← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 20 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 20 Ch. 225-226

အခန်း (၂၂၅) - ဇီဝပြုပြင်သားရဲများ

ဘာသာပြန် - အားသစ်

“ဇီဝပြုပြင်ထားတဲ့ သားရဲတွေလား... ဘာကို ဆိုလိုတာလဲ”

လောင်ဘီသမ်ပင် စိုးရိမ်နေသည်ဆိုပါက အခြေအနေက မကောင်းလှကြောင်း လင်းဖုန်း ခံစားလိုက်ရသည်။

“ခုနက မင်းတို့တွေ့ခဲ့တဲ့ ကြွက်တွေက တကယ်တော့ သဘာဝအတိုင်း မွေးဖွားလာတဲ့ သားရဲတွေ မဟုတ်ဘူး။ လူတွေက ဖန်တီးထားတာ။ အဲဒါတွေကို 'ဇီဝပြုပြင်သားရဲတွေ' လို့ ခေါ်တယ်။ အခု နားလည်ပြီလား”

လင်းဖုန်း၏ အမူအရာက လေးနက်သွားသည်။ ဤကြွက်များ အဘယ်ကြောင့် အလွန်ထူးဆန်းနေရသည်ကို သူ နားလည်သွားပြီ ဖြစ်သည်။ ယင်းတို့တွင် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများကို ခြိမ်းခြောက်နိုင်သော အဆိပ်များ ရှိနေသော်လည်း ခန္ဓာကိုယ်တည်ဆောက်ပုံကမူ နတ်ဆိုးများနှင့် ယှဉ်လျှင် အဘက်ဘက်မှ နိမ့်ကျနေသည်။

ထိုကြွက်တို့ကား လူသားများက ဖန်တီးထားခြင်း ဖြစ်နေ၏။ သို့သော် သက်ရှိများကို လူသားများက အမှန်တကယ် ဖန်တီးနိုင်ပါသလော။

“ဒီအပျက်အစီးနယ်မြေက သတ္တမမြောက် ယဉ်ကျေးမှုက ပိုင်တာဆိုတော့ အဲဒီယဉ်ကျေးမှုက သက်ရှိတွေကို ဖန်တီးနိုင်နေပြီလို့ ဆိုလိုတာလား”

လင်းဖုန်း၏ အသံတွင် အံ့အားသင့်မှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ သို့သော် သူသည် သူ့စိတ်ထဲမှသာ လောင်ဘီသမ်နှင့် ဆက်သွယ်နေခြင်း ဖြစ်သဖြင့် အခြားသူများကမူ လင်းဖုန်းကို သတိမထားမိကြပေ။

“ဇီဝပြုပြင်သားရဲတွေကို ဖန်တီးတာနဲ့ သက်ရှိတွေကို ဖန်တီးတာက လုံးဝတခြားစီပဲကွ။ ဒီလိုကွာ၊ ပြောပြမယ်... ဒီသားရဲတွေကို တကယ်တော့ သားရဲပေါင်းများစွာရဲ့ မျိုးရိုဗီဇတွေကို ပေါင်းစပ်ပြီး ဖန်တီးထားတာ။ ပြီးတော့ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေကတစ်ဆင့် ပြင်းထန်တဲ့ အဆိပ်မျိုးရိုးဗီဇတွေကို ထည့်သွင်းထားတာလေ။ စမ်းသပ်မှုတွေ မရေမတွက်နိုင်အောင် လုပ်ပြီးတဲ့နောက်မှာမှ ဒီကြွက်တွေကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ခဲ့တာပဲ။ ဒီသဘောတရားက ဗလာနတ္ထိ ဟင်းလင်းပြင်ထဲကနေ သက်ရှိတွေကို ဖန်တီးယူတာနဲ့ လုံးဝမတူဘူး”

“ဒါဆို သတ္တမမြောက် ယဉ်ကျေးမှုက မျိုးရိုးဗီဇ သုတေသနမှာ အရမ်းပေါက်မြောက်နေကြတာပေါ့”

“သူတို့က အဲ့ဒီနယ်ပယ်မှာ တကယ်ပဲ အရမ်းကို ကျွမ်းကျင်ကြတယ်။ အနည်းဆုံးတော့ မင်းတို့ရဲ့ လက်ရှိနည်းပညာအဆင့်ထက် အများကြီး သာတာပေါ့ကွာ။ ဒါပေမဲ့ သူတို့ရဲ့ သုတေသန ဦးတည်ချက်က လွဲမှားနေခဲ့တယ်။ သူတို့က ထူးဆန်းတဲ့ ဇီဝပြုပြင်သားရဲတွေကိုပဲ ဖန်တီးချင်ခဲ့ကြတာ။ လူသားတွေရဲ့ ခန္ဓာကိုယ်ကိုယ်တိုင်ကိုက အရမ်းအရမ်းကြီးမားတဲ့ ရတနာသိုက်ကြီးပဲ။ လူသားခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ချက်တွေကို သေသေချာချာ လေ့လာရမယ့်အစား သူတို့က အဲဒီသားရဲတွေကို လေ့လာတဲ့ဘက် လှည့်သွားခဲ့ကြတယ်။ သူတို့ရဲ့ ယဉ်ကျေးမှုက အပေါ်ယံမှာ ထွန်းကားခဲ့ပေမဲ့ လက်တွေ့မှာတော့ သူတို့ရဲ့ အလားအလာက မင်းတို့ရဲ့ လက်ရှိယဉ်ကျေးမှုထက် အများကြီး နိမ့်ကျခဲ့တာပေါ့”

လင်းဖုန်း စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထားလိုက်သည်။ သူ သေသေချာချာ စဉ်းစားပြီးနောက် ဆက်မေးလိုက်သည်။

“ဒါဆို မင်း ခုနကပြောတဲ့ ဒုက္ခဆိုတာက ဘာလဲ”

“သတ္တမမြောက် ယဉ်ကျေးမှုရဲ့ အလားအလာက မင်းတို့ထက် နိမ့်ပေမဲ့ သူတို့က အတော်လေးကို ဖွံ့ဖြိုးပြီးသားပဲ။ သူတို့က အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု သုံးကြိမ်ပြုလုပ်ထားတဲ့ သက်ရှိတွေနဲ့ တန်းတူခွန်အားရှိတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဇီဝပြုပြင်သားရဲတွေကိုတောင် ဖန်တီးနိုင်ခဲ့ကြတယ်။ ဒီအပျက်အစီးနယ်မြေက အဲဒီတုန်းက သူတို့ရဲ့ စမ်းသပ်သုတေသနဌာနတစ်ခုပဲ ဖြစ်ရမယ်။ အထဲမှာ ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ သားရဲတွေ ရှိနေမလဲဆိုတာ ငါလည်းမခန့်မှန်းနိုင်ဘူး”

လင်းဖုန်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ခုနက ကြွက်များသည်ပင် အလွန်ထိတ်လန့်စရာ ကောင်းလှသည်။ သူ ထိုကြွက်များကို ရင်ဆိုင်နိုင်သော စွမ်းရည်ရှိနေ၍သာ ဖြစ်၏။ အကယ်၍ ထိုကြွက်များက သူ၏ ချပ်ဝတ်တန်ဆာနှင့် ကျောက်ဖြစ်စေခြင်းအတတ်ကို ဖျက်ဆီးနိုင်ခဲ့ပါက သူ သေချာပေါက် ဒုက္ခရောက်ပေလိမ့်မည်။

သူမှလွဲ၍ အခြားသော သိုင်းသမားရှစ်ဦးက ထိုကြွက်များကို လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်စွမ်းမရှိကြပေ။ သို့သော် လောင်ဘီသမ်၏ ပြောကြားချက်အရ ဤကြွက်များမှာ အဆင့်နိမ့်ဇီဝပြုပြင်သားရဲများသာဖြစ်ပြီး နတ်ဆိုးများနှင့်ပင် နှိုင်းယှဉ်၍ မရပေ။

အကယ်၍ သူတို့သည်သာ ဇီဝပြုပြင်ထားသော နတ်ဆိုးများနှင့် တွေ့ဆုံခဲ့ပါက အမှန်တကယ်ပင် ဒုက္ခရောက်ပေလိမ့်မည်။

“လောင်ဘီသမ်... ငါတို့ ဘာပဲဖြစ်ဖြစ် ဒီတာဝန်ကို အောင်မြင်အောင် လုပ်ရမယ်။ ငါတို့ ထိန်းချုပ်ခန်းကို သွားဖို့ ပြင်နေတာ။ ထိန်းချုပ်ခန်းကို ရောက်တာနဲ့ မင်း ဒီသုတေသနဌာနတစ်ခုလုံးကို ထိန်းချုပ်နိုင်မလား။ အနည်းဆုံးတော့ သုတေသနဌာနရဲ့ ကာကွယ်ရေး ယန္တရားကို ပိတ်ပေးပြီး သူတော်စင်နှစ်ပါးက ပညာရှင်တွေကို လွှတ်ပေးနိုင်အောင်ပေါ့”

ထိန်းချုပ်ခန်းကို သိမ်းပိုက်နိုင်ခြင်းရှိမရှိက အလွန်အရေးကြီးကြောင်း လင်းဖုန်း ကောင်းကောင်းသိထားသည်။ သူ သတ္တမမြောက် ယဉ်ကျေးမှုအကြောင်း ဘာမှမသိပေ။ အခြားသိုင်းသမား ရှစ်ဦးကလည်း လင်းဖုန်းနှင့် အတူတူပင်။ အကယ်၍ သူတို့ ထိန်းချုပ်ခန်းကို ရှာတွေ့လျှင်ပင် သိမ်းပိုက်နိုင်မည် မဟုတ်ပေ။

သို့သော် လောင်ဘီသမ်ကမူ သူတို့နှင့် မတူပေ။ နည်းပညာယဉ်ကျေးမှုများထဲတွင် အကောင်းဆုံးဖြစ်သော စက်မှုယဉ်ကျေးမှုမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စက်မှုသက်ရှိတစ်ဦးလည်းဖြစ်သည့် လောင်ဘီသမ်သည် နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာများကို များစွာသိရှိပေလိမ့်မည်။

ဤသတ္တမမြောက် ယဉ်ကျေးမှုကား ဇီဝပြုပြင်သားရဲယဉ်ကျေးမှု ဖြစ်သော်လည်း နည်းပညာယဉ်ကျေးမှုတစ်ခု ဖြစ်နေဆဲပင်။

လောင်ဘီသမ်လည်း ဝေခွဲမရဖြစ်နေပြီး အသေအချာ အဖြေမပေးပေ။

“တကယ်လို့ မင်း ထိန်းချုပ်ခန်းကို တကယ်ရှာတွေ့ခဲ့ရင် ငါ စမ်းကြည့်ပေးမယ်။ ဒါပေမဲ့ ထိန်းချုပ်ခန်းကို သိမ်းပိုက်နိုင်မယ်လို့တော့ ငါ အတိအကျ အာမမခံနိုင်ဘူး။ ငါက စက်မှုသက်ရှိ တစ်ဦး ဖြစ်ပေမဲ့ အရာအားလုံးကိုတော့ မလုပ်နိုင်ဘူးလေ။ ထိန်းချုပ်ခန်းကို အချိန်တိုအတွင်း ချက်ချင်းသိမ်းပိုက်နိုင်မယ်လို့လည်း ငါ့ကိုယ်ငါ ယုံကြည်မှု မရှိဘူး”

လင်းဖုန်း သက်ပြင်းတစ်ချက် ချလိုက်သည်။ လောင်ဘီသမ် ငြင်းဆန်ခြင်း မပြုသရွေ့ အဆင်ပြေသည်။

လောင်ဘီသမ် ထိန်းချုပ်ခန်းကို သေချာပေါက် ထိန်းချုပ်နိုင်မည်ဖြစ်သော်လည်း အချိန်လိုအပ်သည်။ ဤအပျက်အစီးနယ်မြေထဲတွင် မည်သည့်အန္တရာယ်များ ရှိနေသည်ကို လင်းဖုန်း မသိသကဲ့သို့ အချိန်ဆိုသည်ကလည်း သူတို့အတွက် အရှားပါးဆုံးအရာ ဖြစ်နေသည်။

“ဒါနဲ့ လောင်ဘီသမ်... ထိန်းချုပ်ခန်းရဲ့ တည်နေရာကို မင်း သိလား”

“ခုနက မြေပုံကို မင်း မတွေ့လိုက်ဘူးလား”

“အဲဒီမြေပုံက အရမ်းရှုပ်ထွေးလွန်းတယ်။ ငါလည်း နားမလည်ဘူး”

“ဆက်လျှောက်သာ သွားပါ... ငါ မင်းကို သတိပေးမယ်”

လင်းဖုန်း မျက်လုံးများကို ဖွင့်လိုက်သောအခါ ဂရီမန်၊ ဖူလင်နှင့် အခြားသူများအားလုံး သူတို့၏ ကြယ်စင်စွမ်းအားများကို ပြန်လည် ဖြည့်တင်းပြီးနေသည်ကို တွေ့လိုက်ရသည်။

“ခေါင်းဆောင်... အဆင်ပြေရဲ့လား” ဖူလင်က လင်းဖုန်း၏ အနားသို့ လာကာ စိုးရိမ်တကြီး မေးလိုက်သည်။

“ငါ အဆင်ပြေပါတယ်။ ငါ့ရဲ့ ကြယ်တာရာစွမ်းအားတွေလည်း အပြည့်ပြန်ဖြည့်ပြီးပါပြီ”

ထိုအချိန်တွင် ဂရီမန်ကား စင်္ကြံလမ်းအနီးတွင် လမ်းလျှောက်နေ၏။ သူ တစ်ခုခုပြောလိုသော်လည်း သို့လောသို့လော ဖြစ်နေပုံရသည်။

“ဂရီမန်... မင်း ဘာပြောစရာရှိလို့လဲ”

ဂရီမန် ခဏမျှ စဉ်းစားပြီးနောက် “ငါ စဉ်းစားနေတာ... ဒီအပျက်အစီးက တကယ်တမ်း ဘာကို လုပ်ဖို့ကြိုးစားနေတာလဲ။ ဒီနေရာက ဘာအတွက်ရည်ရွယ်ပြီးတော့ ဆောက်ထားတာလဲ။ အမိုးအကာ တစ်ခုလား။ ဒါမှမဟုတ် လျှို့ဝှက်အခြေစိုက်စခန်း တစ်ခုခုလား။ နောက်ပြီးတော့ ဟိုကြွက်သားရဲတွေကို တွေ့တော့လည်း တွေးမိတာတစ်ခုရှိသည်။ ဒီလောက်များတဲ့ ကြွက်တွေက ဘယ်ကနေ ရောက်လာတာလဲ။ အဲ့အကောင်တွေက သားရဲတွေနဲ့လည်း မတူဘူး။ အများကြီးလည်း ရှိနေသေးတယ်။ သူတို့က ဘယ်လိုများ အသက်ရှင်နေကြတာလဲ”

ဂရီမန်၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရသောအခါ အခြားသော သိုင်းသမားများ၏ မျက်လုံးများလည်း တောက်ပသွားကြသည်။ မှန်ပေ၏... ထိုကြွက်များ၏ ပေါ်ပေါက်လာမှုမှာ အလွန်ထူးဆန်းလှသည်။

“ဂရီမန်... မင်း ဘယ်လို ထင်လို့လဲ”

“ငါ့အမြင်အရတော့ ဒီကြွက်တွေက ဒီအပျက်အစီးနယ်မြေထဲက အစောင့်တွေ ဒါမှမဟုတ် အဲ့လိုမျိုး တစ်ခုခု ဖြစ်ရမယ်။ ပြောရရင် သူတို့က ကာကွယ်ရေး ယန္တရားတွေပဲ။ ပြီးတော့ ဒီအပျက်အစီးနယ်မြေက သုတေသနဌာနတစ်ခုခု ဖြစ်မယ်လို့ ငါ သံသယရှိတယ်”

“သုတေသနဌာန ဟုတ်လား”

အခြားသူများလည်း သေသေချာချာ စဉ်းစားကြည့်သောအခါ ထိုသည်က အဓိပ္ပာယ်ရှိကြောင်း တွေးမိလိုက်သည်။

လင်းဖုန်း ဂရီမန်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ဂရီမန်တစ်ယောက် ဤနေရာက သုတေသနဌာန ဖြစ်ကြောင်း ခန့်မှန်းမိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ကောင်းပြီ... ဒါက သုတေသနဌာန ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ငါတို့ရဲ့ ပန်းတိုင်က ထိန်းချုပ်ခန်းကို ရှာဖို့ပဲ။ ခုနက ကြွက်တွေက ဒီအပျက်အစီးနယ်မြေထဲမှာ တခြားပိုဆိုးတဲ့ သားရဲတွေ ရှိနေနိုင်တယ်ဆိုတာကို သက်သေပြလိုက်တာပဲ။ လူတိုင်း သတိထားကြပါ။ အားလုံးရဲ့ ကြယ်တာရာစွမ်းအားတွေ ပြန်ပြည့်ပြီဆိုရင် ထိန်းချုပ်ခန်းကို ဆက်ရှာဖို့ ချက်ချင်း ထွက်ကြရအောင်”

လူတိုင်း သဘောတူညီကြောင်း ပြသကြသည်။ ကြယ်တာရာစွမ်းအားရှိနေသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအနေဖြင့် သူတို့ မည်သည့်အန္တရာယ်ကိုမျှ မကြောက်ကြပေ။

ဤတစ်ကြိမ်တွင် သိုင်းသမားအားလုံး ကြယ်တာရာစွမ်းအားကို မနှမြောကြတော့ပေ။ သူတို့အားလုံး သူတို့တစ်ကိုယ်လုံးကို ကြယ်တာရာစွမ်းအားဖြင့် ကာကွယ်ထားကြသည်။ အကယ်၍ မျှော်လင့်မထားသော အခြေအနေများနှင့် ကြုံတွေ့ရလျှင်ပင် ရှီအဲလစ်ကဲ့သို့ မခုခံနိုင်ဘဲ သေဆုံးသွားမည် မဟုတ်ပေ။

လင်းဖုန်းက ရှေ့ကနေ ဦးဆောင်သွားသည်။ စင်္ကြံလမ်းမှာ အလွန်ရှည်လျားပြီး ကွေ့ကောက်နေသည်။ သို့သော်လည်း အံ့ဩစရာကောင်းသည်မှာ လမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ရခြင်းပင်။

ထို့ပြင် လောင်ဘီသမ်၏ လမ်းညွှန်မှုဖြင့် လင်းဖုန်း လမ်းတစ်လျှောက်ရှိ အခန်းတချို့နှင့် နေရာတချို့ကို ဝင်ရောက်စူးစမ်းခြင်းမပြုဘဲ ကျော်ဖြတ်သွားသည်။ ထိုအစား သူရှေ့သို့သာ ဆက်လျှောက်သွားခဲ့သည်။

ရုတ်တရက် လင်းဖုန်း ရပ်လိုက်သည်။

“နားထောင်ကြည့်... အဲဒါ ခြေသံတွေလား”

လင်းဖုန်း၏ အမူအရာ လေးနက်သွားပြီး သူ သေသေချာချာ နားစွင့်လိုက်သည်။

အခြားသူများလည်း မြေပြင်ပေါ်တွင် နားကပ်ကာ နားထောင်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံး မျက်မှောင်ကြုတ်လိုက်မိကြသည်။

“ခြေသံတွေပဲ... ပြီးတော့ သူတို့က တဖြည်းဖြည်း နီးလာနေပြီ”

“ခြေသံတွေက အရမ်းလေးလံတယ်။ ဧရာမသားရဲကြီးတွေရဲ့ ခြေသံနဲ့ တူတယ်။ အသံအရ သုံးကောင် ရှိနေပုံရတယ်”

သားရဲကြီးများ၏ ခြေသံကို ကြားလိုက်ရသောအခါ လူတိုင်း စိုးရိမ်သွားကြသည်။

“လောင်ဘီသမ်... တခြား လမ်းမရှိတော့ဘူးလား”

“မရှိဘူး... ဒါက တစ်ခုတည်းသော လမ်းပဲ။ သုတေသနဌာနရဲ့ ကာကွယ်ရေးယန္တရားက အသက်ဝင်သွားပုံရတယ်။ နယ်မြေကို စောင့်ကြပ်ဖို့ တာဝန်ယူထားတဲ့ ဇီဝပြုပြင်သားရဲတချို့ကို လွှတ်လိုက်ပြီ။ မင်းဘာသာမင်းပဲ ဖြေရှင်းရတော့မယ်”

လင်းဖုန်းတွင် ပိုမိုကောင်းမွန်သော နည်းလမ်းမရှိပေ။ တခြားလမ်း မရှိသောကြောင့် သူတို့ တိုက်ခိုက်ရန်သာ ရှိတော့သည်။

“လူတိုင်း... တိုက်ပွဲအတွက် အသင့်ပြင်ထားကြ။ ဒီတစ်ကြိမ်က ပိုပြီးခက်ခဲနိုင်တယ်”

လင်းဖုန်း သဘာဝကျကျ ရှေ့ဆုံးမှနေ၍ ဥမင်၏ ရှေ့ဘက်ဆီကို အနီးကပ် စောင့်ကြည့်နေသည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၂၆) - မျှော်လင့်ချက်မဲ့သော အခြေအနေ

ဘာသာပြန် - အားသစ်

လင်းဖုန်းသည် ချပ်ဝတ်တန်ဆာနှင့် ကျောက်ဖြစ်စေခြင်း အတတ်တို့ကို အသင့်ပြင်ထားပြီး ဖြစ်၏။ ထို့ပြင် သူ့လက်ပေါ်တွင်လည်း စူးရှထက်မြသော ဦးချိုများဖြင့ ဖုံးလွှမ်းနေသည်။ သူ အစွမ်းကုန် ပြင်ဆင်ထားပြီး မည်သည့်အချိန်တွင်မဆို ကြယ်တာရာစွမ်းအားကို ထုတ်လွှတ်ရန် အသင့်ရှိနေ၏။

ခြေသံများက တဖြည်းဖြည်း နီးကပ်လာသည်။ ခြေသံများ နီးကပ်လာသည်နှင့်အမျှ စင်္ကြံလမ်းတစ်ခုလုံး တုန်ခါနေသည်ကို လူတိုင်း ထင်ထင်ရှားရှား ခံစားနေရသည်။ ဤစင်္ကြံလမ်းကား အလွန်ကျယ်ဝန်းလှသဖြင့် ဧရာမသားရဲကြီးများပင် သွားလာနိုင်၏။

နောက်ဆုံးတွင် လင်းဖုန်း၏ စိတ်စွမ်းအားက ထိုသားရဲတို့ကို ရှာဖွေတွေ့ရှိသွားသည်။ ယင်းတို့ကား ပုတ်သင်နှင့် ဆင်တူသော ထူးဆန်းသည့် သားရဲကြီးသုံးကောင်ပင်။

လောလောဆယ်တွင်မူ ထိုသားရဲတို့ကို ပုတ်သင်များဟုသာ ခေါ်ရပေလိမ့်မည်။ ထိုပုတ်သင်သုံးကောင်သည် အရှည်ခြောက်မီတာကျော်ရှိပြီး သူတို့၏ နဖူးထက်တွင် မျက်လုံးပေါင်းများစွာ စီတန်းလျက် အပြည့်အဝဖုံးလွှမ်းနေသည်။ ယင်းတို့ကား ကြည့်ရသည်မှာ အလွန်ပင် ရွံရှာဖွယ်ကောင်းလှ၏။

ထို့ပြင် သူတို့တွင် အမြီးနှစ်ချောင်း ရှိနေသည်။ သူတို့၏ ခန္ဓာကိုယ်က မာကျောလှသော ချပ်ဝတ်တန်ဆာသို့နှယ် အကြေးခွံများဖြင့် ဖုံးလွှမ်းနေသဖြင့် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်ပုံ ပေါ်သည်။

“လာနေပြီ”

လင်းဖုန်း သူ၏ စိတ်စွမ်းအားဖြင့် စစ်ဆေးလိုက်သောအခါ ပုတ်သင်သုံးကောင်၏ အရှိန်က ချက်ချင်း မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ စိတ်စွမ်းအားဖြင့်ပင် အရိပ်သုံးခုကိုသာ ခံစားမိတော့သည်။

“ဒီလောက်တောင် မြန်တာလား”

လင်းဖုန်း အံ့အားသင့်သွားသည်။ သူ အတွေးတစ်ချက်ဖြင့်ပင် လက်သီးကို ကျစ်ကျစ်ဆုပ်ကာ ရှေ့သို့တိုးလိုက်သည်။

ဝဲဂယက်စွမ်းအား ခြောက်ခု

ဘုန်း

လင်းဖုန်း၏ လက်မောင်းက ရုတ်တရက် ကြီးထွားလာသည်။ သူသည် လက်သီးဖြင့် ထိုးနှက်လိုက်ရာ လေထုထဲတွင် အသံထက်မြန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ ဝဲဂယက်စွမ်းအား ခြောက်ခု ပေါက်ကွဲထွက်လာခြင်း ဖြစ်၏။ မူလခန္ဓာကိုယ်အင်အားနှင့် ပေါင်းစပ်လိုက်ပါက စုစုပေါင်း တန်ချိန် ၄၀၀၀ ကျော်အထိ ရှိသွားသည်။

ထို့ပြင် ဖျက်ဆီး၍မရနိုင်သည့် သူ၏မွေးရာပါစွမ်းရည် ထက်မြသော ဦးချိုများလည်း ရှိနေသည်။ ဤပုတ်သင်သားရဲများ မည်မျှသန်မာအားကောင်းပါစေ လင်းဖုန်းကမူ သူတို့ကို နာကျင်အောင် လုပ်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ချက်ရှိနေသည်။

ဘုန်း

လင်းဖုန်း ပုတ်သင်ကို အားအပြည့်ဖြင့် ထိုးချလိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်ကို သူ ထင်ထင်ရှားရှား ခံစားလိုက်ရသည်။ သူ့လက်သီးမှတစ်ဆင့် ထက်မြသော ဦးချိုများကလည်း ပုတ်သင်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ရန် အစွမ်းကုန် ကြိုးစားနေသည်။

သို့ပေမဲ့ သူ မည်သည်ကို ခံစားလိုက်ရသနည်း။

နံရံတစ်ခုပေလော။

မဟုတ်ပေ... ယင်းကား နံရံတစ်ခုထက်ပင် ပိုမို မာကျောလှ၏။ လင်းဖုန်း၏ လက်ရှိခွန်အားဖြင့် တောင်တစ်တောင်ကိုပင် အလွယ်တကူ အပေါက်ကြီးဖြစ်အောင် လုပ်နိုင်သည်။ သို့သော် သူ့လက်သီးချက်က ပုတ်သင်ပေါ်သို့ ကျရောက်သွားသောအခါ ထိုသားရဲကို တုပ်တုပ်ပင် မလှုပ်စေပေ။ သူ သားရဲ၏ အကြေးခွံများကိုပင် မဖောက်နိုင်ခဲ့ပေ။

ခလွပ်

ထိုအချိန်တွင် လင်းဖုန်း သူ့လက်သီးပေါ်ရှိ ထက်မြသော ဦးချိုများ ကျိုးသွားသည့် အသံကို ကြားလိုက်ရသည်။ ဖျက်ဆီး၍မရနိုင်သည့် ထက်မြသော ဦးချိုများသည်ကား မည်သည့်အချိန်တုန်းကများ ကျိုးသွားဖူးသနည်း။

ဝှစ်

တစ်ချိန်တည်းမှာပင် ထူထဲလေးလံသော အမြီးကြီးတစ်ချောင်းက လင်းဖုန်း၏ ခန္ဓာကိုယ်ကို လျှပ်ပြတ်သကဲ့သို့ အလျင်အမြန် ရိုက်ချလိုက်သည်။

လင်းဖုန်း၏ ကျောက်စေဖြစ်ခြင်း အတတ်နှင့် ချပ်ဝတ်တို့ကား လုံးဝအသုံးမဝင်ဘဲ ချက်ချင်းပင် ကြေမွသွား၏။ ကံကောင်းထောက်မစွာဖြင့် လင်းဖုန်း သူ၏ ကြယ်တာရာစွမ်းအားများကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ထိုတိုက်ခိုက်မှုကို ခုခံရန်အတွက် ကြယ်တာရာစွမ်းအား အမြောက်အမြားကို ကမန်းကတန်း စုစည်းလိုက်သည်။

ဘုန်း

လင်းဖုန်းသည် ထိုရိုက်ချက်ကြောင့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။ သူ့တစ်ကိုယ်လုံး အပိုင်းပိုင်း ပြတ်ထွက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာစွမ်းအားမျှင် တစ်သောင်းမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတော့သည်။

ဤသည်က မည်သို့နှယ် ဖြစ်နိုင်မည်နည်း။

လင်းဖုန်းတွင် ကြယ်တာရာစွမ်းအား ၈၀၀၀၀ ကျော် ရှိသော်လည်း ကြယ်တာရာစွမ်းအား ၁၀၀၀၀ ကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရခြင်းက အလွန် ထိတ်လန့်စရာ ကောင်းလှပေသည်။ လင်းဖုန်းတွင် ပုတ်သင်၏ စွမ်းအားတချို့ကို ခုခံပေးခဲ့သော ကျောက်ဖြစ်စေခြင်း အတတ်နှင့် ချပ်ဝတ်တန်ဆာတို့ ရှိနေသေးသည်ကို သိထားရမည်။

သို့သော်လည်း ကြယ်တာရာစွမ်းအားမျှင် တစ်သောင်း ချက်ချင်း ကုန်ဆုံးသွားခဲ့သဖြင့်သာ လင်းဖုန်း ထိခိုက်ဒဏ်ရာ မရရှိခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ သူ့နေရာ၌သာ အခြားတတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်ပါက သူတို့၏ ခန္ဓာကိုယ်ထဲတွင် စုစုပေါင်း ကြယ်တာရာစွမ်းအား ၉၉၉၉ သာ ရှိပေလိမ့်မည်။ ပုတ်သင်၏ သာမန် ရိုက်ချက်တစ်ခုကပင် သူတို့၏ အသက်ကို အလွယ်တကူ နှုတ်ယူသွားနိုင်သည်။

“ဒါက... မကောင်းတော့ဘူး။ မြန်မြန် ဆုတ်ကြ။ ဒီကောင်တွေက ထိပ်တန်း နတ်ဆိုးစစ်သူကြီးတွေပဲ” လင်းဖုန်း လူတိုင်းကို ချက်ချင်း သတိပေးလိုက်သည်။

ထိပ်တန်း နတ်ဆိုးစစ်သူကြီးများ...။ လင်းဖုန်းအနေဖြင့် ယခုအခါတွင် ထိုသားရဲများကား ထိပ်တန်းနတ်ဆိုးစစ်သူကြီးများနှင့် တန်းတူခွန်အားရှိကြောင်း သေချာသွားပြီ ဖြစ်သည်။ လင်းဖုန်း ယခင်က ကြုံတွေ့ခဲ့ဖူးသော သင်းခွေချပ်သားရဲဘုရင်နှင့် နဂါးစီးသူရဲ ဟောက်ရှီယီ၏ ဧရာမနဂါးကြီးပင်လျှင် ဤထူးဆန်းသော ပုတ်သင်သုံးကောင်နှင့် ယှဉ်လျှင် များစွာနိမ့်ကျလှသည်။

သို့သော် လင်းဖုန်း၏ သတိပေးချက်က အနည်းငယ် နောက်ကျသွားခဲ့၏။ လင်းဖုန်း အမြီးဖြင့် ရိုက်ထုတ်ခံရပြီးနောက် ဖူလင်၊ ဂရီမန်၊ ဒါဒန်နှင့် အခြားသူများက ချက်ချင်း ရှေ့သို့ ပြေးဝင်သွားကြသည်။

တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမား ရှစ်ဦးစလုံး သူတို့၏ ကြယ်တာရာသိုင်းပညာရပ် အားလုံးနီးပါးကို ထုတ်ဖော်လိုက်ကြသည်။

ဘုန်း

မြောက်မြားစွာသော ကြယ်တာရာစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ကြယ်တာရာသိုင်းပညာရပ် အမျိုးမျိုးကို ပုတ်သင်ပေါ်သို့ အသုံးပြုခဲ့ကြသော်လည်း သူတို့၏တိုက်ခိုက်မှုများသည်ကား ပုတ်သင်၏ အကြေးခွံကိုပင် မဖောက်နိုင်ခဲ့ကြပေ။ သို့သော် ထိုသည်က ပုတ်သင်ကို ဒေါသထွက်သွားစေသည်။

ပုတ်သင်ညို၏ ဦးခေါင်းပေါ်ရှိ ထူထပ်သိပ်သည်းပြီး မရေမတွက်နိုင်လောက်အောင် များပြားလှသော မျက်လုံးများကား ကြည့်ရသည်မှာ အလွန် ထိတ်လန့်စရာ ကောင်းလှ၏။

ထိုအချိန်တွင် ထို မျက်လုံးများထဲမှ မီးခိုးရောင် အလင်းတန်းများစွာ ထွက်ပေါ်လာသည်။

ဝုန်း

ထိုအလင်းတန်းများ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ စင်္ကြံလမ်း၏ နံရံနှင့် ကြမ်းပြင်များအားလုံးမှာ အပေါက်ကြီးများ အပြည့်ဖြစ်သွားရသည်။ လျူချန်ဖုန်းနှင့် အန်ဒေါ်တို့နှစ်ယောက်သား ထိုအလင်းတန်းများကို ကြယ်တာရာစွမ်းအားဖြင့် ခုခံရန် အသည်းအသန် ကြိုးစားခဲ့ကြသည်။

သို့သော် ထိုအလင်းတန်းများ သူတို့၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်သည်နှင့် သူတို့ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများမှာ တစ်စက္ကန့်ပင်မခံဘဲ ချက်ချင်း ကုန်ဆုံးသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူတို့ နှစ်ဦးစလုံး အလင်းတန်းများ၏ ထိုးဖောက်ခြင်းကို ခံရကာ နာကျင်စွာ အော်ဟစ်လိုက်ကြရသည်။

ထို့နောက် အန်ဒေါ်နှင့် လျူချန်ဖုန်းတို့နှစ်ယောက်၏ ရင်ဘတ်တွင် အပေါက်ကြီးဖြစ်သွားသည်။ ထိုအပေါက်များသည် ခေါင်းတစ်လုံးစာနီးပါး ရှိသော်လည်း သွေးလုံးဝမထွက်ပေ။

သူတို့ နှစ်ဦးစလုံး သေဆုံးသွားလေပြီ။ အသက်ရှင်နေသည့် လက္ခဏာတစ်ခုမျှပင် မရှိတော့ချေ။ သူတို့နှစ်ယောက်သည် ပုတ်သင်ကို တစ်စက္ကန့်ပင် မခုခံနိုင်ခဲ့ကြပေ။

“ဆုတ်... ဆုတ်... မြန်မြန် ဆုတ်ကြ”

လင်းဖုန်း၏ မျက်နှာမှာ နီမြန်းနေသည်။ သူ ချက်ချင်း ခုန်တက်လိုက်သည်။ အန်ဒေါ်နှင့် လျူချန်ဖုန်းတို့၏ ဝမ်းနည်းဖွယ် သေဆုံးမှုကို မြင်လိုက်ရသောအခါ သူမျက်နှာ အနည်းငယ် ပျက်ယွင်းသွားသည်။

ဝှစ် ဝှစ်

ဂရီမန်နှင့် ဖူလင်တို့သည်ကား ကံကောင်းခဲ့၏။ သူတို့သည် အလွန်လျင်မြန်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး လင်းဖုန်း၏ အနားသို့ ပြန်ရောက်လာသည်။

လင်းဖုန်းသည်လည်း အသက်ရှင်ကျန်ရှိနေသော သိုင်းသမားခြောက်ဦးကို ဦးဆောင်ကာ အမြန် ဆုတ်ခွာတော့သည်။ သို့သော် ပုတ်သင်များ၏ အရှိန်က မနှေးလှပေ။ နောက်ဆုံးတွင် ရှိနေသော ဝမ်ရိမင်တစ်ယောက် ပုတ်သင်တစ်ကောင်၏ လျှာဖြင့် ရစ်ပတ်ကာ ပါးစပ်ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။ ရုတ်ချည်းဆိုသလို သူ အပိုင်းပိုင်း ပြတ်ထွက်သွားကာ ပုတ်သင်၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

လူသုံးဦး တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့သော်လည်း ကျန်လူများမှာမူ ဝမ်းနည်းနေရန်ပင် အချိန်မရှိကြပေ။ သူတို့ လမ်းတစ်လျှောက်လုံး မနားတမ်း ထွက်ပြေးလာခဲ့ကြရာ ယခင်က ကြွက်များကို တားဆီးထားခဲ့သော တံခါးဝသို့ ပြန်ရောက်လာကြသည်။

လူတိုင်း၏ မျက်လုံးများထဲတွင် ကူကယ်ရာမဲ့နေသော အရိပ်အယောင်များ ပေါ်လာသည်။ သူတို့တွင် ပြေးစရာ နေရာမရှိတော့ပေ။

ဘုန်း ဘုန်း ဘုန်း

ပုတ်သင်သုံးကောင်၏ ခြေသံများ နီးကပ်လာသည်နှင့်အမျှ လူတိုင်း တိတ်ဆိတ်သွားကြသည်။

ထိုပုတ်သင်သုံးကောင်သည်ကား အလွန်ပင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ ကောင်းလှပေ၏။ ပုတ်သင်သုံးကောင်စလုံး မပြောနှင့် တစ်ကောင်တည်းဆိုလျှင်ပင် သူတို့ ဆယ်ယောက်‌ပေါင်းထက် များစွာ ပိုမိုသန်မာပေသည်။ ထို့ပြင် လက်ရှိ သူတို့တွင် ဆုတ်စရာ လမ်းမရှိတော့ပေ။ ဤသည်ကား သေချာပေါက် မျှော်လင့်ချက်မဲ့သောအခြေအနေပင်။

“နှမြောစရာပဲ... ငါ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု မလုပ်ရသေးဘူး” ဖူလင်က ညည်းတွားလိုက်သည်။

“ငါလည်း ငါ့ရဲ့ မွေးရာပါစွမ်းရည်ကို အစွမ်းကုန် မလေ့လာရသေးဘူး” ဂရီမန်၏ မျက်လုံးများတွင်လည်း နောင်တရိပ်များ ပေါ်နေသည်။

သူတို့သည် တကယ်တန်းတွင် သေရမည်ကို မကြောက်ကြသော်လည်း သိုင်းပညာလမ်းစဉ်တွင် ပိုမို တိုးတက်အောင် မလုပ်နိုင်ခဲ့ခြင်းအတွက် နောင်တရနေကြသည်။ သူတော်စင်များက သူတို့အပေါ် ထိုမျှလောက်ထိ မျှော်လင့်ချက် ထားခဲ့သော်လည်း နောက်ဆုံးတွင် သူတို့ ဤတာဝန်ကို မပြီးမြောက်နိုင်တော့ပေ။ နှမြောစရာပင်။

လင်းဖုန်း၏ စိတ်ထဲတွင် အတွေးမျိုးစုံ ဝင်လာသည်။ ထိပ်တိုက် ရင်ဆိုင်မလား။ ယင်းကား သေချာပေါက် အမိုက်မဲဆုံး အပြုအမူ ဖြစ်ပေလိမ့်မည်။ ထိုပုတ်သင်သုံးကောင်စလုံးက ထိပ်တန်းနတ်ဆိုးစစ်သူကြီးများ ဖြစ်ကြသည်။ ထို့မျှသာမက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ရှိကြသည့် ဇီဝပြုပြင်သားရဲများလည်း ဖြစ်ကြပေလိမ့်မည်။

ဤဇီဝပြုပြင်သားရဲများသည်ကား တိုက်ပွဲနှင့် သတ်ဖြတ်ရန်အတွက်သာ မွေးဖွားလာကြခြင်း ဖြစ်၏။ သူတို့၏ စွမ်းရည်များ အားလုံးက ကြောက်မက်ဖွယ်အကောင်းဆုံးနှင့် ‌‌‌‌‌‌‌‌‌‌‌သေစေနိုင်မှုအများဆုံးရှိသည့် စွမ်းရည်များ ဖြစ်ကြသည်။

ထို့ကြောင့် သူတို့အားလုံးအတွက် မျှော်လင့်ချက်ဟူ၍ တစ်စွန်းတစ်စမျှပင် မရှိတော့သည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။ သို့သော်ငြား သူတို့အနေဖြင့် မတိုက်ခိုက်ကြည့်ဘဲနှင့် သေရမည့် ကံကြမ္မာကို မည်သို့ လက်ခံနိုင်ပါမည်နည်း။

“မင်းတို့ ငါ့ကို ယုံလား”

လင်းဖုန်း ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကျန်သိုင်းသမားငါးဦးကို ကြည့်လိုက်သည်။ သူ၏ တည်ကြည်‌လေးနက်လှသော လေသံတွင် ပြတ်သားမှုများ ရောပြွန်းပါဝင်နေသည်။

All Chapters