← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း ( ၇၃) စစ်သည်ရွေးချယ်ခြင်းနှင့် “အမြှောက်စာ” များ စုဆောင်းခြင်း

“အိမ်ရှေ့စံ မင်းသားက ကိုယ်တိုင် စစ်ချီထွက်တော့မယ်တဲ့ ဟေ့ ”

ဤသတင်းသည် လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ မြို့တော်တစ်ခုလုံးကို ချက်ချင်းဆိုသလို ရိုက်ခတ်သွားခဲ့သည်။

“အိမ်ရှေ့စံ မင်းသားကတော့ ထပ်ပြီး အကျိုးဆောင်တော့မှာပဲ”

လက်ဖက်ရည်ဆိုင်မှ လူတစ်ဦးက စားပွဲကိုပုတ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ဘာက အကျိုးဆောင်ရမှာတုန်း ၊ အဲ့မင်းသားက ပုံမှန်ဆိုရင် ညီလာခံတက်ဖို့တောင် ပျင်းနေတာ၊ အခု သူကိုယ်တိုင် စစ်ချီမယ် ဟုတ်လား..အသက်သွားပေးတာ မဟုတ်ရင်ပဲ တော်လှပြီ”

ဘေးမှ အဖိုးအိုတစ်ဦးက လှောင်ပြောင် ပြောဆိုလိုက်သည်။

“ရှူး၊ တိုးတိုးပြော..ဒီစကားကို အာဏာပိုင်တွေ ကြားသွားရင် ခင်ဗျားအသက် ပါသွားလိမ့်မယ်”

ထိုအချိန်တွင် ရှောင်ရှန်းသည် အရှေ့နန်းဆောင် ခန်းမကြီးထဲတွင် ရှိနေပြီး၊ “စစ်ဗျူဟာမှူး” တစ်ယောက်ကဲ့သို့ ဆရာကြီးပုံစံ ဖမ်းကာ သူ၏ “စစ်သူကြီးများ ရွေးချယ်ပွဲ” ကို စတင်နေ၏။

“ရှောင်သယ့်ဇီ... စစ်သူကြီးတွေရဲ့ အမည်စာရင်းကို ယူလာခဲ့”

ရှောင်ရှန်းသည် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီလျက်၊ မျက်လုံးထဲတွင် ကောက်ကျစ်သော အလင်းများဖြင့် ဘလင်းဘလင်း တောက်ပနေသည်။

ရှောင်သယ့်ဇီသည် စာရင်းများကို တစ်ပွေ့တစ်ပိုက် ဆက်သလိုက်သည်။ ရှောင်ရှန်းသည် အမှတ်မထင် လှန်ကြည့်ရင်း သူ၏ နှုတ်ခမ်းထက်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု လှစ်ဟသွားသည်။

“ ဒီနေ့ ငါကိုယ်တော်က ရှေ့တန်းမှာ ရန်သူကို သတ်ဖြတ်ပြီး သူရဲကောင်းကြီးဖြစ်မယ့် ‘ရဲရင့်လှတဲ့’ စစ်သူကြီးတွေကို ရွေးချယ်တော့မယ်”

ရှောင်ရှန်းသည် စာရင်းပေါ်တွင် လက်ညှိုးဖြင့် ဟိုထောက်ဒီထောက် လုပ်ရင်း ၊ ပါးစပ်ကနေလည်း တတွတ်တွတ် ရေရွတ်နေလေ၏။

"ဒီတစ်ယောက်ကတော့ မဖြစ်ဘူး..သူက တိုက်ခိုက်ရေးမှာ အရမ်းတော်တယ်၊ ဟိုတစ်ယောက်လည်း မဖြစ်ဘူး...သူက အရမ်းသစ္စာရှိတယ် ၊ ဒီတစ်ယောက်... ဟမ်၊ မဆိုးဘူး၊ ငါကိုယ်တော့်ရှေ့မှာတော့ ကပ်ဖားယက်ဖားပဲ ငါ့နောက်ကွယ်မှာ ကောလာဟလတွေ ပြောတာလည်း သူပဲ၊ သူ့ကိုပဲ ရွေးလိုက်မယ်”

“မင်းသား... မင်းသား ရွေးလိုက်တဲ့ ကျောက် စစ်သူကြီးကလေ...”

ရှောင်သယ့်ဇီသည် စကားပြောချင်သော်လည်း တုံ့ဆိုင်းနေ၏။

“ဘာလဲ ပြဿနာရှိလို့လား”

“သူ... သူက ပြီးခဲ့တဲ့ အခေါက်က တောလိုက်ထွက်ရင်း မြင်းပေါ်က ပြုတ်ကျလို့ ခြေထောက် ကျိုးထားတာပါ...”

“ပြီးပြည့်စုံတာပဲ”

ရှောင်ရှန်း သည် ပေါင်ကို တစ်ချက်ပုတ်လိုက်သည်။

“သူ့ကိုပဲ ရွေးမယ်၊ ဒီမြောက်ပိုင်း စစ်ဆင်ရေးရဲ့ ရှေ့တန်း စစ်သူကြီးအဖြစ် ကျောက်စစ်သူကြီးကလွဲလို့ တခြားလူ မရှိချင်ဘူး”

ရှောင်သယ့်ဇီမှာ နှုတ်ခမ်းတွန့်သွားပြီး ဘာမှ ထပ်မပြောရဲတော့ပေ။

နောက်ရက်များတွင် ရှောင်ရှန်း၏ “စစ်သူကြီး ရွေးချယ်ပွဲ” မှာ အရှိန်အဟုန်နှင့် ဆက်လက် ဖြစ်ပွားခဲ့သည်။ သူသည် ပုံမှန်အားဖြင့် မိမိနှင့် မတည့်သူများ၊ သို့မဟုတ် အရည်အချင်း မရှိဘဲ ဖားယားတတ်သော စစ်သူကြီးများကိုသာ “ရှေ့တန်း” နှင့် “ပင်မတပ်” အတွက် ရွေးချယ်ခဲ့သည်။

“လီ စစ်သူကြီး... ခင်ဗျားက ပုံမှန်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သိုင်းပညာ တော်တယ်ဆိုပြီး ကြွားနေတာ မဟုတ်လား ဒီတစ်ခါတော့ ခင်ဗျားကို စစ်သည် တစ်သောင်းပေးမယ်၊ ရှေ့ဆုံးကနေ တိုက်စမ်း”

“ဝမ် စစ်သူကြီး... ကြားရတာတော့ ခင်ဗျားက ပြည့်တန်ဆာအိမ်မှာ ‘တိုက်ပွဲဝင်’ တာ အတော် ကျွမ်းတယ်ဆိုပဲ... ဒီတစ်ခါတော့ ရှေ့တန်းမှာ တကယ့် ဓားတွေ လှံတွေကြားထဲ သွားစမ်းသပ်ကြည့်လိုက်”

“ကျန်း စစ်သူကြီး... ခင်ဗျားက ရာထူးတိုးချင်နေတာ မဟုတ်လား၊ ကောင်းပြီလေ... အခု ခင်ဗျားကို ရှေ့တန်း တပ်မှူးအဖြစ် ခန့်လိုက်မယ်၊ ရှေ့ဆုံးကနေ တက်ဖို့ မမေ့နဲ့ဦး”

“အမည်စာရင်း” သွင်းခံလိုက်ရသော စစ်သူကြီးများမှာ မျက်နှာအမူအရာများ မျိုးစုံ ဖြစ်နေကြသည်။ အချို့က အိမ်ရှေ့စံ၏ မျက်နှာသာပေးမှုကို ရရှိပြီဟု ထင်ကာ ဝမ်းသာနေကြပြီး၊ အချို့ကမူ မိမိတို့မှာ “အမြောက်စာ” အဖြစ် အသုံးချခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် မျက်နှာများမှာ ပြာနှမ်းနေလေ၏။

စစ်သေနာပတိချုပ် ချင်ချန်းမှာ ဘေးကနေ ကြည့်ရင်း မျက်မှောင်ကြုတ်နေမိသည်။ သူသည် ဆက်ကြည့်မနေနိုင်တော့ဘဲ ရှေ့ထွက်ကာ တိုးတိုးလေး ပြောလိုက်သည်။

“မင်းသား... ကျွန်တော်မျိုး အကြံပြုပါရစေ၊ မင်းသား ရွေးချယ်လိုက်တဲ့ ဒီစစ်သူကြီးတွေက... အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်နိုင်ဖို့ ခက်ပါလိမ့်မယ်”

ရှောင်ရှန်းက အပြစ်ကင်းသော ပုံစံလေးဖြင့်။

“ချင်စစ်သူကြီး ပြောတာ မှားနေပြီ၊ ငါကိုယ်တော် လူရွေးတာ ငါ့အကြောင်းပြချက်နဲ့ ငါရှိတယ်…ဒီစစ်သူကြီးတွေက သစ္စာရှိသလို ရဲလည်း ရဲရင့်ကြတယ် သူတို့တွေ သေချာပေါက် လုပ်နိုင်လိမ့်မယ်”

‘အမြန်ဆုံး စစ်ရှုံးအောင် ၊ ငါ့ကို အရှက်ရအောင် လုပ်ပေးကြလိမ့်မယ်’

ချင်ချန်းမှာ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ သူသည် အရေးပေါ် အခြေအနေအတွက် နောက်ကွယ်မှနေ၍ အထူးတပ်ဖွဲ့များကို လျှို့ဝှက် ပြင်ဆင်ထားရန် ဆုံးဖြတ်လိုက်သည်။

ရိက္ခာနှင့် ပတ်သက်၍လည်း ရှောင်ရှန်းက လက်ကို ဝှေ့ယမ်းကာ “ရိုးရိုးရှင်းရှင်းပဲ လုပ်မယ်” ဟု မိန့်ပြန်၏။

“စစ်မြေပြင်မှာဆိုတာ ပေါ့ပေါ့ပါးပါး သွားဖို့က အဓိကပဲ”

ရှောင်ရှန်း တစ်ယောက် မျက်နှာအတည်ပေါက်နှင့် အဓိပ္ပာယ်မရှိသော စကားများကို ပြောလေတော့သည်။

“ရိက္ခာတွေ အများကြီး ပါသွားရင် စစ်ချီတတ်တာ နှေးကွေးသွားလိမ့်မယ်၊ ငါကိုယ်တော် ဆုံးဖြတ်လိုက်ပြီ၊ ဒီမြောက်ပိုင်း စစ်ဆင်ရေးမှာ ရိက္ခာကို အနည်းဆုံးပဲ ယူသွားမယ်၊ ချွေတာနိုင်သလောက် ချွေတာရမယ်”

“ အရှင့်သား ”

အခွန်ဌာန အမတ်မှာ ထိုစကားကို ကြားလိုက်ရုံဖြင့် နေရာတွင်ပင် မူးလဲမတတ် ဖြစ်သွားသည်။

“ဒါက စစ်သည် တစ်သောင်းလေဗျာ ရိက္ခာမလုံလောက်ရင် ဘယ်လိုလုပ် စစ်တိုက်မှာလဲ”

“ဘာကြောက်စရာ ရှိလို့လဲ”

ရှောင်ရှန်းက ဂရုမစိုက်သော လေသံဖြင့်။

“လမ်းတစ်လျှောက်လုံး မြို့တွေ ရှိတာပဲ၊ ကုန်သွားရင် အဲ့ဒီကနေ ကောက်ခံရုံပေါ့…ပြီးတော့ စစ်တိုက်တယ်ဆိုတာ တစ်ပွဲတိုက်လိုက်၊ တစ်ပွဲနားလိုက် လုပ်ရတာပဲ မဟုတ်လား ဗိုက်ဆာရင် နားပြီး စားမယ်၊ ဝရင် ပြန်တိုက်မယ်၊ ဘယ်လောက် လွယ်လိုက်သလဲ”

အခွန်ဌာန အမတ်ကြီးမှာ ဆွံ့အလျက် တွေးနေမိသည်။

‘ဒီအိမ်ရှေ့စံက တကယ်ပဲ မသိတာလား၊ ဒါမှမဟုတ် သိလျက်နဲ့ ဟန်ဆောင်နေတာလား ဒါက စစ်တိုက်ဖို့ သွားတာ မဟုတ်ဘဲ အသက်သွားပေးနေတာပဲ’

တော်ဝင်မင်းသမီး ရှောင်နီရှန်းမှာ ဘေးကနေ ရပ်ကြည့်ရင်း ရှောင်ရှန်း၏ “အတွေးအခေါ်” များကို နားထောင်ပြီးနောက် နှုတ်ခမ်းသားများပင်

တဆက်ဆက် လှုပ်ခါနေလေ၏။

သူမသည် မအောင့်နိုင်တော့ဘဲ ရှေ့ထွက်ကာ အေးစက်သော အသံဖြင့် ဆိုလိုက်သည်။

“မောင်လေး... မင်း တကယ်ပဲ စစ်တိုက်တာကို ဟာသလို့ ထင်နေတာလား”

ရှောင်ရှန်းသည် သူ၏ ထက်မြက်လှသော အစ်မတော်ကို ကြည့်ရင်း စိတ်ထဲတွင် ထိတ်ခနဲ့ ဖြစ်သွားသည်။

ဤမင်းသမီးကြီးကို လှည့်စားရန်မှာ မလွယ်ကူလှပေ။ အကယ်၍ သူမသာ မိမိ၏ “အကြံအစည်” ကို ရိပ်မိသွားပါက ၊ ဒုက္ခရောက်ပေတော့မည်။

“အစ်မတော် ပြောတာ မှားနေပြီ”

ရှောင်ရှန်းသည် ချက်ချင်းပင် လေးနက်သော မျက်နှာအမူအရာအဖြစ် ပြောင်းလဲလိုက်ကာ ဆိုလိုက်သည်။

“ငါကိုယ်တော်က စစ်တိုက်တာဟာ ဟာသ မဟုတ်မှန်း သိတာပေါ့ ဒါကြောင့်လည်း ငါကိုယ်တော် ကိုယ်တိုင် ရှေ့တန်းထွက်ပြီး စစ်သည်တွေနဲ့အတူ ဒုက္ခခံတာလေ”

“ ရိက္ခာ ချွေတာတာကလည်း စစ်သည်တွေရဲ့ စိတ်ဓာတ်ကို လေ့ကျင့်ပေးဖို့ပဲ”

ရှောင်နီရှန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

“ဟုတ်လို့လား ဒါဆိုရင်လည်း မောင်လေး ဘယ်လိုမျိုး ‘အတူတူ ဒုက္ခခံမလဲ’ ဆိုတာ ဒီက အစ်မတော် စောင့်ကြည့်ရတာပေါ့”

ရှောင်ရှန်းတစ်ယောက် မျက်လုံးချင်း မဆုံရဲတော့ဘဲ အကြည့်လွှဲလိုက်ကာ စိတ်ထဲကနေ ရေရွတ်လိုက်သည်။

‘သွားပြီ... အစ်မတော်က သံသယ ဝင်နေပြီ၊ ငါ့ရဲ့ “ထွက်ပြေးမယ့် အစီအစဉ်” ကို ပိုပြီး သတိထားမှ ဖြစ်တော့မယ်’

ရှောင်ရှန်းသည် စစ်သည်များ ရွေးချယ်နေစဉ် အတောအတွင်း ၊ မင်းသား (၃) ရှောင်ကျင်း နှင့် မင်းသား (၅) ရှောင်ယန် တို့လည်း ငြိမ်မနေကြပေ။

ရှောင်ရှန်း ကိုယ်တိုင် စစ်ချီထွက်မည် ဟူသော သတင်းကို ကြားလိုက်ရသည်နှင့် နှစ်ယောက်သား ပြိုင်တူ ရယ်မောလိုက်ကြတော့သည်။

အခန်း(၇၄)

“ဒီအသုံးမကျတဲ့ကောင်က နောက်ဆုံးတော့ မီးပုံထဲကို ကိုယ်တိုင်ကိုယ်ကျ ခုန်ဆင်းတော့မှာပဲ”

ရှောင်ယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“သူသာ စစ်မြေပြင်မှာ တစ်ခုခု ဖြစ်သွားရင် အိမ်ရှေ့စံ ရာထူးက ငါတို့လက်ထဲ သေချာပေါက် ရောက်လာပြီပဲ ”

ရှောင်ကျင်းက ပို၍ပင် ကောက်ကျစ်သေးသည်။ သူသည် လူရိုင်းမျိုးနွယ်စု နှင့် ရင်းနှီးသော ကုန်သည်များကို တိတ်တိတ်လေး ဆက်သွယ်ကာ အိမ်ရှေ့စံ မင်းသားကို “သေသေချာချာ စောင့်ရှောက်ပေးရန်” အမိန့်ပေးထားပြီး ဖြစ်သည်။

“မှတ်ထား... သူ့ကို ချက်ချင်း မသတ်နဲ့၊ အဖမ်းခံရတဲ့ အရသာကို အရင် ခံစားခိုင်းလိုက်၊ ပြီးရင် သူ့ခေါင်းကို မြို့တံခါးမှာ ချိတ်ဆွဲထားနိုင်ရင် အကောင်းဆုံးပဲ”

ရှောင်ကျင်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။

စစ်မထွက်မီ ညတွင် ရှောင်ရှန်းတစ်ယောက် အရှေ့နန်းဆောင်၌ အထုတ်အပိုးများ ပြင်ဆင်နေစဉ် ၊

(အမှန်အားဖြင့် “ထွက်ပြေးရန်” အတွက် လိုအပ်တာများကို ပြင်ဆင်နေခြင်းသာ ဖြစ်သည်)

ပြတင်းပေါက် အပြင်ဘက်မှ အသံတစ်ခုကို ကြားလိုက်ရသည်။

“ဘယ်သူလဲ”

ရှောင်ရှန်းသည် သတိကြီးစွာဖြင့် လှည့်ကြည့်လိုက်သည်။

သွယ်လျသော ပုံရိပ်တစ်ခုက ပြတင်းပေါက်မှ ပေါ့ပါးစွာ ခုန်ဝင်လာခဲ့သည်။

လရောင်အောက်တွင် ထိုသူသည် အောက်ဘုံသို့ ဆင်းသက်လာသော အဖြူရောင်ဝတ်စုံနှင့် နတ်သမီးလေးတစ်ပါးအလား ထင်မှတ်ရသည်။

“မိန်းကလေး စူး”

ရှောင်ရှန်းသည် ထိုသူကို မှတ်မိသွားသည်။ သူမသည် လျှို့ဝှက်ဆန်းကြယ်သော ဆေးဆရာမလေး စူးဝမ်ချင်မှလွဲ၍ အခြားသူ မဟုတ်ပေ။

“မင်းသား... ညဉ့်နက်မှ လာနှောင့်ယှက်မိတာ ခွင့်လွှတ်ပါ”

စူးဝမ်ချင်၏ အသံမှာ အေးမြလှသည်။

“မင်းသား မနက်ဖြန် စစ်ထွက်တော့မယ်လို့ ကြားလို့၊ ဝမ်ချင်က လက်ဆောင်တစ်ခု လာပေးတာပါ”

သူမသည် အင်္ကျီလက်ထဲမှ လှပသော အိတ်လေးတစ်အိတ်ကို ထုတ်ယူ၍ ရှောင်ရှန်းကို ကမ်းပေးလိုက်သည်။

“ဒါက ဘာလဲ”

ရှောင်ရှန်းသည် သိချင်စိတ်ဖြင့် လှမ်းယူလိုက်သည်။

“အသက်ကယ်တဲ့ ပစ္စည်းလေးပဲ”

စူးဝမ်ချင်က လေးနက်သော အမူအရာဖြင့် ဆိုလိုက်သည်။

“နယ်စပ်က လူရိုင်းမျိုးနွယ်စုတွေထဲမှာ မှော်အတတ်ကို တတ်တဲ့သူတွေ ရှိတယ်….မင်းသား အန္တရာယ် ကြုံလာရင် ဒီအိတ်လေးကို ဖွင့်လိုက်ပါ၊ အသက်ဘေးက လွတ်မြောက်နိုင်ပါလိမ့်မယ်”

ရှောင်ရှန်း၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။

ဒီအိတ်က အဲ့လောက် အစွမ်းထက်တာလား…

သို့သော် အပြင်ပန်းတွင်မူ သူသည် ဂရုမစိုက်သလို ပုံစံဖြင့်။

“မိန်းကလေး စူးရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ငါကိုယ်တော်က ကံကောင်းတဲ့သူဆိုတော့ ဒီလောက်ကတော့ ဘာမှ မဟုတ်ပါဘူး”

စူးဝမ်ချင်က အသာအယာ ပြုံးလိုက်သည်။

“ အရှင့်သားအနေနဲ့ သတိထားတာ အကောင်းဆုံး ဖြစ်မှာပါ..ဝမ်ချင်လည်း မကြာခင် နယ်စပ်ကို သွားမှာ အဲ့အချိန်ကျရင် ပြန်ဆုံနိုင်ပါလိမ့်မယ်”

“မင်းလည်း နယ်စပ်ကို သွားမလို့လား”

ရှောင်ရှန်း အံ့ဩသွားသည် ။

“ ဘာအတွက်လဲ...”

“နယ်စပ်မှာ ပျောက်ကွယ်နေတာ ကြာပြီဖြစ်တဲ့ ဆေးဖက်ဝင် အပင်တစ်မျိုး ရှိတယ်၊ အဲ့တာက ကျွန်မတို့ ဆေးတောင်ကြားအတွက် အရမ်း အရေးကြီးတယ်”

စူးဝမ်ချင်သည် အများကြီး မပြောတော့ဘဲ သတိပေးလိုက်သည်။

“ အရှင့်သား သတိထားပါ၊ ဒီတစ်ခေါက် လူရိုင်းမျိုးနွယ်စုတွေရဲ့ ကျူးကျော်မှုက ထင်သလောက် မရိုးရှင်းဘူး”

ထိုသို့ပြောပြီးသည်နှင့် သူမသည် လာတုန်းကကဲ့သို့ပင် ညအမှောင်ထဲတွင် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားတော့သည်။

ရှောင်ရှန်းသည် လက်ထဲက အိတ်လေးကို ကြည့်ရင်း စဉ်းစားနေမိသည်။

ဤစူးဝမ်ချင်ဆိုသည့် မိန်းကလေးသည် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေပြီး ခန့်မှန်းရခက်လှသည်။

သို့သော် သူသည် ထိုအိတ်ကို သိမ်းထားလိုက်သည်။ အမှန်တကယ် အသက်ကယ်နိုင်ရင်လည်း မဆိုးလှပေ။

တစ်ချိန်တည်းမှာပင် ၊ ‌နန်းတော်ရှိ နက္ခတ်ဗေဒဌာန။

မုတ်ဆိတ်ဖြူဖြူနှင့် အဖိုးအိုတစ်ဦးသည် ကောင်းကင်ကို ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။

“ကြယ်စုတွေက သတ်ဖြတ်ခြင်း နိမိတ်ပြနေပေမယ့် ဘေးကင်းမယ့် လက္ခဏာလည်း ပါနေတယ်...”

ကြီးကြပ်ရေးမှူးက တိုးတိုးလေး ရေရွတ်လိုက်သည်။

“ အိမ်ရှေ့စံရဲ့ ကြယ်ပတ်လည်မှာ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ပြည့်နေပေမယ့်၊ ဒီခရမ်းရောင် အရှိန်အဝါက ကာကွယ်ပေးနေတာပဲ … ဒီခရီးစဉ်ကတော့ မရိုးရှင်းတော့ဘူးပဲ”

သူသည် သက်ပြင်းချလိုက်ကာ ကိရိယာများကို သိမ်းဆည်းလိုက်ပြီး စင်မြင့်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းသွားတော့သည်။

စစ်ချီထွက်မည့်နေ့တွင် ပြည်သူများသည် အိမ်ရှေ့စံ မင်းသားအား လိုက်လံ ပို့ဆောင်ရန် လမ်းပေါ်သို့ ထွက်လာကြသည်။

ရှောင်ရှန်းသည် သူ “သေသေချာချာ ရွေးထားသော” ပိန်လှီလှီ မြင်းအိုကြီးတစ်ကောင်ကို စီးကာ၊ 'တောက်ပြောင်သော်လည်း အသုံးမဝင်သော' သံချပ်ကာဝတ်စုံကို ဝတ်ဆင်လျက် ၊ သူ့အမြင်တွင် “အသုံးမကျသော” စစ်သည်အုပ်စုကို ဦးဆောင်ကာ “သေလမ်းရှာမည့်”... မဟုတ်ဘူး၊ “တိုင်းပြည်ကယ်တင်မည့်” ခရီးစဉ်ကြီးကို စတင်ခဲ့လေတော့သည်။

“အိမ်ရှေ့စံ မင်းသား သက်တော်ရာကျော်ရှည်ပါစေ”

“အိမ်ရှေ့စံ မင်းသား ဧကန်မုချ အောင်မြင်ပါစေ”

“ရန်သူတွေကို အမြစ်ဖြတ်ပြီး သာရှမင်းဆက်ကြီးကို ကာကွယ်နိုင်ပါစေ”

ပြည်သူများ၏ အားပါးတရ ကြွေးကြော်သံများကြား ရှောင်ရှန်းသည် “အသက်စွန့်ဖို့ အသင့်ပဲ” ဆိုသည့် မျက်နှာပေးဖြင့် ရှိနေသော်လည်း စိတ်ထဲမှာတော့ အကုန်တွက်ချက်ပြီး ဖြစ်သည်။

‘နယ်စပ်ရောက်တာနဲ့ အခွင့်အရေးရှာပြီး ထွက်ပြေးမယ်၊ အဲ့ကြရင် လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ကြီး နေတော့မယ်ကွ’

ရှောင်ရှန်းသည် ကျားဖြူလေးကိုတော့ အရှေ့နန်းဆောင်တွင် ချန်ထားခဲ့သည်။

သို့သော် ကျားဖြူလေးသည် တစ်ခုခုကို ကြိုသိနေသည့်အလား လှောင်အိမ်ထဲတွင် ဂနာမငြိမ် ဖြစ်နေပြီး အဆက်မပြတ် ဟိန်းဟောက်လျက်ရှိသည်။

“မပူနဲ့ ရှောင်ပိုင်...”

ရှောင်ရှန်းသည် မထွက်ခွာမီ သူ၏ ဦးခေါင်းကို ပွတ်ပေးလိုက်ရင်း။

“ငါကိုယ်တော် ‘ထွက်ပြေး’ လို့ အောင်မြင်တာနဲ့၊ မင်းကို ပြန်လာခေါ်ပြီး လောကအနှံ့ အတူတူ လည်ကြမယ်”

All Chapters