အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အခန်း (၉၅)
ကယ်ဆယ်ရေးစခန်းမှ ပြန်လာသော နေထိုင်သူများ
ရှီရွှမ်း၏ အဖြေကို ကြားပြီးနောက် လုံယု၏ မျက်ဝန်းများမှာ ခဏမျှ လှုပ်ခတ်သွားခဲ့လေ၏။ သူသည် မျက်လွှာကို နှိမ့်ချလိုက်ပြီး သူ၏ ခံစားချက်များကို သူငယ်ချင်းများ မသိအောင် ဖုံးကွယ်ထားလိုက် လေသည်။
ကျားရှန်းက လုံယုကို ကြည့်ကာ မေးလိုက်၏။
"ခေါင်းဆောင်... ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်ကို ဗိုလ်မှူးရွှီဆီ အကြောင်းကြားမှာလား...။"
လုံယုက သူမကို ကြည့်ကာ ပြန်ဖြေလိုက်လေသည်။
"အင်း...၊ သူ့ကို အကြောင်းကြားဖို့ လိုတယ်...။ ဒါမှ သူက ငါတို့အပေါ် မျှော်လင့်ချက် မထားတော့ဘဲ ကူညီပေးမယ့် တခြားလူတွေကို ရှာနိုင်မှာပေါ့...။"
ခဏမျှ ဆွေးနွေးပြီးနောက် လုံယုသည် သူ၏ အခန်းသို့ ပြန်ကာ ရွှီချီဖုန်ထံသို့ ပေးစာတစ်စောင် ရေး လိုက်လေသည်။ သူသည် ထိုစာကို သေချာစွာ ပိတ်၍ မိုးကာအင်္ကျီဝတ်ကာ မော်တာလှေဖြင့် ထွက်ခွာ သွားလေတော့သည်။
ညနေခင်းတွင် ယောင်ရန်သည် နေ့စဉ် လေ့ကျင့်ခန်းများ ပြုလုပ်ပြီးစီးချိန်၌ အောက်ထပ်မှ ကျယ်လောင် သော ဆူညံသံများကို ကြားလိုက်ရလေ၏။ သူမ သွားရောက်ကြည့်ရှုရန် ပြင်နေစဉ်မှာပင် ထိုအသံမှာ ပိုမိုကျယ်လောင်လာလေသည်။
အခန်းပြင်သို့ ထွက်လာသောအခါ ဟွမ်ကျိဟွေးသည် သံတံခါးကို မှီလျက် ရှိနေသည်ကို တွေ့လိုက်ရ၏။ ယောင်ရန်က မျက်ခုံးကို အသာပင့်ကာ မေးလိုက်လေသည်။
"ကျိဟွေး... အဲဒီမှာ ဘာလုပ်နေတာလဲ...။"
ဟွမ်ကျိဟွေးက လှည့်ကြည့်လိုက်ရာ ယောင်ရန်ကို တွေ့သဖြင့် လက်ဝှေ့ယမ်းပြကာ ပြုံးလိုက်၏။
"ယောင်ရန်မမ...၊ မမလည်း ဒီဆူညံသံတွေကြောင့် ထွက်လာတာလား...။"
ယောင်ရန်က ခေါင်းငြိမ့်ပြပြီး သူမအနားသို့ လျှောက်သွားလိုက်သည်။ သူတို့နှစ်ဦးသည် သံတံခါးကို မှီကာ အောက်ထပ်မှ စကားပြောသံများကို နားစွင့်နေကြလေသည်။
ကယ်ဆယ်ရေးစခန်းများမှ လူများ ပြန်လည်ရောက်ရှိလာကြခြင်း ဖြစ်ပုံရပေသည်။ ထိုလူများသည် စင်္ကြံလမ်းများတွင် စခန်းချလိုကြသော်လည်း အထပ်မြင့်များတွင် နေထိုင်သည့် မူလနေထိုင်သူများကမူ သဘောမတူကြပေ။
ရေကြီးမှုမှာ တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ ကယ်ဆယ်ရေးစခန်းများမှာလည်း တစ်နေ့ထက် တစ်နေ့ ပိုမို ကြပ်ညပ်လာ၏။ လူများမှာ ကောင်းမွန်စွာ မစားရ၊ မအိပ်ရသည့်အပြင် သူခိုးများကိုလည်း အမြဲတမ်း သတိထားနေရသဖြင့် အလွန်ပင် ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။ မည်သူမျှ ဤကဲ့သို့ သော ဘဝကို အချိန်ကြာမြင့်စွာ မတောင့်ခံနိုင်ကြပေ။
အကောင်းအဆိုးကို တွေးတောပြီးနောက် ထိုလူများသည် အိမ်သို့ ပြန်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်၏။ စင်္ကြံလမ်းတွင် နေထိုင်ရခြင်းမှာ အိပ်သည့်အခါ ခြေဆန့်လက်ဆန့်ပင် မလုပ်နိုင်သော ကယ်ဆယ်ရေး စခန်းထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်လှပေသည်။
သို့သော်လည်း သူတို့ မည်သို့ပင် တောင်းပန်ပါစေ မူလနေထိုင်သူများကမူ သူတို့ကို စင်္ကြံလမ်းတွင် နေထိုင်ရန် ခွင့်မပြုကြပေ။
ဤကဲ့သို့သော စိုစွတ်သည့် ရာသီဥတု၊ သည်းထန်စွာ ရွာသွန်းသော မိုးနှင့် ရိက္ခာရှားပါးမှုများကြားတွင် ကောင်းမွန်စွာ ရှင်သန်နိုင်ရန်မှာပင် ခက်ခဲလှပြီ ဖြစ်၏။ ယခုအခါ စင်္ကြံလမ်း၌ နေထိုင်မည့်သူများကိုပါ ကိုင်တွယ်ဖြေရှင်းရမည် ဆိုသည်ကို သူတို့ လုံးဝ လက်မခံနိုင်ကြပေ။
ထိုလူများသည် တံခါးအပြင်ဘက်တွင် စားသောက်ခြင်းနှင့် စွန့်ပစ်ခြင်းများကို ပြုလုပ်ကြမည် ဖြစ်ရာ မူလနေထိုင်သူများအတွက် စိတ်ပျက်စရာပင်။ ထို့အပြင် ရိက္ခာရှားပါးနေချိန်တွင် ထိုလူများက သူတို့၏ ရိက္ခာကို လုယူသွားမည်ကိုလည်း စိုးရိမ်နေကြ၏။
သူတို့ မည်သို့ စိတ်အေးလက်အေး နေနိုင်ပါမည်နည်း။ ညဘက် အိပ်နေစဉ် အသတ်ခံရလျှင် မည်သို့လုပ် ရပါမည်နည်း။
ထိုအကြောင်းကို တွေးမိရုံနှင့်ပင် မူလနေထိုင်သူများမှာ ကြောက်လန့်တုန်ရင်သွားကြ၏။ လွန်ခဲ့သော နှစ်ရက်ခန့်ကပင် လူဟုန်နှင့် သူ၏ အဖွဲ့မှာ ညဘက်တွင် လုယက်ခြင်း ခံခဲ့ရသည် မဟုတ်ပါလား။ မည်သူက လုယက်သွားသည်ကို မသိရသလို ရိက္ခာများကိုလည်း ပြန်မရခဲ့ပေ။
ထိုနေ့နောက်ပိုင်းတွင် လုယက်မှုများစွာ ဖြစ်ပွားခဲ့သဖြင့် လူတိုင်းမှာ သူစိမ်းများကို ပိုမို သတိထားလာ ကြပြီး အခြားသူများကိုလည်း အလွယ်တကူ ကူညီခြင်း မရှိကြတော့ပေ။
မည်သူမျှ သူတို့ကို လက်မခံလိုသဖြင့် ထိုလူများသည် တစ်ထပ်ပြီးတစ်ထပ် အကူအညီ လိုက်တောင်း နေကြရလေသည်။ မကြာမီမှာပင် သူတို့သည် အထပ် (၁၈) သို့ ရောက်ရှိလာပြီး အထပ် (၁၉) သို့ တက် သည့် လှေကားတွင် တပ်ဆင်ထားသော သံတံခါးကို တွေ့လိုက်ရ၏။
ထိုလူများသည် ဘာမျှ မပြောဘဲ အထပ် (၁၈) တွင် နေထိုင်သူများကို ရှာဖွေကြလေသည်။ အခန်း (၁၈၀၃) မှ သက်လတ်ပိုင်း အမျိုးသမီးသည် သူတို့၏ တောင်းဆိုမှုကို ကြားသောအခါ ခါးကို ထောက် ကာ လှေကားဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
"ကျွန်မတို့ကတော့ ရှင်တို့ကို လက်မခံနိုင်ဘူး...။ အထပ် (၁၉) နဲ့ (၂၀) မှာ နေတဲ့သူတွေဆီမှာ ရိက္ခာတွေ အများကြီး ရှိတယ်...။ စားစရာမရှိတဲ့ ငါတို့ဆီမှာ လာတောင်းနေမယ့်အစား သူတို့ဆီကိုပဲ သွားကြ တော့...။"
ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်ဝန်းများ ဝင်းလက်သွားကြ၏။ သူတို့သည် ထိုအမျိုးသမီး ကို ကျေးဇူးတင်စကား ဆိုကာ အထပ် (၁၉) သို့ တက်သည့် လှေကားရှိ သံတံခါးကို အလျင်အမြန်ပင် သွားရောက် ခေါက်ကြလေတော့သည်။
ဤသည်ကို မြင်သောအခါ ထိုအမျိုးသမီးသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မနာလိုမှုများ ပြည့်နှက် နေသော အသံဖြင့် ပြောလိုက်လေသည်။
"ဒီနေ့ပြီးရင် နင်တို့ ဆက်ပြီး မာန်တက်နိုင်သေးလားဆိုတာ ကြည့်ရသေးတာပေါ့...၊ ဟွန်း...။"
သံတံခါးကို ခေါက်နေသံကို နားထောင်ရင်း ဟွမ်ကျိဟွေးက ယောင်ရန်ကို ကြည့်ကာ မေးလိုက်၏။
"အခန်း (၁၈၀၃) က မိန်းမက တမင်တကာ ပြဿနာရှာအောင် လုပ်လိုက်တာပဲ...။ ယောင်ရန်မမ...၊ အခု ဘာလုပ်ကြမလဲ...။"
ယောင်ရန်က သူမကို ပြုံးပြကာ တည်ငြိမ်စွာပင် ပြောလိုက်လေသည်။
"ငြင်းလိုက်ရုံပဲပေါ့...။"
ယောင်ရန် စကားပြောနေစဉ်မှာပင် သံတံခါး၏ တစ်ဖက်မှ အားကိုးရာမဲ့နေသော အသံများ ထွက်ပေါ် လာလေ၏။ အထပ် (၂၀) မှ လူများမှာ ရက်စက်တတ်ကြောင်း သိထားကြသော်လည်း သူတို့မှာ ကံစမ်းကြည့်ရန်မှတစ်ပါး အခြားမရှိပေ။
လူအုပ်ကို ဦးဆောင်လာသူသည် သူ၏ ပိန်လှီနေသော ဇနီးနှင့် သားဖြစ်သူကို ကြည့်ကာ ခဏမျှ စဉ်းစား ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ အေးစက်သော ကြမ်းပြင်ပေါ်၌ ပြတ်သားစွာ ဒူးထောက်လိုက်လေတော့သည်။
သူသည် ကြမ်းပြင်ပေါ်သို့ ခေါင်းဖြင့် တိုက်ကာ ရိုးသားစွာပင် ပြောလိုက်၏။
"ကျွန်တော်တို့ကို ခေါင်မိုးပေါ်က တံခါးနားမှာ နေခွင့်ပြုပါ...။ ခင်ဗျားတို့ကို မနှောင့်ယှက်ပါဘူးလို့ ကတိ ပေးပါတယ်...။"
သူ ဒူးထောက်လိုက်သည်ကို မြင်သောအခါ အခြားသူများသည်လည်း အလျင်အမြန်ပင် ဒူးထောက်ကာ တောင်းပန်ကြလေတော့သည်။
"ကျွန်တော်တို့ အသက်ရှင်ခွင့် ရအောင် ကူညီပေးကြပါဦး...။"
"ကျွန်တော်တို့ ပြဿနာမရှာပါဘူး...။ အထပ် (၁၉) နဲ့ (၂၀) က လူတွေကိုလည်း မနှောင့်ယှက်ပါဘူးလို့ ကတိပေးပါတယ်...။"
ယောင်ရန်သည် သူတို့ကို အထပ် (၁၉) သို့မဟုတ် (၂၀) တွင် နေထိုင်ရန် ခွင့်ပြုမည် မဟုတ်ပေ။ ထိုလူ များသည် ကယ်ဆယ်ရေးစခန်းမှ ပြန်လာခြင်းဖြစ်ပြီး မည်သို့သော အခြေအနေများကို ဖြတ်ကျော်ခဲ့ရ သည်ကို မည်သူမျှ မသိနိုင်ပေ။
သူမသည် လူတို့၏ စိတ်ရင်းကို စမ်းသပ်လိုစိတ် မရှိသလို အိမ်ထဲသို့ ဝံပုလွေများကိုလည်း ဖိတ်ခေါ် လိုခြင်း မရှိပေ။
ယောင်ရန်သည် အပြင်ဘက်တွင် ဒူးထောက်နေသူများကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
"ကျွန်မကို တောင်းပန်နေလည်း အပိုပါပဲ...။"
သူမ စကားပြော၍ မပြီးခင်မှာပင် စင်္ကြံလမ်းထဲမှ သရော်သံနှင့်အတူ အမျိုးသမီးတစ်ဦး၏ အသံက ရုတ်တရက် ထွက်ပေါ်လာလေ၏။
"ဘယ်လိုလုပ်ပြီး အပိုဖြစ်မှာလဲ...။"
ရင်းနှီးပြီး စိတ်ပျက်စရာကောင်းသော အသံကို ကြားရသဖြင့် ယောင်ရန်သည် အထပ် (၁၈) ၏ စင်္ကြံ လမ်းဘက်သို့ ငုံ့ကြည့်လိုက်ရာ အခန်း (၁၈၀၃) မှ သက်လတ်ပိုင်း အမျိုးသမီးကို တွေ့လိုက်ရလေသည်။
ထိုအမျိုးသမီးသည် ခါးကို ထောက်ကာ ပြောလိုက်လေ၏။
"ရှင်တို့က အခုမှ ပြန်ရောက်တာဆိုတော့ သိမှာမဟုတ်ဘူး...။ ဒီမနက်တင် စစ်သားတွေလာပြီး ရိက္ခာ တွေ ဝေသွားတာလေ...။ အိမ်ထောင်စုစာရင်း တစ်ခုကို ရိက္ခာတစ်ထုပ်စီတောင် ရခဲ့ကြတာ...။"
အခန်း (၉၆)
သူမ၏ အကွက်နှင့် သူမကို ပြန်နှိပ်ကွပ်ခြင်း
လူတိုင်းသည် ထိုစကားကို ကြားသောအခါ စောစောမပြန်လာခဲ့မိခြင်းကို နောင်တရသွားကြလေသည်။ သို့မဟုတ်လျှင် သူတို့လည်း ရိက္ခာတစ်ထုပ်စီ ရရှိမည်ဖြစ်ရာ ယနေ့တွင် ငတ်မွတ်နေရန် မလိုတော့ပေ။
သက်လတ်ပိုင်း အမျိုးသမီးသည် လူတိုင်းကို ခဏမျှ အကဲခတ်ပြီးနောက် ဆက်ပြောလိုက်၏။
"ရှင်တို့ မိသားစုတွေမှာ လူတွေအများကြီး အတူတူနေကြတာ...။ ဒါပေမဲ့ အထပ် (၂၀) က လူတွေက တော့ တစ်ယောက်ကို တစ်ထုပ်စီ ရကြတာနော်...။"
သူမ စကားပြော၍ အဆုံးတွင် လူအုပ်ကြား၌ တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာခဲ့လေတော့သည်။ ကယ်ဆယ်ရေးစခန်းမှ ပြန်လာသူများ၏ မျက်နှာထက်၌ မနာလိုမှု၊ နောင်တရမှုနှင့် အံ့သြမှုများကို မြင်သောအခါ ထိုအမျိုးသမီးသည် မီးလောင်ရာ လေပင့်ရန် ဆက်လက် ကြိုးပမ်းပြန်၏။
သူမက အသံကို မြှင့်၍ ပြောလိုက်လေသည်။
"ဒါတင်မကသေးဘူး...၊ ဒီလူငယ်တွေက အရမ်းလည်း တော်ကြတာ...။ သူတို့ အပြင်က ပြန်လာတိုင်း အနည်းဆုံး လှေသုံးစင်းစာလောက် ရိက္ခာတွေ သယ်လာတတ်ကြတယ်...။ ဒီလောက်များပြားတဲ့ ရိက္ခာ တွေနဲ့ဆိုရင် သူတို့ နှစ်ပေါင်းများစွာ ကောင်းကောင်း နေနိုင်မှာပေါ့...။"
ထို့နောက် သူမသည် သက်ပြင်းချကာ လူအုပ်ကို သနားစဖွယ် ကြည့်ရင်း ပြောလိုက်လေ၏။
"ရှင်တို့က အခုမှ ပြန်ရောက်တာဆိုတော့ အေးလည်းအေး၊ ဆာလည်းဆာနေကြမှာပဲ...။ သူတို့က ရိက္ခာ အနည်းငယ်လောက် ရှင်တို့ကို ခွဲဝေပေးတာက ဘာမှမဖြစ်လောက်ပါဘူး...။ လူတိုင်း ဘေးဒုက္ခနဲ့ ရင်ဆိုင်နေရချိန်မှာ ကိုယ်ကျိုးကိုပဲ မကြည့်သင့်ဘူး မဟုတ်လား...။"
ပြန်လာသူများက သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ကြသည်ကို မြင်သောအခါ သူမသည် ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ထပ်လောင်းပြောဆိုလိုက်လေသည်။
"လူငယ်တွေဆိုတာ လူကြီးတွေကို ရိုသေပြီး ကလေးတွေကို ချစ်ခင်ရမယ်...။ အခက်အခဲဖြစ်နေသူ တွေကို ကူညီဖို့ဆိုတာ လူငယ်တွေနဲ့ တော်တဲ့သူတွေရဲ့ တာဝန်ပဲလေ...။"
စကားအဆုံးတွင် ထိုအမျိုးသမီးသည် ယောင်ရန်ဘက်သို့ လှည့်ကြည့်ကာ မာန်ပါပါဖြင့် ပြုံး၍ မေးလိုက် လေ၏။
"မမလေးယောင်ရော အဲ့လို မထင်ဘူးလား...။"
ဤသို့ပြောပြီးနောက် ထိုအမျိုးသမီးသည် ပွဲကြည့်ရတော့မည့်အလား ကြမ်းပြင်ပေါ်၌ ဒူးထောက်နေသူ များကို ကြည့်လိုက်လေသည်။
သံတံခါး၏ အခြားတစ်ဖက်တွင်မူ ဟွမ်ကျိဟွေးက အံကို ကြိတ်ကာ ပြောလိုက်၏။
"ဒီမိန်းမက တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပဲ...။ မနက်ကလည်း ကျွန်မတို့ကို ပြဿနာရှာတယ်...။ အခုလည်း ဒီလူတွေကို ကျွန်မတို့ဆီက လုဖို့ မြှောက်ပင့်ပေးနေပြန်ပြီ...။ သူက ကျွန်မတို့ကို တမင် ချောက်ချနေတာပဲ...။"
ယောင်ရန်သည် သူမကို ရန်စသလို ကြည့်နေသော ထိုအမျိုးသမီးကို ကြည့်လိုက်လေသည်။
သူမက လှောင်ပြုံးပြုံးကာ ပြောလိုက်လေ၏။
"စိတ်အေးအေးထားပါ...။ အခုက သူ့ကို ဖြေရှင်းဖို့ အချိန်ကောင်း မဟုတ်သေးဘူး...။ သူ့ကို နောက်ထပ် ရက်အနည်းငယ်လောက် ခုန်ပေါက်ခွင့် ပေးထားလိုက်ပါဦး...။ အခွင့်အရေး ရလာတဲ့အခါမှာတော့ ကျွန်မတို့ကို ပစ်မှတ်ထားတဲ့ အကျိုးဆက်ကို သူ သိစေရပါမယ်...။"
ဟွမ်ကျိဟွေးက ဘာလုပ်မည်ကို မမေးခင်မှာပင် ယောင်ရန်က ပြုံးလျက် ဆက်ပြောလိုက်လေသည်။
"သူက တခြားသူရဲ့ ဓားကို ငှားပြီး ကျွန်မတို့ကို သတ်ချင်နေတာဆိုတော့...။ သူ့အကွက်နဲ့သူ ပြန်နှိမ်လိုက် ရုံပဲပေါ့...။"
ထို့နောက် ယောင်ရန်သည် သံတံခါး၏ တစ်ဖက်ရှိ လူများကို လှည့်ကြည့်ကာ စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောလိုက်လေသည်။
"ရှင်တို့ ဒီအဒေါ်ကြီးရဲ့ စကားကို မယုံကြပါနဲ့...။ ဒီမနက် သူ ရိက္ခာ ရှစ်ထုပ်တောင် ရတာကို ကျွန်မ မြင်လိုက်တယ်...။ သူက အိမ်မှာလည်း အစားအစာတွေ အများကြီး ဝှက်ထားသေးတာ...။"
"သူက လူဟုန်ရဲ့ အဖွဲ့ထဲမှာလည်း ပါတယ်လေ...။ ဒီရက်ပိုင်း သူတို့မိသားစုတွေ လူဟုန်တို့နဲ့ အပြင်ကို ခနခန ထွက်ကြတာ...။ သူတို့ ပြန်လာရင် ရိက္ခာတွေ အများကြီး ပါလာတတ်တယ်...။ သူ့မှာ မိသားစုဝင် များလေတော့ ဝေစုလည်း အများကြီး ရမှာပေါ့...။"
သူမ၏ လိမ်လည်မှုကြောင့် လူများ စိတ်ဝင်စားသွားသည်ကို မြင်သောအခါ ယောင်ရန်က ထပ်ဖြည့်၍ ပြောလိုက်၏။
"ရှင်တို့ ကယ်ဆယ်ရေးစခန်း သွားနေတုန်းမှာ အဆောက်အအုံ တစ်ခုချင်းစီအတွက် မန်နေဂျာတွေ ရွေးထားကြတယ်...။ လူဟုန်က အဆောက်အအုံ (၃) ရဲ့ မန်နေဂျာပဲ...။ သူက ဒီမှာရှိတဲ့ ရိက္ခာအားလုံးကို ထိန်းချုပ်ထားတာ...။ ဒီအမျိုးသမီးက လူဟုန်အတွက် အလုပ်လုပ်ပေးတာဆိုတော့ ရိက္ခာတွေ အများ ကြီး စုထားမှာ အမှန်ပဲ...။"
"ရှင်တို့ အခက်အခဲဖြစ်လို့ စားစရာလိုတယ်ဆိုရင် လူဟုန်ကိုပဲ အကူအညီတောင်းတာ အကောင်းဆုံး ပဲ...။ တကယ်လို့ သူက ဒီလောက်ကိစ္စလေးကိုတောင် မဖြေရှင်းနိုင်ဘူးဆိုရင်တော့ မန်နေဂျာ ရာထူးက နေ နုတ်ထွက်ပြီး တခြားသူတွေဆီက စုထားတဲ့ ရိက္ခာတွေကို ပြန်ပေးသင့်တာပေါ့...။"
ယောင်ရန် စကားပြော၍ မပြီးခင်မှာပင် ထိုအမျိုးသမီးက လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ် လိုက်လေတော့သည်။
"နင့်လို မိန်းမယုတ်က ငါ့ကို လိမ်ပြောပြီး ဒီလူတွေနဲ့ ရန်တိုက်ပေးရဲတယ်ပေါ့လေ...။"
ထိုနေရာရှိ လူများမှာလည်း လူအများ မဟုတ်ကြပေ။ ထိုအမျိုးသမီး၏ စကားနှင့် ယောင်ရန်၏ ရှင်းပြ ချက်ကို နှိုင်းယှဉ်ကြည့်သောအခါ ထိုအမျိုးသမီးသည် သူတို့ကို အသုံးချကာ တစ်ဖက်လှည့်နှင့် သတ်ဖြတ်လိုကြောင်း သိလိုက်ကြလေ၏။
အမှန်တရားကို သိသွားသောအခါ သူတို့က အသုံးချခံရမည်လား။ တကယ်လို့ ယောင်ရန်ကို စိတ်ဆိုး အောင် လုပ်လိုက်လျှင် သူတို့သာ ဒုက္ခရောက်မည် ဖြစ်ပြီး ထိုအမျိုးသမီးကမူ ဘေးမှနေ၍ အကျိုး အမြတ် ရရှိသွားမည် မဟုတ်ပါလား။
တွေးတောပြီးနောက် ခေါင်းဆောင်ဖြစ်သူ အမျိုးသားသည် မတ်တပ်ရပ်ကာ ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်လေသည်။
သူတို့၏ ဒေါသကို ခံစားမိသောအခါ ထိုအမျိုးသမီးသည် ကြောက်လန့်တကြား နောက်သို့ ဆုတ်လိုက် ပြီး ကြောက်လန့်တကြား မေးလိုက်လေသည်။
"ရှင်တို့... ဘာလုပ်မလို့လဲ...။"
ထိုအမျိုးသားက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
"ငါတို့ကို အကန်း ဒါမှမဟုတ် အယောင်ဆောင်တွေလို့ ထင်နေလား...။ လူဟုန်ကို သွားခေါ်ခဲ့...။ မဟုတ်ရင်တော့ ငါတို့ ဒီမှာပဲ နေပြီး ခင်ဗျားကိုပါ ဒုက္ခပေးမှာနော်...။"
မည်သူမျှ မိမိအိမ်ရှေ့တွင် ဤလူများ နေထိုင်သည်ကို အလိုမရှိပေ။ ထိုအမျိုးသမီးကလည်း အပါအဝင် ပင် ဖြစ်လေ၏။
ထိုအမျိုးသမီးက ဒေါသတကြီးနှင့် ပြောလိုက်လေသည်။
"ရှင်တို့ ထပ် (၁၈)ထပ် မှာ နေလို့မရဘူး...။ တစ်ခုခုသိချင်ရင် လူဟုန်ဆီပဲ သွားကြ...။ ကျွန်မက ရှင်တို့ အစေခံ မဟုတ်ဘူး... မသွားနိုင်ဘူး...။"
ထိုအမျိုးသားသည် သူမကို ဂရုမစိုက်တော့ဘဲ သူနှင့်အတူ ပါလာသူများကို ကြည့်ကာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်လေသည်။
"အားလုံးပဲ...၊ ကျွန်တော် လူဟုန်ကို သွားရှာမယ်...။ ဘယ်သူတွေ လိုက်ခဲ့မလဲ...။"
သူတို့အားလုံးမှာ ကြိုးတစ်ချောင်းတည်း ချည်ထားသော ပုစဉ်းရင်ကွဲများကဲ့သို့ ဖြစ်နေသဖြင့် လူငယ် ငါးဦးက လိုက်ခဲ့ရန် သဘောတူလိုက်ကြပြီး ကျန်သူများမှာမူ (၁၈) ထပ် ၏ စင်္ကြံလမ်းတွင် ကျန်ရစ်ခဲ့ ကြလေသည်။
စင်္ကြံလမ်းတွင် လူများ ပြည့်နှက်နေသဖြင့် ထိုအမျိုးသမီးသည် အန္တရာယ်ကို ခံစားလိုက်ရပြီး မိသားစု ကို အကြောင်းကြားရန် အိမ်သို့ အမြန်ပြေးဝင်သွားလေတော့သည်။
ဟွမ်ကျိဟွေးသည် ထိုအမျိုးသမီး အိမ်ထဲသို့ အမြီးကုပ်၍ ပြေးဝင်သွားသည်ကို ကြည့်ကာ ရယ်မော လိုက်လေ၏။ သူမက ယောင်ရန်ကို လက်မထောင်ပြကာ ပြောလိုက်လေသည်။
"ယောင်ရန်မမ...၊ တကယ်ကို တော်တာပဲ...။ ခွေးအချင်းချင်း ကိုက်အောင် လုပ်လိုက်တဲ့ နည်းလမ်းက တကယ်ကို ပြောင်မြောက်လှပါပေတယ်...။"
ယောင်ရန်ကလည်း ရယ်မောလျက် ၊
"ဒါက ဘာမှမဟုတ်ပါဘူး...၊ စားစရာနဲ့ ရိက္ခာအကြောင်း ပြောလိုက်ရင်ပဲ အပြင်ကလူတွေ ဘာလုပ်ရ မလဲဆိုတာ သိသွားကြမှာ...။ သူတို့မှာ ဦးနှောက်ရှိရင် ငါတို့ကို ရန်မမူဘဲ လူဟုန်ကိုပဲ သွားရှာကြမှာ ပေါ့...။”