← Chapters

အက်ကွဲကြောင်းကြီး

Vol. 12 Ch. 1136

အက်ကွဲကြောင်းကြီး

Vol. 12 Ch. 1136

" ဒီပင့်ကူတွေက ရွှမ်ကျုံးပြည်နယ်ထဲမှာ ပြဿနာတွေ ရှာနေတဲ့ကောင်တွေလား "

ကုန်းစွန်းဝမ်အာက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ ပင့်ကူများမှာ များပြားလွန်းလှသည့်အတွက် ကောင်းကင်ဧကရာဇ်တစ်ယောက်ပင် ၎င်းတို့အားလုံးနှင့် ရင်ဆိုင်ရန် အခက်တွေ့နေမည်သာ ဖြစ်သည်။

သို့သော် ပြဿနာမှာ ဤမျှလောက် ရိုးရှင်းနေခြင်း မရှိပေ။ အထူးသဖြင့် ဝိညာဥ်ကွင်းဆက်ကြောင့် ပို၍ပင် ရှုပ်ထွေးနေမည်သာဖြစ်သည်။

" ဒီပင့်ကူတွေကို အရင်ဆုံး ရှင်းပြီးမှ တခြားကိစ္စတွေကို စိတ်ပူကြတာပေါ့ "

ပိုင်ရှောင်ချန်းက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သောအခါ အေးစိမ့်ချီများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားတော့သည်။ ထိုအေးစိမ့်ချီများ ရောက်ရှိသွားသည့် နေရာတိုင်းရှိ မြို့တော်ထဲမှအဆောက်အဦများမှာ အေးခဲသွားကြသည်။

ပင့်ကူများမှာလည်း ချက်ချင်းပင် အတောင့်လိုက်ဖြစ်သွားကြပြီး မလှုပ်ရှားနိုင်ကြတော့ပေ။ တချိန်ထဲမှာပင် ကုန်းစွန်းဝမ်အာကလည်း လှုပ်ရှားလိုက်ပြီး အောက်ဘက်ရှိ မြို့တော်ကြီးဆီသို့ အနက်ရောင်မီးတောက်များ စေလွှတ်လိုက်သည်။ ဤမီးတောက်အမျိုးအစားမှာ ပိုင်ရှောင်ချန်း အောက်လမ်းဆရာအတတ်များကိုသုံး၍ ဖန်တီးခဲ့သော ရောင်စုံခြယ်မီးတောက်များနှင့် မတူညီပေ။ ၎င်းမှာ ပို၍ သန့်စင်သည့်ပုံစံ ပေါ်နေသည်။ ပိုင်ရှောင်ချန်းမှာ ထိုမီးတောက်ကို ကြည့်လိုက်မိသောအခါ ၎င်းထဲတွင် စိတ်ခံစားမှုခုနစ်ပါးနှင့် အာရုံခြောက်သွယ်တို့ပင် ပါဝင်နေကြောင်း သိလိုက်ရသည်။

ထိုအနက်ရောင်မီးတောက်ကြီးမှာ မီးပင်လယ်ကြီးတစ်စင်းအသွင် လျင်မြန်စွာပြောင်းလဲသွားပြီး ထိုနေရာတစ်ဝိုက်တွင် ပျံ့နှံ့သွားတော့သည်။ ထိုမီးပင်လယ်ကြီးက ပိုင်ရှောင်ချန်း၏ အေးစိမ့်ချီကို ဝင်ရောက်နှောင့်ယှက်ခြင်း မရှိသည့်အပြင် ၎င်းအား ပို၍ပင်ပြည့်စုံသွားအောင် ပြုလုပ်ပေးနေတော့သည်။

မရေမတွက်နိုင်သော ပင့်ကူပေါင်းများစွာ သေဆုံးသွားကြပြီး ဟိန်းဟောက်သံများ ပဲ့တင်ထွက်လာကြသည်။ သို့သော် ပင့်ကူများစွာ ကျန်ရှိနေဆဲဖြစ်ပြီး ၎င်းတို့မှာ အတူတကွ စုဝေးလိုက်ကြပြီး ကောင်းကင်ယံအထိ မြင့်တက်ထိုးထွက်နေသော တိုင်ကြီးရှစ်တိုင်အသွင် ပြောင်းလဲသွားကြသည်။

မကြာမီ ထိုတိုင်ကြီးများမှာ မရေမတွက်နိုင်သော အသေးစားပင့်ကူများစွာဖြင့် ဖွဲ့စည်းထားသည့် မီတာသုံးရာခန့် မြင့်မားသော ပင့်ကူကြီးများအသွင် ပြောင်းလဲသွားကြသည်။ ထိုဧရာမပင့်ကူကြီးများမှာ အော်ဟစ်လိုက်ကြပြီး ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့ဆီသို့ ပြေးလာကြသည်။

ထိုဧရာမပင့်ကူကြီးများမှာ ပင့်ကူပေါင်းများစွာ ပေါင်းစည်းလိုက်ခြင်းကြောင့် ပေါ်ထွက်လာခြင်းဖြစ်ရာ အခြေခိုင်မာခြင်းအဆင့်တွင် ဆက်၍ရှိမနေတော့ပေ။ ၎င်းတို့မှာ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်နီးပါး ဖြစ်နေကြပြီဖြစ်ပြီး အလွန့်အလွန် ရက်စက်ကြမ်းကြုတ်မည့် အသွင်ကိုဆောင်နေကြသည်။

ဤအခြေအနေကို ရင်ဆိုင်နေရသူများမှာ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများသာ မဟုတ်ပါက အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည်ပင် မဟုတ်ပေ။ ကံကောင်းထောက်မစွာ ရွှမ်ကျုံးပြည်နယ်ထဲရှိ သံသယဖြစ်ဖွယ် ဖြစ်ရပ်များမှာ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်တင်မဟုတ်ပဲ နှစ်ယောက်၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ဤအရာအားလုံး၏ နောက်ကွယ်ရှိ လက်သည်တရားခံမှာ ယခုကဲ့သို့အခြေအနေမျိုးနှင့် ကြုံရလိမ့်မည်ဟု လုံးဝနီးပါး မတွေးမိခဲ့သည့်ပုံပင်။

ထိုဧရာမပင့်ကူကြီးရှစ်ကောင် အနီးသို့ ကပ်လာကြသောအခါ ပိုင်ရှောင်ချန်းက တိုက်ခိုက်ရန်ပြင်လိုက်သည်။ သို့သော် ကုန်းစွန်းဝမ်အာမှာ သူတို့ ပထမဆုံးကြုံတွေ့ခဲ့ရသည့် ပထမဆုံးရွာထဲမှ ဖြစ်ရပ်များကြောင့် ထွက်ပေါ်လာခဲ့သည့် ခံပြင်းမှုများကို မျိုသိပ်နေခဲ့ရသည်။ ပိုင်ရှောင်ချန်းက ထိုချောင်ပိတ်နေသော အခြေအနေမှ သူမထက်အရင် ဖောက်ထွက်နိုင်ခဲ့သဖြင့် သူမသည် သူ့ကို အလွန်အထင်ကြီးသွားခဲ့သည်။ ထို့ကြောင့် ယခု သူ မည်သည့်အရာမှမလုပ်နိုင်ခင် သူမသည် မန္တန်လက်ကွက်တစ်ခုကို လျင်မြန်စွာဖော်လိုက်ပြီး ထိုပင့်ကူကြီးများထံသို့ အနက်ရောင်မီးခိုးထုကြီးများစွာကို စေလွှတ်လိုက်တော့သည်။

ထိုမီးခိုးများမှာ လမ်းတစ်လျှောက်တွင် သရဲလက်ရှစ်ချောင်းအသွင် ပြောင်းလဲသွားပြီးနောက် ထိုလက်များမှာ လက်သီးများဆုပ်လိုက်ကြပြီး ပင့်ကူများကို ထိုးနှက်လိုက်တော့သည်။

ထိုအခါ အက်ကွဲသံများ ပေါ်ထွက်လာပြီး ပင့်ကူကြီးများ ပြိုကွဲသွားကြသဖြင့် ပင့်ကူပေါင်း မြောက်မြားစွာ သေဆုံးသွားကြတော့သည်။ အသက်ရှင်ကျန်ရစ်ခဲ့သော ပင့်ကူများကို သူမ မတိုက်ခိုက်နိုင်ခင် ၎င်းတို့မှာ မြေပြင်ပေါ်သို့ ကျဆင်းသွားကြပြီး ပိုင်ရှောင်ချန်းကြောင့် ချုပ်နှောင်ခံထားရကာ အေးခဲနေသော မြေပြင်ကြီးကို လျစ်လျူရှု၍ မြေကြီးထဲသို့ တူးဝင်သွားကြတော့သည်။

သူတို့အတွက်မူ မြေပြင်ကြီးမှာ တို့ဟူးပျော့များကဲ့သို့ ပျော့ပြောင်းလွန်းနေသည်။ တစ်ခဏလေးအတွင်း ထိုပင့်ကူများအားလုံး ပျောက်ကွယ်သွားကြပြီး မြေပြင်ပေါ်တွင် လက်သီးဆုပ်အရွယ် တွင်းများသာ ကျန်ရစ်ခဲ့တော့သည်။

ယခုအခါ အောက်ဘက်ရှိ မြေပြင်ကြီးမှာ ဧရာမ ဇကာပေါက်ကြီးတစ်ခုနှင့် တူနေပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ အရောင်တဖျတ်ဖျတ်လက်နေသည့် မျက်ဝန်းများဖြင့် အောက်သို့ဆင်းသက်သွားပြီး စစ်ဆေးကြည့်ရှုလိုက်သည်။ ထိုစဥ် ကုန်းစွန်းဝမ်အာမှာ အေးစက်စက်မှာမှုတ်လိုက်ပြီး မန္တန်လက်ကွက်တစ်ခုဖော်လိုက်သဖြင့် သူမ၏ သရဲလက်ရှစ်ချောင်းမှာ အတူတကွ ပြန်လည်ပေါင်းစည်းသွားကြပြီး အရွယ်အစားပို၍ကြီးမားသော ရက်စက်ကြမ်းကြုတ်ဖွယ်လက်ကြီးတစ်ချောင်းအသွင် ပြောင်းလဲသွားသည်။ ထိုလက်ကြီးမှာ လက်သီးဆုပ်လိုက်ပြီး ပိုင်ရှောင်ချန်း၏အောက်ဘက်ရှိ မြေပြင်ကြီးကို ထိုးချလိုက်တော့သည်။

ထိုအခါ အုန်းခနဲအသံကျယ်ကြီးတစ်သံ မြည်ဟည်းထွက်ပေါ်လာပြီး မြေပြင်တစ်ဝှမ်း ပြင်းထန်စွာတုန်ရီသွားကြကာ မြေကြီးကို ဇကာပေါက်တစ်ခုကဲ့သို့ ဖြစ်သွားစေခဲ့သည့် တွင်းများစွာ ပြိုလဲသွားကြပြီး မီတာသုံးရာခန့် ကျယ်ဝန်းသော အခေါင်းပေါက်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။

ထိုအခေါင်းပေါက်ကြီးထဲမှ အက်ကွဲကြောင်းများစွာပေါ်ထွက်လာပြီး အရပ်မျက်မှာအနှံ့သို့ ပြန့်ထွက်သွားကြလေရာ လေထဲတွင် အက်ကွဲသံများဖြင့် ပြည့်နှက်သွားတော့သည်။ မကြာမီ ထိုအက်ကွဲကြောင်းများမှာ တစ်မြို့လုံးနီးပါးကို ဖုံးလွှမ်းသွားတော့သည်။

ယခုတွင် မြေပြင်က မြို့တော်ကြီးကို အောက်မှပင့်ပေးထားသည့် အခွံလွတ်ကြီးတစ်ခုသာသာ ကျန်ရှိတော့သည်။ အက်ကွဲကြောင်းများမှာ ဆက်လက်ပြန့်ထွက်နေကြပြီး ရွှမ်ကျုံးပြည်နယ်၏ ယိုယွင်းနေပြီဖြစ်သော မြို့တော်ကြီးမှာ ပြိုလဲစပြုလာတော့သည်။

တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသည်မှာ မြေပြင်အောက်ရှိ နေရာတစ်ဝိုက်မှာ ဗလာကျင်းနေခြင်းပင်။ အညစ်အကြေးများ၊ အုတ်ကြွပ်ပြားများ၊ အုတ်ခဲများနှင့် ဖုန်မှုန့် အမြောက်အမြား အောက်သို့ကျဆင်းသွားကြပါသော်လည်း အောက်ဘက်ရှိ ဧရာမတွင်းကြီးမှာ မပြည့်သွားသေးပေ။

ဖုန်များငြိမ်ကျသွားသောအခါ ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့မှာ မြင်လိုက်ရသည့် ဧရာမ ချိုင့်ခွက်ကြီးကြောင့် အလွန်ကြီးမားသော အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်အလား တုန်လှုပ်ခြောက်ခြားသွားကြသည်။ ထိုချိုင့်ခွက်ကြီးထဲမှ မီးခိုးရောင်မြူခိုးများ အဆုံးမရှိလောက်အောင် စိမ့်ထွက်နေသည်။ ဤချိုင့်ခွင်ကြီးမှာ မြူခိုးများအားလုံး၏ ရင်းမြစ်ဖြစ်နေသည်မှာ အထင်အရှားပင်။

၎င်းတစ်ဝိုက်တွင် သုတ်သီးသုတ်ပျာပြေးလွှားနေကြသည့် အသေးစား ပင့်ကူလေးများကို မြင်နေရသဖြင့် ထိုချိုင့်ခွက်ကြီးမှာ ဧရာမပင့်ကူသိုက်ကြီးတစ်ခုကဲ့သို့ပင်ဖြစ်နေသည်။

ကုန်းစွန်းဝမ်အာက ထိုဧရာမချိုင့်ခွက်ကြီးကို ငုံ့ကြည့်လိုက်သောအခါ သူမ၏မျက်နှာအမူအရာ လှစ်ခနဲပြောင်းလဲသွား၏။

" ဝိညာဥ်ကွင်းဆက်ရဲ့ ရင်းမြစ်က ဒီအောက်မှာပဲ "

သူမက ထိုသို့ရေရွတ်လိုက်ပြီး ရိပ်ခနဲလှုပ်ရှားကာ ချိုင့်ခွက်ကြီးဆီသို့ ထိုးဆင်းသွားသည်။ ပိုင်ရှောင်ချန်းကမူ မျက်တောင်အနည်းငယ်ခတ်လိုက်ပြီး သူ၏ရင်ထဲရှိ စိုးထိတ်နေသောခံစားချက်ကြီးကို နောက်တစ်ကြိမ် ထပ်မံ သတိထားမိလိုက်သည်။ မိမိရင်ဆိုင်ရမည့် ရန်သူ၏ အခြေအနေကို မသိခြင်းမှာ ပို၍ကြောက်စရာကောင်းသည် မဟုတ်ပါလော။

ကုန်းစွန်းဝမ်အာက လက်ဦးမှုရယူသွားသည်ကို ပိုင်ရှောင်ချန်းမှာ လုံးဝစိတ်မခုပေ။ သူမတစ်ယောက်ထဲ ဤအခြေအနေကို ဖြေရှင်းမည်ဆိုလျှင် သူက ပို၍ပင်သဘောကျနေဦးမည် ဖြစ်သည်။

သို့သော် သူသည် သူမနောက်သို့လိုက်၍ ချိုင့်ခွက်ထဲသို့ ဆင်းသွားလိုက်သည်။ ထိုချိုင့်ခွက်ကြီးမှာ အလွန်ကြီးမားလှပြီး နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် နောက်တွန့်သွားစေမည့် မြူခိုးများနှင့် ပြည့်နှက်နေသည်။ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများသာ ထိုချိုင့်ခွက်ကြီးထဲတွင် သွားလာလှုပ်ရှားနိုင်မည်ဖြစ်သည်။

သူတို့နှစ်ယောက် ရှေ့ဆက်နေစဥ် တဂျွတ်ဂျွတ်ဝါးနေသည့် အသံနှင့်တူသော အသံများကိုကြားလိုက်ရသည်။ ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့နှစ်ယောက်စလုံး ပို၍စိုးထိတ်လာကြပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံများကို လည်ပတ်စေလိုက်ပါသော်လည်း ထိုကြိတ်ဝါးနေသည့် အသံများမှာ ပို၍ ကျယ်လောင်လာဆဲပင်။

ကံမကောင်းသည်မှာ မီးခိုးရောင်မြူခိုးများသည် နတ်ဘုရားအာရုံကို နှောင့်ယှက်နေကြသဖြင့် သူတို့မှာ သူတို့၏ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသည့်အရာများကို မသိနိုင်လောက်အောင် ဖြစ်နေကြသည်။

ထိုကြိတ်ဝါးသံများမှာ သူတို့၏ဘေးတည့်တည့်မှ ထွက်ပေါ်လာနေကြသည့်အလားပင်။ တစ်ကြိမ်တွင် ကုန်းစွန်းဝမ်အာသည် ရပ်တန့်လိုက်ပြီး သူ့ကို လှမ်းကြည့်လိုက်သဖြင့် သူသည် ထည့်စရာအိတ်ကိုပုတ်၍ ဆယ့်လေးရောင်ခြယ်မီးတောက်တစ်ခုကို ထုတ်လိုက်သည်။

သို့သော်လည်း သူ၏ ရောင်စုံခြယ်မီးတောက်များမှာ အရေအတွက်နည်းပါးနေပြီဖြစ်၍ ထိန်းသုံးရန် လိုအပ်နေပြီဖြစ်သည်။ အကယ်၍ ထိုမီးတောက်များသာ အကုန်ကုန်သွားပါက စိတ်စွမ်းအင်အဆင့်မြှင့်တင်ရာတွင် အကြီးအကျယ် အခက်တွေ့နေမည် မဟုတ်ပါလော။

သို့သော် ယခုတွင်မူ သူသည် ကျဥ်းထဲကြပ်ထဲသို့ ရောက်နေပြီဖြစ်ပြီး မှော်အတတ်များနှင့် ဖန်တီးထားသည့် သာမန်မီးတောက်များမှာလည်း ရောင်စုံခြယ်မီးတောက်များလောက် မစွမ်းပေ။ ထို့အပြင် သူတို့ပထမဆုံး စူးစမ်းရှာဖွေခဲ့သည့် ပထမဆုံးရွာထဲတွင် ထိုမီးတောက်မှာ အလွန်အသုံးဝင်ခဲ့သဖြင့် သူ၏လက်ထဲတွင် မီးတောက်တစ်ခုကို ကိုင်ထားပြီး အသုံးပြုရန်အဆင်သင့်ထားရှိရသည်မှာ အနည်းငယ်တော့ စိတ်သက်သာရာ ရစေပေသည်။

ယခုမှာ ကပ်စေးနှဲနေရမည့် အချိန်မဟုတ်ပေ။ ထို့ကြောင့် သူသည် လက်သီးဆုပ်လိုက်ပြီး မီးတောက်ကို မတည်မငြိမ်ဖြစ်အောင်လုပ်လိုက်သောအခါ စူးရှတောက်ပသောအလင်းရောင်များ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်သွားသည်။ ထို့နောက် သူသည် ထိုဆယ့်လေးရောင်ခြယ်မီးတောက်ကို သူ၏ရှေ့ရှိ ချိုင့်ခွက်ကြီးထဲသို့ ပစ်ချလိုက်တော့သည်။

ထိုမီးတောက်မှာ လျင်မြန်စွာ ရွေ့လျားသွားပြီး လမ်းတစ်လျှောက်တွင် အရွယ်အစား ကြီးမားလာကာ မျက်စိကျိန်းစရာကောင်းသော အလင်းရောင်များကို ထုတ်လွှတ်နေသဖြင့် အရာရာတိုင်းကို မြင်လိုက်ရတော့သည်။ အဆုံးသတ်တွင် ၎င်းမှာ ချိုင့်ခွက်ကြီး၏ အောက်ခြေတစ်နေရာသို့ ကျဆင်းသွားပြီး ပေါက်ကွဲသွားသဖြင့် ဆယ့်လေးရောင်ခြယ်မီးတောက်များမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားကြသည်။

ထိုမီးပင်လယ်ကြီးပြန့်ထွက်သွားချိန်တွင် ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့က အရှိန်တင်လိုက်ကြသဖြင့် မကြာမီ ထိုမီးတောက် ကျဆင်းသွားခဲ့သည့် နေရာသို့ ရောက်ရှိသွားသည်။ ထိုမီးတောက်၏ အလင်းကြောင့် သူတို့မှာ အရာရာတိုင်းကို ရှင်းရှင်းလင်းလင်းမြင်နေရပြီဖြစ်သည်။ ထိုသို့မြင်လိုက်ရသောအခါ သူတို့ အံ့အားသင့်သွားကြတော့သည်။

ထိုချိုင့်ခွက်ကြီး၏အောက်ခြေတွင် ဧရာမပင့်ကူအိမ်ကြီးတစ်ခုရှိနေပြီး ၎င်းပင့်ကူအိမ်ကြီးပေါ်တွင် ခြေချောင်းတစ်ချောင်းနှင့်တစ်ချောင်းအကြား မီတာတစ်သောင်းနီးပါး ကွာဝေးသည့် ဧရာမပင့်ကူကြီးတစ်ကောင် ဝပ်နေသည်။ ဤနေရာကား ကြိတ်ဝါးသံများ၏ ရင်းမြစ်ပင်ဖြစ်သည်။ ထိုပင့်ကူကြီးမှာ အရောင်များတောက်ပနေပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတများစွာသာမက ... လူမျက်နှာပေါင်းများစွာလည်း ရှိနေသည်။

ယောက်ျား၊ မိန်းမ၊ အိုအို၊ ပျိုပျို မျိုးစုံရှိနေပြီး သူတို့အားလုံး၏ အမူအရာများမှာ ညှဥ်းပန်းနှိပ်စက်ခံနေရသည့်အလား နာကျည်းဖွယ်ကောင်းလွန်းလှသည်။ သူတို့၏ ပါးစပ်များမှာ အော်ဟစ်နေကြသည့်အလား ပွင့်နေကြပါသော်လည်း မည်သည့်အသံမှ ထွက်မလာပေ။ ထိုအချင်းအရာကား လွန်စွာ ကျောချမ်းဖွယ်ရာ ကောင်းလွန်းလှသည်။

ထိုနေရာတစ်ဝိုက်တွင် မရေမတွက်နိုင်သော အသေးစားပင့်ကူလေးများစွာလည်း ရှိနေသေးသည်ဖြစ်ပြီး ၎င်းတို့မှာ သူတို့ကို တဂျွတ်ဂျွတ်မြည်အောင်ဝါးနေသည့် ပင့်ကူကြီး၏ ပါးစပ်ထဲသို့ ချီတက်နေကြသည်။ ထိုပါးစပ်ပေါက်ကြီးက ပင့်ကူတစ်ကောင်ကိုစားလိုက်တိုင်း ပင့်ကူကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အခြားလူမျက်နှာတစ်ခု ပေါ်ပေါက်လာနေပေသည်။

ပိုင်ရှောင်ချန်းမှာ သိပ်မကြာသေးခင် မြို့တော်ထဲတွင်ရှိနေခဲ့စဥ်က သူ၏ရှေ့တွင် ပေါက်ကွဲသွားခဲ့သည့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ၏ မျက်နှာကိုပင် မြင်လိုက်ရသည်။

သို့သော် ထိုကျောချမ်းဖွယ်ရာများမှာ ဤမျှလောက်နှင့် ရပ်မသွားသေးပေ။ ထိုဧရာမပင့်ကူကြီး၏နောက်တွင် နှလုံးခုန်သကဲ့သို့ ဖြစ်နေသည့် ဥအိတ်တစ်လုံး ရှိနေသည်။ ထိုပင့်ကူကြီးက ရွှမ်ကျုံးပြည်နယ်ထဲရှိ အရာအားလုံးကို ဝါးမျိုနေရသည့် အကြောင်းအရင်းမှာ ထိုဥအိတ်ကြောင့် ဖြစ်ဟန်တူသည်။

All Chapters