အခန်း (၆၉-၇၀)
Vol. 8 Ch. 69-70
အခန်း (၆၉) : တိုင်းပြည်ကို အုပ်ချုပ်နေသော အိမ်ရှေ့စံက “ပျော်ပါး” ချင်နေပြီ
“ရှောင်ပိုင်... ရှောင်ပိုင်ရေ...”
ရှောင်ရှန်း သည် အားပျက်နေသော ပုံစံဖြင့် သူ၏ နားထင်ကို နှိပ်နယ်ရင်း ခြေရင်းတွင် အိပ်ငိုက်နေသော ကျားဖြူလေးကို ကြည့်ကာ ညည်းတွားပြန်သည်။
“ပြောစမ်းပါဦး... မင်းရဲ့သခင် ငါကိုယ်တော်က ဒီကမ္ဘာပေါ်မှာ နံပါတ်တစ် ကံအဆိုးဆုံးလူ ဟုတ်တယ်မလား၊ ပြဿနာတက်အောင် နည်းမျိုးစုံ ကြံစည်ပါရဲ့နဲ့၊ ရလဒ်က ဘာလဲ တခြားလူတွေအတွက်ပဲ လမ်းခင်းပေးသလို ဖြစ်နေပြီး ငါ့မျက်နှာကို ရွှေချပေးနေသလိုပဲ”
“ ဒီအမတ်တွေကရော ဦီးနှောက်ရှိရဲ့လား မသိ၊ ငါကိုယ်တော်ရဲ့ ရူးကြောင်ကြောင် စကားတွေကိုတောင် အမိန့်တော်တစ်ခုလို ဘာလို့ အတင်းအဓိပ္ပာယ် ကောက်နေကြတာတုန်း”
ကျားဖြူလေးသည် ပျင်းရိသော အမူအရာဖြင့် သူ၏ ပြာလဲ့လဲ့ မျက်လုံးလေးများက ရှောင်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ထို့နောက် ပြန်မှိတ်သွားသည်။
ထို့နောက် “ ဝူးဝူး” ဟု အသံပြုနေသည်မှာ “မနှောင့်ယှက်နဲ့၊ ငါကိုယ်တော် အိပ်ဦးမယ်” ဟု ပြောနေသည့်အလားပင်။
“ဟေ့... မင်းကတော့ ကျေးဇူးကန်းလိုက်တာ”
ရှောင်ရှန်းသည် ၎င်း၏ မွှေးနုနု ဖင်လေးကို ခြေထောက်ဖြင့် အသာအယာ ကန်လိုက်သည်။
“ငါကိုယ်တော် ဒီလောက် စိတ်ညစ်နေတာကို မင်းက ကောင်းကောင်း အိပ်နိုင်တယ်ပေါ့ လျှောက်တင်လွှာ စစ်ဆေးရတာက အပြစ်ပေးခံရတာထက်တောင် ပိုခံရခက်သေးတယ်”
“ ဒီအတိုင်းသာ ဆက်သွားနေရင် ၊ ရာထူးကနေ အဖယ်ခံရဖို့ မပြောနဲ့ ၊ အမတ်တွေက သူ့ကို ထမ်းပြီး နဂါးပလ္လင်ပေါ် အတင်းတင်ကြမှာကိုတောင် ကြောက်မိတယ်”
“မဖြစ်ဘူး ဒီအတိုင်း အေးအေးဆေးဆေး နေလို့ မဖြစ်တော့ဘူး”
ရှောင်ရှန်းသည် ကုလားထိုင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် “ပြတ်သားသော” အလင်းတန်းတစ်ခု လျှပ်တပြတ် ဝင်းလကိသွားသညိ။
“လျှောက်တင်လွှာ စစ်ဆေးတာလောက်ကတော့ ရေပူကို ရေအေးနဲ့ လောင်းသလိုပဲ၊ တိုင်းပြည်ကို အမြစ်ကနေ မပျက်စီးစေနိုင်ဘူး”
“ တစ်ခုခုတော့ အပြင်းအထန် လုပ်မှ ဖြစ်တော့မယ် ခမည်းတော် ရောဂါ ဘယ်လောက်ကြီးကြီး၊ ဒီသတင်းကြားတာနဲ့ ကုတင်ပေါ်ကနေ လန့်နိုးလာပြီး ဒေါသတကြီးနဲ့ ငါ့ကို ရာထူးက ချပစ်စေရမယ်”
သူ၏ “ထူးကဲလှသော” အကြံကြီးသည် မှောင်မိုက်သော ညထဲမှ တစ္ဆေမီးအလား သူ၏ ဦးနှောက်ထဲတွင် လှစ်ခနဲ့ ဝင်းလက်သွားသည်။
“ တော်ဝင်အိမ်ခြံမြေ”
ရှောင်ရှန်းသည် ပေါင်ကို တစ်ချက် ပုတ်လိုက်ရာ ဘေးမှ အိပ်ငိုက်နေသော ကျားဖြူလေးပင် လန့်ဖျပ်ကာ ခုန်တက်သွားလေ၏။
“ဟုတ်တာပေါ့ တော်ဝင်အိမ်ခြံမြေ ၊ အဲ့တာက တော်ဝင်မိသားစုရဲ့ ငွေအိတ်ပဲ၊ သာရှတစ်နိုင်ငံလုံးမှာ ရှိနေတာ…ငါကိုယ်တော်က ‘ပြည်သူတွေရဲ့ အခြေအနေကို စူးစမ်းဖို့နဲ့ တော်ဝင်မိသားစုရဲ့ အသုံးစရိတ်တွေကို စစ်ဆေးဖို့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲ့ကစာရင်း အရှုပ်အထွေးတွေကို လိုက်စစ်လိုက်မယ်”
“ပြီးရင် ကြားထဲကနေ ငွေတွေကို နှိုက်မယ်၊ ဒါမှမဟုတ် အဂတိလိုက်စားမှု အကြီးကြီးတွေ ဖြစ်အောင် လုပ်ပြီး တော်ဝင်မိသားစုရဲ့ မျက်နှာကို အိုးမဲသုတ်မယ်... ဟင်းဟင်း... ဒါဆိုရင်တော့ ကိစ္စက အကြီးကြီး ဖြစ်သွားမှာ သေချာတယ်”
ဤသို့ တွေးမိလိုက်သည့်အခါ ရှောင်ရှန်း၏ မျက်နှာထက်တွင် ပျောက်ကွယ်နေသည်မှာ ကြာပြီ ဖြစ်သော “စိတ်လှုပ်ရှားမှု” အပြုံးများက ပြန်လည် ထွက်ပေါ်လာလေ၏။
သူသည် ရာထူးမှ ဖယ်ရှားခံရပြီးနောက် လောကအနှံ့ အေးအေးဆေးဆေး လှည့်လည်သွားလာမည့် သူ၏ လှပသော အနာဂတ်ကို မြင်ယောင်နေမိသည်။
“ ရှောင်သယ့်ဇီ ရှောင်သယ့်ဇီ”
ရှောင်ရှန်းသည် အကျယ်ကြီး လှမ်းခေါ်လိုက်သည်။
ရှောင်သယ့်ဇီ မှာ အလောတကြီး ပြေးဝင်လာသည်။
“ အရှင့်သား... ကျွန်တော်မျိုး ရှိပါတယ် ဘာများ အမိန့်ရှိမလို့လဲ”
“ငါကိုယ်တော်ရဲ့ အမိန့်ကို နာခံစမ်း”
ရှောင်ရှန်းသည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး တိုင်းပြည်စီမံခန့်ခွဲသူ မင်းတစ်ပါး၏ အရှိန်အဝါကို ဖမ်းလိုက်ရင်း။
(သူ့ကိုယ်သူတော့ အတော်လေး ရယ်စရာကောင်းသည်ဟု ထင်မိသော်လည်း)
“အခွန်ဌာနကို ချက်ချင်း လူစုခိုင်းလိုက်၊ နေရာအနှံ့မှာရှိတဲ့ တော်ဝင်အိမ်ခြံမြေတွေ လွန်ခဲ့တဲ့ သုံးနှစ်စာ ရရှိမှုနဲ့ စာရင်းဇယားတွေကို အသေးစိတ် စစ်ဆေးရမယ်”
“ငါကိုယ်တော် ကိုယ်တိုင် ကိုင်တွယ်မယ်လို့ သူတို့ကို ပြောလိုက်၊ သေသေချာချာ စစ်ဆေးရမယ်၊ ဘာမှ ဖုံးကွယ်ထားလို့ မရဘူး အမိန့်ကို မနာခံဘဲ ဟန်ဆောင်တဲ့သူရှိရင် ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်”
ရှောင်သယ့်ဇီမှာ ထိတ်လန့်သွားသည်။
‘ အိမ်ရှေ့စံ မင်းသားက... စိတ်ပြောင်းသွားတာလား ဘယ်လိုဖြစ်ပြီး အလုပ်တွေ ကြိုးစားနေတာလဲ ပြီးတော့ တော်ဝင်အိမ်ခြံမြေ စာရင်းတွေကိုပါ စစ်ဦးမလို့လား အဲ့ဒါက ငွေဝင်လမ်း ကောင်းပေမယ့် တကယ့်ကို အရှုပ်ထုပ်ကြီးလေ..’
ဤသတင်း ထွက်ပေါ်သွားသည်နှင့် တိုင်းပြည်တစ်ခုလုံး တုန်လှုပ်သွားတော့သည်။
မင်းသား (၃) ရှောင်ကျင်း၏ အိမ်တော်တွင်။
ရှောင်ကျင်းသည် လူယုံဖြစ်သူ၏ တင်ပြချက်ကို နားထောင်ရင်း ၊ မျက်မှောင်ကြုတ်သွားသည်။
“ရှောင်ရှန်းက တော်ဝင်အိမ်ခြံမြေတွေ စစ်မလို့လား သူ ဘာလုပ်ချင်နေတာလဲ ကြားထဲကနေ ငွေနှိုက်ချင်တာလား”
ရှောင်ကျင်း၏ မျက်လုံးထဲတွင် အထင်အမြင်သေးမှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး စဉ်းစားခန်းဝင်လေတော့သည်။
“မဟုတ်ဘူး၊ သူ့ရဲ့ ပျင်းရိတဲ့ ပုံစံနဲ့ဆိုရင် ဒီလောက်အထိ အပင်ပန်းခံမှာ မဟုတ်ဘူး၊ သူက ရေကို နောက်အောင်လုပ်ပြီး ကြားထဲကနေ ငါးဖမ်းချင်နေတာလား”
ဤဖြစ်နိုင်ချေကို တွေးမိပြီး ရှောင်ကျင်းသည် မဲ့ပြုံး ပြုံးလိုက်သည်။
“ဟမ်... အိမ်မက်မက်နေလိုက်၊ ငါကိုယ်တော် ကြည့်ဦးမယ် သူ ဘယ်လောက်အထိ ကမောက်ကမ လုပ်နိုင်မလဲဆိုတာ”
သူသည် ချက်ချင်းပင် တော်ဝင်အိမ်ခြံမြေများမှ မိမိ၏လူများကို စာရင်းဇယားများ “လက်စသတ်ထားရန်” အမိန့်ပေးလိုက်သည်။
ရှောင်ရှန်းကို “ပြဿနာ” အချို့ ရှာတွေ့အောင် လုပ်ပေးမည် ဖြစ်သည်။ သို့သော် ထိုပြဿနာများသည် နောက်ဆုံးတွင် ရှောင်ရှန်းကိုပင် ပြန်လည် အမှုပတ်စေမည့် ပြသနာများသာ ဖြစ်ရမည်။
မင်းသား (၅) ရှောင်ယန် ဘက်တွင်မူ အတော်လေး ရိုးရှင်းသည်။ ရှောင်ရှန်းသည် တော်ဝင်အိမ်ခြံမြေများ စစ်မည်ဟု ကြားလိုက်ရုံဖြင့် ၊ ရှောင်ယန်၏ မျက်လုံးများမှာ တောက်ပသွားသည်။
“ဟားဟား ၊ ဒီအသုံးမကျတဲ့ အိမ်ရှေ့စံက နောက်ဆုံးတော့ ခေါငိးကောင်းလာပြီပဲ ၊ တော်ဝင်အိမ်ခြံမြေက ငွေများတာ သိသွားလို့ လိုက်နှိုက်ချင်နေပြီမလား”
“ကောင်းပြီလေ ငါကိုယ်တော် သူ့ကို ကူညီပေးမယ်၊ သူ အဝစားနိုင်အောင်ပေါ့၊ အဝလွန်ပြီး သေသွားရင် ပိုကောင်းတာပေါ့”
သူသည် ချက်ချင်းပင် တော်ဝင်အိမ်ခြံမြေ၏ တာဝန်ခံများကို ရှောင်ရှန်း၏ “ ငွေရှာ”စီမံကိန်းတွင် ပူးပေါင်းပါဝင် ကူညီပေးရန် အမိန့်ပေးလိုက်သည်။
ထို့နောကိ သူသည် ရှောင်ရှန်းကို အဂတိလိုက်စားမှုနှင့် အမှုဆင်ရန် ကြိုးပမ်းပေတော့မည်။
တစ်ခဏချင်းမှာပင် တော်ဝင်အိမ်ခြံမြေ အသီးသီးတွင် ရိုက်ခတ်မှုများ ရှိလာခဲ့သည်။
အခွန်ဌာနမှ အရာရှိများသည် “သေသေချာချာ မစစ်ရင် ထွက်သွားကြ” ဆိုသည့် အိမ်ရှေ့စံ၏ အမိန့်ကြောင့် ထိတ်လန့်တုန်လှုပ်နေကြသည်။
ဤအိမ်ရှေ့စံသည် ပုံမှန်ဆိုလျှင် ပျင်းရိသော်လည်း ၊ တကယ်တန်း ဒေါသထွက်လာလျှင် မည်သူ့မျက်နှာမှ မထောက်ထားတတ်သူ ဖြစ်ကြောင်း လူတိုင်း သိကြသည်။
လွန်ခဲ့သည့် ရက်ပိုင်းက လျှောက်လွှာများကို စစ်ဆေးစဉ်ကလည်း အမတ်များကို ထူးဆန်းသော အကြောင်းပြချက်မျိုးစုံနှင့် ဆော်ပလော်တီးခဲ့သည် မဟုတ်လော။
ထို့ကြောင့် အခွန်ဌာနမှ အရာရှိများသည် ယခင်က မရှိဖူးသော “လေးနက်မှု” ဖြင့် စစ်ဆေးရေးအဖွဲ့ကြီးများ ဖွဲ့စည်းကာ တော်ဝင်အိမ်ခြံမြေ အသီးသီးသို့ ချီတက်ကြတော့သည်။
တော်ဝင်အိမ်ခြံမြေ၏ တာဝန်ခံ အများစုမှာ ရှောင်ကျင်း သို့မဟုတ် ရှောင်ယန်၏ လူယုံများ ဖြစ်ကြပြီး ပုံမှန်ဆိုလျှင် အခွင့်အာဏာကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးရှာနေကြသူများ ဖြစ်သည်။
အိမ်ရှေ့စံ၏ စစ်ဆေးမှုမှာ ဟန်ပြသာ ဖြစ်မည်ဟု ထင်ထားကြသော်လည်း၊ အခွန်ဌာနမှ လူများသည် အကုန်လုံးကို အမြစ်ကနေ လှန်ကာ စစ်ဆေးလေတော့၏။
“အရာရှိမင်း... ဒါ... ဒါက စာရင်းမှာ အနည်းငယ် လွဲမှားနေတာပါ၊ ကျွန်တော်မျိုး ချက်ချင်း ပြန်ပြင်လိုက်ပါ့မယ်”
ခပ်ဝဝ တော်ဝင်အိမ်ခြံမြေ တာဝန်ခံ တစ်ဦးမှာ အခွန်ဌာန အရာရှိ ဖော်ထုတ်လိုက်သော စာရင်းအရှုပ်အထွေးများကို ကြည့်ရင်း ချွေးပြန်နေသည်။
“လွဲမှားနေတာလား ငါ့အမြင်မှာတော့ ဒါက ငွေတွေ ခိုးယူထားတာပဲ”
အခွန်ဌာန အရာရှိသည် မျက်နှာသာ မပေးဘဲ စာရင်းအတု ၊ အရှုပ်အထွေးများ အားလုံးကို ထုတ်ဖော်လိုက်သည်။
“အိမ်ရှေ့စံ မင်းသားရဲ့ အမိန့်ရှိတယ်၊ အကုန်လုံးကို အမြစ်ပြတ် စစ်ဆေးရမယ် …ဖုံးကွယ်ထားရင် ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်”
ရက်အနည်းငယ်အတွင်းမှာပင် ငွေစာရင်း လိုအပ်ချက်များမှာ ရှောင်ရှန်း၏ စားပွဲပေါ်သို့ ရောက်ရှိလာတော့၏။
အခန်း(၇၀)
“တင်ပြပါတယ် မင်းသား... ကျင်းကျီး တော်ဝင်အိမ်ခြံမြေမှာ ငွေစင် သုံးသောင်း လိုအပ်နေပါတယ်”
“တင်ပြပါတယ် မင်းသား... ကျန်းနန် တော်ဝင်အိမ်ခြံမြေမှာ ငွေစင် ငါးသောင်း လိုအပ်နေပါတယ်၊ ဒါ့အပြင် ပိုးထည် အလိပ်တစ်ထောင်လည်း ပျောက်ဆုံးနေပါတယ်”
“တင်ပြပါတယ် မင်းသား... မြောက်ပိုင်း တော်ဝင်အိမ်ခြံမြေမှာ စာရင်းတွေ ရှုပ်ထွေးနေပြီး ၊ သံရိုင်း ထွက်ရှိမှုကလည်း တင်ပြထားတာနဲ့ လုံးဝ မကိုက်ညီပါဘူး၊ အနည်းဆုံး ငွေစင် တစ်သိန်းလောက် ခိုးယူခံထားရတယ်လို့ ယူဆရပါတယ်”
ရှောင်ရှန်းသည် ရှောင်သယ့်ဇီ၏ ဖတ်ပြမှုများကို နားထောင်ရင်း၊ မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍ တောက်ပလာသည်။ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ စားပွဲကို “ဘုန်း” ခနဲ ပုတ်ကာ အကျယ်ကြီး ရယ်မောလေတော့သည်။
“ဟားဟားဟား ကောင်းတယ် … ကောင်းတယ်၊ ဒီလောက်ကြီးတဲ့ အပေါက်ကြီးတွေ ခမည်းတော် သိသွားရင်တော့ ဧကန်မုချ ဒေါသထွက်ပြီး ငါ့ကို ရာထူးကနေ ချမှာ သေချာတယ် ငါကိုယ်တော်ရဲ့ အေးအေးဆေးဆေး နေရမယ့် ဘဝကြီးက လက်တစ်ကမ်းအလိုကို ရောက်နေပြီကွ ”
သူသည် တောင်လိုပုံနေသော စာရင်းအရှုပ်အထွေးများကို ကြည့်ရင်း၊ မိမိကို လက်ယက်ခေါ်နေသော ရွှေရောင် တောက်တောက် “ရာထူးချ အမိန့်တော်”ကို မြင်ယောင်နေမိသည်။
ရှောင်သယ့်ဇီမှာ ကခုန်မတတ် ထပျော်နေသည့် မိမိသခင်၏ ကြည့်ရင်း၊ ပါးစပ်မှာ တလှုပ်လှုပ် ဖြစ်နေသည်။
‘မင်းသားရယ်... ဒါတွေက တော်ဝင်မိသားစုရဲ့ ငွေ အရှုံးစာရင်းတွေလေ …ဘာလို့ ဒီလောက်တောင် ဝမ်းသာနေရတာတုန်း”
“အမိန့်တော် ထုတ်ပြန်လိုက်စမ်း”
ရှောင်ရှန်းသည် လက်ကို ဝှေ့ယမ်းကာ အမိန့်ထုတ်လိုက်သည် ။
“စာရင်းအရှုပ်အထွေးရှိတဲ့ တာဝန်ခံ အားလုံးကို တစ်ယောက်မကျန် ဖမ်းစမ်း၊ အိမ်တော်တွေကို ချိပ်ပိတ်ပြီး ပိုင်ဆိုင်မှုတွေကို သိမ်း.. လူပုံအလယ်မှာ စစ်ဆေးမယ်”
“ငါကိုယ်တော် ကိုယ်တိုင် ကြီးကြပ်မယ် တစ်နိုင်ငံလုံး သိသွားအောင် အကြီးအကျယ် လုပ်စမ်း၊ တော်ဝင်မိသားစုက ‘အဂတိလိုက်စားမှုကို ဘယ်လို ပြင်းပြင်းထန်ထန် နှိမ်နင်းသလဲ’ ဆိုတာ လူတွေ မြင်သွားစေရမယ်”
သူ့ဟာသူ တွက်ချက်ထားပြီး ဖြစ်သည်။
‘ကိစ္စက ကြီးလေလေ ပိုကောင်းလေလေပဲ….စွဲချက်ကြီးလေ ကောင်းလေလေပဲ ဒီအဂတိလိုက်စားမှုကြီးကို တော်ဝင်မိသားစုအပေါ် ပုံချပြီး၊ ငါကိုယ်တိုင်လည်း နာမည်ပျက်သွားအောင် လုပ်ပစ်မယ်’
တစ်ခဏချင်းမှာပင် တစ်တိုင်းပြည်လုံး ထိတ်လန့်တုန်လှုပ်သွားတော့သည်။
ကိုယ်ရံတော်တပ်ဖွဲ့များသည် အခွန်ဌာန အရာရှိများ၏ လမ်းပြမှုဖြင့် တော်ဝင်အိမ်ခြံမြေအသီးသီးသို့ ပြေးဝင်ကာ သက်ဆိုင်ရာ တာဝန်ခံများကို ဖမ်းဆီးခဲ့သည်။
အိမ်တော် ချိပ်ပိတ်သိမ်းဆည်းရေး အဖွဲ့များမှာလည်း လျင်မြန်လှသည်။ ရွှေငွေ ရတနာများ၊ ရှေးဟောင်း ပစ္စည်းများနှင့် မြေကွက်ပိုင်ဆိုင်မှု စာချုပ်များကို သေတ္တာလိုက် အပြင်သို့ သယ်ထုတ်လာကြသည်။
ပြည်သူများသည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။
အစပိုင်းတွင် အရာရှိများက ပြည်သူ့စည်းစိမ်ကို လုယူနေသည်ဟု ထင်မှတ်ကြသော်လည်း၊ နောက်ပိုင်းတွင် အိမ်ရှေ့စံ မင်းသား ကိုယ်တိုင် အမိန့်ပေးကာ တော်ဝင်အိမ်ခြံမြေများမှ အဂတိလိုက်စားသူများကို ဖမ်းဆီးပြီး နိုင်ငံတော် ဘဏ္ဍာကို ပြန်လည် သိမ်းဆည်းနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုသတင်းများ ပျံ့နှံ့သွားသည်နှင့် အမျှ၊ တစ်နိုင်ငံလုံး ဆူညံသွားလေတော့သည်။
“ကြားလိုက်ကြလား အိမ်ရှေ့စံ မင်းသားက သွေးစုပ်နေတဲ့ တာဝန်ခံတွေကို အကုန် ဖမ်းလိုက်ပြီတဲ့”
“ဟုတ်ပဗျာ သိမ်းဆည်းရမိတဲ့ ရွှေငွေတွေဆိုတာ တောင်လို ပုံနေတာပဲတဲ့ ၊ ဒီလို အရာရှိဆိုးတွေကိုတော့ အသေသတ်သင့်တာ”
“အိမ်ရှေ့စံ မင်းသားက တကယ်ကို ထက်မြက်တာပဲ ၊ ပြတ်ပြတ်သားသားနဲ့ ပြည်သူ့အတွက် အန္တရာယ်တွေကို ဖယ်ရှားပေးလိုက်ပြီ”
ကိစ္စအကြီးအကျယ် ဖြစ်အောင် လုပ်ချင်ရုံသာ ရှိသော ရှောင်ရှန်းခမျာ အခြေအနေများသည် သူ ထိန်းချုပ်၍ မရနိုင်လောက်အောင် ထပ်ပြီး ကြီးကျယ်သွားမှန်း ထင်မှတ်မထားခဲ့ပေ။
အဖမ်းခံရသော တာဝန်ခံများမှာလည်း ငိုယိုကာ အမှန်အတိုင်း ဖွင့်ပြောကြတော့သည်။ သူတို့ ခိုးယူထားသော ငွေများကိုသာမက နောက်ကွယ်မှ ခိုင်းစေသူ သခင်များကိုပါ ဖော်ထုတ်လိုက်ကြသည်။
ထိုသခင်များမှာ ဆယ်ပုံကိုးပုံခန့်က မင်းသား (၃) ရှောင်ကျင်း နှင့် မင်းသား (၅) ရှောင်ယန် တို့ ဖြစ်နေပြန်သည်။
သိမ်းဆည်းရမိသော ပစ္စည်းများကို အခွန်ဌာနက သေချာ စစ်ဆေးခဲ့ပြီး၊ ပမာဏမှာ လူတိုင်း ထင်ထားသည်ထက် များပြားလွန်းလှသည်။
တော်ဝင်အိမ်ခြံမြေများ၏ အရှုပ်အထွေးများကို ဖြေရှင်းနိုင်ခဲ့ရုံသာမက နိုင်ငံတော်၏ ဘဏ္ဍာတိုက်ကိုပါ သိသိသာသာ ပြည့်လျှံသွားစေခဲ့သည်။
ရှောင်ရှန်းကို ပို၍ သွေးအန်စေခဲ့သည်မှာ ထိုအဂတိလိုက်စားသူများ ဖမ်းဆီးခံလိုက်ရခြင်းသည် မင်းသား (၃) နှင့် မင်းသား (၅) တို့၏ အင်အားများကို အကြီးအကျယ် ထိခိုက်စေခဲ့ခြင်းပင်။
သို့သော် “နိုင်ငံကို ဖျက်ဆီးမည့် မင်းဆိုး” တစ်ပါး ဖြစ်ချင်လှသော အိမ်ရှေ့စံ ရှောင်ရှန်းမှာမူ ၊ ပြည်သူများကြားတွင် ချက်ချင်းလက်ငင်း နာမည်ကြီးသွားပြန်လေ၏။
“အိမ်ရှေ့စံ မင်းသား… သက်တော်ရာကျော်ရှည်ပါစေ”
“အိမ်ရှေ့စံ မင်းသားက ငါတို့ သာရှမင်းဆက်ရဲ့ ကံကောင်းခြင်းပဲ”
ချီးမွမ်းသံများမှာ နားမဆံ့အောင် ကြားနေရပြီး၊ လက်ဖက်ရည်ဆိုင်များတွင်ပင် “အိမ်ရှေ့စံက အဂတိလိုက်စားသူတွေကို နှိမ်နင်းပုံ” အကြောင်း ပုံပြင်များ ပြောနေကြကာ လူအများ၏ သြဘာပေးခြင်းကို ခံနေရသည်။
အရှေ့နန်းဆောင် စာကြည့်ဆောင်အတွင်း ရှောင်ရှန်းခမျာ ရှောင်သယ့်ဇီ၏ အားရပါးရ တင်ပြချက်များကို နားထောင်ရင်း၊
နိုင်ငံတော် ဘဏ္ဍာတိုက်ထဲ ငွေမည်မျှ ဝင်လာကြောင်းနှင့် မင်းသား (၃)၊ မင်းသား (၅) တို့ မည်မျှ ကံဆိုးသွားကြောင်း ကြားသိပြီးနောက် အမြင်များ ဝေဝါးသွားကာ သွေးအန်မတတ် ဖြစ်ခဲ့ရသညိ။
သူသည် ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ် လှဲချလိုက်ပြီး အမိုးကို ကြည့်ကာ ငိုသံလေးဖြင့် ညည်းရှာသည်။
“ဘာလို့လဲ... ဘာလို့ ဒီလို ဖြစ်ရတာလဲ...”
“ငါက တကယ်ကို ကိုယ်ကျိုးရှာပြီး တော်ဝင်မိသားစုရဲ့ နာမည်ကို ဖျက်ဆီးချင်တာလေ၊ ဘယ်လိုဖြစ်ပြီး ‘ပြတ်သားစွာနဲ့ အဂတိလိုက်စားမှုကို နှိမ်နင်းသူကြီး’ ဖြစ်သွားရတာလဲ”
“ငါက ကိစ္စအကြီးကြီး ဖြစ်အောင် လုပ်ပြီး ခမည်းတော် ငါ့ကို ရာထူးချအောင် လုပ်ချင်တာလေ၊ ဘယ်လိုဖြစ်ပြီး ‘ တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးပြုပြီး ပြည်သူ့မေတ္တာကို ရရှိသူ’ ဖြစ်သွားရပြန်တာတုန်း”