အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း (၇၇ ) အိမ်ရှေ့စံ ကြွလာပြီ
ထိုသူမှာ အခြားသူမဟုတ်၊ သူတို့၏ “ထက်မြက်လှသော”၊ “သူလျှိုကို ကိုယ်တိုင်ဖမ်းမိခဲ့သော” အိမ်ရှေ့စံ မင်းသား ရှောင်ရှန်း ပင်ဖြစ်သည်။
သူသည် မျက်လုံးကို မှေးကာ စူးရှလှသော အလင်းရောင်နှင့် သဲဖုန်များကို ကျင့်သားရအောင် လုပ်ပြီးနောက် ပထမဆုံး ပြောလိုက်သည့် စကားတစ်ခွန်းမှာ –
“ချင်စစ်သူကြီး... ငါကိုယ်တော် အတွက် အိပ်ဆောင်တဲ ပြင်ပြီးပြီလား ၊ မွေ့ရာအိအိလေး လိုချင်တယ်၊ ပြီးတော့ တိတ်ဆိတ်နေရမယ် နေ့ခင်း တရေးတမော အိပ်စက်နိုင်ဖို့က ငါ့အတွက် အရေးကြီးဆုံးပဲ"
အသံမှာ သိပ်မကျယ်လှသော်လည်း အိပ်ရာနိုးခါစ ပျင်းရိသော လေသံဖြင့် မိန့်ကြားလေရာ၊ စခန်းတံခါးဝတွင် ကြိုဆိုနေကြသော စစ်သည်များ၏ စိတ်ထဲတွင် ဂျိန်းခနဲ့ မိုးကြိုးပစ်ခံလိုက်ရတော့သည်။
ရှေ့ဆုံးကနေ ရပ်နေသော ချင်ချန်းမှာ စစ်ဝတ်စုံ အပြည့်ဖြင့် တည့်တည့်မတ်မတ် ရပ်နေသော်လည်း၊ ထိုစကားကို ကြားလိုက်ရသည်နှင့် သူ၏ ညိုမည်းသော မျက်နှာမှာ ပို၍ မှောင်ကျသွားပြီး နားထင်မှ သွေးကြောလေးများပင် ထောင်တက်လာတော့သည်။
သူ၏နောက်တွင် ရှိနေသော စစ်သူကြီးများမှာလည်း ဓားသွားပေါ်ရှိ သွေးအရသာကို ခံစားဖူးသော ယောက်ျားရင့်မာကြီးများ ဖြစ်ကြသော်လည်း ယခုတွင် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နှုတ်ခမ်းများပင် တဆက်ဆက် တုန်ယင်နေကြတော့သည်။
တန်းစီ ကြိုဆိုနေကြသော စစ်သည်များမှာလည်း ကြောင်အစွာဖြင့် ရှ်ိနေကြပြီး ‘ငါ မျက်စိမှားတာလား၊ ငါပဲ နားကြားမှားတာလား’ ဟု ထင်နေကြသည်။
‘ဒါ... ဒါက မြို့တော်မှာ “ပြတ်သားတယ်” လို့ နာမည်ကြီးပြီး၊ မကြာခင်ကပဲ “သူလျှိုကို ကိုယ်တိုင်ဖမ်းခဲ့တဲ့” အိမ်ရှေ့စံ မင်းသား ဟုတ်ရောဟုတ်ရဲ့လား….’
‘ ကြည့်ရတာ... ဟိုဘက်ရွာက အလုပ်မရှိ လေလွင့်နေတဲ့ လူလေထက်တောင် ပိုပြီး စိတ်မချရသလိုပဲ’
ရှောင်ရှန်းသည် အခြားသူများ၏ အတွေးများကို ဂရုမစိုက်ပေ။ လက်ရှိတွင် သူ့မှာ ဆန္ဒတစ်ခုတည်းသာ ရှိ၏။
ဤသည်မှာ သက်သောင့်သက်သာ နေရာလေးတစ်ခုတွင် အိပ်ရေးဝဝ ပြန်အိပ်ရန်သာ ဖြစ်သည်။
လမ်းတစ်လျှောက်လုံး မြင်းရထားပေါ်တွင် အိပ်စက်ခဲ့သော်လည်း သို့သော် လမ်းခရီး၏ ကြမ်းတမ်းမှုကြောင့် အရိုးများပင် တစ်ဆစ်ဆစ် နာကျင်နေပြီ ဖြစ်သည်။
သူ၏စိတ်ထဲတွင်လည်း တွက်ချက်ထားပြီး ဖြစ်သည်။
‘စစ်စခန်းက ကောင်းတာပေါ့....ငါကိုယ်တော့်ရဲ့ ဘာမှအသုံးမကျတဲ့ ပုံစံကို ပြဖို့ အကောင်းဆုံး နေရာပဲ ၊ ခမည်းတော်သာ မြင်ရင် “ဒီအသုံးမကျတဲ့သားက တကယ်ကို ကယ်လို့မရတော့ဘူး”ဆိုပြီး တွေးမှာ…’
' ရှေ့တန်းမှာတင် အသက်မပေးလိုက်တာကိုက ကျေးဇူးတင်ရမှာ ဆိုပြီး ငါ့ကို ရာထူးကနေ ချမှာ သေချာတယ်၊ အဲ့အခါကျရင် ငါလည်း မြို့တော်ပြန်ပြီး အေးဆေး နေရုံပဲ”
ချင်ချန်းမှာတော့ အသက်ကို ပြင်းပြင်းရှူကာ ရင်ထဲက ဒေါသကို အတင်း အောင့်အည်းထားရသည်။
‘ အမိန့်တော်သာ မရှိရင် ဒီအရှက်မရှိတဲ့ကောင်ကို ဟိုးမြို့တော်အထိ ကန်ထုတ်ပစ်ပြီးပြီ’
“အရှင့်သား...”
ချင်ချန်းသည် အံကြိတ်ကာ အသံကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
“စစ်တဲ ပြင်ပြီးပါပြီ၊ ကြွပါ”
“အင်း... ကောင်းတယ်၊ ကောင်းတယ်”
ရှောင်ရှန်းသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ရှောင်သယ့်ဇီ၏ တွဲကူမှုဖြင့် မြင်းရထားပေါ်မှ ယိမ်းထိုးကာ ဆင်းလာခဲ့သည်။
လေတိုက်ရင် အချိန်မရွေး လွင့်ပါသွားနိုင်သည့် သူ့ပုံစံကို ကြည့်ပြီး လူတိုင်း ရင်တထိတ်ထိတ် ဖြစ်နေကြသည်။
ချင်ချန်းမှာ လက်သီးနှင့် ထိုးပစ်ချင်သည့်အထိ ဖြစ်မိသော်လည်း စိတ်ကို အတင်း ထိန်းချုပ်ကာ သူ့ဘေးနားက လက်ထောက်စစ်သူကြီးကို မျက်နှာရိပ် မျက်နှာကဲ ပြလိုက်သည်။
လက်ထောက်စစ်သူကြီးက နားလည်စွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“စစ်သူကြီး... ဒီလူက... ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် စစ်သည်တွေကို ကွပ်ကဲမှာလဲ ပြဿနာ လာရှာတာပဲ ဖြစ်မယ်"
ချင်ချန်းသည် အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး အသံကို နှိမ့်ကာ ဆိုလိုက်သည်။
“အမိန့်တော်ရှိနေလို့ သည်းခံရမှာပဲ ၊ သူ ဘာတွေ ထပ်ပြီး ထူးဆန်းတာတွေ လုပ်ဦးမလဲဆိုတာ ငါ စောင့်ကြည့်ဦးမယ်"
ရှောင်ရှန်းသည် လူတိုင်းကို “စိတ်မပျက်စေ” ခဲ့ပေ။
သူသည် နောက်ရက်များတွင် “အသုံးမကျခြင်း” ဟူသော စကားလုံးကို အစွမ်းကုန် အသုံးချပြလေတော့၏။
နေ့တိုင်း နေဖင်ထိုးမှ အိပ်ရာထတတ်ပြီး၊ နိုးလာလျှင် ပထမဆုံး လုပ်သည့်အရာမှာ ဗိုက်ဆာသည်ဟု အော်ဟစ်ခြင်းပင်။
သူ ကြိုက်နှစ်သက်သော အစားအစာ မဟုတ်ပါက ၊ စားဖိုမှူးကို ပြန်လုပ်ခိုင်းကာ သူ စိတ်တိုင်းကျသည့်အထိ ဒုက္ခပေးတတ်သည်။
ဝအောင်စားပြီးပါက ပြန်အိပ်ချင်သည်ဟု ဆိုကာ မြို့တော်မှ သယ်ဆောင်လာသည့် သားမွှေးကော်ဇောကြီးပေါ်တွင် ပြန်အိပ်လေတော့၏။
တစ်ခါတစ်ရံ ရှောင်နီရှန်းက စခန်းကို လှည့်လည်ကြည့်ရှုရန် အတင်းအကျပ် ဆွဲခေါ်သွားသောအခါ ၊ သူသည် အိပ်ချင်မူးတူး ပုံစံဖြင့် ဒယိမ်းဒယိုင် လျှောက်လှမ်းကာ တစ်လမ်းလုံး သမ်းဝေပြလေ၏။
စစ်သည်များ၏ လေ့ကျင့်သံသည် ကောင်းကင်ယံအထိ ဟိန်းထွက်နေသော်လည်း သူကတော့ အလံတိုင်ကို မှီပြီး ငိုက်ပြနေဆဲပင်။
စစ်ဆင်ရေး အစည်းအဝေးများတွင် သူသည် ထိုင်လျက်ပင် အိပ်ပျော်သွားတတ်ပြီး ဟောက်သံမှာ ကျယ်လောင်လှသဖြင့် အတော်လေး ရှက်ဖို့ကောင်းပေသည်။
သုံးရက်အတွင်းမှာပင် ၊ “ လူ့ငပျင်း အိမ်ရှေ့စံ” ၊ “အိပ်ပုတ်ကြီး အိမ်ရှေ့စံ”၊ “စားဖိုဆောင် အိမ်ရှေ့စံ” ဟူသော နာမည်ဆိုးများသည် ဟွမ်ဖုန်းစစ်စခန်း တစ်ခုလုံး ပျံ့နှံ့သွားတော့သည်။
သူသည် စစ်သည်များ လေ့ကျင့်ပြီးနောက် ပြောစရာအကောင်းဆုံး ပြက်လုံးတစ်ခု ဖြစ်လာခဲ့သည်။
“ကြားပြီးပြီလား၊ အိမ်ရှေ့စံက မနေ့ကလည်း ချင်စစ်သူကြီးကို ဒေါသထွက်အောင် ထပ်လုပ်ပြန်ပြီတဲ့"
“ဒါတင် ဘယ်ကမလဲ၊ အိမ်ရှေ့စံက စစ်တပ်က အစားအစာတွေက အရသာမရှိဘူးဆိုပြီး တစ်နပ်ကို ဟင်းရှစ်မျိုးနဲ့ ပြင်ခိုင်းတာတဲ့”
“ဟမ်... ဒါက စစ်လာတိုက်တာ မဟုတ်ဘူး၊ ဇိမ်လာခံနေတာ ၊ ငါ့အထင်တော့ လေပြင်းနည်းနည်းလောက် တိုက်ရုံနဲ့ တို့အိမ်ရှေ့စံ လွင့်ထွက်သွားနိုင်တယ်"
အချို့သော ဝါရင့်စစ်သည်များက ဤနူးနူးရွရွ အိမ်ရှေ့စံ မင်းသားသည် နယ်စပ်တွင် ‘ဘယ်နှရက်ခံနိုင်မည်’ ဟု တိတ်တဆိတ် လောင်းကြေးထပ်ထားကြသည်။
ရှောင်ရှန်းသည် ဤအကြောင်းများကို သိသော်လည်း ပို၍ပင် ကျေနပ်နေ၏။
‘ နာမည်ပျက်လေ ကောင်းလေ၊ အသုံးမကျလေ ပိုကောင်းလေပဲ ဒါမှ သူ အိမ်ရှေ့စံ ရာထူးက ပြုတ်ဖို့ ပိုနီးစပ်မှာ မဟုတ်လား’
သို့သော် ရှောင်ရှန်း တစ်ယောက် စိတ်အေးလက်အေးဖြင့် အသုံးမကျချင်ယောင် ဆောင်ပြနေစဉ်မှာပင် ၊ သူ၏ စခန်းတဝိုက်တွင် ထူးဆန်းသော ကိစ္စအချို့ တိတ်တဆိတ် ဖြစ်ပေါ်လာခဲ့သည်။
နယ်စပ်သည် အလွန်အေးမြသော်လည်း ညဘက်တွင် ခြင်နှင့် အင်းဆက်များမှာ အလွန် များပြားလှသည်။
အခြားသော စစ်သည်များမှာ ခြင်ဆေးများ ထွန်းထားသော်လည်း ခြင်ကိုက်ခံရသဖြင့် အိပ်မပျော်နိုင်ကြပေ။
သို့သော် ထူးဆန်းသည်မှာ ရှောင်ရှန်း၏ တဲအပြင်ဘက်တွင် ခြင်များ တဝီဝီနှင့် အုပ်စုလိုက် ရှိနေသော်လည်း၊ မည်သည့်အင်းဆက် တစ်ကောင်မျှ သူ့တဲကနေ သုံးပေအတွင်း မပျံသန်းရဲကြပေ။
အခန်း(၇၈)
မမြင်ရသော အတားအဆီးတစ်ခုက ၎င်းတို့ကို တားဆီးထားသည့်အလားပင်။
ကာယကံရှင်မှာ ထိုအကြောင်းကို ဘာမှမသိဘဲ ဟောက်သံလေးဖြင့် အေးဆေးစွာ နှပ်နေလေ၏။
အစပိုင်းတွင် မည်သူမျှ သတိမထားမိကြပေ။
တစ်ညတွင် ကင်းလှည့်နေသော စစ်သည်လေးတစ်ဦးမှာ ညစာစားစဉ်က ဆိတ်သားစွပ်ပြုတ် အသောက်များသွားသဖြင့် ဆီးသွားရန် ထလာခဲ့သည်။
သူသည် အိမ်ရှေ့စံ၏ တဲအနီးရှိ တိတ်ဆိတ်သော ကုန်းမြင့်လေးတစ်ခုသို့ သွားကာ အပေါ့သွားရန် ထွက်လာခဲ့စဉ်၊
လရောင်အောက်၌ လှုပ်ရှားနေသော အနက်ရောင် အရိပ်အချို့ကို မြင်လိုက်ရသည်။
သူသည် လန့်ဖျပ်သွားပြီး ၊ သေချာ ထပ်ကြည့်လိုက်ရာ ပို၍ပင် ထိတ်လန့်တကြား ဖြစ်ခဲ့ရသည်။
လက်မောင်းလောက် အထူရှိသည့် အဆိပ်ပြင်း မြွေ အများအပြားသည် တရှဲရှဲဖြင့် အိမ်ရှေ့စံ၏ တဲကို ဝန်းရံကာ တွားသွားနေကြခြင်းပင် ဖြစ်သည်။
မြွေများ၏ အေးစက်သော မျက်လုံးများမှာ လရောင်အောက်တွင် တောက်ပနေပြီး၊ ထိုစစ်သည်လေးမှာဖြင့် ကြောက်လွန်း၍ ခြေဖျားလက်ဖျားများပင် တုန်ယင်လာသည်။
ပို၍ ထူးဆန်းသည်မှာ ထိုမြွေများမှာ တဲနှင့် အလွန် နီးကပ်နေပြီး အချို့မှာ တဲတံခါးဝအထိ ရောက်နေသော်လည်း၊ တစ်စုံတစ်ခုက တားဆီးထားသကဲ့သို့ တုံ့ဆိုင်းနေကြပြီး နောက်ဆုံးတွင် မကျေမနပ်ဖြင့် လှည့်ပြန်သွားကြတော့သည်။
“အမေရေ …..”
စစ်သည်လေးမှာ ဆီးတောင် မသွားနိုင်တော့ဘဲ ဘောင်းဘီကို အတင်းဆွဲတင်ကာ သူ့အဖွဲ့ဆီသို့ ပြေးသွားပြီး မြင်သမျှအကုန် တင်ပြလေတော့သည်။
အစပိုင်းတွင် ခေါင်းဆောင်နှင့် ရဲဘော်များက အိမ်မက်ဆိုး မက်ခဲ့သည်ဟု ထင်ကာ လှောင်ပြောင်ခဲ့ကြသည်။
သို့သော် ထိုစစ်သည်လေးသည် ကျိန်ဆိုကာ ပြောလာသဖြင့် နောက်ရက်များတွင် သတ္တိရှိသော စစ်သည်အချို့က အိမ်ရှေ့စံ၏ တဲအနားသို့ သွားရောက်ကာ တိတ်တဆိတ် စောင့်ကြည့်ခဲ့ကြသည်။
ထိုအခါ လူတိုင်း မှင်သက်သွားရသည်။
စစ်သည်လေး ပြောသကဲ့သို့ပင်၊ မြွေများသာမက ကင်းမြီးကောက်၊ ကင်းခြေများ အစရှိသော အဆိပ်ရှိ သတ္တဝါအားလုံးသည် အိမ်ရှေ့စံ၏ တဲအနားသို့ မချဉ်းကပ်ရဲကြပေ။
၎င်းတို့သည် အနားသို့ တိုးကပ်ရန် ကြိုးစားကြသော်လည်း မမြင်ရသော တံတိုင်းတစ်ခုကို တိုက်မိသကဲ့သို့ ကြောက်လန့်တကြားဖြင့် ဆုတ်ခွာသွားခဲ့ရသည်။
သတင်းသည် တောမီးလို ပျံ့နှံ့သွားပြီး ပိုပို၍ ထူးဆန်းလာ၏။
“ကြားပြီးပြီလား အိမ်ရှေ့စံ မင်းသားက အဆိပ်အားလုံးကို ခံနိုင်ရည်ရှိတယ်တဲ့”
“ဒါတင် ဘယ်ကမလဲ၊ အဆိပ်ရှိတဲ့ သတ္တဝါတွေတောင် မင်းသားကို မြင်ရင် လမ်းဖယ်ပေးရတယ်တဲ့"
“ ဘုရားရေ... တို့အိမ်ရှေ့စံက... ဘုရားလောင်း ဝင်စားတာလား မသိဘူးနော်"
ရှောင်ရှန်းကို ကြည့်သော စစ်သည်များ၏ အကြည့်များထဲတွင် ယခင်ကလို အထင်သေးသော အကြည့်များထက် ရိုသေကြောက်လန့်မှုများ တစ်စတစ်စ ပါဝင်လာခဲ့သည်။
ဤ “ လူ့ငပျင်း အိမ်ရှေ့စံ” ၏ ပုံရိပ်သည် သူတို့၏စိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ချင်ချန်းလည်း ဤသတင်းများကို ကြားသိခဲ့ရသည်။
သူသည် သဘာဝလွန် ကိစ္စများကို မယုံကြည်သူ ဖြစ်သဖြင့် လျှောက်ပြောနေခြင်း ဖြစ်ရမည်ဟုသာ ထင်မှတ်ခဲ့သည်။
သို့သော် ယနေ့ညတွင် သူသည် စစ်ရေးကိစ္စများ ပြီးစီး၍ စခန်းကို လှည့်လည်ကြည့်ရှုစဉ်၊
ရှောင်ရှန်း၏ ဟောက်သံ ထွက်ပေါ်နေသော တဲနားလေးသို့ ရောက်ရှိသွားခဲ့ရာ ၊ သူ၏ခြေလှမ်းများသည် သူ့အလိုလို ရပ်တန့်သွားခဲ့သည်။
လရောင်မှာ တိတ်ဆိတ်နေသော စစ်စခန်းပေါ်သို့ ကျဆင်းနေသည်။
ချင်ချန်းသည် သိမ်းငှက်ကဲ့သို့ စူးရှထက်မြက်သော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ရာ ၊ သူ၏ မျက်လုံးများမှာ အနည်းငယ် ကျုံ့ဝင်သွားခဲ့၏။
တဲ၏ ထောင့်တစ်နေရာတွင် အရောင်အသွေး စုံလင်သော ကင်းမြီးကောက်ကြီး တစ်ကောင်သည် အမြီးကို ထောင်ကာ စစ်တဲနားသို့ သတိကြီးစွာဖြင့် ချဉ်းကပ်လာသည်။
ထိုကင်းမြီးကောက်မှာ လက်ဖဝါးခန့် ရှိပြီး အလွန် အဆိပ်ပြင်းပုံ ရသည်။ သို့သော် ထိုကင်းမြီးကောက်သည် စစ်တဲနှင့် တစ်ပေခန့် အကွာသို့ ရောက်သည့်အခါ ရုတ်တရက် ရပ်တန့်သွားသည်။
ရှေ့တွင် အလွန် ကြောက်စရာကောင်းသော အရာတစ်ခု ရှိနေသည့်အလား ဂနာမငြိမ် ဖြစ်လာပြီး၊ နောက်ဆုံးတွင် အကြီးအကျယ် ထိတ်လန့်သွားသည့်အလား လျင်မြန်စွာပင် လှည့်ပြန်ပြီး မှောင်ရိပ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
ချင်ချန်းမှာ နေရာမှာတင် တုန်လှုပ်စွာဖြင့် ရပ်နေမိသည်။
သူသည် စစ်မြေပြင်တွင် သက်တမ်းတစ်ဝက် ကုန်ဆုံးခဲ့ပြီး ထူးဆန်းသော ကိစ္စများစွာကို ကြုံတွေ့ဖူးသော်လည်း၊ ယခုကဲ့သို့ ထူးဆန်းသော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရခြင်း ဖြစ်သည်။
“ထူးဆန်းလိုက်တာ”
ချင်ချန်းသည် တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒီရှောင်ရှန်း... သူ့ကိုယ်ပေါ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ"
နောက်တစ်နေ့တွင် “အိမ်ရှေ့စံ၏ နိမိတ်ကောင်း” နှင့် ပတ်သက်သော ကောလာဟလများမှာ ဟွမ်ဖုန််းစစ်စခန်း တစ်ခုလုံး ပျံ့နှံ့သွားလေတော့၏။
“ကြားပြီးပြီလား မနေ့ညက ချင်စစ်သူကြီး ကိုယ်တိုင် မြင်လိုက်တာတဲ့၊ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ ကင်းမြီးကောက်စုန်းက အိမ်ရှေ့စံကို ခိုးတိုက်ဖို့ လုပ်တာ.."
" ဒါပေမဲ့ တဲအနား သုံးပေတောင် မကပ်ရသေးဘူး၊ အရှင့်သားဆီကနေ ကိုယ်ရောင်ကိုယ်ဝါတွေ ထွက်လာပြီး ရိုက်ထုတ်လိုက်တာ လွင့်ထွက်သွားတယ်ဆိုပဲ"
လှံကို တိုက်ချွတ်နေသော စစ်သည်တစ်ဦးက အသံကိုနှိမ့်ကာ တအံ့တဩ ပြောလိုက်သည်။