အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉) - အဆိပ်ရှိသတ္တဝါနဲ့ သားရဲများ ရှောင်ဖယ်ပေးရခြင်း
“ဒါတင် ဘယ်ကမလဲ”
ဘေးကနေ ဓားသွေးနေသော သူကလည်း ဝင်ပြောပြန်သည်။ သူ၏ မျက်နှာတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
“ငါ့ဦးလေးရဲ့ ဒုတိယဘကြီးရဲ့ ဝမ်းကွဲက ကင်းလှည့်အဖွဲ့ထဲမှာ ပါတာ၊ သူ ကိုယ်တိုင် ပြောပြတာ…. အရှင့်သား အိပ်ပျော်နေတဲ့အချိန်မှာ ခေါင်းပေါ်မှာ ခုနှစ်ရောင်ခြယ် နတ်တိမ်တိုက်ကြီး ဝဲနေတာတဲ့"
"အဲ့ဒီအဆိပ်ပြင်း မြွေတွေ ကင်းတွေကလည်း အဲ့တာကို မြင်ပြီး ကြောင်ကိုမြင်တဲ့ ကြွက်လိုပဲ…ဖင်ပိတ်ပြေးတော့တာတဲ့"
“အမလေး... တကယ်လား၊ ဒါဆိုရင်တော့ အိမ်ရှေ့စံမင်းသားက သူ့ကိုယ်ပိုင် ကာကွယ်ရေး နတ်ဘုရားအရှိန်အဝါတွေကို ပိုင်ဆိုင်ထားတဲ့ တကယ့် နဂါးဧကရာဇ်တစ်ပါး ဖြစ်ရမယ်”
“ မင်းတို့ စဉ်းစားကြည့်လေ၊ မြို့တော်က ထွက်လာကတည်းက အရှင့်သားက လက်ညှိုးလေး တစ်ချက်ညွှန်လိုက်တာနဲ့ လူရိုင်းမျိုးနွယ်စုက သူလျှိုကို ဖမ်းမိခဲ့ပြီး ရိက္ခာတွေကို ကယ်တင်နိုင်ခဲ့တာလေ၊ ဒါကို ဘာခေါ်လဲ သိလား....ကောင်းကင်ဘုံက ရွေးချယ်ထားသူလို့ ခေါ်တယ်"
ကောလဟာလသတင်းများသည် ပိုပို၍ ထူးဆန်းလာတော့၏။
အစပိုင်းတွင် “အဆိပ်ရှိ သတ္တဝါများ ရှောင်ဖယ်ရခြင်း” မှ ယခုအခါ "ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော ရွှေရောင်အလင်းတန်း”နှင့် “နတ်တိမ်တိုက်များ အုပ်မိုးထားခြင်း” အထိ ဖြစ်လာပြီး၊ အချို့က ညလယ်ခေါင်တွင် အိမ်ရှေ့စံ၏ တဲအတွင်းမှ နဂါးဟောက်သံကို ကြားရသည်ဟုပင် အတည်ပေါက် ပြောလာကြ၏။
တစ်ခဏအတွင်းမှာပင် ၊ ဟွမ်ဖုန်းစစ်စခန်းရှိ စစ်သည်အားလုံးသည် နေ့တိုင်း နေဖင်ထိုးမှ လိုက်ကာလှန်တတ်သော ထိုစစ်တဲကို ယခင်ကနှင့် မတူ ကွဲပြားသော အကြည့်များဖြင့် ကြည့်လာကြတော့သည်။
ထိုအကြည့်များမှာ ယခင်ကလို အထင်သေးခြင်း၊ လှောင်ပြောင်ခြင်း မဟုတ်တော့ဘဲ ရိုသေကြောက်လန့်ခြင်း၊ စပ်စုလိုခြင်း နှင့် ရူးသွပ်ခြင်းများ ရောနှောနေသည့် ရှုပ်ထွေးသည့် ခံစားချက်များသာ ဖြစ်သည်။
ဤ “လူ့ငပျင်း အိမ်ရှေ့စံ” သည် လူတိုင်း၏ ပြက်လုံးကနေတဆင့် ဘေးအန္တရာယ်များကို ဖယ်ရှားပေးပြီး ကံကောင်းခြင်းများကို သယ်ဆောင်လာပေးသည့် သက်ရှိ “နိမိတ်ကောင်း” အဖြစ် ပြောင်းလဲသွားလေ၏။
သို့သော် “နိမိတ်ကောင်း” အစစ်အမှန် ဖြစ်သည့် ကာယကံရှင် ရှောင်ရှန်းမှာ မွေ့ရာပေါ်တွင် ထိုင်နေရင်း အခုလေးတင် လာချပေးသော ငှက်သိုက်စွပ်ပြုတ်ခွက်ကို ပစ်ပေါက်လုမတတ် ဒေါသဖြစ်နေ၏။
“နိမိတ်ကောင်း၊ ဘယ်ကလာတဲ့ နိမိတ်ကောင်းလဲ”
သူသည် ရှောင်သယ့်ဇီမှ ထိတ်လန့်တကြား တင်ပြလာသော အပြင်က ကောလာဟလများကို နားထောင်ရင်း အောိဟစ်လိုက်သည်။
“ငါကိုယ်တော်က မြွေကို အကိုက်ခံချင်တာကွ၊ မင်း နားလည်လား၊ အကိုက်ခံချင်တာမှ အဆိပ်ပြင်းပြင်းနဲ့ အကိုက်ခံရရင် ပိုတောင် ကောင်းသေး…”
“ အဲ့တာဆိုရင် ငါကိုယ်တော်လည်း ‘အဆိပ်ပြင်းမိပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်’ ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့တော်ကို အမြန်ပြန်ပြီး ဆေးကုလို့ ရပြီလေ အခုတော့ အကုန်သွားပြီ၊ အစီအစဉ်တွေ အကုန် ပျက်ကုန်ပြီ"
သူ၏ ပြီးပြည့်စုံသော အစီအစဉ် တစ်ခု ဖြစ်သည့် “ဒေသရေမြေ မကိုက်ညီဘဲ အဆိပ်ရှိသတ္တဝါ အကိုက်ခံရသဖြင့် နာမကျန်းဖြစ်ခြင်း” ဟူသော ထွက်ပြေးလွတ်မြောက်ရေး ပြဇာတ်ကြီးသည် မကရသေးခင်မှာပင် ဤသောက်ကျိုးနည်း “နိမိတ်ကောင်း” ကောလာဟလကြောင့် လုံးဝ ပျက်စီးသွားခဲ့ရလေပြီ။
ရှောင်သယ့်ဇီမှာ ခေါင်းလေးကို ငုံ့ထားကာ စကားတစ်ခွန်းမျှ မပြောရဲရှာပေ။
“မဖြစ်ဘူး ငါကိုယ်တော် ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး"
ရှောင်ရှန်းသည် စစ်တဲအတွင်း၌ စိတ်မရှည်စွာဖြင့် ခေါက်တုံ့ခေါက်ပြန့် လျှောက်နေလေ၏။
“ငါကိုယ်တော် ဒီကောလာဟလတွေကို ကိုယ်တိုင် ဖျက်ဆီးပစ်ရမယ်၊ ငါကိုယ်တော်က သာမန်လူတစ်ယောက်၊ ကံဆိုးတတ်တဲ့ သာမန်လူတစ်ယောက်ပဲဆိုတာ အားလုံးကို သိအောင် လုပ်ရမယ်"
ထိုသို့ပြောပြီးသည်နှင့် သူသည် ချက်ချင်း အကောင်ထည်ဖော်တော့သည်။
သူသည် စစ်တဲနောက်ဘက်ရှိ မြက်ခင်းပြင်သို့ တိတ်တဆိတ် ထွက်လာခဲ့သည်။ ဤနေရာမှာ အရောင်အသွေး စုံလင်သော ပိုးကောင်များစွာ ရှိသည်ကို သူ မှတ်မိနေသည်။
မကြာမီမှာပင် သစ်ရွက်တစ်ရွက်ပေါ်တွင် သူ၏ ပစ်မှတ်ကို တွေ့လိုက်ရသည်။ အနက်ရောင်နှင့် အဝါရောင် အမွေးအမျှင်များ ရှိသော ဝဝတုတ်တုတ် ပိုးကောင်ကြီးတစ်ကောင်မှာ သူ့ဟာသူ တွားသွားနေ၏။
“မင်းပဲ"
ရှောင်ရှန်းသည် သစ်ခက်လေး နှစ်ခုဖြင့် ထိုပိုးကောင်ကို ဂရုတစိုက် ညှပ်ယူလိုက်ပြီး၊ အသက်ပြင်းပြင်းရှူကာ သေမိန့်ကျသူတစ်ဦးကဲ့သို့ မျက်စိစုံမှိတ်လျက် သူ၏ လက်ဖမိုးပေါ်သို့ တင်လိုက်သည်။
သူသည် အကိုက်ခံရသဖြင့် နာကျင်ယားယံလာပြီး လက်တစ်ပြင်လုံး ဖုထွက်လာမည့် အခြေအနေကို အသင့် ပြင်ဆင်ထားသည်။
သို့သော် သူ ထင်ထားသကဲ့သို့ နာကျင်မှုမှာ ရောက်မလာခဲ့ပေ။ သူသည် သံသယဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ၊ ကြောင်အမ်းသွားခဲ့ရသည်။
ထိုသန်မာထွားကြိုင်းလှသော ပိုးကောင်ကြီးသည် ရှောင်ရှန်း၏ အင်္ကျီစနှင့် ထိတွေ့မိသည့် ခဏမှာပင် ဓာတ်လိုက်သွားသည့်အလား တစ်ကိုယ်လုံး တောင့်တင်းသွားကာ၊ သစ်ခက်ပေါ်မှ ပြုတ်ကျသွားပြီး မြေပြင်ပေါ်တွင် မလှုပ်မယှက် သေဆုံးသွားခဲ့သည်။
တောင့်တောင့်ကြီး သေသွားခြင်း ဖြစ်သည်။
ရှောင်ရှန်း- “……”
သူသည် မြေပြင်ပေါ်ရှိ ထိုပိုးကောင် “အလောင်း” ကို ကြည့်ရင်း၊ မိမိ၏ လက်ကို ပြန်ကြည့်ကာ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားသည်။
‘ဒါ... ဒါက မဟုတ်သေးပါဘူး’
တစ်ချိန်တည်းမှာပင် ချင်ချန်း၏ စစ်သေနာပတိ တဲအတွင်း၌။
“စစ်သူကြီး... ကျွန်တော်မျိုး အထင် ဒီကိစ္စမှာ တစ်ခုခု ထူးဆန်းနေတယ်"
ပါးသိုင်းမွှေး ဗလကောင်းကောင်း လက်ထောက်စစ်သူကြီး တစ်ဦးက လုံးဝ မယုံကြည်သည့် မျက်နှာအမူအရာဖြင့်။
“ဘာကိုယ်ရောင်ကိုယ်ဝါတွေ၊ နတ်တိမ်တိုက်တွေလဲ၊ ကျွန်တော့်အမြင်တော့ အိမ်ရှေ့စံက လူတွေရဲ့ စိတ်ကို ရယူနိုင်ဖို့အတွက် ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်"
အခြားသော မျက်နှာဖြူဖြူနှင့် စစ်ဗျူဟာမှူးက ကွဲပြားသော အမြင်ဖြင့် ဆိုလိုက်သည်။
“လီစစ်သူကြီး ပြောတာ မှားနေပြီ အိမ်ရှေ့စံက အခုမှ ရောက်တာလေ၊ ဒီလို အဆိပ်ပြင်းတဲ့ သတ္တဝါတွေကို သူ့ပြဇာတ်မှာ ပါဝင်အောင် ဘယ်လိုလုပ် ခိုင်းနိုင်မှာလဲ”
“ကျွန်တော့်အမြင်တော့ အိမ်ရှေ့စံက တကယ်ပဲ ထူးခြားတဲ့ အစွမ်းတွေရှိတဲ့ သူရဲကောင်းတစ်ယောက်ပဲ ၊ သူဟာ ကျုပ်တို့ သာရှမင်းဆကိရဲ့ ကံကောင်းခြင်း ကြယ်ပွင့်ပဲ”
ချင်ချန်းသည်လည်း ထိုညက ကင်းမြီးကောက် ထိတ်လန့်သွားသည့် မြင်ကွင်းနှင့် ယခုရက်ပိုင်း ကောလာဟလများကို ပြန်လည် စဉ်းစားနေမိသည်။
သူသည် လေးနက်စွာဖြင့် ပြောလိုက်သည်။
“အမိန့်ထုတ်လိုက်၊ တပ်ထဲမှာ အိမ်ရှေ့စံအကြောင်း မဆီမဆိုင် ပြောတာတွေကို တားမြစ်တယ်၊ အမိန့်ဖီဆန်ရင် စစ်ဥပဒေအရ အပြစ်ပေးမယ်”
“ ပြီးတော့ စခန်းပတ်ဝန်းကျင် ကာကွယ်ရေးကို တိုးမြှင့်လိုက် အထူးသဖြင့် ညဘက် ကင်းလှည့်တာတွေကို လုံးဝ ပေါ့ဆလို့ မရဘူး”
ဤအိမ်ရှေ့စံသည် နတ်ဘုရားအစစ်ပင် ဖြစ်ဖြစ် ၊ လူလိမ်ပင် ဖြစ်ဖြစ် ၊ မိမိစစ်သည်များ၏ စိတ်ဓာတ်များ ယိုင်နဲ့သွားသည့် အဖြစ်မျိုးကို သူ့အနေဖြင့် ခွင့်ပြုထားလိမ့်မည် မဟုတ်ပေ။
သာရှစစ်စခန်းတွင် “အိမ်ရှေ့စံ၏ နိမိတ်ကောင်း” ကြောင့် ဆူညံနေစဉ်မှာပင်၊ မိုင်အနည်းငယ်အကွာရှိ အဆိပ်ငွေ့များ ဖုံးလွှမ်းနေသော နွံတောအတွင်း၌ သားရေဝတ်စုံကို ဝတ်ကာ မျက်နှာတွင် ဆေးရောင်များ ခြယ်ထားသော လူရိုင်းမျိုးနွယ်စုမှ ကင်းထောက်အချို့မှာ အခက်အခဲများဖြင့် ကြုံတွေ့နေရသည်။
“ တကယ်ပါပဲ ၊ ဒီနေရာမှာ အဆိပ်ရှိတဲ့ အကောင်တွေ ဘာလို့ အရင်နှစ်တွေထက် ဆယ်ဆလောက် များနေရတာလဲ”
ကင်းထောက်ခေါင်းဆောင်က သူ၏ ခြေကျင်းဝတ်ကို လာရစ်ပတ်သည့် မြွေတစ်ကောင်ကို ဓားနှင့် ခုတ်ချရင်း ကျိန်ဆဲလိုက်သည်။
“ခေါင်းဆောင်... အကောင်တွေတင် မဟုတ်ဘူး၊ ဟိုတောဝံပုလွေတွေကို ကြည့်ဦး၊ ရူးနေကြသလိုပဲ၊ ကျွန်တော်တို့က သူတို့နယ်မြေနားလေး ကပ်ရုံရှိသေးတယ်၊ ဇွတ်လိုက်ဆွဲနေကြတာ"
အခြား ကင်းထောက်တစ်ဦးက ကြောက်ကြောက်လန့်လန့်နှင့် ပြောရှာသည်။
သူတို့သည် ဟွမ်ဖုန်းစစ်စခန်း၏ အခြေအနေကို လာရောက် စပ်စုရန် အမိန့်ရထားသော်လည်း၊ ဤနယ်စပ်တောနက်ကြီးကြောင့် ရှေ့ဆက်ဖို့ ခက်ခဲနေကြသည်။
ဤနေရာရှိ အဆိပ်ငွေ့များနှင့် သားရဲတိရစ္ဆာန်များမှာ တစ်စုံတစ်ခု၏ လှုံ့ဆော်ခြင်းကိုခံထားရသကဲ့သို့ အလွန် ရန်လိုကာ အန္တရာယ်များသည်။
ညဉ့်သန်းခေါင်းယံတွင်။
ရှောင်ရှန်းသည် မွေ့ရာပေါ်တွင် ဟိုဘက်ဒီဘက် လှည့်ရင်း အိပ်မပျော်နိုင် ဖြစ်နေသည်။ စိတ်ညစ်စရာရှိလို့ မဟုတ်ဘဲ၊ ညစာကို ဝအောင် စားထားသဖြင့် ဗိုက်ကယ်နေခြင်း ဖြစ်ပြီး တဲအတွင်း၌ ထွန်းညှိထားသော အမွှေးနံ့သာများကြောင့်လည်း မွန်းကျပ်နေခြင်း ဖြစ်သည်။
“အပြင်ထွက်ပြီး လေညင်းခံဦးမှ...”
သူသည် အိပ်ချင်မူးတူးနှင့် ထကာ အင်္ကျီပါးလေး တစ်ထည်တည်းနှင့် တဲအပြင်ဘက်သို့ ဒယိမ်းဒယိုင် ထွက်လာခဲ့သည်။
ညဘက် စစ်စခန်းမှာ အလွန်တိတ်ဆိတ်နေပြီး ကင်းလှည့်စစ်သည်များ၏ ခြေသံကို အဝေးကနေတောင် ကြားနေရသည်။
အခန်း(၈၀)
ရှောင်ရှန်း၏ ဦးနှောက်သည် ကြည်ကြည်လင်လင် မရှိဘဲ အိပ်မက်ထဲ လမ်းလျှောက်နေသည့်အလား ခံစားချက်အတိုင်း စခန်းထဲတွင် လျှောက်သွားနေခဲ့သည်။
သူသည် စီတန်းထားသော စစ်တဲများကို ကျော်ဖြတ်ကာ၊ အမှုမှတ်အမှတ်မဲ့ဖြင့် စစ်စခန်း၏ အစွန်ဆုံး ထောင့်တစ်နေရာသို့ ရောက်ရှိသွားခဲ့သည်။
ထိုနေရာသည် ကာကွယ်ရေး ခြံစည်းရိုးနှငိ့ နီးပြီး၊ ဘေးတွင် မြင်းများအတွက် ပြင်ဆင်ထားသည့် ကောက်ရိုးပုံကြီးများလည်း ရှိနေသညိ။
ကောက်ရိုးနံ့မှာ နေရောင်ခြည်နှင့် မြက်နံ့လေးများ ရောယှက်နေပြီး မွှေးကြိုင်ကာ အိအိလေးနှင့် သက်သောင့်သက်သာ ရှိပုံရသည်။
ရှောင်ရှန်းသည် တစ်ချက် သမ်းဝေလိုက်ကာ သူ၏ “ခမ်းနားလှသော” စစ်တဲဆီသို့ ပြန်မသွားတော့ဘဲ ကောက်ရိုးပုံထဲသို့ တိုးဝင်ကာ သက်သောင့်သက်သာ ရှိမည့် အနေအထားကို ညှိယူလိုက်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ၏ ဟောက်သံမှာ မှန်မှန်လေး ထွက်ပေါ်လာတော့၏။
မလှမ်းမကမ်းရှိ မှောင်ရိပ်ထဲတွင် စိမ်းဖန့်ဖန့် မျက်လုံးအချို့က ယခုလေးတင် ဖြတ်သွားသော ကင်းလှည့်စစ်သည် တစ်သိုက်ကို စိုက်ကြည့်နေသည်။
၎င်းတို့မှာ ဗိုက်ဆာနေသော တောဝံပုလွေအုပ်စု ဖြစ်ပြီး၊ အချိန်အတော်ကြာ ချောင်းမြောင်းနေကာ ကင်းလှည့်အဖွဲ့၏ နောက်ကျောမှနေ၍ တကွက်တည်းဖြင့် အသေသတ်ရန် ကြံစည်ထားကြသည်။
သို့သော် ခုန်အုပ်တော့မည့် အချိန်မှာပင်၊ သူတို့၏ သွေးသားထဲမှ ဖော်ပြ၍မရနိုင်သည့် ကြောက်ရွံ့မှုကြီး တစ်ခုက စတင် ထွက်ပေါ်လာခဲ့သည်။
ထိုခံစားချက်မှာ သူတို့မျိုးနွယ်စု၏ ဒဏ္ဍာရီထဲက အစွမ်းထက်ဆုံး နှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်သော ရန်သူတော်ကြီးနှင့် တွေ့လိုက်ရသည့် အလားပင်။
“ဝူး——”
ဝံပုလွေခေါင်းဆောင်မှာ ညည်းတွားသံ ပြုလိုက်ကာ တစ်ကိုယ်လုံးက အမွေးများ ထောင်တက်သွားပြီး၊ အမြီးကို ကုတ်ကာ ပထမဆုံး လှည့်ပြေးတော့၏။
ကျန်သော ဝံပုလွေများမှာလည်း သရဲမြင်သည့်အလား အသံတိုးတိုးဖြင့် ညည်းညူကာ မှောင်မိုက်သော ညထဲသို့ ဖရိုဖရဲ ထွက်ပြေးကြတော့သည်။
“ဟင် ၊ မင်းတို့ ကြားလိုက်လား ဝံပုလွေ အော်သံလားလို့”
ကင်းလှည့်အဖွဲ့မှ နားပါးသော စစ်သည်တစ်ဦးက ဆိုလိုက်သည်။
“ဟုတ်သလိုပဲ... အဝေးကနေလိုပဲ”
ခေါင်းဆောင်ဖြစ်သူက နားစွင့်ကြည့်သော်လည်း လေတိုက်သံသာ ကြားရသည် ။
“ဟင်.... ဒီတိရစ္ဆာန်တွေက သိတတ်သားပဲ ငါတို့ ရဲရင့်တာကို သိလို့ မကပ်ရဲတာပေါ့ ညီနောင်တို့... အားလုံး သတိနဲ့နေကြ"
ကင်းလှည့်အဖွဲ့မှာ သေဘေးမှ လွတ်သွားခဲ့ခြင်း ဖြစ်သော်လည်း၊ မိမိတို့၏ သတိဝီရိယ ကောင်းမွန်မှုကြောင့် ဝံပုလွေများ ထွက်ပြေးသွားသည်ဟု ထင်ကာ ရင်ကိုကော့၍ အထက်လူကြီးထံ အစီရင်ခံရန် ပြန်သွားကြတော့သည်။
နောက်တစ်နေ့ မနက်တွင် “ ဝံပုလွေများကို တားဆီးခဲ့သည့် ကင်းလှည့်အဖွဲ့” ဟူသော အစီရင်ခံစာသည် ညက ကင်းလှည့်လမ်းကြောင်း မြေပုံနှင့်အတူ ချင်ချန်း၏ စားပွဲပေါ်သို့ ရောက်ရှိလာသည်။
ချင်ချန်းသည် အစီရင်ခံစာကို ကြည့်ကာ အစပိုင်းတွင် ဂရုမစိုက်မိခဲ့ပေ။ သို့သော် သူ၏ အကြည့်သည် မြေပုံပေါ်ရှိ ဝံပုလွေများ ထွက်ပြေးသွားသော နေရာသို့ ကျရောက်သွားချိန်တွင် မျက်လုံးများ ပြူးကျယ်သွားသည်။
ဝံပုလွေများ၏ ဗီဇမှာ အလွန်ရက်စက်ပြီး ကောက်ကျစ်ကာ၊ ရရှိမည့် သားကောင်ကို အလွယ်တကူ လက်မလွှတ်တတ်ကြောင်း သူ ကောင်းကောင်း သိသည်။
သူသည် ထိုမြေပုံကို စခန်း၏ ကာကွယ်ရေး မြေပုံနှင့် ထပ်ကြည့်လိုက်ပြီး လက်ညှိုးဖြင့် လမ်းကြောင်းတစ်ခုကို ဖြည်းညှင်းစွာ ဆွဲကြည့်လိုက်သည်။
အိမ်ရှေ့စံ၏ စစ်တဲမှ ကင်းလှည့်အဖွဲ့ အန္တရာယ် ကြုံခဲ့ရသည့် နေရာအထိ၊ ထိုမှတစ်ဆင့် မြေပုံပေါ်တွင် မှတ်သားမထားသော အသစ်ပေါ်လာသည့် ကောက်ရိုးပုံကြီးအထိပင်။
မနေ့ညက အိမ်ရှေ့စံမင်းသားသည် ညလယ်ခေါင်တွင် အိပ်ချင်မူးတူး လမ်းလျှောက်ရင်း စစ်တဲအပြင်သို့ ထွက်လာခဲ့ကြောင်း ကင်းလှည့်အဖွဲ့က သူ့ကို သတင်းပေးပို့ခဲ့ပြီး ဖြစ်သည်။
မြွေများနှင့် ကင်းမြီးကောက်များမှာ ထိတ်လန့်တကြား ဆုတ်ခွာသွားကြပြီး၊ ယခုအခါ ရက်စက်သော ဝံပုလွေများပင် ထွက်ပြေးကုန်၏။
ဤအရာအားလုံးက ထူးဆန်းစွာဖြင့် လူတစ်ယောက်တည်းကိုသာ ညွှန်ပြနေသည်။
ချင်ချန်း၏ အသက်ရှူသံမှာ ခေတ္တရပ်တန့်သွားပြီး အကြည့်များက အရင်ကထက် ပို၍ နက်ရှိုင်းလာ၏။
“ဒီကောင်လေးက... တကယ်ပဲ... ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတဲ့သူလား”
ထိုအချိန်တွင် “ကံကောင်းသူကြီး” အဖြစ် သတ်မှတ်ခံထားရသော ရှောင်ရှန်းမှာ ကောက်ရိုးပုံထဲမှ သမ်းဝေရင်း ထလာပြီး ကိုယ်ပေါ်ရှိ ကောက်ရိုးစများကို ခါထုတ်လျက် ညည်းညူနေလေ၏။
“အိပ်နေရင်းနဲ့ ဘယ်လိုလုပ်ပြီး နေရာ ပြောင်းသွားရတာလဲ ၊ ဒီစစ်စခန်းရဲ့ ဖုန်းရွှေက တကယ်ကို မကောင်းဘူး၊ ငါ့ရဲ့ အေးအေးလူလူ ဘဝလေးကို အတော်လေး အနှောင့်အယှက်ပေးတာပဲ"
သူ လုံးဝ သတိမထားမိသည်မှာ သူ ယခုလေးတင် အိပ်ခဲ့သော ကောက်ရိုးပုံအောက်ရှိ မြေကြီး အစိတ်အပိုင်းလေးတစ်ခုမှာ ထူးဆန်းသော ခရမ်းရင့်ရောင် ဖြစ်နေပြီး၊ မနက်ခင်းနှင်းစက်များကြောင့် ဖုံးလွှမ်းနေသည့် ငါးညှီနံ့တစ်ခု ထွက်ပေါ်နေခြင်းပင်။
ဤသည်မှာ လူရိုင်းမျိုးနွယ်စုဝင် ကင်းထောက်များမှ ငွေကုန်ကြေးကျများစွာဖြင့် ဂရုတစိုက်ချထားခဲ့သော အဆိပ်ထောင်ချောက်ငယ်လေးတစ်ခု ဖြစ်ကာ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်နှင့် ပေါက်ကွဲရန်အသင့်ပင် ဖြစ်သည်။