← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 22 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 22 Ch. 227-228

Chapter 227

~

အခန်း ၂၂၇ : မျှော်စင်ကို သန့်စင်ခြင်း...

~

​ငွေဖြူရောင် လွှမ်းမိုးထားသော ဟင်းလင်းပြင်အတွင်းရှိ အရာအားလုံးမှာ တလက်လက်တောက်ပြောင်နေပြီး သန့်ရှင်းသပ်ရပ်လှသည်။

​ဖြူဖွေးသော ကျောက်စိမ်းများဖြင့် တည်ဆောက်ထားသည့် နန်းတော်ပေါင်းများစွာမှာ ထိုဟင်းလင်းပြင်တစ်ခုလုံးတွင် ပြည့်လုနီးပါး ရှိနေပြီး လက်ရာမြောက်စွာဖြင့် ခန့်ညားထည်ဝါလွန်းလှ၏။ ထိုနန်းတော်များ၏ အလယ်ဗဟို၌မူ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြင့် ဟောင်းနွမ်းနေသော ဖြူဖွေးသည့် ရဲတိုက်ကြီးတစ်ခု ရှိနေပေသည်။ ၎င်းသည် ကြက်အုပ်ထဲမှ ကြိုးကြာကဲ့သို့ပင် မြင့်မားစွာ တည်ရှိနေပြီး ထူးထူးခြားခြားပင် မျက်စိကျစရာ ဖြစ်နေသည်။

​ထိုရဲတိုက်ကြီးကို ကောင်းကင်ပိတ်လှောင်မျှော်စင် ဟု အမည်ပေးထားပြီး သက်ရှိအားလုံးအတွက် ကောင်းကင်နှင့်မြေကြီးကို ပိတ်လှောင်ကာ လူသားမျိုးနွယ်အတွက် အသက်ရှူပေါက်တစ်ခု ချန်ထားပေးရန် ပထမဧကရာဇ်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤမျှော်စင်ကြောင့်ပင် ပထမ ဧကရာဇ်လက်ထက်မှစ၍ လူသားမျိုးနွယ်၏ သိုင်းပညာလမ်းစဉ်တွင် ဧကရာဇ်အဆင့်သို့ ရောက်ရှိသူ ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ပေ။

​လူသားတို့သည်လည်း သူတို့၏ လက်ရှိနယ်မြေအတွင်း၌သာ ထာဝရပိတ်လှောင်ခံထားရပြီး ပြင်ပသို့ ခြေတစ်လှမ်းပင် မလှမ်းနိုင်ကြတော့။

​ဂူချန်က ထိုဖြူဖွေးနေသော မျှော်စင်အနီးသို့ အနည်းငယ် ချဉ်းကပ်လိုက်သည်နှင့် ပြင်းထန်လှသော ဖိအားတစ်ခုက သူ့အပေါ်သို့ လွှမ်းမိုးလာသည်ကို ခံစားလိုက်ရသည်။ သူ အင်္ကျီလက်စကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ စစ်မှန်သောချီစွမ်းအင် အမြောက်အမြား တိုးထွက်လာပြီး ထိုဖိအားနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားသည်။ အတိုင်းအဆမရှိသော စွမ်းအင်လှိုင်းများမှာ တလိမ့်လိမ့် တက်လာပြီး စွမ်းအင်နှစ်ခုမှာ အချိန်အတော်ကြာသည်အထိ အပြန်အလှန် အားပြိုင်နေကြသည်။

​" တော်တော်လေး ဇွဲကောင်းတာပဲ.. "

​ဂူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် လက်ကို ဆန့်ထုတ်လိုက်သည်။ ဟင်းလင်းပြင်၌ အက်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာစွမ်းအင်များ ပြည့်နှက်နေသည့် အစွန်းရှစ်ဖက်နတ်မိစ္ဆာလှံပုဆိန်မှာ အထူးနယ်မြေအတွင်းသို့ တိုးဝင်ရောက်ရှိလာသည်။ လှံရှည်ရောက်ရှိလာသည်နှင့် ကမ္ဘာကြီးမှာ တုန်ခါသွားပြီး လှံမှ ထွက်ပေါ်လာသော အနက်ရောင်စွမ်းအင်များသည် ဖြူဖွေးသော မျှော်စင်၏ အလင်းရောင်နှင့် ထိပ်တိုက်တိုးတော့သည်။

​မူလ အားပြိုင်နေမှုမှာ ချက်ချင်းပင် ပျက်စီးသွားတော့သည်။ ဖြူဖွေးသော မျှော်စင်မှာ အကြိမ်အနည်းငယ်မျှ တုန်ခါသွားပြီးနောက် သူ၏ အရှိန်အဝါများကို လုံးဝ ရုပ်သိမ်းလိုက်သည်။ ၎င်းသည် ဂူချန်နှင့် နတ်မိစ္ဆာလှံကို မယှဉ်နိုင်မှန်း သိရှိသွားသဖြင့် သူ၏ စွမ်းအားအားလုံးကို ကာကွယ်ရေး၌သာ စုစည်းရန် ပြင်ဆင်လိုက်ခြင်း ဖြစ်ပုံရပေ၏။

​သို့သော်လည်း...

​ဂူချန်က ဟင်းလင်းပြင်အတွင်း၌ အကြိမ်အနည်းငယ် လက်ညှိုးဖြင့် တို့လိုက်ရာ ကောင်းကင်ပိတ်လှောင်မျှော်စင်၏ တင်းကျပ်စွာ ပိတ်ထားသော တံခါးကြီးများမှာ အလိုအလျောက် ပွင့်သွားသည်။ စူပါတာမီနယ်သည် သူ့အား ဝင်ရောက်ခွင့် အာဏာအားလုံးကို ပေးအပ်ထားပြီး ဖြစ်ရာ ယခုအခါ သူသည် ထျန်းရှူမြို့တော်၏ အဆင့်မြင့်ဆုံး စီမံခန့်ခွဲသူ ဖြစ်နေချေပြီ။

​ဤအရာက ကောင်းကင်ပိတ်လှောင်မျှော်စင်ကို တိုက်ရိုက် သန့်စင်နိုင်ရန် မလုံလောက်သေးသော်လည်း မျှော်စင်၏ တံခါးများကို အတင်းအကျပ် ဖွင့်ခိုင်းရန်နှင့် အားနည်းချက်အားလုံးကို ထုတ်ဖော်ရန်အတွက်မူ လုံလောက်ပေသည်။

​ထိုသို့ တွေးတောရင်း ဂူချန်က မျှော်စင်အတွင်းသို့ လှမ်းဝင်လိုက်သည်။ သူ၏ ခရမ်းရောင် မျက်ဝန်းများမှာ နတ်ဘုရားအလင်းတန်းများဖြင့် တောက်ပနေပြီး ကောင်းကင်ပိတ်လှောင်မျှော်စင်၏ တည်ဆောက်ပုံ အဆင့်ဆင့်ကို အသေးစိတ် စတင်ခွဲခြမ်းစိတ်ဖြာ တော့သည်။ မျှော်စင်အတွင်းရှိ ဖြူဖွေးသော ကျောက်စိမ်းနံရံများပေါ်တွင် ရှေးဟောင်းသင်္ကေတပေါင်းများစွာကို ထွင်းထုထားသည်။ သင်္ကေတတစ်ခုချင်းစီမှာ အသက်ရှူနေသကဲ့သို့ ရှိနေပြီး ညကောင်းကင်ယံမှ ကြယ်ပွင့်ကလေးများကဲ့သို့ ခပ်ဖျော့ဖျော့ အလင်းများကို ထုတ်လွှတ်နေသည်။

​မျှော်စင်တစ်ခုလုံးတွင် ပုံဆောင်ခဲပေါင်းများစွာကို နေရာချထားပြီး ၎င်းတို့မှာ ထူးဆန်းသော ဆက်နွှယ်မှုတစ်ခု ရှိနေပုံရ၏။ အစွန်းရှစ်ဖက်နတ်မိစ္ဆာလှံပုဆိန်နှင့် မတူသည်မှာ ကောင်းကင်ပိတ်လှောင်မျှော်စင်သည် ကမ္ဘာ၏ အလိုဆန္ဒနှင့် အရာခပ်သိမ်း၏ အနှစ်သာရမှ မွေးဖွားလာခြင်းဖြစ်ရာ မြင့်မားသော ကိုယ်ပိုင်အသိစိတ် ရှိနေခြင်းဖြစ်သည်။

​ယခင်က သူသည် အစွန်ရှစ်ဖက် နတ်မိစ္ဆာလှံကို ချောချောမွေ့မွေ့ သန့်စင်နိုင်ခဲ့ခြင်းမှာ စနစ်၏ အကူအညီကြောင့် ဖြစ်သည်ကို သိထားသင့်သည်။ သို့သော်လည်း အချိန်အတော်ကြာပြီးနောက်တွင်မူ သူသည် ယခင်ကကဲ့သို့ အားနည်းသောလူသားမျိုး မဟုတ်တော့ချေ။

​" စကြစို့.. "

​ဂူချန်သည် သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် လက်ဖဝါးများကို ဖြန့်လိုက်သည်။ မှင်ကဲ့သို့ နက်မှောင်သော အေးစက်သည့် မီးလျှံနှစ်ခုမှာ သူ၏ လက်ဖဝါးအတွင်းမှ ထွက်ပေါ်လာပြီး ၎င်းတို့၏ နက်ရှိုင်းသော နေရာ၌ အနီရောင်အလင်းဖျော့ဖျော့မှာ တဖျတ်ဖျတ် လက်နေသည်။ ၎င်းမှာ နတ်ဘုရားမီးတောက်ဂိုဏ်း၏ မြင့်မြတ်မီးလျှံနှင့် အတိုင်းအဆမရှိသော သန့်စင်ခြင်းတာအိုလမ်းစဉ် နတ်ဘုရားစွမ်းအားများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

​မည်သို့မျှ တွန့်ဆုတ်မနေဘဲ ဂူချန်သည် ထိုအနက်ရောင် မီးလျှံများကို မျှော်စင်အတွင်းရှိ ပုံဆောင်ခဲများဆီသို့ တွန်းပို့လိုက်ပြီး တစ်ခုပြီးတစ်ခု စတင် သန့်စင်တော့သည်။ ကောင်းကင်တာအို နတ်ဘုရားမျက်ဝန်း၏ တွက်ချက်စစ်ဆေးမှုများအရ ကောင်းကင်ပိတ်လှောင်မျှော်စင်သည် ဤထူးဆန်းသော ပုံဆောင်ခဲများကို အသုံးပြု၍ အလွန်အစွမ်းထက်သော အစီအရင်တစ်ခုကို ဖန်တီးထားပြီး ၎င်းမှတစ်ဆင့် အတွင်းဘက်ရှိ စွမ်းအားများကို အတင်းအကျပ် ပြောင်းလဲနေခြင်းဖြစ်ကြောင်း သူ လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။

​ဤအရာမှာ ပထမဧကရာဇ်၏ လက်ရာ ဖြစ်နိုင်ခြေ များလှသည်။ ကောင်းကင်ပိတ်လှောင်မျှော်စင်ကို သန့်စင်ရန်အတွက် သူသည် ဤပုံဆောင်ခဲများကို အရင်ဆုံး သန့်စင်ရမည်ပင် ။

​မီးလျှံများသည် ရေခဲပုံဆောင်ခဲများနှင့် ထိတွေ့လိုက်သည်နှင့် ၎င်းတို့၏ မျက်နှာပြင်ပေါ်၌ အလွန်သေးငယ်သော အက်ကြောင်းပေါင်းများစွာ ပေါ်ပေါက်လာသည်။ ထိုအက်ကြောင်းများအတွင်းမှ ဖရိုဖရဲစွမ်းအင်များ စိမ့်ထွက်လာပြီး မီးလျှံများနှင့် ရောယှက်ကာ ချိ ချိ ဟူသော အသံများ ထွက်ပေါ်လာသည်။ ဂူချန်သည် အာရုံစိုက်လိုက်ပြီး မီးလျှံများ၏ ပြင်းအားကို မြှင့်တင်လိုက်သည်။

​မျှော်စင်အတွင်းရှိ ဟင်းလင်းပြင်မှာ စတင် ပုံပျက်လာတော့သည်။ အနက်ရောင် မီးလျှံများသည် သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး ရေခဲပုံဆောင်ခဲများအတွင်းရှိ စွမ်းအားများမှာ ချက်ချင်းပင် အရည်ပျော်သွားသော နှင်းများကဲ့သို့ ခဏချင်းအတွင်းမှာပင် ပြိုကွဲပျက်စီးသွားတော့သည်။

'​ဘုန်း...'

​နားကွဲမတတ် ကျယ်လောင်သော အသံကြီးမှာ မျှော်စင်အတွင်း၌ ပဲ့တင်ထပ်သွားပြီး ကောင်းကင်ပိတ်လှောင်မျှော်စင် တစ်ခုလုံးမှာလည်း ပြင်းထန်စွာ တုန်ခါသွားသည်။ ဖြူဖွေးသော ကျောက်စိမ်းနံရံပေါ်ရှိ သင်္ကေတများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲပျက်စီးသွားပြီး လေထဲတွင် လွင့်ပျံ့သွားသော အလင်းစက်ကလေးများအဖြစ် ပြောင်းလဲသွားသည်။

​ပုံဆောင်ခဲများ တစ်ခုပြီးတစ်ခု ပြိုကွဲသွားသည်နှင့်အမျှ ကောင်းကင်ပိတ်လှောင်မျှော်စင် တစ်ခုလုံးမှာလည်း အံ့ဖွယ် အသွင်ပြောင်းလဲမှုတစ်ခုကို စတင် ကြုံတွေ့နေရတော့သည်။

​တစ်ချိန်တည်းမှာပင် ကောင်းကင်ပိတ်လှောင်မျှော်စင်ပေါ်ရှိ ပုံဆောင်ခဲများ တစ်ခုပြီးတစ်ခု ကြေမွပျက်စီးသွားသည်နှင့်အမျှ မဟာမိတ်အဖွဲ့အတွင်းရှိ လူတိုင်းမှာ ခံစားချက်တစ်ခု ရရှိလိုက်ကြသည်။

​သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အလွန်အရေးကြီးသော အရာတစ်ခုမှာ တဖြည်းဖြည်းနှင့် အပြင်သို့ ဆွဲထုတ်ခံနေရသကဲ့သို့ပင် ဖြစ်သည်။ သာမန်လူများအတွက် ထိုခံစားချက်မှာ မပြင်းထန်ဘဲ နေရထိုင်ရ ခက်ခဲရုံမျှသာ ရှိသော်လည်း သိုင်းပညာရှင်များမှာမူ အလွန်ထင်ရှားသော အပြောင်းအလဲကို ခံစားလိုက်ရသည်။ ထို့အပြင် အဆင့်မြင့်မားလေလေ ထိုသို့ ဆွဲထုတ်ခံရသည့် ခံစားချက်မှာ ပိုမိုထင်ရှားလေလေ ဖြစ်သည်။

​" ချီးပဲ... ငါ့ရဲ့ ကျင့်စဉ်တွေ ဆုတ်ယုတ်နေပြီ.. "

​ထျန်းရှူးမြို့တော်ဆီသို့ ဦးတည်နေသော သိုင်းပညာရှင် မဟာမိတ်တပ်ဖွဲ့အတွင်းရှိ စောင့်ကြည့်ရေးကောင်စီဝင် တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။ ဘုန်း ကနဲ အသံနှင့်အတူ သူ မနေ့ညကမှ ရောက်ရှိခဲ့သော အဆင့်မှာ ရုတ်တရက် ဆုတ်ယုတ်သွားတော့သည်။ ဤဖြစ်ရပ်မှာ သူတစ်ဦးတည်းတင် မဟုတ်ချေ။

​" သွားပြီ... ငါ့ကျင့်စဉ်တွေလည်း ဆုတ်ယုတ်သွားပြီ..အဆင့်နှစ်ခုတောင် တစ်ခါတည်း ကျသွားတာပဲ.. *********... ငါ ငါးနှစ်လုံးလုံး ကျင့်ကြံခဲ့ရတာတွေ အကုန် အလဟဿ ဖြစ်ကုန်ပြီ.. "

​" ငါတို့တော့ သွားပြီ.. ဒီလို ဖြစ်ရပ်မျိုးဆိုရင်... ကောင်းကင်ပိတ်လှောင်မျှော်စင် အသန့်စင်ခံနေရတာလား.. "

​" အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ထျန်းရှူးမြို့တော်က ကမ္ဘာပေါ်မှာ ခံစစ်အကောင်းဆုံး မြို့တော်လို့ နာမည်ကြီးတာလေ။ နတ်ဘုရားမီးတောက်ဂိုဏ်းက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ဒီလောက် အချိန်တိုလေးအတွင်းမှာ မထိုးဖောက်နိုင်ပါဘူး.. "

​"ဂျုန်း...."

​လူတိုင်း ငြင်းခုံနေကြစဉ်မှာပင် ထျန်းရှူးမြို့တော်အတွင်းမှ တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး မဟာမိတ်နယ်မြေတစ်ခုလုံးကို ဖုံးအုပ်ထားသော မမြင်နိုင်သည့် အကာအကွယ်တံတိုင်းကြီးကို ပြင်းထန်စွာ ရိုက်ခွဲကာ အပေါက်ကြီးတစ်ခု ဖြစ်သွားစေသည်။ ထိုအပေါက်မှာ ခဏချင်းအတွင်းမှာပင် ပြန်လည် ပိတ်သွားသော်လည်း ထိုမြင်ကွင်းက သိုင်းပညာရှင် မဟာမိတ်တပ်ဖွဲ့အတွင်းရှိ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

​သူတို့သည် တစ်ယောက်ကိုတစ်ယောက် အမြန်ကြည့်လိုက်ကြရာ သူတို့၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ ထျန်းရှူးမြို့တော်သည် အမှန်တကယ်ပင် အသိမ်းခံလိုက်ရပြီ ဖြစ်သည်။ နတ်ဘုရားလက်နက်ဖြစ်သော ကောင်းကင်ပိတ်လှောင်မျှော်စင်မှာလည်း ယခုအခါ အသန့်စင်ခံနေရပြီ ဖြစ်သည်။

'​မဟုတ်ဘူး... သူ့ကို ဒီအတိုင်း ဆက်လုပ်ခွင့် ပေးလို့မဖြစ်ဘူး။ မဟုတ်ရင် လူသားမဟာမိတ်အဖွဲ့ တစ်ခုလုံးက ဆန်းကျယ် သားရဲတွေအတွက် သားသတ်ရုံကြီး ဖြစ်သွားလိမ့်မယ်..'

​ထို့ကြောင့် သိုင်းပညာရှင် မဟာမိတ်တပ်ဖွဲ့မှ စစ်ဗျူဟာမှူး အချို့မှာ မည်သည့်အစီအစဉ်ကိုမျှ ဂရုမစိုက်တော့ဘဲ ထျန်းရှူးမြို့တော်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်၍ နတ်ဘုရားမီးတောက်ဂိုဏ်းဝင်များနှင့် တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။

​" မဟာမိတ်အဖွဲ့အတွက်.. "

" ဂိုဏ်းချုပ်အတွက်.. "

​သွေးစွန်းသော သတ်ဖြတ်မှုများသည် ထျန်းရှူးမြို့တော် ပြင်ပ၌ တစ်ဖန် ပြန်လည် ပေါ်ပေါက်လာပြန်သည်။ သိုင်းပညာရှင် အားလုံးမှာ မျက်လုံးများ နီရဲနေကြပြီး သူတို့၏ အသက်ကိုပင် ဂရုမစိုက်တော့ဘဲ ရှေ့သို့ တိုးဝင်နေကြသည်။ နေရာအနှံ့အပြားမှ အနားယူနေသော ပညာရှင်များ၊ သိုင်းဘုရင်များပင် ပေါ်ထွက်လာကြသကဲ့သို့ သိုင်းမိသားစုကြီးများမှာလည်း သူတို့၏ ရတနာများကို စုဆောင်းကာ ထျန်းရှူမြို့တော်ဆီသို့ အပြင်း ချီတက်လာကြသည်။

​ဂူချန်သည် ကောင်းကင်ပိတ်လှောင်မျှော်စင်ကို သန့်စင်ပြီးသွားသည်နှင့် မဟာမိတ်အဖွဲ့ရှိ သိုင်းပညာရှင် ထက်ဝက်ကျော်မှာ ကျင့်ကြံခွင့် အခွင့်အရေးများ ဆုံးရှုံးရုံသာမက သူတို့၏ အဆင့်များမှာလည်း သာမန်လူတန်းစား အဆင့်အထိ ကျဆင်းသွားမည်ကို သူတို့ ရှင်းရှင်းလင်းလင်း နားလည်ထားကြ​၏။ ထို့အပြင် သားရဲမျိုးနွယ်များသည် ဤလူသားမျိုးနွယ်၏ နယ်မြေကို ရှေးကတည်းကပင် လိုချင်တပ်မက်နေကြပြီး သူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ အခွင့်ကောင်းကို စောင့်နေကြသည် မဟုတ်ပါလော။

​မဟာမိတ်အဖွဲ့တစ်ခုလုံးမှာ အကြီးအကျယ် အန္တရာယ်ကျရောက်နေပြီ ဖြစ်သည်။

​ထိုမုန်းတီးစရာကောင်းသော ဂူချန်သည် သူ၏ ကိုယ်ကျိုးအတွက်နှင့် မဟာမိတ်အဖွဲ့တစ်ခုလုံးကို ဤမျှ အန္တရာယ်ရှိသော အခြေအနေသို့ တွန်းပို့ခဲ့ခြင်းမှာ လုံးဝ ခွင့်မလွှတ်နိုင်စရာပင်။ လူတိုင်းက သူ့ကို စိတ်ထဲမှ ကျိန်ဆဲနေကြသကဲ့သို့ ထျန်းရှူးမြို့တော်ဆီသို့လည်း အသည်းအသန် ပြေးလွှားနေကြသည်။

​ကောင်းကင်ပိတ်လှောင်မျှော်စင် အပြီးသတ် သန့်စင်ခြင်း မခံရမီ သူတို့ မြန်မြန် လုပ်ဆောင်ကြရမည် ဖြစ်သည်။ မဟုတ်ပါက အားလုံး အဆုံးသတ်သွားပေလိမ့်မည်။

Chapter 228

~

အခန်း ၂၂၈ : ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် အချိန်သင့်လေပြီ...

~

​ကောင်းကင်ပိတ်လှောင်မျှော်စင်အတွင်း၌...

​ပုံဆောင်ခဲများ တစ်ခုပြီးတစ်ခု ကြေမွပျက်စီးသွားသည်နှင့်အမျှ ကောင်းကင်ပိတ်လှောင်မျှော်စင်၏ စစ်မှန်သော အသွင်သဏ္ဍာန်မှာ ဂူချန်၏ ရှေ့မှောက်၌ ပေါ်ထွက်လာသည်။

​ထိုပုံရိပ်မှာ အသက်သုံးနှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်က ဝိညာဉ်တစ်ခုကဲ့သို့ ကြည်လင်နေသည်။ သူသည် မျှော်စင်၏ ခန္ဓာကိုယ်မှ ခွဲထွက်ကာ လေထဲသို့ ပျံတက်လာပြီးနောက် နှုတ်ခမ်းလှုပ်ရှားမှု မရှိဘဲ ကလေးသံဖြင့် ပြောလိုက်သည်။

​" လူငယ်လေး... မင်းက ငါ့ရဲ့ အချုပ်အနှောင်တွေကို ဖြည်ပေးခဲ့ပြီး ပြိုင်ဘက်ကင်းတဲ့ ပါရမီကို ပိုင်ဆိုင်ထားတာပဲ။ ဒီမျှော်စင်က မင်းကို အသိအမှတ်ပြုတယ်။ ငါ့ရဲ့ ဆန္ဒသုံးခုကို ဖြည့်ဆည်းပေးမယ်ဆိုရင် ငါက..."

​"ဟားဟားဟား.. သောက်ရူး... "

​ထိုကလေးငယ်၏ စကားမဆုံးခင်မှာပင် ဂူချန်က အေးစက်စွာ ရယ်မောလိုက်သည်။ သူ၏ လက်မောင်းကို တစ်ချက် လှုပ်ခါလိုက်ပြီး လက်ငါးချောင်းကို ဟင်းလင်းပြင်အတွင်း ဆုပ်ကိုင်လိုက်ရာ အနီရောင် သန့်စင်ခြင်းလမ်းစဉ် မုန်တိုင်းတစ်ခုက ထိုပုံရိပ်ကို ဝါးမြိုပြီး အပိုင်းပိုင်းအစစ ကြိတ်ခြေပစ်လိုက်တော့သည်။

​အင်အားကုန်ခမ်းနေပြီ ဖြစ်သော်လည်း အခြေအနေများ တောင်းဆိုရန် ဝံ့ရဲနေသေးသည်လော။ သူက သူများအတွက် အလုပ်အကျွေးပြုနေရသည့် ဦးနှောက်မရှိသော ဇာတ်လိုက်များထဲမှ တစ်ယောက်ဟု ထင်နေသလော။

​ဂူချန်သည် ကောင်းကင်ပိတ်လှောင်မျှော်စင်၏ အနှစ်သာရရှိရာသို့ လှမ်းဝင်လိုက်ပြီး ထိုအပေါ်သို့ လက်နှစ်ဖက်ဖြင့် ပြင်းထန်စွာ ဖိချလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်မုန်တိုင်း စွမ်းအင်များသည် မျှော်စင်၏ ထောင့်တိုင်းသို့ စီးဆင်းသွားပြီး ကျန်ရှိနေသော အမှတ်အသားအားလုံးကို ဆေးကြောပစ်လိုက်တော့သည်။

​ထို့နောက် သူ၏ ဝိညာဉ်ပင်လယ်မှာ ကျယ်ပြန့်လာပြီး အတိုင်းအဆမရှိသော စိတ်ဝိညာဉ်စွမ်းအင် ဝဲဂယက်ကြီးတစ်ခုမှာ မျှော်စင်အတွင်း၌ စတင်လည်ပတ်ကာ မျှော်စင်၏ ကျန်ရှိနေသော ကိုယ်ပိုင်အသိစိတ်ကို အကုန်အစင် ကြိတ်ခြေဖျက်ဆီးပစ်လိုက်တော့၏။

"​အားးး...."

​စူးရှလှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ကောင်းကင်ပိတ်လှောင်မျှော်စင်၏ ကိုယ်ပိုင်အသိစိတ်မှာ လုံးဝဥဿုံ ပျက်စီးသွားတော့သည်။

​[ အိမ်ရှင်သည် ဤကမ္ဘာကြီးကို မူလလမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိအောင် ကူညီပေးခဲ့ပြီး ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် စနစ်တကျရှိမှုကို ထိန်းသိမ်းပေးခဲ့သည်ဟု စနစ်က တွေ့ရှိရသည်။ စေတနာရမှတ် + ၁၀၀,၀၀၀ ]

​တစ်ချိန်တည်းမှာပင် ထျန်းရှူးမြို့တော်၏ ပြင်ပ၌ တိုက်ခိုက်နေကြသော နတ်ဘုရားမီးတောက်ဂိုဏ်းဝင်များနှင့် သိုင်းပညာရှင် မဟာမိတ်တပ်ဖွဲ့ဝင်များသည် သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အတွင်း၌ ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ၎င်းမှာ အသားကို အပိုင်းပိုင်းလှီးဖြတ်ခံရသည်ထက်ပင် ပိုမိုဆိုးရွားလှသည်။

​ခဏချင်းအတွင်းမှာပင် ပြင်းထန်နေသော တိုက်ပွဲမှာ ရုတ်တရက် ရပ်တန့်သွားပြီး လူပေါင်းများစွာမှာ မြေပြင်ပေါ်၌ လဲကျကာ နာကျင်စွာ အော်ဟစ်နေကြတော့သည်။

​" အား... ငါ့ကျင့်စဉ်တွေ... ငါ့ကျင့်စဉ်တွေ ... "

" သွားပြီ... သွားပြီ... သွားပြီ ... "

​တိမ်တိုက်များ ဖုံးလွှမ်းနေသော ကောင်းကင်ယံမှနေ၍ အလင်းတန်းတစ်ခုမှာ ရုတ်တရက် ထိုးထွက်လာပြီး အောက်ရှိ လူအုပ်ကြီးပေါ်သို့ ကျဆင်းလာသည်။ တစ်ချိန်တည်းမှာပင် လူသားမဟာမိတ် နယ်မြေအတွင်း၌ အနိုင်နိုင် အသက်ရှင်နေကြသော ဆန်းကျယ် သားရဲများအားလုံးသည် သူတို့၏ သွေးသားအတွင်းမှ အမိန့်တစ်ခုကို လက်ခံရရှိလိုက်ကြသည်။

​' သတ်ကြ ... '

​ယခုအချိန်၌ ဤအဆင့်သို့ ရောက်ရှိလာပြီးနောက် ဂူချန်သည် နောက်ဆုံးတွင် ခပ်ဖျော့ဖျော့ ပြုံးလိုက်တော့သည်။ သူ၏ ပုံရိပ်မှာ လှုပ်ခါသွားပြီး ကောင်းကင်ပိတ်လှောင်မျှော်စင်၏ ပြင်ပ၌ ချက်ချင်း ပေါ်လာသည်။ သူသည် မည်သို့မျှ မတွန့်ဆုတ်ဘဲ လက်ဖဝါးကို ဆန့်ထုတ်ကာ အောက်သို့ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။

"​ဝူး..."

​များပြားလှသော သန့်စင်ခြင်းလမ်းစဉ် နတ်ဘုရားစွမ်းအားများ ပေါ်ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အလျားပေ ထောင်ပေါင်းများစွာရှိသည့် သန့်စင်ခြင်းတာအို နဂါးကြီးများအဖြစ် ပြောင်းလဲသွားတော့သည်။

​ထိုနဂါးကြီးများ၏ ခန္ဓာကိုယ်မှာ တောက်ပသော အလင်းရောင်များဖြင့် လင်းလက်နေသည်။ သူတို့သည် လေထဲတွင် ကြောက်မက်ဖွယ်ကောင်းအောင် ဟိန်းဟောက်နေကြပြီး သူတို့၏ သာမန်အသက်ရှူသံမှာပင် ပြင်းထန်သော လေဆင်နှာမောင်းများကို ဖြစ်ပေါ်စေနိုင်သည်။ ထို့နောက် ဂူချန်၏ အတွေးတစ်ချက်ဖြင့် ထိုနဂါးကြီးများသည် တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။

​သူတို့သည် လေးကြိုးမှ လွှတ်လိုက်သော မြားများကဲ့သို့ ဖြူဖွေးသော မျှော်စင်ကြီးဆီသို့ တိုးဝင်သွားကြသည်။

​"ဘုန်း...."

​နဂါးကြီးများသည် မျှော်စင်နှင့် ထိပ်တိုက်တွေ့သော်လည်း ၎င်းကို ဖျက်ဆီးခြင်း မပြုဘဲ သားကောင်ကို ဖမ်းဆီးထားသော စပါးအုန်းမြွေများကဲ့သို့ မျှော်စင်ကြီးကို ရစ်ပတ်လိုက်ကြသည်။

​ချိ... ချိ...

​နဂါးကြီးများ၏ ရစ်ပတ်မှု ပိုမိုတင်းကျပ်လာသည်နှင့်အမျှ ဖြူဖွေးသော မျှော်စင်ထံမှ စိမ်းဖျော့ဖျော့ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ၎င်း၏ အလင်းရောင်မှာလည်း တဖျတ်ဖျတ် တုန်ခါနေတော့သည်။

​' ဒီအရာကို သန့်စင်ဖို့ကတော့ အချိန်ပဲ လိုတော့တယ်... '

​သူ၏ ခန္ဓာကိုယ်အတွင်းမှ ကုန်ခမ်းလုနီးပါးဖြစ်နေသော သန့်စင်ခြင်းလမ်းစဉ် နတ်ဘုရားစွမ်းအားများကို ခံစားရင်း ဂူချန်သည် စိတ်အေးသွားသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ အခြေခံမှာ ခိုင်မာပြီး သူ၏ သန့်စင်ခြင်းလမ်းစဉ်မှာလည်း ပြိုင်ဘက်ကင်း မဟာသခင် အထွတ်အထိပ်သို့ ရောက်ရှိနေသောကြောင့်သာ ဖြစ်သည်။ မဟုတ်ပါက ဤမျှော်စင်ကို တစ်ထိုင်တည်းနှင့် သန့်စင်နိုင်မည် မဟုတ်ချေ။

​နောက်ထပ် ၁၅ မိနစ်ခန့်အတွင်းမှာပင် ကောင်းကင်ပိတ်လှောင်မျှော်စင်ကို သူက ကံကြမ္မာမျှော်စင်အဖြစ် ပြောင်းလဲသန့်စင်ပြီး ကမ္ဘာကြီး၏ ကံတရားနှင့် ကံကောင်းခြင်းများကို လုယူစုဆောင်းရန် အသုံးပြုပေလိမ့်မည်။ ထိုအချိန်ကျလျှင် ဤကမ္ဘာ၏ အလိုဆန္ဒပင်လျှင် သူ့ကို ဘာမှလုပ်နိုင်တော့မည် မဟုတ်ချေ။

​သို့သော် ထိုသို့မလုပ်မီ သူ လုပ်စရာ တစ်ခု ကျန်သေးသည်။

​[ လက်ရှိ စေတနာရမှတ် - ၆၂၅,၄၀၀ ]

​သူ့ရှေ့မှ စနစ်ဖန်သားပြင်ကို ကြည့်ရင်း ဂူချန်၏ ခရမ်းရောင်မျက်ဝန်းများမှာ ပိုမိုတောက်ပလာသည်။ ဤတိုက်ပွဲမတိုင်ခင်က သူ၏ ရမှတ်မှာ သုံးသိန်းပင် မပြည့်ခဲ့ချေ။ သို့သော် လှံဖြင့် ကောင်းကင်ကို ခွဲခြင်း၊ ထျန်းရှုမြို့တော်ကို နှစ်ခြမ်းခွဲခြင်း၊ ဆိုင်ဘော့ဂ်များကို ဖျက်ဆီးခြင်းနှင့် နတ်ဘုရားမီးတောက်ဂိုဏ်းဝင်များ၏ ကောင်းမှု များကြောင့် ပေါင်းလိုက်လျှင် ရမှတ် ခြောက်သိန်းကျော် ရှိနေပြီ ဖြစ်သည်။

​ခြောက်သိန်းကျော်ဟူသော ပမာဏမှာ သူ၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေသည်။ အမှန်တကယ်တော့ သူ၏ ကနဦး တွက်ချက်မှုအရ ဤတိုက်ပွဲအပြီးတွင် ဧကရာဇ် အဆင့် ၃ သို့မဟုတ် ၄ သို့ ရောက်ရှိလျှင်ပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။ ထိုစွမ်းအားနှင့် နတ်ဘုရားလက်နက် နှစ်ခုရှိလျှင် သားရဲမျိုးနွယ် စစ်တပ်ကို ပြန်လည်တွန်းလှန်ရန် ပြဿနာမရှိချေ။

​ဂူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး စိတ်ထဲမှ စနစ်ကို အမိန့်ပေးလိုက်သည်။

​" စေတနာရမှတ် အားလုံးကို သိုင်းအဆင့် ကော်လံမှာ ထည့်လိုက်စမ်း... "

​[ ဒင် ]

[ သင်၏ ကျင့်ကြံမှုအတွက် ပြင်ဆင်နေသည်... ]

​ဂူချန်သည် သူ၏ သိုလှောင်ရတနာကို ဖွင့်လိုက်ရာ နတ်ဘုရားအလင်းတန်းများ တောက်ပနေသော ကောင်းကင်နှင့်မြေကြီး ရတနာများမှာ ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာသည်။ ထိုဆေးဖက်ဝင် အပင်များထဲမှ တစ်ပင်တည်းမှာပင် ပြင်ပကမ္ဘာရှိ လူများကို ရူးသွပ်သွားစေရန် လုံလောက်ပေသည်။

​ဂူချန်သည် ထိုရတနာအားလုံးကို တစ်ငုံတည်းဖြင့် ဝါးမြိုသန့်စင်လိုက်တော့သည်။

​[ သင်သည် ကောင်းကင်မူလ ရွှေအမြုတေ၊ ဖရိုဖရဲ ကြာပန်းပြာ၊ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်မြစ်၊ နဂါးနှင့်ဖီးနစ် သွေးအနှစ်သာရ၊ နှစ်သောင်းချီသက်တမ်းရှိ လင်ဇီး.........တို့ကို စားသုံးလိုက်သည်။ ပြင်းထန်လှသော ဆေးစွမ်းအားများသည် ခန္ဓာကိုယ်အတွင်း၌ ရူးသွပ်စွာ ပြေးလွှားနေသော်လည်း သင်၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ဘဲ သန့်စင်ခြင်း စွမ်းအားများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ ]

​[ စိတ်ဝိညာဉ်စွမ်းအင် အကြီးအကျယ် တိုးတက်လာသည်... စိတ်ဝိညာဉ်ပင်လယ် ကျယ်ပြန့်လာသည်... ခန္ဓာကိုယ် နုပျိုလန်းဆန်းလာသည်... ဝိညာဉ်ကို အာဟာရဖြည့်တင်းပေးသည်... ]

[ ယခုအခါ သင်သည် နတ်ပြည်သို့ တက်လှမ်းနေသကဲ့သို့ ခံစားနေရသည် ]

[ သတိပေးချက် - သင်၏ ကျင့်ကြံမှုအရှိန်မှာ ၇၀၀% တိုးတက်သွားသည် ]

​ဂူချန်၏ မျက်ဝန်းများမှာ အနည်းငယ် ကျုံ့သွားသည်။ သူသည် အထောက်အကူပြု တာအိုလက်နက် များစွာကို သူ၏ ခန္ဓာကိုယ်၌ ထပ်မံ အသုံးပြုလိုက်သည်။ သူ ရင်ဆိုင်ရမည့်အရာမှာ သားရဲဧကရာဇ် တစ်ပါးနှစ်ပါး မဟုတ်ဘဲ ရာနှင့်ချီ၍ ဖြစ်သည်။

​[ ...ကျင့်ကြံမှုအရှိန် တိုးတက်လာသည်... ]

[ အပြစ်အနာအဆာကင်းသော ခန္ဓာကိုယ်၊ အတိုင်းအဆမရှိ ကျယ်ပြောသော စိတ်ဝိညာဉ်ပင်လယ်နှင့် ခိုင်မာလှသော လမ်းစဉ်အခြေခံတို့၏ အကူအညီဖြင့်၊ ယခင်က ကျော်ဖြတ်ရန် ခက်ခဲလှသော အဆင့် ၈(အရှင်သခင်) နှင့် အဆင့် ၉ (ဧကရာဇ်) ကြားမှ အတားအဆီးကြီးမှာ ယခုအခါ စိုစွတ်နေသော တစ်ရှူးစက္ကူကဲ့သို့ပင် အလွယ်တကူ ဖောက်ထွက်နိုင်ပြီ ဖြစ်သည် ]

​[ စေတနာရမှတ် ၃၀,၀၀၀ အသုံးပြုလိုက်သည်။ သင်၏ မူလကပင် အနာအဆာကင်းသော ခန္ဓာကိုယ်မှာ လုံးဝဥဿုံ အသွင်ပြောင်းလဲသွားပြီ ဖြစ်သည်။ သင်၏ အရေပြားနှင့် အသားတိုင်းမှာ ဒဏ္ဍာရီထဲမှ ထန်ဆန်း ကဲ့သို့ပင် ဖြစ်သွားပြီး သင့်အသားကို စားသုံးသူတိုင်းမှာ နှစ်ပေါင်းရာချီသော ကံကောင်းခြင်းနှင့် သက်ရှည်ကျန်းမာခြင်းကို ရရှိပေလိမည် ]

"​ဘုန်း...."

​အထူးနယ်မြေတစ်ခုလုံး ပေါက်ကွဲသွားသည်။ ကောင်းကင်ပိတ်လှောင်မျှော်စင်နှင့် ပတ်ဝန်းကျင်ရှိ နန်းတော်ပေါင်းများစွာမှာ မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသော အနက်ရောင်ဝတ်စုံ ပုံရိပ်နှင့်အတူ ထျန်းရှူမြို့တော်အတွင်းသို့ ချက်ချင်း ရောက်ရှိသွားသည်။

​ဂူချန်က တင်ပျဉ်ခွေ ထိုင်နေဆဲဖြစ်ပြီး သူ၏ နောက်ကွယ်၌ အနက်ရောင် စွမ်းအင်လှိုင်းများမှာ ရူးသွပ်စွာ ကခုန်နေကြသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာလည်း တည်ငြိမ်စွာပင် မြင့်တက်လာနေတော့သည်။

​[ စေတနာရမှတ် ၃၈,၀၀၀ အသုံးပြုလိုက်သည်။ သင်၏ စိတ်ဝိညာဉ်ပင်လယ်မှာ အတိုင်းအဆမရှိ ကျယ်ပြန့်လာသည်။ သင်၏ အသိစိတ်မှာ အမြင့်ဆုံးအဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။ သင်၏ စိတ်ဝိညာဉ်အာရုံမှာ မိုင်ပေါင်းတစ်သောင်းပတ်လည်ကို လွှမ်းခြုံထားနိုင်ပြီး သင် အလိုရှိပါက အသေးစိတ်အချက်အလက် တစ်ခုမျှ သင်၏ အာရုံမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ]

​[ စေတနာရမှတ် ၅၀,၀၀၀ အသုံးပြုလိုက်သည်။ သင်၏ အသက်စွမ်းအားမှာ အသွင်ပြောင်းလဲသွားပြီး သာမန်လူသား အဆင့်မှ လုံးဝ ကျော်လွန်သွားပြီ ဖြစ်သည်။ သင်သည် ဟင်းလင်းပြင် ကို ဖြတ်ကျော်နိုင်စွမ်း ရရှိပြီ ဖြစ်သည် ]

​[ ဂုဏ်ယူပါသည်၊ သင်သည် အဆင့် ၉ ရှိသော ကြယ်စင်ဧကရာဇ်အဆင့် သို့ လုံးဝ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည် ]

​ခဏချင်းအတွင်းမှာပင် လေနှင့်တိမ်တိုက်များ၏ အရောင်မှာ ပြောင်းလဲသွားပြီး ကမ္ဘာကြီးမှာ အသွင်ပြောင်းသွားတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးမှာ နတ်ပြည်မှ မြစ်ကြီးတစ်ခု ကျဆင်းလာသကဲ့သို့ မိုင်ပေါင်းတစ်သောင်းပတ်လည် မြေပြင်ကြီးကို လွှမ်းမိုးလိုက်တော့သည်။

​" အား... တကယ်ကို ကျေနပ်စရာကောင်းတယ်..."

​ဂူချန်သည် သူ၏ လက်ဖဝါးကို ဖြန့်ကြည့်လိုက်ရာ နတ်ဘုရားအလင်းတန်းများ တောက်ပနေသော အရေပြားကို တွေ့လိုက်ရသည်။ သူ အလွန်ပင် လန်းဆန်းတက်ကြွနေပေ၏။ ယခုခံစားချက်ကို မည်သည့်စကားလုံးနှင့်မျှ ပြည့်စုံအောင် ဖော်ပြနိုင်မည် မဟုတ်ချေ။

​စနစ်ဖန်သားပြင်ကို လှမ်းကြည့်လိုက်သောအခါ သူ ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ ကြယ်စင်ဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးနောက်မှာပင် သူ၏ လက်ထဲ၌ စေတနာရမှတ် ငါးသိန်းခန့် ကျန်ရှိနေသေးသည်။

​သူ၏ မျက်ဝန်းများမှာ တောက်ပနေပြီး ပြင်ပမှ ရုန်းရင်းဆန်ခတ်မှုများကို ဂရုမစိုက်ဘဲ ဖန်သားပြင်ကို ထပ်မံ ကြည့်လိုက်သည်။

​[ သင်သည် ကြယ်စင်ဧကရာဇ်အဆင့် ၁ သို့ ရောက်ရှိသွားပြီး ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်စွမ်းအားများနှင့် စတင် အသားကျလာပြီ ဖြစ်သည်။ သင်၏ အပြစ်အနာအဆာကင်းသော ခန္ဓာကိုယ်နှင့် ဝိညာဉ်ကြောင့် ထိုအရာမှာ အလွန်ပင် သေးငယ်လှသည်။ ]

​[ ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီး ဟင်းလင်းပြင်စွမ်းအားများကို ခံစားမိချိန်၌၊ ယခင်က မည်သည့်ပညာရှင်မျှ လှည့်စားမှုလမ်းစဉ် နှင့် သန့်စင်ခြင်းလမ်းစဉ်တို့မှတစ်ဆင့် ဧကရာဇ်ဖြစ်ခဲ့ဖူးခြင်း မရှိသဖြင့်၊ သင်သည် အတိုင်းအဆမရှိသော အမှောင်ပင်လယ်ကြီးကို ထိတွေ့နေရသကဲ့သို့ ခံစားရသည်။ ]

​[ သို့သော် သင်၏ ကောင်းကင်တာအို နတ်ဘုရားမျက်ဝန်း၏ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းဖြင့် သင်သည် မသိနားမလည်သော နယ်ပယ်ကို လျင်မြန်စွာ စူးစမ်းနိုင်ခဲ့ပြီး ဂူချန် အတွေးအခေါ် သီအိုရီကို ဖန်တီးနိုင်ခဲ့သည်။ ]

​[ စေတနာရမှတ် ၂၅,၀၀၀ အသုံးပြုလိုက်သည်။ သင်၏ စိတ်ဝိညာဉ်စွမ်းအားမှာ ဟင်းလင်းပြင်စွမ်းအားများနှင့် စတင် ပေါင်းစပ်သွားပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်စွမ်းကို ကနဦး ရရှိသွားသည်။ ]

[ ဂုဏ်ယူပါသည် ။သင်သည် ကြယ်စင်ဧကရာဇ် အဆင့် ၂ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည် ]

​[ စေတနာရမှတ် ၅၇,၈၀၀ အသုံးပြုလိုက်သည်။ သင်၏ ခန္ဓာကိုယ်အတွင်း၌ ဟင်းလင်းပြင်စွမ်းအားများ ကိန်းဝပ်လာသည်။ သင်သည် ဟင်းလင်းပြင်၏ တီးတိုးသံများကိုပင် ကြားနိုင်သကဲ့သို့ ဖြစ်နေသည်။ သင်၏ လှုပ်ရှားမှုတိုင်းတွင် ဟင်းလင်းပြင်စွမ်းအားများက လိုက်ပါနေပြီး သင်၏ ဖိအားမှာ သမုဒ္ဒရာကြီးကဲ့သို့ ဖြစ်နေသည်။ ]

​[ သင်သည် စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ခွဲထွက်၍ ဟင်းလင်းပြင်အတွင်း လှည့်လည်သွားလာနိုင်ပြီ ဖြစ်သည်။ ]

[ ဂုဏ်ယူပါသည် ။ သင်သည် ကြယ်စင်ဧကရာဇ် အဆင့် ၃ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည် ]

​ဂူချန်သည် ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး သူ၏ ရှေ့မှ လေထုထဲ၌ မျဉ်းတစ်ကြောင်းကို အသာအယာ ဆွဲလိုက်ရာ ကြယ်စင်များ ပြည့်နှက်နေသော ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။ သူ၏ စိတ်အကြံတစ်ချက်ဖြင့် ထိုအက်ကြောင်းမှတစ်ဆင့် ဤဂြိုဟ်မှ ထွက်ခွာသွားနိုင်သည်ဟု သူ ခံစားနေရသည်။

​ဂူချန်သည် သူ၏ လက်ငါးချောင်းကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်ရာ လေထုပင်လျှင် ကြေမွသွားသကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ တစ်ခဏအတွင်းမှာပင် သူ၏ နောက်ကွယ်မှ ဟင်းလင်းပြင်မှာ ဖန်သားပြင်တစ်ခုကဲ့သို့ အက်ကွဲသွားပြီး အက်ကြောင်းများမှာ ပင့်ကူအိမ်ကဲ့သို့ ပြန့်နှံ့သွားတော့သည်။ အေးစက်လှသော ဟင်းလင်းပြင် စွမ်းအင်များ စိမ့်ထွက်လာသည်။

​"ချလွင်..."

​အနက်ရောင် ကြည်လင်နေသော သံကြိုးပေါင်းများစွာမှာ ထိုအက်ကြောင်းများအတွင်းမှ ထွက်ပေါ်လာသည်။ ထိုသံကြိုးများ၏ ထိပ်ဖျားမှာ လှံများကဲ့သို့ ထက်မြက်နေပြီး ဟင်းလင်းပြင်ကို အလွယ်တကူ ထိုးဖောက်နိုင်သည်။ ဂူချန်သည် ထိုဟင်းလင်းပြင်အတွင်း၌ ရပ်နေပြီး သူ၏ လက်လှုပ်ရှားမှုနှင့်အတူ သံကြိုးများမှာလည်း လေထဲတွင် ကခုန်နေကြသည်။

​"ဘုန်း...."

​သံကြိုးများမှာ မှန်သားပြင်များကဲ့သို့ ကြေမွပျက်စီးသွားပြီးနောက် အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ဂူချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဤ ဟင်းလင်းပြင်သံကြိုး နည်းပညာဖြင့် ရန်သူသည် ကမ္ဘာ၏ အခြားတစ်ဖက်၌ ရှိနေလျှင်ပင် သူသည် ချက်ချင်း ဖမ်းဆီးနိုင်ပေလိမ့်မည်။

​[ စေတနာရမှတ် ၁၃၅,၀၀၀ အသုံးပြုလိုက်သည်။ သင်၏ ခန္ဓာကိုယ်အတွင်း၌ ဟင်းလင်းပြင်အသေးစားတစ်ခု ဖြစ်ပေါ်လာသည်။ သင်၏ တိုက်ခိုက်ရေးစွမ်းအားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သင်၏ သာမန်တိုက်ခိုက်မှု တစ်ချက်မှာပင် သက်ရှိသန်းပေါင်းများစွာကို သုတ်သင်ပစ်နိုင်သည်။ ]

[ ဂုဏ်ယူပါသည် ။ သင်သည် ကြယ်စင်ဧကရာဇ် အဆင့် ၆ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည် ။ ]

​[ စေတနာရမှတ် ၂၇၉,၈၀၀ အသုံးပြုလိုက်သည်။ သင်၏ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးမှာ ကောင်းကင်နှင့်မြေကြီးနှင့် ပဲ့တင်ထပ်နေသည်။ သင်၏ အရှိန်အဝါ အနည်းငယ်မျှသည်ပင် သာမန်လူတစ်ဦး၏ ကျင့်စဉ်ကို မြှင့်တင်ပေးနိုင်သော ဆေးစွမ်းကောင်း ဖြစ်လာသည်။ သင်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ အင်မော်တယ် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ]

​[ အကယ်၍ သင်၏ ခန္ဓာကိုယ် ပျက်စီးသွားလျှင်ပင် သင်၏ ဝိညာဉ်သည် အဆုံးမရှိသော အချိန်မြစ်အတွင်းသို့ ထွက်ပြေး၍ ပြန်လည်မွေးဖွားရန် ရှာဖွေနိုင်ပေလိမ့်မည်။ ]

[ ဂုဏ်ယူပါသည် ။ သင်သည် ကြယ်စင်ဧကရာဇ်အဆင့်၏ အထွတ်အထိပ် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည် ။ ]

​[ ယခုအခါ ဤကမ္ဘာပေါ်တွင် မည်သည့်သက်ရှိမျှ သင်၏ ပြိုင်ဘက် မဟုတ်တော့ချေ။ သင်သည် ကောင်းကင်အောက်၌ ပြိုင်ဘက်ကင်း ဖြစ်သွားပြီ ဖြစ်သည် ။]

"​ဘုန်း..."

​ဂူချန်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ခေါင်းကိုမော့ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်မှာ အနက်ဆုံးသော ချောက်ကမ္ဘာကြီးကဲ့သို့ နက်ရှိုင်းလှပြီး ဟင်းလင်းပြင်အလွှာများကို ဖြတ်ကျော်​ကာ သက်ရှိအားလုံးကို တိုက်ရိုက် စောင့်ကြည့်နေသကဲ့သို့ပင် ရှိတော့သည်။

​လွန်ခဲ့သော သုံးမိနစ်ခန့်က မဟာမိတ်နယ်မြေ၏ ပြင်ပ၌...

​ဤအချိန်၌ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရှိကြသည့် သားရဲမျိုးနွယ် ခေါင်းဆောင် တစ်ရာကျော်တို့သည် လူသားမဟာမိတ် နယ်မြေ၏ ပတ်ဝန်းကျင်ရှိ နေရာအသီးသီးတွင် စခန်းချနေကြသည်။ အမှန်တကယ်တော့ သူတို့မှာ ထိုနေရာ၌ အိပ်ပျော်နေကြခြင်းပင် ။

​အဘယ်ကြောင့်ဆိုသော် သူတို့ ဤနေရာ၌ စောင့်ကြပ်နေသည်မှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီ ဖြစ်သည်။ သက်တမ်းရှည်လှသော သားရဲဧကရာဇ်များ အတွက်ပင် ထိုအချိန်မှာ အလွန်ပင် ကြာရှည်လှသည်။ နှစ်ပေါင်း နှစ်ထောင်လုံးလုံး ဘာမှမဖြစ်ခဲ့ဘဲ ယနေ့မှ တစ်ခုခု ဖြစ်လာမည်လော။ အဓိပ္ပာယ်မရှိသော စကားပင်။

​သူတို့သည် စောင့်ရသည်ကို ငြီးငွေ့နေကြပြီး သူတို့ ရှိနေသေးကြောင်း ပြသရန်အတွက် သူတို့၏ အရှိန်အဝါများကိုသာ စဉ်ဆက်မပြတ် ထုတ်လွှတ်နေကြခြင်း ဖြစ်သည်။

​"ဝုန်းးးးး..."

​ရုတ်တရက် လူသားနယ်မြေအတွင်းမှ ကြီးမားသော တုန်ခါမှုကြီးတစ်ခု ထွက်ပေါ်လာသည်။ အိပ်ပျော်နေသော သားရဲဧကရာဇ်များ အားလုံးမှာ အိပ်မက်မှ လန့်နိုးလာကြသည်။ သူတို့၏ ကြီးမားလှသော မျက်လုံးကြီးများသည် လူသားနယ်မြေဆီသို့ စိုက်ကြည့်လိုက်ကြပြီး ထိုရုတ်တရက် အပြောင်းအလဲကို အလျင်အမြန် စူးစမ်းလိုက်ကြသည်။

​သူတို့ အံ့ဩသွားသည်မှာ လူသားနယ်မြေကို အမြဲတမ်း ပိတ်ဆို့ထားသော မမြင်နိုင်သည့် အကာအကွယ်တံတိုင်းကြီးမှာ ရုတ်တရက် ကွယ်ပျောက်သွားခြင်းပင် ဖြစ်သည်။

​" လူသားမျိုးနွယ်တွေ အမြဲ ဂုဏ်ယူနေတဲ့ နတ်ဘုရားလက်နက် အကာအကွယ်က... ပျက်စီးသွားပြီလား .."

​တောင်ငယ်တစ်ခုကဲ့သို့ မြင့်မားလှသော ချီလင် သားရဲကြီးတစ်ကောင် ရှေ့သို့ လှမ်းလာသည်။ သူ၏ ခန့်ညားလှသော အသံထဲတွင် အံ့ဩမှုများ ပါဝင်နေပေသည်။ ချီလင်မျိုးနွယ်စုသည် သားရဲမျိုးနွယ်၏ မြင့်မြတ်သော မျိုးနွယ်စုများထဲမှ တစ်ခု ဖြစ်ပြီး ဧကရာဇ်များထဲတွင်ပင် သူ၏ အဆင့်အတန်းမှာ အလွန်မြင့်မားလှသည်။

​" အဲဒီလိုဆိုရင်တော့..."

​ချီလင်၏ တောက်ပနေသော မျက်လုံးများမှာ အနည်းငယ် လှုပ်ခါသွားပြီးနောက် အမိန့်ပေးလိုက်သည်။

​" လူသားမျိုးနွယ်တွေကို ပိတ်ဆို့ထားလိုက်ကြ။ အရင်ဆုံး အောက်ခြေအဆင့် သားရဲစစ်တပ်တွေကို အခြေအနေသွားကြည့်ခိုင်းလိုက်။ ငါကိုယ်တိုင် သားရဲနတ်ဘုရားဆီ သတင်းသွားပို့လိုက်မယ်.. "

​ထိုသို့ပြောပြီးနောက် ချီလင်သည် ဟင်းလင်းပြင်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။ မကြာမီမှာပင် ချီလင်သည် ပြန်လည် ပေါ်လာပြီး အမိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်တော့သည်။

​" သားရဲနတ်ဘုရားရဲ့ အမိန့်အရ လူသားမဟာမိတ်အဖွဲ့ကို ချက်ချင်း တိုက်ခိုက်ကြ .. "

" တစ်ယောက်မှ အရှင်မထားနဲ့... "

All Chapters