အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း။ ၁၁၉
ချင်ရှန်းသည် ရယ်မောရင်း တည်းခိုခန်းထဲမှ ခြေလှမ်းကျဲကျဲဖြင့် ထွက်လာပြီး မြောင်ရင်ကလည်း နောက်မှ အပြေးအလွှား လိုက်ပါသွားသည်။
အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက် နှစ်ဦးသားသည် ယွန်းလန်တောင်ခြေသို့ ရောက်ရှိလာကြသည်။
သူတို့သည် အဆင့်တစ်ထောင်လှေကားအတိုင်း စတင်တက်လှမ်းရန် ပြင်လိုက်စဉ်မှာပင် ချင်ရှန်းသည် အနီးနားရှိ ထူထပ်သော တောအုပ်ထဲမှ လှုပ်ရှားသံတစ်ခုကို သတိထားမိလိုက်သည်။ သူ သေချာမမြင်ရခင်မှာပင် တောအုပ်ထဲမှ အဝါရောင်ခွေးတစ်ကောင် ပြေးထွက်လာပြီး သူ့ကို ရန်လိုသည့်အမူအရာဖြင့် ပြင်းထန်စွာ ဟောင်တော့သည်။
မြောင်ရင်က ထိုခွေးကို မောင်းထုတ်ရန် ရှေ့သို့ တိုးလိုက်သော်လည်း ချင်ရှန်းက သူမကို တားဆီးလိုက်ပြီး ရယ်မောလျက် "စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ဒီခွေးက ငါ့ကိုတောင် ဟောင်ရဲတယ်ပေါ့" ဟု ပြောလိုက်သည်။
ကြီးမြတ်သော မိစ္ဆာတစ်ဦးအနေဖြင့် ဤကဲ့သို့သော ခွေးတစ်ကောင်၏ အရေးမစိုက်ခြင်းကို ခံရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ပင်။
သူသည် စနောက်လိုသော စိတ်ဖြင့် သူ၏ မိစ္ဆာအရှိန်အဝါကို ထုတ်မပြဘဲ အိတ်ထဲမှ အသားခြောက်အချို့ကို ထုတ်ယူကာ ထိုမကြောက်မရွံ့တတ်သော ခွေးလေးကို ပုတ်ပေးရန် ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။
သို့သော်လည်း ထိုအဝါရောင်ခွေးကြီးမှာ အသားခြောက်ကို တစ်ချက်ကြည့်ပြီး နောက်သို့ပင် လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
မထွက်သွားခင်မှာပင် ၎င်းက "အသားခြောက်လား... မင်း ငါ့ကို အထင်သေးနေတာလား" ဟု ပြောနေသကဲ့သို့ မျက်စောင်းတစ်ချက် ခဲသွားသေးသည်။
ထိုအပြုအမူကြောင့် ချင်ရှန်းမှာ အသားခြောက်ကို ကိုင်ထားလျက်သားဖြင့် လေထဲတွင် လက်တန့်သွားရသည်။
သူလည်း မတတ်သာဘဲ ထိုအသားခြောက်ကို သူ့ပါးစပ်ထဲသို့သာ ပစ်ထည့်လိုက်ရင်း "ဟေး... ဒီခွေးက တော်တော်စရိုက်ရှိတာပဲ။ အသားခြောက်ကိုတောင် စိတ်မဝင်စားဘူး" ဟု ရေရွတ်လိုက်သည်။
ခွေး၏ အရေးမစိုက်ခြင်းကြောင့် စိတ်ပျက်သွားသော ချင်ရှန်းမှာ ခွေးကို ဂရုမစိုက်တော့ဘဲ ဆက်လက်တက်လာရာ မကြာခင်မှာပင် ယွန်းလန်တောင်ထိပ်သို့ ရောက်ရှိလာသည်။
နေဝင်ရိုးရီ အချိန်သို့ ရောက်နေပြီဖြစ်ရာ အဆင့်တစ်ထောင်လှေကား၏ နောက်ဆုံးအဆင့်ကို လှမ်းတက်လိုက်စဉ် ချင်ရှန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အဝေးရှိ ကျောက်စားပွဲတစ်ခုတွင် ထိုင်နေသော အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
ထိုအဘိုးအိုသည် ရှေ့တွင် စစ်တုရင်ခုံကို ချထားပြီး မည်သူမျှ နားမလည်နိုင်သော စကားများကို တိုးတိုးလေး ရေရွတ်နေသည်။
ချင်ရှန်းက ထိုအဘိုးအိုကို သေချာကြည့်လိုက်ရာ သာမန်လူတစ်ဦးဖြစ်ကြောင်း တွေ့ရသဖြင့် စကားပြောရန် စိတ်မဝင်စားတော့ပေ။
သူသည် မြောင်ရင်ဘက်သို့ လှည့်ကာ အလျင်အမြန် ပြောလိုက်သည်။
"ငါ့ကို စမ်းသပ်မှုမျှော်စင်ဆီ ခေါ်သွားစမ်း"
မြောင်ရင်က ချက်ချင်း ပြန်ဖြေသည်။
"ဆရာကြီး... စမ်းသပ်မှုမျှော်စင်ကို ဂိုဏ်းချုပ်ပဲ ဖွင့်ပေးနိုင်တာပါ။ ကျွန်မ ခေါ်သွားလည်း ဘာမှထူးမှာ မဟုတ်ဘူး"
"ဒါဆိုရင်လည်း သူ့ကို သွားခေါ်ခဲ့လေ"
"ဂိုဏ်းချုပ် ဘယ်မှာလဲဆိုတာ ကျွန်မ မသိဘူး ဒီနေရာနဲ့ ကျွန်မ မရင်းနှီးသေးလို့ပါ..."
"အသုံးမကျလိုက်တာ"
ချင်ရှန်းက ခပ်အေးအေး နှာခေါင်းရှုံ့လိုက်ပြီးနောက် ခန့်ညားထည်ဝါသော်လည်း တိတ်ဆိတ်နေသော ပင်မဆောင်ကြီးကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် စစ်တုရင်ကစားနေသော အဘိုးအိုထံသို့ လျှောက်သွားပြီး "မိတ်ဆွေ... စစ်တုရင် ကစားနေတာလား။ တစ်ခုလောက် မေးပါရစေ။ မင်းတို့ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဘယ်မှာလဲ" ဟု ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
"သိတယ် ငါသိတယ်"
အဘိုးအိုက စိတ်မရှည်သလို ပြန်ဖြေလိုက်သည်။ သူ၏မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်နေသည် ထိုအဘိုးအိုမှာ ဝမ်ပေါ်ပင်။
ချင်ရှန်းမှာ ဝမ်ပေါ်၏ မကျေနပ်သော အမူအရာကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်သွားသော်လည်း ဝမ်ပေါ်က သိသည်ဟု ပြောသဖြင့် "ဒါဆိုရင် သူက ဘယ်မှာလဲ" ဟု ထပ်မေးလိုက်သည်။
မမျှော်လင့်ဘဲ ဝမ်ပေါ်က ချက်ချင်းပင် ဒေါသထွက်သွားကာ "မဖြစ်နိုင်ဘူး ဒီခုန်က အခု အစားခံရတော့မှာ။ မင်း မသိရင် စကားမပြောနဲ့လေ။ စစ်တုရင်ကြည့်ရင် စကားမပြောရဘူးဆိုတာ မသိဘူးလား။ ဟိုယွီဆိုတဲ့ကောင်လိုပဲ စစ်တုရင် ကျင့်ဝတ်ကို လုံးဝ မသိဘူး" ဟု ဆူပူတော့သည်။
"မဟုတ်ဘူး... ငါမေးနေတာက မင်းတို့ ဂိုဏ်းချုပ် ဘယ်မှာလဲလို့"
"စစ်တုရင် ကစားပွဲထဲမှာ ဘာမုန့်တွေ လာပြောနေတာလဲ"
"ဒီအဘိုးကြီး... လူစကား နားမလည်ဘူးလား"
ချင်ရှန်းမှာ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေသော ဝမ်ပေါ်ကို ကြည့်ပြီး အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။
"ဒီမသေမျိုးဂိုဏ်းကတော့ တကယ်ကို ရယ်စရာကောင်းလွန်းတယ်။ ခွေးတစ်ကောင်ရယ်၊ ဘာမေးမေး ရှင်းရှင်းလင်းလင်း မကြားရတဲ့ အဘိုးကြီးတစ်ယောက်ရယ် ဒါက တကယ်ပဲ စနစ်တကျရှိတဲ့ ဂိုဏ်းတစ်ခု ဟုတ်ရော ဟုတ်ရဲ့လား"
သူ ထပ်မေးရန် ပြင်လိုက်စဉ်မှာပင် ဘေးရှိ တောအုပ်ထဲမှ လူတစ်ယောက် ပြေးထွက်လာသည်။ ထိုသူမှာ ငါးဖမ်းလွန်းသဖြင့် အန်မတတ် ဖြစ်နေသော ယွီမိုပင်။
ယွီမိုသည် တောအုပ်ထဲမှ ပြေးထွက်လာရင်း အားနာတကြီး တောင်းပန်လိုက်သည်။
"ဝမ်ပေါ်... ဆောရီးဗျာ ဒီရက်ပိုင်း အဆိပ်ထုတ်နေတာဆိုတော့ ဗိုက်က နည်းနည်း မကောင်းလို့ပါ"
ဝမ်ပေါ်သည် တောင်းပန်စကားကို ကြားသော်လည်း မကျေနပ်သေးသည့် ပုံစံဖြင့် စစ်တုရင်ရုပ်များကို ကစားရင်း "မင်းက စစ်တုရင်တစ်ကွက် ရွှေ့ဖို့ကို တစ်နေကုန် ပျောက်သွားတာပဲ ဆက်ကစားဦးမှာလား မကစားဘူးလား" ဟု ညည်းတွားတော့သည်။
"ကစားမှာပေါ့ဗျ ကစားမှာပေါ့"
"မြန်မြန်လုပ် စစ်တုရင် ကျင့်ဝတ်ကို မရှိဘူး။ နောက်တစ်ခါ ငါ့ကို လာခေါ်ရင် မကစားတော့ဘူးနော်"
ဝမ်ပေါ်က ရုတ်တရက် စကားများကို ဖြောင့်ဖြောင့်တန်းတန်း ပြန်ပြောနေသည်ကို မြင်ရသောအခါ ချင်ရှန်းမှာ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားရသည်။
သူက စိတ်ထဲမှ တွေးလိုက်သည်။
"ဒီအဘိုးကြီး ခုနက တမင်သက်သက် လုပ်နေတာပဲ။ ငါနဲ့ စကားပြောတုန်းကတော့ တစ်ခွန်းမှ အတည်အပေါက် မရခဲ့ဘူး"
သူ့ကို နောက်ပြောင်နေသည့် အဘိုးကြီးကို ပညာပေးရန် ကြံရွယ်လိုက်စဉ်မှာပင် ယွီမို အနားသို့ ရောက်ရှိလာသည်။
ချင်ရှန်းသည် ယွီမို၏ မျက်နှာကို မတော်တဆ လှမ်းကြည့်မိရာတွင် အစပိုင်း၌ ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ယွီမို အနားသို့ တိုးလာပြီး သူ၏ မျက်နှာအပြည့်ကို မြင်လိုက်ရသောအခါတွင်မူ ချင်ရှန်း၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
"လေလွင့်ဓားသမား ယွီမိုလား"
ယွီမိုသည် ကျောက်စားပွဲတွင် ပြန်ထိုင်လိုက်ပြီး ခေါင်းကိုမော့ကာ ရှေ့ရှိလူကို သေချာအကဲခတ်သည်။
သူ မမှတ်မိသဖြင့် "မင်း ငါ့ကို သိလို့လား" ဟု မေးလိုက်သည်။
"တစ်ကိုယ်တော် လေလွင့်ဓားသမားအကြောင်း ချင်ရှန်း ကြားဖူးတာပေါ့။ မင်းရဲ့ ပုံတူပန်းချီကိုလည်း မြင်ဖူးတယ်"
"ဩော်... ဒါဆို မင်း စစ်တုရင် ကစားတတ်လား"
မေးရင်းနှင့်ပင် ယွီမိုသည် စစ်တုရင်ရုပ်တစ်ခုကို ကိုင်ကာ စတင်ကစားတော့သည်။
သို့သော် သူက အနည်းငယ် နှေးကွေးနေသဖြင့် ဝမ်ပေါ်က သူ့ကို ထပ်မံဆူပူပြန်သည်။ စစ်တုရင်ကျင့်ဝတ် မရှိကြောင်းနှင့် စစ်တုရင်ခုံပေါ်မှာ အချိန်ဆွဲနေကြောင်း ပြောဆိုနေတော့သည်။
ချင်ရှန်းသည် ဤမြင်ကွင်းကို ကြည့်ပြီး အံ့ဩနေမိသည်။ ဈေးထဲတွင်သာ တွေ့ရလေ့ရှိသည့် ဤမြင်ကွင်းမျိုးက နက်နဲသောအဆင့်ပညာရှင်တစ်ဦးထံတွင် ပေါ်ပေါက်နေခြင်းမှာ တကယ့်ကို အံ့ဩစရာပင်။
"ယွီမိုက ဘဝတစ်ဝက်လုံး လေလွင့်ခဲ့တယ်။ နွေးထွေးတဲ့ အိပ်ရာထက် မြက်ခင်းပေါ်မှာ အိပ်ရ
တာကို ပိုနှစ်သက်တယ်လို့ ကြားဖူးတာ။ အခု ဘာလို့ ဒီမှာ အဘိုးကြီးတစ်ယောက်နဲ့ စစ်တုရင် ထိုင်ကစားနေရတာလဲ"
"ဘာလို့တွေ အများကြီး မေးနေတာလဲ... ဟားဟား စားပြီဟေ့"
ယွီမိုက အားရပါးရ ရယ်မောရင်း ဝမ်ပေါ်ဘက်မှ စစ်တုရင်ရုပ်အချို့ကို စားပွဲပေါ်မှ ဖယ်ရှားလိုက်သည်။
ချင်ရှန်းမှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။
မူလက ပျံလွှားငါးကျွန်းသည် ယွီမိုကို အကြီးအကဲရာထူး ပေးမည်ဟု ကတိပြုခဲ့ဖူးသလို မြို့တစ်မြို့ကိုပင် ဆုလာဘ်အဖြစ် ပေးခဲ့ဖူးသည်။ သို့သော် သူက စိတ်မလှုပ်ရှားခဲ့သလို ဝမ်းလည်းမသာခဲ့ဘဲ ကောင်းကင်ကို အမိုးလုပ်၊ မြေကြီးကို အိပ်ရာလုပ်သည့် ဘဝတွင်သာ ဆက်လက်နေထိုင်ခဲ့သည်။
ဤကဲ့သို့သော လူမျိုးသည် မည်သည့်အင်အားစုထဲကိုမျှ ဝင်မည်မဟုတ်ဟု သူ ထင်ထားခဲ့သော်လည်း အခုတော့ မသေမျိုးဂိုဏ်းမှာ ရပ်တန့်နေပြီး အဘိုးကြီးတစ်ယောက်နှင့် စစ်တုရင် ကစားကာ အနိုင်ရမှုလေးတစ်ခုအတွက် ကျေနပ်ပီတိဖြစ်နေသည်။
နက်နဲသောအဆင့် ပညာရှင်တစ်ဦးတွင် ရှိသင့်သည့် ဟန်ပန်အမူအရာများ လုံးဝ မရှိတော့ပေ။
ချင်ရှန်းသည် ဇဝေဇဝါ ဖြစ်နေသည့် အကြည့်များဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
ထိုအချိန်တွင် ဝမ်ပင်း၏ အသံမှာ နောက်ဘက်မှ ထွက်ပေါ်လာသည်။
"စီနီယာ... ရက်ပိုင်းလောက်ပဲ ရှိသေးတယ် ကြည့်ရတာ ကျန်းကျန်းမာမာ ရှိပုံပဲနော်"
ချင်ရှန်းက ချက်ချင်း လှည့်ကြည့်လိုက်ရာ ဝမ်ပင်းကို တွေ့သဖြင့် သူ၏မျက်နှာမှာ ပြန်လည် တည်ကြည်သွားသည်။
"ဒီကောင်လေး... မင်း အဲဒီညက ငါ့ကို လိမ်ခဲ့တယ်ပေါ့"
ဝမ်ပင်းက ပုခုံးကို အသာအယာ တွန့်ပြရင်း "အဲဒီညက ကျွန်တော် မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်ပါဘူးလို့ တစ်ခွန်းမှ မပြောခဲ့ဘူးနော်။ စီနီယာကပဲ ကိုယ့်အထင်နဲ့ကိုယ် ဆုံးဖြတ်ခဲ့တာလေ။ ကျွန်တော့်ကို အပြစ်တင်လို့ မရပါဘူး"
"ဒီကောင်လေး"
ချင်ရှန်း၏ တည်ကြည်သော မျက်နှာမှာ ပြောင်းလဲသွားပြီး ရှားရှားပါးပါး ပြုံးလိုက်သည်။
"မင်းက ငါ့ကို နောက်ပြောင်ရဲတဲ့အပြင် ဒီလို လွတ်လွတ်လပ်လပ် ပြန်ပြောရဲတဲ့ ပထမဆုံး ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့်သမားပဲ။ ဒါကြောင့်ပဲ အဲဒီညက ကိစ္စတွေကို ငါ ထပ်မပြောတော့ဘူး"
"ဟီးဟီး..."
ဝမ်ပင်းက ယဉ်ကျေးသော်လည်း အနည်းငယ် အနေရခက်သော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
ချက်ချင်းပင် သူသည် အဆင့်တစ်ထောင်လှေကားအောက်သို့ ငုံ့ကြည့်လိုက်သည်။
လှေကားခြေရင်းတွင် ဟွမ်းရှန်းသည် စစ်ဝတ်စုံ အပြည့်အစုံဖြင့် ပြန်လည်ရောက်ရှိလာသည်။
သို့သော် ထိုနေ့ကနှင့် မတူဘဲ ယနေ့တွင် သူနှင့်အတူ မရင်းနှီးသော နက်နဲသောအဆင့် ပညာရှင် နှစ်ဦး ပါလာသည်။
နက်နဲသောအဆင့် ပညာရှင် တစ်ဦးတည်းနှင့်တင် ဆန်းဝူမြို့ကို တုန်လှုပ်စေရန် လုံလောက်နေပြီဖြစ်ရာ အခု တောင်ပေါ်ကို နှစ်ဦးတူတူ တက်လာခြင်းပင်။
ဤသတင်းသာ ပြန့်သွားပါက အခြားသူများက ဆန်းဝူမြို့တွင် ကြယ်နှစ်ပွင့်အဆင့် အင်အားစုအသစ်တစ်ခု ပေါ်ပေါက်လာပြီဟု ထင်မှတ်သွားကြပေလိမ့်မည်။
လှေကားခြေရင်းတွင် ဟွမ်းရှန်းသည် သူ၏ ရွှေရောင်သံချပ်ကာ ဦးထုပ်ကို ချွတ်လိုက်ပြီး တောင်ပေါ်သို့ တက်လာရင်း သူ၏နောက်မှ လိုက်လာသော သက်လတ်ပိုင်း အမျိုးသားနှစ်ဦးကို လှည့်ပြောလိုက်သည်။
"ခင်ဗျားတို့ လူမှားရှာနေတာ မဟုတ်ဘူးလား။ ကျွန်တော့်သူငယ်ချင်းက ဆေးကုတတ်တဲ့သူ မဟုတ်ပါဘူး။ သူက သူ့ဘာသာ ကျင့်ကြံဖို့တောင် အချိန်မရှိတာ။ ဆေးပညာသင်ဖို့ ဘယ်မှာ အချိန်ပို ရှိမှာလဲ"
ပိန်ပိန်ပါးပါးနှင့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးက တည်ငြိမ်သောအသံဖြင့် "စကားတွေ အများကြီး ပြောမနေပါနဲ့။ တောင်ပေါ်ရောက်ရင် ဝမ်ပင်းကို နားဝင်အောင် ပြောဖို့ပဲ အာရုံစိုက်ပါ။ ဝမ်ပင်းက ငါတို့နဲ့ လိုက်ဖို့ သဘောတူမယ်ဆိုရင် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က မင်းရဲ့ ဖခင်ကို နက်နဲသောအဆင့်သို့ ချောချောမောမော ကူးပြောင်းနိုင်အောင် ကူညီပေးမယ်လို့ အာမခံတယ်"
"ကောင်းပါပြီ"
ဟွမ်းရှန်းသည် လှည့်ကြည့်လိုက်ပြီး သူတို့နှစ်ဦး၏ ကျောပြင်ကို ကြည့်ကာ စိတ်ထဲမှ ဝမ်းသာနေမိသည်။
မြို့စားမင်းရဲ့ မျက်နှာက ဤမျှအထိ အသုံးဝင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဝမ်ပင်းကို အကူအညီတစ်ခု တောင်းပေးရုံဖြင့် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ အကူအညီကို ရရှိမည်ဖြစ်သည်။
သူ့မိသားစုနှင့် ဝမ်မိသားစု၏ ရင်းနှီးမှုအရဆိုလျှင် ဝမ်ပင်းကို စကားတစ်ခွန်း ပြောရုံနှင့်တင် အဆင်ပြေမည်ဟု သူ ယုံကြည်နေတော့သည်။
အခန်း။ ၁၂၀
တောင်ထိပ်တွင် နက်နဲသောအဆင့်ပညာရှင်နှစ်ဦး တမင်တကာ ထုတ်လွှတ်လိုက်သော အရှိန်အဝါကို ခံစားလိုက်ရသောအခါ ချင်ရှန်းက တခစ်ခစ်ရယ်မောရင်း ဘေးရှိ ဝမ်ပင်းကို ပြောလိုက်သည်။
"ကောင်လေး... ငါကတော့ မင်းကို အပြစ်မယူတော့ပါဘူး၊ ဒါပေမဲ့ မင်းကတော့ ပြဿနာအကြီးကြီးနဲ့ တိုးနေပြီထင်တယ်"
ထိုသို့ပြောပြီးနောက် သူသည် ဝမ်ပင်း၏ မျက်နှာကို အကဲခတ်လိုက်ရာ ဝမ်ပင်း၏ တည်ငြိမ်လွန်းသော အမူအရာကို တွေ့ရသဖြင့် သူ သဘောကျသွားသည်။
ဝမ်ပင်းသည် ရောက်လာသူနှစ်ဦးမှာ နက်နဲသောအဆင့် ပညာရှင်များဖြစ်ကြောင်း မသိ၍သော်လည်းကောင်း သို့မဟုတ် ထိုသူများမှာ ဂိုဏ်းထဲဝင်ရန် ရိုးရိုးသားသား လာကြသူများ မဟုတ်ကြောင်း မသိ၍သာ ထိုမျှတည်ငြိမ်နေခြင်းဖြစ်မည်ဟု သူ တွေးလိုက်သည်။ ဂိုဏ်းထဲဝင်မဲ့သူက ဒီလိုနက်နဲသောအဆင့်ရှိတဲ့ အရှိန်အဝါကို ထုတ်ပြပါ့မလား။
ချင်ရှန်းသည် စူးစမ်းလိုသော အကြည့်များကို ရုပ်သိမ်းလိုက်ပြီး စစ်တုရင်ကစားနေသူ နှစ်ဦးအနားတွင် ဝင်ထိုင်ကာ ပွဲကြည့်ပရိသတ်အဖြစ် အခြေအနေကို စောင့်ကြည့်နေတော့သည်။
ဝမ်ပင်းသည် တောင်ပေါ်မှ ဆင်းသွားမည့် အရိပ်အယောင်မပြသော ချင်ရှန်းကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ အဆင့်တစ်ထောင်လှေကား ထိပ်သို့ လျှောက်သွားကာ ဟွမ်းရှန်းတို့ ရောက်လာသည်ကို စောင့်နေလိုက်သည်။
ဟွမ်းရှန်း တောင်ထိပ်သို့ ရောက်သောအခါ ဝမ်ပင်းနှင့် အနည်းငယ် နှုတ်ဆက်စကားပြောပြီးနောက် ထိုညက ဖြစ်ပျက်ခဲ့သည်များကို စမြုံ့ပြန်ကြသည်။
ထို့နောက် သူ၏နောက်မှ လူနှစ်ဦးကို ညွှန်ပြကာ ပြောသည်။
"သူတို့က ဟွမ်လီမြို့က စီနီယာတွေပါ မင်းရဲ့ အကူအညီ လိုနေလို့တဲ့။ ငါ့အဖေကတော့ မင်း ကူညီနိုင်ရင် ကူညီပေးလိုက်ပါတဲ့။ သူတို့က ဟွမ်လီမြို့ကဆိုတော့ မင်း ဘာလိုအပ်ချက်ပဲရှိရှိ တောင်းဆိုလို့ ရပါတယ်"
ဟွမ်လီမြို့ဆိုသည်မှာ အရှေ့အိုင် တစ်ဝိုက်တွင် အစည်ကားဆုံး မြို့ဖြစ်ပြီး ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ ဌာနချုပ် တည်ရှိရာ နေရာလည်း ဖြစ်သည်။
ဟွမ်လီမြို့မှ လူများက မြို့စားမင်းကတစ်ဆင့် ဝမ်ပင်းကို အဘယ်ကြောင့် လာရှာကြသည်ကို ဟွမ်းရှန်း မသိသော်လည်း ဝမ်ပင်းအတွက်တော့ အကျိုးအမြတ် တစ်ခုခု ရနိုင်မည်ဟု သူ ယူဆထားသည်။
"ဒါက ဦးလေးရဲ့ ဆန္ဒလား"
ဟွမ်းရှန်းက ချက်ချင်း ပြန်ဖြေသည်။
"အဲဒီလိုပဲ ပြောရမှာပေါ့။ ဒါပေမဲ့ ငါ့အဖေက မင်းကူညီနိုင်ရင် ကူညီပါ။ မကူညီနိုင်ရင်လည်း ကိစ္စမရှိဘူးလို့ပဲ မှာလိုက်တယ်"
နက်နဲသောအဆင့် ပညာရှင်နှစ်ဦးထဲမှ အရပ်ပုသူက ဟွမ်းရှန်း၏ စကားကို ထောက်ခံသည့်အနေဖြင့် ရှေ့သို့တိုးကာ "ငါ့နာမည်က ဆွန်ဝူပါ ဒါက စီကုန်းပိုင်။ ငါတို့နှစ်ယောက်လုံးက ဟွမ်လီမြို့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကပါ။ ဂိုဏ်းချုပ်ဝမ်... လွန်ခဲ့တဲ့ ရက်ပိုင်းက မသေမျိုးဂိုဏ်းနဲ့ မဟာမိတ်အဖွဲ့ကြားမှာ မပြေလည်တာလေးတွေ ရှိခဲ့တယ်လို့ ကြားရပါတယ်။ ဒါကြောင့် သခင်ကြီး ရှန်းလုံက ကျွန်တော်တို့ကို အထူးစေလွှတ်ပြီး တောင်းပန်ခိုင်းလိုက်တာပါ။ အဲဒါက လူအချို့ရဲ့ သွေးထိုးမှုကြောင့် ဖြစ်သွားတာမို့ ဂိုဏ်းချုပ်ဝမ်အနေနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ မြို့စားမင်းဟွမ်းရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်တော်တို့ မဟာမိတ်အဖွဲ့နဲ့ ပြန်လည်သင့်မြတ်စေချင်ပါတယ်" ဟု ပြောလိုက်သည်။
"ရှန်းလုံ"
"သခင်ကြီး ရှန်းလုံဆိုတာ ကျွန်တော်တို့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲဖြစ်သလို စီနီယာ မိုယွီ ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေပါ"
"တောင်းပန်တဲ့ လက်ဆောင်ကော"
ဝမ်ပင်းက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
သူသည် ထိုသူများကို အထဲသို့ဝင်ရန် မဖိတ်ခေါ်ခဲ့သလို လက်ဖက်ရည် တိုက်ရန်လည်း အစီအစဉ် မရှိပေ။
ကျောက်လှေကားထိပ်တွင် ရပ်လျက်သားဖြင့်ပင် လိုရင်းကိုသာ ပြောနေခြင်းပင်။
သာမန်အားဖြင့် နက်နဲသောအဆင့် ပညာရှင်ဆိုလျှင် ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းချုပ်တစ်ဦးပင် ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုပြီး အမြင့်ဆုံး ဂုဏ်ပြုမှုဖြင့် ဧည့်ခံရမည်ဖြစ်သည်။
ထို့ပြင် သူတို့မှာ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ စီမံခန့်ခွဲသူများ ဖြစ်ကြောင်း သိရလျှင် သာမန် ကြယ်နှစ်ပွင့်အဆင့် အင်အားစုများမှာ သူတို့ကို ဘိုးဘွားများကဲ့သို့ ရိုသေကြပေလိမ့်မည်။
ပျံလွှားငါးကျွန်း သို့မဟုတ် တကယ့်ထိပ်တန်း ဂိုဏ်းကြီးများမှလွဲ၍ အရှေ့အိုင် တစ်ဝိုက်တွင် မည်သူမျှ သူတို့ကို ဤကဲ့သို့ အဖက်မလုပ်ဘဲ နေရဲမည် မဟုတ်ပေ။
ဆွန်ဝူသည် အနည်းငယ် ဒေါသထွက်သွားသော်လည်း ယနေ့ ဝမ်ပင်း၏ အကူအညီကို လာတောင်းခံခြင်း ဖြစ်သဖြင့် ဒေါသကို မြိုသိပ်ကာ အိတ်ထဲမှ တောက်ပြောင်နေသော ရွှေရောင်
တံဆိပ်တစ်ခုကို ထုတ်လိုက်သည်။
"ဒါက ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းချုပ်တံဆိပ်ပါ။ ဂိုဏ်းချုပ်ဝမ်က ကျွန်တော်တို့ကို လူတစ်ယောက် ကယ်ပေးဖို့ ကူညီမယ်ဆိုရင် ဒါကို မင်းဆီ ပြန်အပ်နှင်းမှာ ဖြစ်ပါတယ်"
ထိုစကားကို ကြားသောအခါ ဟွမ်းရှန်းမှာ အံ့ဩသွားသည်။
အရင်က ထိုတံဆိပ်ကို ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က သိမ်းယူသွားခဲ့ခြင်း ဖြစ်သော်လည်း အခုတော့ ဝမ်ပင်း၏ အကူအညီကို ရရန်အတွက် သူတို့ကိုယ်တိုင် လာရောက်အပ်နှင်းနေကြသည်။
ဤသတင်းသာ ပြန့်သွားပါက မသေမျိုးဂိုဏ်းသည် အရှေ့အိုင် တစ်ဝိုက်တွင် ချက်ချင်း ကျော်ကြားသွားမည်ဖြစ်ပြီး ဆန်းဝူမြို့ပါ အကျိုးရှိပေလိမ့်မည်။
မှီခိုရာဂိုဏ်း၏ ဂိုဏ်းချုပ်ပင်လျှင် နောင်တွင် မဟာမိတ်အဖွဲ့သို့ သွားလျှင် ဝမ်ပင်းကို အရင် ဦးစားပေးရတော့မည် ဖြစ်သည်။
မဟာမိတ်အဖွဲ့က ဝမ်ပင်းကို အကျိုးအမြတ်တစ်ခုခု ပေးလိမ့်မည်ဟု သူ ထင်ထားသော်လည်း ဤမျှအထိ ရက်ရောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဘုရားရေ ဝမ်ပင်းက ဆေးဖက်ဆိုင်ရာ သူတော်စင်တစ်ယောက် ဖြစ်သွားပြီလား။
အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုတောင် ကယ်တင်နိုင်တဲ့သူမျိုးလား။
ဝမ်ပင်းက ခေါင်းငြိမ့်လိမ့်မည်ဟု သူ ထင်ထားသော်လည်း ဝမ်ပင်းက အေးစက်စက် ပြုံးလျက် "ဒါပဲလား မိုလင်းက ခင်ဗျားတို့ကို မပြောဘူးလား။ ကျွန်တော် မဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ စိတ်မကူးတော့ဘူး။ ဒါကြောင့် ဒီရွှေတံဆိပ်က ကျွန်တော့်အတွက် အသုံးမဝင်တော့ဘူး" ဟု ပြောသည်ကို ကြားလိုက်ရသည်။
ဆွန်ဝူက ဆက်ပြောသည်။
"မင်း တခြား ဘာလိုအပ်တာရှိလဲ ပွင့်ပွင့်လင်းလင်း တောင်းဆိုနိုင်ပါတယ်။ ဂိုဏ်းချုပ်ဝမ်နဲ့ မြို့စားမင်းဟွမ်းတို့က ရင်းနှီးတယ်လို့ ကြားရတယ်။ မြို့စားမင်းရဲ့ မျက်နှာကို ထောက်ထားပြီး ဆန်းဝူမြို့ရဲ့ တောက်ပတဲ့ အနာဂတ်အတွက် ကျွန်တော်တို့နဲ့ ပြန်လည်သင့်မြတ်ဖို့ စဉ်းစားပေးပါ"
"စိတ်မကောင်းပါဘူး။ မြို့စားမင်းရဲ့ မျက်နှာကို ထောက်ထားလို့သာ ခင်ဗျားတို့ကို တောင်ပေါ် တက်ခွင့်ပေးတာ။ ဒါပေမဲ့ ကျွန်တော် လိုချင်တဲ့အရာကိုတော့ ခင်ဗျားတို့ ပေးနိုင်မှာ မဟုတ်ဘူး"
"မင်း"
စီကုန်းပိုင်က ချက်ချင်းပင် ဒေါသပေါက်ကွဲသွားသည်။
တပည့် မရှိသလောက်ဖြစ်နေသော ဂိုဏ်းငယ်လေးတစ်ခုကို ကြယ်နှစ်ပွင့်အဆင့် အသိအမှတ်ပြုပေးခြင်းမှာ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့အနေဖြင့် အကြီးမားဆုံး အလျှော့ပေးလိုက်ခြင်းပင်။
ဤသတင်းသာ ပြန့်သွားလျှင် မဟာမိတ်အဖွဲ့မှာ သူတစ်ပါး၏ လှောင်ပြောင်ခြင်းကို ခံရပေလိမ့်မည်။
မိုယွီ အတွက်ကြောင့် သူတို့သည် အောက်ကျနောက်ကျ ခံခဲ့ကြပြီး နက်နဲသောအဆင့် ပညာရှင် နှစ်ဦးကိုယ်တိုင် တောင်ပေါ်သို့ လာရောက်တွေ့ဆုံခဲ့သော်လည်း ဝမ်ပင်းကမူ ယဉ်ကျေးစွာ ကမ်းလှမ်းမှုကိုပင် ငြင်းပယ်သည့် အမူအရာကိုသာ ပြနေသည်။
ဒီကောင်လေးက သူ့ကိုယ်သူ နက်နဲသောအဆင့် ပညာရှင်လို့ တကယ်ပဲ ထင်နေတာလား။
သူ့နောက်မှာ နက်နဲသောအဆင့် ပညာရှင်တစ်ယောက် ရှိနေရုံနဲ့လား။
စီကုန်းပိုင်က ဒေါသထွက်ရန် ပြင်လိုက်စဉ် ဆွန်ဝူက သူ့ကို တားဆီးလိုက်ပြီး "မလောပါနဲ့။ ဂိုဏ်းချုပ်ဝမ် နားလည်သွားမှာပါ။ ဒီနေ့ သခင်ကြီး ရှန်းလုံက နက်နဲသောအဆင့် ပညာရှင် နှစ်ယောက်ကို လွှတ်လိုက်တာက ဂိုဏ်းချုပ်ဝမ်က မငြင်းနိုင်အောင်နဲ့ မင်းကို တောင်အောက်ကို ဖိတ်ခေါ်သွားဖို့ပါပဲ"
ဒိုင်း…
အပြာရောင် သွေးကြောတံခါးပွင့်သွားပြီး တုန်ခါမှုအသံများ ထွက်ပေါ်လာတော့သည်။
ပတ်ဝန်းကျင် မီတာအနည်းငယ်အတွင်းရှိ လေထုမှာ အေးခဲသွားသကဲ့သို့ ခံစားရသည်။
ဆွန်ဝူက သွေးကြောတံခါးကို ဖွင့်လိုက်ပြီး လက်ပါတော့မည့် အမူအရာ ပြနေသည်ကို ဟွမ်းရှန်း မြင်လိုက်ရသောအခါ အခြေအနေမှာ သူထင်ထားသလို မဟုတ်တော့ကြောင်း ချက်ချင်း သဘောပေါက်သွားသည်။
သူသည် ဝမ်ပင်းအတွက် အကြီးအကျယ် ဒုက္ခပေးမိပြီဆိုတာကို သိလိုက်ရပြီဖြစ်သည်။
အခုက နက်နဲသောအဆင့် ပညာရှင် နှစ်ယောက်တောင်မှ မသေမျိုးဂိုဏ်း အထွန်းတောက်ဆုံး အချိန်မှာတောင် သူတို့ကို ယှဉ်နိုင်ခဲ့တာ မဟုတ်ဘူး။
မသေမျိုးဂိုဏ်းကို မကူညီနိုင်သည့်အပြင် ဝမ်ပင်းကိုပါ ဒုက္ခပေးမိပြီဟု တွေးမိကာ ဟွမ်းရှန်းက ဒေါသတကြီး ပြောလိုက်သည်။
"စီနီယာတို့... တောင်ပေါ်တက်လာတုန်းက ဒီလိုစကားမျိုး မပြောခဲ့ဘူးလေ။ ဝမ်ပင်းကို ဘာမှ အတင်းအကျပ် မလုပ်ဘူးလို့ ကျွန်တော့်အဖေကို ကတိပေးခဲ့လို့သာ ကျွန်တော့်အဖေက မြို့စားမင်းရဲ့ အမည်ကိုသုံးပြီး ဝမ်ပင်းကို ကူညီပေးဖို့ နားချပေးခဲ့တာ"
ဟွမ်းရှန်း စကားမဆုံးခင်မှာပင် ဆွန်ဝူ၏ နောက်မှ စီကုန်းပိုင်က နှာခေါင်းရှုံ့လျက် "မြို့စားမင်းရဲ့ မျက်နှာက အသုံးမဝင်တော့မှတော့ ငါတို့လည်း အင်အားသုံးရုံပဲ ရှိတော့တာပေါ့။ ဆန်းဝူမြို့လို မြို့ငယ်လေးရဲ့ မြို့စားမင်းရုံးကို လိမ်လိုက်လို့ရော ဘာဖြစ်မှာလဲ။ ဖယ်စမ်း... ငါ မင်းကို မသတ်ချင်ဘူး" ဟု ပြောလိုက်သည်။
"ခင်ဗျားတို့က လူမဆန်တဲ့သူတွေပဲ"
ဟွမ်းရှန်းသည် ခပ်ကျယ်ကျယ် အော်ဟစ်လိုက်ပြီး ခါးမှ ဓားရှည်ကို ဆွဲထုတ်ကာ နက်နဲသောအဆင့် ပညာရှင်နှစ်ဦးကို မကြောက်မရွံ့ စိုက်ကြည့်နေတော့သည်။
သို့သော် ဝမ်ပင်းက သူ၏ဓားကို အသာအယာ ပြန်ဖိချလိုက်သည်။
"မင်း ဖယ်နေလိုက်ပါ သူတို့ကို ငါပဲ ကိုင်တွယ်မယ်"
"မရဘူး သူတို့ကို ငါခေါ်လာတာ ငါ ဒီအတိုင်း ရပ်ကြည့်မနေနိုင်ဘူး။ ငါက လူစားတဲ့ ကျားကြီးတွေကိုတောင် မကြောက်ခဲ့တာ သူတို့ကို ဘာလို့ ကြောက်ရမှာလဲ"
ဟွမ်းရှန်းက ဓားရှည်ကို မြှောက်ကာ ဆွန်ဝူ၏ ရှေ့သို့ တည့်တည့် ချိန်လိုက်သည်။
ဤမြင်ကွင်းကို မြင်သော်လည်း ဆွန်ဝူက ဒေါသထွက်မည့်အစား ပြုံးလျက် ဝမ်ပင်းဘက်သို့ ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... ဒီမှာရှိတဲ့ လူအားလုံးရဲ့ အသက်က မင်းလက်ထဲမှာ ရှိနေပုံပဲ။ ဒီနေ့ စီနီယာ မိုယွီကို ကယ်ဖို့ မင်းသဘောမတူဘူးဆိုရင် ငါတို့နှစ်ယောက်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ စီနီယာ မိုယွီ သေဆုံးသွားတဲ့အခါ အဖော်ရအောင် ယွန်းလန်တောင်ပေါ်က လူအားလုံးကို သတ်ပစ်ရလိမ့်မယ်... မင်းနောက်က နက်နဲသောအဆင့် ပညာရှင်အပါအဝင်ပေါ့။ အဲဒီအချိန်အထိမှ ဂိုဏ်းချုပ်ဝမ်က ဆုံးဖြတ်ချက် မချနိုင်သေးဘူးဆိုရင်တော့ မင်းကိုပါ ငါတို့ ကိုင်တွယ်ရလိမ့်မယ်"
ပြောပြီးနောက် ဆွန်ဝူ၏ မျက်နှာတွင် ယုတ်မာပြီး အောင်နိုင်သူတစ်ဦး၏ အပြုံးမျိုး ပေါ်လာသည်။
သူ၏ စိတ်ထဲမှလည်း တွေးနေသည်။
အင်အားသုံးရတာ တကယ် အရသာရှိတာပဲ။
ထိုစကားကို ကြားသောအခါ ဝမ်ပင်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။
ထိုအရာကို မြင်သောအခါ ဆွန်ဝူက အေးစက်စက် မေးလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... ငါက မင်းကို နောက်ပြောင်နေတယ်လို့ ထင်နေတာလား"
ဝမ်ပင်းက ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး ကျွန်တော် ပြောချင်တာကတော့... စိတ်ကြိုက်သာ လုပ်ကြပါ..."