← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 22 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 22 Ch. 233-234

Chapter 233

~

အခန်း ၂၃၃ : လူပင်လယ်...

~

​[စနစ်မှ စစ်ဆေးတွေ့ရှိချက်အရ အိမ်ရှင်သည် ဧကရာဇ် အစောပိုင်းအဆင့်ရှိ သောင်းကျန်းနေသော သားရဲမျိုးနွယ် ခေါင်းကိုးလုံးမြွေဧကရာဇ်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ဆူပူသောင်းကျန်းသူကို ကြိုတင်နှိမ်နင်းနိုင်ခဲ့ပြီး လူသားမျိုးနွယ်နှင့် သားရဲမျိုးနွယ်အကြား သဟဇာတဖြစ်သော တိုးတက်မှုကို ထိန်းသိမ်းနိုင်ခဲ့သည်။ စေတနာရမှတ် +၇၉၀၀ ရရှိသည်]

​[စနစ်မှ စစ်ဆေးတွေ့ရှိချက်အရ အိမ်ရှင်သည်...]

​[စနစ်မှ စစ်ဆေးတွေ့ရှိချက်အရ အိမ်ရှင်သည် လူသားမျိုးနွယ်၏ နယ်မြေကို ကာကွယ်ရန်အတွက် သောင်းကျန်းနေသော သားရဲမျိုးနွယ် ဧကရာဇ်အဆင့် ကျူးကျော်သူ တစ်ရာကျော်ကို သွေးချောင်းစီးတိုက်ပွဲ ဆင်နွှဲ၍ တိုက်ခိုက်ခဲ့သဖြင့် သွယ်ဝိုက်သောနည်းဖြင့် ရေတွက်မရနိုင်သော လူသားများ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။ စေတနာအမှတ်+၁၀၀၀၀၀ ရရှိသည်]

​[စနစ်မှ စစ်ဆေးတွေ့ရှိချက်အရ အိမ်ရှင်သည် နတ်ဘုရားတစ်ပိုင်းအဆင့်ရှိ သားရဲနတ်ဘုရား တမန်တော်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် သားရဲမျိုးနွယ် နယ်ချဲ့ဝါဒီခေါင်းဆောင်ကို နှိမ်နင်းကာ လူသားမျိုးနွယ်၏ နောက်ဆက်တွဲ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးအတွက် သိသာထင်ရှားသော အကျိုးပြုမှုကို ပြုလုပ်နိုင်ခဲ့သည်။ စေတနာရမှတ် +၁၅၀၀၀ ရရှိသည်]

​[စနစ်မှ စစ်ဆေးတွေ့ရှိချက်အရ...]

​[လက်ရှိ စေတနာရမှတ် ၈၈၀၆၅၀]

​[ဂုဏ်ယူပါတယ် အိမ်ရှင်။ သင်၏ ကမ္မအဆင့် မြင့်တက်သွားပါပြီ..]

​[လက်ရှိ ကမ္မအဆင့် - အလယ်အဆင့်၊ အထက်တန်းလွှာ ဘဝ]

​ဂူချန်သည် စနစ်မျက်နှာပြင်ပေါ်ရှိ ဂဏန်းခြောက်လုံးရှိသော စေတနာရမှတ်လက်ကျန်ကို ကြည့်ရင်း ပုံမှန်အားဖြင့် တည်ငြိမ်လှသော သူ၏ စိတ်အခြေအနေမှာပင် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

​အမှန်တကယ်ပင် သတ်ဖြတ်ခြင်းက စေတနာရမှတ် ရရှိရန် အမြန်ဆုံးနည်းလမ်းပင် ဖြစ်သည်။ အကယ်၍ ဤကမ္ဘာပေါ်ရှိ သားရဲမျိုးနွယ်အားလုံးကိုသာ အမြစ်ပြတ် သတ်ဖြတ်ပစ်လိုက်မည်ဆိုလျှင် သူသည် စေတနာရမှတ် သန်းပေါင်းများစွာ၊ ဘီလီယံပေါင်းများစွာကို ရနိုင်ပေလိမ့်မည်။ အကယ်၍ သတ်ဖြတ်ခံရသူမှာ လူသားမျိုးနွယ်သာ ဖြစ်ပါက ထိုအရေအတွက်မှာ အဆပေါင်းများစွာ ပိုများပေမည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက ကောင်းကင်တာအို၏ အပြစ်ပေးမှုကို ခံရနိုင်သဖြင့် သူသတိကြီးစွာ ထားရန် လိုအပ်နေသေးသည်။

​အောက်ခြေရှိ တိုးဝှေ့နေသော လူအုပ်ကြီးကို ဂရုမစိုက်ဘဲ ဂူချန်သည် သူ၏ အသိစိတ်ကို မိုင်ပေါင်းသောင်းချီ၍ ချက်ချင်း ဖြန့်ကျက်လိုက်ရာ လူသားမဟာမိတ် နယ်မြေ၏ နယ်နိမိတ်များကို ကျော်လွန်သွားတော့သည်။ သားရဲမျိုးနွယ်၏ အသိုက်အမြုံကို မှတ်သားပြီးနောက် သူသည် ကံကြမ္မာလက်ဆောင်ထုပ်ကို လျင်မြန်စွာ စတင် စစ်ဆေးလိုက်သည်။ ထိုအရာသည် နတ်ဘုရားအဆင့် လက်နက်ကို ပေးစွမ်းနိုင်သော အရာဖြစ်သဖြင့် သူသည် သေချာစွာ ကြည့်ရှုရန် လိုအပ်ပေသည်။

​[ကံကြမ္မာလက်ဆောင်ထုပ်ကို ဖွင့်နေသည်...]

​[ဂုဏ်ယူပါတယ် အိမ်ရှင်။ သင်သည် အခြားကမ္ဘာမှ ပစ္စည်းတစ်ခုဖြစ်သော လူပင်လယ် ကို ရရှိပါသည်]

​[လူပင်လယ် - မသိရသော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် လူသားတာအို၏ လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်ထံမှ လူသားများ၏ ထောက်ခံမှုကို စုပ်ယူနိုင်ကာ ယုံကြည်မှုစွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်သည်။ ဤယုံကြည်မှုစွမ်းအားကို သေဆုံးသွားသော လူသားများကို ပြန်လည်အသက်သွင်းရန် အသုံးပြုနိုင်သည်]

​[ယုံကြည်မှုစွမ်းအား အဆင့်အတန်း မြင့်မားလေလေ ပြန်လည်အသက်သွင်းမည့် လူသား၏ ကျင့်စဉ်အဆင့်နှင့် အသက်ဓာတ် ပိုမိုအားကောင်းလေလေ ဖြစ်ကာ လူသားထု၏ ထောက်ခံမှုကို ပိုမို စုပ်ယူရလေလေ ဖြစ်သည်]

​[သုံးသပ်ချက် - လူပင်လယ်။ အားနည်းသည်ဖြစ်စေ၊ အားကောင်းသည်ဖြစ်စေ၊ အိုသည်ဖြစ်စေ၊ ပျိုသည်ဖြစ်စေ လူသားတိုင်းသည် ကမ္ဘာကြီးအတွက် အင်အားတစ်ခု ဖြစ်လာနိုင်ပြီး ဂုဏ်ထူးဆောင်နေရာသို့ တက်လှမ်းနိုင်သည်]

​'လူပင်လယ်လား။ လူတွေကို ပြန်အသက်သွင်းပေးနိုင်တာလား..'

ဂူချန်သည် အသစ်ရရှိသော ပစ္စည်းကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားမိသည်။ လူသားများ၏ ထောက်ခံမှုကို အသုံးပြု၍ သေဆုံးသွားသော လူသားများကို ပြန်လည်အသက်သွင်းနိုင်သည့် ကောင်းကင်ဘုံကို ဆန့်ကျင်သော စွမ်းရည်ရှိသည့် ပစ္စည်းမျိုးမှာ စနစ်မှသာ ထွက်ပေါ်လာနိုင်သည်။ သို့သော် သူ၏ စိတ်ထဲတွင် အထူးတလည် ပြန်လည်အသက်သွင်းချင်သည့် လူမျိုးတော့ မရှိသေးချေ။

​သို့သော် ဤယုံကြည်မှုစွမ်းအားကတော့ စိတ်ဝင်စားစရာ ကောင်းပုံရသည်။ အဆုံးမဲ့မိစ္ဆာဧကရာဇ် ၏ မှတ်ဉာဏ်များအရ ဤကဲ့သို့သော အဆင့်မြင့် သိုင်းပညာကမ္ဘာတွင် ယုံကြည်မှုစွမ်းအားအပေါ် အခြေခံ၍ နတ်ဘုရားဖြစ်ရန် ကြိုးပမ်းသည့် လမ်းစဉ်တစ်ခု ရှိနေပုံရသည်။ ယုံကြည်ကိုးကွယ်သူ များပြားလေလေ ယုံကြည်မှုစွမ်းအား ပိုမိုအားကောင်းလေလေ ဖြစ်ကာ ထိုနတ်ဘုရား၏ အဆင့်အတန်းနှင့် စွမ်းအားမှာလည်း ပိုမိုမြင့်မားလေလေ ဖြစ်သည်။

​အစောပိုင်းက စစ်မှန်သော နဂါးကြီးမှာ ဤဂြိုဟ်ပေါ်ရှိ သားရဲနတ်ဘုရား၏ ကိုယ်စားလှယ် သို့မဟုတ် တမန်တော်ဟု လူသိများသော တည်ရှိမှု ဖြစ်သည်။ နတ်ဘုရား၏ ကောင်းချီးကို ရရှိထားသဖြင့် လူသားမျိုးနွယ်မှာ သားရဲမျိုးနွယ်ကို လုံးဝ မယှဉ်နိုင်ဘဲ ကမ္ဘာပေါ်ရှိ ဝိညာဉ်စွမ်းအင် အခေါင်းပါးဆုံး ဒေသတွင်သာ ပုန်းအောင်းနေထိုင်ခဲ့ရကာ သူတို့၏ နယ်မြေမှာလည်း ကိုးပုံတစ်ပုံခန့် သာ ကျန်ခဲ့ခြင်းဖြစ်သည် ။

​ဤသို့ကြည့်လျှင် ဤလူသားများကို အသုံးချရန် အခြားသော နည်းလမ်းတစ်ခု ရှိနေသေးသည်။ စေတနာရမှတ် ရရှိရန် သားရဲမျိုးနွယ်ကို သတ်ဖြတ်ပြီး ဤကမ္ဘာပေါ်ရှိ လူသားများကို ယုံကြည်မှုစွမ်းအား ထုတ်ယူရန်အတွက် စုစည်းထားခြင်းက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ။

​'လူသားအားလုံးမှာ ဆွေမျိုးများ ဖြစ်သည်ဆိုတဲ့ စကားမျိုးနှင့် ပတ်သက်ရင်တော့...ဟီးဟီး..'

​

​ဂူချန်သည် မူလကတည်းက ဤကမ္ဘာမှ လူသားတစ်ဦး မဟုတ်သဖြင့် ဤဒေသခံများနှင့် အခြေခံကျကျ ကွဲပြားခြားနားနေသည်ကို ထည့်ပြောနေရန်ပင် မလိုချေ။ ထို့အပြင် လူသားမဟာမိတ်အတွင်း၌ပင် လူသားအချင်းချင်း သတ်ဖြတ်နေကြသည့် အဖြစ်အပျက်များစွာ ရှိနေပေသည်။ ယခုမူ သူသည် ထိုသူများကို ဘေးကင်းသော ပတ်ဝန်းကျင်နှင့် တည်ငြိမ်သော ဘဝတစ်ခု ပေးသနားမည် ဖြစ်ရာ ပေးဆပ်ရမည့် တန်ဖိုးမှာ သူတို့၏ လွတ်လပ်မှုမျှသာ ဖြစ်သည်။ အားလုံး အကျိုးရှိသွားသည် မဟုတ်ပါလော။ ဟုတ်မဟုတ် ဆိုသည်ကိုမူ သူတစ်ဦးတည်းကသာ ဆုံးဖြတ်ပေလိမ့်မည်။

​ဂူချန်က အတွေးများကို စုစည်းပြီးနောက် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ထိုအချိန်၌ မဟာမိတ်ကောင်စီဝင် အမြောက်အမြားနှင့် လက်ရှိ လူသားမျိုးနွယ်၏ ထိပ်တန်းပညာရှင်များမှာ စိတ်လှုပ်ရှားစွာဖြင့် သူ့ကို စောင့်ကြိုနေကြသည်။

​ဂူချန် ပေါ်လာသည်နှင့် တစ်ပြိုက်နက် ပြင်းထန်သော အရှိန်အဝါရှိသည့် ပုံရိပ်တစ်ခုမှာ သူ့ထံသို့ မယုံကြည်နိုင်လောက်သော အရှိန်ဖြင့် ပြေးဝင်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်ဆင်ထားသော ကောင်စီဝင်များကို ကျော်ဖြတ်ကာ လူငယ်၏ ဘေးနားသို့ ရောက်ရှိလာတော့သည်။ သူမ၏ ငွေရောင်ဝံပုလွေ ခန္ဓာကိုယ်မှာ ကြံ့ခိုင်လှပြီး အဆင့် ၈ သားရဲအရှင်သခင် တစ်ကောင်၏ အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိချေ။

​ဘေးသို့ တွန်းထုတ်ခံလိုက်ရသော ကောင်စီဝင်များမှာ ဒေါသထွက်ရန် ပြင်လိုက်သော်လည်း ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်ထိန်းလိုက်ကြသည်။ ဝံပုလွေမှာ ဂူချန်၏ အိမ်မွေးသားရဲ ဖြစ်သဖြင့် သူတို့ ဘာမှ မပြောတော့ချေ။ ဤငွေရောင် ဝံပုလွေဘုရင်သည် လွန်ခဲ့သော နှစ်ရက်အတွင်း တောင်ပိုင်းမြို့တော်တွင် ပြင်းထန်သော အရှိန်အဝါများကြောင့် လူအများအပြားကို ထိတ်လန့်စေခဲ့ပြီး ဆူပူမှုအချို့ ဖြစ်ပေါ်စေခဲ့သည်။ တံခါးစောင့် လင်းယဲ့က ဂူချန်၏ အိမ်မွေးသားရဲ ဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီးမှသာ ထိုဆူပူမှုမှာ ငြိမ်သက်သွားခဲ့ခြင်း ဖြစ်သည်။

​ဤအချက်ကို စဉ်းစားမိသောအခါ လူသားမဟာမိတ် ကောင်စီဝင်များမှာ သူတို့၏ စိတ်ထဲမှ သက်ပြင်းချမိကြသည်။ လူသားဧကရာဇ် တစ်ဦးဆိုသည့်အတိုင်းပင် သူ၏ အိမ်မွေးသားရဲပင်လျှင် အဆင့် ၈ သို့ ရောက်ရှိနေလေပြီ။

​သို့သော် မည်သူမျှ မမျှော်လင့်ထားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ငွေရောင်ဝံပုလွေကြီးမှာ ဝတ်ရုံနက်ဝတ် လူငယ်၏ ဘေးသို့ ချဉ်းကပ်ကာ သူ၏ ဝတ်ရုံစကို အသာအယာ နမ်းရှုံ့ရန် ကြိုးစားလိုက်သည့် အချိန်၌...

"​ဖုန်း..."

​ဂူချန်က သူ၏ လက်ဖြင့် ဝံပုလွေဦးခေါင်းကို ဖြတ်ရိုက်လိုက်ရာ ကြီးမားလှသော အင်အားကြောင့် ဝံပုလွေ၏ ဦးခေါင်းခွံမှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကျေကွဲသွားသည်။ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ ထိတ်လန့်တကြားနှင့် မှင်တက်နေသော အကြည့်များအောက်တွင်...

​ဂူချန်က သွေးတစ်စက်မျှ မစွန်းထင်သော သူ၏ လက်ကို ခါယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

​"ယုတ်မာပြီး အရှက်မရှိတဲ့ ဝိညာဥ် သားရဲက ငါ့ရဲ့ အိမ်မွေးသားရဲအဖြစ် ဟန်ဆောင်ရဲတယ်ပေါ့။ တကယ်ပဲ သေထိုက်တဲ့ကောင်ပဲ..."

​လူတိုင်း၏ မျက်နှာများမှာ တောင့်တင်းသွားကြတော့သည်။ ကြီးမားလှသော ဖိအားတစ်ခုမှာ သူတို့၏ နှလုံးသားပေါ်သို့ ရုတ်တရက် ကျရောက်လာပြီး သူတို့သည် မသိလိုက်ဘဲ တံတွေးများကို မျိုချလိုက်ကြကာ ပြောရန် ပြင်ထားသော စကားလုံးများကို ပြန်လည် ထိန်းသိမ်းလိုက်ကြသည်။ သူတို့၏ စိတ်လှုပ်ရှားနေသော မျက်နှာထားများမှာလည်း အနည်းငယ် ပြန်လည် တည်ငြိမ်သွားကြပြီး အစောပိုင်းကကဲ့သို့ ပျော်ရွှင်မှုမျိုး မရှိတော့ချေ။

​ဤအိမ်မွေးသားရဲမှာ အစောပိုင်းက ငွေရောင်ဝံပုလွေဘုရင် ဟုတ်မဟုတ်ကို လူတိုင်း မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြသည်။ အဆင့် ၆ နှင့် အဆင့် ၇ ရှိသော သိုင်းပညာရှင်များပင် မြင်နိုင်လျှင် ဧကရာဇ်အဆင့်ရှိ အစွမ်းထက်သော သူက မည်သို့လျှင် မမြင်ဘဲ နေပါမည်နည်း။

​သူသည် သူ၏ ကိုယ်ပိုင် အိမ်မွေးသားရဲကိုပင် ဤမျှ လွယ်ကူစွာ သတ်နိုင်သည်လော။

​မဟာမိတ် ကောင်စီဝင်များ၏ စိတ်ထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ သူတို့သည် သူ၏ အိမ်မွေးသားရဲထက် ပို၍ အရေးပါတယ်ဟု မယူဆဝံ့ကြတော့ချေ။ သို့သော် ဂူချန်မှာမူ သူတို့၏ အပြောင်းအလဲကို သတိမထားမိဟန်ဆောင်ကာ အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။

​"မဟာမိတ် ကောင်စီဝင် အားလုံးနဲ့ ထိပ်တန်း သိုင်းပညာရှင် မိသားစုတွေကို ဆင့်ခေါ်လိုက်ပါ..."

​"ဒီဧကရာဇ်မှာ..."

​"...လူတိုင်းအတွက် အံ့အားသင့်စရာတစ်ခု ရှိတယ်.."

​ပတ်ဝန်းကျင် တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ မည်သူမျှ မဖီဆန်ဝံ့ကြ။

Chapter 234

~

အခန်း ၂၃၄ : ဒါက ငါ့ရဲ့ ဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်ပဲ

~

​တစ်ရက်အကြာတွင် မဟာမိတ်ကောင်စီဝင်အားလုံးနှင့် သိုင်းပညာမိသားစုခေါင်းဆောင်များမှာ ထူးဆန်းစွာ ပျောက်ကွယ်သွားကြပြီး သူတို့၏နေရာတွင် လူသစ်များဖြင့် အလျင်အမြန် အစားထိုးခြင်း ခံလိုက်ရသည်။

​ဇူလိုင်လ ၁ ရက်နေ့...

​ထိုနေ့တွင်ပင် မဟာမိတ်အဖွဲ့သည် ရှိရင်းစွဲစည်းမျဉ်းများကို အခြေခံ၍ အမိန့်သစ်များကို ထုတ်ပြန်ကြေညာခဲ့သည်။

​ပထမအချက်မှာ ပါလီမန်စနစ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ ဗဟိုကောင်စီနေရာကို ကောင်းကင်ဘုံခုံရုံး ဖြင့် အစားထိုးလိုက်ပြီး တစ်ပြည်လုံးရှိ အစွမ်းထက်ပညာရှင်အားလုံးကို လူသားမျိုးနွယ် ပြန်လည်နိုးထရေးအတွက် ဆောင်ရွက်ရန် ပူးပေါင်းဝင်ရောက်ကြရန် တိုက်တွန်းခဲ့သည်။

​ဒုတိယအချက်မှာ လူသားမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်သစ်၊ ကောင်းကင်ခုံရုံး၏ အရှင်သခင်နှင့် လူသားမျိုးနွယ်၏ တစ်ဦးတည်းသော မဟာဧကရာဇ် ဂူချန် ကိုယ်တိုင် ဒီဇိုင်းထုတ်ထားသည့် ရုပ်ထုကို မြို့တိုင်းတွင် ချက်ချင်း စိုက်ထူရန် ဖြစ်သည်။ ဇူလိုင်လ ၁ ရက်နေ့ကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ်ကျင်းပမည့် အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်လိုက်သည်။

​တတိယအချက်မှာ လူသားမဟာမိတ်အဖွဲ့၏ သိုင်းပညာဆိုင်ရာ အသုံးစရိတ်ကို သုံးဆအထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ လူသားအားလုံးထဲမှ စစ်မှန်သော သိုင်းပါရမီရှင်များကို ရှာဖွေရေးအား စတင်ခဲ့သည်။ ကောင်းကင်ဘုံခုံရုံး၏ ဦးဆောင်မှုဖြင့် သိုင်းပညာမိသားစုအားလုံးကို အလျင်အမြန် နှိမ်နင်းပြီး သူတို့၏ အရင်းအမြစ်များကို လူအများအကျိုးအတွက် ပြန်လည်ခွဲဝေပေးသည့် လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

​စတုတ္ထအချက်မှာ သိုင်းပညာကို ကောင်းကင်ဘုံခုံရုံးမှ တရားဝင်ခွင့်ပြုထားသော အကယ်ဒမီများနှင့် ဂိုဏ်းများတွင်သာ သင်ယူခွင့်ရှိကြောင်း ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။ အခြားသော သင်ယူမှုအားလုံးကို မိစ္ဆာလမ်းစဉ်အဖြစ် သတ်မှတ်ပြီး နှိမ်နင်းသွားမည် ဖြစ်သည်။

​ပဉ္စမအချက်မှာ...

​သားရဲမျိုးနွယ်မှာ အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ရသည်။ လူသားနယ်မြေအတွင်းရှိ ရေတွက်မရနိုင်သော သားရဲများမှာ မဟာဧကရာဇ်၏ အရှိန်အဝါကြောင့် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည် သို့မဟုတ် ဝေးလံသော နေရာများတွင် ပုန်းအောင်းကာ အပြင်မထွက်ရဲတော့ပေ။

​လူသားမျိုးနွယ်မှာ ယခင်ကကဲ့သို့ အသီးအနှံမဖြစ်ထွန်းသော မြေရိုင်းများတွင် ပိတ်မိမနေတော့ဘဲ ပြင်ပသို့ နယ်မြေချဲ့ထွင်ရန် အရည်အချင်း ပြည့်စုံလာခဲ့ပြီ ဖြစ်သည်။

​ထို့အပြင် သက်ရှိအားလုံး၏ ကံကြမ္မာကို ဂူချန်က သိမ်းယူခဲ့သော်လည်း လူပင်လယ် ပစ္စည်း၏ အကျိုးသက်ရောက်မှုကြောင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးမှာ သူ၏ ယုံကြည်ကိုးကွယ်သူများ ဖြစ်လာခဲ့ကြသည်။ ဤအချက်ကြောင့် သူတို့သည် ဂူချန်၏ လက်အောက်ခံ ကံကြမ္မာဝေစုကို ရရှိခဲ့ကြပြီး ကျင့်စဉ်များကို ပြန်လည်လေ့ကျင့်ခွင့် ရရှိခဲ့ကြသည်။

​အခြားလောကမှ ပစ္စည်းဖြစ်သော လူပင်လယ် ၏ အကျိုးသက်ရောက်မှုမှာ တစ်ဂြိုဟ်လုံးကို လွှမ်းခြုံနိုင်လောက်အောင် ကျယ်ပြန့်လှသည်။ ဆိုလိုသည်မှာ သိုင်းပညာလမ်းစဉ်မှာ လူတိုင်းအတွက်ဖြစ်သွားပြီ ဖြစ်သည်။

​မွေးကင်းစကလေးငယ်များမှအစ သင်္ချိုင်းထဲ ခြေတစ်ဖက်လှမ်းနေရသော သက်ကြီးရွယ်အိုများအထိ သိုင်းပညာကို လေ့ကျင့်နိုင်ကြပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားဖြစ်နေသရွေ့ သူတို့တွင် လူသားချီရှိနေသောကြောင့်ပင်။

​လူသားချီ ရှိနေသရွေ့ လူပင်လယ်၏ စွမ်းအားဖြင့် ၎င်းကို ယုံကြည်မှုစွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။

​သိုင်းပညာမိသားစုများကို နှိမ်နင်းလိုက်ခြင်းကြောင့် သာမန်မိသားစုများမှာ အရင်းအမြစ်များကို ပိုမိုလွယ်ကူစွာ ရယူနိုင်လာကြသည်။ ကောင်းကင်ဘုံခုံရုံးအပေါ် မီဒီယာများ၏ ချီးမွမ်းခန်းဖွင့်မှုများနှင့်အတူ အတွင်းရေးကို သိရှိသူအားလုံးမှာ သေဆုံးကုန်ကြလေပြီ ။

​ထို့ကြောင့် ရက်အနည်းငယ်အတွင်းမှာပင် သန်းပေါင်းရာချီသော သာမန်လူသားများမှာ သူတို့၏ အမြင်ကို အလွယ်တကူ ပြောင်းလဲလိုက်ကြ၏။ အထက်လွှာတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူတို့ ဂရုမစိုက်ကြချေ။ သူတို့၏ သိုင်းပညာလမ်းစဉ်မှာ ပိုမိုတောက်ပလာပြီး ဘဝမှာ ပိုမိုမျှော်လင့်ချက် ရှိလာသည်ကိုသာ သူတို့ သိကြသည်။

​အထူးသဖြင့် ရည်မှန်းချက်ကြီးသော လူငယ်များမှာ လူသားမျိုးနွယ်၏ မဟာဧကရာဇ် ဂူချန်သည် သားရဲဧကရာဇ် ပေါင်းတစ်ရာကို တစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်ခဲ့သည်ဟူသော သတင်းကို ကြားသိရသောအခါ သူတို့၏ နှလုံးသားထဲတွင် အတိုင်းအဆမရှိသော ကြည်ညိုအားကျမှုများ ပေါ်ပေါက်လာခဲ့သည်။

​ရက်အနည်းငယ်အတွင်းမှာပင် သူတို့သည် ဂူချန်အတွက် သန်းနှင့်ချီသော ရူးသွပ်စွယယုံကြည်သူများ ဖြစ်လာခဲ့ကြသည်။

​ယခုအချိန်တွင် သူသာ အလိုရှိပါက နတ်ဘုရားအဖြစ်သို့ ချက်ချင်း တက်လှမ်းနိုင်ပြီ ဖြစ်သည်။ သို့သော် ဤသို့ပြုလုပ်ခြင်းမှာ ကမ္ဘာ့ အလိုဆန္ဒ၏ တားဆီးမှုကို ခံရပေလိမ့်မည်။ ထို့အပြင် နတ်ဘုရားအဖြစ် တက်လှမ်းလိုက်သည်နှင့် သားရဲမျိုးနွယ်၏ နတ်ဘုရားများနှင့် မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့် သူ သေချာအောင် ပြင်ဆင်ရန် လိုအပ်နေသေးသည်။

​နတ်ဘုရားအဖြစ် တက်လှမ်းသည့်အချိန်တွင် အမြင့်မြတ်ဆုံး နတ်ဘုရားအဖြစ်သို့ ချက်ချင်း ရောက်ရှိသွားခြင်းက အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

​'သားရဲမျိုးနွယ်ကို အမြစ်ပြတ်အောင် သတ်ပြီးတာနဲ့ ငါ စိတ်ကူးလိုက်ရုံနဲ့ နတ်ဘုရားဖြစ်နိုင်ပြီ...'

​ထိုအချိန်တွင် ဂူချန်သည် လေထဲတွင် တည်ရှိသော နန်းဆောင်တစ်ခုအတွင်း၌ ရှိနေပြီး သူ၏ နတ်ဘုရားအာရုံမှာ မိုင်ပေါင်းသောင်းချီ ဖြန့်ကျက်လျက် လူသားအမြောက်အမြား၏ အပြောအဆိုနှင့် အပြုအမူများကို စောင့်ကြည့်နေသည်။

​လူထု၏ သဘောထားမှာ သူ၏ဘက်သို့ လျင်မြန်စွာ ပြောင်းလဲလာသည်ကို မြင်ရသောအခါ သူ အလွန်ပင် ကျေနပ်သွားသည်။ ဤအခြေအနေမှာ သူကိုယ်တိုင် ငှားရမ်းထားသော ဝါဒဖြန့်သူအချို့ကြောင့်လည်း ပါဝင်သော်လည်း ကိုးဆယ်ရာခိုင်နှုန်းမှာ လူထု၏ လိုလိုလားလား ထောက်ခံမှုပင် ဖြစ်သည်။

​'ထားလိုက်တော့ အဲဒါတွေကို တွေးမနေတော့ဘူး သုတ်သင်ရှင်းလင်းမှုကို စတင်လိုက်တာပဲ ကောင်းတယ်...'

​သူ၏ ခန္ဓာကိုယ်အတွင်းရှိ ယုံကြည်မှုစွမ်းအားမှာ မိနစ်နှင့်အမျှ တိုးပွားလာသည်ကို ခံစားနေရသဖြင့် ဂူချန်မှာ တစ်စက္ကန့်မျှပင် ထပ်မံ မစောင့်နိုင်တော့ချေ။

​သူ၏ ကြီးမြတ်သော အစောင့်အရှောက် ငါးဦးကို တစ်ကမ္ဘာလုံးရှိ သားရဲများကို သုတ်သင်ရန် စုစည်းစေပြီးနောက် သူ လေထဲသို့ ခုန်တက်လိုက်ရာ သူ၏ ပုံရိပ်မှာ ဟင်းလင်းပြင်ထဲသို့ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

​နောက်တစ်စက္ကန့်တွင် ကြီးမားလှသော ကမ္ဘာကြီးပေါ်ရှိ သားရဲမျိုးနွယ်တို့၏ အစည်ကားဆုံးနှင့် အချက်အချာကျဆုံး ဗဟိုနယ်မြေ၏ ကောင်းကင်ယံထက်တွင် ပေတစ်သောင်းခန့် ရှည်လျားသော ကြီးမားလှသည့် အက်ကြောင်းကြီးတစ်ခုမှာ ကြိုတင်သတိပေးချက်မရှိဘဲ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

​ထိုအက်ကြောင်းကြီးမှာ မိစ္ဆာသားရဲကြီးတစ်ကောင်၏ ဟနေသော ပါးစပ်ကြီးနှင့် တူနေပြီး မိုင်ပေါင်းသောင်းချီ ကျယ်ပြန့်ကာ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ဝါးမြိုပစ်တော့မည့်အတိုင်း နက်မှောင်နေခဲ့သည်။

​အက်ကြောင်းအတွင်းမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသဖြင့် အောက်ခြေရှိ သားရဲမျိုးနွယ်ဝင်များမှာ တစ်ခါမျှ မခံစားဖူးသော ဖိအားနှင့် ကြောက်ရွံ့မှုကို ခံစားလိုက်ကြရသည်။

​"ဒီအရှိန်အဝါ... ဒါက မဟာဧကရာဇ် တစ်ပါးပဲ.."

​"မဟာဧကရာဇ် ဖြစ်တော့ ဘာဖြစ်လဲ ငါတို့ သားရဲမျိုးနွယ်မှာ အဆင့် ၉ မဟာဧကရာဇ် ရာနဲ့ချီ ရှိတာပဲ ဘာလို့ ကြောက်နေရမှာလဲ.."

​"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒီဂြိုဟ်ပေါ်မှာ မဟာဧကရာဇ်ရှိတာ ငါတို့ သားရဲမျိုးနွယ်ပဲ မဟုတ်ဘူးလား လူသားတစ်ယောက်က ကျင့်စဉ်အဆင့် တက်သွားတာလား.."

​"ငါတို့ နယ်မြေပေါ်မှာ ဟင်းလင်းပြင် အက်ကြောင်းကို တိုက်ရိုက် ဖွင့်ရဲတဲ့သူက ဘယ်သူလဲ သူကတော့ တကယ်ပဲ သေချင်နေပြီထင်တယ်..."

​လူသားနယ်စပ်ကို စောင့်ကြပ်နေသော သားရဲဧကရာဇ် အားလုံးမှာ သေဆုံးသွားကြပြီ ဖြစ်သလို သားရဲနတ်ဘုရား တမန်တော်ပင်လျှင် ရှေ့တန်းစစ်မျက်နှာတွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

​ထိတ်လန့်တုန်လှုပ်မှုများ မဖြစ်ပေါ်စေရန်အတွက် ကျန်ရှိနေသော သားရဲဧကရာဇ်များမှာ ထိုသတင်းကို ဖုံးကွယ်ထားကြပြီး သားရဲနတ်ဘုရားထံမှ အကာအကွယ် ရရှိရန်အတွက် နတ်ဘုရားနှင့် ဆက်သွယ်ရန် ကြိုးပမ်းနေကြသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားတစ်ပိုင်း ဖြစ်သူ တမန်တော်ပင် သေဆုံးသွားခဲ့ပြီ ဖြစ်ရာ သာမန် ဧကရာဇ်များ ဖြစ်ကြသော သူတို့မှာ ရင်ဆိုင်နိုင်စွမ်း မရှိသောကြောင့်ပင်။

​သို့သော် အောက်ခြေနှင့် အလယ်အလတ်အဆင့်ရှိသော သားရဲမျိုးနွယ်ဝင်များမှာမူ ထိုအကြောင်းကို မသိကြချေ။ ကောင်းကင်ယံမှ အက်ကြောင်းကို မြင်ရသောအခါ သူတို့၏ ခန္ဓာကိုယ်များမှာ ဗီဇအရ တုန်ရီနေသော်လည်း သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု မရှိကြ။

​သူတို့၏ စိတ်ဓာတ်မှာ ငယ်စဉ်ကတည်းက သားရဲမျိုးနွယ် အထက်တန်းလွှာများ၏ ရိုက်သွင်းမှုကြောင့် သားရဲမျိုးနွယ်၏ အစွမ်းထက်မှုကို ရူးသွပ်စွာ ယုံကြည်နေကြခြင်း ဖြစ်သည်။ သားရဲမျိုးနွယ်မှာ မည်သူမျှ မယှဉ်နိုင်အောင် အစွမ်းထက်သည်ဟု သူတို့ ယူဆထားကြသည်။

​သို့သော် အက်ကြောင်းအတွင်းမှ ပုံရိပ်မှာ အပြည့်အဝ ပေါ်ထွက်လာသည့်တိုင်အောင် သန့်ရှင်းသော ဗဟိုနယ်မြေရှိ သားရဲဧကရာဇ်များမှာမူ လုံးဝ လှုပ်ရှားခြင်း မရှိဘဲ ငြိမ်သက်နေခဲ့ကြသည်။

​"မိုက်မဲတဲ့ သတ္တဝါတွေ..."

​ဂူချန်က အောက်ခြေရှိ သားရဲများကို အေးစက်စွာ ငုံ့ကြည့်လိုက်ပြီး သူ၏ လက်ချောင်း ငါးချောင်းကို ဆုပ်ကိုင်လိုက်သည်။

​ထိုခဏ၌ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီစွမ်းအင်များမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။ မိုင်ပေါင်းသောင်းချီရှိသော ဝိညာဉ်စွမ်းအင်များမှာ မျက်စိတစ်မှိတ်အတွင်း ခမ်းခြောက်သွားပြီး သူ၏ လက်ဖဝါးထဲသို့ စုစည်းသွားသည်။

​ထို့နောက် သူ၏ လက်ကို အောက်သို့ မှောက်ချလိုက်ရာ ကောင်းကင်ယံရှိ တိမ်တိုက်ပင်လယ်ကြီးမှာ ချက်ချင်းပင် ပြိုကွဲသွား၏။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော ကြီးမားလှသည့် လက်ဝါးကြီးတစ်ခုမှာ တိမ်တိုက်များကို ဖြတ်ကျော်ကာ ပေါ်ထွက်လာပြီး အောက်ခြေရှိ သန်းနှင့်ချီသော သားရဲများ၏ အသက်ဓာတ်ကို ပစ်မှတ်ထား၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

​လက်ဝါး၏ လေအားမှာ တောင်တန်းများကို ပြိုလဲစေပြီး မြစ်များကို ပြောင်းပြန် စီးဆင်းစေကာ ကြယ်များကိုပင် ကြွေလွင့်စေနိုင်လောက်အောင် ပြင်းထန်လှသည်။

​ရေတွက်မရနိုင်သော သားရဲမျိုးနွယ်ဝင်များမှာ ထိုဖိအားအောက်တွင် မြေပြင်ပေါ်၌ ဝပ်တွားနေကြရပြီး သူတို့၏ ကြွက်သားများမှာ တုန်ရီနေကာ ခြေလှမ်းတစ်လှမ်းမျှပင် မလှမ်းနိုင်တော့ချေ။ ထိုကြီးမားလှသော လက်ဝါးကြီး ကျဆင်းလာသည်ကို သူတို့ မတတ်သာဘဲ ငေးကြည့်နေရုံသာ ရှိတော့သည်။

​ထိုအချိန်ကျမှသာ ဤလူ ပေါ်လာစဉ်က သားရဲဧကရာဇ်များ အဘယ်ကြောင့် တုံ့ပြန်မှု မရှိခဲ့ကြသည်ကို သူတို့ နားလည်သွားကြတော့သည်။

​သူတို့အားလုံး ထွက်ပြေးသွားကြလေပြီ ။

​သူတို့ အားကိုးအားထားပြုခဲ့သော သူများမှာ သူတို့ကို ငါးစာအဖြစ် အသုံးပြုကာ စွန့်ပစ်သွားခဲ့ကြပြီ ဖြစ်သည်။ ဤအဖြစ်မှာ အသတ်ခံရခြင်းထက်ပင် ပို၍ ခံရခက်လှသည်။

​"ဝုန်း..."

​ကြီးမားသော လက်ဝါးကြီး မြေပြင်ပေါ်သို့ ကျရောက်သွားသောအခါ တစ်ကမ္ဘာလုံးမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး အသံများအားလုံး ဝါးမြိုခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

​ထို့နောက်တွင် ကမ္ဘာပျက်မတတ် ပြင်းထန်လှသော စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။ မိုင်ပေါင်းသောင်းချီရှိသော ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ် ပြောင်းလဲသွားသည်။

​မြေကြီးနှင့် ကျောက်တုံးများမှာ လေထဲသို့ လွင့်စင်သွားပြီး ဖုန်မှုန့်များမှာ ကောင်းကင်ယံကို ဖုံးလွှမ်းသွားသည်။ ဝါညိုရောင်ရှိသော မှိုပွင့်ပုံစံ တိမ်တိုက်ကြီးမှာ သားရဲမျိုးနွယ်၏ ဗဟိုနယ်မြေမှ မြင့်တက်လာပြီး ထိုဒေသအတွင်းရှိ သန်းနှင့်ချီသော သားရဲများကို ပြာအဖြစ် ခြေမွပစ်လိုက်၏။

​လက်ဝါးတစ်ချက်တည်းဖြင့် သန်းနှင့်ချီသော သားရဲများကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

​လွန်ခဲ့သော တစ်လခန့်က စာမေးပွဲ မတိုင်မီ လေ့ကျင့်ခန်းတွင် အဆင့် ၄ ကျောက်သားချပ်ဝတ် ဝက်ဝံတစ်ကောင်နှင့် တိုက်ခိုက်နေခဲ့ရသည့် ဂူချန်ကို ပြန်လည် စဉ်းစားကြည့်လျှင် ယခု တစ်လအကြာတွင်မူ တစ်ချိန်က ပြိုင်ဘက်ဟု ယူဆခဲ့ရသော သားရဲများမှာ သူ၏ အနားသို့ပင် မကပ်နိုင်တော့ချေ။

​'ဒါက ငါ့ရဲ့ ဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်ပဲ...'

​[စနစ်မှ အိမ်ရှင်ကို စစ်ဆေးတွေ့ရှိသည်...]

​[စနစ်မှ အိမ်ရှင်ကို စစ်ဆေးတွေ့ရှိသည်...]

​[...]

​ဂူချန်၏ နှလုံးသားမှာ အနည်းငယ် တင်းကျပ်သွားသည်။ သူ ဧကရာဇ်အဆင့်တွင် ရှိပြီး လှည့်စားမှုတာအိုလမ်းစဉ် ကို ကျွမ်းကျင်သော ကိုယ်ပွား ကိုးခုကို ဆင့်ခေါ်လိုက်ပြီး လမ်းကြောင်း ကိုးခုသို့ အသီးသီး စေလွှတ်လိုက်သည်။

​ထိုအခါမှသာ သူသည် နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွှတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

​"သားရဲမျိုးနွယ်...မင်းတို့ရဲ့ အကန့်အသတ်က ဘယ်လောက်အထိလဲဆိုတာ ငါ့ကို ပြစမ်းပါဦး.."

All Chapters