အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း ၂၇။ မွှေးလိုက်တာ
ရန်ရှောင်စုတစ်ယောက် ရုတ်တရက် ဝေခွဲမရဖြစ်သွားခဲ့သည်။ သူသည် အမှန်တရားကိုသာ ပြောလိုက်ခြင်းဖြစ်သော်လည်း တစ်ဖက်လူထံမှ မမျှော်လင့်ဘဲ ကျေးဇူးတင်မှုကို ရရှိခဲ့သည်။
သူနှင့် ယန်လျို့ယွမ်တို့၏ အတွေးထဲတွင်မူ တစ်စုံတစ်ယောက်အား တစ်ခုခုပေးကမ်းမှသာ စစ်မှန်သော ကျေးဇူးတင်မှုကို ရရှိနိုင်သည်ဟု မှတ်ယူထားခဲ့ကြခြင်းဖြစ်သည်။
တစ်ခါက ရန်ရှောင်စုသည် ကျောင်းတွင် ပို့ချချက်တစ်ခုကို နားထောင်နေရင်း တွေးမိခဲ့ဖူးသည်။ ဆရာကျန်းကျင်းလင်က အတိတ်က လူသားယဉ်ကျေးမှုသည် အလွန်အံ့ဩဖို့ကောင်းကြောင်း ဖော်ပြခဲ့သည်။ သို့သော် ထိုအဆင့်အတန်းသို့ ရောက်ရန် လူသားယဉ်ကျေးမှုသည် နှစ်ပေါင်းထောင်ချီ အချိန်ယူခဲ့ရသော်လည်း ပျက်စီးသွားသော အရှိန်မှာ တည်ဆောက်ခဲ့စဉ်ကထက် အဘယ်ကြောင့် ပို၍မြန်ဆန်နေရသနည်း။
ယနေ့တွင် ဤဇနီးမောင်နှံက ရန်ရှောင်စုအား တစ်စုံတစ်ခုကို မရေမရာ သဘောပေါက်စေခဲ့သော်လည်း သူ ရှင်းရှင်းလင်းလင်းတော့ မပြောပြနိုင်သေးပေ။
ထိုနေ့မှာပင် ရန်ရှောင်စုသည် ရှောင်ယွီကို ရှာပြီး ဆေးခန်းအပြင်ဘက်တွင် ချိတ်ဆွဲထားသော အလံကို ဖြုတ်ခိုင်းကာ ၎င်းပေါ်တွင် ‘ဒဏ်ရာအနာတရ’ ဟူသော စာလုံးကို ထိုးခိုင်းလိုက်သည်။
သူသည် လိမ်လည်လှည့်ဖြားမှုများကို လုပ်ခဲ့ဖူးသော်လည်း ရန်ရှောင်စုက အမြဲတမ်း ပစ်မှတ်ကို ရွေးချယ်တတ်ပေသည်။
ရန်ရှောင်စု ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ယနေ့မှစ၍ သူ ကုသနိုင်သော ရောဂါများကိုသာ ကုမည်၊ သူ မကုသနိုင်သော ရောဂါများအတွက်မူ ရိုးရိုးသားသားပင် လွှတ်လိုက်တော့မည်။
ရလဒ်အနေဖြင့် ရန်ရှောင်စု အံ့ဩသွားသည်မှာ ယနေ့တွင် ဒဏ်ရာအနာတရရှိသော လူနာတစ်ယောက်မှ ရောက်မလာခြင်းပင်။ ယင်းအစား သူ မကုသနိုင်သော သာမန်ကိုက်ခဲနာကျင်မှုရှိသူများသာ ရောက်လာခဲ့ကြသည်။ သို့သော် သူ အံ့ဩရခြင်းအကြောင်းရင်းမှာ ထိုအရာကြောင့် မဟုတ်ပေ။ သူသည် ဤလူနာအားလုံးကို ရိုးရိုးသားသား အသိပေးလိုက်ရာ တစ်နေ့တည်းမှာပင် အနက်ရောင်ဆေးကိုပင် တစ်စက်မှ မသုံးခဲ့ရဘဲ သူ၏ ကျေးဇူးတင်ဒင်္ဂါးများ ၁၀ ခုအထိ တိုးလာခြင်းကြောင့်ပင် ဖြစ်သည်။
ရန်ရှောင်စုသည် ဆေးခန်းထဲတွင် ထိုင်ရင်း ဝေခွဲမရဘဲ စဉ်းစားနေမိသည်...။
ဘာတွေဖြစ်ကုန်တာလဲ...။
သူ မသိလိုက်သည်မှာ လူတိုင်းသည် ယခင်ဆရာဝန် ယွီထုံအပေါ် အငြိုးအတေး ထားခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။ ရန်ရှောင်စုက ဤကဲ့သို့ ပြုမူလိုက်သောအခါ သူ့ထံ ရောက်လာဖူးသော လူနာများက လိုက်လံ ကြော်ငြာပေးကြတော့သည်။
“ရက်စက်တတ်တဲ့ ရန်ရှောင်စုက ဟိုလူယုတ်မာ ယွီထုံထက် အများကြီး ပိုကောင်းတယ်လို့ ငါထင်တယ်။ သူက မကုနိုင်ရင် မင်းပိုက်ဆံကို ရအောင်ယူဖို့ ပေါက်ကရ ဆေးတွေ လျှောက်မညွှန်းဘူး။”
အလုပ်လက်မဲ့တစ်ယောက်က ထိုစကားကို ကြားသောအခါ ‘အော်... အဲ့ဒီလိုလား’ ဟု တွေးကာ အပျော်သဘောဖြင့် ဆေးခန်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
သူတို့ ပျော်နေကြသော်လည်း ရန်ရှောင်စုသည်မူ စိတ်ပျက်နေရသည်။
ယနေ့တစ်မနက်တည်းမှာတင် သူ ကျေးဇူးတင်ဒင်္ဂါး အတော်များများ ရခဲ့သော်လည်း ရောက်လာသော လူနာဦးရေမှာ ရရှိသည့် အမှတ်ထက် ၁၀ ဆခန့် ပိုများနေပေသည်။
ခေါင်းကိုက်သူများ၊ ရုတ်တရက် မျက်နှာကြီးလာသလို ခံစားရသူများ၊ ပို၍ပင် ပြောစရာ စကားမဲ့စေသည်မှာ အချို့က သူ့ထံတွင် ဗေဒင်လာမေးကြခြင်းပင် ဖြစ်သည်။ သို့သော် ရန်ရှောင်စုက သူ၏ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထား၏။ သူသည် အရင်က ဇနီးမောင်နှံကို ရှင်းပြသကဲ့သို့ပင် ဈေးမြို့က လူများကို ရှင်းပြပြီး ပြန်လွှတ်လိုက်လေသည်။
နောက်ပိုင်းတွင် ဈေးမြို့ကလူများသည် ရန်ရှောင်စုသည် ဆေးကုသခကို စည်းကမ်းမဲ့ မယူကြောင်း သိရှိသွားကြတော့လေသည်။
ယခင်က ရန်ရှောင်စုအပေါ် သူတို့၏ အမြင်မှာ သူသည် အတော်ပင် ရက်စက်သူတတ်ဖြစ်သည်ဟူ၍ ဖြစ်သည်။ အကြောင်းမှာ အတိတ်တွင် လူငယ်လေး ရန်ရှောင်စုသည် ယန်လျို့ယွမ်နှင့်အတူ ဤဈေးမြို့တွင် ခြေကုပ်ယူနိုင်ရန်နှင့် မျှော်လင့်ချက်အလင်းရောင် ရရှိရန်အတွက် အခြားသူများနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရသောကြောင့်ပင်။
နောက်ပိုင်းတွင် လူတိုင်း၏ အမြင်မှာ ‘ဆေးရောင်းသူ’ အဖြစ် ပြောင်းလဲသွားခဲ့သည်။
ယခုအခါ လူတိုင်းက သူတို့တွင် ဒဏ်ရာအနာတရ တကယ်ရလာလျှင် ရန်ရှောင်စုထံသို့ ချက်ချင်းသွားပြီး ကုသနိုင်သည်ဟု မသိစိတ်က ယုံကြည်သွားကြပြီဖြစ်သည်။
ဤကျော်ကြားမှုသည် ရုတ်တရက် ရောက်ရှိလာပြီး ရန်ရှောင်စုကိုလည်း အလွန် ဝေခွဲမရ ဖြစ်စေခဲ့သည်။
နေ့လယ်ပိုင်းတွင် ရှောင်ယွီသည် ဈေးဝယ်ရန် ခြင်းတောင်းဖြင့် ဈေးမြို့သို့ ထွက်သွား၏။ ဤအတောအတွင်း ရန်ရှောင်စုတို့၏ ဘဝသည် ပိုမိုပြည့်စုံလာပြီး စုဆောင်းငွေမှာ ၃၄၀၀ ယွမ်အထိ ရှိလာသဖြင့် နေထိုင်မှုအခြေအနေများလည်း တိုးတက်လာခဲ့သည်။ သူတို့သည် ယခုအခါ ဈေးမြို့တွင် ပိုကောင်းသော ဟင်းသီးဟင်းရွက်များကို ဝယ်ယူနိုင်ပြီဖြစ်သည်။
ရှောင်ယွီသည် တစ်ခါတစ်ရံ ဆားချောနှင့် ဝက်အခေါက်များကိုပင် ဝယ်တတ်သေးသည်။ ဆားချော၏ အရသာမှာ ဆားကြမ်းနှင့် အတော်ပင် ကွာခြားပြီး ဝက်အခေါက်ကိုမူ ချက်ပြုတ်ရန်အတွက် ဆီထုတ်ရာတွင် အသုံးပြုသည်။
ဤဈေးမြို့ အပြင်ဘက်၌ ဝက်မွေးမြူရေးခြံများ ရှိသည်။ ထိုအိမ်မွေးဝက်များသည်လည်း ဆင့်ကဲပြောင်းလဲလာကြသော်လည်း ငယ်စဉ်ကတည်းက သင်းကွပ်ထားပါက ကြီးလာသောအခါ အလွန် ယဉ်ပါးသွားကြသည်။
လူသားများသည် ပတ်ဝန်းကျင်ကို အလိုက်သင့် နေထိုင်နိုင်ဆုံးနှင့် အသုံးချနိုင်ဆုံးသော မျိုးစိတ်များ ဖြစ်သည်မှာ အမှန်ပင်။
ထိုဝက်များမှ ရရှိသော အသားကောင်းများကို များသောအားဖြင့် ခံတပ်အတွင်းသို့သာ ပို့ဆောင်လေ့ရှိပြီး အသားစအသားကျန်များကိုသာ ဈေးမြို့၌ ချန်ထားလေ့ရှိပေသည်။ ထိုအသားစများမှာလည်း အလွန်ရှားပါးသည်။
ယခင်က ယန်လျို့ယွမ်၏ အကြီးမားဆုံး အိပ်မက်တစ်ခုမှာ ခံတပ်အတွင်းသို့ ဝင်ရောက်နေထိုင်ရန်ဖြစ်သည်။ အဓိက အကြောင်းရင်းမှာမူ သူ အသားစားချင်သောကြောင့်ပင်။
ရှောင်ယွီသည် ဟင်းသီးဟင်းရွက်ခြင်းတောင်းဖြင့် ဆေးခန်းသို့ ပြန်ရောက်လာပြီး ဝင်ဝင်ချင်းမှာပင် ပြုံးရွှင်သောမျက်နှာဖြင့် ပြောလာခဲ့လေသည်။
“အိုက်ယား ရှောင်စု... မင်းမသိသေးဘူးနော်။ အခု ဈေးမြို့ထဲကလူတိုင်းက မင်းကို တော်တော်လေး ချီးကျူးနေကြတယ်။”
ရန်ရှောင်စုက အံ့ဩသွားခဲ့သည်။
“တကယ်လား။”
“တကယ်ပေါ့။”
ရှောင်ယွီက ဟင်းသီးဟင်းရွက်များကို စီရင်း ပြုံးကာ ပြောလိုက်သည်။
“ငါတို့ရဲ့ ရှောင်စုလေးက ဆရာဝန်တစ်ယောက် ဖြစ်လာပြီပဲ။ နောက်ဆိုရင် ဈေးမြို့မှာ အကောင်းဆုံး ဇနီးတစ်ယောက် ရမှာ သေချာတယ်။ မင်းတို့နှစ်ယောက် လက်ထပ်ပြီး ကလေးတွေရလာရင် ငါ ကူပြီး ပြုစုစောင့်ရှောက်ပေးပါ့မယ်။”
ရန်ရှောင်စု ချက်ချင်းပင် စိတ်အိုက်သွား၏။
“ငါ အဲ့ဒါတွေ မစဉ်းစားသေးဘူး။”
ရှောင်ယွီက ချက်ချင်းပင် မကျေမနပ်ဖြစ်သွားခဲ့သည်။
“မင်းက အရွယ်ရောက်နေပြီပဲ။ စဉ်းစားသင့်နေပြီ။ ငါ ဒီနေ့ မြေပဲလည်း နည်းနည်း ဝယ်လာတယ်။ ဈေးမြို့ကလူတွေ ဘယ်ကနေ တူးလာလဲတော့ မသိဘူး။ ခဏနေရင် မင်းစားဖို့ ပြုတ်ပေးမယ်။”
ထိုအချိန်တွင် ယန်လျို့ယွမ်သည်လည်း ကျောင်းမှ ပြန်ရောက်လာခဲ့သည်။ ယခုအခါ သူသည် အခြားအတန်းဖော်များကဲ့သို့ပင် နေ့လယ်စာကို အိမ်တွင် ပြန်စားနိုင်ပြီဖြစ်သည်။ ယခင်ကမူ သူသည် မနက်ကတည်းက အာလူးနှစ်လုံး ယူသွားပြီး ကျောင်းတွင်သာ နေ့လယ်စာ စားခဲ့ရသည်။
သူ အိမ်ထဲသို့ ဝင်လာလျှင် ခြင်းတောင်းထဲရှိ မြေပဲများကို မြင်သဖြင့် တစ်လုံးယူကာ အခွံနွှာစားရန် ပြင်လိုက်၏။ သို့သော် ရှောင်ယွီက သူ့လက်ကို ပုတ်ထုတ်လိုက်သည်။
“ဒီမြေပဲတွေမှာ မြေကြီးတွေ ပေနေတုန်းပဲ။ မစားရဘူး။”
သူမက တားမြစ်လိုက်၏။
ယန်လျို့ယွမ်က စားပွဲကို စိတ်ဆိုးဆိုးဖြင့် ရိုက်လိုက်သည်။
“အစ်မက ဒီလောက်လှတာကို။ ဘာလို့ ကျွန်တော့်ကို မြေပဲစားခွင့်မပေးတာလဲ။”
ရှောင်ယွီ၏ မျက်နှာမှာ အပြုံးများဖြင့် ပြန်လည် ဝေစည်သွားကာ “စား...စား” ဟု ဆိုတော့သည်။
ယန်လျို့ယွမ်က မြေပဲကို အခွံနွှာစားရင်း ရန်ရှောင်စုကို ပြောလိုက်သည်။
“အစ်ကို ဒီနေ့ ကျောင်းအပြင်ဘက်မှာ လူတွေ အများကြီး စုဝေးနေကြတယ်။ အတန်းချိန်တုန်းက ဆရာကျန်းက သူတို့ကို ပေးမဝင်ဘူး။ ဒါပေမဲ့ ကျောင်းဆင်းတာနဲ့ သူတို့အားလုံး အထဲကို ဝုန်းခနဲ ဝင်သွားကြတာပဲ။ ဘာဖြစ်တာလဲတော့ မသိဘူး။ အစ်ကို သွားကြည့်ချင်လား။”
“ဟမ်...။”
ရန်ရှောင်စု ကြောင်အသွားပြီး စိတ်ထဲ၌ မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်...။ ထိုစဉ်မှာပင် အပြင်ဘက်မှ ဒေါသတကြီး လမ်းလျှောက်ဝင်လာသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရတော့သည်။ ထိုသူမှာ ကျောင်းမှ ဆရာကျန်းကျင်းလင်ပင် ဖြစ်သည်။
ရန်ရှောင်စု၏ မျက်လုံးများ တောက်ပသွား၏။
“ဆရာကျန်း ရောက်လာတာပဲ...။ ကျုပ်တို့ဆီမှာ နေ့လယ်စာ စားသွားပါလား။”
သူက နှုတ်ဆက်လိုက်သည်။
“ဘာနေ့လယ်စာလဲကွ...။”
ကျန်းကျင်းလင်က ဒေါသတကြီး ပြောလိုက်သည်။
“မင်း ရောဂါကို မကုနိုင်ရင် မကုနဲ့လေ။ ဘာလို့ သူတို့ကို ငါ့ဆီ အကုန် လွှတ်နေတာလဲ။”
အစောပိုင်းက ရန်ရှောင်စုသည် ဇနီးမောင်နှံကို “မယုံရင် ဆရာကျန်းကို သွားမေးကြည့်ပါ၊ ဒါမှမဟုတ် ဆရာ့ဆီက ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု စာအုပ်တွေ ငှားဖတ်ပါ” ဟု ပြောခဲ့ဖူးသည်။
နောက်ပိုင်းတွင် ရန်ရှောင်စုသည် ထိုနည်းလမ်းက အတော်ပင် ထိရောက်သည်ဟု ထင်သဖြင့် ယနေ့နံနက်ပိုင်း ရောက်လာသမျှ လူနာတိုင်းကို ထိုအတိုင်းပင် ပြောခဲ့ခြင်းဖြစ်သည်။
ကျန်းကျင်းလင်က အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
“သာမန်ရောဂါဆိုရင်လည်း တစ်မျိုးပေါ့။ အခုက ခြေထောက်သဲဝဲစားတာတောင် ငါ့ဆီ လွှတ်လိုက်ရသလား။ အဲ့ဒီလူ ဖိနပ်ချွတ်လိုက်တဲ့အချိန် ထွက်လာတဲ့ အနံ့ကို မင်း ယုံမှာတောင် မဟုတ်ဘူး။ ငါ အမြန်ပြေးလာလို့ တော်သေးတယ်။”
ရန်ရှောင်စုက ရှက်ကိုးရှက်ကန်း ရယ်မောလိုက်သည်။
“ကျုပ်က ဆရာ့ကို ဗဟုသုတ ကြွယ်ဝတယ်လို့ ထင်လို့ပါ။”
ကျန်းကျင်းလင်တစ်ယောက် စိတ်ဓာတ်ကျလုနီးပါး ဖြစ်သွားခဲ့လေသည်။
“ငါက ကျောင်းဆရာတစ်ယောက်ပါကွာ။ မင်းတောင် မကုနိုင်တဲ့ ရောဂါကို ငါက ဘယ်လိုလုပ် ကုနိုင်မှာလဲ။ နောက်နောင် လူနာတွေကို ငါ့ဆီ ထပ်လွှတ်ဦးမယ်ဆိုရင် ယန်လျို့ယွမ်ကို အိမ်စာတွေ အပုံလိုက် ပေးပစ်မယ်။”
မြေပဲအခွံနွှာစားနေသော ယန်လျို့ယွမ်: “???”
ခင်ဗျားတို့ ရန်ဖြစ်တာ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။
ရန်ရှောင်စုက မြေပဲတစ်ဆုပ်ကို ဆွဲယူပြီး ကျန်းကျင်းလင်၏ လက်ထဲသို့ ထိုးထည့်လိုက်ကာ ပြောလိုက်သည်။
“ဆရာ စိတ်မပူပါနဲ့။ နောက်တစ်ခါ မဖြစ်စေရပါဘူး။ တကယ်ပါ...ကျုပ် ကတိပေးပါတယ်။”
ကျန်းကျင်းလင်သည် အတော်ကြာ စဉ်းစားနေပြီးနောက် နောက်ဆုံးတွင် မြေပဲများကို အခွံနွှာစားရင်း ကျောင်းသို့ ပြန်သွားတော့လေသည်။
အခန်း ၂၈ - အလစ်ငိုက် တန်ပြန်တိုက်စစ်
ညမှောင်လာသည်နှင့်အမျှ ရန်ရှောင်စုတစ်ယောက် ဘဝ၏အရာရာတိုင်းသည် ပိုမိုကောင်းမွန်သော လမ်းစသို့ ဦးတည်နေသည်ဟု ခံစားလိုက်ရသည်။ ထိုအချိန်တွင် စိတ်ထဲရှိ နန်းတော်အတွင်း၌ သူစုဆောင်းထားသော ကျေးဇူးတင်ဒင်္ဂါး ဆယ်ပြားကို ကြည့်ရင်း ထိုလက်နက်ကို စောစောစီးစီး အသုံးပြုခွင့်ရလျှင် ကောင်းမည်ဟု တွေးနေမိသည်။
သူ့ဘေးနားတွင် ယန်လျို့ယွမ်က နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။ ယနေ့မွန်းလွဲပိုင်း ရန်ရှောင်စု စာသင်သွားသည့်အခါ ဈေးတန်းတွင်ဖြစ်ပွားခဲ့သော ဝံပုလွေအုပ်ဖြစ်ရပ်ကြောင့် ကျောင်းသားများက ဝံပုလွေအုပ်နှင့်တွေ့လျှင် ဘာလုပ်ရမည် သို့မဟုတ် မည်သို့ထွက်ပြေးရမည် စသည့်ပုံပြင်များကို ပြောပြရန် သူ့ကို တောင်းဆိုခဲ့ကြသည်။
သို့သော် ရန်ရှောင်စုက ထိုအကြောင်းများကို မပြောလိုပေ။ သူသည် တောရိုင်းထဲတွင် ရှင်သန်နေထိုင်နည်း ဗဟုသုတများကိုသာ ဆက်လက်သင်ကြားပေးခဲ့သည်။ အကယ်၍ ဤကလေးများသည် နောင်တစ်ချိန် တောထဲ၌ ဝံပုလွေအုပ်နှင့် တကယ်တမ်းတွေ့ဆုံခဲ့လျှင် မလွဲမသွေ အန္တရာယ်ကြီးလှသည်ဟု သူခံစားရသည်။ ယနေ့ခေတ် လူသားများနှင့် သားရဲတိရစ္ဆာန်များကြားရှိ ရုပ်ပိုင်းဆိုင်ရာ ကွာဟချက်သည် ထိုသို့သောကံကြမ္မာသို့သာ ဦးတည်စေမည်ဖြစ်ရာ ၎င်းမှာ သင်ကြားပြသရုံဖြင့် ပြောင်းလဲနိုင်သောအရာ မဟုတ်ပေ။
သားရဲများကို မည်သို့လိုက်လံဖမ်းဆီးရမည်ကို သင်ပေးမည့်အစား ဝံပုလွေအုပ်နှင့် မတွေ့ဆုံမီ အသက်ဆက်နိုင်ရန် လိုအပ်သော ရေနှင့် အစားအစာကို မည်သို့ရှာဖွေရမည်ကို သင်ပေးခြင်းက ပို၍ကောင်းမွန်သည်။
ဝံပုလွေအုပ်၏ သတ်ဖြတ်ခြင်းခံရသည်မှာ အကူအညီမဲ့သော အခြေအနေဖြစ်သော်လည်း ငတ်ပြတ်ပြီး သေဆုံးရခြင်းမှာမူ အလွန်မတရားလွန်းလှသည်။
သင်ခန်းစာအကြောင်းအရာမှာ ကျောင်းသားများ မျှော်လင့်ထားသလို ဖြစ်မလာသည့်အပြင် ပိုဆိုးသည်မှာ သူက အချိန်ပိုများ ဆွဲထားခြင်းပင်။ ထို့ကြောင့် ကျောင်းသားများသည် ရန်ရှောင်စုအပေါ် အလွန်မကျေမနပ် ဖြစ်နေကြပြီး အိမ်ပြန်ရောက်လျှင် သူတို့မိဘများကိုပင် တိုင်တောကြလေသည်။
သို့သော် သူတို့မသိသည်မှာ ကျောင်းသားများကပင် ရန်ရှောင်စုကို မနှောက်ယှက်ရဲလျှင် သူတို့၏မိဘများကရော ရဲပါ့မည်လော။
ထိုစဉ် ရန်ရှောင်စုသည် ခြံစည်းရိုးအပြင်ဘက်မှ ထူးဆန်းသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ ထိုသူမှာ အလွန်သတိထားနေသော်လည်း တောရိုင်းထဲတွင် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သည့် ရန်ရှောင်စုအတွက်မူ အနည်းငယ်သော လှုပ်ရှားမှုတိုင်းကို နိုးနိုးကြားကြား ရှိနေရမည် ဖြစ်သည်။ မဟုတ်ပါက အသက်ဆုံးရှုံးသွားနိုင်ပေသည်။
သူသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ အခန်းထဲရှိ ရေနံဆီမီးခွက်ကို မှုတ်ပိတ်လိုက်ပြီး ခြံဝင်းထဲသို့ တိတ်တဆိတ် ဝင်သွားခဲ့လိုက်သည်။
ရန်ရှောင်စုသည် တံတိုင်းခြေရင်းတွင် ပုန်းကွယ်လျက် အပြင်ဘက်မှ လှုပ်ရှားမှုများကို အသေအချာ နားစွင့်နေလိုက်သည်။
တစ်စုံတစ်ယောက်သည် တံတိုင်းအပြင်ဘက်မှ ရုတ်တရက် ခုန်တက်လာပြီး တံတိုင်းထိပ်ကို လက်ဖြင့်လှမ်းကိုင်လိုက်သည်ကို ကြားလိုက်ရ၏။ ထို့နောက် ချက်ချင်းပင် ထိုသူသည် အရှိန်ယူကာ ခြံဝင်းထဲသို့ ခုန်ဆင်းလိုက်တော့သည်။
လေထဲတွင် ရှိနေစဉ် ထိုသူသည် မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်ရာ သူ့ကို စူးစမ်းသော အကြည့်ဖြင့် ကြည့်နေသည့် ရန်ရှောင်စုနှင့် အမှတ်မထင် ဆုံမိသွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် ရန်ရှောင်စုသည် ခါးကိုနှိမ့်၊ လက်မောင်းကို နောက်ဆုတ်ကာ ခွန်အားအားလုံးကို စုစည်းလိုက်သကဲ့သို့ ဖြစ်သွားပြီးမှ ရုတ်တရက် အားကုန်ပေါက်ကွဲ ထွက်လာသည်ကို တွေ့လိုက်ရလေသည်။
ထိုလက်သီးချက်သည် တောင်များကို ဖြိုခွဲကာ ကျောက်တုံးများကို အက်ကွဲစေနိုင်လောက်သည့် အရှိန်အဟုန်ဖြင့် ကျူးကျော်ဝင်ရောက်လာသူ၏ ပေါင်ကြား သို့ တည့်တည့်မတ်မတ် ထိုးနှက်လိုက်ခြင်းပင်။
ကျူးကျော်သူက ရှောင်တိမ်းချင်သော်လည်း သူသည် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်အတွက် ခြေထောက်နှစ်ဖက်ကို စုလိုက်ရုံဖြင့် ရန်ရှောင်စုကို ဒူးဖြင့်တိုက်ခိုက်ကာ ဤအကျပ်အတည်းကို အလွယ်တကူ ဖြေရှင်းနိုင်မည်ဟု တွေးခဲ့သည်။
သို့သော် သူမျှော်လင့်မထားသည်မှာ ရန်ရှောင်စု၏ အရှိန်သည် သူထင်ထားသည်ထက် များစွာ ပိုမြန်နေခြင်းပင်။
“ခဏလေး... အား...။”
ကျူးကျော်သူသည် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ နာကျင်စွာ လဲကျသွားပြီး သူ၏ပေါင်ကြားကို လက်ဖြင့်အုပ်ကာ အဆက်မပြတ် အော်ဟစ်လိုက်ရတော့သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ထပ်မံထွက်ပေါ်လာပြီး လူတစ်ယောက်ထက်မက ရောက်လာပုံရသည်။ ရန်ရှောင်စုသည် မြေပြင်ပေါ်ရှိ လူကို တည်ငြိမ်စွာ ကြည့်နေသော်လည်း ထိုသူဝတ်ဆင်ထားသော အဝတ်အစားများမှာ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရန် မလွယ်ကူပေ။
ခဏအကြာတွင် နောက်ထပ် လူနှစ်ဦး ခြံထဲသို့ ခုန်ဝင်လာခဲ့ပြန်သည်။
“ခဏလေး... အား...။”
“အမလေးဗျ...။”
နောက်ထပ် လူနှစ်ယောက်မှာလည်း မြေပြင်ပေါ်တွင် လူးလှိမ့်နေကြရပြန်သည်။
ရန်ရှောင်စု မျက်မှောင်ကြုတ်လိုက်၏။ ဤလူများ၏ အရည်အချင်းမှာ... အင်း အတော်အသင့်တော့ ရှိကြသော်လည်း ထူးချွန်သည်တော့ မဟုတ်ပေ။ သူ့လက်အောက်တွင် တစ်ချီလေးတောင် မခံနိုင်ကြပေ။
ထိုစဉ် တံခါးမှ ခေါက်သံတစ်ခု ထွက်ပေါ်လာပြီး ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသည်။
“တံခါးဖွင့်စမ်း။”
ရန်ရှောင်စု ထိုအသံကို မှတ်မိသည်။ ၎င်းမှာ ဈေးတန်းတစ်ခုလုံးကို လိုက်လံရှာဖွေခဲ့သည့် ပုဂ္ဂလိကတပ်ကို ဦးဆောင်ခဲ့သော အရာရှိ ဖြစ်သည်။
ဤလူများသည် ခံတပ်အတွင်းမှ လာသော ပုဂ္ဂလိကတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သူရုတ်တရက် သိလိုက်ရသည်။ သို့သော် ဤလူများက ဘာကြောင့် ဒီလောက်တောင် ပျော့ညံ့နေရသနည်းဆိုသည်ကိုမူ သူနားမလည်နိုင် ဖြစ်နေခဲ့လေသည်။
တကယ်တော့ တစ်ဖက်လူက ပျော့ညံ့နေခြင်း မဟုတ်ချေ။ ခံတပ်အတွင်းရှိ ပုဂ္ဂလိကတပ်ဖွဲ့ဝင်များသည် လေ့ကျင့်မှု အားနည်းကြသော်လည်း သူတို့သည် သာမန်လူများ အလွယ်တကူ ကစားနိုင်သည့် လူမျိုးများတော့ မဟုတ်ကြပေ။
ဤပုဂ္ဂလိကတပ်ဖွဲ့ဝင်များသည် ရန်ရှောင်စုမှာ နာမည်ကျော်ရက်စက်သူတစ်ဦးဖြစ်ကြောင်း တစ်ဆင့်စကား ကြားဖူးထားကြသော်လည်း “ဒုက္ခသည်တစ်ယောက်က ဘယ်လောက်များ စွမ်းနိုင်မှာမို့လို့လဲ” ဟုသာ တွေးထားခဲ့ကြသည်။
မူလက အခန်းထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ရှောင်ယွီနှင့် ယန်လျို့ယွမ်တို့မှာလည်း အဝတ်အစားများ ကမန်းကတန်းဝတ်ကာ အပြင်သို့ ထွက်လာကြပြီး “ဘာဖြစ်တာလဲ” ဟု မေးလိုက်ကြ၏။
“အခန်းထဲ ပြန်ဝင်နေ။”
ရန်ရှောင်စုက ထိုသို့ပြောလိုက်ပြီးနောက် ထိုအရာရှိအတွက် တံခါးသွားဖွင့်ပေးလိုက်သည်။ ဤပုဂ္ဂလိကတပ်ဖွဲ့ဝင်များသည် အဘယ်ကြောင့် အရပ်ဝတ်များဝတ်ကာ တံတိုင်းကျော်ပြီး ခိုးဝင်လာကြသနည်းဟု သူတွေးတောနေမိသည်။
ဤသည်မှာ သိသိသာသာပင် အလစ်ငိုက် တန်ပြန်တိုက်စစ်ဆင်ခြင်း ဖြစ်သည်။ “ပျောက်ဆုံးသွားသော သေနတ်မှု” တွင် အသံသယအရှိရဆုံးဖြစ်သည့် သူ့ကို တစ်ကျော့ပြန် ရှာဖွေခြင်းပင်။ ဖြစ်နိုင်သည်မှာ ဤပုဂ္ဂလိကတပ်ဖွဲ့သည် အထက်လူကြီးများထံ အစီရင်ခံရန် အလွန်လောကြီးနေသော်လည်း တစ်ဖက်တွင်လည်း ဘော့စ်လော့ကို ကြောက်ရွံ့နေကြခြင်း ဖြစ်နိုင်သည်။
အကယ်၍ သူတို့သာ ရှာတွေ့သွားလျှင် ကိစ္စမရှိပေ။ ခံတပ် အမှတ် (၁၁၃) တွင် ဘော့စ်လော့ တစ်ယောက်တည်းက အရာရာကို ဆုံးဖြတ်နေခြင်း မဟုတ်သလို ဘော့စ်လော့ကလည်း ရန်ရှောင်စုကို ထိုမျှလောက်အထိ တန်ဖိုးထားလိမ့်မည် မဟုတ်ပေ။ သို့သော် အကယ်၍ သူတို့ ဘာမှရှာမတွေ့ခဲ့ပါက ဘော့စ်လော့၏ ဒေါသကို ရင်ဆိုင်ရပေတော့မည်။
သာမန်လူများ၏ အတွေးအခေါ်အရ ပထမတစ်ကြိမ် ရှာဖွေပြီးနောက်တွင်လည်းကောင်း၊ ဘော့စ်လော့က ကြားဝင်ပြောဆိုပေးပြီးနောက်တွင်လည်းကောင်း ပုဂ္ဂလိကတပ်ဖွဲ့က အလစ်ငိုက် တန်ပြန်တိုက်စစ်ဆင်ကာ ဆက်လက်ရှာဖွေလိမ့်မည်ဟု မည်သူမျှ ထင်ထားကြမည်မဟုတ်ပေ။
အကယ်၍ သူသည် ပြီးခဲ့သည့်အကြိမ် ဆေးမြစ်ရှာထွက်စဉ်က သေနတ်ကို အမှန်တကယ် ပြန်ယူလာခဲ့မိပါက ယခုတစ်ကြိမ်တွင် အန္တရာယ်ကြီးလှပေမည်။ ဝမ်ဖူကွေ့၏ အဆိုအရ သူသတ်ခဲ့သော စက်ရုံမန်နေဂျာ၏ မိသားစုသည်လည်း ခံတပ်အတွင်း၌ ဩဇာအာဏာကြီးမားသော အင်အားစုတစ်ခု ဖြစ်သည်။
ရန်ရှောင်စု မျက်မှောင်ကြုတ်လိုက်၏။ တစ်ဖက်လူမှာ အနှစ်ချုပ်အားဖြင့် ညအချိန်မတော် လူနေအိမ်ထဲသို့ အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းမှာ ဒုတိယအကြိမ်မြောက် ရှာဖွေခြင်းလည်း ဖြစ်သည်။ သီအိုရီအရ သူက မှန်ကန်နေသော်လည်း ဤခံတပ် အပြင်ဘက်လောကတွင် သူက မည်သူ့ကို သွားရောက် တရားမျှတမှု တောင်းခံရပါမည်နည်း။
အားကြီးရှိသူကသာ အမှန်ဖြစ်သည်။ သူ၏လက်သီးမှာ ထိုမျှအထိ မကြီးမားသေးပေ။
ရန်ရှောင်စုသည် ပုဂ္ဂလိကတပ်ဖွဲ့ဝင် သုံးဦးကို တစ်ပြိုင်နက်တည်း ရိုက်နှက်လိုက်ရာ တစ်ဖက်လူက ဤအတိုင်း လွှတ်ထားလိမ့်မည် မဟုတ်ကြောင်း သူခံစားမိသည်။ ဤဖြစ်ရပ်ဖြစ်ပွားပြီးနောက်တွင် မိမိကိုယ်ကို ပိုမိုသတိထားရန်နှင့် မည်သူ့ကိုမျှ လျှော့မတွက်ရန် ရန်ရှောင်စုက သူ့ကိုယ်သူ သတိပေးလိုက်သည်။
အမှန်စင်စစ် တံခါးအပြင်ဘက်တွင် လူတစ်ဒါဇင်ခန့်နှင့်အတူ ရပ်နေသော အရာရှိမှာလည်း ဒေါသများ ချောင်းချောင်းထွက်နေ၏။ သူ၏စစ်သားများမှာ ဒုက္ခသည်တစ်ယောက်ကိုပင် မနိုင်ဘဲ သူကိုယ်တိုင် လာရောက် ခေါ်ထုတ်ပေးရသည်ဆိုသည့်အချက်ကို သူလက်မခံနိုင်ပေ။
ဤအကြောင်းသာ ပေါက်ကြားသွားပါက သူ၏ မျက်နှာကို ဘယ်နား သွားထားရမည်နည်း။ ထို့ကြောင့် ယနေ့ကိစ္စအတွက် ရလဒ်တစ်ခုခု ရှိကိုရှိရမည်။
သူ့လက်အောက်ငယ်သားများကို တံခါးကန်ကျောက် ဖွင့်ခိုင်းတော့မည့် ဆဲဆဲတွင် ဆေးခန်းတံခါးမှာ အလိုလို ပွင့်လာခဲ့သည်။
ထို့နောက်တွင် တံခါးအပြင်ဘက်ရှိ စစ်သားအားလုံးမှာ ဇဝေဇဝါ ဖြစ်သွားကြ၏။ ရန်ရှောင်စုသည် ပိုးသားဂုဏ်ပြုလွှာကြီးတစ်ခုကို ကိုယ်တွင်ပတ်ထားသည်ကို သူတို့ မြင်လိုက်ရသည်။ ထိုဂုဏ်ပြုလွှာပေါ်တွင် “အံဖွယ်လက်ပိုင်ရှင်...လော့လန်” ဟု ရေးသားထားသည်။
အရာရှိသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အဓိပ္ပာယ်မဖော်နိုင်သော ဒေါသတလူလူဖြင့် ရယ်မောလိုက်တော့သည်။
“ဒါက ဘာလဲ... ပိုးသားဂုဏ်ပြုလွှာ သံချပ်ကာလား။”
ရန်ရှောင်စုသည်မူ အစွမ်းကုန် သတိထားနေပြီး အရာရှိ၏ မျက်နှာအမူအရာကို အကဲခတ်နေခဲ့သည်။ သူ အဓိကကြောက်သည်မှာ အရာရှိက စိတ်လိုက်မာန်ပါဖြင့် ဤ “ပိုးသားဂုဏ်ပြုလွှာ သံချပ်ကာ” ကို မြင်သော်လည်း ကလဲ့စားချေချင်နေဦးမည်ကိုပင်။
သို့သော် ထိုအရာရှိသည် သူ့ကို ကျော်ဖြတ်ကာ အတွင်းသို့ တည့်တည့်လျှောက်သွားပြီး “ရှာစမ်း” ဟု အမိန့်ပေးလိုက်၏။
ရန်ရှောင်စုက နောက်ကလိုက်သွားရင်း ပြောလိုက်သည်။
“ပြီးခဲ့တဲ့အခေါက်က ရှာပြီးပြီ မဟုတ်ဘူးလား။”
အရာရှိသည် ခြံဝင်းအတွင်း မြေပြင်ပေါ်တွင် လူးလှိမ့်နေဆဲဖြစ်သော စစ်သားများကို မြင်သောအခါ မျက်နှာ ပိုမိုညိုမှောင်သွား၏။
“အမှိုက်တွေပဲ....။”
သူက ရန်ရှောင်စုဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
“ငါ့နာမည်က ဝမ်ချုံးယန်။ မင်းက မင်းအတွက် ဒေါသဖြေပေးဖို့ ဘော့်စ်လော့ကို သွားရှာချင်တယ်ဆိုရင် ငါ့နာမည်ကို သုံးလို့ရတယ်။”
“မဟုတ်တာ...။”
ရန်ရှောင်စုက အတင်းပြုံးရင်း ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့လည်း ဘာအမှားမှ လုပ်ခဲ့တာမှ မဟုတ်တာ။”
ဝမ်ချုံးယန်တစ်ယောက် ရန်ရှောင်စုကို အသေအချာ အကဲခတ်ကြည့်လိုက်၏။ သူ၏ စစ်သားများက မိနစ်အနည်းငယ်ကြာ ရှာဖွေပြီးနောက် “ဘာမှ ရှာမတွေ့ဘူး” ဟု ပြန်လည်အစီရင်ခံလညခဲ့ကြသည်။
ဝမ်ချုံးယန်သည် ဘာစကားမှ ထပ်မပြောတော့ဘဲ သူ၏တပ်ဖွဲ့နှင့်အတူ ထွက်ခွာသွား၏။ ထွက်သွားခါနီးတွင် သူက လှောင်ပြုံးပြုံးကာ ရန်ရှောင်စုကို ကြည့်ပြီး ပြောလိုက်သည်။
“မင်းသာ ခံတပ်ထဲမှာ မွေးခဲ့ရင် ကောင်းမယ်။ ငါ့ဆီမှာ စစ်သားလာလုပ်ပါလား။ မင်းက ငါ့ဆီက ငကြောက်တွေထက် အများကြီး ပိုတော်တယ်။”
ခဏလေး...။
ရန်ရှောင်စု ရုတ်တရက် ကြောင်အသွားခဲ့သည်။ ထိုစက်ရုံမန်နေဂျာ၏ နာမည်မှာ ဝမ်တုံးယန်ဖြစ်သည်။ ထိုလူသည် ဤဝမ်ချုံးယန်နှင့် တစ်စုံတစ်ရာ ပတ်သက်မှုများ ရှိနေသလော။
လူသတ်သမားကို ဖော်ထုတ်ဖို့ရန်အတွက် တစ်ဖက်လူက သူ့နောက်ကို အဘယ်ကြောင့် အသည်းအသန် လိုက်နေရသနည်းဆိုသည်မှာ မထူးဆန်းတော့ပေ။