← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 22 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 22 Ch. 231-232

Chapter 231

~

အခန်း ၂၃၁ : သားရဲနတ်ဘုရားတမန်တော်လား... မင်းလည်း ပျံလိုက်တော့

~

​နတ်ဘုရား၏ ကာကွယ်စောင့်ရှောက်မှု မရှိသော လူသားမျိုးနွယ်ဝင်တစ်ဦးက ဤမျှအထိ ရောင့်တက်ကာ ရိုင်းစိုင်းရဲလိမ့်မည်ဟု သားရဲနတ်ဘုရား တမန်တော် တစ်ခါမျှ မတွေးခဲ့ဖူးချေ။ သားရဲနတ်ဘုရား၏ ကိုယ်စားလှယ်ဖြစ်သော သူ၏ သတိပေးချက်ကိုပင် လျစ်လျူရှုကာ ဤလူသားသည် သားရဲဧကရာဇ် တစ်ရာကျော်ကို ချက်ချင်းသတ်ဖြတ်ပစ်ခဲ့သည်။

​ထိုသူများမှာ လမ်းဘေးမှ ဂေါ်ဖီထုပ်များ မဟုတ်။ အဆင့် ၉ ရှိသော တည်ရှိမှု ပေါင်းတစ်ရာကျော်ပင် ဖြစ်သည်။ သူတို့၏ သားရဲမျိုးနွယ်စုအတွက်ပင် ဧကရာဇ်အဆင့် ပညာရှင် ရာဂဏန်းမျှ ပိုင်ဆိုင်နိုင်ရန် နှစ်ပေါင်းသောင်းချီ၍ အားထုတ်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယခုမူ အသက်ရှူတစ်ချက်စာအတွင်းမှာပင် သုံးပုံတစ်ပုံမှာ ပျောက်ကွယ်သွားခဲ့လေပြီ ။

​ဤဆုံးရှုံးမှုမှာ သာမန် နာကျင်မှုမျိုး မဟုတ်ဘဲ နှလုံးသားကို ဓားဖြင့် အမွှန်းခံလိုက်ရသကဲ့သို့ ပြင်းထန်လှသည်။ ထို့အပြင် ကျင့်စဉ်မြင့်မားသော သားရဲများ တည်ရှိနေခြင်းသည် သားရဲနတ်ဘုရား၏ စွမ်းအားအပေါ်တွင်လည်း သက်ရောက်မှု ရှိနေသဖြင့် သူတို့မှာ အလွန်တန်ဖိုးရှိလှသည်။

​" လုံးဝ... ခွင့်မလွှတ်နိုင်ဘူး ..."

​သားရဲနတ်ဘုရား တမန်တော်၏ မျက်နှာရှိ ကြွက်သားများမှာ ဒေါသကြောင့် တုန်ရီနေပြီး နဖူးရှိ အကြောများမှာလည်း သစ်မြစ်များကဲ့သို့ ဖောင်းကြွလာသည်။ သူ၏ နှာခေါင်းပေါက်များမှ ပြင်းထန်စွာ ထွက်ပေါ်လာသော အသက်ရှူသံများမှာ အပူရှိန်ပြင်းလှသဖြင့် သူ၏ ဒေါသကို ဖော်ပြနေသကဲ့သို့ ရှိသည်။

​သူ၏ ဒေါသနှင့်အတူ ပြင်းထန်လှသော နဂါးအရှိန်အဝါများမှာ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို အမြင်အာရုံဖြင့် မမြင်နိုင်သော တောင်ကြီးတစ်လုံးကဲ့သို့ ဖိနှိပ်လိုက်တော့သည်။ သူ၏ ဖိအားမှာ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားလေသည်။

​ကောင်းကင်ယံကို ဖုံးလွှမ်းသွားသော လက်ဝါးရိပ်ကြီးကြောင့် အံ့ဩနေကြသည့် လူသားများမှာ ရုတ်တရက်ပင် သူတို့၏ စိတ်ထဲ၌ ထိတ်လန့်မှုများကို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ရုတ်တရက် ရောက်ရှိလာသကဲ့သို့ပင် ဖြစ်သည်။

​သို့သော် ဤမျှမြင့်မားသော အဆင့်ရှိ တိုက်ပွဲမျိုးတွင် အဆင့် ၇ သို့မဟုတ် အဆင့် ၈ ရှိသော သိုင်းပညာရှင်များပင်လျှင် မြင်ကွင်းကိုသာ ငေးကြည့်နေနိုင်ကြပြီး အခြေအနေ အသေးစိတ်ကိုမူ လုံးဝ မသိနိုင်ကြချေ။ သူတို့သည် စိတ်ထဲမှသာ ဆုတောင်းနေကြရပြီး ထိုစက်ဆုပ်ဖွယ်ကောင်းသော လူယုတ်မာကြီး ရှုံးနိမ့်မသွားပါစေနှင့်ဟုသာ မျှော်လင့်နေကြတော့သည်။

​' ဂူချန်... မင်းက မိစ္ဆာခေါင်းဆောင်ကြီးပဲ၊ ဘယ်လိုလုပ် ရှုံးလို့ ဖြစ်မှာလဲ.. '

​ဤအချိန်၌ သားရဲနတ်ဘုရား တမန်တော်သည် ရှေ့မှ လူငယ်ကို စိုက်ကြည့်နေသည်။ သူ၏ လူသားလက်နှစ်ဖက်မှာ နဂါးလက်သည်းများအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး ဟိန်းဟောက်သံနှင့်အတူ လက်သည်းဖြင့် ကုတ်ခြစ် တိုက်ခိုက်လိုက်သည်။

​သားရဲနတ်ဘုရား၏ တမန်တော်ဖြစ်သည့်အတိုင်း သူသည် သားရဲနတ်ဘုရားအပေါ် လုံးဝ သစ္စာရှိသူ ဖြစ်ပြီး နတ်ဘုရား၏ အကျိုးစီးပွားကိုသာ အရာရာထက် ဦးစားပေးသူ ဖြစ်သည်။ နတ်ဘုရား၏ အကျိုးစီးပွားကို ထိခိုက်စေသော မည်သည့် တည်ရှိမှုကိုမဆို သတ်ပစ်ရမည်ပင်။

​တိမ်တိုက်ပင်လယ်ကြီးမှာ လှုပ်ခတ်သွားပြီး လေများမှာလည်း စူးရှစွာ တိုက်ခတ်လာသည်။ လက်သည်းလေထုမှာ ဂူချန်၏ မျက်နှာရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော နိယာမစွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ၏ ပတ်ဝန်းကျင်ကို ချက်ချင်း ပိတ်ဆို့လိုက်သည်။

​စွမ်းအင်တန်း သုံးခုမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ဆွဲဖြတ်ပစ်လိုက်သည်။ သို့သော် ထိုအရာများကြားတွင် ရပ်နေသော ဂူချန်မှာမူ တည်ငြိမ်သော မျက်နှာထား ရှိနေဆဲပင် ။ ရွှေရောင်အနားသတ်ထားသော သူ၏ ခန့်ညားလှသည့် ဝတ်ရုံနက်မှာ ဟင်းလင်းပြင်၏ ဖရိုဖရဲ စီးဆင်းမှုများကြားတွင် လွင့်ပျံနေသော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ အနည်းငယ်မျှ ထိခိုက်ခြင်း မရှိချေ။

​" ဟမ့်.. "

​လူငယ်သည် ဤနည်းလမ်းဖြင့် သူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနေဆဲ ဖြစ်သည်ကို မြင်သောအခါ သားရဲနတ်ဘုရား တမန်တော်မှာ အေးစက်သော အသံဖြင့် လှောင်ပြောင်လိုက်သည်။

​" လူသားမျိုးနွယ်တွေကတော့ အမြဲတမ်း အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ လှည့်ကွက်တွေကိုပဲ သုံးနေကြတာ.. "

​" ဒီတမန်တော်မှာ မင်းကို နှိမ်နင်းဖို့ နည်းလမ်းမရှိဘူးလို့ တကယ်ပဲ ထင်နေတာလား.. "

​ပြောရင်းနှင့် သားရဲနတ်ဘုရား တမန်တော်၏ ပါးစပ်မှာ ရုတ်တရက် ပြဲထွက်သွားပြီး ထက်မြက်လှသော အစွယ်များ ပေါ်လာသည်။ သူ၏ လည်ချောင်းနက်ရှိုင်းရာမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းမှာ ချက်ချင်း ပြန့်နှံ့သွားပြီး ဂူချန်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ရိုက်ခွဲကာ သူ့ကို ဟင်းလင်းပြင် အတွင်းသို့ ဆွဲသွင်းလိုက်တော့သည်။

​" ခန္ဓာကိုယ်ကို အဆုံးမဲ့ ဟင်းလင်းပြင်ထဲ ဆွဲသွင်းပြီး တိုက်ခိုက်မှုတွေကို ရှောင်နေတာပေါ့... "

​သားရဲနတ်ဘုရား တမန်တော်၏ မျက်ဝန်းများတွင် နတ်ဘုရားအာရုံတစ်ခု ဖြတ်သန်းသွားပြီး သူ၏ မျက်နှာထားမှာ ရက်စက်လာတော့သည်။ သူ့ကို အဆုံးမရှိသော ဟင်းလင်းပြင်ထဲသို့ ဆွဲသွင်းနိုင်သရွေ့ သူတို့နှစ်ဦးမှာ တူညီသော ဟင်းလင်းပြင် အလွှာထဲသို့ ရောက်ရှိသွားမည် ဖြစ်ရာ ပြိုက်ဘက်၏ အထိအတွေ့မရှိ ဖြစ်နေသော စွမ်းရည်ကို လုံးဝ ပျက်ပြယ်သွားစေနိုင်မည် ဖြစ်သည်။

​သားရဲနတ်ဘုရား တမန်တော်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

" အဲဒီ စွမ်းရည်မရှိရင် မင်း ဘယ်လို ရှောင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့ .."

​သူ့ကို ပြစ်မှားရဲသော ဤမိုက်မဲသည့် လူသားမှာ နောက်ဆက်တွဲ အကျိုးရလဒ်ကို လုံးဝ သိပုံမရချေ။

​သားရဲနတ်ဘုရား တမန်တော်၏ လုပ်ဆောင်မှုအားလုံးကို ရင်ဆိုင်ရင်း ဂူချန်က ရှည်ရှည်ဝေးဝေး မပြောဘဲ ပြုံး၍သာ စကားတစ်ခွန်း ပြောလိုက်သည်။

" ဒူးထောက်စမ်း .."

​ထိုစကားကို ကြားသောအခါ သားရဲနတ်ဘုရား တမန်တော်မှာ လှောင်ပြောင်ရန် ပြင်လိုက်သော်လည်း သူ၏ ခြေထောက်များမှာ သူ့အလိုအလျောက်ပင် နာခံမှု မရှိတော့ဘဲ ဟင်းလင်းပြင်ထဲသို့ ဒူးထောက်ကျသွားသည်။ သူ၏ ဒူးနှစ်ဖက်နှင့် ဟင်းလင်းပြင်တို့ ရိုက်ခတ်မိရာမှ ထွက်ပေါ်လာသော အပူရှိန်များမှာ ရေလှိုင်းများကဲ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားသည်။

​" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ့ခန္ဓာကိုယ်က ဘာလို့ ထိန်းချုပ်လို့ မရတော့တာလဲ .."

​ဟင်းလင်းပြင်ပေါ်သို့ ရုတ်တရက် ကွေးညွတ်ကာ ဒူးထောက်ကျသွားသော မိမိ၏ ဒူးများကို ကြည့်ရင်း သားရဲနတ်ဘုရား တမန်တော်မှာ ထိတ်လန့်သွား၏။ စကားအနည်းငယ် ပြောလိုက်ရုံနှင့် သူ အဘယ်ကြောင့် သတိမထားမိဘဲ ဒူးထောက်လိုက်ရသနည်း။

​' ဖြစ်နိုင်တာက... '

​တမန်တော်၏ မျက်ဝန်းများမှာ ကျုံ့သွားတော့သည်။ သားရဲနတ်ဘုရား၏ ကောင်းချီးဖြင့် ဖိနှိပ်မှုကို အတင်းအဓမ္မ ရိုက်ခွဲလိုက်ပြီးနောက် သူ၏ ပုံရိပ်မှာ ရှေ့မှ လူငယ်ထံသို့ ချက်ချင်း ရောက်ရှိသွားသည်။ လက်သည်းတစ်ချက်ဖြင့် အလျင်အမြန် ကုတ်ခြစ်လိုက်ရာ ထိုတိုက်ခိုက်မှုမှာ ပြိုင်ဘက်၏ ခန္ဓာကိုယ်ပေါ်သို့ အမှန်တကယ်ပင် ကျရောက်သွားတော့သည်။

​ဂြိုဟ်များကိုပင် တုန်ခါသွားစေနိုင်သော စွမ်းအားမှာ ဂူချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း သူ၏ ရင်ဘတ်ရှိ ကြွက်သားများကို အနည်းငယ်မျှသာ တုန်ခါသွားစေနိုင်သည်။ ၎င်းမှာ သာမန်လူတစ်ယောက်က နံရံတစ်ခုကို အစွမ်းကုန် ထိုးနှက်လိုက်သကဲ့သို့ပင် ဖြစ်ပြီး နောက်ဆုံးတွင် ထိခိုက်နစ်နာရသူမှာ မိမိကိုယ်တိုင်သာ ဖြစ်သည်။

​'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက နတ်ဘုရားတစ်ပိုင်းလေ..'

​သားရဲနတ်ဘုရား တမန်တော်၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသော်လည်း သူ၏ နဂါးလက်သည်းကို ပြန်လည် မရုတ်သိမ်းနိုင်မီမှာပင် အနက်ရောင် ဝဲဂယက်ပုံစံများ ပါဝင်သော သွယ်လျသည့် လက်တစ်ဖက်က သူ၏ နဂါးလက်သည်းကို ရုတ်တရက် ဖမ်းဆွဲလိုက်တော့သည်။ သူ ရုန်းကန်ပြီး သွေးသားစွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်သော်လည်း ထိုဖမ်းဆွဲထားသော လက်မှ လွတ်မြောက်ရန် လုံးဝ မတတ်နိုင်ချေ။

​ထိုအချိန်မှာပင် ရက်စက်လှသော အနက်ရောင် စွမ်းအင်များ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လေထုကို ပြင်းထန်စွာ လောင်ကျွမ်းစေတော့သည်။

​သားရဲနတ်ဘုရား တမန်တော်၏ ရွှေရောင် မျက်ဝန်းကြီးများမှာ မော့ကြည့်လိုက်ပြီးနောက် အကြီးအကျယ် အံ့ဩသွားရပြန်သည်။ အစောပိုင်းက သူ၏ ပခုံးလောက်သာ ရှိသော လူငယ်မှာ ရုတ်တရက်ပင် အဆမတန် ကြီးမားလာပြီး နှစ်မီတာ၊ သုံးမီတာကျော် မြင့်သော သူ့ကို ပြန်လည် ဖိနှိပ်ထားတော့သည်။

​' ဒါက ဘယ်လို သိုင်းပညာမျိုးလဲ.. '

​သားရဲနတ်ဘုရား တမန်တော်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ ထို့နောက် သူ၏ နဂါးလက်သည်းကို ဖမ်းဆွဲထားသော လက်မှ စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ့ကို လေထဲတွင် ဝှေ့ယမ်းကာ ဟင်းလင်းပြင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

​သို့သော် ဟင်းလင်းပြင် မြေပြင်နှင့် မထိတွေ့မီမှာပင် သားရဲနတ်ဘုရား တမန်တော်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဆုံးမရှိသော ဟင်းလင်းပြင်အတွင်းမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

"​ရှူး..."

​ပေတစ်ထောင်ခန့် အကွာတွင် သားရဲနတ်ဘုရား တမန်တော် ရုတ်တရက် ပေါ်လာပြီးနောက် လက်သည်းဖြင့် လူငယ်၏ နောက်ကျောကို တိုက်ခိုက်လိုက်သည်။ ကုတ်ခြစ်လိုက်သော လက်သည်းမှာ ပြိုင်ဘက်၏ ကျောရိုးနှင့် ထိတော့မည့်အချိန်၌ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်လာပြီး သူ၏ လက်သည်းမှာ ထိုအထဲသို့ တိုးဝင်သွားတော့သည်။

​'ဘာတွေ ဖြစ်နေတာလဲ..'

​သားရဲနတ်ဘုရား တမန်တော် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် သူ၏ ဘေးနား၌လည်း အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်လာပြန်သည်။ သူ၏ ကိုယ်ပိုင် လက်သည်းမှာ ထိုဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ သူ့ကို ပြန်လည် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

"​ဒုန်း.."

​မမျှော်လင့်ဘဲ သူ၏ နဂါးလက်သည်းမှာ သူ၏ ရင်ဘတ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။ အံ့ဩဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားမှာ သူ၏ ရှေ့မှာပင် ပေါက်ကွဲသွားခြင်း ဖြစ်သည်။

​နဂါးအကြေးခွံများနှင့် ကြောက်မက်ဖွယ် စွမ်းအားတို့ ရိုက်ခတ်မိရာ နေရာတွင် စူးရှတောက်ပလှသော အပြာရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အကြေးခွံများကို အနည်းငယ် ချိုင့်ဝင်သွားစေသည်။ ဒေါသဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သဖြင့် သားရဲနတ်ဘုရား တမန်တော်သည် မည်သည့် စွမ်းအားကိုမျှ ထိန်ချန်ထားခြင်း မရှိချေ။

​ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် သူ လွင့်ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်အတွင်းမှ ထွက်ကာ မူလကောင်းကင်ယံသို့ ပြန်လည် ကျရောက်သွားတော့သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်မှာ မိစ္ဆာစွမ်းအင်များ လွှမ်းခြုံနေပြီး သူ့ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်နေသည့် လှပခန့်ညားသော လူငယ်တစ်ဦးပင် ။

​'ဘာတွေ ဖြစ်နေတာလဲ.. သူက လူသားမျိုးနွယ်ရဲ့ ဧကရာဇ် မဟုတ်ဘူးလား.. ဘာလို့ ဒီလောက်အထိ သိပ်သည်းလှတဲ့ မိစ္ဆာစွမ်းအင်တွေကို ပိုင်ဆိုင်ထားရတာလဲ...'

'​ထားလိုက်ပါတော့..'

'​ပုရွက်ဆိတ်လေး တစ်ကောင်က ငါ့ကို အထင်သေးရဲတယ်လား ..'

​" ခွေးမသားလေး... "

​သားရဲနတ်ဘုရား တမန်တော်မှာ နောက်ထပ် လက်သည်းတစ်ချက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြန်သည်။ အဆုံးမရှိသော နတ်ဘုရားစွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ၏ အသံမှာလည်း အလွန်အမင်း အေးစက်လှသည်။

​" ဒီနေ့တော့... နတ်ဘုရားနဲ့ ပုရွက်ဆိတ်ကြားက စစ်မှန်တဲ့ ခြားနားချက်ကို မင်း မြင်စေရမယ် ..."

Chapter 232

~

အခန်း ၂၃၂ : ငါတို့အားလုံး အရှင်ဂူကို အထင်လွဲခဲ့ကြတာပဲ..

~

​"ဝုန်း..."

​သို့သော်လည်း သားရဲနတ်ဘုရား တမန်တော်က သူ၏ အစွမ်းများကို စုစည်း၍ မပြီးသေးမီမှာပင် ဂူချန်သည် အစွန်းရှစ်ဖက် နတ်မိစ္ဆာ လှံပုဆိန် ကို ဆင့်ခေါ်လိုက်သည်။ ထိုလှံရှည်ကြီးသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး မယုံကြည်နိုင်လောက်သော အရှိန်အဝါဖြင့် တမန်တော်၏ ရှေ့မှောက်သို့ ခုတ်ပိုင်းချလိုက်တော့သည်။

​"ဒုန်း..."

​" ချီးပဲ... "

​သားရဲနတ်ဘုရား တမန်တော်၏ နဂါးမျက်ဝန်းများတွင် ထိတ်လန့်မှုနှင့် ဒေါသများ တစ်ပြိုင်နက် ပေါ်ပေါက်လာသည်။ သူသည် စွမ်းအင်စုစည်းမှုကို အတင်းအဓမ္မ ရပ်တန့်လိုက်ရပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရှောင်တိမ်းလိုက်သော်လည်း လှံရှည်ကြီးမှာ သူ၏ လက်မောင်းကို ရှပ်ထိသွားခဲ့သည်။

​နတ်မိစ္ဆာလှံသွားကို ဝန်းရံထားသော ပြင်းထန်လှသည့် အနက်ရောင် နတ်ဘုရားအလင်းတန်းမှာ ရုတ်တရက် အဆပေါင်းများစွာ ကျယ်ပြန့်လာပြီး သူ၏ ဘယ်ဘက်လက်မောင်းကို ဖြတ်တောက်ပစ်လိုက်၏။

​ရွှေရောင်သွေးများ ပန်းထွက်လာပြီး ပြတ်တောက်သွားသော လက်မောင်းမှာ လေထဲသို့ လွင့်စင်ကာ အောက်သို့ ကျသွားတော့သည်။

​ပြတ်တောက်သွားသော လက်မောင်းမှာ မျက်စိတစ်မှိတ်အတွင်း ပြန်လည် ပေါက်ဖွားလာသော်လည်း လက်တစ်ဖက် အဖြတ်ခံလိုက်ရသည့် အရှက်ကွဲမှုမှာ သားရဲနတ်ဘုရား တမန်တော်၏ နှလုံးသားထဲတွင် ထက်မြက်သော ဓားတစ်စင်းဖြင့် အမွှန်းခံလိုက်ရသကဲ့သို့ စွဲထင်ကျန်ရစ်ခဲ့သည်။

​" မင်း... ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်တာပဲ... "

​ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ သားရဲနတ်ဘုရား တမန်တော်၏ ခန့်ညားထည်ဝါသော ခန္ဓာကိုယ်ကြီးမှာ ပြင်းထန်စွာ တုန်ရီလာသည်။ တုန်ခါမှုတိုင်းမှာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို လှုပ်ခပ်သွားစေသည်။

​ရုတ်တရက် သူသည် ခန္ဓာကိုယ်ကို အားဖြင့် ဝှေ့ယမ်းလိုက်ရာ သူ၏ ကိုယ်မှနေ၍ ကမ္ဘာပျက်မတတ် ပြင်းထန်သော ဝိညာဉ်ချီစွမ်းအင် မုန်တိုင်းများ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သားရဲနတ်ဘုရား၏ ခန္ဓာကိုယ်မှာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သော အရှိန်ဖြင့် ကြီးမားလာသည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ အဆပေါင်း ထောင်ချီ၍ ပိုမို ကြီးမားလာတော့သည်။ လင်းယဲ့၊ ယဲ့ရှူး နှင့် အခြားသူများမှာ ရုတ်တရက် သတိထားမိလိုက်ကြသည်။

​ကောင်းကင်ယံတွင် ဝေဝါးနေသော ပုံရိပ်ကြီးမှာ တဖြည်းဖြည်း ထင်ရှားလာပြီး နောက်ဆုံးတွင် ခန့်ညားလှသော စစ်မှန်သော နဂါးကြီး တစ်ကောင်အဖြစ် ပေါ်ထွက်လာတော့သည်။

​ကောင်းကင်ယံထက်တွင် မည်းမှောင်သော တိမ်တိုက်များမှာ စုစည်းနေပြီး မိုးကြိုးတိမ်တိုက်များမှာ ဒေါသထွက်နေသော နဂါးများကဲ့သို့ တစ်လွှာပြီးတစ်လွှာ ဖြတ်သန်းနေကြသည်။

​ပေတစ်သောင်းကျော် ရှည်လျားသော နဂါးကြီးမှာ ကောင်းကင်ယံကိုးဆင့်တွင် ရစ်ခွေပတ်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းထားပြီး သူ၏ အကြေးခွံများမှာ အေးစက်သော သံမဏိရောင်များဖြင့် တောက်ပနေသည်။ နဂါးမျက်ဝန်းများမှာ နီရဲနေသော လမင်းကြီး နှစ်စင်းနှင့် တူပြီး သက်ရှိအားလုံးကို အထက်စီးမှ ငုံ့ကြည့်နေသကဲ့သို့ ရှိသည်။

​နဂါး၏ အသက်ရှူသံ တစ်ချက်တိုင်းမှာ တောင်တန်းနှင့် မြစ်များကို ပြိုလဲစေနိုင်ပြီး ကောင်းကင်နှင့်မြေကြီး၏ အရောင်အဆင်းကို ပြောင်းလဲစေနိုင်သည်။

​ထိုနဂါးကြီး၏ ရှေ့တွင် ရပ်နေသော လူရိပ်မှာမူ ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ အလွန်ပင် သေးငယ်လှပေ၏။

​ဝတ်ရုံနက်ဝတ် လူငယ်သည် ဟင်းလင်းပြင်ထဲတွင် ရပ်နေပြီး သူ၏ လက်ထဲရှိ နတ်မိစ္ဆာလှံရှည်ကြီးမှာ အနည်းငယ် တုန်ရီနေသည်။ လှံတံပေါ်ရှိ မိစ္ဆာအမှတ်အသား ခုနစ်ခုမှာ တစ်ခုပြီးတစ်ခု လင်းထိန်လာပြီး ဖရိုဖရဲချီ များမှာလည်း ဒီရေတက်သကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။ သို့သော် ပေတစ်သောင်းရှည်သော နဂါးကြီးနှင့် ယှဉ်လျှင်မူ သူသည် အလွန်ပင် သေးငယ်နေဆဲ ဖြစ်သည်။

​သားရဲနတ်ဘုရား တမန်တော်သည် သူ၏ ကြီးမားလှသော နဂါးဦးခေါင်းကို မြှောက်ကာ ပါးစပ်မှ တောက်လောင်နေသော မီးလျှံများကို မှုတ်ထုတ်ရင်း လူသားဘာသာစကားဖြင့် ပြောလိုက်သည်။

​" ကောင်လေး... ငါ့ရဲ့ စစ်မှန်တဲ့ ပုံစံကို ထုတ်ဖော်ခဲ့တာ နှစ်ပေါင်း ဘယ်လောက်တောင် ရှိသွားပြီလဲ မသိတော့ဘူး .."

​" ငါ့ရဲ့ စစ်မှန်တဲ့ ခန္ဓာကိုယ်ကို မင်း မြင်တွေ့ရတယ်ဆိုတာ မင်းရဲ့ စွမ်းအားက လူသားမျိုးနွယ်ရဲ့ အထွတ်အထိပ်မှာ ရှိနေလို့ပဲ.. "

​" ငါ့ကို ကျေနပ်အားရအောင် ဖျော်ဖြေစမ်း .."

" အောင်းးးး..."

​သားရဲနတ်ဘုရား တမန်တော်သည် နဂါးပါးစပ်ကို ဟကာ ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများမှာ ကောင်းကင်ယံကိုးဆင့်ကိုပင် တုန်ခါသွားစေပြီး ပတ်ဝန်းကျင်ရှိ နိယာမအားလုံးမှာ ကျေမွသွားတော့သည်။

​တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာရာ သူသည် နတ်ဘုရား အဆင့်၏ အစွန်းအဖျားကို ထိတွေ့နေပြီဖြစ်ကြောင်း ထင်ရှားလှသည်။ နတ်ဘုရားတစ်ပါး၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သည့်အတိုင်း သူသည် နတ်ဘုရားအဆင့်နှင့် အနီးစပ်ဆုံး တည်ရှိမှုပင် ။

​သားရဲနတ်ဘုရား တမန်တော်၏ အကြည့်မှာ စူးရှသွားပြီး ရှေ့သို့ စိုက်ကြည့်လိုက်သည်။ သူ၏ တောင်ကြီးတစ်လုံးကဲ့သို့ ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ရှားသွားပြီး နဂါးကြီးမှာ တိမ်တိုက်များထဲသို့ တိုးဝင်သွားကာ ဂူချန်ထံသို့ သူ၏ အမြီးဖြင့် ရုတ်တရက် ဝှေ့ယမ်း တိုက်ခိုက်လိုက်တော့သည်။

​ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေပြင်းများ တိုက်ခတ်ပြီး နိယာမများမှာ ပျက်စီးသွားကြသည်။ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးမှာ နတ်ဘုရားအာရုံဖြင့် ပိတ်ဆို့ခံထားရပြီး ဖြစ်ရာ ရှောင်တိမ်းရန် နေရာ လုံးဝ မရှိတော့ချေ။

​လေထုမှာ ဆွဲဖြတ်ခံလိုက်ရသဖြင့် စူးရှသော အသံများ ထွက်ပေါ်လာပြီး နဂါးအမြီးနောက်တွင် အဖြူရောင် လမ်းကြောင်းကြီး တစ်ခု ကျန်ရစ်ခဲ့သည်။ သားရဲနတ်ဘုရား တမန်တော်မှာ ယုံကြည်ချက် အပြည့် ရှိနေသည်။ အကယ်၍ ဤအမြီးနှင့် ရိုက်မိပါက ဧကရာဇ်နယ်ပယ် အထွတ်အထိပ် ပညာရှင်ပင်လျှင် သေဆုံးနိုင်သည် သို့မဟုတ် အပြင်းအထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။

​သို့သော် သူ ထင်မှတ်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ပြိုင်ဘက်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှ ရှိမနေချေ။

​' သူ ဘာလို့ မကြောက်တာလဲ.. '

​သားရဲနတ်ဘုရား တမန်တော်မှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း ထိုအတွေးကို ချက်ချင်းပင် ဖျောက်ဖျက်ပစ်လိုက်သည်။

​' ထားလိုက်ပါတော့... သူ့ကို ပြားအောင်ရိုက်လိုက်ရုံပဲ.. '

​သူ၏ စိတ်ထဲတွင် ဤကမ္ဘာ၌ တစ်ဦးတည်းသော တမန်တော်အဆင့် ပညာရှင်ဖြစ်ရာ မည်သည့် တည်ရှိမှုမှ သူ့ကို ယှဉ်နိုင်မည် မဟုတ်ဟု ယုံကြည်နေသည်။

​" တီကောင်လေး... "

​တစ်ဖက်တွင်မူ ဂူချန်၏ မျက်ဝန်းများ၌ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး သူ၏ နတ်မိစ္ဆာလှံရှည်ကို ရှေ့သို့ ထိုးလိုက်သည်။

​လှံဖျားတွင် သေးငယ်သော ကြယ်စင်တစ်ခု စုစည်းလာသည်။ လှံရှည်ကို ဝှေ့ယမ်းလိုက်သောအခါ ထိုကြယ်စင်မှာ ချက်ချင်းပင် ကြီးမားလာပြီး ကီလိုမီတာဝက်ခန့် ကျယ်သော ဥက္ကာခဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ နဂါးအမြီးနှင့် ထိပ်တိုက် တိုးမိတော့သည်။

​"ဝုန်း..."

​ကောင်းကင်ယံကြီး အက်ကွဲသွားသကဲ့သို့ ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

​နဂါးအမြီးမှာ ကြယ်စင်စွမ်းအား၏ တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် တစ်လက်မချင်းစီ ကြွေလွင့်သွားတော့သည်။ နဂါးကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ မိုင်ပေါင်းတစ်ထောင်ခန့် လွင့်ထွက်သွားပြီး တိမ်တိုက်လွှာ ပေါင်းရာချီကို ထိုးခွဲသွားသည်။

​ကြွေလွင့်သွားသော နဂါးအကြေးခွံများမှာ မြေပြင်ပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ အကြေးခွံတစ်ခုချင်းစီမှာ အလေးချိန် ပေါင်ထောင်ချီ ရှိနေသဖြင့် မြေပြင်ပေါ်သို့ ကျရောက်သောအခါ အောက်ခြေမရှိသော ကျင်းကြီးများ ဖြစ်ပေါ်စေတော့သည်။

​ကံမကောင်းလှသော လူသားမျိုးနွယ်ဝင် အများအပြားမှာလည်း ဤမမျှော်လင့်ဘဲ ရောက်ရှိလာသော ဘေးဒုက္ခကြောင့် သေဆုံးသွားကြသည်။

​" ဒါ... မဖြစ်နိုင်တာ.. "

​သားရဲနတ်ဘုရား တမန်တော်သည် အားတင်းကာ ပြန်လည် ထရပ်လိုက်ပြီး သူ၏ နဂါးမျက်ဝန်းများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ သူ ပါးစပ်ကို ဟကာ ကမ္ဘာကို လောင်ကျွမ်းစေနိုင်သော နဂါးအသက်ရှူခြင်း ကို ထုတ်လွှတ်ရန် ပြင်လိုက်သည်။ သို့သော် သူ၏ ပါးစပ်ကို ဟလိုက်သည်နှင့် နတ်မိစ္ဆာလှံရှည်ကြီးမှာ သူ၏ ပါးစပ်အတွင်းသို့ ပြင်းထန်စွာ ထိုးဝင်လာတော့သည်။

​နဂါးဦးခေါင်းမှသည် ပျက်စီးသွားသော အမြီးအထိ လှံရှည်ကြီးမှာ ကိုယ်တွင်းအင်္ဂါများနှင့် သွေးကြောပေါင်းများစွာကို ဖောက်ထွက်သွားပြီး နဂါးခန္ဓာကိုယ်တစ်ခုလုံးကို ထိုးဖောက်လိုက်သည်။

​ထို့အပြင် သိပ်သည်းလှသော အနက်ရောင် မီးလျှံများမှာ ဒဏ်ရာများကို ဖုံးလွှမ်းသွားသဖြင့် သားရဲနတ်ဘုရား တမန်တော်မှာ ဒဏ်ရာကို ချက်ချင်း ပြန်လည် မကုသနိုင်တော့ချေ။

​ပြီးပြည့်စုံလုနီးပါး ရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း တိုက်ကွက်တစ်ကွက်တည်းနှင့်ပင် အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။

​' မဟုတ်ဘူး... ငါ ပြေးမှ ဖြစ်မယ်.. '

​သားရဲနတ်ဘုရား တမန်တော်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး ပျက်စီးသွားသော နဂါးခန္ဓာကိုယ်မှ သွေးများမှာ ရေပန်းကဲ့သို့ ပန်းထွက်နေသည်။ ထိုလူသား၏ နဖူးတွင် ရွှေရောင်အလင်းများ တောက်ပနေသော တတိယမျက်လုံးတစ်ခု ရုတ်တရက် ပွင့်လာသည်ကို သူသည် ထိတ်လန့်တကြား ကြည့်နေမိသည်။

​ထိုတတိယမျက်လုံး ပွင့်လာသည်နှင့် နတ်ဘုရားတစ်ပိုင်းဖြစ်သော သားရဲနတ်ဘုရား တမန်တော်မှာ သေခြင်းတရား၏ အငွေ့အသက်ကို ချက်ချင်း ခံစားလိုက်ရသည်။

​' ဒါ...ဘာကြီးလဲ.. '

​ဤမျှ ထူးဆန်းသော လူသားကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

​အထိအတွေ့မရှိ ဖြစ်သွားနိုင်သော ခန္ဓာကိုယ်၊ လက်တွေ့ ဖြစ်လာစေနိုင်သော စကားလုံးများ၊ နဂါးလက်သည်းကို ဒဏ်ရာမရဘဲ ခုခံနိုင်ခြင်းနှင့် သူ၏ ဧကရာဇ်အဆင့် လက်နက်ထက် မပျော့သော အကြေးခွံများကို စက္ကူကဲ့သို့ ဆွဲဖြတ်နိုင်သည့် ထိုမိစ္ဆာလက်နက်။

​ကမ္ဘာပေါ်တွင် ဤမျှ ထူးဆန်းသော အတတ်ပညာများ မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

​သားရဲနတ်ဘုရား တမန်တော်မှာ စဉ်းစားလေလေ ကြောက်ရွံ့လေလေ ဖြစ်လာသည်။ သူသည် နဂါးခန္ဓာကိုယ်ကို ဝှေ့ယမ်းကာ လွတ်မြောက်ရန်အတွက် ဟင်းလင်းပြင်ထဲသို့ တိုးဝင်လိုက်တော့သည်။ သူသည် နတ်ဘုရားဖြစ်လာမည့် ပါရမီကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ ဤကဲ့သို့ အလွယ်တကူ သေဆုံး၍ မဖြစ်ချေ။

​ဝုန်း...

​သို့သော် ဟင်းလင်းပြင်ထဲသို့ သူ ဝင်ရောက်လိုက်သည့် နောက်တစ်စက္ကန့်မှာပင် ဂူချန်၏ ကောင်းကင်မျက်လုံး မှာ အပြည့်အဝ ပွင့်သွားတော့သည်။ ရွှေရောင် နတ်ဘုရားအလင်းတန်းတစ်ခုမှာ ထိုမျက်စိမှ ပေါက်ကွဲထွက်လာသည်။

​ဟင်းလင်းပြင်မှာ ဆွဲဖြတ်ခံလိုက်ရပြီး အချိန်မြစ်ကို ချက်ချင်း ဖြတ်ကျော်သွားသကဲ့သို့ ရှိနေသည်။ ထိုအလင်းတန်းမှာ ဟင်းလင်းပြင်ကို ရိုက်ခွဲကာ သားရဲနတ်ဘုရား တမန်တော်၏ ဦးခေါင်းကို တိကျစွာ ထိမှန်သွားသည်။

​"ဖောင်း.."

​သားရဲနတ်ဘုရား တမန်တော် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ သူ၏ ကြီးမားလှသော ဦးခေါင်းမှာ ရွှေရောင်အလင်းတန်းအောက်တွင် ချက်ချင်း ပင် ပေါက်ကွဲသွားသည်။

​နဂါးအကြေးခွံများမှာ ကြွေလွင့်သွားသော ကြယ်များကဲ့သို့ အလင်းထဲတွင် ပြန့်ကျဲသွားသည်။ ဦးခေါင်း၏ အပိုင်းအစများမှာ တောက်လောင်နေသော ဥက္ကာခဲများအဖြစ် ပြောင်းလဲသွားပြီး မီးလျှံများနှင့် မီးခိုးများဖြင့် မြေပြင်ပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းလာတော့သည်။

​သူ၏ မျက်လုံးများမှာ နောက်ဆုံးအချိန်အထိ မကျေနပ်မှုနှင့် ဒေါသများဖြင့် ရောယှက်နေဆဲ ဖြစ်သော်လည်း ရွှေရောင်အလင်းထဲတွင် လျင်မြန်စွာ မှေးမှိန်သွားပြီး ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

​ကျန်ရှိနေသော နဂါးအလောင်းမှာ အင်အားမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။ နဂါးသွေးများမှာ ရေတံခွန်ကဲ့သို့ စီးကျလာပြီး လူသားမဟာမိတ် နယ်မြေ၏ လေးပုံတစ်ပုံခန့်ကို ဖုံးလွှမ်းသွားပေသည်။

​ဤအချိန်ကျမှသာ အောက်ခြေရှိ လူသား သန်းပေါင်းများစွာမှာ တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း အံ့ဩတကြီး သိရှိလိုက်ကြသည်။

​သားရဲနတ်ဘုရား တမန်တော်နှင့် ဂူချန်တို့မှာ တိုက်ကွက်ပေါင်းများစွာ ဖလှယ်ခဲ့ကြသကဲ့သို့ ထင်ရသော်လည်း လှုပ်ရှားမှုတစ်ခုချင်းစီမှာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ သာမန်အချိန်နှင့် တိုင်းတာမည်ဆိုပါက လူနှင့် သားရဲတို့၏ တိုက်ပွဲမှာ အသက်ရှူအနည်းငယ်စာထက် ပိုမကြာခဲ့ချေ။

​ရလဒ်ကို သိလိုက်ရသောအခါ အမှန်တရားကို သိရှိကြသူများမှာ သူတို့၏ ထင်မြင်ချက်ကို ဆန့်ကျင်နေသကဲ့သို့ မယုံကြည်နိုင်သော မျက်နှာထားများ ရှိနေကြသည်။ သို့သော်လည်း အရေအတွက်နှင့် သိသာလှသော စွမ်းအားကွာခြားမှုကြောင့် မည်သူမျှ ဂူချန် အနိုင်ရမည်ဟု မခန့်မှန်းခဲ့ကြချေ။

​" အဲဒီ မိစ္ဆာခေါင်းဆောင် ဂူချန်က... တကယ်ပဲ နိုင်သွားတာလား .."

​" သူ တစ်ယောက်တည်းနဲ့ သားရဲဧကရာဇ် ရာကျော်ကို ရင်ဆိုင်ခဲ့တာလား.. "

​" မယုံနိုင်စရာပဲ... တကယ် မယုံနိုင်စရာပဲ... "

​" ဒါက အရှင်ဂူ အစကတည်းက ကြံစည်ထားတဲ့ အကွက်များလား။ သားရဲမျိုးနွယ်ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပြီး လူသားမျိုးနွယ်ကို လွတ်မြောက်စေဖို့ပေါ့။ တကယ်ပဲ ကြီးမြတ်သော မေတ္တာ အင်မော်တယ် အရှင်သခင် လို့ ခေါ်ထိုက်ပါတယ်.. "

​" ငါတို့အားလုံး အရှင်ဂူကို အထင်မှားခဲ့ကြပြီ... "

​ခဏအတွင်းမှာပင် နဂါးသွေးကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီစွမ်းအင်များ ပေါက်ကွဲလာသည်ကို ခံစားရင်း မဟာမိတ် လေးခုမှ လူသားများ၏ မျက်နှာတွင် အပြုံးများ ပြန့်နှံ့သွားတော့သည်။

​ဂူချန်အပေါ် အာဃာတ ပြင်းထန်ခဲ့သော မဟာမိတ်ကောင်စီဝင်များပင်လျှင် ရုတ်တရက် နိုးထလာကြပြီး သူတို့မှာ မိုက်မဲခဲ့ကြောင်း၊ အရှင်ဂူ၏ နက်ရှိုင်းလှသော ရည်ရွယ်ချက်များကို နားမလည်ခဲ့ကြောင်း ကျယ်လောင်စွာ အော်ဟစ်နေကြတော့၏။

​အချို့မှာမူ မျက်ရည်များ ဝဲကာ ပါးစပ်ကို အုပ်၍ ငိုကြွေးနေကြသည်။

​" အရှင်ဂူက လူသားမျိုးနွယ်အတွက် အနစ်နာခံပြီး အသရေဖျက်မှုကို တစ်ယောက်တည်း ပခုံးထမ်းခဲ့တာပဲ။ ငါ သူ့ကို တကယ်ပဲ အထင်မှားခဲ့မိတယ်... "

​" ငါ တကယ်ကို အကြိမ်ပေါင်း သောင်းချီ သေထိုက်တဲ့သူပါပဲ.. "

All Chapters