← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁)

မှောင်ခိုရောင်းဝယ်သူနှင့် မတော်တဆ ဆုံတွေ့ခြင်း

လောလောဆယ်တွင် သူမ၏ နေရာလွတ် အတွင်းရှိ ပစ္စည်းများကို သူတစ်ပါးအား ထုတ်မပေးနိုင်သေး ရာ၊ လုံယုတို့အဖွဲ့အတွက် ဆောင်းရာသီ အသုံးအဆောင်များကို အခြားနည်းလမ်းဖြင့် ရရှိရန် ယောင်ရန် ကြံဆရပေမည်။

စားနပ်ရိက္ခာနှင့် လောင်စာဆီ ဈေးနှုန်းများမှာ အဆမတန် မြင့်တက်နေသော်လည်း အဝတ်အထည်၊ စောင်နှင့် လူသုံးကုန်ပစ္စည်းများမှာမူ သိသိသာသာ ပြောင်းလဲခြင်း မရှိသေးပေ။

အကြောင်းမှာ လူတို့သည် ရှာဖွေရခက်ခဲလှသော စားနပ်ရိက္ခာကိုသာ ဦးစားပေးနေကြသောကြောင့် ဖြစ်၏။

ယောင်ရန်သည် အဝတ်အထည်များ ရောင်းချသော စင်တန်းတွင် လှည့်လည်ကြည့်ရှုရာ ဒူးဆစ်အထိ ရှည်လျားသော မင့် သားမွေးအင်္ကျီတစ်ထည်ကို တွေ့ရှိခဲ့သည်။ ထိုသားမွေးမှာ အလွန်ပင် နူးညံ့လှပြီး လက်ထည့်ကြည့်ရုံဖြင့် နွေးထွေးမှုကို ခံစားရသဖြင့် သူမ သဘောကျသွားကာ ဈေးနှုန်းကို ကြည့်လိုက် လေ၏။

သားမွေးအင်္ကျီတစ်ထည်လျှင် ယွမ် (၆၀,၀၀၀) ကျသင့်ကာ အလွန်ပင် ဈေးကြီးလှပေသည်။ အမျိုးသား၊ အမျိုးသမီး ပုံစံနှစ်မျိုးလုံး ရှိသကဲ့သို့ အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းများ ကွဲပြားသော်လည်း ယောင်ရန် သည် တစ်ယောက်လျှင် နှစ်ထည်စီ ရရှိစေရန် တစ်ပြိုင်နက်တည်း (၁၄) ထည်တိတိကို ဝယ်ယူလိုက်လေသည်။

ထို့ပြင် ဂွမ်းဖတ်အင်္ကျီများ၊ အနွေးထည်များ၊ လေကာအင်္ကျီများ၊ ခြေအိတ်များ၊ မိုးကာဖိနပ်များနှင့် အတွင်းခံ အနွေးထည်များကိုလည်း အားလုံးအတွက် ဝယ်ယူပြီးနောက် လုံယုတို့ရှိရာသို့ ထွက်လာ ခဲ့လေသည်။

သူတို့၏ ဈေးဝယ်ခြင်းတောင်းထဲတွင် ပစ္စည်းအနည်းငယ်သာ ရှိသည်ကို မြင်သောအခါ ယောင်ရန်က မေးလိုက်လေသည်။

"ရှင်တို့ ဝယ်ချင်တာ ဒါပဲလား…။"

လုံယုက ခေါင်းငြိမ့်ပြကာ ဖြေလိုက်လေသည်။

"အင်း၊ မင်းဝယ်လို့ ပြီးပြီဆိုရင် ငွေရှင်းပြီး စောစောပြန်ကြရအောင်…။"

"ကောင်းပါပြီ…။"

အခြားဝယ်ယူစရာ မရှိတော့သဖြင့် ယောင်ရန်နှင့် လုံယုတို့ ငွေပေးချေရန် သွားကြစဉ် ရှီရွှမ်း၊ ဟွမ်ချန်နှင့် ကျားရှန်းတို့က အပြင်ဘက်မှ စောင့်ဆိုင်းနေခဲ့ကြလေသည်။

ယောင်ရန်သည် လေစုပ်အိတ်အချို့ကို ဝယ်ယူကာ ဝယ်ထားသော ပစ္စည်းများကို ကျုံ့သွားအောင် ထုပ်ပိုးထားလိုက်လေသည်။

ငွေကြေးနှင့် စားစရာမရှိဘဲ ငတ်မွတ်နေကြသော လူအများမှာ ယောင်ရန်အနေဖြင့် အဝတ်အထည်နှင့် စောင်များအတွက် ယွမ်တစ်သန်းနီးပါး သုံးစွဲသည်ကို မြင်သောအခါ မနာလိုစိတ်ဖြင့် မျက်လုံးများ နီမြန်း နေကြလေတော့သည်။

ယောင်ရန်နှင့် လုံယုတို့သည် ရှီရွှမ်းတို့နှင့် တွေ့ဆုံရန် ကုန်တိုက်မှ ထွက်လာစဉ် အသက် (၂၀) ကျော်ခန့် ရှိသော လူငယ်တစ်ဦးသည် သူတို့နှစ်ဦးထံသို့ သတိကြီးစွာဖြင့် ချဉ်းကပ်ခဲ့လေလာသည်။

ထိုလူငယ်သည် ကုန်တိုက်မှ ထွက်လာကတည်းက သူတို့နောက်သို့ တကောက်ကောက် လိုက်နေသည် ကို လုံယုနှင့် ယောင်ရန်တို့ သတိထားမိကြသော်လည်း ဘာလုပ်မည်ကို သိလိုသဖြင့် မသိချင်ယောင် ဆောင်ကာ ရှီရွှမ်းတို့အဖွဲ့နှင့် ပူးပေါင်းလိုက်ကြလေသည်။

သူတို့ဘက်တွင် လူများနေသည်ကို မြင်သောအခါ ထိုလူငယ်မှာ ခဏမျှ တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင်မူ ငွေရနိုင်မည့် အခွင့်အရေးကို မလက်လွှတ်လိုသဖြင့် ရှေ့သို့ တိုးလာခဲ့လေ၏။

ရှီရွှမ်းက သတိပေးလိုက်လေသည်။

"တစ်ယောက်ယောက် လာနေတယ်…။"

ထိုသတိပေးချက်ကြောင့် အခြားလေးဦးမှာ လူငယ်ကို လှည့်ကြည့်လိုက်ကြ၏။ လူငယ်မှာ ထိုသူတို့၏ သတိရှိလှသော အကြည့်များအောက်တွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း ယနေ့ ငွေရနိုင်မည် ဟု ကိုယ့်ကိုယ်ကိုယ် အားပေးကာ လျှောက်လာခဲ့လေသည်။

သူသည် ယောင်ရန်နှင့် အနည်းငယ်အကွာတွင် ရပ်လိုက်ပြီး တိုးတိုးလေး မေးလိုက်လေသည်။

"မိန်းကလေး... အစားအစာ ဝယ်ချင်ပါသလား…။"

ယောင်ရန်သည် ထိုမေးခွန်းကို ကြားသောအခါ မျက်ခုံးအစုံကို အနည်းငယ် ပင့်လိုက်မိသည်။ သူမသည် လူငယ်ကို အကဲခတ်ကြည့်ရာ လူငယ်မှာ ပိန်ပါးသော်လည်း အဝတ်အစားများမှာ သန့်ရှင်းနေပြီး အခြား သူများထက် ပို၍ ကျန်းမာသန်စွမ်းသော အသားအရေရှိသည်ကို တွေ့ရသည်။

သာမန်လူများနှင့် ယှဉ်လျှင် သူသည် ဝဝလင်လင် စားသောက်နေထိုင်ရသူနှင့် တူလှပေသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်က မေးလိုက်လေသည်။

"ရှင်က ဘာတွေ ရောင်းတာလဲ…။"

လူငယ်က သူ၏ အိတ်ကပ်ထဲမှ ဘီစကစ်အထုပ်ငယ်တစ်ထုပ်နှင့် ဝါကျင်ကျင်ဖြစ်နေသော ဆန်တစ်ဆုပ် ကို ထုတ်ပြလိုက်လေသည်။ သူက ယောင်ရန်ကို ပြရင်း မေးလိုက်လေ၏။

"ကျွန်တော့်မှာ ဘီစကစ်နဲ့ ဆန်ရှိတယ်၊ ဘယ်ဟာကို လိုချင်လဲ…။"

ယောင်ရန်သည် ထိုဝါကျင်ကျင် ဆန်များကို ကြည့်ကာ ရေကြီးနေသော ရေထဲမှ ဆယ်ယူထားခြင်း ဖြစ်ကြောင်း သိလိုက်သဖြင့် စိတ်ဝင်စားမှု လျော့နည်းသွားသည်။ ထို့နောက် ဘီစကစ် အထုပ်ငယ်ကို ကြည့်လိုက်သောအခါ သူမ အရင်က စက်ရုံမှ ဝယ်ယူခဲ့သော အမျိုးအစားနှင့် ထပ်တူဖြစ်နေသည်ကို တွေ့ရသဖြင့် အံ့သြသွားခဲ့လေသည်။

သူမက လူငယ်ကိုကြည့်ကာ "ဘီစကစ်နဲ့ ဆန်က ဈေးဘယ်လောက်လဲ" ဟု မေးလိုက်လေသည်။

သူမ စိတ်ဝင်စားသည်ကို မြင်သောအခါ လူငယ်က ပြုံးလျက် ပြောပြလေသည်။

"ဆန်က တစ်ကီလိုကို ယွမ် (၂,၂၀၀) ပါ၊ ဘီစကစ်ကတော့ တစ်ထုပ်ကို ယွမ် (၁၀၀) ပါ…။"

ဟွမ်ချန်မှာ ထိုဈေးနှုန်းကို ကြားသောအခါ သက်ပြင်းအရှည်ကြီး မချဘဲ မနေနိုင်တော့ပေ။

ဆန်ဈေးမှာ မနေ့ကထက်ပင် ယွမ် (၂၀၀) ပိုတက်လာခြင်း ဖြစ်သည်။ ထို့ပြင် ဤလူသည် ဘီစကစ် အထုပ်ငယ်လေးကိုပင် ယွမ် (၁၀၀) တောင်းရဲသဖြင့် သူ၏ ရည်မှန်းချက်မှာ တကယ်ပင် ကြီးမားလှ ပေသည်။

ဟွမ်ချန်နှင့် မတူဘဲ ယောင်ရန်မှာမူ ဈေးနှုန်းကို ကြားသော်လည်း တည်ငြိမ်နေဆဲပင်။

ခဏမျှ စဉ်းစားပြီးနောက် သူမက ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။

"ကျွန်မ သူငယ်ချင်းတွေနဲ့ အရင် တိုင်ပင် ပါရစေဦး….။"

လူငယ်က

"ရပါတယ်…" ဟုပြောကာ အဝေးသို့ သွား၍ စောင့်ဆိုင်းနေခဲ့၏။

လူငယ် ထွက်သွားပြီးနောက် ယောင်ရန်က အခြားသူများကို ကြည့်ကာ မေးလိုက်လေသည်။

"ကျွန်မတို့မှာ ငွေ တစ်သန်းကျော် ကျန်သေးတယ်၊ သူ့ဆီက အစားအစာ ဝယ်ချင်ကြလား…။"

လုံယုက လဲအကြံပြုလိုက်လေသည်။

"ငါတို့မှာ အခြားမှောင်ခိုသမားတွေကို ရှာဖို့ ကြားလူမရှိဘူး၊ ဒါကြောင့် ဒီတစ်ခါတော့ စမ်းကြည့် သင့် တယ်…။"

အခြားသူများကလည်း သူ၏စကားကို ထောက်ခံခဲ့ကြလေ၏။

"ဒါဆို ဘာဝယ်ချင်လဲ….။" ဟု ယောင်ရန်က ထပ်မေးလိုက်လေသည်။

လုံယုက မဖြေဘဲ သူမကို ပြန်မေးလိုက်လေသည်။

"မင်းကော ဘယ်လိုထင်လဲ….။"

ယောင်ရန်သည် စဉ်းစားပြီးဖြစ်သဖြင့် တည်ငြိမ်စွာ ဆိုလိုက်သည်။

"ကျွန်မကတော့ ဘီစကစ် ဝယ်ချင်တယ်။ ဆန်က ကောင်းပေမဲ့ ချက်ဖို့ ရေလိုသလို ဟင်းလည်း လိုသေး တယ်။ ပြီးတော့ သူပြတဲ့ဆန်က ရေထဲက ဆယ်ထားတာဆိုတော့ စားလို့ ဘေးကင်းပါ့မလား ဆိုတာက မသေချာဘူး…။"

"ဒါ့အပြင် ဘီစကစ်က အထားခံတယ်၊ အနည်းဆုံး နှစ်အနည်းငယ်အထိ ထားလို့ရသလို အလွယ်တကူ လည်း စားလို့ရတယ်။ ဆန်နဲ့ယှဉ်ရင် ဈေးလည်း ပိုသက်သာတယ်။ ပြီးတော့ သူ့ဆီက ဘီစကစ်တွေက စစ်သုံးရိက္ခာတွေပဲ၊ ဒါက တကယ်ကောင်းတဲ့ အရာပဲ…။"

"ဘီစကစ်တစ်ထုပ်ကို ယွမ် (၁၀၀) ဆိုတာ ဈေးကြီးတယ်လို့ ထင်ရပေမဲ့ တစ်ထုပ်ထဲမှာ အတုံးငယ် ဆယ်တုံး ပါတယ်လေ။ ချွေတာစားရင် တစ်ထုပ်ကို သုံးရက်ကနေ ငါးရက်အထိ အေးအေးဆေးဆေး စားလို့ရတယ်။ ဒါက ပိုတွက်ခြေကိုက်တယ်…။"

သူမ၏ အတွေးအမြင်ကို နားထောင်ပြီးနောက် လုံယုနှင့် အခြားသူများကလည်း သဘောတူကြသဖြင့် ဘီစကစ်များကိုသာ ဝယ်ယူရန် ဆုံးဖြတ်လိုက်ကြတော့သည်။

အခန်း (၉၂)

အောင်မြင်သော အရောင်းအဝယ်

ယောင်ရန်သည် ကျန်ရှိနေသော ငွေများကို ရေတွက်ကြည့်ရာ ဖိသိပ်ထားသော ဘီစကစ်မုန့်ထုပ်ပေါင်း (၁၀,၅၀၀) ဝယ်ယူရန် လုံလောက်ပေသည်။

လူတစ်ဦးလျှင် (၁,၅၀၀) စီ ခွဲဝေရရှိနိုင်မည် ဖြစ်ရာ ဤမျှများပြားသော ဘီစကစ်မုန့်များကို အချိန် အတော်ကြာ စားသုံးနိုင်မည်ပင် ဖြစ်လေ၏။ ဆုံးဖြတ်ချက် ချပြီးနောက် ယောင်ရန်နှင့် လုံယုတို့သည် ထိုလူငယ်ထံသို့ လျှောက်လှမ်းသွားကြလေသည်။

သူတို့ လာနေသည်ကို မြင်သောအခါ လူငယ်က ပြုံး၍ မေးလိုက်လေ၏။

"ဘယ်လိုလဲ... ဘယ်ဟာကို ဝယ်မလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား...။"

ယောင်ရန်က ခေါင်းငြိမ့်ပြကာ ၊

"ကျွန်မတို့ ဖိသိပ်ထားတဲ့ ဘီစကစ်မုန့်ထုပ် (၁၀,၅၀၀) ဝယ်ချင်တယ်..." ဟု ပြောလိုက်လေသည်။

ယောင်ရန်၏ စကားကို ကြားသောအခါ ထိုလူငယ်မှာ မှင်တက်သွားလေ၏။ ခဏမျှ တိတ်ဆိတ်သွား ပြီးနောက် သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပွင့်လန်းလာကာ အလျင်အမြန်ပင် ပြောလိုက်တော့သည်။

"ဒီလောက် အော်ဒါအကြီးကြီးကိုတော့ ကျွန်တော် မဆုံးဖြတ်နိုင်ဘူး...။ ခဏလောက် စောင့်ပေးပါဦး...၊ ကျွန်တော့် သူဌေးကို သွားမေးလိုက်ပါဦးမယ်...။"

လူငယ် အလျင်အမြန် ထွက်သွားသည်ကို ကြည့်ရင်း ယောင်ရန်က လုံယုကို မေးလိုက်လေ၏။

"သူတို့ဆီမှာ ဒီလောက် အစားအစာတွေ အများကြီး ရှိမယ်လို့ ရှင်ထင်လား...။"

လုံယုက ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလေသည်။

"သူတို့က မှောင်ခိုဈေးကွက်မှာ အရောင်းအဝယ် လုပ်ချင်တယ်ဆိုရင်တော့ အနည်းဆုံး ဒီလောက်တော့ ရှိရမှာပေါ့...။ ပြီးတော့ ဒီလိုကုန်သည်တွေက ချမ်းသာတဲ့သူတွေ၊ အရှိန်အဝါရှိတဲ့သူတွေနဲ့ပဲ အရောင်း အဝယ် လုပ်ကြတာဆိုတော့ တစ်ကြိမ် အရောင်းအဝယ်လုပ်ရင် ကုန်ပစ္စည်းပမာဏက နည်းမှာမဟုတ် ဘူး...။"

သူ၏ စကားကို ကြားပြီးနောက် ယောင်ရန်က သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။ မကြာမီမှာပင် ထိုလူငယ် ပြန်ရောက်လာခဲ့ပြီး ၊

"သူဌေးက သဘောတူပါတယ်...၊ အရောင်းအဝယ် လုပ်လို့ရပြီ...။" ဟု ပြောလိုက်လေသည်။

သူက ဆက်လက်၍ ပြုံးကာ ပြောလိုက်၏။

"သူဌေးက ခင်ဗျားတို့ နှစ်ယောက်ကို စောင့်နေပါတယ်...၊ ကျွန်တော်နဲ့အတူ ကုန်ပစ္စည်း စစ်ဆေးဖို့ လိုက်ခဲ့ပေးပါ...။"

ယောင်ရန်နှင့် လုံယုတို့ သဘောတူလိုက်ကာ လူငယ်နောက်သို့ လိုက်သွားခဲ့ကြလေသည်။ သူတို့သည် ဆိတ်ငြိမ်သော ထောင့်တစ်နေရာသို့ ရောက်ရှိသွားပြီး လူငယ်၏ သူဌေးကို တွေ့လိုက်ရလေသည်။

ထိုသူဌေးဆိုသူမှာ အသက် (၂၀) ကျော် အရွယ်ခန့် ရှိပြီး သန့်ရှင်းသော ရှပ်အင်္ကျီနှင့် သားရေဖိနပ်ကို ဝတ်ဆင်ထား၏။ သူ၏ ဝတ်စားဆင်ယင်မှုနှင့် အပြုအမူကို ကြည့်ခြင်းအားဖြင့် သူသည် ချမ်းသာသော ဖောက်သည်များနှင့် အရောင်းအဝယ် လုပ်နေကျ စီးပွားရေးသမားတစ်ဦး ဖြစ်ပုံပေါ်ပေသည်။

ထိုသူဌေးက သူတို့ကို ပြုံးပြကာ လက်ကမ်းပေးလိုက်၏။

"နေကောင်းကြလား...၊ ကျွန်တော့်နာမည်က လင်းယိပါ...။"

လုံယုက သူနှင့် လက်ဆွဲနှုတ်ဆက်လိုက်ရာ လင်းယိက ဆက်ပြောလေသည်။

"ကျွန်တော့် ညီဝမ်းကွဲဆီက ကြားရတာတော့ ခင်ဗျားတို့က ဖိသိပ်ထားတဲ့ ဘီစကစ်မုန့်ထုပ် (၁၀,၅၀၀) ဝယ်ချင်တာဆို...။"

လုံယုက ခေါင်းငြိမ့်ပြကာ ပြန်ဖြေလိုက်၏။

"ဟုတ်ပါတယ်...။"

လင်းယိက ပြုံးလျက် ပြောလိုက်လေသည်။

"ကောင်းပါပြီ...၊ ကျွန်တော် အော်ဒါအတွက် ပြင်ဆင်ထားပါတယ်။ အရည်အသွေးက ခင်ဗျားတို့ စံနှုန်းနဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးနိုင်ပါတယ်...။"

ထို့နောက် သူက သူ၏ လက်အောက်ငယ်သားများကို ခိုင်းစေလိုက်လေသည်။

"ကုန်ပစ္စည်းတွေ သယ်လာခဲ့...။"

"ဟုတ်ကဲ့ သူဌေး...။"

မကြာမီမှာပင် အမျိုးသားအချို့သည် ဘီစကစ်မုန့်ထုပ် (၂၆) ဖာထက်မနည်းကို သယ်ဆောင်လာကြလေ ၏။ လုံယုသည် ကုန်ပစ္စည်းများကို စစ်ဆေးကာ အရည်အသွေးနှင့် ပမာဏ မှန်ကန်ကြောင်း အတည်ပြု ပြီးနောက် ယောင်ရန်ကို ခေါင်းငြိမ့်ပြလိုက်လေသည်။

ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်ကို ဖွင့်ကာ ငွေများကို ရေတွက်ပြီး အမည်းရောင် ပလတ်စတစ် အိတ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် အိတ်ကို လင်းယိထံသို့ ကမ်းပေးလိုက်ရင်း ပြောလိုက်လေသည်။

"လင်းသူဌေး... ပမာဏ မှန်မမှန် ရေတွက်ကြည့်လိုက်ပါဦး...။"

လင်းယိက ပြုံးကာ သဘောထားကြီးစွာဖြင့် ပြောလိုက်လေသည်။

"ရေတွက်နေဖို့ မလိုပါဘူး...။ ခင်ဗျားတို့ ကျွန်တော့်ကို လိမ်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်...။"

သူက ငွေများကို သိမ်းဆည်းလိုက်ပြီး မေးလိုက်လေသည်။

"မမလေးရဲ့ နာမည်ကို သိခွင့်ရမလား... နောင်မှာ ကျွန်တော်တို့ နောက်ထပ် အရောင်းအဝယ် လုပ်ခွင့် ရနိုင်တာပဲလေ...။"

ယောင်ရန်သည်လည်း ဤသူဌေးမှာ သူတို့ သိသမျှ တစ်ဦးတည်းသော မှောင်ခိုကုန်သည် ဖြစ်သဖြင့် အဆက်အသွယ် လုပ်ထားလိုသဖြင့် ပြောလိုက်လေသည်။

"ကျွန်မနာမည် ယောင်ရန်ပါ...။"

လင်းယိသည် ချမ်းသာသော ဖောက်သည်တစ်ဦးကို ရရှိလိုက်သဖြင့် စိတ်ကြည်လင်နေကာ ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။

"ဒါဆိုရင် ကျွန်တော်တို့ ထပ်မံဆုံတွေ့မယ့်နေ့ကို စောင့်မျှော်နေပါ့မယ်...။"

ထိုသို့ ပြောပြီးနောက် လင်းယိသည် သူ၏ လူများကို ခေါ်ဆောင်၍ ထွက်ခွာသွားတော့လေသည်။ မထွက်ခွာမီ ထိုလူငယ်က ပြောခဲ့လေ၏။

"မမလေးယောင်...၊ ကျွန်တော့်နာမည်က ယွမ်ရိဟွေးပါ...။ တစ်ခုခု လိုအပ်တာရှိရင် ဒီနေရာမှာပဲ ကျွန်တော့်ကို လာရှာနိုင်ပါတယ်...။"

ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ရာ ယွမ်ရိဟွေးသည် လင်းယိတို့ နောက်သို့ အလျင်အမြန် လိုက်သွား ခဲ့လေသည်။

ငွေအားလုံး သုံးစွဲပြီးနောက် ယောင်ရန်က လုံယုကို ပြောလိုက်လေ၏။

"မမှောင်ခင် ပြန်ကြရအောင်...၊ ကုန်ပစ္စည်းတွေ ဒီလောက်အများကြီးနဲ့ဆိုရင် မှောင်သွားရင် အန္တရာယ် ရှိနိုင်တယ်...။"

"ကောင်းပြီလေ...။"

လုံယုသည် ရှီရွှမ်းနှင့် အခြားသူများကို မော်တာလှေနှင့် လေထိုးလှေပေါ်သို့ ဘီစကစ်မုန့်ထုပ်များ တင် ဆောင်ရန် ကူညီခိုင်းလိုက်ပြီး ယောင်ရန်ကမူ လှေများကို စောင့်ကြပ်ပေးနေလေသည်။

ရှီရွှမ်းနှင့် လုံယုတို့က မော်တာလှေပေါ်တွင် နေခဲ့ပြီး ယောင်ရန်၊ ကျားရှန်းနှင့် ဟွမ်ချန်တို့ကမူ ကုန်ပစ္စည်း များကို စောင့်ကြပ်ရန် လေထိုးလှေပေါ်တွင် နေခဲ့ကြလေ၏။

ကုန်ပစ္စည်းများကို မိုးကာစဖြင့် ဖုံးအုပ်ပြီးနောက် လေထိုးလှေကို မော်တာလှေနှင့် ကြိုးများဖြင့် ခိုင်မြဲစွာ ချည်နှောင်ကာ ချက်ချင်းပင် ထွက်ခွာခဲ့ကြလေတော့သည်။

ကုန်ပစ္စည်းများ များပြားလှသဖြင့် ရှီရွှမ်းသည် လမ်းခုလတ်၌ ဓားပြများနှင့် မတွေ့စေရန် လမ်းလွှဲမှ သွားရန် ဆုံးဖြတ်လိုက်၏။ လင်ယွမ်တိုက်ခန်းအဆောက်အအုံသို့ ပြန်ရန် အချိန်ပိုပေးရသော်လည်း ထိုလမ်းမှာ မြင်ကွင်း ပိုမိုကျယ်ပြောသဖြင့် မည်သူမဆို ချဉ်းကပ်လာပါက ချက်ချင်း သိရှိနိုင်ပေသည်။

ကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားသော လှေနှစ်စီးဖြင့် ပြန်ရောက်လာခြင်းမှာ လင်ယွမ်တိုက်ခန်း အဆောက်အအုံရှိ နေထိုင်သူများ၏ အာရုံကို ထပ်မံဆွဲဆောင်ခဲ့ပြီး လူအများကို မနာလို ဖြစ်စေပြန်၏။

သို့သော်လည်း မနာလိုသူများမှာ တိတ်ဆိတ်စွာသာ အောင့်အည်းနေကြရလေသည်။ လူအများသည် အထပ် (၂၀) မှ လူများနှင့် ပူးပေါင်းလိုကြသော်လည်း လုံယုက အားလုံးကို ပြတ်သားစွာ ငြင်းပယ်ခဲ့၏။

သူတို့သည် ကုန်ပစ္စည်းများကို အထပ် (၂၀) သို့ သယ်ဆောင်သွားစဉ် အဆောက်အအုံ (၃) မှ နေထိုင်သူ အများအပြားမှာ စိုက်ကြည့်နေကြလေသည်။ သူတို့အနေဖြင့် မည်မျှပင် လူမသိသူမသိ နေထိုင်လိုခဲ့ပါ သော်လည်း ယခုကဲ့သို့ မနာလိုသော မျက်လုံးများစွာ၏ ရှေ့တွင်မူ ထိုသို့လုပ်ဆောင်ရန် မဖြစ်နိုင်တော့ ပေ။

သို့သော်လည်း ထိုလူများ မည်သို့ပင် စိုက်ကြည့်နေပါစေ ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများကမူ ဂရုမစိုက်ကြချေ။ သူတို့သည် လူဆိုးများအဖြစ် နာမည်ကျော်နေပြီးသား ဖြစ်သဖြင့် နာမည် ပိုပျက်သွား မည်ကိုလည်း စိုးရိမ်ခြင်း မရှိကြတော့ချေ။

ကျန်ရှိနေသော ကုန်ပစ္စည်းများကို အထပ် (၂၀) သို့ သယ်ဆောင်နေစဉ်မှာပင် လူဟုန်နှင့် သူ၏ အဖွဲ့ ပြန်ရောက်လာကြ၏။ လုံယုတို့ လက်ထဲရှိ သေတ္တာများကို မြင်သောအခါ လူဟုန်မှာ သက်ပြင်းသာ ချနိုင်တော့သည်။

သူတို့သည် နေရာအနှံ့ ရှာဖွေခဲ့ပါသော်လည်း ဘာမျှ ရှာမတွေ့ခဲ့ပေ။ သူတို့ ခက်ခက်ခဲခဲ ရှာတွေ့ခဲ့သော မှိုတက်နေသည့် ပေါင်မုန့်အနည်းငယ်မှာပင် ပြန်လာသည့် လမ်းတွင် ဓားပြများ၏ လုယက်ခြင်းကို ခံခဲ့ရလေသည်။

သူသည် လုံယုတို့ ရှာဖွေလာနိုင်သည့် များပြားလှသော ကုန်ပစ္စည်းများကို ကြည့်ရင်း ထပ်မံ သက်ပြင်း ချမိပြန်လေသည်။ သူတို့အားလုံးမှာ တိုက်ခန်းဝင်း တစ်ခုတည်းမှ ဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး စွမ်းဆောင်ရည် ကွာခြားချက်ကိုမူ ညည်းတွားရုံမှတစ်ပါး အခြားမရှိတော့ပေ။

သူတို့သည် ကုန်ပစ္စည်းများကို အခန်း (၂၀၀၁) သို့ သယ်ဆောင်သွားပြီး တူညီစွာ ခွဲဝေလိုက်ကြလေ၏။ အားလုံး ပြီးစီးသွားသောအခါ ယောင်ရန်နှင့် လုံယုတို့သည် မိမိတို့၏ ဝေစုများကို ယူဆောင်ကာ သူတို့၏ အခန်းများသို့ အသီးသီး ပြန်သွားခဲ့ကြလေတော့သည်။

All Chapters