← Chapters

နင် ရူးနေလား ပိုင်ရှောင်ချန်း

Vol. 12 Ch. 1138

နင် ရူးနေလား ပိုင်ရှောင်ချန်း

Vol. 12 Ch. 1138

ဤသည်မှာ ကုန်းစွန်းဝမ်အာက ယခုကဲ့သို့ မှော်ကျင့်စဥ်တစ်ခု အသုံးပြုသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အနက်ရောင်လေပွေကြီးက ရှေးဆန်ပြီး သေစေနိုင်သောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်ကာ ဧရာမပင့်ကူကြီးကို ဝါးမျိုရန် ဟလာသော ပါးစပ်ပေါက်ကြီးတစ်ပေါက်ပမာ ဖြစ်တည်လာသည်။

ပင့်ကူကြီးမှာ မချိတင်ကဲ စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီးနောက် အစိတ်စိတ်အမြွှာမြွာကွဲထွက်သွားတော့သည်။ ပင့်ကူကြီးတစ်ကောင်လုံး လေပွေကြီး၏စုပ်ယူခြင်းခံရရန် အသက်ရှူချိန်အနည်းငယ်သာ ကြာလိုက်သည်။

ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်သွားသည်ကို ကြည့်၍ တအံ့တဩဖြစ်ကာ ခေါင်းကျိမ်းသွားတော့သည်။ ပင့်ကူကြီးမှာ ကောင်းကင်ဧကရာဇ်တစ်ပါးနှင့်ညီမျှသော အပြင်ခန္ဓာကိုယ်ရှိသည့်တိုင် ကုန်းစွန်းဝမ်အာ၏ နတ်ဘုရားအစွမ်းက ၄င်းကို အသာအယာ ဖျက်စီးပစ်လိုက်လေသည်။ သိသာထင်ရှားစွာပင် အနှီနတ်ဘုရားအစွမ်းကား အံ့ဖွယ်သရဲ ထူးခြားလှပေသည်။

ထိုအချိန်တွင် ကုန်းစွန်းဝမ်အာမှာ သွေးဆုတ်ဖြူရော်နေလျက် နောက်သို့ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွား၏။ ထိုရှေးဆန်သော လေပွေကြီးကို ထုတ်ဖော်ခြင်းက လွယ်ကူသောအလုပ်တစ်ခုမဟုတ်၍ အလွန်အားအင်ကုန်ခမ်းစေခဲ့သည်။ ထို့ပြင် ၎င်းကို အပြည့်အဝထုတ်လွှတ်ရန် သူမအတွက် မည်မျှကြာမြင့်ခဲ့သည်ကို စဥ်းစားကြည့်ပါက ၄င်းသည် သူမ ပုံမှန်အတိုင်း ဆင့်ခေါ်နိုင်သည့်အရာ မဟုတ်ကြောင်း သေချာသည်။ ပိုင်ရှောင်ချန်းမှာ တိုက်ပွဲပြီးဆုံးသွားသဖြင့် သက်ပြင်းချနေသော်လည်း သူ၏ကုန်းစွန်းဝမ်အာအပေါ် ကြောက်စိတ်များ တိုးပွားလာတော့သည်။

" အဲဒီ နတ်ဘုရားအစွမ်းက ကုန်းစွန်းဝမ်အာကိုယ်တိုင်အတွက် ပြိုင်ဘက်ကင်း ဖြစ်လိမ့်မယ်။ မဟုတ်ရင် သရဲမယ်တော်ကို ပြန်ပေးဆွဲဖို့ လွယ်မှာ မဟုတ်ဘူး "

သို့သော် ယခုတွင် ထိုကိစ္စကို ထိုင်စဥ်းစားနေရမည့် အချိန်မဟုတ်ပေ။ သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ဥအိတ်ကြီးကို ကြည့်လိုက်သည်။

ကုန်းစွန်းဝမ်အာသည် ဟောဟဲလှိုက်ကာ အသက်မနည်းရှူ၍ တူညီသောနေရာကို ကြည့်လိုက်၏။ သူတို့အတွက် နောက်ထပ်ဘာလုပ်ရမည်ကို ဆွေးနွေးရန် မလိုအပ်ပေ။ တချိန်တည်းမှာပင် သူတို့နှစ်ယောက်လုံး တိုက်ကွက်များ ထုတ်ဖော်လိုက်ကြသည်။

ကုန်းစွန်းဝမ်အာက လက်တစ်ဝါးအရွယ်ချုံ့ထားသော အရိုးစစ်သင်္ဘောကြီးကို ဆင့်ခေါ်လိုက်သည်။ ပေါ်လာသည်နှင့်တစ်ပြိုက်နက် သေင်္ဘာကြီးထံမှ အနက်ရောင်မီးခိုးများက ဥအိတ်ကြီးထံ ပြေးဝင်သွားကြ၏။ ပိုင်ရှောင်ချန်းမှာမူ အရေးအကြီးဆုံးအခိုက်အတန့်ဖြစ်ကြောင်း သိ၍ မြောက်ပိုင်း၏မဟာဓားကို ဆင့်ခေါ်ပြီး သူ၏အစောပိုင်းကောင်းကင်ဧကရာဇ်ကျင့်ကြံခြင်းအခြေခံဖြင့် အားဖြည့်လျက် ဥအိတ်ကြီးကို ခုတ်ပိုင်းချလိုက်သည်။

ဝှက်ဖဲနှစ်ချပ် ထုတ်လွှတ်လိုက်ရာ ဧရာမဥအိတ်ကြီးအပေါ်သို့ တချိန်တည်းနီးပါး ကျရောက်သွား၏။ ပထမက ကုန်းစွန်းဝမ်အာ၏ စစ်သင်္ဘောဖြစ်သည်။ ထိုပထမထိုးနှက်ချက်က တဆတ်ဆတ်တုန်ယင်နေသော ဥအိတ်ကြီး၏အကာကို မဖောက်နိုင်သော်လည်း နှစ်ဆယ်ရာခိုင်နှုန်းတိုးဝင်သွားလေသည်။

ထို့နောက် မတူညီသောထောင့်တစ်ခုမှ ခုတ်ပိုင်းချလိုက်သော ပိုင်ရှောင်ချန်း၏ မဟာဓား။ ဓားချီများ တဟုန်းဟုန်းတောက်နေပြီး ဥအိတ်ကြီးသည် သုံးဆယ်ရာခိုင်နှုန်းပွင့်ထွက်သွား၏။ ထို့နောက် လေးဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်း၊ ခြောက်ဆယ်ရာခိုင်နှုန်း...။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဥအိတ်ကြီးကား ခုနစ်ဆယ်ရာခိုင်နှုန်း ပွင့်သွားလေပြီ။ ဤအခိုက်အတန့်တွင် ၄င်း၏ မျက်နှာပြင်မှာ အတွင်း၌ အသက်ရှိပြီး လူးလွန့်လှုပ်ရှားနေသော အရာတစ်ခုကို မြင်နိုင်သည်အထိ ကြည်လင်သွား၏။

ထိုအချိန်တွင် သူတို့၏ပူးပေါင်းတိုက်ကွက်ကြောင့် ဝုန်းခနဲ ပေါက်ကွဲသံကြီး မြည်ဟည်းသွားတော့သည်။

၄င်းမှာ အလွန်ကျယ်လောင်လှသဖြင့် တုန်ခါခြင်းလှိုင်းများက နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင် သတ်ပစ်နိုင်လောက်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို သွေးအန်သွားစေမည်ဖြစ်သည်။ ကောင်းကင်ဧကရာဇ်များပင် တုန်လှုပ်သွားနိုင်၏။ ကံကောင်းထောက်မစွာ ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာသည် ကမ္ဘာပေါ်ရှိ အစွမ်းထက်ဆုံးပညာရှင်များထဲမှဖြစ်၍ လျင်မြန်စွာ သက်သာလာကြသည်။

သို့သော် သူတို့၏ ပူးပေါင်းတိုက်ကွက်များဖြင့် ဥအိတ်ကြီးကို ပွင့်လုနီးပါးဖြစ်သွားစေနိုင်သည့်တိုင် သူတို့အလုပ်ကား မအောင်မြင်လိုက်ပေ။ အချိန်တိုလေးအတွင်း ဥအိတ်ကြီးသည် အလိုအလျောက် လျင်မြန်စွာ ပြန်လည်ကုသလိုက်၏။

ထိုကဲ့သို့ ပြန်လည်ကုစားခြင်းစွမ်းအားက ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာကို ပင့်သက်ရှိုက်သွားစေသည်။

အမှန်တကယ်တော့ ကုန်းစွန်းဝမ်အာမှာ ပိုင်ရှောင်ချန်းလက်ဝယ်ရှိ ကမ္ဘာရတနာ၏ ကြောက်မက်ဖွယ် သဘောသဘာဝကြောင့် အံ့အားသင့်သွားသော်လည်း ယခုတွင် ထိုအကြောင်းတွေးတောနေရန် အချိန်မရှိပေ။ သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် နောက်တစ်ကြိမ်ထပ်၍ တရစပ်တိုက်ကွက်များ ထုတ်ဖော်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် ပိုင်ရှောင်ချန်းက ဝေ့လည်ကြောင်ပတ်မလုပ်တော့။ သူက အပြင်အားနှင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားကိုသာမက အမျိုးမျိုးသော နတ်ဘုရားအစွမ်းများနှင့် အတတ်များကို မြောက်ပိုင်း၏ မဟာဓားထဲသို့ စီးဝင်စေလိုက်သည်။

ကုန်းစွန်းဝမ်အာက ပါးစပ်ထဲသို့ ဆေးလုံးအချို့ ပစ်ထည့်လိုက်ရာ မျက်နှာလေး အနီရောင်ပြန်သမ်းလာ၏။ ဖီးနစ်ကဲ့သို့ မျက်ဝန်းကလေးများက အသတ်အဖြတ်အငွေ့များထုတ်လွှတ်နေပြီး သူမက အမည်းရောင်စွမ်းအင်အများအပြား ထုတ်လွှတ်လိုက်ရာ သူမ၏ပတ်လည်တွင် ဝဲသဖွယ် ရစ်ပတ်နေသည်။ နောက်တစ်ကြိမ်ထပ်မံ၍ သူမ၏ စစ်သင်္ဘောကြီးပေါ်လာပြီး တချိန်တည်းမှာပင် သူမ၏ အရေပြားအောက်တွင် မီးကုန်ယမ်းကုန်ချနေသည်ကို ညွှန်ပြနေသော အနက်ရောင်သွေးများကဲ့သို့ အရာများကို မြင်နိုင်လေသည်။

သူတို့ တိုက်ခိုက်နေကြစဥ် ဥအိတ်ကြီး၏ မျက်နှာပြင်မှာ သုံးဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်း၊ ခုနစ်ဆယ်ရာခိုင်နှုန်း၊ ကိုးဆယ်ရာခိုင်နှုန်းအထိ လျော့ကျလာ၏။

ထိုအချိန်တွင် ၄င်း၏ အံ့ဖွယ်ထူးကဲသော ပြန်လည်ကုစားခြင်းစွမ်းအားနှင့်အတူ တန်ပြန်ခုခံအားတစ်ခု ပြန်ကန်ထွက်လာ၏။ တဝုန်းဝုန်း ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး ဥအိတ်ကြီးသည် နောက်တဖန် ဘာမှမဖြစ်ခဲ့သည့်အလား ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

" မဖြစ်နိုင်ဘူး "

ကုန်းစွန်းဝမ်အာက အသက်ရှူလိုက်သည်။ ဤဥအိတ်ကြီး၏ ခုခံအားများမှာ အနည်းဆုံးပြောရန်ပင် ကြောက်စရာ ကောင်းလေသည်။ ပိုင်ရှောင်ချန်းက အသက်မနည်းရှူ၍ ဘေးတွင်ရပ်လျက် မည်သည့်အတွက်ကြောင့် ၄င်း၏ ပြန်လည်ကုစားခြင်းစွမ်းအားများသည် သူ၏ထာဝရအတွဲမှ စွမ်းအားများဖြင့် ဆင်တူနေသည့်ပုံပေါ်ကြောင်း သိချင်နေသည်။ ကွာခြားမှုတချို့ရှိသော်လည်း သေချာပေါက် အလွန်နီးစပ်နေသည်။

ရှင်းလင်းစွာပင် ဥအိတ်ကြီးသည် ရွှမ်ကျုံးပြည်နယ်မှ စုဆောင်းခဲ့သော သက်စောင့်အားများကို အသုံးပြုနေခြင်းဖြစ်ပေသည်။ အမှန်တကယ်ဆိုရပါက ပိုင်ရှောင်ချန်း ထာဝရအပိုင်းကျင့်ကြံခဲ့တုန်းက သက်စောင့်အားများ စုဆောင်းခဲ့သည့်ပုံရိပ်များကို သတိရသွားစေသည်။

ဤအရာအားလုံးကြောင့် သူသည် ထာဝရအပိုင်းကို ဤဧရာမဥအိတ်ကြီးထံမှ တစ်နည်းနည်းဖြင့် ကောက်နုတ်ကာ ဖန်တီးထားခဲ့သည်လား သိချင်လာတော့သည်။

ထိုသို့မဟုတ်လျှင် မည်သည့်အတွက်ကြောင့် သူ၏ကျင့်စဥ်သည် ကွာခြားနေသည့်တိုင် တစ်နည်းနည်းဖြင့် ၄င်းနှင့် ဆက်စပ်နေသည်ဟု ခံစားနေရသနည်း။

အချိန်လုံလုံလောက်လောက်သာရှိပါက ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာသည် ဧရာမဥအိတ်ကြီးအား ဖောက်ထုတ်ပစ်ရမည့် နည်းလမ်းအား ရှာဖွေရန် ဤကိစ္စကို အနည်းငယ်ထပ်မံ၍ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်ကောင်း သုံးသပ်နိုင်ပေမည်။ သို့သော် ယခုတွင် ဥအိတ်ကြီး၏ ရုန်းကန်နေသောအသံမှာ ကျယ်သထက် ကျယ်လာ၍ ၄င်းအတွင်းမှ သတ္တဝါတစ်ကောင် ဖောက်ထွက်လာတော့မည့်ပုံပေါ်နေသည်။

ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာမှာ သိသိသာသာ စိုးရိမ်သွား၏။ သူတို့သည် အခြေအနေတစ်ရပ်လုံးနှင့်ပတ်သက်၍ လုံးလုံးမသေချာသော်လည်း ရွှမ်ကျုံး ပြည်နယ်၏ သက်စောင့်အားအကုန်လုံးကို စုပ်ယူခဲ့သည်က မည်သည့်အရာဖြစ်စေ ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးမည်ဖြစ်သည်။

ဥအိတ်ကြီး၏ မျက်နှာပြင်လေးကပင် အလွန်အန္တရာယ်များလောက်အောင် သန်မာနေလျှင် ၄င်းအတွင်းရှိ အရာကိုကား စိတ်ကူးသာကြည့်နိုင်တော့ပေသည်။

ကုန်းစွန်းဝမ်အာ၏ မျက်နှာမှာ စက္ကူတစ်ရွက်ပမာ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး ရွှမ်ကျုံးပြည်နယ်ထဲ ဝင်ရောက်လာသည့်အချိန်ကတည်းက ပထဆုံးအကြိမ်အဖြစ် နောက်ဆုတ်ခြင်းက အကောင်းဆုံးရွေးချယ်စရာဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

" သွားရအောင် " သူမက ပြောသည်။

" ဒါက ငါတို့ထက်သာတယ်။ အထဲမှာ ဘာပဲ ကြီးထွားနေနေ အရမ်းအန္တရာယ်များတယ်လို့ ငါ အာရုံရနေတယ်။ လောကနတ်ဘုရားနတ်ဘုရားတစ်ပါးအောက် ဘယ်အရာကမှ ဒါကို မရင်နိုင်ဆိုင်နိုင်လောက်ဘူး။ ငါတို့ တတ်နိုင်သလောက် လုပ်ပြီးသွားပြီ "

သူမက သူတို့အချိန်ကြာကြာဆွဲနေလျှင် မလွတ်မြောက်နိုင်မည်ကို စိုးရိမ်၍ နောက်ဆုတ်သွားတော့သည်။

အခြားအချိန်ဆိုပါက ပိုင်ရှောင်ချန်းသည် ထွက်သွားရန် ပထမဆုံးအကြံပြုသူဖြစ်မည်။ သို့သော် ယခုတွင် သူက ရုန်းကန်နေသော ဥအိတ်ကြီးကို စိုက်ကြည့်ရင်းသာ ရပ်နေလေသည်။

သူ တွေးနေခြင်းအား မရပ်တန့်နိုင်သော ရူးကြောင်ကြောင်အတွေးတစ်စ သူ့ခေါင်းထဲတွင် အစပျိုးနေပြီဖြစ်သည်။ သူမှလွဲ၍ တစ်ယောက်မှ ထိုကဲ့သို့ အယူအဆတစ်ခုကို တစ်ခါမှ တွေးနိုင်လောက်မည် မဟုတ်ပေ။ ယင်းမှာ ဥအိတ်ကြီးက ထာဝရအပိုင်းနှင့် အလွန်ဆင်တူနေသည့်ပုံပေါ်သောကြောင့်သာ ဖြစ်လေသည်။

" တုံးတိုက်တိုက် ကျားကိုက်ကိုက်ကွာ "

သူက ဘာမှစဥ်းစားဘဲ လုပ်တော့မည်ပုံဖြင့် အော်လိုက်သည်။ သူသည် ဥအိတ်ကြီး၏အတွင်းရှိ သတ္တဝါသာ အပြည့်အဝကြီးထွားလာပါက သေချာပေါက် ဖြစ်ပျက်မည့် ယွမ်ဟိုင်စီရင်စု ပျက်ကိန်းဆိုက်မည့်အရေးကို အလွယ်တကူ မခွင့်ပြုနိုင်ပေ။

ထိုမျှသာမက ဤသတ္တဝါကြီး ကမ္ဘာထဲ မဝင်ရောက်အောင် တားဆီးခဲ့သည်ကို စဥ်းစားကြည့်ပါက အောင်မြင်သွားခဲ့လျှင် သတ္တဝါကြီးက သေချာပေါက် လက်စားချေရန် သူ့နောက်လိုက်လာမည် ဖြစ်သည်။

" ငါ သူ့ကို ရန်မစခဲ့ရင် ဒီမှာ လက်လျှော့နိူင်ကောင်း လက်လျှော့နိုင်တယ်။ ဒါပေမဲ့ ငါ လုပ်ပြီးပြီဆိုမှတော့ အစွမ်းကုန် သတ်ရမှာပဲ။ ငါမသတ်နိုင်ရင် ငါ့ကို ကြောက်သွားအောင် လုပ်ရမယ် "

သူက အံတင်းတင်းကြိတ်လိုက်၏။

" ဝမ်အာ ငါ့ကိုကူပေးဦး။ ဒါအလုပ်မဖြစ်ရင် ငါတို့ ထွက်သွားကြမယ် "

ထို့နောက် သူက မြောက်ပိုင်း၏ မဟာဓားကို ဆင့်ခေါ်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။ တုံ့ပြန်သည့်အနေဖြင့် ကုန်းစွန်းဝမ်အာက ခေါင်းညိတ်ပြီး သူနှင့်အတူပူးပေါင်းရန်ပြင်လိုက်သည်။

ဝှက်ဖဲများ နောက်တစ်ဖန် ပစ်လွှတ်လိုက်ရ၍ ပြင်းထန်သော ထစ်ခြုန်းမြည်သံများ ပဲ့တင်ထပ်သွား၏။ တိုက်ကွက်များက ဥအိတ်ကြီး၏ မျက်နှာပြင်အား ကိုးဆယ်ရာခိုင်နှုန်းအမှတ်ရောက်သည်အထိ ပွင့်ထွက်သွားစေပြီး ရိုက်ခတ်သွားချိန်တွင် တန်ပြန်အားနှင့် ပြန်လည်ကုစားခြင်းတို့ စတင်လာသည်။

သို့သော် ဤတစ်ကြိမ်တွင် ကုန်းစွန်းဝမ်အာ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် ပိုင်ရှောင်ချန်းက တန်ပြန်အားတိုက်ကွက်၏ သက်ရောက်မှုများကို လျစ်လျူုရှုလိုက်သည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားကာ သူက အဆုတ်ကွဲမတတ်အော်ဟစ်လိုက်ုပြီး ထာဝရထီးနက်ကို ထုတ်လိုက်သည်။

ဥအိတ်ကြီးက ၄င်းကို၄င်း ပြန်လည်ပြုပြင်လာချိန်မှာပင် သူက ၄င်းအတွင်း တည့်တည့်သို့ ထာဝရထီးနက်ကို ရက်ရက်စက်စက် ထိုးစိုက်ပစ်လိုက်သည်။

ထိုအခိုက်အတန့်တွင် တန်ပြန်အားတိုက်ကွက်နှင့် ပြန်လည်ကုစားခြင်းစွမ်းအားများ ထွက်ပေါ်လာ၏။ ပိုင်ရှောင်ချန်းမှာ တောင်လုံးများက သူ့ကို ဝင်ဆောင့်နေသည့်အလား ခံစားလိုက်ရကာ တစ်ကိုယ်လုံးတုန်ရီသွားပြီး သွေးတစ်လုပ်ပြီးတစ်လုပ် အန်လိုက်ရလေသည်။ သူ၏ ကိုယ်ပိုင် ထာဝရအတတ်က ဥအိတ်ကြီးဖြင့် အန်တုယှဥ်ပြိုင်နေသည့်အတွက် ပြန်လည်ကုစားခြင်းစွမ်းအားများ အပြည့်အဝ လည်ပတ်လာတော့သည်။ ပိုင်ရှောင်ချန်းက အားအကုန်ထည့်၍ ထာဝရထီးနက်ကို ထိုးချလိုက်သဖြင့် ဥအိတ်ကြီး၏ တန်ပြန်အားတိုက်ကွက်နှင့် ပြန်လည်ကုစားခြင်းစွမ်းအားများ အကြိတ်အနယ် ယှဥ်ပြိုင်တိုက်ခိုက်နေလေသည်။

သူ့ပါးစပ်မှ သွေးများ ရေတံခွန်ကဲသို့ တရဟောစီးကျလာရာ ကုန်းစွန်းဝမ်အာမှာ များစွာတုန်လှုပ်သွားတော့သည်။

" နင် ရူးနေလား ပိုင်ရှောင်ချန်း"

ပိုင်ရှောင်ချန်းက မျက်လုံးများ နီမြန်းနေလျင် တောင်ဖြိုသိုင်းနှင့် လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲခြင်းကို သုံး၍ သူ့ကိုယ်သူ အထွတ်အထိပ်ထိ တောက်လျှောက်တွန်းပို့လိုက်သည်။ သူ၏အပြင်အားနှင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည့်နောက် ဥအိတ်ကြီး၏ မျက်နှာပြင်ကား အကန့်အသတ်ရောက်သွားလေပြီ။ ပိုင်ရှောင်ချန်းက အော်ဟစ်ကြိမ်းဝါးကာ ထာဝရထီးနက်၏ ထိပ်ကို ဥအိတ်ကြီး၏မျက်နှာပြင်ကိုဖြတ်၍ ထိုးထည့်လိုက်သည်။ ဖောက်ခနဲအသံမြည်သွားပြီး ၄င်း၏ထိပ်သည် ဥအိတ်ကြီး၏ အထဲသို့ ထိုးစိုက်သွားပြီဖြစ်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ ဘဝတစ်လျှောက်လုံးတွင် ကြုံတွေ့ခဲ့ဖူးသော မည်သည့်အရာမဆိုထက် ပို၍ အစွမ်းထက်သော သက်စောင့်အားများက ထာဝရထီးနက်ကိုဖြတ်၍ သူ၏ခန္ဓာကိုယ်ထဲ စီးဝင်လာတော့သည်။

All Chapters