← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁) - မိသားစုအတွင်း အဆင့်အတန်း

ယနေ့တွင် မမျှော်လင့်ထားသော သတင်းများ တစ်ခုပြီးတစ်ခု ရောက်ရှိလာခြင်းကြောင့် စျေးမြို့လေးတစ်ခုလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။ ယနေ့ညတွင်မူ လူတိုင်း အိမ်ထဲ၌ ပုန်းမနေကြဘဲ ဤကိစ္စကို ဆွေးနွေးရန် အပြင်သို့ ထွက်လာခဲ့ကြသည်။

အမှန်တကယ်တော့ စက်ရုံဘွိုင်လာပေါက်ကွဲမှုက ထိုမျှအထိ မပြင်းထန်လှပေ။ ထိန်းသိမ်းမှု အားနည်းချက်ကြောင့် စက်ရုံဘွိုင်လာများ ပေါက်ကွဲခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခုသာ ဖြစ်သည်။

သို့သော် ယခုအကြိမ်မှာမူ ထူးခြားနေလေသည်။

ဘယ်တုန်းကများ ဝံပုလွေတစ်အုပ်သည် လူသားတို့၏ စက်ရုံကို ဝင်ရောက်စီးနင်းရဲခဲ့သနည်း။

စက်ရုံတိုင်းတွင် အလုပ်သမား ထောင်နှင့်ချီ ရှိနေပြီး အလုပ်ဆင်းချိန်များတွင် စျေးမြို့ပြင်ပရှိ လမ်းမများသည် များသောအားဖြင့် အလွန်စည်ကားလှသည်။

အလုပ်သမားအချို့မှာ စျေးမြို့လေးအတွင်း ပြန်လည်နေထိုင်ကြပြီး အချို့မှာမူ စက်ရုံအိပ်ဆောင်များ၌သာ နေထိုင်ကြပေသည်။ သူတို့သည် အဆိုင်း ၃ ဆိုင်းခွဲ၍ အလုပ်လုပ်ကြပြီး စက်ရုံမှာ နေ့ရောညပါ လည်ပတ်နေခြင်းဖြစ်သည်။

ဝံပုလွေအုပ်စုတစ်စုသည် ခံတပ်အနီးရှိ လူသားအခြေချစခန်းလေးကို တိုက်ခိုက်ရဲသည်မှာ အင်မတန် ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။

အဖွဲ့နှင့်အတူ လိုက်ပါလာသော ကြေးစားစစ်သားများ ပြောကြားချက်အရ ခံတပ် အမှတ် ၁၁၃ သည် ဧရာမ အတားအဆီး စက်ဝိုင်းကြီးတစ်ခုအတွင်း တည်ရှိသောကြောင့် အမြဲတမ်း ဘေးကင်းလုံခြုံမှု ရှိခဲ့သည်။ အစောပိုင်းက ခံတပ်မှ စစ်တပ်ကို စက်ရုံများသို့ စေလွှတ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် စက်ရုံများကို တိုက်ခိုက်မည့်သားရဲများ မရှိကြောင်း သိရှိသွားသောအခါ စစ်တပ်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး စက်ရုံမန်နေဂျာများအတွက် သေနတ်အနည်းငယ်သာ ချန်ထားရစ်ခဲ့သည်။

ညအချိန်တွင် ခံတပ်၏ တံခါးကြီးမှာ ရုတ်တရက် ပွင့်လာခဲ့လေသည်။ ခံတပ်တံခါးကြီးမှာ ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့်အတူ ပွင့်ထွက်သွားပြီးနောက် လက်နက်ကိုင် စစ်သားရာပေါင်းများစွာ အတွင်းမှ ထွက်လာခဲ့ကြသည်။

၎င်းတို့မှာ အမှတ် ၁၁၃ ခံတပ် မန်နေဂျာ၏ ကိုယ်ပိုင်စစ်တပ် သို့မဟုတ် အမှတ် ၁၁၃ ခံတပ်နောက်ကွယ်ရှိ ချင်ကော်ပိုရေးရှင်း၏ ကိုယ်ပိုင်စစ်တပ် ဖြစ်သည်။

ကျောင်းဆရာ ကျန်းကျင်းလင် တစ်ခါက မရည်ရွယ်ဘဲ ပြောခဲ့ဖူးသည်။ ယခုခေတ်တွင် လုပ်ငန်းစုကြီးများကမှ ခံတပ်များကို အမှန်တကယ် ထိန်းချုပ်ထားသူများ ဖြစ်သည်။ သူတို့သည် လူသားတို့ အသက်ရှင်သန်ရေးအတွက် အရေးပါသော အရင်းအမြစ်များကို လက်ဝါကြီးအုပ်ထားရုံသာမက ပြင်ပအန္တရာယ်များကို ရင်ဆိုင်ရန် လက်နက်များကိုလည်း ပိုင်ဆိုင်ထားကြသည်။ တစ်ဖက်တွင် ငွေကြေး၊ ကျန်တစ်ဖက်တွင် လက်နက်များကို ကိုင်စွဲထားကာ ခံတပ်အားလုံးကို သူတို့၏လက်ထဲ၌ ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြသည်။

ယခုမူ ရန်ရှောင်စုနှင့် ယန်လျို့ယွမ်တို့အနေဖြင့် ခံတပ်တစ်ခုမှ စစ်သားအများအပြား ထွက်လာသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ယန်လျို့ယွမ်သည် တဲအိမ်လေးထဲတွင် ပုန်းအောင်းရင်း စျေးမြို့ပြင်ပသို့ ချီတက်သွားသော ထိုကိုယ်ပိုင်စစ်တပ် အဖွဲ့ဝင်များကို ခိုးကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။

“အစ်ကို... သူတို့ ကျောမှာ လွယ်လာတာတွေက သေနတ်တွေလား။”

ထိုအနက်ရောင် သေနတ်များသည် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်ပုံ ပေါက်နေ၏။ ရန်ရှောင်စုသည်မူ အံ့သြခြင်းမရှိဘဲ ထိုသေနတ်အားလုံးကို သိနေကြောင်း မိမိကိုယ်ကိုယ် သတိပြုမိလိုက်သည်။

ထို့ပြင်... သူသာ ထိုလက်နက်များကို ရရှိခဲ့လျှင် ချက်ချင်းပင် ကောင်းမွန်စွာ အသုံးပြုနိုင်လိမ့်မည်ဟု ခံစားချက်တစ်ခုလည်း ရှိနေခဲ့လေသည်။

ဤကိုယ်ပိုင်စစ်တပ် အဖွဲ့ဝင်များသည် စနစ်တကျ စစ်ကြောင်းပုံစံဖြင့် ချီတက်နေခြင်း မဟုတ်ပေ။ ရှေ့တွင် လမ်းကြမ်းမောင်းကားများ ရှိသော်လည်း နောက်မှလိုက်လာသော စစ်သားအချို့မှာ ပရမ်းပတာ လျှောက်လှမ်းနေကြသည်။ သူတို့၏ တန်းစီပုံမှာ ရှုပ်ထွေးနေသည်ဟုပင် ဆိုနိုင်သည်။ ထိုစဉ် စစ်တပ်အဖွဲ့ဝင်တစ်ဦးက ညည်းညူလိုက်သည်။

“စက်ရုံမှာ လူနည်းနည်း သေသွားရုံပဲ မဟုတ်ဘးးလား။ မနက်ဖြန်မနက်မှ သွားလို့ မရလို့လား။ ဘာလို့ ဒီလိုညဘက်ကြီးမှာ အိပ်ရေးပျက်ခံပြီး ဝံပုလွေတွေကို သွားသတ်နေရတာလဲ “

“မင်း ပါးစပ်ကို ပိတ်ထားစမ်းပါ။ ဒါ အထက်က အမိန့်ပဲ။”

တစ်ယောက်က စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းက ဘာကိုကြောက်နေတာလဲ။ အရာရှိတွေက ငါတို့ပြောတာကို မကြားနိုင်ဘူး။ သူတို့က အခုထိ သူတို့မိန်းမတွေရဲ့ ကုတင်ပေါ်မှာ ရှိနေတုန်းပဲ။”

ထိုလူက စိတ်တိုတိုနှင့် ပြန်ပြောလိုက်သည်။ ထိုလူသည် စကားပြောရင်း စီးကရက်တစ်လိပ်ကို မီးညှိလိုက်ရာ ရန်ရှောင်စုသည် ထိုထူးဆန်းသော မီးခိုးနံ့ကို တစ်ဖန် ပြန်လည်ရရှိလိုက်သည်။

ရန်ရှောင်စု မျက်မှောင်ကြုတ်လိုက်မိ၏။ ခံတပ်အတွင်းမှ လာသော ဤကိုယ်ပိုင်စစ်သားများကို သူ ပို၍ပို၍ ယုံကြည်မှု နည်းပါးလာခဲ့သည်။

ထိုအချိန်တွင် စီးကရက်သောက်နေသော စစ်သားက လှည့်ကြည့်လိုက်ရာ ရန်ရှောင်စုနှင့် ယန်လျို့ယွမ်တို့က သူ၏ အလိုအလျောက်ရိုင်ဖယ်ကို ကြည့်နေသည်ကို တွေ့သွားခဲ့သည်။ ထိုအခါ သူက ဆဲဆိုလိုက်သည်။

“မင်းတို့ သောက်ကောင်လေးနှစ်ကောင် ဘာကြည့်နေတာလဲ။ ဒါက ဘာလဲဆိုတာ မင်းတို့သိလို့လား။ မကြည့်နဲ့...။ ငါ မင်းတို့ကို ပေးလိုက်ရင်တောင် ဘယ်လိုသုံးရမလဲဆိုတာ မင်းတို့ သိမှာမဟုတ်ဘူး။”

ရန်ရှောင်စုသည် တံခါးလိုက်ကာကို ချလိုက်သော်လည်း ထိုစစ်သားပြောသော စကား၏ နောက်ဆုံးအပိုင်းကိုမူ သူ သဘောမတူပေ။

အကြောင်းရင်းတစ်ခုကြောင့် ဤစစ်သား၏ သေနတ်ပစ်စွမ်းရည်မှာ သိပ်မကောင်းနိုင်ကြောင်း သူ ရုတ်တရက် ဆုံးဖြတ်လိုက်မိသည်။ တစ်ဖက်လူ၏ ညာဘက်ရင်ဘတ်ရှိ သေနတ်ဒေါက်ဒဏ်ကို ခံနိုင်ရည်ရှိရန် လိုအပ်သော တြိဂံပုံစံဧရိယာတွင် ရေရှည်သေနတ်ပစ်လေ့ကျင့်ထားသော အနေအထားမျိုး မရှိနေချေ။

အမှန်တကယ်တော့ ရန်ရှောင်စု မသိသည်မှာ ယခုခေတ်တွင် ခံတပ်များအတွက် လက်နက်ပြင်းများက အလွန်ပင် တန်ဖိုးကြီးလှကြောင်းကိုပင်။ များသောအားဖြင့် ကိုယ်ပိုင်စစ်တပ်မှ အရာရှိများသည် ထိုစစ်သားများကို ကျည်ဆန်များ အလဟဿ အဖြုန်းမခံကြပေ။ ထိုဘတ်ဂျက်ကို အရက်သောက်ရန် သို့မဟုတ် မိန်းမရှာရန် အသုံးပြုခြင်းက ပို၍ ကောင်းသည်ဟု သူတို့ယူဆထားကြသည်။

ခံတပ်အပြင်ဘက်တွင် အရက်ကို တားမြစ်ထားသော်လည်း အတွင်းဘက်တွင်မူ မတားမြစ်ထားပေ။

ယန်လျို့ယွမ်က စပ်စုသောလေသံဖြင့် မေးလိုက်သည်။

“အစ်ကို... အစ်ကိုက သူတို့သေနတ်တွေကို ဘယ်လိုလုပ်ပြီး သိနေတာလဲ။”

ရန်ရှောင်စုက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

“အရမ်းမမေးနဲ့။”

ထိုအခါ ယန်လျို့ယွမ်က ဝမ်းနည်းပက်လက်နှင့် ညည်းညူလိုက်သည်။

“ငါက ဒီအိမ်မှာ မိသားစုဝင်တစ်ယောက်ရဲ့ အဆင့်အတန်းရော ရှိသေးရဲ့လား။”

ရန်ရှောင်စုသည် တစ်ခုခုကို စဉ်းစားနေရင်းနှင့်ပင် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“အရမ်းတွေ လျှောက်မတွေးနဲ့။ ဒီအိမ်မှာ မင်းရဲ့ အဆင့်အတန်းက အသက်ရှင်နေဖို့ပဲ။”

ယန်လျို့ယွမ် - “...”

ထိုကိုယ်ပိုင်စစ်တပ် အဖွဲ့ဝင်များ၏ ခြေသံများ ဝေးကွာသွားသောအခါ ရန်ရှောင်စု ရုတ်တရက် ထရပ်လိုက်ပြီး ယန်လျို့ယွမ်ကို ပြောလိုက်သည်။

“မင်း ဒီည အစ်မရှောင်ယွဌဆီမှာ ခဏသွားနေလိုက်။ ငါပြန်လာမှ မင်းပြန်လာခဲ့။”

“အစ်ကို... ဘယ်သွားမလို့လဲ။”

ယန်လျို့ယွမ်က ကြောင်စီစီဖြင့် မေးလိုက်သည်။

သူ့စကားပင် မဆုံးသေးမီ ရန်ရှောင်စုသည် လိုက်ကာကို အသာအယာမကာ အပြင်သို့ ထွက်သွားပြီးဖြစ်သည်။ ယခုအချိန်တွင် လမ်းမပေါ်၌ လူအများအပြား စုဝေးနေကြသဖြင့် ရန်ရှောင်စု၏ လှုပ်ရှားမှုကို မည်သူမျှ သတိမထားမိကြပေ။

ပုံမှန်အားဖြင့် မှောင်လာလျှင် လူတိုင်း အပြင်ထွက်ရန် ကြောက်ရွံ့ကြသော်လည်း ယနေ့တွင်မူ နှစ်သစ်ကူးပွဲတော် ရောက်နေသကဲ့သို့ လူတိုင်း အပြင်သို့ ထွက်လာကြသည်။

ရန်ရှောင်စုသည် အမှောင်ထုကို အကာအကွယ်ယူကာ တရွေ့ရွေ့ထွက်သွား၏။ သူ စျေးမြို့လေး၏ဧရိယာမှ ထွက်ခွာလာပြီးသည်နှင့် အရှိန်ကုန်ပြေးတော့သည်။ ယနေ့ည လရောင်မှာ သိပ်မလင်းလှသော်လည်း ရန်ရှောင်စုမှာ နှစ်ပေါင်းများစွာ စျေးမြို့လေး၏အပြင်သို့ နေ့စဉ်ထွက်နေကျဖြစ်ရာ ဤလမ်းကို မျက်စိမှိတ်ထားလျှင်ပင် သွားနိုင်နေပြီဖြစ်သည်။

ခံတပ်၏ ကိုယ်ပိုင်စစ်တပ်က လမ်းမကြီးအတိုင်း သွားနေကြသော်လည်း ရန်ရှောင်စုကမူ စစ်တပ်နှင့် မတော်တဆ မဆုံမိစေရန် ဖြတ်လမ်းတစ်ခုကို ရွေးချယ်ခဲ့သည်။

သူ ဤနေရာသို့ လာခြင်းမှာ အခြားအကြောင်းကြောင့် မဟုတ်ဘဲ အခွင့်အရေး တစ်ခုခုရှိမလားဆိုသည်ကို လာကြည့်ခြင်းသာဖြစ်သည်။ ထိုအခွင့်အရေးက ဘာလဲဆိုသည်ကိုတော့ သူကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း မသိသေးပေ။

သေနတ်များ...။

သေနတ်များကသာ ရန်ရှောင်စုကို ဤနေရာသို့ လာရန် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆင့်မြင့် သေနတ်ပစ်ကျွမ်းကျင်မှုကို ရရှိထားပြီးဖြစ်သော ရန်ရှောင်စုသည် ယခုခေတ်ကာလတွင် သေနတ်များမှာ မည်မျှအရေးကြီးကြောင်းကို ကောင်းစွာ နားလည်ထားပေသည်။ တပ်ဖွဲ့နှင့်အတူ လိုက်လာသော ကြေးစားစစ်သားများက တစ်ခါက ပြောဖူးခဲ့သည်။ သူတို့တွင် လက်နက်ပြင်းများ ရှိနေသ၍ သေနတ်သံကြားရသည်နှင့် ဝံပုလွေအုပ်စုမှာ ထိတ်လန့်တုန်လှုပ်ကာ ထွက်ပြေးကြလိမ့်မည်ဟူ၍ ဖြစ်သည်။

ဝံပုလွေအုပ်စုနှင့် ရင်ဆိုင်ဖူးသော ရန်ရှောင်စုသည် ဝံပုလွေများမှာ မည်မျှ ကြောက်စရာကောင်းကြောင်း ကောင်းစွာသိထားသည်။ ထိုမျှ ကြောက်စရာကောင်းသော အရာများက သေနတ်သံကို အမှန်တကယ် ကြောက်ရွံ့ကြသလော။

ဤကိုယ်ပိုင်စစ်တပ် အဖွဲ့ဝင်များ ဝံပုလွေအုပ်စုနှင့် ရင်ဆိုင်ရလျှင် ဘာဖြစ်မည်ကို ရန်ရှောင်စု မသိပေ။ ထို့ပြင် စစ်သားများ၏ လက်ထဲမှ သေနတ်ကို ရယူရန်လည်း သူ မစဉ်းစားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ပစ်မှတ်မှာ စက်ရုံဖြစ်သောကြောင့်ပင်။ စက်ရုံမန်နေဂျာများတွင် သေနတ်များ တပ်ဆင်ပေးထားကြောင်း စျေးမြို့လေးရှိ လူတိုင်း သိကြသည်။

စက်ရုံမှ လွတ်မြောက်လာသူများ၏ အဆိုအရ စက်ရုံမှာ ပျက်စီးသွားပြီဖြစ်သည်။ ထိုအကြောင်းကို ရန်ရှောင်စု တစ်နေကုန် စဉ်းစားနေခဲ့ခြင်းဖြစ်သည်။ ဝံပုလွေအုပ်စုက သေနတ်သံကို ကြောက်သည်ဆိုလျှင် မန်နေဂျာက သေနတ်တစ်ချက် ပစ်လိုက်ရုံနှင့် ဝံပုလွေများ ထွက်ပြေးသွားကြမည် မဟုတ်ပါလော။

ဖြစ်နိုင်သည်မှာ သူတို့သည် ဝံပုလွေအုပ်စု ရောက်လာလိမ့်မည်ဟု လုံးဝမထင်ထားသဖြင့် သေနတ်ကို အချိန်မီ မယူနိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် သေနတ်ကိုင်ဆောင်ထားသူမှာ ဝံပုလွေအုပ်စု၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်း သို့မဟုတ် အခြားသော အကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် ထိုသေနတ်များမှာမူ ထိုနေရာ၌ပင် ရှိနေဦးမည်ဖြစ်သည်။

ရန်ရှောင်စုတစ်ယောက် အစွမ်းကုန် ပြေးလွှားနေခဲ့သည်။ သူသည် ဤနေရာကို ထိုကိုယ်ပိုင်စစ်သားများထက် ပို၍ သိကျွမ်းသူဖြစ်သည်။ ထို့ပြင် စစ်သားများက ခြေလျင်ချီတက်နေခြင်းဖြစ်ပြီး သူကမူ ပြေးနေခြင်းဖြစ်သည်။

ရုတ်တရက်...မှောင်မည်းနေသော ညကောင်းကင်ယံ၌ ဒိုင်းခနဲ သေနတ်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ပြင်းထန်သော သေနတ်သံများမှာ လူတို့၏ အော်ဟစ်သံများနှင့်အတူ ညတာရှည်ကြီးအတွင်း ပဲ့တင်ထပ်သွားခဲ့တော့သည်။

ရန်ရှောင်စုသည် အသံလာရာဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်၏။ ဤသည်မှာ ကိုယ်ပိုင်စစ်တပ်နှင့် ဝံပုလွေအုပ်စု ထိပ်တိုက်တွေ့ခြင်းဖြစ်ကြောင်း သေချာလှသည်။ သေနတ်များ ပစ်ခတ်နေသည့်ကြားမှ စစ်သားအများအပြားမှာပင် ဒဏ်ရာရနေဆဲဖြစ်သည်။

ဝံပုလွေအုပ်စုက သေနတ်သံကို ကြောက်တယ် မဆိုခဲ့ကြဘူးလား။ ဒါက အန္တရာယ်ကို ရှောင်ရှားတတ်တဲ့ သားရဲတိရစ္ဆာန်တွေရဲ့ ဗီဇလို့ရော မဆိုခဲ့ကြဘူးလား။

ယနေ့အထိ ရန်ရှောင်စု နားလည်ထားသည်မှာ သားရဲတိရစ္ဆာန်များမှာ ဆင့်ကဲပြောင်းလဲမှုများ ရှိခဲ့သော်လည်း သူတို့၏ ဗီဇကိုမူ ဘယ်သောအခါမှ ကျော်လွန်နိုင်ခဲ့ခြင်း မရှိပေ။ ယုန်များသည် မြက်ကိုသာ စားမြဲဖြစ်ပြီး ဝံပုလွေအုပ်စုမှာလည်း သေနတ်သံကို ကြောက်မြဲဖြစ်သည်။

အရာအားလုံးသာ မပြောင်းလဲသွားလျှင်ပေါ့။

အခန်း (၂၂) - သေနတ်

လွင်ပြင်ပြင်ပရှိ တိုက်ပွဲမှာ ပြင်းထန်လှသည်။ ကိုယ်ပိုင်စစ်တပ်အနေဖြင့် ဝံပုလွေအုပ်နှင့် ဤမျှစောစောစီးစီး ထိပ်တိုက်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုတောရိုင်းဝံပုလွေများသည် ကြိုတင်၍ ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်ထားသကဲ့သို့ အလွန်ပင် ရက်စက်ပြီး ပါးနပ်လှပေသည်။

အစပိုင်းတွင် သူတို့သည် သေနတ်တစ်ချက် ပစ်ဖောက်ရုံဖြင့် ဝံပုလွေများကို ခြောက်လှန့်မောင်းထုတ်နိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း မှားယွင်းသွားခဲ့သည်။ ယခုအကြိမ်တွင် ဝံပုလွေအုပ်သည် သေနတ်သံကြားရသော်လည်း ထိတ်လန့်တုန်လှုပ်ခြင်း မရှိခဲ့ကြပေ။

တောရိုင်းဝံပုလွေများ သူတို့အနီးသို့ ရောက်ရှိလာချိန်တွင် ထိုဝံပုလွေများသည် သူတို့မှတ်မိထားသည်ထက်ပင် ပိုမိုကြီးမားနေကြောင်း ကိုယ်ပိုင်စစ်တပ်က အံ့သြတုန်လှုပ်စွာ တွေ့ရှိလိုက်ရသည်။ ၎င်းတို့မှာ တောကျွဲရိုင်းကြီးများအလားပင် ကြီးမားလှသည်။

ခဏလေး... ဤဝံပုလွေများသည် စက်ရုံကို အရင်တိုက်ခိုက်ပြီးမှ ကိုယ်ပိုင်စစ်တပ် မဖြစ်မနေ ဖြတ်သန်းရမည့် လမ်းကြောင်းပေါ်တွင် ပုန်းအောင်းစောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။ သူတို့၏ ပစ်မှတ်မှာ အစကတည်းက ဤကိုယ်ပိုင်စစ်တပ် ဖြစ်နေသယောင်ပင်။

သို့သော်လည်း ကိုယ်ပိုင်စစ်တပ်သည် လေ့ကျင့်သားရထားသူများ ဖြစ်ပေသည်။ ကနဦး ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ပြီးသည်နှင့် သူတို့သည် လူစုကို အလျင်အမြန် ပြန်လည်စုစည်းကာ စနစ်တကျ ပြန်လည်ခုခံလိုက်ကြသည်။ တောရိုင်းသားရဲများ၏ အစွယ်နှင့် လက်သည်းများထက်စာလျှင် လူသားတို့၏ လက်နက်များက ပို၍ အစွမ်းထက်မြဲပင် မဟုတ်ပါလော။

ကိုယ်ပိုင်စစ်တပ်သည် ဝံပုလွေအုပ်ကို တစ်ကြိမ်ထက်မက ရင်ဆိုင်ဖူးပေသည်။ မကြာသေးမီ နှစ်များအတွင်း အထက်မှ ညွှန်ကြားချက်များ ရရှိပြီးနောက်ပိုင်းမှသာ ဝံပုလွေအုပ်ကို နှိမ်နင်းမည့် အစီအစဉ်များကို တဖြည်းဖြည်း လျှော့ချခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လျှော့ချလိုက်ခြင်းကြောင့် ဝံပုလွေအုပ်စုအတွက် အသက်ရှူချောင်စေရန် အချိန်ရသွားစေခဲ့သည်။

ရန်ရှောင်စုသည်လည်း သေနတ်သံများကို ကြားနေရသည်။ အကြောင်းရင်းတစ်ခုကြောင့် ထိုစူးရှသော သေနတ်သံများသည် သူ့နားထဲတွင် သာယာနေသယောင် ခံစားနေရပြီး အဒရီနလင်းများ စီးဆင်းလာကာ တစ်ကိုယ်လုံး စိတ်လှုပ်ရှားတက်ကြွလာခဲ့သည်။

သူသည် တိုက်ပွဲဖြစ်ပွားရာနေရာသို့ အနီးကပ်သွား၍ မချောင်းကြည့်ခဲ့ပေ။ ဝံပုလွေအုပ်နှင့် ကိုယ်ပိုင်စစ်တပ်တို့ တိုက်ခိုက်နေသရွေ့ စက်ရုံမှာ ဘေးကင်းနေလိမ့်မည်ဆိုသည်ကိုသာ သူသိထားပေသည်။

ရန်ရှောင်စုသည် တောတွင်းရှိ ကျားသစ်တစ်ကောင်ကဲ့သို့ လွင်ပြင်ပြင်ပတစ်လျှောက် ပြေးလွှားနေခဲ့သည်။ ဤသည်မှာ သူ၏ ခွန်အားသစ်နှင့် လျင်မြန်ဖြတ်လတ်မှုအသစ်ကို ပထမဆုံးအကြိမ် အပြည့်အဝ ခံစားရခြင်းဖြစ်သည်။

သူ၏ ကြွက်သားမျှင်များမှာ အကြိမ်ကြိမ် တင်းလိုက် လျော့လိုက် ဖြစ်နေသည်။ ဤခံစားချက်မှာ အလွန်ပင် စိတ်လှုပ်ရှားကြည်နူးဖွယ်ကောင်းသည်ဟုသာ ဖော်ပြ၍ ရနိုင်သည်။

စက်ရုံသို့ ချဉ်းကပ်လာသောအခါတွင်မူ ရန်ရှောင်စု သူ၏အရှိန်ကို လျှော့ချလိုက်တော့သည်။ သူသည် ညဉ့်အမှောင်ထုထဲတွင် ပုန်းကွယ်ရင်း အသံတိတ် ချဉ်းကပ်သွားလိုက်သည်။ ရုတ်တရက် သူသည် ဒုက္ခသည်အလောင်း အမြောက်အမြားကို တွေ့ရှိလိုက်ရသည်။ ထိုဒုက္ခသည်များသည် စျေးမြို့လေးဘက်သို့ ထွက်ပြေးရန် ကြိုးစားခဲ့ကြပုံရသော်လည်း ဝံပုလွေအုပ်၏ တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ကံကောင်းသူ အနည်းငယ်သာ သူတို့၏ အဖော်များ၏ အသက်ဖြင့် လဲလှယ်၍ လွတ်မြောက်သွားနိုင်ခဲ့ကြသည်။

ရန်ရှောင်စုသည် သူတို့၏ ဒဏ်ရာများကို သေချာစွာ လေ့လာကြည့်လိုက်၏။ အားလုံးမှာ ဝံပုလွေအုပ်က လည်ပင်းကို တိုက်ရိုက်ကိုက်ဖြတ်၍ သတ်ဖြတ်ခြင်းခံလိုက်ရပုံရသည်။ ဝံပုလွေများသည် အလောင်းများကို စားသောက်ခြင်းလည်း မပြုခဲ့ကြပေ။ အလျင်အမြန်ပင် ထွက်ခွာသွားခဲ့ကြပုံရသည်။

ရန်ရှောင်စု အနည်းငယ် စဉ်းစားကြည့်လိုက်သည်။ သူသည် တံခါးမကြီးမှ ဝင်မသွားဘဲ စက်ရုံအဆောက်အဦး ပြင်ပရှိ ပိုက်လိုင်းများအတိုင်း တွယ်တက်သွားလိုက်သည်။ သူ ပြတင်းပေါက်တစ်ခုကို ဖြတ်ကျော်တိုင်း အတွင်း၌ အသက်ရှင်ကျန်ရစ်သူ ရှိ၊ မရှိကို သတိထား၍ စစ်ဆေးကြည့်လိုက်သည်။

ရန်ရှောင်စု အပေါ်ဆုံးထပ်သို့ ရောက်သွားသောအခါ သူ၏ ရင်ထဲ၌ အေးစက်သွား၏။ စက်ရုံထဲတွင် မည်သူမျှ အသက်ရှင်ကျန်ရစ်ပုံ မရတော့ပေ။ ဝံပုလွေအုပ်သည် စက်ရုံတစ်ခုလုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး မည်သူ့ကိုမျှ ချန်မထားခဲ့ပေ။

“သေနတ်တွေကို ဘယ်မှာ ဝှက်ထားပါလိမ့်။”

ရန်ရှောင်စု စဉ်းစားနေမိသည်။ စက်ရုံမန်နေဂျာသည် သေနတ်များကို အခြားသူများ အလွယ်တကူ လက်လှမ်းမီနိုင်သော နေရာတွင် သေချာပေါက် ထားမည်မဟုတ်ပေ။

ရန်ရှောင်စုသည် အပေါ်ဆုံးထပ်မှ မှန်ကို ရိုက်ခွဲကာ အတွင်းသို့ ခုန်ဝင်လိုက်၏။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ စင်္ကြံလမ်းများတွင် သွေးကွက်များနှင့် အလောင်းများ ပြည့်နှက်နေခဲ့သည်။ ဤဧရာမ စက်ရုံကြီးမှာ ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်နေပြီဖြစ်သည်။

သို့သော် ရန်ရှောင်စုသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။ အလောင်းအားလုံးမှာ တစ်စုံတစ်ခုက သူတို့ကို လမ်းပြနေသကဲ့သို့ လမ်းကြောင်းတစ်ခုတည်းသို့ ပြေးလွှားနေခဲ့ကြခြင်း ဖြစ်သည်။

အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် လူများကို နေရာတစ်ခုတည်းသို့ ပြေးသွားရန် မည်သည့်အရာက ဆွဲဆောင်နိုင်သနည်း။

ရန်ရှောင်စု ဆုံးဖြတ်ချက်ချလိုက်၏။

ထိုနေရာသည် လက်နက်များ သိုလှောင်ရာနေရာသာ ဖြစ်ရပေမည်။ သို့မဟုတ်လျှင် ပုန်းအောင်းနိုင်သော နေရာဖြစ်ရမည်။

သူသည် ထိုလမ်းကြောင်းအတိုင်း အောက်ဆုံးအထိ ဆင်းသွားရာ မြေအောက် ပထမထပ်သို့ ရောက်ရှိသွားခဲ့သည်။

ဒါက... အရေးပေါ် ခိုလှုံရာနေရာလား။

အတွင်းသို့ ပိုတိုးသွားလေလေ အလောင်းများ ပိုများလာလေလေပင်။ ဝံပုလွေအုပ်နှင့် ရင်ဆိုင်ရချိန်တွင် လူတိုင်း ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးခဲ့ကြပုံကိုပင် ရန်ရှောင်စု မြင်ယောင်ကြည့်နိုင်သည်။ သူတို့သည် ဘေးကင်းရာသို့ ထွက်ပြေးလိုကြသော်လည်း ဝံပုလွေများလောက် မမြန်ဆန်ခဲ့ကြပေ။

ရန်ရှောင်စုတစ်ယောက် သံတံခါးကြီးတစ်ခု ရှေ့သို့ ရောက်ရှိလာသည်။

သေချာပါသည်။ လူများသည် အတွင်းသို့ ဝင်ရောက်ရန် ဤနေရာသို့ ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်သည်။ ဝံပုလွေအုပ်မှာ မည်မျှပင် ဆင့်ကဲပြောင်းလဲနေပါစေ သူတို့သည်လည်း သွေးနှင့် အသားသာ ဖြစ်သည်။ လက်မအနည်းငယ် ထူသော ဤသံတံခါးကြီးကို အလွယ်တကူ ဖောက်ထွင်းရန်မှာ ခက်ခဲပေလိမ့်မည်။

သံတံခါးအတွင်း၌ တစ်စုံတစ်ယောက် ကျန်ရှိနေဦးမလားဟု သူတွေးလိုက်မိ၏။ ရန်ရှောင်စုသည် အနည်းငယ် စဉ်းစားပြီးနောက် လက်သီးကိုမြှောက်ကာ တံခါးကို သုံးချက်ခေါက်လိုက်သည်။

ထိုအချိန်တွင် သံတံခါးအတွင်းမှ တစ်စုံတစ်ယောက်က ဝမ်းသာအားရ အော်ဟစ်လာခဲ့သည်။

“စစ်တပ်က ရောက်လာတာလား။ နောက်ဆုံးတော့ ငါ့ကိုကယ်ဖို့ ရောက်လာကြပြီပဲ။”

“ကျုပ် အခုချက်ချင်း တံခါးဖွင့်ပေးပါ့မယ်။”

တံခါးခေါက်သံ၏ စည်းချက်မှာ ရှင်းလင်းလှရာ ၎င်းမှာ တောရိုင်းသားရဲများ၏ အလေ့အကျင့်မဟုတ်ပေ။ ထို့ကြောင့် အတွင်းရှိလူမှာ ရန်ရှောင်စုကို ကယ်ဆယ်ရေးစစ်တပ်ဟု အမှန်တကယ် မှားယွင်းထင်မှတ်သွားခြင်းဖြစ်သည်။

“ကျွီ...” ခနဲအသံနှင့်အတူ သံတံခါးကြီး ပွင့်သွားပြီး အတွင်း၌ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူ၏ ခြေထောက်တွင် ဒဏ်ရာရထားပြီး ဘောင်းဘီခြေထောက်တစ်ဖက်လုံး သွေးများဖြင့် ရဲရဲနီနေခဲ့သည်။ သူသည် တံခါးဖွင့်ပေးရန်အတွက် ခြေတစ်ဖက်တည်းဖြင့် မတ်တပ်ရပ်နေရခြင်းဖြစ်သည်။

သို့သော် တံခါးပွင့်သွားသည့် ခဏချင်းတွင်ပင် နှစ်ဖက်စလုံး လှုပ်ရှားလိုက်ကြသည်။ ရန်ရှောင်စုက အတွင်းသို့ အလျင်အမြန်ဝင်ရန် ကိုယ်ကိုကိုင်းလိုက်ချိန်တွင် ထိုအမျိုးသားကလည်း စစ်တပ်မဟုတ်မှန်းသိသွားသဖြင့် တုံ့ပြန်မှုအရ သူ၏ပစ္စတိုကို မြှောက်လိုက်တော့သည်။

လေထုမှာ ရုတ်တရက် အေးခဲသွား၏။ ရန်ရှောင်စုသည် ထိုအမျိုးသား၏ရှေ့တွင် တန့်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အနက်ရောင်သေနတ်ပြောင်းဝမှာ သူ၏နဖူးတည့်တည့်သို့ ချိန်ရွယ်ထားသောကြောင့်ပင်။

“ဟက် ဟက်...”

ထိုအမျိုးသားက ခပ်တိုးတိုးရယ်မောလိုက်၏။

“ဒါဆို မင်းက အကျပ်အတည်းဖြစ်နေတုန်း လာခိုးတဲ့ သူခိုးလေးပေါ့။ ငါ မင်းကို မှတ်မိတယ်။ မင်းက စျေးမြို့လေးက ရန်ရှောင်စုပဲ။”

ရန်ရှောင်စုလည်း သူ့ကိုမှတ်မိသည်။ ဤအမျိုးသားမှာ စက်ရုံမန်နေဂျာ ဝမ်တုံယန်ပင် ဖြစ်သည်။

“ကျုပ်လည်း ခင်ဗျားကို မှတ်မိပါတယ်။”

ရန်ရှောင်စုက ကျောကိုဆန့်လိုက်ရင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ဘာလို့ အတွင်းထဲမှာ ခင်ဗျားတစ်ယောက်တည်း ရှိနေတာလဲ။ မဟုတ်မှလွဲရော... ခင်ဗျားက ဒီနေရာကို အရင်ဆုံးပြေးလာပြီး တံခါးပိတ်လိုက်တာလား။ တခြားလူတွေကို အပြင်မှာ ပိတ်မိအောင် လုပ်ခဲ့တာပေါ့။”

ရန်ရှောင်စု ဤသို့ပြောလိုက်ချိန်တွင် ရင်ထဲ၌ အေးစက်သွားမိသည်။ အပြင်ဘက် သံတံခါးပေါ်တွင် သွေးစွန်းနေသော လက်ဝါးရာများ ရှိနေသည်မှာ မဆန်းတော့ပေ။ ၎င်းတို့မှာ ဒုက္ခသည်များက တံခါးကို အသည်းအသန် လာရောက်ထုရိုက်ခဲ့သည့် ရလဒ်ပင်။ ဤသံတံခါးကို အတွင်းမှ ပိတ်ထားလိုက်သည်နှင့် အပြင်ဘက်မှ ပုံမှန်နည်းလမ်းဖြင့် ဖွင့်ရန်မှာ မဖြစ်နိုင်တော့ပေ။

ဝမ်တုံယန်က ပြုံးလိုက်သည်။

“အဲ့ဒါတွေကို ဂရုမစိုက်စမ်းနဲ့။ မင်း အခု ငါ့ကို စျေးမြို့လေးအထိ ပြန်ပိုးသွားပေးမယ်ဆိုရင် မင်းအသက်ကို ငါချမ်းသာပေးမယ်။”

“တကယ်လို့ ကျုပ်က မပိုးပေးဘူးဆိုရင်ကော။”

ရန်ရှောင်စုကလည်း ပြုံးစပြုလာခဲ့သည်။

“ဒါဆိုရင် အဆိုးဆုံး မင်းရဲ့ဦးနှောက်ကို ငါပစ်ထုတ်လိုက်မယ်။ ပြီးရင် တံခါးပြန်ပိတ်ပြီး စစ်တပ်လာကယ်မှာကို ဆက်စောင့်နေရုံပဲ။ ငါက ခံတပ်ထဲကလူပဲ။ သူတို့ ငါ့ကိုလာကယ်မှာ သေချာတယ်။”

ဝမ်တုံယန်က ပြောလိုက်သည်။

“ခင်ဗျားကိုယ်ခင်ဗျား ကယ်နိုင်ဖို့အတွက် လူတိုင်းကို သစ္စာဖောက်ခဲ့တဲ့အကြောင်း ကျုပ် တခြားလူတွေကို ပြန်ပြောပြမှာ ခင်ဗျားကြောက်နေပုံပဲ။”

ရန်ရှောင်စုက ပြုံးနေဆဲပင်။

ဝမ်တုံယန်က နှာခေါင်းရှုံ့လိုက်သည်။ လက်ထဲရှိ ပစ္စတိုက သူ့ကို ကြီးမားသောသတ္တိများ ပေးစွမ်းထားသဖြင့် ယခုအချိန်တွင် ဘာကိုမျှ ကြောက်စရာမလိုတော့ဟု ခံစားနေရသည်။

“မင်းက ဘယ်လိုလုပ် သိတာလဲ။”

ထိုအခါ ရန်ရှောင်စုက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

“သားအကြောင်းကို အဖေထက် ပိုသိတဲ့လူ ရှိလို့လား။”

ဝမ်တုံယန် - “???”

စက်ရုံမန်နေဂျာမှာ ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။

“မင်းကို ငါမသတ်ရဲဘူးလို့ ထင်နေတာလား။”

“ကျုပ် နောက်ထပ် တစ်ခုလည်း သိထားသေးတယ်။”

ရန်ရှောင်စုက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ဘာလဲ...။”

ဝမ်တုံယန်၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ခင်ဗျား အဲ့ဒီသေနတ်ရဲ့ ဘေးကင်းလုံခြုံရေးခလုတ်ကို မဖွင့်ရသေးဘူးဆိုတာ ကျုပ်သိတယ်။ အခုတော့ ခင်ဗျားလုပ်ဖို့ အချိန်နှောင်းသွားပြီ။”

ဝမ်တုံယန်၏ သူငယ်အိမ်များမှာ ရုတ်တရက် ကျုံ့ဝင်သွား၏။ စောစောက သူသည် အပြင်တွင် စစ်တပ်ရောက်နေသည်ဟု ထင်မှတ်ခဲ့သောကြောင့် ဘာကိုမျှ သေချာမစဉ်းစားခဲ့မိပေ။ ရန်ရှောင်စုကို မြင်လိုက်ရချိန်တွင်လည်း ရန်ရှောင်စုက အထဲသို့ ပြတ်ပြတ်သားသား တိုးဝင်လာခဲ့သောကြောင့် လုံခြုံရေးခလုတ်ကို ဖွင့်ရန် အချိန်မရခဲ့သည်မှာ အမှန်ပင်။

သူသည် ရန်ရှောင်စုကဲ့သို့ ဒုက္ခသည်တစ်ဦးက သေနတ်ကို တစ်ခါမျှ မြင်ဖူးမည်မဟုတ်ဘဲ ၎င်း၏အလုပ်လုပ်ပုံကိုလည်း သိလိမ့်မည်မဟုတ်၊ ကြောက်ရွံ့မှုသာ ရှိလိမ့်မည်ဟု ယူဆကာ ရန်ရှောင်စုကို အလွယ်တကူ ခြောက်လှန့်နိုင်မည်ဟု ထင်မှတ်ခဲ့ခြင်းဖြစ်သည်။

အမှန်တကယ်တမ်းတွင် ရန်ရှောင်စုမှာ အမှတ် ၁၁၃ ခံတပ်အတွင်းရှိ လူအများစုထက်ပင် သေနတ်အကြောင်းကို ပိုမိုနားလည်နေသူ ဖြစ်နေခဲ့လေသည်။

All Chapters