အခန်း (၂၃၃-၂၃၄)
Vol. 20 Ch. 233-234
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၃၃) - စွမ်းအင်များကို ဝါးမျိုခြင်း
ဘာသာပြန် - အားသစ်
လင်းဖုန်းသည် ဆဲလ်တစ်ခု၏ ကွဲပွားမှုကို ထိန်းချုပ်ရန် ယခင်က တစ်ခါမျှ မကြိုးစားဖူးသော်လည်း ယခုအခါ လက်တွေ့စမ်းသပ်ကြည့်နေပြီ ဖြစ်သည်။ သူ၏ ကြီးမားလှသော စိတ်စွမ်းအားများကို စုစည်းကာ ဆဲလ်တစ်ခုကို လေးလံသော တူတစ်လက်ကဲ့သို့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်လိုက်သည်။
“ကွဲပွားစမ်း”
ဆဲလ်တစ်ခုသည်ကား မည်မျှအထိ သေးငယ်သနည်း။ ဖုန်မှုန့်တစ်စသည်ပင် ဆဲလ်တစ်ခုထက် များစွာ ပိုမိုကြီးမားသည်။ လင်းဖုန်း၏ စိတ်စွမ်းအားက ဆဲလ်ကွဲပွားမှုကို ထိန်းချုပ်ရန်အတွက် အခက်အခဲ လုံးဝမရှိပေ။
ထို့ကြောင့် ဆဲလ်က အလျင်အမြန် ကွဲပွားလာသည်။
တစ်ခုမှ နှစ်ခု၊ လေးခု၊ ရှစ်ခု၊ တစ်ဆယ့်ခြောက်ခု...
လင်းဖုန်းသည် ဆဲလ်တစ်ခုတည်းကိုသာ ထိန်းချုပ်နေခြင်း ဖြစ်သော်လည်း ယခုအခါ ဆဲလ်ပေါင်းများစွာက အရူးအမူးကွဲပွားနေပြီး အဆမတန် ကျယ်ပြန့်လာသည်။ အကယ်၍ ထိုသည်က ဆဲလ်တစ်ခုတည်းသာ ဆိုပါက လင်းဖုန်းအတွက် အားစိုက်ထုတ်ရန်ပင် မလိုပေ။ တကယ်တန်းတွင်လည်း ဆဲလ်တစ်ခုတည်းကိုသာ ထိန်းချုပ်ထားရန်က အလွန်လွယ်ကူပေလိမ့်မည်။
သို့သော် နှစ်ခု၊ လေးခု၊ ရှစ်ခု၊ တစ်ဆယ့်ခြောက်ခုမှသည် ဆဲလ်ပေါင်းသောင်းချီအထိ ဖြစ်လာသောအခါ လင်းဖုန်းအတွက် အနည်းငယ် ခက်ခဲလာသည်။ ထိုမျှထိ များပြားလှသော ဆဲလ်များ ကွဲပွားလာပါက ဘာဖြစ်လာမည်နည်း။
လင်းဖုန်း သူ့လက်ဖဝါးရှိ သာမန်ဆဲလ်တစ်ခုကို ကွဲပွားစေလိုက်ခြင်း ဖြစ်သည်။ ဆဲလ်များ ဆက်တိုက် ကွဲပွားလာသည်နှင့်အမျှ သူ့လက်ဖဝါးမှာ ဆွဲဖြဲခံနေရသကဲ့သို့ လင်းဖုန်း ခံစားလိုက်ရသည်။ ယင်းသည်ကား မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် အလျင်အမြန် ကြီးထွားလာနေသည်။
ဤအခြေအနေက အလွန်ပင် ထူးဆန်းလှသော်လည်း ဆဲလ်များ ကွဲပွားလာသည်နှင့်အမျှ လင်းဖုန်း အလွန် ဝမ်းသာသွားသည်။ သူ ဦးတည်ချက်တစ်ခုကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းက ဤကဲ့သို့ ဖြစ်ပေါ်လာခြင်း မဟုတ်ပါလော။
“အသက်ဝိညာဉ် အသွင်ပြောင်းလဲဖို့ နည်းလမ်းက ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အမြဲတမ်း ပုန်းကွယ်နေခဲ့တာပဲ...”
အခြားသူများ ဤနည်းလမ်းဖြင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုခြင်း ရှိမရှိကို လင်းဖုန်း မသိပေ။ သို့သော် သူက မသေနိုင်သော အစွမ်းသတ္တိမှ ဤစိတ်ကူးဉာဏ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို သေသေချာချာ လေ့လာခဲ့ပြီးနောက် နောက်ဆုံးတွင် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်းပြောင်းလဲမှုကို ပြီးမြောက်ရန် ဆဲလ်များကို ကွဲပွားစေမည့် နည်းလမ်းကို စဉ်းစားမိခဲ့ခြင်း ဖြစ်သည်။
သူ၏ ဆဲလ်များက မရေမတွက်နိုင်အောင် ကွဲပွားနေသော်လည်း မလိုလားအပ်သည့အရာ တစ်ခုမျှ ဖြစ်မလာပေ။ လင်းဖုန်း မတုံ့ဆိုင်းနေတော့ပေ။ သူ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြုလုပ်ရမည်၊ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်လာရမည်ဖြစ်ပြီး လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန်အတွက် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို သေချာပေါက် ကျင့်ကြံရမည် ဖြစ်သည်။
ထို့ကြောင့် လင်းဖုန်း သူ့စိတ်စွမ်းအားအားလုံးကို ထုတ်ဖော်ကာ သူ့တစ်ကိုယ်လုံးရှိ ဆဲလ်များအားလုံးကို လွှမ်းခြုံလိုက်သည်။
“ကွဲပွားစမ်း”
ဝုန်း
လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ဘီလီယံနှင့်ချီသော ဆဲလ်များက ချက်ချင်းတုန်ခါလာကာ အဆက်မပြတ် ကြွေးကြော်နေကြပုံရသည်။ လင်းဖုန်း၏ စိတ်စွမ်းအားတွင် ဖိအားတချို့ကို ချက်ချင်း ခံစားလိုက်ရသော်လည်း ထိုသည်က ဖိအားတချို့မျှသာ ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ လင်းဖုန်း၏ စိတ်စွမ်းအားစက်လုံးသည်ကား အသွင်ပြောင်းလဲမှုကို ပြီးမြောက်ခဲ့ပြီးဖြစ်ကာ ဘီမွန်စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်၏ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ အားကောင်းသော စိတ်စွမ်းအားသာ မရှိပါက လက်ရှိလင်းဖုန်း၏ ဤအသက်ဝိညာဉ် အသွင်ကူးပြောင်းခြင်း နည်းလမ်းက ဖြစ်နိုင်မည်မဟုတ်ပေ။
“ကူးပြောင်းမှုက တကယ် စတင်နေပြီလား။ ဒါပေမဲ့ ဒီလို ကူးပြောင်းမှု နည်းလမ်းမျိုးက တကယ်ကို... တစ်ခါမှ မကြားဖူးတာပဲ”
လောင်ဘီသမ်သည်လည်း လင်းဖုန်းကို ဂရုတစိုက် စောင့်ကြည့်နေသည်။ စက်မှုသက်ရှိပုံစံတစ်ခုအနေဖြင့် လောင်ဘီသမ်သည် ကျွမ်းကျင်သူများစွာ၏ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုများကို မြင်ဖူးခဲ့၏။ သုံးကြိမ် သို့မဟုတ် လေးကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲသူများကိုပင် မြင်ဖူးသည်။
လက်တွေ့တွင် သက်ရှိတိုင်းက မတူညီသော နည်းလမ်းများဖြင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြုလုပ်ကြသည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲရန်အတွက် သီးခြားနည်းလမ်းဟူ၍ မရှိပေ။ အချို့သော သက်ရှိများသည်ကား အကြောင်းပြချက်မရှိဘဲ အသက်ဝိညာဉ် အသွင်ပြောင်းလဲသွားကြသလို၊ အချို့သော သက်ရှိများကမူ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြီးမြောက်ရန်အတွက် လှုံ့ဆော်မှုတစ်ခုခု လိုအပ်သည်။
အချို့သော သက်ရှိများက ခန္ဓာကိုယ်ကို လေ့လာခြင်းအပေါ် အာရုံစိုက်ကာ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ရရှိကြသည်။
လင်းဖုန်းသည်လည်း သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို လေ့လာခြင်းဖြင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြုလုပ်နေခြင်း ဖြစ်သည်။ သို့သော် လင်းဖုန်းသည်ကား အသက်ဝိညာဉ် အသွင်ကူးပြောင်းရန်အတွက် ဆဲလ်ကွဲပွားခြင်း နည်းလမ်းကို အသုံးပြုခဲ့၏။ ဤဖြစ်ရပ်က ဘာကို ဖြစ်ပေါ်စေမည်နည်း။
ဤသည်က လင်းဖုန်းအား အခြားသော သက်ရှိများ၏ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုထက် ပို၍ ကြီးမားလှသော စွမ်းအင်ပမာဏကို လိုအပ်စေမည် ဖြစ်ပေသည်။ သူ၏ ဆဲလ်များ ဆက်လက်ကွဲပွားလေလေ၊ လင်းဖုန်းအနေဖြင့် စွမ်းအင် ပိုလိုအပ်လေလေဖြစ်ပြီး သူ ဖွဲ့စည်းမည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကလည်း ပိုမို အားကောင်းလေလေ ဖြစ်ပေလိမ့်မည်။
တိုက်ပွဲဝင်ခန္ဓာကိုယ်များသည်ကား အခြေခံအားဖြင့် အတူတူသာ ဖြစ်သည်။ အာရုံစိုက်မှုနယ်ပယ်အမျိုးမျိုး ပုံစံအမျိုးမျိုး ရှိသော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ် အမျိုးအစား တူညီနေလျှင်ပင် အဆင့်နိမ့်နှင့် အဆင့်မြင့်ဟူ၍ ကွဲပြားကြသည်။ ဤသည်က တကယ်တန်းတွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နည်းလမ်းအပေါ်တွင် များစွာမူတည်သည်။
လင်းဖုန်း၏ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နည်းလမ်းက တိုက်ပွဲအတွက် အသင့်တော်ဆုံး နည်းလမ်းဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သူ ဖွဲ့စည်းလိုက်မည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကလည်း တိုက်ပွဲအတွက် အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။
ဤသည်က စကြဝဠာအတွင်း၌ပင် အတော်လေး ရှားပါးလှ၏။
လောင်ဘီသမ်သည် လင်းဖုန်း၏ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ဂရုတစိုက် စောင့်ကြည့်နေသည်။ သူ လင်းဖုန်းကို မနှောင့်ယှက်ပေ။ ဤကဲ့သို့သော အချိန်မျိုးတွင် လင်းဖုန်းကို မည်သူမျှ မနှောင့်ယှက်သင့်ပေ။ သို့မဟုတ်ပါက သူ၏ ကြိုးစားအားထုတ်မှုများအားလုံး အချည်းနှီး ဖြစ်သွားနိုင်သည်။
ဆဲလ်များ အဆက်မပြတ် ကွဲပွားလာသည်နှင့်အမျှ လင်းဖုန်း၏ ခန္ဓာကိုယ်မှာ ဆက်လက်ပြန့်ကားလာသည်။ သို့သော် ဆဲလ်ကွဲပွားမှုအတွက် ကြီးမားသော စွမ်းအင် ပမာဏ လိုအပ်သည်။ ထိုစွမ်းအင်မှာ ဘယ်က လာမည်နည်း။
လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်တချို့အပြင် သုံးရက်အတွင်း အလိုအလျောက် ပြန်လည်ကောင်းမွန်လာသော ကြယ်တာရာစွမ်းအားတချို့က သူ၏ဆဲလ်များအတွက် စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်။
သို့သော် ဤစွမ်းအင်အနည်းငယ်မျှက မည်သို့ လုံလောက်နိုင်မည်နည်း။
လင်းဖုန်းသည် သူ့တစ်ကိုယ်လုံး အလွန်ဆာလောင်နေသည်ဟု ခံစားလိုက်ရသည်။ ဤဆာလောင်မှုက သူ့ဆဲလ်များ၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ လင်းဖုန်း တစ်ကိုယ်လုံးမှ ဆာလောင်မွတ်သိပ်နေသကဲ့သို့ပင်။ ထိုအချိန်တွင် အစားအစာ မည်မျှပင် ရှိနေပါစေ၊ သူ အကုန်အပြောင် စားပစ်နိုင်ပေသည်။
လက်တွေ့တွင် လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ပထမဆုံးအကြိမ် ချိုးဖျက်ခဲ့ပြီးကတည်းက ဤကဲ့သို့သော ဆာလောင်မှုမျိုးကို ခံစားရခဲလှသည်။ ယခုကဲ့သို့ ဤမျှအထိ ဆာလောင်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။
“မြန်မြန်... ပထမဆုံး ဂိုဒေါင်ထဲကို သွား။ အဲဒီမှာ စွမ်းအင်တုံးတွေအများကြီး ရှိတယ်။ လင်းဖုန်း... တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖွဲ့စည်းဖို့လည်း သတိရဦး။ မင်းအတွက် အသင့်တော်ဆုံးလို့ ထင်တဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံ”
လောင်ဘီသမ်၏ အသံက လင်းဖုန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ ဤသည်က လင်းဖုန်းအား သူသည် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြုလုပ်နေကြောင်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ အထူးသဖြင့် ဆဲလ်ကွဲပွားမှုအတွက် လိုအပ်သော စွမ်းအင်ပမာဏက မယုံနိုင်လောက်အောင် ကြီးမားပေလိမ့်မည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဤနေရာသည်ကား သတ္တမမြောက် ယဉ်ကျေးမှုမှ ချန်ထားခဲ့သော စွမ်းအင်စက်ရုံ ဖြစ်နေ၏။ ထို့ပြင် နှစ်ပေါင်းများစွာ စုဆောင်းထားသော စွမ်းအင်တုံးများမှ စွမ်းအင်များက အလွန့်အလွန်များပြားလွန်းရကား ရေတွက်ရန်ပင် မဖြစ်နိုင်သလောက်ဖြစ်နေလေပြီ။ လင်းဖုန်း စွမ်းအင်မည်မျှပင် လိုအပ်ပါစေ ဤနေရာတွင် ရှာတွေ့နိုင်သည်။
ထို့ကြောင့် လင်းဖုန်း တုံ့ဆိုင်းမနေတော့ပေ။ သူ ပထမဆုံး ဂိုဒေါင်ထဲသို့ ချက်ချင်း ပြေးဝင်သွားသည်။
ဂိုဒေါင်ထဲတွင် စွမ်းအင်တုံးများစွာ တောင်ပုံယာပုံရှိနေသည်။ လင်းဖုန်း၏ မျက်လုံးထဲတွင် ဤစွမ်းအင်တုံးများသည်ကား ကမ္ဘာပေါ်တွင် အရသာအရှိဆုံး အရာများကဲ့သို့ ဖြစ်နေသည်။ သူ ဂိုဒေါင်ထဲသို့ တိုက်ရိုက် ဝင်သွားသည်။ ထို့နောက် သူ ထိုစွမ်းအင်တုံးများပေါ်သို့ သူ့လက်ကို တင်လိုက်ရုံဖြင့် ယင်းတို့ထဲမှ စွမ်းအင် အမြောက်အမြားကို စုပ်ယူလိုက်သည်။
“ကောင်းတယ်... ကောင်းတယ်... ဘယ်လောက်တောင် များလိုက်တဲ့ စွမ်းအင်တွေလဲ”
လင်းဖုန်းမှာ အလွန်သက်သောင့်သက်သာ ဖြစ်သွားသဖြင့် ညည်းညူသံပင် ထွက်ပေါ်လာသည်။ စွမ်းအင် အမြောက်အမြားက လင်းဖုန်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်ကွဲပွားမှုနှုန်းကလည်း မျက်စိတစ်မှိတ်အတွင်း အဆမတန် မြန်ဆန်လာသည်။
လင်းဖုန်း၏ ခန္ဓာကိုယ်က စတင်ကျယ်ပြန့်လာသည်။ သူ့ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ တောင့်မခံနိုင်တော့ပေ။ စုတ်ပြဲသံနှင့်အတူ သူ့ အဝတ်အစားများအားလုံး တစ်စစီ ဖြစ်သွားသည်။
လင်းဖုန်း၏ ဖိနပ်များကလည်း ချက်ချင်းပင် ပျက်စီးသွားသည်။ ထိုအချိန်တွင် လင်းဖုန်းတစ်ယောက် ကိုယ်လုံးတီး ဖြစ်နေပြီ ဖြစ်သည်။ သူ၏ ကိုယ်လုံးတီး ခန္ဓာကိုယ်သည်ကား ဝေလငါးကြီး ရေသောက်သကဲ့သို့ စွမ်းအင်များကို အငမ်းမရ ဝါးမျိုနေသည်။
ဧရာမဂိုဒေါင်ကြီးထဲရှိ စွမ်းအင်တုံးများမှာ မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် လျော့နည်းလာနေသည်။ ထိုအဖြစ်က လင်းဖုန်း စွမ်းအင်မည်မျှအထိ စုပ်ယူနေကြောင်း ပြသရန် လုံလောက်ပေသည်။
သေချာသည်မှာ ဆဲလ်များ အဆက်မပြတ် ကွဲပွားနေစဉ်အတွင်း လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံရန်လည်း မမေ့လျော့ပေ။ တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဥ်တွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲစဉ်ကာလအတွင်း ဆဲလ်များကို ပြန်လည်ဖွဲ့စည်းရန်အတွက် အားကောင်းလှသည့် စိတ်စွမ်းအားကို အသုံးပြုကာ လမ်းညွှန်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံရမည်ဟု ဖော်ပြထားသည်။
ယခုအခါ လင်းဖုန်း၏ ဆဲလ်များမှာ အဆက်မပြတ် ကွဲပွားနေသည်။ လင်းဖုန်းအနေဖြင့် ထိုဆဲလ်များကို သူ့စိတ်စွမ်းအားဖြင့် လမ်းညွှန်ရန် မလိုအပ်တော့ပေ။ ဆဲလ်များသည်ကား အလိုအလျောက်ပင် အလွန် လျင်မြန်သော အရှိန်ဖြင့် ကွဲပွားနေကြ၏။
တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်ထဲရှိ တိုက်ပွဲဝင်ခန္ဓာကိုယ် အမျိုးမျိုးက လင်းဖုန်း၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာသည်။ တိုက်ပွဲဝင်ခန္ဓာကိုယ် တစ်ခုချင်းစီတိုင်းက လင်းဖုန်း၏ မှတ်ဉာဏ်ထဲတွင် ခိုင်ခိုင်မာမာ စွဲထင်နေသည်။
ယခုအခါ လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် တစ်ခုကို ရွေးချယ်ရန် လိုအပ်သည်။ ဤတိုက်ပွဲဝင်ခန္ဓာကိုယ် တစ်ခုချင်းစီတွင် အာရုံစိုက်မှုနယ်ပယ် တစ်ခုစီ ရှိကြ၏။ အားအကောင်းဆုံး တိုက်ပွဲဝင်ခန္ဓာကိုယ်ဟူ၍ မရှိဘဲ အသင့်တော်ဆုံး တိုက်ပွဲဝင်ခန္ဓာကိုယ်သာ ရှိသည်။ ထို့ကြောင့် လင်းဖုန်း သူနှင့် အသင့်တော်ဆုံး ဖြစ်မည့် တိုက်ပွဲဝင်ခန္ဓာကိုယ် တစ်ခုကို ရွေးချယ်ရမည် ဖြစ်ပေသည်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၃၄) - ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်
ဘာသာပြန် - အားသစ်
လင်းဖုန်း၏ စိတ်ထဲတွင် ခန္ဓာကိုယ်ဖွဲ့စည်းပုံ အမျိုးအစား ဒါဇင်နှင့်ချီ၍ ရှိနေသည်။ ယင်းတို့အားလုံးသည်ကား ဘီမွန်က အပင်ပန်းခံ စုဆောင်းထားခြင်းဖြစ်ပြီး တချို့မှာ ဘီမွန်ကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သည်။ အားအကောင်းဆုံး တိုက်ပွဲဝင်ခန္ဓာကိုယ်ဟူ၍ မရှိဘဲ အသင့်တော်ဆုံး တိုက်ပွဲဝင်ခန္ဓာကိုယ်သာ ရှိသည်ဟူသော စကားကို လင်းဖုန်း စွဲစွဲမြဲမြဲ မှတ်သားထားသည်။
သူနှင့် အသင့်တော်ဆုံး ဖြစ်မည့် တိုက်ပွဲဝင်ခန္ဓာကိုယ်က မည်သည့်အမျိုးအစား ဖြစ်မည်နည်း။
လင်းဖုန်းသည်လည်း စဉ်းစားနေသည်။ သူသည် ဆဲလ်ကွဲပွားခြင်းမှတစ်ဆင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြုလုပ်နေခြင်း ဖြစ်သည်။ ဆဲလ်ကွဲပွားခြင်းက ခွန်အား၊ ပြန်လည်ကုသနိုင်စွမ်း စသည်တို့ကို အဆပေါင်းများစွာ တိုးမြင့်လာစေနိုင်သည်။
ထို့ကြောင့် ဤအချက်များကို အာရုံစိုက်ထားသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်မျိုးကသာ သူနှင့် ပိုမို သင့်တော်ပေလိမ့်မည်။
မကြာမီမှာပင် လင်းဖုန်းသည် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ဟု ခေါ်သော တိုက်ပွဲဝင်ခန္ဓာကိုယ် အမျိုးအစားတစ်ခုကို ရှာတွေ့လိုက်သည်။
ထိုကဲ့သို့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးကို ဂလက်ဆီအဆင့်ရှိ ကြီးကျယ်လှသော သက်ရှိတစ်ဦးက စကြဝဠာ၏ ကပ်ဘေးများကို မြင်တွေ့ခဲ့ရာမှ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ တစ်လှိုင်းပြီးတစ်လှိုင်း တက်လာသော စကြဝဠာ ကပ်ဘေးကြီးများက တိုးဝင်လာသော ဒီရေလှိုင်းများနှယ် အဆုံးမရှိလှပေ။
ထို့ကြောင့် ဤခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးက အလွန် အားကောင်းသော ကာကွယ်ရေးစွမ်းအား ရှိသည်။ ထိုခန္ဓာကိုယ်၏ အဓိက အာရုံစိုက်မှုက ကာကွယ်ရေး ဖြစ်၏။ ဤတိုက်ပွဲဝင်ခန္ဓာကိုယ်ကို တိုက်ခိုက်သည့်အခါ တစ်ကြိမ်တည်းနှင့် အပြတ်အသတ် ချိုးဖျက်နိုင်မှသာ ဖျက်ဆီးနိုင်သည်။ သို့မဟုတ်ပါက ယင်းက အလွန် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး သတ်ဖြတ်ရန် အလွန်ခက်ခဲပေလိမ့်မည်။
သေချာတာသည်က ဤတိုက်ပွဲဝင်ခန္ဓာကိုယ်မှာ အလွန် အားကောင်းသော ခွန်အားလည်း ရှိသည်။
သူ၏ ကိုယ်ပိုင် ထူးခြားချက်များနှင့် ပေါင်းစပ်လိုက်လျှင် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကသာလျှင် သူနှင့် အမှန်တကယ် အသင့်တော်ဆုံးဖြစ်ကြောင်း လင်းဖုန်း ခံစားလိုက်ရသည်။ ထို့ကြောင့် လင်းဖုန်းသည် နောက်တစ်ကြိမ် တုံ့ဆိုင်းမနေတော့ဘဲ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ရွေးချယ်လိုက်သည်။ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ အသေးစိတ် အချက်အလက်များက သူ့စိတ်ထဲတွင် အလိုအလျောက် ပေါ်လာသည်။
ထို့နောက် လင်းဖုန်းသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်နှင့်အညီ စီစဉ်ခြင်းနှင့် ပြန်လည်ဖွဲ့စည်းခြင်းများကို အဆက်မပြတ် လုပ်ဆောင်ရန် လမ်းညွှန်လိုက်သည်။
ဤသည်က ရှည်လျားလှသော လုပ်ငန်းစဉ်တစ်ခု ဖြစ်၏။ သူ၏ဆဲလ်များ ကွဲပွားပြီး ပြန်လည်ဖွဲ့စည်းတိုင်း လင်းဖုန်းအနေဖြင့် သူ့စိတ်စွမ်းအားကို အသုံးပြုကာ တိတိကျကျ လမ်းညွှန်ပေးရန် လိုအပ်သည်။ ထို့ကြောင့် သူသည် အလွန်အားကောင်းသော စိတ်စွမ်းအားကို လိုအပ်ခြင်းဖြစ်သည်။ အကယ်၍ လင်းဖုန်းသာ စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်၏ ပထမအဆင့်တွင်သာ ရှိနေသေးပါက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်မည် မဟုတ်ပေ။
လင်းဖုန်း ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို စတင် ဖွဲ့စည်းလိုက်သည်နှင့်အမျှ သူ့ခန္ဓာကိုယ်က ပိုမို ကြီးမားပြန့်ကားလာသည်။ စနစ်တကျ ကြီးထွားပြန့်ကားလာခြင်း ဖြစ်သည်။ သူ၏ဆဲလ်များ ပြန်လည်ဖွဲ့စည်းတိုင်း သူ့ခန္ဓာကိုယ်ကလည်း တစ်ကြိမ် ကျယ်ပြန့်လာသည်။
မူလက လင်းဖုန်း၏အရပ်မှာ တစ်မီတာကျော်သာ မြင့်သော်လည်း သူ၏ဆဲလ်များ ဆက်တိုက် ကွဲပွားပြီး ပြန်လည်ဖွဲ့စည်းလာသည်နှင့်အမျှ စွမ်းအင် အမြောက်အမြား၏ ပံ့ပိုးမှုဖြင့် သူ့ခန္ဓာကိုယ်ကလည်း အလျင်အမြန် ကြီးထွားလာသည်။
နှစ်မီတာ၊ သုံးမီတာ၊ လေးမီတာ၊ ငါးမီတာ...
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းဖုန်း အဆပေါင်းများစွာ ကြီးထွားလာပြီး ဧရာမလူသန်ကြီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသည်က စိတ်ကူးယဉ်မဟုတ်သလို အတုအယောင်ခန္ဓာကိုယ်လည်း မဟုတ်ပေ။ ယင်းကား ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ပြည့်နှက်နေသည့် တကယ့် ခန္ဓာကိုယ်စစ်စစ်တစ်ခုပင်။ သူ့ခန္ဓာကိုယ် ကြီးမားပြန့်ကားလာတိုင်း လင်းဖုန်း၏ ခွန်အားကလည်း အဆမတန် တိုးလာသည်။
မှန်ပေ၏။ ခွန်အားများ တိုးလာခြင်းပင်။ လင်းဖုန်းသည် ယခုအချိန်တွင် သူ၏ခွန်အားများ အဆကိမပြတ် တိုးလာသည်ကို ခံစားနေရသည်။ မူလက လင်းဖုန်းတွင် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၈၀၀၀၀ ကျော် ရှိပြီး သီအိုရီအရ တန်ချိန် ၃၂၀,၀၀၀ ခန့်ရှိသော ခွန်အားကို ထုတ်ဖော်နိုင်သည်။
သေချာတာသည်က သီအိုရီအရသာ ဖြစ်၏။ သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးအတွက် ကြယ်တာရာစွမ်းအားမျှင် ၉၉၉၉ ခုကို ထုတ်ဖော်ခြင်းကပင် သူတို့၏ ခန္ဓာကိုယ်အတွက် တောင့်ခံရန် ခက်ခဲနေပြီ ဖြစ်ရာ လင်းဖုန်း၏ ၈၀၀၀၀ ကျော်သော ကြယ်တာရာစွမ်းအားကိုမူ ပြောစရာပင် မလိုတော့ပေ။
အကယ်၍ ထိုစွမ်းအားများသာ အမှန်တကယ် ပေါက်ကွဲထွက်လာပါက လင်းဖုန်း၏ ခန္ဓာကိုယ်ပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် လင်းဖုန်း၏ ခန္ဓာကိုယ်သန်မာမှုနှင့် ကြယ်တာရာစွမ်းအား ပေါက်ကွဲမှုတို့နှင့်ဆိုလျှင် သန့်စင်သော ခွန်အားအရ တန်ချိန် ၁၀၀၀၀ ထက် ကျော်လွန်ရန် သို့မဟုတ် တန်ချိန် သောင်းချီအထိ ရောက်ရှိရန်မှာ သူ့အတွက် ပြဿနာ မဟုတ်ပေ။
ယခုအခါ လင်းဖုန်း၏ ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအား လုံးဝမရှိတော့ပေ။ ကြယ်တာရာစွမ်းအား အားလုံးကို သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က စွမ်းအင်အဖြစ် စုပ်ယူသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ဆဲလ်များက ဆက်တိုက်ကွဲပွားကာ ပြန်လည်ဖွဲ့စည်းနေပြီး သူ့ခန္ဓာကိုယ်ကလည်း အဆက်မပြတ် ကြီးထွားလာနေသည်။
သူ့တွင် ကြယ်တာရာစွမ်းအား မရှိတော့သော်လည်း လင်းဖုန်း၏ ခွန်အားကမူ အဆပေါင်းများစွာ တိုးလာခဲ့ပြီ ဖြစ်သည်။
တန်ချိန် ငါးသောင်း၊ တစ်သိန်း၊ တစ်သိန်းငါးသောင်း...
နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို သူတို့၏ ခွန်အားဖြင့် အကဲဖြတ်ခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် ဟင်းလင်းပြင်ပူဖောင်းကို ခွန်အားဖြင့် တိုင်းတာနိုင်ပါသလော။ သို့သော် ခွန်အားက အဆင့်တစ်ခုသို့ ရောက်ရှိလာသောအခါ ယင်းမှာလည်း အကဲဖြတ်မှု စံနှုန်းတစ်ခု ရှိလာသည်က အသေအချာပင်။
လင်းဖုန်း၏ ခန္ဓာကိုယ် မြန်မြန်ဆန်ဆန် ကြီးထွားလာသည်နှင့်အမျှ သူ၏ ခွန်အားကလည်း အလျင်အမြန် တိုးလာသည်။ နောက်ဆုံးတွင် လင်းဖုန်းကိုယ်တိုင်ပင် သူ မည်မျှ သန်မာနေသည်ကို မတွက်ချက်နိုင်တော့ပေ။
လင်းဖုန်း၏ ခန္ဓာကိုယ် ဆယ်မီတာသို့ ရောက်ရှိသွားသောအခါ သူ ဂိုဒေါင်၏ အမိုးနှင့် တိုက်မိသွားသည်။ သို့သော် သူ့ခန္ဓာကိုယ်မှာ ကြီးထွားမှု ရပ်တန့်မသွားပေ။ ထိုအစား ဆက်လက် ကျယ်ပြန့်ကာ ကြီးထွားလာနေသည်။
ဆယ့်တစ်မီတာ၊ ဆယ့်ငါးမီတာ၊ မီတာနှစ်ဆယ်...
မျက်စိတစ်မှိတ်အတွင်း လင်းဖုန်း၏ ခန္ဓာကိုယ်က အမြင့် မီတာနှစ်ဆယ်အထိ ကြီးထွားလာသည်။ ထို့ပြင် ရပ်တန့်မည့် အရိပ်အယောင် မပြသေးဘဲ ဆက်လက် ကြီးထွားနေဆဲပင်။
ဤသည်ကား တိုက်ပွဲဝင်ခန္ဓာကိုယ်ပင် ဖြစ်၏။
သာမန် အခြေအနေများတွင် ပထမဆုံးအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုမှ ရရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်က ဆယ်မီတာခန့်သာ ရှိသည်။ လင်းဖုန်းသည် ပထမဆုံးအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို လွဲချော်ခဲ့သော်လည်း ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကိုမူ မိမိရရဆုပ်ကိုင်နိုင်ခဲ့သည်။ သူ ဤအခွင့်အရေးကို သေသေချာချာ ဆုပ်ကိုင်နိုင်ခဲ့သည်။
ဒုတိယအကြိမ် အသက်ဝိညာဉ် ပြောင်းလဲမှုတွင် တိုက်ပွဲဝင်ခန္ဓာကိုယ်က ယေဘုယျအားဖြင့် မီတာတစ်ရာကျော် သို့မဟုတ် မီတာရာနှင့်ချီ၍ပင် ရှိနိုင်သည်။ သက်ရှိတစ်ယောက်၏ အသက်ဝိညာဉ် အသွင်ပြောင်းလဲပုံနှင့် ထိုသက်ရှိဖွဲ့စည်းလိုက်သည့် တိုက်ပွဲဝင်ခန္ဓာကိုယ်အပေါ် မူတည်၍ နောက်ဆုံး ကြီးထွားလာနိုင်သည့် အမြင့်က မတူကွဲပြားနိုင်ပေသည်။
လင်းဖုန်း နောက်ဆုံးတွင် မည်မျှအထိ ကြီးထွားမြင့်မားလာမည်ကို သူ မသိသလို ယခုအချိန်တွင်လည်း ထိုအကြောင်းကို စဉ်းစားရန် အတွေးမရှိပေ။ သူ၏ စွမ်းအင်အားလုံးကို တိုက်ပွဲဝင်ခန္ဓာကိုယ် ဖွဲ့စည်းခြင်းအပေါ်၌သာ အပြည့်အဝ အာရုံစိုက်ထားသည်။
ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က တဖြည်းဖြည်း ပုံပေါ်လာပြီး ထိုအရှိန်က လင်းဖုန်း၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်နေသည်။ ထိုသို့ဖြစ်ရခြင်းမှာ တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်တွင် သာမန်အသက်ဝိညာဉ် ပြောင်းလဲမှုနှုန်းအတိုင်း တွက်ချက်ထားခြင်း ဖြစ်သော်လည်း လင်းဖုန်း၏ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု နည်းလမ်းက ဆဲလ်ကွဲပွားခြင်း ဖြစ်နေသောကြောင့်ပင်။
ဆဲလ်များကိုကွဲပွားစေပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖွဲ့စည်းသည့် အရှိန်က အံ့အားသင့်ဖွယ် ကောင်းလှ၏။ သေချာသည်က ကုန်ဆုံးသွားသည့် စွမ်းအင်ပမာဏမှာလည်း အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှပေသည်။
လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် မီတာလေးဆယ်သို့ ရောက်ရှိလာသောအခါ ပထမဆုံး ဂိုဒေါင်ထဲရှိ စွမ်းအင်များအားလုံး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
အကျိုးပြုတန်ဖိုး ၂၀၀၀၀ကို အပထား၊ ဤမျှလောက် များပြားလှသော စွမ်းအင် ပမာဏကို ဝယ်ယူရန်အတွက် အကျိုးပြုတန်ဖိုး ၂၀၀,၀၀၀ နှင့်ပင် မဖြစ်နိုင်ပေ။
လင်းဖုန်း ဤအပျက်အစီးနယ်မြေသို့ လာပြီး စွမ်းအင်စက်ရုံကို ရှာတွေ့ခဲ့သည့်အတွက် အနည်းငယ်ပင် ဝမ်းသာမိသည်။ သို့မဟုတ်ပါက သူ အသက်ဝိညာဉ် အသွင်ပြောင်းလဲနိုင်ခဲ့လျှင်ပင် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံရန် လိုအပ်သည့် စွမ်းအင်ကိစ္စကို စီမံရန်အတွက်သက်သက်ဖြင့်ပင် အလွန်တရာ ဒုက္ခများပေလိမ့်မည်။
အကယ်၍ စွမ်းအင်မလုံလောက်မှုကြောင့် နောက်ဆုံးတွင် တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံမှုက ကျရှုံးသွားခဲ့လျှင် နောင်တရရန်ပင် အချိန်နှောင်းသွားပေလိမ့်မည်။
ယခုတစ်ကြိမ် စွမ်းအင်စက်ရုံတွင် စွမ်းအင်အလုံအလောက် ရှိနေသည်ကို အခွင့်ကောင်းယူကာ လင်းဖုန်း ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အထွတ်အထိပ် အခြေအနေသို့ ရောက်သည်အထိ ပြတ်ပြတ်သားသား ဖွဲ့စည်းလိုက်သည်။ ထို့ကြောင့် သူ၏ မီတာလေးဆယ်မြင့်သော ခန္ဓာကိုယ်ဖြင့် ပထမဆုံးဂိုဒေါင်ကို လက်တစ်ချက်ရိုက်ရုံဖြင့် အလွယ်တကူ ဖြိုဖျက်လိုက်သည်။
ဒုတိယ ဂိုဒေါင်သို့ ရောက်သောအခါ လင်းဖုန်း ဒုတိယ ဂိုဒေါင်ကို နောက်ထပ် တစ်ချက်ရိုက်လိုက်ပြီး အလွယ်တကူပင် ဖျက်ဆီးလိုက်သည်။ ဂိုဒေါင်ထဲတွင် စုပုံနေသော စွမ်းအင်တုံးများက ချက်ချင်းပင် မြေပြင်အနှံ့ ပြန့်ကျဲသွားသည်။
လင်းဖုန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မြေပြင်ပေါ်ရှိ စွမ်းအင်တုံးများစွာကို ဝေလငါးကြီး ရေသောက်သည့်အလား စုပ်ယူလိုက်သည်။
ထို့ကြောင့် သူ့ခန္ဓာကိုယ်က ဆက်လက် ကြီးထွားလာပြန်သည်။
မီတာငါးဆယ်၊ မီတာခြောက်ဆယ်၊ မီတာခုနစ်ဆယ်၊ မီတာရှစ်ဆယ်...
မီတာရှစ်ဆယ်တွင် လင်းဖုန်း၏ ခန္ဓာကိုယ်က အလွန်ပင် ကြီးမားနေပြီဖြစ်ပြီး သမိုင်းမတင်မီခေတ်က ဧရာမ သားရဲကြီးတစ်ကောင်နှင့်ပင် တူနေသည်။
ဒုတိယဂိုဒေါင်ရှိ စွမ်းအင်တုံးများကို အကုန်အစင် ဝါးမျိုပြီးနောက် တတိယဂိုဒေါင်သို့ ဆက်သွားသည်။
မီတာကိုးဆယ်၊ မီတာတစ်ရာ၊ မီတာတစ်ရာ့တစ်ဆယ်၊ မီတာတစ်ရာ့နှစ်ဆယ်...
မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ လင်းဖုန်း စတုတ္ထမြောက်ဂိုဒေါင်သို့ ရောက်လာသည်။
မီတာတစ်ရာ့သုံးဆယ်၊ မီတာတစ်ရာ့လေးဆယ်၊ မီတာတစ်ရာ့ငါးဆယ်၊ မီတာတစ်ရာ့ခြောက်ဆယ်...
မျက်စိတစ်မှိတ်အတွင်း လင်းဖုန်း၏ ခန္ဓာကိုယ်မှာ မီတာတစ်ရာ့ခြောက်ဆယ်အထိ ကြီးထွားလာခဲ့လေပြီ။ ကံကောင်းထောက်မစွာဖြင့် ကြယ်တာရ။စွမ်းအားကို ဆွဲဆောင်နိုင်ရန်အတွက် စွမ်းအင်စက်ရုံ၏ အမိုးက အလွန်တရာ မြင့်မားလှပြီး မီတာရာနှင့်ချီ၍ ရှိသည်။ ထို့ပြင် ထိုနေရာမှာ အလွန်ကျယ်ဝန်းလှသဖြင့် လင်းဖုန်း၏ လက်ရှိကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဆံ့ဝင်နိုင်ခြင်း ဖြစ်သည်။
ပဉ္စမမြောက်ဂိုဒေါင် ကျန်ရှိနေသေး၏။ လင်းဖုန်း ပဉ္စမမြောက်ဂိုဒေါင်သို့ ဆက်သွားရာ ထိုနေရာတွင်လည်း စွမ်းအင်တုံးများ တစ်ဝက်ကျော်ခန့် ပြည့်နေဆဲ ဖြစ်သည်။
မီတာတစ်ရာ့ခုနစ်ဆယ်၊ မီတာတစ်ရာ့ရှစ်ဆယ်၊ မီတာတစ်ရာ့ကိုးဆယ်...
လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ် မီတာတစ်ရာ့ကိုးဆယ်သို့ ရောက်ရှိလာသောအခါ ဖွဲ့စည်းမှုနှုန်းက သိသိသာသာ နှေးကွေးသွားသည်။ ထို့ပြင် လင်းဖုန်းသည်လည်း အလွန် ပြည့်အင့်နေသည်ဟူသော မသဲမကွဲ ခံစားချက်တစ်ခုကိုလည်း ရရှိလိုက်သည်။
တိုက်ပွဲဝင်ခန္ဓာကိုယ်က အခြေခံအားဖြင့် အကန့်အသတ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း သူ သိသော်လည်း သူ လက်မလျှော့ဘဲ ဆက်လက် ဖွဲ့စည်းနေဆဲပင်။
တစ်ရာ့ကိုးဆယ့်ငါးမီတာ... တစ်ရာ့ကိုးဆယ့်ရှစ်မီတာ...မီတာနှစ်ရာ...
နောက်ဆုံးတွင် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ် မီတာနှစ်ရာသို့ ရောက်ရှိသွားသောအခါ လင်းဖုန်း ရပ်တန့်လိုက်သည်။ သူ၏ လက်ရှိတိုက်ပွဲဝင်ခန္ဓာကိုယ်က အပြည့်စုံဆုံး အခြေအနေသို့ ရောက်ရှိသွားသကဲ့သို့ ပြီးပြည့်စုံခြင်းဟူသော ခံစားချက်ကို ရရှိလိုက်သည်။