အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း။ ၁၁၇
သူမ၏ စိတ်အခြေအနေမှာ ရုတ်တရက် ဝေခွဲမရဖြစ်သွားကာ ဘာကြောင့်လဲဆိုတော့ သူမထံ၌ ကိုယ်ကျိုးစွန့်လိုစိတ် ပေါ်လာသောကြောင့်ပင်။ သခင်လေးနှင့်အတူ မကြာခင်မှာ ပြန်သွားပြီး ပျံလွှားငါးကျွန်းမှာပင် တစ်သက်လုံး နေထိုင်သွားခြင်းထက် ထိုနေရာမှာပင်နေပြီး ဤမှော်အတတ်ကို နားလည်အောင် ကျင့်ကြံချင်သည့်စိတ် ပေါ်လာခြင်းပင်။
ဘယ်သူကများ လွတ်လပ်မှုနဲ့ ပိုမိုကြီးမားတဲ့ အစွမ်းသတ္တိကို မတောင့်တဘဲ နေနိုင်ပါ့မလဲ။
ခေါင်းကိုခါယမ်းရင်း မြောင်ရင်က ထိုအကြောင်းများကို ဆက်မတွေးခြင်းက အကောင်းဆုံးပဲဟု ဆုံးဖြတ်လိုက်သည်။
ဒုတိယထပ်၏ အဝင်ဝကို ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် မြောင်ရင်က သူမ၏ခန္ဓာကိုယ်ကြီး တစ်ခုခုက ချုပ်နှောင်ထားသကဲ့သို့ မလှုပ်ရှားနိုင်တော့သည်ကို ခံစားလိုက်ရသည်။ ရုန်းကန်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်သည်။
သူမ၏ မျက်ဝန်းများထဲ၌ ထိတ်လန့်မှုများ ချက်ချင်းပေါ်လာပြီး သဲပြင်ပေါ်တွင် သူမ၏ခန္ဓာကိုယ်က တင်ပျဉ်ခွေထိုင်လျက်သား ဖြစ်သွားသည်ကို ဘာမှမတတ်နိုင်ဘဲ ကြည့်နေရုံသာ ရှိတော့သည်။
ထိုအရာက ကောင်းချီးလား ကျိန်စာလားဆိုသည်ကိုမူ မသိရသေးပေ။
တစ်ချိန်တည်းမှာပင် နှစ်နာရီကြာ စမ်းသပ်မှုကာလက ကုန်ဆုံးတော့မည် ဖြစ်သောကြောင့် ချင်မို၊ ကျောက်ချင်းနှင့် တခြားသူများသည် စာကြည့်တိုက်ဆောင်၏ အပြင်ဘက်၌ ရပ်နေကြသည်။
သူတို့မှာ အချင်းချင်း စကားပြောရင်း ယွမ်လျောင်နှင့် မြောင်ရင်တို့ ပြန်ထွက်လာမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြခြင်းပင်။
မကြာခင်မှာပင် ယွမ်လျောင် ထွက်လာသည်။ သူ၏ ခန့်ညားသော မျက်နှာပေါ်တွင်မူ အမည်းကွက်များ၊ အဖြူကွက်များနှင့် ရွှံ့ဝါများ ပေကျံနေပြီး တကယ့်ကို ဖရိုဖရဲ ဖြစ်နေသည်။
ထိုအရာကိုမြင်သောအခါ အားလုံးက အံ့ဩသွားကြပြီး သူ့ကို ဝိုင်းအုံကြည့်ကြသည်။ စင်ကြယ်သောခန္ဓာ ပိုင်ဆိုင်ထားသည့် အကြီးအကဲယွမ်က ဤမျှအထိ သနားစရာကောင်းသော ပုံစံမျိုး ဖြစ်နေလိမ့်မည်ဟု ဘယ်သူမှ မထင်မှတ်ထားကြပေ။
ပထမထပ်ကို ကြုံဖူးသည့် ချင်မိုလို လူမျိုးကသာ အကြီးအကဲယွမ်၏ အခြေအနေမှာ ပုံမှန်ပင်ဖြစ်ကြောင်း သိရှိသည်။ ယွမ်လျောင်မှာ ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁၃ ၌ ရှိနေသောကြောင့် သူသည် ပိုဝေးသည့် အထပ်အထိ ရောက်နိုင်ပြီး ထိုနေရာရှိ အစောင့်အရှောက်များမှာလည်း ပိုမိုအစွမ်းထက်မည် ဖြစ်သည်။
မီးတောက်အတတ်ဆိုသည်မှာ ခန္ဓာကိုယ်လေ့ကျင့်သူများအတွက် ခုခံရန် တကယ်ပင် ခက်ခဲလှသော အရာဖြစ်သည်။
ချင်မိုက ရှေ့သို့တိုးပြီး အရင်ဆုံး မေးလိုက်သည်။
“အကြီးအကဲယွမ်... ဘယ်နှထပ်အထိ ရောက်ခဲ့တာလဲ”
ယွမ်လျောင်က “တတိယထပ်အထိပဲ” ဟု ပြန်ဖြေလိုက်သည်။
ထိုအရာကို ကြားလိုက်ရသည့်အခါ အားလုံးက အံ့ဩသွားကြသည်။ ချင်မိုကလည်း စိတ်ဝင်တစားဖြင့် ထပ်မေးသည်။
“အကြီးအကဲယွမ်... ဒုတိယထပ်ရဲ့ နောက်ပိုင်းက စမ်းသပ်မှုတွေအကြောင်း ပြောပြပါဦး။ ကျွန်တော်တို့ ကြိုပြီး စိတ်ပြင်ဆင်ထားလို့ ရအောင်လို့ပါ”
ယွမ်လျောင်က ခေါင်းညိတ်ပြပြီး ပြောပြသည်။
“ပထမထပ်အကြောင်းတော့ မင်းတို့ သိကြမှာပါ။ အစောင့်က မီးတောက်ကို သုံးတယ်။ မင်းတို့ရဲ့ အစွမ်းနဲ့ စင်ကြယ်သောခန္ဓာအတုရဲ့ အကူအညီနဲ့ဆိုရင်တော့ သူတို့ကို အနိုင်ယူနိုင်မှာပါ။ ဒုတိယထပ်မှာတော့ အစောင့်နှစ်ယောက်က အဆင့် ၈ ပဲ ရှိပေမဲ့ သူတို့က အလျား ဆယ်ပေကျော်ရှိတဲ့ မီးမြွေတွေကို ထုတ်လွှတ်နိုင်တယ်။ တကယ့်ကို ဒုက္ခပေးတဲ့အရာပဲ၊ သတိမထားရင် မင်းတို့ကို ပိတ်မိစေပြီး နောက်ဆုတ်လို့မရအောင် လုပ်နိုင်တယ်”
“မီးမြွေတွေ ဟုတ်လား”
ချင်မိုကမူ ယွမ်လျောင်၏ သတိပေးချက်ကို ဂရုမစိုက်ဘဲ ဝမ်းသာအားရ ဖြစ်နေပြန်သည်။
သူ၏ စိတ်ထဲ၌ အဆိုပါ မီးမြွေများမှာ ဘယ်လိုပုံစံမျိုးလဲဆိုသည်ကို စတင်ပုံဖော်နေမိသည်။ သို့သော် ရန်လီလီတို့ အားလုံးတွင် စင်ကြယ်သောခန္ဓာ ရှိနေကြသည်ကို ပြန်လည်သတိရသွားသောအခါ သူလည်း ရှိလျှင်ကောင်းမည်ဟု တွေးကာ စိတ်မကောင်း ဖြစ်သွားမိသည်။
သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ အသိချင်ဆုံးအရာကို မေးလိုက်သည်။
“အကြီးအကဲယွမ်... မှော်အတတ် တစ်ခုခုများ သင်ယူနိုင်ခဲ့လား”
“မှော်အတတ်...”
“အစောင့်အရှောက်တွေ သုံးတဲ့ မီးတောက်အတတ်က မှော်အတတ်ပဲလို့ ဂိုဏ်းချုပ်ကိုယ်တိုင် ပြောတာပါ”
ယွမ်လျောင်က သဘောပေါက်သွားသလို ခေါင်းညိတ်ပြပြီး ခေါင်းကို ပြန်ခါလိုက်သည်။
“ကံမကောင်းပါဘူး။ တတိယထပ်ကို အောင်မြင်ခဲ့ပေမဲ့ ဘာမှတော့ မရခဲ့ဘူး။ မင်းတို့ရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင် ဒုတိယထပ်ကို ကျော်ဖြတ်ဖို့က တော်တော်ခက်လိမ့်မယ်။ ဒါပေမဲ့ မိန်းကလေးမြောင်ရင်ကတော့ လုပ်နိုင်မှာပါ။ အစောင့်တွေရဲ့ မှော်အတတ်ကို သင်ယူနိုင်ဖို့ ကံတရားကတော့ ပြောရခက်တယ်”
သူ စကားပြောလို့လည်း ပြီးရော သူ၏နောက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။ မြောင်ရင် ထွက်လာခြင်းပင်။
အရင်က ချစ်စရာကောင်းသော မြောင်ရင်မှာ ယခုတော့ ဖရိုဖရဲ ဖြစ်နေသည့် ပုံစံပေါက်နေသည်။ သို့သော် မသေမျိုးလေပြေဝတ်ရုံ ဝတ်ဆင်ထားသည့် ယွမ်လျောင်နှင့်မတူဘဲ သူမ၏ ဖရိုဖရဲပုံစံမှာ အဝတ်အစားများ စုတ်ပြဲနေသဖြင့် ခန္ဓာကိုယ်အလှတရားများမှာ အနည်းငယ် ပေါ်လွင်နေသည်။
ထိုအရာကိုမြင်သော် ချင်မိုက သူ၏ အပြင်ဝတ်စုံကို ချက်ချင်းချွတ်၍ မြောင်ရင်ကို ခြုံပေးလိုက်ကာ မေးလိုက်သည်။
“ကဲ... ဘယ်နှထပ်အထိ ရောက်ခဲ့လဲ”
“ဒုတိယထပ်အထိပါ”
သူမက ပြန်ဖြေလိုက်သည်။
"မဆိုးဘူးပဲ ငါ့မျက်နှာကို အိုးမည်းသုတ်မသွားဘူး"
ချင်မိုက တောက်ပစွာ ပြုံးလိုက်သည်။ သူ၏အစေခံမလေးက ဤကဲ့သို့ အောင်မြင်မှုရရှိခြင်းမှာ သူ့အတွက်လည်း ဂုဏ်ယူစရာဖြစ်သည်။
"ဟီးဟီး"
မြောင်ရင်က တခစ်ခစ်ရယ်မောလိုက်သော်လည်း သူမ၏အကြည့်မှာ သူမကို စိုက်ကြည့်နေသော ယွမ်လျောင်နှင့် မတော်တဆ ဆုံသွားသဖြင့် ထိတ်လန့်တကြား အကြည့်လွှဲလိုက်ရသည်။
ချင်မို အပါအဝင် ထိုအခိုက်အတန့်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။
ထို့နောက် ချင်မိုက ဆက်မေးသည်။
"တစ်ခုခုများ နားလည်သဘောပေါက်ခဲ့လား"
ချင်မို၏ မေးခွန်းကို မြောင်ရင်က နှုတ်ခမ်းလေးဟဟဖြင့် လူတိုင်းကို ဆွံ့အသွားစေမည့် စကားတစ်ခွန်းကို ပြောလိုက်သည်။
"ကျွန်မ ပထမထပ်က မီးတောက်အတတ်ကို နားလည်သွားတယ်"
"ဟား"
"မဖြစ်နိုင်တာ ကံကောင်းလိုက်တာဗျာ"
လူတိုင်းက အံ့ဩတကြီး ဟစ်အော်ကြပြီးနောက် မြောင်ရင်အား ထိုအတတ်ကို စမ်းသပ်ပြရန် ဝိုင်းဝန်းတောင်းဆိုကြသဖြင့် စာကြည့်တိုက်ဆောင်ရှေ့တွင် နေရာလွတ်တစ်ခု ဖန်တီးပေးလိုက်ကြသည်။
လူတိုင်း၏ တောင်းဆိုမှုကို မငြင်းဆန်နိုင်သဖြင့် မြောင်ရင်သည် သူမ၏ စိတ်ထဲရှိ ပုံရိပ်များနှင့် ညွှန်ကြားချက်များအတိုင်း လက်ဟန်များကို အားတုံ့အားနာဖြင့် စတင်ဖော်ဆောင်လိုက်သည်။
တစ်ခဏအကြာတွင် လက်ဟန်ဖော်ပြီးကာ မီးတောက်များ ပေါ်လာ၏။
ပြင်းထန်လှသော မီးတောက်များမှာ ရှေ့သို့ ဒဟုန်ထိုး တိုးထွက်သွားတော့သည်။
စာကြည့်တိုက်ဆောင်မှ ထွက်လာပြီးနောက် ဝမ်ပင်းသည် ရေကြည်လမ်းမသို့ ရောက်ရှိလာသည်။ သို့သော် ယနေ့ လည်ပတ်မှုမှာ ထုံးစံနှင့်မတူဘဲ ထူးခြားနေသည်။ လူများက သူ့ကို မြင်သည်နှင့် သူတို့လုပ်လက်စများကို ချထားကာ ဝမ်းသာအားရ ဝိုင်းအုံလာကြသည်။
လူပေါင်းများစွာက တစ်ပြိုင်နက်တည်း စကားပြောနေကြသဖြင့် ဘာတွေပြောနေမှန်း ဝမ်ပင်း မသဲကွဲတော့ပေ။
သို့သော်လည်း သူတို့သည် သိုင်းပညာပြိုင်ပွဲပြန်လည်ကျင်းပမည့်သတင်း အစစ်အမှန် ဟုတ်မဟုတ် သံသယဝင်နေကြခြင်းဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်သည်။
သူတို့အတွက်မူ သိုင်းပညာပြိုင်ပွဲ ပြန်လည်ကျင်းပခြင်းဆိုသည်မှာ အိမ်မက်ထဲတွင်သာ ဖြစ်နိုင်မည့်အရာ ဖြစ်နေပေလိမ့်မည်။
တစ်ခါတစ်ရံတွင် အိမ်မက်များမှာ တကယ်ဖြစ်မလာနိုင်ပေ။
အခြေအနေကို ကြည့်ပြီး စားသောက်ဆိုင် ဝန်ထမ်းလေးက ဆိုင်ထဲမှ ပြေးထွက်လာကာ ဝမ်ပင်း၏နောက်တွင် ဆိုင်ထဲဝင်ရန် ကြိုးစားနေသူများကို လက်ဖြန့်တားဆီးရင်း အော်ပြောလိုက်
သည်။
"အားလုံးပဲ တိတ်တိတ်နေကြပါဦး။ သိုင်းပညာပြိုင်ပွဲက တကယ်ကျင်းပမှာပါ။ နောက်နှစ်ရက် သုံးရက်နေရင် ယွန်းလန်တောင်ခြေကိုသာ လာခဲ့ကြပါ။ မင်းတို့က ဂိုဏ်းချုပ်ဝမ်ကို ဝိုင်းထားတာ အရမ်းများနေပြီ"
ဝန်ထမ်းလေး၏ စကားကို ကြားရပြီး ဤရက်ပိုင်းအတွင်း ကပ်ထားသော ကြေညာချက်များကို ပြန်စဉ်းစားကာ အားလုံးက ယုံကြည်သွားကြသည်။
"သွားကြစို့ သွားကြစို့"
"တကယ်ကြီးကိုးဘေးအိမ်က ငတုံး ငါ့ကို လိမ်ပြောနေတာ မဟုတ်ဘူးပဲ"
"ဘုရားမတာပဲ နောက်ဆုံးတော့ သိုင်းပညာပြိုင်ပွဲ ပြန်ကျင်းပတော့မယ်"
...
လူစုကွဲသွားသော်လည်း ဝမ်းသာအားရ ပြောဆိုသံများမှာ လေထုထဲတွင် ပဲ့တင်ထပ်နေဆဲပင်။
ဝန်ထမ်းလေး၏ တိုက်တွန်းမှုကြောင့် လူအုပ်စုကွဲသွားသော်လည်း ပျော်ရွှင်စရာ အငွေ့အသက်များကတော့ ကျန်ရစ်နေသည်။
ဝမ်ပင်းက ထိုမြင်ကွင်းကို ကြည့်ရင်း ပြုံးလျက် ခေါင်းခါလိုက်မိသည်။
သူသည် ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်း၏ သခင်လေးဖြစ်စဉ်ကပင် ဤမျှ လူချစ်လူခင် မပေါက်ခဲ့ဖူးပေ။ အခု ကြယ်အဆင့်မရှိသော ဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ်မှာတော့ မမျှော်လင့်ဘဲ ကြိုဆိုခြင်း ခံနေရသည်။
ဤမြင်ကွင်းက လွန်ခဲ့သော ဆယ်စုနှစ်ကျော်က လမ်းသရဲ လမ်းကြားတွေမှာ စည်ကားခဲ့သည့် သိုင်းပညာပြိုင်ပွဲ အခိုက်အတန့်များကို သတိရစေသည်။
နှမြောစရာကောင်းသည်မှာ သူ၏ မိဘနှစ်ပါး ပျောက်ဆုံးနေပြီး အသက်ရှင်ခြင်း၊ သေဆုံးခြင်းကိုပင် မသိရသဖြင့် ဤပြန်လည်ကျင်းပမှုနှင့် သူ၏ လက်ရှိအခြေအနေကို မမြင်တွေ့နိုင်တော့ခြင်းပင်။
သူ့မိဘများကို ဤမြင်ကွင်းကို မြင်တွေ့စေချင်လှသည်။ အခြားကြောင့်မဟုတ်ဘဲ သူတို့၏သားမှာ လူလားမြောက်အောင် ပျိုးထောင်ရကျိုးနပ်သည်ကို သိစေချင်ရုံသာ ဖြစ်သည်။
ထိုသို့ အတွေးနယ်ချဲ့နေစဉ် ဗိုက်ပူပူနှင့် ဆိုင်ရှင် လုံယီ ရောက်လာပြီး လက်ဖက်ရည်တစ်အိုးကို ကိုယ်တိုင် ငှဲ့ပေးသည်။
လက်ဖက်ရည်၏ ရနံ့မှာ စိတ်ကို ကြည်လင်စေပြီး အနံ့ခံကြည့်ရုံနှင့်ပင် အမျိုးအစားကောင်းမှန်း သိသာလှသည်။
ဝမ်ပင်းက ဆိုင်ရှင်ကမ်းပေးသော လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်ပြီးနောက် ခွက်ကို အသာအယာ ချလိုက်ရင်း ပြုံးလျက် ပြောလိုက်သည်။
"ဒီလက်ဖက်ရည်က ဈေးမနည်းဘူးထင်တယ်နော်"
"ဂိုဏ်းချုပ်ဝမ်ကလည်း ဘာတွေပြောနေတာလဲ။ တခြားသူတွေဆိုရင် ရွှေတွေ ငွေတွေနဲ့ လာလာဘ်ထိုးရင်တောင် ဂိုဏ်းချုပ်နဲ့ မတွေ့နိုင်ကြဘူး။ အခုလို ကျွန်တော့်ရဲ့ သာမန်ဆိုင်လေးကို ကြွရောက်ပေးတာတင် ဒီလက်ဖက်ရည်က ဘာမှမဟုတ်ပါဘူး"
ထိုသို့ပြောရင်း ဆိုင်ရှင်က ဝမ်ပင်းထိုင်နေသော စင်ကြယ်နေသည့် စားပွဲကိုပင် လက်ကိုင်ပုဝါဖြင့် အလျင်အမြန် ထပ်သုတ်ပေးနေတော့သည်။
အခန်း။ ၁၁၈
ဝမ်ပင်းက လိုရင်းကိုသာ တိုက်ရိုက်မေးလိုက်သည်။
"ရေကြည်လမ်းမအပြင် တခြားနေရာတွေမှာရော သိုင်းပညာပြိုင်ပွဲအတွက် ကြော်ငြာတာ ဘယ်လိုအခြေအနေရှိလဲ"
ဗိုက်ပူပူဆိုင်ရှင်က အလျင်အမြန် ပြန်ဖြေသည်။
"စိတ်ချပါ သခင်လေးဝမ် ဒီနှစ်ရက်အတွင်းမှာပဲ ကျွန်တော် သိုင်းသင်တန်းကျောင်း တစ်ဒါဇင်ကျော်ကို အကြောင်းကြားထားပြီးပါပြီ။ သိုင်းပညာပြိုင်ပွဲ ပြန်ကျင်းပမယ်ဆိုတာကို ကြားတော့ သူတို့က အရမ်းဝမ်းသာနေကြပြီး တပည့်အားလုံးကို ခေါ်လာခဲ့မယ်လို့လည်း အသေအချာ ပြောထားကြပါတယ်။ ကြေညာချက်တွေဆိုရင်လည်း ဝန်ထမ်းလေးကို အစောင်ပေါင်းများစွာ ကူးခိုင်းပြီးတော့ ဆန်းဝူမြို့ရဲ့ လမ်းမတွေနဲ့ ဈေးဝက်လောက်မှာ လိုက်ကပ်ထားပြီးပါပြီ။ မနေ့ညက ညဈေးထဲမှာ လမ်းလျှောက်တုန်းကတောင် လူတွေ တော်တော်များများ ဒါကို ဆွေးနွေးနေကြတာ တွေ့ခဲ့ရတယ်။ နောက်နှစ်ရက်လောက်ဆိုရင် သိုင်းပညာပြိုင်ပွဲကို လာတဲ့သူတွေ တကယ်ကို ကြိတ်ကြိတ်တိုးနေမှာပါ"
"အားထုတ်ပေးတာ ကျေးဇူးတင်ပါတယ်"
ဝမ်ပင်း၏ စိတ်ထဲတွင် ပျော်ရွှင်မှုများ ဖြစ်ပေါ်လာသည်။ ဤနှုန်းအတိုင်းဆိုလျှင် လူတစ်သောင်း၏ အသိအမှတ်ပြုမှုကို ရယူနိုင်ရန်မှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"သခင်လေးဝမ်ကလည်း ဒီလို အားနာစရာ စကားတွေ မပြောပါနဲ့။ သိုင်းပညာပြိုင်ပွဲ ပြန်ကျင်းပတာဟာ ဆန်းဝူမြို့အတွက် ကောင်းချီးတစ်ခုပါပဲ။ မှီခိုရာဂိုဏ်းနဲ့ ယှဉ်ရင် အများကြီး သာပါတယ်။ သူတို့ကတော့ ကုန်သည်တွေနဲ့ ပေါင်းပြီး ကျွန်တော်တို့လို သာမန်လူတွေဆီက ငွေညှစ်ဖို့ပဲ သိတာ"
စကားဝိုင်းက ဤသို့ လှည့်သွားလိမ့်မည်ဟု ဝမ်ပင်း မထင်ထားခဲ့ပေ။ ဗိုက်ပူပူဆိုင်ရှင်က ဝမ်ပင်း၏ ရှေ့မှာပင် မှီခိုရာဂိုဏ်းကို အသံကျယ်ကျယ်ဖြင့် စတင်ဝေဖန်တော့သည်။
"ဆိုင်ရှင်... မှီခိုရာဂိုဏ်းရဲ့ လူတွေ ကြားသွားမှာ မကြောက်ဘူးလား"
"ကြားရင်လည်း ကြားပါစေပေါ့။ ဒီစကားတွေကို မြိုသိပ်ထားတာ ကြာလှပြီ။ အခုတော့ ပြောမှဖြစ်တော့မယ်။ မှီခိုရာဂိုဏ်းက မြက်တောထဲက မြွေတွေလိုပဲ။ အရင်က သခင်လေးရဲ့ ဖခင်က သူတို့ကို ဆန်းဝူမြို့မှာ အခြေချခွင့်ပေးခဲ့တာကို မသေမျိုးဂိုဏ်းမှာ ပြဿနာလေး နည်းနည်းဖြစ်တာနဲ့ ချက်ချင်းပဲ ကျရှုံးနေတဲ့သူကို ဝိုင်းနင်းကြတာလေ။ ဒီလို လူယုတ်မာတွေဆီကိုတော့ ကျွန်တော့်သားကို မပို့ပါဘူး။ သိုင်းသင်တန်းကျောင်းမှာပဲ ကျင့်ကြံခိုင်းမှာပါ။ ကျင့်ဝတ်မပါတဲ့ သိုင်းပညာကို သင်ယူပြီး သန်မာလာလည်း ဘာထူးမှာလဲ။ သူတို့သာ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှာ အမှန်တရားကို လိမ်ညာမပြောခဲ့ရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်အတွင်းမှာ သိုင်းပညာပြိုင်ပွဲက တစ်ကြိမ်တည်းပဲ ဖြစ်မှာ မဟုတ်ဘူး"
ထိုစကားကို ကြားမှ ဝမ်ပင်း သဘောပေါက်သွားတော့သည်။ သိုင်းပညာပြိုင်ပွဲ တစ်ကြိမ်သာ ကျင်းပဖြစ်ခဲ့ခြင်းမှာ ဤအကြောင်းကြောင့်ပင်။
မှီခိုရာဂိုဏ်း၏ ရည်မှန်းချက်မှာ လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်ကမှ ပေါ်ပေါက်လာခြင်း မဟုတ်သည်မှာ ထင်ရှားလှသည်။
"သူတို့က ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှာ ဘာတွေပြောခဲ့တာလဲ"
"ဆန်းဝူမြို့မှာ ကျင့်ကြံသူတွေ များလာရင် လယ်လုပ်မယ့်သူ၊ အလုပ်လုပ်မယ့်သူ မရှိတော့ဘူးလို့ ပြောတာတဲ့ဗျာ။ အဓိပ္ပာယ်မရှိလိုက်တာ ဒါကိုပဲ မဟာမိတ်အဖွဲ့က ယုံသွားကြတာ"
ဗိုက်ပူပူဆိုင်ရှင်က ရုတ်တရက် နဖူးကို ရိုက်ရင်း ပြောလိုက်သည်။
"သခင်လေးဝမ်... သိုင်းပညာပြိုင်ပွဲ ပြန်ကျင်းပတော့ သူတို့တွေ ဒီလို နည်းလမ်းမျိုးတွေနဲ့ ထပ်နှောင့်ယှက်နိုင်တယ်နော်"
ဝမ်ပင်းက ခပ်မှိန်မှိန် ပြုံးလိုက်ပြီး လုံယီ၏ သတိပေးချက်ကို အရေးမစိုက်ဟန်ဖြင့် ပြန်
ဖြေသည်။
"ကိစ္စမရှိပါဘူး၊ ဒါကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကျွန်တော် သိပါတယ်"
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
ဆိုင်ရှင်က ခေါင်းငြိမ့်လိုက်သော်လည်း စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်များ ရှိနေဆဲပင်။ သို့သော် ဝမ်ပင်းက ထိုအကြောင်းကို ဆက်မပြောသဖြင့် သူလည်း ဆက်မမေးတော့ပေ။
နှုတ်ဆက်စကားများ ပြောပြီးနောက် ဝမ်ပင်းက ပြန်ရန် ပြင်လိုက်သည်။
"ဆိုင်ရှင်လည်း အလုပ်ရှုပ်နေမှာပဲ ကျွန်တော် ပြန်ပါဦးမယ်။ နောက်ရက်တွေမှာ ကျင်းပမယ့် သိုင်းပညာပြိုင်ပွဲကိုလည်း လာခဲ့ဖို့ မမေ့နဲ့ဦးနော်"
ထိုသို့ပြောပြီး ဝမ်ပင်းက ထရပ်ကာ တံခါးဝသို့ လျှောက်သွားသည်။
ဗိုက်ပူပူဆိုင်ရှင်က ပြုံးလျက် ခေါင်းခါကာ ဝမ်ပင်းကို တံခါးဝအထိ လိုက်ပို့သည်။
"သခင်လေးဝမ်... ကောင်းကောင်းသွားပါ။ သိုင်းပညာပြိုင်ပွဲ ကိစ္စကတော့... ကျွန်တော်ကလည်း ဒီအရွယ်ရောက်နေပြီဆိုတော့ ဒီဘဝမှာ ကျင့်ကြံသူဖြစ်ဖို့ အိပ်မက်တွေ မရှိတော့ပါဘူး။ ဒါကြောင့် အဲဒီကို သွားဖို့ စိတ်မကူးတော့ဘူး"
"အိပ်မက်ဆိုတာကတော့ ရှိထားသင့်တာပဲလေ"
ဝမ်ပင်းက လုံယီ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။ လူတိုင်း ကျင့်ကြံနေကြသည့် မြင်ကွင်းမှာ သူ၏ဖခင် သိုင်းပညာပြိုင်ပွဲကို စတင်ကျင်းပစဉ်က မြင်တွေ့လိုသော ဆန္ဒ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။
ကံမကောင်းစွာဖြင့် ထိုဆန္ဒမှာ ပျက်ပြားသွားခဲ့ရသည်။
အခုတော့ သူ၏ တာဝန်ကို ဖြည့်ဆည်းရင်း ဖခင်ဖြစ်သူ၏ မပြီးဆုံးသေးသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အခွင့်အရေး ရလာခဲ့ပြီ ဖြစ်သည်။
...
မွန်းလွဲပိုင်းတွင် မြောင်ရင်သည် အဝတ်အစားဝယ်ရန် အကြောင်းပြချက်ဖြင့် မသေမျိုးဂိုဏ်းမှ အလျင်အမြန် ထွက်လာပြီး တည်းခိုခန်းရှိ ချင်ရှန်းနှင့် သွားရောက်တွေ့ဆုံသည်။
ထိုအချိန်တွင် ချင်ရှန်းမှာ စိတ်မရှည်ဖြစ်နေပြီ ဖြစ်သည်။ မြောင်ရင် ဝင်လာသည်နှင့် သူက ဒေါသတကြီး မေးခွန်းထုတ်တော့သည်။
"မင်း ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ"
မြောင်ရင်က ချက်ချင်းပင် ဦးညွှတ်တောင်းပန်ပြီး ရှင်းပြသည်။
"ဆရာကြီး... ဒါက သခင်လေးရဲ့ ကိစ္စကြောင့်ပါ။ ဆရာကြီးက သခင်လေးရဲ့ ဘေးမှာ အမြဲရှိနေဖို့ မှာထားပေမဲ့ မသေမျိုးဂိုဏ်းရဲ့ စည်းကမ်းအရ ပြင်ပလူတွေက တောင်ပေါ်မှာ တစ်နာရီထက် ပိုမနေရပါဘူး။ ဒါကြောင့် ကျွန်မ မသေမျိုးဂိုဏ်းထဲကို ဝင်လိုက်ရလို့ အခုလို ပြန်ဆင်းလာပြီး သတင်းပို့ဖို့ နောက်ကျသွားတာပါ"
ချင်ရှန်းမှာ အလွန်ဒေါသထွက်နေဆဲဖြစ်သော်လည်း မြောင်ရင် နောက်ကျခြင်းကြောင့် မဟုတ်ပေ။
"ဒီလို စည်းကမ်းမျိုး ရှိတယ် ဟုတ်လား။ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်သူမို့လို့ ပျံလွှားငါးကျွန်းရဲ့ ကိစ္စတွေကို ဝင်နှောင့်ယှက်ရဲတာလဲ။ သူတို့ အကြီးအကဲည ပေးထားတဲ့ တံဆိပ်ကို မမြင်ဘူးလား"
"ဆရာကြီး... အဲဒီညက ဆရာကြီးတွေ့ခဲ့တဲ့ လူငယ်လေးက မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါပဲ... သခင်လေးက ဒီစည်းကမ်းကို အကာအကွယ်ယူထားတော့ ကျွန်မလည်း မသေမျိုးဂိုဏ်းထဲ ဝင်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့လို့ပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့ သခင်လေး မသေမျိုးဂိုဏ်းကနေ ထွက်သွားတာနဲ့ ကျွန်မလည်း ချက်ချင်း နုတ်ထွက်မှာပါ"
မြောင်ရင်က အလျင်အမြန် ပြန်ဖြေပြီး ချင်ရှန်း၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေသည်။
မူလက ချင်ရှန်း ဒေါသထွက်လိမ့်မည်ဟု သူမ ထင်ထားသော်လည်း ရုတ်တရက် ချင်ရှန်းက ရယ်မောလိုက်ပြီး ချီးကျူးသည့် အမူအရာ ပြလာသည်။ သူမ မသေမျိုးဂိုဏ်းထဲ ဝင်လိုက်သည့် ကိစ္စကိုလည်း လုံးဝ ဂရုမစိုက်တော့ပေ။
"ဩော်... အဲဒီနေ့က လူငယ်လေးက မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား။ စိတ်ဝင်စားဖို့ ကောင်းသားပဲ ငါ့လို လူအိုကြီးရှေ့မှာတောင် ရူးချင်ယောင်ဆောင်ရဲတယ်ပေါ့"
"ဆရာကြီး... ဆရာကြီး ဒေါသမထွက်ဘူးလား"
"ငါ ဘာလို့ ဒေါသထွက်ရမှာလဲ။ ပျံလွှားငါးကျွန်းရဲ့ အမည်ကို ကြားရုံနဲ့ ကြောက်ဒူးတုန်နေတဲ့ လူညံ့တွေကို ငါ တစ်ခါမှ သဘောမကျခဲ့ဖူးဘူး"
မြောင်ရင်မှာ မတတ်သာဘဲ ပြုံးလိုက်မိသည်၊ ဆရာကြီးချင်ရှန်းသည် သူမကဲ့သို့ပင် ဒေါသထွက်လိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်းပင်။
ချင်ရှန်း၏ စိတ်အခြေအနေ ကောင်းမွန်လာသည်ကို မြင်သောအခါ တောင်ပေါ်တွင် သူမ မြင်တွေ့ခဲ့ရသည်များကို ပြောပြရန် ဝေခွဲမရ ဖြစ်နေသော်လည်း နောက်ဆုံးတွင်မူ ဖွင့်ပြောရန် ဆုံးဖြတ်လိုက်တော့သည်။
"ဆရာကြီး... သခင်လေး ဘာကြောင့် မသေမျိုးဂိုဏ်းထဲဝင်ပြီး ပြန်မလာချင်ရတာလဲဆိုတဲ့ အကြောင်းရင်းကို ကျွန်မ သိခဲ့ရပါပြီ"
"ဘာအကြောင်းရင်းမို့လို့လဲ"
ဤစကားက သူ၏ စိတ်ဝင်စားမှုကို နှိုးဆွလိုက်သည်။ သူ၏ သခင်လေးသည် မြို့ပေါင်းများစွာ၊ ဂိုဏ်းပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်သည်။ လူအများ၏ စိတ်နှလုံးကို ဖမ်းစားနိုင်သည့် အလှပဆုံးဟု ကျော်ကြားသော မိန်းမပျိုလေးများနှင့် တွေ့ဆုံခဲ့လျှင်ပင် တစ်ခါမျှ ရပ်တန့်မနေခဲ့ဖူးပေ။ မည်သူကမျှ သူ့ကို ဆွဲဆောင်မထားနိုင်ခဲ့ပေ။
ထိုမိန်းမပျိုလေးများမှာ ဂိုဏ်းအသီးသီးနှင့် အင်အားစုအသီးသီး၏ လိုက်လံတောင်းဆိုခြင်းကို ခံရသူများ ဖြစ်ကြသည်။
သို့သော်လည်း ထိုအမျိုးသမီးများက သူ၏ သခင်လေးကိုသာ ထူးထူးခြားခြား သဘောကျခဲ့ကြသော်လည်း သူ၏ သခင်လေးမှာမူ သူတို့၏ အလှတရားကို မမြင်သကဲ့သို့ပင် နောက်တစ်နေ့တွင် ထွက်ခွာသွားလေ့ရှိသည်။
ယခုမူ ဤဆန်းဝူမြို့လေးသို့ ရောက်ရှိလာသည့်အခါ သူသည် ရပ်တန့်သွားပြီး ကြယ်အဆင့်မရှိသော ဂိုဏ်းငယ်လေးတစ်ခုထဲသို့ ဝင်ရန် ရွေးချယ်ခဲ့သည်။
ချင်ရှန်း အတွေးထဲ နစ်မျောနေစဉ် မြောင်ရင်က သူမ၏ စကားလုံးများကို စနစ်တကျ စီစဉ်
လိုက်သည်။
တောင်ပေါ်တွင် ရှိသောအရာများကို သခင်လေးက သူတစ်ပါးအား မသိစေချင်သည့် အချက်ကို စိတ်ထဲ၌ ထည့်သွင်းထားရင်း "သခင်လေး ပြန်မလာချင်တဲ့ အကြောင်းရင်းက မသေမျိုးဂိုဏ်းထဲမှာ စမ်းသပ်မှုမျှော်စင် တစ်ခုရှိနေလို့ပါ။ အဲဒီမှာ စမ်းသပ်မှု ဆယ်ခုရှိပြီး စမ်းသပ်မှုတစ်ခုစီကို အောင်မြင်တိုင်း အစောင့်အရှောက်တွေ သုံးတဲ့ ပညာရပ်တွေကို သင်ယူနိုင်လို့ပါ"
သူမသည် မှော်အတတ်ဆိုသည့် စကားလုံးကို မသုံးရန် ဆင်ခြင်လိုက်သည်။
အခြားသော ကိစ္စရပ်များကိုလည်း ထည့်မပြောခဲ့ပေ။
စမ်းသပ်မှုများမှတစ်ဆင့် ပညာရပ်များ ရရှိနိုင်သည့် အကြောင်းကိုသာ ပြောပြခဲ့သည်။
ချင်ရှန်းက မေးသည်။
"သွေးကြောပညာရပ်လား"
"မဟုတ်ပါဘူး သိုင်းပညာပါ။ ဒါပေမဲ့ အဲဒါက ထူးဆန်းတဲ့ သိုင်းပညာမျိုးပါ"
ထူးဆန်းသောဆိုသည့် စကားလုံးကို ကြားလိုက်ရသည့်အခါ ချင်ရှန်း၏ စိတ်ဝင်စားမှုမှာ ပိုမိုမြင့်တက်လာသည်။
"ဘယ်လိုမျိုးလဲ"
မြောင်ရင်က အလျင်အမြန်ပင် ပြန်ဖြေသည်။
"မီးတောက်ပါ၊ ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့်မှာ ရှိနေရင်တောင် အဲဒီမီးတောက်ကို ထုတ်ဖော်နိုင်ပါတယ်။ ဒီစွမ်းအားက အဆင့်တစ်ခုချင်းစီရဲ့ တိုးတက်မှုအပေါ် လက်ခံထားတဲ့ အယူအဆဟောင်းတွေကို လုံးဝ ရိုက်ချိုးလိုက်တာပဲ"
"မီးတောက်တွေကို ထုတ်ဖော်နိုင်တယ် ဟုတ်လား ဒါက ထူးခြားသွေးကြောပညာရပ်ပဲ မဟုတ်လား"
ချင်ရှန်းက အံ့အားသင့်တကြီးဖြင့် အော်ဟစ်လိုက်သည်။
မြောင်ရင်မှာ ဝေခွဲမရ ဖြစ်သွားကာ ချင်ရှန်း ဤမျှအထိ တုန်လှုပ်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမသည် သာမန်သိုင်းပညာဟုသာ လွှဲပြောင်းပြောဆိုခဲ့ခြင်းပင်။
ဤပညာရပ်ကို မှော်အတတ်ဟု ခေါ်ဆိုကြောင်း သော်လည်းကောင်း ဒန်တျန်အတွင်းရှိ စွမ်းအင်ကို သုံး၍ ထုတ်ဖော်ရခြင်းဖြစ်ကြောင်း သော်လည်းကောင်း သူမ မပြောခဲ့ပေ။
ဤအချက်နှစ်ချက်သာ ဆိုလျှင် အရှေ့အိုင် တစ်ဝိုက်လုံးကို တုန်လှုပ်သွားစေမည် ဖြစ်သည်။
မြောင်ရင်၏ အမူအရာကို မြင်သောအခါ ချင်ရှန်း၏ မျက်နှာမှာ တည်ကြည်သွားပြီး "မင်း အမှန်တရားကို အပြည့်အဝ နားမလည်သေးဘူးထင်တယ်။ ဒါပေမဲ့ သခင်လေးကတော့ သေချာပေါက် သိနေမှာပဲ။ သွေးကြောပညာရပ်တွေက ဒြပ်စင်ငါးပါး ပုံစံမျိုးနဲ့ ပေါ်ထွက်လာတာ မင်းမြင်ဖူးသလား။ ရေ၊ သစ်သား..."
"မမြင်ဖူးပါဘူး"
မြောင်ရင်က ဇဝေဇဝါဖြင့် ဆက်နားထောင်နေသည်။
"ဘာလို့လဲဆိုတော့ အဲဒါတွေက သာမန်သွေးကြောတံခါးတွေကနေ ထုတ်လွှတ်နိုင်တဲ့ အရာတွေ မဟုတ်လို့ပဲ။ ရေတံခွန်တွေ၊ မီးတောက်တွေ ထုတ်ဖော်နိုင်တဲ့ သွေးကြောပညာရပ်တွေ ရှိရင်တောင်မှ ထူးခြားသွေးကြောတံခါးမရှိဘဲနဲ့ သွေးကြောအားအင်ကို ဒြပ်စင်ငါးပါးအဖြစ် ပြောင်းလဲဖို့ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်ဘူး။ ဒါကြောင့်လည်း ထူးခြားသွေးကြောတံခါးတွေက ဒီလောက်အစွမ်းထက်နေတာပေါ့"
"မဖြစ်နိုင်တာ~"
မြောင်ရင် ဆွံ့အသွားသည်။
သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ချင်ရှန်းက တစ်ဖန် အားရပါးရ ရယ်မောလိုက်ပြန်သည်။
"ကဲ... ငါ့ကို မသေမျိုးဂိုဏ်းဆီ လိုက်ပို့စမ်း။ အဲဒီမျှော်စင်မှာ ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့်နဲ့တင် ထူးခြားသွေးကြောပညာရပ်တွေကို ထုတ်ဖော်နိုင်တဲ့ အထူးသိုင်းပညာတွေ တကယ်ရှိနေတယ်ဆိုရင်တော့ စိတ်ဝင်စားဖို့ အတော်ကောင်းမှာပဲ... ထူးခြားသွေးကြောတံခါး မရှိဘဲနဲ့ မီးတောက်တွေကို ထုတ်ဖော်နိုင်တယ်ဆိုတာ..."