အသေအကြေတိုက်ပွဲ
Vol. 12 Ch. 1137
ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့က ထိုတုန်လှုပ်ခြောက်ခြားဖွယ်မြင်ကွင်းကြီးကို ငေးကြည့်နေကြစဥ် ဥအိတ်ကြီးက တအိအိဖြင့် လှုပ်ရှားစ ပြုလာသည်။ ထိုအိတ်ထဲတွင် စိတ်ကူးနှင့်မှန်းဆရန်ပင် မဖြစ်နိုင်သော သတ္တဝါကြီးတစ်ကောင်က ပင့်ကူကြီး၏အကူအညီကိုရယူ၍ ရွှမ်ကျုံးပြည်နယ်ထဲရှိ အရာရာတိုင်းကို စုပ်ယူနေသည့်ပုံပင်။ ထိုပြည်နယ်ထဲတွင်ရှိသည့် သက်ရှိများ၊ တောင်တန်းများ၊ အပင်များနှင့် ၎င်းတို့ထဲရှိ သက်စောင့်အားအကုန်လုံး စုပ်ယူခံနေရပေသည်။
ပြည်နယ်တစ်ခုထဲတွင် ရှိသည့် သက်စောင့်အားပမာဏမှာ ကောင်းကင်တံတားနယ်မြေတစ်ခုလုံးထဲတွင် ရှိခဲ့သည့် ပမာဏနီးပါးပင်။ ယခု ထိုသက်စောင့်အားများကို ထိုဥအိတ်ထဲရှိ မည်သည်မှန်းမသိသောအရာကြီးကို ကျွေးမွေးရာတွင် အသုံးချနေခြင်း ဖြစ်သည်။
ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့မှာ အလွန်အမင်း အံ့အားသင့်သွားကြသည်။ တချိန်ထဲမှာပင် သူတို့နှစ်ယောက်စလုံးမှာ တူညီစွာ ကောက်ချက်ချလိုက်ကြတော့သည်။ ထိုဥအိတ်ထဲရှိ သက်ရှိကြီး အပြင်သို့ထွက်လာမည်ဆိုပါက ... သူတို့နှစ်ယောက်စလုံး ရင်ဆိုင်နိုင်စွမ်းမရှိလောက်အောင် ကြီးမားသည့် ပြဿနာမျိုး ပေါ်ထွက်လာမည်မှာ အမှန်ပင်။
တချိန်ထဲမှာပင် ဆယ့်လေးရောင်ခြယ်မီးတောက်၏ အလင်းရောင်နှင့်အပူဓာတ်က ထိုဧရာမချိုင့်ခွက်ကြီးထဲဆက်လက်ပျံ့နှံ့နေဆဲပင်။ ထိုမီးတောက်မှာ အသေးစား ပင့်ကူများစွာနှင့် ထိတွေ့သွားသောအခါ ၎င်းတို့မှာ အော်ဟစ်မြည်တမ်းကာ လောင်ကျွမ်းပြာကျသွားကြသည်။ သို့သော် ပင့်ကူအိမ်ကြီးမှာမူ ၎င်း၏ ထူးဆန်းသော ဂုဏ်သတ္တိတစ်မျိုးကြောင့် မီးတောက်၏အပူနှင့် ထိတွေ့လိုက်သောအခါ အနည်းငယ်မျှသာ အရွယ်အစား ကျုံ့ဝင်သွားသည်။ ဆယ့်လေးရောင်ခြယ်မီးတောက်ပင် ထိုပင့်ကူအိမ်ကို မဖျက်ဆီးနိုင်ပေ။
အသေးစားပင့်ကူများစွာ သေဆုံးနေကြပြီး ပင့်ကူအိမ်ကြီး ကျုံ့ဝင်သွားသောအခါ ဧရာမပင့်ကူဘုရင်ကြီးက ရုတ်တရက် ခေါင်းမော့လိုက်ပြီး ၎င်း၏ အေးစက်သော မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့ကို စိုက်ကြည့်လိုက်သည်။
ဝေါင်းးးးးး
ပင့်ကူကြီး၏ ကြောက်မက်ဖွယ် အော်ဟစ်သံထဲတွင် သတ်ဖြတ်လိုစိတ်များနှင့် ရက်စက်ကြမ်းကြုတ်မှုများ အပြည့်အဝ ပါဝင်နေသည်။ ထို့နောက် ၎င်းမှာ ဆယ့်လေးရောင်ခြယ်မီးတောက်ကို လုံးဝလျစ်လျူရှုကာ သူတို့ဆီသို့ ပြေးလာတော့သည်။
ပင့်ကူကြီးမှာ အရွယ်အစားအလွန်ကြီးမားပါသော်လည်း လျှပ်စီးလက်သည့်အလား လျင်မြန်စွာ ရွေ့လျားနိုင်ပေသည်။ ကုန်းစွန်းဝမ်အာမှာ ပိုင်ရှောင်ချန်းနှင့် ဆွေးနွေးကာ အကြံထုတ်နေရန် အချိန်မရှိတော့သဖြင့် လက်နှစ်ဖက်သုံး၍ မန္တန်လက်ကွက်တစ်ခုဖော်လိုက်သည်ဖြစ်၍ အနက်ရောင်မီးခိုးများ ထွက်ပေါ်လာပြီး ဧရာမသရဲလက်ကြီးတစ်ချောင်းအသွင် ပြောင်းလဲသွားကာ ထိုပင့်ကူကြီးထံသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်သွားတော့သည်။
သို့သော် ထိုပင့်ကူကြီးမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားသဖြင့် ထိုသရဲလက်ကြီးကို ခေါင်းဖြင့်တိုက်ချလိုက်တော့သည်။ ကုန်းစွမ်းဝမ်အာ၏ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံ အထောက်အပံ့ကိုရရှိထားသော ထိုသရဲလက်ကြီးမှာ ချက်ချင်းပင် ကြေမွပျက်စီးသွားသည်။
" အဲဒီပင့်ကူကြီးက ကောင်းကင်ဧကရာဇ်အဆင့် အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားတာပဲ "
ပိုင်ရှောင်ချန်းက တအံ့တသြဖြင့် လွှတ်ခနဲ ပြောလိုက်သည်။ သို့သော် သူနှင့်ကုန်းစွမ်းဝမ်အာတို့မှာ ဤအခြေအနေကို ရင်ဆိုင်နိုင်မည့် အစီအစဥ်တစ်ခုကို ဆွဲရန် အချိန်မရှိကြပေ။ သို့သော်လည်း သူတို့မှာ အန္တရာယ်ကြီးထဲတွင် ပူးပေါင်းဆောင်ရွက်နေကြသည်ဖြစ်၍ အချို့သောအရာများကို ဆွေးနွေးနေရန် မလိုပေ။ ကုန်းစွန်းဝမ်အာက ထိုပင့်ကူကြီးကိုတိုက်ခိုက်နေစဥ် ပိုင်ရှောင်ချန်းမှာ လှစ်ခနဲလှုပ်ရှားလိုက်ပြီး လူးလွန့်နေသော ဥအိတ်ကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။
ပင့်ကူကြီးက ထိုအချင်းအရာကို သိမြင်လိုက်သဖြင့် ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။ သူသည် တားဆီးရန်နောက်သို့လှည့်လိုက်ပါသော်လည်း ဘာမှမလုပ်နိုင်ခင် ကုန်းစွန်းဝမ်အာသည် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော သရဲမျက်နှာများစွာကို ထုတ်လွှတ်လိုက်တော့သည်။ ထိုသရဲမျက်နှာများမှာ အနက်ရောင်မီးခိုးများမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် အငွေ့အသက်များကို ထုတ်လွှတ်လျက် အကြောက်တရားကင်းမဲ့စွာဖြင့် ရှေ့သို့ခုန်အုပ်လိုက်ကြပြီး ပင့်ကူကြီးကို ကိုက်လိုက်ကြတော့သည်။
ထိုစဥ် ပိုင်ရှောင်ချန်းမှာ ဥအိတ်ကြီးအနားသို့ ရောက်နေပြီဖြစ်သည်။ သူသည် ညာလက်သီးကိုဆုပ်လိုက်ပြီး သူ၏ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံနှင့် သန်မာသောအပြင်ခန္ဓာကိုယ်နှစ်ခုစလုံးတို့ဖြင့် အားဖြည့်ထားသည့် လက်သီးချက်တစ်လုံး ပစ်သွင်းလိုက်သည်။ သူ၏လက်သီးမှာ လေဟုန်ခွင်း၍ ဥအိတ်ကြီးပေါ်သို့ ကျဆင်းသွားသောအခါ လေထုကြီးပင် ကြေမွသွားတော့သည်။
ဥအိတ်ကြီးမှာ လက်သီးချက်ဖြင့် ထိုးခံလိုက်သောနေရာတွင် ပြင်းထန်စွာတုန်ခါသွားပြီး ချိုင့်ဝင်သွားသည်။ သို့သော် မည်သည့်အကြောင်းကြောင့်တော့ မသိပေ။ ၎င်းမှာပိုင်ရှောင်ချန်း၏ လက်သီးချက်မှအားအချို့ကို ဖမ်းယူလိုက်ပြီး စွန်းအားကြီးမားသော တန်ပြန်အားတစ်ခုအဖြစ် ပြန်လည်လမ်းကြောင်းလွှဲလိုက်သည်။ သို့သော် ပိုင်ရှောင်ချန်း၏ အားအပြည့်ပါသော လက်သီးချက်ကို အပြည့်အဝ တွန်းလှန်ချေဖျက်ရန်မှာ မဖြစ်နိုင်သဖြင့် ထိုဥအိတ်ကြီးမှာ တုန်ခါလျက် ကျန်ရစ်ခဲ့တော့သည်။
ထိုတုန်ခါမှုကို ဧရာမပင့်ကူကြီး သတိထားမိသွားပြီး စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ ၎င်းမှာ ဆာလောင်မွတ်သိပ်နေသော သရဲမျက်နှာများကို လျစ်လျူရှုလိုက်ပြီး ပိုင်ရှောင်ချန်းထံသို့ တဟုန်ထိုး ပြေးဝင်လာသဖြင့် သူသည် ဘေးသို့ခုန်ရှောင်ရန် အခွင့်အရေးမရလိုက်ပေ။
ပိုင်ရှောင်ချန်းက ဝင်အတိုက်ခံလိုက်သဖြင့် အုန်းခနဲမြည်သံကြီးတစ်သံ ပေါ်ထွက်လာပြီး သူ၏ ယင်အင်္ဂါအစိတ်အပိုင်းငါးခုနှင့် ယန်အင်္ဂါအစိတ်အပိုင်းခြောက်ခုတို့ ပြင်းထန်စွာ တုန်ရီသွားကြသည်။ သူနောက်သို့ ဒယိမ်းဒယိုင်ဖြစ်သွားပြီး သူ့မျက်ဝန်းများ နီမြန်းသွားတော့သည်။ သို့သော် သူဘာမှ ဆက်မလုပ်နိုင်ခင် ၏ဧရာမပင့်ကူကြီးက သူ့ကို ထပ်၍ခုန်အုပ်လိုက်ပြန်သည်။ ၎င်း၏မျက်ဝန်းများကိုကြည့်၍ ၎င်းမှာ သူ့အားမည်မျှ မုန်းတီးနေကြောင်း သိနိုင်ပေသည်။ ထို့နောက် ၎င်းမှာ ပါးစပ်ဟလိုက်ပြီး သူ့အား အရှင်လတ်လတ်မျိုချရန် ပြင်လိုက်သည်။
သို့သော် ထိုပင့်ကူကြီးမှာ အသိဉာဏ်ရှိနေသည်တော့မဟုတ်ပေ။ ၎င်း ပိုင်ရှောင်ရှောင်ချန်းကို ခုန်အုပ်လိုက်စဥ်တွင် ကုန်းစွန်းဝမ်အာက အေးစက်စက်ရယ်မောလိုက်ပြီး အလင်းတန်းတစ်တန်းအသွင်ပြောင်း၍ ဥအိတ်ကြီးဆီသို့ ပျံသန်းသွားသည်။ ပိုင်ရှောင်ချန်းကြောင့် ပင့်ကူကြီးအာရုံများနေသည်ကို အခွင့်ကောင်းယူ၍ ကုန်းစွန်းဝမ်အာသည် သူမ၏လက်ထဲသို့ သူမ၏ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန်လုံးထည့်သွင်း၍ ဥအိတ်ကြီးရှိရာဘက်သို့ အားပါပါနှင့် လွှဲလိုက်လိုက်တော့သည်။
လေထဲတွင် တဂျိန်းဂျိန်းမြည်သံများ ပေါ်ထွက်လာသောအခါ ပင့်ကူကြီးသည် ၎င်းမှာအာရုံထွေပြားအောင် အလုပ်ခံလိုက်ရသည်ဖြစ်ကြောင်း ရိပ်မိသွားပြီး ဒေါသများ ထောင်းခနဲ ထွက်သွားတော့သည်။ ၎င်းမှာ ကုန်းစွန်းဝမ်အာ ရှိရာဘက်သို့ လှည့်လိုက်စဥ် ထိုပင့်ကူကြီးအတွက် အရေးကြီးဆုံးအရာကို ပိုင်ရှောင်ချန်းက သိရှိသွားတော့သည်။ ထို့ကြောင့် မည်သည့်နည်းဖြင့် သူသည် ၎င်းအား ထိုဥအိတ်ကြီးကို ကာကွယ်ခွင့် ပေးရပါမည်နည်း။ သူသည်ရှေ့သို့ အပြေးသွားလိုက်ပြီး ပင့်ကူကြီး၏ ခြေထောက်တစ်ချောင်းကို ဆုပ်ကိုင်၍ အားအကုန်ထုတ်ကာ ဆွဲလိုက်တော့သည်။
ရှူးးရှဲ …
ပင့်ကူကြီး၏ အရှိန်အဟုန်အားလုံးမှာ အပြင်ခန္ဓာကိုယ်စွမ်းအားကို အပြည့်အဝအသုံးချ၍ ၎င်းကိုလှုပ်ရှား၍မရအောင် လုပ်နေသည့် ပိုင်ရှောင်ချန်းကြောင့် ရပ်တန့်သွားသည်။ ထိုပင့်ကူကြီးမှာ လက်သည်းများဖြင့် မြေပြင်ကို ကုတ်ခြစ်၍ လွတ်မြောက်စေရန် ရုန်းကန်နေပါသော်လည်း ပိုင်ရှောင်ချန်းမှာ ၎င်းကို ညှပ်ကြီးတစ်ချောင်းပမာ မြဲမြံစွာ ချုပ်ထားသည်။
ဤပင့်ကူကြီးကို ထိုကဲ့သို့ ကြီးမားသော အင်အားစိုက်ထုတ်၍ ချုပ်ထားရသည်မှာ သူ့အတွက် လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။ အကယ်၍ သူ၏ဖမ်းဆုပ်ထားမှုသာ အနည်းငယ်မျှ အားလျော့သွားမည်ဆိုပါက ထိုပင့်ကူကြီး လွတ်မြောက်သွားမည် ဖြစ်သည်။ ပိုင်ရှောင်ချန်းအတွက်မူ ဤပင့်ကူကြီးမှာ အရှုံးပေးမည့်အစား အသေခံလိုက်မည့် ရှေးဟောင်းသားရဲကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။
" ငါ ဥအိတ်ကို ဖျက်ဆီးနေတုန်း နင်က အဲ့ကောင်ကြီးကို သေချာချုပ်ထားလိုက် "
ကုန်းစွန်းဝမ်အာက အရောင်လက်နေသည့်မျက်ဝန်းများဖြင့် လှမ်းအော်လိုက်သည်။ သူမသည် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး တချိန်ထဲမှာပင် သူမ၏ထည့်စရာအိတ်ထဲမှ ရုပ်ထုတစ်ခု ပျံထွက်လာသည်။ ထိုရုပ်ထုမှာ အပြင်သို့ထွက်လာသည်နှင့် တစ်ပြိုင်နက် ထိုနေရာတစ်ဝိုက်တွင် ပြည့်နှက်သွားစေသည့် အနက်ရောင်မီးခိုးထုများကို စတင်မှုတ်ထုတ်လိုက်တော့သည်။
အနည်းငယ်အကြာတွင် ထိုမီးခိုးများထဲမှ အော်ဟစ်သံများကြားလိုက်ရပြီး ကြောက်မက်ဖွယ်စွမ်းအင် အငွေ့အသက်များ ပြန့်ထွက်လာသည်။ ပင့်ကူကြီးမှာ ပို၍စိုးထိတ်လာပြီး နောက်သို့လှည့်၍ ပိုင်ရှောင်ချန်းကိုပင် လှမ်း၍ဟပ်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ နဖူးမှချွေးသီးများကျလာပြီး ထိုကိုက်ချက်ကို ရှောင်တိမ်းရန်အတွက် ပင့်ကူကြီးအား လွှတ်လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ ထို့နောက် ပင့်ကူကြီးမှာ ဥအိတ်ဆီသို့ ခုန်အုပ်ရန်ပြင်လိုက်စဥ် သူသည် ၎င်း၏အခြားခြေထောက်တစ်ဖက်ကို လျင်မြန်စွာ လှမ်း၍ဖမ်းဆုပ်လိုက်ပြီး နောက်သို့ ဆွဲလိုက်ပြန်သည်။
ပင့်ကူကြီးမှာ ၎င်း၏ပန်းတိုင်နှင့် ဆန့်ကျင်ဘက်သို့ ဖြည်းညင်းစွာ အဆွဲခံရလိုက်ပြီး ၎င်း၏လက်သည်းများကြောင့် မြေကြီးထဲတွင် လျှိုမြောင်ကြီးများ ပေါ်ထွက်လာရတော့သည်။ ပင့်ကူကြီးမှာ လွတ်မြောက်အောင်ရုန်းကန်နေပါသော်လည်း အချည်းနှီးဖြစ်နေသဖြင့် ရူးသွပ်နေတော့သည်။ ထိုစဥ် ကုန်းစွန်းဝမ်အာကို ဝန်းရန်နေသည့် အနက်ရောင်မီးခိုးများမှာ စတင်လည်ပတ်လာပြီး ၎င်း၏ပတ်ပတ်လည်ရှိ အရာအားလုံးကို စုပ်ယူနိုင်စွမ်းရှိသည့် လေပွေကြီးတစ်ခုအသွင်ပြောင်းလဲသွားသည်။
ထိုမီးခိုးထဲမှ ထွက်ပေါ်နေသည့် အငွေ့အသက်မှာ ရှုပ်ယှက်ခတ်နေပြီး ကမ္ဘာဦးခေတ်မှ ရောက်လာသည့်အတိုင်း ရှေးဆန်လွန်းလှသည်။ ၎င်းမှာ လျှို့ဝှက်နက်နဲသော သေခြင်းတရားအငွေ့အသက်တစ်ခုနှင့်ပင် တူနေသည်။
ထိုလေပွေကြီးမှာ ဥအိတ်ကြီးကို အဓိက ဆွဲငင်စုပ်ယူနေသည်။ သို့သော် ထိုအချိန်တွင် ရူးသွပ်နေပြီဖြစ်သည့် ပင့်ကူကြီးမှာ နောက်သို့ထပ်၍ လှည့်လိုက်ပြီး ပိုင်ရှောင်ချန်းကိုမဟုတ်ပဲ သူဆုပ်ကိုင်ထားသည့် ခြေထောက်ကို လှမ်း၍ကိုက်ဖြတ်လိုက်သဖြင့် ဂျွတ်ခနဲမြည်ကာ ထိုခြေထောက်မှာ ပြတ်တောက်သွားတော့သည်။
ထိုအခါ ပိုင်ရှောင်ချန်းမှာ အံ့အားသင့်ကာ နောက်သို့လိမ့်သွားပြီး ပင့်ကူကြီးမှာမူ ကုန်းစွန်းဝမ်အာကို ခုန်အုပ်လိုက်တော့သည်။
သို့သော် ထိုအချိန်တွင် ကုန်းစွန်းဝမ်အာက အေးစက်စက်ပြုံးလိုက်သည်။ ထို့နောက် သူမ၏လက်ကို သူမ၏ရှေ့တွင် ဝှေ့ယမ်းလိုက်ပြီး အနက်ရောင်လေပွေကြီး၏ ပစ်မှတ်ကို ဥအိတ်ကြီးထံမှ ပင့်ကူကြီးဆီသို့ ရုတ်တရက် လွှဲပြောင်းလိုက်သည်။
" နင်ငါ့ရဲ့ထောင်ချောက်ထဲ ရောက်သွားပြီ "
သူမက သတ်ဖြတ်လိုသောအရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ရယ်မောလိုက်ပြီး သူမ၏လက်ကိုရှေ့သို့ တွန်းထုတ်လိုက်သည်။
ထိုအခါ ပင့်ကူကြီးမှာ ကြီးစွာသောအန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရပြီး တုန်ရီသွားတော့သည်။ ၎င်းမှာ နောက်သို့ဆုတ်ရန် ကြိုးစားလိုက်ပါသော်လည်း ကံမကောင်းစွာပင် ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့မှာ တွဲဖက်ညီစွာ လှုပ်ရှားနေကြသည်။ အစောပိုင်းက သူမက သူ့ကို အော်ပြောခဲ့စဥ်ကတည်းက သူမ၏ ဆိုလိုရင်းကို သူက နားလည်ခဲ့ခြင်းဖြစ်သည်။ ထိုဥအိတ်ကြီးကို သူ ထိုးနှက်ခဲ့စဥ်တုန်းက ၎င်းမှာ သူ ဖျက်ဆီးနိုင်သောအရာမဟုတ်ကြောင်း အာရုံခံမိခဲ့သည် မဟုတ်လော။ ကုန်းစွန်းဝမ်အာမှာလည်း ထိုအချင်းအရာကို သတိထားမိခဲ့မည်မှာ အမှန်ပင်။
သူတို့ နှစ်ယောက်ပေါင်းစွမ်းအားကသာ ထိုဥအိတ်ကြီးကို ဒဏ်ရာရအောင် ဆောင်ရွက်နိုင်ခြေရှိမည်ဖြစ်သည်။ ဤပင့်ကူကြီးရှိနေပါက ထိုသို့ပူးပေါင်း၍ ရမည် မဟုတ်ပေ။
ထို့ကြောင့် လက်ရှိအခြေအနေတွင် ဥအိတ်ကြီးမှာ အရေးမကြီးသေးပေ။ ပင့်ကူကြီးကို အရင်ဆုံး သတ်ရမည်သာဖြစ်သည်။
ကုန်းစွန်းဝမ်အာသည် ထိုဥအိတ်ကြီးကို ပထမဆုံးအကြိမ် ထိုးနှက်ခဲ့စဥ်ကတည်းက အမှန်တရားကိုသိနားလည်ခဲ့သဖြင့် သူမနှင့် ပိုင်ရှောင်ချန်းတို့မှာ နှုတ်ဖြင့်ပြောစရာမလိုပဲ ပင့်ကူကြီး၏ ဉာဏ်ရည်နိမ့်ပါးခြင်းနှင့်၎င်း၏အားနည်းချက်ကို အခွင့်ကောင်းယူပြီး ရိုးရှင်းစွာ ချောင်းမြောင်းတိုက်ခိုက်ရန် သဘောတူညီမှု ရယူခဲ့သည်။
ပင့်ကူကြီးမှာ လေပွေနှင့် ဝေးရာသို့ ဆုတ်ခွာနေစဥ် ပိုင်ရှောင်ချန်းက သူ၏လက်များကို ဆန့်ထုတ်၍ တောင်ဖြိုသိုင်းနှင့် အသက်ဝင်တောင်ဂါထာတော်တို့ကို ထုတ်သုံးလိုက်သည်။ သူသည် ကျောက်ဘီလူးကြီးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး အံ့သြဖွယ်ကောင်းသော အပြင်ခန္ဓာကိုယ်စွမ်းအားကိုထုတ်၍ ရှေ့သို့ ပျံသန်းသွားပြီး ပင့်ကူကြီးကို ဝင်ဆောင့်လိုက်သည်။
ပင့်ကူကြီးမှာ ရှောင်တိမ်းရန်ပင် မဆိုထားဘိ တုံ့ပြန်ချိန်ပင် မရှိလိုက်ပေ။ ၎င်းမှာ ဝင်ဆောင့်ခံလိုက်ရသဖြင့် အုန်းခနဲအသံတစ်သံ မြည်ဟည်းထွက်ပေါ်လာပြီး သနားစဖွယ် အော်ဟစ်မြည်တမ်းနေတော့သည်။ ထို့နောက် ကုန်းစွန်းဝမ်အာ၏ နတ်ဘုရားသိုင်းက ၎င်းကိုဝါးမျိုရန် ပြင်လိုက်တော့သည်။