အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း ၂၃ - သူဌေးလော့
စက်ရုံမှူး ဝမ်တုံယန်၏ ရင်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ တဖြည်းဖြည်း ပြန့်နှံ့လာပြီး နွယ်ပင်များကဲ့သို့ပင် သူ၏နှလုံးသားတစ်ခုလုံးကို ရစ်ပတ်ဖိညှပ်ထားလေသည်။ သူ၏ အကြံအစည်ကို တစ်ဖက်လူက ရိပ်မိသွားလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ သူ နားမလည်နိုင်ဆုံး အံ့သြစရာတစ်ခုမှာ သူ့ရှေ့က လူငယ်က သေနတ်အကြောင်းကို အဘယ်ကြောင့် နှံ့နှံ့စပ်စပ် သိနေရသနည်း ဆိုသည့် အချက်ပင်။
နောက်တစ်ခဏတွင် ဝမ်တုံယန်သည် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ နောက်သို့ ရုတ်တရက် ဆုတ်ခွာလိုက်ပြီး သေနတ်၏ ဘေးကင်းလုံခြုံရေးခလုတ်ကို ဖွင့်ရန် ကြိုးစားလိုက်၏။ သို့သော် ရန်ရှောင်စုက သူ့ကို ထိုသို့လုပ်ခွင့် မပေးခဲ့ပေ။ ရန်ရှောင်စုသည် အမြောက်ကျည်ဆန်တစ်ခုကဲ့သို့ ဝမ်တုံယန်ကို အရှိန်ဖြင့် ပြေးတိုက်လိုက်ရာ ဝမ်တုံယန်၏ နံရိုးများ ကျိုးသွားပြီး သေနတ်မှာလည်း လွင့်ထွက်သွားတော့သည်။
ဝမ်တုံယန်သည် သူ၏ နောက်ဆုံးအားကိုးရာကို ဆုံးရှုံးသွားရပြီဖြစ်သည်။ သူသည် မြေပြင်ပေါ်တွင် လဲကျနေရင်း သွေးစလေးများ အန်ထုတ်ကာ ပြောလိုက်သည်။
“ငါ့ကို အသက်ချမ်းသာပေးပါ...။ ငါဝှက်ထားတဲ့ ပိုင်ဆိုင်မှုတွေ ဘယ်မှာရှိလဲဆိုတာ ငါ မင်းကို ပြောပြပါ့မယ်။”
“ခင်ဗျား အရင်ပြောပြလေ။ ပြီးမှ ကျုပ် ခင်ဗျားကို လွှတ်ပေးမယ်။”
ရန်ရှောင်စုက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
“မင်း ငါ့ကို အရူးမှတ်နေလား။”
ဝမ်တုံယန်သည် သူ၏ ကြိုးစားအားထုတ်မှုများ အလဟဿဖြစ်သွားပြီဆိုသည်ကို နားလည်လိုက်လေသည်။ ဤလူငယ်က သူ့ကို အဘယ်ကြောင့် လွှတ်ပေးမည်နည်း။ အကယ်၍ သူ အသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင် ခံတပ် အမှတ် ၁၁၃ အနီးတွင် သူနေစရာ နေရာ ရှိပါဦးမည်လော။
ထို့ပြင် ဝမ်တုံယန်သည် ရန်ရှောင်စု အကြောင်းကို စတင်ကြားဖူးကတည်းက ရန်ရှောင်စုတွင် နောက်ထပ် နာမည်ပြောင်တစ်ခု ရှိနေခဲ့ပြီးဖြစ်သည်...။ ၎င်းမှာ “အကြင်နာကင်းမဲ့သော ရန်ရှောင်စု” ဟူ၍ဖြစ်သည်။
“ခင်ဗျားရဲ့ အဆုတ်တွေက ကျိုးသွားတဲ့ နံရိုးတွေကြောင့် စုတ်ပြတ်သတ်နေပြီ။ အခုချက်ချင်း ဈေးမြို့လေးကို ပြန်သွားရင်တောင် အရမ်းနောက်ကျသွားပြီ။”
ရန်ရှောင်စုက ပြုံးကာ ပြောလိုက်သည်။ သူသည် ဝမ်တုံယန်၏ ပိုင်ဆိုင်မှုများကို ရချင်သော်လည်း တစ်ဖက်လူက ယခုအချိန်တွင် အမှန်အတိုင်း ပြောပြမည်မဟုတ်သည်မှာ ရှင်းနေ၏။
ရန်ရှောင်စု အချိန်မဆွဲတော့ပေ။ ကိုယ်ပိုင်စစ်တပ်နှင့် ဝံပုလွေအုပ်တို့၏ တိုက်ပွဲ မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို သူ မသိချေ။ အကယ်၍ သူ အချိန်နှောင့်နှေးနေပါက မည်သည့်ဘက်က စက်ရုံသို့ ရုတ်တရက် ရောက်လာသည်ဖြစ်စေ သူ့အတွက် ကောင်းကျိုးရှိမည်မဟုတ်ပေ။
ထက်ရှသော လက်နက်တစ်ခုက အရေပြားကို လှီးဖြတ်လိုက်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရန်ရှောင်စုသည် အရိုးဓားကို အသုံးပြု၍ ဝမ်တုံယန်၏ ရင်ဘတ်ပေါ်တွင် ဝံပုလွေလက်သည်းရာများနှင့် တူအောင် ဒဏ်ရာများ ဖန်တီးလိုက်သည်။ ဝမ်တုံယန် အသက်မရှိတော့ကြောင်း အတည်ပြုပြီးမှ သေနတ်ကို ကောက်ယူကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။ ဝမ်တုံယန် ဆောင်ထားသည့် ကျည်အိမ်နှစ်ခုကိုလည်း ယူဆောင်ခဲ့ရာ စုစုပေါင်း ကျည်ဆန် ၃၆ တောင့် ရှိလေသည်။
ရန်ရှောင်စု ထွက်ခွာသွားချိန်တွင် စက်ရုံတစ်ခုလုံး၌ အသက်ရှင်ကျန်ရစ်သူသူ၍ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။ ရန်ရှောင်စုသည် ဤသတ်ဖြတ်မှု မြင်ကွင်းကို ပြန်ကြည့်လိုက်သည်။ သူ့အနောက်တွင် မှောင်မိုက်သော ညဉ့်ဦးယံ ရှိနေပြီး ဤသည်မှာ သူ အသက်ရှင်သန်နေထိုင်ရသည့် ကမ္ဘာလောကပင် ဖြစ်တော့သည်။
...
“အစ်ကို... မင်း အဆင်ပြေရဲ့လား။”
ယန်လျို့ယွမ်က ရန်ရှောင်စု တံခါးလိုက်ကာကို မကာ ဝင်လာသည်ကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ သူသည် ရန်ရှောင်စု၏ ကိုယ်ပေါ်တွင် သွေးစွန်းသည့် ဒဏ်ရာများ ရှိ၊ မရှိ ပတ်ပတ်လည် လိုက်လံကြည့်ရှုပြီးမှ စိတ်အေးသွားတော့သည်။
“ငါ အဆင်ပြေပါတယ်။”
ရန်ရှောင်စုက သူ၏ အရိုးဓားကို ခြေထောက်တွင် ပြန်လည် ချည်နှောင်ရင်း ပြောလိုက်သည်။
“ငါ မရှိတဲ့အချိန် ဈေးမြို့လေးထဲမှာ ဘာတွေဖြစ်သွားသေးလဲ။ ဟို ကိုယ်ပိုင်စစ်တပ်က စစ်သားတွေ ပြန်ရောက်လာကြပြီလား။”
“တချို့တော့ ပြန်ရောက်လာကြပြီ။ ဒဏ်ရာရတဲ့သူတွေရော၊ သူတို့အဖွဲ့ဝင်တွေရဲ့ အလောင်းတွေနဲ့ တောရိုင်းဝံပုလွေ အလောင်းတွေကိုပါ သယ်လာကြတယ်။ ကျန်တဲ့သူတွေကတော့ စက်ရုံဘက်ကို ဆက်သွားကြတယ်လို့ ကြားတယ်။”
ယန်လျို့ယွမ်က ပြောလိုက်သည်။
ရန်ရှောင်စုမှာမူ ဤသည်မှာ ပုံမှန်ပဲဟု တွေးလိုက်မိသည်။
တောရိုင်းဝံပုလွေများက မည်မျှပင် ကြောက်စရာကောင်းပါစေ လက်နက်အပြည့်အစုံဖြင့် အရေအတွက် အဆပေါင်းများစွာ သာလွန်သော ကိုယ်ပိုင်စစ်တပ်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
“သူတို့ ဝံပုလွေအလောင်း ဘယ်နှကောင် သယ်လာကြလဲ။”
ရန်ရှောင်စုက မေးလိုက်သည်။
“အကောင် ၃၀ ကျော်တယ်။”
ယန်လျို့ယွမ်က ဆိုသည်။
“အစ်ကို... အဲ့ဒီဝံပုလွေတွေက တကယ်ကို အကြီးကြီးတွေပဲ။”
အရင်က ယန်လျို့ယွမ်က ဝံပုလွေတွေ ဘယ်လောက်ကြီးလဲဟု မေးသည့်အခါတိုင်း ရန်ရှောင်စုက “အရမ်းကြီးတယ်” ဟုသာ ဖော်ပြလေ့ရှိသည်။ ယနေ့တွင်မူ “အရမ်းကြီးတယ်” ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို ယန်လျို့ယွမ် ကိုယ်တိုင် နားလည်သွားခဲ့ပြီဖြစ်သည်။
ရန်ရှောင်စု မျက်မှောင်ကြုတ်လိုက်မိသည်။ စက်ရုံတွင် အချိန်အကြာကြီး မဖြုန်းခဲ့မိသည်မှာ ကံကောင်းသည်ဟု သူယူဆလိုက်သည်။ မဟုတ်ပါက စက်ရုံသို့ အပြေးအလွှား လာနေသည့် ကိုယ်ပိုင်စစ်တပ်နှင့် ထိပ်တိုက်တိုးပေတော့မည်။
ဝံပုလွေအုပ်သည် သူတို့၏ ခြုံခိုတိုက်ခိုက်မှု မအောင်မြင်ကြောင်း သိသည်နှင့် ဆုတ်ခွာသွားပုံရသည်။ ထို့ကြောင့် ကိုယ်ပိုင်စစ်တပ်မှာ အချိန်အများကြီး နှောင့်နှေးမသွားခဲ့ခြင်း ဖြစ်သည်။
သူ လမ်းလွှဲကနေ ပြန်လာသည့်အချိန်၌ တောကန္တာရထဲတွင် သေနတ်သံများ မကြားရတော့သည်မှာ မဆန်းတော့ပေ။
သို့သော် ဝံပုလွေအုပ်သည် ပိုမိုသန်မာလာပြီး ပို၍လည်း ပါးနပ်လာကြသည်။ ဤတစ်ကြိမ်တွင် သူတို့ လွတ်မြောက်သွားသောကြောင့် နောက်တစ်ကြိမ်တွင် ဈေးမြို့က လူများ မည်သည့်အရာနှင့် ရင်ဆိုင်ရဦးမည်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ချေ။
ရုတ်တရက် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ရန်ရှောင်စုက တံခါးလိုက်ကာကို မ ကြည့်လိုက်ရာ ကိုယ်ပိုင်စစ်တပ်မှ လူဆယ်ယောက်ပါဝင်သော အဖွဲ့ငယ်တစ်ခုသည် အော့ဖ်ရုတ်ကားတစ်စီးဖြင့် စောစောစီးစီး ပြန်ရောက်လာခြင်း ဖြစ်သည်ကို တွေ့လိုက်ရလေသည်။
ထိုစဉ် ကားပေါ်မှ အရာရှိတစ်ဦးက အော်ပြောလိုက်သည်။
“ဒီည ဈေးမြို့ထဲကနေ အပြင်ထွက်သွားတဲ့သူရှိရင် သတင်းပေးကြစမ်း။ သတင်းပေးတဲ့သူကို ဆုကြေးအမြောက်အမြား ပေးမယ်။”
ရန်ရှောင်စု တုန်လှုပ်သွား၏။ အကြောင်းမှာ ဤသည်မှာ သူ့ကို ပစ်မှတ်ထား ရှာဖွေနေခြင်းဖြစ်ကြောင်း သူသိလိုက်သောကြောင့်ပင်။
တစ်ဖက်လူသည် စက်ရုံသို့ ရောက်ရှိသွားပြီးဖြစ်သည်မှာ သေချာသည်။ ဝမ်တုံယန်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများရှိ ချို့ယွင်းချက်ကို သာမန်လူများ သတိထားမိမည်မဟုတ်ဟု ရန်ရှောင်စု ယုံကြည်သော်လည်း မဖြေရှင်းရသေးသည့် အရေးကြီးသော ပြဿနာတစ်ခုလည်း ရှိနေသေးသည်။
၎င်းမှာ ဝမ်တုံယန်၏ အမှုထမ်းသုံး ပစ္စတိုသေနတ် ပျောက်ဆုံးနေခြင်းပင်။
အကယ်၍ တစ်စုံတစ်ယောက်က ဤအချက်မှနေ၍ နောက်ကြောင်းပြန် စုံစမ်းစစ်ဆေးမည်ဆိုပါက သဲလွန်စများ ရှာတွေ့ရန်မှာ လွယ်ကူလှပေသည်။ ဤသည်မှာ ရန်ရှောင်စု ရှောင်လွှဲ၍မရသည့် အချက်ပင် ဖြစ်သည်။
“အစ်ကို...”
ယန်လျို့ယွမ်က စိုးရိမ်တကြီးဖြင့် ရန်ရှောင်စုကို ကြည့်လိုက်သည်။
“အဆင်ပြေပါတယ်။”
ရန်ရှောင်စုက ယန်လျို့ယွမ်၏ ခေါင်းကို အထဲသို့ ပြန်တွန်းပို့လိုက်သည်။
ရန်ရှောင်စု အခြေအနေတစ်ခုလုံးကို သေချာစွာ ပြန်လည်စဉ်းစားကြည့်လိုက်သည်။ သူ ဈေးမြို့မှ ထွက်ခွာစဉ်က လမ်းမကြီးအတိုင်း မသွားခဲ့ပေ။ သူ၏ မှတ်ဉာဏ်အရ ယန်လျို့ယွမ်မှအပ သူ အပြင်ထွက်သွားသည်ကို မည်သူမျှ သိစရာအကြောင်း မရှိချေ။
စစ်သားများသည် ဈေးမြို့လေး၏ အဝင်ဝကို စောင့်ကြပ်နေကြသည်။ မကြာမီတွင် ကိုယ်ပိုင်စစ်တပ်မှ တပ်ဖွဲ့ဝင်အားလုံး ပြန်ရောက်လာခဲ့ကြ၏။ ဈေးမြို့ရှိ လူများ စောင့်ကြည့်နေစဉ် ထိုစစ်သားများသည် တစ်အိမ်တက်ဆင်း ဝင်ရောက်ကာ အရာအားလုံးကို ပြောင်းပြန်လန်အောင် ရှာဖွေတော့သည်။
ဒါက... အဲ့ဒီသေနတ်ကို ရှာနေတာပဲ။
ရုတ်တရက် အော်ပြောလိုက်သော ရင်းနှီးနေသည့် အသံတစ်ခုက သူကြားလိုက်ရသည်။
“ဒီည သန်းခေါင်ယံအချိန်မှာ ဘယ်သူ အပြင်ထွက်သွားလဲဆိုတာ ကျုပ်သိတယ်။”
ရန်ရှောင်စု လှည့်ကြည့်လိုက်ရာ ဆေးခန်းမှ ဆရာဝန် ယွီထုံက သူ့ကို ပြုံးဖြဲဖြဲဖြင့် ကြည့်နေသည်ကို သူ တွေ့လိုက်ရ၏။ ယွီထုံသည် ရန်ရှောင်စုက သူ့ကို ထိုနေရာမှာတင် သတ်ပစ်မည်ကို ကြောက်ရွံ့သောကြောင့် အဝေးတစ်နေရာမှ လှမ်းအော်နေခြင်း ဖြစ်သည်။
ကိုယ်ပိုင်စစ်တပ် အရာရှိက ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီး မေးလိုက်သည်။
“ဘယ်သူလဲ။”
“သူပဲ... ရန်ရှောင်စု။ သူ ဈေးမြို့ထဲကနေ ထွက်သွားတာကို ကျုပ် ကိုယ်တိုင် မြင်လိုက်တယ်။”
ယွီထုံက အောင်နိုင်သူတစ်ဦးကဲ့သို့ ပြောလိုက်သည်။
ရန်ရှောင်စုကလည်း ငြင်းခုံခြင်းမပြုဘဲ ဝန်ခံလိုက်သည်။
“အဲ့ဒီအချိန်တုန်းက ကျုပ်တို့ဘက်က အိမ်သာမှာ ဟဲကျုံး ရောက်နေလို့ ကျုပ် မတတ်သာဘဲ အပြင်ထွက်ပြီး အပေါ့အပါး သွားခဲ့ရတာပါ။”
“ဟဲကျုံးဆိုတာ ဘယ်သူလဲ။ ဒါ အမှန်ပဲလား။”
အရာရှိက အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
အနီးအနားတွင် ကြောင်တောင်တောင်ဖြင့် ရပ်နေသော ဟဲကျုံးသည် သူ ဘယ်လိုလုပ်ပြီး ကြားညပ်သွားမှန်း မသိပေ။ သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ကျုပ် ဒီည တကယ်ပဲ ဝမ်းလျှောနေတာပါ။ အဲ့ဒါကို သက်သေပြနိုင်တဲ့သူတွေ အများကြီးရှိပါတယ်...။”
“ရှာကြစမ်း”
အရာရှိက ရန်ရှောင်စုဘက်သို့ လှည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီး အမိန့်ပေးလိုက်သည်။
သူပြောလိုက်သည်နှင့် သူ၏ လက်အောက်ငယ်သားများသည် ရန်ရှောင်စု၏ တဲအိမ်အတွင်းသို့ ပြေးဝင်ရန် ပြင်လိုက်ကြ၏။ ထိုစဉ် ဝမ်ဖူကွေ့က ရုတ်တရက် ထွက်လာပြီး တားလိုက်သည်။
“နေပါဦး... သူက ခံတပ်ထဲက လူကုံထံတစ်ယောက်က အထူးတလည် စောင့်ရှောက်ပေးဖို့ မှာထားတဲ့သူပဲ။ ခင်ဗျားတို့ သူ့ကို ဒီလို ဆက်ဆံလို့ မရဘူး။”
အရာရှိမှာ အနည်းငယ် မှင်တက်သွားခဲ့သည်။
“ဘာကို ဆိုလိုတာလဲ။”
“ခံတပ်ထဲက သူဌေးလော့...လော့လန်က ဒီနေ့မွန်းလွဲပိုင်းမှာပဲ သူ့ကို စောင့်ရှောက်ပေးဖို့ သတင်းလွှတ်လိုက်တယ်။ ရန်ရှောင်စု ကိုယ်တိုင်တောင် ဒါကို မသိသေးဘူး။ ဘာလို့ စောင့်ရှောက်ခိုင်းတာလဲဆိုတာကိုတော့ သူဌေးကြီးလော့ကို ခင်ဗျားကိုယ်တိုင်ပဲ မေးကြည့်လိုက်ပါ။ ကျုပ်တို့ ပြောဖို့က မသင့်တော်ပါဘူး။”
ဝမ်ဖူကွေ့က အလျင်အမြန် ရှင်းပြလိုက်သည်။
“သူဌေးလော့လား။”
အရာရှိမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လော့လန် ဆိုသည့်အမည်ကို သူ ကောင်းကောင်းသိကြောင်း အားလုံးက မြင်နိုင်ပြီး လော့လန်မှာ ခံတပ်အတွင်းရှိ သြဇာကြီးသူတစ်ဦး ဖြစ်ပုံရသည်။
အရာရှိက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“သူက သူဌေးလော့ရဲ့ လူဖြစ်နေရင်တောင် မရဘူး။ ဒီကိစ္စက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ။ ဒီည ဖြစ်ပျက်ခဲ့တာတွေအတွက် ငါကိုယ်တိုင် သူဌေးလော့ကို သွားတောင်းပန် ရှင်းပြလိုက်မယ်။”
ထိုသို့ပြောပြီးနောက် စစ်သားများသည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ရန်ရှောင်စု၏ တဲအိမ်အတွင်းသို့ ပြေးဝင်ကာ ရှာဖွေကြတော့သည်။ အခြားစစ်သား နှစ်ဦးကမူ ရန်ရှောင်စု၏ ကိုယ်ပေါ်တွင် ရှာဖွေလိုက်ကြသည်။
ရလဒ်အနေဖြင့် နှစ်မိနစ်ခန့် ကြာပြီးနောက် စစ်သားများအားလုံး ခေါင်းခါပြလိုက်ကြသည်။ သူတို့ ဘာမှ ရှာမတွေ့ခဲ့ပေ။
အရာရှိက ရန်ရှောင်စုကို ကြည့်ကာ ပြောလိုက်သည်။
“မင်း အပေါ့အပါးသွားခဲ့တဲ့ နေရာကို ငါ့ကို ခေါ်သွားစမ်း။”
ရန်ရှောင်စုက မျက်မှောင်ကြုတ်ကာ ဈေးမြို့၏ အပြင်ဘက်သို့ လမ်းလျှောက်သွားလိုက်သည်။ ဤအရာရှိက ဤမျှအထိ အသေးစိတ်ကျကျ လုပ်ဆောင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ့နောက်မှ ယန်လျို့ယွမ်က ရှေ့သို့ ပြေးတက်လာရန် ပြင်လိုက်သော်လည်း ရန်ရှောင်စုက လှည့်ကြည့်ကာ “ပြန်သွားစမ်း” ဟု ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်၏။
ယန်လျို့ယွမ်၏ မျက်လုံးများမှာ ချက်ချင်းပင် နီရဲလာတော့သည်။
ရန်ရှောင်စုသည် အရာရှိနှင့် စစ်သားများကို ဈေးမြို့အပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး မစင်ပုံတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။
“ဒီမှာ....အလတ်ကြီး ရှိသေးတယ်။ မနေ့ကဟာ မဟုတ်တာတော့ သေချာတယ်။”
အရာရှိက တစ်ချက်ကြည့်လိုက်ပြီး ရန်ရှောင်စုကို လျစ်လျူရှုကာ အခြားအိမ်များကို ဆက်လက်ရှာဖွေရန် အမိန့်ပေးလိုက်တော့သည်။
ထိုအခါမှသာ ရန်ရှောင်စုတစ်ယောက် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ကြိုတင်ပြင်ဆင်မှုများကို လုံလောက်စွာ ပြုလုပ်ခဲ့သည်။ သူ အပြင်မထွက်ခင်ကတည်းက ပတ်ဝန်းကျင်ကို အကဲခတ်ခဲ့ပြီး ပြန်လာသည့်အခါတွင်လည်း အကြောင်းပြချက်တစ်ခု စဉ်းစားထားခဲ့သည်။
သူသည် သေနတ်ကို အပြင်ဘက်တွင် မြှုပ်ထားခဲ့ရုံသာမက သူ၏ လိမ်ညာမှုကို ခိုင်လုံစေရန်အတွက် နောက်ဆုံးသက်သေအဖြစ်... ထိုနေရာတွင်ပင် အညစ်အကြေး စွန့်ထားခဲ့ခြင်း ဖြစ်သည်။
သူသည် နောက်မှ လိုက်လာသည့် ယွီထုံဘက်သို့ လှည့်ကြည့်လိုက်၏။ ရန်ရှောင်စု၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်ကို မြင်လိုက်ရသောအခါ ယွီထုံမှာ ထိုနေရာတွင်ပင် ကြောက်လွန်း၍ ဆီးထွက်ကျသွားတော့သည်။
အခန်း ၂၄ - ဆေးသည် ရန်ရှောင်စု
အစပိုင်းတွင် ရန်ရှောင်စုသည် ဆေးခန်းပိုင်ရှင် ယွီထုံက သူအပြင်ထွက်သွားသည်ကို တကယ်မြင်လိုက်ခြင်းလား သို့မဟုတ် ဘာမှမမြင်ဘဲနှင့် သူ့ကို တမင်သက်သက် လုပ်ကြံဖန်တီးပြီး စွပ်စွဲနေခြင်းလားဆိုသည်ကို သေချာမသိခဲ့ပေ။
နောက်ပိုင်းတွင် အရာအားလုံးကို သေချာပြန်စဉ်းစားကြည့်သောအခါ ယွီထုံကို သူ လုံးဝမတွေ့ခဲ့ရကြောင်း သတိပြုမိသွားခဲ့သည်။ ရန်ရှောင်စုကဲ့သို့ လူမျိုးသည် ဆေးခန်း၏ စီးပွားရေးအကွက်အချို့ကို သူကြားဖြတ်ယူထားမိသည်ကို သိနေသဖြင့် ယွီထုံက သူ့ကို ရန်မူလာမည်ကို စိုးရိမ်၍ သဘာဝအတိုင်း အမြဲတမ်း သတိထားစောင့်ကြည့်နေတတ်သူဖြစ်သည်။
အဆုံးတွင် ဤကမ္ဘာကြီး၌ လုပ်သမျှ ကိုင်သမျှအရာတိုင်းမှာ သူတစ်ပါး၏ လုပ်ကြံမှုကို မခံရလေအောင် အမြဲတမ်း သတိဝီရိယရှိနေရမည် မဟုတ်ပါလော။
ထို့ကြောင့် ရန်ရှောင်စု၏ စိတ်ထဲတွင် ထိုကဲ့သို့သော “အန္တရာယ်ရှိသည့် ပစ်မှတ်” ရှိနေခဲ့သည်ဟူသော မှတ်ဉာဏ်မရှိခြင်းမှာ ထိုအချိန်က တစ်ဖက်လူ တကယ်ရှိမနေခဲ့ခြင်းကို ဆိုလိုခြင်းပင်။ သို့ဖြစ်ရာ ထိုလူသည် သူ့ကို ဒုက္ခပေးရန် တမင်သက်သက် လိမ်ညာပြောဆိုနေခြင်း ဖြစ်နိုင်ခြေက ပို၍များပေသည်။
ယွီထုံအနေဖြင့် အကယ်၍ ဤလုပ်ကြံစွပ်စွဲမှု မအောင်မြင်ခဲ့ပါက မည်သို့သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်သည်ကို စဉ်းစားခဲ့ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍မူ... ရန်ရှောင်စုက ထိုလူသည် ထိုမျှအထိ အမြော်အမြင်ရှိလောက်အောင် ဉာဏ်မကောင်းဟု ယူဆထားသည်။
ယခင်က ရန်ရှောင်စုသည် ယွီထုံအပေါ် သည်းခံခဲ့ဖူး၏။ သူတစ်ပါး၏ စီးပွားရေးကို ခွဲဝေယူထားမိသည့်အတွက် ထိုလူ၏ အသက်မွေးဝမ်းကြောင်းကို လုံးဝဖျက်ဆီးပစ်ရန် သူ စိတ်မရက်ခဲ့ပေ။ ထို့ကြောင့်ပင် ယွီထုံကို ဆေးကျမ်းများကို သေချာပြန်လေ့လာရန် သူ အကြံပေးခဲ့ခြင်းဖြစ်သည်။ သို့သော် အဆုံးသတ်တွင် ထိုလူသည် စကားနားမထောင်သည့်အပြင် သူ့ကိုပါ အန္တရာယ်ပေးရန် ကြိုးစားလာခဲ့လေပြီ။
ရန်ရှောင်စုက ယွီထုံကို အေးစက်သော အထာဖြင့် လှောင်ပြုံးပြုံးကြည့်လိုက်ရာ ယွီထုံမှာ ကြောက်လန့်တကြားဖြင့် နောက်လှည့်ပြေးတော့သည်။ သူရပ်နေခဲ့သည့် မြေပြင်ပေါ်တွင်လည်း ဆီးကွက်ကြီးတစ်ခု ကျန်ရစ်ခဲ့လေသည်။
ဝမ်ဖူကွေ့က ဘေးမှနေ၍ ရယ်မောကာ ပြောလိုက်သည်။
“ငါက အပိုတွေ စိတ်ပူမိနေတာပဲ။ မင်းကတော့ တကယ် အဆင်ပြေနေတာပဲ။”
“ကျေးဇူးတင်ပါတယ် လောင်ဝမ်။”
ရန်ရှောင်စုက ဝမ်ဖူကွေ့ဘက်သို့ လှည့်ကာ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ့အတွက် ရှေ့ထွက်၍ စကားတစ်ခွန်း ပြောပေးဝံ့သူကို သူ ဘယ်တော့မှ မေ့မည်မဟုတ်ပေ။
“အိုက်ယား... အဲ့လိုတွေ ပြောမနေစမ်းပါနဲ့။”
ဝမ်ဖူကွေ့က ပွင့်အာနေသော ဂန္ဓာမာပန်းတစ်ပွင့်ကဲ့သို့ ပြုံးကာ ပြောလိုက်သည်။
“တကယ်တော့ မင်းကို ဘော့စ်လော့က သဘောမကျဘူးဆိုရင် ငါလည်း ရှေ့ထွက်ရဲမှာ မဟုတ်ဘူး။ ဘော့စ်လော့က ဒီနေ့မွန်းလွဲပိုင်းလေးတင် လူလွှတ်ပြီး သတင်းပေးခဲ့တာ။ သူက ငါတို့ ဈေးမြို့ အုပ်ချုပ်ရေးမှူးကို မင်းကို စောင့်ရှောက်ပေးဖို့ မှာထားတယ်လေ။”
ရန်ရှောင်စု အနည်းငယ် မှင်တက်သွားခဲ့သည်။
“ဘော့စ်လော့က ဘာလုပ်တဲ့သူလဲ။ သူက ကျုပ်ကို သိလို့လား။”
ထိုအခါ ဝမ်ဖူကွေ့က အသံကိုနှိမ့်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်ရင်း ပြောလာခဲ့သည်။
“မင်းရဲ့ အဲ့ဒီဆေးလေ... ဘော့စ်လော့က အဲ့ဒါကို အရမ်းသဘောကျနေတာ။”
ရန်ရှောင်စု : “...”
ထိုအခါမှသာ ဝမ်ဖူကွေ့သည် သူဝယ်ယူခဲ့သော ဆေးနက်များကို ခံတပ်ထဲသို့ ပို့ပေးခဲ့ကြောင်း ရန်ရှောင်စု နားလည်သွားတော့သည်။
“ဘော့စ်လော့က ပြောတယ်။ မင်းဘက်က အဲ့ဒီဆေးပမာဏကို လတိုင်း အချိန်မီသာ ပေးနိုင်မယ်ဆိုရင် မင်းရဲ့ ဘေးကင်းလုံခြုံမှုကို ခံတပ်အပြင်ဘက်မှာ သူ အာမခံတယ်တဲ့။”
ဝမ်ဖူကွေ့က ပြုံးကာ ပြောလိုက်သည်။ အမှန်စင်စစ် သူကိုယ်တိုင်လည်း ကိုယ်ကျိုးကြည့်ခဲ့ခြင်း ဖြစ်သည်။ ရန်ရှောင်စု၏ ဆေးနက်မှတစ်ဆင့် ဘော့စ်လော့နှင့် အဆက်အသွယ် ရနိုင်သရွေ့ သူ၏ ဘဝလက်ကျန် အချိန်များအတွက် အေးအေးချမ်းချမ်း နေနိုင်မည် မဟုတ်ပါလော။
ရုတ်တရက် ရန်ရှောင်စု၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
“ဘော့စ်လော့က ခံတပ်ထဲမှာ တကယ်ပဲ သြဇာအာဏာ ရှိတာလား။”
“မင်းက မသိသေးဘူးပဲ။”
ဝမ်ဖူကွေ့က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“သူက ခံတပ် အမှတ် ၁၁၃ ထဲမှာရှိတဲ့ ချင်ကော်ပိုရေးရှင်းရဲ့ ကိုယ်စားလှယ်လေ။”
“ချင်ကော်ပိုရေးရှင်းက လူဖြစ်ပြီး ဘာလို့ သူ့နာမည်က ချင် မဟုတ်ရတာလဲ။”
ရန်ရှောင်စုက တစ်ခုခု လွဲနေသလို ခံစားလိုက်ရသည်။
“အခု ငါပြောမယ့်စကားကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်။”
ဝမ်ဖူကွေ့က အသံကို ထပ်နှိမ့်လိုက်သည်။
“သူက ချင်ကော်ပိုရေးရှင်းထဲက အကြီးအကဲတစ်ယောက်ရဲ့ ဖအေတူ မအေကွဲ ညီအစ်ကို တော်စပ်တဲ့ တောထွက်လေး (အိမ်ပြင်ပကသား) လို့ ပြောကြတယ်။”
“ဒါဆို ဘော့စ်လော့ကို ကျုပ်တို့ကို ခံတပ်ထဲ ပေးဝင်ဖို့ ပြောပေးလို့ ရမလား။”
ဘော့စ်လော့တွင် ထိုမျှအထိ သြဇာအာဏာရှိပြီး စကားကလည်း အရာရောက်နေမှတော့ သူတို့ကို အထဲဝင်ခွင့်ပေးရန်မှာ မခဲယဉ်လောက်ဘူးဟု ရန်ရှောင်စု တွေးလိုက်မိခြင်း ဖြစ်သည်။
“ငါတို့က ညစ်ညမ်းနေတဲ့သူတွေလေ။ ခံတပ်ထဲကို ဘယ်လိုလုပ် ဝင်လို့ရမှာလဲ။”
ဝမ်ဖူကွေ့က ပျက်ယွင်းနေသောမျက်နှာဖြင့် ပြောလိုက်သည်။
“ပြီးတော့ မင်းသာ အထဲဝင်သွားရင် ဘော့စ်လော့အတွက် တောထဲက ဆေးပင်တွေကို ဘယ်သူက ရှာပေးတော့မှာလဲ။”
ထိုစကား၏ ဒုတိယပိုင်းကသာ တကယ့် အကြောင်းရင်းဖြစ်ကြောင်း ရန်ရှောင်စု သဘောပေါက်လိုက်သည်။ ဘော့စ်လော့အတွက် ရန်ရှောင်စုတို့အုပ်စုကို အထဲသို့ ခေါ်သွင်းရန် အကြောင်းပြချက် မရှိပေ။ ဆေးနက်များ ရရှိနေစေရန်အတွက် သူတို့ကို ခံတပ်အပြင်ဘက်တွင်သာ ထားရှိခြင်းက ပို၍ အဆင်ပြေပေလိမ့်မည်။
ထိုညတွင်ပင် ယန်လျို့ယွမ်မှာ ရုတ်တရက် အပြင်းအထန် ဖျားလေတော့သည်။ ရန်ရှောင်စုသည် ဆေးနက်တစ်ဘူးကို လဲလှယ်ကာ ယန်လျို့ယွမ်၏ နဖူးပေါ်တွင် လိမ်းပေးခဲ့သော်လည်း အဖျားမှာ ကျမသွားခဲ့ပေ။
ရန်ရှောင်စုသည် ကုတင်ဘေးတွင် ထိုင်ရင်း အားအင်ချိနဲ့နေသည့် ယန်လျို့ယွမ်ကို ကြည့်ကာ သက်ပြင်းချလိုက်မိ၏။
“မင်း ဒီကိစ္စအတွက် ဆုတောင်းပေးစရာ မလိုပါဘူး။ နောက်ဆိုရင် ငါ့အမိန့်မရှိဘဲ စိတ်အလိုကျ ဆုမတောင်းနဲ့တော့ ဟုတ်ပြီလား။ ဒီလို အပြင်းဖျားတာက လူကို သေစေနိုင်တယ်။”
“ဒါပေမဲ့ အစ်ကို့မှာ တစ်ခုခုဖြစ်သွားရင် ငါ ဘယ်လိုလုပ်ရမလဲ။”
ယန်လျို့ယွမ်က မျက်လုံးကို အနိုင်နိုင်ဖွင့်ကာ အသံတိုးတိုးဖြင့် ပြောရှာသည်။
ရန်ရှောင်စု ခေါင်းငုံ့ကာ အကြာကြီး စဉ်းစားနေမိ၏။
“ခေါင်းမမာစမ်းနဲ့။ ငါ မင်းတို့ကို ကောင်းမွန်တဲ့ ဘဝတစ်ခုဆီ ရောက်အောင် သေချာပေါက် ခေါ်သွားမယ်။”
“အင်း...”
...
နောက်တစ်နေ့ မနက်တွင် ရန်ရှောင်စုသည် ဈေးမြို့သို့ ရေခပ်ရန် သွားသည့်အခါ ထိတ်လန့်ဖွယ် သတင်းတစ်ခုကို ကြားလိုက်ရ၏။ ယွီထုံသည် ညတွင်းချင်းပင် သူ၏ ငွေကြေးများကို ယူဆောင်ကာ ထွက်ပြေးသွားလေပြီ။ ထိုလူသည် ရန်ရှောင်စုနှင့် ထိပ်တိုက်တွေ့ရမည့် ဘေးထက် တောရိုင်းထဲက အန္တရာယ်များကို ရင်ဆိုင်ရသည်က ပိုကောင်းသည်ဟု ယူဆသွားပုံရသည်။ အချို့ကမူ ယွီထုံသည် ခံတပ် အမှတ် ၁၁၄ သို့ သွားသည်ဟု ပြောကြသည်။ အကြောင်းမှာ ထိုနေရာသည် ခံတပ် အမှတ် ၁၁၃ နှင့် အနီးဆုံးဖြစ်ပြီး ဝံပုလွေများ ပေါ်လာသည့် အရပ်နှင့် ဆန့်ကျင်ဘက်တွင် ရှိနေသောကြောင့်ပင်။ လမ်းမကြီးအတိုင်း သွားနေသရွေ့ ဘေးကင်းနိုင်သည် မဟုတ်ပါလော။
ရန်ရှောင်စုမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့ရသည်။
အဲ့ဒီလူက တကယ်ပဲ ကြောက်ပြီး ထွက်ပြေးသွားတာပဲ...။
သို့သော် ပို၍ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်လာခဲ့လေသည်။ ၎င်းမှာ ခံတပ်ထဲမှ စေလွှတ်ထားသော အုပ်ချုပ်ရေးမှူး ချန်းးဟိုင်တုံတစ်ယောက် သူ၏ အိမ်တံခါးဝသို့ ရောက်ရှိလာခြင်းပင်။
ချန်ဟိုင်တုံက ဖော်ဖော်ရွေရွေပင် မေးလာခဲ့သည်။
“ရန်ရှောင်စု... မင်းက ဖျားနာတာတွေကို ကုသပေးနိုင်တယ်လို့ ငါကြားထားတယ် ဟုတ်လား။”
ရန်ရှောင်စု လန့်သွား၏။
“ကျုပ်က ဓားဒဏ်ရာနဲ့ အပြင်ဒဏ်ရာတွေကိုပဲ ကုတတ်တာပါ။”
“အဆင်ပြေပါတယ်၊ ကိစ္စမရှိပါဘူး။”
ချန်ဟိုင်တုံက ပို၍ပင် ပြုံးပြလိုက်သည်။
“ဘာကိုပဲ ကုကု ကုတာက ကုတာပါပဲ။ အခု ငါတို့ ဈေးမြို့လေးမှာ ဆရာဝန် လိုနေတယ်။ မင်း စိတ်ဝင်စားလား။”
တဲအိမ်ထဲတွင် အဖျားတက်လျက် လဲလျောင်းနေသည့် ယန်လျို့ယွမ်သည် ထိုစကားကြောင့် အံ့သြတုန်လှုပ်သွားကာ မျက်လုံးများပင် ပွင့်လာခဲ့သည်။
သူ့အစ်ကိုက ကျေးဇူးတရားနှင့် ငွေအနည်းငယ်ရရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း အဘယ်ကြောင့် ရုတ်တရက် တရားဝင် ဆရာဝန်ဖြစ်သွားပြီး ဈေးမြို့လေး၏ တစ်ဦးတည်းသော ဆရာဝန် ဖြစ်သွားရသနည်း။ သူ ဤကိစ္စအတွက် ဆုတောင်းခြင်းပင် မပြုရသေးပါချေ။
ဒါက မနေ့ညက ကိစ္စက တကယ်ပဲ ဆုတောင်းစရာ မလိုလို့ ကံကောင်းမှုတွေက ဒီဘက်ကို ကူးပြောင်းလာတာများလား။
သို့သော်လည်း အုပ်ချုပ်ရေးမှူး ချန်းးဟိုင်တုံက ဘော့စ်လော့ကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေခြင်းက အဓိက အကြောင်းရင်းဖြစ်သည်ကိုတော့ ရန်ရှောင်စု ကောင်းကောင်း နားလည်ပေသည်။
အာဏာဆိုသည်မှာ သင့်ပတ်ဝန်းကျင်က လူများကို သင့်အား အသေးစိတ် ဂရုတစိုက် ပြုစုလုပ်ကျွေးလာအောင် ဖန်တီးပေးနိုင်သော အရာပင်။
ရန်ရှောင်စုသည်လည်း ငတုံးတစ်ယောက် မဟုတ်ပေ။ သူက ချက်ချင်းပင် သဘောတူလိုက်ပြီး မေးလိုက်သည်။
“ကျုပ်... ဟို ဆေးခန်းအိမ်လေးမှာ သွားနေလို့ ရလား။”
“ရတာပေါ့။”
ချန်ဟိုင်တုံက အလွန်သဘောမနောကောင်းဟန်ဖြင့် ပြုံးပြလိုက်သည်။
“ရတာထက်တောင် ပိုသေးတယ်။ ဒီနေ့ချက်ချင်း ပြောင်းနေလိုက်တော့။ အဲ့ဒီမှာ ဘယ်သူမှလည်း ရှိတာမှမဟုတ်တာ။”
ထိုသို့ပြောပြီးနောက် ချန်းဟိုင်တုံသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ သီချင်းတညည်းညည်းဖြင့် ထွက်သွားတော့သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ဝမ်ဖူကွေ့တစ်ယောက် သစ်သားသေတ္တာတစ်လုံးကို ချိုင်းကြားညှပ်ကာ ရောက်လာခဲ့လေသည်။ သူ့နောက်တွင် အုတ်အိမ်များနှင့် နေကြသော ဈေးမြို့၏ အချမ်းသာဆုံး လူတစ်စုလည်း လိုက်ပါလာကြသည်။
၎င်းတို့ထဲတွင် လောင်းကစားဝိုင်းငယ် ပိုင်ရှင်များ၊ အထည်ဆိုင်နှင့် ဆန်ဆိုင် ပိုင်ရှင်များပင် ပါဝင်သည်။ ထိုစဉ် ဝမ်ဖူကွေ့က အရင်ဆုံး စကားစလိုက်သည်။
“ဂုဏ်ယူပါတယ် ရန်ရှောင်စု။ မင်း အခု အုတ်အိမ်ထဲ ပြောင်းနေရတော့မယ်။”
ထိုသို့ပြောရင်း ဝမ်ဖူကွေ့က လက်ဆောင်သေတ္တာကို ရန်ရှောင်စုထံသို့ ကမ်းပေးလိုက်သည်။
“ငါ မင်းနဲ့ လျို့ယွမ်အတွက် လက်ဆောင်လေး ပြင်လာခဲ့တယ်။ မင်းတို့က လူပျိုပေါက်တွေဆိုတော့ ဒါလေးစားပြီး အားဖြည့်လိုက်ကြပေါ့။”
ရန်ရှောင်စု သိချင်စိတ်ဖြင့် ဖွင့်ကြည့်လိုက်ရာ အဖြူရောင် အဖတ်လေးများကို တွေ့လိုက်ရလေသည်။
“ဒါက ဘာကြီးလဲ...။”
“မင်း မသိဘူးလား။ ဒါ ငါ နှစ်အတော်ကြာအောင် သိမ်းထားတဲ့ ငှက်သိုက်တွေပဲ။”
ဝမ်ဖူကွေ့က မိတ်ဆက်ပေးလိုက်သည်။
“အားအရမ်းဖြစ်စေတာနော်။”
ရန်ရှောင်စုသည် ထိုအရာအကြောင်း ကြားဖူးသော်လည်း တစ်ခါမှ မမြင်ဖူးပေ။ သို့သော် သူ၏ စိတ်ထဲတွင် သံသယတစ်ခု အမြဲရှိနေခဲ့သည်။
“ဆရာ ကျန်းကျင်းလင် ပြောဖူးတာကတော့ ငှက်သိုက်ဆိုတာ နှံပြည်စုတ်ငှက်ရဲ့ တံတွေးနဲ့ လုပ်တာဆိုပဲ။ ဒါပေမဲ့ ကျုပ် စဉ်းစားကြည့်တော့ တံတွေးက ဒီလောက်ထိ မစေးပြစ်နိုင်ဘူးလေ။ အဲ့တော့ သူသုံးတာက... သလိပ်ပဲ ဖြစ်ရမယ်။”
ဝမ်ဖူကွေ့ : “???”
လက်ဆောင်ရပြီးရင်လည်း လူကို ဒီလောက်အထိ ရွံစရာကောင်းအောင် မလုပ်သင့်ဘူး မဟုတ်ဘူးလား။
သူ စိတ်ပျက်သွား၏။
“ဒါဆို သွေးငှက်သိုက် ဆိုတာကရော...။ အဲ့ဒါက ဘာဖြစ်မလဲ။”
ရန်ရှောင်စုက အနည်းငယ် စဉ်းစားပြီး ဖြေလိုက်သည်။
“သွေးပါတဲ့ သလိပ်လား။”