← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 22 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 22 Ch. 225-226

Chapter 225

~

အခန်း ၂၂၅ : ဆိုက်ဘော့ များနှင့် အမ်မာတားရက်စ်၏ ထိတ်လန့်မှု

~

​ဂူချန်သည် အတွေးတစ်ချက်ဖြင့် နတ်ဘုရားအာရုံအား အသုံးပြုလိုက်လျှင် သဲမြို့တော်တစ်ခုလုံးကို လွှမ်းမိုးသွားပြီး မြို့အတွင်းရှိ သန်းပေါင်းများစွာသော လူသားများကို တစ်စက္ကန့်အတွင်း တစ်ယောက်မကျန် စစ်ဆေးလိုက်သည်။

​ထိုလူများထဲတွင် အမျိုးသမီးတစ်ဦး၏ ရုပ်သွင်နှင့် အခြေအနေမှာ ဝိညာဉ်ရှာဖွေခြင်းမှ ရရှိထားသော အချက်အလက်များနှင့် ထပ်တူကျနေသည်ကို တွေ့ရှိရ၏။ ဤလူ၏ တည်နေရာအတိအကျကို ရှာဖွေနိုင်ရန်အတွက် သူသည် ကောင်းကင်တာအို နတ်ဘုရားစွမ်းအားများကို အတော်များများ အသုံးပြုခဲ့ရခြင်း ဖြစ်သည်။

​ဤကမ္ဘာ၏ အလိုဆန္ဒသည် သူ့အား ဆန့်ကျင်ရန် ဤမျှအထိ အစွန်းရောက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ အတိတ်မှ ပြန်လည်မွေးဖွားလာသူ တစ်ဦးကိုပင် ခေါ်ဆောင်လာခဲ့သည် မဟုတ်ပါလော။ သို့သော်လည်း ထိုအရာက အရေးမကြီးချေ။ သူသည် ထိုသူအားလုံးကို သတ်ပစ်ရုံသာ ရှိတော့သည်။

​" ဟားဟား..မင်းကို ရှာတွေ့ပြီ .."

​ဂူချန်သည် ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် မြို့စောင့်အစီအရင်ကို လက်တစ်ဖက်တည်းဖြင့် ဆွဲဖြဲကာ ဟင်းလင်းပြင်ကို ကျော်ဖြတ်၍ ထိုအမျိုးသမီးရှိရာသို့ ဦးတည်လိုက်တော့သည်။

​ထိုအခိုက်မှာပင် မြို့တော်တစ်ခုလုံး၌ အရေးပေါ်အချက်ပေးသံများ ဆူညံစွာ မြည်ဟီးလာသည်။ လူတိုင်း သိကြသည့်အတိုင်း လေထုထဲတွင် အသံ၏အရှိန်မှာ တစ်စက္ကန့်လျှင် ၃၄ မီတာခန့်သာ ရှိသော်လည်း ယခုအချိန်၌ ဂူချန်၏ သာမန်လမ်းလျှောက်နှုန်းမှာပင် ထိုအရှိန်ထက် အဆပေါင်းများစွာ ပိုမိုလျင်မြန်နေခဲ့သည်။

​ထို့ကြောင့် အရေးပေါ်အချက်ပေးသံမှာ သူမရှိရာသို့ မရောက်ရှိနိုင်မီမှာပင် သူသည် ဖုန့်ကျိုဟွမ်၏ ရှေ့မှောက်သို့ ရောက်ရှိနေလေပြီ။

​ဖုန့်ကျိုဟွမ်သည် စောင့်ကြည့်ရေးကောင်စီ ဌာနချုပ်ဆီသို့ အပြေးအလွှား သွားနေစဉ်မှာပင် သူမ၏ လမ်းကို ပိတ်ဆို့ထားသည့် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးကို ရုတ်တရက် တွေ့မြင်လိုက်ရသည်။ ထိုလူငယ်က နူးညံသော အပြုံးဖြင့် သူမကို စိုက်ကြည့်နေလေ၏။ သူမ ထိုသူနှင့် တစ်ခါမျှ မဆုံဖူးသော်လည်း သူ၏ ရုပ်သွင်မှာ တစ်နေရာရာတွင် ရင်းနှီးနေသကဲ့သို့ ခံစားမိလိုက်သည်။

​' နေဦး... ဒါက... '

​ဖုန့်ကျိုဟွမ်၏ မျက်ဝန်းများမှာ ရုတ်တရက် ဝိုင်းစက်သွားပြီး ပန်းရောင်နှုတ်ခမ်းလွှာများမှာ ဟစိစိ ဖြစ်သွားသည်။

​" ရှင်က... "

​"ဘုန်း..."

​သူမ စကားမဆုံးခင်မှာပင် ပိုးသားကဲ့သို့ ဖြူစင် လှပချောမောသော သူမ၏ မျက်နှာမှာ တစ်စစီ ပေါက်ကွဲသွားသည်။ သွေးစက်များနှင့် ဦးနှောက်အစိပ်စိပ်အမွှာမွှာများသည် ပွင့်အာလာသော အနီရောင်နှင်းဆီပန်းပွင့်ကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖိတ်စင်သွား၏။

​ဂူချန်က မည်သည့်စကားမျှ ထပ်မပြောဘဲ လက်ကို ဖီးနစ်နိုင်းဖီးနစ်၏ ဝမ်းဗိုက်အတွင်းသို့ ထိုးသွင်းကာ အချိန်ဂူကို ဆွဲထုတ်လိုက်သည်။ ထို့နောက် အချိန်ဂူကို အလွယ်တကူပင် သန့်စင်လိုက်ပြီးနောက် ထိုနေရာမှ ကွယ်ပျောက်သွားတော့သည်။

​သူသည် အဆင့် ၆ ရှိသော ဝိညာဉ်ကိုပင် သန့်စင်ရန် အချိန်မပေးတော့ချေ။ ဖုန့်ကျိုဟွမ် သေဆုံးသွားချိန်အထိ သဲမြို့တော်မှ အရေးပေါ်အချက်ပေးသံမှာ သူမရှိရာသို့ ရောက်ရှိမလာသေးပေ။

​ထိုအချိန်၌ မြို့အတွင်းရှိ သွေးရောင်ဝတ်စုံ ဝတ်ဆင်ထားသော စစ်သည်အမြောက်အမြားသည် ရုတ်တရက် နိုးထလာကြပြီး စနစ်တကျ သတ်ဖြတ်မှုများကို စတင်ကာ ထျန်းရှူးမြို့တော်ဆီသို့ ဦးတည်ချီတက်ကြတော့သည်။ စောင့်ကြည့်ရေးကောင်စီ၏ အဆင့်မြင့်အရာရှိများထဲတွင်ပင် ထိုကဲ့သို့သော သူများကို တွေ့ရှိနိုင်သည်။

​အချိန်ခဏအတွင်းမှာပင် အသစ်စုဖွဲ့ထားသော မဟာမိတ်တပ်ဖွဲ့များမှာ အကြီးအကျယ် ထိခိုက်ပျက်စီးသွားရသည်။ သူတို့ ပြန်လည်စုစည်းရန် ကြိုးစားချိန်မှာပင် နတ်ဘုရားမီးတောက်ဂိုဏ်း၏ အစောင့်အရှောက်များ ပေါ်ပေါက်လာပြီး ပြင်းထန်သော စွမ်းအားများဖြင့် တိုက်ခိုက်ချေမှုန်းကြတော့သည်။ ဘုရင်အဆင့် ပညာရှင် အချို့မှာလည်း ကလစ်တစ်ချက်နှိပ်ရုံဖြင့် ဖျက်ထုတ်ခံလိုက်ရသကဲ့သို့ သေဆုံးသွားကြသည်။

​ကြီးမားလှသော စစ်တပ်ကြီးမှာ ထျန်းရှူးမြို့တော်၏ အချက်အချာနေရာဆီသို့ ချီတက်နေပြီ ဖြစ်သည်။ ဤဖြစ်ရပ်မျိုးမှာ မဟာမိတ်အဖွဲ့ကြီး လေးခုအတွင်း၌ နေရာအနှံ့ပေါ်ပေါက်နေသည်။ သို့သော်လည်း သူတို့သည် တိုက်ပွဲတွင် အချိန်မဆွဲဘဲ ထျန်းရှူးမြို့တော်ဆီသို့သာ တိုက်ရိုက် ဦးတည်နေကြခြင်း ဖြစ်သည်။

​တစ်ချိန်တည်းမှာပင် ထျန်းရှူးမြို့တော်၌...

​အမ်မာတားရက်စ်သည် မြို့ရိုးထက်၌ ရပ်နေပြီး သူမ၏ ပတ်ဝန်းကျင်တွင် ဇီဝနည်းပညာဖြင့် ပြုပြင်မွမ်းမံထားသော စက်ရုပ်လူသား အမြောက်အမြား ရှိနေသည်။ ထိုမွမ်းမံထားသူများသည် အဆင့်မြင့် စက်မှုကိရိယာများကို တပ်ဆင်ထားပြီး သူတို့၏ ခန္ဓာကိုယ်ကို အနက်ရောင် ချပ်ဝတ်များဖြင့် ဖုံးအုပ်ထားကာ အပြာရောင် စွမ်းအင်သင်္ကေတများ တောက်ပနေသည်။ သူတို့၏ ပခုံးနှင့် ကျောဘက်တွင်လည်း လက်နက်အစိတ်အပိုင်းများကို တပ်ဆင်ထားပြီး ဦးခေါင်းတွင်မူ အာရုံခံကိရိယာများ ပါဝင်သော မျက်နှာဖုံးများကို စွပ်ထားကြသည်။

​ဤလူများမှာ မဟာမိတ်အဖွဲ့က သေဒဏ်ကျအကျဉ်းသားများကို အသုံးပြု၍ လျှို့ဝှက်စွာ စမ်းသပ်ထားသော ဆိုင်ဘော့ဂ်များ ဖြစ်ကြသည်။ လူသား၏ အာရုံကြောစနစ်ကို စက်မှုချပ်ဝတ်များနှင့် ချိတ်ဆက်ထားခြင်း ဖြစ်ပြီး သူတို့၏ မူလအသိစိတ်ကို ဖျက်ထုတ်ကာ စူပါတာမီနယ်မှ တစ်ဆင့် အချက်အလက်များကိုသာ ခွဲခြမ်းစိတ်ဖြာနိုင်သော စက်ရုပ်များကဲ့သို့ ပြုလုပ်ထားခြင်း ဖြစ်သည်။

​ဆိုင်ဘော့ဂ် တစ်ခုချင်းစီ၏ အစွမ်းမှာ မွမ်းမံထားသော ပစ္စည်းများအပေါ် မူတည်၍ ကွဲပြားသော်လည်း အဆင့်နိမ့် ထုတ်ကုန်တစ်ခုမှာပင် လမ်းစဉ်စွမ်းအားများကို အလွယ်တကူ တားဆီးနိုင်ပြီး ကာကွယ်ရေး စွမ်းအင်များကို ချိုးဖျက်နိုင်စွမ်း ရှိသည်။ အဆင့်မြင့် ထုတ်ကုန်များမှာမူ ခန္ဓာကိုယ်ကို ချက်ချင်း ပြန်လည်ပြုပြင်နိုင်စွမ်း ရှိရုံသာမက ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ နေရာရွှေ့ပြောင်းနိုင်စွမ်းပင် ရှိကြသည်။ သို့သော်လည်း ဤဆိုင်ဘော့ဂ်များမှာ သုတေသနပြုလုပ်ဆဲ အဆင့်တွင်သာ ရှိသေးသဖြင့် မဟာမိတ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။

​သို့သော် ယခုကဲ့သို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော အချိန်၌မူ ထိုအရာများကို ထည့်သွင်းစဉ်းစားနေရန် အချိန်မရှိတော့ချေ။

​"ဘိ... ဘိ... ဘိ..."

​" သဲမြို့တော် တိုက်ခိုက်ခံနေရသည်... စောင့်ကြည့်ရေးကောင်စီ ဌာနခွဲ ပျက်စီးသွားပြီ... အန္တရာယ်ရှိသူ အမြောက်အမြား ထျန်းရှူးမြို့တော်သို့ ချဉ်းကပ်နေသည်... "

" နဂါးနက်မြို့တော် တိုက်ခိုက်ခံနေရသည်... "

" တောင်ပိုင်းမြို့တော်မှာလည်း... "

" ပင်လယ်မြို့တော်မှာလည်း... "

​နားထဲတွင် ဆက်တိုက်ကြားနေရသော အရေးပေါ်အချက်ပေးသံများကြောင့် အမ်မာတားရက်စ်၏ ရင်ထဲ၌ တုန်လှုပ်ချောက်ချားသွားပြီး မြို့ရိုးကို အားပြုထားသော သူမ၏ လက်များမှာလည်း မထိန်းနိုင်ဘဲ တုန်ရီလာတော့သည်။

​သူမ ကြောက်ရွံ့နေမိသည်။

​ဤမျှများပြားသော ဆိုင်ဘော့ဂ်များ၊ မဖျက်ဆီးနိုင်သော ထျန်းရှူးမြို့ရိုးနှင့် သူမ၏ နောက်ကွယ်တွင်ရှိသော စူပါတာမီနယ်တို့ ရှိနေသော်လည်း သူမသည် စိုးရိမ်နေဆဲပင်။ နတ်ဘုရားမီးတောက်ဂိုဏ်း ဌာနချုပ်မှ တိုက်ပွဲအပြီးတွင် သူမ၏ အပေါင်းအဖော်များ သေဆုံးသွားခဲ့သော မြင်ကွင်းမှာ သူမ၏ မျက်စိထဲ၌ တဖျတ်ဖျတ် ပေါ်လာနေသည်။

​သူမ တကယ်ပင် ကြောက်ရွံ့နေခြင်း ဖြစ်သည်။ ထိုအရာမှာ သေရမည်ကို ကြောက်ခြင်း မဟုတ်ဘဲ စိတ်ဝိညာဉ်၏ နက်ရှိုင်းသော နေရာမှ ပေါ်ထွက်လာသည့် သေခြင်းတရားထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ထိတ်လန့်မှုမျိုး ဖြစ်သည်။ အမှောင်ထုထဲတွင် မည်မျှပင် ကြိုးစားရုန်းကန်နေပါစေ အလင်းရောင်ကို မတွေ့မြင်ရသကဲ့သို့ ခံစားနေရသည်။

​ထို့အပြင် ဂူချန်၏ မိစ္ဆာစွမ်းအားများအပြင် သူမကို ပို၍ ထိတ်လန့်စေသောအရာမှာ သူ၏ လက်ထဲရှိ နတ်မိစ္ဆာလှံရှည်ပင် ။ ဧကရာဇ်လက်နက် တစ်ခုကိုပင် တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ရိုက်ခွဲပစ်ခဲ့သည် မဟုတ်ပါလော။

​' နတ်ဘုရားလက်နက်... အဲဒါက သေချာပေါက် နတ်ဘုရားလက်နက်ပဲ ဖြစ်ရမယ်.. '

​ဂူချန် တစ်ဦးတည်းနှင့်ပင် သူတို့အတွက် မျှော်လင့်ချက်မဲ့နေပြီ ဖြစ်ရာ၊ သူ၏ လက်ထဲတွင် နတ်ဘုရားလက်နက်ပါ ရှိနေလျှင် ဤတိုက်ပွဲကို သူတို့ မည်သို့မျှ အောင်နိုင်လိမ့်မည် မဟုတ်ဟု အမ်မာတားရက်စ် တွေးတောနေမိသည်။ သူမ၏ အမြင်အရ ကောင်းကင်ပိတ်လှောင်မျှော်စင်၏ ထိန်းချုပ်ခွင့်ရရှိထားသော်လည်း သူမအတွက် လုံခြုံသည်ဟု မခံစားမိချေ။

​' ခွေးကောင်.. သူ့ရဲ့ ပါရမီက ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ ၊ ပြီးတော့ သူ့မှာ ဘာလို့ ဒီလောက် ကောင်းတဲ့ အရာတွေ အများကြီး ရှိနေရတာလဲ.. '

​အမ်မာတားရက်စ်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။ ချက်ချင်းပင် သူမသည် အစီအရင်ကို စွန့်ခွာပြီး ထွက်ပြေးချင်စိတ်များ ပေါ်ပေါက်လာသည်။ အချည်းနှီး ခုခံနေမည့်အစား အရှုံးပေးလိုက်လျှင် ပိုကောင်းမည်လော။ သို့သော် သူမ၏ ရာထူးနှင့် ငယ်စဉ်ကတည်းက သင်ယူခဲ့ရသော ပညာများက ထိုသို့လုပ်ရန် ခွင့်မပြုချေ။

​အကယ်၍ ကောင်းကင်ပိတ်လှောင်မျှော်စင်ကို ရန်သူက သန့်စင်သွားနိုင်ပါက လူသားမျိုးနွယ် တစ်ခုလုံးမှာ ဆန်းကြယ် သားရဲများအတွက် သားသတ်ရုံတစ်ခု ဖြစ်သွားပေလိမည်။ ထိုအချိန်၌ လူသားယဉ်ကျေးမှုမှာ ပျက်သုဉ်းသွားနိုင်သည်။

​အမှန်အတိုင်း ပြောရလျှင် ဂူချန်သည် မည်သည့်အတွက်ကြောင့် ဧကရာဇ်ဖြစ်ရန် ဤမျှအထိ ရူးသွပ်နေရသနည်းဆိုသည်ကို အမ်မာတားရက်စ် နားမလည်နိုင်ချေ။ ကောင်းကင်ပိတ်လှောင်မျှော်စင် ပျက်စီးသွားပါက သားရဲမျိုးနွယ်များ၏ သတ်ဖြတ်ခြင်းကို သူ မကြောက်၏လော။ မဟာမိတ်အဖွဲ့၏ ပြင်ပ၌ သားရဲဧကရာဇ် ရာပေါင်းများစွာမှာ သားကောင်ကို စောင့်နေသော ကျားများကဲ့သို့ စောင့်ကြည့်နေကြလေသည် ။

​" အရူး... တကယ့်ကို အရူးပဲ.. "

​အမ်မာတားရက်စ် ကျိန်ဆဲနေစဉ်မှာပင် မြို့ရိုးထက်၌ အနီရောင်အလင်းတန်းများ လင်းထိန်လာပြီး ပိုမိုကျယ်လောင်သော အချက်ပေးသံများ ထွက်ပေါ်လာတော့သည်။

​" သတိပေးချက် .. သတိပေးချက် ..အန္တရာယ်ရှိသူ အမြောက်အမြား ချဉ်းကပ်နေသည်... "

Chapter 226

~

အခန်း ၂၂၆ : ဟင်းလင်းပြင်ကို ခွဲခြမ်းလိုက်သော လှံတစ်ချက်နှင့် ထျန်းရှူး မြို့တော်ကို သိမ်းပိုက်ခြင်း...

~

​ထျန်းရှူးမြို့တော်၏ ပြင်ပ၌ သန်းချီနေသော နတ်ဘုရားမီးတောက်ဂိုဏ်းဝင် များသည် လျှို့ဝှက်ကျင့်စဉ်များကို အသုံးပြုကာ အလုံးအရင်းဖြင့် စုရုံးရောက်ရှိလာကြသည်။ သူတို့သည် ထျန်းရှူးမြို့တော်ကြီးကို အရပ်လေးမျက်နှာမှနေ၍ ပိတ်ဆို့ဝိုင်းရံလိုက်ကြတော့သည်။

​ဂူချန်သည် မြို့ရိုးအနီးသို့ ကိုယ်တိုင်ရောက်ရှိလာပြီး ကောင်းကင်ယံ တိမ်တိုက်များထဲအထိ ထိုးထွက်နေသော မြင့်မားထည်ဝါလှသည့် မြို့ရိုးကြီးများကို မော့ကြည့်ရင်း စိတ်ထဲမှ အံ့ဩချီးကျူးနေမိသည်။

​' စူပါတာမီနယ်နဲ့ နတ်ဘုရားလက်နက်ကို စောင့်ကြပ်နေတဲ့ နေရာပီသသားပဲ..တကယ့ကို ခန့်ညားပြီး ဘယ်လိုမှ ဖျက်ဆီးလို့မရနိုင်တဲ့ ပုံစံမျိုးပဲ.. '

​' ဒါပေမဲ့ ကံဆိုးတာကတော့ မင်းတို့က ငါနဲ့ လာတွေ့နေတာပဲ.. '

​ဂူချန်၏ အနက်ရောင်ဝတ်စုံစများသည် လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ သူ မြေပြင်တွင် စိုက်ထူထားသော အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန်ကို လက်တစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ ထိုခဏမှာပင် သူရပ်နေသော မြေပြင်မှာ ပေ ၃၀ ခန့်အထိ နက်ရှိုင်းစွာ ပြိုကျသွားပြီး သူ၏ အင်္ကျီလက်စများသည်လည်း ထွက်ပေါ်လာသော ဖရိုဖရဲစွမ်းအင်များကြောင့် အစိပ်စိပ်အမွှာမွှာ စုတ်ပြဲကုန်တော့သည်။

​သူသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို အပြင်းအထန် လှုံ့ဆော်လိုက်ရာ နတ်မိစ္ဆာလှံပေါ်ရှိ အမှတ်အသားတစ်ခုမှာ နတ်ဘုရားအလင်းတန်းများဖြင့် လင်းထိန်လာသည်။ လှံတံကို ဆုပ်ကိုင်ထားသော သူ၏ ညာဘက်လက်မောင်းပေါ်ရှိ အရေပြားနှင့်အသားများသည် ချက်ချင်းပင် အရည်ပျော်သွားသော်လည်း ပေါ်ထွက်လာသော ဖြူဖွေးသည့် အရိုးပေါ်၌မူ ကောင်းကင်နှင့်မြေကြီးကို ဝါးမြိုနိုင်စွမ်းရှိသည့် တာအို သ​င်္ကေတများမှာ ထင်ထင်ရှားရှား မြင်နေရ၏။

​'ဝူး...'

​မိုင်ပေါင်းတစ်ထောင်အတွင်းရှိ ကောင်းကင်ယံကြီးမှာ မမြင်နိုင်သော စွမ်းအားတစ်ခု၏ ဖိသိပ်မှုကို ခံလိုက်ရသဖြင့် ပင့်ကူအိမ်သဏ္ဍာန် အက်ကြောင်းများ ပေါ်ထွက်လာသည်။ တိမ်တိုက်များသည် ပြောင်းပြန်လှန်ထားသော ကန်တော့ချွန်သဏ္ဍာန် ဝဲဂယက်ကြီးအဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ အလယ်ဗဟို၌ တောက်လောင်နေသော ဥက္ကာခဲကြီးတစ်ခု၏ ပုံရိပ်မှာ တဖြည်းဖြည်း ထင်ရှားလာသည်။

​သူ့ကို ဝန်းရံထားသော နတ်ဘုရားမီးတောက်ဂိုဏ်းဝင် တစ်သန်းကျော်တို့သည် ရူးသွပ်စွာ ကိုးကွယ်ယုံကြည်နေကြသော အကြည့်များဖြင့် ကြည့်နေကြပြီး မြေပြင်ကို ထုရိုက်ကာ ဂိုဏ်းချုပ်၏ ဂုဏ်တော်ကို ဟစ်အော်ချီးမြှောက်နေကြတော့သည်။ အစောင့်အရှောက်ကြီး ငါးဦး၏ ခန္ဓာကိုယ်များမှာလည်း တုန်ယင်နေကြပြီး သူတို့၏ ဝိညာဉ်များမှာ ဆူပွက်နေသကဲ့သို့ ခံစားနေကြရသည်။

​" ဟူး... "

​ဂူချန်က လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးနောက် လှံသွားကို တစ်ဝက်ခန့် ဝိုက်ကာ အထက်သို့ ပင့်တင်ယမ်းလိုက်သည်။

"​ဝုန်း...ဂျိန်း....."

​မဟာတာအိုစွမ်အားများ ပေါက်ကွဲထွက်ပေါ်လာသဖြင့် ထစ်ချုန်းသံများ မြည်ဟီးလာသည်။ ကောင်းကင်ယံ အက်ကြောင်းများအတွင်းမှ ကျဆင်းလာသည်မှာ ကြယ်ရောင်ခြည်များ မဟုတ်ဘဲ ကြယ်စင်ဂလက်ဆီတစ်ခုလုံး ဖြစ်နေသည်။ ထိုကြယ်စင်တန်းကြီးမှာ ပျက်စီးနေသော အချိန်နှင့်ဟင်းလင်းပြင် နိယာမများကို သယ်ဆောင်လာပြီး မိုင်ပေါင်းတစ်ထောင်ရှည်လျားသော လှံအလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံကြီးကို နှစ်ခြမ်းခွဲပစ်လိုက်တော့သည်။

​လှံတစ်ချက်တည်းဖြင့် ကောင်းကင်ကို ခွဲခြမ်းလိုက်ခြင်း ပင်ဖြစ်သည်။

​"ဘုန်း..."

​လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ကြယ်စင်တန်းကြီးမှာ မြေပြင်ပေါ်သို့ ကျဆင်းလာပြီး မိုင်ပေါင်းတစ်ထောင်ပတ်လည်ရှိ မြေပြင်ကြီးကို ထိမှန်သွားသည်။ လှံသွားဦးတည်ရာမှနေ၍ မိုင်တစ်ထောင်ရှည်လျားသော အက်ကြောင်းကြီးမှာ ပြန့်နှံ့သွားတော့သည်။ ထိုလှံအရှိန် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ တောင်တန်းများမှာ ထောပတ်ကို ဓားဖြင့်လှီးသကဲ့သို့ ပြတ်တောက်သွားပြီး မြစ်ရေများမှာလည်း ပြတ်တောက်သွားသည့် အခိုက်အတန့်မှာပင် အေးခဲသွားသည်။ လျှိုမြောင်၏ ဘေးတစ်ဖက်တစ်ချက်ရှိ ကျောက်နံရံများမှာ မှန်သားပြင်ကဲ့သို့ ချောမွေ့နေပြီး ခရမ်းနက်ရောင် လျှပ်စီးတန်းများမှာ ဟိုတစ်စ ဒီတစ်စ တလက်လက်တောက်ပနေလေသည်။

​မည်သူမျှ မဖျက်ဆီးနိုင်ဟု ယူဆထားကြသော ထျန်းရှူးမြို့ရိုးကြီးမှာ ထိုလှံသွားအောက်တွင် စက္ကူကဲ့သို့ပင် လွယ်လွယ်ကူကူ ပြတ်တောက်သွားပြီး ထျန်းရှူးမြို့တော်ကြီး တစ်ခုလုံးမှာလည်း အလယ်မှနေ၍ နှစ်ခြမ်းကွဲသွားသည်။ လမ်းစဉ်စွမ်းအားများကို တားဆီးနိုင်သည်ဆိုသော စွမ်းအင်ဒိုင်းကြီးမှာလည်း ဂူချန်၏ စွမ်းအားအောက်တွင် ဟာသတစ်ခုကဲ့သို့သာ ဖြစ်သွား၏။

​ဤအဖြစ်အပျက်အားလုံးကို မြင်လိုက်ရသော အမ်မာတားရက်စ်မှာ နေရာတင်ပင် ကြောင်အမ်းနေပြီး သူမ၏ စိတ်ထဲ၌ ဘာမှမရှိတော့ဘဲ ဗလာဖြစ်သွားသည်။

​' ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. '

​' ခေါင်းဆောင် လေးယောက်စလုံး ပေါင်းတိုက်ရင်တောင် လှုပ်မှာ မဟုတ်တဲ့ ထျန်းရှူးမြို့ရိုးကြီးက အခုတော့ စက္ကူလိုပဲ အလွယ်တကူ အဖျက်ဆီးခံလိုက်ရတာလား.. '

​' ပြီးတော့ ထျန်းရှူးမြို့တော်ကြီး တစ်ခုလုံးကလည်း တကယ်ပဲ နှစ်ခြမ်းကွဲသွားတာလား.. '

​' ဒီလူငယ်က တကယ်ပဲ လူသားတစ်ယောက် ဟုတ်ရဲ့လား.. '

​သူမသည် မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံထက်၌ ရပ်နေဆဲဖြစ်သော ရင်းနှီးသည့် ပုံရိပ်ကို တွေ့လိုက်ရသည်။ ဂူချန်၏ ခရမ်းရောင် မျက်ဝန်းများထဲတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ အောက်ရှိ လူသားအားလုံးကို ငုံ့ကြည့်နေသည်။

​ဤနေရာရှိ အရာအားလုံးသည် သူ့အတွက် အရေးမပါသကဲ့သို့ပင် ။

​ဤအချိန်၌ အမ်မာတားရက်စ်သည် သူမ၏ ရင်ထဲမှ ကြောက်ရွံ့မှုကို မည်သို့မျှ မထိန်းချုပ်နိုင်တော့ချေ။ သူမ၏ နှုတ်ခမ်းများမှာ တုန်ယင်နေပြီး ခြေထောက်များမှာလည်း အားအင်ကုန်ခမ်းသွားကာ သူမ၏ အဖိုးတန်ပိတ်စဖြင့် ချုပ်လုပ်ထားသော ဘောင်းဘီမှာလည်း ဆီးများဖြင့် စိုရွှဲသွားပြီး ခြေထောက်မှတစ်ဆင့် မြေပြင်ပေါ်သို့ စီးကျလာတော့သည်။

​သူမ အသက်ရှူရန်ပင် ခက်ခဲလာပြီး သူမ၏ ရင်ထဲ၌ ခုခံလိုစိတ် အနည်းငယ်မျှပင် မရှိတော့ချေ။ စောစောက လှံတစ်ချက်မှာ ထျန်းရှူးမြို့ရိုးကို ခွဲခြမ်းလိုက်ရုံသာမက သူမ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးတံတိုင်းကြီးကိုလည်း တစစီချေမှုန်းပစ်လိုက်ခြင်း ဖြစ်သည်။

​သူမ၏ လက်ထဲတွင် ကောင်းကင်ပိတ်လှောင်မျှော်စင်၏ ထိန်းချုပ်ခွင့် ရှိနေသော်လည်း သူမ ထိုအရာကို အသုံးပြုရန် မဝံ့ရဲတော့။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ သူမကို မည်သည့်အရာကမျှ အကာအကွယ် မပေးနိုင်တော့မှန်း သူမ သိလိုက်သောကြောင့် ဖြစ်သည်။ ထျန်းရှူးမြို့ရိုးများလည်း မဟုတ်၊ သူမ ဘေးရှိ ဆိုင်ဘော့ဂ်များလည်း မဟုတ်၊ စူပါတာမီနယ်လည်း မဟုတ်သကဲ့သို့ ကောင်းကင်ပိတ်လှောင်မျှော်စင်လည်း မဟုတ်တော့ချေ။

​အကယ်၍ သူမသာ အနည်းငယ်မျှ လှုပ်ရှားလိုက်ပါက ကောင်းကင်ယံမှ လူငယ်သည် ချက်ချင်း ရောက်ရှိလာပြီး သူမကို အစိပ်စိပ်အမွှာမွှာ ချေမှုန်းပစ်မည်မှာ သေချာလှသည်။ ထို့အပြင် တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ရန်သူသည် မဟာမိတ်အဖွဲ့အတွင်းရှိ သူမ၏ သဲစစ်သည် ပုံတူကိုယ်ပွားများကို တိကျစွာ ရှာဖွေပြီး အချိန်တိုအတွင်း၌ အကုန်အစင် ဖျက်ဆီးပစ်ခဲ့သည်။ သူမအနေဖြင့် ပြန်လည် နိုးထရန် အခွင့်အရေးမရှိတော့ပေ။

​တစ်နည်းအားဖြင့် ပြောရလျှင် ယခုအချိန်၌ သူမ သေဆုံးသွားပါက အမှန်တကယ် သေဆုံးသွားမည် ဖြစ်သည်။

​သူမ၏ ရင်ထဲမှ ကြောက်ရွံ့မှုများမှာ အတိုင်းအဆမရှိ ကြီးမားလာပြီးနောက် အမ်မာတားရက်စ်သည် စိတ်ဓာတ်များ အကုန်အစင် ပြိုလဲသွားကာ မြေပြင်ပေါ်၌ ဒူးထောက်ကျသွားပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။

​[ အိမ်ရှင်သည် အနောက်ပိုင်းမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် အမ်မာတားရက်စ်အား သူမ၏ စိတ်နှလုံးကို ပွင့်သွားစေပြီး မမေ့နိုင်သော သင်ခန်းစာတစ်ခု ပေးခဲ့သည်ဟု စနစ်က တွေ့ရှိရသည်။ စေတနာရမှတ် + ၁၀,၀၀၀ ]

​ဂူချန်သည် တည်ငြိမ်စွာပင် ရှိနေသည်။ သူ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အောက်ရှိ နတ်ဘုရားမီးတောက်ဂိုဏ်းဝင် တစ်သန်းကျော်တို့သည် ထျန်းရှူးမြို့တော်အတွင်းသို့ ပြေးဝင်သွားကြပြီး အတွင်းဘက်ရှိ ဆိုင်ဘော့ဂ်များနှင့် စတင် တိုက်ခိုက်ကြတော့သည်။

​တစ်ချိန်တည်းမှာပင် သူသည် အမ်မာတားရက်စ်၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာပြီး သူမကို အေးစက်စွာ ငုံ့ကြည့်လိုက်သည်။

​" ဒီပွဲရဲ့ ရလဒ်က အစကတည်းက သတ်မှတ်ပြီးသားပဲ မလား.. "

​အမ်မာတားရက်စ်၏ အကြည့်များမှာ တုန်ယင်နေပြီး သူမ၏ တစ်ကိုယ်လုံးမှာလည်း မည်သည့် အားအင်မျှ မရှိတော့ချေ။

​" ဟ..ဟ... "

​ဂူချန်သည် ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် သူမ၏ ဦးခေါင်းကို အသာအယာပင် ရိုက်ခွဲပစ်လိုက်သည်။ ထို့နောက် သူသည် နေရာရွှေ့ပြောင်းခြင်း ကျင့်စဉ်ဖြင့် ထျန်းရှူးမြို့တော်၏ အတွင်းဘက်ဆုံး နေရာသို့ ရောက်ရှိသွားပြီး လူပေါင်းများစွာ၏ စိတ်နှလုံးထဲတွင် ရှိနေသော်လည်း တစ်ခါမျှ မတွေ့မြင်ခဲ့ရဖူးသော တည်ရှိမှုတစ်ခုကို တွေ့လိုက်ရသည်။

​၎င်းမှာ စူပါတာမီနယ် ပင်။

​ဂျက်စ် တို့ကဲ့သို့ စက်မှုနည်းပညာဖြင့် ပြုလုပ်ထားသော ပစ္စည်းများနှင့် မတူဘဲ စူပါတာမီနယ်၏ ပင်မခန္ဓာကိုယ်မှာ အချက်အလက်များအဖြစ် ပြောင်းလဲထားသော လူသားတစ်ဦး ဖြစ်သည်။ ၎င်းကို ပြုပြင်ထိန်းသိမ်းရေး ကိရိယာတစ်ခုအတွင်း၌ ထည့်သွင်းထားပြီး အချက်အလက် ပိုက်များစွာဖြင့် ချိတ်ဆက်ထားကာ ၎င်း၏ အသိစိတ်မှာ မဟာမိတ် ကွန်ရက်တစ်ခုလုံးနှင့် ချိတ်ဆက်လျက် ရှိသည်။

​ယခုအချိန်၌ ထိုကိရိယာ၏ အထက်ရှိ ဖန်သားပြင်ကြီးပေါ်တွင် လူသားမျက်နှာနှင့် တူသော အချက်အလက် ပြကွက်တစ်ခုမှာ ဂူချန် ရောက်ရှိလာခြင်းကို ငြိမ်သက်စွာ စောင့်ကြည့်နေသည်။ စူပါတာမီနယ်သည် ထူးထူးခြားခြား တုံ့ပြန်မှု မရှိချေ။

​သူ၏ ကာကွယ်ရေး အစီအစဉ်အားလုံးမှာ လှံတစ်ချက်တည်းနှင့် ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ ညှိနှိုင်းဆွေးနွေးရန် အခွင့်အရေး လုံးဝ မရှိတော့မှန် သိထားသည်။ သူ၏ အချက်အလက် ခွဲခြမ်းစိတ်ဖြာမှုများအရ ဆိုင်ဘော့ဂ်များ အားလုံးကို အသုံးပြုလျှင်ပင် ရန်သူကို အနည်းငယ်မျှ ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိချေ။

​အောင်နိုင်ခြေမှာ တစ်သောင်းပုံ တစ်ပုံ သာ ရှိတော့သည်။

​ဂူချန်က စကားအရှည်ကြီး မပြောဘဲ တည့်တည့်ပင် မေးလိုက်၏။

​" ကောင်းကင်ပိတ်လှောင်မျှော်စင်ရဲ့ ထိန်းချုပ်ခွင့်ကို လွှဲပေးစမ်း.. "

​" မင်း လွှဲမပေးရင်တောင် ငါ့မှာ အဲဒါကို သန့်စင်ဖို့ နည်းလမ်းရှိတယ်ဆိုတာ မင်း သိထားသင့်တယ်။ အချိန် နည်းနည်း ပိုကြာရုံပဲ ရှိမှာ.. "

​စူပါတာမီနယ်၏ ဖန်သားပြင်မှာ ခဏမျှ တုန်ခါသွားပြီးနောက် ခံစားချက်မပါသော စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာသည်။

​" ဂုဏ်သရေရှိ ဂူချန်... ကျွန်ုပ်အနေနဲ့ သင်၏ နောက်ထပ်လုပ်ဆောင်မယ့် အဆင့်တွေကို တားဆီးနိုင်စွမ်း မရှိပါဘူး။ အဲဒါကြောင့် ကောင်းကင်ပိတ်လှောင်မျှော်စင်ရဲ့ ထိန်းချုပ်ခွင့်ကို သင့်ဆီ လွှဲပေးပါ့မယ်.. "

​" ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ သင့်ကို အချက်အလက် အချို့ ပြောပြချင်ပါတယ်.. "

​စူပါတာမီနယ်သည် အခြေအနေမှာ ပြန်လည်ပြင်ဆင်၍မရသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်ပိတ်လှောင်မျှော်စင်၏ ထိန်းချုပ်ခွင့်မှာ ရန်သူ့လက်ထဲသို့ မလွဲမသွေ ရောက်ရှိသွားတော့မည်ကို သိထားသည်။ သို့သော်လည်း သူ၏ အချက်အလက်များအရ ရန်သူ၏ စရိုက်ကို တွက်ချက်နိုင်သဖြင့် ရန်သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေနိုင်မည့် စကားလုံးများကို ရှာဖွေရန် ကြိုးစားနေခြင်း ဖြစ်သည်။

​" အပိုတွေ ပြောမနေနဲ့ .."

​ဂူချန်၏ မျက်နှာမှာ အနည်းငယ် တင်းမာသွားပြီး သတိပေးသည့်လေသံဖြင့် ပြောလိုက်သည်။

​" ငါ့မှာ အချိန် သိပ်မရှိဘူး။ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ငါ မကြားချင်ဘူး .."

​" မင်း ဒီမှာ အချိန်ထပ်ဖြုန်းနေမယ်ဆိုရင် ငါ ကောင်းကင်ပိတ်လှောင်မျှော်စင်ကို သန့်စင်ပြီးတဲ့နောက် မဟာမိတ်အဖွဲ့ထဲမှာ လူ ဘယ်လောက် ကျန်မလဲဆိုတာ ငါ အာမမခံနိုင်ဘူးနော် .."

​စူပါတာမီနယ်မှာ တိတ်ဆိတ်သွားတော့သည်။

​စူပါတာမီနယ်သည် ကောင်းကင်ပိတ်လှောင်မျှော်စင်၏ ထိန်းချုပ်ခွင့် အားလုံးကို ဂူချန်ထံ လွှဲပြောင်းပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် ဆိုင်ဘော့ဂ် အစီအစဉ်အားလုံးကို ရပ်တန့်ကာ အားလုံးကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

အပြင်ဘက်ရှိ နတ်ဘုရားမီးတောက်ဂိုဏ်းဝင်များသည် ဆိုင်ဘော့ဂ်များ ရုတ်တရက် ရပ်တန့်သွားပြီး တိုက်ပွဲမှ ဆုတ်ခွာသွားသည်ကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေကြသည်။

​ထိုအခြေအနေကို မြင်လိုက်ရသောအခါ အစောင့်အရှောက်ကြီး ငါးဦးမှာ အလွန်အမင်း ဝမ်းသာသွားကြ၏။ သူတို့ ကောင်းကင်ယံသို့ ပျံတက်လိုက်ကြပြီးနောက် အသံကုန် ဟစ်အော်လိုက်ကြသည်။

​" ဟားဟားဟား ..ဂိုဏ်းချုပ်က ထျန်းရှူးမြို့တော်ကို သိမ်းပိုက်လိုက်ပြီ.. "

​" နတ်ဘုရားမီးတောက်ဂိုဏ်းဝင်များ အားလုံး ထျန်းရှူးမြို့တော်အတွင်းသို့ အမြန်ဝင်ကြ။ ဂိုဏ်းချုပ်ကို ကာကွယ်ကြစမ်း.. "

​ထျန်းရှူးမြို့တော်၏ အနက်ရှိုင်းဆုံး နေရာ၌ ဂူချန်သည် စူပါတာမီနယ်၏ လမ်းညွှန်မှုဖြင့် ဟင်းလင်းပြင် အက်ကြောင်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားပြီး ကောင်းကင်ပိတ်လှောင်မျှော်စင်ကို သိမ်းဆည်းထားသော အထူးနယ်မြေသို့ ရောက်ရှိသွားတော့သည်။

All Chapters