အလွန်ထူလှသော ဟိုတယ်စီမံခန့်ခွဲမှု လက်စွဲစာအုပ်များထဲတွင် ဟိုင်ဖန်းဟိုတယ်၏ ကြော်ငြာဓာတ်ပုံများစွာကို ကြားညှပ်ထားခြင်း ဖြစ်သည်။ ထိုဓာတ်ပုံများကို ကြော်ငြာစာရွက်များပေါ်တွင် ရိုက်နှိပ်ထားသဖြင့် လက်စွဲစာအုပ်မှာ ထူးထူးခြားခြား ထူထဲနေခြင်းပင်။ ပို၍ စိတ်ပျက်စရာကောင်းသည်မှာ ရော့စ် စာသားများကို သေချာဖတ်ကြည့်သောအခါ အဓိကကျသော သတင်းအချက်အလက် အများစုမှာ ဖြတ်တောက်ခံထားရပြီး အရေးကြီးသည့် အကြောင်းအရာများမှာလည်း ကျန်ရစ်ခဲ့သည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။ ဤလက်စွဲစာအုပ်များသည် တန်ဖိုးရှိသော ကိုးကားစရာ အချက်အလက်များထက် သေသေချာချာ ထုပ်ပိုးထားသည့် ကြော်ငြာစာစောင်များ နှင့်ပိုတူနေ၏။ ပိုင်ဖေး ပေးသွားသည့် စာအုပ်မှာလည်း ထူးမခြားနားပင်။

“စောစောက မင်းကို အစီအစဉ်ပြန်လဲခိုင်းဖို့ပြောခဲ့မိတာ၊ ငါ တကယ့်ကို တုံးအခဲ့တာပဲ၊ ဒါက သူ ထောင်ထားတဲ့ ထောင်ချောက်ဆိုတာ သိသာနေတာကို”

ရော့စ်မှာ မိမိကိုယ်မိမိ ပြန်လှောင်ကာ ရယ်လိုက်မိသည်။

“ငါ့ကို ပထမဆုံး စကားပြောခိုင်းတာလည်း သူစီစဉ်ထားတာ ဖြစ်ရမယ်”

ကျားဖန့်၏နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်မှုများကို ရော့စ်အတော်လေး စက်ဆုပ်မိသွားသည်။ ဤကဲ့သို့သော အောက်တန်းကျသည့် လှည့်ကွက်လေးများမှာ တကယ့်ကို ရွံရှာဖွယ်ကောင်းလှ၏။သူ့အတွက်မှာတော့ ပြဿနာမရှိပေ။ သူသည် ယခင်ကလည်း ထူးဆန်းပြီး အရှက်ရစရာ ကိစ္စများစွာ လုပ်ခဲ့ဖူးသလို လုပ်ငန်းခွင်ထဲတွင်လည်း နာမည်ကောင်းရှိသူမဟုတ်ပေ။ ထို့ကြောင့် မနက်ဖြန် စင်ပေါ်မှာ ပထမဆုံးတက်ပြီး အရူးအလုပ်ခံရခြင်းမှာ သူ့အတွက် ဘာမှမဟုတ်ပေ။ သို့သော်လည်း သူဌေးမ စုဟယ်မှာမူ ဤကဲ့သို့သော ပွဲမျိုးသို့ ပထမဆုံးအကြိမ် လာရောက်စဉ်တွင်ပင် စိတ်ပျက်စရာ အခြေအနေနှင့် ကြုံတွေ့ရသဖြင့် ရော့စ်မှာ စုဟယ်အတွက် မခံမရပ်နိုင် ဖြစ်နေမိသည်။ စုဟယ်မှာမူ ရော့စ်၏ စကားများကို ကြားပြီးနောက် ထူးထူးခြားခြားပင် တည်ငြိမ်အေးဆေးနေဆဲ ဖြစ်၏။

“ရပါတယ် အနည်းဆုံးတော့ မနက်ဖြန် စကားပြောရမှာက တရုတ်လိုဖြစ်နေတာပဲလေ”

ရော့စ်မှာ သက်ပြင်းတစ်ချက်ချလိုက်သည်။ စုဟယ် မိမိကိုယ်မိမိပြန်လည် နှစ်သိမ့်နေသည်ဟု သူ ထင်လိုက်ခြင်းပင်။ သို့သော် စုဟယ်မှာမူ တကယ်ပင် ထိုသို့တွေးနေခြင်းဖြစ်သည်။ သူမသည် အင်္ဂလိပ်စာအထူးပြုဖြင့် ကျောင်းတက်ခဲ့သူဖြစ်၏။ တက္ကသိုလ်တွင် သူမ၏ဘာသာရပ်ဆိုင်ရာ ဆရာမများမှာ သင်ခန်းစာများကို ကျောင်းသားများမှ ပြန်လည်ရှင်းပြရသည့် စနစ်ကို အလွန်နှစ်သက်ကြပြီး အဖွဲ့လိုက်လုပ်ရှားမှုများကို အမြဲတမ်းပေးအပ်ကာ ကျောင်းသားများကို စင်ပေါ်တက်၍ ရှင်းပြခိုင်းလေ့ရှိသည်။ စုဟယ်သည် တက္ကသိုလ်ဝင်တန်း အမှတ်မမီသဖြင့်သာ အင်္ဂလိပ်စာအထူးပြုကို ရွေးချယ်ခဲ့ခြင်းဖြစ်၏။ သူမတွင် ဘာသာစကားဆိုင်ရာပါရမီလည်းမရှိသလို ဝါသနာလည်းမပါသဖြင့် အတော်လေး ရုန်းကန်ခဲ့ရသည်။ လေးနှစ်တာ ကာလပတ်လုံး ထိုတာဝန်များဖြင့် နှိပ်စက်ခံခဲ့ရသဖြင့် သူမ၏ အခြေအနေမှာ တရုတ်တိုင်းရင်းဆေးနှင့်ပင် ကု၍မရတော့ဘဲ ပိုးသတ်ဆေး သောက်ရမည့် အဆင့်သို့ပင် ရောက်လုနီးပါး ဖြစ်ခဲ့ရသည်။

'တစ်လှမ်းချင်းပဲ သွားမယ်၊ မရရင်တော့ လမ်းခုလတ်မှာပဲ အသေခံလိုက်တော့မယ်'ဆိုသည့် စိတ်ဓာတ်ဖြင့် စုဟယ်မှာ နောက်ဆုံးတွင် ဘွဲ့ရခဲ့သည်။ ယခုအခါ စုဟယ်မှာ အတော်လေး သဘောထားကြီးနေပြီဖြစ်၏။ စင်ပေါ်မှာ တရုတ်လိုသာ စကားပြောခွင့်ရမည်ဆိုလျှင် သူမအတွက် နွေးထွေးပြီး စိတ်အေးချမ်းမှု ရှိနေသည်။ စကားပြောရုံလေးတင် မဟုတ်ပါလား။ ဆရာဖြစ်လက်မှတ်ရှိထားသည့် သူမထက် ဘယ်သူက ပိုတော်နိုင်ပါမည်နည်း။ စုဟယ်၏စိတ်အခြေအနေမှာ ထူးထူးခြားခြား တည်ငြိမ်နေသဖြင့် ရော့စ်ကိုပင် ကြောက်လန့်သွားစေသလို ကျားဖန့်ကိုလည်း အနည်းငယ်စိတ်ပျက်သွားစေသည်။ သို့သော်လည်း ကျားဖန့်မှာတော့ စုဟယ်မှာ အရှက်မကွဲအောင် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်ဟု စိတ်ထဲမှ ယုံကြည်နေဆဲပင်။ လက်ခုပ်သံများကို တစ်ခဏမျှ ခံယူပြီးနောက် ကျားဖန့်သည် စင်ပေါ်တွင်ရပ်လျက် ဟိုင်ဖန်းဟိုတယ်၏ ဈေးကွက်ပြိုင်ဆိုင်မှု မဟာဗျူဟာများနှင့် ဆန်းသစ်သော ပြုပြင်ပြောင်းလဲမှု အတွေ့အကြုံများကို ဝေမျှပေးခဲ့သည်။ ကြယ်ခြောက်ပွင့်ဟိုတယ်တစ်ခု၏ မန်နေဂျာတစ်ဦးအနေဖြင့် သူ၏ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံများမှာ အမှန်တကယ်ပင် တန်ဖိုးရှိလှပြီး ပရိသတ်များမှာလည်း သူ့ထံမှ လုပ်ငန်းဆိုင်ရာ အသိအမြင်အချို့ရရှိရန် မျှော်လင့်နေကြသည်။ သို့သော်လည်း ကျားဖန့်သည် စကားပြောနေစဉ်အတွင်း ဟိုင်ဖန်းဟိုတယ်မှ ရရှိထားသော ဂုဏ်ပြုဆုအမျိုးမျိုးနှင့် သူ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ နိုင်ငံခြားတွင် ပညာသင်ကြားခဲ့သည့် အတွေ့အကြုံများကို မကြာခဏ ထည့်သွင်းပြောဆိုနေမိ၏။ ထိုအကြောင်းများကို ပြောဆိုသည့်အခါတိုင်း သူ့လေသံထဲတွင် ဖုံးကွယ်၍မရသော ဂုဏ်ယူဝင့်ကြွားမှုများ လွှမ်းမိုးနေတတ်သည်။ စုဟယ်မှာမူ ပရိသတ်ကြားထဲတွင်ထိုင်ရင်း စိတ်မှာ တခြားသို့ ရောက်နေတော့သည်။ ကျားဖန့်၏စကားများကို နားထောင်ရင်း သူမအတွေးများမှာ တက္ကသိုလ်ကျောင်းသားဘဝသို့ ပြန်ရောက်သွား၏။ အမေရိကတွင် တစ်နှစ်ကြာ ပညာဖလှယ်ရေးအစီအစဉ်ဖြင့် သွားရောက်ခဲ့သည့် သူမ၏တက္ကသိုလ်ပရော်ဖက်ဆာကို သတိရမိသည်။

“ငါ အမေရိကမှာတုန်းကတော့ ဒီလို ဒီလိုလုပ်ခဲ့တာ"

ထိုဆရာမသည် အတန်းထဲတွင် ကြွားဝါရသည်မှာ အလွန်နှစ်သက်သူဖြစ်သည်။ ကျားဖန့်မှာလည်း ထိုနည်းအတိုင်းပင်။ ကျားဖန့်သည် မိမိ၏ကိုယ်ပိုင်အတွေ့အကြုံများကို ပြောဆိုသည့်အခါတိုင်း ကျွမ်းကျင်သူများပြင်ဆင်ပေးထားသော စနစ်ကျသည့် မိန့်ခွန်းစာမူမှ သွေဖယ်သွားတတ်သည်။ ဤသို့ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ပြောဆိုခြင်းမှာ သဘာဝကျပြီး ရိုးသားသည်ဟုထင်ရသော်လည်း အချို့သော အသင်းဝင်များကိုမူ ငြီးငွေ့သွားစေ၏။ သူတို့သည် ဟိုတယ်စီမံခန့်ခွဲမှုနှင့် ဈေးကွက်ပြိုင်ဆိုင်မှုတို့နှင့် ပတ်သက်သော ပိုမိုခိုင်မာသည့် အနှစ်သာရများကိုသာကြားလိုကြခြင်းဖြစ်သည်။ ဤနေရာတွင်ရှိနေသူတိုင်းမှာ နှစ်စဉ်ဝင်ငွေ သန်းနှင့်ချီရှိသော စားသောက်ဆိုင်နှင့် ဟိုတယ်မန်နေဂျာများဖြစ်ကြပြီး အများစုမှာ နိုင်ငံခြားသို့ သွားရောက်လေ့လာနိုင်သည့် ငွေကြေးအင်အားနှင့် အရည်အချင်းရှိကြသူများဖြစ်သဖြင့် ကျားဖန့်၏ အတွေ့အကြုံများက သူတို့ကို အထင်ကြီးစေခြင်းမရှိပေ။ ကျားဖန့်၏မိန့်ခွန်းပြီးဆုံးသွားသောအခါ ခန်းမထဲတွင် ယဉ်ကျေးပျူငှာသော လက်ခုပ်သံများ ထွက်ပေါ်လာသည်။

ထို့နောက် စုဟယ်သည် သူမမှတ်စုများကို စုစည်းကာ စင်ပေါ်သို့ လျှောက်လှမ်းသွားခဲ့သည်။ အချို့သော အသင်းဝင်များမှာ အချိန်ဇယားကို သေသေချာချာ မစစ်ဆေးခဲ့ကြပေ။ ကျားဖန့်မိန့်ခွန်းပြောပြီး ဆင်းသွားသည်ကိုမြင်သောအခါ ဆွေးနွေးပွဲ ပြီးဆုံးသွားပြီဟု ထင်မှတ်ကာ သူတို့တင်ပါးများမှာ ထိုင်ခုံမှကြွလာကြသည်။ သူတို့မှာ တစ်မနက်လုံးထိုင်နေရသဖြင့် ပင်ပန်းနေကြပြီ ဖြစ်၏။ လူငယ်မိန်းကလေး စုဟယ် စင်ပေါ်တက်လာသည်ကို မြင်သောအခါ အများစုမှာ သူမကို မျက်နှာသာပေးလိုကြသေးသည်။ သူတို့သည် ဘေးမှလူကို တစ်ခွန်းနှစ်ခွန်း ညည်းညူပြောဆိုပြီးနောက် မတတ်သာဘဲ ပြန်ထိုင်လိုက်ကြသည်။ သို့သော် အချို့မှာမူ ဆေးလိပ်သောက်ချင်စိတ်ကို မထိန်းနိုင်ကြတော့ပေ။ သူတို့သည် စုဟယ်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ခန်းမထဲမှ တန်းတန်းမတ်မတ် ထွက်သွားကြသည်။ ၎င်းမှာ ခန်းမကြီးကို ချက်ချင်းပင် ဆူညံသွားစေသည်။ အချို့မှာထရပ် အချို့မှာပြန်ထိုင်နှင့် အချို့မှာမူ ထိုဆူညံသံများကိုမြင်ပြီး ဘေးလူနှင့် စကားစမြည်ပြောလာကြ၏။ စုဟယ်သည် ထိုရှုပ်ထွေးနေသော အခြေအနေကို ကြည့်လိုက်သည်။ သူမသည် ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ သူမစာရွက်ကိုဖွင့်ကာ တည်ငြိမ်ရှင်းလင်းစွာ စတင်ပြောဆိုလိုက်၏။ ယခုမှာတော့ ဆရာဖြစ်လက်မှတ်စာမေးပွဲတွင် အမေးအများဆုံး မေးခွန်း ရောက်လာပြီဖြစ်သည်။ အတန်းထဲတွင် ကျောင်းသားများ ဆူညံနေလျှင် မင်း ဘာလုပ်မလဲ။ စုဟယ်သည် 'အတန်းပိုင်ဆရာ၏ လျှို့ဝှက်လက်စွဲ - ဆူညံသံမရှိဘဲ အတန်းကို ထိန်းချုပ်နည်း' ကို ကျွမ်းကျင်စွာ အသုံးချလိုက်ပြီး ကျောက်သင်ပုန်းကို ခေါက်လိုက်သည်။ ကျောက်သင်ပုန်းမရှိသဖြင့် သူမသည် မိုက်ခရိုဖုန်းကိုသာ ခပ်ဖွဖွလေး တောက်လိုက်၏။

“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မကတော့ ဟဲယဲ့တည်းခိုခန်းက စုဟယ်ဖြစ်ပါတယ်၊ ဒီနေ့မှာတော့ 'ဟိုတယ်ဈေးကွက်မြှင့်တင်ရေးတွင် မြင်သာသောပြသမှု မဟာဗျူဟာများ' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်၊ မီဒီယာအသစ်တွေ ခေတ်စားလာတာနဲ့အမျှ ဟိုတယ်တွေမှာ ပြင်ပကမ္ဘာကို သတင်းအချက်အလက်တွေ ပေးပို့ဖို့ လမ်းကြောင်းတွေ ပိုများလာပါတယ်၊ ကျွန်မတို့အနေနဲ့ မီဒီယာအသစ်တွေကို အပြည့်အဝအသုံးချပြီး ဖောက်သည်တွေရဲ့အမြင်နဲ့ အတွေ့အကြုံတွေကို ဦးတည်တဲ့ ဈေးကွက်မြှင့်တင်ရေးကို လုပ်ဆောင်နိုင်ပါတယ်"

စုဟယ်သည် သေးငယ်သောအချက်တစ်ခုကို ရွေးချယ်ပြီး ဟဲယဲ့တည်းခိုခန်းမှ လက်တွေ့ဖြစ်ရပ်များဖြင့် ရှင်းပြခဲ့သည်။ အကြောင်းအရာမှာ အလွန်နက်နဲခြင်းမရှိသော်လည်း အနှစ်သာရပါဝင်လှ၏။ မူလက ဆူညံနေသောနေရာမှာ တဖြည်းဖြည်းငြိမ်သက်သွားသည်။ ပိုင်ဖေးမှာ တောက်တစ်ချက်ခေါက်လိုက်မိ၏။ သူမသည် စုဟယ် မျက်နှာနီမြန်းကာ အရှက်ရနေသည်ကို မြင်တွေ့ရရန် မျှော်လင့်ထားခဲ့သော်လည်း စုဟယ်မှာ အတော်လေး တည်ငြိမ်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ အကယ်၍ စုဟယ်သာ ပိုင်ဖေး၏အတွေးကို သိခဲ့မည်ဆိုလျှင် သူမ ဤသို့သာပြန်ပြောပါလိမ့်မည်။

'တခြားကြောင့်မဟုတ်ပါဘူး၊ လေ့ကျင့်ထားလို့ပါ'

သူမသည် ဆရာအတတ်သင် ကျောင်းသူတစ်ဦးဖြစ်သဖြင့် ကျောင်းသားတွေ စားပွဲပေါ်ခေါင်းတင်အိပ်နေလျှင် ဘာလုပ်ရမလဲ။ ကျောင်းသားတွေ အတန်းထဲမှာ ဘောင်းဘီချွတ်နေလျှင် ဘာလုပ်ရမလဲ။ ကျောင်းသားတွေ အတန်းထဲမှာ ရန်ဖြစ်နေလျှင် ဘာလုပ်ရမလဲဆိုသည်တို့ကို အကြိမ်ကြိမ်လေ့ကျင့်ခဲ့ရသူ ဖြစ်သည်။ ဆရာဖြစ်လက်မှတ်အတွက် ဘာပစ္စည်းမှမသုံးဘဲ သရုပ်ဆောင်ပြရသည့် နေရခက်စရာ အခြေအနေများကို ကျော်ဖြတ်ခဲ့ပြီးပြီဖြစ်သဖြင့် ယခုကဲ့သို့ စင်ပေါ်မှာ စကားပြောရခြင်းမှာ သူမအတွက်တော့ ကိစ္စအသေးအဖွဲလေးသာဖြစ်ပေတော့သည်။

All Chapters