အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း ( ၇၁) - အိမ်ရှေ့စံ “ထွက်ပြေး” ရန် ကြံစည်နေပြီ
အရှေ့နန်းဆောင် စာကြည့်ဆောင်အတွင်း။
ရှောင်ရှန်း တစ်ယောက် အလွဲအချော်မရှိဘဲ မိမိကိုယ်ကိုယ် “သေလမ်းရှာ” နိုင်မည့် နောက်ထပ်ခြေလှမ်းကို စဉ်းစားနေစဉ်မှာပင်၊
စာကြည့်ဆောင်အပြင်ဘက်မှ ရှောင်သယ့်ဇီ၏ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသည်။
“မင်းသား.. မင်းသားရေ၊ မကောင်းတော့ဘူး၊ ကိစ္စအကြီးကြီး ဖြစ်ပြီ”
“ဘာကိစ္စအကြီးကြီး ဖြစ်ရပြန်တာတုန်း”
ရှောင်ရှန်းသည် ပျင်းရိစွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။
ရှောင်သယ့်ဇီမှာ အလောတကြီး ပြေးဝင်လာကာ အော်ပြောလေတော့၏။
“မင်းသား၊ မြောက်ပိုင်းနယ်စပ်က... အရေးပေါ် စစ်သတင်း ပေးပို့လာတယ် ၊ မြက်ရိုင်းလွင်ပြင် လူရိုင်းမျိုးနွယ်စုက အင်အား တစ်သိန်းကျော် ရှိတဲ့ စစ်တပ်ကို စုစည်းပြီး… မဟာတံတိုင်း ခံစစ်ကို ဖောက်ထွက်လိုက်ပါပြီ”
“အခု ကျွန်တော်တို့ရဲ့ နယ်စပ်မြို့တွေကို ဦးတည်ပြီး စစ်ချီလာနေပါပြီ၊ လမ်းတစ်လျှောက်လုံး မီးရှို့၊ သတ်ဖြတ်၊ လုယက်နေကြလို့... နယ်စပ်က ပြည်သူတွေ အကြီးအကျယ် သေကျေပျက်စီး နေရပါတယ်တဲ့ ”
“ဘာ”
ရှောင်ရှန်းသည် ကြားကြားချင် ဝုန်းခနဲ ထထိုင်လိုက်သည်။
‘စစ်ဖြစ်ပြီလား'
သူ့ဦးနှောက်ထဲတွင် ပထမဆုံး ပေါ်လာသည့် အတွေးမှာ တိုင်းပြည်အရေး မဟုတ်။ ဤခွေးသားများက သူ နိုင်ငံတော်ကို စီမံခန့်ခွဲနေရသည့် အချိန်ကျမှ ရောက်ချလာကာ ပြဿနာရှာရသလား ဆိုသည့် အတွေးပင်။
သတင်းမှာ အတောင်ပံပါသည့်အလား မြို့တော်တစ်ခုလုံးသို့ တခဏချင်း ပျံ့နှံ့သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် တစ်နိုင်ငံလုံး တုန်လှုပ်သွားလေတော့၏။
အိမ်ရှေ့စံ မင်းသား၏ “ပြတ်သားစွာ အဂတိလိုက်စားမှု နှိမ်နင်းခြင်း” ကြောင့် ဝမ်းသာအားရ ဖြစ်နေကြသော အမတ်များမှာလည်း ယခုအခါတွင် မျက်နှာများမကောင်းကြပေ။
လူရိုင်းမျိုးနွယ်စု၏ ကျူးကျော်လာခြင်းသည် ရယ်စရာ မဟုတ်ပေ။ ထိုမြက်ရိုင်းလွင်ပြင်မှ ဝံပုလွေများသည် အလွန် ရက်စက်ကြမ်းကြုတ်ကြသည်။ သူတို့ကို ပြည်တွင်းအထိ ကျူးကျော်ခွင့် ပေးလိုက်ပါက၊ နောက်ဆက်တွဲ ရလဒ်မှာ တွေးဝံ့စရာပင် မရှိပေ။
နန်းတော် ညီလာခံခန်းမအတွင်းရှိ လေထုမှာ အတော်လေး လေးလံနေသည်။
“အိမ်ရှေ့စံ မင်းသား၊ အခု မြောက်ပိုင်းမှာ စစ်မီးတွေ တောက်နေပြီး စစ်ရေးအခြေအနေက အလွန် အရေးကြီးနေတယ်၊ သာရှမင်းဆက် အနေနဲ့ တိုက်မှာလား၊ ငြိမ်းချမ်းရေး လုပ်မှာလားဆိုတာ မင်းသား မြန်မြန် ဆုံးဖြတ်ပေးပါ”
“အကယ်၍ တိုက်မယ်ဆိုရင်လည်း ရန်သူကို နှိမ်နင်းနိုင်ဖို့ စစ်အင်အားကို ဘယ်လို ဖြန့်ကျက်မလဲဆိုတာ မိန့်ကြားပေးပါ”
လင်ပေါ်ရုံက ဦးစွာ ရှေ့ထွက်၍ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
သူသည် ရှောင်ရှန်းကို စိတ်မချသေးသော်လည်း ယခုကဲ့သို့ တိုင်းပြည်အန္တရာယ် ကြုံနေရချိန်တွင် နိုင်ငံတော်စီမံခန့်ခွဲသူ အိမ်ရှေ့စံထံမှ အကြံဉာဏ် တစ်ခုခု ရလိုရငြား အားကိုးမိခြင်းသာ ဖြစ်သည်။
ချင်ချန်းမှာ ရှောင်ရှန်းကို စူးစိုက်ကြည့်နေပြီး၊ ပြင်းထန်သော တိုက်ပွဲဝင်စိတ်ဓာတ်ဖြင့် လျှောက်တင်လာ၏။
“အိမ်ရှေ့စံ မင်းသား၊ ကျွန်တော်မျိုး ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး မြောက်ပိုင်းကို သွားချင်ပါတယ်။ အမိန့်ပေးတော်မူပါ”
အခြား အမတ်များကလည်း “အိမ်ရှေ့စံ ဆုံးဖြတ်ပေးပါ”၊ “အိမ်ရှေ့စံ အမိန့်ပေးပါ” ဟု တညီတညွတ်တည်း လျှောက်တင်နေကြသဖြင့် ရှောင်ရှန်းမှာ အကြီးအကျယ် စိတ်ညစ်နေသည်။
‘စစ်တိုက်ရမယ်၊ နောက်နေတာလား… ကိုယ့်ဟာကိုယ် ပုရစ်တိုက်တာတောင် ပင်ပန်းတယ်လို့ ထင်တဲ့သူက အခု ထောင်သောင်းချီတဲ့ စစ်သည်တွေကို ကွပ်ကဲရမယ် ဟုတ်လား'
‘ ဒါက သာရှမင်းဆက်ကြီးကို မီးပုံထဲ တွန်းပို့လိုက်တာ မဟုတ်ဘူးလား’
သူသည် ပုံမှန်အတိုင်းပင် ဤပူပူလောင်လောင် ပြသနာထုပ်ကြီးကို အမတ်ချုပ် နှင့် စစ်သေနာပတိချုပ်တို့ ဆွေးနွေးဆုံးဖြတ်ရန် လွှဲပေးပြီး သူကတော့ အေးအေးလူလူ နေရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ရုတ်တရက် အကြံတစ်ခု တွေးမိသွားကာ ရှောင်ရှန်း၏ မျက်လုံးများမှာ လက်ခနဲ့ တောက်ပသွားသည်။
‘ဟုတ်တာပေါ့! စစ်တိုက်တာ..ဒါက “သေလမ်းရှာဖို့” အတွက် တစ်သက်မှာ တစ်ခါပဲ ရတဲ့ အခွင့်အရေးကြီးပဲ’
သူ ယခင်က ပြုလုပ်ခဲ့သော လျှောက်တင်လွှာ စစ်ဆေးခြင်း၊ တော်ဝင်အိမ်ခြံမြေ သိမ်းဆည်းခြင်း စသောလုပ်ရပ်များကို “ပြဿနာရှာခြင်း” အဖြစ် သတ်မှတ်နိုင်သော်လည်း ၊ အများအားဖြင့် ၎င်းတို့သည် နန်းတော်တွင် ယာယီ ရှုပ်ထွေးအောင် လုပ်နိုင်ရုံသာ ရှိသည်။၊
သာရှတိုင်းပြည်၏ အခြေခံအုတ်မြစ်ကို မထိခိုက်စေသည့်အပြင် အလွဲလွဲအချော်ချော် ဖြစ်ကာ သူ့မျက်နှာကို ရွှေချပေးသလိုသာ ဖြစ်နေခဲ့သည်။
‘ဒါပေမဲ့ စစ်တိုက်တာကတော့ မတူဘူး..
ဒါက တိုင်းပြည်ရဲ့ ရှင်သန်ရပ်တည်ရေးနဲ့ ဆိုင်တဲ့ ကိစ္စကြီးပဲ…’
‘တကယ်လို့ သူသာ မှားမှားယွင်းယွင်း ကွပ်ကဲမိလို့ အကြီးအကျယ် ရှုံးနိမ့်ပြီး၊ စစ်သည်တွေလည်း သေကျေပျက်စီး မြို့တွေကိုလည်း ဆုံးရှုံးခဲ့မယ်ဆိုရင်…’
‘ ဟင်းဟင်း... အဲ့အခါကျရင် ဖခမည်းတော်ကြီးက သူ့ကို ဘယ်လောက်ပဲ မျက်နှာသာပေးပေး၊ အိမ်ရှေ့စံ ရာထူးကိုတော့ လုံးဝ ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး၊ တစ်နိုင်ငံလုံးက လူတွေရဲ့ တံတွေးနဲ့တင် သူ နစ်မွန်းသွားမှာ သေချာတယ်…’
“ရာထူးကနေ ဖယ်ရှားခံရမည့် ” အခွင့်အလမ်းကြီးသည် သူ့ရှေ့တွင် တစ်ဖန် ထွက်ပေါ်လာခဲ့ချေပြီ။
ရှောင်ရှန်း တစ်ယောက် ထိုအကြောင်းကို တွေးမိပြီး စိတ်လှုပ်ရှားလာကာ သူ၏မျက်နှာထက်တွင် “ဉာဏ်ပညာရှိသော” တောက်ပမှုဖြင့် ဝင်းလက်နေလေ၏။
သူ၏ဦးနှောက်ထဲတွင် ပို၍ ကောင်းမွန်သော အကြံတစ်ခု ပေါ်ထွက်လာပြန်သည်။
ဤသည်မှာ သူကိုယ်တိုင် စစ်ချီထွက်ပေတော့မည်။
‘ “သူကိုယ်တိုင် စစ်ချီထွက်မယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ အကြောင်းပြပြီး …ပြီးမှ အခွင့်အရေး ရတာနဲ့ လစ်ထွက်မယ်
အဲ့အခါကြရင် ကောင်းကင်အောက်မှာ လွတ်လပ်စွာ လှည့်လည်ရင်း ဘဝကြီးကို အေးအေးဆေးဆေး ဖြတ်သန်းလို့ရပြီ မဟုတ်လား’
ဒါဆို သာရှမင်းဆက်ရဲ့အန္တရာယ်ကြီးကိုရော ဘယ်လိုလုပ်မလဲ။
ဟေး ၊ အဲ့တာတွေ လာမပြောနဲ့ .. အဲ့တာ သူ့ကိစ္စ မဟုတ်ဘူး၊ သူ သိတာဆိုလို ဘဝကြီးကို အိပ်လိုက်စားလိုက် အေးအေးဆေးဆေးနေဖို့ပဲ …
ထိုသို့ တွေးမိသည်နှင့် ရှောင်ရှန်း တစ်ယောက် စိတ်အားထက်သန်စွာဖြင့် ထရပ်လိုက်ပြီး ( သူ့နားထဲမှာတော့ သူ့ကိုယ်သူ လွတ်မြောက်တော့မည့် ကြွေးကြော်သံနှင့် တူသော်ငြားလည်း ) ကျယ်လောင်စွာ ကြေညာလိုက်သည်။
“အမတ်မင်းတို့ ပြောတာ မှန်တယ်၊ တိုင်းပြည် အန္တရာယ် ကြုံနေရချိန်မှာ လူရိုင်းမျိုးနွယ်စုတွေ ကျူးကျော်လာလို့ သာရှပြည်သူတွေ ဒုက္ခရောက်နေကြပြီ”
“ငါကိုယ်တော်ဟာ အိမ်ရှေ့စံ ဖြစ်သလို ခမည်းတော်ကိုယ်စား နိုင်ငံကို စီမံနေသူဖြစ်တာကြောင့် ဘယ်လိုလုပ်ပြီး ဒီအတိုင်း ထိုင်ကြည့်နေနိုင်မှာလဲ”
သူသည် အမတ်များကို တစ်ချက် ဝေ့ကြည့်လိုက်ကာ တိုင်းပြည်အတွက် အလွန် ပူပန်နေသော ဒီဇိုင်းဖြင့်။
“ငါတို့ သာရှတိုင်းပြည်ကြီးကို တည်ထောင်ခဲ့တာ နှစ်ပေါင်း တစ်ရာ ရှိခဲ့ပြီ၊ ဘယ်တုန်းက ပြင်ပရန်သူကို ကြောက်ခဲ့ဖူးလို့လဲ၊ အခု ဒီအရိုင်းအစိုင်းလေးတွေက ငါတို့ရဲ့ သိက္ခာကို လာထိပါးရဲတယ်ပေါ့”
“ ငါကိုယ်တော် ဆုံးဖြတ်လိုက်ပြီ၊ ဘိုးဘေးတွေရဲ့ စံနမူနာကို လိုက်နာပြီး‘ကိုယ်တိုင် စစ်ချီထွက်မယ်’၊ စစ်တပ်ကြီးကို ဦးဆောင်ပြီး မြောက်ပိုင်းကို သွားကာ ရန်သူကို နှိမ်နင်းမယ် …ငါတို့ သာရှမင်းဆက်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်မယ်”
“ဝုန်း——!”
ရှောင်ရှန်း၏ စကားအဆုံးတွင် ညီလာခံခန်းမတစ်ခုလုံး ဆူညံသွားတော့သည်။
“ဘာ..အိမ်ရှေ့စံ မင်းသားက ကိုယ်တိုင် စစ်ချီထွက်မလို့လား”
“မဖြစ်ပါဘူး မင်းသား၊ မင်းသားက တိုင်းပြည်ရဲ့ အနာဂတ်ပါ၊ ဒီလို အန္တရာယ်များတဲ့ နေရာကို ကိုယ်တိုင် မသွားသင့်ပါဘူး”
လင်ပေါ်ရုံက ဦးစွာ ကန့်ကွက်လိုက်သည်။ သူ၏ မျက်နှာမှာ နီမြန်းနေပြီး ဒေါသကြောင့် မုတ်ဆိတ်မွေးများပင် တုန်ယင်နေ၏။
သူ့အမြင်တွင် ရှောင်ရှန်း၏ ဆုံးဖြတ်ချက်သည် ကလေးကလား လုပ်ရပ်နှင့်မခြားပေ။ သူသည် တိုင်းပြည်၏ အရေးကြီးကိစ္စကို ဟာသ တစ်ခုလို သဘောထားနေခြင်းပင်။
အခန်း(၇၂)
“ဟုတ်ပါတယ် မင်းသား၊ စစ်မြေပြင်ဆိုတာ အလွန် အန္တရာယ်များပါတယ်.. တကယ်လို့ အရှင့်သား တစ်ခုခု ဖြစ်သွားရင် သာရှမင်းဆက်ရဲ့ အနာဂတ်ကို ဘယ်လိုလုပ်ရတော့မလဲ”
“မင်းသား သေသေချာချာ ပြန်စဉ်းစားပေးပါ၊ မြောက်ပိုင်းကိစ္စကို စစ်သေနာပတိချုပ်နဲ့ စစ်သည်တွေ ကိုင်တွယ်နိုင်ပါတယ်”
အမတ်အားလုံးက ဒူးထောက်ကာ အသနားခံ ကန့်ကွက်ခဲ့ကြသည်။ ဤစိတ်မချရသော အိမ်ရှေ့စံမှာ ရုတ်တရက်ကြီး စိတ်တက်ကြွကာ ရှေ့တန်းသို့ သွားပြီး အသက်ပေးလိုက်မည်ကို အမတ်များအားလုံး အတော်လေး စိုးရိမ်နေကြဟန် ရသည်။
ရဲစွမ်းသတ္တိ ရှိပြီး ဆုံးဖြတ်ချက် ပြတ်သားသော သူများကို အမြဲတမ်း လေးစားတတ်သည့် စစ်သေနာပတိချုပ် ချင်ချန်းပင် မျက်မှောင်ကြုတ်ကာ ရှေ့ထွက်လာသည်။
“အရှင့်သားရဲ့ စိတ်ဆန္ဒကို ကျွန်တော်မျိုး နားလည်ပါတယ်၊ ဒါပေမဲ့ မြောက်ပိုင်း စစ်ဆင်ရေးက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး…”
“အရှင့်သားအနေနဲ့ မြို့တော်မှာ နေပြီး ရိက္ခာတွေ ထောက်ပံ့ပေးတာ၊ စစ်သည်တွေကို အားပေးတာက ကျွန်တော်မျိုးတို့အတွက် အကြီးမားဆုံး အထောက်အပံ့ပါပဲ”
“ ကိုယ်တိုင် စစ်ချီထွက်မယ့် ကိစ္စကို ပြန်ရုပ်သိမ်းပေးပါ”
ရှောင်ရှန်းသည် ဤမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲကနေ အတော်လေး အားရကျေနပ်နေသည်။
‘ကန့်ကွက်တာ ကောင်းတယ် ၊ အရမ်းကောင်းတယ်…. ကန့်ကွက်တာ ပြင်းထန်လေလေ ငါကိုယ်တော်က “ကိုယ့်စိတ်တိုင်းကျ ကိုယ်လုပ်တယ်” ၊ “ခေါင်းမာတယ်” ဆိုတာ ပိုပြီး ပေါ်လွင်သွားတာပေါ့’
‘ အဲ့ဒီအခါ စစ်ရှုံးရင် အပြစ်က ပိုကြီးသွားမှာပဲလေ’
သို့သော် အပြင်ပန်းတွင် သူသည် မကျေနပ်သော ပုံစံဖြင့် ဝတ်ရုံလက်ကို ဝှေ့ယမ်းကာ ပြတ်သားစွာ ပြောလိုက်သည်။
“အမတ်မင်းတို့ ဘာမှ ထပ်မပြောနဲ့တော့..ငါကိုယ်တော် ဆုံးဖြတ်ပြီးပြီ၊ ငါတို့ သာရှတိုင်းပြည်ကြီးကို လာထိတဲ့သူ ဘယ်သူမဆို ဘယ်လောက်ပဲ ဝေးဝေး နှိမ်နင်းရမယ်၊ ရန်သူကို မချေမှုန်းနိုင်မချင်း ပြန်မလာဘူး”
သူ၏ ကြွေးကြော်သံမှာ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သော လူငယ်လေး တစ်ယောက်လိုပင်။
အမှန်စစ်စင် သူ့စိတ်ထဲတွင် တွေးနေသည်မှာ ဤအတိုင်းသာ ဖြစ်၏။
‘ငါ့ကို မြန်မြန် “သွားသေ” ခိုင်းလိုက်ကြစမ်းပါ၊ ဒီတစ်ခေါက်ပြီးရင် ငါ လုံးဝ လွတ်လပ်ပြီ…အဲ့ဒီကျရင် လှပတဲ့ နေရာတစ်ခုမှာ လယ်တောလေးဝယ်၊ ကြက်ကလေး ဘဲကလေးတွေ မွေး..၊ နူးညံ့သိမ်မွေ့တဲ့ မိန်းမလှလေးတစ်ယောက်ကို လက်ထပ်ပြီး အေးအေးဆေးဆေး နေတော့မှာ၊ ဘယ်လောက်တောင် သာယာလိုက်မလဲ’
ညီလာခံတွင် အိမ်ရှေ့စံ ကိုယ်တိုင် စစ်ချီထွက်သင့်၊ မသင့် ငြင်းခုံနေကြစဉ်၊
ထိုသတင်းမှာ အိပ်ရာပေါ်တွင် “အနားယူ” နေသော ဧကရာဇ် ရှောင်ယွမ်ထံသို့ ရောက်ရှိသွားသည်။
လူတိုင်း ထင်မှတ်မထားသည်မှာ၊ သမားတော်များက “ရောဂါပြင်းထန်သဖြင့် သက်သာဖို့ ခက်ခဲသည်” ဟု ဆိုထားသော ဧကရာဇ်မင်း ရှောင်ယွမ်သည် ဤသတင်းကို ကြားလိုက်သည်နှင့် ၊ ထူးဆန်းစွာပင် စိတ်ဓာတ်များ ပြန်လည် တက်ကြွလာ၏။
သူသည် ကုတင်ပေါ်မှ အတင်း ထထိုင်လိုက်သည်။ မျက်နှာမှာ ဖြူဖျော့နေဆဲ ဖြစ်သော်လည်း အကြည့်များမှာမူ အလွန် စူးရှထက်မြက်ပေသည်။
“အမိန့်... အမိန့်တော် ပြန်လိုက်စမ်း...”
ဧကရာဇ်မင်း ရှောင်ယွမ်သည် သူ့ဘေးနားက မိန်းမစိုးချုပ်ကို တစ်လုံးချင်း မိန့်ကြားလိုက်သည်။
“ခွင့်ပြုတယ်... အိမ်ရှေ့စံရဲ့ တောင်းဆိုမှုကို ခွင့်ပြုတယ်၊ ငါကိုယ်တော်... အိမ်ရှေ့စံကို ယုံကြည်တယ်၊ သူ ဧကန်မုချ... အောင်ပွဲခံပြီး ပြန်လာနိုင်လိမ့်မယ်”
မိန်းမစိုးချုပ်မှာ အလွန် အံ့ဩသွားပြီး ကန့်ကွက်ရန် ပြင်လိုက်သော်လည်း ၊ ဧကရာဇ်မင်း၏ စူးရှသော အကြည့်ကြောင့် ရပ်တန့်သွားရသည်။
ဆက်လက်၍ ဧကရာဇ်မင်းက နောက်ထပ် အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
“စစ်သေနာပတိချုပ် ချင်ချန်း နဲ့ မင်းသမီးကြီး ရှောင်နီရှန်းတို့ကို တပ်ဖွဲ့နဲ့အတူ လိုက်သွားခိုင်းလိုက်၊ အိမ်ရှေ့စံကို... သေသေချာချာ ကူညီပြီး... ဘာအမှားမှ မရှိအောင် လုပ်ရမယ်”
ဤစကားများ ထွက်လာသည်နှင့် ၊ မိန်းမစိုးချုပ်သာမက ခမည်းတော်၏ ကျန်းမာရေးကို လာရောက်ကြည့်ရှုသော တော်ဝင်မင်းသမီး ရှောင်နီရှန်းပင်လျှင် ကြောင်တောင်တောင် ဖြစ်သွားရှာသည်။
“ခမည်းတော်၊ မောင်လေးက တိုင်းပြည်အတွက် လုပ်ချင်တဲ့ စိတ်ရှိတာ မှန်ပေမဲ့၊ သူက ငယ်သေးပြီး စစ်ရေးကိစ္စတွေကို တစ်ခါမှ မကိုင်တွယ်ဖူးဘူး၊ သူ့ကို ကိုယ်တိုင် စစ်ချီထွက်ခိုင်းတာက အရမ်း အန္တရာယ်များပါတယ်”
ရှောင်နီရှန်းက မျက်မှောင်ကြုတ်ကာ လျှောက်တင်လိုက်သည်။
သူမသည် မိမိ၏ မောင်တော် ရှောင်ရှန်းကို “အသုံးမကျသူ” အဖြစ် အမြဲတစေ သတ်မှတ်ထားပြီး ၊ ယခုလည်း ထိုသကောင့်သားသည် ကလေးကလား လုပ်နေခြင်းသာ ဖြစ်ပေသည်။
သို့သော် ဧကရာဇ်မင်း ရှောင်ယွမ်က လက်ကာပြလိုက်သည်။
“ငါကိုယ်တော် ဆုံးဖြတ်ပြီးပြီ၊ နီရှန်း..ချင်ချန်း၊. မင်းတို့နှစ်ယောက် အိမ်ရှေ့စံကို သေသေချာချာ စောင့်ရှောက်ရမယ်၊ ဒီစစ်ပွဲက အနိုင်ပဲရှိရမယ် ရှုံးလို့မဖြစ်ဘူး”
ဧကရာဇ်မင်းသည် ရှောင်နီရှန်းကို ကြည့်ကာ အဓိပ္ပာယ်ပါပါ မိန့်ဆိုလိုက်သည်။
“အိမ်ရှေ့စံက ငါတို့ သာရှမင်းဆက်ရဲ့ အနာဂတ်ပဲ၊ သူ ဒီစစ်ပွဲမှာ အတွေ့အကြုံ ရပြီး ကြီးပြင်းလာနိုင်ရင် တိုင်းပြည်အတွက်ရော သူ့အတွက်ပါ အကျိုးရှိလိမ့်မယ်”
ရှောင်နီရှန်းမှာ ချင့်ချိန်တွေးတောလိုက်သည်။
ခမည်းတော်၏ စကားထဲတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်များ ရှိနေ၏။ မိမိ၏ ဖခမည်းတော်ကြီးသည် ဤ “အသုံးမကျသော” သားအပေါ်တွင် အခြားမျှော်လင့်ချက်များ ရှိနေလေသလော။
ဧကရာဇ်မင်း၏ အမိန့်တော်သည် ညီလာခံသို့ ရောက်လာသည့်အခါ ရှောင်ရှန်းတစ်ယောက် ဝမ်းသာလွန်းကာ အော်ရယ်မတတ်ပင်။
‘ခွင့်ပြုလိုက်ပြီ၊ ခမည်းတော်က တကယ်ကြီး ခွင့်ပြုလိုက်ပြီ…’
‘ပြီးတော့ ချင်ချန်းနဲ့ ရှောင်နီရှန်းဆိုတဲ့ “သက်တော်စောင့်” နှစ်ယောက်ကိုပါ ထည့်ပေးလိုက်သေးတယ်…’
‘ချင်ချန်းက ဘယ်သူလဲ.. သာရှရဲ့ စစ်နတ်ဘုရားလေ၊ သူရှိနေရင် စစ်တိုက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး သူ ဘာမှ ပူစရာ မလိုတော့ဘူး၊ သူက နောက်ကနေ အလံလေး လှုပ်ပြီး ဟန်ဆောင်နေရုံပဲလေ…’
‘ရှောင်နီရှန်းကရော …မင်းသမီးကြီးလေ၊ သူမရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ လိုက်ပါလာရင် ၊ လမ်းတစ်လျှောက်လုံး ခမ်းခမ်းနားနား ဖြစ်နေမှာ သေချာတယ်’
‘အဲ့အတိုင်းသာဆို လူအများရဲ့ အာရုံကို လွှဲဖို့ ထွေထွေထူးထူး လုပ်နေစရာ မလိုတော့ဘူး….အသာလေး လစ်ထွက်ရုံပဲ’
‘ တကယ်ကို ပြီးပြည့်စုံတဲ့ စီမံကိန်းကြီးပဲ…’
'ဖခမည်းတော်ကြီးရယ်၊ တကယ်ကို ကျွန်တော့်အဖေအရင်း ပီသပါပေတယ် ၊ အိပ်ချင်တုန်း ခေါင်းအုံး လာထိုးပေးသလိုပဲ..’
ရှောင်ရှန်း၏ စိတ်ထဲတွင် အတိုင်းမသိ ဝမ်းသာနေသော်လည်း သို့သော် သူ၏ခံစားချက်များကို အတင်း အောင့်အည်းကာ အမိန့်တော်ကို ပေးအပ်လာသည့် မိန်းမစိုးကို အရိုအသေပြုကာ ဆိုလိုက်သည်။
“သားတော်... အမိန့်ကို နာခံပါတယ်၊ ခမည်းတော်ရဲ့ မျှော်လင့်ချက်နဲ့ သာရှပြည်သူတွေရဲ့ ယုံကြည်မှုကို လုံးဝ အပျက်ခံမှာ မဟုတ်ပါဘူး”
လင်ပေါ်ရုံ အပါအဝင် အခြားအမတ်အိုကြီးများမှာ ဧကရာဇ်မင်းကပင် ဤသို့ အမိန့်ပေးလိုက်ပြီ ဖြစ်သဖြင့် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
စိတ်ထဲတွင်မူ ဤသို့ ညည်းညူနေလေ၏။
‘သွားပြီ၊ တိုင်းပြည်တော့ ဒီစိတ်မချရတဲ့ အိမ်ရှေ့စံလက်ထဲမှာ ဒုက္ခရောက်တော့မှာပဲ’
ချင်ချန်း တစ်ယောက်သာ ရှောင်ရှန်းကို ထူးခြားသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ဤအိမ်ရှေ့စံ မင်းသားသည် အရက်မူးပြီး အိမ်ရှေ့စံဖြစ်လာကတည်းက နိုင်ငံတော်စီမံခန့်ခွဲသည့် အချိန်ထိ သူ၏ လုပ်ဆောင်ချက်အားလုံးမှာ အလွန်ကို ထူးဆန်းလွန်းခဲ့သည်။
ယခု ကိုယ်တိုင် စစ်ချီထွက်မည့် ကိစ္စသည် သူ၏ မျိုးချစ်စိတ်ကြောင့်လော သို့မဟုတ် ထပ်ပြီး ထူးဆန်းသော အကြံများ ရှိနေလောသလော။
ထိုအချိန်တွင် ရှောင်ရှန်းမှာ သူ “ထွက်ပြေး” ပြီးနောက် ရရှိလာမည့် သာယာသော ဘဝကြီးကို စိတ်ကူးယဉ်နေပြီ ဖြစ်သည်။
“ပထမဆုံး ကျန်းနန်ကို သွားပြီး မိန်းမလှလေးတွေကို ကြည့်မယ်၊ ပြီးရင် စီချွမ် သွားပြီး ဟော့ပေါ့သွားစားမယ်၊ အဲ့ဒီနောက် နယ်စပ်မှာ မြင်းစီးပြီး အေးအေးဆေးဆေး နေမယ်...
‘ ကြည့်စမ်း၊ ပြီးပြည့်စုံလိုက်တာ’
ရှောင်ရှန်းသည် ဧကရာဇ်မင်း ရှောင်ယွမ် ပေးလိုက်သော ထိုအမိန့်နှစ်ခု၏ နက်ရှိုင်းသော အဓိပ္ပာယ်ကို လုံးဝ မရိပ်မိခဲ့ပေ။
“ရှန်းအာ... ရှန်းအာရေ၊ ငါကိုယ်တော် စောင့်ကြည့်နေမယ် ၊ မင်းဆိုတဲ့ နဂါးလေးက ငါ့အတွက် ဘယ်လောက်အထိ အံ့ဩစရာတွေ သယ်ဆောင်လာပေးမလဲဆိုတာ...”
ဧကရာဇ်မင်းသည် သူ့ဟာသူ ရေရွတ်လိုက်ရင်း တဟွတ်ဟွတ်ဖြင့် ချောင်းဆိုးပြန်သည်။