← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 20 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 20 Ch. 229-230

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၂၉) - ထိန်းချုပ်ခန်း

ဘာသာပြန် - အားသစ်

ဝီ...

စိတ်စွမ်းအားစက်လုံး တုန်ခါသွားပြီး လင်းဖုန်း၏ စိတ်စွမ်းအားများက သူ့စိတ်ထဲမှ ဒီရေလှိုင်းလုံးကြီးတစ်ခုအလား ပေါက်ကွဲထွက်ပေါ်လာသည်။

စိတ်စွမ်းအားများသည်ကား လေကဲ့သို့ပင်။ မျက်စိဖြင့် မမြင်နိုင်သော်လည်း အမှန်တကယ် တည်ရှိနေသည်။ လင်းဖုန်း၏ စိတ်စွမ်းအားများက ပုတ်သင်နှစ်ကောင်ထံသို့ တကယ့်မုန်တိုင်းအစစ်တစ်ခုအလား ပြေးဝင်တိုက်ခတ်သွားသည်။

ဝုန်း

ရုတ်ချည်းဆိုသလို ပုတ်သင်နှစ်ကောင်စလုံး ခေါင်းကွဲမတတ် နာကျင်မှုကို ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် ထိုသားရဲနှစ်ကောင်စလုံး နာကျင်မှုကြောင့် ရူးသွပ်သွားကြတော့သည်။ ပုတ်သင်နှစ်ကောင်စလုံး မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီး ခေါင်းကို မြေပြင်နှင့် ပြင်းပြင်းထန်ထန် ဆောင့်နေသဖြင့် အပျက်အစီးနယ်မြေတစ်ခုလုံး ငလျင်လှုပ်သည့်အလား တုန်ခါသွားသည်။

“ဒီလောက်တောင် အစွမ်းထက်တာလား”

လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏ စိတ်စွမ်းအားမုန်တိုင်းက ဤမျှအထိ ထိရောက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် စိတ်စွမ်းအားမုန်တိုင်းကို သူ အချိန်အကြာကြီး မထိန်းထားနိုင်ပေ။ တကယ်လည်း ခဏတာမျှသာ ခံ၏။

ဆယ့်တစ်စက္ကန့်... ဆယ့်နှစ်စက္ကန့်... ဆယ့်သုံးစက္ကန့်... ဆယ့်လေးစက္ကန့်...

ပုတ်သင်နှစ်ကောင်ကား အရူးအမူး ဟိန်းဟောက်နေကြရ၏။ မြေပြင်ကို ပြင်းပြင်းထန်ထန် ဆောင့်နေပုံကို ကြည့်ခြင်းအားဖြင့် သူတို့၏ ခေါင်းများ မည်မျှနာကျင်နေကြောင်း ထင်ရှားလှသည်။ လင်းဖုန်း ချက်ချင်း ပြေးဝင်သွားကာ သူ့ခွန်အားအားလုံးကို စုစည်းပြီး ပုတ်သင်၏ ဒဏ်ရာဆီသို့ ထပ်မံထိုးနှက်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း

သူ အကြိမ်ကြိမ် ထိုးနှက်ကန်‌ကျောက်နေသော်လည်း မည်မျှပင် ကြိုးစားစေကာမူ ဒဏ်ရာကို ပိုဆိုးသွားအောင် မလုပ်နိုင်ခဲ့ပေ။

ဆယ့်ငါးစက္ကန့်... ဆယ့်ခြောက်စက္ကန့်... ဆယ့်ခုနစ်စက္ကန့်...

လင်းဖုန်း၏ ခေါင်းပင် အနည်းငယ် မူးဝေလာပြီး သူ့စိတ်စွမ်းအားလုံး မှေးမှိန်အားနည်းသွားသောအခါ လင်းဖုန်း စိတ်စွမ်းအားမုန်တိုင်းကို ဆက်လက် မထုတ်ဖော်နိုင်တော့ပေ။ ပုတ်သင်နှစ်ကောင် သူတို့၏ ခေါင်းများ ပြန်မော့လာကြပြီး အလွန်တရာ အမျက်ထွက်နေဟန်ဖြင့် ရက်စက်ကြမ်းကြုတ်ကာ သွေးဆာနေသော အကြည့်များကို လှစ်ဟပြသလာကြသည်။

“ဂရား...”

ပုတ်သင်နှစ်ကောင်စလုံး လုံးဝအတောမသတ်နိုင်အောင် ဒေါသထွက်နေကြသည်။ သူတို့ထဲမှ တစ်ကောင်က လင်းဖုန်းထံသို့ တဟုန်ထိုးပြေးဝင်ကာ ခေါင်းဖြင့် ရက်စက်ကြမ်းကြုတ်စွာ ဝင်တိုက်လိုက်သည်။

လင်းဖုန်း၏ ခန္ဓာကိုယ်မှာ ရုတ်ချည်းပင် နောက်သို့ လွင့်ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် ထိုပုတ်သင်က သွေးဆာနေဟန်ဖြင့် အသွေးအသားအစအနများ ကပ်ငြိပေကျံနေသော ပါးစပ်ကြီးကို ဟကာ လင်းဖုန်းကို တစ်ကိုက်တည်း ဝါးမြိုရန် ကြိုးစားလိုက်သည်။

လင်းဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည်ကား ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပြီ ဖြစ်၏။ သူ့ဒဏ်ရာများက မသေနိုင်သော အစွမ်းသတ္တိကြောင့် အလျင်အမြန်ပြန်လည်ကောင်းမွန်လာသော်လည်း လင်းဖုန်းအတွက် ပြန်လည်ကုစားရန် အချိန်လုံးဝမရှိတော့ပေ။ အထူးသဖြင့် သူ့စိတ်ထဲမှ စိတ်စွမ်းအားများကို အလွန်အကျွံ အသုံးပြုထားခြင်းကြောင့် လင်းဖုန်း သတိလစ်လုမတတ် ဖြစ်နေသည်။

“ထွက်သွားစမ်း”

လင်းဖုန်း ဟိန်းဟောက်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ ခွန်အားအားလုံးကို ထပ်မံ စုစည်းလိုက်သည်။ သူ ပုတ်သင်၏ နှာဖျားကို ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ဆောင့်ကန်လိုက်သည်။ ထိုမှတစ်ဆင့် ပုတ်သင်၏ အားကို အသုံးချကာ လေထဲမှတစ်ဆင့် အနောက်သို့ ဆုတ်ခွာကာ မြေပြင်ပေါ်သို့ ကမန်းကတမ်း ဆင်းသက်လိုက်သည်။

လင်းဖုန်း အသက်ပြင်းပြင်း ရှူနေရသည်။ သူ စောစောက တိုက်ကွက်တိုင်းအတွက် စွမ်းအင်များစွာ အသုံးပြုခဲ့ရသောကြောင့် အလွန်မောဟိုက်နေလေပြီ။ ထို့ပြင် စိတ်စွမ်းအားကိုလည်း အလွန်အကျွံ အသုံးပြုခဲ့ရသဖြင့် ခေါင်းတစ်ခုလုံး အုံခဲမူးဝေနေသည်။ လက်ရှိအချိန်တွင် သူ သတိလစ်မသွားဘဲ တောင့်ခံထားနိုင်ရန် သူ၏ စိတ်ဆန္ဒတစ်ခုတည်းကိုသာ အားကိုးနေရသည်။

သူ့ခန္ဓာကိုယ်ထဲရှိ အရိုးနှင့် အသားများသည်ကား ရစရာမရှိအောင် ကျိုးကြေပျက်စီးနေ၏။ ပုတ်သင်၏ အမြီးကြောင့် ကြေမွသွားခြင်းဖြစ်သည့်အပြင် ထိုသားရဲများ အသုံးပြုသော အလင်းတန်းများကလည်း လင်းဖုန်း၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနေသည်။

ဖျက်ဆီးခြင်းနှင့် ပြန်လည်ကုသခြင်း။ လင်းဖုန်း သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်များ၏ ပြောင်းလဲမှုများကို ဤမျှ နီးနီးကပ်ကပ် တစ်ခါမှ မခံစားဖူးပေ။ သို့သော် ယခုအခါ သူသည် လမ်းဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ရာ သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်များ၏ အပြောင်းအလဲ အမျိုးမျိုးကို သူ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

ပုတ်သင်ဝင်တိုက်ခံရခြင်းကြောင့် ရရှိလာသည့် ပြင်းထန်လှသော ဒဏ်ရာတချို့ ရှိသည်။ တကယ်တန်းတွင် ထိုဒဏ်ရာများကို ပြန်လည်ကုသရန်က နှိုင်းယှဉ်ကြည့်လျှင် ပိုမိုလွယ်ကူပေ၏။ သို့သော် ပုတ်သင်နှစ်ကောင်၏ စွမ်းအင်အလင်းတန်းများတွင် လင်းဖုန်း ခန္ဓာကိုယ်ထဲရှိ ဆဲလ်အမျိုးမျိုးကို အဆက်မပြတ် ဖျက်ဆီးနေသော ထူးဆန်းသည့် စွမ်းအားတစ်ခု ပါဝင်နေသည်။ ဆဲလ်တစ်ခုစီ ပျက်စီးသေဆုံးသွားတိုင်း လင်းဖုန်း၏ ဒဏ်ရာများက ပိုမိုဆိုးရွားလာသည်။

သို့သော် တစ်ချိန်တည်းတွင်ပင် လင်းဖုန်း၏ အခြားသော ဆဲလ်များကလည်း ပျက်စီးသွားသည့် ထိုဆဲလ်များနေရာတွင် အစားထိုးရန် အဆက်မပြတ် ကွဲပွားနေကြသည်။

“ဒါက...”

လင်းဖုန်းတစ်ယောက် သူ့ခန္ဓာကိုယ်အကြောင်းကို ပြည့်ပြည့်စုံစုံ နားလည်ထားခြင်း မရှိဖူးကြောင်း ရုတ်တရက် ခံစားလိုက်မိသည်။ သူ၏ ခွန်အားစွမ်းရည်၊ မသေနိုင်သော အစွမ်းသတ္တိ၊ ချပ်ဝတ်တန်ဆာ၊ ကျောက်ဖြစ်စေခြင်းအတတ်၊ သို့တည်းမဟုတ် ထက်မြသောဦးချို စသည့် မွေးရာပါစွမ်းရည်များက မည်သို့ ပေါ်ပေါက်လာသည်ကို သူ မသိပေ။

လင်းဖုန်း ယခု ပြင်းပြင်းထန်ထန် ဒဏ်ရာရချိန်၌ ခံစားရသကဲ့သို့ သူ့ ခန္ဓာကိုယ်အကြောင်းကို ဤမျှ ရှင်းရှင်းလင်းလင်း တစ်ခါမှ နားမလည်ခဲ့ဖူးပေ။

အမှောင်ထုထဲတွင် လင်းဖုန်း၏ စိတ်ထဲ၌ ဉာဏ်အလင်း တစ်ပွင့် ပေါ်လာသကဲ့သို့ပင်။ သူ ထိုအရာကို ဆုပ်ကိုင်ချင်သော်လည်း မည်သို့ ဆုပ်ကိုင်ရမည်မှန်း မသိပေ။

အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုက အတိအကျဆိုရင် ဘာလဲ။

ယင်းကား အသက်အနှစ်သာရ၏ အဆင့်မြင့်တက်ခြင်း၊ အသက်အနှစ်သာရ၏ ဆင့်ကဲပြောင်းလဲခြင်းသာ မဟုတ်ပါလော။ ထို့ပြင် ထိုသို့ အသက်ဝိညာဉ်အဆင့်တက်ခြင်းအတွက် ခန္ဓာကိုယ်က အခြေခံအုပ်မြစ်ပင် မဟုတ်လော။ အကယ်၍ လူတစ်ယောက်က မိမိ၏ ခန္ဓာကိုယ်ကိုပင် နားမလည်နိုင်ပါက မည်သို့ ဆင့်ကဲပြောင်းလဲပြီး အဆင့်မြင့်တက်နိုင်မည်နည်း။

လင်းဖုန်းတစ်ယောက် အတိတ်က လမ်းမှားကို ရွေးချယ်ခဲ့မိကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သို့တည်းမဟုတ် အတိတ်က သူ၏ ကြိုးစားအားထုတ်မှုများက နေရာမှားနေခဲ့သည်။ သူ့ရှေ့တွင် လမ်းကြောင်းတစ်ခု အမြဲတစေ ရှိနေခဲ့သော်လည်း သူ တစ်ခါမှ မလျှောက်ခဲ့မိပေ။

အကယ်၍ သူ ဤတစ်ကြိမ်သာ အသက်ရှင်နိုင်ခဲ့ပါက သူ့ခန္ဓာကိုယ်ကို လေ့လာရန် သေချာပေါက် အာရုံစိုက်ရမည်။ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုက သူ့ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသည်လည်း ဖြစ်နိုင်၏။

သို့သော် ဤမျှ ပြင်းထန်သော ဒဏ်ရာများကို ခံစားရပြီးနောက် သူ အသက်ရှင်နိုင်ပါဦးမည်လော။

“ကဲ လင်းဖုန်း... တံခါး ပွင့်သွားပြီ။ မြန်မြန် ဝင်သွားတော့”

လောင်ဘီသမ်၏ အလောတကြီး အသံက လင်းဖုန်း၏ စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။

“တံခါး ပွင့်သွားပြီလား”

လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ ခုနက သူ အသက်လုနေရစဉ်မှာပင် စက္ကန့် ၂၀ ဆိုသည့် အချိန်က မသိမသာ ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။ လောင်ဘီသမ်က လင်းဖုန်းကို စိတ်မပျက်စေဘဲ တံခါးကို အမြန်ဆုံးနှုန်းဖြင့် ဖွင့်ပေးနိုင်ခဲ့သည်။

ဂျလိန်း...

ထိန်းချုပ်ခန်း၏ တံခါးက ဖြည်းဖြည်းချင်း စတင်ပွင့်လာသည်။ လင်းဖုန်းရှေ့ရှိ ပုတ်သင်သည်ကား သွေးဆာနေသော ပါးစပ်ကြီးကို ဟထားပြီး ပြင်းပြင်းထန်ထန် ကိုက်ချတော့မည် ဖြစ်သည်။ လင်းဖုန်း ရုတ်တရက် သူ့လက်မောင်းဖြင့် အစွမ်းကုန် တွန်းထုတ်လိုက်သည်။

ဂျွတ်

ပုတ်သင်က လင်းဖုန်း၏ လက်မောင်းကိုသာ ကိုက်ဖြတ်မိသွားသည်။ လက်ချောင်းလေးတစ်ချောင်း ဒဏ်ရာရသည်ကပင် နာကျင်ရ၏။ လက်မောင်းတစ်ဖက်ဆိုလျှင်မူ ဆိုဖွယ်ရာ မရှိတော့ပေ။ လင်းဖုန်း နာကျင်မှုကြောင့် သတိလစ်လုမတတ် ဖြစ်သွားသည်။ အထူးသဖြင့် ယခုလက်ရှိ သူ့စိတ်စွမ်းအားများအားလုံး ကုန်ဆုံးနေပြီး အချိန်တိုင်း လဲကျသွားလုနီးပါး ဖြစ်နေချိန်တွင် သူ ထိုနာကျင်မှုကို အောင့်အည်းသည်းခံနိုင်ဖို့ ခက်ခဲလှပေသည်။

သို့သော် လင်းဖုန်း ဆုံးရှုံးမှုကို လျစ်လျူရှုကာ သူ့လက်မောင်းကို ပုတ်သင်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ပုတ်သင်က လက်မောင်းကို ကိုက်ဖြတ်နေသည့် အချိန်လေးကို အသုံးချကာ ပုတ်သင်၏ ခေါင်းကို ခြေထောက်တစ်ဖက်ဖြင့် ဆောင့်ကန်ပြီး တံခါးဆီသို့ အလျင်အမြန် ခုန်ဝင်သွားသည်။

တံခါးက ဖြည်းဖြည်းချင်းသာ ပွင့်နေသည်။ ထိုသည်ကား အလွန်နှေးကွေးလွန်းပြီး လက်ရှိအချိန်တွင် သာမန်လူတစ်ယောက် ဝင်နိုင်ရုံသာ ရှိသေးသည်။ လင်းဖုန်း တံခါးဆီသို့ ခုန်ဝင်သွားကာ ရှေ့သို့ လှိမ့်ချလိုက်ပြီး ပွင့်ဟနေသည့် နေရာလပ်မှတစ်ဆင့် တိုးဝင်သွားတော့သည်။

ပုတ်သင်နှစ်ကောင်မှာ အလွန် ဒေါသထွက်နေကြသည်။ သူတို့ တံခါးကို ကြည့်ကာ ဟိန်းဟောက်လိုက်ကြပြီး အစွမ်းကုန် ဝင်တိုက်ကြသော်လည်း တံခါးမှာကား လုံးဝမလှုပ်ရှားပေ။ အနည်းငယ်မျှပင် ထိခိုက်ပျက်စီးခြင်း မရှိပေ။

“ဟူး...”

လင်းဖုန်း သက်ပြင်းတစ်ချက် ချလိုက်သော်လည်း တံခါးက ဖြည်းဖြည်းချင်း ပွင့်လာနေဆဲပင်။ ထို့ကြောင့် လင်းဖုန်းက လောင်ဘီသမ်ကို ကမန်းကတမ်း ပြောလိုက်သည်။

“လောင်ဘီသမ်... တံခါးကို မြန်မြန် ပိတ်လိုက်တော့”

“ပိတ်လို့ မရသေးဘူး။ တံခါးက လုံးဝပွင့်သွားပြီးမှပဲ ပြန်ပိတ်လို့ ရမှာ။ အဲဒီအချိန်ကျရင် ပုတ်သင်နှစ်ကောင်က ငါတို့ကို မှီလာလိမ့်မယ်။ မင်း အရင်ဆုံး ပုန်းဖို့နေရာတစ်ခုရှာတာ ပိုကောင်းမယ်။ မင်းရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် သားရဲနှစ်ကောင် မင်းကို မှီသွားတာနဲ့ မင်း သေချာပေါက် သေလိမ့်မယ်”

လင်းဖုန်းသည်ကား အမှန်တကယ်ပင် ပြိုလဲလုနီးပါး ဖြစ်နေ၏။ သူ လက်မောင်းတစ်ဖက် ဆုံးရှုံးခဲ့ရပြီး သူ့ခန္ဓာကိုယ်ကလည်း အတွင်းဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ မသေနိုင်သော အစွမ်းသတ္တိကြောင့် အလျင်အမြန် ပြန်လည်ကောင်းမွန်လာခြင်းသာ မရှိပါက ယခုအချိန်တွင် သူ လှုပ်ရှားနိုင်စွမ်းပင် ရှိတော့မည် မဟုတ်ပေ။

သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ပတ်ပတ်လည်တွင် စက်ကိရိယာများစွာ ရှိနေသည်ကို သတိပြုမိလိုက်သည်။ မြင်ရသည်တိုင်းက သိပ္ပံစိတ်ကူးယဉ်ဆန်သော ခံစားချက်မျိုး ပေးစွမ်းနေသည်။

ဤနေရာသည်ကား အမှန်တကယ်ပင် ထိန်းချုပ်ခန်း ဖြစ်၏။ အကယ်၍ လင်းဖုန်းတွင်သာ အချိန်ရှိပါက လောင်ဘီသမ်အား အပျက်အစီးနယ်မြေကို ထိန်းချုပ်ကြည့်စေပြီး အပျက်အစီးနယ်မြေအတွင်းရှိ ကာကွယ်ရေးယန္တရားကို ပိတ်ခိုင်းနိုင်သည်။ ထိုသို့ ပြုလုပ်ပြီးနောက် သူ့တာဝန်ကလည်း ပြီးမြောက်သွားပေတော့မည်။ သူ့အနေဖြင့် သူတော်စင်ခန်းကို ဆက်သွယ်ပြီး ပညာရှင်များကို အပျက်အစီးများထဲသို့ လွှတ်ပေးစေရန်သာ လိုသည်။

သို့သော် ယခုအခါ တံခါးက ဖြည်းဖြည်းချင်း ပွင့်လာနေသည်နှင့်အမျှ ပုတ်သင်နှစ်ကောင်မှာလည်း အဆက်မပြတ် ဟိန်းဟောက်နေပြီး မည်သည့်အချိန်တွင်မဆို ပြေးဝင်လာရန် အသင့်ဖြစ်နေသည်။ လင်းဖုန်း ထိန်းချုပ်ခန်းထဲတွင် ဆက်နေရန် အချိန်လုံးဝမရှိပေ။

“လောင်ဘီသမ်... ထိန်းချုပ်ခန်းထဲမှာ အရေးပေါ် လမ်းကြောင်းတွေ ရှိရမယ် မဟုတ်လား”

“အရှေ့ဘက်မှာ ရှိရမယ်။ မြန်မြန် သွားရှာချေ။ ဟိုကောင်တွေ ဝင်လာတော့မယ်”

လင်းဖုန်း ထိန်းချုပ်ခန်းဘေးရှိ လမ်းကြောင်းတစ်ခုဆီသို့ အလျင်စလို လျှောက်ဝင်သွားလိုက်သည်။ ထိုလမ်းကြောင်းက အောက်ဘက်သို့ ဆင်းသွားသည်။ လင်းဖုန်း လျှောက်သွားသည်နှင့်အမျှ လမ်းကြောင်းထက်ရှိ မီးများက တစ်ပွင့်ချင်း လင်းလာသည်။

သူ့နောက်တွင် လင်းဖုန်း ပုတ်သင်နှစ်ကောင်၏ ခြေသံများနှင့် ဟိန်းဟောက်သံများကို အသေအချာ ကြားလိုက်ရသည်။ ထိုသားရဲနှစ်ကောင် သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာကြဆဲပင်။

လင်းဖုန်းသည် မည်မျှကြာကြာ တောင့်ခံထားနိုင်မည်ကို တွေးမရဖြစ်နေစဉ်မှာပင် နောက်ထပ် တံခါးတစ်ချပ်က သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ထို့ပြင် လမ်းကြောင်းကလည်း အဆုံးသတ်သွားလေပြီ။ ရှေ့တွင် ရှေ့ဆက်စရာ လမ်းမရှိဘဲ ဤတံခါးသာ ရှိတော့သည်။

“ငါ ဘာလုပ်ရမလဲ”

လင်းဖုန်း အကြံအိုက်သွားသည်။ ရှေ့တွင် လမ်းမရှိတော့သလို နောက်တွင်လည်း ပုတ်သင်နှစ်ကောင် ရှိနေသည်။ ဤတစ်ကြိမ်တွင် သူ အမှန်တကယ်ပင် လမ်းဆုံးသွားပြီဟု ထင်ရပေသည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၃၀) - နိုးထလာခြင်း

ဘာသာပြန် - အားသစ်

“မြန်မြန်... ဆက်သွယ်ရေးကိရိယာကို လျှပ်စစ်သုံး တံခါးသော့ပေါ် တင်လိုက်။ ဒီတံခါးက အပြင်ကတံခါးနဲ့ ဆင်တယ်။ ငါ ဖွင့်နိုင်တယ်”

လောင်ဘီသမ်၏ လေသံတွင်လည်း အလျင်စလိုဖြစ်နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။ သူ လင်းဖုန်းကို တကယ် မသေစေချင်ပေ။ အကယ်၍ လင်းဖုန်း သေသွားခဲ့လျှင် အခြားဆက်ခံသူတစ်ဦးကို ရှာဖွေရန်က ထိုမျှ လွယ်ကူမည် မဟုတ်ပေ။

လင်းဖုန်း၏ မွေးရာပါပါရမီက သိပ်မကောင်းလှသော်လည်း သူက တော်တော်လေး ကံကောင်းသည်။ နောက်တစ်ကြိမ် လင်းဖုန်းကဲ့သို့ ကံကောင်းသူတစ်ဦးနှင့် ထပ်မံတွေ့ဆုံနိုင်လိမ့်မည်ဟု လောင်ဘီသမ် မထင်ပေ။

ထို့ကြောင့် လုံးဝ မလွှဲသာမရှောင်သာသော အခြေအနေမျိုးမဟုတ်ပါက သူ လင်းဖုန်းကို မသေစေချင်ပေ။

ဥမင်ထဲရှိ ခြေသံများက တဖြည်းဖြည်း နီးကပ်လာသည်။ လင်းဖုန်း ခက်ခက်ခဲခဲ ရုန်းကန်ကာ ဆက်သွယ်ရေးကိရိယာကို လျှပ်စစ်သုံးတံခါးသော့ပေါ်သို့ အလျင်အမြန် တင်လိုက်သည်။

တင်ပြီး နှစ်စက္ကန့် သုံးစက္ကန့်ခန့်အကြာတွင် တံခါးက ဝုန်းခနဲ မည်သံနှင့်အတူ အလျင်အမြန် ပွင့်လာသည်။

“ပွင့်ပြီ... ပွင့်ပြီ”

လင်းဖုန်း အလွန်အံ့ဩဝမ်းသာဖြစ်သွားကာ ချက်ချင်းပင် မြေပြင်ပေါ်တွင် လှိမ့်ကာ တံခါးထဲသို့ ဝင်သွားသည်။ တံခါးအတွင်းရှိ အခြေအနေကိုပင် ကြည့်ရန် အချိန်မရတော့ဘဲ ကမန်းကတမ်း အော်ပြောလိုက်သည်။

“တံခါးကို အခု ချက်ချင်း ပိတ်လိုက်တော့”

အဝေးတွင် သူတို့နောက်သို့ အရူးအမူး လိုက်လာသော ပုတ်သင်နှစ်ကောင်ကို မြင်နေရပြီ ဖြစ်သည်။ သို့သော် တံခါးက တဖြည်းဖြည်း စတင်ပိတ်နေလေပြီ။

ဘုန်း

တံခါး လုံးဝပိတ်သွားသောအခါမှသာ လင်းဖုန်း သက်ပြင်းချနိုင်တော့သည်။ အပြင်ဘက်မှ ပုတ်သင်နှစ်ကောင်၏ ဟိန်းဟောက်သံများကို သူ ကြားနေရဆဲပင်။ သူတို့ တံခါးကို ဖျက်ဆီးပစ်ချင်နေကြဆဲ ဖြစ်သော်လည်း သူတို့၏ ကြိုးပမ်းမှုများက လုံးဝအချည်းနှီးသာပင်။

လင်းဖုန်း တံခါးကိုမှီကာ မြေပြင်ပေါ်သို့ အားနည်းပင်ပန်းစွာ လဲကျသွားသည်။ သူ အလွန်တရာ ပင်ပန်းနေသဖြင့် မျက်လုံးပင် မဖွင့်ချင်တော့ပေ။ သူ့စိတ်အစဉ်က ပျက်စီးလုနီးပါး ဖြစ်နေပြီး သူ့ခန္ဓာကိုယ်ကလည်း နာကျင်ကိုက်ခဲကာ အားနည်းနွမ်းလျနေသည်။ ယခု သူလုပ်လိုသမျှသည်ကား အိပ်စက်ရန်သာ။

“လင်းဖုန်း... ကြည့်စမ်း၊ ဒါတွေက ဘာတွေလဲ”

သူ မိန်းမူးကာ သတိလက်လွတ်ဖြစ်နေသော အခြေအနေတွင် လောင်ဘီသမ်၏ အံ့ဩတကြီး အသံကို လင်းဖုန်း ဝေဝေဝါးဝါး ကြားလိုက်ရသည်။ သူ့လေသံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ လင်းဖုန်း ကြည့်ရှုရန်အတွက် မျက်လုံးများကို အစွမ်းကုန် ဖွင့်ကြည့်ရန် ကြိုးစားခဲ့သော်လည်း မည်မျှပင် ကြိုးစားစေကာမူ သူ့အမြင်အာရုံမှာ ဝေဝါးနေဆဲပင်။

ဘုတ်

နောက်ဆုံးတွင် လင်းဖုန်း၏ ခန္ဓာကိုယ်မှာ အားပျော့သွားသည်။ သူသည် မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

...

သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့သည် ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ အခြေစိုက်စခန်းတစ်ခုကို ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေကြ၏။

ဤအခြေစိုက်စခန်းက သာမန်မဟုတ်ပေ။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသည်ကား ပုံမှန်အဖွဲ့ဝင်များသာ ဖြစ်၏။ အစစ်အမှန် အဓိကအင်အားစုသည်ကား နတ်ဘုရားနယ်ပယ် သိုင်းသမားများ ဖြစ်ကြသည်။

နတ်ဘုရားနယ်ပယ် သိုင်းသမားများ၏ အထက်တွင် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ ရှိကြပြီး ထိုသူတို့ကို သူတော်စင်များက ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲနေကြခြင်း ဖြစ်သည်။

ဤအခြေစိုက်စခန်းမှာ ကြမ်းကြုတ်သားရဲများကို ခုခံရန် မဟုတ်ဘဲ လေနက်ချောက်ကမ်းပါးကို အနီးကပ် စောင့်ကြည့်ရန်သာ ဖြစ်သည်။ လူသားများ သိထားကြသော တားမြစ်နယ်မြေလေးခုအနက်မှ တစ်ခုအနေဖြင့် သူတော်စင်နှစ်ပါး ကြီးကြပ်စောင့်ရှောက်နေခြင်းက လုံးဝပုံမှန်သာ ဖြစ်သည်။ အထူးသဖြင့် လေနက်ချောက်ကမ်းပါးအတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးကြီးတစ်ကောင် ပုန်းကွယ်နေနိုင်သောကြောင့် ဖြစ်သည်။

လွန်လေပြီးသော အချိန်တစ်ခုအကြာက လေနက်ချောက်ကမ်းပါးတွင် နတ်ဆိုးဧကရာဇ်ကိုးကောင် စုဝေးခဲ့ခြင်းက သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ကို အလွန် စိုးရိမ်ပူပန်စေခဲ့ပြီး ဖြစ်သည်။ သူတို့ ပြန်ကွဲသွားခဲ့ပြီ ဖြစ်သော်လည်း ထိုကိစ္စက ထင်သလောက် မရိုးရှင်းကြောင်း သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ ခံစားနေရဆဲပင်။

လေနက်ချောက်ကမ်းပါးအတွင်းတွင် သူတို့ မသိသော လျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်ပေသည်။ ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခုခု ဖြစ်ပေါ်လာပါလျှင် ထိုသည်က ကမ္ဘာကြီးကို တုန်လှုပ်စေမည်ဖြစ်ပြီး လူသားယဉ်ကျေးမှု တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်လောက်ပေသည်။

“သုံးရက်ရှိပြီ မဟုတ်လား” သူတော်စင်ခန်းက ရုတ်တရက် မေးလိုက်သည်။

“သုံးရက်ကျော်သွားပြီ။ ဆက်သွယ်ရေးကိရိယာတွေဆီက ဘာသတင်းမှ မရသေးသလို အပျက်အစီးနယ်မြေဆီကလည်း ဘာလှုပ်ရှားမှုမှ မရှိဘူး။ ငါတော့ သူတို့အတွက် နိမိတ်မကောင်းဘူးလို့ ထင်တယ်...”

သူတော်စင်ယွမ်ယီက သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။ အမှန်တကယ်တော့ သူတို့နှစ်ယောက် ဤမျှလောက် မျှော်လင့်ချက် ကြီးကြီးမားမား မထားသင့်ပေ။ သူတို့ အထက်ပိုင်းပုဂ္ဂိုလ် ဘယ်နှယောက်ကို အထဲသို့ လွှတ်ခဲ့ပြီးပြီလဲ။ နောက်ဆုံးတွင် တစ်ယောက်ယောက်များ အောင်မြင်ခဲ့ဖူးပါသလော။

တစ်ယောက်မှ မရှိခဲ့ပေ။ လူတိုင်း အပျက်အစီးနယ်မြေထဲတွင် ပျောက်ဆုံးသွားခဲ့ပြီး သူတို့၏ သတင်းကို တစ်ခါမျှပင် ပြန်မကြားရတော့ပေ။

သံသယဖြစ်ဖွယ်မရှိ လင်းဖုန်းနှင့် အခြားသူများမှာ ဤတစ်ကြိမ်တွင်လည်း ကျရှုံးသွားခဲ့သည်က ဖြစ်နိုင်ခြေ များလှသည်။

“ဟူး... နှမြောစရာပဲ။ လင်းဖုန်းနဲ့ ဂရီမန်တို့ နှစ်ယောက်စလုံးက နတ်ဘုရားနယ်ပယ် သိုင်းသမားတွေ ဖြစ်လာဖို့ အခွင့်အရေး ရှိနေတာကို။ အခုတော့ ဒီအပျက်အစီးနယ်မြေထဲမှာ မြုပ်နှံသွားရပြီ။ နောင်ကျရင် ဒီအပျက်အစီးနယ်မြေထဲကို ဘယ်သူမှ ထပ်မလွှတ်ပါနဲ့တော့။ ဒီအပျက်အစီးနယ်မြေနဲ့ လွန်ခဲ့တဲ့သုံးရက်က စစ်တပ်မှာ ပေါက်ကွဲခဲ့တဲ့ ဘေးအန္တရာယ်က ယဉ်ကျေးမှု တစ်ခုတည်းကနေ ကျန်ရစ်ခဲ့တာ ဖြစ်မယ်လို့ ငါ သံသယရှိတယ်”

သူတော်စင်ခန်း၏ အမူအရာက လေးနက်နေသည်။

“စစ်တပ်မှာဖြစ်တဲ့ အဲဒီဘေးအန္တရာယ်က နည်းနည်းတော့ ဒုက္ခရောက်တယ်။ အဲဒီ ဧရာမစက်ရုပ်တွေက စစ်လက်နက်တွေဆိုတာ ထင်ရှားတယ်။ သူတို့က ဖျက်ဆီးဖို့နဲ့ သတ်ဖြတ်ဖို့ကိုပဲ အာရုံစိုက်ကြပြီးတော့ အမဲလိုက်သားရဲတွေထက်တောင် ပိုပြီးတော့ ကြောက်စရာကောင်းတယ်”

သူတော်စင်ယွမ်ယီအနေဖြင့် စစ်တပ်အဖွဲ့အစည်းက ထိုကပ်ဘေးကို မနှိမ်နင်းနိုင်မည်ကို အနည်းငယ် စိုးရိမ်နေသည်။

“ဒါက တကယ်ကို ကပ်ဘေး တစ်ခုပါပဲ။ ဒါပေမဲ့ ကြီးမားတဲ့ အခွင့်အရေး တစ်ခုလည်း ဖြစ်နိုင်တယ်။ တကယ်လို့ငါတို့ အဲဒီနည်းပညာတွေကို နားလည်သဘောပေါက်ပြီး အဲလို စက်ရုပ်မျိုးတွေ ဖန်တီးနိုင်မယ်ဆိုရင် သားရဲတွေကို ရင်ဆိုင်ရတာ အများကြီး ပိုလွယ်သွားလိမ့်မယ်။ စစ်တပ်အဖွဲ့အစည်းက ဒီကိစ္စကို ကိုင်တွယ်နေတာဆိုတော့ လောလောဆယ် မြို့တွေဆီကို ပျံ့နှံ့သွားမှာ မဟုတ်ပါဘူး”

“ဘယ်လောက်တောင် ယုတ်မာပက်စက်လိုက်လဲ။ အဲဒီနတ်ဆိုးဧကရာဇ်တွေက ငါတို့ကို ဆွဲမထားဘူးဆိုရင် ငါတို့ သူတော်စင်ကိုးပါးထဲက တစ်ယောက်ယောက်က အဲဒီဘေးအန္တရာယ်ကို အလွယ်တကူ ဖြေရှင်းနိုင်တယ်”

သူတော်စင်ယွမ်ယီမှာ အခြေအနေကို လက်ခံရန် အနည်းငယ် ဝန်လေးနေသည်။ သူတော်စင်ကိုးပါးက ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာကို ကြီးကြပ်ကွပ်ကဲနေရသည့် အကြောင်းရင်းက အမှန်တကယ်တော့ နတ်ဆိုးဧကရာဇ်များကို ခြိမ်းခြောက်ထားရန်သာ ဖြစ်သည်။ ထိုနတ်ဆိုးဧကရာဇ်များသည်လည်း အလွန် ကောက်ကျစ်လှ၏။ သူတော်စင်များ ထွက်သွားသည်နှင့် သူတို့လည်း ထွက်လာကြပေလိမ့်မည်။

အကယ်၍ သူတို့သာ လူသားများ၏ အချက်အချာကျသော ဒေသများသို့ ရောက်ရှိသွားပါက နောက်ဆုံးတွင် နတ်ဆိုးဧကရာဇ်များကို နှိမ်နင်းနိုင်မည် ဆိုလျှင်တောင် သူတို့က လူသားများကို ကြီးမားလှသည့် ထိုးနှက်ချက်တစ်ခု ပေးနိုင်သေးသည်။ ထိုသည်ကသာ ပြီးပြည့်စုံသော ကပ်ဘေးအန္တရာယ်တစ်ခု ဖြစ်သွားပေလိမ့်မည်။

တစ်ချိန်က နတ်ဆိုးဧကရာဇ်သုံးကောင် ဆောင်ကြဉ်းလာခဲ့သော ကပ်ဘေးသုံးခုကို စိတ်ထဲတွင် မှတ်ကျောက်တင်ထားသဖြင့် သူတော်စင်ကိုးပါးစလုံး သက်ဆိုင်ရာနယ်မြေမှ အလွယ်တကူ ထွက်မသွားရဲကြပေ။

“စောင့်ကြည့်ကြတာပေါ့။ တုန်ဖန်းရှန် ငါတို့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ်။ သူတော်စင် အသစ်တစ်ပါး ပေါ်လာရင် ငါတို့ အခြေအနေ အများကြီး ပိုကောင်းလာလိမ့်မယ်”

သူတော်စင်ခန်းသည် လျှပ်စစ်သုံးဖန်သားပြင်ကို ကြည့်ကာ မျက်လုံးအစုံကို မှိတ်လိုက်သည်။

လူသားများသည်ကား ကပ်ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြရ၏။ သူတို့ကဲ့သို့ သူတော်စင်များအနေဖြင့် လက်ရှိလူသားမျိုးနွယ်က ထွန်းကားစည်ပင်နေပုံရသော်လည်း ကြိုးတန်းပေါ် လမ်းလျှောက်နေရသည်ဖြစ်ကြောင်း ကောင်းကောင်း သိထားကြသည်။ အနည်းငယ် ပေါ့ဆလိုက်ရုံဖြင့် ကုန်းကောက်စရာမရှိအောင် ပျက်စီးသွားရပေလိမ့်မည်။

သူတို့သည် အချိန်တိုင်း ကြီးမားလှသည့် ဖိအားများအောက်တွင် ရှိနေကြ၏။

အပျက်အစီးနယ်မြေထဲရှိ လင်းဖုန်းနှင့် အခြားသူများအတွက်မူ သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ မျှော်လင့်ချက် ကြီးကြီးမားမား မထားတော့ပေ။

...

လင်းဖုန်းသည် မသဲမကွဲဖြင့် အမှောင်ထုထဲသို့ ကျဆင်းသွားသကဲ့သို့ ဖြစ်နေသည်။ တဖြည်းဖြည်းနှင့် သူ ပြန်နိုးထလာပြီး သတိပြန်လည်လာသည်။

“ငါ ဘယ်ရောက်နေတာလဲ” လင်းဖုန်း အကျယ်ကြီး အော်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

သူသည် စိတ်စွမ်းအားကို အသုံးပြု၍ မရသလို ကြယ်တာရာစွမ်းအားကိုလည်း လုံးဝ ခံစား၍မရပေ။

ရုတ်တရက် လင်းဖုန်းသည် သူ၏ ရှေ့တွင် ဧရာမအသားပိုကြီး တစ်ခုကို မြင်လိုက်ရသည်။ ထိုအသားပိုကြီးကား တောင်တစ်တောင်နီးပါး ကြီးမားလှ၏။ ထိုအသားပိုကြီးပေါ်တွင် ရှင်းလင်းပြီး အသေးစိတ်ကျသည့ ပုံစံကွက်တချို့ ရှိနေသည်။

လက်ရှိအချိန်တွင် လင်းဖုန်းသည် ဤပုံစံများတစ်လျှောက် မှိန်ဖျော့ဖျော့ စွမ်းအားတစ်ခု စီးဆင်းနေပြီး တဖြည်းဖြည်းနှင့် ယင်းတို့ထံမှ လျှံကျလာသည်ကို သတိပြုမိလိုက်သည်။

“ဒါကဘာလဲ...”

လင်းဖုန်း၏ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဤဧရာမအသားပိုကြီးမှာ အမှန်တကယ်တော့ အခြား ဧရာမအသားပိုကြီးတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ကွဲထွက်နေကြောင်း သူ သတိပြုမိလိုက်သည်။ ထိုဖြစ်စဉ်သည်ကား မရေမတွက်နိုင်သော ရှုပ်ထွေးသည့် ပုံစံများနှင့် အဆုံးမဲ့ စွမ်းအားများမှတစ်ဆင့် ပြောင်းလဲဖြစ်တည်နေခြင်းပင်။

နောက်ဆုံးတွင် ထိုအသားပိုကြီးသည် ထပ်တူညီသော နောက်ထပ် အသားပိုကြီးတစ်ခုအဖြစ်သို့ ကွဲထွက်သွားသည်။ ထိုနှစ်ခုအကြား လုံးဝကွာခြားချက်မရှိပေ။

“ကွဲထွက်ခြင်းလား”

လင်းဖုန်း၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ သူ တစ်ခုခုကို ဆုပ်ကိုင်မိသွားသကဲ့သို့ ဖြစ်သော်လည်း တစ်ခုခု လိုအပ်နေသေးသည်ဟုလည်း ခံစားနေရသည်။

ထို့နောက် လင်းဖုန်း အသားပိုကြီးဘေးတွင် ဆက်လက် နေထိုင်‌နေတော့သည်။

တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ...

လင်းဖုန်းသည် ပင်ပန်းခြင်း အလျဉ်းမရှိဘဲ အသားပိုကြီးများကို စူးစိုက်လေ့လာကြည့်ရှုနေခဲ့သည်။ ထိုအသားပိုကြီးများမှာ အလင်းပေါက်လုနီးပါး ဖြစ်နေသည်။ အပြင်ဘက်မှ ကြည့်လျှင် အထဲတွင် အရာအချို့ အဆက်မပြတ် စီးဆင်းနေသည်ကို မြင်တွေ့နိုင်သည်။ ရှုပ်ထွေးသော အသွင်ပြောင်းမှုများ ပြုလုပ်ပြီးမှသာ ကွဲထွက်ခြင်းမှ အသားပိုအသစ်တစ်ခု နောက်ဆုံးတွင် ကြီးထွားလာနိုင်ခြင်း ဖြစ်ပေသည်။

ဖြစ်စဉ်က အဆုံးမရှိသကဲ့သို့ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေပြီး ကွဲထွက်ခြင်းကလည်း ဆက်လက် ဖြစ်ပေါ်နေသည်။

မည်သို့ပင်ဆိုစေ လင်းဖုန်းသည် နားလည်မှု အသစ်တစ်ခုကို ရရှိသွားပုံရသည်။

“လင်းဖုန်း... ထတော့...”

ရုတ်တရက် လင်းဖုန်း တစ်ယောက်ယောက် သူ့ကို ခေါ်နေသည်ကို ကြားလိုက်ရသကဲ့သို့ပင်။ ပတ်ဝန်းကျင်ရှိ အမှောင်ထုက ချက်ချင်း ပျောက်ကွယ်သွားပြီး လောကကြီးတစ်ခုလုံး တစ်ပတ်လည်သွားသည်။ လင်းဖုန်း သူ့မျက်လုံးများကို ဖွင့်ရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။

All Chapters