← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉)

ဝက်မွေးမြူရေးခြံသို့ သွားခြင်း (၂)

လုံယုသည် ယောင်ရန်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ပြောလိုက်လေသည်။

"ငါတို့က တစ်ဦးကိုတစ်ဦး ယုံကြည်ရလောက်တဲ့အထိ ရင်းနှီးသွားပြီလို့ ငါ ထင်ထားတာ...။ မင်း ငါ့အ ပေါ် အခုလိုမျိုး တွေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး...။ ငါက ကပ်စေးနှဲပြီး လောဘကြီးတဲ့သူလို့ မင်း ထင်နေတာလား...၊ ငါတို့ တစ်ဦးကိုတစ်ဦး ကူညီပြီး ရိက္ခာတွေကို တန်းတူခွဲဝေဖို့ သဘောတူထားကြ တယ် မဟုတ်ဘူးလား...။"

သူမသည် ရုတ်တရက်ပင် မိမိကိုယ်ကိုယ် လူယုတ်မာတစ်ဦးကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ဝမ်းနည်းနေ သော မျက်နှာပေးကို မြင်သောအခါ ယောင်ရန်မှာ စကားပင် ဆက်မပြောနိုင်တော့ပေ။

"..."

*အစ်ကိုရယ်...၊ ကျွန်မက သိချင်လို့ မေးကြည့်ရုံတင်ပါ... ဘာလို့ ကျွန်မကပဲ ရှင့်ကို နှိပ်စက်နေသလို ဖြစ်နေရတာလဲရှင်... ။*

လုံယုသည် ခဏမျှ စောင့်ဆိုင်းနေသော်လည်း ယောင်ရန်က သူ့ကို ထူးဆန်းသော အကြည့်ဖြင့်သာ ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။

သူက ဘာလို့ အခုလို ကြည့်နေရသလဲဟု မမေးမီမှာပင် ယောင်ရန်က သက်ပြင်းချကာ အနေရခက်စွာ ဖြင့် ပြောလိုက်လေသည်။

"ကျွန်မ တောင်းပန်ပါတယ်...၊ ကျွန်မမှာ သူငယ်ချင်းဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး...။ ဒါကြောင့် တခြားသူ တွေကို ယုံကြည်ဖို့ ခက်ခဲနေတာပါ...။ ကျွန်မရဲ့ မဆင်မခြင် မေးခွန်းကြောင့် ရှင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးပါရှင်...။"

ထိုစကားကို ကြားသောအခါ လုံယုသည် မျက်မှောင်အသာကြုတ်သွားပြီး သူမအတွက် စိတ်မကောင်း ဖြစ်သွားမိလေသည်။ အနေရခက်နေသော ယောင်ရန်၏ ပုံစံကို မြင်သောအခါ သူသည် အဆင်မပြေ သော လေထုကို ပြေလျော့စေရန် နည်းလမ်း ရှာဖွေလိုက်၏။

ခဏမျှ စဉ်းစားပြီးနောက် လုံယုက ပြုံး၍ ခေါင်းခါလိုက်ကာ မေးလိုက်လေသည်။

"ငါက မင်းကို စတာပါ...၊ ဒါနဲ့ မင်း ငါတို့နဲ့ လိုက်မှာလား...။"

သူ့စကားကို ကြားသောအခါ ယောင်ရန်မှာ တစ်ဖန် စကားဆွံ့အသွားပြန်၏။

"..."

*အစ်ကိုရယ်... ဒီလိုနောက်ပြောင်မှုမျိုးကို ရပ်လိုက်လို့မရဘူးလား...၊ ဘာမှမရယ်ရဘူးနော်...။*

သူတို့နှစ်ဦး ခဏမျှ အကြည့်ချင်း ဆုံနေကြပြီးနောက် ယောင်ရန်က ခေါင်းငြိမ့်ပြကာ မေးလိုက်လေ သည်။

"ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးပါရှင်...။ ဝက်မွေးမြူရေးခြံကို ဘယ်အချိန် သွားကြမှာလဲ...။"

လုံယုက ပြန်ဖြေလိုက်၏။

"ရှီရွှမ်းတို့က အဆင်သင့် ဖြစ်နေပြီ...၊ မင်းရဲ့ အဖြေကိုပဲ စောင့်နေကြတာ...။"

လုံယုက ဝက်မွေးမြူရေးခြံကို ရှာတွေ့နိုင်လျှင် အခြားသူများလည်း ရှာတွေ့နိုင်ပေသည်။ ယောင်ရန် ခဏမျှ တွေးတောပြီးနောက် ၊

"ကျွန်မကို နှစ်မိနစ်လောက် အချိန်ပေးပါလား...၊ အဝတ်အစား အရင်လဲလိုက်ဦးမယ်...။"

လုံယုက ခေါင်းငြိမ့်ကာ ၊

"ဒါဆိုရင် ငါတို့ မင်းကို စောင့်နေမယ်လေ....။"

လုံယုသည် သူ၏ မိုးကာအင်္ကျီကို သွားယူချိန်တွင် ယောင်ရန်သည် ဓားဒဏ်ခံအင်္ကျီကို အလျင်အမြန် ဝတ်ဆင်လိုက်ပြီးမှ အပေါ်အင်္ကျီနှင့် မိုးကာအင်္ကျီကို ထပ်ဝတ်လိုက်လေသည်။ သူမသည် ရေစိုခံ ကျောပိုးအိတ်ကို လွယ်ကာ ကျောတွင်လည်း ရှည်လျားသော ဓားတစ်လက်ကို လွယ်၍ အခန်းထဲမှ အမြန် ထွက်လာခဲ့လိုက်၏။

သူမ လာသည်ကို မြင်သောအခါ လုံယုက ဟွမ်ချန်ကို ကြည့်၍ မှာလိုက်လေသည်။

"ငါတို့ မရှိတဲ့အချိန်မှာ သတိထားဦး...၊ ဟိုလူတွေက အချိန်မရွေး လာပြီး တိုက်ခိုက်နိုင်တယ်...။"

ဟွမ်ချန်က သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြုံးလျက် ပြောလိုက်၏။

"ခေါင်းဆောင်... စိတ်မပူပါနဲ့...။ ကျွန်တော် ရှိနေသရွေ့တော့ ဘယ်သူမှ ကျွန်တော်တို့ ရိက္ခာတွေကို လာမယူနိုင်စေရဘူး...။"

သူတို့ နောက်ဆုံးအကြိမ် စစ်ဆေးပြီးနောက် လုံယုနှင့် ရှီရွှမ်းတို့က လေထိုးလှေ နှစ်စီးကို သယ်ဆောင် လာကြပြီး ကျားရှန်းနှင့် ယောင်ရန်တို့က သူတို့နောက်မှ လိုက်ပါလာကြလေသည်။

သူတို့ လေးဦး ဆင်းလာသည်ကို မြင်သောအခါ စင်္ကြံလမ်းတွင် နေထိုင်သူများမှာ မနာလိုသော မျက်လုံး များဖြင့် အဝေးမှသာ ငေးကြည့်နေနိုင်ကြတော့၏။

လုံယုသည် ပြတင်းပေါက်မှတစ်ဆင့် လေထိုးလှေကို အပြင်သို့ တွန်းထုတ်လိုက်ပြီး ၊

"ငါ မော်တာလှေကို အရင်သွားယူလိုက်ဦးမယ်...။" ဟု ပြောကာ ထွက်သွားခဲ့လေသည်။

ရှီရွှမ်းက အခြား လေထိုးလှေတစ်စီးကို တွန်းထုတ်နေချိန်တွင် ယောင်ရန်သည် လုံယု ၏ထွက်ခွာသွား သော နောက်ကျောကို စူးစမ်းစွာ ကြည့်နေမိ၏။

မကြာမီမှာပင် လုံယုသည် မော်တာလှေဖြင့် ပြန်ရောက်လာပြီး သူ၏နောက်တွင် လေထိုးလှေတစ်စီးကို ဆွဲလာလေသည်။ မော်တာလှေကို ပြတင်းပေါက်အနီးတွင် ရပ်ထားလိုက်ပြီးနောက် ကျားရှန်းသည် ယောင်ရန် ၏ လေထိုးလှေကို မော်တာလှေနှင့် ချိတ်ဆက်ထားသော လေထိုးလှေ၌ ကြိုးဖြင့် ချည်နှောင် လိုက်လေ၏။

အားလုံး အဆင်သင့် ဖြစ်သောအခါ ယောင်ရန်သည် အလယ်ရှိ ပထမဆုံး လေထိုးလှေတွင် ထိုင်လိုက် ပြီး လုံယုက နောက်ဆုံး လေထိုးလှေတွင် ထိုင်လိုက်လေသည်။ ကျားရှန်းကမူ မော်တာလှေပေါ်တွင် ထိုင်ကာ ရှီရွှမ်းကို မှန်ပြောင်းဖြင့် ပတ်ဝန်းကျင် အခြေအနေကို ကူညီ၍ ကြည့်ရှု ပေးနေခဲ့လေ၏။

အချိန်ကုန်သက်သာစေရန်နှင့် ဘေးကင်စေရန်အတွက် ရှီရွှမ်းသည် လူသူကင်းဝေးပြီး ကျယ်ပြန့်သော လမ်းကြောင်းကို ရွေးချယ်လိုက်လေသည်။ မထွက်ခွာမီ သူသည် မြေပုံကို စစ်ဆေးကာ ဝက်မွေးမြူရေး ခြံသို့ သွားမည့် အဘေးကင်းဆုံးနှင့် အတိုဆုံး လမ်းကြောင်းကို စီစဉ်ထားပြီးသား ဖြစ်၏။

မြို့ပြင်ရှိ ဝက်မွေးမြူရေးခြံသို့ ရောက်ရန် သုံးနာရီခန့် ကြာမြင့်ခဲ့လေသည်။ ထိုခြံမှာ ကုန်းမြင့်ပေါ်တွင် တည်ရှိသဖြင့် ရေမလွှမ်းသေးပေ။ လမ်းခရီးတွင် ကျားရှန်းသည် ရေထဲ၌ တစ်စုံတစ်ခု လှုပ်ရှားနေ သည်ကို တွေ့လိုက်ရလေ၏။

သူမသည် သူတို့၏ လက်ဝဲဘက်သို့ ညွှန်ပြကာ ပြောလိုက်လေသည်။

"ရှီရွှမ်း... ဟိုမှာ တစ်ခုခု လှုပ်နေတယ်...။"

ရှီရွှမ်းက သူမ ညွှန်ပြသည့်ဘက်သို့ ကြည့်ကာ မျက်မှောင်အသာကြုတ်လိုက်ရင်း ပြောလိုက်လေသည်။

"ပုပ်ပွနေတဲ့ အလောင်းတစ်ခုနဲ့ တူတယ်...။"

ကျားရှန်းသည် ပိုမိုသဲသဲကွဲကွဲ မြင်နိုင်ရန် မှန်ပြောင်းကို ချိန်ညှိလိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီး နောက် သူမသည် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။

"ဝက်ပဲ... ရှီရွှမ်း မြန်မြန်သွား...၊ သွားကယ်လိုက်ဦး...။"

ထိုအရာမှာ ဝက်တစ်ကောင်ဖြစ်ပြီး အသက်ရှင်နေသေးကြောင်း ကြားသောအခါ ရှီရွှမ်းသည် အချိန် ဆွဲမနေတော့ပေ။ သူသည် လှေကို အမြန်ကွေ့လိုက်ပြီး မျောပါနေသော ဝက်ရှိရာသို့ မောင်းနှင်သွား လေတော့သည်။

ထိုဝက်၏ ခန္ဓာကိုယ်ကို ကြည့်ခြင်းအားဖြင့် အနည်းဆုံး (၃၀၀) ကီလိုဂရမ်ခန့် အလေးချိန် ရှိပေလိမ့် မည်။

ဝက်များသည် ရေကူးနိုင်သော်လည်း အချိန်ကြာမြင့်စွာ မကူးနိုင်ကြပေ။ ၎င်းတွင် အင်အားမရှိတော့ဘဲ ရေမျက်နှာပြင်ပေါ်တွင် မျောပါနေရုံသာ တတ်နိုင်တော့၏။ ရှင်သန်ရန်အတွက် ရေထဲ၌ အချိန်အတော် ကြာ ကူးခတ်နေခဲ့ရပုံ ရပေသည်။

ရှီရွှမ်း မော်တာလှေဖြင့် လာသည်ကို မြင်သောအခါ ၎င်းသည် အကူအညီတောင်းနေသည့်အလား အားနည်းသော အသံဖြင့် အော်လိုက်လေသည်။

ကျားရှန်းသည် ဝက်ကို ဖမ်းရန် သစ်သားတုတ်ကို အသုံးပြုရန် ပြင်နေစဉ် ယောင်ရန်က တားလိုက်၏။ သူမသည် ကျောပိုးအိတ်ကို ဖွင့်ကာ နေရာလွတ် ထဲမှ ငါးဖမ်းပိုက်တစ်ခုကို ထုတ်ယူလိုက်လေသည်။

သူမသည် ငါးဖမ်းပိုက်ကို ကျားရှန်းထံသို့ ကမ်းပေးလိုက်ရင်း ပြောလိုက်၏။

"ဒါကိုသုံးပြီး ဝက်ကို ဆွဲလိုက်...။"

ရှီရွှမ်းသည် သူမ၏ ကျောပိုးအိတ်ကို ကြည့်ကာ ယောင်ရန် ဤအိတ်ထဲတွင် မည်မျှအထိ ထည့်လာ သလဲဆိုသည်ကို သိလိုစိတ် ပြင်းပြနေမိသည်။ သူတို့ လိုအပ်သမျှ အရာအားလုံး သူမ၏ အိတ်ထဲ၌ ရှိနေသည့်အလားပင်။

ကျားရှန်းက ခေါင်းငြိမ့်ကာ ဝက် မျောပါမသွားစေရန် ငါးဖမ်းပိုက်ကို အသုံးပြုလိုက်၏။ ငါးဖမ်းပိုက်ဖြင့် ဝက်ကို အုပ်လိုက်ပြီးနောက် ကျားရှန်း၊ ယောင်ရန်နှင့် ရှီရွှမ်းတို့သည် ဝက်ကို မော်တာလှေနားသို့ ရောက်အောင် စုပေါင်း၍ ဆွဲယူလိုက်ကြလေသည်။

ဝက်သည် ရုန်းကန်ခြင်း သို့မဟုတ် အော်ဟစ်ခြင်း မပြုဘဲ သူတို့ ဆွဲယူသည်ကို ငြိမ်သက်စွာ ခံယူနေ၏။ ထို့နောက် သူတို့ သုံးဦးသည် လေးလံလှသော ဝက်ကြီးကို မော်တာလှေပေါ်သို့ မတင်လိုက်ကြလေသည် ။ လုံယုကမူ ဘေးမှနေ၍ ကာကွယ်ပေးနေ၏။

ဝက်မှာ ကြီးမားသော်လည်း ဆူဖြိုးခြင်းမရှိဘဲ ဗိုက်မှာလည်း ချောင်ကျနေလေသည်။ သိသာလှသည်မှာ ၎င်းသည် အချိန်အတော်ကြာ ငတ်မွတ်နေခဲ့ခြင်း ဖြစ်၏။ ယခုအချိန်အထိ အသက်ရှင်နေခြင်းမှာ ကံကောင်းလှပေသည်။

ပင်ပန်းနွမ်းနယ်ပြီး ငတ်မွတ်နေသော ဝက်ကို ချထားပြီးနောက် ယောင်ရန်သည် သူမ၏ ကျောပိုးအိတ် ထဲမှ လျှပ်စစ်ကျင်စက်ကို ထုတ်ယူလိုက်၏။ သူမသည် ဘာမျှမပြောဘဲ စက်၏ အားကို အမြင့်ဆုံးသို့ တင်ကာ ဝက်ကို လျှပ်စစ်ဖြင့် တို့လိုက်လေတော့သည်။

"အီ......."

အခန်း (၁၀၀)

ဝက်မွေးမြူရေးခြံသို့ သွားခြင်း (၃)

ဝက်ကြီးမှာ စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် ခေါင်းစောင်းသွားကာ ထိုနေရာ၌ပင် သေဆုံးသွားတော့ သည်။

ဤမြင်ကွင်းကို ကြည့်ရင်း ရှီရွှမ်းနှင့် ကျားရှန်းတို့မှာ ယောင်ရန်ကို စကားပင် မပြောနိုင်လောက်အောင် မှင်တက်သွားခဲ့ကြလေ၏။

"..."

*တကယ်ကို ရက်စက်လိုက်တာ... ။*

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူတို့နှစ်ဦးသည် ဝက်ကို တစ်ချက်ကြည့်ကာ အကြည့်လွှဲလိုက်ကြ လေသည်။

ယောင်ရန်သည် လေထိုးလှေပေါ်သို့ ပြန်တက်သွားပြီးနောက် လုံယုက ပြောလိုက်လေ၏။

"ကျွန်မတို့ မြန်မြန်လုပ်ကြရအောင်...။ ဝက်တွေက အစာရှာဖို့ ထွက်လာရင်း ရေထဲကို ပြုတ်ကျသွားမှာ စိုးရိမ်ရတယ်...။"

ရှီရွှမ်းက ခေါင်းငြိမ့်ပြကာ အင်ဂျင်ကို နှိုး၍ ဝက်မွေးမြူရေးခြံဘက်သို့ မောင်းနှင်သွားလေသည်။ ခဏမျှ မောင်းနှင်ပြီးနောက် သူသည် လှေများကို ရပ်နားရန် သင့်တော်သော ဆိတ်ငြိမ်သည့် နေရာတစ်ခုကို တွေ့ရှိခဲ့၏။

လူလေးဦးမှာ လှေပေါ်မှ ခုန်ဆင်းကာ လှေသုံးစင်းကို အနီးအနားရှိ သစ်ပင်များတွင် မြဲမြံစွာ ချည်နှောင် လိုက်ကြလေသည်။

ပတ်ဝန်းကျင်၌ လူသူကင်းရှင်းကြောင်း သေချာစေပြီးနောက် သူတို့ လေးဦးသည် ဝက်မွေးမြူရေးခြံဆီ သို့ ဦးတည်ထွက်ခွာခဲ့ကြလေသည်။ လုံယုသည် ဤခြံကို ရှာတွေ့ခဲ့သူ ဖြစ်သဖြင့် အခြားသူများကို လမ်းပြရန် ရှေ့ဆုံးမှ လျှောက်လှမ်းသွားခဲ့လေ၏။

မိုးရွာထားသဖြင့် လမ်းများမှာ ရွှံ့နွံများဖြင့် ချောကျိနေလေသည်။ ဆယ်မိနစ်ခန့် လျှောက်ပြီးချိန်တွင် ယောင်ရန်မှာ အကြိမ်ကြိမ် ချော်လဲလုနီးပါး ဖြစ်ခဲ့ရ၏။ ဤသည်ကို မြင်သောအခါ လုံယုက ဘာမျှ မပြောဘဲ သူမထံသို့ လက်ကိုကမ်းပေးလိုက်လေသည်။

ယောင်ရန်သည် ခဏမျှ တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် သူ၏လက်ကို ဆုပ်ကိုင်လိုက်တော့ သည်။ ယောင်ရန်သည် လုံယု၏လက်ကို ဆုပ်ကိုင်ထားရသဖြင့် အနေခက်နေသော်လည်း ရွှံ့ထဲသို့ လဲကျကာ ရေထဲသို့ လိမ့်ကျသွားမည့်အစား ဤသို့နေခြင်းက ပို၍ကောင်းသည်ဟု တွေးလိုက်မိ၏။

လုံယု၏ အကူအညီဖြင့် ယောင်ရန်သည် ခက်ခဲလှသော လမ်းကို ဆယ်မိနစ်ကျော်ကြာ လျှောက်လှမ်းခဲ့ ရလေသည်။

အဝေးမှ ဆိုင်းဘုတ်ကို မြင်သောအခါ လုံယုက ပြောလိုက်၏။

"ရောက်ပြီ...။"

ယောင်ရန်သည် ပျက်စီးနေသော ခြံတံခါးရှေ့၌ ရပ်ကာ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်လိုက် လေသည်။ ဝက်မွေးမြူရေးခြံမှာ ရေမလွှမ်းသော်လည်း လူသူကင်းမဲ့လျက် ရှိနေ၏။

"ဝက်ခြံက အနောက်ဘက်မှာ ရှိတာ...။"

လုံယုက အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် ပြောလိုက်လေသည်။

နောက်ထပ် ဆယ်မိနစ်ခန့် လျှောက်ပြီးနောက် ဝက်ကောင်ရေ သုံးရာကျော် ဆံ့သော ဝက်ခြံကြီးကို တွေ့လိုက်ရ၏။ အဝေးမှပင် ဝက်ခြံအတွင်းရှိ ဝက်များ၏ အားနည်းစွာ အော်မြည်သံများကို ယောင်ရန် ကြားနေရလေသည်။

လုံယုသည် သူမ၏လက်ကို ဆွဲ၍ ဝက်ခြံဆီသို့ လျှောက်သွားခဲ့လေသည်။ သူက ပြောလိုက်၏။

"မနေ့က ငါ ဒီထဲမှာ ဝက်ဆယ်ကောင် တွေ့ခဲ့တယ်...။"

လုံယုက တံခါးကို တွန်းဖွင့်၍ ဝက်ခြံထဲသို့ ဝင်လိုက်သောအခါ ယောင်ရန်သည် လေထုထဲမှ အနံ့ဆိုးကို ရရှိသဖြင့် မျက်မှောင်အသာ ကြုတ်လိုက်မိလေသည်။ ကံကောင်းထောက်မစွာဖြင့် မိုးရေကြောင့် အနံ့ အချို့မှာ ပျော်ဝင်သွားသဖြင့် အလွန်အမင်းတော့ မဆိုးလှပေ။

သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဝက်အချို့မှာ လှောင်အိမ်များထဲတွင် ရှိနေသည်ကို တွေ့ရ၏။ ဝက် များ၏ ချောင်ကျနေသော ဝမ်းဗိုက်များကို ကြည့်ခြင်းအားဖြင့် ဟိုင်ချန်မြို့သို့ တိုင်ဖွန်းမုန်တိုင်း ဝင် ရောက်ပြီးကတည်းက ဤဝက်များကို မည်သူမျှ ဂရုမစိုက်ခဲ့ကြပုံ ရပေသည်။

ဝက်ဆယ်ကောင်စလုံး ရှိနေသေးသည်ကို မြင်သောအခါ လုံယုက ရှီရွှမ်းနှင့် ကျားရှန်းကို လှည့်ကြည့် ကာ မေးလိုက်လေသည်။

"ရှီရွှမ်း...၊ ငါတို့နှစ်ယောက် ဝက်တွေကို ကိုင်တွယ်လိုက်မယ်...။ ကျားရှန်း...၊ မင်းက သေနေတဲ့ ဝက်ကို ငါတို့ အလုပ်လုပ်လို့ရအောင် သယ်လာပေးလို့ ရမလား...။"

ကျားရှန်းသည် ရှီရွှမ်းနှင့် ယောင်ရန်တို့ထက် အင်အား ပိုမိုတောင့်တင်းလှ၏။ (၃၀၀) ကီလိုဂရမ်ခန့် လေးသော ဝက်တစ်ကောင်ကို သယ်ဆောင်ရန်မှာ သူမအတွက် ဘာမျှမဟုတ်ပေ။ သူမက ခေါင်းငြိမ့်ပြ ကာ ပြန်ဖြေလိုက်လေသည်။

"ရပါတယ်...။"

ကျားရှန်း ထွက်သွားပြီးနောက် လုံယုသည် ယောင်ရန်၏လက်ကို လွှတ်လိုက်၏။

ဤနေရာတွင် သူမ၏ အကူအညီ မလိုသဖြင့် ယောင်ရန်က သူ့ကို ကြည့်ကာ ပြောလိုက်လေသည်။

"ကျွန်မ တခြား လိုအပ်တဲ့ ပစ္စည်းတွေ ရှိမရှိ သွားရှာကြည့်လိုက်ဦးမယ်...။"

ဝက်သတ်ခြင်းမှာ လွယ်ကူသော ကိစ္စမဟုတ်သဖြင့် လုံယုသည် ယောင်ရန်ကို အကူအညီ မတောင်းလို တော့ပေ။

သူက ခေါင်းငြိမ့်ပြကာ သတိပေးလိုက်လေသည်။

"အင်း... သတိထားဦးနော်...။"

"သိပါတယ်...။"

ဝက်ခြံထဲမှ ထွက်လာပြီးနောက် ယောင်ရန်သည် ဝက်မွေးမြူရေးခြံအတွင်း လှည့်လည်ကြည့်ရှုရာ ဝက်စာသိုလှောင်ရုံကို တွေ့ရှိခဲ့လေ၏။

သူမ အရင်က ဝက်များ ဝယ်ယူခဲ့ဖူးသော်လည်း ဝက်စာကို နေ့စဉ်ပြင်ဆင်ရန်မှာ မလွယ်ကူလှပေ။ ယခု ဤနေရာသို့ ရောက်နေသဖြင့် ဝက်စာများ ရှိမရှိ သူမ သိလိုခြင်းပင်။

ယောင်ရန်သည် သိုလှောင်ရုံတံခါးကို တွန်းဖွင့်လိုက်ရာ သော့ခတ်မထားသည်ကို တွေ့လိုက်ရ၏။ လျှပ်စစ်မီး မရှိသဖြင့် သိုလှောင်ရုံအတွင်း၌ မှောင်မည်းနေလေသည်။

နေရာလွတ် ထဲမှ လက်နှိပ်ဓာတ်မီးကို ထုတ်ယူကာ ယောင်ရန်သည် သိုလှောင်ရုံအတွင်းသို့ ဖြည်းညင်း စွာ လျှောက်ဝင်သွားခဲ့၏။ သူမသည် ထောင့်တိုင်းကို စစ်ဆေးကာ အန္တရာယ်မရှိကြောင်း သေချာစေ ပြီးမှ အတွင်းရှိ ပစ္စည်းများကို စတင်ကြည့်ရှုလေတော့သည်။

သိုလှောင်ရုံကြီးအတွင်း၌ ဝက်စာများ၊ ပြောင်းဖူးများ၊ အာလူးများနှင့် အာလူးချိုများ ပြည့်နှက်နေသည် ကို မြင်သောအခါ ယောင်ရန်မှာ အလွန်ပင် ပျော်ရွှင်သွားမိ၏။ ဝက်မွေးမြူရေးခြံပိုင်ရှင်သည် မြို့ထဲသို့ မုန်တိုင်းမဝင်မီကမှ ဝက်စာများကို အသစ်ဖြည့်တင်းထားပုံ ရပေသည်။

သူမ လှည့်ကြည့်လိုက်ရာ ပြောင်းဖူးများ၏ ဘေးတွင် ကြိတ်စက်တစ်ခုကို တွေ့လိုက်ရ၏။ ထိုကြိတ် စက်မှာ ပြောင်းဖူးများကို ဝက်စာနှင့် မရောနှောမီ ကြိတ်ခွဲရန် အသုံးပြုခြင်း ဖြစ်ရမည်။ ယောင်ရန်သည် ပြုံးလျက် ကြိတ်စက်နှင့် ဝက်စာများကို နေရာလွတ် အတွင်းသို့ သိမ်းဆည်းလိုက်လေသည်။

ထို့နောက် သူမသည် ပြောင်းဖူးပုံကြီး၊ အာလူးနှင့် အာလူးချိုပုံကြီးများကို ကြည့်လိုက်၏။ ခဏမျှ တွေး တောပြီးနောက် သူမသည် ကီလိုဂရမ် ရာဂဏန်းခန့်သာ ချန်ထားခဲ့ပြီး ကျန်ရှိသည်များကို အကုန်ယူ လိုက်လေသည်။

နောင်မှ အခြားသူများကို ခေါ်ဆောင်လာပြီး ပြောင်းဖူး၊ အာလူးနှင့် အာလူးချိုများကို အတူတကွ သယ်ဆောင်ခိုင်းမည် ဖြစ်၏။

သိုလှောင်ရုံဘေးတွင် အဆောက်အအုံငယ်တစ်ခု ရှိပြီး စင်များပေါ်၌ ဝက်များကို ကုသရန် အသုံးပြု သော တိုင်လိုစင်၊ လင်ကိုမိုင်စင်၊ ဆာလ်ဖာဒီယာဇင်း ဆိုဒီယမ် အစရှိသည့် တိရစ္ဆာန်ကု ဆေးဝါးများစွာ ရှိနေလေသည်။ ယောင်ရန်သည် နှစ်ခါပြန် မစဉ်းစားတော့ဘဲ စင်များနှင့်တကွ ဆေးဝါးအားလုံးကို သိမ်းဆည်းလိုက်လေ၏။

သူမသည် ဆက်လက် ရှာဖွေရာ အိမ်ငယ်လေးတစ်ခုသို့ ရောက်ရှိသွားခဲ့လေသည်။ စာရွက်စာတမ်းများ ပြည့်နှက်နေသော စားပွဲကို ကြည့်ခြင်းအားဖြင့် ဤအိမ်မှာ ညစောင့်ဝန်ထမ်းများ အနားယူသည့် နေရာ ဖြစ်ပုံရပေ၏။

ယောင်ရန်သည် မီးဖိုချောင်သို့ ဝင်ကြည့်ရာ (၅၀) ကီလိုဂရမ် အလေးချိန်ရှိသော ဆန်အိတ် သုံးအိတ်၊ ဆီပုံး နှစ်ပုံး၊ ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုး၊ ဂက်စ်အိုး နှစ်အိုး၊ ဂက်စ်မီးဖို တစ်လုံး၊ ခေါက်ဆွဲထုပ် အိတ်ငယ် တစ်အိတ်နှင့် ရေခဲသေတ္တာ တစ်လုံးတို့ကို တွေ့ရှိခဲ့လေသည်။ သူမ၏ အတွေ့အကြုံအရ ယောင်ရန်သည် ရေခဲသေတ္တာကိုတော့ ဖွင့်မကြည့်တော့ပေ။

မီးဖိုချောင်မှ ထွက်ကာ အခြားအခန်းများကို ရှာဖွေပြီး အသုံးဝင်မည့် ပစ္စည်းမှန်သမျှကို စုဆောင်းလိုက် လေ၏။ သူမသည် ရှာတွေ့သမျှကို ဧည့်ခန်းတွင် စုပုံထားပြီး တံခါးပိတ်လိုက်လေသည်။ အိမ်ငယ်လေးမှ ထွက်လာပြီးနောက် ယောင်ရန်သည် လုံယုတို့ကို အကြောင်းကြားရန် ဝက်ခြံဆီသို့ ပြန်လျှောက်လာ ခဲ့လေ၏။

လမ်းခုလတ်တွင် လမ်းတစ်ဖက်ခြမ်းမှ ဝက်အော်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။ ချုံပုတ် များကို ကြည့်ရင်း ယောင်ရန်သည် ခဏမျှ တုံ့ဆိုင်းနေသော်လည်း ချုံပုတ်များကို ဖယ်ကာ အသံလာ ရာသို့ လိုက်သွားမိလေသည်။

ချောကျိနေသော မြေပြင်ပေါ်တွင် လျှောက်လှမ်းရင်း အကြိမ်ကြိမ် ချော်လဲပြီးနောက် အဝေးတွင် ဝက် ခြောက်ကောင်ကို တွေ့လိုက်ရလေသည်။ သူတို့၏ ဖောင်းကားနေသော ဝမ်းဗိုက်များကို ကြည့်ခြင်း အားဖြင့် ဤဝက်များမှာ ဝက်ကလေးများကို ကိုယ်ဝန်ဆောင်ထားခြင်း ဖြစ်ရပေမည်။

All Chapters