← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 22 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 22 Ch. 239-240

Chapter 239

~

အခန်း ၂၃၉ : လူယုတ်မာတွေက ချစ်ခြင်းတရားနဲ့ သံယောဇဉ်အစွမ်းကို အသုံးမပြုနိုင်ဘူးလို့ ဘယ်သူပြောလဲ

~

​နတ်ဘုရားများသည် သူတို့၏ ထိုင်ခုံများပေါ်တွင် ဆက်လက် ငြိမ်သက်စွာ မထိုင်နိုင်ကြတော့ဘဲ သူတို့၏ မျက်လုံးများမှာ ပြူးကျယ်နေကြပြီး နတ်ဘုရားတို့၏ ခန့်ညားထည်ဝါမှုများလည်း လုံးဝ ပျောက်ကွယ်နေချေပြီ ။

​ယခုမှ နတ်ဘုရားအဖြစ် တက်လှမ်းလာသော ဤလူသား၏ နတ်ဘုရားအနှစ်သာရ အရည်အသွေးမှာ အမှန်တကယ်ပင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေလေသည်။

'​ဒါ ဟာသပဲ ဖြစ်ရမယ်..ဟုတ်တယ်မလား..'

​ယင်းမှာ အထွတ်အထိပ် အဆင့်ပင် ဖြစ်သည်။

​စကြဝဠာ စတင်ဖြစ်ပေါ်လာချိန်မှစ၍ တစ်ပါးတည်းသော အထွတ်အထိပ် နတ်ဘုရားမှာ ဟွမ် သာ ရှိခဲ့ပြီး ဒုတိယမြောက် တစ်ပါးမှာ ဘယ်သောအခါမှ ပေါ်ထွက်မလာခဲ့ချေ။ သို့သော် ယခုအခါ၌ အသစ်စက်စက် အထွတ်အထိပ် နတ်ဘုရားတစ်ပါးမှာ သူတို့ရှေ့တွင် ကလေးကစားနေသကဲ့သို့ပင် ရုတ်တရက် ပေါ်ပေါက်လာခဲ့လေပြီ ။

'​ဒါ...'

​ဟွမ် ပင်လျှင် အံ့အားသင့်သွားပြီး သူ၏ ဖြူလျော်နေသော မျက်လုံးများမှာ အဆက်မပြတ် လှုပ်ရှားနေကာ သူ၏ ရှေ့မှ အခြေအနေကို နားမလည်နိုင် ဖြစ်နေပုံရသည်။ သို့သော် ဂူချန်ကမူ သူ့ကို စောင့်ဆိုင်းနေမည် မဟုတ်ချေ။

​နတ်ဘုရားတံဆိပ်တော် ပလ္လင်မှာ ဟင်းလင်းပြင် နယ်ပယ်အတွင်းသို့ ရိုက်ခတ်သွားပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို လျင်မြန်စွာ အက်ကွဲစေကာ နယ်မြေတစ်ခုလုံးကို ပိတ်ဆို့လိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင် တံဆိပ်တော်ဖြင့် ဖိနှိပ်ချလိုက်သည်။ သူ၏ လက်ထဲတွင် အစွန်းရှစ်ဖက် နတ်မိစ္ဆာ လှံပုဆိန် ပေါ်ထွက်လာပြီး ဟွမ် ၏ အရှိန်အဝါကို ပစ်မှတ်ထားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုးနှက်လိုက်သည်။

​"ဝုန်း..."

​ကြီးမားလှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

​မည်သည့် အံ့သြစရာမျှ မရှိဘဲ ဟွမ်၏ နတ်ဘုရားခန္ဓာကိုယ်မှာ ချက်ချင်းပင် တစစီ ဖြစ်သွားပြီး ရေတွက်၍မရနိုင်သော နတ်ဘုရား အလင်းတန်းများ လွင့်စင်ထွက်သွားသည်။ သို့သော် လွင့်စင်သွားသော နတ်ဘုရား အလင်းတန်းများမှာ ဟင်းလင်းပြင် အတွင်း၌ လျင်မြန်စွာ ပြန်လည် စုစည်းသွားပြီး ပုံရိပ်နှစ်ခု ဖြစ်လာခဲ့သည်။ ထိုနှစ်ခုလုံးမှာ ဟွမ်ပင် ဖြစ်သည်။

​သူ၏ မျက်နှာမှာ လုံးဝ မှောင်မည်းသွားပြီး သေခြင်းတရားကဲ့သို့ အေးစက်လှသော လေသံဖြင့်....

"မင်း..."

​"ဘုန်း..."

​ကြီးမားလှသော ကောင်းကင် တံဆိပ်တော်က ထပ်မံ ဖိနှိပ်ချလိုက်ပြန်သည်။ ဟွမ် ၏ စကားပင် မဆုံးသေးမီ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ ပြားချပ်သွားပြီးနောက် တူညီသော ပုံရိပ်နှစ်ခုအဖြစ် တစ်ဖန် ပြန်လည် ပြောင်းလဲသွားပြန်သည်။

​ဟွမ်၏ အကြည့်မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

"မင်း ငါ့ကို သတ်လို့မရဘူး.."

​သူ၏ လေသံမှာ အေးဆေးနေသော်လည်း အကြွင်းမဲ့ ယုံကြည်မှု ပါဝင်နေသည်။ အဆုံးမရှိသော ကာလပတ်လုံး ရှင်သန်ခဲ့သည့် အထွတ်အထိပ် နတ်ဘုရားတစ်ပါးအနေဖြင့် သူ၏ နတ်ဘုရားစွမ်းအားမှာ ကြယ်တာရာ ကောင်းကင်ယံကဲ့သို့ ကျယ်ပြောလှပြီး အလွန် နက်ရှိုင်းလှသော အခြေခံအုတ်မြစ် ရှိသည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပျက်စီးသွားခြင်းကို မဆိုထားနှင့်၊ သူ၏ ဝိညာဉ် ပျက်စီးသွားလျှင်ပင်၊ သို့မဟုတ် သံသရာအတွင်း သေဆုံးသွားလျှင်ပင် သူသည် နောက်ဆုံးတွင် ပြန်လည် နိုးထလာမည် ဖြစ်သည်။

​ဤသည်မှာ အထွတ်အထိပ် နတ်ဘုရားအနှစ်သာရပင် ဖြစ်သည်။ ထို့အတူ သူသည်လည်း အခြားတစ်ဖက်ကို သတ်နိုင်မည် မဟုတ်ချေ။ အထွတ်အထိပ် နတ်ဘုရားအနှစ်သာရကို ပိုင်ဆိုင်လိုက်သည့် အချိန်မှစ၍ ဤကောင်းကင်နှင့် မြေကြီးသည် သူတို့ကို သတ်ဖြတ်နိုင်စွမ်း မရှိတော့ချေ။ အရာရာကို ဖျက်ဆီးနိုင်သည်ဟု ဆိုသော ဖရိုဖရဲစွမ်းအင်ပင်လျှင် တက်နိုင်မည်မဟုတ်။

​ဟွမ် က လက်တစ်ဖက်ဖြင့် တွန်းထုတ်လိုက်ရာ ကောင်းကင် တံဆိပ်တော်မှာ လွင့်စင်သွားပြီး ဟင်းလင်းပြင်၌ အချိန်အတော်ကြာ တုန်ခါနေပြီးမှ ပြန်လည် တည်ငြိမ်သွားသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ ပုံရိပ်မှာ ဝိညာဉ်တစ်ခုကဲ့သို့ ဖြစ်သွားပြီး အဆုံးမရှိသော ဟင်းလင်းပြင် လွှာများကြား၌ ကူးလူးသွားလာကာ မျက်စိတစ်မှိတ်အတွင်း နေရာပြောင်းလဲသွားသည်။ ဘေးမှ စောင့်ကြည့်နေသော အဆင့်နိမ့် နတ်ဘုရားများမှာ သူ၏ လှုပ်ရှားမှုကိုပင် ရှင်းလင်းစွာ မမြင်နိုင်ကြချေ။

​ဤသည်မှာ နတ်ဘုရားများအကြားတွင်ပင် ကွာခြားချက်များ ရှိနေကြောင်း ထင်ရှားစွာ သက်သေပြနေခြင်း ဖြစ်သည်။

​"သေချာလို့လား..."

​ဤစကားကို ကြားသောအခါ ဂူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ၏ လက်များကို ဖြန့်လိုက်သည်။ များပြားလှသော နတ်ဘုရားစွမ်းအားများ ဒီရေလှိုင်းကဲ့သို့ ထွက်ပေါ်လာပြီး တိုးဝင်လာသော ဟွမ် နှင့် ချက်ချင်း ထိပ်တိုက် တိုးသွားသည်။

​"ဝုန်း..."

​အင်အားနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကြောင့် မမြင်နိုင်သော တုန်ခါမှုလှိုင်းများ ချက်ချင်း ထွက်ပေါ်လာသည်။ ထိုအင်အားမှာ အလွန် ကြီးမားလှသဖြင့် စောင့်ကြည့်နေသော အခြားနတ်ဘုရားအားလုံး လွင့်စင်ထွက်သွားကြသည်။ နတ်ဘုရားများ စည်းဝေးရာ ဟင်းလင်းပြင်ပင်လျှင် ထိုအချိန်တွင် လုံးဝ စုတ်ပြဲသွားခဲ့သည်။

​သို့သော် ထိုအင်အားနှစ်ခု၏ တိုက်ပွဲတွင် ဟွမ်ဘက်က အနည်းငယ် သာလွန်နေပုံရသည်။

​ဟွမ် ၏ လေသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

"လူသား... ငါတို့နှစ်ယောက်လုံး အထွတ်အထိပ် နတ်ဘုရားတွေ ဖြစ်ပေမဲ့ ငါက အထွတ်အထိပ် ဖြစ်လာတာ နှစ်ပေါင်း တစ်သန်း ရှိပြီ။ ငါ စုဆောင်းထားတဲ့ နတ်ဘုရားစွမ်းအားက မင်း ယှဉ်နိုင်တာထက် အဝေးကြီး သာလွန်တယ်.."

​"ငါ မင်းကို သတ်လို့မရသလို မင်းလည်း ငါ့ကို သတ်လို့မရဘူး.."

​"သားရဲနတ်ဘုရားကိုတော့ မင်း သတ်ချင်သလို သတ်နိုင်တယ်၊ ပြီးတော့ ငါ မင်းအတွက် တခြား စကြဝဠာတစ်ခု ကူရှာပေးပါ့မယ်။ အခု ရန်ငြိုးတွေကို ရပ်တန့်လိုက်ရင် ဘယ်လိုလဲ..."

​ဆိုရိုးစကားအတိုင်း တောင်တစ်လုံးတွင် ကျားနှစ်ကောင် မနေနိုင်၊ ဂူတစ်လုံးတွင် ခြင်္သေ့နှစ်ကောင် မအောင်းနိုင်ချေ။ စကြဝဠာတစ်ခုတွင် အထွတ်အထိပ် နတ်ဘုရား တစ်ပါးသာ လိုအပ်သည်။ အကယ်၍ တစ်ဖက်လူမှာ အထွတ်အထိပ် နတ်ဘုရားတစ်ပါး ဖြစ်မှန်း သူ ကြိုတင် သိရှိခဲ့လျှင် မည်သည့် အခြေအနေမျိုးတွင်မဆို သားရဲနတ်ဘုရားကို ကာကွယ်ပေးခဲ့မည် မဟုတ်။

​"ဟမ့်..."

​ဂူချန်က သူ၏ နတ်ဘုရားစွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။

"မင်း ငါ့ကို သတ်လို့မရတာပါ၊ ငါက မင်းကို သတ်လို့မရတာ မဟုတ်ဘူး.."

​ထိုသို့ပြောပြီးနောက် ဂူချန်က လက်ကို ဆန့်ထုတ်၍ ဟင်းလင်းပြင် နယ်ပယ်ကို ဆုပ်ကိုင်လိုက်သည်။ ကောင်းကင်၊ မြေကြီးနှင့် လူသားတို့၏ အသက်ဓာတ်များ ပြည့်နှက်နေသော လျှို့ဝှက်နယ်မြေတစ်ခု သူ၏ ဘေးတွင် ပေါ်ထွက်လာသည်။ အနီးကပ် ကြည့်လိုက်လျှင် အတွင်း၌ ရေတွက်၍မရနိုင်သော လူသားမျိုးနွယ် ဘီလီယံပေါင်းများစွာက ဤဘက်သို့ ကြည့်နေကြပြီး "မေတ္တာရှင် အရှင်သခင်..." ဟူသော ဘွဲ့အမည်ကို အဆက်မပြတ် အော်ဟစ်နေကြသည်။

​"မေတ္တာရှင် နတ်ဘုရား ဧကရာဇ်၊ အရှင် သေချာပေါက် အနိုင်ရရမယ်..."

​"အပြင်က သောက်ချီး နတ်ဘုရားတွေက ငါတို့ ကမ္ဘာကို ဖျက်ဆီးဖို့ ကြိုးစားရဲတယ်ပေါ့၊ ဒါကို ငါတို့ လုံးဝ ခွင့်မပြုနိုင်ဘူး..."

​"ကောင်းကင်ဘုံက ကောင်းချီးပေးပါစေ..ကောင်းကင်ဘုံက ကောင်းချီးပေးပါစေ.. မေတ္တာရှင် နတ်ဘုရား ဧကရာဇ်၊ အရှင် အနိုင်ရရမယ်..."

​သစ်သားမျိုးနွယ် နတ်ဘုရားသည် ကောင်းကင်ယံမှ မျက်နှာပြင်ကို အသေအချာ စိုက်ကြည့်နေပြီး သူ၏ နှလုံးသားမှာ အလွန် တုန်လှုပ်နေသည်။

"မင်း အနိုင်ရရမယ်.."

​ယဲ့ရှူးသည် အိမ်ခေါင်မိုးပေါ်တွင် ရပ်နေပြီး ကောင်းကင်ယံကို စိုးရိမ်တကြီး ကြည့်နေသည်။သူမ၏ မျက်လုံးများတွင် နတ်ဘုရားများနှင့် တစ်ကိုယ်တည်း တိုက်ခိုက်နေသော ထိုအမျိုးသားအပေါ် ရှုပ်ထွေးလှသော ခံစားချက်များ ပြည့်နှက်နေသည်။ ဤအမျိုးသားသည် သူမ၏ ခင်ပွန်းနှင့် သမီးကို ကိုယ်တိုင် သတ်ဖြတ်ခဲ့သူ ဖြစ်ရုံတင်မကဘဲ သူမကို လူသိရှင်ကြား အရှက်ခွဲခဲ့သူလည်း ဖြစ်သည်။ သို့သော် တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် သူမ၏ နှလုံးသားထဲတွင် အလွန် ရှုပ်ထွေးသော ခံစားချက်တစ်ခု ရှိနေသည်။

​ယခင်က သူမသည် ယင်းကို မုန်းတီးမှု၊ မျှော်လင့်ချက်မဲ့မှုနှင့် နောင်တဟု ထင်မှတ်ခဲ့သည်။ သို့သော် ယခုမှသာ သူမ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

​ဤသည်မှာ အချစ်ပင် ။

​မှန်ပေသည်။ သူသည် သူမ၏ ခင်ပွန်းနှင့် သမီးကို သတ်ခဲ့သော်လည်း၊ သူမကို ချုပ်နှောင်၍ နှိပ်စက်ခဲ့သော်လည်း၊ သူမကို မဟာမိတ်အဖွဲ့တစ်ခုလုံး ရှေ့တွင် အရှက်ခွဲခဲ့သော်လည် သူမ သူ့ကို ချစ်မိသွားခဲ့လေပြီ ။ ယဲ့ရှူးသည် သူမ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး လက်သည်းများမှာ အသားထဲသို့ စူးဝင်သွားသည်အထိ ဖြစ်နေကာ သူမ၏ နှလုံးသားထဲမှ ဆုတောင်းနေမိသည်။

"လူယုတ်မာကြီး... ရှင် အနိုင်ရရမယ်..."

​ချင်းဟယ် အခြေစိုက်မြို့ရှိ ဆေးရုံတွင် ရွှေရောင်ဆံပင်နှင့် လူငယ်တစ်ဦးသည်လည်း ကောင်းကင်ယံသို့ မော့ကြည့်နေခဲ့သည်။

​"ဘောစ့်... အနိုင်ရရမယ်..."

​လီကျိရန် သည် အပြင်းအထန် ဖျားနာနေသော သူ၏ မိခင်၏ လက်များကို ဆုပ်ကိုင်ထားပြီး သူ၏ အသံမှာ တုန်ရီနေသည်။

​ထိုအချိန်တွင် ဂူချန် ဖန်တီးထားသော ကောင်းကင်နှင့် မြေကြီး မျက်နှာပြင်မှတစ်ဆင့် လူသားမျိုးနွယ်တို့သည် အဝေးမှ စောင့်ကြည့်နေကြပြီး မျှော်လင့်ချက် အလင်းတန်းများကို အဆက်မပြတ် ပေးပို့နေကြသည်။

​"ဟွမ်..."

​ဂူချန်က ရုတ်တရက် ပြောလိုက်ပြီး သူ၏ လက်များဖြင့် လူသားများ၏ ယုံကြည်မှုစွမ်းအားကို အားမာန်ပါပါ ထိန်းချုပ်လိုက်သည်။ အဆုံးမရှိသော ယုံကြည်ခြင်းစွမ်းအားများက သူ၏ ခန္ဓာကိုယ်ကို အင်အားဖြည့်ပေးလိုက်ရာ သူ၏ နတ်ဘုရားစွမ်းအားမှာ ရုတ်တရက် အဆပေါင်း ရာနှင့်ချီ၍ တိုးမြင့်လာပြီး တစ်ဖက်လူ၏ စွမ်းအားကို ခဏတာ ကျော်လွန်သွားစေသည်။ ရပ်တန့်၍မရသော အရှိန်အဝါဖြင့် ရှေ့သို့ပင် တိုးဝင်သွားသည်။

​"ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

​ဟွမ်၏ အကြည့်မှာ တည်ငြိမ်မှု မရှိတော့ချေ။

'ဒါက ဘယ်လို အစွမ်းမျိုးလဲ။ သူရဲ့ နတ်ဘုရားစွမ်းအားက အော်ဟစ်လိုက်ရုံနဲ့ ဘယ်လိုလုပ်ပြီး ရုတ်တရက် တိုးလာနိုင်ရတာလဲ..'

​"ဒါကို... ချစ်ခြင်းတရားနဲ့ သံယောဇဉ်အစွမ်းလို့ ခေါ်တယ်..."

​ဂူချန်သည် သူ၏ လှံရှည်ဖြင့် ခုတ်ပိုင်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားအောက်တွင် မိစ္ဆာ အမှတ်အသားကိုးခုမှာ တစ်ပြိုင်နက် ပွင့်လာပြီး ဟွမ်ထုတ်ဖော်ထားသော နတ်ဘုရား လက်နက်ကို ချက်ချင်း ဖျက်ဆီးပစ်ကာ တစ်ဖက်လူကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်လိုက်သည်။ သို့သော် ထိုအပိုင်းအစများမှာ နောက်ထပ် တစ်ဖန် နတ်ဘုရား အလင်းတန်းများအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားပြန်သည်။

​တစ်ချိန်တည်းမှာပင် အသံတစ်ခု အေးဆေးစွာ ထွက်ပေါ်လာသည်။

​"ငါ ပြောပြီးသားပဲ၊ မင်း ငါ့ကို သတ်လို့မရဘူး.."

​ဂူချန်သည် ထိုစကားကို လုံးဝ ဂရုမစိုက်ဘဲ သူ၏ ပုံရိပ်မှာ မူလနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ အခြားနတ်ဘုရားများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဂူချန်သည် နတ်ဘုရား အလင်းတန်းများ ပြည့်နှက်နေသော ကောင်းကင်ယံသို့ ချက်ချင်း ရောက်ရှိသွားပြီး ပါးစပ်ကို အကျယ်ကြီး ဖွင့်ကာ ရှူသွင်းလိုက်သည်။ ဟင်းလင်းပြင် နယ်ပယ်အတွင်းရှိ ကျယ်ပြန့်လှသော နတ်ဘုရား အလင်းတန်းများအားလုံးကို သူ၏ ပါးစပ်အတွင်းသို့ တစ်ကြိမ်တည်းဖြင့် စုပ်ယူလိုက်သည်။ ထို့နောက် ဂလု ဟူသော အသံနှင့်အတူ ၎င်းတို့ကို သူ၏ ဝမ်းဗိုက်အတွင်းသို့ မျိုချလိုက်သည်။

​"အဲဒီလို လုပ်ရင်တောင် ငါက သေမှာ မဟုတ်ဘူး.."

​ဟွမ်၏ အသံမှာ အထင်အမြင်သေးသော လေသံဖြင့် ထွက်ပေါ်လာသည်။ အထွတ်အထိပ် နတ်ဘုရားတစ်ပါးမှာ မသေနိုင်၊ မပျက်စီးနိုင်ခြင်းမှာ အတည်ပြုပြီးသား အမှန်တရား ဖြစ်သည်။ သို့သော် ခန္ဓာနန်းတော် ၏ စွမ်းရည်တစ်ခုမှာ မည်သည့် အသားနှင့် သွေးကိုမဆို ဝါးမြိုနိုင်စွမ်း ရှိခြင်းပင် ဖြစ်သည်။ ယင်းမှာ သာမန် ခန္ဓာကိုယ် ဖြစ်စေ၊ နတ်ဘုရား ခန္ဓာကိုယ် ဖြစ်စေ အကျုံးဝင်သည်။

​ဂူချန်သည် သူ၏ အသက်ဓာတ်နှင့် သွေးများကို အနည်းငယ် လှည့်ပတ်လိုက်ပြီး ဟွမ် ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို မိမိအတွက် အာဟာရအဖြစ် လုံးဝ ချေဖျက်လိုက်ရာ အော်ဟစ်သံ တစ်စွန်းတစ်စမျှပင် မကြားရတော့ချေ။

သို့သော်...

​"ငါ ပြောပြီးသားပဲ၊ မင်း ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရင်တောင် ငါ့ကို သတ်လို့မရဘူး.."

​ဟွမ်၏ အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။ သူ၏ နတ်ဘုရားဝိညာဉ်မှာ တောက်ပသော ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်ပြီး ဟင်းလင်းပြင် ၌ ထပ်မံ ပေါ်ထွက်လာသည်။ သူသည် သူ၏ ရှေ့မှ လူသားကို လက်လျှော့ရန် တစ်ဖန် ပြန်လည် ဖျောင်းဖျချင်သော်လည်း တစ်ဖက်လူ၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။

​မကောင်းသော အငွေ့အသက်တစ်ခု သူ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ သူ ဘာမျှ မတုံ့ပြန်နိုင်မီ ဂူချန်သည် သူ၏ လက်ကို ဖြန့်လိုက်ရာ ဧရာမ မျက်လုံးကြီးတစ်လုံး ပွင့်လာခဲ့သည်။ ပြင်းထန်သော စုပ်ယူမှု အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး သူ့ကို ချက်ချင်း စုပ်ယူသွားခဲ့သည်။

​[SSS-အဆင့် သေခြင်းတရားနတ်ဘုရား၏ လက် ——〉 X-အဆင့် အဆုံးမဲ့လက်]

​[စွမ်းရည်သစ် ၁ - အဆုံးမဲ့ ဟင်းလင်းပြင်]

​[အဆုံးမဲ့ ဟင်းလင်းပြင် - လက်ဖဝါးအတွင်း၌ ကျယ်ပြန့်လှသော၊ အဆုံးမရှိသော ဟင်းလင်းပြင်တစ်ခု ရှိသည်၊ အတွင်းရှိ အရာအားလုံးကို သင်၏ အလိုဆန္ဒအတိုင်း ပြောင်းလဲနိုင်သည်။ ဖမ်းဆီးခံထားရသော နတ်ဘုရားဝိညာဉ်များသည် ပိုင်ရှင်၏ ခွင့်ပြုချက်မပါဘဲ မည်သည့်အခါမျှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။]

​[စွမ်းရည်သစ် ၂ - အကြွင်းမဲ့ ဖမ်းဆီးခြင်း]

​[အကြွင်းမဲ့ ဖမ်းဆီးခြင်း - သင်၏ လက်ဖြင့် ဆုပ်ကိုင်လိုသော မည်သည့်အရာကိုမဆို သင် သေချာပေါက် ဆုပ်ကိုင်နိုင်လိမ့်မည် (ဝိညာဉ် အမျိုးအစားများကိုသာ ကန့်သတ်ထားသည်)။]

​ဟွမ်ပြောခဲ့သော အချက်မှာ အမှန်ပင် ဖြစ်သည်။ ဂူချန်သည် သူ၏ အစွမ်းရှိသမျှ ထုတ်သုံးလျှင်ပင် သူ့ကို လုံးဝ သတ်နိုင်မည် မဟုတ်ချေ။ သို့ရာတွင် သတ်မှ သေမည်ဟု မည်သူပြောသနည်း။ သူ့ကို ထာဝရ ချုပ်နှောင်ထားလိုက်ရုံဖြင့် လုံလောက်သည် မဟုတ်ပါလော။

​အဆုံးမဲ့ ဟင်းလင်းပြင်ကို စစ်ဆေးကြည့်လိုက်သောအခါ မူလက အေးဆေးတည်ငြိမ်နေသော ဟွမ်၏ နတ်ဘုရားဝိညာဉ်မှာ ယခုအခါ လုံးဝ ထိတ်လန့်တုန်လှုပ်နေပြီး ထိုနေရာအတွင်း၌ အဆက်မပြတ် အော်ဟစ် နေကာ အထွတ်အထိပ် နတ်ဘုရားတစ်ပါး၏ အရှိန်အဝါများ လုံးဝ ပျောက်ကွယ်နေခဲ့ချေပြီ ။ သို့သော် ဂူချန်ကမူ ယင်းကို ဂရုမစိုက်တော့ဘဲ တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်ကို လွှဲလိုက်သည်။

​ထို့နောက် သူသည် လက်ကို ဆန့်ထုတ်၍ ထွက်ပြေးရန် ပြင်နေသော သားရဲနတ်ဘုရားကို ဖမ်းဆီးလိုက်ပြီး သန့်စင်ခြင်း တာအို နတ်ဘုရားစွမ်းအား ကို အသုံးပြု၍ ဆေးလုံးတစ်လုံးအဖြစ် ချက်ချင်း သန့်စင်လိုက်သည်။ နတ်ဘုရားအားလုံး၏ ရှေ့မှောက်မှာပင် သူသည် ထိုဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့် လိုက်တော့သည်။

Chapter 240

~

အခန်း ၂၄၀ : ငါ အမဲသား မစားဘူး ( ဇာတ်သိမ်း..)

~

​ဤမြင်ကွင်းကို ကြည့်နေကြသော နတ်ဘုရားများမှာ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး သူတို့၏ နတ်ဘုရားအသိစိတ်များမှာ ခဏတာမျှ အေးခဲသွားခဲ့သည်။

​ဤသည်မှာ အမှန်တကယ်ပင် စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။ ဤစကြဝဠာကို နှစ်ပေါင်းသန်းချီ၍ အုပ်စိုးလာခဲ့သော အထွတ်အထိပ် နတ်ဘုရား ဟွမ် သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ သေဆုံးသွားခြင်း မဟုတ်သော်လည်း တစ်ဖက်လူ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရကာ သံသရာလည်ရန် အခွင့်အရေးပင် ဆုံးရှုံးသွားခဲ့ရသည်။ ဤမျှကြီးမားသော ကိစ္စရပ်ကို လုပ်ဆောင်နိုင်ခဲ့သူမှာ ယခုမှ နတ်ဘုရားအဖြစ် တက်လှမ်းလာသော နတ်ဘုရားသစ်တစ်ပါးသာ ဖြစ်နေခြင်းက ပို၍ပင် အံ့အားသင့်စရာ ကောင်းလှသည်။

​နတ်ဘုရားများမှာ ဆိတ်ဆိတ်နေရုံမျှသာ တတ်နိုင်ကြတော့သည်။ အထွတ်အထိပ် နတ်ဘုရားကို အေးအေးဆေးဆေး ဖမ်းဆီးချုပ်နှောင်နိုင်ပြီး အဆင့်မြင့် နတ်ဘုရားတစ်ပါးကိုပင် ဝါးမြိုပစ်ခဲ့သော ဤလူသားလူငယ်ကို ခုခံရန် စိတ်ကူးလုံးဝ မရှိတော့။ ဤစကြဝဠာအတွက် အရှင်သခင်သစ်တစ်ပါးကို ကြိုဆိုရမည့် အချိန်ရောက်လာပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

​သို့သော် နတ်ဘုရားများ၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ထိုနတ်ဘုရားသစ်မှာ ကမ္ဘာပျက်မတတ် လုပ်ဆောင်ချက်များကို လုပ်ဆောင်ပြီးနောက် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် သူတို့၏ မြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူတို့ မည်မျှပင် ရှာဖွေကြည့်ရှုစေကာမူ အဆုံးမရှိသော ဟင်းလင်းပြင်အတွင်း သူ၏ အစအနကိုပင် ရှာမတွေ့ကြတော့ချေ။ သူသည် လေထဲသို့ ပျောက်ကွယ်သွားခဲ့သကဲ့သို့ပင် ဖြစ်သည်။

​နတ်ဘုရားများမှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း လုံးဝ ဝေခွဲမရ ဖြစ်နေကြသည်။ သူသည် နတ်ဘုရားတို့၏ အရှင်သခင် ရာထူးကို စိတ်ဝင်စားမှု လုံးဝမရှိဘဲ သားရဲနတ်ဘုရားနှင့် ရန်ငြိုးဟောင်းကို ဖြေရှင်းရန်အတွက်သာ ဖြတ်သွားဖြတ်လာ ရောက်ရှိလာခြင်း ဖြစ်နိုင်သလော။ ဟွမ် ကမူ ကြားထဲမှ ဝင်ပါမိသဖြင့် နှိမ်နင်းခံလိုက်ရခြင်းသာ ဖြစ်ပေလိမ့်မည်။

​အကယ်၍ ထိုသို့သာ ဆိုလျှင် နတ်ဘုရားတို့၏ အရှင်သခင် ရာထူးမှာ လစ်လပ်သွားပြီ ဖြစ်သည်။

​တစ်ချိန်တည်းမှာပင် အလင်းနှစ်သန်းပေါင်း များစွာကို ဖြတ်ကျော်လာခဲ့သော ဂူချန်သည် ဖရိုဖရဲ နယ်ပယ်ကို ဖြတ်ကျော်ပြီး အဆုံးမဲ့ ဟင်းလင်းပြင်၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။ သူသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ ရေတွက်၍မရနိုင်သော ကြယ်တာရာများမှာ သူ၏ မျက်စိရှေ့၌ အထင်အရှား ရှိနေသည်။

​သူ၏ လက်များကို လှုပ်ရှားလိုက်ရာ ဂြိုဟ်များစွာမှာ သူ၏ ရှေ့မှောက်၌ အဆက်မပြတ် ဖြတ်သန်းသွားကြပြီး ၎င်းတို့၏ ပုံသဏ္ဌာန်နှင့် အတွင်းရှိ သက်ရှိများကိုပါ တစ်ခုချင်းစီ မြင်တွေ့နေရသည်။ မကြာမီမှာပင် ဂူချန်၏ အကြည့်မှာ တစ်နေရာသို့ စူးစိုက်သွားခဲ့သည်။ သူ၏ ညာလက်ကို ဟင်းလင်းပြင်ထဲ၌ တင်းတင်းဆုပ်လိုက်ရာ ဖြတ်သန်းသွားနေသော ဂြိုဟ်များမှာ ရပ်တန့်သွားသည်။

​ဝေးလံလှပြီး ဝိညာဉ်ချီအရှိန်အဝါ အလွန်အားနည်းသော သေးငယ်သည့် အပြာရောင် ဂြိုဟ်ကလေးတစ်ခုမှာ ဂူချန်၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။

​"နောက်ဆုံးတော့ ရှာတွေ့ပြီ.."

​ဂူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ၏ လက်ကို ဆွဲယူလိုက်ရာ ထိုအပြာရောင် ဂြိုဟ်ကလေးမှာ တိုင်းတာ၍မရနိုင်လောက်အောင် ဝေးကွာသော နေရာမှ သူ၏ ရှေ့မှောက်သို့ ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။

​ယခု ပြန်စဉ်းစားကြည့်လျှင် သူသည် စိတ်လှုပ်ရှားမှုကို ခံစားရသည်။ ကူးပြောင်းလာခဲ့ပြီး စနစ် ကို ရရှိခဲ့သည့် အချိန်မှစ၍ သူ၏ တိုးတက်မှုမှာ မြန်ဆန်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ဤမျှအထိ မြန်ဆန်လိမ့်မည်ဟု မထင်ခဲ့မိချေ။ မျက်စိတမှိတ်အတွင်းမှာပင် သူသည် ဤစကြဝဠာ၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အခြားသော စကြဝဠာ သုံးထောင်တွင်ပင် သူ၏ အစွမ်းမှာ ပြိုင်ဘက်ကင်း ဖြစ်ပေလိမ့်မည်။

​ယခုအခါ သူ၏ ယခင်ဘဝက ဂြိုဟ်ကို စကြဝဠာအတွင်း ရှာဖွေနိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။ သူ၏ ကံကောင်းမှုမှာ ထိုဂြိုဟ်မှာ ဤစကြဝဠာအတွင်း၌ပင် ရှိနေသဖြင့် အလုပ်များစွာ ရှုပ်မနေတော့ခြင်းပင်။

​ရင်းနှီးသယောင် ရှိသော်လည်း သူစိမ်းဆန်နေသော ဂြိုဟ်ပြာကို ကြည့်ရင်း ဂူချန်၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသလို မျှော်လင့်ချက်ကလေးလည်း ရှိနေသည်။ ထိုစဉ်က သူသည် ကုန်တင်ကား တစ်စီးနှင့် တိုက်မိခဲ့ပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ သေဆုံးသွားခဲ့ကာ သူ၏ ဝိညာဉ်မှာမူ အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းသွားခဲ့ခြင်း ဖြစ်သည်။

​ပုံမှန် အချိန်ကာလအရ ဆိုလျှင် သူ သေဆုံးသွားသည်မှာ ကြာပြီဖြစ်သဖြင့် သူ၏ ခန္ဓာကိုယ်မှာ မီးသင်္ဂြိုဟ်ပြီးသား ဖြစ်ပေလိမ့်မည်။ သို့မဟုတ်လျှင်လည်း သူ၏ ရုပ်ကြွင်းမှာ သက်ဆိုင်ရာဌာနများ၏ သုတေသနပြုလုပ်ခြင်းကို ခံနေရပေလိမ့မည်။ အဘယ်ကြောင့်ဆိုသော် ယခင်ဘဝက သူသည် မိသားစု မရှိသလို အနီးနားတွင် သူငယ်ချင်း တစ်ဦးတစ်ယောက်မျှလည်း မရှိခဲ့သောကြောင့် ဖြစ်သည်။

ထိုကမ္ဘာတွင်လည်း သူ တွယ်တာစရာ ဘာမျှမရှိခဲ့ချေ။

​ထိုသို့ တွေးမိသောအခါ ဂူချန်၏ မျက်လုံးများတွင် ရက်စက်သော အလင်းတန်းများ ပေါ်ပေါက်လာသည်။ သူ ကူးပြောင်းလာခဲ့ရသည့် ကံကောင်းမှုမတိုင်မီကလေးတွင် ခေါက်ဆွဲဆိုင်တစ်ဆိုင်၏ လိမ်လည်လှည့်ဖြားမှုကို ခံခဲ့ရသည်ကို သူ မှတ်မိနေသေးသည်။ ထိုစဉ်က သူသည် အမဲသားခေါက်ဆွဲ တစ်ပွဲသာ စားခဲ့သော်လည်း ဆိုင်ရှင်က ထိုအမဲသားမှာ သြစတြေးလျမှ Wagyu အမဲသား ဖြစ်ကြောင်း၊ ခေါက်ဆွဲမှာ အီတလီမှ တင်သွင်းထားခြင်း ဖြစ်ကြောင်းနှင့် ရေပင်လျှင် အထူးနေရာမှ ရရှိထားခြင်း ဖြစ်ကြောင်း ပြောဆိုကာ ယွမ်တစ်သောင်းကျော် ပေးခဲ့ရသည်။ အကယ်၍ တစ်ဖက်လူက လူအင်အား မသာခဲ့လျှင် သူသည် မည်သို့မျှ အလျှော့ပေးခဲ့မည် မဟုတ်ချေ။

​သို့သော် ဤကိစ္စမှာ ထိုမျှနှင့် ပြီးဆုံးသွားမည် မဟုတ်။ ယခု ဖြေရှင်းရန် အချိန်တန်လေပြီ။

​ကလေးဘဝကပင် ဂူချန်သည် စိတ်ကျန်းမာရေး ဆေးရုံတစ်ခု၌ လူမှုပတ်ဝန်းကျင်ကို ဆန့်ကျင်သော စိတ်ရောဂါ ရှိကြောင်း အပြင်းအထန် စစ်ဆေးတွေ့ရှိခဲ့ရသည်။ သူသည် အသက် ငါးနှစ်အရွယ်မှစ၍ စိတ်ကျန်းမာရေး ဆေးရုံတွင် ချုပ်နှောင်ခံခဲ့ရသူ ဖြစ်သည်။

​ဆယ့်ခုနစ်နှစ်အကြာတွင် အစိုးရ၏ မူဝါဒ အပြောင်းအလဲများကြောင့်လည်းကောင်း၊ စိတ်ဝေဒနာရှင်များသည်လည်း လူသားများဖြစ်ပြီး လူ့အခွင့်အရေး ရှိသင့်သည် ဟူသော လူထုအမြင်များကြောင့်လည်းကောင်း ဂူချန်သည် ဆေးရုံမှ ပြန်လည် လွတ်မြောက်လာခဲ့ပြီး ချောစာပို့ဆောင်သူ အလုပ်တစ်ခုကို ရရှိခဲ့သည်။ သူ၏ ထူးကဲလှသော သင်ယူနိုင်စွမ်းနှင့် လိုက်လျောညီထွေရှိမှုတို့ကြောင့် ဂူချန်သည် ခေတ်သစ်လူ့အဖွဲ့အစည်းနှင့် လျင်မြန်စွာ အသားကျသွားခဲ့ပြီး တစ်နှစ်၊ နှစ်နှစ်ခန့် ဥပဒေကို လိုက်နာကာ မည်သည့်ပြဿနာမျှ မဖန်တီးဘဲ နေထိုင်ခဲ့သည်။

​သို့သော် ဤအရာအားလုံးမှာ အခြားသူများကို လှည့်ဖြားရန် ဖုံးကွယ်ထားခြင်း ဖြစ်ကြောင်း သူကိုယ်တိုင်သာ သိသည်။ အမှန်တကယ်တွင် သူသည် လေသေနတ်မှစ၍ သေစေနိုင်သော သေနတ်များအထိ တိတ်တဆိတ် ကိုယ်တိုင် ပြုလုပ်တတ်ရန် သင်ယူခဲ့သည်။ လက်လုပ်ဗုံးများနှင့် အခြားသော ပစ္စည်းကိရိယာများပင် ပြည့်စုံနေခဲ့ပြီ ဖြစ်သည်။ သူသည် အချိန်တိုင်း ကိစ္စကြီး တစ်ခုလုပ်နိုင်ရန် ပြင်ဆင်နေခဲ့၏။

​ထိုခေါက်ဆွဲဆိုင်တွင် ကိရိယာ မပြည့်စုံသဖြင့် ဂူချန်က အချိန်စောင့်ရန် ဆုံးဖြတ်ခဲ့ပြီး သူ၏ ပစ္စည်းများကို ပြန်ယူကာ အချိန်ကောင်းကို စောင့်ကြည့်တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။ သို့သော် ကံကြမ္မာက ဆန်းကြယ်လှသည်။ သူကဲ့သို့ သတိကြီးသူပင်လျှင် မီးနီဖြတ်မောင်းလာပြီး လမ်းကြောင်းသုံးခုကို ကျော်ဖြတ်ကာ သူ့ကို လွင့်စင်သွားအောင် တိုက်မိခဲ့သော ကုန်တင်ကားကြီး၏ လုပ်ဆောင်ချက်ကို မခန့်မှန်းနိုင်ခဲ့ချေ။ ယင်းမှာ သူ့အား တမင် ပစ်မှတ်ထား ထားသကဲ့သို့ပင် ။

​ယခုမူ ထိုဒဏ္ဍာရီလာ ကုန်တင်ကားနတ်ဘုရား သုံးပါးလုံး လာခဲ့လျှင်ပင် သူ့ကို တစ်လက်မမျှ ရွေ့အောင် လုပ်နိုင်မည် မဟုတ်တော့။

​"ပထမဆုံး တစ်ယောက်အနေနဲ့... မင်းနဲ့ပဲ စရတာပေါ့..."

​ဂူချန်၏ အကြည့်မှာ အဆုံးမဲ့ ဟင်းလင်းပြင်ကို ထိုးဖောက်သွားပြီး အပြာရောင် ဂြိုဟ်ပေါ်ရှိ မြို့တစ်မြို့၏ ရပ်ကွက်တစ်ခုသို့ ကျရောက်သွားသည်။ သူ ချက်ချင်းပင် ခေါက်ဆွဲဆိုင်တစ်ဆိုင်၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့သည်။ ဆိုင်တံခါးပေါ်တွင် "သံမဏိနွား အမဲသားခေါက်ဆွဲ" ဟူသော စာလုံးကိုးလုံးကို ရေးထိုးထားသည် ။

ည ကိုးနာရီခန့် ရှိနေပြီဖြစ်၍ ဆိုင်ပိတ်ရန် ပြင်နေသလို ဆိုင်အတွင်း၌ ဖောက်သည်များလည်း မရှိတော့ပေ။

ဂူချန်က ခေတ်သစ်အဝတ်အစားများကို ပြောင်းလဲကာ ဆိုင်အတွင်းသို့ အေးဆေးဝင်သွားပြီး မှာလိုက်သည် ။

​"ဆိုင်ရှင်... အမဲသားခေါက်ဆွဲ တစ်ပွဲ၊ ကြက်သွန်မြိတ် မပါဘူးနော်..."

​ပြောပြီးနောက် သူ ဘာမှ ထပ်မံ ဂရုမစိုက်တော့ဘဲ ခုံတစ်ခုတွင် ထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။

​"အခုပဲ လာပါပြီဗျာ.."

ဆိုင်ရှင် အမျိုးသားက မှာကြားချက်ကို ကြားသည်နှင့် ချက်ချင်း ပြန်လည် ထူးလိုက်သည်။ စားပွဲသုတ်နေသော ဝန်ထမ်းအမျိုးသမီးသည်လည်း ခဏတာ ရပ်တန့်သွားပြီး သူမ၏ မျက်လုံးများထဲတွင် ကောက်ကျစ်သော အလင်းတန်းများ ပေါ်ပေါက်လာကာ မီးဖိုချောင်အတွင်းသို့ လိုက်ဝင်သွားသည်။

​"သူက တစ်ယောက်တည်းပဲ၊ ငါတို့ လုပ်ကြမလား..."

​"ထားလိုက်ပါတော့၊ သူ့ပုံစံက သာမန်လူနဲ့ မတူဘူး။ အရေးကြီးတဲ့ လူတစ်ယောက်ယောက်ကို သွားရန်စမိရင် ဒုက္ခရောက်ကုန်မယ်..."

​"ဟုတ်တယ်၊ ဒီလထဲမှာလည်း သုံးယောက်တောင် လုပ်ပြီးသွားပြီပဲ၊ တော်လောက်ပါပြီ..."

​"သူ့ကို ပုံမှန်အတိုင်းပဲ ပေးလိုက်ပါ၊ မနက်ဖြန်ကျရင် ကားသွားဝယ်ရအောင်။ အခုတလောတော့ ငြိမ်ငြိမ်လေး နေကြတာပေါ့..."

​"အင်းပါ.."

​သူတို့နှစ်ဦး တိုင်ပင်ပြီးနောက် ဤဖောက်သည်ကို မလိမ်လည်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့၏ အဆက်အသွယ်မှာ အင်အားမရှိသော လူရိုးလူအများကို နှိပ်စက်ရန်အတွက်သာ လုံလောက်ခြင်း ဖြစ်သည်။

​လီဟုန်း သည် မီးဖိုချောင်ထဲမှ ပြုံး၍ ထွက်လာပြီး ဂူချန်၏ ရှေ့တွင် မုန်လာဥချဉ် တစ်ပန်းကန်ကို ချပေးလိုက်သည်။ သူမ တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် စားပွဲပေါ်၌ တောက်ပသော ရွှေရောင် ပစ္စတို သေနတ်တစ်လက် ရောက်ရှိနေသည်ကို သတိထားမိသွားသည်။

​ထိုအရောင်၊ ထိုပုံစံ သူမ၏ အတွေ့အကြုံအရ ထိုသေနတ်မှာ အစစ်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။

​'ဘာတွေ ဖြစ်နေတာလဲ။ ဒီလူက ဘယ်သူလဲ။ ခေါက်ဆွဲစားဖို့အတွက် ဘာလို့ သေနတ်ကို ထုတ်ထားရတာလဲ..'

​လီဟုန်း၏ အပြုံးမှာ ချက်ချင်းပင် အေးခဲသွားသည်။

​"မေမေ..."

​ထိုအချိန်တွင် ဆိုင်အဝင်ဝမှ ကလေးငယ်တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ ကလေးငယ်မှာ အပြေးလေး ဝင်လာပြီး စားပွဲနားသို့ ရောက်သောအခါ...

"မေမေ..မေမေ.. သား ဗိုက်ဆာပြီ..."

လီဟုန်း၏ အမူအရာမှာ ပိုမို တင်းမာသွားပြီး သူမ တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်သော်လည်း သူမရှေ့မှ အမျိုးသားက ရုတ်တရက် စကားပြောလာခဲ့သည်။

​"ငါ မင်းနဲ့ ဂိမ်းတစ်ခု ကစားမယ်..."

​လူငယ်မှာ မျက်လုံးများကို အနည်းငယ် မှိတ်ထားဆဲဖြစ်ပြီး သူ၏ လေသံမှာ တည်ငြိမ်လှသည်။

"တကယ်လို့ မင်း ရှုံးရင် ငါ ချက်ချင်း ထွက်သွားမယ်..."

​" မင်း နိုင်ရင်တော့..."

​"မင်းတို့အားလုံး သေရမယ်..."

​ပြောရင်းနှင့် လူငယ်သည် စားပွဲပေါ်မှ ရွှေရောင်သေနတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ၏ ဘေးရှိ ကလေးငယ်၏ ခေါင်းပေါ်သို့ လက်တစ်ဖက်ကို တင်လိုက်ကာ ပြုံး၍ ပြောလိုက်သည် ။

​"မင်းရဲ့ ယောကျ်ား ပြင်ပေးမယ့် ခေါက်ဆွဲထဲမှာ ကြက်သွန်မြိတ် ပါ၊ မပါ ဆိုတာကို ငါတို့ လောင်းကြေးထပ်ရအောင်..."

​"မင်း ဘယ်ဘက်က ရွေးမလဲ.."

​လီဟုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ နှလုံးသားထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။ သူမ တစ်စုံတစ်ခုကို ပြောချင်သော်လည်း သူ၏ လက်ထဲရှိ သေနတ်နှင့် ဘာမှမသိသေးသော သူမ၏ လူမမယ် သားဖြစ်သူကို ကြည့်ရင်း စကားလုံးများမှာ ထွက်မလာခဲ့တော့။

​သူမသည် ဤလူစိမ်းကို လုံးဝ မမှတ်မိ။ မည်သည့်အတွက်ကြောင့် သူမတို့ကို ပစ်မှတ်ထားနေရသနည်း။ ယခင်က သူတို့ လိမ်လည်ခဲ့ဖူးသူများထဲမှ တစ်ဦးလော။ သို့သော် သူမတွင် မှတ်တမ်းများ အားလုံး ရှိနေသဖြင့် သူ့ကို မမှတ်မိစရာ အကြောင်းမရှိချေ။

​"မင်း မရွေးဘူးဆိုရင် ငါပဲ ရွေးပေးမယ်..."

​ဂူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး...

"ဘာကြောင့်လဲဆိုတော့ သူ ငါ့ကို အရင်က အမြဲတမ်း ဆဲနေခဲ့လို့ပဲ.."

​"ဒါကြောင့် သူ့ရဲ့ ခေါက်ဆွဲထဲမှာ ကြက်သွန်မြိတ်တွေ အများကြီး ပါလိမ့်မယ်လို့ ငါ လောင်းတယ်..."

" ဂျောက်.."

​သေနတ်ကို မောင်းတင်လိုက်သော အသံ ထွက်ပေါ်လာသည်။ သူ၏ လက်တစ်ဖက်ကို ကလေးငယ်၏ ခေါင်းပေါ်၌ တင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် သေနတ်ကို ပွတ်သပ်နေရင်း မီးဖိုချောင်ဘက်သို့ ကြည့်လိုက်သည်။ မီးဖိုချောင်အတွင်းရှိ ဆိုင်ရှင်မှာမူ ဘာမျှမသိဘဲ ခေါက်ဆွဲကိုသာ အားစိုက်၍ ပြင်ဆင်နေသည်။

​မကြာမီမှာပင် အမဲသားခေါက်ဆွဲမှာ အဆင်သင့် ဖြစ်သွားခဲ့သည်။ ဆိုင်ရှင်သည် ခေါက်ဆွဲပန်းကန်ကို ကိုင်လျက် ထွက်လာပြီး စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

​"သံမဏိနွား အမဲသားခေါက်ဆွဲ ရပါပြီဗျာ.. ပူပူလေး စားလိုက်ပါအုံး.."

​ပြောပြီးနောက် သူသည် လက်ကို သုတ်ကာ မီးဖိုချောင်အတွင်းသို့ ပြန်ဝင်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် လီဟုန်းနှင့် ဂူချန် နှစ်ဦးလုံးမှာ စားပွဲပေါ်ရှိ ခေါက်ဆွဲကို ကြည့်လိုက်ကြသည်။ ခေါက်ဆွဲထဲတွင် ကြက်သွန်မြိတ် လုံးဝ မပါဝင်သလို အမဲသားများမှာလည်း ပုံမှန်ပမာဏထက် ပိုမို များပြားနေသည်။

​'အိုဘုရားရေ..တော်သေးတာပေါ့...'

လီဟုန်းက သူမ၏ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

​သူမ မော့ကြည့်လိုက်သောအခါ တစ်ဖက်ရှိ လူငယ်၏ မျက်နှာမှာ ခဏတာ မဲမှောင်သွားပြီးမှ ပြုံး၍ ...

​"ငါ အမဲသားမစားဘူး..."

​ထို့နောက် လီဟုန်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ထရပ်လိုက်ကာ ဆိုင်ရှင်၏ နောက်ကျောကို သေနတ်ဖြင့် ချိန်ရွယ်လိုက်သည်။

​"ဒိုင်း...."

​(ဤတွင် ဇာတ်သိမ်း၏...)

အဆုံးထိ အားပေးဖတ်ရှု ပေးခဲ့သော စာဖတ်သူအပေါင်းတို့ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပြီး ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ကြပါစေဗျာ 🥰🥰

All Chapters