အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း ၂၅ - ဂုဏ်ပြုအလံ
“မင်း မလိုချင်ရင်လည်း ငါ့ကိုပြန်ပေးလိုက်။ ဒီလောက်အထိ ရွံစရာကောင်းအောင် မပြောနဲ့။”
ဝမ်ဖူကွေ့က ထိုသို့ပြောရင်း ငှက်သိုက်သေတ္တာကို ပြန်လုရန် လက်လှမ်းလိုက်သည်။
ရန်ရှောင်စုက ငှက်သိုက်သေတ္တာကို အသာလေးပိတ်ကာ တဲအိမ်ထဲသို့ ပစ်ထည့်လိုက်ရင်း ပျော်ပျော်ရွှင်ရွှင်ပင် ပြောလိုက်သည်။
“ကျုပ်က ရွံစရာကောင်းအောင် လုပ်နေတာမဟုတ်ပါဘူး။ နောက်နေတာပါ။”
ထို့နောက် သူသည် ဝမ်ဖူကွေ့နောက်က လူများကို ကြည့်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် ၎င်းတို့ကို လူကုံထံဟု ခေါ်ဝေါ်ခြင်းက ထိုစကားလုံးကိုပင် စော်ကားရာရောက်ပေလိမ့်မည်။ ထိုလူများသည်လည်း မိတ်ဆက်လက်ဆောင်လေးများကို ကိုင်ဆောင်ထားကြသည်။
အမှန်တကယ်တော့ အားလုံးက ရန်ရှောင်စုနှင့် ရင်းနှီးပြီးသားပင်။ ယခု သူတို့လာရသည့် အဓိကရည်ရွယ်ချက်မှာ ရန်ရှောင်စုကို သူတို့၏ အသိုင်းအဝိုင်းထဲသို့ လက်ခံလိုက်ပြီဖြစ်ကြောင်းနှင့် နောင်တွင် သူငယ်ချင်းများအဖြစ် ဆက်ဆံသွားမည်ဖြစ်ကြောင်း အရိပ်အယောင်ပြကာ လာရောက်နှုတ်ဆက်ကြခြင်း ဖြစ်သည်။
ရန်ရှောင်စုသည်လည်း အားနာမနေတော့ပေ။ ယန်လျို့ယွမ်မှာ ကုတင်ပေါ်တွင် နာလန်ထူရန် ကြိုးစားနေရဆဲ ဖြစ်သဖြင့် ဤအားဆေးများကို အခွင့်ကောင်းယူကာ အဘယ်ကြောင့် လက်မခံဘဲ နေရမည်နည်း။
“ရန်ရှောင်စု...။”
ဝမ်ဖူကွေ့က ရန်ရှောင်စုကို ဘေးသို့ဆွဲထုတ်ကာ ပြောလိုက်သည်။
“မင်း အဲ့ဒီဆေးခန်းကို မြန်မြန်ပြောင်းနေသင့်တယ်။ ဆေးခန်းနောက်မှာ အခန်းနှစ်ခန်းနဲ့ ၁၀ စတုရန်းမီတာလောက်ရှိတဲ့ ဝင်းခြံလေးတစ်ခု ရှိတယ်။ လူအများကြီးက အဲ့ဒါကို မျက်စိကျနေကြတာ။”
“ကောင်းပါပြီ...ဟုတ်ကဲ့ပါ။”
ရန်ရှောင်စုက ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် ယခုအခါ ဝမ်ဖူကွေ့အပေါ် တော်တော်လေး ယဉ်ကျေးပျူငှာနေပြီ ဖြစ်သည်။
“ပြီးတော့ ဘော့စ်လော့က မင်းအတွက် ခံတပ်ထဲကနေ ဆေးဝါးတချို့ ပို့ပေးလိုက်သေးတယ်။ ဒါတွေအားလုံးက ပိုက်ဆံတွေချည်းပဲဆိုတာ မင်းသိတယ်မလား။ ငါ အဲ့ဒါတွေကို ဆေးခန်းထဲ တိုက်ရိုက် ထည့်ခိုင်းထားတယ်။ တန်ဖိုးအရှိဆုံးကတော့ အရောင်ကျဆေးတွေနဲ့ ထုံဆေးတွေပဲ။ အဲ့ဒါတွေကို သေချာစောင့်ထားကြည့်ဦး။”
ဝမ်ဖူကွေ့က လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
“တချို့လူတွေက စီးကရက် ရှာမရတဲ့အခါ စွဲလမ်းစေတဲ့ မူးယစ်ဆေးအစား သုံးဖို့အတွက် ထုံဆေးတွေကို ခိုးတတ်ကြတယ်။ ငါလည်း အရင်က အဲ့ဒီလို အခိုးခံရဖူးတယ်။”
ရန်ရှောင်စု အနည်းငယ် မှင်တက်သွားခဲ့သည်။ ထုံဆေးများတွင် ထိုကဲ့သို့ အာနိသင်မျိုး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် တစ်စုံတစ်ယောက်က သူ့ထံ ပစ္စည်းများ ပို့ပေးနေသည်မှာ ကောင်းသောအချက်ပင်။ သူက အားမရသေးဘဲ ထပ်မေးလိုက်သည်။
“တခြားရော ဘာတွေ ပို့ပေးလိုက်သေးလဲ။”
“ပြီးတော့ ဂုဏ်ပြုအလံတစ်ခု။”
...
မနက်ပိုင်းတွင် ရန်ရှောင်စုနှင့် ရှောင်ယွီတို့သည် ပစ္စည်းများကို သိမ်းဆည်းကာ ဆေးခန်းသို့ သွားလိုက်ကြ၏။ တောက်ပသန့်ရှင်းသော အုတ်အိမ်တွင် နေခွင့်ရနေပါလျက် မည်သူက တဲအိမ်အစုတ်ထဲတွင် နေချင်ပါမည်နည်း။
သူ ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။
အနောက်ဘက်ရှိ အခန်းနှစ်ခန်းအနက် တစ်ခန်းကို သူနှင့် ယန်လျို့ယွမ် တွဲနေမည်ဖြစ်ပြီး နောက်တစ်ခန်းကိုမူ ရှောင်ယွီအား တစ်ယောက်တည်း အေးအေးဆေးဆေး နေစေမည် ဖြစ်သည်။
ရှောင်ယွီသည် အရင်က အုတ်အိမ်တွင် နေထိုင်ခဲ့သူဖြစ်သော်လည်း နောက်ပိုင်းတွင် သူမ၏ မောင်လေးနှစ်ယောက်အတွက် တဲအိမ်သို့ ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ ရန်ရှောင်စုက ရှောင်ယွီကို အုတ်အိမ်တွင် ပြန်လည်နေထိုင်စေခြင်းမှာ သူမ၏ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလိုက်ခြင်းပင်။
သို့သော် ရန်ရှောင်စုက ယန်လျို့ယွမ်ကို ဆေးခန်းထဲသို့ ချီပိုးခေါ်ဆောင်သွားသည့် အခိုက်တွင်ပင် သူ့စိတ်ထဲ၌ တစ်မျိုးကြီး ဖြစ်သွား၏။
ဆေးခန်းနံရံ၏ အလယ်ဗဟိုတည့်တည့်တွင် ဂုဏ်ပြုအလံတစ်ခု ချိတ်ဆွဲထားလေသည်။
“အံ့ဖွယ်သမားတော်...
လော့လန်”
ဝမ်ဖူကွေ့၏ အဆိုအရ ဤအလံ ဆေးခန်းတွင် ရှိနေသရွေ့ ရန်ရှောင်စုသည် လော့လန်၏ အကျိုးစီးပွားကို မထိခိုက်သေးသမျှ ကာလပတ်လုံး မည်သူကမျှ ရန်ရှောင်စုကို ဒုက္ခပေးဝံ့မည်မဟုတ်ပေ။
ဤသည်မှာ အဆောင်လက်ဖွဲ့တစ်ခုပင်။ သို့သော် ရန်ရှောင်စုအတွက်မူ သွားကျိန်းစရာကြီး ဖြစ်နေလေသည်။ လော့လန်က တစ်စုံတစ်ယောက်ကို ဤအလံအား လုပ်ခိုင်းလိုက်ခြင်းလော သို့မဟုတ် သူ့ကို တမင်သက်သက် နောက်ပြောင်နေခြင်းလောဆိုသည်ကို သူ မသိပေ။
အကြောင်းရင်းခံမှာ ပထမအချက် ဖြစ်နိုင်ခြေ ပိုများပါသည်။ လော့လန်အတွက်မူ သူသည် ခံတပ်အပြင်ဘက်တွင် ဆေးရောင်းသည့် ဒုက္ခသည်တစ်ဦးမျှသာ ဖြစ်သည် မဟုတ်ပါလော။
ထို့နောက် ရန်ရှောင်စု ယန်လျို့ယွမ်ကို နေရာချပေးလိုက်သည်။ ယခုအချိန်တွင် ရှောင်ယွီသည်လည်း စိတ်မကောင်းဖြစ်နေ၏။ မနေ့ညက ရန်ရှောင်စုသည် သူမ၏ အိပ်စက်ခြင်းကို မနှောင့်ယှက်လိုသဖြင့် ဘာမှမပြောခဲ့ဘဲ ယနေ့မနက်မှသာ သူမ သိလိုက်ရခြင်း ဖြစ်သည်။
ယန်လျို့ယွမ်သည် ရှောင်ယွီ၏ ဂရုစိုက်မှုကို ခံယူရင်း အရင်က သူမကို နောက်ပြောင်ခဲ့သည်များကို ရုတ်တရက် သတိရသွား၏။ ထို့ကြောင့် သူက အားနည်းသောအသံဖြင့် ပြောလိုက်သည်။
“အစ်မရှောင်ယွီ... အရင်က ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။”
ရှောင်ယွီက သူ့ကို စိုက်ကြည့် လိုက်သည်။
“မင်းရဲ့အစ်မကို ဘာလို့ တောင်းပန်နေတာလဲ။ မင်းတို့နှစ်ယောက်က လူကြီးစိတ်ပေါက်နေတဲ့ ကလေးအဆိုးလေးတွေပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ စိတ်ဓာတ်တွေသာ တခြားကလေးတွေထက် မရင့်ကျက်ခဲ့ရင် အခုအချိန်အထိ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး။”
“အဓိကက ကျွန်တော့်အစ်ကိုက အရမ်းတော်လို့ပါနော်။”
ယန်လျို့ယွမ်က ရယ်မောကာ ဆိုသည်။
“ရှောင်စုတစ်ယောက် ဒီနှစ်တွေအတွင်းမှာ ဘယ်လောက်တောင် ပင်ပန်းဆင်းရဲခဲ့ရလိမ့်မလဲ။”
ရှောင်ယွီက သက်ပြင်းချရင်း ပြောလိုက်သည်။
“ရေတွက်လို့မရအောင်ပါပဲ။”
ယန်လျို့ယွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ရန်ရှောင်စုသည် လက်ရှိတွင် ဆေးခန်း၌ ကျန်ရှိနေသော ဆေးဝါးများနှင့် လော့လန် ပို့ပေးလိုက်သော ဆေးအသစ်များကို စစ်ဆေးကြည့်နေ၏။ ဘော့စ်လော့အား သူက ပြင်ပဒဏ်ရာများကို ကုသပေးတတ်သည်ဟု တစ်စုံတစ်ယောက်က ပြောပြထားပုံရသဖြင့် ထုံဆေးများနှင့် အရောင်ကျဆေးများကို ပမာဏအမြောက်အမြား ပေးပို့ထားခြင်း ဖြစ်ပေလိမ့်မည်။
ရုတ်တရက် ရန်ရှောင်စုသည် ရှင်းရဲကျဲတု (Qingre Jiedu) ဟုခေါ်သော အပူငြိမ်းအဆိပ်ဖြေ ဆေးရည်များပါသည့် ဆေးသေတ္တာကြီးတစ်လုံးကို တွေ့လိုက်ရသဖြင့် အလွန်ဝမ်းသာသွားခဲ့သည်။ သူသည် အရောင်ကျဆေးများနှင့် ထိုဆေးရည်များကို ယူဆောင်ကာ ယန်လျို့ယွမ်ကို တိုက်ကျွေးလိုက်တော့သည်။
ယန်လျို့ယွမ် ယခုတစ်ကြိမ် ခံစားနေရသော အဓိကရောဂါလက္ခဏာမှာ ကိုယ်တွင်းအပူကန်ခြင်းကြောင့်ဖြစ်သည့် အာသီးရောင်ခြင်းပင်။ ဤဆေးကို သောက်လိုက်ပါက ရောဂါနှင့် တိုက်ရိုက်ကွင်းကျကွက်ကျ မဟုတ်စေကာမူ အနာပျောက်ကင်းမည်မှာတော့ သေချာပါသည်။
ဆေးခန်းထဲတွင် ဆေးဖက်ဝင်အပင်တချို့လည်း ရှိနေသေးပြီး ဆေးဗီဒိုအချို့တွင် ဆေးပင်အမည်များနှင့် ၎င်းတို့ကုသနိုင်သည့် ရောဂါလက္ခဏာများကိုပါ ရေးသားထားလေသည်။ ယွီထုံတွင် အမှန်တကယ် ကောင်းမြတ်သော ဖခင်တစ်ဦး ရှိခဲ့ပါလျက်နှင့် ယွီထုံကမူ ထိုအမွေအနှစ်များကို လုံးဝတန်ဖိုးမထားခဲ့ကြောင်း ရန်ရှောင်စု တွေးရင်း နှမြောတသဖြစ်သွားမိသည်။
ထိုနေ့ညနေပိုင်းတွင် ယန်လျို့ယွမ်၏ အဖျားမှာ နောက်ဆုံး၌ ကျသွားသဖြင့် ထိုအခါမှသာ ရန်ရှောင်စုတစ်ယောက် သက်ပြင်းချနိုင်တော့သည်။ သူက ရှောင်ယွီကို ပြောလိုက်သည်။
“အစ်မ... ဟိုလူတွေပေးထားတဲ့ အားဆေးတွေအကုန်လုံးကို စွပ်ပြုတ်လုပ်ပြီး နင်တို့နှစ်ယောက် စားလိုက်ကြပါ။”
“ကောင်းပြီ။”
ရှောင်ယွီက ခေါင်းငြိမ့်ကာ ဟင်းချက်ရန် ထွက်သွားလေသည်။
ယခုအခါ သူတို့သုံးဦးသည် သူစိမ်းများမဟုတ်တော့ဘဲ မောင်နှမအရင်းအချာများကဲ့သို့ ဖြစ်နေကြပြီဖြစ်သည်။ တစ်ခါတစ်ရံ ကံကြမ္မာဆိုသည်မှာ အံ့သြစရာကောင်းလှသည်ဟု ဆိုရမည်။ ပေါင်းစည်းရန် မဖြစ်နိုင်ဟု ထင်ရသော လူသုံးဦးသည် မည်သို့မည်ပုံကြောင့် တစ်အိမ်ထဲ ရောက်လာကြသည်ကို မည်သူမျှ မသိနိုင်ပေ။
ထို့နောက် ရှောင်ယွီသည် ဟင်းပွဲများနှင့် ပြန်ရောက်လာပြီး ရန်ရှောင်စုနှင့် ယန်လျို့ယွမ်ကို ထမင်းစားရန် ခေါ်သည့်အခါ ရန်ရှောင်စုက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ပြောလိုက်သည်။
“အစ်မရှောင်ယွီ... ဘေးခန်းက နောက်ဆိုရင် အစ်မအခန်းပဲ။ အစ်မ အိမ်ထောင်ပြုရင်တောင် အဲ့ဒီအခန်းကို မင်္ဂလာခန်းအဖြစ် သုံးလို့ရတယ်။”
ရန်ရှောင်စုထံ ထမင်းပန်းကန် ကမ်းပေးတော့မည့် ရှောင်ယွီ၏ မျက်နှာပေးမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
“မင်းက ငါ့ကို ငြီးငွေ့နေပြီလား။ ငါက ထမင်းတွေ အများကြီးစားလို့လား။ ဒါမှမဟုတ် ပိုက်ဆံတွေ အများကြီး သုံးမိလို့လား။”
ရန်ရှောင်စု မှင်တက်သွား၏။
“ရှောင်ယွီကျဲ... ကျုပ် ဆိုလိုတာက အဲ့ဒီလို မဟုတ်ပါဘူး...။”
“ဒါဆို ဘာကို ဆိုလိုတာလဲ။”
ရှောင်ယွီက ထမင်းပန်းကန်ကို ပြန်ဆွဲယူလိုက်ပြီး နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
“ရန်ရှောင်စု... မင်း တကယ်ကို နှလုံးသားမရှိတဲ့သူပဲ။ ငါချက်တဲ့ ထမင်းကို စားနေပြီးတော့ ငါ့ကို အပြင်နှင်ထုတ်ချင်နေတာလား။ မင်းကို ကျွေးမယ့်အစား ခွေးကိုပဲ ကျွေးလိုက်တော့မယ်။”
ထိုသို့ပြောပြီးနောက် ရှောင်ယွီသည် ထမင်းပန်းကန်ကို ယန်လျို့ယွမ်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
“မင်းပဲ အကုန်စားလိုက်တော့။”
ယန်လျို့ယွမ် : “???”
ထိုသို့ပြောပြီးနောက် ရှောင်ယွီ ကိုယ်တိုင်လည်း မနေနိုင်ဘဲ အရင်ဆုံး ရယ်လိုက်မိရာ ရန်ရှောင်စုနှင့် ယန်လျို့ယွမ်တို့လည်း လိုက်၍ ရယ်မောကြတော့သည်။
ရှောင်ယွီ၏ အပြုံးမှာ တကယ်ပင် နူးညံ့သိမ်မွေ့လှသည်ဟု ယန်လျို့ယွမ် ရုတ်တရက် ခံစားလိုက်ရသည်။ သို့သော် ကံမကောင်းစွာဖြင့်... သူမသည် မှားယွင်းသော ခေတ်ကာလတွင် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
“ရှောင်စု... နောင်အနာဂတ်အတွက် မင်းမှာ ဘာအစီအစဉ်တွေ ရှိလဲ။”
ထမင်းစားနေရင်း ရှောင်ယွီက မေးလိုက်သည်။
“ဘာအစီအစဉ်မှ မရှိပါဘူး။ ရှေ့ဆက်ဖြစ်လာမယ့် အခြေအနေအတိုင်းပဲ သွားမယ်။”
ရန်ရှောင်စုက ပြောလိုက်သည်။ ဤအချိန်တွင် သူ အစိုးရိမ်ဆုံးအရာမှာ သော့ခတ်ထားသည့် လက်နက်ပင် ဖြစ်သည်။
မူလက ရန်ရှောင်စု၏ တစ်ခုတည်းသော ဆန္ဒမှာ သူနှင့် ယန်လျို့ယွမ် ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ရန်သာ ဖြစ်သော်လည်း သူ၏ ကိုယ်ပိုင် ထူးခြားသောစွမ်းအားများကို ရှာဖွေတွေ့ရှိလိုက်သည့်အခါတွင်မူ သူ၏ လိုအင်ဆန္ဒများမှာလည်း မသိမသာ တိုးပွားလာခဲ့လေပြီ။
မပြီးဆုံးသေးသော အပိုမစ်ရှင်မှာ...လူနာ ၁၀ ဦးကို ကုသပေးရန် ဖြစ်သည်။
မစ်ရှင်အသစ်က ဘယ်လိုဆုလာဘ်တွေ ပေးဦးမလဲ၊ ပြီးတော့ ဟိုလျှို့ဝှက်ဆန်းကြယ်တဲ့ အလိုအလျောက် အရောင်းစက်ထဲမှာ ဆေးနက်အပြင် တခြားဘာပစ္စည်းတွေများ ထွက်လာဦးမလဲဆိုတာ သူ သိချင်နေမိသည်။
မသိသေးသော အရာအားလုံးက သူ ဖော်ထုတ်ရန် စောင့်ကြိုနေကြ၏။
ယန်လျို့ယွမ်က ရန်ရှောင်စုကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
“အစ်ကို... မနက်ဖြန် ငါတို့ ဘာလုပ်ကြမလဲ။ လူနာကုတဲ့နေရာမှာ ငါ အစ်ကို့ကို ကူညီလို့ရမလား။”
ရန်ရှောင်စုက ရယ်မောလိုက်သည်။
“ဘာလဲ... မင်းက နေကောင်းသွားပြီလား။”
“အင်း...။”
ထမင်းစားပြီးနောက် ယန်လျို့ယွမ်မှာ တော်တော်လေး အားတက်နေပုံရသည်။
“ငါ လုံးဝကို အဆင်ပြေသွားပြီ။”
“အင်း...”
ရန်ရှောင်စုက ခေါင်းငြိမ့်လိုက်သည်။
“မင်း နေကောင်းပြီဆိုရင် ကျောင်းသွားတော့။”
“အမ်...”
အခန်း ၂၆ - မိခင်ကို ကယ်မလား၊ ကလေးကို ကယ်မလား
မနက်စောစောတွင် ရှောင်စုတစ်ယောက် ဆေးခန်းတံခါးကို ဖွင့်လိုက်၏။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုမိလိုက်ရာ ဤဈေးမြို့လေးတွင် သူနေထိုင်ခဲ့သမျှ နှစ်ပေါင်းများစွာအတွင်း ယနေ့မနက်ခင်း လေထုမှာ တကယ်ပင် လတ်ဆတ်နေသည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
ကပ်ဘေးကြီး ဖြစ်ပွားပြီးကတည်းက ကောင်းကင်ယံသည် အချိန်အတော်များများတွင် ထူးဆန်းသော မြူများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ထိုကပ်ဘေးကြီးအတွင်း၌ များပြားလှသော ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ ကောင်းကင်သို့ လွင့်စင်တက်သွားသောကြောင့်ဖြစ်ကြောင်း ကျောင်းဆရာ ကျန်းကျင်းလင်က ပြောပြဖူးသည်။
၎င်းမှာ နေရောင်ခြည်ကို ပိတ်ပင်ထားရုံသာမက အပင်များ၏ အလင်းမှီစုအစာဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကိုပါ ဟန့်တားထားသည်။ ထို့ပြင် ရာသီဥတုကို အလွန်အမင်း အေးစက်စေပြီး အက်ဆစ်မိုးများကိုလည်း မကြာခဏ ရွာသွန်းစေခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်းမှသာ အခြေအနေများ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပြီး တစ်နှစ်တာ၏ အချိန်အတော်များများတွင် နေရောင်ခြည်ကို မြင်တွေ့လာရခြင်းဖြစ်သည်။
ရှောင်စု၏ ဆေးခန်းသည် ကုန်စုံဆိုင်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်။ သူ တံခါးဖွင့်လိုက်သည်နှင့် တစ်ဖက်မှ ဝမ်ဖူကွေ့တစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဝမ်ဖူကွေ့၏ လက်ထဲတွင် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ကန်စွန်းဥနှစ်လုံး ပါလာပြီး သူ့ကို လှမ်းပြောလာခဲ့သည်။
“ရှောင်စု... ကန်စွန်းဥ စားပါဦး။”
ရန်ရှောင်စုတစ်ယောက် မအံ့သြဘဲ မနေနိုင်တော့ပေ။ အရင်တုန်းကဆိုလျှင် ဤအဘိုးကြီးဝမ်ဖူကွေ့ဆီမှ အပ်တစ်ချောင်းရဖို့တောင် မလွယ်ကူခဲ့ပေ။ အပ်တစ်ချောင်းမပြောနှင့် အပ်ချည်မျှင်တစ်မျှင်တောင် အလကားပေးမည့်သူ မဟုတ်ချေ။
ယခုမူ ထိုမျှလောက်အထိ ကပ်စေးနှဲတတ်သောလူက သူ့ကို ကန်စွန်းဥများ အစပြု၍ ပေးနေလေပြီ...။ ဝမ်ဖူကွေ့၏ ပြုံးဖြဲဖြဲမျက်နှာကို ကြည့်ရင်း ရန်ရှောင်စုက လက်ဆောင်ရလျှင် တစ်ခုခု ပြန်ပေးသင့်သည်ဟု တွေးလိုက်မိသည်။ သူက နှုတ်ခမ်းကို သပ်လိုက်ရင်း ပြောလိုက်သည်။
“ကျုပ်မှာ ခင်ဗျားကို ပြန်ပေးစရာ ဘာမှမရှိဘူး။ ထုံဆေးတွေတော့ အများကြီးရှိတယ်။ ခင်ဗျားကို ထုံဆေးတစ်ချက်လောက် ထိုးပေးရမလား။”
“ထုံဆေးထိုးပေးတာက လက်ဆောင်ပေးဖို့ ကောင်းတဲ့အရာလားကွ။”
ဝမ်ဖူကွေ့၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ သူက မေးလိုက်သည်။
“ဒါနဲ့... မင်း ဒီရက်ပိုင်း ဆေးပင်ရှာဖို့ အပြင်မထွက်ဘူးနော်။ မင်းဆီမှာ ဟိုဆေး ရှိသေးလား...။”
“ရှိတာပေါ့။ အရောင်ကျဆေး၊ ထုံဆေး၊ ချောင်းဆိုးပျောက်ဆေး... အကုန်ရှိတယ်။”
ရန်ရှောင်စုက ပြုံးကာ ပြောလိုက်သည်။
“ငါဆိုလိုတာက... မင်းဆီမှာ ဟိုဆေးနက် ရှိသေးလားလို့။”
ဝမ်ဖူကွေ့က အနည်းငယ် ရှက်ကိုးရှက်ကန်းဟန်ဖြင့် မေးလိုက်သည်။
“ခင်ဗျား ဟိုတလောကလေးတင် ဝယ်သွားတယ် မဟုတ်ဘူးလား။”
ရန်ရှောင်စုက မသိချင်ယောင်ဆောင်ကာ မေးလိုက်၏။
“အဲ့ဒါက ခံတပ်ထဲက လူကြီးတွေအတွက် ဝယ်တာလေ။ ငါ့ကို လာပြီး ငတုံးလိုလုပ်မလုပ်စမ်းပါနဲ့။ အဲ့ဒီဆေးကို ငါသာ အထဲကို မပို့ပေးခဲ့ရင် မင်း အခုလို ဆေးခန်းတစ်ခုလုံးကို အလကားရပါ့မလား။”
ဝမ်ဖူကွေ့က ညည်းတွားလိုက်သည်။
“အမှန်အတိုင်းပြောရရင် အစကတော့ ချန်းဟိုင်လးတုံကိုပဲ ပေးဖို့ စိတ်ကူးထားတာ။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး သူဌေးလော့ လက်ထဲ ရောက်သွားမှန်း မသိလိုက်ဘူး...။”
ဤနေရာတွင် ဝမ်ဖူကွေ့ကိုယ်တိုင်ပင် ဆေးနက်သည် မည်သို့မည်ပုံ အဆင့်ဆင့် ရောက်သွားသည်ကို ဇဝေဇဝါ ဖြစ်နေခဲ့လေသည်။ ဘော့စ်လော့ လက်ထဲသို့ ရောက်သွားချိန်တွင် ဆေးမှာ ဘယ်နှခါစာလောက် ကျန်ဦးမည်ကိုလည်း သူ မသိပေ။
“ရော့... ဒီမှာ”
ရန်ရှောင်စုက ကြွေပုလင်းငယ် နှစ်လုံးကို ထုတ်ပေးလိုက်၏။ မနေ့က ယန်လျို့ယွမ်၏ အဖျားကို ကုသရန်အတွက် သူ ဆေးနက်တစ်ပုလင်း လဲလှယ်ခဲ့ရာ နှစ်ခါစာ ကျန်နေသေးသဖြင့် သူ ကြိုတင်၍ ခွဲထည့်ထားခြင်း ဖြစ်သည်။
“၁၂၀၀ ပဲ။ တစ်ပြားမှ မလျော့ဘူး။”
“ဒီထဲက တစ်ပုလင်းက အထဲကို ပို့ရမှာလေ။”
ဝမ်ဖူကွေ့က မျက်လုံးပြူးကာ ကြည့်လိုက်သည်။
“မင်းက ငါ့ကို ဒီလောက်အထိ ဈေးကြီးကြီး တောင်းရက်တယ်ပေါ့။”
“ယူချင်ယူ မယူချင်နေ”
ထိုသို့ပြောကာ ရန်ရှောင်စုက ဆေးနက်ကို အိတ်ထဲ ပြန်ထည့်ရန် ပြင်လိုက်၏။
နောက်ဆုံးတွင် ဝမ်ဖူကွေ့သည် တုံ့ဆိုင်းမနေတော့ဘဲ ရန်ရှောင်စု၏ လက်မောင်းကို အတင်းဆွဲထားလိုက်တော့သည်။ လက်တစ်ဖက်က ပိုက်ဆံပေးပြီး ကျန်လက်တစ်ဖက်က ဆေးကို ယူလိုက်သည်။ အံ့သြစရာကောင်းသည်မှာ ဝမ်ဖူကွေ့က “ကျေးဇူးပဲ” ဟုပင် ပြောသွားခဲ့ခြင်း ဖြစ်သည်။
“ဝမ်ဖူကွေ့ဆီမှ ကျေးဇူးတင်စကား ရရှိသည် +၁။”
ဟက်...ဒီ ဝမ်ဖူကွေ့က တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ။ ကျေးဇူးတင်စကား နှစ်ခါပြောတာနဲ့ ကျေးဇူးဒင်္ဂါး နှစ်ခု ဆက်တိုက် ရလိုက်တယ်။
ရန်ရှောင်စု တစ်ယောက်တည်း တွေးလိုက်မိသည်။
သို့သော် ရန်ရှောင်စုအနေဖြင့် သူ၏ ကျေးဇူးဒင်္ဂါးများမှာ သုံးလေလေ နည်းလာလေလေ ဖြစ်နေသဖြင့် နှမြောနေမိသည်။ ယခုလည်း ၄ ခုသာ ကျန်တော့သည်...။ သို့သော် သူသည် အကျိုးနှင့် အပြစ်ကို ချိန်ဆကြည့်ပြီးသား ဖြစ်သည်။ ယန်လျို့ယွမ်နှင့် ရှောင်ယွီတို့ကို ဈေးမြို့လေးတွင် ကောင်းမွန်စွာ နေထိုင်စေလိုပါက ခံတပ်အတွင်းရှိ လူများနှင့် ပတ်သက်မှုရှိနေရန်မှာ လက်ရှိတွင် မရှိမဖြစ် လိုအပ်သည်။
ထို့ပြင် သူသည် ဤဆေးနက်ကို အလကားပေးနေခြင်းလည်း မဟုတ်ရာ ဘာကြောင့် မလုပ်ဘဲ နေရမည်နည်း။
ထိုသို့တွေးမိသောအခါ ရန်ရှောင်စု သက်ပြင်းချလိုက်သည်။ ယခု သူ ဆေးခန်းဆရာဝန်အဖြစ် ရာထူးတိုးသွားပြီဖြစ်ရာ ကျေးဇူးတင်စကားများ ပိုမိုရရှိနိုင်မလားဆိုသည်ကိုသာ စောင့်ကြည့်ရပေတော့မည်။
ရန်ရှောင်စု၏ အဓိကဦးစားပေးမှာ အပြင်ထွက်ပြီး ဆေးဖက်ဝင်အပင်များ သွားရောက်ရှာဖွေရန်ဖြစ်သည်။ သူသည် ဂရုတစိုက်ရှိတတ်သူဖြစ်ပြီး သံသယမဝင်စေရန်အတွက် သူ၏အခန်းကဏ္ဍကို အပြည့်အဝသရုပ်ဆောင်ရမည်ဖြစ်သည်။
အချိန်တန်လျှင် လူများက သူ့အကြောင်းကို ပြောကြလိမ့်မည်။
“ဟိုလူရဲ့ အထူးစွမ်းအားက မြို့ကိုဖျက်ဆီးဖို့ ရေခဲတောင်ကြီးကို ဖန်တီးနိုင်တယ်။ ဒီလူရဲ့ စွမ်းအားက တောင်တွေကို ဖြတ်တောက်နိုင်တယ်။ ဒါပေမဲ့ ရန်ရှောင်စုရဲ့ စွမ်းအင်ကတော့... ဟိုဆေး ဒီဆေးတွေ ဖော်စပ်နေတာပဲ။” ဟုဆိုလျှင် အလွန်အရှက်ရစရာ ကောင်းပေလိမ့်မည်။
တောရိုင်းထဲသို့ လမ်းလျှောက်ဝင်လာပြီးနောက် ရန်ရှောင်စုသည် သူပစ္စတိုမြှုပ်ထားသည့် နေရာကို သွားမကြည့်ဘဲ မနေနိုင်ခဲ့ပေ။ မည်သူမျှ မထိတွေ့ထားကြောင်း အတည်ပြုပြီးမှသာ သူ စိတ်အေးသွားတော့သည်။ ဤအရာသည် လက်ရှိတွင် သူ၏ အကြီးမားဆုံး အားကိုးရာဖြစ်ပြီး မည်သည့်အမှားအယွင်းမျှ ရှိ၍မဖြစ်ပေ။
ယခုအခါ သူသည် ခွန်အား ၄.၅ နှင့် လျင်မြန်မှု ၄.၁ ရှိနေပြီဖြစ်သော်လည်း လူသားတစ်ဦးသည် သေနတ်လောက် မမြန်နိုင်သည်မှာ အမှန်ပင်။
ရန်ရှောင်စုသည် ဝါးခြင်းတောင်းကို ကျောပိုးပြီး ဆေးခန်းသို့ ပြန်ရောက်လာသောအခါ ဆေးကုသရန် ရောက်နေသည့် ဇနီးမောင်နှံနှစ်ဦးကြောင့် အခက်တွေ့နေသော အစ်မဖြစ်သူ ရှောင်ယွီကို တွေ့လိုက်ရလေသည်။
ရန်ရှောင်စု ပြန်လာသည်ကို မြင်လျှင် ရှောင်ယွီက ချက်ချင်းပင် အကူအညီတောင်းသည့် အကြည့်ဖြင့် ပြောလိုက်သည်။
“ရှောင်စု...မြန်မြန်လာပြီး လူနာတွေကို ကြည့်ပေးလိုက်ပါဦး။”
ရန်ရှောင်စုက ဝါးခြင်းတောင်းကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး မေးလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက် ဘာဒဏ်ရာတွေ ရလာလို့လဲ။ ကျုပ် ဒီတစ်ခုတော့ ပြောရမယ်...။ ခင်ဗျားတို့ နေရာမှန်ကို ရောက်လာတာပဲ...။”
“ဒါဆိုရင်တော့ ကောင်းတာပေါ့။”
အမျိုးသားက ဆိုသည်။
“ငါတို့ ဒဏ်ရာထားရတာ မဟုတ်ပါဘူး။ ငါ့မိန်းမက ကိုယ်ဝန်လေးလရှိနေပြီ။ ဒီမနက် ဗိုက်က နည်းနည်းအောင့်လာလို့။ တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ ဆရာကုသပေးနိုင်မလားဆိုပြီး လာကြည့်တာပါ။”
ရန်ရှောင်စုတစ်ယောက် နေရာတင်ပင် ကြောင်အသွားခဲ့သည်။ သူသည် ယခုအခါ ဆေးခန်းဖွင့်ထားသော်လည်း ဤကဲ့သို့သော ဝေဒနာကို မည်သို့ကုသရမည်ကို မသိပေ။
ယခုခေတ်တွင် အမျိုးသားရောဂါ သို့မဟုတ် အမျိုးသမီးရောဂါဟူ၍ ခွဲခြားထားခြင်း မရှိပေ။ ဈေးမြို့ရှိ ဒုက္ခသည်များ၏ စိတ်ထဲတွင် နေမကောင်းဖြစ်လျှင် ဆေးခန်းသို့လာခြင်းမှာ မှန်ကန်သော အလုပ်ပင်ဖြစ်သည်။
အခက်တွေ့နေသူမှာ ရန်ရှောင်စုသာဖြစ်သည်။ သူက စောစောကတင် လေကြီးလေကျယ်ဖြင့် ကြွားလုံးထုတ်ခဲ့ပြီး ယခုတွင်မူ ဤဇနီးမောင်နှံ၏ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော အကြည့်များကို ရင်ဆိုင်နေရသည်။ ရန်ရှောင်စုအနေဖြင့် မိမိကိုယ်ကို ချက်ချင်းပါးဖြတ်ရိုက်ရမည့်အလုပ်မျိုး မလုပ်နိုင်ပေ။
ရှောင်စုသည် ကျောင်းတွင် ဆရာကျန်း သင်ကြားပေးခဲ့ဖူးသော သင်ခန်းစာများနှင့် ဆရာကျန်း၏ နေရာတွင် ဖတ်ခဲ့ဖူးသော စာအုပ်များကို အသည်းအသန် ပြန်လည်စဉ်းစားကြည့်လိုက်၏။ ထိုထဲမှ သူ မည်သို့တုံ့ပြန်ရမည်ကို ရှာဖွေလိုက်သည်။ ပုံမှန်ဆရာဝန်တစ်ယောက်ဆိုလျှင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သူမ၏မိသားစုကို ဘာပြောမည်နည်း။
ရန်ရှောင်စု ခဏကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“အမေကို ကယ်မလား။ ကလေးကို ကယ်မလား။”
ဇနီးမောင်နှံ: “???”
အမျိုးသားဖြစ်သူမှာ ဒေါသထွက်သွား၏။
“မင်းက ဆရာဝန်အတုလားကွ။ ငါ့မိန်းမက ဗိုက်အောင့်တာလေးတင်ကို မင်းက အမေလား ကလေးလားလို့ မေးရသလား။ ပြဿနာက ငါ့ကလေးက လေးလပဲ ရှိသေးတယ်။ ကယ်ပြီးရင် ဘယ်မှာသွားထားရမှာလဲ။”
“အင်း... ဒါလည်း ဟုတ်တာပဲ။”
ရန်ရှောင်စု တွေးလိုက်မိသည်။ ထို့နောက် သူ သက်ပြင်းချလိုက်၏။
“တကယ် တောင်းပန်ပါတယ်။ ကျုပ် ခုနက မှားသွားတယ်။ ဒီလိုပြောပြပါရစေ။ ကျုပ် တကယ်ပဲ အမျိုးသမီးရောဂါတွေကို ဘယ်လိုကုရမလဲ မသိဘူး။ ခင်ဗျားတို့ကို ဆက်ပြီး လိမ်ညာနေဖို့ကလည်း မသင့်တော်ဘူး။ အရင်က ဆရာဝန်လည်း သိမှာမဟုတ်ဘူး။ သူက တကယ်တော့ လူလိမ်တစ်ယောက်ပဲ။”
သူသည် သေထိုက်သောလူကို မျက်တောင်မခတ်ဘဲ သတ်နိုင်သူဖြစ်သော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုတော့ သိသိကြီးနှင့် လိမ်ညာရန် မတတ်နိုင်ပေ။
ရန်ရှောင်စုက ဆက်ပြောလိုက်သည်။
“ကျုပ်အကြံပေးချင်တာကတော့ ကျောင်းကိုသွားပြီး ဆရာကျန်းဆီကနေ ဒီအကြောင်းနဲ့ပတ်သက်တဲ့ စာအုပ်အချို့ ငှားဖတ်ကြည့်လိုက်ပါ။ အမျိုးသမီးကို ပုံမှန်အတိုင်း အစားအသောက် ကောင်းကောင်းကျွေးပါ။ ပြီးရင်တော့ ကလေးမွေးတာ အဆင်ပြေဖို့က ကံတရားအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ကျုပ် ခင်ဗျားတို့ရဲ့ ပိုက်ဆံကို လိမ်မယူပါဘူး။ နောက်ပြီး တခြားသူတွေဆီကနေ ဆေးတွေကို လျှောက်မဝယ်ပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးသောက်လို့မရဘူးဆိုတာ ကျုပ်သိတယ်။ အဲ့ဒါက ကလေးမှာ ကိုယ်အင်္ဂါချို့ယွင်းတာမျိုး ဖြစ်စေနိုင်တယ်။ မယုံရင် ဆရာကျန်းကို သွားမေးကြည့်လို့ရပါတယ်။”
ဇနီးမောင်နှံနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်မိလိုက်ကြသည်။ ရန်ရှောင်စု ဤသို့ ပြောလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။ အမျိုးသားဖြစ်သူက အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။
“မင်းက အရင်ဆရာဝန်ထက် ပိုကောင်းတယ်လို့ ငါ ခံစားရတယ်။ ပြီးခဲ့တဲ့တစ်ခေါက် ငါ နေမကောင်းဖြစ်တုန်းက သူက ငါ ဆေးမဝယ်မှာကို အရမ်းကြောက်နေတာ။ ဒါပေမဲ့ သူ့ဆေးသောက်ပြီးတော့လည်း ဘာမှထူးမလာဘူး။ ငါ့ဘာသာ ပြန်ကောင်းလာတာပဲ။”
ထိုစဉ် ကိုယ်ဝန်ဆောင်အမျိုးသမီးက ထရပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒေါက်တာ။”
“ချင်ကျားကျားထံမှ ကျေးဇူးတင်ရှိမှု ရရှိသည် +၁။”
ရန်ရှောင်စု အနည်းငယ် မှင်တက်သွား၏။ ဤတစ်ကြိမ်တွင် သူ ဘာမှမလုပ်ရသေးဘဲ ကျေးဇူးတင်ဒင်္ဂါးတစ်ခုကို အလကားရလိုက်ခြင်းပင်။