← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃)

အရေးပေါ် ရိက္ခာ အထောက်အပံ့

ယောင်ရန်သည် သူမ၏ အခန်းသို့ ပြန်ရောက်သောအခါ မိုးကာအင်္ကျီနှင့် ဖိနပ်များကို ချွတ်၍ နေရာ လွတ် အတွင်းသို့ ဝင်ခဲ့လေသည်။

သူမသည် သိုလှောင်ရုံအတွင်း၌ ရိက္ခာများကို သိမ်းဆည်းပြီးနောက် ဗီလာတွင် ရေနွေးဖြင့် ချိုးလိုက်၏။ လယ်ကွင်းထဲရှိ အပင်များနှင့် တိရစ္ဆာန်များကို အစာကျွေးကာ ပြုစုပြီးနောက် ယောင်ရန်သည် နေရာလွတ် ထဲမှ ထွက်လာခဲ့လေသည်။

သူမသည် စိုက်ပျိုးရေးအခန်းနှင့် ဝရန်တာရှိ အပင်များကို အရင်ဆုံး သွားရောက်စစ်ဆေးခဲ့လေ၏။ အပင်များမှာ အရင်ကထက် ပိုမိုသန်စွမ်းနေသည်ကို မြင်သောအခါ ယောင်ရန်သည် ရေကန်မှရေကို လောင်းပေးပြီးနောက် သစ်သားဓာတ် စွမ်းရည်ကို အသုံးပြု၍ အာဟာရဖြည့်ပေးလိုက်လေသည်။

သစ်သားဓာတ် စွမ်းရည်ကို ကုန်စင်အောင် အသုံးပြုပြီးနောက် ယောင်ရန်သည် ရေကန်မှရေတစ်ဖန် ခွက် ကို သောက်ကာ နေ့လယ်စာအတွက် အပူပေး ဟော့ပေါ့တစ်ထုပ်ကို ပြင်ဆင်လိုက်၏။ တစ်မနက် လုံး အပြင်၌ ရှိနေခဲ့သဖြင့် သူမသည် အေးစက်နေကာ ပူပူစပ်စပ်လေးဖြစ်သော ဟော့ပေါ့ကို စားချင်နေ ခြင်းပင် ဖြစ်သည်။

ယောင်ရန်သည် ဧည့်ခန်းရှိ ဖုန်းဖြင့် ရုပ်ရှင်ကြည့်ရင်း ထမင်းတစ်ပန်းကန်နှင့်အတူ ဟော့ပေါ့ကို သုံးဆောင်နေခဲ့လေသည်။ သူမ နေ့လယ်စာစား၍ မပြီးခင်မှာပင် ရဟတ်ယာဉ်၏ ပန်ကာခတ်သံကို ကြားလိုက်ရ၏။

အမဲသားတစ်ဖဲ့ကို ညှပ်နေသော သူမ၏ လက်မှာ ရပ်တန့်သွားပြီး အပြင်ဘက်မှ သဲ့သဲ့ကြားရသော အသံကို ချက်ချင်း အာရုံစိုက်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ ရဟတ်ယာဉ်၏ အသံမှာ ပိုမိုကျယ်လောင်လာခဲ့လေသည်။ ယောင်ရန်သည် တူကို ချလိုက်ပြီး အပေါ်အင်္ကျီကို ဝတ်ကာ အခန်း ထဲမှ ထွက်လာခဲ့လိုက်တော့သည်။

သူမ အပြင်သို့ ထွက်လာသောအခါ လုံယုနှင့် ရှီရွှမ်းတို့လည်း အခန်းပြင်သို့ ထွက်လာကြသည်ကို တွေ့လိုက်ရလေ၏။ သူတို့သည် တစ်ဦးကိုတစ်ဦး ခဏမျှ ကြည့်လိုက်ကြပြီးနောက် လုံယုသည် လှေကားမှတစ်ဆင့် ခေါင်မိုးပေါ်သို့ တက်သွားခဲ့လေသည်။

သူ ခေါင်မိုးပေါ်သို့ တက်ရန် တံခါးကို ဖွင့်လိုက်သည်နှင့် ယောင်ရန်နှင့် ရှီရွှမ်းတို့သည် အောက်ထပ်မှ ဆူညံသံများကို ကြားလိုက်ရလေ၏။

ထိုလူများသည် ရဟတ်ယာဉ်အကြောင်း စုံစမ်းရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိသဖြင့် ယောင်ရန် က ရှီရွှမ်းကို ပြောလိုက်လေသည်။

"ကျွန်မ အပေါ်တက်ပြီး သွားကြည့်လိုက်မယ်...၊ တကယ်လို့ အောက်ကလူတွေ တက်လာရင် သူတို့ကို တားပေးထားပါဦး...။"

ရှီရွှမ်းက ခေါင်းငြိမ့်ကာ၊

"ကောင်းပါပြီ...၊ ဒီနေရာကိုတော့ ငါ့ကိုသာ စိတ်ချထားလိုက်ပါ...။" +

ရှီရွှမ်းသည် ဟွမ်ချန်နှင့် အခြားသူများကို ခေါ်ရန် ပြန်သွားသည်ကို မြင်သောအခါ ယောင်ရန်သည် ခေါင်မိုးပေါ်သို့ တက်ခဲ့လေသည်။

ခေါင်မိုးပေါ်သို့ ရောက်သောအခါ ယောင်ရန်သည် အဆောက်အအုံ (၃) ၏ ခေါင်မိုးပေါ်၌ ပျံသန်းနေ သော ရဟတ်ယာဉ်ကို ငေးကြည့်နေသည့် လုံယုကို တွေ့လိုက်ရ၏။ မကြာမီမှာပင် စစ်သားသုံးဦးသည် ရဟတ်ယာဉ်ပေါ်မှ ကြိုးများဖြင့် ဆင်းလာကြပြီးနောက် ရိက္ခာသေတ္တာကြီး သုံးလုံးလည်း ပါ လာခဲ့လေ သည်။

စစ်သားများနှင့် ရိက္ခာများ ဘေးကင်းစွာ ဆင်းသက်လာခဲ့ပြီးနောက် ရဟတ်ယာဉ်သည် နောက်ထပ် အဆောက်အအုံတစ်ခုဆီသို့ ပျံသန်းသွားလေတော့သည်။ စစ်သားတိုင်းသည် လက်နက်အပြည့်အစုံကို ကိုင်ဆောင်ထားပြီး ကျည်ကာဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ ယောင်ရန်နှင့် လုံယုတို့ သူတို့ကို ကြည့်နေသည်ကို မြင်သောအခါ စစ်သားတစ်ဦးက သူတို့ကို အလေးပြု၍ ပြောလိုက်လေသည်။

"နေကောင်းကြလား ရဲဘော်တို့...။"

လုံယုနှင့် ယောင်ရန်တို့က ပြန်လည် နှုတ်ဆက်လိုက်ပြီးနောက် ယောင်ရန်က မေးလိုက်၏။

"ရှင်တို့က ကယ်ဆယ်ရေးအတွက် လာတာလား...။"

စစ်သားက သူမကို ကြည့်ကာ ရှင်းပြလေသည်။

"မမလေး... ကျွန်တော်တို့က နေထိုင်သူတွေကို ရိက္ခာဝေပေးဖို့ လာတာပါ...။ သူတို့ကို ခေါ်ပေးလို့ ရမလား...။"

ယောင်ရန်က ခေါင်းငြိမ့်ပြကာ

"ကျွန်မ သူတို့ကို ခေါ်ပေးလို့တော့ ရပါတယ်...။ ဒါပေမဲ့ ရှင့်လူတစ်ယောက် ကျွန်မနောက်ကို လိုက်ခဲ့ပေး ဖို့ လိုလိမ့်မယ်...။ သူတို့က ကျွန်မစကားကို နားထောင်မှာ မဟုတ်ဘဲ ပြဿနာရှာကြမှာကို စိုးရိမ်လို့ ပါ...။"

ယောင်ရန်၏ ချိုသာပြီး အပြစ်ကင်းစင်သော ပုံစံကို မြင်သောအခါ အဖွဲ့ခေါင်းဆောင်က ခေါင်းငြိမ့်ပြပြီး သူ၏ လက်အောက်ငယ်သား တစ်ဦးကို အမိန့်ပေးလိုက်လေသည်။

"မင်း သူနဲ့အတူ လိုက်သွားလိုက်...။"

စစ်သားကလည်း "ဟုတ်ကဲ့ ကပ္ပတိန်..." ဟု ပြန်ထူးလိုက်၏။

ယောင်ရန်သည် စစ်သားကို အထပ် (၂၀) သို့ ခေါ်ဆောင်လာခဲ့သည်။ လှေကားထစ်များတွင် တပ်ဆင် ထားသော သံတံခါးကို မြင်သောအခါ စစ်သားက မေးလိုက်လေ၏။

"လှေကားမှာ ဘာလို့ သံတံခါးတွေ တပ်ထားရတာလဲ...။"

ယောင်ရန်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် စိတ်ကူးမရှိသော်လည်း အမှန်အတိုင်း အကုန် ပြောရန်လည်း အစီအစဉ်မရှိပေ။ သူမသည် စိတ်မသက်မသာဖြစ်ဟန် ဆောင်ကာ အမှန်နှင့် အမှားကို ရောနှော၍ ရှင်းပြလိုက်လေသည်။ သူမ၏ အသံမှာ အားကိုးရာမဲ့နေသည့်အလား ထွက်ပေါ်လာ၏။

"အောက်ထပ်ကလူတွေက ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတွေကို အမြဲတမ်း ပစ်မှတ်ထားနေကြတာလေ...။ ကျွန်မတို့က ငယ်ရွယ်တယ်ဆိုပြီး အကြိမ်ကြိမ် လုယက်ဖို့ ကြိုးစားခဲ့ကြတယ်...။ ကျွန်မတို့ အိပ်နေ တုန်းမှာ သူတို့က သတ်သွားမှာကို စိုးရိမ်တာကြောင့် ဘေးကင်းအောင်လို့ တံခါးတွေ ထပ်တပ်ထား ရတာပါရှင်...။"

လင်ယွမ်တိုက်ခန်းအဆောက်အအုံ၏ အခြေအနေမှာ အပြင်ဘက်ထက်စာလျှင် ပိုမိုကောင်းမွန်လှ ပေသည်။ ယခုခေတ်တွင် အသင့်စား ခေါက်ဆွဲထုပ်တစ်ထုပ်အတွက် တစ်ဦးကိုတစ်ဦး လုယက်သတ် ဖြတ်နေကြခြင်းမှာ သာမန်ကိစ္စတစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီ ဖြစ်၏။

ယောင်ရန်၏ ရှင်းပြချက်ကို ကြားပြီးနောက် စစ်သားက ဘာမျှ ထပ်မမေးတော့ပေ။ သူသည် သူမ နောက်သို့ လိုက်လာရင်း သန့်ရှင်းသပ်ရပ်နေသော စင်္ကြံလမ်းနှင့် အခန်းများတွင် တပ်ဆင်ထားသော သံတံခါးများကို ကြည့်ကာ အံ့သြသွားမိလေသည်။

ခံတပ်တစ်ခုကဲ့သို့သော ပတ်ဝန်းကျင်ကို မြင်သောအခါ စစ်သားသည် ယောင်ရန်ကို တစ်ချက် ငေးကြည့်လိုက်မိလေ၏။

စစ်သား ပါလာသည်ကို မြင်သောအခါ ရှီရွှမ်းသည် အံ့သြခြင်းမရှိဘဲ ပြောလိုက်လေသည်။

"နေထိုင်သူတွေက ငါတို့ဆီက ရိက္ခာတွေကို ပေးဖို့ ပြောနေကြတယ်...။ မင်း ပြန်လာတာကို စောင့်ပြီးမှ ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်မလို့ပဲ...။"

စစ်သားက ရှီရွှမ်းကို ကြည့်ကာ၊

"တံခါးဖွင့်ပေးပါ... ကျွန်တော် သူတို့နဲ့ စကားပြောလိုက်မယ်..."

ထိုဒုက္ခပေးတတ်သော လူများကို စစ်သားက ကိုင်တွယ်ပေးလိုသဖြင့် ရှီရွှမ်းကလည်း ကန့်ကွက်ခြင်း မရှိဘဲ သံတံခါးကို ဖွင့်ပေးလိုက်လေသည်။

သံတံခါး ပွင့်သွားသည်နှင့် တစ်စုံတစ်ဦးက ဟု အော်ဟစ်လိုက်လေသည်။

"သူတို့ တံခါးဖွင့်လိုက်ပြီ... ဝင်ပြီး ရိက္ခာတွေကို လုကြရအောင်...။"

မည်သူမျှ လှုပ်ရှားမှု မပြုနိုင်ခင်မှာပင် စစ်သားသည် သေနတ်ကို မြှောက်၍ မျက်နှာကျက်သို့ ပစ်ဖောက် လိုက်လေ၏။

"ဒိုင်း... "

သေနတ်သံ ထွက်ပေါ်လာသည်နှင့် လူတိုင်း တုန်လှုပ်သွားကြလေတော့သည်။

နေထိုင်သူများ၏ ကြမ်းတမ်းသော မျက်နှာပေးများကို မြင်သောအခါ စစ်သားသည် ယောင်ရန်၏ စကားများကို အပြည့်အဝ ယုံကြည်သွားလေတော့သည်။ ငယ်ရွယ်သော အမျိုးသမီးတစ်ဦးအနေဖြင့် ဤကဲ့သို့သော လူများကြားတွင် မိမိကိုယ်ကို ကာကွယ်ရန်မှာ မလွယ်ကူလှကြောင်း သူ တွေးမိလိုက်၏။

သူသည် သေနတ်ကို နှိမ့်ချလိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။

"ကျွန်တော့်မှာ ဒီကနေထိုင်သူတွေဆီ အရေးပေါ်ရိက္ခာတွေ ဝေပေးဖို့ တာဝန်ရှိတယ်...။ လူတိုင်း ရိက္ခာ ထုတ်ယူဖို့အတွက် အိမ်ထောင်စုစာရင်း ပြရမယ်...။ အိမ်ထောင်စုစာရင်း တစ်ခုကို ရိက္ခာတစ်ထုပ်ပဲ ရမယ်...။"

နေထိုင်သူများ၏ မကျေနပ်သော ပုံစံကို မြင်သောအခါ သူက ဆက်ပြောလိုက်၏။

"ခေါင်မိုးပေါ်ကို တစ်ယောက်ချင်းစီ တက်ခဲ့ကြ...၊ ပြဿနာ ထပ်မရှာကြနဲ့... မဟုတ်ရင်တော့ ကျွန်တော် ညှာနေမှာ မဟုတ်ဘူး...။"

ထိုသို့ ပြောပြီးနောက် စစ်သားက ယောင်ရန်ကို ကြည့်ကာ ယဉ်ကျေးစွာ ပြောလိုက်လေသည်။

"မမလေး...၊ မမလေးလည်း အိမ်ထောင်စုစာရင်း ယူပြီး ရိက္ခာသွားထုတ်လို့ ရပါပြီ...။ ဒီနေရာကိုတော့ ကျွန်တော် စောင့်ပေးထားပါမယ်...။"

စစ်သားကိုယ်တိုင် အထပ် (၂၀) ကို စောင့်ကြပ်ပေးမည် ဖြစ်သဖြင့် ယောင်ရန်နှင့် သူမ၏ သူငယ်ချင်း များမှာ သူတို့၏ ဝေစုကို သွားရောက် ထုတ်ယူနိုင်ပြီ ဖြစ်သည်။ သူမက စစ်သားကို ခေါင်းငြိမ့်ပြကာ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်ရှင်...။"

ယောင်ရန်၊ ရှီရွှမ်းနှင့် အခြားသူများသည် အိမ်ထောင်စုစာရင်းများကို သွားယူကြပြီး ခေါင်မိုးပေါ်သို့ တက်ခဲ့ကြလေသည်။ သူတို့ ခေါင်မိုးပေါ်သို့ ရောက်သောအခါ စစ်သားများ၏ ခေါင်းဆောင်နှင့် စကား ပြောနေသော လုံယုကို တွေ့လိုက်ရတော့သည်။

အခန်း (၉၄)

စာ

အဖွဲ့ခေါင်းဆောင်သည် စစ်သားပြန်မလာသည်ကို မြင်သောအခါ ယောင်ရန်ကို မေးလိုက်၏။

"မမလေး... ခင်ဗျားနဲ့အတူ လိုက်သွားတဲ့ စစ်သား ဘယ်မှာကျန်ခဲ့တာလဲ...။"

ယောင်ရန်သည် အခြေအနေကို ရှင်းပြလိုက်ပြီးနောက်၊

"ကျွန်မတို့ ရိက္ခာလာထုတ်နိုင်ဖို့ သူက အိမ်ကို စောင့်ပေးမယ်လို့ ပြောပါတယ်ရှင်...။"

ခေါင်းဆောင်က ခေါင်းငြိမ့်ပြကာ အခြားစစ်သားတစ်ဦးကို အမိန့်ပေးလိုက်လေ၏။

"သေတ္တာကိုဖွင့်...၊ နာမည်စာရင်းသွင်းပြီးရင် ရိက္ခာတွေဝေပေးလိုက်တော့...။ အိမ်ထောင်စုစာရင်း တစ်ခုကို ရိက္ခာတစ်ထုပ်စီ ပေးလိုက်...။"

"ဟုတ်ကဲ့ ကပ္ပတိန်...။"

စစ်သားဖြစ်သူ သေတ္တာများကို ဖွင့်နေစဉ် ယောင်ရန်က ပြောလိုက်လေသည်။

"လုံယု... ရှင်လည်း အိမ်ထောင်စုစာရင်း သွားယူလိုက်ဦးလေ...။"

လုံယု စကားမပြောရသေးခင်မှာပင် ခေါင်းဆောင်ဖြစ်သူက သေတ္တာထဲမှ ရိက္ခာထုပ်တစ်ထုပ်ကို ယူလိုက်ပြီး ပြောလိုက်လေ၏။

"မလိုတော့ပါဘူး... သူက နာမည်စာရင်း သွင်းပြီးသားပါ...။"

ထိုသို့ပြောပြီးနောက် သူသည် ရိက္ခာထုပ်ကို လုံယုထံသို့ ကမ်းပေးလိုက်လေသည်။ ဤသည်ကို မြင် သောအခါ ယောင်ရန်သည် သူတို့နှစ်ဦးကို စူးစမ်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်သော်လည်း ဘာမျှတော့ မပြောခဲ့ပေ။

မကြာမီမှာပင် အောက်ထပ်တွင် နေထိုင်သူများသည်လည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြလေ၏။ ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများသည်လည်း တန်းစီကာ နာမည်စာရင်းသွင်းပြီးနောက် ရိက္ခာ များကို အသီးသီး လက်ခံရရှိခဲ့ကြလေသည်။

လူတိုင်း ဝေစုရရှိပြီးနောက် လုံယုသည် ခေါင်းဆောင်ကို နှုတ်ဆက်ကာ သူ၏ သူငယ်ချင်းများနှင့်အတူ ထွက်ခွာခဲ့လေသည်။

သူတို့ တံခါးဝသို့ ရောက်ရှိချိန်မှာပင် အခန်းအမှတ် (၁၈၀၃) တွင် နေထိုင်သော အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရလေသည်။

"ဆရာရယ်... ကျွန်မမိသားစုမှာ လူရှစ်ယောက်ရှိတာလေ...။ ဘယ်လိုလုပ်ပြီး ရိက္ခာတစ်ထုပ်တည်း ပေးရတာလဲ...၊ ဒါက ဘယ်လိုမှမလောက်ဘူးလေ...။"

စစ်သားက ခေါင်းခါပြကာ စိတ်ရှည်စွာဖြင့် ရှင်းပြ၏။

"အိမ်ထောင်စုစာရင်း တစ်ခုကို ရိက္ခာတစ်ထုပ်ပဲ ရမှာပါ...။ ခင်ဗျားဝေစုရပြီဆိုရင် ထွက်သွားပေးပါ...၊ တခြားသူတွေကို မနှောင့်ယှက်ပါနဲ့...။"

ထိုအမျိုးသမီးမှာ မကျေမနပ်ဖြစ်ကာ ယောင်ရန်ကို လက်ညှိုးထိုးရင်း ပြောလိုက်လေသည်။

"သူက တစ်ယောက်တည်းနေတာလေ...၊ ဒါပေမဲ့ ရှင်တို့က သူ့ကို တစ်ထုပ်ပေးတယ်...။ ဒါက မတရား ဘူး...။ တကယ်လို့ သူ့ကို တစ်ထုပ်ပေးရင် ကျွန်မကို ရှစ်ထုပ်ပေးရမှာပေါ့...။ ကျွန်မမိသားစုမှာ လူရှစ် ယောက်ရှိတာလေ...။"

အခြားနေထိုင်သူများသည်လည်း ထိုစကားကို ကြားသောအခါ ဝိုင်းဝန်း၍ ကန့်ကွက်ကြလေတော့ သည်။

"ဟုတ်တယ်...။ ကျွန်မတို့ မိသားစုမှာ လူတွေအများကြီးရှိတာကို ရိက္ခာတစ်ထုပ်ပဲ ရတယ်...။ တစ် ယောက်တည်းနေတဲ့သူတွေက ဘာလို့ ကျွန်မတို့နဲ့ တန်းတူရတာလဲ...။ ဒါက မတရားဘူး...။"

"မှန်တယ်...၊ ဆရာတို့ ရိက္ခာဝေတာက လူဦးရေအပေါ်မှာ အခြေခံမှ တရားမျှတမှာပေါ့...။"

ကန့်ကွက်သူများ ပိုမိုများပြားလာသည်ကို မြင်သောအခါ ခေါင်းဆောင်သည် သေနတ်ကို မိုးပေါ်သို့ ထောင်၍ ပစ်ဖောက်လိုက်လေတော့သည်။

"ဒိုင်း... "

ယခုရက်ပိုင်းအတွင်း သူသည် ဤကဲ့သို့သော လူမျိုးများကို များစွာ ကြုံတွေ့ခဲ့ရဖူး၏။ ရိက္ခာဝေတိုင်း ထိုလူများသည် ပြဿနာရှာလေ့ရှိပြီး စစ်သားများကို သူတို့အလိုကျ ဖြစ်စေရန် ဖိအားပေးတတ်ကြ ပေသည်။

သူတို့၏ ကန့်ကွက်မှုများကို စိတ်ပျက်သွားသဖြင့် ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်၏။

"ယူရင်ယူ...၊ မယူရင် သွားကြတော့...။"

ခေါင်းဆောင်၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာပေးကြောင့် နေထိုင်သူများမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြတော့သည်။ ရိက္ခာများကို ခေါင်းဆောင်က စောင့်ကြပ်နေပြီး အထပ် (၂၀) တွင်လည်း အခြားစစ်သားတစ်ဦးက စောင့်ကြပ်နေသဖြင့် မည်သူမျှ ပြဿနာမရှာရဲကြပေ။

အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မြင်သောအခါ လုံယုသည် ယောင်ရန်တို့နှင့်အတူ ထွက်လာ ခဲ့လေသည်။

တစ်နာရီခန့် ကြာပြီးနောက် စစ်သားများသည် ရိက္ခာဝေခြင်းကို အဆုံးသတ်လိုက်ကြ၏။ မထွက်ခွာမီ အထပ် (၂၀) တွင် စောင့်ကြပ်နေသော စစ်သားသည် ယောင်ရန်၏ တံခါးကို လာခေါက်လေသည်။

တံခါးပွင့်လာသည်နှင့် စစ်သားက မေးလိုက်၏။

"တခြားနေထိုင်သူတွေဆီက ကြားရတာတော့ မမလေးက ဆရာဝန်တစ်ယောက်ဆို...။ မမလေး ဆေးရုံမှာ အလုပ်လုပ်ချင်လား...။"

ယောင်ရန်က ခေါင်းခါပြကာ ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

"ကျွန်မက ဆေးကျောင်းသူပဲ ရှိပါသေးတယ်...။ ကျောင်းတောင် မပြီးသေးပါဘူး...။ လူတွေကို ကုသပေးဖို့အတွက် ကျွန်မမှာ လုံလောက်တဲ့ အရည်အချင်းနဲ့ အတွေ့အကြုံ မရှိသေးမှာကို စိုးရိမ် ပါတယ်...။"

စစ်သားသည် ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားဟန် ရှိလေ၏။ သို့သော်လည်း သူက ခေါင်းငြိမ့်ကာ ဆက်ပြောလေသည်။

"နားလည်ပါပြီ...။ တကယ်လို့ မမလေး ဆေးရုံမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတယ်ဆိုရင် စတားတာဝါ ဟိုတယ်ကို လာခဲ့လို့ ရပါတယ်...။ ကျွန်တော်တို့ အဲဒီမှာ ဆေးရုံတစ်ခု ဖွင့်ထားပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ကာကွယ်ဖို့အတွက် စစ်တပ်လည်း ချထားပါတယ်...။"

ယောင်ရန်က ခေါင်းငြိမ့်ကာ ပြောလိုက်၏။

"ကောင်းပါပြီ... ကျွန်မ စဉ်းစားလိုက်ပါ့မယ်..."

နှုတ်ဆက်ပြီးနောက် စစ်သားသည် ခေါင်မိုးပေါ်သို့ တက်သွားလေသည်။ မကြာမီမှာပင် ယောင်ရန်သည် ရဟတ်ယာဉ်၏ ပန်ကာခတ်သံကို ကြားလိုက်ရ၏။ သူမသည် ဧည့်ခန်းသို့ ပြန်ဝင်ကာ သူမ၏ ခန္ဓာကိုယ် နှင့် စွမ်းရည်များကို စတင် လေ့ကျင့်နေလိုက်တော့သည်။

သူမ လေ့ကျင့်ခန်း လုပ်နေစဉ်အတွင်း လုံယုသည် သူ၏ သူငယ်ချင်းများနှင့် အစည်းအဝေး ပြုလုပ်နေ ခဲ့၏။ အခန်း (၂၀၀၁) ၏ ဧည့်ခန်းအတွင်း၌ လူလေးဦးသည် စားပွဲပုလေးကို ဝိုင်းထိုင်နေကြလေသည်။

ရှီရွှမ်းက လုံယုကို ကြည့်ကာ မေးလိုက်၏။

"ခေါင်းဆောင်... ယောင်ရန်ကို ဘာမှမပြောဘဲ ကျွန်တော်တို့ကို ခေါ်လိုက်တာက တစ်ခုခု အရေးကြီးတာ ရှိလို့လား...။"

လုံယုက ခေါင်းငြိမ့်ပြကာ စက္ကူတစ်ရွက်ကို ထုတ်၍ စားပွဲပေါ်သို့ တင်လိုက်လေသည်။

စူးစမ်းနေကြသော သူ၏ သူငယ်ချင်းများကို သူက ရှင်းပြလိုက်၏။

"ခုနက ရိက္ခာလာပို့တဲ့ စစ်သားတွေက ဗိုလ်မှူးရွှီဆီက ပေးစာတစ်စောင် လာပေးသွားတယ်...။ ငါတို့ စကားမပြောခင် အဲဒါကို အရင်ဖတ်ကြည့်လိုက်ကြဦး...။"

ရှီရွှမ်းသည် စာကို ဖတ်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

"ဗိုလ်မှူးရွှီက ခေါင်းဆောင်ကို စစ်တပ်ထဲ ပြန်လာစေချင်တာလား...။"

လုံယုက ဟွမ်ချန်၊ ကျားရှန်းနှင့် ရှီရွှမ်းတို့ကို ကြည့်ကာ ပြောလိုက်၏။

"ကျွန်တော် စစ်တပ်က အနားယူခဲ့ပြီးပြီဆိုတော့ ပြန်မသွားတော့ဘူး...။ ဒါပေမဲ့ ခင်ဗျားတို့ ပြန်သွားချင် တယ်ဆိုရင်တော့ ကျွန်တော် မတားပါဘူး...။ တကယ်လို့ ပြန်သွားဖို့ ဆုံးဖြတ်တယ်ဆိုရင် ဗိုလ်မှူးရွှီနဲ့ ဆက်သွယ်ပေးလို့ ရပါတယ်...။"

ဟွမ်ချန်က ထိုစကားကို ကြားသောအခါ ရှီရွှမ်းနှင့် ကျားရှန်းကို ကြည့်လိုက်ပြီးနောက် ပြောလိုက်လေ သည်။

"ခေါင်းဆောင်...၊ ကျွန်တော်တော့ စစ်တပ်ကို ပြန်မသွားတော့ဘူး...။ ခေါင်းဆောင်နောက်ကိုပဲ လိုက်ပါ့ မယ်...။"

ရှီရွှမ်းနှင့် ကျားရှန်းတို့ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြကြလေ၏။

လုံယုက သူတို့ကို စူးစမ်းစွာ ကြည့်နေသည်ကို မြင်သောအခါ ကျားရှန်းက တုံ့ဆိုင်းစွာဖြင့် ပြောလိုက် လေသည်။

"ခေါင်းဆောင်...၊ ကျွန်မ စစ်တပ်က အနားယူခဲ့တာက ခေါင်းဆောင် ထွက်သွားပြီးတဲ့နောက် ခေါင်းဆောင် ရဲ့ ရာထူးကို ဆက်ခံတဲ့ ခေါင်းဆောင်အသစ်က အစိုးရအဖွဲ့ထဲက ဖြစ်နေလို့ပဲ...။"

သူမက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဆက်ပြော၏။

"သူက ကျွန်မတို့ကို အမြဲတမ်း အန္တရာယ်ရှိတဲ့ တာဝန်တွေပဲ ပေးတယ်...။ ဒါပေမဲ့ ကျွန်မတို့ ပြန်လာတဲ့ အခါမှာတော့ ကျွန်မတို့ရဲ့ အောင်မြင်မှုတွေကို ဖုံးကွယ်ပြီး သူ့ရဲ့ အောင်မြင်မှုတွေအဖြစ် လုပ်ပစ်ခဲ့ တယ်...။ ကျွန်မကတော့ အသုံးချခံရတာကို စိတ်ကုန်လို့ စစ်တပ်က ထွက်လာခဲ့တာ...။"

သူတို့၏ စိတ်မကောင်းဖြစ်နေသော မျက်နှာပေးများကို ကြည့်ခြင်းအားဖြင့် ထိုသုံးဦးမှာ စစ်တပ်အတွင်း ၌ အဆင်မပြေခဲ့ကြကြောင်း လုံယု သိလိုက်လေသည်။

သူသည် စားပွဲပေါ်ရှိ စာကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ရှီရွှမ်းကို မေးလိုက်၏။

"ငါ အနားယူပြီးတဲ့နောက် တခြားညီအစ်ကိုတွေ ဘာဖြစ်သွားကြလဲဆိုတာ မင်း သိလား...။"

ရှီရွှမ်းက တုံ့ဆိုင်းစွာဖြင့် ပြန်ဖြေလိုက်လေသည်။

"ခေါင်းဆောင် အနားယူပြီးတဲ့နောက် အထက်လူကြီးတွေက ဗိုလ်မှူးရွှီကို ဖိအားတွေ အများကြီး ပေးခဲ့ ကြတယ်...။ အထူးတပ်ဖွဲ့ကို ဖျက်သိမ်းဖို့ သူတို့က အတင်းအကျပ် ခိုင်းစေခဲ့တာလေ...။"

"တခြားညီအစ်ကိုတွေကိုတော့ တပ်ရင်းအသီးသီးကို ခွဲပို့လိုက်ကြတယ်...။ အဲဒီနောက်ပိုင်း သူတို့ ဘာဖြစ်သွားကြလဲဆိုတာ ကျွန်တော်တို့လည်း မသိတော့ဘူး...။"

All Chapters