အခန်း (၂၂၉-၂၃၀)
Vol. 22 Ch. 229-230
Chapter 229
~
အခန်း ၂၂၉ : ရဲတင်းလှချည်လား..
~
လူသားမဟာမိတ်နယ်မြေ...
ဤအချိန်၌ နေရာအနှံ့အပြားတွင် ငိုကြွေးသံများ ပဲ့တင်ထပ်နေပြီး သိုင်းပညာရှင်များစွာမှာ ပြင်းထန်သော ဝေဒနာကို ခံစားနေကြရသည်။ ကျင့်စဉ်အဆင့်မြင့်မားသော သိုင်းပညာရှင်များထဲတွင်ပင် ထိုနာကျင်မှုကို မခံစားနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြသူ များစွာ ရှိနေပေသည်။
ကောင်းကင်ပိတ်လှောင်မျှော်စင်သည် လူသားမျိုးနွယ်၏ နယ်မြေကို ကမ္ဘာ့ အလိုဆန္ဒ၏ ထိန်းချုပ်မှုအောက်မှ ဖယ်ထုတ်ကာ အကာအကွယ်ပေးထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပါရမီမရှိသူများပင် သိုင်းပညာကို ကျင့်ကြံနိုင်ခဲ့ကြ၏။ ယခုအခါ ကောင်းကင်ပိတ်လှောင်မျှော်စင်မှာ ကံကြမ္မာမျှော်စင်အဖြစ် ပြောင်းလဲသန့်စင်ခံလိုက်ရပြီ ဖြစ်ရာ ကမ္ဘာကြီး၏ အလိုဆန္ဒကို တားဆီးနိုင်စွမ်း မရှိတော့ချေ။ ထို့ကြောင့်လည်း ပိုင်ဆိုင်ခဲ့သော ကံတရားနှင့် ကံကောင်းခြင်းများမှာ မူလနေရာသို့ ပြန်လည် စီးဆင်းသွားရခြင်း ဖြစ်သည်။
" မဖြစ်နိုင်ဘူး... "
ကျန်ရှိနေသော မဟာမိတ်ကောင်စီဝင်များမှာ အော်ဟစ်နေကြသော်လည်း သူတို့ရှေ့မှောက်၌ ဖြစ်ပျက်နေသည်များကို ပြောင်းလဲနိုင်စွမ်း မရှိကြချေ။ သူတို့ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ လုံးဝဥဿုံ ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်ပိတ်လှောင်မျှော်စင်ဟူသည်က နတ်ဘုရားလက်နက်တစ်ခုမျှသာ မဟုတ်ဘဲ လူသားမဟာမိတ်အဖွဲ့တစ်ခုလုံး၏ ကျောရိုးပင်မကျောက်တိုင်ကြီးလည်း ဖြစ်ချေသည်။ ထိုမျှော်စင် ရှိနေသမျှ ကာလပတ်လုံး သားရဲမျိုးနွယ်များနှင့် တိုက်ခိုက်ရာတွင် မည်မျှပင် ရှုံးနိမ့်စေကာမူ သူတို့၌ အသက်ရှင်သန်ရန်နှင့် ပြန်လည် အားယူရန် မျှော်လင့်ချက် ရှိနေဆဲပင်။
သို့ရာတွင် ယခုအခါတွင်မူ ဂူချန်သည် သူတို့၏ နောက်ဆုံးမျှော်လင့်ချက်ကို ရိုက်ချိုးပစ်လိုက်လေပြီ။ လူသားအားလုံးမှာ သားရဲမျိုးနွယ်များ၏ အကြည့်အောက်၌ အကာအကွယ်မဲ့စွာ ရောက်ရှိသွားတော့သည်။ အားလုံး သေကြရတော့မည် ဖြစ်သည်။
မဟုတ်သေး။ ဂူချန်ကတော့ သေလိမ့်မည် မဟုတ်ချေ။ ကောင်းကင်ပိတ်လှောင်မျှော်စင်ကို သူကိုယ်တိုင် သန့်စင်ခဲ့ခြင်း ဖြစ်ရာ သူသည် ထိုမျှော်စင်၏ သခင် ဖြစ်နေလောက်ပြီ ဖြစ်သည်။ သူ၏ နက်ရှိုင်းလှသော စွမ်းအားများနှင့် ပေါင်းစပ်လိုက်လျှင် သူ ဤဘေးဒုက္ခမှ လွတ်မြောက်သွားနိုင်ပေလိမ့်မည်။
အဝေးတစ်နေရာတွင် ကောင်းကင်နှင့်မြေကြီး၏ သိမ်မွေ့သော အပြောင်းအလဲများကို ခံစားမိသောအခါ ယဲ့ရှူး ၏ အကြည့်မှာ မှိန်ဖျော့သွားပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ကျောက်ရုပ်တစ်ခုကဲ့သို့ တောင့်တင်းသွားတော့သည်။
ထျန်းရှုမြို့တော်ဆီသို့ အသည်းအသန် ပြေးလွှားနေသော လင်းယဲ့ မှာလည်း နေရာတွင်ပင် ရပ်တန့်သွားသည်။ သူ၏ မျက်နှာမှာ ထိုကဲ့သို့သော အရာမျိုး အမှန်တကယ် ဖြစ်ပျက်လာလိမ့်မည်ဟု မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။
' ဂူချန်... သူ တကယ်ပဲ လုပ်နိုင်ခဲ့တာလား.. '
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်အတွင်း မည်သူမျှ မထိတွေ့ရဲခဲ့သော တားမြစ်ချက်တစ်ခုကို သူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ပိတ်လှောင်မျှော်စင်မှာ အမှန်တကယ်ပင် သူ၏ သန့်စင်ခြင်းကို ခံလိုက်ရလေပြီ ။
မဟာမိတ်အဖွဲ့၏ ထိပ်တန်း အဆင့်မြင့်ပညာရှင် ဆယ်ယောက်ကျော်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရသော်လည်း ဂူချန်သည် ဒဏ်ရာအနည်းငယ်မျှ မရရှိခဲ့ချေ။ ထို့အပြင် တစ်နေ့တည်းမှာပင် မဟာမိတ်အဖွဲ့ကို ပြန်လည်တိုက်ခိုက်ပြီး ဖောက်ထွင်း၍မရသည့်ခံစစ်ဟု ကျော်ကြားလှသော ထျန်းရှူးမြို့ရိုးကြီးကို အလွယ်တကူ ဖျက်ဆီးပစ်ခဲ့သည်။ စူပါတာမီနယ် ပင်လျှင် သူ့ကို မတားဆီးနိုင်ခဲ့ဘဲ တစ်ရက် မပြည့်မီမှာပင် ကောင်းကင်ပိတ်လှောင်မျှော်စင်ကို သန့်စင်နိုင်ခဲ့သည်။
လင်းယဲ့၏ စိတ်ထဲတွင် ထိုအရာများထဲမှ တစ်ခုခုကို လုပ်ဆောင်နိုင်ရန်ပင် မဖြစ်နိုင်ဟု ထင်မှတ်ထားခဲ့သော်လည်း အရှိတရားများက သူ့ရှေ့မှာပင် ဖြစ်ပျက်နေခဲ့ပြီ ဖြစ်သည်။ လှံတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် တိမ်တိုက်ပင်လယ်ကြီး နှစ်ခြမ်းကွဲသွားသည့် မြင်ကွင်းမှာ ယခုထက်တိုင် ကောင်းကင်ယံ၌ ထင်ကျန်ရစ်နေဆဲပင်။
" အကုန်ပြီးသွားပြီ... အကုန်ပြီးသွားပြီ "
မဟာမိတ်ကောင်စီဝင် အမျိုးသမီးတစ်ဦးမှာ မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားပြီး စိတ်ပျက်လက်ပျက် ရေရွတ်နေတော့သည်။
" ကောင်းကင်ပိတ်လှောင်မျှော်စင် မရှိတော့ဘူး။ သားရဲမျိုးနွယ်တွေက ဒီအကြောင်းကို မကြာခင် သိသွားတော့မှာ။ အဲဒီအချိန်မှာ သူတို့ရဲ့ သားရဲဧကရာဇ် ရာနဲ့ချီတဲ့ တိုက်ခိုက်မှုကို ငါတို့ ဘာနဲ့ တားကြမလဲ.. "
" ခွေးမသား..."
အခြားကောင်စီဝင်တစ်ဦးက ပိုမို ဒေါသထွက်နေသော မျက်နှာထားဖြင့် စူးရှရှအော်ဟစ်လိုက်သည်။
" ဒီဂူချန်က မဟာမိတ်အဖွဲ့ကို သစ္စာဖောက်ပြီး သားရဲမျိုးနွယ်တွေနဲ့ ပူးပေါင်းသွားတာ ဖြစ်မယ်။ သားရဲတွေ ငါတို့နယ်မြေထဲ ကျူးကျော်နိုင်အောင် သူ ကူညီပေးနေတာ.. "
" နတ်ဘုရားမီးတောက်ဂိုဏ်းထဲဝင်ပြီး သူတော်စင် လုပ်နေတဲ့သူက ဘယ်လိုလုပ် လူကောင်း ဖြစ်နိုင်မှာလဲ.. "
တစ်စုံတစ်ယောက်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
" ဟူး.. "
သူ၏ ဘေးနားရှိ ကောင်စီဝင်များ၏ စကားကို ကြားသောအခါ လင်းယဲ့သည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ဂူချန်ကို တပည့်အဖြစ် လက်ခံခဲ့မိသည်ကို သူ အကြီးအကျယ် နောင်တရနေလေသည်။ အကယ်၍ သူ့မှာ အခွင့်အရေး တစ်ကြိမ် ထပ်ရဦးမည်ဆိုလျှင် ကျန်းနန်ပြည်နယ်တွင် ပထမဆုံး ဆုံတွေ့စဉ်ကတည်းက လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ခဲ့သင့်သည်။ သို့သော်လည်း ယခုအခါတွင်မူ အရာအားလုံးက နောက်ကျသွားခဲ့လေပြီ။
ဂျိန်း...
သူ တွေးတောနေစဉ်မှာပင် ကောင်းကင်ယံ၌ ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ကြီးမားသော ခန္ဓာကိုယ်များနှင့် ခန့်ညားထည်ဝါလှသော အရှိန်အဝါများ ရှိသည့် ပုံရိပ်အချို့မှာ လေထဲတွင် ပေါ်လာပြီး လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်တော့သည်။
လင်းယဲ့နှင့် အခြားသူများမှာ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် သူတို့၏ မျက်ဝန်းများမှာ ကျုံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကြသည်။ ထိုသူများ၏ အရှိန်အဝါများမှာ လုံးဝ ဖုံးကွယ်ထားခြင်း မရှိဘဲ သိသာလှသည်။ အဆင့် ၉ ရှိသော ဧကရာဇ် သားရဲများ ရောက်လာကြချေပြီ။
ကောင်းကင်ပိတ်လှောင်မျှော်စင် သန့်စင်ခံရပြီးသည်နှင့် သားရဲမျိုးနွယ်များသည် လူသားမျိုးနွယ်ကို အမြစ်ပြတ် သုတ်သင်ရန်အတွက် ဧကရာဇ်အဆင့် ပညာရှင်များကို စေလွှတ်လိုက်၏ ။
လင်းယဲ့၏ ခန္ဓာကိုယ်မှာ တုန်ရီနေသည်။ ထိုခန့်ညားသော ပုံရိပ်ကြီးများကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် ခုခံလိုစိတ် အနည်းငယ်မျှပင် မရှိတော့ချေ။ ဤသည်က အဆင့်ကွာခြားသောကြောင့် စိတ်ဝိညာဉ်၏ နက်ရှိုင်းရာမှ ဖိနှိပ်ခံလိုက်ရခြင်း ဖြစ်သည်။ ထိုသို့သော တည်ရှိမှုများကို ရင်ဆိုင်ရာတွင် သိုင်းဘုရင် အဆင့်မျှသာ ရှိသော သူသည် တိုက်ခိုက်ရန် စိတ်ပင် မကူးရဲတော့ချေ။
ယခုအခါ လူသားမျိုးနွယ်၏ ထိပ်တန်းပညာရှင်များမှာ ဂူချန်၏ လက်ချက်ဖြင့် ပျက်စီးကုန်ပြီ ဖြစ်ရာ ကျန်ရှိနေသော အမြင့်ဆုံး စွမ်းအားမှာ ထျန်းရှူးမြို့တော်မှ ဆိုက်ဘော့များသာ ဖြစ်သည်။ လျောင်ချင်းဖုန်း နှင့် အခြားသူများ မသေဆုံးခဲ့လျှင်ပင် သူတို့၏ စွမ်းအားဖြင့် ယခုရောက်လာကြသော သားရဲဧကရာဇ်များကို ယှဉ်နိုင်မည် မဟုတ်ချေ။
အကုန်ပြီးသွားလေပြီ။ လူသားမျိုးနွယ် ပျက်သုဉ်းရတော့မည့် အချိန်သို့ ရောက်လာခဲ့သည်။
လင်းယဲ့နှင့် အခြားသူများ၏ အကြည့်အောက်တွင် ထိုအဆင့် ၉ သားရဲဧကရာဇ်များသည် သူတို့၏ ကြီးမားလှသော မျက်လုံးကြီးများဖြင့် အောက်ရှိ လူအုပ်ကြီးကို ကြည့်လိုက်ကြပြီးနောက် မည်သို့မျှ တွန့်ဆုတ်မနေဘဲ သူတို့၏ သွေးသားအတွင်းမှ နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်ကာ အောက်ဘက်ရှိ လူသားများကို သုတ်သင်ရန် ပြင်ဆင်လိုက်ကြသည်။
" ဝူးးးးး...."
ဦးဆောင်လာသော ခရမ်းရောင် မြွေကြီးမှာ တောင်တစ်လုံးကဲ့သို့ ကြီးမားသော ဦးခေါင်းကို မော့လိုက်ပြီး သူ၏ နီရဲသော လျှာကို ထုတ်ကာ ဟိန်းဟောက်လိုက်သည်။ ထိုအသံမှာ မိုးကြိုးပေါင်း သောင်းချီ၍ တစ်ပြိုင်နက် ပစ်ချလိုက်သကဲ့သို့ပင် ဖြစ်ပြီး ကောင်းကင်ကို ဖောက်ထွက်ကာ မြေပြင်ကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ တောင်တန်းများမှာ အက်ကွဲသွားပြီး မြစ်ရေများမှာ နောက်ပြန်စီးဆင်းကုန်ကြသည်။
ကြည်လင်နေသော ကောင်းကင်ယံမှာ ရုတ်တရက် အဆုံးမရှိသော အမှောင်တိမ်တိုက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ထိုတိမ်တိုက်ထုကြီးမှာ မှင်ရည်ကဲ့သို့ မည်းနက်နေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကုတ်စက်ဝိုင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ထို့နောက်...
"ဝုန်း..."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထူထဲသော ခရမ်းရောင် မိုးကြိုးတန်းများမှာ ရူးသွပ်နေသော နဂါးများကဲ့သို့ ကောင်းကင်မှ ကျဆင်းလာပြီး အောက်ရှိ ပြည်နယ်များစွာကို လွှမ်းခြုံသွားတော့သည်။ ဤမြင်ကွင်းကို မြင်သောအခါ လင်းယဲ့နှင့် အခြားသူများမှာ ခြေမခိုင်တော့ဘဲ စိတ်ပျက်အားငယ်မှုများကို ခံစားလိုက်ရသည်။
အကယ်၍ ဤတိုက်ခိုက်မှုသာ မြေပြင်သို့ ကျရောက်သွားပါက သာယာဝပြောလှသော ပြည်နယ်များစွာမှာ ခဏချင်းအတွင်းမှာပင် ငရဲခန်းအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ဤကဲ့သို့သော မြင်ကွင်းများမှာ မဟာမိတ်နယ်မြေ လေးခုလုံး၏ နေရာအသီးသီးတွင် ဖြစ်ပေါ်နေသည်။ ထိုသားရဲမျိုးနွယ်များသည် အစကတည်းကပင် လူသားမျိုးနွယ်ကို အမြစ်ပြတ် သုတ်သင်လိုကြခြင်း ဖြစ်သည်။
လူတိုင်းမှာ ဘာမှမတတ်နိုင်ဘဲ သေမည့်အချိန်ကိုသာ စောင့်နေရတော့၏။
သို့သော်လည်း...
အားလုံးက သူတို့ သေရတော့မည်ဟု ထင်နေကြချိန်၌ ကောင်းကင်နှင့်မြေကြီးမှာ အရောင်ပြောင်းသွားပြီး လေနှင့်တိမ်တိုက်များ စုရုံးလာသည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်လောက်သည့် ကြီးမားလှသော လက်ဝါးရိပ်ကြီးများသည် ဟင်းလင်းပြင် ကို ဖြတ်ကျော်ကာ နေရာအသီးသီးသို့ ရောက်ရှိလာပြီး သားရဲဧကရာဇ်များ၏ တိုက်ခိုက်မှုအားလုံးကို အလွယ်တကူပင် တားဆီးလိုက်တော့သည်။
သက်ရှိအားလုံး၏ အာရုံခံစားမှုအောက်တွင်...
လူသားမျိုးနွယ် နယ်မြေတစ်ခုလုံး၏ အလယ်ဗဟိုမှနေ၍ ဖော်ပြ၍မရနိုင်လောက်သော ဖိအားကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ထိသည်က ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ပင် ဖြစ်ပြီး ကောင်းကင်ယံကို ဖုံးလွှမ်းထားသော သားရဲဧကရာဇ် ရာပေါင်းများစွာကို ချက်ချင်းပင် ဖိနှိပ်လိုက်တော့သည်။
ပုံရိပ်တစ်ခုမှာ ဟင်းလင်းပြင်အတွင်းမှ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်ပေါ်လာသည်။ သူ၏ ခြေလှမ်းတိုင်းတွင် ဟင်းလင်းပြင်မှာ ကြေမွသွားပြီး ကြယ်စင်များမှာလည်း လှုပ်ခါသွားကြသည်။ သူ၏ ဖိအားအောက်တွင် အချိန်ပင်လျှင် ရပ်တန့်သွားသကဲ့သို့ ထင်ရပေသည်။
သူ၏ ခန္ဓာကိုယ်မှာ နှစ်မီတာပင် မပြည့်သော်လည်း သူ၏ အရှိန်အဝါမှာ ပေပေါင်းသောင်းချီမြင့်သော သားရဲကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး မည်သူမျှ မတွေးရဲလောက်သော ဖိနှိပ်မှုကို ပိုင်ဆိုင်ထားသည်။ အဆင့်နိမ့် ကျင့်ကြံသူများ ဖြစ်စေ၊ အဆင့် ၈ ပညာရှင်များ ဖြစ်စေ၊ အဆင့် ၉ ဧကရာဇ်များ ဖြစ်စေ အားလုံးမှာ သူ၏ရှေ့တွင် ပုရွက်ဆိတ်လေးများကဲ့သို့ ဖြစ်နေရပြီး သူ့ကို တိုက်ရိုက်မော့ကြည့်ရန်ပင် သတ္တိမရှိကြတော့ချေ။
" ရဲတင်းလှချည်လား..."
ထိုလူငယ်၏ ခန့်ညားသော ပုံရိပ် ပေါ်ထွက်လာပြီး သားရဲဧကရာဇ် ရာပေါင်းများစွာကို ရဲဝင့်စွာ ကြည့်လိုက်သည်။ သူ၏ အသံမှာ မဟာတာအို၏ ပဲ့တင်ထပ်သံကဲ့သို့ပင် အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်နှံ့သွားတော့သည်။
ကြယ်စင်ဧကရာဇ်အဆင့်၏ အထွတ်အထိပ်...
လူသားမျိုးနွယ်၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ဧကရာဇ်ဆယ်ပါးထဲ၌ အဆုံးမဲ့မိစ္ဆာဧကရာဇ် နှင့် ရှေးဦးမဟာဧကရာဇ်(ပထမ ဧကရာဇ်) တို့သာလျှင် ဤအဆင့်သို့ ရောက်ရှိခဲ့ဖူးကြသည်။ ထိုသည်ကလည်း ရှေးခေတ်ကာလက လူသားအရေအတွက် နည်းပါးပြီး ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီစွမ်းအင်များ အလွန်ပင် သိပ်သည်းလှသောကြောင့်သာ ဖြစ်သည်။
လက်ရှိ လူသားမျိုးနွယ်အနေဖြင့် ကောင်းကင်ပိတ်လှောင်မျှော်စင်၏ ပိတ်ဆို့မှုကြောင့် ဧကရာဇ်အဆင့်သို့ မရောက်နိုင်သင့်ချေ။ ထိုသို့သော အခြေအနေမျိုးတွင် ကြယ်စင်ဧကရာဇ် အထွတ်အထိပ်ရောက်နေသော သိုင်းပညာရှင်တစ်ဦး မည်သို့ ပေါ်ထွက်လာနိုင်မည်နည်း။
ခဏချင်းအတွင်းမှာပင် ကောင်းကင်နှင့်မြေကြီးမှာ နှစ်ခြမ်းကွဲသွားသကဲ့သို့ ဖြစ်သွားသည်။ တစ်ဖက်တွင် အဆင့် ၉ သားရဲဧကရာဇ် ရာပေါင်းများစွာ၏ သားရဲစွမ်းအင်များ ရှိနေပြီး အခြားတစ်ဖက်တွင်မူ ကောင်းကင်ကိုပင် အရည်ပျော်စေနိုင်လောက်သော နီရဲသည့် စွမ်းအင်လှိုင်းများ ရှိနေသည်။ နှစ်ဖက်စလုံး၏ စွမ်းအားများမှာ ပြိုင်ဆိုင်နေကြပြီး ကြည်လင်နေသော ကောင်းကင်ယံကို လုံးဝ ဖုံးကွယ်ထားကြသည်။
ရုတ်တရက် ပေါ်ပေါက်လာသော လူငယ်နှင့် သူ၏ မဖုံးကွယ်ထားသော အရှိန်အဝါကို ကြည့်ရင်း နဂါးခေါင်းနှင့် တူလှသော ချီလင်၏ ဦးခေါင်းကြီးမှာ အနည်းငယ် နိမ့်ဆင်းသွားပြီး စိတ်ထဲမှ အကြီးအကျယ် အံ့ဩသွားမိသည်။ ဤအရှိန်အဝါကြောင့် ဧကရာဇ် အဆင့် ၈မှာ ရှိနေသော သူကိုယ်တိုင်ပင်လျှင် ရင်ခုန်သံများ မြန်လာရ၏။
သူသည် အဆင့် ၈ ဧကရာဇ် ဖြစ်ရုံတင်မကဘဲ မြင့်မြတ်သော မျိုးနွယ်စုမှ သားရဲဧကရာဇ်ဖြစ်ပြီး သားရဲနတ်ဘုရား၏ ကောင်းချီးကိုလည်း ခံယူထားသူ ဖြစ်သည်။ သို့သော် လူသားမျိုးနွယ်မှာမူ ခန္ဓာကိုယ် အားနည်းပြီး နတ်ဘုရား၏ ကောင်းချီးကိုလည်း ခံယူထားရခြင်း မရှိချေ။ ထို့ကြောင့် သူတို့သည် မြင့်မြတ်သော သားရဲမျိုးနွယ်များ၏ အောက်တွင်သာ အမြဲ ရှိနေခဲ့ကြသည်။
သို့သော် ယခုအခါ ဤလူသားသည် သူတို့၏ ဧကရာဇ် ရာပေါင်းများစွာ၏ ဖိအားကို အနည်းငယ်မျှ ထိခိုက်ခြင်း မရှိဘဲ ရင်ဆိုင်နေသည်။
' ဒါ.. သူ ဘယ်အဆင့်ကို ရောက်နေတာလဲ '
' ဖြစ်နိုင်တာက... '
သူ၏ ဘေးနားရှိ ပေပေါင်းထောင်ချီ ကြီးမားလှသော ခေါင်းကိုးလုံးမြွေကြီးမှာ ပို၍ပင် အံ့ဩသွားပြီး ရေရွတ်လိုက်သည်။
" ဒီလူသားက နတ်ဘုရားတစ်ပိုင်း အဆင့်ကို ရောက်သွားပြီလား.. "
" လူသားမျိုးနွယ်မှာ ဘယ်လိုလုပ် နတ်ဘုရားတစ်ပိုင်းအဆင့် ရှိနိုင်မှာလဲ .."
ထိုခေါင်းကိုးလုံးမြွေကြီးမှာ ဤအခြေအနေကို လုံးဝ လက်မခံနိုင်ဘဲ မိမိကိုယ်ကိုယ် ပြန်လည် ငြင်းခုံနေမိသည်။ သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ သူ၏ အဆင့်မြင့်မားလှသော ဦးနှောက်ကပင် ယခုအခြေအနေကို နားမလည်နိုင် ဖြစ်နေမိ၏။
" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လူသားတွေရဲ့ ကောင်းကင်ပိတ်လှောင်မျှော်စင်က ဧကရာဇ်အဆင့်တွေကို ပိတ်ထားရမှာ မဟုတ်ဘူးလား။ သားရဲနတ်ဘုရား မသိဘဲနဲ့ ဘယ်လိုလုပ် တစ်ယောက်ယောက်က နတ်ဘုရားတစ်ပိုင်း ဖြစ်လာရတာလဲ .."
အဆင့် ၉ အစောပိုင်း အဆင့်မှာ ရှိနေသော ဂေါ်ရီလာကြီးတစ်ကောင်က ဒေါသတကြီး ပြောလိုက်သည်။
" ဒါပေမဲ့ ဧကရာဇ်အဆင့်ကို ရောက်သွားတာကတော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ကောင်းကင်ပိတ်လှောင်မျှော်စင် ပျက်စီးသွားပြီး သုံးမိနစ်အတွင်းမှာ သူက အဆင့် ၈ ကနေ ဧကရာဇ် အထွတ်အထိပ်ကို တက်လှမ်းသွားနိုင်တယ်ဆိုရင်ပေါ့... "
သို့ရာတွင် ထိုသည်က ဖြစ်နိုင်ပါမည်လော။ လူသားမျိုးနွယ်၏ အဆုံးမဲ့မိစ္ဆာဧကရာဇ်နှင့် ပထမဧကရာဇ်တို့ပင်လျှင် ကြယ်စင်ဧကရာဇ် အဆင့် ၁ မှ အဆင့် ၉ သို့ ရောက်ရှိရန် နှစ်ပေါင်း တစ်ထောင်တိတိ အချိန်ယူခဲ့ရခြင်း ဖြစ်သည်။ သုံးမိနစ်အတွင်းမှာ အဆင့် ၈ မှ အဆင့် ၉ အထွတ်အထိပ်သို့ တက်လှမ်းနိုင်မည်လော။
ဤသည်က ဖြစ်နိုင်ချေ မရှိသော အရာတစ်ခုဖြစ်သည်။ လူသားများ၏ စိတ်ကူးယဉ် ဝတ္ထုတွေထဲမှာပင် ထည့်ရေးရဲမည် မဟုတ်ချေ။
ဂေါ်ရီလာကြီး ပြောပြီးသည်နှင့် အခြားသားရဲဧကရာဇ်များမှာလည်း ချက်ချင်းပင် နားလည်သွားကြသည်။ ဆိုလိုသည်မှာ ထိုလူငယ်၏ အဆင့်သည် ဧကရာဇ်အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိခြင်း မဟုတ်ဘဲ တစ်စုံတစ်ရာသော စွမ်းအား သို့မဟုတ် နတ်ဘုရားလက်နက်ကို အသုံးပြု၍ ခဏတာ တက်လှမ်းထားခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုသို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ သူတို့ကို ခြောက်လှန့်ရန်နှင့် လူသားမျိုးနွယ်ကို ဘေးဒုက္ခမှ လွတ်မြောက်အောင် လုပ်ဆောင်ရန်သာ ဖြစ်ပေလိမ့်မည်။ ထိုအချက်ကို သဘောပေါက်သွားကြသောအခါ သားရဲဧကရာဇ်များ၏ မျက်နှာတွင် လှောင်ပြုံးများ ပေါ်လာကြသည်။
အမှန်အတိုင်း ပြောရလျှင် အစောပိုင်းက ထိုလူငယ်၏ အရှိန်အဝါကြောင့် သူတို့ အနည်းငယ် ကြောက်လန့်သွားခဲ့ကြသည်။ အကယ်၍ ထိုသူသည် အမှန်တကယ်ပင် ဧကရာဇ် အထွတ်အထိပ် ဖြစ်နေပြီး နတ်ဘုရားလက်နက်ကိုပါ ကိုင်ဆောင်ထားမည်ဆိုလျှင် သူတို့၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်ရုံသာမက သူတို့ကို ပင် ယှဥ်ပြိုင် ဖနိုင်ပေမည်။
သားရဲဧကရာဇ် တစ်ဦးချင်းစီသည် ယခုအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်း သောင်းချီ၍ ကျင့်ကြံခဲ့ရခြင်း ဖြစ်သည်။ လုံလောက်သော အကျိုးအမြတ် မရှိဘဲ ဤမျှ အန္တရာယ်များသော အလုပ်မျိုးကို သူတို့ မလုပ်လိုကြချေ။ အကယ်၍ ထိုသူသာ အစစ်အမှန် ဖြစ်ပါက သူတို့သည် နောက်ဆုတ်သွားကြပေလိမ့်မည်။
သို့သော် အပြင်ပန်း အရှိန်အဝါဖြင့် တက်လှမ်းထားသော ပညာရှင်နှင့် အစစ်အမှန် ပညာရှင်တို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှသည်။ ထိုသို့ တွေးတောမိသည်နှင့် သားရဲဧကရာဇ်များ၏ အကြည့်များမှာ ရက်စက်လာကြတော့သည်။ ချီလင်ခေါင်းဆောင် အမိန့်ပေးလိုက်သည်နှင့် သူတို့ ရှေ့သို့ တိုးဝင်ကာ ထိုလူသားဧကရာဇ်ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ကြတော့မည် ဖြစ်သည်။
ဤအချိန်၌ ချီလင်သည် ရှေ့မှ လူငယ်ကို သေချာစွာ စိုက်ကြည့်နေသည်။ သူ၏ ဉာဏ်ပညာရှိသော မျက်လုံးများတွင် ထက်မြက်လှသော အလင်းတန်းများ ပေါ်နေသည်။ ဂေါ်ရီလာဧကရာဇ်၏ ခွဲခြမ်းစိတ်ဖြာမှုမှာ မှန်ကန်နိုင်ခြေ ရှိသော်လည်း သူ၏ သွေးသားစွမ်းရည်ဖြင့် စစ်ဆေးကြည့်သောအခါ ထိုလူငယ်၏ သတင်းအချက်အလက် တစ်ခုမျှ မရရှိခဲ့ချေ။
ထိုလူငယ်၏ ခရမ်းရောင် မျက်ဝန်းများကို ကြည့်လိုက်လျှင်ပင် သူ၏ ရင်ထဲ၌ ထိတ်လန့်မှုကို ခံစားရပြီး သူ၏ လျှို့ဝှက်ချက် အားလုံးမှာ အကုန်အစင် ဖော်ထုတ်ခံလိုက်ရသကဲ့သို့ ရှိနေသည်။ ထိုခံစားချက်ကြောင့် ချီလင်၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။
ထို့ကြောင့် ဘေးကင်းစေရန်အတွက် သူသည် သွေးသားစွမ်းရည်ကို အသုံးပြု၍ သားရဲနတ်ဘုရား၏ တမန်တော်ကို ဆက်သွယ်ကာ လူသားမျိုးနွယ်ကို သုတ်သင်ပေးရန် အကူအညီ တောင်းလိုက်သည်။ တမန်တော်က သဘောတူလိုက်သည်နှင့် ချီလင်၏ စိတ်ထဲမှ စိုးရိမ်မှုများ လျော့ပါးသွားတော့သည်။ သားရဲနတ်ဘုရား၏ ကိုယ်စားလှယ်ဖြစ်သော ထိုတမန်တော်သည် ဤကမ္ဘာပေါ်တွင် တစ်ဦးတည်းသော နတ်ဘုရားတစ်ပိုင်း တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
အကယ်၍ ရှေ့မှ လူငယ်သည် အစစ်အမှန် ဧကရာဇ် အထွတ်အထိပ် ဖြစ်နေဦးတော့ တမန်တော်ကို ယှဉ်နိုင်မည် မဟုတ်ချေ။ အခြေအနေအားလုံးက ဆုံးဖြတ်ပြီးသား ဖြစ်သွားပြီ။
ချီလင်က ထိုလူငယ်ကို ထပ်မံ ကြည့်လိုက်သောအခါ ထိုသူမှာ အဝေးတစ်နေရာသို့ ငေးကြည့်နေပြီး အခြားအရာတစ်ခုကို အာရုံစိုက်နေသကဲ့သို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ တမန်တော်ကို နောက်ခံအဖြစ် ရရှိထားပြီ ဖြစ်ရာ ချီလင်က ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
" သတ်ပစ်ကြစမ်း ..."
ထိုအသံမှာ ကောင်းကင်ကို တုန်ခါသွားစေပြီး မိုင်ပေါင်းသောင်းချီ ပြန့်နှံ့သွားသည်။ အောက်ရှိ လူသားများမှာ နားကွဲမတတ် ခံစားရပြီး ကျင့်စဉ်နိမ့်သူများမှာ နားအတွင်းမှ သွေးများပင် စိမ့်ထွက်လာကြသည်။ ကျင့်စဉ်မြင့်သူများပင်လျှင် စိတ်ဝိညာဥ်များ လှုပ်ခါသွားရသည်။ သူတို့ ထိတ်လန့်တကြား ကောင်းကင်သို့ မော့ကြည့်ရင်း အော်ဟစ်လိုက်ကြ၏။
" သားရဲဧကရာဇ်တွေ စတင် တိုက်ခိုက်တော့မယ်.. "
လင်းယဲ့နှင့် ယဲ့ရှူးတို့မှာ ဂူချန်သည် အဘယ်ကြောင့် လူသားမျိုးနွယ်ကို ကာကွယ်ပေးနေရသနည်းဟု တွေးတောနေစဉ်မှာပင် မျက်စိဖြင့် လိုက်မကြည့်နိုင်လောက်အောင် လျင်မြန်လှသော ပုံရိပ်အချို့မှာ ရှေ့သို့ ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။ သားရဲများ၏ ခန္ဓာကိုယ်မှာ ကြီးမားလှသဖြင့်သာ သူတို့၏ မျက်စိက လိုက်ကြည့်နိုင်ခြင်း ဖြစ်သည်။ ဧကရာဇ်အဆင့်၏ စွမ်းအားမှာ တကယ့်ကို ကြောက်စရာ ကောင်းလှသည်။
' ဂူချန်... နိုင်ပါ့မလား ...'
ဤအချိန်၌ လူသားအားလုံး၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုတည်းသာ ရှိနေတော့သည်။ ဂူချန် မည်သို့ ဧကရာဇ် ဖြစ်လာသည်ကို မသိသော်လည်း ယခုအခါတွင်မူ ဂူချန်သည်သာ သူတို့၏ တစ်ဦးတည်းသော ကယ်တင်ရှင် ဖြစ်နေသည်။ အကယ်၍ ဂူချန် သေဆုံးသွားပါက လူသားမျိုးနွယ်မှာ သားရဲဧကရာဇ်များကို ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့် ဂူချန်ကို သေစေချင်နေကြသော သူများပင်လျှင် ယခုအခါ၌ သူ အသက်ရှင်ပါစေဟု ဆုတောင်းနေကြတော့သည်။
လူတိုင်း၏ မျှော်လင့်ချက် အပြည့်ရှိသော အကြည့်များအောက်တွင် သားရဲဧကရာဇ် အချို့၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ထိုလူငယ်မှာ နေရာတွင်တင် ရပ်မြဲရပ်နေပြီး သူ၏ ရှေ့မှ ဟင်းလင်းပြင်ကိုသာ စိုက်ကြည့်နေဆဲ ဖြစ်သည်။ သူ ဘာလုပ်နေသည်ကို မည်သူမျှ မသိကြချေ။
[ စေတနာရမှတ် ၃၇,၅၀၀ အသုံးပြုလိုက်သည်။ သင်၏ အဆင့် ၈ တာအိုသိုင်းပညာ မဟာမူလ ကောင်းကင်ချိတ်ပိတ်လက်ဝါး ကို အဆင့် ၉ သိုင်းပညာ ဗုဒ္ဓလက်ဝါးအဖြစ် အဆင့်မြှင့်တင်လိုက်သည် ]
[ စေတနာရမှတ် ၄၃,၆၈၀ အသုံးပြုလိုက်သည်။ သင်၏ အဆင့် ၇ သိုင်းပညာ ချီလင်ခြေလှမ်း ကို အဆင့် ၉ သိုင်းပညာ ချီလင် ကောင်းကင်ပြုပြင်ခြေလှမ်း အဖြစ် အဆင့်မြှင့်တင်လိုက်သည် ]
[ စေတနာရမှတ် ၃၁,၀၀၀ အသုံးပြုလိုက်သည်။ သင်၏... ]
' အင်း... ဒါကို နည်းနည်း ထပ်ထည့်ရအောင်.. '
' ဒီဟာကို အဆင့်မြှင့်လိုက်ရင်လည်း အကျိုးကျေးဇူးက မဆိုးဘူး ..'
' အရှိန်က အရေးကြီးတယ်... ဒါကိုလည်း မြှင့်ရမယ်.. '
ဂူချန်သည် သူတစ်ဦးတည်းသာ မြင်နိုင်သော စနစ် ဖန်သားပြင်ကို စိုက်ကြည့်ရင်း သူ၏ ကျင့်စဉ်များနှင့် သိုင်းပညာများကို ရူးသွပ်စွာ အဆင့်မြှင့်တင်နေတော့သည်။ နှမြောတွန့်တိုခြင်း အလျှင်းမရှိဘဲ စေတနာရမှတ် အမြောက်အမြားကို စနစ်အတွင်းသို့ ပုံအော ထည့်သွင်းနေသည်။ အလင်းရောင်များနှင့် ထူးခြားသော အထူးပြုလုပ်ချက်များမှာ နေရာအနှံ့ ပျံနှံ့နေတော့သည်။
သူ သားရဲဧကရာဇ်များကို ချက်ချင်း ပြန်မတိုက်ခိုက်ရခြင်းမှာ သူ၏ စွမ်းအားများကို အဆင့်မြှင့်တင်နေသောကြောင့်သာ ဖြစ်သည်။ သူ၏ အတွေးအရ သားရဲမျိုးနွယ်ဝင်များစွာ ရှိနေသေးသည် ဖြစ်ရာ သူတို့သည် လူသားများလောက် တန်ဖိုးမရှိသော်လည်း သူ၏ ကုန်ကျစရိတ်များကို ပြန်လည် ဖြည့်တင်းပေးနိုင်ရန် လုံလောက်ပေသည်။
' အင်း ...'
သူ စိတ်လှုပ်ရှားစွာ အဆင့်မြှင့်နေစဉ်မှာပင် အရှိန်အဝါ ကြီးမားလှသော ပုံရိပ်အချို့ တိုက်ခိုက်လာသည်ကို သူ ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသူများမှာ မိုင်ပေါင်းများစွာကို ဖြတ်ကျော်ပြီး သူ့ရှေ့သို့ ရောက်ရှိလာကြသည်။ ၎င်းတို့မှာ ခေါင်းကိုးလုံးမြွေ၊ ဂေါ်ရီလာနှင့် နှင်းဖြူကျားတို့ ဖြစ်ကြသည်။
ထိုသားရဲများ၏ မျက်နှာတွင် လှောင်ပြုံးများ ရှိနေကြပြီး သူတို့ ပေါ်လာသည်နှင့် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်ကာ တိုက်ခိုက်လိုက်ကြသည်။
ဂူချန်က မျက်မှောင်ကြုတ်လိုက်ပြီး လက်ဝါးတစ်ချက်ကို နောက်ပြန် ဝှေ့ယမ်းလိုက်သည်။
"ဘုန်း..."
ကြီးမားလှသော အလင်းတန်း သုံးခုမှာ ချက်ချင်းပင် နောက်သို့ လွင့်ထွက်သွားပြီး ကောင်းကင်ယံ၌ ပျောက်ကွယ်သွားတော့သည်။ သူတို့ ရောက်လာကြသည်။ ပြီးတော့ ပြန်ထွက်သွားကြသည်။
တိုက်ပွဲမှာ လူတိုင်း၏ ထင်မှတ်ချက်ထက် များစွာ ပိုမိုမြန်ဆန်စွာ ပြီးဆုံးသွားခဲ့သည်။ ကမ္ဘာမြေပြင်ပေါ်ရှိ လူများမှာ တိုက်ပွဲစတင်မည့်အချိန်ကို မျှော်လင့်တကြီး စောင့်ကြည့်နေကြဆဲ ဖြစ်သော်လည်း တိုက်ပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သူတို့ သတိပင် မထားမိကြချေ။
ချီလင်ခေါင်းဆောင်နှင့် အခြား သားရဲဧကရာဇ်များ၏ ရက်စက်သော မျက်နှာထားများမှာ ချက်ချင်း တောင့်တင်းသွားကြပြီး ဖြစ်ပျက်သွားသည်မှာ မယုံနိုင်စရာပင် ကောင်းနေတော့သည်။
' သောက်ခွေး..ဒီလိုမျိုးကြီး... ရှုံးသွားတာလား ...'
' ဒီကောင်တွေ သောက်ခွက် ပြောင်နေကြတာလား.. '
Chapter 230
~
အခန်း ၂၃၀ : ဦးတဲ့သူ ရမှာပဲ...
~
လက်ဝါးတစ်ချက်....
စစ်မှန်သော ချီစွမ်းအင်များ လှုပ်ခတ်သွားခြင်း မရှိသလို မဟာတာအိုစွမ်းအား များ ပေါက်ကွဲထွက်လာခြင်းလည်း မရှိချေ။ သာမန် လက်ဝါးရိုက်ချက်တစ်ခုဖြင့်သာ ခန္ဓာကိုယ်ကျင့်စဉ် သူတော်စင်အဆင့်သို့ တက်လှမ်းထားကြသည့် သားရဲဧကရာဇ် သုံးဦးကို ရှင်းပစ်လိုက်ခြင်း ဖြစ်သည်။
အနည်းငယ် တည်ငြိမ်သွားခဲ့သော ချီလင်ခေါင်းဆောင်၏ နှလုံးသားမှာ တုန်လှုပ်မှုများဖြင့် တစ်ဖန် ပြန်လည် ရုန်းကြွလာပြန်သည်။
' မဟုတ်သေးဘူး... ဒီလူက တစ်ခုခု ထူးခြားနေတယ်... '
ချီလင်၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားပြီး သူ၏ ပုံရိပ်ယောင်မှာ အဆပေါင်းများစွာ ကြီးမားလာသည်။ သူက ချက်ချင်းပင် ထိုပုံရိပ်ယောင်ကို အသုံးပြု၍ ရှေ့မှ ဝတ်ရုံနက်ဝတ် လူငယ်ကို အတင်းတိုးဝင်တိုက်ခိုက်လိုက်သည်။
တစ်ချိန်တည်းမှာပင် အခြားသော သားရဲဧကရာဇ်များကိုလည်း အော်ဟစ်ကာ သတိပေးလိုက်၏။
" ဒီလူရဲ့ စွမ်းအားက ထူးဆန်းနေတယ်။ ငါနဲ့အတူ ပူးပေါင်းပြီး သူ့ကို ဝိုင်းတားကြစမ်း။ သတိထားကြ... တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ် မတိုက်ခိုက်ကြနဲ့ ..."
" သားရဲနတ်ဘုရား တမန်တော် ရောက်လာတာနဲ့ ဒီလူသားကောင်လေး လွတ်လမ်းရှိတော့မှာ မဟုတ်ဘူး ..."
ပြိုင်ဘက်သည် ဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်ရှိ ပညာရှင် သုံးဦးကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်ခဲ့သည်ဖြစ်ရာ သူသည် အမှန်တကယ်ပင် ကြယ်စင်ဧကရာဇ် အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားပေလိမ့်မည်။ သူတို့တွင် ဧကရာဇ် ရာကျော် ရှိနေသဖြင့် သူ့ကို မကြောက်။သို့ရာတွင် သူ့ကို သတ်ရန်အတွက်မူ ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် သားရဲနတ်ဘုရား တမန်တော် ရောက်လာသည်အထိ စောင့်ဆိုင်းပြီးမှ စိတ်ချလက်ချ အောင်ပွဲခံခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ခေါင်းကိုးလုံးမြွေနှင့် အခြားသားရဲနှစ်ကောင် ချက်ချင်း အသတ်ခံလိုက်ရသည်ကို မြင်သောအခါ အခြားသားရဲဧကရာဇ်များ၏ မျက်နှာပေါ်မှ ရက်စက်သော အပြုံးများမှာ ပျောက်ကွယ်သွားပြီး အကြည့်များမှာ တည်ကြည်လေးနက်လာကြသည်။ သူတို့သည် ခန္ဓာကိုယ်အတွင်းရှိ သွေးသားစွမ်းအားများကို လှုံ့ဆော်ကာ ရှေ့မှ လူငယ်ကို ဟန့်တားနိုင်ရန်အတွက် စွမ်းရည်များကို စတင် ထုတ်ဖော်လိုက်ကြတော့သည်။
သို့သော်လည်း ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိပြီး ခန္ဓာကိုယ်မှာ တစ်ဝက်မှာ လူ၊ တစ်ဝက်မှာ ကျား ဖြစ်နေသည့် သားရဲဧကရာဇ်တစ်ကောင်မှာ ရှေ့သို့ တိုးထွက်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ တောက်လောင်နေသော မီးလျှံများ ၊ချော်ရည်များဖြင့် ဖုံးလွှမ်းနေသည်။
သူသည် ကြီးမားလှသော ယန်လင် ဓားကြီးကို ကိုင်ဆောင်ထားပြီး ကျားမျက်လုံးများကို ပြူးကြည့်ကာ ကောင်းကင်သို့ ထိုးတက်နေသော သားရဲစွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ ဘေးနားရှိ သားရဲများပင် မျက်စိစပ်သွားကြသည်။ ဤသားရဲ၏ အမည်မှာ တိုက်ကျား ဖြစ်ပြီး သားရဲမျိုးနွယ်အတွင်းရှိ ဧကရာဇ် နောက်ဆုံးအဆင့် ပညာရှင်များထဲမှ တစ်ဦးလည်း ဖြစ်သည်။ သူ၏ စွမ်းအားမှာ ချီလင်နှင့် ရင်ဘောင်တန်းနိုင်သော်လည်း မြင့်မြတ်သော မျိုးနွယ်စုမှ မဟုတ်သဖြင့် သားရဲမျိုးနွယ်ကို အုပ်ချုပ်ခွင့် မရရှိခဲ့ပေ။
ချီလင်၏ စကားကို ကြားသောအခါ သူ၏ သွေးနှင့် စွမ်းအားများမှာ ပြင်းထန်စွာ ဆူပွက်လာပြီး ကြွက်သားများမှာလည်း ဖောင်းကားလာတော့သည်။ သူက မထီမဲ့မြင် ပြုသော မျက်နှာထားဖြင့် ...
" သူ့ရဲ့ အရှိန်အဝါကို ငါက ရှောင်နေရမယ် ဟုတ်လား .."
ပြောပြီးသည်နှင့် တိုက်ကျားသည် ချီလင်၏ သတိပေးချက်ကို လုံးဝ လျစ်လျူရှုကာ ဟင်းလင်းပြင်ကို ရိုက်ခွဲ၍ လေထဲမှ လူငယ်၏ ဦးခေါင်းကို အားကုန် ခုတ်ချလိုက်တော့သည်။ ထူထဲလှသော သွေးနှင့် စွမ်းအားများမှာ ရုတ်တရက် ကျယ်ပြန့်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ရေကြီးသကဲ့သို့ ဖုံးလွှမ်းသွားသည်။
အဝေးမှ ကြည့်လျှင် တကယ့် တောင်ကြီးတစ်လုံး ကောင်းကင်မှ ပြိုကျလာသကဲ့သို့ပင် ရှိနေပြီး အရာအားလုံးကို ဖုန်မှုန့်အဖြစ် ကြိတ်ခြေပစ်တော့မည့်အလား အရှိန်အဝါမျိုး ဖြစ်သည်။ သူ၏ ခန့်ညားလှသော အရှိန်အဝါတစ်ခုတည်းနှင့်ပင် ကြည့်မိသူကို စိတ်ပျက်အားငယ်စေရန် လုံလောက်ပေသည်။ ချီလင်ခေါင်းဆောင်ပင်လျှင် ဤတိုက်ကွက်ကို ဒဏ်ရာမရဘဲ ခုခံနိုင်မည်ဟု မယုံကြည်ချေ။
ဧကရာဇ် တစ်ရာကျော်၏ အကြည့်များအောက်တွင် တိုက်ကျား၏ ဧကရာဇ်အဆင့် လက်နက်ဖြစ်သော ယန်လင်ဓားကြီးသည် ဝတ်ရုံနက်ဝတ် လူငယ်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
"ဝှီး..."
တိတ်ဆိတ်ငြိမ်သက်နေပြီး အလွန်သာယာသော လေပြေအေးတစ်ခု ဖြတ်သန်းသွားသကဲ့သို့သာ ရှိနေသည်။ သားရဲဧကရာဇ်အားလုံး ထင်မှတ်ထားသကဲ့သို့ ထိုလူသားမှာ နှစ်ခြမ်းကွဲမသွားဘဲ ဓားကြီးမှာ လူငယ်၏ ခန္ဓာကိုယ်ကို ဘာမှမရှိသကဲ့သို့ ဖြတ်သန်းသွားသည်။
" ... "
ဂူချန်၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ လက်ကိုသာ အသာ ဝှေ့ယမ်းလိုက်သည်။
"ဝုန်း..."
နောက်တစ်စက္ကန့်တွင် တိုက်ကျား၏ ပုံရိပ်မှာ ကြွေလွင့်သွားသော ကြယ်တံခွန်ကဲ့သို့ နောက်သို့ လွင့်ထွက်သွားတော့၏။ သူ၏ အရှိန်မှာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် လျင်မြန်လှပြီး လူသားပြည်နယ် အတော်များများကို ဖြတ်ကျော်ကာ တောင်တန်းများစွာကို ရိုက်ခွဲသွားသည်။ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး မိုင်ပေါင်းရာချီ ရှည်လျားသော မြောင်းကြီးတစ်ခု ဖြစ်သွားစေကာ မြေကြီးထဲသို့ နစ်ဝင်သွားတော့သည်။
သူ၏ မျက်လုံးများမှာ ဒေါသတကြီး ပြူးကျယ်နေဆဲ ဖြစ်သော်လည်း ခြေထောက်မှာ နောက်ဆုံးအကြိမ် လှုပ်ရှားသွားပြီးနောက် အရှိန်အဝါများ အကုန် ပျောက်ကွယ်သွားသည်။ သားရဲမျိုးနွယ်၏ ခေတ်တစ်ခေတ်မှ ရှေ့တန်းစစ်သူကြီး၊ ရှားပါးလှသော ဧကရာဇ် နောက်ဆုံးအဆင့် ပညာရှင်တစ်ဦးမှာ လက်ဝါးတစ်ချက်ဖြင့်သာ ဤသို့ အဆုံးသတ်သွားခဲ့ချေပြီ။
ချီလင်ခေါင်းဆောင်၏ မျက်လုံးများမှာ ထပ်မံ ပြူးကျယ်သွားပြန်သည်။ သူ၏ ခန့်ညားသော ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်လာပြီး ဦးရေပြားမှာလည်း ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တိုက်ကျားသည် သူနှင့် အဆင့်တူသော ထိပ်တန်းပညာရှင် ဖြစ်သော်လည်း ခဏချင်းအတွင်းမှာပင် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
အကယ်၍ အစောပိုင်းက သားရဲသုံးကောင်မှာ ဧကရာဇ် အစောပိုင်းအဆင့်များ ဖြစ်နေသဖြင့် ဧကရာဇ်အထွတ်အထိပ်က သတ်နိုင်သည်မှာ နားလည်ပေးနိုင်သော်လည်း ယခုအသတ်ခံရသူမှာ ဧကရာဇ်အဆင့်၏ အကန့်အသတ်သို့ အလွန်နီးစပ်နေသူ ဖြစ်သည်။ တိုက်ကျားကိုပင် ခဏချင်း သတ်နိုင်သည်ဆိုလျှင် သူ့ကိုလည်း သတ်နိုင်သည်မှာ အသေအချာပင်။
ချီလင်၏ နှလုံးသားမှာ ကြောက်ရွံ့မှုများဖြင့် တုန်လှုပ်နေပြီး ပထမဆုံးအကြိမ်အဖြစ် ဆုတ်ခွာလိုသော စိတ်များ ပေါ်ပေါက်လာသည်။ သို့သော် ထိုအတွေးကို ချက်ချင်းပင် ဖျောက်ဖျက်ပစ်လိုက်သည်။ သားရဲနတ်ဘုရား တမန်တော် ရောက်လာတော့မည် ဖြစ်ရာ သူ ရောက်လာသည်နှင့် အရာအားလုံးက ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပေလိမ့်မည်။ နတ်ဘုရားတစ်ပိုင်း အဆင့်ဆိုသည်မှာ လူသားများ စိတ်ကူးပင် မယဉ်နိုင်လောက်သော တည်ရှိမှု ဖြစ်သည်။
ချီလင်သည် ရှေ့ခြေထောက်ကို မြှောက်ကာ ဟင်းလင်းပြင်ကို ပြင်းထန်စွာ နင်းချလိုက်သည်။ ချက်ချင်းပင် တောင်တန်းများနှင့် မြေပြင်မှာ တုန်ခါသွားပြီး ရွှေရောင် စွမ်းအင်လှိုင်းများမှာ သူ့ ထံမှနေ၍ အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်နှံ့သွားတော့သည်။ ထိုစွမ်းအင်များ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မိစ္ဆာအငွေ့အသက်များ ကင်းစင်သွားပြီး ညစ်ညမ်းမှုများလည်း ပျောက်ကွယ်သွားကြသည်။
အခြားသော သားရဲဧကရာဇ်များမှာလည်း သူတို့၏ သွေးသားစွမ်းရည်များကို တစ်ဦးပြီးတစ်ဦး ထုတ်ဖော်လိုက်ကြသည်။ အချို့မှာ ကောင်းကင်ကို လောင်ကျွမ်းစေနိုင်သော မီးလျှံများကို ထုတ်လွှတ်ကြပြီး အချို့မှာမူ ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွက်နိုင်သော အလင်းတန်းများကို ပစ်လွှတ်ကြသည်။ မြွေဟောက်နှင့် တူသော သားရဲကြီးတစ်ကောင်မှာ သူ၏ ပါးစပ်ကြီးကို ဖွင့်ကာ အပြာရောင် မိုးကြိုးတိမ်တိုက်များကို မှုတ်ထုတ်လိုက်သည်။ သူ၏ အရှိန်အဝါမှာ ပြင်းထန်သော လေမုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသော မိုးသက်မုန်တိုင်းကြီး ဖြစ်ပေါ်လာတော့သည်။
သို့သော်လည်း...
ဂူချန်မှာ လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ရုံသာ ရှိသေးသည်။ အဆုံးမရှိသော ဟင်းလင်းပြင် စွမ်းအားများမှာ တိုက်ခိုက်မှုအားလုံးကို ဝါးမြိုသွားပြီး ဘာမှမရှိသည့် အခြေအနေသို့ ရောက်ရှိသွားစေသည်။ ချီလင်နှင့် အခြားသားရဲများ၏ စွမ်းရည်များမှာ ဂူချန်၏ အနီးသို့ပင် မရောက်ရှိနိုင်ဘဲ ထူးဆန်းစွာ ပျောက်ကွယ်သွားတော့သည်။ အစကတည်းက ရှိမနေခဲ့သကဲ့သို့ပင်။
" သေဖို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေကြရင်လည်း ငါ မတားတော့ဘူး.. "
ဂူချန်က လက်ငါးချောင်းကို ရုတ်တရက် ဖြန့်လိုက်သည်။ သူ၏ လက်ဝါးက လေထုအတွင်းသို့ မရောက်မီမှာပင် ကောင်းကင်နှင့်မြေကြီးမှာ တုန်ခါနေပြီ ဖြစ်သည်။ သူ၏ လက်ဝါးစွမ်းအား စုစည်းလိုက်သောအခါ မိုးခြိမ်းသံတစ်ခု ပဲ့တင်ထပ်သွားပြီး လက်ဝါးရိပ်အတွင်း၌ ခန့်ညားလှသော ဗုဒ္ဓရုပ်ပွားတော်၏ ပုံရိပ်ယောင်မှာ ပေါ်ပေါက်လာသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကို ငြိမ်သက်အေးချမ်းစွာ ကြည့်ရှုနေသကဲ့သို့ပင် ရှိနေသည်။
ဗုဒ္ဓလက်ဝါး...
ဤသိုင်းပညာအသစ်၏ စွမ်းအားကို စမ်းသပ်ရန်အတွက် အချိန်ကောင်းပင် ဖြစ်သည်။
ဂူချန်က လက်ဝါးကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ လက်ဝါးစွမ်းအားမှာ အဆုံးမရှိသော ကွင်းဆက်များအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာ အနှံ့အပြားကို လွှမ်းခြုံထားသော ကောင်းကင်ပိုက်ကွန်ကြီးကဲ့သို့ ဖြစ်သွားသည်။ ကောင်းကင်နှင့်မြေကြီးမှာ ပြောင်းပြန် ဖြစ်သွားပြီး နိယာမအားလုံးမှာ တစ်ခုတည်းအဖြစ် ပြန်လည် စုစည်းသွားတော့သည်။
နိယာမများ၏ မြည်ဟီးသံတစ်ခုနှင့်အတူ ဗုဒ္ဓလက်ဝါးမှာ ဖြစ်ပေါ်လာပြီး ချီလင်နှင့် အခြားသူများ ထုတ်ဖော်လိုက်သော စွမ်းရည်များကို အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်သည်။ သူ့ထံသို့ ပစ်လွှတ်လိုက်သော ဧကရာဇ်အဆင့် လက်နက်များကိုပင် ဘေးသို့ အသာ ပုတ်ထုတ်လိုက်တော့သည်။
ထို့နောက် မည်သည့် အတားအဆီးမျှ မရှိဘဲ သားရဲဧကရာဇ် ရာကျော်ကို လက်ဝါးအတွင်းသို့ ထည့်သွင်းလိုက်သည်။
" မလုပ်နဲ့ ..."
ချီလင်ခေါင်းဆောင်မှာ ရူးသွပ်စွာ အော်ဟစ်နေပြီး သူ၏ ခန္ဓာကိုယ်ဖြင့် ထိုလက်ဝါးရိပ်ကြီးကို တိုက်ခိုက်နေသည်။ သူ၏ ကိုယ်မှ ငါးရောင်ခြည် နတ်ဘုရားအလင်းများကို အဆက်မပြတ် ထုတ်လွှတ်နေသော်လည်း ဗုဒ္ဓလက်ဝါးကို အနည်းငယ်မျှပင် မလှုပ်ရှားစေနိုင်ချေ။
ဂူချန်သည် လက်ငါးချောင်းကို ရုတ်တရက် ဆုပ်လိုက်သောအခါ သားရဲများကို ဖမ်းဆီးထားသော ဗုဒ္ဓလက်ဝါးမှာလည်း လျင်မြန်စွာ ကျုံ့ဝင်သွားတော့သည်။ ထိုလက်ဝါးကြီးမှာ ကောင်းကင်နှင့် နေမင်းကို ဖုံးလွှမ်းထားသည်။ သားရဲဧကရာဇ်များမှာ မည်သို့သော စွမ်းရည်များကို အသုံးပြုစေကာမူ ထိုလက်ငါးချောင်း၏ အကွာအဝေးမှ မလွတ်မြောက်နိုင်ကြချေ။
လွတ်မြောက်ရန် မျှော်လင့်ချက် မရှိတော့သည်ကို သိသောအခါ ချီလင်၏ စိတ်ထဲတွင် အားငယ်မှုများ ပြည့်နှက်သွားသည်။ သို့သော် လက်ချောင်းများကြားမှ ကြည့်လိုက်သောအခါ ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
နဂါးဦးခေါင်းနှင့် လူသားခန္ဓာကိုယ်...
ဤသည်မှာသားရဲနတ်ဘုရား တမန်တော်ပင် ဖြစ်သည်။ သူ ရောက်လာပြီ ဖြစ်သည်။ သူတို့ လွတ်မြောက်နိုင်ပြီ ဖြစ်သည်။
" မိုက်မဲတဲ့ လူသား... ရပ်စမ်း ..."
သားရဲနတ်ဘုရား တမန်တော်သည် ရောက်ရောက်ချင်းမှာပင် ချီလင်တို့ ပိတ်မိနေသည်ကို မြင်လိုက်ရသဖြင့် မျက်နှာ ပျက်သွားသည်။
သူ၏ ပုံရိပ်မှာ ဟင်းလင်းပြင်အတွင်းမှ အဆက်မပြတ် ကူးလူးလှုပ်ရှားကာ အလျင်အမြန် ရောက်ရှိလာပြီး တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်သည်။
" မင်း သူတို့ကို သတ်လိုက်မယ်ဆိုရင် ငါ... "
"ဝုန်း..."
တမန်တော်၏ စကား မဆုံးမီမှာပင် ဂူချန်က မျက်ခုံးကို အသာပင့်လိုက်ပြီး သူ၏ လက်ဝါးအတွင်းမှ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ဖြည်းညှင်းစွာ ပိတ်နေသော ဗုဒ္ဓလက်ဝါး၏ လက်ချောင်းကြီး ငါးချောင်းမှာ ရုတ်တရက် ဆုပ်ပိတ်သွားပြီး သားရဲဧကရာဇ် ရာကျော်ကို ချေမွပစ်လိုက်တော့သည်။
ထို့နောက် သေခြင်းတရားလက်ဝါး ကို အသုံးပြု၍ သူတို့၏ ဝိညာဉ်များကို သူ၏ လက်အောက်သို့ သိမ်းဆည်းလိုက်သည်။ အရာအားလုံးမှာ တစ်ခါတည်းနှင့် အပြီးအစီးပင် ဖြစ်သည်။
အရာအားလုံး ပြီးဆုံးသွားသောအခါ လူငယ်သည် နောက်ကျမှ ရောက်ရှိလာသော သားရဲနတ်ဘုရား တမန်တော်ကို လှည့်ကြည့်လိုက်ပြီး အေးအေးဆေးဆေးပင် ပြုံးကာ ပြောလိုက်သည်။
" ဟဲဟဲ..စိတ်မကောင်းပါဘူးဗျာ... ဦးတဲ့သူ အရင်ရမှာပဲ.. "
" မင်း .."
သားရဲနတ်ဘုရား တမန်တော်က အံကိုတင်းတင်းကြိတ်လိုက်ပြီး သူ၏ နဂါးအကြေးခွံများပင် ထောင်လာသည်။