← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 20 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 20 Ch. 231-232

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၃၁) - စွမ်းအင်စက်ရုံ

ဘာသာပြန် - အားသစ်

လင်းဖုန်း မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း သူ၏ဘေးတွင် မည်သူ့ကိုမျှ မတွေ့ရပေ။

“လင်းဖုန်း... မင်း နောက်ဆုံးတော့ နိုးလာပြီပဲ။ မင်း ဘယ်တော့မှ ပြန်မနိုးလာတော့ဘူးလို့တောင် ငါ ထင်နေခဲ့တာကွ။”

စကားပြောလိုက်သူက လောင်ဘီသမ်ပင်။ သူ့အသံက လင်းဖုန်း၏ စိတ်ထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ငါ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားတာလဲ”

“သုံးရက် ရှိသွားပြီ”

“ဒါဆို ငါတို့ ဒီအပျက်အစီးနယ်မြေထဲမှာ သုံးရက်ကျော်တောင် ကြာသွားပြီပေါ့”

လောင်ဘီသမ်က ပြန်မဖြေပေ။ သို့သော် သုံးရက်ကြာပြီးနောက် သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ပင် သူတို့အပေါ် မျှော်လင့်ချက် ကင်းမဲ့သွားလောက်ပြီဖြစ်ကြောင်း လင်းဖုန်း ကောင်းကောင်းသိသည်။

ဂရီမန်၊ ဖူလင်နှင့် ဒါဒန်တို့ ဘာဖြစ်သွားသလဲ ဆိုတာကို သူ မသိပေ။ သို့သော် တစ်ခုခု ဖြစ်သွားခဲ့လျှင်ပင် သူ ဘာမှ မတတ်နိုင်ပေ။ လက်ရှိအချိန်တွင် လင်းဖုန်း သူ့ကိုယ်သူပင် ကာကွယ်နိုင်ရန် ခက်ခဲနေ၏။

လင်းဖုန်း သူ၏စိတ်စွမ်းအားကို စစ်ဆေးကြည့်လိုက်သည်။ သူ့စိတ်ထဲရှိ စိတ်စွမ်းအားစက်လုံးက ဤသုံးရက်အတွင်း အလိုအလျောက် ပြန်လည်ကောင်းမွန်လာခဲ့သည်။ စင်စစ်တွင် လင်းဖုန်း စိတ်စွမ်းအား ပမာဏတစ်ခုအထိ ပြန်လည်ရရှိနေပြီဖြစ်ပြီး ခေါင်းမူးနေခြင်းလည်း မရှိတော့ပေ။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအတွက်မူ မသေနိုင်သော အစွမ်းသတ္တိက အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှပေသည်။ သုံးရက်ကြာပြီးနောက် သူ့ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံး ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။ အမာရွတ်တစ်ခုမျှပင် မကျန်တော့ပေ။ ထိုပြင်းထန်လှသည့် တိုက်ပွဲကို သူ လုံးဝ မကြုံတွေ့ခဲ့ရသကဲ့သို့ပင်။

“အပြင်က ပုတ်သင်တွေ ထွက်သွားပြီလား မသိဘူး။ အခု ငါ ထွက်သွားရင် ပုတ်သင်တွေနဲ့ ထပ်တွေ့ဦးမှာလား”

လင်းဖုန်း အပြင်ထွက်ချင်နေဆဲ ဖြစ်သည်။ သူသာ ထိန်းချုပ်ခန်းကို သိမ်းပိုက်နိုင်ပါက တာဝန် ပြီးမြောက်သွားပေလိမ့်မည်။

“လင်းဖုန်း... ထွက်သွားဖို့ကတော့ လုံးဝ မစဉ်းစားနဲ့။ ဒီအပျက်အစီးနယ်မြေက သုတေသနဌာနတစ်ခု ဖြစ်ရမယ်။ ပြီးတော့ သုတေသနဌာနရဲ့ ကာကွယ်ရေးယန္တရားကလည်း အသက်ဝင်နေပြီ။ အဲဒီ ဇီဝပြုပြင်သားရဲတွေက တကယ်တော့ ကာကွယ်ရေးယန္တရားတွေပဲ။ ကျူးကျော်သူတွေ အကုန်လုံးကို မသတ်ရမချင်း သူတို့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ မင်း ဒီနေရာကနေ ထွက်သွားတာနဲ့ မင်း ဒီလောက် ဆက်ကံကောင်းနေဦးမယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။”

“ဒါဆို ငါ ဘာလုပ်ရမလဲ။ ငါ သေတဲ့အထိ ဒီမှာပဲ ပိတ်မိနေရတော့မှာလား”

လောင်ဘီသမ်၏ စကားကို ကြားသောအခါ လင်းဖုန်း အနည်းငယ် စိုးရိမ်သွားသည်။ သူ ဤနေရာတွင် ထာဝရ ပုန်းအောင်းနေရန်က ဘယ်လိုနည်းနှင့်မှ မဖြစ်နိုင်ပေ။ သူက အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာဖြစ်ပြီး တစ်လ နှစ်လခန့် အစာမစားဘဲ အသက်ရှင်နိုင်သည်။

သို့သော် အချိန်အကြာကြီး ဆက်သွားပါက သူလည်း တောင့်ခံထားနိုင်မည် မဟုတ်ပေ။ သူ အစာငတ်ပြီး သေဆုံးသွားနိုင်သည်။

အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး အစာငတ်ပြီး သေဆုံးရခြင်းက အမှန်တကယ်ပင် ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်ပေလိမ့်မည်။

“လင်းဖုန်း... ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြုလုပ်ပြီး အဲဒီပုတ်သင်တွေကို အနိုင်ယူဖို့ မင်း တစ်ခါမှ မစဉ်းစားဖူးဘူးလား။ အဲဒီပုတ်သင်တွေက ဇီဝပြုပြင်သားရဲတွေ ဖြစ်ပေမဲ့ သူတို့က အပေါ်ယံ ဟန်ပြတွေပါပဲ။ မင်း ဒုတိယအကြိမ် အသက်ဝိညာဉ် အစွင်ပြောင်းလဲမှုကို အောင်မြင်ပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပိုင်နိုင်သွားတာနဲ့ အဲဒီပုတ်သင်သုံးကောင် မပြောနဲ့၊ အကောင်သုံးဆယ်ဆိုရင်တောင် မင်းအတွက် ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်ဘူး။”

လောင်ဘီသမ်၏ လေသံတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေသည်။ စင်စစ်တွင် ထိုဇီဝပြုပြင်သားရဲများဖြစ်စေ၊ ဤကမ္ဘာမှ နတ်ဆိုးများဖြစ်စေ လောင်ဘီသမ်အတွက်တော့ အထင်ကြီးစရာ မဟုတ်ပေ။ သူတော်စင်များ၏ တိုက်ခိုက်ရေးစွမ်းအားပင်လျှင် လောင်ဘီသမ်၏ မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် နတ်ဆိုးများဖြစ်စေ၊ ဇီဝပြုပြင်သားရဲများဖြစ်စေ၊ သူတော်စင်များဖြစ်စေ၊ သူတို့ထဲမှ မည်သူမျှ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မကျင့်ကြံထားသောကြောင့်ပင်။

“ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ကူးပြောင်းမှုလား။ ငါလည်း လုပ်ချင်တာပေါ့၊ ဒါပေမဲ့ အဲဒါက အရမ်းကို ခက်လွန်းတယ်။ အခု ငါ့မှာ ဘာသဲလွန်စမှတောင် မရှိသေးဘူး။”

လင်းဖုန်း ခဏမျှ စဉ်းစားလိုက်သည်။ အမှန်တကယ်တော့ သူ လုံးဝသဲလွန်စ တစိုးတစမှ မရှိတာတော့ မဟုတ်ပေ။ ယခင်က သေလုမြောပါး အခြေအနေသို့ ရောက်နေချိန်တွင် သူ လူသားခန္ဓာကိုယ်၏ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းတို့ကား အလွန်ပင် နက်နဲလှ၏။ အကယ်၍ သူသာ လူ့ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်များကို ဆက်လက် လေ့လာနိုင်ပါက ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို အောင်မြင်ရန် အခွင့်အရေးများစွာ ရှိနေသည်။

သို့သော် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းက ဖြစ်နိုင်ခြေရှိသော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံရန်အတွက်မူ ကြီးမားလှသော စွမ်းအင်ပမာဏကို လိုအပ်ပေသည်။

“လောင်ဘီသမ်... အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကနေတစ်ဆင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံဖို့ စွမ်းအင်တွေအများကြီး လိုတယ်လို့ မင်း ပြောခဲ့တယ် မဟုတ်ဘူးလား။ အခု ငါ ဒီမှာ ပိတ်မိနေတာ။ လိုတဲ့စွမ်းအင်ကို ဘယ်က သွားရှာရမလဲ။”

တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖွဲ့စည်းရန် ကြီးမားသောစွမ်းအင် လိုအပ်ကြောင်း လောင်ဘီသမ် အကြိမ်များစွာ ပြောခဲ့ဖူးသည်ကို လင်းဖုန်း ကောင်းကောင်းမှတ်မိသည်။ ထိုသည်က နည်းနည်းနောနော ပမာဏ လုံးဝမဟုတ်ပေ။ လင်းဖုန်း လိုအပ်သည့် စွမ်းအင်ကို ဝယ်ယူရန် အကျိုးပြုတန်ဖိုး ၂၀၀၀၀ ကို အသုံးပြုခဲ့လျှင်ပင် လုံလောက်မည် မဟုတ်ပေ။

အပြင်ဘက်တွင် များစွာသောစွမ်းအင်ပမာဏ ရရှိရန်ပင် အလွန် ခက်ခဲနေပြီ ဖြစ်ရာ ဤအပျက်အစီးနယ်မြေထဲတွင် ပိတ်မိနေချိန်၌ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။

“ဒီမှာ စွမ်းအင်မရနိုင်ဘူးလို့ ဘယ်သူပြောလဲ။ ဒီနေရာက ဘာလဲဆိုတာ သေသေချာချာ ကြည့်စမ်းပါဦး။”

လောင်ဘီသမ်၏ စကားကြောင့် လင်းဖုန်း အံ့အားသင့်သွားသည်။ သူ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ပထမဆုံးအကြိမ် ဂရုတစိုက် ဝေ့ကြည့်လိုက်သည်။

မူလက ဤနေရာကို တဲငယ်လေးတစ်ခုမျှသာဟု သူ ထင်ခဲ့သည်။ သို့သော် သေသေချာချာ ကြည့်လိုက်သောအခါ သူ အကြီးအကျယ် မှားယွင်းသွားကြောင်း သိလိုက်ရသည်။ ဤနေရာကား တဲငယ်လေးတစ်ခု လုံးဝမဟုတ်ပေ။ ထိုသည်ကား ဧရာမစက်ရုံကြီးတစ်ခု ဖြစ်နေသည်။

မှန်ပေ၏။...ဤသည်ကား စက်ရုံတစ်ခုဖြစ်ပြီး စက်မှုအဆောက်အအုံတစ်ခု ဖြစ်သည်။

နေရာက နှိုင်းယှဉ်မရအောင် ကျယ်ဝန်းလှသည်။ အပေါ်သို့ မော့ကြည့်လိုက်လျှင် အနည်းဆုံး မီတာရာပေါင်းများစွာရှိပြီး ထိုထက်ပင် ပိုမိုမြင့်မားနိုင်သေးသည်။ မျက်နှာကြက်ပေါ်တွင်လည်း ညကောင်းကင်ယံကဲ့သို့ ပြန့်ကျဲနေသော မီးရောင်များရှိနေပြီး မီးရောင်တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားသော ဧရာမပိုက်လုံးကြီးတချို့လည်း ရှိနေသည်။

အောက်ဘက်တွင် ရှုပ်ထွေးလှသော စက်ကိရိယာတချို့အပြင် ထုတ်လုပ်ရေးလိုင်းများနှင့် အခြားအရာများလည်း ရှိနေသည်။

ဒင်

ရုတ်တရက် တောက်ပနေသော သလင်းကျောက်တစ်ခုက ပိုက်လုံးထဲမှ ပြုတ်ကျလာသည်။ ထိုသလင်းကျောက်ကို ‌ရွေ့လျားစက်ခါးပတ်ဖြင့် တဲငယ်လေးတစ်ခုဆီသို့ ပို့ဆောင်ကာ စုပုံထားလိုက်သည်။

“ဒီနေရာက ဘာကြီးလဲ”

ဤကဲ့သို့သော နေရာမျိုးကို လင်းဖုန်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ လူတစ်ယောက်မျှ မရှိသည်မှာ ထင်ရှားသော်လည်း စက်များသည်ကား လည်ပတ်နေဆဲပင်။

“ဒါက စွမ်းအင်တုံးတွေအတွက် ထုတ်လုပ်ရေးလိုင်းပဲ။ တစ်နည်းအားဖြင့် စွမ်းအင်စက်ရုံပေါ့။ ရှင်းရှင်းပြောရရင် သတ္တမမြောက် ယဉ်ကျေးမှုက သုတေသီတွေက ကောင်းကင်ယံက ကြယ်တာရာစွမ်းအားတွေကို ခိုင်မာတဲ့ စွမ်းအင်တုံးတွေအဖြစ် ပြောင်းလဲပြီး သိမ်းဆည်းခဲ့ကြတယ်။ ဒီအသွင်ပြောင်းစနစ်က အလိုအလျောက် လည်ပတ်နေရမယ်။ ပြီးတော့ သုံးစွဲလိုက်တဲ့ စွမ်းအင်တွေကိုလည်း စွမ်းအင်တုံးတွေကနေ ပြန်ဖြည့်တင်းပေးတယ်။ ဒါကြောင့် သီအိုရီအရတော့ အသွင်ပြောင်းစနစ် မပျက်စီးသရွေ့ ဒီစနစ်က ဆက်ပြီး လည်ပတ်နေနိုင်တယ်။”

“မင်းဆိုလိုတာက ဒီစွမ်းအင်စက်ရုံထဲမှာ စွမ်းအင်တွေ အများကြီး စုပုံနေလောက်တယ်ပေါ့”

လင်းဖုန်း အနည်းငယ် နားလည်သွားပြီ ဖြစ်သည်။

“မှန်တယ်။ အဲဒီမှာ ဂိုဒေါင်တွေ အများကြီးရှိတယ်။ မင်း သွားကြည့်လို့ ရပါတယ်”

လင်းဖုန်းသည် လောင်ဘီသမ်၏ ညွှန်ကြားချက်အတိုင်း ဂိုဒေါင်တစ်ခုကို ဖွင့်ကြည့်လိုက်သည်။ အထဲတွင် နေရာတိုင်းက တောက်ပလင်းထိန်နေသည်။ ဂိုထောင်တစ်ခုလုံး စွမ်းအင်တုံးများစွာဖြင့် ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။

ထို့နောက် ဒုတိယ ဂိုဒေါင်၊ တတိယ ဂိုဒေါင်နှင့် စတုတ္ထ ဂိုဒေါင်တို့လည်း ရှိသေးသည်။ ခြွင်းချက်မရှိ အားလုံး စွမ်းအင်တုံးများနှင့် အပြည့်ဖြစ်နေကြသည်။

လက်ရှိ အသွင်ပြောင်းနေသော စွမ်းအင်တုံးများကို ပဉ္စမမြောက် ဂိုဒေါင်ထဲတွင် စုပုံထားပြီး ဂိုဒေါင်၏ ထက်ဝက်ကျော်က ပြည့်နေပြီ ဖြစ်သည်။

“ဘယ်လောက်တောင် အံ့ဩစရာ ကောင်းလိုက်လဲ။ သူတို့က ကြယ်တာရာစွမ်းအားတွေကို ရုပ်ဝတ္ထု စွမ်းအင်တုံးတွေအဖြစ် ပြောင်းလဲနိုင်တယ်တဲ့။ တကယ်ကို မယုံနိုင်စရာပဲ”

လင်းဖုန်း အလွန် အံ့အားသင့်နေမိသည်။ လက်ရှိတွင် လူသားတို့၏ နည်းပညာက ကြယ်တာရာစွမ်းအားနှင့် ပတ်သက်၍ သုတေသန များများစားစား မရှိသေးပေ။ ကြယ်တာရာစွမ်းအားပို အသွင်ပြောင်းနယ်ပယ် သိုင်းသမားများက အဆက်မပြတ် စုပ်ယူပြောင်းလဲကာ ကျင့်ကြံနိုင်သော အံ့ဩဖွယ် စွမ်းအားတစ်ခုအနေဖြင့်သာ ရှုမြင်ကြသည်။

သို့သော် လက်တွေ့တွင်မူ အသုံးချမှုစံနှုန်းအရ လက်ရှိ လူသားယဉ်ကျေးမှုက သတ္တမမြောက် ယဉ်ကျေးမှုထက် များစွာ နိမ့်ကျလှသည်။

“မယုံနိုင်စရာ ဘာမှမရှိပါဘူး။ ဒါက ကြယ်တာရာစွမ်းအားကို အသုံးပြုတဲ့ တကယ့်နည်းလမ်းပဲ။ အခု မင်းတို့ခေါ်တဲ့ သိုင်းသမားတွေက တကယ်တော့ ကြယ်တာရာစွမ်းအားကို ကျင့်ကြံနေကြတာလေ။ ဒါက တကယ်ကို ရယ်စရာကောင်းတယ်။ မင်းတို့ရဲ့ နတ်ဘုရားနယ်ပယ် သိုင်းသမားတွေရဲ့ ခန္ဓာကိုယ်ထဲက ကြယ်တာရာစွမ်းအားတောင်မှ စွမ်းအင်တုံးတစ်ဒါဇင် ဒါမှမဟုတ် ရာဂဏန်းလောက်နဲ့ပဲ ညီမျှတာ။ အဲဒါက ဘယ်လောက်တောင် တန်ဖိုးရှိမှာမို့လို့လဲ”

လင်းဖုန်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဒီစွမ်းအင်တုံးတွေက ဘာအသုံးဝင်လို့လဲ”

“အရမ်း အသုံးဝင်တာပေါ့ကွ။ ဥပမာအနေနဲ့ ဒီသတ္တမမြောက် ယဉ်ကျေးမှုအတွက်ဆိုရင် သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ လက်နက်တွေ အားလုံးက လည်ပတ်ဖို့ စွမ်းအင်တုံးအများကြီး လိုတယ်။ နောက်ပြီးတော့ အာကာသယာဉ်တွေကလည်း စွမ်းအင်တုံးတွေ လိုတယ်။ ပိုအရေးကြီးတာက မင်း အရင်က တွေ့ခဲ့ရတဲ့ ကြွက်တွေပဲဖြစ်ဖြစ်၊ နောက်ထပ် တွေ့ခဲ့ရတဲ့ ပုတ်သင်တွေပဲဖြစ်ဖြစ် သူတို့ရဲ့ ဇီဝပြုပြင်သားရဲတွေ အားလုံး လှုပ်ရှားနိုင်ဖို့အတွက် စွမ်းအင်တုံးတွေ တကယ် လိုအပ်တယ်။ အခု နားလည်ပြီလား။ မင်းတို့ခေါ်တဲ့ ကြယ်စွမ်းအားဆိုတာ တကယ်တော့ စွမ်းအင် ပုံစံတစ်မျိုးပါပဲကွာ”

သူ့ရှေ့ရှိ တောင်လိုပုံနေသော စွမ်းအင်တုံးများကို ကြည့်လျက် ထို့နောက် စွမ်းအင်တုံးများအဖြစ် အလိုအလျောက် ပြောင်းလဲပေးနေဆဲဖြစ်သော အသွင်ပြောင်းစနစ်နှင့် ထုတ်လုပ်ရေးလိုင်းတို့ကို ကြည့်ကာ လင်းဖုန်း၏ ရင်ထဲတွင် လှိုင်းထန်နေပြီ ဖြစ်ပေသည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၃၂) - ဆဲလ်ကွဲပွားခြင်း

ဘာသာပြန် - အားသစ်

လင်းဖုန်း အလွန်အံ့အားသင့်သွားပြီး စကားပင်မပြောနိုင်ဘဲ တိတ်ဆိတ်သွားရသည်။

ယခုအခါတွင်မူ သူ မည်သို့ နားမလည်ဘဲ နေမည်နည်း။ လူသားတို့၏ သိုင်ပညာလမ်းစဉ်သည်ကား အမှန်တကယ်တန်းတွင် လမ်းမှားကို ရွေးချယ်ခဲ့မိခြင်းသာ ဖြစ်၏။ လက်ရှိ လူသားယဉ်ကျေးမှုကလည်း လမ်းမှားပေါ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

ကြယ်စွမ်းအားက လေ့လာရန် တန်ဖိုးရှိသည်မှာ မှန်သော်လည်း ထိုသည်က ကြယ်စွမ်းအားကို ကျင့်ကြံရမည်ဟု မဆိုလိုပေ။ ထိုအစား ကြယ်တာရာစွမ်းအားကို စွမ်းအင်တုံးများအဖြစ် ပြောင်းလဲပြီး အဆက်မပြတ် ထုတ်လုပ်ရမည် ဖြစ်သည်။ ဤအပျက်အစီးနယ်မြေအတွင်းရှိ ကာကွယ်ရေးလက်နက်များသည်ပင် စွမ်းအင်တုံး အမြောက်အမြား စုဆောင်းထားမှုကို အားကိုးရုံဖြင့် သူတော်စင်များကိုတောင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။

အဆုံးမဲ့စွမ်းအင်နှင့်ဆိုလျှင် သူတော်စင်တစ်ဦးကို သတ်ဖြတ်ခြင်းက ဘာမှမဟုတ်တော့ပေ။

ဤသည်မှာလည်း စကြဝဠာအတွင်းရှိ နည်းပညာယဉ်ကျေးမှုများ၏ အားသာချက်ပင် ဖြစ်သည်။ အချို့သော နည်းပညာယဉ်ကျေးမှုများသည်ကား ဂလက်ဆီအဆင့်ရှိ ကြီးကျယ်လှသော သက်ရှိများကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိကြ၏။

“လင်းဖုန်း... မင်း ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်တဲ့အခါ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်ဖို့ ဒီလောက်စွမ်းအင်က လုံလောက်ပါတယ်။ သေချာတာကတော့ အရင်ဆုံး မင်း ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို လုပ်နိုင်ဖို့တော့ လိုတာပေါ့။ မင်းတို့ရဲ့ ကျင့်စဉ်စနစ်အရဆိုရင် အဲဒါက မျိုးရိုးဗီဇကန့်သတ်ချက်ကို ဒုတိယအကြိမ် ချိုးဖျက်တာ ဖြစ်ရမယ်”

မှန်ပေ၏။ ဤမျှများပြားသော စွမ်းအင်တုံးများက လင်းဖုန်းအတွက် မည်သည့် တိုက်ပွဲဝင်ခန္ဓာကိုယ်မျိုးကိုမဆို ဖွဲ့စည်းရန် လုံလောက်သော်လည်း ကြိုတင်လိုအပ်ချက်သည်ကား သူ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို အောင်မြင်ရန်သာ ဖြစ်သည်။

သို့သော် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းမှာ မည်သို့နှယ် လွယ်ကူနိုင်မည်နည်း။

လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည်က တစ်နှစ်သာ ရှိသေးသည်။ တစ်နှစ်အတွင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ထပ်မံချိုးဖျက်ပြီး ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲရန်က မြန်ဆန်လွန်းလှ၏။ လင်းဖုန်းကိုယ်တိုင်ပင် ယုံကြည်ချက် မရှိပေ။

ထို့ပြင် လင်းဖုန်းတွင် ယခုအခါ ဦးတည်ချက် အနည်းငယ်သာရှိပြီး သေချာမှု အရိပ်အယောင်ပင် မရှိသေးပေ။ သို့သော် သူ ဤနေရာတွင် ဆက်မနေ၊ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲရန် ကြိုးစားအားထုတ်ခြင်း မပြုဘဲ အပြင်ထွက်သည်က သေလမ်းရှာသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

ဘုန်း ဘုန်း ဘုန်း

လင်းဖုန်း အန္တရာယ်ကို စွန့်စားပြီး ကြိုးစားကြည့်ရန် ပြင်လိုက်စဉ်မှာပင် တံခါးအပြင်ဘက်မှ ပုတ်သင်နှစ်ကောင်၏ ခြေသံများကို ထပ်မံ ကြားလိုက်ရသည်။ ခပ်သဲ့သဲ့ ဟိန်းဟောက်သံတချို့လည်း ရှိနေသည်။ ဤပုတ်သင်နှစ်ကောင်မှာ လင်းဖုန်းကို အမြစ်ဖြုတ်ရန် သန္နိဋ္ဌာန်ချထားပုံရ၏။ လင်းဖုန်း မသေမချင်း သူတို့ ထွက်သွားမည် မဟုတ်ပေ။

ဤသည်က လင်းဖုန်း၏ စွန့်စားလိုသော ရည်ရွယ်ချက်ကို လုံးဝပျောက်ရှသွားစေသည်။

သို့ဆိုလျှင် သူ ဤစွမ်းအင်စက်ရုံထဲတွင် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြဿနာကို လေ့လာသုတေသနပြုရန် အာရုံစိုက်လိုက်သည်က ပိုကောင်းပေလိမ့်မည်။ ဖြစ်နိုင်သည်က သူ တစ်ခုခု ရရှိနိုင်သေးသည်။ ထို့ပြင် လင်းဖုန်း ယခင်ကတည်းက ဦးတည်ချက်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဖြစ်သည်။

လင်းဖုန်း၏ ဦးတည်ချက်သည်ကား အလွန် ရိုးရှင်းလှ၏။ ခန္ဓာကိုယ်ကို လေ့လာရန်ပင်။

လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးကတည်းက သူ လမ်းမှားရောက်နေခဲ့ပုံရသည်။ သူ ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇများကို ပေါင်းစပ်ရန် သို့တည်းမဟုတ် ကြယ်တာရာစွမ်းအားကို ကျင့်ကြံရန်သာ အာရုံစိုက်နေခဲ့ပြီး သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို သေသေချာချာ လေ့လာခြင်း လုံးဝမရှိခဲ့ပေ။

အထူးသဖြင့် ယခုအခါ လင်းဖုန်းတွင် အားကောင်းသော စိတ်စွမ်းအား ရှိနေသဖြင့် သူ့စိတ်စွမ်းအားက ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်နိုင်ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ အသေးငယ်ဆုံး အပြောင်းအလဲတိုင်းကို အသေးစိတ် စောင့်ကြည့်နိုင်သည်။

လင်းဖုန်းတွင် ခွန်အားစွမ်းရည်၊ ချပ်ဝတ်စွမ်းရည်၊ ကျောက်ဖြစ်စေခြင်း အတတ်၊ ထက်မြသောဦးချို စွမ်းရည်နှင့် မသေနိုင်သော အစွမ်းသတ္တိစသည့် မွေးရာပါ စွမ်းရည်အမျိုးမျိုး ရှိသည်။

ထိုမွေးရာပါ စွမ်းရည်အမျိုးမျိုးက တကယ်တန်းတွင် မျိုးရိုးဗီဇ၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော စွမ်းရည်များ ဖြစ်ကြသည်။ လင်းဖုန်းသည် ယခုအခါ ဤစွမ်းရည်များကို အခြေခံအဖြစ် အသုံးပြုကာ လူ့ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်များကို နားလည်နိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် သူ့ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို စောင့်ကြည့်လေ့လာနေခြင်း ဖြစ်သည်။

လင်းဖုန်း နားလည်သဘောပေါက်မှုတွင် နစ်မြုပ်နေသည်ကို မြင်သောအခါ လောင်ဘီသမ် လင်းဖုန်းကို မနှောင့်ယှက်တော့ပေ။ လက်တွေ့တွင်မူ သူ လင်းဖုန်းကို အထင်ကြီးခြင်း သိပ်မရှိပေ။ သို့သော် သူ ယခု လင်းဖုန်းကို ဖိအားပေးလိုက်ပါက သူ့အနေဖြင့် မမျှော်လင့်ထားသော အကျိုးကျေးဇူးများကို ရရှိနိုင်ပေသည်။

“ချပ်ဝတ်”

လင်းဖုန်း သူ၏ ချပ်ဝတ်မွေးရာပါစွမ်းရည်ကို အသုံးပြုလိုက်သည်။ ထိုအခိုက် သူ ထိုချပ်ဝတ်ဖြစ်ပေါ်လာပုံကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ ဆဲလ်များက ထူးခြားသော ပုံစံဖြင့် ထူးဆန်းသည့် စွမ်းအင်တစ်ခုကို စတင်ထုတ်လွှတ်လာပြီးနောက် ဆဲလ်များ၏ မျက်နှာပြင်ပေါ်တွင် အကာအကွယ်အလွှာတစ်ခု ဖွဲ့စည်းသွားသည်။

ဤသည်ကား ချပ်ဝတ်ပင် ဖြစ်၏။

“ကျောက်ဖြစ်စေခြင်းအတတ်”

လင်းဖုန်း ကျောက်ဖြစ်စေခြင်းအတတ်ကို အသုံးပြုလိုက်သည်။ ထိုစွမ်းရည်နှစ်ခုစလုံးက ကာကွယ်ရေးစွမ်းရည်များ ဖြစ်ကြသော်လည်း သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၏ အလုပ်လုပ်ပုံ သဘောတရားများကမူ လုံးဝ ကွဲပြားခြားနားကြသည်။ ဤကျောက်ဖြစ်စေခြင်းအတတ်မှာ သူ့ဆဲလ်များ၏အတွင်းပိုင်းရှိ အားဖြည့်ခြင်းစွမ်းရည်တစ်ခုနှင့် တူသည်။

ဆဲလ်များကို အားဖြည့်ခြင်းဖြင့် ခန္ဓာကိုယ်ကို မာကျောစေရန် ကျောက်ဖြစ်စေခြင်းအတတ်ကို ဖွဲ့စည်းနိုင်ခြင်း ဖြစ်၏။

“ထက်မြသောဦးချို”

လင်းဖုန်း ထက်မြသောဦးချို မွေးရာပါစွမ်းရည်ကို ဆက်လက်စောင့်ကြည့်လိုက်သည်။ ထိုစွမ်းရည်ကမူ ဆဲလ်များအတွင်းရှိ အပြောင်းအလဲတစ်ခုမှ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ထိုဆဲလ်များက သူတို့ဖာသာ စတင်အသွင်ပြောင်းလာပြီး အခြားဆဲလ်များနှင့် မတူညီသော အထူးဆဲလ်တစ်မျိုးအဖြစ် တဖြည်းဖြည်း ဖွဲ့စည်းလာသည်။ ယင်းတို့သည်ကား ဖြူကောင်များကဲ့သို့ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ထို့နောက် လင်းဖုန်း ခွန်အားမြှင့်တင်ခြင်းစွမ်းရည်ကို လေ့လာရန် အာရုံစိုက်လိုက်သည်။ သူ ခွန်အားစွမ်းရည်ကို အသုံးပြုလိုက်သောအခါ သူ့တစ်ကိုယ်လုံး အားကောင်းသော စွမ်းအားတစ်ခုနှင့်အတူ ပေါက်ကွဲထွက်လာမည် ဖြစ်သည်။ ဆဲလ်များကို သူ အသေအချာစောင့်ကြည့်လိုက်သောအခါ ဆဲလ်များက မျက်စိတစ်မှိတ်အတွင်း ကျယ်ပြန့်လာပြီး အခြားဆဲလ်များထက် နှစ်ဆ သုံးဆခန့် ပိုမိုကြီးမားသွားကြောင်း သတိပြုမိလိုက်သည်။

လူ့ခန္ဓာကိုယ်ကို မရေမတွက်နိုင်သော ဆဲလ်များဖြင့် ဖွဲ့စည်းထားသည်။ ဆဲလ်များသည် အဆက်မပြတ် ကွဲပွားပြီး ဇီဝကမ္မဖြစ်စဉ်များ လုပ်ဆောင်ကာ လူ့ခန္ဓာကိုယ်၏ လှုပ်ရှားမှုများကို ထိန်းသိမ်းထားသည်။ ခွန်အားစွမ်းရည်၊ ချပ်ဝတ်စွမ်းရည်၊ ထက်မြသော ဦးချို စသည်ဖြင့် အားလုံးမှာ ဆဲလ်အဆင့်ရှိ အပြောင်းအလဲများမှ ဆင်းသက်လာခြင်း ဖြစ်ပေ၏။

ဆဲလ်များ၏ အတွင်းပိုင်း၊ မျိုးရိုးဗီဇ စသည့် ပိုမို နက်ရှိုင်းသော အဆင့်များအတွက်မူ လင်းဖုန်းတွင် ယင်းတို့ကို လေ့လာနိုင်စွမ်း မရှိသေးပေ။

စွမ်းရည်များစွာကို စောင့်ကြည့်လေ့လာပြီးနောက်... အမှန်တကယ်တန်းတွင် နောက်ဆုံးတစ်ခု ကျန်ရှိနေသေးသည်။ ထိုသည်က လင်းဖုန်း၏ အရေးကြီးဆုံး စွမ်းရည်ဖြစ်သည့် မသေနိုင်သောအစွမ်းသတ္တိပင်။

ဖောက်

လင်းဖုန်း သူ့လက်သည်းများကို အသုံးပြုကာ သူ့လက်ချောင်းကိုသူ အားကုန်ကုတ်ချလိုက်သည်။ သွေးများက ချက်ချင်းပင် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။ ဤနာကျင်မှုအနည်းငယ်လောက်က လင်းဖုန်းအတွက် အရေးမကြီးလှပေ။ ဒဏ်ရာရသည်ကို ဂရုမစိုက်ဘဲ သူ ဒဏ်ရာကို စစ်ဆေးရန် စိတ်စွမ်းအားကို ချက်ချင်း အသုံးပြုလိုက်သည်။

ဒဏ်ရာရှိရာ နေရာတွင် ဆဲလ်များသည် ပုံမှန်ထက် ဆယ်ဆ သို့မဟုတ် အဆပေါင်းဒါဇင်နှင့်ချီ၍ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် လျင်မြန်စွာ ကွဲပွားနေပြီး သေဆုံးပျက်စီးသွားသော ဆဲလ်များနေရာတွင် အစားထိုးနေသည်ကို လင်းဖုန်း ထင်ထင်ရှားရှား သိမြင်ခံစားလိုက်ရသည်။

ဤသည်က လင်းဖုန်းကို အလွန်အံ့အားသင့်သွားစေသည်။

ပုံမှန်အားဖြင့် ဆဲလ်များသည်ကား ဇီဝကမ္မဖြစ်စဉ်နှင့်အတူ အဆက်မပြတ် ကွဲပွားကြသော်လည်း အရှိန်ကမူ နှိုင်းယှဉ်ကြည့်လျှင် နှေးကွေးပြီး အကန့်အသတ် တစ်ခု အမြဲတမ်း ရှိနေသည်။ သို့သော် သူ၏ မသေနိုင်သော အစွမ်းသတ္တိကမူ ဆဲလ်ကွဲပွားမှုနှုန်းကို မျက်စိတစ်မှိတ်အတွင်း ဆယ်ဆ အဆတစ်ရာခန့်အထိ အမှန်တကယ် မြှင့်တင်ပေးနိုင်သည်။

ဤသည်က သူ့ဒဏ်ရာများ မည်မျှပင် ပြင်းထန်စေကာမူ လင်းဖုန်း အလျင်အမြန် ပြန်လည်ကောင်းမွန်လာရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ယင်းကား အမှန်စင်စစ် မသေနိုင်သော အစွမ်းသတ္တိပင်တည်း။

လင်းဖုန်း၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာပုံရသည်။ သူ ထိုအရာကို ဆုပ်ကိုင်ချင်သော်လည်း တစ်ခုခု လိုအပ်နေသေးသည်ဟု ခံစားနေရသည်။ ထိုအချိန်တွင် သူ မျက်လုံးအစုံကို မှိတ်ကာ စောစောက သူ စောင့်ကြည့်ခဲ့သည့် မသေနိုင်သောအစွမ်းသတ္တိနှင့် သူ၏ဆဲလ်များ အဆက်မပြတ် ကွဲပွားနေမှုကို သေသေချာချာ ပြန်လည်တွေးတောလိုက်သည်။

ဆဲလ်များက ကွဲပွားနိုင်သော်လည်း သူတို့ကို ထောက်ပံ့ပေးနေသည့် အရာတစ်ခုခု ရှိရမည်။ ထိုမျှ လျင်မြန်စွာ ကွဲပွားနိုင်ရန် သူတို့ကို ဘာက ထောက်ပံ့ပေးနေသနည်း။

လင်းဖုန်း ယခင်က အိပ်ပျော်နေစဉ် အမှောင်ထုထဲတွင် သူ မြင်ခဲ့ရသည့် တောင်လိုကြီးမားသည့် ဧရာမ အသားပိုကြီးများကို ပြန်လည်သတိရမိလိုက်သည်။

ထိုအသားပိုများပေါ်တွင် အလွန် ရှင်းလင်းသော ပုံစံကွက်များ ရှိနေသည်။ ရှုပ်ထွေးလှသည့် အသွင်ပြောင်းမှု အမျိုးမျိုးမှတစ်ဆင့် သူတို့သည် နောက်ဆုံးတွင် နောက်ထပ်အသားပိုတစ်ခုအဖြစ်သို့ ကွဲထွက်သွားသည်။

သူ ထိုမြင်ကွင်းကို ဆဲလ်ကွဲပွားခြင်းနှင့် သေသေချာချာ ထပ်မံ နှိုင်းယှဉ်ကြည့်လိုက်သည်။ ယင်းသည်ကား ဆဲလ်ကွဲပွားခြင်းပင်လော။

ထိုအသားပိုများက ဆဲလ်များ ဖြစ်နိုင်ပါသလော။

လင်းဖုန်း အံ့အားသင့်သွားမိသည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲရှိ မြူခိုးများက တစ်စစီ လွင့်စင်ပျံ့ကျဲသွားသကဲ့သို့ပင်။ သူ့စိတ်အစဥ်မှာ ပိုမိုကြည်လင်လာပြီး သူ့ခန္ဓာကိုယ်အကြောင်း လျှို့ဝှက်ချက်တစ်ခုခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ဖြစ်နေသည်။

“ဆဲလ်တွေက အဆက်မပြတ် ကွဲပွားနေတယ်။ တကယ်လို့များ ငါက ငါ့ရဲ့ သတိအာရုံနဲ့ ဆဲလ်တွေရဲ့ ကွဲပွားမှုကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဘာဖြစ်လာလိမ့်မလဲ”

ထိုကဲ့သို့သော အတွေးမျိုးက လင်းဖုန်း၏ စိတ်ထဲ၌ ရုတ်တရက် ပေါ်လာသည်။ ထို့ပြင် ဤအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယင်းကို ထိန်းချုပ်၍ မရနိုင်တော့သလို ဖယ်ရှား၍လည်း မရနိုင်တော့ကြောင်း သူ ခံစားလိုက်ရသည်။

ဤသည်က အနှိုင်းမဲ့ရူးသွပ်ပြီး ရဲတင်းလွန်းလှ၏။ သူ ထိုအ‌‌တွေးကို လက်တွေ့စမ်းသပ်ကြည့်ရန် မစောင့်နိုင်တော့ပေ။

အန္တရာယ်အတွက်ရော... မသိနိုင်တဲ့ အရာတွေအတွက်ရော... ခန့်မှန်းလို့မရတဲ့ အပြောင်းအလဲတစ်ခုခု ဖြစ်လာရင်ရော

လင်းဖုန်း လုံးဝ ဂရုမစိုက်တော့ပေ။ သူ ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်ကို နားလည်သွားသည့်အလား ထိုအတွေးကို ချက်ချင်း လက်တွေ့စမ်းသပ်ကြည့်ရန် မစောင့်နိုင်တော့ပေ။

ထိုအခိုက်တွင် လင်းဖုန်း သူ့ခန္ဓာကိုယ်အတွင်းရှိ ကြီးမားလှသော စိတ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်များအားလုံးကို ကွဲပွားရန် ထိန်းချုပ်ဖို့ မရည်ရွယ်ထားပေ။ ဆဲလ်တစ်ခုတည်းကိုသာ ထိန်းချုပ်လိုခြင်း ဖြစ်သည်။

ဤကဲ့သို့သော ကြိုးပမ်းမှုမျိုးက ရဲတင်းပြီး ရူးသွပ်ခြင်းမှလွဲ၍ အခြားမရှိပေ။ သို့သော် လင်းဖုန်းသည်ကား ရေနစ်နေသူတစ်ဦးက နောက်ဆုံးကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်ချင်နေသကဲ့သို့ပင်။ သူ့ကို မည်သူမျှ တားဆီး၍ မရနိုင်တော့ပေ။

“ကွဲပွားစမ်း”

လင်းဖုန်း ဟိန်းဟောက်လိုက်သည်။ သူ၏ ကြီးမားသော စိတ်စွမ်းအားက ဆဲလ်တစ်ခုအပေါ် ချက်ချင်း ထိန်းချုပ်မှု ရယူလိုက်ပြီး ထိုဆဲလ်ကို စတင်ကွဲပွားစေလိုက်သည်။

All Chapters